← Chapters

အခန်း (၁၀၅၇-၁၀၅၈)

Vol. 89 Ch. 1057-1058

အခန်း (၁၀၅၇-၁၀၅၈)

Vol. 89 Ch. 1057-1058

အခန်း ၁၀၅၇ –

မင်းသိလား ... ငါသေရင် မင်းရဲ့ဘဝလည်း ပြီးသွားလိမ့်မယ်။

“ ငါ ... ။ ”

ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားဘေးတွင် ဝတ်စုံရှည်ဝတ်ထားသော လူတစ်ယောက် ထွက်ပေါ်လာ၏။

“ ပဥ္စမအကြီးအကဲ ... ။ ”

လူလတ်ပိုင်း အရွယ်အမျိုးသားက အနည်းငယ် သက်သာရာ ရသွားသည်။ သို့သော် စုရီမှစကားတစ်ခွန်းမဆိုတော့ဘဲ လက်ဖဝါးကို ဓားကဲ့သို့ဝှေ့ယမ်းကာ ခုတ်ချပစ်လိုက်၏။

“ ရွှပ် ... ။ ”

“ ဘန်း ... ။ ”

ကောင်းကင်မှ ဓားအလင်း တစ်လက်ကျဆင်းလာကာ ပဥ္စမအကြီးအကဲ ဆိုသည်သူ ချက်ချင်းပေါက်ကွဲသွားတော့၏။

“ ဘယ်သူရှိသေးလဲ။ ”

စုရီက မေးမြန်းလိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ထိတ်လန့် တုန်လှုပ်မှုကြောင့် အသက်ပင် မရှူဝံ့ချေ။

သူ့ဘဝတွင် အနိုင်ကျင့်တတ်သူများကို မြင်ဖူးသော်လည်း ဤမျှမောက်မာကြမ်းတမ်းပြီး အနိုင်ကျင့်လွန်းသူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။

တစ်ဖက်လူထံ ညှိနှိုင်းဖြေရှင်းရန်ပင် အခွင့်အရေးမပေးချေ။ ချက်ချင်း သတ်ပစ်လိုက် တော့၏။ ထိုစဉ် ပါးနပ်သော မိုချင်းချောင်သည် ချင်းတျန်ကိုလှမ်းဆွဲလိုက်ကာ၊

“ မိန်းကလေးချင်းတျန်၊ မြန်မြန်လာ။ ”

-ဟုဆိုလျက် သူမဘေးသို့ ခေါ်ယူလိုက်လေသည်။

“ ဆရာ ... ။ ”

ချင်းတျန်မှ ရှေ့သို့ လှမ်းတက်ကာ လေထုအလယ်ရှိ သူ့ဆရာထံ မျက်ရည်များ ဝဲလျက်နှုတ်ဆက်၏။ စုရီက ခေါင်းတစ်ချက်သာ ငြိမ့်ပြပြီး စကားမဆိုခဲ့ချေ။

သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေသည်မှာ ဆဋ္ဌမဘဝ၏ ဆန္ဒဝိညာဉ်ဖြစ်ရာ နှလုံးသားက သံမဏိကဲ့သို့ အေးစက်လွန်းချေသည်။

ထို့ကြောင့် သူနှင့် ချင်းတျန်ကြား ဆရာတပည့် သံယောဇဉ်ကို သူ နားမလည်ချေ။ ချန်းတျန်ကို ကယ်တင်ရခြင်းသည် စုရီအပေါ် အကြွေးတင်စေလိုရုံသာဖြစ်၏။

ပဥ္စမအကြီးအကဲကို မေးမြန်းခြင်းမရှိ သတ်ခြင်းသည် သူ့အာဏာပြသခြင်းမည်ချေ၏။ ထို့နောက် စုရီက လှည့်ထွက်လိုက်သည်။

“ သွားရအောင် ... ။ ”

သို့သော် ထိုခဏတွင် လေထုသည် ချက်ချင်းတင်းကြပ်လာပြီး ထူးခြားသောလေထု ဖြစ်ပေါ်လာသည်။

“ မင်း ထွက်သွားတော့မလို့လား ဘာလို့ ငါ့ကိုနှုတ်ဆက်မသွားရတာလဲ။ ”

