အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း ၆၅ ကတ်ပြား အစီအစဉ်
"ကြယ်တစ်ထောင်မြို့တော်၊ သင်္ဘောပေါ်မှ နိုင်ငံတော်၊ ကောင်းကင်ယံဥယျာဉ်... ဒါတွေက အစ်မရှာယာ ပြောခဲ့တဲ့ စီနီယာတွေ တည်ဆောက်ထားတဲ့ မြို့တွေများလား၊ အဆင့် ၁၀ ကို ဖြတ်ကျော်လာတဲ့ ရထားမောင်းနှင်သူ အသစ်တွေအတွက် စနစ်ကနေတစ်ဆင့် တိုက်ရိုက်ဖိတ်ကြားတာပဲ..."
"အကယ်၍ ငါက ဖိတ်ကြားချက်တစ်ခုကို လက်ခံလိုက်မယ်ဆိုရင် နောက်မှတ်တိုင်အတွက် အဲ့ဒီကို သွားလို့ရပြီဆိုတဲ့ သဘောပေါ့၊ ဆိုလိုတာက ငါက ပလက်ဖောင်းကို ကျပန်းရွေးချယ်ဖို့ မလိုတော့ဘူးပေါ့လေ"
"မြို့တွေက ဘယ်လိုပုံစံမျိုး ရှိနေမှာလဲ"
ရဲချီယန်က သူ၏စာဝင်ပုံးထဲရှိ အများအပြား ပေးပို့ထားသော အီးမေးလ်ဒါဇင်ပေါင်းများစွာကို ကြည့်ကာ တွေးတောခန်းဖွင့်နေမိလေ၏။
၎င်းတို့၏ အမည်များကို ကြည့်ရုံဖြင့် ဤအဖွဲ့အစည်းများ၏ အင်အား သို့မဟုတ် အရည်အသွေးကို မခန့်မှန်းနိုင်ပေ။
မဆင်မခြင် ရွေးချယ်လိုက်မိပါက ပြဿနာများဆီသို့ ဦးတည်သွားနိုင်ပေသည်။
ဒါမှမဟုတ် သူက ဘယ်ဖိတ်ကြားချက်ကိုမှ လက်မခံဘဲ နေလိုက်ရမလား။
ရဲချီယန်က ထိုအတွေးကို ဖယ်ရှားကာ ခေါင်းခါယမ်းလိုက်လေ၏။
သူက ဘာအမှားမှ မလုပ်ထားခဲ့ဘူးလေ၊ အပြစ်ရှိစိတ် ကင်းရှင်းသူက ဘယ်လိုစွပ်စွဲချက်မျိုးကိုမှ ကြောက်နေစရာ မလိုဘူးလေ။ ဘုရားစူး ကတ်ပြားမှလွဲ၍ သူ့မှာ အခြားမည်သူနှင့်မျှ ပဋိပက္ခမရှိခဲ့ပေ။ ကမ္ဘာကြီးအကြောင်း ပိုမိုလေ့လာနိုင်မည့် အခွင့်အရေးတစ်ခုကို စွန့်လွှတ်လိုက်ရန် အကြောင်းပြချက် မရှိချေ။
သို့သော်လည်း မည်သည့်အရာကို ရွေးချယ်ရမည်ကိုမူ သူအမှန်တကယ် ဆုံးဖြတ်၍မရဖြစ်နေလေသည်။
သို့သော် သူ မေးမြန်းကြည့်နိုင်ပေသည်။
"အစ်မရှာယာ၊ အဆင့် ၁၀ ပြီးရင် ဘယ်အဖွဲ့အစည်းကို ရွေးချယ်တာက ပိုကောင်းလဲဆိုတာ သိလား"
တစ်နေရာရာသော ပလက်ဖောင်းကမ္ဘာတစ်ခုပေါ်တွင်။
ရှာယာသည် မျက်လုံးများကိုမှိတ်ကာ တိတ်ဆိတ်စွာ ဆုတောင်းနေလေ၏။
စနစ်၏ အထူးအသိပေးချက် အသံကို ကြားလိုက်ရသောအခါ သူမက မျက်လုံးများကို ဖွင့်ကြည့်လိုက်လေသည်။
"အဆင့် ၁၀ လား၊ ဟင်၊ ဘာလို့ အခုမှ အဆင့် ၁၀ ဖြစ်ရတာလဲ၊ ဒီကောင်လေး ငါ့ဆီကို လာခဲ့တာ ရက်တော်တော်ကြာနေပြီ မဟုတ်ဘူးလား၊ အဲ့ဒီတုန်းကတောင် သူက..."
ရှာယာက ဇဝေဇဝါဖြစ်စွာဖြင့် ခေါင်းကိုစောင်းကာ စာပြန်လိုက်လေ၏။
"အိုး မင်းက အစ်မကို မေ့နေပြီတောင် ထင်နေတာ၊ အဆင့် ၁၀ လား၊ မင်းငါ့ကို နောက်နေတာလား ကောင်လေး၊ မင်းနဲ့ငါ လမ်းခွဲခဲ့တာ ငါးရက် ခြောက်ရက်လောက်တောင် ရှိနေပြီ မဟုတ်ဘူးလား၊ မင်းက ဘယ်လိုလုပ် အခုမှ အဆင့် ၁၀ ဖြစ်နေရတာလဲ"
"အဲ့ဒီလို ဘယ်ဟုတ်ပါ့မလဲ၊ မယုံရင် ကြည့်ကြည့်လေ"
ရဲချီယန်က အီးမေးလ်၏ စခရင်ရှော့ပုံတစ်ပုံကို ပေးပို့လိုက်လေ၏။
၎င်းတွင် နေ့စွဲပါဝင်နေသည်။
"ဟင်၊ မဟုတ်သေးဘူး၊ မင်းက..."
