← Chapters

အခန်း (၂၃-၂၄)

Vol. 2 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 2 Ch. 23-24

အခန်း (၂၃) နင်းကျော့အပေါ် ရက်စက်ရန် ဝန်လေးမိခြင်း

မြေအောက် အလုပ်ရုံအတွင်းဝယ် . . .

နင်းကျော့သည် မှိတ်ထားသော မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး နှာခေါင်းမှ စီးကျလာသော သွေးစများကို သုတ်သင်လိုက်လေသည်။

ယခုအခါ သူ၏ ခန္ဓာကိုယ်အတွင်း၌ ယခင်ကရှိခဲ့သော အေးစက်လှသည့် ဆီးနှင်းဝိညာဉ်စွမ်းအားများ မရှိတော့ချေ။

ထိုအစား ဓာတ်ငါးပါး ညှိနှိုင်းခြင်းပညာရပ် ဖြင့် ပြောင်းလဲထားသော ဓာတ်ငါးပါး ဝိညာဉ်စွမ်းအားများသာ ကိန်းအောင်းလျက် ရှိတော့၏။

၎င်းဝိညာဉ်စွမ်းအားတို့သည် ရွှေဓာတ်၏ အဖြူရောင်၊ သစ်သားဓာတ်၏ အစိမ်းရောင်၊ ရေဓာတ်၏ အမည်းရောင်၊ မီးဓာတ်၏ အနီရောင်နှင့် မြေဓာတ်၏ အဝါရောင်ဟူ၍ အရောင်အသွေး ငါးမျိုးတို့ဖြင့် ရောယှက်နေသော်လည်း တစ်ခုနှင့်တစ်ခု ကျူးကျော်ခြင်းမရှိဘဲ အလွှာလိုက် ထင်ထင်ရှားရှား တည်ရှိနေကြပေသည်။

“သဘာဝတရားထဲမှာတော့ ဓာတ်ငါးပါးရဲ့ ဝိညာဉ်စွမ်းအားတွေဟာ တစ်ခုကိုတစ်ခု အထောက်အကူပြုသလို တစ်ခုကိုတစ်ခုလည်း အပြန်အလှန် ချုပ်တည်းတတ်ကြတယ်။ ဒါကို တည်ငြိမ်တဲ့ ဟန်ချက်တစ်ခုရအောင် လုပ်ဖို့ဆိုတာ အင်မတန် ခဲယဉ်းတာပဲ။”

“ဒါပေမဲ့ ဒီပညာရပ်ကို သုံးပြီး ဝိညာဉ်စွမ်းအားကို ပြောင်းလဲလိုက်တဲ့အခါမှာတော့ အလွှာအလိုက် သဟဇာတဖြစ်စွာ တည်ရှိနေနိုင်ကြပြီ။ ဘိုးဘေးကြီး သုံးဦး ချန်ရစ်ခဲ့တဲ့ ပညာရပ်ဆိုတာ အမှန်ပင် အံ့မခန်းပဲ။”

ယခင်က နင်းကျော့သည် ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် အဆင့် ၃ ၌ ရှိခဲ့သော်လည်း ယခုကဲ့သို့ စွမ်းအားများကို အပြည့်အဝ ပြောင်းလဲလိုက်ပြီးနောက်တွင်မူ အဆင့် ၂ သို့ လျော့ကျသွားလေသည်။

ဤသို့ စွမ်းအားပြောင်းလဲရာတွင် အင်အားကုန်ဆုံးမှု ရှိမည်ကို သူ ကြိုတင်တွက်ဆထားပြီးသားလည်း ဖြစ်ပေသည်။

နောက်ထပ် လုပ်ဆောင်ရမည့်အလုပ်မှာ ဆက်လက် ကျင့်ကြံအားထုတ်ရန်နှင့် ဝိညာဉ်စွမ်းအားများကို စုဆောင်းကာ အဆင့် ၃ သို့ ပြန်လည်ရောက်ရှိရန်ပင် ဖြစ်၏။

“ဘယ်အချိန်မှာ ပညာရပ်ဆက်ခံခြင်း ခေါင်းလောင်းသံ ကို ထပ်ကြားရဦးမလဲဆိုတာ သိချင်မိတယ်။”

စွမ်းအားပြောင်းလဲမှု ပြီးဆုံးသွားချိန်တွင် နင်းကျော့မှာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ နွမ်းနယ်နေပြီ ဖြစ်သဖြင့် ခေတ္တအနားယူရန် ဆုံးဖြတ်လိုက်သည်။

သူသည် ခန္ဓာကိုယ်မှ စွမ်းအားသစ်ကို အလျင်အမြန် လက်ခံနိုင်စေရန်အတွက် ဆေးလုံးအချို့ကို သောက်သုံးလိုက်၏။

၎င်းဆေးလုံးတို့မှာ အာနိသင် နူးညံ့ပြီး ခန္ဓာကိုယ်အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော်လည်း ဈေးနှုန်းမှာမူ အင်မတန် ကြီးမြင့်လှပေရာ ဆေးတစ်လုံးလျှင် ဝိညာဉ်ကျောက်တုံး ရာနှင့်ချီ၍ ပေးရလေသည်။

တိန်း . . . တိန်း . . . တိန်း . . .

