အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း (၃) နင်းကျော့
နင်းမျိုးနွယ်စု နယ်မြေ
ယနေ့သည် နင်းမျိုးနွယ်စု၏ စာမေးပွဲရလဒ်များ ထုတ်ပြန်ကြေညာမည့် နေ့ထူးနေ့မြတ်ပင် ဖြစ်ချေသည်။
နင်းကျဲနှင့် သူ၏ဇနီးဖြစ်သူ ဝမ်လန်တို့သည် နံနက်မိုးသောက် အာရုံတက်ကတည်းက အိမ်တော်၏ အလယ်ခန်းမဆောင်တွင် နေရာယူထားကြ၏။
မိမိတို့၏ သားသမီး တူသားများ၏ အရေးကြီးလှသော စာမေးပွဲရလဒ်များကို ရင်တထိတ်ထိတ်ဖြင့် စောင့်စားနေကြခြင်း ဖြစ်ပေသည်။
နင်းမျိုးနွယ်စုမှ ဆင်းသက်လာသော ကလေးငယ်များသည် မွေးဖွားသည်မှစ၍ အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ် အရွယ်အထိ နှစ်စဉ်မပြတ် အရိုးအမြစ် စစ်ဆေးခြင်းကို ခံယူကြရစမြဲ ဖြစ်သည်။
ထိုသူများအနက် ကျင့်ကြံခြင်း ပါရမီထူးသူများကိုမူ မိသားစုပိုင် ပညာသင်ကျောင်းများသို့ ပို့ဆောင်ကာ အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ် အရွယ်အထိ ကုန်ကျစရိတ် အဝဝကို တာဝန်ယူ၍ ပညာသင်ကြားပေးလေသည်။
ထို့နောက်တွင်မူ နောက်ဆုံးနှစ် ဘွဲ့နှင်းသဘင် စာမေးပွဲကို ဖြေဆိုကြရ၏။
ယင်းကဲ့သို့ နှစ်စဉ်ကျင်းပသော စာမေးပွဲကြီးသည် လူငယ်ကျင့်ကြံသူတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသော အလှည့်အပြောင်းတစ်ခု ဖြစ်ပေရာ၊ အဆင့် အယောက် ၃၀ အတွင်း ဝင်ရောက်သူများသည် နင်းမျိုးနွယ်စု၏ အဓိက လုပ်ငန်းဆောင်တာများတွင် ပါဝင်ခွင့်ရရှိမည် ဖြစ်သဖြင့် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြမည် ဖြစ်သည်။
ဝမ်လန်သည် လက်ဖက်ရည်ကို တစ်ငုံချင်း စုပ်ယူနေသော်လည်း သူမ၏ မျက်ဝန်းအစုံကမူ အိမ်ရှေ့မုခ်ဝဆီသို့ ခဏခဏ ဝေ့ဝဲကြည့်ရှုနေမိသည်။
သူမ၏ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့မှာ ဖုံးကွယ်၍ မရနိုင်လောက်အောင်ပင်။
အခြားတစ်ဖက်တွင်မူ နင်းကျဲ၏ အကြည့်တို့သည် ဗလာနတ္ထိ ဖြစ်နေပြီး စိတ်နှလုံးမှာလည်း လေးလံထိုင်းမှိုင်းနေချေသည်။
မိုးလင်းသည့်တိုင်အောင် ဟွမ်မျိုးနွယ်စု၏ တစ္ဆေသုံးပါးထံမှ မည်သည့်သတင်းစကားမျှ ရောက်ရှိမလာခြင်းကြောင့်ပင်။
'သူတို့ ရှုံးနိမ့်သွားကြပြီပဲ'
'အဲ့လူငယ်ဧည့်သည်က ပြင်းထန်ရက်စက်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး'
'ကိစ္စမရှိပါဘူး... အေးဆေးပေါ့။ ငါ ဟွမ်မျိုးနွယ်စု တစ္ဆေသုံးပါးနဲ့ ဆက်သွယ်တုန်းက မျက်နှာဖုံးစွပ်ထားတာဆိုတော့၊ အဲ့ဒီလူငယ်က ငါ့ကို ဘယ်လိုမှ ရိပ်မိနိုင်မှာ မဟုတ်ဘူး'
'ဟွမ်မျိုးနွယ်စု တစ္ဆေသုံးပါးကလည်း နာမည်နဲ့မလိုက်အောင် ညံ့ဖျင်းလိုက်တာ။ ဖိနှိပ်ခြင်းအဆောင်လက်ဖွဲ့တွေ သုံးပြီးတာတောင်မှ သုံးယောက်တစ်ယောက် မနိုင်ဘူးဆိုတာ ငါ့အမြင် လွဲခဲ့တာပဲ'
'အင်း... အဲ့ဒီလူငယ်ဧည့်သည်ကိစ္စ... ရှေ့ဆက် ဘာလုပ်ရပါ့မလဲ'
အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော နင်းကျဲသည် စွန့်စားရသည့် နည်းလမ်းကို အသုံးပြုခဲ့သော်လည်း အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပေရာ၊ ဤရှုံးနိမ့်မှုအား မျိုးနွယ်စုအငယ်တန်းအကြီးအဲထံ မည်သို့ ရှင်းပြရမည်ကို တွေးတောရင်း ခေါင်းခဲနေရတော့သည်။
"ဖေဖေ၊ မေမေ... သား အောင်ပြီ။ အဆင့် ၃၀ ထဲမှာ ပါတယ်" ထိုစဉ် လူငယ်တစ်ဦးသည် ဝမ်းသာအားရ အော်ဟစ်လျက် အခန်းတွင်းသို့ ပြေးဝင်လာလေသည်။
"တကယ်လား... ကျိအာ၊ သား တကယ်ပဲ အောင်တာလား" ဝမ်လန်သည် မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားကာ ချက်ချင်းပင် ထရပ်လိုက်တော့သည်။
လူငယ်ကျင့်ကြံသူ နင်းကျိကလည်း "တကယ်ပေါ့ မေမေရယ်။ သားကို သား အယုံအကြည် မရှိဘူးလား" ဟု ကျယ်လောင်စွာ ပြန်ပြောလေသည်။
"အို..." နင်းကျဲသည်လည်း သူ၏သားဖြစ်သူ နင်းကျိ၏ ကြွားဝါသော အပြုံးကို မြင်လိုက်ရသဖြင့် မော့ကြည့်လိုက်မိသည်။
ပုံမှန်ဆိုလျှင် နင်းကျိ၏ ရလဒ်များသည် အဆင့် ၄၀ ပတ်ဝန်းကျင်တွင်သာ ရှိတတ်သော်လည်း၊ ယခု စာမေးပွဲကြီးတွင်မူ မထင်မှတ်ဘဲ ထူးထူးချွန်ချွန် ဖြေဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤသတင်းကောင်းက နင်းကျဲ၏ သောကများကို အတန်ငယ် ပြေလျော့စေခဲ့ပေသည်။
နင်းကျိက အသံကိုမြှင့်၍ "ဖေဖေနဲ့ မေမေ ဂုဏ်ယူရအောင် သား လုပ်ပြနိုင်ခဲ့ပြီ။ သားကိုယ်သား သိပါတယ်၊ အရင်က အမှတ်မကောင်းတာက အစွမ်းကုန် မကြိုးစားချင်သေးလို့ပါ" ဟု ဆိုရင်း
"တချို့လူတွေနဲ့တော့ မတူဘူးပေါ့လေ"
"ပုံမှန်ဆို အမှတ်ကောင်းပြီး အဆင့် ၃၀ ထဲ အမြဲပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ အရှက်တကွဲ ဖြစ်သွားပြီ၊ အဆင့် ၃၁ တဲ့။ ဟဲဟဲ... ကျရှုံးသွားတာပေါ့!"
