← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁) - ရုပ်သေးဆရာ လူငယ်လေး

နင်းမျိုးနွယ်စုဝင်တို့၏ အစည်းအဝေးခန်းမအတွင်းဝယ်...။

ဝိညာဉ်အလင်းတိုင်မှ ထွက်ပေါ်လာသော အလင်းရောင်သည် တစ်ခန်းလုံးကို ထိန်ထိန်လင်းစေလျက် ရှိ၏။

ထိုနေရာတွင် နင်းမျိုးနွယ်စု၏ အကြီးအကဲ၊ မျိုးနွယ်စု ဆက်ခံမည့် သခင်လေးနှင့် မျိုးနွယ်စုဝင် လူကြီးသူမများအားလုံး စုံညီစွာ ရောက်ရှိနေကြချေပြီ။

၎င်းတို့၏လက်ထဲတွင် ယခုနှစ်အတွင်း ကျင်းပပြီးစီးခဲ့သော နင်းမျိုးနွယ်စု၏ အဓိက စာမေးပွဲမှတ်တမ်းများ တင်ပြထားသည့် ကျောက်စိမ်းပြားအချို့ အဆင့်ဆင့် ကူးပြောင်းရောက်ရှိနေသည်။

မျိုးနွယ်စုအကြီးအကဲသည် မိမိလက်ထဲရှိ ကျောက်စိမ်းပြားကို အသာအယာ ပွတ်သပ်ရင်း မျက်မှန်ကို မှေးစေ့ထား၏။ သူ၏ အာရုံအာကာသထဲတွင်မူ ကျောက်စိမ်းပြားအတွင်း မှတ်တမ်းတင်ထားသော မြင်ကွင်းတို့သည် တရိပ်ရိပ် ပြန်လည် ပေါ်ပေါက်လာနေသည်။

ယခင်နှစ်များနှင့်မတူဘဲ ယခုနှစ်တွင် သူသည် စက်မှုပညာရပ် ဆိုင်ရာ စစ်ဆေးမှုကိုသာ အထူးအာရုံစိုက်နေမိသည်။

ယခုအကြိမ် နင်းမျိုးနွယ်စု၏ စက်မှုပညာရပ် စစ်ဆေးမှုတွင် ရုပ်သေးကြိုးများကို ထိန်းချုပ်နိုင်စွမ်း ရှိ၊ မရှိ ဆိုသည်ကို အဓိကထား၍ ပြောင်းလဲစစ်ဆေးခဲ့ခြင်း ဖြစ်ပေသည်။

မျိုးနွယ်စုဝင် ကျင့်ကြံသူ လူငယ်လေးများသည် မိမိတို့၏ ကျင့်စဉ်စွမ်းအားများကို ရုပ်သေးကြိုးများမှတစ်ဆင့် ရုပ်သေးရုပ်အတွင်းသို့ စီးဝင်စေကြရသည်။

ထိုသို့ စီးဝင်စေပြီးနောက် စိတ်အာရုံနှင့် ကျင့်စဉ်စွမ်းအား နှစ်ရပ်ကို ပေါင်းစပ်လျက် ရုပ်သေးရုပ်ကို လှုပ်ရှားစေကာ ကပြစေကြခြင်း ဖြစ်၏။

သို့ရာတွင် စစ်ဆေးမှုအတွင်း အတော်ဆုံးဟု ဆိုရမည့် လူငယ်များပင်လျှင် ရုပ်သေးရုပ်ကို လမ်းလျှောက်စေခြင်း၊ လေထဲတွင် ဝှေ့ယမ်းစေခြင်းနှင့် မြေပြင်ပေါ်တွင် လူးလိမ့်စေခြင်းမျှသာ ပြုလုပ်နိုင်ကြသည်ကို တွေ့ရ၏။

ခြုံငုံ၍ ဆိုရသော် ကြည့်ရသည်မှာ များစွာ အားရကျေနပ်ဖွယ် မရှိချေ။

မျိုးနွယ်စုအကြီးအကဲသည် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီးနောက် ကျောက်စိမ်းပြားအတွင်းမှ သူ၏ စိတ်အာရုံကို ရုပ်သိမ်းကာ ဘေးရှိ စားပွဲပေါ်သို့ အသာအယာ တင်လိုက်လေသည်။

“ဒီတစ်ခေါက် မျိုးနွယ်စု စာမေးပွဲမှာတော့ တို့လူငယ်တွေထဲကနေ စက်မှုပညာရှင် ဖြစ်လာမယ့် မျိုးစေ့လေးတစ်ယောက်တောင် မတွေ့ရပါလား”

ဟု နင်းမျိုးနွယ်စု အကြီးအကဲက သက်ပြင်းတစ်ချက်ချရင်း ဆိုလိုက်၏။

ထိုအခါ သင်ကြားရေးတာဝန်ခံ လူကြီးမင်းမှာ ဖိအားများလာသဖြင့် ပျာပျာသလဲပင် တုံ့ပြန်ပြောကြားရတော့သည်။

