← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း။ ၁၆၉

မိုးသည် ရွာလိုက်တိတ်လိုက် ပန်းတို့သည် ပွင့်လိုက်နွမ်းလိုက်နှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ခုနစ်ရက်တာ အချိန်ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤခုနစ်ရက်အတွင်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက ရှောင်ပင်းကို နတ်ဘုရားသားတော်အဖြစ် ခန့်အပ်လိုက်သည့် သတင်းမှာ ကျန်းကျိုးတစ်ခွင်လုံးသို့ ဟာရီကိန်းမုန်တိုင်းတစ်ခုအလား ပျံ့နှံ့သွားခဲ့သည်။ ကျန်းကျိုးနယ်မြေတစ်ခုလုံးမှာလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရ၏။ အကြောင်းမှာ ကျန်းကျိုး၌ အခြေစိုက်သည့် အင်အားကြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတွင် နောက်ဆုံး၌ ဆက်ခံသူတစ်ဦး ပေါ်ထွက်လာခြင်းကြောင့်ပင်။

ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေနှင့် ဆက်နွှယ်နေသော အင်အားစုများစွာမှာလည်း အလေးအနက် စဉ်းစားလာကြပြီး ကျန်းကျိုး၏ နာမည်ကြီးအသစ်အဆန်းနှင့် အနာဂတ်၏ ဂိုဏ်းချုပ်ကြီး ဖြစ်လာမည့်သူကို ဂါရဝပြုရန်အတွက် လက်ဆောင်ပဏ္ဏာမျိုးစုံဖြင့် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသို့ လာရောက်ရန် ပြင်ဆင်ကြတော့သည်။

သို့သော် ဤသည်မှာ အဆုံးသတ် မဟုတ်သေးပေ။

ရှောင်ပင်း နတ်ဘုရားသားတော်ဖြစ်လာသည့် သတင်းမှာ ကျန်းကျိုးနယ်မြေကို ကျော်လွန်၍ အရှေ့နက်နဲသောနယ်ပယ်၏ ကျန်ရှိသော ပြည်နယ် ၁၂ ခုအထိ ဆက်လက် ရိုက်ခတ်သွားခဲ့သည်။

ရန်ကျိုး၊ ဇီဝေချန်မျိုးနွယ်စု။

မျိုးနွယ်စုခေါင်းဆောင်၏ ခန်းမဆောင်အတွင်း၌ ဖြူဖွေးသော ဆံနွယ်များမှာ ပုခုံးထက်သို့ ဝဲကျနေပြီး ဒေါသမထွက်ဘဲနှင့်ပင် ခန့်ညားထည်ဝါသော အရှိန်အဝါများ လျှံထွက်နေသည့် ချန်တောက်ယန်သည် အေးစက်လှသော ကျောက်သားထိုင်ခုံထက်တွင် ထိုင်လျက် သူ၏လက်ထဲရှိ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ ရရှိသော သတင်းအချက်အလက်များကို အသေးစိတ် ဖတ်ရှုနေသည်။ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ မဟူရာအကြီးအကဲများက ရိုသေစွာ ရပ်နေကြ၏။

“ကောင်းကင်လှိုင်းဂိုဏ်းရဲ့ နတ်ဘုရားသားတော် ရှောင်ပင်းက စိတ်ဝိညာဉ်အသိစိတ်ရော၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာပါ အကန့်အသတ်တွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တဲ့သူ။ သူက နတ်ဆိုးနတ်ဘုရား ငါးရာထဲကမှ အင်အားအကြီးဆုံးဖြစ်တဲ့ နွားနတ်ဆိုးကို ဆင့်ခေါ်

နိုင်ရုံတင်မကဘူး... ကောင်းကင်နဲ့မြေကြီး ဓမ္မရုပ်သွင်ကိုပါ ဖော်ဆောင်နိုင်စွမ်းရှိတယ်။

သူ ဂိုဏ်းကိုရောက်လာတာ ခြောက်လပဲ ရှိသေးပေမဲ့ အဲဒီ ခြောက်လအတွင်းမှာတင် နိမ့်ကျတဲ့ အစေခံဘဝကနေ ခုလိုမျိုး ကောင်းကင်လှိုင်း နတ်ဘုရားသားတော်အဖြစ်ကို တစ်ဟုန်ထိုး ခုန်ပျံကျော်လွှားပြီး တက်လှမ်းနိုင်ခဲ့တယ်”

ချန်တောက်ယန်၏ မျက်ဝန်းများမှာ သတင်းအချက်အလက်များကို ဖတ်ရှုရင်း အဆက်မပြတ် လှုပ်ခတ်နေသည်။ ခဏအကြာတွင် ချန်တောက်ယန်သည် သတင်းမှတ်တမ်းကို ပိတ်လိုက်ပြီး ခပ်တိုးတိုး ရယ်မောကာ ပြောလိုက်သည်။

“ငါ့မြေးကတော့ ထုံးစံအတိုင်းပဲ... ဘယ်ကိုရောက်ရောက် အတောက်ပဆုံး ဖြစ်နေတာပဲလား...”

