← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း ၆၉ မုရှန်းယို့ရန်၏ သွန်သင်ချက်များ

"အစ်ကိုချီယန်၊ ကျွန်မတစ်ခုလောက် မေးချင်လို့ပါ၊ အစ်ကိုက ရထားကို အဲ့ဒီဘုရားကျောင်းမှာ ဒီအတိုင်း ထားခဲ့တာဆိုတော့ အခိုးခံရမှာ မကြောက်ဘူးလား"

သူတို့က ရင်ပြင်ရှိ ဈေးသည်များအကြားတွင် လမ်းလျှောက်နေကြလေ၏။

ကျောက်လင်၏ မေးခွန်းကို ကြားလိုက်ရသောအခါ ငွေဖြူရောင် ဒက်ဇတ်အီးဂဲလ် လက်နက်ငယ်တစ်လက်ကို အကဲခတ်ကြည့်ရှုနေသော ရဲချီယန်က နောက်ကိုလှည့်မကြည့်ဘဲ ပြန်ဖြေလိုက်လေသည်။

"ကိစ္စမရှိပါဘူး၊ ငါစောင့်ကြည့်နေတာပဲဟာ"

"စောင့်ကြည့်နေတာ"

ကျောက်လင်မှာ ဇဝေဇဝါ ဖြစ်သွားလေ၏။ သူမက ရဲချီယန်၏ စနစ်အလင်းဖန်သားပြင်ကို မမြင်နိုင်ချေ။

ထို့ကြောင့် ရဲချီယန်၏ ရထားအတွင်းတွင် လုပ်ဆောင်နေသော စောင့်ကြည့်ကင်မရာများမှ ရုပ်သံမှတ်တမ်းများကို သူအမြဲတမ်း ထိန်းချုပ်ထားနိုင်သည်ကို သူမမသိခဲ့ပေ။

"ဒီသေနတ်က အဆင့် ၂ ပဲရှိတာမလား၊ ခင်ဗျားဆီမှာ ပိုမြင့်တဲ့အဆင့်တွေ မရှိဘူးလား"

ဈေးရောင်းသူကမတ်တတ်ရပ်လျက်ပင် အိပ်ပျော်သွားမည်လားဟု ထင်မှတ်ရလောက်အောင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော လေသံဖြင့် ပြန်ဖြေလေ၏။

"မင်းက လူသစ်မလား"

"ဒါဆိုရင်ရော ဘာဖြစ်လို့လဲ"

"အော် ဒါကြောင့်ကိုး၊ ကြယ်တစ်ထောင်မြို့တော်ရဲ့ စည်းကမ်းတွေကို မင်းမသိသေးဘူးထင်တယ်"

သူက သမ်းဝေလိုက်ကာ အဝတ်အစားများအတွင်းမှ သူ၏ကိုယ်ကို အကြိမ်အနည်းငယ်မျှ ကုတ်ဖဲ့လိုက်လေသည်။

"ကြယ်တစ်ထောင်မြို့တော်မှာ အပြင်ဘက်ကို ရောင်းချတဲ့ အမြင့်ဆုံးအဆင့် ပစ္စည်းက အဆင့် ၃ ပဲ၊ အကယ်၍ မင်းက ပိုမြင့်တဲ့အဆင့်ရှိတဲ့ ပစ္စည်းတွေကို လိုချင်ရင် အဲ့ဒါတွေကိုဝယ်ဖို့ မဟာမိတ်အဖွဲ့ကြီးတစ်ခုခုထဲကို ဝင်ရမယ်၊ အဲ့ဒီအဖွဲ့တွေကလွဲပြီး တခြားနေရာတွေမှာ အဆင့် ၃ အထက် ပစ္စည်းတွေကို ရောင်းချတာဟာ တရားမဝင်တဲ့ လုပ်ရပ်ပဲ"

"ဘာဖြစ်လို့ ဒီလိုစည်းကမ်းတွေ ရှိနေရတာလဲ၊ အဆင့် ၃ ပစ္စည်းတွေဆိုတာ အဲ့ဒီလောက်ကြီး ရဖို့ခက်ခဲတဲ့အရာတွေမှ မဟုတ်တာ"

လူဆိုးက သူ၏ခန္ဓာကိုယ်ကို ကုတ်ဖဲ့နေခြင်းကို ရပ်တန့်လိုက်ကာ ရဲချီယန်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်လေ၏။

"ကောင်လေး၊ အဆင့် ၃ ပစ္စည်းတွေကို ရဖို့လွယ်တယ်လို့ ထင်နေရအောင် မင်းရဲ့ကံက အတော်လေး ကောင်းနေပုံရတယ်နော်၊ ထားလိုက်ပါတော့၊ မင်းဝယ်မှာလား မဝယ်ဘူးလား၊ မင်းသာ ဒီသေနတ်ကို ဝယ်မယ်ဆိုရင် စီနီယာတစ်ယောက်ရဲ့ အတွေ့အကြုံတချို့ကို မင်းကိုဝေမျှပေးမယ်လေ"

"ဘယ်လောက်လဲ"

"ရထားဒင်္ဂါး ၄ ပြားပါ၊ အရမ်းတန်ပါတယ်"

ပိုက်ဆံနှင့်ပစ္စည်း ဖလှယ်ပြီးသွားသောအခါ သူ၏ ပျင်းရိငြီးငွေ့နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။

"နောက်ဆုံးတော့ ရောင်းထွက်သွားပြီ၊ ရထားဒင်္ဂါး ၄ ပြားဆိုတော့ နည်းပညာရှင် အမှတ် ၈ ကို သွားရှာပြီး ပျော်ပျော်ပါးပါး နေလို့ရပြီပေါ့"

