အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း (၁၉) ဖေးစီ၏ အကြံပြုချက်
ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦးတို့သည် မိမိတို့၏ တိမ်တိုက်မှော်ပညာရပ်များကို အသုံးပြုကာ တောင်ထိပ်ဆီသို့ အပြိုင်အဆိုင် ပျံသန်းလာကြချေသည်။
ခန္ဓာကိုယ်တွင် ဒဏ်ရာအနည်းငယ်ရရှိထားပြီး မျက်နှာတွင် ဖုန်မှုန့်များပေကျံနေသော ချီတွန်းသည် ၎င်း၏ မီးခိုးရောင်တိမ်တိုက်ပေါ်မှနေ၍ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ဒေါသတကြီး ပြောဆိုလေတော့သည်။
"ဖေးစီ... မင်းသာ ငါ့ရဲ့ မိစ္ဆာကျင့်ကြံသူနောက်ကို လိုက်လံဖမ်းဆီးမှုမှာ နှောင့်ယှက်ခြင်း မပြုခဲ့ဘူးဆိုရင် အဲဒီကောင်ကို ငါဖမ်းမိတာ ကြာလှပြီ"
သူ၏ စွပ်စွဲချက်မှာ ဝါဂွမ်းကဲ့သို့ မုတ်ဆိတ်ရှည်ရှိပြီး တောက်ပသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် ဝါရောင်ဝတ်စုံဝတ် အကြီးအကဲ ဖေးစီသို့ ဦးတည်နေခြင်းပင် ဖြစ်သည်။
ဖေးစီကလည်း အေးစက်စက် လှောင်ပြုံးပြုံးကာ ပြန်လည်တုံ့ပြန်လေသည်။ "မင်းလို လူကြမ်းကြီးကတော့ ပြောဦးမှာပဲ။ ငါက မင်းကို မိစ္ဆာကျင့်ကြံသူ ဖမ်းတာကို တားတာ မဟုတ်ဘူး၊ မီးလျှံတောင်တန်းက မီးလျှံသီးတောအုပ်ကြီး ပျက်စီးသွားမှာကို တားဆီးနေတာ"
ထိုသို့ဖြင့် ၎င်းတို့နှစ်ဦးမှာ မြို့စားမင်းထံသို့ ရောက်ရှိသည်အထိ အပြန်အလှန် အချေအတင် စကားများလာကြ၏။
ထိုအခါ ထူထပ်သော တိမ်တိုက်လွှာတို့သည် ကန့်လန့်ကာများကဲ့သို့ ဘေးတစ်ဖက်တစ်ချက်သို့ ကွဲခွာသွားပြီး မြို့စားမင်း၏ စစ်မှန်သော ရုပ်သွင်တော် ပေါ်ထွက်လာချေသည်။
မြို့စားမင်း၏ မျက်နှာတော်မှာ အေးဆေးတည်ငြိမ်လျက် ရှိနေ၏။ ၎င်းသည် ဤလက်ရုံးနှစ်ဦး၏ အမြဲတစေ ငြင်းခုံနေတတ်သော အလေ့အထကို ရိုးအီနေအောင် မြင်တွေ့နေကျ ဖြစ်ပေသည်။
ဖေးစီနှင့် ချီတွန်းတို့သည် မြို့စားမင်း အားအထားရဆုံးသော လက်ရုံးများ ဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦးမှာမူ ရေနှင့်ဆီကဲ့သို့ မတည့်ကြပေ။
ချီတွန်းသည် မြို့စားမင်းအား အရိုအသေပေး ဂါရဝပြုပြီးသည်နှင့် ဖေးစီသည် ပူးပေါင်းဆောင်ရွက်မှု မရှိသည့်အပြင် ၎င်းကို နှောင့်ယှက်ဟန့်တားခဲ့ကြောင်း၊ ထို့ကြောင့်လည်း အရိပ်နက် မိစ္ဆာကျင့်ကြံသူမှာ မီးလျှံသီးတောအုပ်အတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားပြီး ယခုအခါ ထိုတောအုပ်ကို ယာယီပိတ်ဆို့ထားရကြောင်း တိုင်တန်းလေတော့သည်။
ဖေးစီကလည်း ချက်ချင်းပင် "လူကြမ်းကြီး" ဟု ပြန်လည်အော်ဟစ် လိုက်လေသည်။
"မီးလျှံသီးတောအုပ်ရဲ့ တန်ဖိုးက ဘယ်လောက်ကြီးမားတယ်ဆိုတာ မင်းသိရဲ့လား။ ဒါဟာ မြို့တော်တည်ကတည်းက လူမျိုးဆက် တစ်ဆယ်စာ၊ နှစ်ပေါင်း ရာနဲ့ချီပြီး ကြိုးပမ်းပြုစုခဲ့ရတဲ့ ရလဒ်ပဲ။"
"မီးလျှံသီးတွေဟာ ပေါက်ကွဲလွယ်တဲ့ သဘာဝရှိတယ်။ တကယ်လို့ တောအုပ်ထဲမှာ တိုက်ပွဲသာဖြစ်ခဲ့ရင် ဒါဟာ ဆက်တိုက်ပေါက်ကွဲမှုတွေကို ဖြစ်စေပြီး ငါတို့ မသေမျိုးမြို့တော်ရဲ့ အကြီးမားဆုံးသော လုပ်ငန်းကြီးတစ်ခုလုံး ပြာကျသွားလိမ့်မယ်။"
"မြို့တော်ရဲ့ နှစ်စဉ်ဝင်ငွေ တစ်ဝက်လောက်ဟာ ဒီတောအုပ်က ရတာပဲ။ မီးလျှံသီးတောအုပ်ဟာ ဒီမြို့တော်ကြီး လည်ပတ်နိုင်ဖို့ အဓိက ထောက်ပံ့ပေးနေတာလို့ ပြောရင်လည်း မမှားဘူး။"
"မင်းကတော့ မင်းရဲ့ တာဝန်တစ်ခုတည်းကိုပဲ ကြည့်ပြီး အမြင်ကျဉ်းမြောင်းနေတာပဲ။ တကယ်လို့ မီးလျှံသီးတောအုပ်သာ ပျက်စီးသွားရင် မြို့စားမင်းအနေနဲ့ တမ်းတခြင်းပြည် ဘုရင့်မျိုးနွယ်စုကို ဘယ်လို ရှင်းပြမလဲ"