“နှစ်ထပ်ကွမ်း အကန့်အသတ်ကျော်သူတဲ့လား... ကျီအာရေ မင်းလေးက ရှေးဟောင်းပုံရိပ် ကိုးခုပိုင်ရှင် ဖြစ်ရုံတင်မကဘဲ ဒီလောက်အထိ ကြီးမားတဲ့ ဝှက်ဖဲတွေကိုတောင် ဖုံးကွယ်ထားလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး”

ချန်တောက်ယန်က ခေါင်းမော့လိုက်ရာ သူ၏မျက်နှာထက်မှ အပြုံးမှာ ပိုမိုသိသာထင်ရှားလာသည်။

သူ၏အနောက် တစ်ဖက်တစ်ချက်တွင်ရှိသော မဟူရာအကြီးအကဲနှစ်ဦးမှာမူ အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းထဲ၌ တူညီသော တုန်လှုပ်မှုများကို မြင်တွေ့နေကြရသည်။ သူတို့သည် တစ်ချိန်က အမှောင်တပ်ဖွဲ့ကို ဦးဆောင်ခဲ့သူများဖြစ်ပြီး ရှောင်ပင်း၏ အထောက်အထားပြဿနာကို ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းပေးခဲ့သူများ ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်လှိုင်း နတ်ဘုရားသားတော်ရှောင်ပင်းဆိုသည်မှာ သူတို့၏ တတိယသခင်လေး အမှန်တကယ် ဖြစ်နေကြောင်းကို သူတို့ ကောင်းကောင်းသိရှိကြသည်။

“တစ်ခါက တတိယသခင်လေးနဲ့အတူ ယိုကျိုးက ရွှမ်မျိုးနွယ်စုဆီ သွားတုန်းက လမ်းမှာ တစ်စုံတစ်ယောက် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နေတာနဲ့ ဆုံခဲ့ဖူးတယ်။ အဲဒီတုန်းက ဒီလောကမှာ ခွန်အားကြီး နွားနတ်ဆိုးငါးရာလုံးလုံးကို ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်သွင်အဖြစ် ဘယ်သူကများ စုစည်းနိုင်တာပါလိမ့်လို့ ငါ အံ့ဩခဲ့ရသေးတာ...”

“အဲဒီလူက တတိယသခင်လေး ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး”

အကြီးအကဲမဟူရာမှာ အံ့အားသင့်လွန်းသဖြင့် ရေရွတ်လိုက်မိပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ၏မျက်ဝန်းများမှာ ပိုမို ပြူးကျယ်သွားရပြန်သည်။

“ငါ မှတ်မိသလောက်ဆိုရင် အဲဒီအချိန်တုန်းက တတိယသခင်လေးက... ဆယ့်တစ်နှစ်ပဲ ရှိသေးတယ် မဟုတ်လား”

“ဆယ့်တစ်နှစ်သားနဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်တဲ့လား တကယ့်ကို ထိတ်လန့်စရာပဲ”

ထိုစကားကို ကြားသောအခါ ချန်တောက်ယန်က မျက်ခုံးပင့်လိုက်ပြီး

“အကြီးအကဲမဟူရာ... ခင်ဗျားက ဂုဏ်သရေရှိ နိဗ္ဗာနနယ်ပယ် တစ်ဝက်တစ်ပျက်ရောက်နေတဲ့သူပဲ။ ကျီအာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်တုန်းက ခင်ဗျားက ဘေးမှာ ရှိမနေဘူးလား ဒါမှမဟုတ် အဲဒီတုန်းက ခင်ဗျား ဘယ်ရောက်နေလို့လဲ”

“ဗျာ...”

အကြီးအကဲမဟူရာမှာ ခေတ္တမျှ ကြောင်အသွားပြီး ရင်ထဲတွင်လည်း ကျိန်ဆဲနေမိတော့သည်။ သူက “အဲဒါက... ဟို... ကျွန်တော်... ကျွန်တော်က...” ဟု ထစ်ထစ်ငေါ့ငေါ့ဖြင့်သာ ပြောနိုင်ရှာသည်။

အကြီးအကဲမဟူရာ စကားမဆုံးမီမှာပင် အကြီးအကဲမင်က သူ့ကို ဘေးတစောင်း ကြည့်လိုက်ပြီး ခပ်ထေ့ထေ့ ပြုံးလျက် “ဒီမြေခွေးအိုကြီး ဘာလုပ်နေမလဲဆိုတာ တွေးနေဖို့တောင် မလိုပါဘူး။ မိန်းကလေးငယ်လေးတွေနောက် လိုက်ပြီး နှိပ်စက်နေတာပဲ ဖြစ်မှာပေါ့” ဟု ဝင်ပြောလိုက်သည်။

ဝုန်း

အကြီးအကဲမဟူရာ၏ မျက်နှာမှာ နီရဲသွားပြီး ဒေါသတကြီးဖြင့် “ဘယ်သူ့ကို မြေခွေးအိုကြီးလို့ ခေါ်တာလဲ”

“ဒီမှာ ငါတို့ သုံးယောက်တည်း ရှိတာလေ။ မင်း မဟုတ်ရင် မျိုးနွယ်စုခေါင်းဆောင်ကြီး ဖြစ်မှာမို့လို့လား”

အကြီးအကဲမင်က အထင်သေးစွာဖြင့် ပြန်ပက်လိုက်သည်။

“မင်း... မင်း... မင်းလို လူယုတ်မာကတော့ ငါ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာပဲ”

အကြီးအကဲမဟူရာမှာ ဒေါသထွက်လွန်းသဖြင့် ရှက်ရမ်းရမ်းကာ အော်ဟစ်နေတော့သည်။

“ဟဲ... တောက် မင်းမှာ ဂုဏ်သိက္ခာဆိုတာ ရှိလို့လား မင်းပဲ အမြဲတမ်း ငါကတော့ အသက်ကြီးလေ ဆွဲဆောင်မှုရှိလေပဲလို့ ကြွားနေတာ မဟုတ်ဘူးလား”

