အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း။ ၁၆၁
ကွမ်းဟဲခန်းမဆောင်အပြင်ဘက်တွင် လူအုပ်ကြီးမှာ တိုးမပေါက်အောင် စည်ကားနေတော့သည်။
မိုးသောက်အရုဏ်ဦး စတင်ပျိုးစမှာပင် မြောက်ဘက်နှင့် တောင်ဘက်တောင်ထိပ်မှ တပည့်
ပေါင်း တစ်ထောင်ကျော်တို့သည် ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်ထက်သို့ စုရုံးကာ ရောက်ရှိနေကြသည်။ တောင်ထိပ်နှစ်ခုမှ တပည့်များမှာ ကွင်းပြင်၏ တစ်ဖက်တစ်ချက်စီတွင် အုပ်စုလိုက် သိသိသာသာ ကွဲပြားစွာ နေရာယူထားကြ၏။
ကွင်းပြင်၏ လက်ရန်းအနားသတ်များတစ်လျှောက်တွင် တိုက်ပွဲအလံများကို စိုက်ထူထားပြီး လေထဲတွင် တဖတ်ဖတ်နှင့် အားမာန်ပါပါ လွင့်ပျံနေကြသည်။ စစ်ဗုံသံများကလည်း တဒုန်းဒုန်းနှင့် နက်ရှိုင်းစွာ မြည်ဟည်းနေတော့သည်။ တောင်ထိပ်နှစ်ခုမှ တပည့်များကြားတွင်လည်း တိုးတိုးတိတ်တိတ် ဆွေးနွေးငြင်းခုံသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။
ထိုစဉ် လူအုပ်ကြားမှ အံ့ဩတုန်လှုပ်ဖွယ် အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာသည်။
“ဂိုဏ်းချုပ်ကြီး ကြွလာပြီ ငါတို့နယ်မြေရဲ့ အဆင့်မြင့်အကြီးအကဲတွေလည်း ပါလာကြတယ်ဟေ့”
ချက်ချင်းပင် တပည့်အားလုံးမှာ ကွမ်းဟဲခန်းမဆောင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ပုံရိပ်အချို့မှာ ခန်းမဆောင်အတွင်းမှ တစ်လှမ်းချင်း လျှောက်လှမ်းလာကာ အဝင်ဝတွင် ရပ်တန့်လိုက်ကြ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ကောင်းကင်လှိုင်းသန့်စင်ရာ ဂိုဏ်းချုပ်ကြီးပင်။ ယနေ့တွင် သူသည် ဖြူစင်သော ဝတ်ရုံကို ဆင်ယင်ထားပြီး သူ၏ ဆံပင်ဖြူများကိုလည်း သေသေသပ်သပ် စည်းနှောင်ထားသည်။ သူသည် လက်နှစ်ဖက်ကို အနောက်တွင် ပစ်ထားကာ သူ၏ ဇရာထောင်နေသော မျက်ဝန်းအစုံမှာ အတိုင်းအဆမရှိ နက်ရှိုင်းလှသဖြင့် မည်သည့်ခံစားချက်ကိုမျှ ခန့်မှန်း၍ မရနိုင်ပေ။
သူ၏နောက်ကွယ်တွင်မူ ကြယ်တာရာတိုက်ပွဲ တာအိုဝတ်စုံများကို ဆင်ယင်ထားသည့် အကြီးအကဲအချို့ ပါဝင်လာကြသည်။ သူတို့တစ်ဦးချင်းစီ၏ စွမ်းအားမှာ မြောက်ဘက်နှင့် တောင်ဘက်တောင်ထိပ်မှ ဖူလုံတို့ကဲ့သို့သော အကြီးအကဲများထက် များစွာ သာလွန်သည်။
သူတို့မှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အဆင့်မြင့်အကြီးအကဲများပင်။
အဆင့်မြင့်အကြီးအကဲများ ဆိုသည်မှာ တောင်ထိပ်နှစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အကြီးအကဲများ သို့မဟုတ် စစ်မှန်သောတပည့်ရာထူးမှ အနားယူခဲ့သူများဖြင့် ဖွဲ့စည်းထားခြင်းပင်။ သူတို့၏ စွမ်းအားမှာ တောင်ထိပ်သခင်များကို မမှီသော်လည်း သာမန်အကြီးအကဲများထက် များစွာ သာလွန်ကာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အစစ်အမှန် အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။
ဂိုဏ်းချုပ်ကြီးနှင့် အဆင့်မြင့်အကြီးအကဲများပင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုရသည့် ဤတိုက်ပွဲမှာ မည်မျှအထိ အရေးပါကြောင်း ထင်ရှားနေပါသည်။ ခန်ရုံနှင့် ချန်ကျီရှင်းတို့၏ အဆုံးအဖြတ် တိုက်ပွဲကြီးမှာ မကြာမီ စတင်တော့မည် ဖြစ်သည်။
“ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ တောင်ထိပ်နှစ်ခုပြိုင်ပွဲမှာ ဒီလောက်အထိ စိတ်လှုပ်ရှားဖို့ကောင်းတာမျိုး မကြုံရတာ တော်တော်ကြာပြီပဲ”
“အရင်တုန်းကဆိုရင်တော့ မြောက်ဘက်တောင်ထိပ်က တပည့်တွေကပဲ အမြဲတမ်း အပြတ်အသတ် အနိုင်ရလေ့ရှိတာဆိုတော့ ပြိုင်ပွဲက သိပ်ပြီး ရင်ခုန်စရာ မရှိလှဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ မတူဘူး။ တစ်ယောက်က ရှုံးနိမ့်ခြင်းမရှိတဲ့ သုံးထပ်ကွမ်းချန်ပီယံ၊ နောက်တစ်ယောက်ကတော့ ရှေးဟောင်းသမိုင်းမှာပဲ ရှိတယ်လို့ ယုံကြည်ရတဲ့ နှစ်ထပ်ကွမ်း အကန့်အသတ်ကျော်သူ။ ဒီတိုက်ပွဲကတော့... ဘယ်သူနိုင်မလဲဆိုတာ တကယ်ကို ပြောရခက်တယ်”
အဆင့်မြင့်အကြီးအကဲ အချို့သည် ကွမ်းဟဲခန်းမဆောင် ပြင်ပသို့ ငေးကြည့်ရင်း ပြုံးရွှင်စွာ ဆွေးနွေးနေကြသည်။
“ငါ့အမြင်ပြောရရင်တော့... ရှောင်ပင်းက ရှေးဟောင်းဒဏ္ဍာရီထဲက နှစ်ထပ်ကွမ်း အကန့်အသတ်ကျော်သူဆိုပေမဲ့ သူက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်တာ သိပ်မကြာသေးဘူး။ အဲဒါကလည်း မုယွဲ့မေက ကောင်းကင်တန်ခိုးကို ဆန့်ကျင်ပြီး ကံကြမ္မာပြောင်းလဲစေတဲ့ နည်းလမ်းကို သုံးပြီး သူ့ကို အတင်းအကျပ် အဆင့်တက်ခိုင်းခဲ့လို့လေ။ သူ့မှာ အခြေခံနဲ့ နားလည်သဘောပေါက်မှု အားနည်းနေသေးတယ်။
ခန်ရုံကတော့ မတူဘူး။ သူက ဒီနယ်ပယ်ထဲမှာ ဆယ်နှစ်နီးပါး ရှိနေပြီဖြစ်သလို တိုက်ပွဲပေါင်း ရာနဲ့ချီပြီး ဆင်နွှဲခဲ့ပြီးသား။ ရှောင်ပင်းအနေနဲ့ သူ့ကို ယှဉ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ”
အဆင့်မြင့်အကြီးအကဲ တစ်ဦးက ခေါင်းခါယမ်းလျက် ပြောလိုက်သည်။ ဤစကားကို ကြားသောအခါ အခြားအကြီးအကဲများကလည်း သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။
သူတို့အနက် အများစုမှာ ထိုသို့ပင် တွေးတောနေကြခြင်းပင်။
သူတို့ အခိုင်အမာ ယုံကြည်ထားသည်မှာ အကယ်၍ ဤတိုက်ပွဲသည် နောက်ထပ် ဆယ်နှစ်အကြာမှ ဖြစ်ပွားမည်ဆိုပါက ပါရမီထူးချွန်လှသော ရှောင်ပင်းက ဧကန်မုချ အနိုင်ရပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ အနိုင်ရသူမှာ ခန်ရုံသာ ဖြစ်ရပေမည်။
“လျိုထင်... မင်းက ဟောကိန်းထုတ်တဲ့နေရာမှာ ထူးချွန်တာပဲ။ မင်းရော ဘယ်လိုထင်လဲ ခန်ရုံနဲ့ ရှောင်ပင်းတို့ တိုက်ပွဲမှာ ဘယ်သူနိုင်မလဲ”
အဆင့်မြင့်အကြီးအကဲ အချို့က ဆံပင်ဖြူအမည်း ရောနှောနေသည့် ပိန်လှီလှီ အဖိုးအိုတစ်ဦးကို ကြည့်ကာ ပြုံးလျက် မေးလိုက်ကြသည်။
ထိုအဖိုးအိုက ခေါင်းခါယမ်းကာ “ကျွန်တော်လည်း မသိဘူး။ သူတို့နှစ်ယောက်လုံးရဲ့ အနာဂတ်ကို ကျွန်တော် မြင်ကြည့်ခဲ့ပေမဲ့ နှစ်ယောက်လုံးက ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားကြသလိုပဲ။ သူတို့ရဲ့ အနာဂတ်တွေက ဖရိုဖရဲ ဖြစ်နေတယ်”
“တကယ်ကြီးလား”
အဆင့်မြင့်အကြီးအကဲများမှာ အံ့အားသင့်သွားကြသည်။
“ဂိုဏ်းချုပ်ကြီး... ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မယ်လို့ ထင်ပါသလဲ”
ချင်းထျန်းကျန့်၏ အနောက်တွင် ရပ်နေသော ဝတ်ရုံနက်ဝတ် အဖိုးအိုတစ်ဦးက အက်ရှရှအသံဖြင့် မေးမြန်းလိုက်သည်။
“နိုင်တာ ရှုံးတာက အရေးမကြီးပါဘူး။ အရေးကြီးတာက ဘယ်သူက ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအတွက် အသုံးဝင်မလဲဆိုတာပါပဲ”
