← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း။ ၁၆၇

“ဒါကတော့...”

ဝတ်ရုံနက်ဝတ်အဖိုးအိုမှာ ထိုစကားကို ကြားသောအခါ အနည်းငယ် တွန့်ဆုတ်သွားပြီး

“ဂိုဏ်းချုပ်ကြီး... ခင်ဗျားပြောတာ မှန်ပေမဲ့ ပိုပြီးတော့ သတိကြီးကြီးထားတာက ပိုကောင်းမယ်လို့ ကျွန်တော် ထင်ပါတယ်။ အနည်းဆုံးတော့ ဒီဇီဝေချန်မျိုးနွယ်စုရဲ့ တတိယသခင်လေးရဲ့ စရိုက်နဲ့ ကိုယ်ကျင့်တရားကို အရင်ဆုံး လေ့လာသင့်တာပေါ့။ အကယ်၍ သူက ကျေးဇူးမသိတတ်တဲ့သူမျိုး ဖြစ်နေရင် ကျွန်တော်တို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ နှစ်ပေါင်းသောင်းချီတဲ့ အစဉ်အလာကြီး ပျက်စီးသွားရမှာ မဟုတ်လား...”

ဝတ်ရုံနက်ဝတ်အဖိုးအို စကားမဆုံးမီမှာပင် ချင်းထျန်းကျန့်က မျက်မှောင်ကြုတ်လိုက်ပြီး “အကြီးအကဲဆွန်... ခင်ဗျား နယ်ကျွံနေပြီ။ ရှောင်ပင်းရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ငါ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိပြီးသားမို့လို့ ခင်ဗျား ဝင်ရောက်ပြောဆိုနေဖို့ မလိုဘူး” ဟု ဖြတ်ပြောလိုက်သည်။

ထိုအခါမှ ဝတ်ရုံနက်ဝတ်အဖိုးအိုမှာလည်း မချိပြုံး ပြုံးလိုက်ရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ဘဲ မျက်လုံးကို အောက်သို့ချကာ တိတ်ဆိတ်သွားတော့သည်။

ထိုစဉ်မှာပင် မေပယ်နီရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ထူထဲသော မျက်ခုံးများနှင့် တောက်ပသော မျက်ဝန်းများရှိသည့် ခန့်ညားထည်ဝါသော အရှိန်အဝါများ လျှံထွက်နေသည့် လူငယ်တစ်ဦးသည် ခန်းမဆောင်အတွင်းသို့ တစ်လှမ်းချင်း လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် စောစောက တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသော အဆင့်မြင့်

အကြီးအကဲများမှာ သူတို့၏ စကားဝိုင်းများကို ရပ်တန့်လိုက်ကြပြီး ဤလူငယ်ကို စပ်စုလိုသော အကြည့်များဖြင့် ကြည့်လိုက်ကြတော့သည်။

ရှောင်ပင်း….

စိတ်ဝိညာဉ်အသိစိတ်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု အတားအဆီးနှစ်ခုလုံးကို ချိုးဖျက်ထားနိုင်သည့် နှစ်ထပ်ကွမ်း အကန့်အသတ်ကျော်သူ…

အတုမဲ့ ပါရမီရှင် ခန်ရုံကိုပင် တစ်ကိုယ်တော် အစွမ်းဖြင့် ဖိနှိပ်ချေမှုန်းနိုင်ခဲ့သူ….

ဤကဲ့သို့သော လူမျိုးကို နတ်ဘုရားအလား တောက်ပပြီး တစ်ခါမျှ မပေါ်ဖူးသေးသည့် အတုမဲ့သူဟု ဖော်ပြရန် လုံလောက်သည်။ သူတို့အားလုံးက ရှောင်ပင်းအမည်ရှိ ဤလူသည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်တွင် အရှုံးမရှိသော အဆင့်သို့ ရောက်ရှိနေပြီဟု ခန့်မှန်းနေကြသည်။

အတိတ်ကာလကဆိုလျှင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၌ ဤကဲ့သို့သော ပါရမီရှင်မျိုး ပေါ်ထွက်လာပါက သူတို့အားလုံးမှာ မိတ်ဆွေဖွဲ့ရန် အလုအယက် ပြေးဝင်ကြမည်မှာ အမှန်ပင်။ သို့သော်လည်း ယခု ဤရှောင်ပင်းမှာ အထောက်အထား မသေချာသည့်သူ ဖြစ်နေသည့်အပြင် ဂိုဏ်းချုပ်ကြီးကိုယ်တိုင်ကလည်း သူ၏ သဘောထားကို ထုတ်ဖော်မပြသေးသဖြင့် မည်သူမျှ ကိုယ့်သဘောနှင့်ကိုယ် မလှုပ်ရှားရဲကြပေ။

ချန်ကျီရှင်းသည် စူးရှသော အကြည့်များ၊ စူးစမ်းသော အကြည့်များကြားမှ ကွမ်းဟဲခန်းမဆောင်အတွင်းသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ သူ၏ မျက်နှာထက်တွင်မူ တည်ငြိမ်သော အရိပ်အယောင်များသာ ရှိနေပြီး ထိုအကြည့်များကို လျစ်လျူရှုထားသည့်အလား ခန်းမဆောင်၏ အလယ်ဗဟိုသို့ တိုက်ရိုက်လျှောက်သွားကာ ပလ္လင်ပေါ်ရှိ ချင်းထျန်းကျန့်ကို စိုက်ကြည့်လိုက်သည်။

