အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အခန်း။ ၁၆၅
ဝုန်း…..
စိန်ခေါ်မှု တိုက်ကြီးတစ်ခုလုံး တုန်ဟည်းသွားပြီး ဖုန်မှုန့်စင်တိုင်းမှာ လေထဲသို့ လွင့်ပျံတက်လာသည်။ ဟင်းလင်းပြင်တစ်ခုလုံးမှာ တစ်လက်မချင်း လိမ်ယှက်သွားပြီး မြေပြင်မှာလည်း တစ်စစီ အက်ကွဲကာ ပျက်စီးလာတော့သည်။
ခန်ရုံ၏ အသံအဆုံးတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် ဟင်းလင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
“နာမော သာမန္တ၊ မုဒါနံ၊ ဝါရီရာ၊ နာဟန်...”
ခန်ရုံသည် သူ၏လက်ချောင်းများကို ပန်းပွင့်ပုံစံကျစ်လိုက်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ကာ မလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာကို တိုးတိတ်စွာ ရွတ်ဆိုနေတော့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ မရေမတွက်နိုင်သော အနက်ရောင် ဗုဒ္ဓကျမ်းစာလုံးများမှာ ခန္ဓာကိုယ်မှ လွင့်ထွက်လာပြီး သူ၏ အနောက်ဘက်တွင် တစ်စုတစ်ဝေးတည်း စုစည်းလာကြသည်။
မမြင်နိုင်သော စွမ်းအားတစ်ခုက ခန်ရုံကို အလိုအလျောက် မြှောက်တင်ပေးလိုက်ရာ သူသည် လေထုထဲတွင် လွင့်မျောနေတော့သည်။
နောက်တစ်ခဏ၌ ယူဇနာပေါင်းများစွာ မြင့်မားလှသော ဧရာမ ပုံရိပ်ကြီးတစ်ခုမှာ ခန်ရုံ၏ အနောက်တွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ ကြီးမားထည်ဝါပြီး ခန့်ညားလှသော အနက်ရောင် ဗုဒ္ဓရုပ်ပွါးတော်ကြီးပင်။
ထိုဗုဒ္ဓ၏ တစ်ကိုယ်လုံးမှာ အနက်ရောင်သန်းသော စိမ်းပြာရောင်ရှိပြီး ကြာပန်းလမင်း ပလ္လင်တော်ထက်တွင် ထိုင်နေသည်။ ဦးခေါင်းတော်ပေါ်တွင် ပန်းပွင့်ချပ်ငါးခုပါသော သရဖူကို ဆောင်းနှင်းထားကာ ဆံပင်တော်များမှာ ဖားလျားကျနေ၏။ မျက်လုံးတော် သုံးလုံးရှိရာ ဘယ်ဘက်မျက်လုံးက အထက်သို့ ကြည့်နေပြီး ညာဘက်မျက်လုံးက အောက်သို့ ငုံ့ကြည့်နေကာ တတိယမျက်လုံးမှာမူ ရှေ့သို့ တည့်တည့် စိုက်ကြည့်နေသည်။
ဦးခေါင်းတော်၏ နောက်ကွယ်တွင်မူ အနက်ရောင် မီးလျှံများမှာ ပြင်းထန်စွာ တောက်လောင်နေကြသည်။ ၎င်း၏ လက်များထဲတွင်မူ အရာဝတ္ထုနှစ်ခုကို ကိုင်ဆောင်ထား၏။ ညာလက်တွင် နတ်နဂါးရှစ်ကောင်ရစ်ပတ်ထားသော အနက်ရောင် နဂါးဓားကို ကိုင်ထားပြီး ဘယ်လက်တွင်မူ အနက်ရောင် ကြိုးကွင်းကို ကိုင်ဆောင်ထားသည်။
ကြိုးကွင်း၏ တစ်ဖက်အစွန်းတွင် ချိတ်တစ်ခုပါရှိပြီး အခြားတစ်ဖက်တွင်မူ ဝရဇိန်
လက်နက်တစ်ခု ပါရှိသည်။
“မလှုပ်မယှက် မြတ်စွာဘုရားလား”
ချန်ကျီရှင်းသည် ခေါင်းကိုမော့ကာ စကြဝဠာတစ်ခုလုံးကို သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားသကဲ့သို့ ထည်ဝါလှသော မလှုပ်မယှက် တောက်ပသော ဘုရင်ကြီးကို ငေးကြည့်ရင်း မျက်လုံးများကို ဖြည်းဖြည်းချင်း မှေးလိုက်သည်။ ဤဗုဒ္ဓမှာ ဧကန်မုချ ဂမ္ဘီရဂိုဏ်း၏ မလှုပ်မယှက် တောက်ပသော ဘုရင်ပင်။
“ရှောင်ပင်း... မင်းမှာ ရှေးဦးနွားနတ်ဆိုးရှိရင် ငါ့မှာလည်း မလှုပ်မယှက် တောက်ပသော ဘုရင်ရှိတယ်။ ဘယ်သူနိုင်မလဲဆိုတာ အခုမှ ကြည့်ကြသေးတာပေါ့”
ခန်ရုံသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ၏ မျက်သူငယ်အိမ်များမှာ ပျောက်ကွယ်သွားပြီး ၎င်းတို့နေရာတွင် အနက်ရောင်ဓမ္မတံဆိပ်တော်နှစ်ခု အစားထိုး ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
“ငါးခါမြောက်”
ချန်ကျီရှင်းက ပြန်လည်ဖြေကြားခြင်းမပြုဘဲ အသံကို နှေးကွေးစွာဖြင့်သာ ပြောလိုက်သည်။
“ဖရိုဖရဲ ကြယ်တာရာပင်လယ် နွားနတ်ဆိုးမြေပုံ... ပွင့်စမ်း”
ဝုန်း….