သူက ထွက်ခွာရန် လှည့်လိုက်စဉ် သူ၏ပခုံးပေါ်သို့ တည့်မတ်စွာ ကျရောက်လာသော လက်တစ်ဖက်ကြောင့် ရပ်တန့်သွားလေသည်။

"စီနီယာ တစ်ခုခုမေ့နေတယ်ထင်တယ်"

လူဆိုးက သူထွက်ပြေး၍ မလွတ်နိုင်တော့မှန်း သိလိုက်သဖြင့် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကာ မဝေးလှသောနေရာရှိ သံပြားကင်ဆိုင်တစ်ခုကို လက်ညှိုးထိုးပြလိုက်လေ၏။

"အဲ့ဒီမှာ စားရင်းသောက်ရင်း သွားပြောကြတာပေါ့"

သူ့နောက်မှ လိုက်ပါသွားကြပြီးနောက် သံပြားကင်ဆိုင်ရှေ့တွင် ထိုင်လိုက်ကြရာ ဆိုင်ရှင်က လူဆိုးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ မင်းသူတို့ကို အတုံးလိုက်အတစ်လိုက် ဈေးတင်ခုတ်ဖို့ ငါခေါ်လာတာ မဟုတ်ပါဘူး၊ သုံးခွက်... အိုး မင်းတို့နှစ်ယောက် သောက်တတ်လား"

ကျောက်လင်က ယဉ်ကျေးစွာဖြင့်ပင် ခေါင်းခါပြလိုက်၏။

"အရေးကြီးတဲ့ ကိစ္စတွေကိုပဲ ပြောကြတာပေါ့"

"ချီးပဲ၊ ပျင်းစရာကောင်းလိုက်တာ၊ ဒါဆို တစ်ခွက်ပဲပေးပါ၊ နွေးနွေးလေးလုပ်ဖို့ မမေ့နဲ့နော်"

အရက်ကို စောင့်ဆိုင်းနေစဉ် လူဆိုးက သူ၏ပါးစပ်ထဲမှ ပိုက်လုံးကို ထွေးထုတ်လိုက်ကာ လေထဲတွင် လက်ညှိုးဖြင့် ဝှေ့ယမ်းလိုက်လေသည်။

သူငယ်ချင်းဖွဲ့ရန် ဖိတ်ကြားချက်တစ်ခုက ရဲချီယန်၏ အမြင်အာရုံထဲတွင် ထွက်ပေါ်လာ၏။

"မင်းတို့နှစ်ယောက်လုံးကို သူငယ်ချင်းအနေနဲ့ ထည့်လိုက်ပြီ၊ မင်းတို့ပြန်ရောက်ရင် အဲ့ဒါက... အင်း၊ မင်းမှာ စနစ်နဲ့ ချိတ်ဆက်ထားတဲ့ မော်ဂျူးရှိနေတာလား"

လက်ခံထားသော သူငယ်ချင်း ဖိတ်ကြားချက်ကို ကြည့်ကာ လူဆိုးမှာ မှင်သက်သွားလေတော့သည်။

"တကယ်ကို မယုံနိုင်စရာပဲ၊ မင်းက တကယ်ရော လူသစ် ဟုတ်ရဲ့လား၊ မဟုတ်သေးဘူး၊ တကယ်တော့ ဟုတ်မှာပါ၊ မဟုတ်ရင် ကြယ်တစ်ထောင်မြို့တော်ရဲ့ စည်းကမ်းတွေကို မင်းသိမှာပေါ့၊ တောက် တောက် တောက်၊ မော်ဂျူးရှိတဲ့ လူသစ်ကို ငါပထမဆုံးအကြိမ် မြင်ဖူးတာပဲ၊ ပြီးတော့ ရှားပါးတဲ့ စနစ်နဲ့ ချိတ်ဆက်ထားတဲ့ မော်ဂျူးမျိုးတဲ့လား၊ အရင်တုန်းက ငါတောင်..."

"စီနီယာ မုရှန်းယို့ရန်၊ လိုရင်းကိုပဲ ပြောပါတော့"

မုရှန်းယို့ရန်၊ ၎င်းမှာ သူငယ်ချင်း ဖိတ်ကြားချက်တွင် ပါရှိသော အမည်ပင် ဖြစ်လေသည်။

"မုရှန်းလို့ပဲ ခေါ်ပါ၊ ဟူး၊ ဒုက္ခပါပဲ၊ မင်းကိုရောင်းလိုက်တဲ့ သေနတ်ကြောင့်သာ မဟုတ်ရင်..."

ဆိုင်ပိုင်ရှင်က နွေးထွေးသော အရက်တစ်ခွက်ကို ယူဆောင်လာပေးသည်။ သူက အရက်ခွက်ကိုယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေ၏။ မူလက အလွန်တရာ ဆုတ်ယုတ်ကျဆင်းနေပုံရသော သူသည် ရုတ်တရက် အတော်လေး တက်ကြွလာတော့သည်။

"အဟမ်း၊ မင်းလည်း ရထားမောင်းနှင်သူ တစ်ယောက်ပဲလေ၊ ဘူတာရုံတွေမှာ ဖွက်ထားတဲ့ ရတနာသေတ္တာတွေက ဘယ်လောက်တောင် ရှာရခက်လဲဆိုတာ မင်းမသိဘူးလား၊ အဆင့်နိမ့်နေတုန်းကတော့ ကိစ္စမရှိပေမဲ့ ရထားအဆင့် တက်လာတာနဲ့အမျှ ငါတို့သွားရမယ့် ဘူတာရုံတွေက ပိုပြီး အန္တရာယ်များလာလိမ့်မယ်၊ နှိုင်းယှဉ်ကြည့်ရင် ရတနာသေတ္တာတွေကို ရှာတွေ့နိုင်ခြေကလည်း ပိုနည်းလာမှာပဲ၊ ပြီးတော့ ရထားအဆင့်တွေကို တင်ဖို့ဆိုတာ အဲ့ဒီလောက်ကြီး မလွယ်ကူဘူးလေ၊ မင်းတို့လို လူသစ်တွေအတွက်ဆိုရင် တချို့က အဆင့် ၃ ကို ရောက်နေလောက်ပြီမလား၊ နောက်တစ်ဆင့်အတွက် အဆင့်မြှင့်တင်ဖို့ လိုအပ်ချက်တွေကို မင်းတို့ မြင်ပြီးပြီလား"