ချန်ကျီရှင်းအတွက်မူ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသို့ လာရောက်သည့် ဤခရီးစဉ်မှာ သူ၏ မူလရည်မှန်းချက်များကို ပြည့်ဝလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူသတ်ချင်သောသူများကို သတ်ဖြတ်ပြီးပြီဖြစ်သလို သူလိုချင်သောအရာများကိုလည်း ရရှိပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ အထောက်အထား ပေါက်ကြားသွားသည်ဖြစ်စေ ဂိုဏ်းချုပ်ကြီးက သူ့ကို ဂိုဏ်းမှ နှင်ထုတ်သည်ဖြစ်စေ သူ သိပ်ပြီး ဂရုမစိုက်တော့ပေ။

ချန်ကျီရှင်း၏ တည်ငြိမ်မှုက ခန်းမအတွင်းရှိ အကြီးအကဲများကို ပိုမို အံ့ဩသွားစေသည်။

အကယ်၍ သူသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ အမှန်တကယ် နှင်ထုတ်ခံရလျှင်လည်း သူသည် အေးအေးဆေးဆေးပင် ထွက်ခွာသွားမည် ဖြစ်သည်။ ထို့နောက် မုန့်ဟဲတုန်းသွားရမည့် လမ်းကြောင်းမှ ကြိုတင်စောင့်ဆိုင်းကာ သူ့ကို ကြားဖြတ်သတ်ဖြတ်ရန်သာ နည်းလမ်းရှာတော့မည် ဖြစ်သည်။

ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတွင် မဖြစ်မနေ ဆက်နေရန် အကြောင်းရင်းမှာ သူ့အတွက် အရေးကြီးဆုံးကိစ္စ မဟုတ်တော့ပေ။ ထို့ကြောင့် ဤအခိုက်အတန့်၌ ချန်ကျီရှင်း၏ စိတ်အစဉ်မှာ တစ်ခါမျှ မကြုံဖူးလောက်အောင် တည်ငြိမ်အေးချမ်းနေခဲ့သည်။

“ရှောင်ပင်း... မင်း တကယ်ကို ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တာပဲ”

ပလ္လင်ထက်ရှိ ချင်းထျန်းကျန့်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ၏ ခန့်ညားတည်ကြည်လှသော မျက်နှာထက်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ပေါ်ထွက်လာ၏။

ချန်ကျီရှင်းမှာ ထိုအမူအရာကို မြင်လိုက်သည့်အခါ အံ့ဩသွားပြီး မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။ ကြည့်ရသည်မှာ ဤကောင်းကင်လှိုင်းဂိုဏ်းချုပ်ကြီးမှာ သူ၏အပေါ်တွင် ရန်လိုသည့်စိတ် တစ်စက်မျှ ရှိမနေသလိုပင်။

“ကံကောင်းလို့ နိုင်ခဲ့တာပါ။ အရည်အချင်းကြောင့်တော့ မဟုတ်ပါဘူး။ ဂိုဏ်းချုပ်ကြီးအနေနဲ့ ကျွန်တော့်အပေါ် အပြစ်မယူဖို့ပဲ မျှော်လင့်ပါတယ်”

ချန်ကျီရှင်းက နှိမ့်ချစွာဖြင့်ပင် ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။

ချင်းထျန်းကျန့်မှာ ခပ်တိုးတိုး ရယ်မောလိုက်၏။ ချန်ကျီရှင်း၏ စကားထဲတွင် ပါဝင်နေသော အဓိပ္ပာယ်နှစ်ခွကို သူ အလွယ်တကူပင် နားလည်လိုက်သည်။ ဤလူငယ်လေးသည် သူ၏ သဘောထားကို စမ်းသပ်နေခြင်းပင်။

“နိုင်တာကနိုင်တာပဲလေ... အရည်အချင်းမရှိဘူးလို့ ဘယ်လိုပြောလို့ ရမှာလဲ”

ချင်းထျန်းကျန့်က သူ၏လက်ကို ဝှေ့ယမ်းကာ ဘာမှမဖြစ်သလိုပင် ပြုံးလျက် ပြောလိုက်သည်။ ထို့နောက် သူသည် သူ၏အနောက်ရှိ ဝတ်ရုံနက်ဝတ် အဖိုးအိုကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

“စလိုက်တော့”

ထိုစကားကို ကြားသောအခါ ဝတ်ရုံနက်ဝတ်အဖိုးအိုမှာ ရှေ့သို့ တစ်လှမ်းတိုးလာပြီး အသံကို မြှင့်ကာ ကြေညာလိုက်တော့သည်။

“တောင်ဘက်တောင်ထိပ်ရဲ့ တိုက်ရိုက်ဆက်ခံသူ ရှောင်ပင်းက ထူးကဲလှတဲ့ ပါရမီကို ပိုင်ဆိုင်ထားသူပဲ။ စိတ်ဝိညာဉ်အသိစိတ်နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အတားအဆီး နှစ်ခုစလုံးကို ချိုးဖျက်နိုင်ခဲ့တဲ့ ခေတ်အဆက်ဆက်မှာ တွေ့ရခဲတဲ့ အတုမဲ့ ပါရမီရှင်တစ်ဦးလည်း ဖြစ်တယ်။

ငါတို့ရဲ့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက ပါရမီရှင်တွေကို အမြဲတမ်း တန်ဖိုးထား မြေတောင်မြှောက်ပေးတဲ့ နေရာတစ်ခုပဲ။