စင်စစ်မှာမူ ဘိုးဘေးဆရာကြီးသုံးဦးသည် မီးလျှံတောင်တန်းအတွင်း၌ ချော်ရည်နန်းတော်ကို နက်ရှိုင်းစွာ ဝှက်သိမ်းခဲ့ကြခြင်း ဖြစ်သည်။
မီးတောင်ဝကို ဖိနှိပ်ချုပ်တည်းပြီးနောက် ဤနေရာသည် ဘေးဒုက္ခနယ်မြေမှသည် ကံလာဘ်ကောင်းသော နယ်မြေအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းရာချီက တမ်းတခြင်းပြည် မသေမျိုးမင်းဆက်သည် ဤနေရာကို မျက်စိကျခဲ့ပြီး ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို စေလွှတ်ကာ မသေမျိုးမြို့တော်ကို တည်ထောင်စေခဲ့သည်။
မြို့တော်၏ အစီအရင်ကြီးကို တည်ဆောက်ပြီးနောက် မြေထုစွမ်းအားနှင့် မီးလျှံဝိညာဉ်စွမ်းအားတို့ကို အသုံးချကာ မီးလျှံသီးတောအုပ်ကို ပျိုးထောင်ခဲ့ကြလေသည်။
မီးလျှံသီးတောအုပ်မှ အကျိုးအမြတ် များစွာရရှိခဲ့သဖြင့် မြို့တော်ကိုလည်း ထိုအမည်ကို အစွဲပြု၍ မှည့်ခေါ်ခဲ့ကြသည်။
ထို့ပြင် နှစ်စဉ် မီးလျှံသီးများ ရိတ်သိမ်းချိန်တွင် 'မီးလျှံတောင်တန်းပွဲတော်' ဟု ခေါ်ဆိုသော ထူးခြားသည့် ပွဲတော်တစ်ခုကိုလည်း ကျင်းပလေ့ရှိရာ ၎င်းမှာ မြို့တော်၏ သီးသန့်ဂုဏ်ဆောင် ပွဲတော်ပင် ဖြစ်သည်။
ထိုနေ့တွင် မြို့တွင်းရှိ ကျင့်ကြံသူအားလုံး တောအုပ်အတွင်းသို့ လာရောက်ကာ မီးလျှံသီးများ ဆွတ်ခူးရာတွင် ပါဝင်ကြသဖြင့် တစ်မြို့လုံးမှာ ရိတ်သိမ်းရသည့် ပျော်ရွှင်မှုများဖြင့် စည်ကားသိုက်မြိုက်လျက် ရှိပေသည်။
ချီတွန်းသည် ဖေးစီကို မျက်စောင်ထိုးကြည့်ကာ တစ်ခုခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် မြို့စားမင်းက ကြားဖြတ်၍ မိန့်ကြားလိုက်လေသည်။
"တော်ကြတော့... မင်းတို့ ကျင့်ကြံသူအချို့ကို စစ်ဆေးမေးမြန်းပြီးပြီ မဟုတ်လား။ ဘာသဲလွန်စများ ရလဲ"
ချီတွန်းသည် ချက်ချင်းပင် ဦးညွှတ်လိုက်ပြီး ထွက်ဆိုချက်မှတ်တမ်းကို ဆက်သလေသည်။
မြို့စားမင်းသည် နေရာမှ မထဘဲ စိတ်အာရုံဖြင့် ထိုမှတ်တမ်းကို မိမိရှေ့တွင် လွင့်ပျံစေလျက် လေအဟုန်ဖြင့် စာမျက်နှာများကို လှန်လှောကြည့်ရှုလိုက်၏။
ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သဖြင့် အံ့မခန်းသော စိတ်ဝိညာဉ်အာရုံကို ပိုင်ဆိုင်ထားရာ ခဏချင်းမှာပင် မှတ်တမ်းပါ အကြောင်းအရာအားလုံးကို ဖတ်ရှုပြီးစီးသွားသည်။ သို့သော် ထူးခြားသော သတင်းအချက်အလက် တစ်စုံတစ်ရာမျှ မပါရှိချေ။
ချီတွန်းက "မြို့စားမင်း... အခု မိစ္ဆာကျင့်ကြံသူက မီးလျှံသီးတောအုပ်ထဲမှာ ပုန်းနေပါတယ်။ ကျွန်တော်တို့ ဘယ်လို ဆက်လုပ်သင့်လဲ" ဟု လမ်းညွှန်ချက် တောင်းခံလိုက်သည်။
မြို့စားမင်းသည် မှတ်တမ်းစာအုပ်ကို ချီတွန်းထံသို့ စိတ်ဝိညာဉ်အာရုံဖြင့် ပြန်လည် ပေးပို့လိုက်ရင်း "မင်းရဲ့ အမြင်ကော ဘယ်လိုရှိလဲ" ဟု တည်ငြိမ်စွာ မေးမြန်းလိုက်၏။
ချီတွန်းက အခက်တွေ့နေသော မျက်နှာထားဖြင့် "မီးလျှံသီးတောအုပ်က အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော့်အမြင်အရတော့ တမ်းတခြင်းပြည် မသေမျိုးမင်းဆက်ထံကို တိုက်ရိုက်သတင်းပို့ပြီး ကျွမ်းကျင်တဲ့သူတွေကို စေလွှတ်ခိုင်းသင့်တယ်။
အဲဒီက 'နီရဲခေါင်းပေါင်း စစ်သည်တော်' တွေကို အသုံးပြုရင် အကျအဆုံး အနည်းဆုံးနဲ့ ရှင်းလင်းနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် နတ်ဆိုးအမဲလိုက်အဖွဲ့ချုပ်က သူတွေကို အကူအညီတောင်းရင်လည်း ဖြစ်နိုင်ပါတယ်။ သူတို့ဆီက နတ်ဆိုးအမဲလိုက်သမားတွေဟာ ကျွန်တော့်ထက်စာရင် ရာဇဝတ်သားတွေကို ခြေရာခံတဲ့နေရာမှာ ပိုပြီး ကျွမ်းကျင်ကြပါတယ်" ဟု အကြံပြုလေသည်။
