← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း။ ၁၆၃

ထိုအခိုက်အတန့်၌ ချန်ကျီရှင်း၏ လက်သီးချက်မှာ လပြည့်ဝန်းတစ်ခုအလား ဝန်းဝိုင်းလျက်ရှိပြီး မိုးကြိုးအလား ပြင်းထန်သော ကြယ်စင်အလင်းတန်းများမှာ သူ၏ ညာလက်မောင်းတွင် စုစည်းသွားကာ ရှေ့သို့ အားမာန်ပါပါ ထိုးနှက်လိုက်တော့သည်။

တစ်ဖက်တွင်လည်း ခန်ရုံက သူ၏ခြေထောက်ကို မြှောက်ကာ ကောင်းကင်ယံကို ခွဲခြမ်းပစ်မည့် ဧရာမ ပုဆိန်ကြီးတစ်စင်းအလား ပြင်းထန်စွာ ကန်ချလိုက်၏။

သူတို့နှစ်ဦး ထိပ်တိုက်မတွေ့မီမှာပင် ဟင်းလင်းပြင်တစ်ခုလုံးမှာ အပိုင်းပိုင်းအစစ ပြိုကွဲသွားပြီး လေထုမှာ ဖိသိပ်ခံရကာ နားစည်ကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ပေါက်ကွဲထွက်သွားတော့သည်။

ဝုန်း

လက်သီးနှင့် ခြေထောက် ထိပ်တိုက်တွေ့ဆုံမှုမှာ ပုကျိုးတောင်နှစ်လုံး ပြိုကျပြီး အချင်းချင်း တိုက်မိသွားသကဲ့သို့ပင်။ တစ်ကမ္ဘာလုံးကို တုန်ခဲသွားစေမည့် မြည်ဟည်းသံကြီးမှာ ဟိန်းထွက်လာခဲ့သည်။

ကြီးမားလှသော တုန်ခါမှုလှိုင်းများမှာ ဒြပ်သားတစ်ခုအဖြစ် စုစည်းသွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် စက်ဝိုင်းပုံစံ အပြင်သို့ ကျယ်ပြန့်သွားကာ မိုင်ပေါင်းများစွာအထိ ရှိသမျှ တိမ်တိုက်အားလုံးကို အမှုန့်ခြေပစ်လိုက်တော့သည်။

ချန်ကျီရှင်း၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ အက်ကွဲသွားပြီး သူသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ၏ လက်သီးကို ငုံ့ကြည့်လိုက်သည့်အခါ လက်ဖမိုးပေါ်တွင် သွေးစလေးများ စွန်းထင်နေသည်ကို တွေ့လိုက်ရ၏။

သူသည် ခန်ရုံကို မော့ကြည့်လိုက်ပြီး အသက်ကို ခပ်ဖွဖွ ရှူထုတ်လိုက်သည်။

သူ၏ အပ်စိုက်မှတ်အပေါက်အားလုံးကို ဖွင့်ထားသည့်တိုင်အောင် ခွန်အားချင်း ယှဉ်ရာတွင် တစ်စုံတစ်ဦး၏ အသာစီးရယူမှုကို ခံလိုက်ရခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင်။ အထူးသဖြင့် ခန်ရုံ၏ အစွမ်းထဲတွင် အလွန်တရာ ထူးဆန်းသော ဖိနှိပ်မှုစွမ်းအားပါဝင်နေခြင်းကြောင့်ပင်။

စောစောက ထိတွေ့မှုတွင် ချန်ကျီရှင်း၏ စွမ်းအား ထက်ဝက်နီးပါးမှာ ခန်ရုံ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင် ကျမ်းစာလုံးများ၏ ဖိနှိပ်မှုကြောင့် ပျက်ပြယ်သွားခဲ့ရသည်။ ဤတစ်ချက်တည်းနှင့်ပင် သုံးထပ်ကွမ်းချန်ပီယံခန်ရုံ၏ အစွမ်းမှာ ဖန်နိုင်ထက် များစွာ သာလွန်ကြောင်း ထင်ရှားနေသည်။

“ဒါ ဘုရင်လုံရှုရဲ့ စွမ်းအားလား”

ချန်ကျီရှင်းက ခန့်မှန်းလိုက်သည်။

“အို မင်းက ဘုရင်လုံရှုအကြောင်းကို သိတာပဲလား”

ခန်ရုံက မျက်ခုံးပင့်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ရှောင်ပင်း... ဒါက ဘုရင်လုံရှုရဲ့ စွမ်းအားလားဆိုတာ မင်း စိတ်ပူနေဖို့ မလိုပါဘူး။ မင်း သိထားရမှာက အခု ဒီစွမ်းအားတွေက ငါ့အပိုင် ဖြစ်နေပြီဆိုတာပဲ”

ဒုန်း….

ခန်ရုံက မြေပြင်ကို ဆောင့်နင်းလိုက်ရာ အနက်ရောင် ရေစီးကြောင်းကြီးတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ချန်ကျီရှင်းရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

ဘုန်း….