"မီးစွဲကျောက်တုံးလား"

သူ၏ဘေးရှိ ကျောက်လင်က အလျင်အမြန် ဖြေလိုက်လေ၏။

"ဟုတ်တယ် မီးစွဲကျောက်တုံး၊ အဲ့ဒီအရာကို အဆင့် ၄ အထက် ဘူတာရုံတွေမှာပဲ ရနိုင်တာလေ၊ ပြီးတော့ လူသစ် ရထားမောင်းနှင်သူတွေက အများဆုံး အဆင့် ၃ အထိပဲ သွားနိုင်ကြတယ်၊ ဒါဆို မီးစွဲကျောက်တုံးကို ဘယ်ကနေ ရနိုင်မှာလဲ"

မုရှန်းက အထက်သို့ လက်ညှိုးထိုးပြလိုက်လေသည်။

"ဟီး၊ ဒါကြောင့် မင်းတို့လို လူသစ်တွေက မဟာမိတ်အဖွဲ့တစ်ခုခုထဲကို လိမ္မာရေးခြားရှိစွာနဲ့ ဝင်ရမယ်၊ ပြီးရင် သူတို့ရဲ့ အစီအစဉ်အတိုင်း လိုက်နာရမယ်၊ မီးစွဲကျောက်တုံးထက် ပိုများတဲ့ သယံဇာတတွေနဲ့ငွေတွေကို မီးစွဲကျောက်တုံး တစ်တုံးနဲ့ လဲလှယ်ရမယ်၊ အဲ့ဒီလိုဆိုမှသာ မင်းရထားကို အဆင့်မြှင့်တင်နိုင်မှာ၊ ပြီးတော့ နောက်တစ်ဆင့်မှာလည်း တခြား တင်းကျပ်တဲ့ လိုအပ်ချက်တွေ ရှိလာဦးမှာပဲ၊ အဲ့ဒီလိုမျိုး သံသရာလည်နေမှာ၊ နောက်ဆုံးကျတော့ မင်းက အထက်က သခင်ကြီးတွေအတွက် အလုပ်လုပ်ပေးရတဲ့ ကျွဲတွေ နွားတွေ ဖြစ်သွားမှာပဲ ဟီးဟီးဟီး"

"..."

လူရှိလျှင် ကျန်းဟူ ရှိလေ၏ (ကျန်းဟူ — သိုင်းလောကတစ်ခု သို့မဟုတ် ၎င်း၏ကိုယ်ပိုင် စည်းမျဉ်းများရှိသော လောက)။ ကျန်းဟူ ရှိလျှင် မသမာသော စီးပွားရေးလုပ်ငန်းများ ရှိလေသည်။

သူပြောခဲ့သည်မှာ အမှန်တကယ်ပင် မှန်ကန်လှပေသည်။

သို့သော် ဤနည်းဖြင့်ဆိုလျှင် အနည်းငယ် အကျိုးသင့်အကြောင်းသင့် မဖြစ်လွန်းဘူးလား။

"ဒါဆို ပထမဆုံးသုတ်က ရထားမောင်းနှင်သူတွေကရော အဆင့် ၄ ကို ဘယ်လိုလုပ် ရောက်သွားကြတာလဲ၊ သူတို့က တခြားလူတွေဆီကနေ မီးစွဲကျောက်တုံးကို လဲလှယ်ခဲ့တာတော့ မဟုတ်ပါဘူးနော်"

"ဒါကို ငါက ဘယ်လိုလုပ် သိမှာလဲ၊ ဒါပေမဲ့ မီးစွဲကျောက်တုံးက သူတို့ဆီကနေပဲ ရနိုင်တာတော့ လုံးဝမဟုတ်ဘူး၊ အဲ့ဒါက အလွယ်ကူဆုံး နည်းလမ်းတစ်ခုပါပဲ၊ အကယ်၍ ရထားက အဆင့် ၃ ကို ရောက်သွားပြီဆိုရင် ပိုမြင့်တဲ့အဆင့်ရှိတဲ့ ဘူတာရုံတစ်ခုထဲကို ဝင်ရောက်နိုင်ခြေ အလွန်နည်းပါးတဲ့ ရာခိုင်နှုန်းတစ်ခု ရှိတယ်၊ အကယ်၍ အဲ့ဒီမှာ ရတနာသေတ္တာကို ရှာတွေ့နိုင်ရင်တော့ မီးစွဲကျောက်တုံး ရနိုင်တဲ့အခွင့်အရေး ရှိနေသေးတယ်"

ဤနေရာသို့ ရောက်သောအခါ မုရှန်းယို့ရန်က ရုတ်တရက် သူ့ကိုယ်သူ လှောင်ပြောင်သော အပြုံးတစ်ခုကို ပြုံးလိုက်လေ၏။

"ဒါပေမဲ့လည်း အဆင့် ၃ ရထားမောင်းနှင်သူတစ်ယောက်က ပိုမြင့်တဲ့အဆင့်ရှိတဲ့ ဘူတာရုံမှာ ရှင်သန်နိုင်ဖို့တောင် ရုန်းကန်ရမှာပဲ၊ ရတနာသေတ္တာ ရှာတွေ့ဖို့ဆိုတာ ဝေလာဝေးပေါ့၊ အဲ့ဒါက လုံးဝ စိတ်ကူးယဉ်နေတာပဲ"