မြို့စားမင်းသည် မည်သည့်အမူအရာမျှ မပြဘဲ ဖေးစီကို တစ်ချက်ကြည့်လိုက်သည်။ ဖေးစီသည် မြို့စားမင်း၏ အလိုကို ချက်ချင်းနားလည်သွားပြီး "လူကြမ်းကြီး" ဟု ထပ်မံ အော်ဟစ်ပြန်သည်။
"မင်းသာ နတ်ဆိုးအမဲလိုက်အဖွဲ့ချုပ်ကို ခေါ်လိုက်ရင် ငါတို့ရဲ့ အခန်းကဏ္ဍက ဘာရှိတော့မှာလဲ။ ငါတို့ဟာ မျိုးနွယ်စုကြီးနှစ်ခုနဲ့ လျှို့ဝှက်ညှိနှိုင်းထားပြီးပြီ။ အခုလို ရုတ်တရက် သတင်းပို့လိုက်ရင် ကျိုးမျိုးနွယ်စုနဲ့ ကျန်းမျိုးနွယ်စုကို ငါတို့ ဘယ်လိုမျက်နှာပြမလဲ။ ဒါဟာ လုပ်ထုံးလုပ်နည်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာပဲ"
"နောင်တစ်ချိန်မှာ မြို့စားမင်းအနေနဲ့ တခြားတစ်နေရာမှာ တာဝန်ကျရင်တောင် အဲဒီဒေသက ကျင့်ကြံသူ မျိုးနွယ်စုတွေက မြို့စားမင်းကို ဘယ်ယုံကြည်တော့မလဲ။ နယ်မြေတစ်ခုကို အုပ်ချုပ်တဲ့အခါ ဒေသခံ မျိုးနွယ်စုကြီးတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိမှ အရာရာဟာ ချောမွေ့မှာ ဖြစ်တယ်။ ကိုယ်ပြောထားတဲ့ စကားကို ပြန်ဖျက်တာဟာ ယုတ်ညံ့တဲ့ အပြုအမူပဲ"
ဖေးစီ၏ စောဒကတက်မှုများသည် အလွန်ပင် ပြင်းထန်လှပေသည်။ သို့သော် သူ၏ ရင်ထဲ၌ မပြောဘဲ ချန်ထားခဲ့သော စကားအချို့လည်း ရှိနေပါသေးသည်။
ချော်ရည်နန်းတော်ကို တွေ့ရှိခဲ့ခြင်းမှာ မြို့စားမင်း တာဝန်ထမ်းဆောင်ပြီးနောက်မှ ဖြစ်သည်။ စည်းမျဉ်းအရဆိုလျှင် မြို့စားမင်းသည် ချက်ချင်း သတင်းပို့ရမည် ဖြစ်သော်လည်း ကျိုးမျိုးနွယ်စုနှင့် ကျန်းမျိုးနွယ်စုတို့၏ တိုက်တွန်းမှု၊ လာဘ်ထိုးမှုများအပြင် မြို့စားမင်းကိုယ်တိုင်ကလည်း ချော်ရည်နန်းတော်ရှိ ရတနာများကို မက်မောသဖြင့် ဤကိစ္စကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
ယခင်က အဖွဲ့သုံးဖွဲ့ကြား လျှို့ဝှက်ပူးပေါင်းမှုမှာ အဆင်ပြေခဲ့သော်လည်း နင်းမျိုးနွယ်စုက ချော်ရည်နန်းတော်ကို ရှာဖွေတွေ့ရှိသွားခြင်းမှာမူ ၎င်းတို့ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
သို့သော် မမျှော်လင့်ထားသော မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်—၎င်းမှာ ချော်ရည်နန်းတော် ပေါက်ကွဲသွားခြင်းပင်။
ထိုအမင်္ဂလာရှိသော အရိပ်နက် မိစ္ဆာကျင့်ကြံသူသည် တစ်ဦးတည်းနှင့်ပင် ကောင်းမွန်နေသော အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။
ချော်ရည်နန်းတော်မှာလည်း အပြင်သို့ လုံးဝနီးပါး ပေါ်ထွက်လာခဲ့သဖြင့် မြို့စားမင်းကိုယ်တိုင် ကိုယ်ဖိရင်ဖိ ထိန်းချုပ်ခဲ့ရသည်။ သို့သော် နန်းတော်သို့ ဝင်ရောက်နိုင်သည့် အဆင့်မှာ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်အထိ လျော့ကျသွားခဲ့ပြီး ပညာရပ်ဆက်ခံခြင်းခေါင်းလောင်းသံမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားခဲ့လေပြီ။
မြို့စားမင်းအနေဖြင့် သတင်းအချက်အလက်များကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သော်လည်း သတင်းများမှာမူ အတိုင်းအတာတစ်ခုအထိ ပေါက်ကြားသွားခဲ့ပြီ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ တမ်းတခြင်းပြည် ဘုရင့်မျိုးနွယ်စုက သိရှိသွားပေလိမ့်မည်။
မြို့စားမင်းအနေနဲ့ ချော်ရည်နန်းတော်က ရတနာအချို့ကို ရရှိထားခဲ့ရင်တော့ အကြောင်းပြချက် ပေးကောင်းပေးနိုင်ပါလိမ့်မည်။
ဒါပေမဲ့ အခုချိန်အထိ လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမရသေးဘဲ အရှုံးနဲ့ပဲ ရင်ဆိုင်နေရ၏။ဒီလို အခြေအနေမျိုးမှာ မြို့စားမင်းက လက်မလျှော့ဘဲ သူဟာ နန်းတော်တစ်ခုလုံးကို စူးစမ်းရှာဖွေဖို့ပဲ ဆုံးဖြတ်ထား၏။