ရုတ်ချည်းပင် ချန်ကျီရှင်း၏ အနောက်ဘက်၌ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ကြယ်တာရာ ကောင်းကင်ယံ လိပ်စာချပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ နေနှင့်လမှာ အတူတကွ ယှဉ်တွဲလျက် ထွက်ပေါ်နေပြီး နဂါးငွေ့တန်းကြီးမှာလည်း စီးဆင်းနေ၏။ ဝေဝါးတောက်ပလှသော အဆုံးမရှိသည့် ကြယ်တာရာပင်လယ်ကြီးမှာ ဝဲဂယက်တစ်ခုအလား လည်ပတ်နေတော့သည်။
ထူထပ်လှသော ဖရိုဖရဲဖြစ်နေသည့်မြူထုများအကြားတွင် ခွန်အားကြီး နွားနတ်ဆိုး၅၁၃ ကောင်မှာ မြေပြင်ကို နင်းလျက် ခေါင်းကမူ ကောင်းကင်ယံသို့ ထိုးတက်နေကာ လူသားများကဲ့သို့ပင် မတ်တတ်ရပ်နေကြသည်။
ဤခဏ၌ ကောင်းကင်ယံတစ်ခုလုံးကို နတ်ဆိုးနတ်ဘုရားများဖြစ်သည့် နွားနတ်ဆိုးကြီးများနှင့် ခန့်ညားထည်ဝါလှသော မလှုပ်မယှက် တောက်ပသော ဘုရင်တို့၏ ဓမ္မရုပ်သွင်များက ဖုံးလွှမ်းသွားတော့သည်။ မိုင်ပေါင်း ထောင်ချီဝေးကွာသော နေရာမှ ကြည့်လျှင်ပင် ကောင်းကင်ကို ထောက်လျက် မြေပြင်ကို နင်းထားသည့် ကြောက်မက်ဖွယ်ရာ ဧရာမ ဓမ္မရုပ်သွင်ကြီး နှစ်ခုကို မြင်တွေ့နေရပြီပင်။
ကွမ်းဟဲခန်းမဆောင်နှင့် ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်တွင်မူ
“ဒါ... ဒါက ကမ္ဘာပျက်တော့မှာလား”
တောင်ဘက်နှင့် မြောက်ဘက် တောင်ထိပ်နှစ်ခုစလုံးမှ တပည့်များသည် ကောင်းကင်ယံသို့ မော့ကြည့်ရင်း တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်း ဖြစ်လာကာ သရဲသဘက်များကို မြင်လိုက်ရသည့်အလား ထိတ်လန့်တုန်လှုပ်နေကြတော့သည်။
မလှုပ်မယှက် တောက်ပသော ဘုရင်နှင့် ရှေးဦး နွားနတ်ဆိုးမှာ စစ်မှန်သောကိုယ်ပိုင်
နယ်ပယ်၏ တိုက်ပွဲမျိုး မဟုတ်တော့ဘဲ ဒဏ္ဍာရီလာ ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဆိုးများအကြား အားပြိုင်မှုသာ ဖြစ်တော့သည်။
ယခုအချိန်တွင် ဖြူဖွေးသောကျောက်စိမ်းကွင်းပြင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။
“ဒါ ခန်ရုံက သူရဲ့ ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်သွင်ကို ပထမဆုံးအကြိမ် ထုတ်သုံးတာလား”
“ပိုပြီး ကြောက်ဖို့ကောင်းတာက အဲဒီ ဂျူနီယာတပည့်ပဲ”
ကွမ်းထျန်းယွီက မိန်းမောတွေဝေနေသော အသံဖြင့် ပြောလိုက်သည်။
သူကိုယ်တိုင်လည်း စစ်မှန်သောကိုယ်ပိုင်နယ်ပယ်တွင် ရှိနေသူတစ်ဦး ဖြစ်သော်လည်း နဝမမြောက်ကောင်းကင်ယံထက်တွင် ခန်ရုံနှင့် ချန်ကျီရှင်းတို့ ဖြန့်ကျက်ထားသော ဓမ္မရုပ်သွင်များ၏ အရှိန်အဝါက သူ့ကိုပင် အသက်ရှူကျပ်သွားစေခဲ့သည်။
လီရန်မှာမူ ပြန်မဖြေနိုင်တော့ပေ။ သူမ၏ အပြစ်ပြောစရာမရှိသော မျက်နှာထက်တွင် မည်
သည့် ခံစားချက်မျှ မရှိတော့ဘဲ ကြီးမားလှသော တုန်လှုပ်မှုများကသာ အစားထိုး၍ ဝင်ရောက်လာခဲ့သည်။
"မြေလှန်ပစ်နိုင်လောက်တဲ့ ဒီလောက်ပြင်းထန်တဲ့ စွမ်းအားမျိုးကို စစ်မှန်သောကိုယ်ပိုင်
နယ်ပယ်မှာ တကယ်ပဲ ပိုင်ဆိုင်နိုင်လို့လား"
ကွမ်းဟဲခန်းမဆောင်။
ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ ဂိုဏ်းချုပ်ကြီး ချင်းထျန်းကျန့် ဦးဆောင်သော အဆင့်မြင့်အကြီးအကဲ အမြောက်အမြားမှာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ သူတို့၏ မျက်ခုံးနှင့် မုတ်ဆိတ်မွှေးများမှာ ပြင်းထန်လှသော အရှိန်အဝါကြောင့် လွင့်ခါနေပြီး အကြည့်များကမူ နဝမမြောက်ကောင်းကင်ယံထက်သို့သာ စူးစိုက်ထားကြ၏။
“မလှုပ်မယှက် တောက်ပသော ဘုရင်မြတ် ပြီးတော့... ခွန်အားကြီး နွားနတ်ဆိုး ငါးရာကျော်”
အဆင့်မြင့်အကြီးအကဲတစ်ဦးမှာ အံ့ဩလွန်းလှသဖြင့် အသက်ရှူပင် မှားသွားရပြီး သူ၏မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုများ အထိုင်းသား ပေါ်ပေါက်လာခဲ့သည်။
ဤအစွမ်းသတ္တိနှစ်ခုစလုံးမှာ ရှေးဟောင်းဒဏ္ဍာရီများထဲတွင်သာ တည်ရှိခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ လက်တွေ့လောက၌ အမှန်တကယ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
“ဂိုဏ်းချုပ်ကြီး... ရှောင်ပင်းက ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်အသိစိတ်လမ်းစဉ်ရဲ့ ဓမ္မရုပ်သွင်ကို စုစည်းထားတာလို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား အခု ဘယ်လိုဖြစ်ပြီး ခွန်အားလမ်းစဉ်ရဲ့ ဓမ္မရုပ်သွင်ကိုပါ စုစည်းနိုင်ရတာလဲ”
ချင်းထျန်းကျန့်၏နောက်ကွယ်မှ ဝတ်ရုံနက်ဝတ်အဖိုးအိုက လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။
“ကိုးနတ်ဘုရားကျင့်စဉ်...”