အကြီးအကဲမင်က အေးစက်စွာ ရယ်မောလိုက်သည်။

သူတို့နှစ်ဦး ထပ်မံ၍ အခြေအတင် ဖြစ်တော့မည့်ဆဲဆဲမှာပင်

“တော်ကြတော့”

ချန်တောက်ယန်က သူ၏ ထိုင်ခုံလက်တန်းကို ခပ်ဖွဖွ ပုတ်လိုက်သည်။

အကြီးအကဲမဟူရာနှင့် အကြီးအကဲမင်တို့မှာ အချင်းချင်း စိန်းစိန်းဝါးဝါး ကြည့်လိုက်ကြပြီးနောက် နှစ်ဦးစလုံးက နှာခေါင်းတစ်ချက်စီ ရှုံ့ကာ မျက်နှာလွှဲလိုက်ကြတော့သည်။

“ချင်းထျန်းကျန့်ဆိုတဲ့ လူအိုကြီးက အစွမ်းတော့ သိပ်မရှိဘူး။ ဦးနှောက်ကလည်း နည်းနည်းတော့ ထုံထိုင်းတယ်။ ဒါပေမဲ့ သူက လုံးဝ အသုံးမကျတာတော့ မဟုတ်ဘူး။ ကျီအာရဲ့ နောက်ကြောင်းနဲ့ အထောက်အထားမှာ တစ်ခုခုလွဲနေတယ်ဆိုတာ သူ သတိမထားမိဘဲ မနေနိုင်ဘူး...”

ချန်တောက်ယန်က မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး ကျောက်စားပွဲ၏ လက်တန်းကို စည်းချက်မမှန်ဘဲ တတောက်တောက် ပုတ်နေမိသည်။ ဤသည်မှာ သူ တစ်စုံတစ်ခုကို အသည်းအသန် စဉ်းစားနေသည့်အခါ ပြုလုပ်လေ့ရှိသော အလေ့အကျင့်ပင်။

ရုတ်တရက်

“ဒါတော့ မဟုတ်သေးဘူး”

ချန်တောက်ယန်မှာ တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့် ဆတ်ခနဲ မတ်မတ်ထိုင်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“ချင်းထျန်းကျန့်ဆိုတဲ့ လူအိုကြီးက ထုံထိုင်းတယ်ဆိုပေမဲ့ လူလည်ကျတဲ့ နေရာမှာတော့ ကောက်ကျစ်စဉ်းလဲတဲ့ နည်းလမ်းတွေ အများကြီး ရှိတာပဲ”

“ဒီလူအိုကြီးက ကျီအာရဲ့ အထောက်အထားကို သိသိကြီးနဲ့ပဲ ရေငုံနှုတ်ပိတ်နေတာ ဖြစ်ရမယ်။ ပြီးတော့ ကျီအာကို ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ လှေကြီးပေါ်မှာ အပြီးတိုင် ချည်နှောင်ထားဖို့ အစွမ်းကုန် ကြိုးစားနေတာပဲ”

သူ ကျီအာကို နတ်ဘုရားသားတော်အဖြစ် ခန့်အပ်လိုက်တာ မဆန်းတော့ဘူး။ ဒီအဖိုးကြီးရဲ့ နည်းလမ်းတွေအရဆိုရင် နောက်ထပ်ခြေလှမ်းက ကျီအာအတွက် အိမ်ထောင်ရေး ကိစ္စတွေကို စီစဉ်ပေးတာမျိုး ဖြစ်လိမ့်မယ်။

ဤအချက်ကို တွေးမိသည်နှင့် ချန်တောက်ယန်၏ မျက်နှာမှာ ပိုမို ခန့်မှန်းရခက်လာတော့သည်။

“နက်နဲသောကမ္ဘာ အကြီးအကဲတို့... မင်းတို့နှစ်ယောက် ကျီအာဆီကို ချက်ချင်း သတင်းပို့လိုက်စမ်း။ ချင်းထျန်းကျန့်ဆိုတဲ့ လူအိုကြီးကို သတိထားဖို့ အဲဒီအဖိုးကြီး ပြောသမျှ စကားတစ်ခွန်းမှ မယုံဖို့ သွားပြောချေ”

အကြီးအကဲနှစ်ဦးမှာ အချင်းချင်း ကြည့်လိုက်ကြပြီး မချိပြုံး ပြုံးလိုက်ကြမိသည်။

နှစ်ပေါင်းရာချီအောင် အဆက်အသွယ်မရှိခဲ့ကြတဲ့ ဒီပြိုင်ဘက်ဟောင်းကြီး နှစ်ယောက်က အခုမှ ဘာလို့ ထပ်ပြီး ပြိုင်ဆိုင်နေကြတာပါလိမ့်။

“မျိုးနွယ်စုခေါင်းဆောင်ကြီးခင်ဗျာ... အကယ်၍ တတိယသခင်လေးက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို တကယ်ပဲ အုပ်ချုပ်နိုင်မယ်ဆိုရင် ဒါက ကျွန်တော်တို့ ချန်မျိုးနွယ်စုအတွက် ကောင်းတဲ့အရာ ဖြစ်မနေဘူးလား”

အကြီးအကဲများက သတိကြီးစွာဖြင့် မေးမြန်းလိုက်ကြသည်။

“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့ မြန်မြန်သွားကြစမ်း”

ချန်တောက်ယန်က လေသံမာမာဖြင့် ဟောက်လိုက်သည်။

“နားလည်ပါပြီခင်ဗျာ”

နက်နဲသောကမ္ဘာ အကြီးအကဲနှစ်ဦးမှာလည်း ခေါင်းလေးပုကာ နောက်ထပ် ဘာမှမပြောရဲတော့ဘဲ အလျင်အမြန်ပင် ထွက်ခွာသွားကြတော့သည်။

...