အကြီးအကဲများ၏ အမြင်တွင် ခန်ရုံက အသာစီးရနေသော်လည်း ချန်ကျီရှင်းမှာ မည်သူမျှ ခန့်မှန်း၍မရသော ဝှက်ဖဲများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
"ဒီတိုက်ပွဲကြီးက နောက်ထပ် ဘယ်လိုမျိုး အလှည့်အပြောင်းတွေကို ယူဆောင်လာမလဲဆိုတာ ငါသိချင်နေပြီ"
ချင်းထျန်းကျန့်က တည်ငြိမ်စွာပင် ပြောကြားလိုက်သည်။
သူသည် တောင်ဘက်တောင်ထိပ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာ၏။
“ချန်တောက်ယန်ဆိုတဲ့ အဘိုးကြီးက တော်တော်လေးကို ရက်ရောတာပဲ။ သူရဲ့ နှစ်ထပ်ကွမ်း အကန့်အသတ်ကျော်သူမြေးကို ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဆီ လွှတ်လိုက်
တယ်ပေါ့။ ငါက သူ့မြေးကို ခိုးယူထားလိုက်မှာ မကြောက်ဘူးလားမသိဘူး”
သူ၏စကားအဆုံးတွင် အနောက်၌ရပ်နေသော ဝတ်ရုံနက်ဝတ်အဖိုးအို၏ မျက်ဝန်းများမှာ ရုတ်ချည်း ကျုံ့ဝင်သွားတော့သည်။
“ဂိုဏ်းချုပ်ကြီး... ဆိုလိုတာက ရှောင်ပင်းက ချန်တောက်ယန်ရဲ့ မြေးလို့ ပြောတာလား”
ချင်းထျန်းကျန့်က ပြန်မဖြေဘဲ စိတ်ဝင်တစားဖြင့်သာ ဆက်လက်ရေရွတ်နေ၏။
“ဒါကြောင့်လည်း အရင်တုန်းက ဇီဝေချန်မျိုးနွယ်စုရဲ့ နိုင်းရှေးဟောင်းပုံစံပိုင်ရှင် ချန်ကျောက်ရှန်း ဘေးဒုက္ခနဲ့ ကြုံခဲ့တုန်းက အဲဒီအဘိုးကြီးက မြေးဖြစ်သူကို အကာအကွယ်ပေးလွန်းတဲ့နေရာမှာ နာမည်ကြီးပေမဲ့ ရူးမသွားခဲ့တာကိုး။ ကြည့်ရတာ သူက ရတနာမြေးတစ်ယောက်ကို ဖုံးကွယ်ထားခဲ့တာပဲ”
ချင်းထျန်းကျန့်က ခေါင်းခါယမ်းလျက် သမ်းဝေလိုက်ပြီး ပြုံးလိုက်သည်။
“အဘိုးကြီးချူး... ပြောရရင် ငါ ချန်အကြီးအကဲနဲ့ မတွေ့ဖြစ်တာ တော်တော်ကြာပြီ မဟုတ်လား ဒီပြိုင်ပွဲပြီးရင်တော့ ဇီဝေချန်မျိုးနွယ်စုဆီ သွားလည်ပြီး အဲဒီအဘိုးကြီးနဲ့ စကားစမြည်ပြောရင်း အတိတ်တွေကို ပြန်ပြောင်းသတိရကြရင် မကောင်းဘူးလား”
ဝတ်ရုံနက်ဝတ်အဖိုးအိုက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး
“ဂိုဏ်းချုပ်ကြီး... ကျွန်တော်ကတော့ ချန်တောက်ယန်နဲ့ တွေ့လိုက်ရင် စကားတစ်ခွန်းနှစ်ခွန်းလောက် ပြောပြီးတာနဲ့ ခင်ဗျားတို့နှစ်ယောက် တိုက်ကြမှာကိုပဲ ကြောက်နေတာပါ”
ချင်းထျန်းကျန့်က ခေတ္တမျှ ငြိမ်ကျသွားပြီးနောက် ခေါင်းခါလျက် ရယ်မောလိုက်ပြန်သည်။
“ဘာအတွက်ကြောင့် တိုက်ရမှာလဲ ငါတို့အားလုံးက အသက်ကြီးကုန်ကြပါပြီ။ တိုက်ခိုက်နေရလောက်အောင် တန်ဖိုးရှိတာ ဘာမှမကျန်တော့ပါဘူး”
ခဏအကြာတွင် ချင်းထျန်းကျန့်သည် ရုတ်တရက် တိတ်ဆိတ်သွားပြီး တစ်စုံတစ်ခုကို ဝမ်းနည်းနေသည့်အလား သူ၏ပုံစံမှာ ပြောင်းလဲသွား၏။
“ငါပဲဖြစ်ဖြစ် အဲဒီအဘိုးကြီးပဲဖြစ်ဖြစ်... ငါတို့ရဲ့ ခေတ်က ကုန်ဆုံးသွားခဲ့ပါပြီ။ အခုက ဒီလူငယ်လေးတွေရဲ့ ခေတ်ပဲလေ”
သူက ခေါင်းခါယမ်းရင်း လွမ်းဆွတ်တမ်းတနေမိသည်။
ဝတ်ရုံနက်ဝတ်အဖိုးအိုက ပြန်လည်ဖြေကြားရန် ပြင်လိုက်စဉ်မှာပင် ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်တစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
“စီနီယာ ရောက်လာပြီ”
အော်ဟစ်သံတစ်ခုနှင့်အတူ လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။