ချင်းထျန်းကျန့်မှာ သူ၏မျက်နှာထက်မှ အပြုံးများကို ရုပ်သိမ်းထားသည်မှာ ကြာပြီဖြစ်သည်။ သူ၏ အကြည့်များမှာ နဝမမြောက်ကောင်းကင်ယံထက်မှ ချန်ကျီရှင်းထံ၌သာ အမြဲမပြတ် ရှိနေခဲ့သည်။
“ဒီလူငယ်လေးက ကိုးနတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံထားတာ ဖြစ်ရမယ်။ အဲဒီကျင့်စဉ်က မဟာတာအိုကိုးခုကို ဖွင့်လှစ်ပေးနိုင်စွမ်း ရှိတယ်လေ။ တာအိုမျိုးစေ့ ကိုးခုကို စုစည်းပြီး ဓမ္မရုပ်သွင် ကိုးခုကို ဖန်တီးနိုင်တာပေါ့”
ထိုစကားကြောင့် ဝတ်ရုံနက်ဝတ်အဖိုးအို၏ စိတ်အစဉ်မှာ ပြင်းထန်စွာ လှုပ်ခတ်သွားရသည်။ သူက မယုံကြည်နိုင်ဟန်ဖြင့် “ဂိုဏ်းချုပ်ကြီး... ဒီကိုးနတ်ဘုရားကျင့်စဉ်က ပျောက်ကွယ်သွားတာ ကြာပြီလို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား တစ်စုံတစ်ယောက်က ရရှိခဲ့ရင်တောင် ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ အောင်မြင်အောင် မကျင့်ကြံနိုင်ဘူး ဆိုတာလေ”
ချင်းထျန်းကျန့်က ပြန်မဖြေဘဲ ချန်ကျီရှင်းကိုသာ ဆက်လက်စိုက်ကြည့်နေ၏။ သူ၏ ယခင်က ဝေဝါးနေခဲ့သော မျက်ဝန်းများမှာ ယခုအခါတွင်မူ ပုံဆောင်ခဲအလား ကြည်လင်တောက်ပနေပြီ ဖြစ်သည်။
“ဇီဝေချန်မျိုးနွယ်စုကတော့ တကယ့်ကို နဂါးတစ်ကောင်ကို မွေးထုတ်လိုက်တာပဲ။ သက်
ရှည်ကျန်းမာပါစေလို့ပဲ မျှော်လင့်ရတော့မှာပေါ့”
သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။
နောက်တစ်ခဏ၌ သူ၏ ဝတ်ရုံလက်စွပ်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ မြောက်မြားစွာသော ဓမ္မတံဆိပ်တော်များ ထွက်ပေါ်လာပြီး စိန်ခေါ်မှုတိုက်ကြီး၏ အထက်တွင် အကာအကွယ် အစီအရင်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုအစီအရင်မှာ သူတို့နှစ်ဦး၏ အစွမ်းများကို အပြင်သို့ မပေါက်ကြားအောင် သီးသန့်ခွဲထုတ်ထားပေးခြင်းပင်။
မဟုတ်ပါက သူတို့နှစ်ဦး တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် မိုင်ပေါင်းထောင်ချီသော မြေပြင်မှာ အမှုန့်ဖြစ်သွားနိုင်ပြီး ဂိုဏ်းစောင့်အစီအရင်ဖြင့် ကာကွယ်ထားသော ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ တစ်ခုတည်းသာ ကျန်ရစ်ပေလိမ့်မည်။
ယခုအချိန်တွင်မူ မရေမတွက်နိုင်သော မျက်လုံးများမှာ အလင်းကြည့်မှန်ချပ်ထဲမှ ပုံရိပ်ကိုသာ အာရုံစိုက်နေကြတော့သည်။
ဤတိုက်ပွဲမှာ သမိုင်းတွင် ကျန်ရစ်မည့် တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်ကို လူတိုင်း သိရှိနေကြသည်။
နဝမမြောက်ကောင်းကင်ယံထက်တွင်။
“သေစမ်း”
ခန်ရုံ၏ နက်ရှိုင်းသော အော်ဟစ်သံနှင့်အတူ ကြာပန်းလမင်း ပလ္လင်တော်ထက်တွင် ထိုင်နေသော မလှုပ်မယှက် တောက်ပသော ဘုရင်ကြီးမှာ ရုတ်ချည်း လှုပ်ရှားလာတော့သည်။
၎င်း၏ ဓားကိုင်ထားသော ညာလက်မှာ ပြင်းထန်စွာ ဝှေ့ယမ်းခုတ်ချလိုက်ရာ ဟင်းလင်းပြင်ကြီးမှာ ပိတ်စတစ်ခုအလား တဖြဖြ ဆုတ်ပြဲသွားရ၏။
“တတိယမြောက် အသက်ရှူသံ”
ချန်ကျီရှင်း၏ မျက်ဝန်းများ ဝင်းလက်သွားပြီး သူ၏အနောက်မှ နွားနတ်ဆိုး၅၁၃ ကောင်မှာလည်း တပြိုင်နက်တည်း လှုပ်ရှားလာကြတော့သည်။
ဘုန်း ဘုန်း ဘုန်း….