ဤသည်မှာ အိုမင်းနေသော အသံ တစ်သံပေပင်။ ထိုအသံနှင့်အတူ လေထုအလယ် ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။

ဖြူဖွေးနေသော ဆံပင်များနှင့် ခံ့ညားထည်ဝါသည့် နတ်ဘုရားအလင်းများဖြင့် အဖိုးအိုတစ်ယောက်ပုံရိပ်ဖြစ်သည်။

“ ဘိုးဘေးကို ဂါဝရပြုပါတယ် ... ။ ”

ထိုပုံရိပ်ကို မြင်ချိန်တွင် လူလတ်ပိုင်းအရွယ်အမျိုးသားက သက်ပြင်းချ လိုက်တော့သည်။ ဤသည်မှာ ဟောင်မိသားစုမှ ဟောင်ရှန်းတုဖြစ်၏။

သူသည် ဆန္ဒဝိညာဉ်မျှ မဟုတ်ဘဲ အင်မော်တယ်တစ်ပါး၏ ပြီးပြည့်စုံသောဝိညာဉ် တစ်ပါးပေပင်။ စုရီက လှည့်မကြည့်ဘဲ၊

“ ပိုးဟပ်တစ်ကောင်လို ပုန်းအောင်းနေနေရတဲ့ ဝိညာဉ်တစ်ကောင်က ငါနှုတ်ဆက်ဖို့ထိုက်တန်တယ် ထင်နေတာလား။ ”

“ မင်း .... ။ ”

ဝိညာဉ်ပုံရိပ်သည် ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ ဤသည်မှာ သူ့ကို စော်ကားလိုက်ခြင်းပေပင်။ သို့တိုင် လှုပ်ရှားခြင်းမပြုဘဲ မျက်မှောင်ကြုတ်လျက်၊

“ မင်းရဲ့ကိုယ်ထဲမှာ စုရီမဟုတ်တဲ့ အခြားကြောက်စရာကောင်းတဲ့ စွမ်းအားတစ်ခု ရှိနေတယ်ဆိုတာ ငါ သိပါတယ်။ ”

-ဟု ပြောကြားလိုက်၏။ တစ်ဖက်တွင် စုရီသည် စိတ်မရှည်တော့ဘဲ ခြေလှမ်းများရပ်ပြီး ပြန်လှည့်ကြည့်ကာ၊

“ မင်း စကားပြောဖို့ ထွက်လာတာလား။ ”

-ဟု တိုက်ရိုက်မေးမြန်းလိုက်လေသည်။

ဟောင်ရှန်းထုံက မျက်ဝန်းများ မှေးစင်းသွားကာ၊

“ မဟုတ်ဘူး ... မင်းရဲ့ အဲဒီစွမ်းအားတွေ မကြာခင်မှာ ပျောက်ကွယ်သွားတော့မယ်ဆိုတာ ငါအတည်ပြုချင်လို့ထွက်လာတာ ...

... ငါတို့လို နတ်ဘုရားတွေက ဒီလောကထဲပြန်ဝင်လာဖို့ သိပ်မလိုတော့ဘူး ဆိုတာ မင်းကိုသတိလာပေးတာ။ ”

“ ဟားဟားဟား ... မင်းလို လူ မဟုတ်၊ တစ္ဆေမဟုတ်တဲ့ နိုးထဝိညာဉ်လေးတစ်ပါးက ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားအဖြစ် တင်စားနေတာလား။ ”

စကားဆုံးသည်နှင့် စုရီက လက်ကိုမြှောက်ကာ တစ်ချက်ထိုးညွှန်လိုက်၏။ တောက်ပသော ဓားအလင်းတစ်လျက် ချက်ချင်း ပြေးထွက်သွားချေသည်။

ဟောင်ရှန်းထုံမှ အန္တရာယ်ကို ခံစားမိသောကြောင့် ကြောက်လန့်တကြားဖြင့် ထိပ်တိုက်ဖြေရှင်းရန်မဝံ့ဘဲ ရှောင်တိမ်းလိုက် တော့သည်။ သို့သော် ထိုဓားအလင်းမှာ အနားသို့ရောက်ချိန်၌ ပျက်ပြယ်သွား၏။

“ အရမ်း ကြောက်သွားလား။ ”