ရဲချီယန်က လိမ်ညာနေခြင်းမဟုတ်ကြောင်း မြင်လိုက်ရသောအခါ ရှာယာမှာ ချက်ချင်းပင် မှင်သက်သွားလေတော့သည်။
"ဒါဆို သူက အဆင့် ၅ မှာကတည်းက အဆင့် ၃ ရထားအဖြစ်ကို တကယ်ကြီး တက်လှမ်းနိုင်ခဲ့တာပေါ့၊ ပြီးတော့ မော်ဂျူးတွေကိုလည်း ရထားသေးတယ်၊ သတိပေးစက်ပစ္စည်းတွေ၊ သိုလှောင်ခန်းတွေလိုမျိုး အရာတွေရောပေါ့၊ ဒါ... ဒါက ဘယ်လိုကံကောင်းမှုမျိုးလဲ"
"အစ်မရှာယာ"
သူမထံမှ အချိန်အတော်ကြာသည်အထိ စာပြန်မလာသည်ကို မြင်သောအခါ ရဲချီယန်က နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့လိုက်လေ၏။
"အဟမ်း၊ ဘာမှမဖြစ်ပါဘူး၊ ဟားဟား၊ ငါက ပြဿနာသေးသေးလေးတစ်ခုကို ဖြေရှင်းနေလို့ပါ၊ ဂုဏ်ယူပါတယ်၊ အဆင့် ၁၀ ကို ဖြတ်ကျော်ပြီးသွားရင်တော့ မင်းက အစစ်အမှန် ရထားမောင်းနှင်သူ တစ်ယောက်ဖြစ်သွားပြီလေ၊ ရွေးချယ်စရာနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ကြယ်တစ်ထောင်မြို့တော်ကို အကြံပေးချင်တယ်၊ အဲ့ဒါက ရထားကမ္ဘာမှာ အကြီးဆုံး မြို့ပြနိုင်ငံတစ်ခုပဲ၊ အဲ့ဒီမှာ စိတ်ကူးနဲ့တောင် မှန်းဆလို့မရနိုင်တဲ့ ပစ္စည်းအများကြီးကို ဝယ်ယူနိုင်တယ်"
"ဒါပေါ့၊ အဲ့ဒီအပြင် နောက်ထပ်တစ်ခု ရှိသေးတယ်၊ အစ်မလည်း ကြယ်တစ်ထောင်မြို့တော်ကို မကြာခင် လာဖို့ရှိတယ်၊ အဲ့ဒီရောက်ရင် မင်းကို တစ်ခုခုပေးစရာရှိတယ်"
"ဘာများလဲ"
"တွေ့မှပဲ ပြောပြတော့မယ်၊ အော် ဒါနဲ့ မင်းက ကြယ်တစ်ထောင်မြို့တော်ကို သွားမှာဆိုတော့ ဒါလေး ယူထားလိုက်"
"ဒင် ဒင်"
မေးလ်အသစ်ဝင်လာကြောင်း အသိပေးသံ။
ငိုကြွေးနေသော သူတော်စင်၏ အထိမ်းအမှတ်တံဆိပ် ထွင်းထုထားသော ဆုတံဆိပ်တစ်ခု ရဲချီယန်၏ လက်ထဲသို့ ရောက်ရှိလာလေ၏။
"ကြယ်တစ်ထောင်မြို့တော်ကို ရောက်ရင် အဲ့ဒါကို နာကလော့လမ်း အမှတ် ၄၄ ကို ယူသွားလိုက်၊ အဲ့ဒါနဲ့ မင်းရထားကို အခမဲ့ အဆင့်မြင့် ပြုပြင်ထိန်းသိမ်းမှု လုပ်လို့ရတယ်"
"ကျေးဇူးတင်ပါတယ်"
"ငါနဲ့ဆို အားနာနေစရာ မလိုပါဘူး၊ မင်းက ဘုရားစူး ကတ်ပြားကို ပိုင်ဆိုင်ထားတဲ့သူမို့လို့ ငါက ကူညီပေးရုံပါ"
"သိပါတယ်၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်"
ရှာယာက ခြေချိတ်ထိုင်နေကာ ရဲချီယန် ပို့လိုက်သော မက်ဆေ့ချ်ကို ကြည့်ရင်း သူမ၏နှုတ်ခမ်းများပေါ်တွင် အပြုံးယောင်ယောင်လေးတစ်ခု ပေါ်လာလေ၏။
"အဟမ်း၊ ငါအလုပ်များနေသေးတယ်၊ တခြားကိစ္စ ရှိသေးလား"
ရဲချီယန်က ခဏတာ တုံ့ဆိုင်းနေခဲ့သည်။
"ဟုတ်ကဲ့၊ ကျွန်တော် ပစ္စည်းတစ်ခု ရထားတယ်"
"ပစ္စည်းတစ်ခုလား၊ ထူးခြားတာ တစ်ခုခုရှိလား ကြည့်ရအောင် စခရင်ရှော့ ပို့လိုက်လေ"
ရဲချီယန်က နတ်ဆိုး ကတ်ပြား၏ ဖော်ပြချက်များကို စခရင်ရှော့ရိုက်ကာ ပို့လိုက်လေ၏။
"ဟင်"
"ဘာကြီး"
"ဒါကို မင်းဘယ်ကနေ ရလာတာလဲ"
"အမှတ်မထင် ကောက်ရခဲ့တာပါ၊ ဒီကတ်က ဘုရားစူး ကတ်ပြားနဲ့ ဆက်စပ်မှုများ ရှိနေလား"
"..."