ချီတွန်းသည် ဖေးစီကို ပြန်လည်မချေပနိုင်တော့ဘဲ လက်နှစ်ဖက်ကို ဘေးသို့ကားပြကာ ဤအလုပ်သည် သူ၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေကြောင်း ပြသလိုက်သည်။
ဖေးစီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း "မင်းလို လူကြမ်းကြီးက ဘာအကြံကောင်း ထွက်မှာလဲ။ ငါပဲ ရှင်းလိုက်မယ်" ဟု ဆိုလေသည်။
မြို့စားမင်းသည် ဖေးစီကို စိုက်ကြည့်ကာ "ဖေးစီ... မင်းမှာ ဘာအကြံရှိလဲ။ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ" ဟု မိန့်ကြားလိုက်၏။
ဖေးစီသည် ကြိုတင်စဉ်းစားထားပြီး ဖြစ်သဖြင့် ပြုံးလျက် "မြို့စားမင်း... ကျွန်တော့်အမြင်အရတော့ အကောင်းဆုံး နည်းလမ်းကတော့ တည်တည်ငြိမ်ငြိမ်နဲ့ အခြေအနေကို စောင့်ကြည့်ဖို့ပါပဲ" ဟု စတင်ပြောဆိုလေသည်။
"မိစ္ဆာကျင့်ကြံသူရဲ့ ရည်မှန်းချက်က ရှင်းပါတယ်။ အဲဒါကတော့ ချော်ရည်နန်းတော်ပါပဲ။"
"အရင်က သူ နန်းတော်ထဲကို ဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ ကျန်းရွှမ်းကောက တားဆီးခဲ့တယ်။ အခုတစ်ခါကျတော့ သူက ဘာလို့ ထောင်အနီးမှာ ပေါ်လာရတာလဲ"
"အပေါ်ယံကြည့်ရင်တော့ သူဟာ ထောင်အောက်က တိုင်လုံးတွေကို ဖျက်ဆီးဖို့ ကြိုးစားတာလို့ ထင်ရပါတယ်"
မီးလျှံတောင် မသေမျိုးမြို့တော်ရဲ့ အစီအရင်ကြီးမှာ အဓိက တိုင်လုံးငါးခု ရှိပါတယ်။ အဲဒါတွေကတော့ ကျိုးမျိုးနွယ်စု၊ ကျန်းမျိုးနွယ်စု၊ နင်းမျိုးနွယ်စု၊ အကျဉ်းထောင်နဲ့ မြို့တော်စောင့်တပ် စခန်းတွေမှာ ရှိနေတာပါ။ ဒီတိုင်လုံးတွေကို ဖျက်ဆီးလိုက်ရင် တစ်မြို့လုံးရဲ့ အစီအရင်ကို ခြိမ်းခြောက်နိုင်ပါတယ်။
"ဒါပေမဲ့ ဒါဟာ အပေါ်ယံ ရည်ရွယ်ချက်သက်သက်ပဲ" ဟု ဖေးစီက ယုံကြည်ချက်အပြည့်ဖြင့် ကောက်ချက်ချလိုက်သည်။
"သူဟာ မြို့စားမင်းကို အပြင်ထွက်လာအောင် မျှားခေါ်ဖို့အတွက် သူ့ကိုယ်သူ တမင်တကာ အမိဖမ်းခံသလိုမျိုး လုပ်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။"
"နောက်ဆုံးမှာတော့ မိစ္ဆာကျင့်ကြံသူဟာ မီးလျှံသီးတောအုပ်ထဲမှာ ပုန်းအောင်းသွားတယ်။ ကြည့်ရတာ အကြံကုန်လို့ လုပ်လိုက်တဲ့ပုံစံ ဖြစ်နေပေမဲ့ ဒါဟာ သံသယဖြစ်စရာ ကောင်းပါတယ်။"
"မီးလျှံသီးတွေဟာ ပေါက်ကွဲလွယ်ပြီး တောအုပ်ထဲမှာလည်း အစီအရင်တွေ အများကြီး ရှိပါတယ်။ သူက ဘာလို့ အဲဒီနေရာကို ရွေးခဲ့တာလဲ"
"လက်ရှိမှာတော့ တောအုပ်ထဲက အစီအရင်တွေအားလုံးကို ဖွင့်ထားပြီး မိစ္ဆာကျင့်ကြံသူကို ယာယီ ပိတ်လှောင်ထားပါတယ်။ အခုချိန်မှာတော့ သူဟာ လှောင်အိမ်ထဲက ငှက် ဒါမှမဟုတ် အိုးထဲက လိပ်လို ဖြစ်နေပေမဲ့ ကျွန်တော့်အမြင်အရတော့ သူဟာ ငါတို့ရဲ့ အာရုံကို လွှဲနေတာပါ။"
"ကျွန်တော့်မှာ ရဲရဲဝံ့ဝံ့ ခန့်မှန်းချက်တစ်ခု ရှိပါတယ်။ ဒီမိစ္ဆာကျင့်ကြံသူဟာ ငါးစာသက်သက်ပဲ ဖြစ်ပြီး နောက်ကွယ်မှာ တခြားလူတွေ ရှိနေနိုင်ပါတယ်။"
"ငါတို့တွေ သူ့ကို ဝိုင်းဝန်းဖမ်းဆီးဖို့ အင်အားတွေ စုစည်းလိုက်တဲ့အချိန်မှာ မီးတောင်ဝက အစောင့်အကြပ်တွေ ကင်းမဲ့သွားပြီး အားနည်းချက် ဖြစ်သွားပါလိမ့်မယ်။"
"ရန်သူ့အခြေအနေကို ငါတို့ သေချာမသိသေးသလို ရန်သူဘယ်နှစ်ယောက် ပုန်းနေတယ်ဆိုတာလည်း မသိရသေးပါဘူး။"
"ဖြစ်နိုင်တာကတော့ မျိုးနွယ်စုကြီးသုံးခုစလုံးဟာ မိစ္ဆာကျင့်ကြံသူနဲ့ ပူးပေါင်းနေတာ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ကပဲ ဒါကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာလည်း ဖြစ်နိုင်ပါတယ်"
ထိုစကားကို ကြားသောအခါ ချီတွန်းမှာ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်ကာ ငိုင်ကျသွားလေတော့သတည်း။