နင်းကျိသည် ထိုသို့ပြောဆိုရင်း သူ၏နောက်ကွယ်မှ လိုက်ပါလာသော ဝတ်စုံဖြူဝတ် လူငယ်လေးအား လှောင်ပြောင်သော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်လေသည်။
ထိုဝတ်စုံဖြူဝတ် လူငယ်လေးမှာ နင်းကျော့ပင် ဖြစ်သည်။ သူသည် ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး ကြည်လင်သော မျက်ဝန်းအစုံတွင်မူ အပြစ်ရှိသကဲ့သို့ ခံစားနေရခြင်းနှင့် ဆုံးရှုံးမှုကြီးမားခြင်းတို့ အရိပ်ထင်နေ၏။
"ဦးလေး... ဒေါ်ဒေါ်..." နင်းကျော့က ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။
ဝမ်လန်က သူ့အား တစ်ချက်ကြည့်ကာ "ဘာလဲ... ကျော့အာ၊ မင်း ဒီတစ်ခါတော့ မှားခဲ့ပြီပေါ့လေ" ဟု ခပ်ပြတ်ပြတ် ပြောလိုက်သည်။
နင်းကျဲ၏ မျက်နှာမှာလည်း တင်းမာသွားပြီး "မင်းရဲ့ ရလဒ်အစီရင်ခံစာကို ငါ့ပေးစမ်း" ဟု ဆိုကာ လက်လှမ်းလိုက်၏။
နင်းကျော့သည် အစီရင်ခံစာကို ထုတ်ယူ၍ သူ၏ဦးလေး နင်းကျဲထံသို့ ကမ်းပေးလိုက်ရသည်။
နင်းကျဲက ယင်းကို တစ်ချက်ကြည့်လိုက်သော်လည်း မျက်နှာထားမှာမူ လျော့ပါးမသွားပေ။ ခဏအကြာတွင် စာရွက်ကို ခါလိုက်ရင်း—
"ကျော့အာ... မင်း ဒီတစ်ခါတော့ ဘယ်လိုဖြစ်လို့ ဒီလောက် အမှားကြီးမှားရတာလဲ"
"မင်းက စက်မှုပညာရပ်မှာ အောင်မြင်မှုတွေ ရှိခဲ့တယ်လို့ ငါမှတ်မိထားတာပဲ"
"အရင်က မင်းလုပ်တဲ့ စက်ရုပ်ကြက်တူရွေးတောင် အကြီးအကဲဆီက ချီးကျူးတာ ခံခဲ့ရသေးတယ် မဟုတ်လား"
"စက်မှုပညာက မင်းရဲ့ အားသာချက် ဖြစ်သင့်တာလေ။ အခုတော့ ဘာဖြစ်လို့ အမှတ်တွေ ဒီလောက်တောင် နည်းသွားရတာလဲ"
"ဟူး... ဒီအမှတ်သာ မနည်းခဲ့ရင် မင်း အဆင့် ၃၀ ထဲ ပါမှာ သေချာတယ်"
ဒေါ်ဒေါ်ဖြစ်သူကလည်း စူးရှသော မျက်လုံးများဖြင့် "ကျော့အာ... ပြောစမ်း၊ မင်း အခုတလော စက်မှုအလုပ်ရုံက အလုပ်တွေကို ခိုးပြီး လုပ်နေပြန်ပြီ မဟုတ်လား" ဟု ဆိုလေသည်။
နင်းကျော့ ဘာမျှ ပြန်မပြောနိုင်ခင်မှာပင် သူမက ဆက်လက်၍ "ငါ နင့်ကို ဘယ်နှစ်ခါ ပြောရမလဲ၊ ငွေမက်မနေနဲ့လို့။ နင့်အသက်အရွယ်မှာ ပညာသင်ကြားတာကိုပဲ အာရုံစိုက်ရမှာ"
"မငွေနောက်ပဲ လိုက်နေတော့ အခွင့်အရေးကြီးကို ဆုံးရှုံးလိုက်ရပြီ"
"ကြည့်စမ်း... အခုတော့ အဆင့် ၃၀ အပြင်ဘက်ကို ရောက်သွားပြီ"
"မျိုးနွယ်စုရဲ့ လုပ်ငန်းတွေထဲတောင် ဝင်ခွင့်မရတော့ဘူး"
ထိုစကားကို ကြားသောအခါ နင်းကျော့သည် နောက်ဆုံးတွင် သတ္တိကိုမွေး၍ "ဒေါ်ဒေါ်... အသိမိတ်ဆွေတွေကတစ်ဆင့် အကူအညီတောင်းရင် ရနိုင်မလား သူငယ်ချင်းတွေဆီက ကြားမိလို့ပါ..." ဟု ပြောလိုက်၏။
သူ စကားပင် မဆုံးသေးခင်မှာပင် ဒေါ်ဒေါ်ဖြစ်သူက အသံကျယ်ကျယ်ဖြင့် ဖြတ်ပြောလေသည်။ "အကူအညီတောင်းဖို့ အဲ့ဒီအတွက် ဝိညာဉ်ကျောက်တုံး ဘယ်လောက်ကုန်မလဲ မင်းသိလား။ လူဘယ်နှယောက်ဆီ သွားရမလဲ မင်းသိလား"
"အော်... နင်က ကျရှုံးသွားတော့မှ ငါတို့လင်မယားက မင်းအတွက် ဟိုပြေးဒီပြေးနဲ့ လူရှာပြီး အကူအညီတောင်းပေးရမယ်ပေါ့လေ"
"မင်းက ဒါကို ပြောထွက်သေးတယ်"
"ဒီလို ဖြစ်လာမယ်မှန်းသိရင် အစကတည်းက ဘာလို့ အဲ့လိုလုပ်ခဲ့လဲ"
"ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါလို့ ငါအမြဲပြောခဲ့တယ်။ ဝိညာဉ်ကျောက်တုံး နည်းနည်းပါးပါးအတွက်နဲ့ အပြင်အလုပ်တွေ မလုပ်ပါနဲ့လို့"
"အခုတော့ ဘာထူးလဲ"
"မင်းသာ အဆင့် ၃၀ ထဲဝင်ရင် မျိုးနွယ်စုလုပ်ငန်းတွေထဲ ရောက်မယ်၊ ပိုက်ဆံလည်း ပိုရမယ်။ အဓိကက အလုပ်နည်းပြီး အချိန်ပိုရမယ်၊ ကျင့်ကြံခြင်းကိုလည်း ဆက်လုပ်နိုင်မယ်လေ"
နင်းကျော့သည် ရုတ်တရက် ခေါင်းမော့လိုက်ရာ အရှက်ရမှုကြောင့် သူ၏မျက်နှာမှာ နီမြန်းနေချေသည်။
သူသည် သွားကို တင်းတင်းစေ့ကာ "ဦးလေး၊ ဒေါ်ဒေါ်... ကျွန်တော် နင်းကျော့၊ ကျွန်တော့်လုပ်ရပ်အတွက် ကျွန်တော်ပဲ တာဝန်ယူပါ့မယ်" ဟု ခိုင်မာစွာ ပြောလိုက်သည်။
"ကျွန်တော် အဆင့် ၃၁ ဖြစ်သွားပြီဆိုတော့လည်း ဒါကိုပဲ လက်ခံရမှာပေါ့"
"လွန်ခဲ့တဲ့ နှစ်တွေတစ်လျှောက် ပြုစုစောင့်ရှောက်ခဲ့တာတွေကို ကျေးဇူးတင်ပါတယ်။ ဒီရလဒ်က ကျွန်တော် ကိုယ်တိုင်စိုက်ခဲ့တဲ့ အသီးဆိုးမို့ ကျွန်တော်ပဲ ခံယူပါ့မယ်"
"ကျွန်တော့်လုပ်ရပ်အတွက် ကျွန်တော် တာဝန်ယူပါတယ်"
"အပြင်လောကမှာ ကျွန်တော့်ဘာသာ ကျွန်တော် ရပ်တည်နိုင်မယ့် နည်းလမ်း မရှိဘူးလို့တော့ မယုံကြည်ပါဘူး"
နင်းကျော့သည် ထိုသို့ပြောပြီးနောက် ဦးညွှတ်၍ နှုတ်ဆက်လိုက်၏။ "ဦးလေး၊ ဒေါ်ဒေါ်... သူငယ်ချင်းတွေက ထမင်းစားဖို့ စောင့်နေကြလို့ပါ။ တခြားကိစ္စ မရှိတော့ရင် ကျွန်တော် သွားခွင့်ပြုပါဦး"
ဦးလေးဖြစ်သူကမူ နင်းကျော့အား ဘာမျှမပြောဘဲ စိုက်ကြည့်နေမိသည်။
ဒေါ်ဒေါ်ဖြစ်သူကမူ ရွံရှာသော အမူအရာဖြင့် လက်ကို ဝှေ့ယမ်းကာ "သွား၊ သွား... စာမေးပွဲ ဒီလောက် ကျရှုံးနေတာတောင် ထမင်းစားဖို့ စိတ်ရှိသေးတယ်၊ စိတ်ကတော့ ကြီးသားပဲ" ဟု ဆိုလေသည်။