ရှာယာ၏ မျက်ခမ်းများက အကြိမ်အနည်းငယ်မျှ တွန့်ခါသွားလေ၏။
သူမသည် ဒေါသတကြီးဖြင့် အရုပ်တစ်ရုပ်ကို ဆုပ်ချေလိုက်ကာ အချိန်အတော်ကြာပြီးမှသာ စိတ်ကိုပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ကာ စာပြန်လိုက်လေသည်။
"ဆက်စပ်မှု မရှိပါဘူး၊ ဒါက တခြားအစီအစဉ်တစ်ခုပါ၊ ဟူး၊ မင်းကို ဒီလောက်စောစော မပြောပြဖို့ စဉ်းစားထားခဲ့တာ၊ ဒါပေမဲ့ ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် မင်းက အဆင့် ၁၀ ကိုတောင် ဖြတ်ကျော်လာခဲ့ပြီပဲဟာ"
ရှာယာက စကားလုံးများကို စီစဉ်လိုက်ကာ ဆက်ပြောလိုက်လေ၏။
"မင်းလက်ထဲက ဘုရားစူး ကတ်ပြားကို ဥပမာအနေနဲ့ ပြောရရင် သူ့ရဲ့တည်ရှိမှုက တစ်ခုတည်း သီးသန့်ဖြစ်ပေမဲ့ တစ်ကတ်တည်း ရှိတယ်လို့ ဆိုလိုတာမဟုတ်ဘူး၊ ငါသိရသလောက်တော့ မင်းဆီကကတ်အပါအဝင် ဘုရားစူး ကတ်ပြား ခုနစ်ကတ် ရှိတယ်"
"ဒီကတ်ပြား ခုနစ်ကတ်လုံးကို ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းကတ်ပြား အစီအစဉ်အဖြစ် သတ်မှတ်ထားကြတယ်"
"မင်းကောက်ရခဲ့တဲ့ နတ်ဆိုး ကတ်ပြားနဲ့ ပတ်သက်ပြီး ပြောရရင်တော့ အဲ့ဒါက နတ်ဆိုး ကတ်ပြား အစီအစဉ်ထဲက တစ်ခုပဲ၊ ကွာခြားချက်က နတ်ဆိုး ကတ်ပြား အစီအစဉ်မှာ စုစုပေါင်း ဆယ့်သုံးကတ်ပဲ ရှိတယ်၊ ဒါက ပုံသေအရေအတွက်ပဲ၊ ပိုင်ရှင်သေဆုံးသွားပြီးတဲ့နောက်မှာ ကတ်ပြားက တစ်နေရာရာက ပလက်ဖောင်းကမ္ဘာတစ်ခုဆီကို ကျပန်းကျဆင်းသွားပြီး အပျက်အစီးတစ်ခု ဖြစ်လာတတ်တယ်၊ ကောင်လေး... မင်းသေချာပေါက် အပျက်အစီးတစ်ခုခုကနေ ရလာတာမလား၊ အခုထိ ကောက်ရတယ်လို့ ပြောနေတုန်းပဲ၊ သွားပြီး သရဲကိုပဲ သွားလိမ်လိုက်ပါ"
"ဟီး၊ ကျွန်တော် တကယ်ကောက်ရခဲ့တာပါ၊ ဘယ်သူမှ မလိုချင်တာမြင်လို့ ယူလာခဲ့တာ"
ရှာယာက ဒေါသတကြီးဖြင့် သူမ၏နဖူးကို ပွတ်သပ်လိုက်လေ၏။
"ဘုရားစူး ကတ်ပြား၊ နတ်ဆိုး ကတ်ပြား၊ ကောင်းကင်တမန် ကတ်ပြား၊ အေ့စ် ကတ်ပြား... တခြား အလားတူ ကတ်ပြား အစီအစဉ်တွေလည်း ရှိသေးတယ်၊ တစ်ခုချင်းစီတိုင်းက သီးခြားတည်ရှိမှုတွေဖြစ်ပြီး ဘုရားစူး ကတ်ပြားကလွဲရင် တခြားကတ်ပြား အစီအစဉ်တွေရဲ့ အရေအတွက်က ပုံသေဖြစ်တယ်၊ ဘယ်ကနေ ထွက်လာမှန်းမသိတဲ့ ကောလာဟလတွေအရတော့ တစ်ယောက်ယောက်က အစီအစဉ်တစ်ခုရဲ့ ကတ်ပြားတွေအားလုံးကို စုဆောင်းနိုင်ခဲ့ရင် ထူးခြားတဲ့အရာတစ်ခုခု ဖြစ်လာလိမ့်မယ်တဲ့၊ ဥပမာ- နတ်ဆိုး ကတ်ပြားတွေကို စုဆောင်းပြီးသွားရင် ကမ္ဘာကြီးကို ဖျက်ဆီးမယ့် နတ်ဆိုးကြီးတစ်ကောင်ကို ဆင့်ခေါ်တာမျိုးတွေပေါ့"
"အခုချိန်ထိတော့ ကတ်ပြား အစီအစဉ်တစ်ခုလုံးကို စုဆောင်းနိုင်တဲ့သူ ဘယ်သူ့ကိုမှ ငါမသိသေးဘူး၊ ဒါပေမဲ့... အရင်က မင်းပြောဖူးတဲ့ RUN ကုမ္ပဏီက သီးခြား ကတ်ပြား အစီအစဉ်တစ်ခုကို စုဆောင်းနေတယ်လို့တော့ ငါကြားဖူးတယ်၊ ထူးဆန်းတယ်နော်၊ ငါတောင် အဲ့ဒီကုမ္ပဏီရဲ့ ရုံးချုပ်ဘယ်မှာရှိလဲဆိုတာ ရှာမတွေ့ဘူး၊ အကယ်၍ သူတို့နဲ့ဆုံရင် သတိထားတာ ပိုကောင်းမယ်"
ကတ်ပြား အစီအစဉ်များ...