အခန်း (၂၀) - မီးလျှံပေါက်ကွဲမျောက်နှင့် နင်းကျော့
ဖေးစီက ထိုသူအား အထင်သေးဟန်ဖြင့် ကြည့်လိုက်ပြီးလျှင် -
"မင်းလို လူကြမ်းတစ်ယောက်ကတော့ ရန်သူ့နှာခေါင်းသုပ်ကြိုးနောက် ပါနေတာတောင် ကိုယ့်ကိုယ်ကိုယ် သိမှာမဟုတ်ဘူး" ဟု ဆိုလေသည်။
ယင်းနောက် သူသည် မြို့စားမင်းဘက်သို့ လှည့်ကာ လက်အုပ်ချီ၍ အရိုအသေပြုရင်း -
"ကျွန်ုပ်တို့အားလုံးဟာ မြို့စားမင်းရဲ့ ထက်မြက်တဲ့ အမြော်အမြင်နဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာပဲ မှီခိုနေရတာပါ။ မီးတောင်ဝကို မယိမ်းမယိုင် အခိုင်အမာ စောင့်ကြပ်နေခြင်းအားဖြင့် ရန်သူ့ကို အခွင့်အရေး လုံးဝမပေးတာဟာ အကောင်းဆုံးပါပဲ"
"မြို့စားမင်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေသမျှ ကာလပတ်လုံး ဘယ်သူကများ မြို့စားမင်းရဲ့ မျက်စိအောက်မှာ ချော်ရည်နန်းတော်ထဲကို ခိုးကြောင်ခိုးဝှက် ဝင်ရောက်နိုင်မှာလဲ"
"ဒါဟာ ပြောင်းလဲမှုတွေအပေါ် မပြောင်းလဲခြင်းနဲ့ တုံ့ပြန်တဲ့ အကောင်းဆုံး နည်းဗျူဟာပဲ ဖြစ်ပါတယ်။ ပုန်းကွယ်နေတဲ့ ရန်သူဟာ အခွင့်အရေးမသာဘဲ အဝေးကနေ ငေးကြည့်ပြီး သက်ပြင်းချနေရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး" ဟု ဆိုလေသည်။
တစ်ဖန် အဆူခံလိုက်ရသဖြင့် ချီတွန်းက ဒေါသတကြီးဖြင့် ပြန်လည်ချေပသည်မှာ -
"မင်းကတော့ လျှောက်ပြောနေတာပဲ၊ အဓိကအချက်ကို မရောက်သေးဘူး။ မီးလျှံသီးတောအုပ်ထဲမှာ ပုန်းနေတဲ့ မိစ္ဆာကျင့်ကြံသူကရော ဘယ်လိုလုပ်မလဲ။ အဲဒီမှာသာ သူက ဆက်တိုက်ပေါက်ကွဲမှုတွေဖြစ်အောင် လုပ်လိုက်ရင် မီးလျှံတောင် မသေမျိုးမြို့တော်ရဲ့ ရာစုနှစ်ချီ စုဆောင်းထားသမျှတွေ အကုန်ပျက်စီးကုန်မှာပေါ့"
ဖေးစီက ခေါင်းခါလျက် သက်ပြင်းချကာ -
"လက်ရှိ အခြေအနေအရ ကျွန််တော်တို့ဟာ အဆိုးဆုံးအတွက် ပြင်ဆင်ထားရပါလိမ့်မယ်"
"ဒါပေမဲ့ သူ တမင်တကာ ပေါက်ကွဲအောင်လုပ်ဖို့ ဖြစ်နိုင်ခြေကတော့ နည်းပါလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ သူဟာ မိစ္ဆာကျင့်ကြံသူ ဖြစ်ပေမဲ့ လူအတော့မဟုတ်ဘူး။ အကယ်၍ မီးလျှံသီးတောအုပ် တစ်ခုလုံးသာ ပေါက်ကွဲသွားရင် ဖြစ်ပေါ်လာမယ့် စွမ်းအားဟာ မီးလျှံတောင်တန်း တစ်ခုလုံးကို တုန်ခါသွားစေမှာပါ။ အဲဒီအခါကျရင် သူကိုယ်တိုင်လည်း အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်ပြီး နေရာတင် သေပွဲဝင်ရမှာပဲလေ"
ခဏမျှ တန့်လိုက်ပြီးနောက် ဖေးစီက ဆက်လက်၍ -
"သူဟာ လုံ နှလုံးသား ကျင့်စဉ်ရဲ့ ထိမှန်မှုကို ခံထားရပြီးပြီ။ အချိန်ကြာလာလေလေ သူ့ရဲ့ ဒဏ်ရာက ပိုပြင်းထန်လာလေလေပဲ ဖြစ်မှာပါ"
"ကျွန်တော်တို့ဘက်က အသာစီးရနေတာမို့လို့ အလောတကြီး မလုပ်ဘဲ ဖြည်းဖြည်းချင်းပဲ သွားရမယ်။ ရန်သူ့ကို အခွင့်အရေး လုံးဝမပေးရဘူး"
"ကျွန်တော့်ရဲ့ အမြင်ကို ပြောရရင်တော့ ကျန်တဲ့ မျိုးနွယ်စု သုံးခုနဲ့ ဆက်သွယ်ပြီး ဒီမိစ္ဆာကျင့်ကြံသူကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ပူးပေါင်းဆွေးနွေးသင့်ပါတယ်။ ဒါမှသာ ကျွန်ုပ်တို့ရဲ့ စည်းလုံးမှုကို ခိုင်မာစေပြီး သစ္စာရှိမှုကို ခွဲခြားနိုင်မှာပါ။ အကယ်၍ နောက်ကွယ်က ကြိုးကိုင်သူ ဒါမှမဟုတ် အတွင်းလူ ရှိနေခဲ့ရင်လည်း ပိုပြီး အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်"
"ဒါ့အပြင် မီးလျှံတောင်တန်း ပွဲတော်ပြီးမှ အရေးယူတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်ကျမှ မီးလျှံသီးတွေကို အကြီးအကျယ် ရိတ်သိမ်းလိုက်ရင် ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုကို အနည်းဆုံးအထိ လျှော့ချနိုင်မှာပါ"