“မျိုးနွယ်စု အကြီးအကဲနှင့် လူကြီးမင်းတို့... ကျွန်တော်တို့ နင်းမျိုးနွယ်စုဟာ ‘အဆောင်လက်ဖွဲ့’ အတတ်မှာသာ ကျွမ်းကျင်ကြတာပါ။ ကျင့်စဉ်ပညာရပ် အမျိုးတစ်ရာထဲမှာ စက်မှုပညာရပ်ဆိုတာက သီးသန့်ပညာရပ်တစ်ခု ဖြစ်နေပါတယ်။ ကျွန်တော်တို့မှာ စက်မှုပညာရပ်နဲ့ ပတ်သက်လို့ အခြေခံလည်း နည်းပါးသလို၊ သင်ကြားပေးတဲ့ ဆရာတွေကလည်း တစ်ပိုင်းတစ်စတတ်သူတွေပဲ ရှိတာကြောင့် စက်မှုပညာရှင် မျိုးစေ့ကောင်းတွေ ထွက်ပေါ်လာဖို့ဆိုတာ ခဲယဉ်းလှပါတယ်”

နင်းမျိုးနွယ်စု အကြီးအကဲက ပြန်လည်၍ နှစ်သိမ့်လိုက်သည်။

“စိတ်အေးအေးထားပါ၊ ငါ မင်းကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ အကြောင်းကတော့ ‘ချော်ရည်နန်းတော်’ ဆိုတာ စက်မှုပညာတွေနဲ့ တည်ဆောက်ထားတဲ့ မသေမျိုးမြို့တော် ဖြစ်နေလို့ပဲ။ အဲ့ဒီနေရာဟာ ရှေးဦးဆရာကြီး သုံးဦးက မီးလျှံတောင်တန်း ပေါက်ကွဲမှုကို နှိမ်နင်းဖို့ ပုန်းအောင်းခဲ့ကြတဲ့ နေရာဖြစ်တယ်။ အဲ့ဒီနန်းတော်ထဲက ရတနာတွေနဲ့ စက်မှုပညာရပ် အမွေအနှစ်တွေကို ရယူနိုင်ဖို့ဆိုရင် စက်မှုပညာရှင်တွေ ရှိဖို့က အကောင်းဆုံးနည်းလမ်းပဲ မဟုတ်လား”

“ငါတို့ နင်းမျိုးနွယ်စုက ဒီနှစ်မှ ချော်ရည်နန်းတော်ကို ရှာတွေ့တာ။ ကျန်တဲ့ မျိုးနွယ်စုကြီး နှစ်ခုနဲ့ မြို့စားမင်းတို့ကတော့ ငါတို့ထက် အစောကြီးကတည်းက ရှာတွေ့ထားခဲ့ကြတာလေ။ သူတို့မှာ စက်မှုပညာရှင် မျိုးစေ့တွေကို လျှို့ဝှက်ပျိုးထောင်ဖို့ အချိန်အလုံအလောက် ရှိခဲ့ပေမဲ့ ငါတို့မှာတော့ မရှိခဲ့ဘူး”

“ငါတို့က နောက်ကျမှ ရောက်လာသူတွေ ဖြစ်တာကြောင့် မမီနိုင်တော့ဘူး။ ပြိုင်ဘက်တွေကို ယှဉ်နိုင်ဖို့ဆိုရင် ပြင်ပက ပညာရှင်တွေကို အဖိုးစားနားပေးပြီး ငါတို့ရဲ့ အကြံပေးပညာရှင်တွေအဖြစ် အသည်းအသန် စည်းရုံးရုံပဲ ရှိတော့တယ်”

နင်းမျိုးနွယ်စု အကြီးအကဲသည် အခြားသော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။

“ဒီထဲမှာ ‘မီးလျှံတောင် မသေမျိုးမြို့တော်’ နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ နာမည်ကြီး စက်မှုပညာရှင်တွေရဲ့ အချက်အလက်တွေ ပါဝင်တယ်။ အားလုံး လှည့်ကြည့်ကြပါဦး”

လူကြီးသူမများ ကြည့်ရှုပြီးနောက် အကြီးအကဲက ဆက်လက်၍...

“ငါတို့ ဒီပညာရှင်တွေအားလုံးနဲ့ ဆက်သွယ်ရမယ်၊ စည်းရုံးရမယ်။ အထူးသဖြင့် ‘လူငယ်ဧည့်သည်’ လို့ ခေါ်တဲ့သူကိုပေါ့။ သူက မီးလျှံမြို့တော်ရဲ့ စွမ်းအားအရှိဆုံး စက်မှုပညာရှင် တစ်ယောက်ပဲ။ သူဟာ ငါတို့ရဲ့ ပထမဆုံးပစ်မှတ် ဖြစ်ရမယ်”

ထိုအခါ မျိုးနွယ်စုသခင်လေးက ဝင်ရောက်ပြောကြားသည်။

“အဲ့ဒီ ‘လူငယ်ဧည့်သည်’ ရဲ့ အထောက်အထားက သိပ်ကို လျှို့ဝှက်လွန်းတယ်၊ လူမြင်ကွင်းကိုလည်း ဘယ်တော့မှ မထွက်ဘူး။ သူလုပ်တဲ့ စက်မှုပစ္စည်းတွေက အရောင်းရ သိပ်သွက်ပေမဲ့ လစဉ်ကျင်းပတဲ့ မှောင်ခိုဈေးကွက်ကနေပဲ ရောင်းချတာပါ”

“အဲ့ဒီမှောင်ခိုဈေးကွက်ကို ‘စွန်းလင်ထုံ’ ဆိုတဲ့သူက ထိန်းချုပ်ထားတာ။ သူက ‘ဘူကုံဂိုဏ်း’ ရဲ့ အပြင်စည်းတပည့်တစ်ယောက်ဖြစ်နေတော့ လူငယ်ဧည့်သည်နဲ့ တိုက်ရိုက်အဆက်အသွယ်ရဖို့ ခက်ခဲနေပါတယ်”