စုရီမှ အထင်သေးစွာ လှောင်ပြောင်လိုက်သည်။ ဟောင်ရှန်းထုံခမျာ အရှက်ရသွားပြီး တုန့်ပြန်စရာစကားမဲ့သွား၏။ ထိုဓားစွမ်းအားသည် အလွန်ပင် ကြောက်စရာ ကောင်းလှကြောင်း သူပြောနိုင်သည်။

“ အခု မင်းကိုသတ်လိုက်ရင် ပျင်းစရာ ကောင်းသွားလိမ့်မယ် အနာဂါတ်မှာ မင်းတို့တွေ ဒီလောကကို တကယ်ဆင်းလာနိုင်တယ်ဆိုရင် ငါဆီလာခဲ့ကြ ခေါင်းဖြတ်ပေးမယ်။ ”

ထို့နောက် လက်နောက်ပစ်ကာ လှည့်ထွက်သွားတော့သည်။ မိုချင်းချောင်နှင့် ချင်းတျန်မှာ ချက်ချင်း ပြေးလိုက်သွား၏။

လူတိုင်းမည်သူမျှ မတားဆီးဝံ့တော့ချေ။ မိုယွမ်ရှန်ခမျာ သူ့တူမသည် ဤစုရီနောက်ပါးသို့ ကောက်ကောက်ပါအောင် လိုက်သွားနေလိမ့် မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ကောင်းကင်ယံတွင် စုရီသည် လက်နှစ်ဖက်နောက်ပို့ကာ လျှောက်လှမ်းနေပြီး သူ့နောက်၌ ချင်းတျန်နှင့် မိုချင်းချောင်တို့ လိုက်ပါလာခဲ့၏။

“ ဒီအကြွေးကို မင်း မဆပ်ချင်လည်း ဆပ်ရမှာပဲ ငါ မကူညီရင် မင်းရဲ့ဒီတပည့်မကို သူတို့အနိုင်ကျင့်နေဦးမှာ သေချာတယ်။ ”

အသိစိတ်ပင်လယ်ထဲတွင် ဆဋ္ဌမမြောက်နတ်သံကြိုးအသံ ထွက်ပေါ်နေ၏။ ယနေ့တွင် စုရီနှင့် အကြွေးတစ်ခုရှိသွားပြီး သူ့ခွန်အားကို ပြသနိုင်ခဲ့သည်။

“ ဟမ့် ... ဒါက မင်းကိုယ်တိုင် လိုလိုလားလားကူညီတာမဟုတ်လား ငါမင်းကို တောင်းဆိုခဲ့လို့လား၊ ”

စုရီမှ ပြန်ပြောလိုက်သည်။

“ ထပ်မပြောနဲ့ အမှန်တရားက ငါမင်းရဲ့တပည့်ကို ကယ်ခဲ့တယ် ... ဒါကိုမင်း ငြင်းလို့မရဘူး။ ”

ဆဋ္ဌမမြောက်နတ်သံကြိုးက အေးအေးဆေးဆေးပင် ပြောကြားလာသည်။ စုရီက ပြုံးလိုက်၏။ သူသည် ထိုဆဋ္ဌမဘဝကို တစ်ကြိမ် အရှုံးပေးလာအောင် လုပ်ယူနိုင်ခဲ့ပြီး ဖြစ်သည်။

နောက်ထပ်တွင်လည်း ဒူးထောက်လာအောင် မလုပ်နိုင်စရာအကြောင်း မရှိချေ။ ဆဋ္ဌမမြောက်နတ်သံကြိုးက၊

“ နောက်ပြီးတော့ ငါ မင်းကို ကျင့်ကြံမှု လျှို့ဝှက်ချက်တွေပေးမယ် ... ဒီနေ့အတင်းအဓမ္မ အဆင့်တက်ဖို့ကြိုးစားခဲ့တာက ဘယ်လောက် မိုက်မဲရာကျလဲဆိုတာ မြင်လာလိမ့်မယ်။ ”

-ဟု ထပ်ပြောလာ၏။

စုရီမှ စကားမဆိုတော့ချေ။ ဤဆဋ္ဌမမြောက်ဘဝသည် အတိတ်က အလွန် စွမ်းအားကြီးသော ပုဂ္ဂိုလ်ဖြစ်ခဲ့သဖြင့် ထိုသူ၏ အတွေ့အကြုံများမှာ အလွန် အဖိုးတန်မည်။