ဒီနေ့မှာတော့ ငါတို့က တောင်ဘက်တောင်ထိပ်ရဲ့ တိုက်ရိုက်ဆက်ခံသူ ရှောင်ပင်းကို ကောင်းကင်လှိုင်း နတ်ဘုရားသားတော်ဆိုတဲ့ ဘွဲ့ထူးကို အပ်နှင်းလိုက်တယ်။

ဒီနေ့ကစပြီး မင်းက တောင်ဘက်နဲ့ မြောက်ဘက် တောင်ထိပ်နှစ်ခုစလုံးက တပည့်တွေအားလုံးရဲ့ အထက်မှာ ရှိနေမှာဖြစ်သလို ဂိုဏ်းရဲ့အမွေဆက်ခံသူလူငယ်တစ်ယောက်လိုမျိုး အခွင့်အရေးမှန်သမျှကိုလည်း ခံစားခွင့်ရှိစေရမယ်။ ဒါတင်မကသေးဘူး... တောင်ထိပ်နှစ်ခုလုံးမှာရှိတဲ့ တပည့်တွေရဲ့ စည်းမျဉ်းဥပဒေတွေကိုပါ ကိုင်တွယ်ခွင့်ရှိတဲ့ အာဏာကို မင်းကို ငါတို့အပ်နှင်းလိုက်တယ်။

နတ်ဘုရားသားတော် ရှောင်ပင်း... နောင်အနာဂတ်မှာ ကိုယ့်ကိုကိုယ် ကောင်းကောင်းထိန်းကျောင်းပြီး ကြိုးစားအားထုတ်သွားဖို့၊ နှိမ့်ချတည်ငြိမ်တဲ့စိတ်နဲ့ ကောင်းကင်လှိုင်းဂိုဏ်းက ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်သွားဖို့ ငါတို့ မျှော်လင့်ပါတယ်။

ဒါက ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်တော်ပဲ”

ဝတ်ရုံနက်ဝတ်အဖိုးအို၏ ကြေညာချက်အဆုံးတွင်မူ ကွမ်းဟဲခန်းမဆောင်၏ အပြင်ဘက်တွင် အမိန့်တော်များကို ကြေညာရန် တာဝန်ရှိသည့် အစေခံများက ရှေးဟောင်း ခေါင်းလောင်းကြီးကို ထုခတ်လိုက်ပြီး မှတ်တမ်းတင် ခရုသင်းသံကြီးကို မှုတ်လိုက်ကြတော့သည်။

ဝတ်ရုံနက်ဝတ် အဖိုးအို၏ ကြေညာချက်သည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။

ခဏချင်းမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ တစ်ခုလုံးမှာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက်တွင်မူ အတိုင်းအဆမရှိသော စိတ်လှုပ်ရှားမှုများဖြင့် ဆူညံပွက်လောရိုက်သွားတော့သည်။

ကောင်းကင်လှိုင်း နတ်ဘုရားသားတော်…..

ဂိုဏ်း၏အမွေဆက်ခံသူလူငယ်တစ်ဦး၏ အခွင့်အရေးများကို ခံစားခွင့်ရရှိရုံတင်မကဘဲ တောင်ထိပ်နှစ်ခုလုံး၏ အထက်တွင် ရှိနေမည့် အဆင့်အတန်းမှာ ရှောင်ပင်းကို ကောင်းကင်လှိုင်းဂိုဏ်း၏ အနာဂတ် ဂိုဏ်းချုပ်ကြီးအဖြစ် မြေတောင်မြှောက်ပေးတော့မည်ဟု ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်ခြင်းပင်။

သတိပြုစရာမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတွင် နတ်ဘုရားသားတော်ဘွဲ့ထူးကို မအပ်နှင်းခဲ့သည်မှာ နှစ်ပေါင်းရှစ်ရာပင် ရှိခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး ဤဘွဲ့ထူးကို ရရှိခဲ့သူမှာ ယခုလက်ရှိ ဂိုဏ်းချုပ်ကြီး ချင်းထျန်းကျန့်မှလွဲ၍ အခြားသူမဟုတ်ပေ။

...

...

ကွမ်းဟဲခန်းမဆောင်၏ အပြင်ဘက်တွင်မူ

“ဘုရားရေ ကောင်းကင်လှိုင်း နတ်ဘုရားသားတော်တဲ့လား”

“ညီလေးရှောင်ကတော့ တကယ့်ကို တစ်ဟုန်ထိုး တက်လှမ်းသွားပြီပဲ”

ကွမ်းထျန်းယွီသည် ခဏမျှ ကြောင်အသွားပြီးနောက်မှ အားတက်သရော အော်ဟစ်ကာ အောင်ပွဲခံတော့သည်။ နောက်ဆုံးတွင်မူ သူက အနည်းငယ် မနာလိုသလိုလို အားကျသလိုလို လေသံဖြင့် ပြောလိုက်သည်။

“နှစ်ပေါင်းရှစ်ရာလုံးလုံး ငါတို့ရဲ့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ ပါရမီရှင်တွေ အများကြီး ပေါ်ထွက်ခဲ့ပေမဲ့ တစ်ယောက်မှ နတ်ဘုရားသားတော်ဘွဲ့ကို မရခဲ့ကြဘူး။ ညီလေးရှောင်က ဒီကို ရောက်တာ သိပ်မကြာသေးဘူး။ ဒါပေမဲ့ အနာဂတ် ဂိုဏ်းချုပ်လောင်းအဖြစ် သတ်မှတ်ခံရတဲ့ နတ်ဘုရားသားတော်ရာထူးကို အရယူသွားနိုင်ပြီ”

“သူကတော့ တကယ့်ကို မယုံနိုင်စရာပဲ”