နင်းမျိုးနွယ်စု အကြီးအကဲသည် မျက်မှောင်ကြုတ်လိုက်၏။

“ရှောင်ရန်... အခက်အခဲတွေအကြောင်း ငါမကြားချင်ဘူး။ ဒီပြဿနာကို မင်းဖြေရှင်းနိုင်ဖို့ပဲ ငါလိုလားတယ်”

မျိုးနွယ်စုသခင်လေး နင်းရှောင်ရန်သည် နဖူးမှ ချွေးစများကို သုတ်လိုက်ရင်း အမြန်ပင် ကတိပေးလိုက်ရတော့သည်။

“ဟုတ်ကဲ့ပါ အဖေ။ ကျွန်တော် လူလွှတ်ပြီး သူနဲ့ တိုက်ရိုက်အဆက်အသွယ်ရအောင် စုံစမ်းခိုင်းထားပါတယ်။ မကြာခင် ရလဒ်ထွက်လာမှာပါ”

ထိုမှသာ မျိုးနွယ်စုအကြီးအကဲသည် သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်လျက် “ကောင်းပြီ... ငါ ရလဒ်ကို စောင့်နေမယ်” ဟု ဆိုလေတော့သည်။

အစည်းအဝေးအပြီးတွင် မျိုးနွယ်စုသခင်လေးသည် သူ၏ လက်အောက်ငယ်သား ‘နင်းကျဲ’ ကို ချက်ချင်း ခေါ်ယူလိုက်သည်။

“နင်းကျဲ... မင်းကို မျိုးနွယ်စုရဲ့ ဝယ်ယူရေးမန်နေဂျာအဖြစ် ငါ ယုံကြည်လို့ ခန့်ထားတာ။ လူငယ်ဧည့်သည်နဲ့ ဆက်သွယ်ဖို့ ငါ ခိုင်းထားတာ ဘာတိုးတက်မှုမှ မရှိသေးပါလား။ မင်း ဘာတွေလုပ်နေတာလဲ” ဟု သခင်လေးက မျက်မှောင်ကုပ်လျက် မေးခွန်းထုတ်၏။

နင်းကျဲမှာ မျက်နှာပျက်လျက် ရှိနေပေပြီ။ ဖြစ်နိုင်လျှင် ဤတာဝန်မျိုးကို သူ ရှောင်လွှဲလိုလှသည်။

“သခင်လေး... ကျွန်တော်မျိုး ညံ့ဖျင်းလို့ သခင်လေးရဲ့ အမိန့်ကို မဆောင်ရွက်နိုင်တာ သေထိုက်ပါတယ်”

“ဒါပေမဲ့ အဲ့ဒီလူငယ်ဧည့်သည်ဆိုသူက တကယ်ပဲ ဆက်ဆံရခက်တာပါ။ မှောင်ခိုဈေးမှာ အရောင်းအဝယ်လုပ်တိုင်း ကျွန်တော် စည်းရုံးကြည့်ပါတယ်။ အထူးသဖြင့် ‘တက်သက်ဆွဲကြိုး’ တွေ ဝယ်တဲ့အခါမှာပေါ့။ ဒါပေမဲ့ သူက တုန်လှုပ်မှု မရှိသလို အရောင်းအဝယ်ကလွဲလို့ ဘာမှမပြောဘူး”

“သူက လျှို့ဝှက်လွန်းလို့ ကျွန်တော် နည်းမျိုးစုံနဲ့ စုံစမ်းကြည့်ပါသေးတယ်။ ဒါပေမဲ့ မှောင်ခိုဈေးခေါင်းဆောင် စွန်းလင်ထုံကို သွားထိမိလို့ ကျွန်တော့်လူတွေ ထိခိုက်ကုန်သလို၊ ကျွန်တော့်ကိုလည်း အကွက်ဆင်တာ ခံလိုက်ရပါတယ်။ ဝိညာဉ်ကျောက်တုံးတွေလည်း အများကြီး အကုန်အကျ ခံလိုက်ရပါတယ်...”

“တော်စမ်း” သခင်လေးက မကျေမနပ် ဖြတ်ပြောလိုက်၏။ “မင်း အရှုံးပေးခဲ့ရတာ ရှက်စရာကောင်းနေပြီ။ မင်းရဲ့ အမှားတွေအတွက် မျိုးနွယ်စုက တာဝန်ယူပေးရမယ်လို့ မင်း တွေးနေတာလား”

“အခု မျိုးနွယ်စုအတွက် ဝိညာဉ်ကြိုး အစင်းရှစ်ဆယ် လိုအပ်နေတယ်။ ဒါကို မင်းပဲ ကိုင်တွယ်ရမယ်”

နင်းကျဲမှာ အံ့အားသင့်သွားရ၏။ “ရှစ်ဆယ်တောင်လား... အဲ့ဒီလောက် အများကြီးလား”

သခင်လေးက “ဒီအရောင်းအဝယ်ကြီးကို အသုံးချပြီး မင်း အစွမ်းကုန် ကြိုးစားကြည့်စမ်း။ မင်း အကြိမ်ကြိမ် ချဉ်းကပ်ခဲ့ပေမဲ့ ဘာအဆက်အသွယ်မှ မရတာဟာ မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ သံသယဝင်လာစေတယ် နင်းကျဲ”

နင်းကျဲမှာ ကြီးမားသော ဖိအားများကို ခံစားလိုက်ရပြီး အစွမ်းကုန် ကြိုးစားပါမည်ဟု ထပ်ခါတလဲလဲ ကတိသစ္စာ ပြုလေတော့သည်။