နင်းကျော့သည် ထိုနေရာတွင် ဆက်မနေလိုတော့ဘဲ ဒေါသတကြီးဖြင့် လှည့်ထွက်သွားတော့သည်။
သူ၏ဝမ်းကွဲ ညီအစ်ကိုဖြစ်သူ နင်းကျိမှာမူ ကုလားထိုင်တွင် သက်သောင့်သက်သာ ထိုင်လိုက်၏။
ဒေါ်ဒေါ်ဖြစ်သူက နင်းကျိဘက်သို့ လှည့်လိုက်သောအခါ ဒေါသမျက်နှာမှာ အပြုံးများသို့ ကူးပြောင်းသွားပြန်သည်။ "ငါ့သားက အတော်ဆုံးပဲ"
သူမသည် စားပွဲပေါ်ရှိ မုန့်များကို နင်းကျိရှေ့သို့ တိုးပေးလိုက်ရင်း— "ကဲ... ဒါလေး မြည်းကြည့်ဦး။ ဒါ ရွှေပွဲတော်ဆောင်က 'ရွှေမျှင် ကျောက်စိမ်းနှင်းဆီမုန့်' လေ။ ဒါကိုစားရင် စိတ်အာရုံကို ကြည်လင်စေပြီး စွမ်းအားတွေကို တိုးတက်စေတယ်၊ အနာဂတ်မှာ အခြေခံအုတ်မြစ် တည်ဆောက်တဲ့အခါ အများကြီး အထောက်အကူပြုမှာ" ဟု ဆိုလေသည်။
နင်းကျိသည် မျက်လုံးများ တောက်ပသွားကာ မုန့်တစ်ခုကို ကောက်ယူ၍ ပါးစပ်ထဲသို့ အငမ်းမရ ထည့်လိုက်တော့သည်။
ထိုရွှေမျှင် ကျောက်စိမ်းနှင်းဆီမုန့်သည် ထူးခြားလှပေသည်။
မုန့်သားမှာ နူးညံ့စေးပိုင်လှပြီး ရွှေမျှင်လေးများမှာမူ ကြွပ်ဆတ်ကာ အတွင်းမှ အနှစ်များကလည်း စိမ့်ဝင်လျက် ရှိ၏။
နင်းကျိသည် သုံးလုပ်ခန့် ဝါးပြီး မြိုချလိုက်သောအခါ ကြည်လင်သော လေအေးတစ်ခု ဝမ်းဗိုက်မှတစ်ဆင့် ဦးခေါင်းအထိ တက်လာကာ စိတ်ဓာတ်ကို လန်းဆန်းသွားစေသည်ကို ခံစားလိုက်ရသည်။
နင်းကျိက "စားလို့ ကောင်းလိုက်တာ၊ တကယ့်ကို ကောင်းတယ်" ဟု ရိုးသားစွာ ချီးကျူးလိုက်၏။
"ဒါဆိုရင် များများစားပေါ့ သားရဲ့၊ ဒါတွေ အားလုံးက သားအတွက်ပဲ" ဟု မိခင်ဖြစ်သူက ပြုံးရွှင်စွာ ပြောလေသည်။
နင်းကျိသည် ကျန်ရှိသော မုန့်သုံးခုကိုလည်း အကုန်စားပစ်လိုက်ပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ကာ— "ရွှေပွဲတော်ဆောင်က ပစ္စည်းဆိုတော့လည်း အတော်ကို ကောင်းတာပဲ။ ဒါပေမဲ့ ဘာလို့ လေးခုပဲ ရှိတာလဲဟင်၊ ထပ်မရှိတော့ဘူးလား" ဟု မေးလေသည်။
ဖခင်ဖြစ်သူက နှာခေါင်းရှုံ့ကာ "ဒီမုန့်တစ်လုံးကို ဝိညာဉ်ကျောက်တုံး ၂၀ ပေးရတာကွ။ မင်း အခု စားလိုက်တာ ဝိညာဉ်ကျောက်တုံး ၁၀၀ ဖိုးလောက် ရှိနေပြီ၊ ဒါကို ထပ်လိုချင်သေးတယ်ပေါ့လေ"
"မင်း ပိုကြိုးစားရမယ်၊ ပေါ့ပေါ့တန်တန် မနေနဲ့။ အခုကစပြီး မျိုးနွယ်စုထဲမှာ အလုပ်ကောင်းကောင်းလုပ်ပြီး မင်းစားမယ့် မုန့်ဖိုးကို မင်းဘာသာ ရှာနိုင်အောင် ကြိုးစားစမ်း"
နင်းကျိက ပြန်အော်လေသည်။ "ဖေဖေ... သားက ဖေဖေ့ဂုဏ်ကို မြှင့်ပေးခဲ့တာလေ စဉ်းစားကြည့်ဦး၊ သားသာ အမှတ်မကောင်းခဲ့ရင် ဖေဖေက လူရှာ၊ လက်ဆောင်ပေး၊ အကူအညီတောင်းနဲ့ မျိုးနွယ်စုလုပ်ငန်းထဲ ဝင်ဖို့ ဝိညာဉ်ကျောက်တုံး ရာနဲ့ချီ ကုန်မှာ မဟုတ်လား။ အခု သား အမှတ်ကောင်းလို့ ဝိညာဉ်ကျောက်တုံးတွေ အများကြီး သက်သာသွားတာပဲ၊ ရွှေပွဲတော်ဆောင်က မုန့်လေး စားရတာ ဘာဆန်းလို့လဲ"
"ပြီးတော့ ဒါက သားရဲ့ ကျင့်ကြံခြင်းနဲ့ ကြိုးစားအားထုတ်မှုအတွက် အားရှိအောင် စားတာလေ"
"သားသာ အစကတည်းက ဒီလိုမျိုးတွေ စားခဲ့ရရင် အခုထက် ပိုတော်နေမှာ"
နင်းကျိ၏ ဖခင်ဖြစ်သူသည် မျက်မှောင်ကြုတ်ကာ ဆူပူရန် ပြင်လိုက်သော်လည်း—
မိခင်ဖြစ်သူက ချက်ချင်း ဝင်တားလိုက်သည်။
"ကဲ... တော်ကြပါတော့၊ နှစ်ယောက်လုံး လျှော့ကြပါဦး"
သူမက ခင်ပွန်းဖြစ်သူအား စိုက်ကြည့်ကာ "ငါ့သားက အတော်ဆုံးပဲ၊ သူလုပ်နိုင်လို့ ချီးကျူးသင့်တာပေါ့။ စကားလေး နှစ်ခွန်းပြောပြီးတာနဲ့ ဆူဖို့ပဲ ကြည့်နေတယ်"
"ငါ့သားက ဆော့ချင်ဆော့မယ်၊ ဒါပေမဲ့ အရေးကြီးတဲ့အချိန်ကျရင် အားကိုးရတယ်"
"နင်းကျော့နဲ့တော့ မတူဘူးပေါ့လေ။ သူကတော့ ပုံမှန်ဆို လူကို စိတ်အေးစေပေမဲ့ တကယ်တမ်း အရေးကြုံတော့မှ စိတ်အပျက်ရဆုံးပဲ"
"ကြည့်ဦး... ဆူတာလေး နည်းနည်းကိုတောင် စိတ်ဆိုးပြီး ထွက်သွားလိုက်တာ။ တကယ်ကို ဆုံးမရခက်တဲ့ လူစားမျိုးပဲ ငါ ပြောတာ မှားလို့လား"
"ဟွန်း... အပြင်မှာ ထမင်းသွားစားဦးမယ်တဲ့။ အဲ့လိုလုပ်ဖို့ စိတ်က ရှိသေးတယ်"
နင်းကျိကလည်း "သူက သူ့ကိုယ်သူ အထင်ကြီးနေတာလေ၊ ဖေဖေနဲ့ မေမေရဲ့ အကြံပေးချက်တွေကို ဂရုမစိုက်ဘူး" ဟု နှာခေါင်းရှုံ့ကာ ပြောသည်။
"ဒါနဲ့... ကျွန်တော်တို့ တကယ်ပဲ သူ့အတွက် အကူအညီ လိုက်တောင်းပေးမှာလား"
နင်းကျိ၏ ဖခင်က "ဒါ မင်းကိစ္စ မဟုတ်ဘူး" ဟု ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။
နင်းကျိသည် ဖခင်၏ ဒေါသကို မြင်သောအခါ လည်ပင်းကို အလိုအလျောက် ကျုံ့လိုက်မိသော်လည်း၊ သူ၏ စာမေးပွဲရလဒ်ကို သတိရသွားကာ အသံကို ပြန်မြှင့်လိုက်ပြန်သည်။
"မေမေ... နင်းကျော့တောင် အပြင်မှာ သွားစားသေးတာပဲ။ သားလည်း စားသောက်ဆိုင်မှာ သွားစားချင်တယ်။ သားကို ပိုက်ဆံပေးပါဦး၊ ဒီစာမေးပွဲကြီးအတွက် သား ဘယ်လောက် ကြိုးစားခဲ့ရလဲ မေမေလည်း သိတာပဲ"