နွားနတ်ဆိုး ငါးရာကျော်နှင့် မလှုပ်မယှက် တောက်ပသော ဘုရင်တို့ ထိပ်တိုက်တွေ့ဆုံကြပြီး ကောင်းကင်ကြီး ပြိုကျကာ မြေပြင်ကြီး အပိုင်းပိုင်း ကွဲအက်သွားသလို စကြဝဠာကြီးပင် နှစ်
ခြမ်းကွဲသွားမတတ် ပြင်းထန်လှ၏။ အဆုံးမရှိသော ဖရိုဖရဲဖြစ်နေသည့် မြူထုများမှာ ပျံ့နှံ့သွားပြီး မသေမျိုးအလင်းတန်းများမှာလည်း အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြသည်။
သူတို့နှစ်ဦး၏ ထိတွေ့မှုတိုင်းမှာ ကြယ်တစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ရှိပြီး ဘေးထွက်တုန်ခါမှုလှိုင်းများကပင် သာမန် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကျင့်ကြံသူတစ်ဦးကို အမှုန့်ခြေပစ်ရန် လုံလောက်လှသည်။ ဤအတုမဲ့ ဓမ္မရုပ်သွင်ကြီးနှစ်ခု၏ အားပြိုင်မှုမှာ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား မြေ၊ ရေ၊ လေ၊ မီး အစရှိသည့် အခြေခံဓာတ်ကြီးများကိုပါ ဖရိုဖရဲ ဖြစ်စေတော့သည်။
မရေမတွက်နိုင်သော ဟင်းလင်းပြင်များမှာ ကြေမွပျက်စီးသွားပြီး ဟင်းလင်းပြင်အစအနများအဖြစ် ပြောင်းလဲသွားကာ ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် လေဆင်နှာမောင်းကြီးများအဖြစ် ပြန်လည်စုစည်းသွားကြ၏။
“သေပေတော့”
ချန်ကျီရှင်း၏ ဟိန်းဟောက်သံနှင့်အတူ ရှေးဦးနွားနတ်ဆိုး၅၁၃ ကောင်မှာ မလှုပ်မယှက် တောက်ပသော ဘုရင်၏ လက်မောင်းများကို အားမာန်ပါပါ ဆွဲကိုင်ကာ ဆွဲဖြဲပစ်လိုက်ကြသည်။
ဝုန်း….
စက္ကန့်ပိုင်းအတွင်းမှာပင် မြေလှန်မတတ် ထည်ဝါခန့်ညားလှသော မလှုပ်မယှက် တောက်ပသော ဘုရင်ဓမ္မရုပ်သွင်ကြီးမှာ နှစ်ပိုင်းကွဲထွက်သွားတော့သည်။
ဒုန်း
နောက်တစ်ခဏ၌ ထိုဓမ္မရုပ်သွင်ကြီးမှာ ရုတ်ချည်းပင် အပိုင်းပိုင်းအစစ ကြေမွသွားပြီး မရေမတွက်နိုင်သော ဝိညာဉ်အလင်းမိုးစက်များအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးအနှံ့သို့ ပျံ့လွင့်သွားတော့သည်။
လေထဲတွင် လွင့်မျောနေသော ခန်ရုံမှာလည်း ၎င်း၏ဒဏ်ကို မခံနိုင်တော့ဘဲ သွေးများ ဝေါကနဲ အန်ထွက်လာကာ ကောင်းကင်ယံမှ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့သည်။ သူသည် ပင့်ကူအိမ်အလား အက်ကွဲပျက်စီးနေသော မြေပြင်ထက်မှ ဧရာမ ကျင်းကြီးတစ်ခုအတွင်းသို့ ကျရောက်သွား၏။
သူ၏ မျက်နှာမှာ ရွှေရောင်စက္ကူအလား ဖြူလျော်နေပြီး သွေးစက်ပင် မကျန်တော့ပေ။ သူသည် မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း အကြိမ်ကြိမ် ရှုံးနိမ့်ကာ မြေပြင်ပေါ်သို့သာ ပြန်လည် လဲကျသွားတော့သည်။
“ငါ ပြောသားပဲ... မင်း နိုင်မှာ မဟုတ်ဘူးလို့”
ကောင်းကင်ယံထက်မှ ကြယ်တာရာပင်လယ်နှင့် နွားနတ်ဆိုး ၅၁၃ ကောင်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ချန်ကျီရှင်းမှာမူ သူ၏လက်ကို ခါယမ်းကာ ခန်ရုံရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာတော့သည်။
အခန်း။ ၁၆၆
စိန်ခေါ်မှုတိုက်ကြီးတစ်ခုလုံးမှာ မည်သူမျှ သတိမထားမိလိုက်ဘဲ သေလောက်အောင် တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်သည်။
နဝမမြောက်ကောင်းကင်ယံ၏ လေပြင်းများကသာ မြေပြင်ထက်မှ ဖုန်မှုန့်များကို တိုက်
ထုတ်လျက် ဟိန်းဟောက်ကာ ဖြတ်သန်းသွားပြီး ကျန်ရစ်ခဲ့သည်မှာ ကျင်းကြီးကျင်းငယ်များဖြင့် ပြည့်နှက်နေသည့် ကမ္ဘာပျက်ကိန်းဆိုက်နေသော မြင်ကွင်းတစ်ခုသာ။
“ငါ ရှုံးသွားပြီ.....”