နင်းကျဲသည် မီးလျှံမြို့တော်၏ အရှေ့တောင်ဘက် အရပ်သို့ ရောက်ရှိလာခဲ့၏။

ဤနေရာသည် မီးလျှံတောင် မသေမျိုးမြို့တော်အတွင်း၌ အရှုပ်ထွေးဆုံး၊ ခိုးဆိုးလုယက်မှု အများဆုံးနှင့် လုံခြုံရေး အညံ့ဖျင်းဆုံး နေရာတစ်ခု ဖြစ်ပေရာ၊ မှောင်ခိုဈေးကွက် တည်ရှိရာ အရပ်လည်း ဖြစ်ပေသည်။

မှောင်ခိုဈေးဝင်ပေါက်တစ်ခုတွင် နင်းကျဲသည် သူ၏ အထောက်အထားပြ တံဆိပ်ကို ထုတ်ပြလိုက်သည်။ စူးရှသော မျက်လုံးရှိသည့် ကျင့်ကြံသူတစ်ယောက်က နင်းကျဲကို အကဲခတ်ကြည့်ပြီး တံဆိပ်ကို စစ်ဆေးကာ ပြန်ပေးလိုက်ရင်း အေးစက်သော လေသံဖြင့် ဆို၏။

“ငါ့နောက်ကို လိုက်ခဲ့”

ထိုသူသည် နင်းကျဲကို အိမ်အိုလေးတစ်လုံးအတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် ကြမ်းပြင်မှ ပျဉ်ချပ်တစ်ခုကို မလိုက်ရာ လိုဏ်ခေါင်းတစ်ခု ပေါ်ထွက်လာသည်။ ကွေ့ကောက်နေသော လိုဏ်ခေါင်းလမ်းအတိုင်း လိုက်ပါသွားပြီးနောက်တွင်မူ မြေအောက် အရောင်းအဝယ်ပြုလုပ်ရာ နေရာသို့ ရောက်ရှိသွားလေတော့သည်။

ထိုနေရာသည် ဈေးတန်းလေးတစ်ခုနှင့်ပင် တူလှပေသည်။

နင်းကျဲသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သူရှာနေသော ပစ်မှတ်ကို ချက်ချင်းပင် မြင်တွေ့လိုက်ရ၏။

“လေးစားအပ်တဲ့ လူငယ်ဧည့်သည်ကြီး... ကျွန်တော်တို့ ပြန်ဆုံကြပြန်ပြီနော်” ဟု နင်းကျဲက ဖော်ရွေသော အပြုံးများဖြင့် ချဉ်းကပ်လိုက်သည်။

ထို ‘လူငယ်ဧည့်သည်’ ဆိုသူမှာ ခါးကြီးကုန်းနေပြီး တောင်ဝှေးကို အားပြုထားရသော အဘိုးအိုတစ်ဦး ဖြစ်ပေသည်။

သူ၏ ညှိုးနွမ်းနေသော မျက်နှာပေါ်တွင် အရေးအကြောင်းများ ထင်ဟပ်နေပြီး မျက်အိတ်များမှာလည်း ဖောင်းကား ညိုမည်းနေ၏။

ဖရိုဖရဲ ဖြစ်နေသော သူ၏ ဆံပင်နက်ရှည်ကြီးများသည် ဦးခေါင်းမှ ပခုံး၊ ပခုံးမှ ခြေဖဝါးတိုင်အောင် အုပ်မိုးထားသည်မှာ ဝတ်ရုံနက်ကြီးတစ်ထည်ကို ခြုံထားသကဲ့သို့ပင် ဖြစ်ပေတော့သတည်း။

အခန်း (၂)လူငယ်ဧည့်သည်

လူငယ်ဧည့်သည်သည် စက်မှုလှည်းငယ်၏ နောက်ကွယ်တွင် ရပ်တန့်နေလျက် နင်းကျဲကို စကားတစ်ခွန်းမျှ မဆိုဘဲ ခဏမျှသာ ကြည့်ရှုလေသည်။

လူငယ်ဧည့်သည်၏ ထိုသို့သော အမူအရာမှာ အမြဲလိုပင် ဖြစ်ချေသည်။ နင်းကျဲမှာ စိတ်မသက်မသာ ဖြစ်ရသော်လည်း ရင်ထဲ၌မူ အမျက်ဒေါသတို့ တစတစ ကြီးစိုးလာ၏။

မိမိသည် နင်းမျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက်နှင့် ဤလူငယ်ဧည့်သည်က မိမိအား အလေးဂရုမပြုခြင်းမှာ မဆိုစလောက်သော ကိစ္စမဟုတ်ပေ။

သို့ရာတွင် နင်းမျိုးနွယ်စု၏ မျိုးနွယ်စုအကြီးအကဲငယ်ကိုယ်တိုင်က လူငယ်ဧည့်သည်ကို စည်းရုံးသိမ်းသွင်းရန် ကြိုးပမ်းနေသည်ဖြစ်ရာ နင်းကျဲမှာ မိမိ၏ ဒေါသမာန်ကို အသာအောင့်ထားရင်းပင် အတင်းအပြုံးမျက်နှာ လုပ်ကာ ဆိုလိုက်ရလေသည်။

“အကြီးအကဲ လူငယ်ဧည့်သည်... ဒီတစ်ခေါက်တော့ ကျွန်တော် ပစ္စည်းအတော်များများ ယူလာခဲ့ပါတယ်”

“ဝိညာဉ်ကြိုး ပေါင်းရှစ်ဆယ်တိတိဗျ...”