ယနေ့တိုက်ပွဲသို့ ရောက်ရှိလာရခြင်း၏ အဓိကရည်ရွယ်ချက်သည် ဆဌမမြောက်ဘဝမှ အသိပညာများကို ရယူရန် ဖြစ်သည်။ ယခုတွင် ထိုရည်ရွယ်ချက် အောင်မြင်သွားပြီ ဖြစ်၏။

“ သိပ်ပြီး ဝမ်းသာမနေနဲ့ဦး ... ဒီနေ့ မင်းရဲ့ရန်သူတွေကို ငါသတ်ပေးခဲ့ပေမယ့် ဒါဟာ မကုန်နိုင်တဲ့ ဒုက္ခတွေပဲ ... မင်းအားနည်းချက် ပြတာနဲ့ ငါမင်းကိုသိမ်းယူပစ်မယ်။ ”

ဆဋ္ဌမမြောက်နတ်သံကြိုးက အေးစက်စွာ ပြောကြားလိုက်သည်။ ဤတစ်ကြိမ်တွင် စုရီမှာ ပြုံးလျက်ဖြင့်၊

“ မင်း သိလား ... မတော်တဆ ငါ့ကိုယ်ငါသတ်မိသွားရင် မင်းရဲ့ဘဝလည်း ပြီးသွားမယ်ဆိုတာ။ ”

-ဟု တုန့်ပြန်လိုက်တော့၏။

သူ့စကားကြောင့် ဆဋ္ဌမမြောက် နတ်သံကြိုးမှာ တိတ်ဆိတ်သွားလေသည်။ စုရီမှ ၎င်းထံစိုက်ကြည့်လျက် မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်တော့၏။

“ ဟားဟားဟား ... ။ ”

***

အခန်း ၁၀၅၈ -

လုပ်ကြံခံရခြင်း ... ။

သေခြင်းတရားကို အသာအယာ ကြည့်နိုင်သည့် ဓားသမားများ၏မျက်စိထဲတွင် ရက်စက်မှုချင်းပြိုင်ခြင်းမှာ အဓိပ္ပာယ်မရှိချေ။

ဆဋ္ဌမမြောက် နတ်သံကြိုးမှလည်း ဤအချင်းအရာကို နားလည်သည်။ သို့သော် ဤစုရီကိုချုပ်ကိုင်ရန် ကြိုးစားလိုက်ချိန်တိုင်း တစ်ဖက်လူမှ သူ့ကိုပြန်၍ထိန်းချုပ်သွား၏။

ယင်းသည် သူ့ကို အလွန်အမင်း စိတ်ပျက်မိသွားစေသည်။ သက်ရှိထင်ရှားရှိစဉ် အချိန်က သူ့စိတ်နေစိတ်ထားမှာ ထောင်လွှား၍ ကြမ်းတမ်းပြီး သွေးလွှမ်းသောသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ချေပြီ။

မည်သူသည် သူ့ကိုဤနေရာ၌ ရက်စက်မှုခြင်းယှဉ်ဝံ့သနည်း။ သို့သော် ယခုမူ သူ့ကိုရင်ဆိုင်နေသော သူ့နောက်ဘဝရှိနေ၏။

တစ်ဖက်တွင် သူသည် ယခုအခါ ငရဲဘုံကိုးပါးငရဲဓားပေါ်တွင် ချုပ်နှောင်ခံရသည့် တာအိုအမှတ်အသားမျှသာဖြစ်နေသည်။

သူ့အတွက် နောက်ဆုံးသော အခွင့်အရေးသည်တစ်ခုတည်းသာရှိ၏။ ယင်းမှာ စုရီသည် သူနှင့်ပေါင်းစည်းချိန်တွင် ထိုသူကို အနိုင်ယူလွှမ်းမိုးရန်ပေပင်။

“ မင်း အချိန်ရတဲ့အခါ ငါဆီလာခဲ့ ကောင်းကင်ဘုံနယ်ပယ် တက်လှမ်းခြင်းဆိုတဲ့ လျှို့ဝှက်ချက်တွေပေးမယ် ... သတိရပါ ဒီနေ့လို အတင်းအဓမ္မ အဆင့်တက်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ ”