ခွက်ထဲမှ အရက်ကို သောက်ပြီးနောက် မုရှန်းယို့ရန်က စားပွဲပေါ်တွင် မှောက်လျက် အိပ်ပျော်သွားကာ အသံကျယ်လောင်စွာ ဟောက်လေတော့သည်။

ရဲချီယန်က သူအိပ်ချင်ယောင်ဆောင်နေသည်ဖြစ်စေ၊ မဆောင်သည်ဖြစ်စေ ဂရုမစိုက်ချေ။ သူ၏သောက်စရာအတွက် ပိုက်ဆံရှင်းပြီးနောက် ထွက်ခွာသွားလေ၏။

သူတို့နှစ်ဦး ထွက်သွားပြီး မကြာမီမှာပင် သံပြားကင်ဆိုင်ပိုင်ရှင်က မုရှန်းယို့ရန်၏ ခေါင်းကို ပုတ်လိုက်လေသည်။

"ထတော့၊ သူတို့သွားပြီ၊ ဟန်ဆောင်မနေနဲ့တော့"

မုရှန်းယို့ရန်က ထိုင်လိုက်ပြီး သူ၏မူးယစ်နေသော အမူအရာများ လုံးဝပျောက်ကွယ်သွားလေ၏။ ယင်းအစား သူက ပို၍ပင် ဆုတ်ယုတ်ကျဆင်းနေပုံ ပေါ်နေတော့သည်။

"နောက်ထပ် လူသစ် ရထားမောင်းနှင်သူတွေရဲ့ အသုတ်တစ်သုတ်... ဒါနဲ့ပြောရရင် ငါတို့ဒီမှာနေလာတာ ဘယ်နှစ်နှစ်ရှိပြီလဲ"

ဆိုင်ပိုင်ရှင်က အသည်းကြော် တစ်ပန်းကန်ကို လှမ်းပေးကာ အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်လေ၏။

"ငါတို့ရထားတွေကို စွန့်လွှတ်ပြီး အမြဲတမ်း နေထိုင်ခွင့်ဝယ်ခဲ့တဲ့နေ့ကစလို့ အားလုံးပေါင်း ကိုးနှစ်ရှိပြီ"

"..."

"ဘာလဲ၊ လူသစ်တွေကိုမြင်တော့ မင်းက နောက်တစ်ကြိမ် စွန့်စားခန်းတွေ ထပ်လုပ်ချင်စိတ် ပေါ်လာလို့လား၊ ငါတို့ ဘာကြောင့် ထွက်ပြေးဖို့ ရွေးချယ်ခဲ့ရလဲဆိုတာ မမေ့နဲ့လေ၊ အဲ့ဒီလွင်တီးခေါင်ပြင်ထဲကို ဆက်ဝင်ဖို့ သတ္တိတွေ မင်းမှာရှိနေသေးလို့လား၊ လက်လျှော့လိုက်ပါ၊ ငါတို့အားလုံး သေရမှာ ကြောက်တဲ့သူတွေချည်းပဲ"

"ချီးပဲ"

ရထားဒင်္ဂါး လက်တစ်ဆုပ်စာခန့်ကို လွှင့်ပစ်လိုက်ကာ မုရှန်းယို့ရန်က လှည့်ထွက်သွားလေတော့သည်။

သူ၏ကျောပြင်က အနည်းငယ် ပိုမိုကိုင်းညွတ်သွားသကဲ့သို့သာ ထင်မှတ်ရပေသည်။

"အစ်ကိုချီယန်၊ ဒါဆို ကျွန်မတို့က တကယ်ပဲ အဆင့် ၄ ကို မရောက်နိုင်တော့ဘူးလား၊ ဒါမှမဟုတ် မဟာမိတ်အဖွဲ့တစ်ခုခုထဲ ဝင်ဖို့ ရှာရမလား"

ဆိုင်မှ ထွက်ခွာလာသော ရဲချီယန်နှင့် ကျောက်လင်တို့သည် ရင်ပြင်မှ ထွက်လာခဲ့ကြလေ၏။

မုရှန်းယို့ရန် ပြောခဲ့သည့်အတိုင်း ဤနေရာတွင် အဆင့် ၃ အထက် ပစ္စည်းများ မရှိချေ။

"သူပြောခဲ့တယ် မဟုတ်လား၊ အကယ်၍ မဟာမိတ်အဖွဲ့ထဲ မဝင်ရင်တောင် ရတနာသေတ္တာထဲကနေ မီးစွဲကျောက်တုံးကို ရှာတွေ့နိုင်တဲ့ အခွင့်အရေး ရှိတယ်လေ၊ မင်းရဲ့ကံကောင်းမှုနဲ့ဆိုရင် နောက်မှတ်တိုင်မှာ ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်မှာပါ"

"ဟီးဟီး၊ အစ်ကိုပြောတာ မှန်တယ်"

သူမ၏ကံကောင်းမှုက နောက်မှတ်တိုင်တွင် ပြန်လည်ရောက်ရှိလာမည်ဟု တွေးလိုက်မိသဖြင့် ကျောက်လင်မှာ ချက်ချင်းပင် ဝမ်းနည်းမနေတော့ချေ။

"စိတ်မပူပါနဲ့ အစ်ကိုချီယန်၊ အကယ်၍ မီးစွဲကျောက်တုံး နှစ်တုံး ရှာတွေ့ရင် အစ်ကို့ကို သူငယ်ချင်းဈေးနဲ့ တစ်တုံးရောင်းပေးပါ့မယ်"