“ဒီလောက်ထိ အရောင်းအဝယ် အကြီးကြီးလုပ်တာကို ဈေးလေးဘာလေး မလျှော့ပေးနိုင်ဘူးလား။ ကျွန်တော်ကလည်း အကြီးအကဲဆီမှာ အမြဲဝယ်နေကျ ဖောက်သည်ဟောင်းပဲဥစ္စာ။ နောက်လည်း ဒီလိုမျိုး အရောင်းအဝယ်တွေ အများကြီး ရှိလာဦးမှာပါ။ ဝိညာဉ်ကြိုး တစ်ချောင်းကို ဝိညာဉ်ကျောက်တုံး နှစ်ရာဆိုတာကတော့ နည်းနည်းတော့ မတန်သလိုပဲနော်...”

လူငယ်ဧည့်သည်သည် အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး အိုမင်း၍ ရှတတဖြစ်နေသော အသံဖြင့် “မင်းပြောတာ မှန်တယ်” ဟု ဆို၏။

“ဒါဆိုရင် တစ်ချောင်းကို ဝိညာဉ်ကျောက်တုံး နှစ်ရာ့ငါးဆယ် ဖြစ်သွားပြီ”

နင်းကျဲမှာ ခဏမျှ ဆွံ့အသွားပြီးနောက် ရယ်မောလျက် “အကြီးအကဲ လူငယ်ဧည့်သည်... ကျွန်တော့်ကို နောက်မနေပါနဲ့။ ဈေးလျှော့ပေးတဲ့နေရာမှာ ဒီလိုမျိုး မလုပ်သင့်ပါဘူး” ဟု ဆိုရှာသည်။

လူငယ်ဧည့်သည်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး—

“မင်း စကားတစ်ခွန်း ပိုပြောတိုင်း ဈေးနှုန်းက ဝိညာဉ်ကျောက်တုံး ငါးဆယ်စီ တက်သွားလိမ့်မယ်”

နင်းကျဲမှာ မျက်လုံးအပြူးသားဖြင့် ထိုနေရာ၌ပင် ခေတ္တမျှ ကျောက်ရုပ်ပမာ ဖြစ်သွားရလေသည်။ ရင်ထဲ၌ ဒေါသတို့မှာ မီးလျှံကဲ့သို့ ထကြွလာပြီး ထိုအဖိုးကြီးအား မြေပြင်ပေါ်သို့ ဆွဲလှဲကာ ရိုက်နှက်လိုစိတ်များ ပေါ်ပေါက်လာသော်လည်း နောက်ဆုံးတွင်မူ ထိုအမျက်ဒေါသကို မျိုသိပ်လျက် မကျေမချမ်းပင် ဆိုလိုက်ရတော့သည်။

“ကောင်းပါပြီ... အကြီးအကဲ သတ်မှတ်တဲ့ဈေးအတိုင်းပဲ ကျွန်တော် ယူပါ့မယ်”

“ဒါပေမဲ့ ကျွန်တော်တို့ မျိုးနွယ်စုကတော့ ကျင့်စဉ်တွေနဲ့ ပိုပြီး ကိုက်ညီအောင် အပိုဆောင်း လုပ်ဆောင်ချက်အချို့ ထည့်ပေးစေချင်ပါတယ်။ အဲဒီလို ပြုပြင်မွမ်းမံမှုတွေကတော့...”

လူငယ်ဧည့်သည်က ပြတ်သားစွာပင် စကားဖြတ်ပြောလိုက်လေ၏။

“ဘာပြုပြင်မွမ်းမံမှုမှ မလုပ်နိုင်ဘူး။ ယူရင်ယူ၊ မယူရင်လည်း သွားတော့”

နင်းကျဲမှာ အပြောရခက်စွာဖြင့်ပင် ဆွံ့အသွားရပြန်သည်။

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ခါးသီးသော အပြုံးဖြင့် ခေါင်းညိတ်ကာ ထိုအရောင်းအဝယ်ကို သဘောတူလိုက်ရလေတော့သည်။

လူငယ်ဧည့်သည်က ကိုယ်လက်လှုပ်ရှားခြင်း မရှိသော်လည်း သူ၏ ရှေ့မှ စက်မှုလှည်း၏ အပေါ်ပိုင်းမှ စက်မှုရုပ်သေးရုပ် အများအပြား ဆင်းသက်လာကြသည်။

ထိုစက်မှုရုပ်သေးရုပ်များသည် ကြိုးများဖြင့် ထိန်းချုပ်မောင်းနှင်ထားခြင်း ဖြစ်သော်လည်း လူအစစ်များကဲ့သို့ပင် ရယ်မောမြူးထူးကာ လှုပ်ရှားနေကြ၏။

၎င်းတို့သည် လိမ့်လိုက်၊ ခုန်လိုက်နှင့် တစ်ရုပ်နှင့်တစ်ရုပ် လုံးထွေးသတ်ပုတ်နေကြရင်း နောက်ဆုံးတွင် လှည်းပေါ်ရှိ အဝိုင်းပုံစံ အဖုံးကို ဖွင့်လိုက်ကြသည်။

ထို့နောက် အပေါက်ထဲသို့ တစ်ရုပ်ပြီးတစ်ရုပ် ဆင်းသွားကြကာ ဝိညာဉ်ကြိုးများကို မြွေကြီးများသဖွယ် ဆွဲထုတ်လာကြလေသည်။