အဆုံး၌ ငြင်းခုန်ရန် ပျင်းရိသွားကာ တိတ်ဆိတ်သွားတော့သည်။ စုရီဇာတိဓမ္မပုံရိပ်မှ ပြုံးလျက် ပျောက်ကွယ်သွား၏။

ထိုစဉ် အပြင်ဘက်၌ စုရီသည် မျက်မှောင်ကြုတ်သွားလေသည်။ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်မှသာ သူ့ဒဏ်ရာများ မည်မျှပြင်းထန်ကြောင်း သတိပြုမိလာ၏။

ခန္ဓာကိုယ်အနှံ့အပြား၌ ဒဏ်ရာဗရပွ ရရှိထားပြီး ကျင့်ကြံမှုမှာကုန်ဆုံးလုနီးပါးပေပင်။ ထိုစဉ်မိုချင်းချောင်သည် စုရီ၏ရောင်ဝါများ ငြိမ်းအေးသွားသည်ကို သတိပြုမိလာ၏။

“ ငါမင်းကို ကျေးဇူးတင်ပါတယ် ... ။ ”

ရုတ်တရက် စုရီမှ ပြန်လှည့်ကြည့်ကာ စကားဆိုခဲ့သည်။ မိုချင်းချောင်ခမျာ ခိုးကြည့် နေရာမှ ထိတ်လန့်သွား၏။

“ မင်း ဘာပြောချင်တာလဲ တာအိုစု။ ”

“ ငါတို့ ဒီကနေ လမ်းခွဲရအောင်။”

“ ဟမ့် ... တာအိုစု မင်းမှာဒဏ်ရာတွေ ပြင်းထန်နေတယ်၊ ငါတို့မျိုးနွယ်စုဆီကို ဘာလို့ လိုက်မလာရတာလဲ။ ”

“ မလိုပါဘူး မင်းကူညီချင်ရင်တော့ တိုက်ပွဲမှာကျန်ခဲ့တဲ့ ငါ့ရဲ့ဆေးအိုးနဲ့ သူတို့တွေ ကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကို ပင်လယ်လေးပါး မျှော်စင်ဆီပို့ပေးပါ။ ”

“ ကောင်းပြီ ... ။ ”

မိုချင်းချောင်မှ ခေါင်းညိတ်လိုက်၏။

“ ချင်းတျန်၊ သွားကြစို့။ ”

ထို့နောက် စုရီက ချင်းတျန်ကို ခေါ်ဆောက်လျက် ချက်ချင်းထွက်ခွာသွားသည်။ ဆရာတပည့်နှစ်ဦး ပျောက်ကွယ်သွားသည်ကို ငေးကြည့်လျက် မိုချင်းချောင်တစ်ယောက် တိုက်ပွဲထံသို့ ပြန်လှည့်လာခဲ့၏။

လော့ဝူတောင် တိုက်ပွဲသတင်း ပျံ့နှံ့သွားသောအခါ အင်မောတယ်တားမြစ် နယ်မြေတစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားလေသည်။

“ စုရီက ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား။ ”

ရှေးဟောင်း ဂိုဏ်းကြီးများအားလုံးမှာ သွေးချောင်းစီးခဲ့သည့် ထိုတိုက်ပွဲသတင်းကြောင့် ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

ဓားတစ်လက်နှင့် လူတစ်ယောက်သည် သူတို့အားလုံးကို သတ်ဖြတ်ကျော်ဖြတ်သွားခြင်း ဖြစ်ချေ၏။ ဤသည်မှာ တုံ့ယွီအဆင့် နယ်ပယ် ဘုရင်တစ်ပါး ပိုင်ဆိုင်နိုင်သည့် စွမ်းအားမျိုး မဟုတ်ချေ။

လော့ဝူတောင်တိုက်ပွဲတွင် ပါဝင်ခဲ့သော ဂိုဏ်းကြီးများမှာမူ ဤရလဒ်ကိုလက်မခံနိုင်ဘဲ မှင်သပ်နေကြ၏။