ခန်ရုံသည် ခွန်အားမဲ့စွာ မြေပြင်ပေါ်၌ လဲလျောင်းနေရင်း သူ၏ခေါင်းကို အားယူမော့ကြည့်လိုက်ကာ အဝေးမှ တစ်လှမ်းချင်း လျှောက်လှမ်းလာသော ချန်ကျီရှင်းကို လှမ်းကြည့်လိုက်သည်။
ရှုံးနိမ့်ခြင်းဆိုသည်မှာ သူ့ဘဝတွင် တစ်ခါမျှ မကြုံဖူးခဲ့သော အရာပင်။ သူ တတ်ကျွမ်းသမျှ နည်းစနစ်အားလုံးကို အသုံးပြုခဲ့သော်လည်း သူ၏ရှေ့မှ ရှောင်ပင်းအမည်ရှိ ထိုလူက သူ့ကို အားစိုက်စရာပင် မလိုဘဲ အလွယ်တကူ ချေမှုန်းပစ်ခဲ့သည်။
“တကယ် နာကျည်းဖို့ကောင်းတာပဲ ဒါပေမဲ့... ငါ အသက်ရှူအကြိမ် ဆယ်ခါစာတော့ ခံနိုင်ခဲ့တယ် မဟုတ်လား”
ခန်ရုံသည် ရင်ထဲ၌ သက်ပြင်းချလိုက်ပြီးနောက် သူ၏ရှေ့တွင် ရပ်နေသော ချန်ကျီရှင်းကို ကြည့်ကာ စိတ်ဓာတ်ကျနေသော လေသံဖြင့် ခေါင်းငုံ့၍ ပြောလိုက်သည်။
“ငါ့ကို အရှက်ခွဲဖို့ ကြံနေတာလား ငါ့မှာ ဘာမှပြောစရာမရှိပါဘူး။ ငါ့ရဲ့ အရည်အချင်းက မင်းထက် နိမ့်ကျနေလို့ပဲ ဆိုတာကလွဲရင်.....”
သူ စကားမဆုံးမီမှာပင် ရုတ်တရက် လက်တစ်ဖက်က သူ၏ရှေ့သို့ ဆန့်ထုတ်လာခဲ့သည်။ ခန်ရုံမှာ ထိုလက်ကို မြင်လိုက်ရသည့်အခါ ဆွံ့အသွားရပြီး ဝေခွဲမရသည့်အကြည့်များဖြင့် မော့ကြည့်လိုက်မိ၏။
“မင်းက အားနည်းနေတာ မဟုတ်ပါဘူး။ ငါက အရမ်းသန်မာနေလို့ပါ”
ချန်ကျီရှင်းက အလေးအနက် ပြောလိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ဆက်ပြောသည်။
“ငါ့ကို ရှုံးရတာဟာ ရှက်စရာ မဟုတ်ပါဘူး”
“ဒီလူကတော့.....”
ထိုစကားကို ကြားသောအခါ ခန်ရုံမှာ ခါးသီးစွာ မရယ်ဘဲ မနေနိုင်တော့ပေ။ ဤလူ့ထံမှ ထွက်ပေါ်နေသော ထိုယုံကြည်ချက်လွန်ကဲမှုကို သူ တကယ်ပင် မနှစ်မြို့သေးသည်မှာ အမှန်ပင်။
သို့သော်လည်း.....