"အေးပါ၊ အေးပါ" မိခင်ဖြစ်သူက ပြုံးရွှင်စွာဖြင့် ဝိညာဉ်ကျောက်တုံးများ ထည့်ထားသော အိတ်ကို နင်းကျိအား ကမ်းပေးလိုက်လေသည်။
နင်းကျိသည် အိတ်ကို ယူကာ အိမ်တော်မှ ထွက်လာခဲ့တော့သည်။
နင်းမျိုးနွယ်စု အိမ်တော်မှ ထွက်လာပြီးနောက် လမ်းပေါ်တွင် သူသည် မိမိနှစ်သက်ရာ စားသောက်ဆိုင်သို့ တိုက်ရိုက်မသွားဘဲ လမ်းတလျှောက် လျှောက်ကြည့်နေမိသည်။
နင်းကျော့ ဘယ်နေရာမှာ ထမင်းစားနေလဲဆိုတာကို သူ သိချင်နေခြင်း ဖြစ်၏။
ဤကဲ့သို့ အခွင့်အရေးမျိုးသည် ရှားပါးလှပေရာ၊ နင်းကျော့အား လှောင်ပြောင် သရော်နိုင်ရန် သူ ရှာဖွေနေခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဟိုဟိုဒီဒီ လိုက်ရှာသော်လည်း နင်းကျော့ကို မတွေ့ရပေ။
ဆိုင်ရှင်အချို့ကို မေးကြည့်သောအခါတွင်လည်း နင်းကျော့ ရောက်မလာကြောင်း အတည်ပြုချက် ရလိုက်သည်။
နင်းကျိက သူ့နဖူးသူ ရိုက်လိုက်ရင်း— "ဒီကောင်က ဟန်ဆောင်နေတာပဲ။ ဘာထမင်းစားပွဲမှ ရှိမှာ မဟုတ်ပါဘူး။ သူ့အမေ သေသွားတဲ့ အိမ်စုတ်လေးထဲမှာ ငိုနေတာနေမှာ"
"ထားလိုက်ပါတော့... ငါပဲ ကောင်းကောင်း သွားစားတော့မယ်"
ဝိညာဉ်အစားအစာများသည် အရသာရှိရုံသာမက ကျင့်ကြံခြင်းကိုလည်း အထောက်အကူပြုသဖြင့် နင်းကျိသည် စိတ်အားထက်သန်စွာဖြင့် ထွက်ခွာသွားတော့သည်။
သူ၏ မှန်းဆချက်မှာ တစ်စိတ်တစ်ပိုင်း မှန်ကန်နေပေသည်။
နင်းကျော့သည် အိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။
သူ၏ ဦးလေးနှင့် ဒေါ်ဒေါ်တို့၏ အိမ်တော်နှင့် နှိုင်းယှဉ်လျှင် နင်းကျော့၏ အိမ်မှာမူ ရိုးရှင်းလှပြီး ဟောင်းနွမ်းနေချေသည်။
နင်းကျော့သည် ခြံဝင်းတံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီး၊ ခြံငယ်လေးကို ဖြတ်ကျော်ကာ အိမ်မကြီးအတွင်းရှိ အခန်းငယ်တစ်ခုသို့ ဝင်လိုက်၏။
ဤနေရာကား သူ၏ အိပ်ခန်းနှင့် စာကြည့်ခန်းပင် ဖြစ်ပေသည်။
ပရိဘောဂများမှာ ဟောင်းနွမ်းရိုးရှင်းသော်လည်း အလွန်ပင် သန့်ရှင်းသပ်ရပ်နေချေသည်။
နင်းကျော့သည် စားပွဲပေါ်ရှိ ခြင်္သေ့ရုပ် စက္ကူဖိတုံးလေးကို တို့လိုက်သည်။
ခြင်္သေ့ရုပ်လေးမှာ အနည်းငယ် လင်းလက်သွားရာ၊ သူ မရှိခိုက် မည်သူမျှ ဝင်ရောက်လာခြင်း မရှိကြောင်း ပြသနေခြင်း ဖြစ်၏။
ထို့နောက် နင်းကျော့သည် ခုတင်ဆီသို့ သွားကာ ခုတင်တိုင်ကို အသာအယာ လှည့်လိုက်သည်။ ချက်ချင်းပင် စက်မှုယန္တရားသံများ ထွက်ပေါ်လာပြီး ခုတင်မှာ ဘေးသို့ ရွေ့လျားသွားကာ မြေအောက်လှိုဏ်ခေါင်းတစ်ခု ပေါ်ထွက်လာတော့သည်။
သူသည် သစ်သားလှေကားထစ်များမှတစ်ဆင့် မြေအောက် လျှို့ဝှက်ခန်းအတွင်းသို့ တစ်လှမ်းချင်း ဆင်းသွားလေသည်။
အောက်ခြေသို့ ရောက်သောအခါ နံရံရှိ ခလုတ်ကို နှိပ်လိုက်ရာ အပေါ်ရှိ ခုတင်မှာ မူလနေရာသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
အပေါ်မှ အလင်းရောင် ကွယ်ပျောက်သွားသော်လည်း မြေအောက်ခန်း နံရံရှိ အင်းကွက်များ လင်းလက်လာသဖြင့် အခန်းငယ်လေးမှာ လင်းထိန်သွား၏။
ထိုအချိန်တွင်မှ နင်းကျော့၏ မျက်နှာပေါ်ရှိ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းနှင့် ဖိနှိပ်ခံရခြင်း အမူအရာများမှာ ပျောက်ကွယ်သွားပြီး အေးဆေးတည်ငြိမ်သော အမူအရာသို့ ပြောင်းလဲသွားတော့သည်။
သူသည် စက်မှုအစိတ်အပိုင်း အမျိုးမျိုးဖြင့် ပြည့်နှက်နေသော မိမိ၏ အလုပ်စားပွဲတွင် ဝင်ထိုင်လိုက်၏။
နင်းကျော့သည် ညာဘက် အံဆွဲကို ဖွင့်လိုက်ရာ အတွင်း၌ မုန့်များဖြင့် ပြည့်နေသည်ကို တွေ့ရသည်။
မုန့်တစ်ခုချင်းစီကို 'ရွှေပွဲတော်ဆောင်' အမှတ်တံဆိပ်ပါသော စက္ကူများဖြင့် ထုတ်ပိုးထား၏။
သူသည် မုန့်ငါးခု၊ ခြောက်ခုခန့်ကို ခပ်ပေါ့ပေါ့ပင် ဆုပ်ကိုင်လိုက်ပြီး၊ သူ၏ ဝိညာဉ်စွမ်းအားကို စီးဆင်းစေလိုက်ရာ မုန့်များကို မထိခိုက်စေဘဲ စက္ကူထုပ်များကို ချက်ချင်း လောင်ကျွမ်းစေလိုက်သည်။
ဤလုပ်ရပ်ကို သူသည် အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ဖူးကြောင်း သိသာလှပေသည်။
နင်းကျော့သည် မုန့်ကို ဝါးစားရင်း ယနေ့ သူ၏ စွမ်းဆောင်ရည်များကို စိတ်ထဲမှ ပြန်လည် သုံးသပ်နေမိသည်။
ဤအလေ့အထကောင်းကို သူ လုပ်ဆောင်လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပင် ရှိခဲ့ပြီ ဖြစ်သည်။
"ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး"
"ဒီတစ်ခါ စာမေးပွဲမှာ တခြားလူတွေက ငါမျှော်လင့်ထားသလို မဟုတ်ဘဲ မဖြေနိုင်ကြဘူးပဲ။ အားလုံးက သူတို့ရဲ့ အရည်အချင်းကို အပြည့်အဝ မထုတ်နိုင်ခဲ့ကြဘူး"
"ရလဒ်တွေကို စစ်ကြည့်တုန်းကဆို ငါ့တွက်ချက်မှု မှားသွားပြီး အဆင့် ၃၀ ထဲ ပါသွားပြီလို့တောင် ထင်လိုက်မိသေးတယ်"