ယခုတစ်ကြိမ်တွင် သူတို့၏ အမာခံ ကျွမ်းကျင်သူများစွာကို ဆုံးရှုံးသွားခြင်းဖြစ်၏။ အကျိုးဆက်အနေဖြင့် အုတ်မြစ်သည်ပင် ယိုင်နဲ့သွားချေပြီ။

အထူးသဖြင့် အင်မော်တယ် ဓားခန်းမဖြစ်သည်။ သူတို့သည် သူတို့၏ ဂိုဏ်းချုပ်ကိုပင် ဆုံးရှုံးသွားခဲ့ရ၏။

ဆန့်ကျင်ဘက်အနေဖြင့် မိုမျိုးနွယ်သည်အလွန်ပင် စိတ်လှုပ်ရှား ဝမ်းသာ နေကြတော့သည်။

သူတို့သည် တိုက်ပွဲအတွင်း စုရီနှင့်အတူ ရပ်တည်ခဲ့သဖြင့် ဤတားမြစ်နယ်မြေ၌ တစ်ဦး တည်းသော အောင်နိုင်သူဖြစ်သွား၏။

မိုရှင်းလင်သည်ပင် မယုံကြည်နိုင်ဟန်ဖြင့် ရွှင်မြူးနေခဲ့သည်။ တစ်ဖက်တွင် စုရီခန္ဓာကိုယ်မှ စွမ်းအားသည် စစ်မှန်သောလူသားဟုန်ယွင်နှင့် ပတ်သက်နိုင်သည်ဟု ခန့်မှန်းကုန်ကြ၏။

အင်မော်တယ် တားမြစ်နယ်မြေအတွင်း မြူခိုးများ လွှမ်းနေသော တောင်တန်းတစ်ခုတွင် စုရီက ခဏရပ်နားလိုက်တော့သည်။

“ ချင်းတျန် ... ငါတို့ ဒီမှာ ခဏလောက် နားကြစို့။”

ထို့နောက် လှိုဏ်ဂူတစ်ခုအတွင်းသို့ ဝင်လိုက်ပြီး ရောင်ဝါကိုဖျောက်ကွယ်ပေးသည့် အစီရင်ခင်းကျင်းလိုက်လေသည်။

တစ်ဆက်တည်းမှာပင် ညလင်းပုလဲတစ်လုံးကို နံရံတွင်ထိန်းညှိလျက် မြေပြင်ပေါ်ထိုင်ချလိုက်၏။ ချင်းတျန်မှ စကားပြောရန် ပြင်လိုက်စဉ် စုရီမှာ သွေးအန်သွားလေသည်။

“ အဟွတ် အဟွတ် ... ဝေါ့ ...။ ”

“ ဆရာ ... ။ ”

စုရီက နှုတ်ခမ်းထောင့်မှသွေးစကို လက်ခုံဖြင့်သုတ်လိုက်ပြီး၊

“ ငါအဆင်ပြေတယ် ဒဏ်ရာ အနည်းနည်းပါပဲ သက်သာသွားရင် မင်းကို ဒီနယ်မြေထဲကနေ ခေါ်သွားပေးမယ်။ ”

- ဟု ပြောကာ တရားထိုင်လျက် ကုသခြင်းကို စတင်လိုက်တော့သည်။

ချင်းတျန်သည် သူမ၏ဆရာသခင်၌ မည်မျှဒဏ်ရာပြင်းထန်ကြောင်း ထိုမှသာလျှင် သတိပြုမိသွားတော့သည်။

ထို့ကြောင့် တိုက်ပွဲအတွင်းမှ သူ့လက်နက်ကိုပင် ကောက်မယူခဲ့ဘဲ ချက်ချင်း ထွက်ခွာလာကာ မိုချင်းချောင်နှင့် လမ်းခွဲလိုက်ခြင်းဖြစ်ချေ၏။

သူမဘဝတွင် ဆရာသခင်တစ်ယောက် ဤမျှအားနည်းနေသော အသွင်အပြင်မျိုး လုံးဝ မမြင်ဖူးချေ။ သူမဆရာသခင်သည် အမြဲတမ်း ကြီးစိုးကာ လွှမ်းမိုးချေ၏။