ဂိုဏ်းချုပ်ကြီး ကိုယ်တိုင်ကပင် ချန်ကျီရှင်း၏ အထောက်အထားကို သိရှိနေခဲ့ပြီ ဖြစ်သည်။ တစ်ဖက်တွင်လည်း စီနီယာဟု အော်ဟစ်လိုက်သောကြောင့် မည်သူရောက်ရှိလာသည်ကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
မြောက်ဘက်တောင်ထိပ်မှ တိုးဝှေ့နေသော တပည့်များမှာ လမ်းတစ်ခုကို ဖွင့်ပေးလိုက်ကြသည်။
လက်ပြတ်ဝတ်စုံနက်ကို ဆင်ယင်ထားသည့် ပုံရိပ်တစ်ခုသည် တောင်ပေါ်လမ်းအတိုင်း တစ်လှမ်းချင်း တည်ငြိမ်စွာ တက်လှမ်းလာခဲ့၏။ မြောက်ဘက်တောင်ထိပ်၏ ထွားကျိုင်းလှသော တပည့်များနှင့် နှိုင်းယှဉ်ပါက ခန်ရုံ၏ ခန္ဓာကိုယ်မှာ သွယ်လျသည်ဟုပင် ဆိုရပေမည်။
သူသည် လက်နှစ်ဖက်ကို ယှက်ထားလျက် တည်ကြည်လေးနက်သော မျက်နှာထားရှိပြီး ဖားလျားချထားသော ဆံပင်နက်များမှာ ဝဲဖြာနေသည်။ သူ၏ အရေပြားတစ်ခုလုံးတွင် အနက်ရောင် သက္ကတကျမ်းစာများဖြင့် ဖုံးလွှမ်းထားရာ သူ လမ်းလျှောက်လာသည့်ဟန်မှာ တောင်တန်းပေါင်း ထောင်ချီကို ဖြတ်သန်းလာခဲ့သည့် ရဟန်းတော်တစ်ပါးနှင့်ပင် ဆင်တူနေတော့သည်။
“ခန်ရုံ ရောက်လာပြီ”
အဆင့်မြင့်အကြီးအကဲများအားလုံး စိတ်လှုပ်ရှားသွားကြသည်။
“ဒီတိုက်ပွဲက ခန်ရုံအတွက် နောက်ဆုံးပိတ်ပွဲပဲ။ ဒီပွဲပြီးတာနဲ့ ခန်ရုံက ဘယ်တော့မှ မရှုံးနိမ့်ဖူးတဲ့ ပထမဆုံး စစ်မှန်သောတပည့်ဖြစ်လာတော့မှာ”
“ဟားဟား... ဒီနေ့ပြီးရင်တော့ ခန်ရုံက ငါတို့ အဆင့်မြင့်အကြီးအကဲ ခန်းမဆောင်မှာ ငါတို့နဲ့ တန်းတူ ဖြစ်လာတော့မှာပေါ့”
အဆင့်မြင့်အကြီးအကဲများက ပြုံးရွှင်စွာ ဆွေးနွေးနေကြသည်။
ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်ဆီသို့ ရောက်ရှိလာပြီးနောက် ခန်ရုံသည် မြောက်ဘက်တောင်ထိပ် တပည့်များကို အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ချန်ကျီရှင်း ရောက်မလာသေးသည့် တောင်ဘက်တောင်ထိပ်ဘက်သို့ တစ်ချက်လှမ်းကြည့်ကာ တင်ပျဉ်ခွေထိုင်လျက် မျက်လုံးကိုမှိတ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့သည်။
...
...
တစ်ဖက်တွင်မူ ကွမ်းဟဲခန်းမဆောင်သို့ ဦးတည်ထားသော တောင်ပတ်လမ်းတစ်ခုထက်တွင်
ချန်ကျီရှင်းသည် သူ၏ ဆံပင်နက်ရှည်များကို ကြိုးဖြင့် သေသပ်စွာ စည်းနှောင်ထားလျက် တောင်ပေါ်လမ်းအတိုင်း တည်ငြိမ်စွာ လျှောက်လှမ်းလာနေသည်။ သူ၏ ဘေးတွင်မူ လီရန်နှင့် ကွမ်းထျန်းယွီတို့က အဖော်အဖြစ် လိုက်ပါလာကြ၏။
“မောင်လေးရှောင်... ခန်ရုံဆိုတာက မွေးရာပါ နတ်ဘုရားခန္ဓာပိုင်ရှင်လည်း မဟုတ်သလို အကန့်အသတ်ကျော်သူလည်း မဟုတ်ဘူးဆိုတာ မင်း သိထားသင့်တယ်။ သူ့ရဲ့ ပါရမီကတောင် ရှေးဟောင်းပုံစံခုနှစ်အဆင့်ပဲ ရှိတာ။ ဒါပေမဲ့ သူက ဘာလို့ ပါရမီရှင် အမြောက်အမြားကို အမြဲတမ်း ဖိနှိပ်ထားနိုင်ရတာလဲ ဆယ်နှစ်လုံးလုံး ဘာလို့ တစ်ခါမှ မရှုံးဖူးဘဲ တောင်ထိပ်နှစ်ခုစလုံးကို စိုးမိုးထားနိုင်ရတာလဲ”
ကွမ်းထျန်းယွီက မေးလိုက်သည်။
“ဘာကြောင့်လဲဗျ”
ချန်ကျီရှင်းက မျက်ခုံးပင့်လိုက်မိပြီး သူကိုယ်တိုင်လည်း စိတ်ဝင်တစား ရှိနေသည်။
“အဲဒါတွေအားလုံးက ခန်ရုံ ကျင့်ကြံထားတဲ့ ကောင်းကင်တန်ခိုးကို ဆန့်ကျင်နိုင်တယ်လို့ ယူဆရတဲ့ ခန္ဓာကိုယ်ကျင့်စဉ်နဲ့ ဗုဒ္ဓဓာတ်တော်မြတ်တစ်ခုကြောင့်ပဲ”
ကွမ်းထျန်းယွီက အလေးအနက် ပြောလိုက်သည်။