ခန်ရုံ၏ လက်ဝါးစောင်းမှာ ခုတ်ချလိုက်ရာ သူ၏ရှေ့တွင်ရှိနေသော ချန်ကျီရှင်း၏ ပုံရိပ်မှာ တိုက်ရိုက်ပင် နှစ်ပိုင်းပြတ်သွားတော့သည်။

သို့သော်လည်း သူသည် မျက်မှောင်ကြုတ်လိုက်မိ၏။

“အာရုံတွေကို လှည့်စားတဲ့ ပုံရိပ်ယောင်ကျင့်စဉ်လား”

သူ နောက်သို့ လှည့်ရန် ပြင်လိုက်စဉ်မှာပင် တောက်ပလှသော ကြယ်စင်အလင်းတန်းများ ဖုံးလွှမ်းနေသည့် ဧရာမ လက်သီးတစ်ချက်သည် သူ၏မျက်နှာတည့်တည့်သို့ အားပြင်းစွာ ကျရောက်လာခဲ့သည်။

ပေါင်ချိန် ထောင်သောင်းချီသော ဖိအားမှာ လက်သီးနှင့်အတူ ပေါက်ကွဲထွက်သွားပြီး ခန်ရုံကို လွင့်စင်သွားစေကာ တောင်နံရံတစ်ခုနှင့် အရှိန်ပြင်းစွာ ရိုက်မိသွားတော့သည်။

ခန်ရုံ အသိပြန်မဝင်နိုင်သေးမီမှာပင် ချန်ကျီရှင်းသည် အပေါ်သို့ ခုန်တက်ကာ သူ၏အထက်တွင် ရုတ်ချည်း ပေါ်လာခဲ့ပြီး လက်သီးချက်ပေါင်း ရာနှင့်ချီ၍ မိုးသက်မုန်တိုင်းအလား ရွာသွန်းချလိုက်တော့သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

ဒုန်း ဒုန်း ဒုန်း ဒုန်း

တောင်တန်းကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး တစ်ခဏချင်းမှာပင် အက်ကြောင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။ နောက်တစ်ခဏ၌ ပေတစ်ထောင်ခန့် မြင့်မားသော တောင်ကြီးတစ်ခုလုံးမှာ အပိုင်းပိုင်းအစစ ပြိုကွဲပျက်စီးသွားတော့၏။

တောင်ကြီး ပြိုကျသွားသည့်အခါ အတွင်းမှ မြင်ကွင်းမှာ ပေါ်ထွက်လာခဲ့သည်။

ချန်ကျီရှင်းသည် ခန်ရုံကို ဖိနှိပ်ထားပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မပေးဘဲ သူ၏ လက်သီးချက်များကို မရပ်မနား သွန်းလောင်းနေတော့သည်။ သွေးစက်များမှာ မိုးပေါက်များအလား လွင့်စင်နေပြီး ပတ်ဝန်းကျင် မြေပြင်ပေါ်တွင် ဇီးပန်းပွင့်များသဖွယ် စွန်းထင်နေတော့သည်။

ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်တွင်မူ ထိုမြင်ကွင်းကို ကြည့်ရှုနေကြသည့် မြောက်မြားစွာသော တောင်ဘက်တောင်ထိပ် တပည့်များမှာ ချက်ချင်းပင် အားတက်သွားကြသည်။

“စီနီယာရှောင်က ခန်ရုံကို ဖိထားပြီဟေ့”

“တောင်ထိပ်နှစ်ခု ပြိုင်ပွဲကြီး စတင်ကတည်းက ခန်ရုံကို ဒီလောက်အထိ ဖိနှိပ်နိုင်တဲ့သူ ပေါ်လာတာ ဒါ ပထမဆုံးအကြိမ် မဟုတ်လား”

“ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ခွန်အားချင်းမှာလည်း ခန်ရုံကို မရှုံးသလို သူရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စိတ်ဝိညာဉ်အသိစိတ်နည်းစနစ်တွေပါ ပေါင်းစပ်လိုက်တဲ့အခါ စီနီယာရှောင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို ကြောက်စရာပဲ”

“ဒါဆို... စီနီယာရှောင် တကယ်ပဲ နိုင်တော့မှာလား”

စက္ကန့်ပိုင်းအတွင်းမှာပင် တောင်ဘက်တောင်ထိပ် တပည့်ပေါင်းများစွာမှာ အသက်ရှူပင် မေ့လုမတတ် ရင်ခုန်စွာဖြင့် အလင်းကြည့်မှန်ချပ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတော့သည်။

လီရန်နှင့် ကွမ်းထျန်းယွီတို့မှာလည်း အချင်းချင်း ကြည့်လိုက်မိကြပြီး တစ်ဦးနှင့်တစ်ဦး၏ မျက်ဝန်းထဲ၌ အံ့ဩတုန်လှုပ်မှုများကို မြင်နေရသည်။ အထူးသဖြင့် လီရန်အတွက်မူ ချန်ကျီရှင်း တိုက်ခိုက်သည်ကို မြင်ဖူးခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်ရာ သူ၏ အစွမ်းထက်မှုမှာ သူမအတွက် မျက်စိပွင့်သွားစေသည်မှာ အမှန်ပင်။

ကွမ်းဟဲခန်းမဆောင်၏ အဝင်ဝတွင်မူ

“အို... ခန်ရုံက တကယ်ပဲ အဖိနှိပ်ခံနေရတာလား”

အဆင့်မြင့်အကြီးအကဲတစ်ဦးက အံ့ဩတကြီးဖြင့် မျက်ခုံးပင့်လိုက်မိသည်။

မြောက်ဘက်တောင်ထိပ်မှ အခြားအဆင့်မြင့်အကြီးအကဲတစ်ဦးက ထိုစကားကို ကြားသောအခါ ပြုံးလျက် ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“ဒါလေးတင်လားဗျာ ခန်ရုံမှာ ဒီလောက်ပဲ ခွန်အားရှိတာဆိုရင် သူက ဘယ်လိုလုပ်ပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ တောင်ထိပ်နှစ်ခုစလုံးကို ဆယ်နှစ်တိုင်တိုင် စိုးမိုးထားနိုင်မှာလဲ”

“ဆက်ကြည့်နေလိုက်စမ်းပါ... ခန်ရုံရဲ့အတွင်းထဲက နတ်ဆိုးက မကြာခင် နိုးထလာတော့မှာ”

...