မျက်ရည်စီးကျလျက် စိုးရိမ်တကြီး ငေးကြည့်နေမတော့သည်။ အချိန်များတရွေ့ရွေ့ ကုန်လွန်လာနေ၏။

ချင်းတျန်တစ်ယောက် သူမဆရာကို ငေးမောလျက်ဖြင့် အတိတ်အတွင်း အနည်းငယ် နစ်မျောနေစဉ် စုရီမျက်ဝန်းများမှာ ရုတ်တရက် ပြန်ဖွင့်လာခဲ့သည်။၊

“ ဆရာ ... ဘာမှာလို့လဲ။ ”

“ တစ်ယောက်ယောက် ရောက်လာပြီ။ ”

စုရီက ချက်ချင်းထရပ်ကာ ချင်းတျန်လက်ကိုကိုင်ဆွဲပြီး လှိုဏ်ဂူအပြင်သို့ ပြေးထွက်လိုက်တော့၏။

“ ဝှစ် ... ။ ”

ကောင်းကင်မှ ရွှေရောင်ရေတံခွန်ကြီး ကျဆင်းလာခဲ့သည်။ ဤသည်မှာ ရွှေရောင်မြား တစ်စင်းပေပင်။ ထို့နောက် တောင်တန်းကြီး တစ်ခုလုံး ပေါက်ကွဲသွားတော့၏။

“ ဝုန်း ... ။ ”

မျက်စိတမှိတ်အတွင်း ပေတစ်ထောင် ဧရိယာကြီးသည် အပျက်အစီးနယ်မြေအဖြစ် ပြောင်းလဲသွားချေပြီ။

ချင်းတျန်တစ်ယောက် ချွေးစေးများ ထွက်လာသည်။ အကယ်၍ ဆရာသာ အချိန်မီ သတိမထားမိသော် နှစ်ဦးစလုံးအရှင်လတ်လတ် မြေမြှုပ်ခြင်းခံရတော့မည်ဖြစ်၏။

တောင်တန်းများ ပြိုကျပျက်စီးကာ ဟင်းလင်းပြင်ကြီးတစ်ခုလုံး တုန်ခါနေသည်။ စုရီတစ်ယောက် လေဟာနယ်ထဲ ရပ်တန့်လျက် ချင်းတျန်ကို သူ့နောက်တွင် ကာကွယ်ထား၏။

အေးစက်သော မျက်ဝန်းများသည် လျှပ်စီးကဲ့သို့တောက်ပနေပြီး ရန်သူကိုချက်ချင်း ရှာဖွေတွေ့ရှိသွားသည်။

ထိုသူသည် အနက်ရောင်ဝတ်ရုံကို လွှမ်းခြုံထားသော အမျိုးသားတစ်ဦးပင်ဖြစ်ပြီး သူ့အရှိန်အဝါမှာ ထူးဆန်းကာ တစ်ကိုယ်လုံး ကပ်ဘေးအငွေ့အသက်များ ဖုံးလွှမ်းနေ၏။

လက်ထဲတွင် သားရဲအရိုးဖြင့် ပြုလုပ်ထားသော လေးကိုင်းကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။

စုရီအကြည့် ရောက်ရှိသွားသည့် ထိုခဏမှာပင် ဝတ်ရုံနက်နှင့်လူကလေးကြိုးကို အစွမ်းကုန်ဆွဲတင်လိုက်ပြီး ‌ရွှေမြားတစ်စင်း ပစ်လွှတ်လိုက်ပြီဖြစ်သည်။

“ ဝှီ ... ။ ”

လေဟာနယ်နယ်ကို ဖြတ်သန်းလာသောအသံသည် မိုးကြိုးပစ် သကဲ့သို့ ဟိန်းထွက်လာသည်။

တစ်ဆက်တည်းမှာပင် ရွှေရောင်တောက်ပနေသော မြားတစ်စင်းသည် စူးရှသည့် နတ်အလင်းများဆောင်ကြဉ်းကာ ပျံသန်းလာ၏။

၎င်း၏စွမ်းအားသည် အရပ်မျက်နှာအသီးအသီးထံသို့ တုန်လှုပ်စေ နိုင်လောက်အောင် ပြင်းထန်လှသည်။

“ ဝှစ် ... ။ ”