ရဲချီယန်က ဘုရားစူး ကတ်ပြားနှင့် နတ်ဆိုး ကတ်ပြား နှစ်ခုလုံးကို ထုတ်ယူကာ လက်ထဲတွင် ကိုင်ထားလိုက်လေ၏။
"ဘုရားစူး ကတ်ပြားကရော ဘယ်လိုလဲ၊ အဲ့ဒီကတ်တွေအားလုံးကို စုဆောင်းနိုင်ရင် ဘာဖြစ်လာမှာလဲ"
"စကားလုံးအတိုင်း ပြောရရင်တော့ နတ်ဘုရားတွေကို ပြစ်မှားစော်ကားတာပေါ့"
"ဟင်"
ရှာယာက သူမစကားများလွန်းသွားပြီဟု ခံစားလိုက်ရကာ သက်ပြင်းချလိုက်လေ၏။
"ထားလိုက်ပါတော့၊ ဒါက မင်းစိတ်ပူနေရမယ့် ကိစ္စမဟုတ်ပါဘူး၊ ပြီးတော့ ဘုရားစူး ကတ်ပြား အစီအစဉ်မှာ ကတ်ဘယ်နှစ်ကတ် ပါဝင်လဲဆိုတာတောင် ဘယ်သူမှမသိကြဘူးလေ၊ ဒါကြောင့် ဘယ်သူက အားလုံးကို စုဆောင်းနိုင်မှာလဲ၊ အများကြီး မတွေးပါနဲ့၊ ကြယ်တစ်ထောင်မြို့တော်မှာ ကောင်းကောင်း အနားယူလိုက်ပါ၊ အဲ့ဒီမှာ မင်းဆက်ပြီး စွန့်စားစရာမလိုဘဲ အနည်းဆုံး သုံးရက်လောက် ရပ်နားထားလို့ရတယ်၊ အကယ်၍... ထားပါတော့၊ အချိန်တန်ရင် မင်းသိလာလိမ့်မယ်"
"ဒါပဲနော်၊ ငါလုပ်စရာလေးတွေ ရှိသေးတယ်"
ရှာယာက သီးသန့်စကားပြောခန်းကို ပိတ်လိုက်လေ၏။
သူမသည် ဘုရားကျောင်း ခုံတန်းလျားကို မှီချလိုက်ကာ အတွေးများထဲတွင် အနည်းငယ် နစ်မျောနေလေသည်။
"အစ်မ၊ အဆင်သင့်ဖြစ်ပါပြီ"
တီနာ၏အသံက မဝေးလှသောနေရာမှ ထွက်ပေါ်လာလေ၏။ ချစ်စရာကောင်းသော ကောင်မလေး အရုပ်လေးသည် ရှာယာရှိရာသို့ ခုန်ဆွခုန်ဆွဖြင့် ရောက်လာကာ ကြမ်းပြင်ပေါ်တွင် အပိုင်းပိုင်းအစစ ကွဲကြေနေသော အခြားအရုပ်များကို ကြည့်ရင်း ခေါင်းကိုစောင်းလိုက်လေသည်။
"သီလရှင်အစ်မက လူတိုင်းကို အနိုင်ကျင့်နေပြန်ပြီ၊ မြန်မြန် ပြန်ပြင်ပေးပါ၊ မဟုတ်ရင် သမီး စကားမပြောတော့ဘူးနော်"
ရှာယာက သူမ၏ခေါင်းကို ပွတ်သပ်လိုက်ကာ အမှောင်ရွှေရောင် ကောင်းကင်တမန်တစ်ပါးကို ထွင်းထုထားသော ကတ်ပြားတစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်ပြီး လေထဲတွင် ဝှေ့ယမ်းလိုက်လေ၏။
"ကုသလိုက်"
အရုပ်များသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေတော့သည်။
အခန်း ၆၆ ကြယ်တစ်ထောင်မြို့တော်
နောက်တစ်နေ့နံနက်ခင်း။
၆:၃၀:၀၀
ထုံးစံနှင့်မတူဘဲ ကံကြမ္မာ လမ်းဆုံလမ်းခွက ဤအချိန်တွင် အသက်ဝင်လာခဲ့လေ၏။
အိပ်ရာမှနိုးကာစ ရဲချီယန်က သူ၏မျက်လုံးများကို ပွတ်သပ်လိုက်ကာ ရှေ့မှ အလင်းဖန်သားပြင်ကို ကြည့်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။
"ဒီလောက်စောစောကြီးလား၊ ဝင်ရောက်ရမယ့် အချိန်တောင် ပြောင်းသွားတာပဲ"
"ဒါပေမဲ့ ကြယ်တစ်ထောင်မြို့တော်ကို ဝင်တဲ့အချိန်မှာ ကံကြမ္မာ လမ်းဆုံလမ်းခွက အသက်ဝင်လာတာ ဘာအဓိပ္ပာယ်ရှိလို့လဲ"