ချီတွန်းသည် မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးအပြူးသားဖြစ်ကာ အော်ဟစ်လေသည် -
"မင်းက မီးလျှံတောင်တန်း ပွဲတော်ကို ကျင်းပဦးမလို့လား"
"တစ်မြို့လုံးကို သေတွင်းထဲ ပို့ချင်နေတာလား"
"အကယ်၍ မီးလျှံသီးတောအုပ်ကသာ ဆက်တိုက်ပေါက်ကွဲသွားရင် လူပေါင်းဘယ်လောက် သေကျေပျက်စီးကုန်မလဲ။ အဲဒီအခါကျရင် မြို့စားမင်းမှာ တာဝန်ရှိလာပြီး ရာထူးကနေတောင် ထုတ်ပယ်ခံရနိုင်တယ်"
ဖေးစီက ထိုအချက်ကို ကြိုတင်တွေးဆထားပြီး ဖြစ်ရာ -
"ဒီအကြံကို ကျွန်တော် ပေးခဲ့တာဆိုတော့ တန်ပြန်ဖြေရှင်းချက်လည်း ရှိပြီးသားပါ"
"မြို့စားမင်း... ဒီစက်မှုမျောက်ကို ကြည့်ရှုပါ" ဟု ဆိုကာ ဖေးစီသည် သူ၏ သိုလှောင်မှုအိတ်ထဲမှ စက်မှုပစ္စည်းတစ်ခုကို ထုတ်ယူလိုက်လေသည်။
ထိုစက်ပစ္စည်းမှာ လူတစ်ရပ်၏ တစ်ဝက်ခန့် အရပ်အမောင်းရှိပြီး တောက်ပသော အနီရောင်မျောက်မွေးများဖြင့် ဖုံးလွှမ်းထားကာ ကြွက်သားများနှင့်တကွ သက်ရှိနှင့်မခြား တည်ဆောက်ထားသည်။ ယင်းကား 'မီးလျှံပေါက်ကွဲမျောက်' ပင် ဖြစ်ချေသည်။
ဖေးစီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆက်လက်မိတ်ဆက်သည်မှာ -
"လွန်ခဲ့တဲ့ သုံးရက်ကပဲ ချန်ချာက ဒီစက်မှုကို တင်ပြလာတာပါ။ ဒါကို အသုံးပြုခြင်းအားဖြင့် မီးလျှံသီးတွေကို အလွယ်တကူ ရိတ်သိမ်းနိုင်မှာဖြစ်သလို လူတွေ သေကျေပျက်စီးမှုကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်"
မြို့စားမင်းသည် မည်သည့်ခံစားချက်မျှမပြဘဲ စိတ်ဝိညာဉ်အာရုံကို အသုံးပြုကာ စက်မှုမျောက်ကို ဆင့်ခေါ်၍ စစ်ဆေးကြည့်ရှုလေသည်။
ခဏမျှကြာသော် သူက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး -
"မျောက်ဦးနှောက်နဲ့ ထိန်းချုပ်တဲ့ အနှစ်သာရပိုင်းကတော့ အတော်လေး ပါးနပ်တယ်၊ ကျန်တာကတော့ သာမန်ပါပဲ" ဟု ဆို၏။
ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သဖြင့် သူ၏ အမြင်မှာ အလွန်ကျယ်ပြန့်လှရာ ဤမီးလျှံပေါက်ကွဲမျောက်၏ တည်ဆောက်ပုံမှာ သူ၏အမြင်တွင် ထူးခြားဆန်းသစ်မှု မရှိလှပေ။
"ချန်ချာဆိုတာ ဘယ်သူလဲ" မြို့စားမင်းသည် ထိုဖန်တီးသူအား အနည်းငယ် စိတ်ဝင်စားသွားဟန်ရှိသည်။
ဖေးစီက ပြန်လည်ဖြေကြားသည်မှာ -
"လွန်ခဲ့တဲ့ နှစ်တွေက မြို့စားမင်း အမိန့်ပေးခဲ့တဲ့အတိုင်း စက်မှုပညာရှင်တွေကို နေရာအနှံ့ကနေ ဖိတ်ခေါ်ခဲ့ပါတယ်။ ချန်ချာကတော့ အဲဒီထဲက တစ်ယောက်ဖြစ်ပြီး အခု မီးလျှံတောင် မသေမျိုးမြို့တော်မှာ နေထိုင်နေပါတယ်"
"သူဟာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး လှုပ်ရှားအစီအရင်တွေမှာ ကျွမ်းကျင်ပေမဲ့ စက်မှုပညာရပ်မှာတော့ အနုပညာရသ အားနည်းတဲ့အတွက် အခုထက်ထိ ထူးထူးခြားခြား လက်ရာမျိုး မထွက်ခဲ့ပါဘူး"
"အခုမှပဲ သူ အောင်မြင်မှုတစ်ခု ရလာတာပါ"
ချန်ချာသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ မြို့စားမင်းမှာ စိတ်ဝင်စားမှု လျော့နည်းသွားပြီး လက်ယမ်းကာ -
"မင်းတို့ အဆင်ပြေသလိုသာ စီမံလိုက်တော့"
"ချီတွန်း... ဒီနေ့ကစပြီး မင်း ဖေးစီကို အပြည့်အဝ ပူးပေါင်းကူညီရမယ်"
ချီတွန်းက မလိုလားသော်လည်း "အမိန့်အတိုင်းပါ မြို့စားမင်း" ဟု ပြန်လည်ဖြေကြားလိုက်ရလေသည်။
နင်းမျိုးနွယ်စု
မျိုးနွယ်စုအကြီးအကဲသည် မျိုးနွယ်စုဆက်ခံသူ လူငယ်အား စာကြည့်ခန်းသို့ ခေါ်ယူလိုက်သည်။