အခန်း (၄) - ဆန္ဒ
မြေအောက်အလုပ်ခန်းအတွင်းဝယ်။
ဝိညာဉ်မီးအိမ်မှ ထွက်ပေါ်လာသော သာယာညင်သာသည့် အလင်းရောင်ခြည်သည် တစ်ခန်းလုံးကို အနှံ့အပြား လင်းထိန်စေလျက် ရှိချေသည်။
နင်းကျော့သည် စားပွဲ၌ ထိုင်နေရင်း သူ၏လက်ထဲရှိ သိုလှောင်အိတ်ကို နောက်ဆုံးအကြိမ် စစ်ဆေးနေ၏။ ယင်းအိတ်မှာ အစောပိုင်းက မှောင်ခိုဈေးကွက်အတွင်း၌ ဟွမ်မျိုးနွယ်စု၏ တစ္ဆေသုံးပါးထံမှ သိမ်းဆည်းရမိခဲ့သော တိုက်ပွဲဝင်ပစ္စည်းများပင် ဖြစ်ပေသည်။
ဘေးကင်းကြောင်း အသေအချာ အတည်ပြုပြီးနောက်တွင်မူ နင်းကျော့သည် ပထမဆုံး သိုလှောင်အိတ်ပေါ်ရှိ အသေးစား အစီအရင်ကို စတင်ဖြေဖျောက်လေတော့သည်။
ထို့နောက် အိတ်ပိုင်ရှင်ဟောင်း၏ ကိုယ်ရောင်ကိုယ်ဝါနှင့် စိတ်ဝိညာဉ်အာရုံတို့ကို တုပဖန်တီးကာ သိုလှောင်အိတ်အား အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ချေပြီ။
ပထမဆုံးသော သိုလှောင်အိတ်အတွင်း၌ ဝိညာဉ်ကျောက်တုံး အနည်းငယ်၊ 'မြက်ခုတ်ပုစဉ်းရင်ခွဲဓား' ဟု ခေါ်ဆိုသည့် ဝိညာဉ်အိမ်မွေးတိရစ္ဆာန်တစ်ကောင်နှင့် တစ္ဆေကျင့်ကြံသူများအတွက် သင့်လျော်သော အမှောင်အဆီအနှစ်၊ ဝိညာဉ်အဆီအနှစ်နှင့် နဂါးပြည်ပန်းများကဲ့သို့သော ပစ္စည်းအချို့ကို တွေ့ရှိရသည်။
ဒုတိယမြောက် သိုလှောင်အိတ်ထဲတွင်မူ ဝိညာဉ်ကျောက်တုံး ရာဂဏန်းခန့်၊ ယင်းလေညင်းအပါအဝင် တစ္ဆေကျင့်ကြံခြင်းဆိုင်ရာ ပစ္စည်းများနှင့်အတူ လူတစ်ဦး၏ အရိုးများကို ပြုပြင်ပြောင်းလဲနိုင်သည့် 'ယင်းအရိုးကျင့်စဉ်' အမည်ရှိ ကျောက်စိမ်းပြားတစ်ချပ်ကို တွေ့ရလေသည်။
တတိယမြောက် သိုလှောင်အိတ်မှာမူ တစ္ဆေသုံးပါး၏ ခေါင်းဆောင်ပိုင်ဆိုင်သော အိတ်ဖြစ်ပြီး ယင်း၏အစီအရင်မှာ နှစ်ထပ်ဆင့်လျက် ရှိပေရာ နင်းကျော့အဖို့ ဖြေဖျောက်ရန် အလွန်ပင် ခက်ခဲလှသည့်အပြင် အချိန်များစွာ ပေးလိုက်ရချေသည်။
"စိတ်ဝင်စားစရာပဲ" ဟု ထိုလူငယ်က ဆိုလိုက်ရာ သူ၏မျက်ဝန်းအစုံမှာ ဝင်းလက်တောက်ပသွားတော့သည်။
ခက်ခဲမှုနှင့် တားဆီးပိတ်ပင်မှုများက ကြီးမားလေလေ၊ သူ၏ တိုက်ခိုက်လိုသော စိတ်ဓာတ်ကို ပိုမိုလှုံ့ဆော်ပေးလေလေ ဖြစ်ပေရာ သူသည် ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ရခြင်း၏ အရသာကို အပြည့်အဝ နစ်မျောခံစားနေမိသည်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက်တွင်မှ သူသည် အောင်မြင်စွာ ဖြေဖျောက်နိုင်ခဲ့၏။ အိတ်ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် တစ္ဆေဦးခေါင်းငယ်တစ်ခုသည် နင်းကျော့၏မျက်နှာထံသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။
နင်းကျော့သည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပေရာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အရေးကြီးသော အခိုက်အတန့်ဝယ် သူ၏အသိဉာဏ်ပင်လယ်အတွင်းရှိ 'ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်' သည် ဖျတ်ခနဲ လင်းလက်သွားကာ အဆိုပါတစ္ဆေခေါင်းကို ဖမ်းချုပ်လိုက်လေသည်။
ထို့နောက် စားပွဲပေါ်ရှိ ကာကွယ်ရေးအစီအရင်သည်လည်း အလုပ်လုပ်လာပြီး တစ္ဆေခေါင်းကို ချက်ချင်းပင် အမှုန့်ခြေဖျက်ပစ်လိုက်တော့၏။
ထိုတစ္ဆေခေါင်းမှာ ဟွမ်မျိုးနွယ်စု တစ္ဆေခေါင်းဆောင်၏ နောက်ဆုံးလက်ကျန် တုံ့ပြန်တိုက်ခိုက်မှုပင် ဖြစ်ပေတော့သည်။ ယခုအခါတွင်မူ ထိုသိုလှောင်အိတ်သည် နင်းကျော့အတွက် မည်သည့်ခုခံမှုမျှ မရှိတော့ချေ။
ယင်းအတွင်း၌ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်၊ တစ္ဆေကျင့်စဉ်များ ပါဝင်သည့် ကျောက်စိမ်းပြား နှစ်ချပ်နှင့် ကျင့်ကြံခြင်းဆိုင်ရာ ပစ္စည်းများစွာကို တွေ့ရသည်။
"မီးလျှံအဆီအနှစ်လား"
ဆယ်ပေါင်ခန့်ရှိသော မီးလျှံအဆီအနှစ်ကို တွေ့လိုက်ရသောအခါ နင်းကျော့၏ မျက်ဝန်းအစုံမှာ ပြူးကျယ်သွားရကာ သူ၏မျက်နှာထက်၌ ဝမ်းမြောက်ခြင်း အရိပ်အယောင်များ ချက်ချင်းပင် ထင်ဟပ်လာတော့သည်။
သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း စားပွဲအံဆွဲကို ဆွဲဖွင့်ကာ 'ရွှေမျှင်ကျောက်စိမ်းနှင်းဆီမုန့်' လက်တစ်ဆုပ်စာကို ယူလိုက်၏။
ဝိညာဉ်စွမ်းအား အစက်အပြောက်လေးတစ်ခုဖြင့် မုန့်ထုပ်စက္ကူကို မီးရှို့ဖျက်ဆီးလိုက်ရာ ပြာများသည် ဆေးမီးဖိုအတွင်းရှိ အလောင်းများ၏ အကြွင်းအကျန်များသဖွယ် လွင့်စင်သွားကြလေသည်။
သူသည် ပါးစပ်ကို ဟကာ မုန့်အားလုံးကို တစ်ပြိုင်နက် သွတ်သွင်းလိုက်တော့၏။
ဝါးစားနေသည့် အခိုက်အတန့်ဝယ် ဝိညာဉ်မီးအိမ်၏ အလင်းရောင်အောက်တွင် သူ၏နှုတ်ခမ်းများသည် နီရဲလျက်ရှိပြီး ဖြူဖွေးသော သွားများကိုလည်း တစ်ခါတစ်ရံ မြင်တွေ့နေရသည်။