“ကောင်းကင်တန်ခိုးကို ဆန့်ကျင်နိုင်တဲ့ ခန္ဓာကိုယ်ကျင့်စဉ် ဟုတ်လား”
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ရုတ်ချည်းပင် ဝင်းလက်သွားတော့သည်။
အခန်း။ ၁၆၂
“မှန်တာပေါ့”
ကွမ်းထျန်းယွီက ခေါင်းညိတ်လိုက်သည်။ သူ၏ ပေါ့ပျက်ပျက် အပြုံးများမှာ ပျောက်ကွယ်သွားပြီး အလွန်တရာ တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ခန်ရုံ ကျင့်ကြံတဲ့ ပညာရပ်က မလှုပ်မယှက် တောက်ပသော ဘုရင်ကျင့်စဉ်လို့ ခေါ်တယ်။ အဲဒီပညာရဲ့ အစအမြစ်ကိုတော့ ဘယ်သူမှ သေချာမသိကြတော့ဘူး။ တချို့ကလည်း ဒါက ဂမ္ဘီရဂိုဏ်းက တာအိုအသီးအပွင့်အဆင့်ကို ရရှိသွားတဲ့ ဗုဒ္ဓတစ်ပါး ဖန်တီးခဲ့တာလို့ ပြောကြတယ်”
“ဒါပေမဲ့ တချို့ကလည်း ဒီကျင့်စဉ်ဟာ လူသားတွေ ဖန်တီးတာမဟုတ်ဘဲ ကောင်းကင်နဲ့ မြေကြီးကနေ အလိုအလျောက် ပေါ်ပေါက်လာတာလို့ ပြောကြတယ်။ ဂမ္ဘီရဂိုဏ်းက ဗုဒ္ဓက ဒီကျင့်စဉ်ကို ရရှိပြီး အဲဒီကနေတစ်ဆင့် ဉာဏ်အလင်းပွင့်သွားတာလို့ပဲ ပြောကြတာ”
“ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး”
“အရေးကြီးတာက ဒီကျင့်စဉ်ဟာ လူသားမျိုးနွယ်စုရဲ့ ခန္ဓာကိုယ်ကျင့်စဉ်လမ်းစဉ်မှာ အမြင့်မြတ်ဆုံး ရတနာကျမ်းစာအဖြစ် ကျော်ကြားပြီး သာမန်အသိဉာဏ်တွေကို ကျော်လွန်နေတာပဲ။ ကျမ်းစာထဲက စာလုံးတိုင်းမှာ တာအိုတရားတွေ ကိန်းအောင်းနေပြီး အချိန်ကာလရဲ့ အကန့်အသတ်တွေကိုပါ ကျော်လွန်နေတယ်။ ဘယ်ခေတ်ကလူမဆို ဒီကျင့်စဉ်ကို နားလည်သဘောပေါက်နိုင်တာက တကယ့်ကို အံ့ဩစရာပဲ။ အဲဒီကျင့်စဉ်ကို ပိုင်နိုင်သွားပြီဆိုရင် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က မသေမျိုးဖြစ်သွားပြီး ခန္ဓာကိုယ်မပျက်စီးခြင်းလို့ လူသိများကြတယ်။ သေဆုံးသွားတဲ့သူတောင်မှ စိတ်ဝိညာဉ်အသိစိတ်ကို ပြန်လည်ဖြစ်ပေါ်စေနိုင်တဲ့အထိ စွမ်းတယ်လို့ ပြောကြတာ”
ထိုအရာကို ကြားလိုက်ရသည့်အခါ ချန်ကျီရှင်းက သူ၏မျက်လုံးများကို အသာအယာ မှေးလိုက်မိပြီး ရင်ထဲမှာတော့ ရုတ်ချည်းပင် လှုပ်ခတ်သွားရသည်။
ဤ မလှုပ်မယှက် တောက်ပသော ဘုရင်ကျင့်စဉ်ဆိုသည်မှာ သူ မနားတမ်း ရှာဖွေနေခဲ့သည့် သူ၏ ကျင့်ကြံမှုလမ်းစဉ်နှင့် ကိုက်ညီမည့် ခန္ဓာကိုယ်ကျင့်စဉ်အစစ်အမှန်ပင်။
“ဒါဆို... ဗုဒ္ဓဓာတ်တော်မြတ် ဆိုတာကရော”
ချန်ကျီရှင်းက မေးလိုက်သည်။
လီရန်က ကြားဖြတ်၍ ဝင်ပြောလိုက်သည်။
“အရင်တုန်းက ခန်ရုံဆိုတာ မြောက်ဘက်တောင်ထိပ်ရဲ့ သာမန်တပည့်လေးတစ်ယောက်ပဲ။ ဒါပေမဲ့ အပြင်တာဝန်တစ်ခု ထမ်းဆောင်ရင်း အသက်အန္တရာယ်နဲ့ ကြုံရချိန်မှာ ကမ္ဘာငယ်
လေးတစ်ခုထဲကို မတော်တဆ ပြုတ်ကျသွားခဲ့တယ်”
“အဲဒီကမ္ဘာငယ်လေးထဲမှာပဲ ခန်ရုံဟာ မလှုပ်မယှက် တောက်ပသော ဘုရင်ကျင့်စဉ်နဲ့အတူ ဘုရင်လုံရှုပျံလွန်တော်မူရာကနေ ဖြစ်ပေါ်လာတဲ့ ဓာတ်တော်တစ်ခုကို ရရှိခဲ့တာ”
“ဘုရင်လုံရှုဆိုတာ ဗုဒ္ဓဘာသာဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ တရားရုပ်ပွါးတော်ဂိုဏ်းက လာတာ။ သူဟာ ခန္ဓာကိုယ်ကျင့်စဉ်လမ်းစဉ်ကို အခြေခံပြီး နိဗ္ဗာနနယ်ပယ်ထဲကို ဝင်ရောက်နိုင်ခဲ့တဲ့ ဗုဒ္ဓဘာသာ ကျွမ်းကျင်သူတစ်ဦးပဲ”
“ဗုဒ္ဓဘာသာက အဆင့်မြင့်ရဟန်းတော်တွေ ပျံလွန်တော်မူတဲ့အခါ သူတို့ရဲ့ အစွမ်းတွေနဲ့ သိမြင်နားလည်မှုတွေအားလုံးဟာ ဗောဓိဓာတ်တော်အဖြစ် စုစည်းသွားတတ်ကြတယ်”