ထိုစကားကို ကြားသောအခါ လီရန်က မျက်စောင်းထိုးလိုက်ပြီး “စီနီယာကွမ်း... ရှင့်ရဲ့ လေသံကလည်း စာအုပ်စာမျက်နှာ လှန်တာထက်တောင် မြန်သေးတယ်နော်” ဟု စနောက်လိုက်သည်။

“ဟားဟားဟား... ဒါတွေက ဘာမှ မဆိုင်ပါဘူးကွာ”

ကွမ်းထျန်းယွီက လက်ဝှေ့ယမ်းကာ ရယ်မောလိုက်၏။

မြောက်ဘက်တောင်ထိပ်သို့ သွားရာ တောင်ပတ်လမ်းတစ်ခုပေါ်တွင်မူ တစ်ဦးတည်း လျှောက်လှမ်းနေသော မြောက်ဘက်တောင်ထိပ်၏ ထိပ်တန်းတပည့် ခန်ရုံသည် ခေတ္တမျှ ခြေလှမ်းရပ်လိုက်သည်။ သူသည် နောက်သို့ လှည့်ကြည့်ကာ ကွမ်းဟဲခန်းမဆောင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်မိ၏။

“တောက် ငါ့နေရာကို သူ ယူသွားပြီပဲ”

ခန်ရုံက မကျေနပ်သလို ရေရွတ်လိုက်သော်လည်း သူ၏ မျက်နှာထက်တွင်မူ စစ်မှန်သော အပြုံးတစ်ခု ပေါ်ပေါက်နေခဲ့သည်။

နောက်တစ်ခဏတွင် သူသည် ခေါင်းကိုခါယမ်းလျက် တောင်ပတ်လမ်းအတိုင်း တန်းတန်းမတ်မတ်ပင် ထွက်ခွာသွားတော့သည်။

ထိုအချိန်၌ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်လျက် ရှိနေတော့သည်။

...

...

တောင်ဘက်နှင့် မြောက်ဘက် တောင်ထိပ်နှစ်ခု၏ တောင်ထိပ်နန်းဆောင်များအတွင်း၌ တစ်နေ့လုံး လူလုံးမပြခဲ့ကြသော တောင်ထိပ်သခင်နှစ်ဦးဖြစ်သည့် မုယွဲ့မေနှင့် ထိုပါးကျန့်ယီတို့မှာ တစ်ပြိုင်နက်တည်း မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ကြသည်။

“ကြည့်ရတာ... ပင်းအာ အောင်မြင်သွားပြီ ထင်တယ်...”

မုယွဲ့မေ၏ မျက်နှာထက်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

“ကောင်းကင်လှိုင်း နတ်ဘုရားသားတော်... ကောင်းတယ် တကယ်ကို ကောင်းတယ်။ အခုဆိုရင် ငါ ပင်းအာ့ကို ထားခဲ့ရရင်တောင် သူက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ အခြေခိုင်ခိုင်နဲ့ ရှင်သန်နိုင်မှာ အသေအချာပဲ။ သူ့ရဲ့ အနာဂတ်ကလည်း အလားအလာတွေနဲ့ ပြည့်နှက်နေပြီ...”

“ဒါပေမဲ့...”

မုယွဲ့မေသည် ခေါင်းကိုငုံ့လိုက်ရာ သူ၏မျက်ဝန်းထဲမှ စောစောက ကျေနပ်အားရနေသည့် အရိပ်အယောင်များမှာ မှေးမှိန်သွားတော့သည်။

ဝမ်းနည်းစရာကောင်းသည်မှာ သူမ၏သက်တမ်းမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေခြင်းပင်။ မဟုတ်ပါက ပင်းအာသည် အနာဂတ်တွင် မည်မျှအထိ ဝေးဝေးရောက်သွားမည်ကို သူမ အမှန်တကယ်ပင် မြင်တွေ့လိုသေးသည်။

...

...

ကွမ်းဟဲခန်းမဆောင်အတွင်း၌ ဝတ်ရုံနက်ဝတ် အဖိုးအို၏ ကြေညာချက်ကြောင့် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်တွင် ခန်းမဆောင်အတွင်းရှိ ချန်ကျီရှင်းမှာမူ မျက်ခုံးပင့်လျက် အံ့ဩသွားသည့် အမူအရာ ပေါ်လာခဲ့သည်။

ကောင်းကင်လှိုင်း နတ်ဘုရားသားတော်ဆိုသည်မှာ အတိအကျ မည်သည်ကို ကိုယ်စားပြုသည်ကို သူ အပြည့်အဝ နားမလည်သေးသော်လည်း တောင်ထိပ်နှစ်ခုလုံးရှိ တပည့်

အားလုံး၏ အထက်တွင် ရှိနေမည်ဖြစ်ကြောင်းနှင့် ဂိုဏ်း၏အမွေဆက်ခံသူလူငယ်တစ်ဦး၏ အခွင့်အရေးများကို ရရှိမည်ဆိုသည့် စကားအရ သူတို့မှာ သူ့ကို အနာဂတ်၏ ကောင်းကင်လှိုင်းဂိုဏ်းချုပ်အဖြစ် ထားရှိရန် ရည်ရွယ်နေကြောင်း အလွယ်တကူ ခန့်မှန်းနိုင်သည်။

“ဘာလဲ မင်းက မလိုချင်ဘူးလား”

ချင်းထျန်းကျန့်က ပြုံးလျက် မေးမြန်းလိုက်ပြီး ခန်းမအတွင်းရှိ ချန်ကျီရှင်းကို ငုံ့ကြည့်လိုက်သည်။