ရွှေမျှင်ကျောက်စိမ်းနှင်းဆီမုန့်သည် သူ၏ သွားနှင့် နှုတ်ခမ်းကြားဝယ် ကြေမွသွားကာ အတွင်းမှ အနှစ်များသည် စီးထွက်လျက် တစ်ခုနှင့်တစ်ခု ရောယှက်သွားချေသည်။
ယင်းပုံရိပ်မှာ သူ၏လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသော ကျင့်ကြံသူအပေါင်းတို့သည် နင်းကျော့၏ ကြီးထွားမှုအတွက် အသွေးအသားနှင့် အာဟာရအဖြစ် မပြောင်းလဲမီ ကြိတ်စက်အတွင်း၌ အော်ဟစ်ငိုကြွေးနေကြသည့်နှယ်ပင်။
ကျင့်ကြံသူတို့၏ လောကသည် ရက်စက်ကြမ်းကြုတ်လှပေသည်။ အကယ်၍ ဝိညာဉ်ကြိုးများ ရောင်းချသည့် မှောင်ခိုလုပ်ငန်းနှင့် ထိုမိစ္ဆာလမ်းစဉ် ကျင့်ကြံသူများ၏ ပံ့ပိုးမှုသာ မရှိပါက နင်းကျော့အနေဖြင့် ဤမျှများပြားသော ရွှေမျှင်ကျောက်စိမ်းနှင်းဆီမုန့်များကို မည်သို့ စားသုံးနိုင်ပါအံ့နည်း။
မုန့်ကို စားသုံးရင်း နင်းကျော့သည် မနေ့က မှောင်ခိုဈေးကွက်မှ ရရှိခဲ့သော အကျိုးအမြတ်များကို ပျော်ရွှင်စွာ တွက်ချက်နေမိသည်။
ဝိညာဉ်ကြိုးများ ရောင်းချရမှုမှ ဝိညာဉ်ကျောက်တုံးပေါင်း ၂၄,၀၀၀ ရရှိခဲ့၏။ သူ၏ဦးလေးဖြစ်သူ နင်းကျဲသည် နင်းမျိုးနွယ်စုအတွက် ကြိုးအချောင်း ၈၀ အထိ ဝယ်ယူခဲ့ရာ အကျိုးအမြတ်၏ အဓိကအပိုင်းကို ပံ့ပိုးပေးခဲ့ခြင်းပင်။
"ငါလုပ်တဲ့ ဝိညာဉ်ကြိုးတွေက ဈေးကွက်ထဲမှာ အကောင်းဆုံးတွေပဲ၊ ဒါကြောင့်လည်း ဒီအလုပ်က အမြဲတမ်း တွက်ခြေကိုက်နေတာ"
"နင်းမျိုးနွယ်စုက ဒီလောက်အထိ ပြင်ဆင်နေပုံထောက်ရင် တစ်ခုခုကြီးကြီးမားမား လုပ်တော့မယ့်ပုံပဲ"
"ဟူး... ကျင့်ကြံခြင်းလောကဆိုတာ အင်အားကြီးသူက အနိုင်ယူစတမ်းပဲကိုး"
"ငါလို သာမန်လူငယ်လေးတစ်ယောက်ကိုတောင် အနိုင်ကျင့်ချင်တဲ့သူတွေက အမြဲရှိနေတတ်တာပဲ"
"ဟိုတစ္ဆေကျင့်ကြံသူ သုံးယောက်ကတော့ လုယက်ဖို့ထွက်လာကတည်းက ဆင်းရဲသားတွေ ဖြစ်မှာပါ၊ ဒါပေမဲ့ ဒီမီးလျှံအဆီအနှစ် ဆယ်ပေါင်ကတော့ တကယ့်ကို အံ့ဩစရာ ဆုလာဘ်ပဲ"
"ဒါနဲ့ဆိုရင် ငါစုဆောင်းထားတဲ့ မီးလျှံအဆီအနှစ်က ပေါင်တစ်ထောင်ကျော်သွားပြီ၊ လုံလောက်တာထက်တောင် ပိုနေသေးတယ်"
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နင်းကျော့သည် မီးလျှံအဆီအနှစ်များကို တိတ်တဆိတ် စုဆောင်းလာခဲ့ခြင်းဖြစ်သည်။
ဘေးကင်းစေရန်အတွက် တစ်ကြိမ်လျှင် အနည်းငယ်စီသာ ဝယ်ယူခဲ့ရာ ဆယ်ပေါင်ခန့် ရရှိရန်ပင် တစ်လကျော် အချိန်ပေးခဲ့ရသည်။ ယခုရရှိလိုက်သော အစုအပုံကြီးက သူ၏ နောက်ဆုံးလိုအပ်ချက်ကို ချက်ချင်းပင် ဖြည့်ဆည်းပေးလိုက်ချေပြီ။
အကျိုးအမြတ်များကို တွက်ချက်ပြီးနောက် နင်းကျော့သည် မနေ့ညက ဆုံးရှုံးမှုများကိုလည်း ပြန်လည်တွက်ချက်ကြည့်ပြန်သည်။ သူသည် ရင်ဘတ်အတွင်းမှ ငွေမီးခိုးရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။
တံဆိပ်ပြား၏ အရှေ့ဘက်တွင် 'ဟန်' ဟု ကမ္ပည်းထိုးထားပြီး အနောက်ဘက်တွင်မူ 'ချန်း' ဟု ရေးထိုးထားသည်။
နင်းကျော့က ယင်းကို အသာအယာ မြှောက်တင်လိုက်ရာ တံဆိပ်ပြားသည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီးနောက် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာကာ 'သံမဏိဟန် သံချပ်ကာ' အဖြစ် ပြောင်းလဲသွားပြီး လေထဲ၌ ငြိမ်သက်စွာ ပေါ်လာတော့သည်။
နင်းကျော့သည် သံချပ်ကာ၏ ကျောရိုးအစိတ်အပိုင်းကို ဖွင့်ကြည့်လိုက်ရာ ထိုနေရာ၌ 'အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး' တစ်လုံး မြှုပ်နှံထားသည်ကို တွေ့ရ၏။
"ဆေးလုံးက ၃၀ ရာခိုင်နှုန်းပဲ ကျန်တော့တာပဲ"
ဤဆေးလုံးသည် သံမဏိဟန် သံချပ်ကာအား အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်၏ တိုက်ခိုက်ရေးစွမ်းရည်ကို ဖော်ဆောင်နိုင်စေရန်အတွက် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
နင်းကျော့ကိုယ်တိုင်မှာမူ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသည် မဟုတ်လော။
"ဒီဆေးလုံးသာ ကုန်သွားရင် သံမဏိဟန် သံချပ်ကာက အသုံးမဝင်တော့ဘူး"
"ဟူး... အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးကို ရဖို့ကလည်း အလွန်ခက်ခဲတာ" ဟု ဆိုကာ နင်းကျော့သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ဤသည်မှာ မနေ့က သူ၏ အကြီးမားဆုံးသော ဆုံးရှုံးမှုပင် ဖြစ်ချေသည်။
၎င်းအပြင် မနေ့ညက တိုက်ပွဲကြောင့် အနာရွတ်အသစ်တစ်ခုလည်း ရရှိခဲ့သေးသည်။
ယင်းမှာ ဟွမ်မျိုးနွယ်စု တစ္ဆေခေါင်းဆောင်၏ ဓားချက်ကြောင့် ဖြစ်ပြီး နင်းကျော့အနေဖြင့် မည်သို့မျှ မတတ်နိုင်ခဲ့ချေ။
အနီးကပ် ကြည့်ရှုလိုက်လျှင် ဤစက်မှုသံချပ်ကာ၏ မျက်နှာပြင်ပေါ်၌ အနာရွတ်များစွာ ဖုံးလွှမ်းနေသည်ကို တွေ့ရမည်ဖြစ်၏။
အချို့မှာ ဒဏ်ရာဟောင်းများ ဖြစ်ပြီး အချို့မှာမူ နင်းကျော့ ဝတ်ဆင်တိုက်ခိုက်စဉ်က ရရှိခဲ့သော အမှတ်အသားများပင်။
"အမေ..."