ကံကြမ္မာ လမ်းဆုံလမ်းခွ အသက်ဝင်လာပါပြီ
အောက်ပါလမ်းကြောင်းများမှ ရွေးချယ်ပါ။
လမ်းကြောင်း ၁၊ ကြယ်တစ်ထောင်မြို့တော် ပင်မဝင်ပေါက်
လမ်းကြောင်း ၂၊ ကြယ်တစ်ထောင်မြို့တော် အောက်ခြေရပ်ကွက်
"အောက်ခြေရပ်ကွက်"
ခဏတာ တုံ့ဆိုင်းနေပြီးနောက် ရဲချီယန်က ပင်မဝင်ပေါက် လမ်းကြောင်းကိုသာ ရွေးချယ်လိုက်လေ၏။
ဤတစ်ကြိမ်တွင် နာရီဝက်ခန့် စောင့်ဆိုင်းနေရန် မလိုအပ်တော့ဘဲ သူရွေးချယ်မှု ပြုလုပ်ပြီးသည်နှင့် အလင်းဖန်သားပြင်ပေါ်တွင် ဝင်ရောက်ရန် အသိပေးချက်က ချက်ချင်းထွက်ပေါ်လာတော့သည်။
"ဝင်ရောက်မည်"
အရှိန်မြှင့်တင်ခြင်း၊ လေဟာနယ်။
ဖြတ်သန်းသွားခြင်း။
ပြတင်းပေါက်အပြင်ဘက်ရှိ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားချေပြီ။
အဆုံးအစမရှိသော လွင်တီးခေါင်ပြင်မှ ထွက်ခွာလာသော ရထားသည် ဧရာမ ရထားလမ်းတံတားကြီးတစ်ခုပေါ်သို့ ရောက်ရှိလာကာ တောက်ပနေသော သမုဒ္ဒရာပြင်ကြီးထဲတွင် ထူးဆန်းသော သတ္တဝါများ ခုန်ပျံသွားလာနေကြသည်ကို မြင်တွေ့ရလေ၏။
ဤကဲ့သို့သော တံတားများစွာလည်း ရှိနေသေးသည်။
တစ်ခုစီတိုင်းတွင် ရထားလမ်းကြောင်း ရာပေါင်းများစွာ ပါဝင်နေပေသည်။
ပုံသဏ္ဌာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးရှိသော ရထားများက ၎င်းတို့အပေါ်တွင် ခုတ်မောင်းသွားလာနေကြ၏။
သူတို့အားလုံးသည် ဇုန်တစ်ခုခုမှ အဖွဲ့ဝင်များ ဖြစ်ကြပေလိမ့်မည်။
ရထားလမ်းများ၏ တည့်တည့်အရှေ့ဘက်တွင် မျက်စိတစ်ဆုံး ကျယ်ပြောလှသော ဧရာမ ကြယ်ကြောမြို့တော်ကြီးသည် လေထဲတွင် ဝဲပျံနေကာ ဂြိုဟ်တစ်လုံး၏ ကွင်းများအလား မြို့တော်ကို ဝန်းရံလျက် မရေမတွက်နိုင်သော ရထားလမ်းများက ခရုပတ်ပုံစံ သွယ်တန်းနေကြလေသည်။
ဒင် ဒင်
ကျောက်လင်။ အစ်ကိုကြီးရဲ၊ အဲ့ဒီဖိတ်ကြားချက်ကို လက်ခံလိုက်ပြီလား၊ ဘယ်နေရာကို ရွေးလိုက်လဲ။
"ကြယ်တစ်ထောင်မြို့တော်လေ၊ မင်းမရွေးရသေးဘူးလား"
"အခုပဲ ရွေးလိုက်မယ်၊ ကျွန်တော်လည်း ကြယ်တစ်ထောင်မြို့တော်ကိုပဲ ရွေးလိုက်တော့မယ်၊ အဲ့ဒီရောက်ရင် အစ်ကိုကြီးကို ထမင်းကျွေးမယ်လေ ဟီးဟီး၊ ပြီးခဲ့တဲ့ ဘူတာရုံကနေ ရထားဒင်္ဂါးတွေ အများကြီး ရခဲ့တယ်လေ"
"ကောင်းပြီလေ"
ဒင် ဒင်
နောက်ထပ် မက်ဆေ့ချ်တစ်ခု။
ရှန်ကွမ်းရင်းရွှယ်။ ရှင့်ဘယ်နေရာကို ရွေးလိုက်လဲ။
"မင်းတို့မိန်းမတွေက လူတွေကို တစ်ချိန်တည်းမှာ စကားလာပြောရတာ ကြိုက်ကြတာလား"
"ဟင်"
"နောက်နေတာပါ၊ ငါက ကြယ်တစ်ထောင်မြို့တော်ကို ရွေးလိုက်တယ်၊ မင်းကရော"
"ကျွန်မ အဲ့ဒီမှာမရှိဘူး"
"နည်းနည်းတော့ နှမြောစရာပဲ"
"..."