သူသည် ဦးစွာ စာရင်းတစ်ခုကို ကမ်းပေးလိုက်ရာ မျိုးနွယ်စုဆက်ခံသူ နင်းရှောင်ရန်က ဖတ်ရှုကြည့်လေသည်။
သေဆုံးသူများစာရင်းတွင် နင်းကျန်ကျိ၏ အမည်ကို မြင်လိုက်ရပြီး အသက်ရှင်ကျန်ရစ်သူများထဲတွင်မူ နင်းကျော့၏ အမည်ကို တွေ့လိုက်ရ၏။
မျိုးနွယ်စုအကြီးအကဲက သက်ပြင်းချလျက် -
"နင်းကျန်ကျိ သေဆုံးသွားတာဟာ ငါတို့ နင်းမျိုးနွယ်စုအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ" ဟု ဆိုသည်။
နင်းရှောင်ရန်က -
"မျိုးနွယ်စုအတွက် အသက်ပေးဆပ်သွားရတာ သူ့အတွက် ဂုဏ်ယူစရာပါ" ဟု ပြန်လည်ဖြေကြားသည်။
အကြီးအကဲက -
"မင်းက မျိုးနွယ်စုရဲ့ ထောက်ပံ့ရေးပိုင်းကို တာဝန်ယူထားရတဲ့သူဆိုတော့ ကျဆုံးသွားတဲ့ ကျင့်ကြံသူတွေအတွက် နစ်နာကြေးကိစ္စကို စီမံခန့်ခွဲရလိမ့်မယ်"
နင်းရှောင်ရန်က "အဖေ စိတ်ချပါ၊ ကျွန်တော် သေချာကိုင်တွယ်ပါ့မယ်" ဟု ကတိပေးလေသည်။
"အင်း" မျိုးနွယ်စုအကြီးအကဲက ခေါင်းညိတ်ပြီး "ရှောင်ရန်... ချော်ရည်နန်းတော် ပေါ်ပေါက်လာတာနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ" ဟု မေးမြန်းသည်။
နင်းရှောင်ရန်က ခဏမျှ စဉ်းစားပြီးမှ -
"နန်းတော် ပေါ်ပေါက်လာတာကြောင့် ကျွန်တော်တို့ရဲ့ စူးစမ်းလေ့လာမှုတွေကို အရှိန်မြှင့်ရပါလိမ့်မယ်။ ကျွန်တော်တို့ မျိုးနွယ်စုက ဒါကို နောက်ဆုံးမှ သိလိုက်ရတာဆိုတော့ အများကြီး အားနည်းသွားပြီ"
"ကျွန်တော်တို့ဆီမှာ ထူးချွန်တဲ့ စက်မှုပညာရှင်တွေလည်း မရှိသေးဘူး။ ကိုယ့်အင်အားနဲ့တင် ကျန်တဲ့ အဖွဲ့အစည်း သုံးခုကို ယှဉ်ပြိုင်ဖို့ ခက်ခဲပါလိမ့်မယ်" ဟု တင်ပြသည်။
မျိုးနွယ်စုအကြီးအကဲက အလေးအနက် သက်ပြင်းချကာ -
"လောလောဆယ် နန်းတော်ကို ဝင်ရောက်နိုင်တဲ့ သတ်မှတ်ချက်က ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်အထိ လျှော့ချထားတယ်။ ငါတို့ မျိုးနွယ်စုက ကျင့်ကြံသူ အမြောက်အမြားကို ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ်ကို ပြောင်းလဲကျင့်ကြံခိုင်းသင့်လားလို့ စဉ်းစားနေမိတယ်"
နင်းရှောင်ရန်က မျက်မှောင်ကြုတ်လျက် -
"အဖေ... အဲဒါကပဲ ကျွန်တော် အစိုးရိမ်ဆုံးအချက်ပါပဲ"
"ဘယ်နှစ်ယောက်ကို ကျင့်စဉ်သစ် ပြောင်းခိုင်းမလဲ၊ ဘယ်သူတွေကို ရွေးချယ်မလဲ။ အရေးကြီးဆုံးကတော့ ပင်မသွေးမကွဲ ထဲက ဘယ်နှစ်ယောက်၊ ဘယ်သူတွေလဲ၊ မျိုးနွယ်စုခွဲတွေထဲကရော ဘယ်သူတွေကို ရွေးမလဲဆိုတာပါပဲ"
"အခြေအနေတွေက မရေမရာ ဖြစ်နေတာမို့ ဒါဟာ တကယ့်ကို စိန်ခေါ်မှုကြီးတစ်ခုပါပဲ"
မျိုးနွယ်စုအကြီးအကဲသည် ထိုစကားကို ကြားသောအခါ ကျေနပ်သည့် အရိပ်အယောင်များ ပြလာပြီး -
"ရှောင်ရန်... မင်း ဒီအချက်ကို သတိထားမိတာကိုကြည့်ရင် အရည်အချင်းရှိတဲ့ မျိုးနွယ်စုဆက်ခံသူ တစ်ယောက် ဖြစ်နေပြီဆိုတာ သက်သေပြလိုက်တာပဲ"
"ဒီကိစ္စကိုတော့ မျိုးနွယ်စု အကြီးအကဲတွေနဲ့ အသေးစိတ် ဆွေးနွေးရဦးမယ်"
"မင်း အခု သွားပြီး ကိုယ့်တာဝန်ကိုယ် ဆောင်ရွက်တော့"
နင်းရှောင်ရန်သည် အရိုအသေပြုကာ ထွက်ခွာသွားလေသည်။
သူ၏ စာကြည့်ခန်းသို့ ပြန်ရောက်သောအခါ မျိုးနွယ်စု ကျင့်ကြံသူတစ်ဦးက နစ်နာကြေး ထုတ်ပေးရန် ကိစ္စကို လာရောက်မေးမြန်း၏။
နင်းရှောင်ရန်က ချက်ချင်းပင် -
"နစ်နာကြေး ဘာနစ်နာကြေးလဲ"
"ဒီနင်းမျိုးနွယ်စုဝင်တွေဟာ နတ်ဆိုးအမဲလိုက်အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေ မဟုတ်ဘူးလား။ အဖွဲ့ချုပ်မှာ သူ့ဟာသူ နစ်နာကြေးစနစ် ရှိပြီးသားပဲလေ" ဟု ပြန်ပြောလိုက်သည်။
ကျင့်ကြံသူက အခက်တွေ့ဟန်ဖြင့် -
"ဒါပေမဲ့ သူတို့က ကျွန်တော်တို့ နင်းမျိုးနွယ်စုဝင်တွေပဲလေ..."