...

တစ်ချိန်တည်းမှာပင် ချင်းကျိုးရှိစားသောက်ဆိုင်တစ်ခု၏ ပြတင်းပေါက်ဘေးရှိ ဝိုင်းတွင် လူနှစ်ဦး ထိုင်နေကြသည်။

တစ်ဦးမှာ ဝတ်ရုံနက်ကို ဆင်မြန်းထားပြီး ကျောထက်တွင် အနက်ရောင် သံမဏိဓားရှည်တစ်လက်ကို လွယ်ထားကာ ခေါင်းတွင်မူ ဝါးခပတ်ဦးထုပ် အဝိုင်းကြီးကို ဆောင်းထားသည်။ ဦးထုပ်၏ အနားသတ်မှာ အတော်လေး နိမ့်ဆင်းနေသဖြင့် သူ၏ မျက်နှာကို ကောင်းစွာ မမြင်ရပေ။

အခြားတစ်ဦးမှာလည်း ဝတ်ရုံနက်ကိုပင် ဝတ်ဆင်ထားသော်လည်း သူ၏ ပေါ်ထွက်နေသော လက်များနှင့် လည်ပင်းတို့တွင်မူ မီးခိုးဖြူရောင် ပတ်တီးများကို ရစ်ပတ်ထားသည်။

သူတို့နှစ်ဦးစလုံးမှာ တိတ်ဆိတ်နေကြပြီး လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေကြသည်ဟု ထင်ရသော်လည်း အမှန်စပ်စပ်မှာမူ ဘေးဝိုင်းမှ ကျန်းကျိုးနယ်သား ကျင့်ကြံသူတစ်စု၏ စိတ်အားထက်သန်စွာ ဆွေးနွေးနေမှုများကို နားစွင့်နေခြင်းပင်။

ခဏအကြာတွင် ဘေးဝိုင်းမှ ကျင့်ကြံသူများမှာ စားသောက်ပြီး၍ စိတ်လက်ကြည်သာစွာဖြင့် ထွက်ခွာသွားကြမှသာ ထိုလူနှစ်ဦးမှာ လက်ဖက်ရည်ခွက်များကို ချလိုက်ပြီး အချင်းချင်း ကြည့်လိုက်ကြတော့သည်။

“ရှောင်ပင်း... ကောင်းကင်လှိုင်း နတ်ဘုရားသားတော်တဲ့လား နှစ်ထပ်ကွမ်း အကန့်အသတ်ကျော်သူဆိုပဲ။ ကျင့်ကြံခြင်းလောကမှာ ဒီလိုလူမျိုး ဘယ်တုန်းက ပေါ်လာတာလဲ ဘာလို့ အရင်က တစ်ခါမှ မကြားဖူးရတာလဲ ဒါက မဖြစ်နိုင်တာ...”

မုန့်ဟဲတုန်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

သူ၏မျက်နှာချင်းဆိုင်ရှိ လျှို့ဝှက်ဆန်းကြယ်သော လူမှာမူ သံချောင်းချင်း ပွတ်တိုက်နေသည့်အလား ကြမ်းရှလှသော အသံဖြင့် ပြောလိုက်သည်။

“ဒီလောကကြီးက အံ့ဩစရာတွေနဲ့ ပြည့်နေတာပဲ။ ဒီပြင်ပလောကမှာ ငါတို့မသိတဲ့ ပါရမီရှင်တွေ အများကြီး ရှိနေနိုင်တယ်။ တချို့ဆိုရင် ဗဟုသုတ မရှိလို့ မကျင့်ကြံနိုင်ဘဲ သာမန်ဘဝနဲ့ပဲ ဖြတ်သန်းနေရတာတွေ ရှိတာပဲ”

“ဒီရှောင်ပင်းကတော့ ကံကောင်းသွားတာနေမှာပေါ့။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ သတိထားမိခြင်းကို ခံလိုက်ရပြီး သူရဲ့ပါရမီကို ဖော်ထုတ်နိုင်ခဲ့တာဆိုတော့ အံ့ဩစရာတော့ မရှိပါဘူး”

“တကယ်ပဲလား”

မုန့်ဟဲတုန်းမှာ မျက်မှောင်ကြုတ်ထားဆဲပင်။

“နောက်တစ်လအတွင်းမှာ ငါ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားဖို့ ပြင်နေတာ။ ဒီလို အရေးကြီးတဲ့ အချိန်ကျမှ ကောင်းကင်လှိုင်းထဲမှာ ဒီလိုလူမျိုး ရုတ်တရက် ပေါ်လာတာက... ဘာကြောင့်လဲတော့ မသိဘူး။ ငါ့ရင်ထဲမှာ တစ်ခုခု မကောင်းတော့သလို ခံစားနေရတယ်”

လျှို့ဝှက်ဆန်းကြယ်သော လူမှာ ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ရယ်မောကာ ပြောလိုက်သည်။