နင်းကျော့သည် ထိုဒဏ်ရာဟောင်းများကို ပွတ်သပ်ရင်း သူ၏မျက်ဝန်းများမှာ ဝမ်းနည်းရိပ်များ လွှမ်းသွားတော့သည်။
လွန်ခဲ့သော ၁၄ နှစ်၊ သူ အသက်နှစ်နှစ်သားအရွယ်တွင် အမေဖြစ်သူသည် နောက်ဆုံးထွက်သက်ဝယ် မှာကြားချက်များ ပေးခဲ့ဖူးသည်။
ယင်းကြောင့် သူ သိရှိခဲ့ရသည်မှာ မီးလျှံတောင်တန်း၌ ချော်ရည်နန်းတော် သို့မဟုတ် စက်မှုမသေမျိုးမြို့တော်တစ်ခု ရှိနေခြင်းပင်။
မြို့တော်၏ ဝိညာဉ်သည် မြို့တော်ကို ဆက်ခံရန် ကျင့်ကြံသူများကို တိတ်တဆိတ် ရွေးချယ်လေ့ရှိပြီး သူ၏အမေမှာလည်း ရွေးချယ်ခံရသည့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။
သို့သော် မြို့တော်၏ စမ်းသပ်မှုများမှာ အလွန်ပင် ခက်ခဲလှချေ၏။
သူ၏အမေမှာ ထူးကဲသော စွမ်းအားရှိခြင်းကြောင့် အခြားသော ပြိုင်ဘက်များ၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရကာ သေလုမြောပါး ဒဏ်ရာများ ရရှိခဲ့ခြင်းပင်။
"မသေမျိုးမြို့တော်က တဖြည်းဖြည်း ဆုတ်ယုတ်လာနေပြီး ရွေးချယ်မှု စံနှုန်းတွေကိုလည်း လျှော့ချလာနေတယ်၊ ကျော့အာ... သား အသက် ၁၄ နှစ်ပြည့်တဲ့အခါ စက်မှုမသေမျိုးမြို့တော်ရဲ့ ရွေးချယ်မှု စံနှုန်းက ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်အထိ လျော့ကျသွားလိမ့်မယ်၊ အဲဒါ သားအတွက် အကြီးမားဆုံး အခွင့်အရေးပဲ"
"သား... စက်မှုပညာရပ်တွေကို ကောင်းကောင်းလေ့လာရမယ်၊ သား ဒီဘက်မှာ အားစိုက်နေတာကို ဘယ်သူ့ကိုမှ မသိစေနဲ့"
"စက်မှုပစ္စည်းတွေကို သားကိုယ်တိုင် ပုံစံထုတ်ရမယ်၊ တပ်ဆင်ရမယ်၊ မောင်းနှင်ရမယ်၊ ဒါတွေ အားလုံးက စက်မှုမသေမျိုးမြို့တော်ရဲ့ စမ်းသပ်ချက်တွေပဲ"
"အကယ်၍ သားသာ ထိပ်တန်းအဆင့်မှာ ရွေးချယ်ခံရရင် သားကို စက်မှုပညာ မျိုးစေ့အဖြစ် သတ်မှတ်ပြီး မြို့တော်က အထူးပြု စောင့်ရှောက်ပေးလိမ့်မယ်၊ အခြားသူတွေလို နောက်ခံမရှိတဲ့ သားအတွက် ဒါက အလွန်အရေးကြီးတယ်၊ သားမှာ မသေမျိုးမြို့တော်ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပိုလိုအပ်တယ်"
"ငါတို့မျိုးနွယ်စုရဲ့ ကျင့်စဉ်နဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်အထိ မကျင့်ကြံနဲ့ဦး၊ အမေက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာ စက်မှုပညာမျိုးစေ့ ဖြစ်ခဲ့ပေမဲ့ ဝိညာဉ်ပင်လယ်က ပုံသေဖြစ်သွားလို့ ကျင့်စဉ်ကို မပြောင်းလဲနိုင်ခဲ့ဘူး၊ အဲဒါကြောင့် ချော်ရည်နန်းတော်က စမ်းသပ်မှု တော်တော်များများက အမေ့အတွက် ပိုခက်ခဲသွားပြီး နောက်ဆုံးမှာ မတတ်သာဘဲ ရပ်တန့်လိုက်ရတာ"
"အဟွတ! အဟွတ်"
နှစ်နှစ်သားအရွယ် နင်းကျော့မှာ ထိတ်လန့်တကြား ငိုကြွေးရင်း "အမေ... မပြောပါနဲ့တော့၊ အမေ သွေးတွေ အန်နေပြီ" ဟု ဆိုလိုက်သည်။
နင်းကျော့၏ အမေသည် သူမ၏လက်ကို ဆန့်ကာ သားငယ်၏ ခေါင်းလေးကို ပွတ်သပ်ပေးနေ၏။ သူမ၏ မျက်ဝန်းများထဲတွင်မူ တွယ်တာမှုနှင့် စိုးရိမ်မှုများ ပြည့်နှက်လျက် ရှိပေသည်။
"သားရယ်... အမေ တောင်းပန်ပါတယ်၊ အမေ သားကို မကာကွယ်ပေးနိုင်တော့ဘူး၊ အမေနဲ့ သားအဖေ မရှိတော့ရင် သားတစ်ယောက်တည်း ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မယ်"
"မျိုးနွယ်စုအပေါ်မှာလည်း သိပ်ပြီး သစ္စာမရှိပါနဲ့၊ သားအဖေက အဲဒီအမှားမျိုး လုပ်ခဲ့တာ"
"သူ မသေခင်မှာ မျိုးနွယ်စုအကြီးအကဲ နင်းရှောင်ရန်ကို သားကို စောင့်ရှောက်ပေးဖို့ မှာခဲ့ပေမဲ့ အမေ ကြည့်ရသလောက် သူက အားကိုးလို့ မရဘူး"
"သားရဲ့ ဦးလေးနဲ့ ဒေါ်ဒေါ်ကလည်း ခေါင်းမာပြီး ကပ်စေးနှဲကြတာ၊ စိတ်ကောင်းရှိတဲ့သူတွေ မဟုတ်ဘူး၊ သတိထားပါ"
"တစ်ခါတစ်လေမှာ သားရဲ့ အနီးအနားက ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက ရန်သူတွေထက် ပိုပြီး အန္တရာယ်ရှိတတ်တယ်"
"သိပ်ပြီးတော့လည်း ထင်ပေါ်အောင် မနေနဲ့၊ သားရဲ့ မိဘတွေ မရှိတော့တဲ့နောက်မှာ သားကို တကယ့်တကယ် အားပေးမယ့်သူ မရှိဘူး၊ လူမသိအောင် နေပါ၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ သိမ်ငယ်မသွားစေနဲ့၊ သာမန်အတိုင်း ကြီးပြင်းပါ၊ လူတွေ သတိမထားမိအောင် တိတ်တဆိတ် အားအင်တွေ စုဆောင်းပါ"
"ပါရမီရှင် ကလေးသူငယ်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတာတွေကို အမေ အများကြီး မြင်ခဲ့ဖူးပြီ..."