နင်းကျဲသည် ဤမြင်ကွင်းကို မြင်တွေ့ရတိုင်း အံ့အားသင့်ရမြဲ ဖြစ်သည်။ စက်မှုရုပ်သေးကြိုးများကို ဤမျှထိ ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ခြင်းမှာ အမှန်ပင် ထူးကဲလှပေရာ ရုပ်သေးရုပ်များမှာ အသက်ဝင်နေသကဲ့သို့ပင် ထင်မှတ်ရ၏။

အကယ်၍ နင်းမျိုးနွယ်စု၏ လာမည့် စာမေးပွဲကြီးတွင် ကျင့်ကြံသူ လူငယ်လေးများသာ ဤကျွမ်းကျင်မှု၏ တစ်ရာခိုင်နှုန်းမျှ ရှိခဲ့လျှင်ပင် စက်မှုပညာရပ်ပိုင်းတွင် ထိပ်တန်းအဆင့် ရရှိမည်မှာ ဧကန်မလွဲပင် ဖြစ်ချေသည်။

“စက်မှုပညာရပ်ဆိုတာ ကျင့်ကြံခြင်း အနုပညာရပ် တစ်ရာထဲမှာ အနိမ့်ဆုံးလို့ သတ်မှတ်ခံရတာပဲ။ အားနည်းချက်တွေ အများကြီး ရှိတာကိုး။ အထင်ရှားဆုံးကတော့ ထိန်းချုပ်ပုံစံပဲ”

“ဒီရုပ်သေးတွေကို ကြည့်ပါလား။ ကြိုးတွေကို ဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် မလှုပ်နိုင်တော့ဘဲ သေသွားတာပဲ”

နင်းကျဲသည် ဝိညာဉ်ကျောက်တုံးများကို လွှဲပြောင်းပေးအပ်ပြီးနောက် ဝိညာဉ်ကြိုးများကို ယူဆောင်ကာ မှောင်ခိုဈေးကွက်အတွင်းမှ ထွက်ခွာလာခဲ့သည်။ သူ၏ မျက်နှာတွင်မူ မနာလိုဝန်တိုမှုနှင့် အမျက်ဒေါသတို့ အထင်အရှား အရိပ်ထင်နေ၏။

“လူငယ်ဧည့်သည်... ငါက မင်းအပေါ် အမြဲ ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့တာတောင် မင်းကတော့ တစ်ခါမှ မတုံ့ပြန်ခဲ့ဘူး”

“ဒီတစ်ခါတော့ မင်းအတွက် ဟွမ်မျိုးနွယ်စုရဲ့ တစ္ဆေသုံးပါးကို အထူးတလည် ငှားရမ်းထားတယ်။ လက်ဆောင်တစ်ခုတောင် မင်းအတွက် ပြင်ဆင်ထားသေးတယ်”

“အကောင်းပြောတုန်း မနာခံတော့လည်း အဆိုးနဲ့ တွေ့ရတော့မှာပေါ့”

နင်းကျဲသည် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ ဖြစ်ရာ နောက်ဆုံးလက်နက်အဖြစ် အန္တရာယ်ရှိသော နည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူ၏ အကြံအစည်မှာ ရိုးရှင်းလှ၏။ ရှေးဦးစွာ ဟွမ်မျိုးနွယ်စု၏ တစ္ဆေသုံးပါးကို အသုံးပြု၍ လူငယ်ဧည့်သည်အား နှိမ်နင်းစေမည်။ ထို့နောက်မှ မိမိက ကယ်တင်ရှင်အဖြစ် ကြားဖြတ်ဝင်ရောက်ကာ ကျေးဇူးတင်ရှိလာအောင် ပြုလုပ်မည်။

အကယ်၍ လူငယ်ဧည့်သည်က ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့လျှင်လည်း မိမိ၏ လက်အောက်သို့ အတင်းအကျပ် သွတ်သွင်းရန် ဝန်လေးမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ အဓိကရည်မှန်းချက်မှာ ဤအခက်အခဲကို ကျော်လွှားပြီး တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ရန်သာ ဖြစ်သည်။ ကျန်ရှိသော ပြဿနာများကိုမူ နင်းမျိုးနွယ်စုကသာ တာဝန်ယူဖြေရှင်းရပေလိမ့်မည်။

မှောင်ခိုဈေးကွက် ပိတ်သိမ်းပြီးနောက်တွင် လူငယ်ဧည့်သည်သည် ပစ္စည်းများကို သယ်ဆောင်လျက် မှောင်ရိပ်ကျနေသော လမ်းကြားလေးများအတိုင်း လျှောက်လှမ်းလာခဲ့သည်။

ထိုစဉ်—

“ချုပ်နှောင်ခြင်း အဆောင်လက်ဖွဲ့”

အဆောင်လက်ဖွဲ့တစ်ခုသည် ချက်ချင်းပင် အာနိသင်ပြလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့လိုက်လေသည်။ လူငယ်ဧည့်သည်မှာ ထိုနေရာ၌ပင် မလှုပ်မယှက် ရပ်တန့်သွား၏။

“ဟီး... ဟီး... ဟီး...”