ဆေးလုံးများ သောက်ပြီးစတွင်ပင် သာယာသော်လည်း စူးရှသော ခေါင်းလောင်းသံတစ်ခု ပေါ်ထွက်လာသည်။

၎င်းမှာ သူ၏ နေအိမ်အနီးသို့ မသင်္ကာဖွယ် လူတစ်ဦး ချဉ်းကပ်လာကြောင်း အသိပေးသည့် အချက်ပေးစနစ်ပင် ဖြစ်၏။

သူသည် အလုပ်စားပွဲအနီးသို့ သွားကာ စားပွဲခြေထောက်ကို အသာအယာ ကန်လိုက်လျှင် နံရံရှိ အုတ်ခဲများ ရွေ့လျားသွားပြီး မှန်တစ်ချပ် ပေါ်ထွက်လာသည်။

ထိုမှန်ထဲတွင် မြင်တွေ့နေရသော “မသင်္ကာဖွယ်သူ” မှာ အခြားသူမဟုတ်၊ ချန်ချာ ပင် ဖြစ်လေသည်။

ချန်ချာသည် နင်းကျော့၏ ခြံဝင်းတံခါးရှေ့တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟိုဒီ လမ်းလျှောက်နေပြီး စိတ်မသက်မသာ ဖြစ်နေသော မျက်နှာပေးဖြင့် လမ်းမဘက်သို့ ငေးကြည့်နေ၏။

နင်းကျော့၏ မျက်ဝန်းထဲတွင် အရိပ်တစ်ခု ဖြတ်ပြေးသွားကာ—

“ချန်ချာပါလား . . . သူ ငါ့ဆီ ဘာကိစ္စနဲ့ လာတာလဲ။ စက်မှုမျောက် ကိစ္စများ တစ်စုံတစ်ရာ ထူးခြားလာလို့လား။”

ထိုသို့ တွေးမိသည်နှင့် နင်းကျော့ အနည်းငယ် ဝမ်းသာသွားမိသည်။ သို့သော် တံခါးအပြင်ဘက်ရှိ ချန်ချာ၏ စိတ်ထဲတွင်မူ စောစောက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများဖြင့် ပြည့်နှက်နေလေသည်။

အစောပိုင်းက ဖေးစီ သည် သူ့ကို ခေါ်ယူ၍ စက်မှုမျောက် တည်ဆောက်မှုအား မြို့စားမင်း က အတည်ပြုလိုက်ပြီဖြစ်ကြောင်းနှင့် ယခုနှစ် မီးလျှံတောင်တန်း ပွဲတော် ၌ မီးလျှံသီးများ အမြောက်အမြား ဆွတ်ခူးနိုင်ရန်အတွက် မြို့အတွင်းရှိ စက်မှုအလုပ်ရုံများ အားလုံးကို အင်တိုက်အားတိုက် ထုတ်လုပ်ရန် ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖေးစီက ချန်ချာအား “မင်းက ငါကိုယ်တိုင် မြို့တော်ထဲကို ခေါ်လာခဲ့တဲ့သူပဲ။ အစွမ်းကုန် ကြိုးစားစမ်းပါ။ ဒီတစ်ကြိမ် အောင်မြင်သွားရင် မင်းရဲ့ ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားလိမ့်မယ်” ဟု အားပေးခဲ့၏။

ချန်ချာမှာ အံ့အားသင့်သွားပြီး “အကြီးအကဲဖေးစီ၊ တစ်ခုခု မှားနေပါပြီ။ ကျွန်တော် ဒီစက်မှုမျောက်အကြောင်း လာတင်ပြတာက အခွန်လျှော့ပေါ့ခွင့်လိုမျိုး မူဝါဒအချို့ ရချင်လို့ပါ။ အမှန်တော့ ဒီစက်မှုမျောက်ကို ကျွန်တော် ဒီဇိုင်းဆွဲခဲ့တာ မဟုတ်ပါဘူး၊ တီထွင်ခဲ့သူက တခြားတစ်ယောက်ပါ” ဟု အလောတကြီး ရှင်းပြခဲ့လေသည်။

ချန်ချာသည် အစီအရင်နှင့် စက်မှုပညာရပ် တို့တွင် ကျွမ်းကျင်သူ ဖြစ်သော်လည်း အခြားသူ၏ အောင်မြင်မှုကို မိမိအမည်ခံယူခြင်းကိုမူ အင်မတန် ရွံရှာစက်ဆုပ်သူ ဖြစ်၏။