ဖျတ်
ခန်ရုံသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ချန်ကျီရှင်း ကမ်းပေးထားသော လက်ကို ဆုပ်ကိုင်ကာ သူ၏ခန္ဓာကိုယ်ကို အားယူ၍ မတ်တတ်ရပ်လိုက်သည်။
“မင်းပြောတာ မှန်ပါတယ်”
ချန်ကျီရှင်းက သူ့ကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။
“ဒါဆို... ငါလိုချင်တဲ့ အရာတွေကရော ဘယ်မှာလဲ”
“မင်းကတော့ တော်တော်လောတာပဲ”
ခန်ရုံ၏ သိုလှောင်လက်စွပ်မှ အလင်းတစ်ချက် ဝင်းလက်သွားပြီး သူ၏လက်ထဲတွင် ဆေးလုံးအချို့ ပေါ်လာသည်။ သူသည် ထိုဆေးလုံးများကို မျိုချလိုက်ရာ ဖြူလျော်နေသော သူ၏မျက်နှာထက်တွင် သွေးရောင် ဖြည်းဖြည်းချင်း ပြန်လည်လွှမ်းမိုးလာခဲ့သည်။
နောက်တစ်ခဏ၌ ခန်ရုံသည် မျက်လုံးများကို မှိတ်ကာ လက်ဟန်အချို့ကို ပြုလုပ်လိုက်သည်။ ပါးလွှာသော အနက်ရောင် ကျမ်းစာလိပ်တစ်ခုမှာ သူ၏နဖူးအလယ်ဗဟိုမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့သည်။
“စိတ်ချပါ... ငါ မင်းကို လိမ်မှာမဟုတ်ပါဘူး”
ခန်ရုံသည် ထိုအနက်ရောင်ကျမ်းစာလိပ်ကို ချန်ကျီရှင်းထံသို့ ကမ်းပေးလိုက်၏။ ချန်ကျီရှင်းမှာ ကျမ်းစာကို လှမ်းယူလိုက်သော်လည်း ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကျမ်းစာလိပ်ပေါ်တွင် မည်သည့် စာသား သို့မဟုတ် ပုံရိပ်မျှ မရှိဘဲ ဗလာသက်သက်သာ ဖြစ်နေသောကြောင့်ပင်။
ချန်ကျီရှင်းက ခန်ရုံကို လှမ်းကြည့်လိုက်သည့်အခါ
“ငါ့ကို အဲဒီလို လာမကြည့်နဲ့။ ဒီကျင့်စဉ်က လူသားတွေ ဖန်တီးခဲ့တာ မဟုတ်နိုင်တဲ့အတွက် ဘာစာမှ ရှိမှာမဟုတ်ဘူး။ ဒါမှမဟုတ် အထဲက အကြောင်းအရာတွေကို မင်းကိုယ်တိုင် သိမြင်
နားလည်အောင် လုပ်ရမှာမျိုးလည်း ဖြစ်နိုင်တယ်”
ခန်ရုံက ဆက်ရှင်းပြသည်။
“ဒါက မလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာရဲ့ ပထမတွဲပဲ ရှိသေးတယ်။ အောက်တွဲကတော့ ဘယ်မှာရှိနေမလဲဆိုတာ ငါလည်း မသိဘူး။ ဒါပေမဲ့ မင်းသာ ဒီကျင့်စဉ်ကို ကျင့်နိုင်မယ်ဆိုရင် ဒီအပေါ်တွဲ တစ်ဝက်တည်းနဲ့တင် မင်းအတွက် အကျိုးကျေးဇူးတွေက အဆုံးမရှိနိုင်ဘူး”
သူသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလျက် ပြောလိုက်သည်။
“ရှောင်ပင်း... ဒီကျင့်စဉ်ကို ကျင့်ဖို့ဆိုတာ မလွယ်ဘူးနော်။ တကယ်တော့ ဒီကမ္ဘာပေါ်မှာ ဒီကျင့်စဉ်ကို ရတဲ့သူက ငါတစ်ယောက်တည်း မဟုတ်ဘူး။ ဒါပေမဲ့ ငါတစ်ယောက်ပဲ အောင်မြင်အောင် ကျင့်နိုင်ခဲ့တာ”
“ဒါက ကံတရားလည်း လိုသလို သိမြင်နားလည်နိုင်စွမ်းက ပိုပြီးတော့တောင် လိုအပ်သေးတယ်”
ချန်ကျီရှင်းသည် မလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာကို သိမ်းဆည်းလိုက်ပြီး အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ငါ့မှာ အပိုအလျှံဆုံးက အဲဒီ သိမြင်နားလည်နိုင်စွမ်းနဲ့ ကံတရားပဲ”
“ကောင်းပြီလေ... ဒါဆိုရင် မင်းအောင်မြင်ပါစေလို့ပဲ ငါဆုတောင်းပေးပါတယ်”
ခန်ရုံက ခေါင်းညိတ်ပြလိုက်၏။
ချန်ကျီရှင်းက ခန်ရုံကို ကြည့်ကာ ပြုံးလျက် “အင်း... နောက်တစ်ခါ ထပ်ပြီး ယှဉ်ပြိုင်ချင်သေးတယ်ဆိုရင်လည်း အချိန်မရွေး လာရှာလို့ရတယ်နော်။ မင်းနဲ့ တိုက်ခိုက်ရတာ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်”
ပြောပြီးသည်နှင့် ချန်ကျီရှင်းသည် နောက်သို့လှည့်ကာ ခန်ရုံကို လက်ပြနှုတ်ဆက်လိုက်သည်။
ဒုန်း
ချန်ကျီရှင်းသည် သူ၏ ညာခြေဖြင့် မြေပြင်ကို ဆောင့်နင်းလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ စိန်ခေါ်မှုတိုက်ကြီးပေါ်မှ ပျောက်ကွယ်သွားတော့သည်။
“ဒီလူကတော့ကွာ...”