ထိုစကားကို ကြားသောအခါ ချန်ကျီရှင်းမှာ စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး အသက်ကို ဝဝရှူကာ လေးနက်စွာ ပြန်ဖြေလိုက်သည်။

“တပည့် ရှောင်ပင်းအနေနဲ့ ဒီလို ဂုဏ်ပြုချီးမြှင့်မှုအတွက် ဂိုဏ်းချုပ်ကြီးကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်း ဂိုဏ်းချုပ်ကြီး ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ပြီး ကောင်းကင်လှိုင်းဂိုဏ်းရဲ့ အစဉ်အလာကို ပြန်လည်ဆန်းသစ်နိုင်ဖို့ သေချာပေါက် ကြိုးစားသွားမှာပါ”

“ကောင်းတယ်”

ချင်းထျန်းကျန့်၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး သူ၏လက်များကို ပုတ်ကာ အားရပါးရ ရယ်မောလိုက်တော့သည်။

နောက်တစ်ခဏ၌ ချင်းထျန်းကျန့်သည် သူတို့၏မျက်နှာများက ထိတ်လန့်တုန်လှုပ်မှုမှသည် အားကျကြည်ညိုမှုသို့ ပြောင်းလဲနေကြသော အဆင့်မြင့်အကြီးအကဲများကို တစ်ချက်ကြည့်

လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“အားလုံး ထွက်သွားလို့ ရပြီ။ ငါ ရှောင်ပင်းနဲ့ သီးသန့်ပြောစရာ စကားအချို့ ရှိလို့”

အခန်း။ ၁၆၈

“ဟုတ်ကဲ့ပါခင်ဗျာ”

အဆင့်မြင့်အကြီးအကဲ တစ်စုလုံးမှာ မတ်တတ်ရပ်လိုက်ကြပြီး ချန်ကျီရှင်းကို ရင်းနှီးခင်မင်လိုသော အကြည့်များဖြင့် မသိမသာ လှမ်းကြည့်လိုက်ကြသည်။

ရှင်းရှင်းလင်းလင်းပင် ဂိုဏ်းချုပ်ကြီးက ရှောင်ပင်းကို နတ်ဘုရားသားတော်အဖြစ် ခန့်အပ်လိုက်ပြီဆိုကတည်းက ရှောင်ပင်း၏ နောက်ကြောင်းနှင့် အထောက်အထားကို သူသိပြီးဖြစ်ရမည်။ ထို့ကြောင့် မည်သည့်ပြဿနာမျှ ရှိစရာအကြောင်းမရှိတော့ဘူးဟု သူတို့က ယူဆလိုက်ကြသည်။

“ခင်ဗျားလည်း အပြင်ကို ခေတ္တထွက်ပေးပါ”

ချင်းထျန်းကျန့်က သူ၏အနောက်ရှိ ဝတ်ရုံနက်ဝတ် အဖိုးအိုကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ ဝတ်ရုံနက်ဝတ်အဖိုးအိုမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ချောင်းတစ်ချက်ဟန့်ကာ ရိုသေစွာ နှုတ်ဆက်၍ ထွက်ခွာသွားတော့သည်။

မကြာမီအတွင်းမှာပင် ကျယ်ပြောလှသော ကွမ်းဟဲခန်းမဆောင်ကြီးအတွင်း၌ ချန်ကျီရှင်းနှင့် ချင်းထျန်းကျန့် နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

“ရှောင်ပင်း... သိပ်ပြီး တင်းမာမနေပါနဲ့။ ငါက မင်းနဲ့ သာမန်ကာလျှံကာ စကားစမြည် ပြောချင်

ရုံတင်ပါ။ စိတ်ထဲမှာ ဘာဝန်ထုပ်ဝန်ပိုးမှ ထားစရာမလိုဘူး”

ချင်းထျန်းကျန့်က ချန်ကျီရှင်းကို ကြည့်ကာ သဘောကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။

“နားလည်ပါပြီ ဂိုဏ်းချုပ်ကြီး။ မိန့်ကြားစရာရှိတာ မိန့်ကြားပါခင်ဗျာ”

ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်၏။

“ဟေ့... ဘာလို့ ဂိုဏ်းချုပ်ကြီးလို့ ခေါ်နေသေးတာလဲ သီးသန့်ဖြစ်နေတဲ့အချိန်မှာ ငါတို့ ပိုပြီး ရင်းရင်းနှီးနှီး ရှိလို့ရပါတယ်။ မင်း ငါ့ကို ခေါ်ရမှာကတော့...”

ချင်းထျန်းကျန့်မှာ သူ၏မေးစေ့ကို ပွတ်သပ်လျက် ခေတ္တစဉ်းစားလိုက်ပြီးမှ မျက်ခုံးများကို တွန့်ချိုးကာ ပြုံးလျက် ပြောလိုက်သည်။

“အင်း... ငါ့ကို အဖိုးထျန်းကျန့်လို့ပဲ ခေါ်ပါ”

“ဗျာ”

ချန်ကျီရှင်းမှာ ကြောင်အသွားပြီး သူ၏မျက်နှာထားမှာလည်း ထူးဆန်းသွားတော့သည်။ သူသည် ချင်းထျန်းကျန့်ကို မသိမသာ ခိုးကြည့်လိုက်မိ၏။

ဒီကောင်းကင်လှိုင်းဂိုဏ်းချုပ်ကြီးက... ဘာတွေ ကြံစည်နေတာပါလိမ့်။

“အဟမ်း... အဟမ်း...”