စကားဝိုင်း ပြီးဆုံးသွားကာ နာရီဝက်ခန့် ကြာပြီးနောက် ရထားက အရှိန်စတင်လျော့ကျလာလေတော့သည်။
ကြီးကျယ်ခမ်းနားလှသော ဝင်ပေါက်ကြီးတစ်ခုက သူ၏မျက်စိရှေ့တွင် ထွက်ပေါ်လာ၏။
ဒင် ဒင်
သူ၏စာဝင်ပုံးထဲတွင် မက်ဆေ့ချ်အသစ်တစ်ခု ပေါ်လာလေသည်။
ကြယ်တစ်ထောင်မြို့တော်မှ ကြိုဆိုပါ၏။
ဥဩသံ ထွက်ပေါ်လာသည်။
ရထားသည် ဂေါသစ်ပုံစံ ပလက်ဖောင်းတစ်ခုတွင် ရပ်တန့်သွားကာ သီးခြား ဥမင်လိုဏ်ခေါင်းတစ်ခုထဲသို့ ဝင်ရောက်သွားပြီးနောက်ဆုံးတွင် လုံးဝ ရပ်တန့်သွားလေတော့သည်။
ယူနီဖောင်းဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက လျှောက်လာကာ ရထားတံခါးရှေ့တွင် ရပ်လိုက်လေ၏။ သူက ရဲချီယန်၏ရထားကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် လည်ချောင်းဟန့်ကာ ရဲချီယန်၏တံခါးကို ခေါက်လိုက်သည်။
တံခါးပွင့်သွားပြီး ရဲချီယန် ရထားအပြင်သို့ ထွက်လာသောအခါ ထိုအမျိုးသားက သဘောကောင်းသော အပြုံးဖြင့် သူ့ကို ခေါင်းညိတ်ပြလိုက်လေ၏။
"မင်္ဂလာပါ လေးစားရပါသော ရထားမောင်းနှင်သူ၊ ကြယ်တစ်ထောင်မြို့တော်မှ ကြိုဆိုပါတယ်၊ ကျွန်တော်က လူကြီးမင်းရဲ့ လမ်းပြပါ၊ ကြယ်တစ်ထောင်မြို့တော်နဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ ကိစ္စရပ်တွေကို ဒီကနေ မိတ်ဆက်ပေးပါမယ်၊ လာမယ့် သုံးရက်အတွင်းမှာ လူကြီးမင်း ဒီမှာပဲ ဆက်နေလို့ရသလို၊ မဟာမိတ်အဖွဲ့တစ်ခုခုထဲ ဝင်ပြီး အဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေကတစ်ဆင့် ပိုကြာတဲ့ ရပ်နားချိန်တွေနဲ့ သယံဇာတတွေကို ရယူဖို့လည်း ရွေးချယ်နိုင်ပါတယ်"
လမ်းပြဆိုသော စကားလုံးက ရဲချီယန်အား ထိုနေ့က အများသုံး ကုန်သွယ်ရေး ဘူတာတွင် တွေ့ခဲ့ရသော အပြုံးမျက်နှာပိုင်ရှင်ကို သတိရသွားစေလေ၏။
အဲ့ဒီကောင် အခုဘယ်လိုများ နေနေမလဲဟု သူတွေးမိလိုက်သည်။
"ငါက ဖိတ်ကြားချက်နဲ့ လာခဲ့တာ၊ နောက်ထပ် ဘာဆက်လုပ်ရမလဲ"
"ဘာမှလုပ်စရာမလိုပါဘူး၊ ကြယ်တစ်ထောင်မြို့တော်ကို လာဖို့ ရွေးချယ်လိုက်တာနဲ့ လူကြီးမင်းဆီမှာ အထူးကိုဩဒိနိတ်တစ်ခု ရှိသွားပါပြီ၊ ထွက်ခွာသွားပြီးတဲ့နောက် သုံးမှတ်တိုင်ပြည့်တိုင်း ရထားဒင်္ဂါး နှစ်ပြားသုံးပြီး နောက်မှတ်တိုင်ရဲ့ ခရီးစဉ်ကို ကြယ်တစ်ထောင်မြို့တော်ဆီ ပြောင်းလဲနိုင်ပါတယ်၊ ဒီမှာ ရထားမောင်းနှင်သူ အားလုံးက အနည်းဆုံး သုံးရက်လောက် အနားယူကြလိမ့်မယ်၊ စားသောက်တာပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေးပဲဖြစ်ဖြစ်၊ လူကြီးမင်း စိတ်ကူးယဉ်နိုင်တဲ့ ဘယ်ဆန္ဒမျိုးကိုမဆို ရထားဒင်္ဂါးတွေ သုံးနိုင်သရွေ့ အားလုံး ဖြည့်ဆည်းပေးနိုင်ပါတယ်"
ဒါကြောင့်ကိုး။