ခန်ရုံသည် မတတ်သာသလို ခေါင်းခါယမ်းလိုက်ပြီးနောက် အသက်ကို ဝဝရှူကာ အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် စိန်ခေါ်မှုတိုက်ကြီးမှ ထွက်ခွာသွားတော့သည်။
ကွမ်းဟဲခန်းမဆောင်၏ အပြင်ဘက် ဖြူဖွေးသော ကျောက်စိမ်းကွင်းပြင်တွင်…
“စစ်မှန်သောတပည့်ရှောင်”
ချန်ကျီရှင်းမှာ ကွင်းပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာသည်နှင့် တောင်ဘက်တောင်ထိပ်မှ မြောက်မြားစွာသော တပည့်များက သူ့ကို အတိုင်းအဆမရှိသော အားကျကြည်ညိုမှုများဖြင့် ဝိုင်းအုံကာ ကြည့်ရှုကြတော့သည်။
နိုင်ပြီကွ……
တောင်ထိပ်နှစ်ခု ပြိုင်ပွဲကြီး၏ သမိုင်းတစ်လျှောက် နှစ်ပေါင်းတစ်ရာအတွင်း တောင်ဘက်တောင်ထိပ်မှ ပထမဆုံးအကြိမ် အနိုင်ရရှိခြင်းပင်။ စက္ကန့်ပိုင်းအတွင်းမှာပင် တောင်ဘက်တောင်ထိပ် တပည့်ပေါင်းများစွာမှာ သူတို့၏ ရင်ထဲမှ အားမလိုအားမရဖြစ်မှုများကို ဖြေဖျောက်သည့်အလား ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြတော့သည်။
အခြားတစ်ဖက်ရှိ မြောက်ဘက်တောင်ထိပ်မှ တပည့်များပင်လျှင် ချန်ကျီရှင်းကို ကြောက်ရွံ့ရိုသေသော အကြည့်များဖြင့် ကြည့်နေကြသည်။ အခြားစကားများ ပြောနေရန်ပင် မလိုတော့ပါ။ ဤစစ်မှန်သောတပည့်ရှောင်၏ ခွန်အားမှာ ငြင်းဆန်၍မရနိုင်လောက်အောင် အစွမ်းထက်လှသည်။ ဤမျှ အင်အားကြီးသူတစ်ဦးအား အရာအားလုံးကို ဘေးဖယ်ထားကာ ရိုသေလေးစားကြရန်မှာ လုံလောက်သည်။
ကွမ်းထျန်းယွီနှင့် လီရန်တို့မှာလည်း ချန်ကျီရှင်းကို ကြည့်နေကြရာ သူတို့၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှုနှင့် အနည်းငယ်သော ခပ်စိမ်းစိမ်းဖြစ်မှုတို့က အလှည့်ကျ ပေါ်ပေါက်နေပြီး ပြောချင်သော စကားများမှာ ရင်ထဲတွင် ပြည့်နှက်နေသကဲ့သို့ပင်။ သို့သော်လည်း စကားပြောရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း အချင်းချင်း ကြည့်လိုက်မိရုံမှလွဲ၍ ဘာမှမပြောနိုင်ကြဘဲ ခါးသီးသော အပြုံးတစ်ခုဖြင့်သာ ပြောလိုက်သည်။
“ညီလေးရှောင်... မင်းကတော့ တကယ့်ကို လျှို့ဝှက်ချက်တွေ များလွန်းတာပဲ...”
သူတို့မှာ အသိဉာဏ်မရှိသူများ မဟုတ်ကြပေ။ ချန်ကျီရှင်း ပြသခဲ့သော ခွန်အားမျိုးမှာ အစေခံမျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးထံတွင် ရှိနိုင်သော အရာမျိုး မဟုတ်သည်မှာ ထင်ရှားလှသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော နွားနတ်ဆိုးဓမ္မရုပ်သွင်ကို လအနည်းငယ်အတွင်း ရရှိခဲ့သည်ဆိုခြင်းမှာလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ချန်ကျီရှင်းမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသို့ မဝင်ရောက်မီကတည်းက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ ရောက်ရှိပြီးသားဖြစ်သည့် အဆင့်မြင့်ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်သည်ဟု သူတို့ ခန့်မှန်းမိကြသည်။
“...”
ချန်ကျီရှင်းက ပြုံးနေသော်လည်း မည်သို့ပြန်ပြောရမည်ကို မသိသဖြင့် ခေါင်းကိုသာ ငြင်သာစွာ ငြိတ်ပြလိုက်သည်။
“ညီလေးရှောင်... ဆရာကရော မင်းရဲ့ တကယ့်အထောက်အထားကို သိလား”
လီရန်က ရှုပ်ထွေးသော အမူအရာဖြင့် မေးမြန်းလိုက်၏။
“သိပါတယ်”
ချန်ကျီရှင်းက ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ လီရန်နှင့် ကွမ်းထျန်းယွီတို့မှာ အချင်းချင်း ကြည့်လိုက်မိကြပြီးမှ ရင်ထဲတွင် သက်ပြင်းချကာ စိတ်အေးသွားကြတော့သည်။
ဆရာကိုယ်တိုင်က ညီလေးရှောင်၏ အစစ်အမှန်အထောက်အထားကို သိလျက်နှင့် ဤနေရာတွင် ဆက်လက်နေထိုင်ခွင့်ပြုထားခြင်းမှာ သူ၏အထောက်အထားကို လက်ခံအတည်ပြုပြီးသားဖြစ်သည်ဟု ဆိုလိုခြင်းပင်။
“ဒါဆိုရင်တော့ ကောင်းတာပဲ”
ကွမ်းထျန်းယွီမှာ နောက်ထပ် အများကြီးတွေးမနေတော့ဘဲ ရယ်မောလျက် ချန်ကျီရှင်း၏ ရင်ဘတ်ကို လက်သီးဖြင့် ခပ်ဖွဖွထိုးကာ “ကောင်လေး... မင်းရဲ့ ခွန်အားကတော့ တကယ်ကို အံ့မခန်းပဲ ငါ့ဘဝတစ်လျှောက်လုံးမှာ မင်းလောက် အစွမ်းထက်တဲ့လူမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး”
သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် “ဟေ့... ညီလေးရှောင် မင်း အချိန်ပေးပြီးတော့ ငါ့ကို ဘာတွေဖြစ်နေတာလဲဆိုတာ သေသေချာချာ ရှင်းပြရမယ်နော်”
ထိုစကားကြောင့် လီရန်ကလည်း လိုက်၍ ရယ်မောလိုက်ပြီး “မောင်လေးက မင်းရဲ့ စီနီယာအစ်မကိုတောင် တော်တော်လေး လျှို့ဝှက်ထားတာဆိုတော့ ငါ့ကိုလည်း ရှင်းပြဖို့ တာဝန်ရှိတယ်နော်”
“ကောင်းပါပြီဗျာ”
ချန်ကျီရှင်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦးမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသို့ လာရောက်သည့် ဤခရီးစဉ်တွင် သူရရှိခဲ့သော သူငယ်ချင်းများပင်။ သူ့တွင် သူငယ်ချင်းဟူ၍ အများကြီးမရှိရာ ဤနှစ်ဦးမှာ သူ၏သူငယ်ချင်းများဟု သတ်မှတ်၍ရသည်။ ထို့ကြောင့် ယခုအချိန်တွင်မူ သူ၏အထောက်အထားကို ဖုံးကွယ်ထားရန် သူစိတ်မဝင်စားတော့ပေ။
သူတို့ စကားပြောနေကြစဉ်မှာပင်
“ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်တော်အရ... တောင်ဘက်တောင်ထိပ်ရဲ့ တိုက်ရိုက်ဆက်ခံသူ ရှောင်ပင်းကို ဆုလာဘ်များ ချီးမြှင့်ရန်အတွက် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်စေ”
ကွမ်းဟဲခန်းမဆောင်၏ အပြင်ဘက်မှ ကျယ်လောင်သော အော်ဟစ်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ဆုလာဘ် ချီးမြှင့်မယ်”
ချန်ကျီရှင်းမှာ မျက်ခုံးပင့်လိုက်မိပြီး ကွမ်းထျန်းယွီနှင့် လီရန်တို့ကို လှည့်ကြည့်လိုက်သည်။ ကွမ်းထျန်းယွီနှင့် လီရန်တို့မှာလည်း အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သူတို့၏ မျက်ဝန်းထဲ၌ ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
“ပုံမှန်ဆိုရင်တော့ တောင်ထိပ်နှစ်ခု ပြိုင်ပွဲအပြီးမှာ အရင်းအမြစ် ခွဲဝေမှုတွေကိုပဲ ပြုလုပ်လေ့ရှိတာ။ ဒီလို ဆုချီးမြှင့်တဲ့ အခမ်းအနားမျိုး ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး”
“ညီလေးရှောင်... ခန်းမထဲကိုပဲ ဝင်ကြည့်လိုက်ပါ။ မကောင်းတဲ့အရာတော့ မဟုတ်နိုင်ပါဘူး”
ထိုစကားကြောင့် ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး ကွမ်းဟဲခန်းမဆောင်အတွင်းသို့ လျှောက်လှမ်းကာ ဝင်ရောက်သွားတော့သည်။
...
...
ကွမ်းဟဲခန်းမဆောင်အတွင်း၌ အဆင့်မြင့်အကြီးအကဲ မြောက်မြားစွာမှာ ခန်းမဆောင်၏ ဘေးတစ်ဖက်တစ်ချက်တွင် နေရာယူထားကြပြီး တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
ကောင်းကင်လှိုင်းဂိုဏ်းချုပ် ချင်းထျန်းကျန့်မှာမူ အလယ်ဗဟိုရှိ အမြင့်ဆုံးနေရာတွင် ထိုင်နေပြီး မျက်လုံးများကို အနည်းငယ် မှိတ်လျက် တစ်စုံတစ်ခုကို စဉ်းစားနေဟန် ရှိသည်။ ဝတ်ရုံနက်ဝတ် အဖိုးအိုမှာ ချင်းထျန်းကျန့်၏ အနောက်တွင် ရိုသေစွာ ရပ်နေရင်းမှ မနေနိုင်ဘဲ လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
“ဂိုဏ်းချုပ်ကြီး... ရှောင်ပင်းကို အဲဒီဘွဲ့ထူး ချီးမြှင့်ဖို့ တကယ်ပဲ ဆုံးဖြတ်ထားတာလား။ ဒါက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ အနာဂတ်တစ်ခုလုံးကို သူ့လက်ထဲမှာ ပုံအောပြီး လောင်းကြေးထပ်လိုက်တာနဲ့ အတူတူပဲနော်”
“ကျေးဇူးပြုပြီး နောက်တစ်ကြိမ်လောက် ပြန်ပြီး စဉ်းစားပေးပါဦး”
ထိုစကားကို ကြားသောအခါ ချင်းထျန်းကျန့်က မျက်လုံးကို မှိတ်ထားဆဲမှာပင် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ငါတို့ရဲ့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအနေနဲ့ ဒီလို တစ်ခါမျှ မကြုံဖူးသေးတဲ့ ပါရမီရှင်မျိုးနဲ့ ဆုံတွေ့ရဖို့ဆိုတာ တကယ်ကို ခဲယဉ်းလှတယ်။ ဒါကြောင့် ဘာလို့ လောင်းကြေးမထပ်ကြည့်ရမှာလဲ”
“ချန်မျိုးနွယ်စုရဲ့ ဒီတတိယသခင်လေးက ဒီခေတ်ကာလမှာ ထာဝရရှင်သန်ခြင်းလမ်းစဉ်ကို သက်သေပြနိုင်မယ့် အလားအလာရှိတယ်။ အကယ်၍ ငါတို့သာ သူနဲ့အတူ လိုက်ပါနိုင်မယ်ဆိုရင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက အထွတ်အထိပ်ကို တကယ်ပဲ ပြန်ရောက်နိုင်လိမ့်မယ် အဲဒီလို မဖြစ်ခဲ့ရင်တောင်မှ အနာဂတ်ရဲ့ အစွမ်းထက် ထာဝရရှင်သန်သူတစ်ဦးနဲ့ စစ်မှန်တဲ့ သံယောဇဉ်ကို တည်ဆောက်ထားနိုင်မှာပဲ။ ဘယ်လိုပဲကြည့်ကြည့် ငါတို့အတွက် အကျိုးရှိတာချည်းပါပဲ”