ချင်းထျန်းကျန့်မှာ ချောင်းဟန့်လိုက်ပြီး သူကိုယ်တိုင်လည်း အနည်းငယ် အနေရခက်သွားဟန်

ဖြင့် ဆက်ပြောသည်။

“ရှောင်ပင်းရဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြောရရင်... ငါက မင်းရဲ့ မိသားစုက လူကြီးတစ်ယောက်နဲ့ အရင်ကတည်းက သိကျွမ်းခဲ့တဲ့ မိတ်ဆွေဟောင်းတွေပါ။ စိတ်တူကိုယ်တူ သူငယ်ချင်းတွေပေါ့။ မင်းက သူ့ရဲ့မြေးဆိုတော့ ငါ့ရဲ့မြေးဆိုလည်း မှန်တာပဲ။ ဘာမှ သိပ်မဝေးပါဘူး”

“အဲဒါ တကယ်ပဲလားခင်ဗျာ”

ချန်ကျီရှင်းမှာ ခဏတာ ဆွံ့အသွားရပြီး ဝေဝါးစွာသာ ပြန်လည် တုံ့ပြန်နိုင်တော့သည်။ ချင်းထျန်းကျန့်က ဘာကြောင့် အခြားသူအားလုံးကို အပြင်သို့ ထွက်ခိုင်းခဲ့သည်ဆိုသည်ကို သူ ယခုမှ နားလည်သွားတော့သည်။

“ယုံကြည်ချက်ရှိရှိနဲ့ လားဆိုတာကို ဖြုတ်လိုက်စမ်းပါ”

ချင်းထျန်းကျန့်က သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြုံးလျက် ပြောလိုက်သည်။

“ကဲ... ရှောင်ပင်း အဖိုးက မင်းကို မေးမယ်။ မင်းမှာ အခုလောလောဆယ် လက်ထပ်ဖို့ အစီအစဉ်တွေ ဒါမှမဟုတ် ချစ်သူရည်းစား ဘာညာ ရှိနေပြီလား”

“ဗျာ”

ချန်ကျီရှင်းမှာ နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။ ဤကောင်းကင်လှိုင်း ဂိုဏ်းချုပ်ကြီး၏ ရည်ရွယ်ချက်ကို သူ လုံးဝကို သဘောမပေါက်နိုင်တော့ပေ။

“ဂိုဏ်းချုပ်ကြီး စိတ်ထဲရှိတာကို တိုက်ရိုက်ပဲ မိန့်ကြားပါခင်ဗျာ။ တပည့်က ဉာဏ်နည်းလို့ ဂိုဏ်းချုပ်ကြီးရဲ့ ဆိုလိုရင်းကို သဘောမပေါက်နိုင်လို့ပါ”

ချန်ကျီရှင်းက လက်အုပ်ချီကာ လေးနက်စွာ လျှောက်တင်လိုက်သည်။

“အို... လူပုံအလယ်မှာဆိုရင်တော့ ရာထူးဘွဲ့အမည်တွေကို သုံးပေါ့။ အခုလို သီးသန့်အချိန်မှာတော့ ငါ့ကို အဖိုးလို့ပဲ ခေါ်စမ်းပါ”

ချင်းထျန်းကျန့်က ခေါင်းခါယမ်းကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြုံးလျက်

“ငါ့ရည်ရွယ်ချက်က ရိုးရိုးလေးပါ။ အကယ်၍ မင်းမှာ အဖော်မရှိသေးဘူးဆိုရင် အဖိုးကပဲ မင်းအတွက် စီစဉ်ပေးရမလားလို့”

ချန်ကျီရှင်း ပြန်မဖြေနိုင်မီမှာပင် ချင်းထျန်းကျန့်က ပြုံးလျက် ဆက်ပြောသည်။

“ဒါမှမဟုတ်... ငါတို့ရဲ့ သန့်စင်ရာနယ်မြေထဲမှာ မင်းသဘောကျတဲ့သူ ရှိနေလို့လား မရှိဘူးဆိုရင်တော့ မင်းရဲ့စီနီယာအစ်မ လီရန်ကိုရော ဘယ်လိုသဘောရသလဲ”

“စီနီယာအစ်မ လီရန်”

ချန်ကျီရှင်းမှာ ဇဝေဇဝါဖြစ်သွားပြီးမှ ခေါင်းငုံ့ကာ အသည်းအသန် စဉ်းစားခန်း ဝင်နေတော့သည်။ ခဏအကြာတွင်မူ ချန်ကျီရှင်း ရုတ်တရက် သဘောပေါက်သွား၏။

နေပါဦး။

ဒါတွေက ဘာတွေလဲ။

ချန်ကျီရှင်းမှာ မချိပြုံး ပြုံးလိုက်ပြီး

“ဂိုဏ်းချုပ်ကြီးခင်ဗျာ... ဘယ်လိုဖြစ်ပြီး တပည့်ရဲ့ တစ်သက်တာကိစ္စဆီကို ရုတ်တရက်ကြီး ရောက်သွားရတာလဲ။ ဒါက... အရမ်း မြန်လွန်းနေသလိုပဲ။ ကျွန်တော့်ကို အရင်ဆုံး စဉ်းစားခွင့်ပြုပါဦး”

“မြန်လွန်းလို့လား”