“ငါတို့လို ကျင့်ကြံသူတွေက အဆင့်မြင့်လာလေလေ ဟင်းလင်းပြင်ထဲကနေ နားမလည်နိုင်တဲ့ ကံကြမ္မာရဲ့ ရွေးချယ်မှုတွေကို ပိုပြီး ခံစားသိရှိလာနိုင်လေလေပဲ။ အဲဒါကိုပဲ အလိုလိုသိစိတ်လို့ ခေါ်တာပေါ့။ အဲဒီအသိစိတ်က တကယ်တော့ အနာဂတ်ကနေ ပေးလိုက်တဲ့ သတိပေးချက်တစ်ခုပဲ”

“မင်းအနေနဲ့ တစ်ခုခုလွဲနေတယ်လို့ ခံစားနေရမှတော့ ငါ့အမြင်အရဆိုရင် ဘေးကင်းဖို့အတွက် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားမယ့်ခရီးကို ခေတ္တရွှေ့ဆိုင်းလိုက်တာက ပိုကောင်းမလားလို့”

အခန်း။ ၁၇၀

“ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားမယ့်ခရီးကို ရွှေ့ဆိုင်းရမယ် ဟုတ်လား”

မုန့်ဟဲတုန်းသည် ကိုင်ထားသော လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။

“မဖြစ်နိုင်တာ”

“ဟိုတုန်းက လီရန်က ငါ့ရဲ့ မုန့်မျိုးနွယ်စုဆီလာပြီး စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့တုန်းက ငါ့မိသားစုက တစ်ရပ်ကွက်လုံးရဲ့ လှောင်ပြောင်စရာ ဖြစ်ခဲ့ရတာ။ အဲဒီတုန်းက ငါက ဆယ်နှစ်တာ ကတိတစ်ခုကို သစ္စာဆိုခဲ့ပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သေချာပေါက် သွားမယ်လို့ ဆုံးဖြတ်ခဲ့တာ”

“အခု အချိန်စေ့ပြီဆိုမှတော့ ငါ ဘယ်လိုလုပ် နောက်ဆုတ်နိုင်မှာလဲ”

ထိုသို့ပြောလိုက်ပြီးနောက် မုန့်ဟဲတုန်းသည် အသက်ကို ဝဝရှူလိုက်ရာ သူ၏ ပြတ်သားသော မျက်နှာထက်တွင် ပြင်းထန်သော ယုံကြည်ချက်များ လျှံထွက်လာခဲ့သည်။

“ဒီနတ်ဘုရားသားတော်ဆိုတဲ့သူက လီရန်ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးမလား မပေးဘူးလားဆိုတာကို ခဏထားလိုက်ဦး...”

“အကယ်၍ သူက တကယ်ပဲ ဝင်ပါလာခဲ့ရင်တောင် ဘာဖြစ်လဲ ငါက ရှုံးလိမ့်မယ်လို့ မင်းထင်လို့လား”

ထိုစကားကို ကြားသောအခါ ထူးဆန်းသောလူမှာလည်း သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မှေးမှိန်စွာ ပြုံးလိုက်၏။

“အင်းလေ... ဒါဆိုရင်လည်း မင်းအောင်မြင်ပါစေလို့ ငါ ကြိုတင်ပြီး ဆုတောင်းပေးလိုက်ပါတယ်”

“ဟားဟားဟား... မင်းရဲ့ ဆုတောင်းအတိုင်း ဖြစ်ပါစေဗျာ”

မုန့်ဟဲတုန်းက ခပ်ပါးပါး ပြုံးလျက် မတ်တတ်ရပ်လိုက်ပြီး “အစ်ကိုယွမ်... ဒီမှာ ခဏလောက် နားနေဦး။ ငါ မိသားစုဆီ ခဏလောက် ပြန်သွားလိုက်ဦးမယ်” ဟု ပြောကာ ထွက်ခွာသွားတော့သည်။

“ကောင်းပါပြီ”

မုန့်ဟဲတုန်း ထွက်ခွာသွားပြီးနောက် ထိုထူးဆန်းသောလူသည် ခေါင်းကိုလှည့်၍ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရှိရာ အရပ်မျက်နှာသို့ လှမ်းကြည့်လိုက်သည်။

မကြာတော့ပါဘူး။

မုန့်ဟဲတုန်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို ရောက်တာနဲ့ ငါ့ရဲ့တာဝန်ကို အဆုံးသတ်ပြီး သခင်လေးနဲ့ ပြန်တွေ့ရမယ့် အချိန်ဖြစ်မှာပဲ။

ထိုလူက စိတ်ထဲမှ တိုးတိတ်စွာ တွေးနေစဉ်မှာပင် ပတ်တီးများကို ဖောက်ထွက်ကာ အရိုးကိုက်ပိုးကောင်တစ်ကောင်မှာ သူ၏ အရေပြားထဲမှ ထွက်ပေါ်လာခဲ့သည်။

ကျွတ်စ်….

ထိုလူသည် အရိုးကိုက်ပိုးကောင်ကို ဖျစ်ညှစ်ပစ်လိုက်ပြီးနောက် သူ၏ ညာလက်ဖြင့် ရင်ဘတ်ကို မတော်တဆအလား ဝှေ့ယမ်းလိုက်ရာ အရေပြားနှင့် အသားလွှာများမှာ ချက်ချင်းပင် ပြတ်တောက်သွားပြီး အတွင်း၌ တုန်ခါနေသော နှလုံးသားကို မြင်တွေ့လိုက်ရသည်။

ထိုနီရဲနေသော နှလုံးသားပေါ်တွင်မူ အဆိပ်ရှိသော ပိုးမွှားမျိုးစုံမှာ အုံခဲနေကြပြီး သူ၏ နှလုံးသားနှင့် အသားစများကို အဆက်မပြတ် ဝါးမြိုကာ အတွင်းရှိ သွေးများကို စုပ်ယူနေကြ၏။ သူ၏ အဆုတ်၊ အစာအိမ်နှင့် အခြားသော အင်္ဂါအစိတ်အပိုင်းများမှာလည်း ပိုးဥများဖြင့် ပြည့်နှက်နေသည်။

“အရိုးကိုက်ပိုးကောင်... နာကျင်မှုကို ဖော်ပြဖို့တောင် စကားလုံးမရှိဘူးလို့ ပြောကြတယ်။ လူတစ်ယောက်ကို နာကျင်လွန်းလို့ သေလောက်အောင် နှိပ်စက်နိုင်တယ်တဲ့...”