"အမေရဲ့ သံမဏိဟန် သံချပ်ကာကိုတော့ သားကို ကာကွယ်ဖို့ ချန်ထားခဲ့တယ်၊ အဲဒါက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းရဲ့ စွမ်းအား ရှိတယ်"
"ပြီးတော့ ဒီရတနာ... ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်၊ ဒါက အမေ ချော်ရည်နန်းတော်ကနေ ကံကောင်းလို့ ရခဲ့တာ၊ ဒါကို ဘယ်တော့မှ အပြင်မှာ မပြနဲ့"
ထိုအချိန်တွင် သူမ၏ အသံမှာ အဆုံးစွန်အထိ တိုးဝင်သွားခဲ့ချေပြီ။
သူမသည် အသက်နှစ်နှစ်အရွယ် နင်းကျော့ကို စိုက်ကြည့်ရင်း မျက်ရည်များ ဝိုင်းလျက် ရှိနေ၏။ သားလေးကို ဆက်ကြည့်နေချင်သော်လည်း သူမ၏ အမြင်အာရုံများမှာ တဖြည်းဖြည်း မှောင်မိုက်လာတော့သည်။
နောက်ဆုံး အခိုက်အတန့်ဝယ် သူမသည် ဝေခွဲမရဖြစ်နေဟန်ဖြင့် "ဒါတွေကို သားကို သင်ပေးခဲ့တာ မှားသလား မှန်သလားဆိုတာ အမေ မသိတော့ဘူး"
"သား... ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း စောင့်ရှောက်ပါ၊ အကယ်၍ မတတ်နိုင်တော့ရင် ချော်ရည်နန်းတော်ကို လက်လွှတ်လိုက်ပါ"
"အသက်က အရေးကြီးဆုံးပဲ၊ သားကို အသက်ရှင်စေချင်တယ်၊ ကောင်းကောင်း အသက်ရှင်စေချင်တယ်"
"သားသာ အသက်ရှင်နေရင် အမေ ပျော်နေမှာပါ"
နှစ်နှစ်သားအရွယ် နင်းကျော့သည် သူ၏အမေ ဝတ်ထားသော သွေးစွန်းသည့် ဝတ်ရုံကို အသည်းအသန် ဖက်ထားရင်း "အမေ... အမေ... မပြောပါနဲ့တော့၊ မသေပါနဲ့၊ မသေပါနဲ့... ဝါး... ဝါး..." ဟု ငိုကြွေးရှာသည်။
သူမ၏ နောက်ဆုံးစကားမှာ "သားလိမ္မာလေး... မကြောက်နဲ့နော်၊ မကြောက်နဲ့... အမေ ရှိတယ်၊ အမေ အောက်ကနေ သားကို ကာကွယ်ပေးမှာပါ..."
နောက်တစ်ခဏတွင်မူ သူမ၏ နှလုံးခုန်သံ ရပ်တန့်သွားကာ နင်းကျော့၏ ခေါင်းပေါ်မှ သူမ၏ လက်ကလေးသည်လည်း ဖြည်းညင်းစွာ လျောကျသွားလေတော့သည်။
နှစ်နှစ်သားအရွယ် နင်းကျော့၏ ခန္ဓာကိုယ်မှာ လျှပ်စီးအချက်ခံလိုက်ရသလို တုန်ရီသွား၏။ သူသည် ခေါင်းကို မော့ကြည့်လိုက်ရာ ယခုအခါတွင်မူ သူသည် အသက် ၁၆ နှစ်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
နုနယ်ပြီး မျက်ရည်စများဖြင့် ပြည့်နှက်နေသော ကလေးငယ်၏ မျက်နှာအစား ပြတ်သားသော လူပျိုဖော်ဝင် လူငယ်တစ်ဦး၏ မျက်နှာဖြင့် အစားထိုးလိုက်ချေပြီ။
သူသည် အမေဖြစ်သူ၏ နောက်ဆုံးမှာကြားချက်များနှင့် မျှော်လင့်ချက်များကို ပခုံးထက်ဝယ် ထမ်းပိုးရင်း ကြီးပြင်းလာခဲ့ရသည်။
"အမေ... အခြေအနေတွေက ပြောင်းလဲသွားပြီ"
"မြို့စားမင်းနဲ့ ကျိုးမျိုးနွယ်စု၊ ကျန်းမျိုးနွယ်စုတွေက မီးလျှံနတ်ဆိုး ချော်ရည်တွင်းကို ရှင်းလင်းဖို့ အားစိုက်နေကြတယ်၊ ဒါက ချော်ရည်နန်းတော်ရဲ့ ကာကွယ်ရေး ဖိအားကို လျော့ကျစေပြီး ပျက်စီးမှုကိုလည်း လျှော့ချပေးသလို ဖြစ်နေတယ်၊ ပြင်ပဖိအား မရှိတော့တဲ့အတွက် နန်းတော်ဝိညာဉ်က ရွေးချယ်မှု စံနှုန်းတွေကို ထပ်မလျှော့တော့ဘူး"
"ဒီနှစ်မှာ နင်းမျိုးနွယ်စုကလည်း ချော်ရည်နန်းတော်ရဲ့ လျှို့ဝှက်ချက်ကို သိသွားကြပြီ၊ အကယ်၍ သူတို့ပါ ကာကွယ်ရေးမှာ ပူးပေါင်းလာရင် ငါ ဘယ်တော့မှ စံနှုန်းတွေ လျော့ကျသွားတာကို မြင်ရတော့မှာ မဟုတ်ဘူး"
"ဒီတစ်သက်လုံးတောင် ဖြစ်ချင်မှ ဖြစ်တော့မှာ"
"မီးလျှံတောင် မသေမျိုးမြို့တော်က အင်အားကြီးအဖွဲ့တွေအားလုံးက ချော်ရည်နန်းတော်ရဲ့ အကျိုးအမြတ်တွေကို သူတို့ အသိုင်းအဝိုင်းထဲမှာတင် လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေကြတာ၊ ဒါကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်ပါ့မလဲ"
"ဒါကြောင့် ငါကိုယ်တိုင်ပဲ လုပ်ဆောင်ရတော့မယ်"
"အခု ငါ့မှာ မီးလျှံအဆီအနှစ်တွေ လုံလုံလောက်လောက် ရှိနေပြီ၊ ဒါတွေကို သုံးပြီး နန်းတော်ကို ပျက်စီးသွားအောင် ဗုံးကြဲတိုက်ခိုက်လိုက်ရင် စံနှုန်းတွေ လျော့ကျသွားလိမ့်မယ်"
"ငါ့အတွက် ပေါက်ကွဲစေတတ်တဲ့ မီးလျှံမျောက် တစ်ကောင်ပဲ လိုတော့တယ်"