လူသစ်များ ဘူတာရုံ ဆယ်ခုကို ဖြတ်ကျော်ပြီးသည်နှင့် ဤအဖွဲ့အစည်းများက အဘယ်ကြောင့် ဖိတ်ကြားချက် မက်ဆေ့ချ်များ ချက်ချင်းပေးပို့ရသနည်းကို ရဲချီယန် နောက်ဆုံးတွင် နားလည်သွားခဲ့ချေပြီ။
လူသစ်များကို သူတို့၏ လွှမ်းမိုးမှုနယ်ပယ်ထဲသို့ ပိုမိုခေါ်ဆောင်လာခြင်းအားဖြင့် ပင်ပန်းနွမ်းနယ်နေသော သို့မဟုတ် ကြောက်ရွံ့နေသော ရထားမောင်းနှင်သူများသည် အသက်ရှင်သန်ရန်အတွက်ဖြစ်စေ၊ အပန်းဖြေရန်အတွက်ဖြစ်စေ သုံးမှတ်တိုင်ပြည့်တိုင်း ဤနေရာသို့ လာရောက်ရန် မလွဲမသွေ ရွေးချယ်ကြမည်ဖြစ်သည်။
ပြီးတော့ အဲ့ဒီရထားဒင်္ဂါး နှစ်ပြားက ဘယ်သူ့အိတ်ကပ်ထဲ ရောက်သွားမလဲဆိုတာကတော့ ဆက်ပြောနေစရာတောင် မလိုတော့ပေ။
"ဒါနဲ့ ငါ့ရထားကရော၊ ဒီမှာပဲ ဒီအတိုင်း ထားခဲ့ရမှာလား"
ဤမေးခွန်းကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည့်အလား လမ်းပြက ခေါင်းခါပြလိုက်ကာ သော့တစ်ချောင်းကို ထုတ်ယူပြီး ရဲချီယန်ထံ ကမ်းပေးလိုက်လေ၏။
"ကြယ်တစ်ထောင်မြို့တော်မှာ ရထားတွေအတွက် သီးသန့် သိုလှောင်ရေးအကန့်တွေ ရှိပါတယ်၊ ဒီမှာပါပဲ၊ ရထားဒင်္ဂါး တစ်ပြားတည်းနဲ့ လူကြီးမင်းရဲ့ရထားကို သုံးရက်တိတိ လုံးဝလုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်ပြီး သော့ကလည်း လူကြီးမင်းရဲ့ လက်ထဲမှာပဲ ရှိနေမှာပါ၊ လူကြီးမင်းတစ်ယောက်တည်းသာ ဖွင့်လို့ရမှာပါ၊ ဒီအချက်အတွက်တော့ စိတ်ချပါ၊ အမြင့်ဆုံးအဆင့် စီမံခန့်ခွဲသူတွေတောင် လုံးဝဖွင့်လို့မရပါဘူး"
သူနောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။
အတိုချုပ်ပြောရလျှင် ပိုက်ဆံကုန်မည်ဖြစ်သည်။
အကယ်၍ သူက ဤသိုလှောင်ရန်နေရာကို မဝယ်ခဲ့လျှင်ကော ဘာဖြစ်မလဲ။
သူအပြင်ထွက်သွားပြီး ပြန်လာသောအခါ သူ၏ရထားကြီးမှာ အခွံလွတ်ကြီးမှလွဲ၍ ဘာမှကျန်တော့မည်မဟုတ်ကြောင်းကို အလွယ်တကူ ခန့်မှန်းသိရှိနိုင်ပေသည်။
"ဒါဆို လူကြီးမင်းက သိုလှောင်ရေး ဝန်ဆောင်မှုကို ဝယ်ယူချင်ပါသလား"
"ဝယ်မယ်လေ"
"လူကြီးမင်းရဲ့ ရွေးချယ်မှုက မှန်ကန်ပါတယ်"
လမ်းပြထံသို့ ရထားဒင်္ဂါးတစ်ပြား ပေးလိုက်ပြီးနောက် ရဲချီယန်က သော့ကိုယူကာ သူ၏နောက်မှလိုက်၍ ရထားအပြင်သို့ ထွက်လာခဲ့လေ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံမှ ဧရာမ စက်ရုပ်လက်တံကြီးတစ်ခု ဆင်းသက်လာကာ သူ၏ရထားရှိနေသော နောက်ဘက်မှ ဥမင်လိုဏ်ခေါင်းကို ဖမ်းဆွဲလိုက်လေသည်။
၎င်းကို သူယခုလေးတင် မြင်တွေ့ခဲ့ရသော ဝင်ပေါက်ကြီး၏ ထောင့်တစ်နေရာတွင် ချထားလိုက်ပြီး အပြာရောင်အလင်းဖျော့ဖျော့ ဖန်သားပြင်တစ်ခုဖြင့် လွှမ်းခြုံထားလိုက်တော့သည်။
ထိုဝင်ပေါက်ကြီးပေါ်တွင် ရထားများကို သိမ်းဆည်းထားနိုင်သော အလားတူ အကန့်ငယ်လေးများ မရေမတွက်နိုင်အောင် ရှိနေပေသည်။