ချင်းထျန်းကျန့်က သူ၏နှာခေါင်းကို တို့လိုက်ပြီးမှ ပြုံးလိုက်သည်။

“ကောင်းပြီလေ... မင်း ပြန်သွားပြီးတော့ သေသေချာချာ စဉ်းစားကြည့်ဦး။ မှတ်ထားနော်... သေသေချာချာကို စဉ်းစားရမယ်”

“ဟုတ်ကဲ့ပါခင်ဗျာ”

ချန်ကျီရှင်းမှာ လက်အုပ်ချီ နှုတ်ဆက်ကာ အခြားမေးခွန်း အနည်းငယ်ကို မေးမြန်းလိုက်သည်။ ချင်းထျန်းကျန့်ထံမှ နောက်ထပ် မိန့်ကြားစရာ မရှိတော့သည်ကို မြင်သောအခါမှ နောက်တစ်ကြိမ် လက်အုပ်ချီ ဂါရဝပြုလျက် ခန်းမဆောင်အတွင်းမှ ထွက်ခွာလာခဲ့တော့သည်။

ပလ္လင်တော်ထက်တွင်မူ ချင်းထျန်းကျန့်သည် ချန်ကျီရှင်း၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း သူ၏မုတ်ဆိတ်ကို ဖြည်းညှင်းစွာ ပွတ်သပ်နေမိသည်။

“ဒီလောက်ဆိုရင်တော့ မင်း ငါတို့ဘက်ပါမလာဘဲ မနေနိုင်တော့ပါဘူး”

ချင်းထျန်းကျန့်သည် တစ်ဦးတည်း ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

“လက်ထပ်ထိမ်းမြားမှု တစ်ခုတည်းနဲ့တင် သူ့ကို ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေနဲ့ အပြီးတိုင် ချည်နှောင်ထားလို့ ရပြီ”

“အဖိုးကြီးချန်... မင်းကိုယ်တိုင်ပဲ မင်းရဲ့မြေးကို ငါ့ဆီ လွှတ်လိုက်တာနော်။ ငါ့ကိုတော့ လာအပြစ်မတင်နဲ့တော့”

ထို့နောက် ချင်းထျန်းကျန့်သည် တရားရှုမှတ်ခြင်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။

...

...

ကွမ်းဟဲခန်းမဆောင်မှ ထွက်လာချိန်တွင် နေဝင်ရိုးရီ အချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း ခန်းမဆောင်၏ အပြင်ဘက်တွင်မူ မြောက်မြားစွာသော တပည့်များသည် ချန်ကျီရှင်း ထွက်လာသည်ကို စောင့်ဆိုင်းရင်း စုရုံးနေကြဆဲပင်။

“ကောင်းကင်လှိုင်း နတ်ဘုရားသားတော်ကို ဂါရဝပြုပါတယ်ခင်ဗျာ”

တပည့်များအားလုံးမှာ အားကျကြည်ညိုသော အကြည့်များဖြင့် တညီတညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။

ချန်ကျီရှင်းသည် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီးနောက် ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်မှ ထွက်ခွာလာခဲ့သည်။ မထွက်ခွာမီမှာပင် ချန်ကျီရှင်းသည် လီရန်ကို မသိမသာ တစ်ချက် လှမ်းကြည့်လိုက်မိ၏။

အရမ်းနုသေးတယ် အေးချမ်းလွန်းတယ်... ဆရာနဲ့ယှဉ်ရင် မမီသေးပါဘူး...

တစ်စုံတစ်ရာသော အသိစိတ်၏ စေ့ဆော်မှုကြောင့် ချန်ကျီရှင်းသည် စိတ်ထဲမှ တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။

“မောင်လေးရှောင်... ဆရာနဲ့ယှဉ်ရင် ဘာက မမီတာလဲ”

လီရန်က ရှေ့သို့ လှမ်းလာပြီး စပ်စုလိုသော စိတ်ဖြင့် မေးမြန်းလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

ချန်ကျီရှင်းမှာ သူ၏စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး ပြုံးလျက် “စီနီယာအစ်ကိုကွမ်း၊ စီနီယာအစ်မလီ... ကျွန်တော် အရင်ဆုံး တောင်ထိပ်သခင်ဆီကို သွားပြီး အခြေအနေတွေကို တင်ပြလိုက်ဦးမယ်။ နောက်မှပဲ ပြန်ဆုံကြတာပေါ့”

လီရန်က ပြုံးလျက် ခေါင်းခါပြလိုက်ပြီး “ရပါတယ်။ မင်း သွားစရာရှိတာ သွားပါ။ ဒီနေ့ ခန်ရုံနဲ့ တိုက်ပွဲက တော်တော်ပြင်းထန်ခဲ့တာဆိုတော့ မင်းလည်း အနားယူဖို့ လိုမှာပါ။ မင်း အားတဲ့အချိန်ကျမှပဲ ငါတို့ ပြန်ဆုံကြတာပေါ့”

“ကောင်းပါပြီဗျာ”

ချန်ကျီရှင်းမှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်လာခဲ့တော့သည်။

...

...