"ဒါဆို ငါက မင်းကို ကျေးဇူးတင်ရမလား"

"အဲ့ဒါလည်း အဆင်ပြေတာပါပဲ"

အခန်း ၇၀ ဖျက်ဆီးခံလိုက်ရသော လီရှောင်ရှန်း

ရင်ပြင်တွင် ရဲချီယန်နှင့် ကျောက်လင်တို့သည် မည်သည့်မဟာမိတ်အဖွဲ့ကိုမျှ ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိသဖြင့် အခြားနေရာများကို စူးစမ်းလေ့လာရန် ထွက်ခွာတော့မည်ဖြစ်လေ၏။

သို့သော် သူတို့၏ရွေးချယ်မှုက အခြားသူများလည်း ထိုသို့ရွေးချယ်ကြမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

လီရှောင်ရှန်း။

သူ့ကိုယ်သူ ဇာတ်လိုက်အဖြစ် ခံယူထားသော ဤအမျိုးသားသည် အဖြူရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး၏ရှေ့တွင် ရပ်နေကာ သူ၏မျက်နှာမှာ အနီနှင့်အစိမ်း ရောယှက်နေသော အရောင်များဖြင့် နီမြန်းနေလေ၏။

"သယံဇာတ ရေဒါ ပါရမီလား၊ မဆိုးပါဘူး၊ မင်းက ဒီနေ့အတွက် တတိယမြောက် သယံဇာတ ရေဒါပဲ၊ ကံကောင်းတာပဲ၊ ငါတို့မဟာမိတ်အဖွဲ့ထဲဝင်ပြီး သယံဇာတအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါ၊ မင်းဘဝလည်း သာယာသွားမှာပါ"

"...သယံဇာတ ရေဒါတွေ အများကြီးရှိတာလား"

အခြားသူများ၏ မနာလိုသော အကြည့်များအောက်တွင် လီရှောင်ရှန်းက ဤမေးခွန်းကို မနည်းအားယူကာ မေးလိုက်ရလေ၏။

"ဘာမှမဖြစ်ပါဘူး၊ ဒါက အတွေ့ရအများဆုံး ပါရမီတစ်ခုလေ၊ မင်းတကယ် ကံကောင်းတာပဲ ကောင်လေး၊ လူအများစုက သူတို့မှာ ပါရမီတစ်ခုလောက် ရှိချင်ကြပေမဲ့ အဲ့ဒီလိုစွမ်းရည်မျိုး မရှိကြဘူးလေ"

အဖြူရောင်ဝတ်စုံနှင့် အမျိုးသားက လီရှောင်ရှန်း၏ မျက်နှာအမူအရာသည် စိတ်ကူးယဉ်မှုများ ဖျက်ဆီးခံလိုက်ရသော အိမ်တွင်းအောင်းသူတစ်ဦးကဲ့သို့ နာကျင်နေသည်ကို သတိမထားမိခဲ့ပေ။

သူက လက်သီးများကို တင်းတင်းဆုပ်ထားလိုက်ရာ မကျေနပ်မှုများနှင့် ဇဝေဇဝါဖြစ်မှုများက သူ၏အတွင်းစိတ်ထဲတွင် ရောယှက်နေလေ၏။

"ဘာလို့လဲ၊ ဒီပါရမီက ငါ့တစ်ယောက်တည်းအတွက်ပဲ သီးသန့်ဖြစ်ရမှာ မဟုတ်ဘူးလား၊ ဘာလို့ တခြားလူတွေမှာလည်း ရှိနေရတာလဲ၊ ဒါမတရားဘူးလေ၊ ငါက အထူးခြားဆုံးလူ ဖြစ်ရမှာပေါ့"

သူက စိတ်ထဲမှ အော်ဟစ်နေမိ၏။ အဖြူရောင်ဝတ်စုံနှင့် အမျိုးသားက သူ့ကို သံသယဖြင့် ကြည့်လိုက်ကာ သူ၏ခေါင်းကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်လေသည်။

"မဟာမိတ်အဖွဲ့ထဲ ဝင်ရမှာကို ဒီလောက်ကြီး စိတ်လှုပ်ရှားနေစရာ မလိုပါဘူး၊ ကြိုးကြိုးစားစား လုပ်ပါ၊ ငါမင်းဆီကနေ အများကြီး မျှော်လင့်ထားတယ်"

"...အစ်ကို၊ မဟာမိတ်အဖွဲ့ထဲရောက်ရင် မီးစွဲကျောက်တုံးကိုလည်း ဝယ်လို့ရတယ်မလား၊ ကျွန်တော် တခြားလူတွေဆီက ကြားတာ မဟာမိတ်အဖွဲ့ထဲမှာမှ... ကျွန်တော်က အဲ့ဒါကို ကြိုပြီးများ ရနိုင်မလားလို့ပါ"

"ရပါတယ်၊ ဒါပေမဲ့ မင်းအဲ့ဒီလောက် အလောတကြီး ဖြစ်နေစရာ မလိုပါဘူး"