“ခန်ရုံဟာ ဘုရင်လုံရှုရဲ့ ဓာတ်တော်ကို မျိုချလိုက်ပြီးတဲ့နောက် လုံရှုရဲ့ အမွေအနှစ်တွေနဲ့ စွမ်းအားတွေကို ရရှိသွားခဲ့တာ”
“ဒါကြောင့်လည်း ဒီနှစ်တွေတစ်လျှောက်လုံး ခန်ရုံက ဒီဗုဒ္ဓဓာတ်တော်ရဲ့ စွမ်းအားတွေကို သန့်စင်အောင် လုပ်နေခဲ့တာပဲ”
“အဲဒီနောက်မှာတော့ ခန်ရုံဟာ ရုတ်ချည်းဆိုသလို ထူးချွန်လာပြီး ဘယ်သူမှ မယှဉ်နိုင်တဲ့သူအဖြစ် ရပ်တည်လာခဲ့တာပေါ့”
“အခုမှပဲ နားလည်တော့တယ်”
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်သော်လည်း သူ၏မျက်နှာထက်တွင် အံ့ဩသည့်ဟန် မတွေ့ရပေ။
ကျင့်ကြံမှုလောကဆိုသည်မှာ အလွန်တရာ ရက်စက်လှသည်။ သန်မာလာရန်အတွက် ထူးခြားသော ပါရမီ သို့မဟုတ် ဘဝကို ပြောင်းလဲစေနိုင်သည့် ကြီးမားသော ကံကြမ္မာအထောက်အပံ့လိုအပ်သည်။
"တကယ်လို့ အဲဒီနှစ်ခုစလုံးသာ မရှိဘူးဆိုရင်... ကြိုးစားအားထုတ်မှု သက်သက်နဲ့တင် တန်ခိုးအာဏာ အထွတ်အထိပ်ကို တက်လှမ်းသွားနိုင်ခဲ့တဲ့ သာမန်လူတွေရဲ့ ပုံပြင်တွေက ဘာလို့ ဒီလောက်တောင် များပြားနေရမှာလဲ"
သူတို့ သုံးဦး စကားစမြည် ပြောဆိုရင်း ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်ပေါ်သို့ လှမ်းတက်လာခဲ့ကြသည်။
ဝုန်း….
ရုတ်ချည်းပင် မြောက်မြားစွာသော တောင်ဘက်တောင်ထိပ် တပည့်များမှာ ခေါင်းလှည့်ကြည့်လိုက်ကြသည်။
“စီနီယာရှောင်”
အကြိမ်ကြိမ် ဇာတ်တိုက်ထားသည့်အလား တောင်ဘက်တောင်ထိပ် တပည့်တစ်သိုက်မှာ တညီတညွတ်တည်း အော်ဟစ်နှုတ်ဆက်လိုက်ရာ သူတို့၏ အသံများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားတော့သည်။
နောက်တစ်ခဏ၌တိုးဝှေ့နေသော လူအုပ်ကြီးမှာ အလိုအလျောက်ပင် လမ်းဖယ်ပေးလိုက်ကြသည်။ ချန်ကျီရှင်းမှာမူ တစ်လှမ်းချင်း ရှေ့သို့ တည်ငြိမ်စွာ လျှောက်လှမ်းလာခဲ့၏။
မြောက်ဘက်တောင်ထိပ် တပည့်အများအပြား၏ အကြည့်များမှာလည်း သူ့ထံသို့ ကျရောက်လာကြသည်။ ထိုအကြည့်များထဲတွင် အားကောင်းသော အကြည့်၊ အားနည်းသော အကြည့်၊ ဓားကဲ့သို့ စူးရှသော အကြည့်နှင့် ချည်မျှင်အလား နူးညံ့သော အကြည့်များ စုံလင်စွာ ပါဝင်နေသည်။
ချန်ကျီရှင်းမှာမူ မည်သို့မျှ တုန်လှုပ်ခြင်းမရှိဘဲ ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်၏ အလယ်ဗဟိုတွင် ရပ်တန့်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
“စစ်မှန်သောတပည့်ရှောင်... နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ”
ခန်ရုံမှာ အသာအယာ ပြုံးလျက် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။
“စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်ဗျ”
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်၏။
ကွမ်းဟဲခန်းမဆောင်၏ အဝင်ဝတွင်မူ
“စပြီဟေ့”
အဆင့်မြင့်အကြီးအကဲများမှာ စိတ်ဝင်တစားဖြင့် နိုးကြားသွားကြသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးမှာ အမှန်တကယ်ပင် အလွန်တရာ တွေ့ရခဲလှသည်။
ချင်းထျန်းကျန့်၏ နောက်ကွယ်တွင် ရပ်နေသော ဝတ်ရုံနက်ဝတ်အဖိုးအိုမှာလည်း ချန်ကျီရှင်းကို စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေမိသည်။