...

နဝမမြောက်ကောင်းကင်ယံထက်တွင်မူ

“တော်လောက်ပြီ”

ချန်ကျီရှင်းက နောက်ထပ် လက်သီးတစ်ချက်ကို ထိုးနှက်ရန် ပြင်လိုက်စဉ်မှာပင် နက်ရှိုင်းသောအသံကြီးတစ်ခု ရုတ်တရက် ဟိန်းထွက်လာခဲ့သည်။

နောက်တစ်ခဏ၌ အရိုးငေါငေါနှင့် လက်တစ်ဖက်သည် ဖြန့်ကားထွက်လာပြီး ချန်ကျီရှင်း၏ ပြင်းထန်လှသော လက်သီးချက်ကို ရုတ်ချည်း ဖမ်းချုပ်လိုက်တော့သည်။

ပြိုကျနေသော တောင်ကုန်းပျက်များကြားတွင် ခန်ရုံသည် ချန်ကျီရှင်း၏ လက်သီးကို မြဲမြံစွာ ဆုပ်ကိုင်ထား၏။ သူ၏လက်ချောင်းများမှာ သံမဏိဖြင့် သွန်းလုပ်ထားသည့်အလား မာကျောလှပြီး ချန်ကျီရှင်း၏ အားပါလှသော လက်သီးကို တစ်မီလီမီတာမျှပင် ရှေ့သို့ တိုးမရအောင် တားဆီးထားသည်။

ထို့နောက် ခန်ရုံသည် အပျက်အစီးများကြားမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

သူ၏ ဆံပင်နက်များမှာ ဖရိုဖရဲ ဖြစ်နေပြီး ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် ဗုဒ္ဓကျမ်းစာလုံးများမှာလည်း အလျှင်အမြန်ပင် တွန့်လိမ်လှုပ်ရှားလာကြသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာလည်း သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်နှုန်းဖြင့် လျင်မြန်စွာ ပြန်လည်ကျန်းမာလာတော့သည်။

“နည်းစနစ်ကတော့ ချီးကျူးစရာပဲ... ဒါပေမဲ့ အရမ်းပျော့လွန်းတယ်။ ဒီလောက် အားနည်းတဲ့ ခွန်အားမျိုးနဲ့ မင်းက ဘယ်သူ့ကို သတ်ချင်နေတာလဲ”

ခန်ရုံက သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ချန်ကျီရှင်းမှာ လွင့်ထွက်သွားတော့သည်။ သူသည် အသက်ကို ဝဝရှူထုတ်လိုက်ပြီးနောက် ချန်ကျီရှင်းကို ကြည့်ကာ လက်ချောင်းလေးများဖြင့် လှမ်း၍ ခေါ်လိုက်သည်။

“လာခဲ့လေ”

ရှူး...

အနောက်သို့ လွင့်စင်သွားသော ချန်ကျီရှင်းသည် လေထဲတွင်ပင် ကိုယ်ကိုတစ်ပတ်လှည့်ကာ သူ၏အရှိန်ကို ချက်ချင်းထိန်းလိုက်သည်။ ထို့နောက် ညာခြေကို နောက်သို့တစ်လှမ်းဆုတ်ကာ အားယူလိုက်ပြီး နောက်တစ်ကြိမ်တွင်မူ ပေါက်ကွဲထွက်လာသည့်အရှိန်ဖြင့် ရှေ့သို့ ဒုန်းကျည်အလား ပြေးဝင်သွားပြန်သည်။

“စစ်မှန်သော နဂါးနတ်ဘုရား လက်သီးချက်”

ချန်ကျီရှင်း၏ လက်မောင်းနှစ်ဖက်မှာ ရွှေရောင်နဂါးကြီးနှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် လက်သီးချက်ပေါင်း ရာနှင့်ချီ၍ ခန်ရုံ၏ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်သွားတော့သည်။

“မလှုပ်မယှက် တောက်ပသော ဘုရင်...”