"ရထားမောင်းနှင်သူ၊ အခုချိန်ကစပြီး ကြယ်တစ်ထောင်မြို့တော်ကို လွတ်လွတ်လပ်လပ် စူးစမ်းလေ့လာနိုင်ပါပြီ၊ ဒီမှာ အကောင်းဆုံး အတွေ့အကြုံတွေ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်"
လမ်းပြက ထွက်ခွာသွားရန် ပြင်လိုက်စဉ် ရဲချီယန်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ မေးလိုက်လေ၏။
"နေပါဦး၊ ငါ့ရထားကို ပြုပြင်ထိန်းသိမ်းမှု လုပ်ချင်ရင်ကော ဘယ်လိုလုပ်ရမလဲ"
ကြယ်တစ်ထောင်မြို့တော်သို့ ယခုလေးတင် ဝင်ရောက်လာသော ရထားမောင်းနှင်သူတစ်ဦးက ပြုပြင်ထိန်းသိမ်းမှုအကြောင်းကို သိရှိနေခြင်းအပေါ် လုံးဝအံ့အားသင့်သွားဟန်ဖြင့် လမ်းပြက သူ့ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်လေသည်။
"ဒီအချက်အတွက်တော့ စိတ်ချပါ၊ ရထားပြုပြင်ထိန်းသိမ်းမှုလုပ်ပေးတဲ့ အထူးပြုပြင်ရေးပညာရှင်တွေကို မြို့ထဲမှာ ရှာတွေ့နိုင်ပါတယ်၊ သူတို့အားလုံးဆီမှာ ရထားတွေကို တိုက်ရိုက်နေရာရွှေ့ပြောင်းပေးနိုင်တဲ့ စက်ပစ္စည်းတွေ ရှိကြတယ်လေ၊ လူကြီးမင်းက သော့ကိုအသုံးပြုလိုက်ရုံနဲ့ ရထားက အဲ့ဒီကို အလိုအလျောက် ရောက်သွားပါလိမ့်မယ်၊ ပြုပြင်ပြီးသွားရင်လည်း ဒီကိုပြန်ရောက်လာနိုင်ပါတယ်"
"ဒါဆို နာကလော့လမ်း အမှတ် ၄၄ ကို ဘယ်လိုသွားရမလဲ"
"မြို့ရဲ့ ကိုယ်တိုင်ဝန်ဆောင်မှု သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို သုံးပြီး အဲ့ဒီကို သွားလို့ရပါတယ်"
"ကျေးဇူးပဲ"
သူလိုချင်သော အချက်အလက်များကို ရရှိသွားပြီးနောက် ရဲချီယန်က နာကလော့လမ်း အမှတ် ၄၄ သို့ သွားရန် အလျင်မလိုတော့ပေ။
ခန်းမထဲမှ ထွက်လာသည်နှင့် သူ၏မျက်စိရှေ့တွင် အနာဂတ်ဆန်သော ခံစားမှုကိုပေးစွမ်းသည့် အလွှာပေါင်းများစွာ ပါဝင်သော ဧရာမမြို့တော်ကြီးကို မြင်တွေ့လိုက်ရလေ၏။
သူရောက်ရှိနေသော နေရာမှာ ပထမအလွှာဖြစ်ပြီး အခြေခံနယ်မြေဟု ခေါ်ဆိုသည်။ မိတ်ဆက်ချက်အရ ၎င်းသည် ကြယ်တစ်ထောင်မြို့တော် တစ်ခုလုံး၏ အနိမ့်ဆုံးအဆင့် ဖြစ်ပုံပေါ်လေသည်။
သို့သော် ၎င်းက အလွန်တရာ ထူးဆန်းနေ၏။
ကံကြမ္မာ လမ်းဆုံလမ်းခွက သူ့ကို အောက်ခြေရပ်ကွက်အတွက် ရွေးချယ်စရာတစ်ခု ပေးခဲ့သည်။
အကယ်၍ ဒါကသာ အောက်ခြေရပ်ကွက်ဖြစ်ခဲ့လျှင် ထိုရွေးချယ်စရာက ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။
သူသိပ်ပြီး အများကြီး တွေးမနေတော့ချေ။ အခမဲ့ အထွေထွေမြေပုံတစ်ခုကို ရယူလိုက်ပြီးနောက် ဦးတည်ရာတစ်ဖက်သို့ တည့်မတ်စွာ လျှောက်လှမ်းသွားလေတော့သည်။
ဤမြို့တွင် စူးစမ်းလေ့လာစရာ နေရာများစွာ ရှိနေသော်လည်း အရာအားလုံးက အရာဝတ္ထုတစ်ခု၏ အထောက်အပံ့ကို လိုအပ်နေပေသည်။
၎င်းမှာ ရထားဒင်္ဂါးများပင် ဖြစ်လေ၏။
ကံမကောင်းစွာဖြင့်ပင်။
ယခု သူ့တွင် ပိုက်ဆံ သိပ်အများကြီး မကျန်တော့ချေ။