“တကယ်တမ်းကျတော့လည်း ဘာမှမဟုတ်ပါလား”

ထိုထူးဆန်းသောလူသည် မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာပေးဖြင့် သူဖမ်းဆီးထားသော အရိုးကိုက်ပိုးကောင်ကို သူ၏ ရင်ဘတ်အပေါက်အတွင်းသို့ တိုက်ရိုက်ပင် ပြန်လည်ထည့်သွင်းလိုက်သည်။

သူ၏ လက်ကြီးသည် ရင်ဘတ်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများကို အပိုင်းပိုင်းပြတ်တောက်သွားသည်အထိ မွှေနှောက်နေတော့သည်။ ဓားပေါင်းသောင်းခြောက်ထောင်ဖြင့် အမွှန်းခံနေရသကဲ့သို့ စူးရှလှသော နာကျင်မှုများက ဦးနှောက်ဆီသို့ ရိုက်ခတ်လာ၏။ ထိုလူသည် မချိမဆံ့ ညည်းတွားလိုက်မိသော်လည်း သူ၏ မျက်နှာထက်တွင်မူ ကျေနပ်အားရသော အပြုံးတစ်ခု ရှိနေခဲ့သည်။

“စားစမ်း... အကုန်စားပစ်လိုက်စမ်း”

သူသည် ပိုးကောင်ကို ကြေမွနေသော အင်္ဂါအစိတ်အပိုင်းများပေါ်သို့ ဖိချလိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အနီရောင်အလင်းတန်းများ ဖျတ်ခနဲ လက်သွားတော့သည်။

...

...

တစ်ချိန်တည်းမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ တောင်ဘက်တောင်ထိပ်ရှိ တိုက်ရိုက်ဆက်ခံသူများ နေထိုင်ရာ အိမ်တော်အပြင်ဘက်၌။

“နတ်ဘုရားသားတော်က အခုထိ တရားထိုင်ရာကနေ ပြန်ထွက်မလာသေးဘူးလား”

ကွမ်းဟဲခန်းမဆောင်မှ လာရောက်သော အစေခံအိုကြီးတစ်ဦးက တင်းကျပ်စွာ ပိတ်ထားသော အိမ်တော်တံခါးရှေ့တွင် ရပ်ကာ မေးမြန်းနေခြင်းပင်။ ချန်ကျီရှင်းကို လာရှာသော ကွမ်းထျန်းယွီကပင် ပြန်ဖြေလိုက်သည်။

“မထွက်လာသေးဘူးဗျ။ ဂိုဏ်းချုပ်ကြီးက တစ်စုံတစ်ရာ ခိုင်းစေချင်လို့လား ကျွန်တော့်ကို ပြောထားခဲ့လို့ ရပါတယ်။ ညီလေးရှောင် ထွက်လာတာနဲ့ ကျွန်တော် သတင်းစကား ပါးလိုက်ပါ့မယ်”

အစေခံအိုကြီးက ယဉ်ကျေးစွာ ပြုံးပြလျက် “အရေးတကြီးတော့ မဟုတ်ပါဘူး။ ဂိုဏ်းချုပ်ကြီးက နတ်ဘုရားသားတော်အတွက် စီစဉ်ပေးထားတဲ့ နတ်ဘုရားနန်းဆောင်ကို အပြင်အဆင်တွေ အားလုံး အပြီးသတ်လိုက်ပြီမို့လို့ပါ။ နတ်ဘုရားသားတော် ထွက်လာရင် အဲဒီကို ပြောင်းရွှေ့နေထိုင်လို့ရပြီလို့ လာပြောတာပါ” ဟု ပြောလိုက်သည်။

“ကောင်းပါပြီ ကျွန်တော် ညီလေးရှောင်ကို ပြောပြလိုက်ပါ့မယ်”

“ဒါဆိုရင်တော့ ဂုဏ်သရေရှိ စစ်မှန်သောတပည့်ကွမ်းကိုပဲ ဒုက္ခပေးရတော့မှာပေါ့”

အစေခံအိုကြီး ထွက်ခွာသွားပြီးနောက် ကွမ်းထျန်းယွီသည် တင်းကျပ်စွာ ပိတ်ထားဆဲဖြစ်သော အနီရောင်တံခါးကြီးကို တစ်ချက်ကြည့်ကာ ခေါင်းခါယမ်းလျက် လှည့်ထွက်သွားတော့သည်။

အိမ်တော်အတွင်း၌မူ အစီအရင်ပေါင်းများစွာဖြင့် ဝန်းရံထားသော ကျင့်ကြံခြင်းအခန်းအတွင်း၌ ချန်ကျီရှင်းသည် ကျောက်ရုပ်တစ်ရုပ်အလား တင်ပလ္လင်ခွေ ထိုင်နေခဲ့သည်။