ခန်ရုံက လက်နှစ်ဖက်ကို ယှက်လိုက်ပြီး အသက်ကို ခပ်ဖွဖွရှူထုတ်လိုက်၏။ သူ၏အရေပြားပေါ်တွင် မရေမတွက်နိုင်သော အနက်ရောင်ကျမ်းစာလုံးများမှာ ရေစီးကြောင်းအလား စီးဆင်းသွားပြီး ပါးလွှာသော အနက်ရောင်အမြှေးပါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ချွင်... ချွင်... ချွင်... ချွင်

ချန်ကျီရှင်း၏ လက်သီးချက်များသည် အနက်ရောင်အမြှေးပါး ဖုံးအုပ်ထားသော ခန်ရုံ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ သံချင်းရိုက်ခတ်သည့်အသံများသာ ထွက်ပေါ်လာပြီး ခန်ရုံကို အနည်းငယ်မျှပင် ဒဏ်ရာမရစေနိုင်ခဲ့ပေ။

“ခန္ဓာကိုယ်ခွန်အားရဲ့ အတားအဆီးတွေကို ချိုးဖျက်ထားတဲ့ အကန့်အသတ်ကျော်သူဆိုတာ ဒါပဲလား တကယ်ကို စိတ်ပျက်ဖို့ကောင်းလိုက်တာ”

ခန်ရုံ၏မျက်ဝန်းများတွင် ရွှေရောင်အလင်းများ ဝင်းလက်နေပြီး သူ၏ရှေ့မှ ချန်ကျီရှင်းကို အေးစက်စွာ ကြည့်နေခဲ့သည်။ သူသည် ချန်ကျီရှင်း၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်ဖြင့်သာ တိုက်ရိုက်ခံယူနေခြင်းပင်။

“ငါ့ရဲ့ အစွမ်းတွေကို လုံးဝပိတ်ဆို့ထားနိုင်တာပဲလား...”

ချန်ကျီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူ၏ အသိစိတ်ပင်လယ်အတွင်းမှ မြောက်မြားစွာသော စိတ်ဝိညာဉ်အသိစိတ်တို့ကို စုစည်းကာ ရွှေရောင်တူကြီးတစ်လုံးအဖြစ် ဖန်တီးလိုက်ပြီး ခန်ရုံ၏ အသိစိတ်ပင်လယ်ထဲသို့ ပြင်းထန်စွာ ဆောင့်ချလိုက်တော့သည်။

ဝုန်း

တားဆီး၍မရသော ထိုရွှေရောင်တူကြီးသည် ခန်ရုံ၏ အသိစိတ်ပင်လယ်အတွင်းသို့ ကျရောက်သွားသော်လည်း ခန်ရုံမှာ အနည်းငယ်မျှသာ ယိမ်းထိုးသွားပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။

“အချည်းနှီးဖြစ်တဲ့ စမ်းသပ်မှုပဲ”

“ရှောင်ပင်း... မလှုပ်မယှက် တောက်ပသော ဘုရင်ကျင့်စဉ်ဆိုတာ မြေကမ္ဘာနဲ့ ကောင်းကင်

ကြားမှာ အစွမ်းထက်ဆုံး ကျင့်စဉ်ပဲ။ ဒီနည်းလမ်းကို ကျင့်ကြံထားတဲ့သူရဲ့ ခွန်အားက သာမန် အကန့်အသတ်ကျော်သူတွေနဲ့ အဆင့်ချင်း တူချင်တူလိမ့်မယ်”

“ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကတော့ သာမန်အသိဉာဏ်တွေကို ကျော်လွန်နေပြီး တိုင်းတာလို့တောင် မရနိုင်တော့ဘူး”

ပြောပြီးသည်နှင့် သူသည် လက်ကို ရှေ့သို့ ရုတ်ချည်း ဝှေ့ယမ်းလိုက်သည်။

“ကောင်းကင်လမင်း”

ဝုန်း

ဖြူဖွေးသော လေလှိုင်းကွင်းကြီးတစ်ခု ပေါက်ကွဲထွက်သွားသည်။ ခန်ရုံ၏ လက်ပေါ်ရှိ ဗုဒ္ဓကျမ်းစာလုံးများဖြင့် ဖွဲ့စည်းထားသော အနက်ရောင်အမြှေးပါးမှာ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းကြီးအဖြစ် ပြောင်းလဲသွားပြီး ချန်ကျီရှင်း၏ ရင်ဘတ်ကို တိုက်ရိုက် ဆောင့်မိသွားတော့သည်။

ချန်ကျီရှင်းမှာ ဧရာမတူကြီးနှင့် အထုခံလိုက်ရသည့်အလား နောက်သို့ လွင့်စင်သွားပြန်ပြီး ရှေးဟောင်းသစ်ပင်ကြီးများစွာကို ရိုက်မိလဲပြိုစေကာမှ ရပ်တန့်သွားတော့သည်။

ခန်ရုံသည် လက်နှစ်ဖက်ကို ယှက်လျက် တောအုပ်အတွင်း လဲကျနေသော ချန်ကျီရှင်းရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာတော့သည်။

အခန်း။ ၁၆၄

“အရှုံးပေးလိုက်စမ်းပါ”

“ဒီအချိန်ကာလအတွင်းမှာ ငါ့ကို ဘယ်သူမှ အနိုင်မတိုက်နိုင်ဘူး”

တောင်တန်းနှင့် တောအုပ်အတွင်း၌ ဖုန်မှုန့်နှင့် မီးခိုးလုံးများမှာ မြူနှင်းထုကြီးတစ်ခုအလား အလိပ်လိုက် တက်လာပြီး အရာအားလုံးကို ဖုံးလွှမ်းသွားသည်။