အဖြူရောင်ဝတ်စုံနှင့် အမျိုးသားက လက်ကာပြလိုက်လေ၏။

"သယံဇာတ ရေဒါ ပါရမီရှိတဲ့ ရထားမောင်းနှင်သူတစ်ယောက်က မဟာမိတ်အဖွဲ့ထဲ ဝင်ပြီးတာနဲ့ အနည်းဆုံး ဘူတာရုံ ဆယ်ခုလောက်အထိ အဆင့်မြှင့်တင်လို့ မရဘူး၊ ဒါက မင်းပိုမြင့်တဲ့အဆင့်ရှိတဲ့ ဘူတာရုံတွေမှာ မင်းရဲ့ပါရမီကို အပြည့်အဝ အသုံးမချနိုင်ခင် သေမသွားအောင် ကာကွယ်ပေးဖို့အတွက်ပါ၊ ဒါပေါ့ မဟာမိတ်အဖွဲ့က မင်းကိုကာကွယ်ပေးဖို့ အဆင့်မြင့်ပစ္စည်းတချို့ကိုလည်း ထောက်ပံ့ပေးဦးမှာပါ၊ မင်းရဲ့စွမ်းအားတွေ ရင့်ကျက်လာပြီး အခြေခံခိုင်မာလာတဲ့အခါမှ အဆင့် ၄ ကို မြှင့်တင်ဖို့ဆိုတာ မနောက်ကျသေးပါဘူး၊ ပြီးတော့ မင်းရဲ့ ရှေ့ဆက်သွားမယ့် ဘူတာရုံတွေအတွက် သယံဇာတတွေ စုဆောင်းရာမှာ ကူညီပေးဖို့ ရထားလက်ထောက်တစ်ယောက် အတူပါလာမှာဖြစ်ပြီး မဟာမိတ်အဖွဲ့က သယံဇာတ စုဆောင်းရေးအတွက် လိုအပ်တဲ့ ကိရိယာတွေကိုလည်း ထောက်ပံ့ပေးသွားမှာပါ..."

လီရှောင်ရှန်းမှာ ကျန်ရှိနေသော စကားလုံးများကို မကြားနိုင်တော့ချေ။

သူအေးစက်စက် ခံစားမှုတစ်ခုကိုသာ ခံစားလိုက်ရလေ၏။

ဘူတာရုံ ဆယ်ခုအတွင်းမှာ အဆင့်မြှင့်တင်လို့ မရဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ။

သူက အဆင့် ၃ ရထားမှာ ဘူတာရုံ ဆယ်ခုလုံးလုံး နေရမယ်တဲ့လား၊ ဘာကြောင့်လဲ။

ဒါက သူ၏ သယံဇာတ ရေဒါထံမှ တန်ဖိုးများကို ညှစ်ထုတ်ပြီး သူသေမသွားခင် သယံဇာတပစ္စည်းများ လုံလောက်အောင် စုဆောင်းရန် ကြိုးပမ်းချက်တစ်ခု ဖြစ်နေသည်မှာ ရှင်းလင်းနေပေသည်။

ပြီးတော့ သူက လက်ထောက်တစ်ယောက် ခေါ်သွားရဦးမယ်။

လက်ထောက်လား၊ သူတို့က စောင့်ကြည့်သူတွေ မဟုတ်ဘူးလား။

လီရှောင်ရှန်းက စားပွဲကို ဒေါသတကြီး လက်ဖြင့် ထုလိုက်လေ၏။

"ဒိုင်း"

"ဆောရီးပါပဲ၊ ကျွန်တော်က ခင်ဗျားတို့ရဲ့ မဟာမိတ်အဖွဲ့နဲ့ မကိုက်ညီဘူးလို့ ထင်တယ်၊ ကျွန်တော်က မြန်မြန် အဆင့်တက်ချင်တာ၊ အဆင့် ၃ မှာပဲ နေဖို့ အစီအစဉ်မရှိဘူး..."

သူစကားမဆုံးမီမှာပင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသားက ရယ်မောလိုက်ကာ ပြောလေ၏။

"အိုး ဒါဆို မင်းမှာ ရည်မှန်းချက်တွေ ရှိတယ်ပေါ့လေ၊ နှမြောစရာပဲ၊ အဲ့ဒါက အသုံးမဝင်ဘူး ငါ့သူငယ်ချင်း၊ မင်းတခြား မဟာမိတ်အဖွဲ့ကို သွားရင်လည်း အတူတူပဲ ဖြစ်မှာပါ၊ သယံဇာတ ရေဒါ ပါရမီရှင်တွေအတွက် လူသစ်နယ်မြေကနေ ထွက်လာပြီး မဟာမိတ်အဖွဲ့တစ်ခုခုကို ဝင်တဲ့အခါ ဘူတာရုံ ဆယ်ခုစာ စုဆောင်းရေးကာလဆိုတာ ကြယ်တစ်ထောင်မြို့တော်မှာရှိတဲ့ မဟာမိတ်အဖွဲ့ အားလုံးကြားက သဘောတူညီချက်တစ်ခုပဲ၊ မင်းတခြား မဟာမိတ်အဖွဲ့ကို သွားရင်လည်း အတူတူပဲ ဖြစ်နေမှာပါ"

"ဒါဆိုရင် ကျွန်တော်က"

"မင်းက မဟာမိတ်အဖွဲ့ထဲ မဝင်ဘူးပေါ့"

ဤနေရာမှ ဆူညံသံများက အာရုံစိုက်မှုများစွာကို ဆွဲဆောင်သွားလေ၏။

အခြားမဟာမိတ်အဖွဲ့များမှ အဖွဲ့ဝင်များက နောက်ကွယ်မှ အကြောင်းရင်းကို သိရှိထားကြသဖြင့် လီရှောင်ရှန်းကို လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

"အကယ်၍ မင်းသာ မဟာမိတ်အဖွဲ့ထဲ မဝင်ရင် ဒီတစ်သက် အဆင့် ၄ ကို လုံးဝရောက်နိုင်မှာ မဟုတ်ဘူး၊ မီးစွဲကျောက်တုံး က ငါတို့လက်ထဲမှာပဲ ရှိတာလေ၊ သယံဇာတ ရေဒါ ပါရမီဆိုတာ လူသစ်နယ်မြေကို ကျော်လွန်သွားတာနဲ့ တစ်ပြိုင်နက် အဓိပ္ပာယ်ပေါင်းစုံနဲ့ အနှုတ်လက္ခဏာပြတဲ့ ပါရမီတစ်ခု လုံးဝဖြစ်သွားပြီ၊ ဒီလိုအမှိုက်လို ပါရမီမျိုးနဲ့ဆိုရင် ကောင်းမွန်တဲ့ ဘူတာရုံတွေ အများကြီးထဲကို မင်းဝင်နိုင်မှာ မဟုတ်ဘူး၊ မင်းကိုယ်မင်း အရမ်းစွမ်းအားကြီးတယ်လို့ ထင်နေတာလား"