သို့သော် ဖေးစီကမူ ထိုအချက်ကို ဂရုမစိုက်ဘဲ “ဒါက ကိစ္စမရှိပါဘူး။ မင်းက အလုပ်ရုံပိုင်ရှင်ပဲလေ၊ ဒီတော့ မင်းလက်ရာလို့ပဲ ပြောလို့ရပါတယ်” ဟု အေးအေးဆေးဆေးပင် တုံ့ပြန်ခဲ့သည်။

ချန်ချာသည် ခေါင်းကို ခါယမ်းကာ “အကြီးအကဒ . . . ကျွန်တော့်မှာ ဒီလောက် ဆန်းပြားတဲ့ အရာကို ဖန်တီးနိုင်စွမ်း မရှိပါဘူး။ ဒါကို တီထွင်ခဲ့သူဟာ ဘယ်လောက်တောင် စိတ်ရောကိုယ်ပါ ရင်းနှီးခဲ့ရမလဲ။ သူတစ်ပါးရဲ့ လက်ရာကို ခိုးယူတာဟာ လူသတ်ပြီး ကလေးကို လုယူတာနဲ့ မခြားပါဘူး” ဟု အမှန်အတိုင်း အကျိုးအကြောင်း ပြသခဲ့လေသည်။

ထိုအခါ ဖေးစီ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း မျက်နှာတွင်မူ အပြုံးမပျက်ဘဲ “မင်းရဲ့ ရိုးသားမှုကို ငါ သဘောကျတယ်။ ဒါပေမဲ့ ဒီအချက်ကို မြို့စားမင်း သိသွားရင် ငါတို့နှစ်ယောက်လုံးအတွက် မကောင်းဘူး။ မင်း နင်းကျော့နဲ့ သွားပြောပြီး ဒီလက်ရာကို မင်းဆီ လွှဲပေးဖို့ စည်းရုံးကြည့်ပါလား။ သူက လူငယ်လေးပဲ ရှိသေးတာ၊ မင်းက လူကြီးပဲလေ။ ကောင်းကောင်းမွန်မွန် ညှိနှိုင်းကြည့်ပေါ့” ဟု စေခိုင်းခဲ့ခြင်း ဖြစ်ပေသည်။

ဖေးစီသည် နည်းလမ်းမျိုးစုံဖြင့် ဥပမာပေးကာ ချိန်းခြောက်ပြောဆိုနေသဖြင့် ချန်ချာမှာ ကျောချမ်းလှုပ်ရှားကာ ချွေးစေးများပင် ထွက်လာချေသည်။

“ဟူး . . . အခြေအနေက ဒီအထိ ဆိုက်ရောက်လာမှတော့ နင်းကျော့ကို ဖျောင်းဖျကြည့်ရုံပဲ ရှိတော့တာပေါ့။ မဟုတ်ဘူး . . . ငါ သူ့ကို မဖြစ်မနေ အောင်မြင်အောင် စည်းရုံးရမယ်။” ချန်ချာသည် စိတ်ထဲမှ သက်ပြင်းချရင်း သူ၏ စိတ်ကူးကို ပြောင်းလဲရန် ဖိအားပေးခြင်း ခံလိုက်ရလေသည်။

သူသည် နင်းကျော့ကို အင်မတန် အထင်ကြီး လေးစားမိသလို၊ စိတ်တူကိုယ်တူ ဝိညာဉ်ဖော်တစ်ဦးကဲ့သို့ပင် တိတ်တဆိတ် သတ်မှတ်ထားမိသော်လည်း . . .

မိမိ၏ အသက်ဘေး၊ မိမိ၏ ဂုဏ်သိက္ခာနှင့် ကျေးဇူးရှင် သခင်ကြီးဖေးစီ၏ အရေးတို့နှင့် ယှဉ်လာသောအခါတွင်မူ သူ့၌ ရွေးချယ်စရာ မရှိတော့ချေ။

ဖေးစီ၏ အာဏာနှင့် သြဇာမှာ သူနှင့် ယှဉ်လျှင် အဆမတန် ကြီးမားလှပေသည်။ မြို့စားမင်း စံအိမ်တော်၏ အတွင်းရေးကိစ္စများကို နားမလည်သော ချန်ချာအား ဖေးစီသည် လက်ဖဝါးပေါ် တင်၍ လိုသလို ကစားနေခြင်းသာ ဖြစ်၏။

ချန်ချာသည် နင်းကျော့ကို နှိပ်စက်ရန် သို့မဟုတ် ဒုက္ခပေးရန် တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးသော်လည်း ရွှေအမြုတေအဆင့်ရှိသော ဖေးစီ၏ ရှေ့မှောက်တွင်မူ သူကဲ့သို့သော အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူမှာ သေးငယ်လှသော လူသားတစ်ဦးမျှသာ ဖြစ်ပေသည်။