ခန်ရုံသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး တောအုပ်အပြင်ဘက်၌ ရပ်ကာ ဖုန်မှုန့်ထုကြီးရှိရာသို့ လှမ်းကြည့်နေသည်။ သူ၏ပုံစံမှာ ပိုမိုတည်ကြည်လေးနက်လာပြီး သူ၏တစ်ကိုယ်လုံးမှ သန့်စင်မွန်မြတ်ကာ ဖျက်ဆီး၍မရနိုင်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ကြည့်ရသည်မှာ မည်သည့်အညစ်အကြေးမျှ မရှိဘဲ ဘယ်သောအခါမှ မရှုံးနိမ့်နိုင်သည့် မသေမျိုးရွှေကိုယ်ထည် ဗုဒ္ဓတစ်ပါးနှင့်ပင် ဆင်တူလှ၏။

ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်တွင်မူ တောင်ဘက်တောင်ထိပ်မှ တပည့်ပေါင်းများစွာမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့၏မျက်နှာထက်မှ အပြုံးများမှာ ရုတ်ချည်း တောင့်တင်းသွားကြသည်။

“ဒါ... ဒါ ဘယ်လိုဖြစ်ရတာလဲ”

တောင်ဘက်တောင်ထိပ် တပည့်များသည် မယုံကြည်နိုင်ဟန်ဖြင့် သူတို့၏မျက်လုံးများကို ပွတ်ကြည့်နေမိကြသည်။

"စောစောလေးတင်ကပဲ စီနီယာရှောင်က ခန်ရုံကို အပိုင်ဖိနှိပ်ထားနိုင်ခဲ့တာလေ... အခုကျမှ မျက်စိတစ်မှိတ်အတွင်းမှာတင် အခြေအနေတွေက ဘယ်လိုလုပ်ပြီး ပြောင်းပြန်ကြီး ဖြစ်သွားရတာလဲ"

ကွမ်းထျန်းယွီနှင့် လီရန်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ကွမ်းထျန်းယွီက ခါးသီးသော အပြုံးတစ်ခုဖြင့် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“မြင်တယ်မလား ဒါက မလှုပ်မယှက် တောက်ပသော ဘုရင်ကျင့်စဉ်ရဲ့ အစွမ်းပဲ။ ဒါက ကောင်းကင်တန်ခိုးကို အရမ်းဆန့်ကျင်လွန်းတယ်။ ခန္ဓာကိုယ်ကို စိတ်ကူးမယဉ်နိုင်လောက်တဲ့ အဆင့်အထိ မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ အသိစိတ်ပင်လယ်ထဲမှာပါ အကာအကွယ် အတားအဆီးတစ်ခုကို တည်ဆောက်ပေးထားနိုင်တာ”

“ဒါတင်မကသေးဘူး... ခန်ရုံမှာ ဘုရင်လုံရှုရဲ့ စွမ်းအားလည်း ရှိနေသေးတယ်။ ပြောရရင် ခန်ရုံမှာ လုံးဝကို အားနည်းချက်ဆိုတာ မရှိတော့တာ”

ကွမ်းထျန်းယွီက သက်ပြင်းချလျက် လက်မှိုင်ချကာ ဆက်ပြောသည်။

“ဒါကို ဘယ်လိုယှဉ်မှာလဲ ဒါက လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စပဲ”

လီရန်ကမူ ပြန်မဖြေဘဲ အလင်းကြည့်မှန်ချပ်ကိုသာ အာရုံစိုက် စိုက်ကြည့်နေသည်။ ထူးဆန်းသည်မှာ သူမ၏စိတ်ထဲတွင် သူမ၏မောင်လေးရှောင်မှာ ဤမျှနှင့် အလွယ်တကူ ရှုံးနိမ့်သွားလိမ့်မည်မဟုတ်ဟု ကြိုတင်သိမြင်နေသကဲ့သို့ပင်။

ကွမ်းဟဲခန်းမဆောင်၏ အဝင်ဝတွင်မူ မြောက်ဘက်တောင်ထိပ်မှ အဆင့်မြင့်အကြီးအကဲမှာ ချက်ချင်းပင် ပြုံးရွှင်သွားပြီး

“မြင်ကြပြီမလား ဒါက ခန်ရုံပဲ။ ပြစ်ချက်မရှိသလို အားနည်းချက်လည်း တစ်စက်မှ မရှိဘူး”

“သူ့ရဲ့ ခွန်အားက သာမန် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကျင့်ကြံသူတွေနဲ့ နှိုင်းယှဉ်လို့တောင် မရတော့တဲ့ အဆင့်မှာ ရှိနေတာ”

အခြားအဆင့်မြင့်အကြီးအကဲများမှာမူ ထိုစကားကို ကြားသော်လည်း ဘာမှပြန်မပြောဘဲ သူတို့၏ မျက်နှာများမှာသာ ပို၍ လေးနက်ကာ တည်ကြည်လာကြသည်။

အဆင့်မြင့်အကြီးအကဲများမှာလည်း သူတို့၏ စိတ်အစဉ်၌ တွက်ချက်မှုများ ပြုလုပ်နေကြသည်။

"တကယ်လို့ ငါတို့သာ ချန်ကျီရှင်းရဲ့ နေရာမှာ ရှိနေပြီး ခန်ရုံနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ဘာတွေဖြစ်ကုန်မလဲ။ ငါတို့ ဘယ်လိုပဲ တွက်ချက်ကြည့်ကြည့် ရလဒ်ကတော့ ဘာမှမတတ်နိုင်ဘဲ အကူအညီမဲ့နေရုံကလွဲလို့ တခြားမရှိဘူး"

...