လီရှောင်ရှန်း ရပ်တန့်သွားကာ သူ၏ကျောပြင်က တုန်ယင်နေလေ၏။

သူအသိချင်ဆုံး အမှန်တရားက ပေါ်ထွက်လာခဲ့ချေပြီ။

လူသစ်နယ်မြေကို ဖြတ်ကျော်ပြီးနောက် သယံဇာတ ရေဒါသည် အဓိပ္ပာယ်ပေါင်းစုံဖြင့် အနှုတ်လက္ခဏာပြသော ပါရမီတစ်ခု အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

သစ်သားများ၊ သတ္တုများနှင့် စက်သုံးအပိုပစ္စည်းများ အမြောက်အမြားရှိသော ဘူတာရုံများဆီသို့ သူသွားရောက်ရပေမည်။

ပြီးတော့ ထိုဘူတာရုံများတွင် အခြားဆုလာဘ်များ သိပ်အများကြီး ရှိမည်မဟုတ်ချေ။

တစ်လှမ်းနောက်ကျလျှင် ခြေလှမ်းတိုင်း နောက်ကျလိမ့်မည်။

လီရှောင်ရှန်းမှာ အခြားသူများ ဖန်တီးထားသော လှောင်ချိုင့်အတွင်းသို့ ကျရောက်သွားသကဲ့သို့၊ ကျားပါးစပ်အတွင်းသို့ ဝင်ရောက်သွားသော ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရလေတော့သည်။

"အဲ့ဒီလူ၊ အဲ့ဒါ လီရှောင်ရှန်း မဟုတ်ဘူးလား"

လူအုပ်၏ အလယ်ဗဟိုရှိ အဖြူရောင်ဝတ်စုံနှင့် အမျိုးသားထံသို့ ရှက်ရွံ့စွာဖြင့် ပြန်သွားကာ မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရန် တိတ်ဆိတ်စွာ ရွေးချယ်လိုက်သော လီရှောင်ရှန်းကို ကျောက်လင်က လက်ညှိုးထိုးပြလိုက်လေ၏။

"သူ့ကို မင်းသိလို့လား"

"ဒီလူက အရင်တုန်းက စကားပြောခန်းထဲမှာ သူ့ဓာတ်ပုံတွေကို တင်ခဲ့တာလေ၊ အကြိမ်ပေါင်းများစွာတောင် တင်ခဲ့တာ၊ သူက သူ့ကိုယ်သူ အရမ်းအထင်ကြီးတာ၊ ကျွန်မနဲ့ အရောင်းအဝယ် လုပ်ခဲ့ဖူးတဲ့ မိန်းကလေးတချို့ ပြောတာတော့ လီရှောင်ရှန်းဆီကနေ သူငယ်ချင်းဖြစ်ဖို့ ဖိတ်ကြားချက်တွေတောင် ရခဲ့တယ်တဲ့၊ မတွေ့ဖူးဘဲနဲ့ သူ့ရဲ့ရည်းစားဖြစ်ဖို့ တောင်းဆိုခဲ့တာတဲ့"

လူအုပ်ထဲရှိ လီရှောင်ရှန်းကို ကြည့်ကာ သူတို့၏ စကားဝိုင်းထဲမှ အကြောင်းအရာများကို ရဲချီယန် ပိုမိုကြားလိုက်ရလေ၏။

သယံဇာတ ရေဒါ၊ လီရှောင်ရှန်းမှာ သူ၏ပါရမီ ရှိနေသည်မှာ မှန်သော်လည်း ယင်းက ထိုမျှလောက် ရှားပါးသော ပါရမီတစ်ခု မဟုတ်ပေ။

အစမှအဆုံး လီရှောင်ရှန်းတွင် အလွန်တရာ ပြင်းထန်သော ကိုယ်ပိုင်လက္ခဏာ ခံယူချက်တစ်ခု ရှိနေကြောင်းကို သူခံစားသိရှိနိုင်လေ၏။

သို့မဟုတ် သူကိုယ်တိုင်က အထူးခြားဆုံးလူဟု ယုံကြည်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ယခုတော့ သူက ထိုမျှလောက် အထူးခြားဆုံး မဟုတ်ကြောင်းနှင့် ဤထူးခြားမှုကပင် သူ့ကို အဆင့်မြှင့်တင်ခြင်းမှ တားဆီးနေကြောင်း သိရှိလိုက်ရသောအခါ သူ၏နှလုံးသားမှာ အတော်လေး ကွဲအက်သွားမည် ဖြစ်ပေသည်။

"ပျင်းစရာကောင်းလိုက်တာ၊ သွားကြစို့"

"ကျွန်မကို စောင့်ပါဦး အစ်ကိုချီယန်၊ ကျွန်မတို့ ဘယ်သွားကြမလို့လဲ"

"ဒီမြို့ကိုရောက်တုန်းက ငါပြောခဲ့တာကို မင်းမေ့သွားပြီလား"

"ဘာကိုလဲ"

"ပျော်ပျော်ပါးပါး နေဖို့လေ"

ရဲချီယန်က သူ၏လက်ချောင်းကို ခေါက်လိုက်ရာ ကြယ်တစ်ထောင် ဒင်္ဂါး အထပ်လိုက်ကြီးတစ်ခုက သူ၏လက်ထဲတွင် သပ်ရပ်စွာ ထွက်ပေါ်လာလေ၏။