“မတူဘူး... လုံးဝကို မတူတာ။ ချန်တောက်ယန် ငယ်ငယ်တုန်းက ဒီထက်အများကြီး ပိုချောတာဗျ”
ဝတ်ရုံနက်ဝတ်အဖိုးအိုက နှိုင်းယှဉ်ကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။
“ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို ဝင်လာတဲ့အခါမှာ ဘယ်သူကများ သူတို့ရဲ့ အစစ်အမှန် ရုပ်သွင်ကို ပြမှာမို့လို့လဲ”
ချင်းထျန်းကျန့်က ခေါင်းခါယမ်းကာ ပြောလိုက်ပြီးနောက် ရှေ့သို့ တစ်လှမ်း တိုးထွက်
လိုက်တော့သည်။
“လူစုံပြီဆိုတော့လည်း... ငါတို့ဂိုဏ်းက အပိုစကားတွေ ပြောနေရတာကို မကြိုက်ဘူး။ ဒါကြောင့် အခုပဲ စလိုက်ကြရအောင်”
ဂိုဏ်းချုပ်ကြီး ချင်းထျန်းကျန့်၏ စကားအဆုံးတွင် သူ၏ ညာဘက်လက်ဝါးကို တစ်ချက်လှန်လိုက်ရာ လွန်ခဲ့သော သုံးရက်က မြင်တွေ့ခဲ့ရသည့် စင်မြင့်သုံးခုမှာ လက်ထဲတွင် ပေါ်လာခဲ့သည်။ ထိုစင်မြင့်သုံးခုမှာ လေထဲသို့ ပျံတက်သွားပြီး လေနှင့်အတူ အရွယ်အစားမှာ အဆမတန် ကြီးမားလာကာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်လောက်သည့် တိုက်ကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားတော့သည်။
ထိုသို့ ပြင်ဆင်ပြီးနောက် ချင်းထျန်းကျန့်က လေးနက်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။
“စတင်စေ”
ဂိုဏ်းချုပ်ကြီး၏ အမိန့်သံအဆုံးတွင် ခန်ရုံက သူ၏ လက်အစုံကို ဖြည်းညှင်းစွာ ချလိုက်ရင်း ပြုံးလျက် ပြောလိုက်သည်။
“ရှောင်ပင်း... မင်းရဲ့ ပါရမီနဲ့ ခွန်အားအရဆိုရင် မင်းက မွန်းတည့်နေတဲ့နေမင်းလို တောက်ပနေသင့်တာပါ။ ဒါပေမဲ့ ကံမကောင်းတာက ဒီအချိန်မှာ မင်းက ငါနဲ့ လာတိုးနေတာပဲ။ ဒီနေ့ဟာ ငါ့ရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်သလို ငါကလည်း မရှုံးချင်ဘူး... ရှုံးမှာလည်း မဟုတ်ဘူး”
“...”
ချန်ကျီရှင်းမှာမူ တိတ်ဆိတ်နေဆဲပင်။ သူသည် သူ၏ အပေါ်ဝတ် အနီရောင်ရှပ်အင်္ကျီကို ဖြည်းညှင်းစွာ ချွတ်လိုက်ပြီးနောက် အတွင်းမှ ကိုယ်ကြပ်ဝတ်စုံကို ထုတ်ဖော်ပြလိုက်သည်။
“ခန်ရုံ... မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်းယုံကြည်နေတာဆိုတော့ ငါတို့ တစ်ခုခုလောင်းကြမလား”
ချန်ကျီရှင်းက ရုတ်တရက် စကားပြောလိုက်၏။
ခန်ရုံမှာ ခေတ္တမျှ ကြောင်သွားပြီးနောက် ပြုံးလျက် ပြန်မေးသည်။
“မင်း ဘာကို လောင်းချင်လို့လဲ”
ချန်ကျီရှင်းက လက်ကို ဆန့်ထုတ်လိုက်ပြီး ခန်ရုံ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင် ကျမ်းစာလုံးများကို ညွှန်ပြကာ
“ငါ အဲဒီ မလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာကို လိုချင်တယ်”
“မလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာ ဟုတ်လား”
ခန်ရုံမှာ နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။ ထို့နောက် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း မှေးလိုက်ပြီး သူ၏မျက်နှာထက်မှ အပြုံးများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခန်ရုံက ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ... ဒါပေမဲ့ ငါ့ဆီမှာ ဒီကျမ်းစာရဲ့ တစ်ဝက်ပဲ ရှိတယ်ဆိုတာတော့ မင်းသိထားဖို့ လိုမယ်”
“အလားတူပဲ... ငါနိုင်ရင်လည်း မင်းဆီက တစ်ခုခု ပြန်လိုချင်တယ်...”