သူသည် ခုနစ်ရက်တိုင်တိုင် တရားထိုင်ခြင်း အခြေအနေအတွင်းသို့ ရောက်ရှိနေခဲ့ခြင်းပင်။ ဤခုနစ်ရက်အတွင်း ချန်ကျီရှင်းသည် ပြင်ပလောကရှိ အရာအားလုံးကို လုံးဝမေ့လျော့ထားကာ အသိဉာဏ်ပွင့်ခြင်း၏ အနက်ရှိုင်းဆုံးသော အဆင့်သို့ ရောက်ရှိနေသည်။

ထိုအခိုက်အတန့်၌ ရေတွက်၍မရနိုင်သော သင်္သကရိုက်ဗြဟ္မာတံဆိပ်တော်များသည် မဟာတာအိုသင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကခုန်နေကြတော့သည်။

သူ၏ အရေပြားတစ်လက်မချင်းစီနှင့် အရိုးတိုင်းမှ အတိုင်းအဆမရှိသော ရတနာအလင်းတန်းများ တောက်ပစွာ ထွက်ပေါ်နေ၏။

နောက်တစ်ခဏ၌

“အချိန်ကာလတွေရဲ့ အထက်မှာ ရှိနေတဲ့ မလှုပ်မယှက် တောက်ပနေတဲ့ ဘုရင်က... လခြမ်းပုံသဏ္ဌာန် အထွတ်အထိပ်ကို ဘယ်ခြေနဲ့ နင်း၊ ဦးခေါင်းပေါ်က လခြမ်းကိုတော့ ညာခြေနဲ့ နင်းချေလိုက်တဲ့ အချိန်မှာပဲ... မဟာလွတ်မြောက်ခြင်း နတ်မင်းက စိတ်ထဲမှာ အရာအားလုံးကို လုံးဝအသိမဲ့သွားပြီးတော့ အတိုင်းအဆမရှိတဲ့ တရားဓမ္မတွေကို ရရှိကာ ဗျာဒိတ်တော်ကို ခံယူခဲ့တယ်”

ချန်ကျီရှင်းသည် ဖြည်းညှင်းစွာ ရွတ်ဆို လိုက်သည်။

မလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာကို အောင်မြင်စွာ ကျင့်ကြံပြီးဆုံးသွားသည်နှင့် ချန်ကျီရှင်း၏ မျက်လုံးများမှာ ရုတ်တရက် ပွင့်လာခဲ့သည်။

ဝုန်း…

သူ၏ သူငယ်အိမ်များမှာ အနက်ရောင် ဆုတောင်းခြင်း အမှတ်အသားများအဖြစ် လုံးဝပြောင်းလဲသွားခဲ့သည်။

ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေနိုင်ကာ စကြဝဠာကိုပင် အက်ကွဲသွားစေနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခုသည် ချန်ကျီရှင်း၏ မျက်ဝန်းများအတွင်းမှ ချက်ချင်း ပေါက်ကွဲ၍ ထွက်ပေါ်လာတော့သည်။

ချန်ကျီရှင်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသော ရတနာအလင်းတန်းများမှာ ပြန်လည်ကျုံ့ဝင်သွားပြီး အသားစများနှင့် အရိုးများအတွင်းသို့ စိမ့်ဝင်သွားကြ၏။

ချန်ကျီရှင်း၏ ရုပ်ခန္ဓာမှာ မြင်တွေ့နေရသည့် အရှိန်အဟုန်ဖြင့်ပင် သိသိသာသာ သန်မာလာတော့သည်။ သူ၏ ဆံပင်တစ်ပင်ချင်းစီမှပင် ကောင်းကင်ယံအလင်းတန်းများ တောက်ပနေပြီး အရိုးနှင့် အသားစတိုင်းတွင် မဟာတာအိုသင်္ကေတများ ရိုက်နှိပ်ခံထားရသည်။

ခဏအကြာတွင်မူ ချန်ကျီရှင်းသည် ခေါင်းငုံ့လိုက်ပြီး သူ၏လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်သည်။

ဒုန်း…

သူ၏ လက်ဖဝါးအတွင်းရှိ ဟင်းလင်းပြင်မှာ ဖြည်းဖြည်းချင်း ပြိုကွဲသွားတော့သည်။

“ငါ့ရဲ့ ရုပ်ခန္ဓာခွန်အားက အနည်းဆုံး အဆပေါင်းများစွာ တိုးလာတာပဲ...”

“အရေးကြီးဆုံးကတော့ ငါ့ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်စွမ်းအားက ၁၀ ဆကျော်လောက်အထိ တိုးတက်လာတာပဲ”

ချန်ကျီရှင်း၏ မျက်ဝန်းထဲတွင် အားရကျေနပ်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ဤမလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာမှာ ကောင်းကင်ဘုံမှ ဖန်တီးထားသည်ဟု ဆိုစမှတ်ပြုကြသည့်အတိုင်း လူသားသဏ္ဌာန်ရှိသော သက်ရှိများ ကျင့်ကြံရန်အတွက် အကောင်းဆုံးသော ရုပ်ခန္ဓာကျင့်စဉ်ပင် ဖြစ်သည်။

ဤကျင့်စဉ်တွင် အတွဲနှစ်တွဲရှိပြီး တံဆိပ်တော် စုစုပေါင်း ၁၄ ခု ပါဝင်သည်။

[မလှုပ်မယှက် ဆက်နွှယ်မှုငါးပါး တံဆိပ်တော် - ပါးစပ်တံဆိပ်တော်]