လူငယ်လေးများတွင် အမြဲတမ်း ရွေးချယ်စရာ မရှိတတ်ကြပေ။

စုံစမ်းမှုအချို့ ပြုလုပ်ပြီးနောက် ချန်ချာသည် နင်းကျော့၏ နေအိမ်သို့ ရောက်ရှိလာခဲ့သည်။ သူသည် တံခါးကို တိုက်ရိုက်မခေါက်ဘဲ ခြံဝင်းတံခါးဝတွင်သာ ဟိုဒီလျှောက်ရင်း စိတ်ထဲမှ သက်ပြင်း တဖန်ချနေမိ၏။

“ချန်စီနီယာ . . . ဘာကိစ္စရှိလို့ အရောက်လာတာလဲ။”

ခြံဝင်းတံခါး ပွင့်သွားပြီး ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော လူငယ်လေး နင်းကျော့ ထွက်လာသည်။

နေရောင်အောက်တွင် ရပ်နေသော နင်းကျော့၏ ကြည်လင်သော မျက်ဝန်းများနှင့် ထက်မြက်သော ဟန်ပန်ကို မြင်လိုက်ရသောအခါ ချန်ချာ၏ စိတ်ထဲတွင် အပြစ်မကင်းမှုများ ဆယ်ဆမက တိုးပွားလာလေတော့သည်။

မိမိသည် နှစ်ပေါင်းများစွာ နည်းပညာရပ်များကိုသာ အာရုံစိုက်ခဲ့ပြီး ကျင့်ကြံခြင်းလောက၏ မတရားမှုများကို မုန်းတီးခဲ့သူ ဖြစ်ပါလျက်၊ ယခုမူ ဂျူနီယာလေးတစ်ဦးကို ဖိအားပေးရမည့် လူဆိုးနေရာ၌ သရုပ်ဆောင်နေရပေပြီ။

ချန်ချာသည် ရင်ထဲတွင် ဖော်ပြမတတ်အောင် လေးလံ နာကျင်နေမိလေတော့သတည်း။

အခန်း (၂၄) - ချန်ချာ ငါတော့ တကယ်ပဲ သွားပြီ

"နင်းကျော့ ညီငယ်လေး..." ချန်ချာသည် လက်သီးဆုပ်ကာ အလေးပြုရင်း အားတင်း၍ ပြုံးပြလိုက်ရချေသည်။

"စီနီယာချန်... ဒီလိုတွေ အားနာနေဖို့ မလိုပါဘူး၊ ကြွပါဦး"။

နင်းကျော့သည် ချန်ချာကို အတွင်းသို့ ခေါ်ဆောင်၍ နေရာထိုင်ခင်းပေးကာ လက်ဖက်ရည်ဖြင့် ဧည့်ခံလေသည်။

ထို့နောက် နင်းကျော့က လိုရင်းကို တိုက်ရိုက်ပင် မေးမြန်းလိုက်၏။ "စီနီယာချန်... ဒီနေ့ ဘယ်ကိစ္စများ ရှိလို့လဲ"။

ချန်ချာ၏ နှုတ်ခမ်းများ တုန်ယင်နေသော်လည်း ဖွင့်ဟရန် သတ္တိမမွေးနိုင်သေးပေ။ "သတင်းကောင်းလေးတစ်ခု ရှိလို့ပါ" ဟုသာ သူက ဆိုနိုင်ရှာသည်။

ချန်ချာက အကြောင်းစုံကို အကျဉ်းချုံး ရှင်းပြလေသည်။ ချီတွန်းသည် အရိပ်နက် မိစ္ဆာကျင့်ကြံသူကို မီးလျှံသီးတောအုပ်အတွင်းသို့ လိုက်လံဖမ်းဆီးခဲ့ရာ ထိုတောအုပ်အတွင်းရှိ ရှုပ်ထွေးလှသော အစီအရင်များ အားလုံး ပွင့်သွားသဖြင့် မိစ္ဆာကျင့်ကြံသူကို ခေတ္တပိတ်လှောင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ဆုံးရှုံးမှုများကို လျှော့ချရန်အတွက် မြို့စားမင်းဘက်မှ လူသားများအစား မီးလျှံသီးများကို ခူးဆွတ်ရန် စက်မှုမျောက် သို့မဟုတ် မီးလျှံပေါက်ကွဲမျောက် အမြောက်အမြားကို ထုတ်လုပ်ရန် စီစဉ်နေခြင်းပင်။

"ဒါဟာ ကြီးမားတဲ့ လာဘ်လာဘကြီးပဲ နင်းကျော့ ညီငယ်လေးရေ... မင်းကတော့ တကယ့်ကို ကံကောင်းတာပဲ" ချန်ချာက နောက်ဆုံးစကားကို စိတ်ရင်းဖြင့် ပြောလိုက်ခြင်းဖြစ်၏။