...

နဝမမြောက်ကောင်းကင်ယံထက်တွင်မူ စိန်ခေါ်မှု တိုက်ကြီးပေါ်၌ ကျယ်ပြောလှသော မြူခိုးများကြားတွင် ချန်ကျီရှင်းသည် သူ၏ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ပြန်လည်မတ်လိုက်သည်။ သူ၏ စူးရှသော အကြည့်များသည် မီးခိုးထုကို ဖောက်ထွင်းလျက် တောအုပ်အပြင်ဘက်၌ ရပ်နေသော ခန်ရုံဆီသို့ ကျရောက်သွား၏။

“ဒါက မလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာရဲ့ အစွမ်းပေါ့လေ”

ချန်ကျီရှင်း၏ မျက်နှာထက်တွင် ကျေနပ်အားရသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

သံသယဖြစ်စရာပင် မလိုတော့ချေ။

ဤမလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာသည် သူ၏ မျှော်လင့်ချက်များကို ပျက်ပြယ်အောင် မလုပ်ခဲ့သည့်အပြင် သူ စိတ်ကူးထားသည်ထက်ပင် သာလွန်နေသေးသည်။ သူ၏ အမှန်တရားမျက်လုံးကို အသုံးပြု၍ ကြည့်သည့်တိုင်အောင် မည်သည့် ချို့ယွင်းချက် သို့မဟုတ် အားနည်းချက်ကိုမျှ ရှာမတွေ့ခဲ့ပေ။

ဤကျင့်စဉ်သာရှိပါက သူသည် သူ၏ခန္ဓာကိုယ်ကို အထွတ်အထိပ်သို့ မြှင့်တင်နိုင်မည်ဖြစ်ပြီး သူ၏အတွင်း၌ ခွန်အားကြီး နွားနတ်ဆိုးကိန်းအောင်းနေသည့် အပ်စိုက်မှတ်အပေါက်များကို အပြည့်အဝ ထမ်းဆောင်နိုင်စွမ်း ရှိလာပေလိမ့်မည်။

“ဒါဆိုရင်လည်း.....”

“ဒီဟာသကို အဆုံးသတ်ကြရအောင်”

ချန်ကျီရှင်းသည် သူ၏လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်ရာ သူ၏ပတ်ဝန်းကျင်ရှိ ကြယ်စင်အလင်းတန်းများမှာ ရုတ်ချည်းပင် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။

တကယ်တော့ ခန်ရုံကို အနိုင်ယူရန်အတွက် သူ့ထံတွင် နည်းလမ်းများစွာ ရှိနေသည်။ ဥပမာအားဖြင့် ဓားတာအို ဓမ္မရုပ်သွင်မှ ပျံသန်းသော နတ်မိမယ်ဓား သို့မဟုတ် မြောက်ဘက်တောင်ထိပ် တပည့် ၄၀၀ ကျော်ကို တစ်ပြိုင်နက် ပိတ်လှောင်ခဲ့သည့် စိတ်ဝိညာဉ်အသိစိတ်မှ စိတ်ဖြင့်ဖန်တီးသော ပုံရိပ်ယောင်တို့ပင်။

ထို့အပြင် ကောင်းကင်ရွေးချယ်ခံလင်းဖုန်းကို သတ်ဖြတ်ပြီးနောက် ရရှိခဲ့သည့် အတုမဲ့ မဟာနတ်ဘုရားနည်းစနစ်တစ်ခုဖြစ်သော တိတ်ဆိတ်ခြင်းမျက်လုံးလည်း ရှိနေသေးသည်။

သို့သော် ထိုနည်းလမ်းများထက် သူသည် တိုက်ရိုက်ကျကျ တားဆီး၍မရသော အင်အားဖြင့် ဖိခြေပစ်ခြင်းကိုသာ ပို၍ နှစ်သက်သည်။

နောက်တစ်ခဏ၌

ဝုန်း…

ဖော်ပြ၍မရနိုင်လောက်အောင် ခန့်ညားထည်ဝါပြီး ကောင်းကင်နှင့် မြေကြီးကို အက်ကွဲစေကာ နေနှင့်လကိုပင် ပြိုလဲသွားစေနိုင်သည့် အရှိန်အဝါတစ်ခုမှာ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည့်အလား သူ၏ကိုယ်မှ မြင့်တက်လာတော့သည်။

မူး….

ရှေးဟောင်း ကောင်းကင်နန်းတော်ကြီး၏ စစ်ဗုံများကို အားမာန်ပါပါ တီးခတ်လိုက်သည့်

အလား နက်ရှိုင်းသော အသံကြီးမှာ ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းမှ လျှံထွက်လာခဲ့သည်။

“ဟင်”

တောအုပ်အပြင်ဘက်တွင် တည်ငြိမ်စွာ ရပ်နေသော ခန်ရုံသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသဖြင့် သူ၏မျက်ဝန်းများမှာ ရုတ်ချည်း ကျုံ့ဝင်သွားတော့သည်။

လွင့်ပြယ်နေသော မီးခိုးငွေ့များကြားမှ တစ်စတစ ပေါ်ထွက်လာသည်။

တောအုပ်၏ အလယ်ဗဟို ချန်ကျီရှင်း၏ အနောက်ဘက်တွင် နတ်ဆိုးနတ်

ဘုရားများအလား မြင့်မားထွားကျိုင်းလှသော ဝိညာဉ်ပုံရိပ်ကြီးပေါင်း ၅၁၃ ခုမှာ ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