နာရီဝက်ခန့် ကြာပြီးနောက် ချန်ကျီရှင်းသည် တောင်ဘက်တောင်ထိပ်သို့ ပြန်ရောက်လာပြီး တောင်ထိပ်သခင် မုယွဲ့မေကို ဂါရဝပြုရန် တောင်ထိပ်နန်းဆောင်သို့ အရင်ဆုံး သွားရောက်ခဲ့သည်။

အေးစက်လှသော ခန်းမဆောင်ကြီးအတွင်း တစ်ဦးတည်း ထိုင်နေသော မုယွဲ့မေသည် ချန်ကျီရှင်း ရောက်လာသည်ကို မြင်သောအခါ သူမ၏ လှပလွန်းသော မျက်နှာထက်တွင် အပြုံးများ ပွင့်လန်းသွားပြီး သူမ၏ အကြည့်များမှာလည်း ရေပြင်ကဲ့သို့ပင် ပိုမိုနူးညံ့အေးချမ်းနေခဲ့သည်။

နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီးနောက်တွင်မူ ချန်ကျီရှင်းမှာ သူ၏ နေအိမ်သို့ ပြန်လာခဲ့သည်။ နေအိမ်သို့ ရောက်သည်နှင့် ချန်ကျီရှင်းသည် အဆောင်အတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားကာ အရှိန်အဝါများကို ဖုံးကွယ်ရန် အစီအရင်များကို အရင်ဆုံး ခင်းကျင်းလိုက်ပြီးနောက် ထိုင်ခုံဖျာထက်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်တော့သည်။

သူ၏ ညာလက်ကို တစ်ချက် ခါယမ်းလိုက်ရာ စာသားမပါသော အနက်ရောင် စာအုပ်ငယ်လေးမှာ သူ၏ ဝတ်ရုံလက်စွပ်အတွင်းမှ လျှောကျလာပြီး သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

“မလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာ...”

ချန်ကျီရှင်းသည် သူ၏လက်ထဲရှိ စာသားမပါသော စာအုပ်နက်လေးကို ငုံ့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

နောက်တစ်ခဏ၌ ချန်ကျီရှင်းသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်

အသိစိတ်အစအနများကို ထိုစာအုပ်နက်လေးအတွင်းသို့ စီးဝင်စေလိုက်တော့သည်။

ဝုန်း….

ချက်ချင်းဆိုသလိုပင် ချန်ကျီရှင်း၏ အအသိစိတ်ပင်လယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး အသိပညာ ဗဟုသုတများစွာမှာ သူ၏ စိတ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာတော့သည်။

စိမ်းပြာရောင်သန်းသော အနက်ရောင် ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူမှာ သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ၎င်းမှာ လမင်းကြာပန်းပလ္လင်ထက်တွင် ထိုင်လျက် ဦးခေါင်းတော်ပေါ်တွင် ပန်းပွင့်

ချပ်သရဖူကို ဆောင်းနှင်းထားကာ နောက်ကွယ်တွင်မူ အနက်ရောင် မီးလျှံများ ပြင်းထန်စွာ တောက်လောင်နေ၏။ မျက်လုံးတော် သုံးလုံးရှိပြီး လက်တစ်ဖက်တွင် နဂါးရှစ်ကောင်

ရစ်ပတ်ဓားနှင့် အခြားတစ်ဖက်တွင် ကြိုးကွင်းကို ကိုင်ဆောင်ထားသည်။

၎င်းမှာ ဧကန်မုချ မလှုပ်မယှက် တောက်ပသော ဘုရင်ပင်။

ထိုထည်ဝါခန့်ညားလှသော ဗုဒ္ဓမှာ သူ၏ လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း စုစည်းလိုက်ပြီး ကျမ်းစာ၏ အနှစ်သာရများကို ညင်သာစွာ ရွတ်ဆိုလေတော့သည်။

ဒုန်း

မလှုပ်မယှက် တောက်ပသော ဘုရင်၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော စကားလုံးတစ်လုံးချင်းစီမှာ ကောင်းကင်ယံမှ ထစ်ချုန်းလိုက်သည့် မိုးကြိုးသံများကဲ့သို့ပင် အားမာန်ပါကာ ပဲ့တင်ထပ်နေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ကျီရှင်း၏ တစ်ကိုယ်လုံးမှာ တုန်ခါသွားပြီး အသိဉာဏ်ပွင့်

ခြင်း၏ အနက်ရှိုင်းဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

မလှုပ်မယှက် တောက်ပသော ဘုရင်ရွတ်ဆိုလိုက်သော စကားလုံးတိုင်းမှာ မဟာတာအို၏ ကိုယ်ထည်ထင်ရှားပြမှုအလား တိုက်ရိုက်ပင် ပုံဆောင်ခဲဖြစ်လာပြီး အနက်ရောင် ဗြဟ္မာတံဆိပ်တော် ကျမ်းစာလုံးများအဖြစ် ပြောင်းလဲကာ ချန်ကျီရှင်း၏ အအသိစိတ်ပင်လယ်အတွင်း၌လည်းကောင်း၊ သူ၏ ကြွက်သားများနှင့် အရိုးများပေါ်၌လည်းကောင်း ပေါ်ပေါက်လာခဲ့သည်။

ချန်ကျီရှင်းသည် ဟင်းလင်းပြင်အတွင်း၌ ဝိညာဉ်ဖြင့် ခရီးနှင်နေကာ မလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာ၏ စစ်မှန်သော အနှစ်သာရကို ခံစားရင်း ပြင်ပလောကနှင့် အချိန်ကာလများကိုပါ လုံးဝ မေ့လျော့သွားတော့သည်။

တစ်ချိန်တည်းမှာပင် ချန်ကျီရှင်း၏ အရေပြားတစ်လက်မချင်းစီနှင့် အရိုးတိုင်းမှ အတိုင်းအဆမရှိသော ရတနာအလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ သူ၏ ရုပ်ခန္ဓာမှာလည်း မြင်တွေ့နေရသော အရှိန်အဟုန်ဖြင့်ပင် သိသိသာသာ ပိုမိုသန်မာလာတော့သည်။

All Chapters