"ဒါပေမဲ့..." ချန်ချာသည် မိမိ၏ လျှာပေါ်တွင် ကျောက်တုံးကြီးတစ်ခု တင်ထားသကဲ့သို့ ခံစားနေရပြီး စကားတစ်လုံး ထွက်လာရန်ပင် ခက်ခဲနေတော့သည်

သူ၏ မဝံ့မရဲ ဖြစ်နေမှုကို မြင်လျှင် နင်းကျော့ကပင် စတင်၍ "စီနီယာချန်... ပြောရခက်နေတဲ့ တခြားကိစ္စရှိသေးလို့လား၊ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းသာ ပြောပါ၊ ကျွန်တော့်ရဲ့ စက်မှုမျောက်တွေ အသိအမှတ်ပြုခံရတာဟာ စီနီယာရဲ့ အကြံပြုချက်ကြောင့်ပါပဲ၊ ကျွန်တော် ကူညီနိုင်တာရှိရင် ဘာမဆို ဝန်မလေးဘဲ လုပ်ပေးပါ့မယ်" ဟု ဆိုလေသည်။

နင်းကျော့၏ နားလည်ပေးမှုကို မြင်သောအခါ ချန်ချာသည် မိမိကိုယ်မိမိ ပို၍ပင် ရှက်ရွံ့အားနာမိပြီး အပြစ်ရှိစိတ်များဖြင့် မွန်းကြပ်လာရချေသည်။

"ရှက်ဖို့ကောင်းလိုက်တာ... ငါ့လို လူအိုကြီးက တကယ့်ကို ရှက်ဖို့ကောင်းပါတယ်" သူသည် သက်ပြင်းကို အကြိမ်ကြိမ်ချရင်း ခေါင်းငုံ့ကာ အကျိုးအကြောင်း ရှင်းပြလေတော့သည်။

မီးလျှံပေါက်ကွဲမျောက်များ၏ တီထွင်မှုမူပိုင်ခွင့်ကို သူ့အား တိတ်တဆိတ် လွှဲပြောင်းပေးစေလိုသည့် အကြောင်းပင်။

ထိုစဉ် နင်းကျော့၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အရောင်အဝါတစ်ခု ဖြတ်ပြေးသွား၏။

"ဖေးစီ... ဒီရွှေအမြုတေအဆင့် ကျင့်ကြံသူကတော့ အမြဲတမ်း သူတစ်ပါးရဲ့ ကောင်းမှုတွေကို အပိုင်စီးချင်နေတာပဲ၊ ဒါဟာ သူလုပ်နေကျ အလုပ်မျိုးပဲ"။

နင်းကျော့သည် ဖေးစီ၏ အကြောင်းကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။ အသက်နှစ်နှစ်သားအရွယ်ကတည်းက သူသည် ချော်ရည်နန်းတော်ကို ရရှိရန် ကြံစည်နေခဲ့သည်။

အဓိက အင်အားစုကြီး လေးခုသည် သူ သတိထားရမည့် အုပ်စုများဖြစ်ပြီး ဖေးစီသည်လည်း ထိုအထဲတွင် ပါဝင်နေသည်မှာ အမှန်ပင်။

ချန်ချာ၏ အထင်တွင်မူ နင်းကျော့ကဲ့သို့သော လူငယ်လေးသည် စည်းစိမ်နှင့် ကျော်ကြားမှုကို လိုလားမည်သာ ဖြစ်သည်။ မီးလျှံပေါက်ကွဲမျောက်ကို တီထွင်ရန်အတွက် အလွန်တရာ အားထုတ်ခဲ့ရမည်မှာ ဧကန်မလွဲပေ။

မိမိ၏ ကြိုးစားအားထုတ်မှု ရလဒ်များကို ပြင်ပလူတစ်ယောက်က အပိုင်စီးသွားမည်ဆိုပါက မည်သူမဆို မကျေမနပ်ဖြစ်ကာ ပြင်းထန်စွာ ဒေါသထွက်ကြမည်သာ ဖြစ်သည်။

သို့သော် ချန်ချာသည် အခြေအနေကို အကဲဖြတ်လွဲမှားခဲ့လေပြီ။

ထိုကိစ္စ၏ နောက်ကွယ်တွင် မည်မျှအထိ ရှုပ်ထွေးပြီး ဘေးအန္တရာယ်များသည့် အကြောင်းရင်းများ ရှိနေသည်ကို သူ မသိရှိခဲ့ပေ။ ယင်းသည် လွန်ခဲ့သော မသေမျိုးနန်းတော် ပေါက်ကွဲမှုနှင့်ပင် ဆက်စပ်နေသည် မဟုတ်လော။