"ဒီကိုလည်း ရောက်နေပြီဆိုတော့ တခြားလုပ်စရာလည်း မရှိဘူးလေ၊ မင်းရဲ့ အရင်တုန်းက ခေတ်မီတဲ့ဘဝကို ပြန်ပြီး အမှတ်ရချင်စိတ် မရှိဘူးလား"

ကျောက်လင်က မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေ၏။

"ဒါဆို ကျွန်မတို့ ကာရာအိုကေ သွားဆိုလို့ရမလား"

တစ်နေ့တာလုံးတွင် ဤမြို့ကြီးက ဖျော်ဖြေရေးများကို မည်မျှလောက်အထိ လက်ခံထားကြောင်း ရဲချီယန် အမှန်တကယ် ခံစားသိရှိခဲ့ရလေ၏။

စားသောက်ခြင်း၊ သောက်စားခြင်းနှင့် ကစားခြင်း၊ ဆိုင်ခန်းများက နေရာအနှံ့အပြားတွင် ရှိနေပြီး ဒေသခံများက ရထားမောင်းနှင်သူများ၏ တည်ရှိမှုအပေါ် အလွန်တရာ ရိုသေလေးစားကာ စိတ်အားထက်သန်စွာ ကြိုဆိုကြပေသည်။

ယခင်ကမ္ဘာတွင်ပင် ဖျော်ဖြေရေး အဆောက်အအုံ အမျိုးမျိုးကို နေရာတစ်ခုတည်း၌ အားလုံးရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။

ညအချိန်တွင်ပင် ရထားမောင်းနှင်သူများ၏ ဘဝများက ရပ်တန့်မသွားရုံသာမက ပိုမို၍ပင် ပြင်းထန်လာကြလေ၏။

ပျော်ရွှင်မှုအတွက် အချို့လူများက သူတို့၏ကိုယ်ပိုင်အသက်ကိုပင် ဂရုမစိုက်ကြတော့ချေ။

ရေပူစမ်း တည်းခိုခန်းတစ်ခု၏ ရေပူစမ်းတစ်ခုထဲတွင်။

ရဲချီယန်၏ ခန္ဓာကိုယ်တစ်ခုလုံးက ၎င်းထဲတွင် နစ်မြုပ်နေလေ၏။ ရေပူစမ်းထဲမှ နို့နှစ်ရောင် အလင်းဖျော့ဖျော့လေးက လွင့်မျောနေပြီး ၎င်းထဲတွင် စိမ်နေရသည်မှာ မိခင်၏သားအိမ်ထဲတွင် ရှိနေရသကဲ့သို့ သက်သောင့်သက်သာ ရှိလှပေသည်။

သူ၏စိတ်က လွတ်လပ်နေကာ မည်သည့်အရာကိုမျှ တွေးတောနေရန် မလိုအပ်ပေ။

ကံမကောင်းစွာဖြင့်ပင် ဤရေပူစမ်းက သူတစ်ယောက်တည်း ခံစားရန်အတွက် မဟုတ်ချေ။

ချပ်

ရာသီဥတုဒဏ်ကို ခံထားရသော ရုပ်သွင်ရှိပြီး ခန္ဓာကိုယ်အနှံ့ အမာရွတ်များရှိသော အနက်ရောင်ဆံပင်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဝင်ထိုင်လိုက်လေ၏။

ရဲချီယန်က အစပိုင်းတွင် ဂရုမစိုက်ခဲ့သော်လည်း သက်လတ်ပိုင်းအရွယ် ဦးလေးကြီးက ရုတ်တရက် စကားပြောလာလေသည်။

"လူငယ်လေး၊ မင်းငါတို့ရဲ့ အဖွဲ့အစည်းထဲ ဝင်ချင်လား"

"ဟင်"

မဟာမိတ်အဖွဲ့ မဟုတ်ဘဲ အဖွဲ့အစည်းတဲ့လား။

အကြောင်းပြချက်မရှိသော ဖိတ်ကြားချက်က သူ့ကို လွတ်လပ်နေသော အခြေအနေမှ ချက်ချင်း နိုးထလာစေခဲ့သည်။ အလိုအလျောက်ပင် အီဘိုနီ သေနတ်က သူ၏လက်ထဲတွင် ထွက်ပေါ်လာကာ မှောင်မိုက်သော သေနတ်ပြောင်းဝက အမာရွတ်များနှင့် ဦးလေးကြီးထံသို့ ချိန်ရွယ်သွားလေတော့သည်။

"ကျွန်တော်တို့က ရင်းနှီးတဲ့သူတွေ မဟုတ်ဘူးထင်တယ် ဦးလေး၊ ဦးလေးလူမှားပြီး ဖိတ်လိုက်တာ နေမှာပါ"

သက်လတ်ပိုင်းအရွယ် ဦးလေးကြီးက လက်ထဲရှိ ဆေးပြင်းလိပ်ကို အားပါးတရ ဖွာလိုက်လေ၏။

"ဖိတ်ကြားချက်က မမှားပါဘူး၊ ဘုရားကျောင်းက ဘုန်းကြီးဝတ်စုံဝတ်ထားတဲ့ မင်းတွေ့ခဲ့တဲ့လူ သူ့နာမည်ကအပြုံးနဲ့ကျား၊ သူက ငါ့ကိုလွှတ်လိုက်တာလေ၊ အိုး ဟုတ်တယ်၊ ရှာယာလေ၊ ငါတို့နဲ့ ရှာယာက အဖွဲ့အစည်းတစ်ခုတည်းကပဲလို့ မင်းကို ပြောခိုင်းလိုက်တယ်"

All Chapters