[မလှုပ်မယှက် ဆက်နွှယ်မှုငါးပါး တံဆိပ်တော် - မျက်စိတံဆိပ်တော်]

[မလှုပ်မယှက် ဆက်နွှယ်မှုငါးပါး တံဆိပ်တော် - ဦးခေါင်းတံဆိပ်တော်]

[မလှုပ်မယှက် ဆက်နွှယ်မှုငါးပါး တံဆိပ်တော် - နှလုံးသားတံဆိပ်တော်]

[မလှုပ်မယှက် အခြေခံတံဆိပ်တော် - ဝရဇိန်တံဆိပ်တော်]

[တောင်တန်းပမာ မလှုပ်မယှက် တံဆိပ်တော် - ရတနာတောင်တံဆိပ်တော် ]

ဤခုနစ်ရက်တာအတွင်း သူသည် ပထမအတွဲမှ တံဆိပ်တော်ငါးခုကိုသာ ကျင့်ကြံနိုင်ခဲ့သေးသော်လည်း သူ၏ ရုပ်ခန္ဓာခွန်အားနှင့် ခံနိုင်ရည်မှာ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်လိုက်သကဲ့သို့ ထူးခြားပြောင်မြောက်စွာ ပြောင်းလဲသွားခဲ့သည်။

ချန်ကျီရှင်း၏ လက်ရှိအဆင့်အတန်းတွင် ရုပ်ခန္ဓာကို ထပ်မံသန်မာလာအောင် ပြုလုပ်ရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲလှသည်ကို သတိပြုရမည်ပင်။ ဤအချက်ကပင် မလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာမှာ မည်မျှအထိ ကောင်းကင်ဘုံ၏ နိယာမများကို ဆန့်ကျင်နေသလဲဆိုသည်ကို မီးမောင်းထိုးပြနေခြင်းပင်။

“ရုပ်ခန္ဓာခွန်အားနဲ့ ခံနိုင်ရည် တိုးတက်လာတာဟာ ငါ့ရဲ့ အလုံးစုံသော စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးလိုက်တာပဲ”

“ပိုပြီး အရေးကြီးတာကတော့...”

“အရင်က ရပ်တန့်နေခဲ့တဲ့ နွားနတ်ဆိုး ကြယ်တာရာကျင့်စဉ်ကို အရှိန်အဟုန်နဲ့ ပြန်ပြီး ကျင့်ကြံလို့ရပြီ”

ချန်ကျီရှင်း၏ မျက်ဝန်းထဲတွင် ထိုးထွင်းသိမြင်မှု အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ဒါနဲ့တင် မကသေးဘူး ငါ့ရဲ့ စုဆောင်းမှုတွေကလည်း လုံလောက်နေပြီဆိုတော့... ရုပ်ခန္ဓာရဲ့ မဟာတာအိုမျိုးစေ့ကို စုစည်းပြီး စစ်မှန်သောကိုယ်ပိုင် စတုတ္ထအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားလို့ ရနေပြီ”

ခဏအကြာတွင်မူ ချန်ကျီရှင်းသည် သူ၏ လက်ခြေများကို အနည်းငယ် ဆန့်ထုတ်လိုက်ရာ တစ်ကိုယ်လုံးမှ အရိုးမြည်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော တောက်ပသည့် ရတနာအလင်းတန်းများမှာ အစအနမကျန်အောင် ပျောက်ကွယ်သွားပြီး ကောင်းကင်ယံအလင်းများ စိမ့်ဝင်နေသော ဆံနွယ်နက်များမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ချန်ကျီရှင်းသည် မတ်တတ်ရပ်ကာ အိမ်တော်အတွင်းမှ ထွက်လာခဲ့သည်။ ရက်ပေါင်းများစွာ တရားထိုင်ပြီးနောက်တွင်မူ ပြင်ပအခြေအနေများကို လေ့လာရန် အချိန်တန်ပြီ ဖြစ်သည်။

သူသည် အိမ်တော်မှ ထွက်သည်နှင့် မုယွဲ့မေကို ဂါရဝပြုရန် တောင်ထိပ်နန်းဆောင်သို့ အရင်ဆုံး သွားခဲ့သည်။ လမ်းတွင် ကွမ်းထျန်းယွီနှင့် ဆုံခဲ့ပြီး ချင်းထျန်းကျန့် စီစဉ်ပေးထားသော နတ်

ဘုရားနန်းဆောင်အကြောင်းကို ကြားသိခဲ့ရသော်လည်း ချန်ကျီရှင်းသည် ခေတ္တစဉ်းစားပြီးနောက် ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်သည်။ သူသည် တောင်ဘက်တောင်ထိပ်တွင်သာ နေသားကျနေပြီဖြစ်၍ နေရာမပြောင်းလိုတော့ပေ။

ချန်ကျီရှင်းသည် ကွမ်းထျန်းယွီနှင့်အတူ လီရန်ကို သွားရှာရန် ပြင်နေစဉ်မှာပင် သူ၏ ခါးတွင် ချိတ်ဆွဲထားသော ဆက်သွယ်ရေး အဆောင်လက်ဖွဲ့မှာ အနည်းငယ် တုန်ခါလာခဲ့သည်။

“အင်း မိသားစုဆီက သတင်းပဲ...”

“ပြီးတော့... ချန်ချိုးအာအကြောင်း သတင်းလား”

ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို မှေးလိုက်ရာ သူ၏အကြည့်များမှာ ချက်ခြင်း စူးရှသွားတော့သည်။

All Chapters