ထိုပုံရိပ်ကြီးများသည် စူးရှသော ဦးချိုများရှိကြပြီး ပေပေါင်းသောင်းချီ မြင့်မားကာ မြေပြင်ပေါ်တွင် မတ်တတ်ရပ်လျက် ခေါင်းကမူ ကောင်းကင်ယံသို့ ထိကပ်နေကြသည်။ ဖရိုဖရဲမြူထုများဖြင့် ဖုံးလွှမ်းထားကာ မည်းနက်သော အရေပြားများရှိသည့် ထိုအရာများမှာ ရှေးဦး နွားနတ်ဆိုးကြီးများပင်။

“နတ်ဆိုးနတ်ဘုရားတွေထဲက တစ်ပါးဖြစ်တဲ့ ခွန်အားကြီး နွားနတ်ဆိုးလား”

ထိုခဏ၌ ခန်ရုံမှာ မော့ကြည့်လိုက်မိပြီး သူ၏မျက်နှာထက်တွင် အံ့ဩတုန်လှုပ်မှုများ အထိုင်းသား ပေါ်လာတော့သည်။

ခွန်အားကြီး နွားနတ်ဆိုးဆိုသည်ကို သူ ကောင်းကောင်းသိသည်။ ၎င်းမှာ သာမန် ရိုင်းစိုင်းသော ရှေးဟောင်းမျိုးစိတ်များထက် များစွာ သာလွန်ကာ ရှေးအကျဆုံး ခေတ်ကာလများတွင်သာ တည်ရှိခဲ့သည့် နတ်ဆိုးနတ်ဘုရား ဖြစ်သည်။

ခွန်အားလမ်းစဉ်ကို ကျင့်ကြံသူများသည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ တက်လှမ်းသည့်အခါ ခွန်အားကြီး နွားနတ်ဆိုးကို သူတို့၏ ကောင်းကင်နှင့် မြေကြီး ဓမ္မရုပ်သွင်အဖြစ် အတုယူ ဖန်တီးလေ့ရှိကြသည်။

သို့သော် နွားနတ်ဆိုး တစ်ကောင်တည်းကိုပင် အတုယူနိုင်ခြင်းမှာ အလွန်အစွမ်းထက်သော ဓမ္မရုပ်သွင်ကို ပိုင်ဆိုင်ခြင်းဟု အဓိပ္ပာယ်ရသည်။

နွားနတ်ဆိုးကြီးပေါင်း ၅၁၃ ကောင်လုံးတောင်လား။

“ဒါက... ပုံရိပ်ယောင်ကျင့်စဉ်လား”

ခန်ရုံမှာ မျက်မြင်ကိုယ်တွေ့ကိုပင် မယုံကြည်နိုင်တော့ပေ။

နောက်တစ်ခဏ၌ ထိုနွားနတ်ဆိုးကြီး ၅၁၃ ကောင်မှာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကြပြီး သူ့ကို ငုံ့ကြည့်လိုက်ကြသည်။

ခန်ရုံမှာ တစ်ကိုယ်လုံး အေးစက်သွားပြီး ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ကြီးကို မော့ကြည့်နေရသကဲ့သို့ ခံစားလိုက်ရကာ တစ်ကိုယ်လုံးမှ မွေးညင်းများပင် ထောင်ထလာတော့သည်။ သူ၏ စိတ်နှင့် နှလုံးသားထဲတွင် တစ်ခါမှ မကြုံဖူးသေးသည့် ကြီးမားလှသော အန္တရာယ်အငွေ့အသက်များမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲကာ ထွက်လာတော့သည်။

နောက်တစ်ခဏတွင်မူ

“အသက်ရှူအကြိမ် ဆယ်ခါစာပဲ”

ချန်ကျီရှင်းက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

“ဘာပြောလိုက်တာလဲ”

ခန်ရုံ၏ မျက်မှောင်များမှာ ရုတ်ချည်းပင် တွန့်ချိုးသွားတော့သည်။

ဘုန်း….

ချန်ကျီရှင်းက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ သူသည် မြေကျုံ့ကျင့်စဉ်ကို ချက်ချင်း အသုံးပြုလိုက်ရာ အဝေးတစ်နေရာမှ အကွာအဝေးကို ခြေဖဝါးအောက်ရှိ လက်မအနည်းငယ်အကွာအဝေးအဖြစ် ပြောင်းလဲပစ်လိုက်၏။

“မင်းကို အနိုင်ယူပြမယ်”

ခန်ရုံမှာ မျက်စိတစ်မှိတ်အတွင်း အမြင်အာရုံများ ဝေဝါးသွားခဲ့ရသည်။ စောစောက အဝေးတစ်နေရာမှာ ရှိနေသော ချန်ကျီရှင်းသည် ယခုအခါ သူ၏ မျက်နှာချင်းဆိုင်တည့်တည့်သို့ ရောက်ရှိလာခဲ့သည်။

“အရမ်းမြန်တာပဲ”

ခန်ရုံ၏ စိတ်အစဉ်မှာ တုန်လှုပ်သွားရသည်။ ရှောင်ပင်းသည် မည်သည့် နတ်ဘုရားနည်းစနစ်ကို အသုံးပြုလိုက်သည်မသိသော်လည်း သူ၏ အရှိန်မှာ အဆပေါင်းများစွာ တိုးသွားခဲ့သည်။