နင်းကျော့က ချန်ချာနှင့် တွေ့ဆုံခြင်းမှာ စက်မှုမျောက်များအကြောင်း ဆွေးနွေးရန်သက်သက် မဟုတ်ဘဲ မီးလျှံပေါက်ကွဲမျောက်၏ တည်ရှိမှုကို လူသိရှင်ကြား ချပြရန် ရည်ရွယ်ချက်လည်း ပါဝင်နေသည်။

သူသည် အမြဲတမ်း အကွက်စေ့စေ့ဖြင့် ကြိုတင်စဉ်းစားထားတတ်သူ ဖြစ်၏။

နန်းတော် ပေါက်ကွဲမှုသည် ပထမအဆင့်မျှသာ ဖြစ်ပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများကို မည်သို့ ကာကွယ်ရမည်ကို နင်းကျော့က ကြာမြင့်စွာကတည်းက တွေးတောထားခဲ့သည်။

"အရင်က ငါ ချန်ချာကို လွှမ်းမိုးခဲ့ပြီး စက်မှုမျောက် အမြောက်အမြားကို ထုတ်လုပ်ရောင်းချခဲ့ပြီးပြီ"

"အခု ဖေးစီက ဝင်ပါလာပြီး စက်မှုမျောက်တွေကို သူ့လက်ထဲ အပ်ခိုင်းနေတာဟာ ငါ့အတွက် လုံခြုံတဲ့ အကာအကွယ်တစ်ခု ပေးနေတာ မဟုတ်ဘူးလား"။

"အရမ်းကောင်တယ်... နောက်ထပ် ဖုံးကွယ်မှု အလွှာတစ်ခု ထပ်တိုးတာပေါ့"။

ထိုသို့ တွေးတောပြီးနောက် နင်းကျော့က သဘောတူရန် ဆုံးဖြတ်လိုက်လေသည်။

သို့သော်လည်း သူသည် လွယ်လွယ်ကူကူဖြင့် သဘောတူလိုက်သည်မျိုး မဟုတ်ပေ။ ချန်ချာ၏ စကားကို ကြားရလျှင် သူ၏ မျက်နှာပေးမှာ ရုတ်ခြည်း ပြောင်းလဲသွားချေသည်။

မယုံကြည်နိုင်ခြင်း၊ ဒေါသထွက်ခြင်း၊ မုန်းတီးခြင်း၊ မကျေမနပ်ဖြစ်ခြင်းနှင့် ကြောက်ရွံ့အားနာခြင်း စသည့် ရှုပ်ထွေးလှသော ခံစားချက်များမှာ သူ၏ မျက်နှာပေါ်တွင် အထင်အရှား ပေါ်လွင်နေတော့သည်။

ချန်ချာအနေဖြင့်လည်း နင်းကျော့သည် အချိန်မရွေး စားပွဲကို ရိုက်ကာ ဒေါသတကြီး ငေါက်ငမ်းတော့မည်ကို အာရုံခံမိနေသည်။ သူသည်လည်း အပြစ်တင်ခံရရန် အသင့်ပြင်ထားပြီးဖြစ်ရာ မိမိသည်လည်း ထိုသို့ အပြောခံရရန် ထိုက်တန်သည်ဟု ယူဆထား၏။

သို့သော် နောက်ဆုံးတွင် နင်းကျော့က ထိုသို့ မပြုမူခဲ့ပေ။

သူ၏ မျက်နှာမှာ နီမြန်းလိုက် ဖြူဖျော့လိုက် ဖြစ်နေကာ ချန်ချာကို စိုက်ကြည့်ရင်း နှုတ်ခမ်းများ တုန်ယင်နေသော်လည်း ကျိန်ဆဲသံကဲ့သို့သော ဗလုံးဗထွေး အသံများသာ ထွက်ပေါ်လာလေသည်။

ချန်ချာသည် အလွန်အမင်း အပြစ်ရှိစိတ် ခံစားရသဖြင့် နောင်တတရားများက သူ့ကို မွန်းကြပ်စေတော့သည်။ သူက လက်ဖက်ရည်အိုးကို ကိုင်ကာ နင်းကျော့အတွက် လက်ဖက်ရည်ကို ကိုယ်တိုင် ငှဲ့ပေးရင်း "နင်းကျော့ ညီငယ်လေး... ဒါဟာ ငါ့အပြစ်ပါ၊ အားလုံး ငါ့အပြစ်တွေပါ၊ မင်း ကြိုက်သလို ရိုက်နှက် ကျိန်ဆဲနိုင်ပါတယ်" ဟု ဆိုရှာသည်။

နင်းကျော့သည် သွားကို တင်းတင်းကြိတ်ကာ ဒေါသတကြီး ထရပ်လိုက်လေသည်။ လူငယ်တစ်ယောက်အနေဖြင့် ဤကဲ့သို့ မတရားမှုကို ခံစားရလျှင် မည်သို့ သည်းခံနိုင်ပါအံ့နည်း။