“မင်း နိုင်မှာ မဟုတ်ဘူး”
ချန်ကျီရှင်းက ခေါင်းခါယမ်းကာ ခန်ရုံ၏ စကားကို တိုက်ရိုက်ပင် ဖြတ်ပြောလိုက်သည်။
နောက်တစ်ခဏ၌
ဝုန်း
ချန်ကျီရှင်းက အရှိန်ယူ လှမ်းတက်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင် နတ်ဘုရားမိုးကြိုးအလား ရှေ့သို့ ဝဲပျံတက်သွားပြီး ကောင်းကင်ယံကို ခွဲခြမ်းကာ အထက်ရှိ တိုက်ကြီးပေါ်သို့ ဆင်းသက်လိုက်သည်။
“ဒီလို ယုံကြည်ချက်လွန်ကဲနေတာမျိုးကို... ငါ တကယ် မကြိုက်ဘူး”
ခန်ရုံ၏ မျက်ဝန်းများ ဝင်းလက်သွားပြီး သူသည်လည်း လွှင့်ထူထားသော အလံနက်တစ်ခုအလား အနက်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ နဝမမြောက်ကောင်းကင်ယံရှိ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်တော့သည်။
ရှူး... ရှူး... ရှူး...
ပြင်းထန်သော လေပြင်းများက တိုးဝှေ့တိုက်ခတ်နေပြီး အောက်ခြေမှ အသံဗလံများအားလုံးမှာ တဖြည်းဖြည်းနှင့် ဝေးကွာကာ ပျောက်ကွယ်သွားခဲ့သည်။ ယခုအချိန်တွင်မူ ချန်ကျီရှင်းနှင့် ခန်ရုံတို့၏ မျက်ဝန်းထဲ၌ တစ်ဦးနှင့်တစ်ဦးသာ ရှိတော့သည်။
“စရအောင်”
ချန်ကျီရှင်းက အသက်ကို ခပ်ဖွဖွရှူလိုက်ပြီး ခန်ရုံရှိရာသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။
“လာခဲ့လေ”
တစ်ဖက်တွင်လည်း ခန်ရုံက ချန်ကျီရှင်းရှိရာသို့ ဆန့်ကျင်ဘက်မှ လျှောက်လာခဲ့၏။
သူတို့နှစ်ဦးမှာ အချင်းချင်း နီးကပ်လာကြသည်။ အစပိုင်းတွင် ပုံမှန်ခြေလှမ်းများဖြင့် စတင်ခဲ့သော်လည်း ခြေလှမ်းတိုင်းမှာ တဖြည်းဖြည်း မြန်ဆန်လာသည်။ သူတို့နှစ်ဦးကြား အကွာအဝေး ပေတစ်ရာခန့်သာ ကျန်တော့သည့်အချိန်တွင်မူ ကောင်းကင်ယံ၌ တစ်ခုနှင့်တစ်ခု တိုက်မိတော့မည့် အလျားလိုက် လျှပ်စီးတန်းနှစ်ခုအလား အရှိန်ပြင်းစွာ ပြေးဝင်သွားကြတော့သည်။
ဒုန်း ဒုန်း ဒုန်း
သူတို့နှစ်ဦးမှာ အသံထက်မြန်သော အရှိန်နှုန်းကို ချက်ချင်းချိုးဖျက်ကာ ကောင်းကင်ယံသို့ တပြိုင်နက်တည်း ထိုးတက်သွားကြ၏။
“လာစမ်း အကန့်အသတ်ကျော်သူလို့ခေါ်တဲ့ ပါရမီရှင်တစ်ယောက်က ဘယ်လောက်အထိ သန်မာမလဲဆိုတာ ငါ့ကို ပြစမ်း”
ခန်ရုံက ရှေ့သို့ ကိုင်းညွတ်ကာ ဒူးကို ကွေးလျက်၊ ကျောကို ကော့ပြီး အရှိန်ဖြင့် ထိုးထွက်လာသည်။ သူသည် ချန်ကျီရှင်း၏ အနားသို့ အရင်ဆုံး ရောက်ရှိသွားပြီး ဧရာမ ပုဆိန်ကြီးတစ်စင်းနှင့် ပေါက်ချလိုက်သကဲ့သို့ သူ၏ ခြေတစ်ဖက်ကို မြှောက်၍ လွှဲချလိုက်၏။
သူ၏ ခြေထောက်ပေါ်တွင်မူ စိပ်စိပ်တောက်နေသော အနက်ရောင် ကျမ်းစာလုံးများမှာ ရေစီးကြောင်းလေးတစ်ခုအလား လိမ်ယှက်လှုပ်ရှားနေပြီး ခြေထောက်တစ်ခုလုံးကို ဝန်းရံထားသည်။
“ငါကလည်း လူသားမျိုးနွယ်စုရဲ့ အစွမ်းထက်ဆုံး ကျင့်စဉ်ဆိုတာ ဘယ်လောက် တန်ဖိုးရှိမလဲဆိုတာ သိချင်နေတာ”
ချန်ကျီရှင်း၏ မျက်ဝန်းများ ဝင်းလက်သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ်အပေါက် ပေါင်း ၅၁၃ ခုစလုံးမှာ တစ်ပြိုင်နက် ပွင့်ထွက်သွားတော့သည်။
သူ၏ အတွင်း၌ ကြယ်စင်အလင်းတန်းများမှာ ကြယ်ပေါင်းသန်းချီကို ရင်ဝယ်ပိုက်ထားသည့အလား တောက်ပလာကာ သူ၏ ညာလက်သီးကို လေးကြိုးတစ်ချောင်းအလား အနောက်သို့ ဆွဲဆန့်လိုက်ပြီး ပြင်းထန်သော လက်သီးချက်တစ်ချက်ကို ထိုးနှက်လိုက်တော့သည်။