ချောက်ချားဖွယ်ရာ ရယ်သံသဲ့သဲ့နှင့်အတူ ဝဲယာနှစ်ဖက်မှ တစ္ဆေငယ်သုံးကောင် ထွက်ပေါ်လာပြီး လူငယ်ဧည့်သည်အား ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။

လူငယ်ဧည့်သည်မှာ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေဆဲဖြစ်ပြီး တစ္ဆေများ အနီးသို့ ရောက်ရှိလာမှသာ သူ၏ ကိုယ်ထည်ကို ခါယမ်းလိုက်လေသည်။

သူ၏ ကိုယ်ပေါ်မှ စက်မှုငှက်ငယ် အများအပြား မြေပြင်သို့ လွင့်စင်ကျလာပြီးနောက် မြားများသဖွယ် တိုးထွက်သွားကြ၏။

အမှောင်ထုအတွင်း၌ လျှပ်စီးကြောင်းများ ရုတ်တရက် ထွက်ပေါ်လာပြီး အသံမထွက်ဘဲ ပေါက်ကွဲသွားကြသည်။ ခဏချင်းအတွင်းမှာပင် ထိုငှက်များက တစ္ဆေသုံးကောင်ကို သုတ်သင်လိုက်လေသည်။

“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

“ချုပ်နှောင်ခြင်း အဆောင်လက်ဖွဲ့ ရှိနေတာတောင် မင်းအနေနဲ့ စက်မှုယန္တရားတွေကို ထိန်းချုပ်ဖို့ စိတ်အာရုံကို မသုံးနိုင်သင့်ဘူးလေ”

“တစ်ခုခုတော့ မှားနေပြီ။ ဒါတွေက စက်မှုရုပ်သေးတွေ ဖြစ်နေတာတောင် သူက ဘာကြိုးမှ သုံးပုံမရဘူး”

“ဂရုမစိုက်နဲ့တော့... အတူတူ ဝိုင်းတိုက်ကြမယ်”

ဟွမ်မျိုးနွယ်စု၏ တစ္ဆေသုံးပါးသည် တစ်ပြိုင်နက်တည်း ခုန်ထွက်လာကြပြီး ၎င်းတို့၏ စွမ်းပကားများကို အစွမ်းကုန် ထုတ်ဖော်ကာ လူငယ်ဧည့်သည်ကို ဝိုင်းရံတိုက်ခိုက်ကြပြန်သည်။

ခဏချင်းအတွင်းမှာပင် တစ္ဆေတစ်ဒါဇင်ခန့် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာ အရိပ်အယောင်များဖြင့် ပြည့်နှက်သွားလေသည်။

လူငယ်ဧည့်သည်မှာမူ တောင်ကြီးတစ်လုံးကဲ့သို့ မတုန်မလှုပ် ရပ်မြဲရပ်နေဆဲပင်။ သူ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်အရှည်ကြီးများမှာ ရုတ်တရက် လိမ်ယှက်သွားကြပြီး ကြာပွတ်ရှည်ကြီးများအသွင် ပြောင်းလဲသွား၏။

ထိုအနက်ရောင် ကြာပွတ်ကြီးများသည် နဂါးများ၊ မြွေများသဖွယ် ကခုန်နေကြပြီး အသံတိတ်သော်လည်း သေစေနိုင်သော စွမ်းအားများ ပြည့်ဝနေလေသည်။

ကြာပွတ်များ၏ ပြင်းထန်မှုမှာ နှိုင်းယှဉ်ဖွယ်မရှိဘဲ အရာအားလုံးကို ဝါးမြိုဖျက်ဆီးနိုင်ပုံ ရလေသည်။ ဟွမ်မျိုးနွယ်စု၏ တစ္ဆေသုံးပါးမှာ ၎င်းတို့၏ အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် လူငယ်ဧည့်သည်၏ အသိစိတ်အာရုံအတွင်း၌ ဗုဒ္ဓနှင့် မိစ္ဆာနှစ်မျိုးစလုံး ပေါင်းစပ်ထားသော တောင်ကြီးတစ်လုံးပမာ ကြီးမားလှသည့် ရတနာတံဆိပ်တော်မှ ဆန်းကြယ်သော အလင်းတန်းများ ထွက်ပေါ်လာ၏။

မိစ္ဆာတံဆိပ်တော်’

တစ္ဆေသုံးကောင်စလုံးမှာ တစ်ပြိုင်နက်တည်း တောင့်တင်းသွားကြပြီး ကြီးမားသော အားနည်းချက်များ ပေါ်ပေါက်လာလေသည်။

၎င်းတို့မှာ ထိတ်လန့်တကြား ဆုတ်ခွာရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ စူးစူးဝါးဝါး အော်ဟစ်သံနှစ်ခု ထွက်ပေါ်လာပြီးနောက် တစ္ဆေနှစ်ကောင်မှာ သေဆုံးသွားကြတော့၏။

ကျန်ရှိနေသော တစ္ဆေကြီးမှာ ဒေါသမာန်ဟုန်ဖြင့် အသက်လောင်းကာ ပြန်လည်တိုက်ခိုက်ရန် ကြိုးပမ်းလေသည်။ သူသည် မိမိ၏ လက်နက်ဖြစ်သော မြားမြှောင်ကို လူငယ်ဧည့်သည်၏ နဖူးအလယ်သို့ လျှပ်စီးအလား ထိုးစိုက်လိုက်သည်။

‘ချောက်

ကြည်လင်သော သတ္တုထိမှန်သံတစ်ခု ထွက်ပေါ်လာသည်။ တစ္ဆေကြီးမှာ မယုံကြည်နိုင်လောက်အောင် ဆွံ့အသွားရလေ၏။