“ကိုးခါ”

အေးစက်သော အသံနှင့်အတူ ချန်ကျီရှင်း၏ သာမန်လက်သီးချက်တစ်ချက်မှာ လေထဲမှ ဝှေ့ယမ်းကျလာခဲ့သည်။

“အသက်ရှူအကြိမ် ဆယ်ခါအတွင်း ငါ့ကို အနိုင်ယူမယ် ဟုတ်လား မင်း တော်တော်ကို မောက်မာတာပဲ။ လာစမ်းပါ”

ခန်ရုံက မျက်လုံးကို မှေးလိုက်သည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ အနက်ရောင်အမြှေးပါးများမှာ ဝဲကန်သကဲ့သို့ လည်ပတ်သွားပြီး သူ၏ရှေ့တွင် ထူထဲသော အနက်ရောင် ဒိုင်းကာကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။

မူး…..

နွားနတ်ဆိုးကြီး၏ နိမ့်ရှိုင်းသော အော်ဟစ်သံနှင့်အတူ စောစောက ချန်ကျီရှင်းကို ပိတ်ဆို့ထားနိုင်ခဲ့သည့် အနက်ရောင်အမြှေးပါးကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် မှန်ချပ်တစ်ခုအလား အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။

ဒုန်း…..

မည်သည့် အတားအဆီးမျှ မရှိတော့ဘဲ ထိုလက်သီးချက်မှာ ခန်ရုံ၏ ရင်ဘတ်တည့်တည့်သို့ အားပါပါ ကျရောက်သွား၏။ ခန်ရုံမှာ သူ၏ရင်ဘတ်ပေါ်တွင် ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်ကာ ကြယ်စင်များကိုပင် ခြေမွပစ်နိုင်သော ကြောက်မက်ဖွယ် စွမ်းအားကြီးတစ်ခု ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဖူး…..

နိမ့်ရှိုင်းသော အသံနှင့်အတူ ခန်ရုံ၏ ရင်ဘတ်မှာ တစ်ခဏချင်းမှာပင် ပွင့်ထွက်သွားပြီး ပေပေါင်းထောင်ချီ အကွာအဝေးအထိ လွင့်ထွက်သွားတော့သည်။ သူသည် စိန်ခေါ်မှု တိုက်ကြီး၏ တစ်ဖက်အစွန်းမှ အခြားတစ်ဖက်အစွန်းအထိ လွင့်စင်သွားခြင်းပင်။

“ရှစ်ခါ”

ချန်ကျီရှင်းမှာ ရှေ့သို့ သုံးလှမ်းမျှသာ လှမ်းလိုက်သော်လည်း အဆုံးမရှိသော အကွာအဝေးကို ဖြတ်ကျော်သွားခဲ့ကာ ခန်ရုံအနေဖြင့် တုံ့ပြန်ရန် အချိန်မရမီမှာပင် ချန်ကျီရှင်းက နောက်ထပ် လက်သီးတစ်ချက်ကို ထိုးနှက်လိုက်ပြန်သည်။

ချန်ကျီရှင်း လက်သီးကို ထိုးလိုက်သည့်အခါ သူ၏နောက်ကွယ်မှ ရှေးဦးနွားနတ်ဆိုးဝိညာဉ်ပုံရိပ်ကြီး ၅၁၃ ခုမှာလည်း လက်မောင်းများကို တပြိုင်နက်တည်း လွှဲယမ်းလိုက်ကြသည်။

ခန်ရုံမှာ သွေးများ အန်ထွက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်မှာ ထိုလက်သီးချက်အောက်တွင် ကြေမွလုနီးပါး ဖြစ်သွားရသော်လည်း ချက်ချင်းပင် ပြန်လည် စုစည်းနေခဲ့သည်။ အကယ်၍ မလှုပ်မယှက် တောက်ပသော ဘုရင်ကျင့်စဉ်၏ အစွမ်းထက်လှသော ပြန်လည်တည်ဆောက်

နိုင်စွမ်းသာ မရှိပါက ဤလက်သီးတစ်ချက်တည်းနှင့်ပင် သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်မှာ အမှုန့်ဖြစ်သွားခဲ့ပေလိမ့်မည်။

သူသည် ခေါင်းကို အားယူကာ မော့ကြည့်လိုက်ရာ ပထမဦးဆုံး မြင်လိုက်ရသည်မှာ ချန်ကျီရှင်း၏ မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာပင်။ တစ်ဆက်တည်းမှာပင် ချန်ကျီရှင်း၏ လက်သီးမှာ သူ၏မျက်ဝန်းထဲ၌ တဖြည်းဖြည်း ကြီးမားလာသည်ကို မြင်လိုက်ရပြန်သည်။

“မင်း ငါ့ကို တကယ် အထင်သေးနေတာပဲ”

ခန်ရုံမှာ ဒေါသတကြီး ရယ်မောလိုက်ပြီးနောက် ရူးသွပ်စွာ အော်ပြောလိုက်တော့သည်။

“မလှုပ်မယှက် တောက်ပသော ဘုရင်... ဓမ္မရုပ်သွင် ငါ့အတွက် ပွင့်စမ်း”

All Chapters