သူသည် ချန်ချာကို ဒေါသတကြီး စိုက်ကြည့်သော်လည်း နောက်ဆုံးတွင် အော်ဟစ်ပေါက်ကွဲခြင်း မပြုဘဲ အခန်းငယ်လေးအတွင်း ဟိုဟိုဒီဒီ လျှောက်နေတော့သည်။

သူ၏ မျက်နှာမှာ နီမြန်းနေပြီး လက်သီးများကို တင်းတင်းဆုပ်ကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်နေခြင်းမှာ မိမိ၏ ဒေါသနှင့် မကျေနပ်ချက်များကို လှုပ်ရှားမှုများမှတစ်ဆင့် ဖော်ပြနေသကဲ့သို့ပင် ဖြစ်၏။

ယင်းကို မြင်ရသော ချန်ချာမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကာ နှစ်သိမ့်ပေးချင်သော်လည်း သင့်တော်သော စကားလုံး ရှာမတွေ့ပေ။

သူသည် အပြစ်ရှိလွန်းသဖြင့် မြေကြီးထဲသို့သာ ငုပ်လျှိုးသွားချင်စိတ် ပေါက်နေတော့သည်။

နင်းကျော့သည် ဟိုဟိုဒီဒီ လျှောက်နေပြီးနောက် ရုတ်တရက် နံရံကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်လေသည်။ သူသည် ခေါင်းငုံ့ထားသဖြင့် ချန်ချာသည် သူ၏ ခိုင်မာပြီး အထီးကျန်နေသော ကျောပြင်ကိုသာ မြင်ရတော့သည်။

ပိန်ပါးသော ပခုံးသားများနှင့် နံရံကို ထိုးမိသဖြင့် သွေးထွက်လာသော လက်သီးတို့ကို မြင်ရသောအခါ ချန်ချာမှာ စကားပင် မဆိုနိုင်တော့ဘဲ ရင်ထဲတွင် လေးလံလှချေသည်။

နင်းကျော့သည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ထိုနေရာတွင်ပင် တည်ငြိမ်နေ၏။ အခန်းတွင်း လေထုမှာလည်း မွန်းကြပ်လေးလံနေကာ နင်းကျော့၏ ဒေါသတကြီး အသက်ရှူသံများကိုသာ ကြားနေရသည်။

အတန်ကြာပြီးနောက် နင်းကျော့က သူ၏ လက်သီးကို ပြန်ရုပ်ကာ ဖြည်းညင်းစွာ လှည့်လာလေသည်။ သူသည် အားအင်ကုန်ခမ်းသွားပုံရပြီး မျက်နှာတစ်ခုလုံးတွင်လည်း ဝမ်းနည်းမှုနှင့် အားကိုးရာမဲ့မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။

သူ၏ ကြည်လင်သော မျက်ဝန်းအစုံမှာလည်း ယခုအခါ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နေချေပြီ။

သူသည် အသံဗလံ ထွက်ရန်ပင် ခဲယဉ်းနေသည့် အက်ကွဲသောအသံဖြင့် "ဒါဆို... စီနီယာချန်၊ ဒီကိစ္စက ပြောင်းလဲလို့ မရတော့ဘူးပေါ့၊ ဟုတ်လား" ဟု မေးလိုက်သည်။

ချန်ချာမှာ နင်းကျော့ကို နှစ်သိမ့်ပေးချင်သော်လည်း လည်ချောင်းထဲတွင် စကားလုံးများ တစ်ဆို့နေတော့သည်။ ထို့နောက် သူသည် ရုတ်တရက် မိမိ၏ ပါးကို အကြိမ်ကြိမ် ပြင်းထန်စွာ ရိုက်လေတော့သည်။

"ဖြန်း... ဖြန်း... ဖြန်း"

သူသည် ရှိသမျှ အားအင်ကုန်သုံး၍ ရိုက်နှက်လိုက်ရာ သူ၏ မျက်နှာမှာလည်း ရှုံ့မဲ့သွားရသည်။ ထို့နောက် သူသည် မတ်တတ်ရပ်ကာ နင်းကျော့ကို အလွန်အမင်း ရိုသေစွာဖြင့် ဦးညွှတ်လိုက်လေသည်။

နင်းကျော့သည် အသက်ကို ပြင်းပြင်းရှူကာ သွားကို တင်းတင်းကြိတ်ထားပြီး တစ်ဝက်မှာ ငိုသံ၊ တစ်ဝက်မှာ အော်ဟစ်သံကဲ့သို့သော အက်ကွဲသံကို လွှတ်လိုက်၏။ ထိုအသံက ချန်ချာ၏ ရင်ကို အတိုင်းအဆမရှိ နာကျင်စေခဲ့သည်။