နင်းရှောင်ရန်က စကားဖြတ်ပြောလိုက်သည် -
"မျိုးနွယ်စုက ဘဏ္ဍာရေး အခက်အခဲရှိနေလို့သာ တခြားအဖွဲ့အစည်းတွေမှာ အလုပ်လုပ်ဖို့ တိုက်တွန်းနေရတာ။ နင်းမျိုးနွယ်စုဝင် ဖြစ်တဲ့အတွက် သူတို့ဟာ မျိုးနွယ်စုကိုပဲ အရင်ဦးစားပေး စဉ်းစားရမယ်"
ထိုကျင့်ကြံသူလည်း မတတ်သာဘဲ ပြန်လည်ထွက်ခွာသွားရလေသည်။
နင်းရှောင်ရန်မှာ ဒေါသ မပြေသေးဘဲ နင်းကျော့၏ အကြီးဆုံးဦးလေး ဖြစ်သူ နင်းကျဲကို ခေါ်ယူလိုက်သည်။
နင်းရှောင်ရန်သည် ဒေါသဖြင့် မျက်နှာပျက်ယွင်းနေကာ စားပွဲကို စည်းချက်ကျကျ ခေါက်ရင်း -
"နင်းကျဲ... မင်းက လူကြီးတစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ်နေတာလဲ။ နင်းကျော့က မီးလျှံနတ်ဆိုး ချော်ရည်တွင်းထဲအထိ ရောက်သွားပြီး အသက်ပါ ပေးလိုက်ရတော့မလို့ ဖြစ်ခဲ့တာကို မင်း သိလား" ဟု ငေါက်ငမ်းလေသည်။
နင်းကျဲက နဖူးမှ ချွေးများကို သုတ်ရင်း -
"သိပါတယ်... သိပါတယ်" ဟု ကပျာကယာ ဖြေရသည်။
သူသည် နင်းကျော့အား နတ်ဆိုးအမဲလိုက်အဖွဲ့ချုပ်ထဲ ဝင်သွားစေရန် ပရိယာယ်ဖြင့် ကြိုးစားခဲ့သော်လည်း နန်းတော် ပေါ်ပေါက်လာခြင်းနှင့်အတူ နင်းကျော့ကို စည်းရုံးရန် တာဝန်ယူထားသည့် နင်းကျန်ကျိမှာ သေဆုံးသွားခဲ့ရသည်။
နင်းကျော့မှာ အဖွဲ့ချုပ်သို့ တရားဝင် မဝင်ရောက်ခဲ့ဘဲ နင်းကျဲ၏ စီစဉ်မှုများကို နင်းရှောင်ရန်က ရိပ်မိသွားသဖြင့် ဒေါသထွက်နေခြင်း ဖြစ်ချေသည်။
နင်းကျဲက ခါးသီးစွာ ပြုံးလျက် -
"ဒါပေမဲ့ ... ကျွန်တော် နင်းကျော့အတွက် မစီစဉ်ပေးချင်တာ မဟုတ်ပါဘူး။ အမှန်က သူက အရမ်း ခေါင်းမာလွန်းလို့ပါ..."
နင်းကျဲ၏ စကားမဆုံးမီမှာပင် နင်းရှောင်ရန် ပစ်ပေါက်လိုက်သော မှင်တုံးမှာ သူ၏ နဖူးကို တည့်တည့်မှန်သွားလေသည်။
နာကျင်မှုနှင့်အတူ နွေးထွေးသော သွေးစက်များသည် နဖူးမှတစ်ဆင့် မေးစေ့အထိ စီးကျလာသည်။
ညှီစို့စို့ သွေးနံ့များက နင်းကျဲ၏ နှာခေါင်းထဲသို့ ပျံ့လွင့်လာ၏။
သူ၏ နဖူးကို မျိုးနွယ်စုဆက်ခံသူက နောက်တစ်ကြိမ် ထပ်မံခွဲလိုက်ပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။
"ငါ့ကို လာပြီး အရူးလုပ်မနေနဲ့" နင်းရှောင်ရန်က တံခါးဝသို့ လက်ညှိုးထိုးပြကာ "ထွက်သွားတော့ နောက်တစ်ခါကျရင် သတင်းကောင်းပဲ ကြားချင်တယ်" ဟု အမိန့်ပေးလိုက်လေသည်
နင်းကျဲမှာ နာကျင်မှုနှင့်အတူ သွေးများ စီးကျနေသော်လည်း ဒဏ်ရာကိုပင် မကုသရဲဘဲ အံကြိတ်ကာ ထွက်ခွာသွားရတော့သည်။