ထို့နောက်တွင်မူ သေမင်းခေါ်သံ ကြာပွတ် ဆယ်ခုမှာ အရပ်မျက်နှာအသီးသီးမှ တိုးဝင်လာပြီး သူ့အား ထိုးဖောက်လိုက်လေတော့သည်။

တစ္ဆေကြီး၏ ခန္ဓာကိုယ်မှာ လေထဲတွင် ချိတ်ဆွဲခံထားရပြီး ဒဏ်ရာများမှ သွေးများမှာ မိုးရေစက်များအလား မြေပြင်နှင့် နံရံများပေါ်သို့ စင်ဟပ်သွားတော့သည်။

အနီးအနားရှိ ကျင့်ကြံသူများက ထူးဆန်းသောအသံကို ကြားသဖြင့် လာရောက်ကြည့်ရှုကြသော်လည်း လမ်းကြားအတွင်း၌ အလောင်းတစ်ခု သို့မဟုတ် သွေးတစ်စက်မျှ မတွေ့ရှိရတော့ပေ။

တစ်ဖက်တွင်မူ နင်းကျဲမှာ စောင့်ဆိုင်းရင်း စိတ်ပူပန်လာ၏။ “ဘာလို့ သတင်းမကြားရသေးတာလဲ။ အောင်မြင်သင့်နေပြီလေ” ဟု သူက ကိုယ့်ကိုယ်ကိုယ် အားပေးနေရှာသည်။

သူသည် ချုပ်နှောင်ခြင်း အဆောင်လက်ဖွဲ့နှင့် ကြိုးများကို ဖြတ်တောက်နိုင်သော ‘မြက်ခုတ်ပုစဉ်းရင်ခွဲဓား’ ကိုပင် ပေးအပ်ထားသည် မဟုတ်လော။ သို့သော် ထိုစောင့်ဆိုင်းခြင်းမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

လူငယ်ဧည့်သည်သည် မြေအောက်လှိုဏ်ခေါင်းအတွင်းသို့ လျှောက်လှမ်းသွားသည်။ သူ၏ နောက်ကွယ်တွင် သေမင်းခေါ်သံ ကြာပွတ် သုံးခုက ကျင့်ကြံသူ အလောင်းသုံးခုကို ချိတ်ဆွဲသယ်ဆောင်လာ၏။

လှိုဏ်ခေါင်းနံရံများပေါ်တွင်မူ ထိုအရိပ်များမှာ ကြောက်မက်ဖွယ်ရာ မိစ္ဆာကြီးများသဖွယ် ထင်ဟပ်နေလေသည်။

ရှေ့တွင် မှိန်ပျပျ အနီရောင်အလင်းတန်းနှင့်အတူ အပူရှိန်က မြင့်တက်လာသည်။ လူငယ်ဧည့်သည်သည် ဆေးဖိုကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာပြီး အလောင်းသုံးခုကို ဖိုအတွင်းသို့ ကျွမ်းကျင်စွာ ပစ်ထည့်လိုက်၏။

ထို့နောက် သိုလှောင်ခန်းအတွင်းသို့ မှောင်ခိုဈေးကွက်မှ ရရှိလာသော ‘မီးလျှံအဆီအနှစ်’ များကို ထည့်သွင်းလိုက်သည်။

“နောက်ဆုံး ဆယ်ပိဿာပဲ လိုတော့တယ်”

သူသည် နေရာပြောင်းအခန်းသို့ သွားရောက်ကာ နေရာပြောင်းအစီအရင်ကို စတင်လိုက်သည်။ ခဏချင်းအတွင်းမှာပင် သူသည် မိမိ၏ မြေအောက်အလုပ်ရုံသို့ ပြန်လည်ရောက်ရှိသွားလေသည်။

လူငယ်ဧည့်သည်၏ ခန္ဓာကိုယ်မှာ စတင်ပြောင်းလဲလာ၏။ ရှည်လျားသော ဆံပင်နက်ကြီးများမှာ ပြန်လည်လိပ်ဝင်သွားပြီး ကုန်းနေသော ကျောပြင်မှာ ဆန့်တန်းလာသည်။

အနက်ရောင် ဝတ်ရုံအောက်မှ အိုမင်းသော ပုံသဏ္ဌာန်မှာ ပျောက်ကွယ်သွားပြီး—

၎င်းမှာ ငွေမီးခိုးရောင် သံချပ်ကာဝတ်စုံကြီး ဖြစ်နေလေသည်။

ထိုသံချပ်ကာပေါ်တွင် အဆောင်လက်ဖွဲ့များနှင့် အစီအစဉ်များစွာ ရေးထိုးထား၏။ သံချပ်ကာ၏ ရင်ဘတ်၊ ဗိုက်နှင့် ခြေထောက်ပိုင်းများမှာ ဘေးဘက်သို့ အချိုးညီစွာ ပွင့်ဟသွားပြီးနောက်

အတွင်းမှ လူငယ်လေးတစ်ဦး ထွက်ပေါ်လာလေသည်။

ထိုလူငယ်လေးမှာ ဖြူစင်သော အသားအရည်၊ ကြည်လင်သော မျက်ဝန်းများနှင့် တည်ငြိမ်အေးချမ်းသော အငွေ့အသက်များကို ပိုင်ဆိုင်ထား၏။

ထိုသံချပ်ကာဝတ်စုံ၏ အမည်မှာ ‘သံမဏိဟန် သံချပ်ကာ’ ဖြစ်ပြီး၊

ထိုလူငယ်လေး၏ အမည်မှာကား ‘နင်းကျော့’ ပင် ဖြစ်တော့သတည်း။

All Chapters