ထို့နောက်တွင်မှ နင်းကျော့က တင်းတင်းဆုပ်ထားသော လက်သီးများကို ဖြေလျှော့ကာ လေးလံသော ခြေလှမ်းများဖြင့် ချန်ချာ၏ လက်မောင်းကို ဆွဲမ၍ ထခိုင်းလိုက်လေသည်။

ထိုအခါမှသာ ချန်ချာလည်း မတ်တတ်ရပ်နိုင်တော့၏။ ခဏတာအတွင်း သူ၏ မျက်နှာမှာ သိသိသာသာ ဖူးရောင်နေချေပြီ။

သူသည် နင်းကျော့ကို ကြည့်လိုက်သောအခါ မျက်စိအိမ်များ ကျုံ့သွားရသည်။ အကြောင်းမှာ လူငယ်လေး၏ မျက်ဝန်းများမှာ နီမြန်းနေပြီး ပါးပြင်ပေါ်တွင် မျက်ရည်စများ ထင်ကျန်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။

"ငါဟာ သေထိုက်တဲ့လူပဲ" ချန်ချာက မိမိကိုယ်မိမိ စိတ်ထဲမှ ကျိန်ဆဲနေမိသည်။

နင်းကျော့က "စီနီယာချန်... ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့တော့၊ ကျွန်တော်တို့ အတူတူရှိခဲ့တဲ့ အချိန်က တိုတောင်းပေမဲ့ စီနီယာဟာ ဒီလို လူစားမျိုး မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံကြည်ပါတယ်" ဟု ပြောလိုက်ပြီး "အခြေအနေက ဒီလို ဖြစ်လာမှတော့... ကျွန်တော်လည်း လက်ခံရုံပဲ ရှိတော့တာပေါ့၊ မဟုတ်ဘူးလား" ဟု သက်ပြင်းချရင်း ဆိုလေသည်။

နင်းကျော့သည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရာ ဟန်ချက်ပျက်ကာ လဲကျလုနီးပါး ဖြစ်သွားသဖြင့် ချန်ချာက အမြန်ပင် လှမ်း၍ ထိန်းပေးလိုက်ရ၏။

ချန်ချာသည် နင်းကျော့ကို သူ၏ ထိုင်ခုံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် နှစ်ဦးသားသည် စကားတစ်လုံးမျှ မဆိုဘဲ လေးလံထိုင်းမှိုင်းစွာ တိတ်ဆိတ်စွာ ထိုင်နေကြတော့သည်။

နင်းကျော့က စိတ်ထဲမှ အချိန်ကို တွက်ချက်နေပြီး အချိန်တန်ပြီဟု ယူဆသောအခါ အက်ကွဲသော အသံဖြင့် ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။

"ကျွန်တော် သဘောတူပါတယ်"။

ချန်ချာ၏ ရင်ဘတ်မှာ နာကျင်စွာ တုန်လှုပ်သွားရ၏။

"ကျွန်တော် သဘောတူတယ်လို့" နင်းကျော့က ထပ်ပြောလိုက်သည်။

ချန်ချာသည် ဝမ်းနည်းစွာဖြင့် သွားကို ကြိတ်ကာ မျက်ဝန်းများ နီမြန်းလျက် နင်းကျော့ကို ကြည့်လိုက်ပြီး သူ၏ အင်္ကျီဝတ်ရုံအတွင်းမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်လေသည်။

သူသည် ကျောက်စိမ်းပြားကို စားပွဲပေါ်တွင် တင်လိုက်ပြီး အဝတ်အိတ်ငယ်လေး တစ်လုံးကိုလည်း အမြန်ထုတ်ယူလိုက်၏။

ထို့နောက် သူသည် ဝိညာဉ်ကျောက်တုံးများ ပါဝင်သော အိတ်ကိုလည်း စားပွဲပေါ်သို့ ထပ်မံ တင်လိုက်လေသည်။

အားလုံး ပြီးစီးသောအခါ သူသည် လက်သီးဆုပ်ကာ နင်းကျော့ကို နောက်တစ်ကြိမ် အလွန်အမင်း ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် မည်သည့်စကားမျှ မဆိုတော့ဘဲ လှည့်ထွက်သွားတော့သည်။

သူသည် နင်းကျော့ကို ဆက်၍ ရင်ဆိုင်နိုင်စွမ်း မရှိတော့ပေ။

နင်းကျော့သည် တစ်ဦးတည်း ကျန်ရစ်ခဲ့စဉ် အတန်ကြာအောင် ထိုနေရာ၌ပင် ရှိနေခဲ့သည်။ သူသည် ထိုအခိုက်အတန့်တွင် ခံစားချက်များကို အလွန်အမင်း နက်နက်ရှိုင်းရှိုင်း ထည့်သွင်းထားခဲ့သဖြင့် ပြင်းထန်သော စိတ်ခံစားမှုများမှာ ချက်ချင်းပင် ပျောက်ကွယ်မသွားသေးချေ။

All Chapters