စုရီမှ တိုက်ရိုက်ရင်မဆိုင်ဘဲ ချင်းတျန်ကို ခေါ်ဆောင်ကာ ထိုမြားထံရှောင်တိမ်းလိုက်ရ၏။ မြားဖြတ်သန်းရာဟင်းလင်းပြင်မှာ ပေါက်ကွဲ ထွက်သွားပြီးနောက် မီးတောက်မီးလျှံများ အရပ်ရပ်သို့ လွင့်စင်သွားတော့သည်။

“ ငါ့ကို တင်းတင်းကိုင်ထား။”

စုရီတစ်ယောက် ချင်းတျန်ကို ‌ကျောပိုးထက်သေမျိုးနယ်ပယ်ဓား ထုတ်ယူပြီး အဝေးမှ ဝတ်ရုံနက်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလိုက်သည်။

“ ဝှစ် ... ။ ”

ဝတ်ရုံနက်ခမျာ မျက်ခုံးပင့်လျက် မြားမိုးများကို တရစပ်ပစ်လွှတ်လိုက်တော့၏။ မြားတိုင်းသည် တောက်ပလျက် ကောင်းကင်နှင့် မြေကြီးကြား တုန်ခါနေခဲ့သည်။

“ ကလန် ... ကလန် ... ။ ”

ယခုတစ်ကြိမ်တွင်မူ စုရီသည် မရှောင်တော့ဘဲ ဓားဝှေ့ယမ်းကာ တုန့်ပြန် ဖယ်ရှားလိုက်လေသည်။

တိမ်ပေါ်ပျံသန်းခြင်းအဆင့် သေလွန် ဝိညာဉ်များကိုပင် အလွယ်တကူသတ်နိုင်သည့် ရွှေရောင်မြားများမှာ တစ်စစီ အပိုင်းပိုင်း ပြတ်သွားတော့သည်။

တစ်ဖက်တွင် မြားမိုးများသည် အဆက်မပြတ်ရွာသွန်းနေပြီး စုရီသည်လည်း တရွေ့ရွေ့ တိုးကပ်သွားနေ၏။

“ သတ် ... ။ ”

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

ထိုစဉ် ရုတ်တရက် မြေပြင်ကြီး အက်ကွဲသွားကာ ပုံရိပ်နှစ်ရိပ်ပြေးထွက်လာပြီး လေထုအလယ်ရှိ စုရီထံ ကြားဖြတ် တိုက်ခိုက်တော့သည်။

ဤသည်မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်၏။ အမျိုးသားသည် တောင်တစ်လုံးကဲ့သို့ သန်မာထွားကြိုင်းပြီး အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ လက်ထဲတွင် အစိမ်းရောင် လှံတစ်စင်းကို ကိုင်ဆောင်ထားသည်။

အမျိုးသမီးမှာမူ စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်တွင် ငွေရောင် အရိုးတိုလှံပုစိန်နှစ်လက်ကိုင်လျက် အေးစက် ကြမ်းတမ်းသော အရှိန်အဝါများ ရှိနေ၏။

ဤနှစ်ယောက်၏ အရှိန်အဝါသည် မြားသမားဝတ်ရုံနက်နှင့်လူကဲ့သို့ပင် ဝေဝါးကာ ကပ်ဘေးရောင်ဝါများ ပြည့်နှက်နေသည်။

“ ဝုန်း ... ။ ”

သူတို့တိုက်ခိုက်လိုက်သောအခါ ကောင်းကင်နှင့်မြေကြီး အရောင်ပြောင်းသွား တော့၏။ သူတို့၏စွမ်းအားသည် ယနေ့ခေတ်ရှိ တိမ်ပေါ်ပျံသန်းခြင်း သေလွန်ဝိညာဉ်များထက် ပိုမိုပြင်းထန်နေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော ချင်းတန်တစ်ယောက် ရင်တထိတ်ထိတ် ဖြစ်သွားရ၏။ သူမ၏ ဆရာသခင်သည် ဒဏ်ရာ အပြင်းအထန်ရရှိထားပြီး ကျင့်ကြံမှု ကုန်ဆုံးလုနီးပါး ဖြစ်နေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ရက်စက်ပြင်းထန်လွန်းသော ရန်သူများဖြင့် ရင်ဆိုင်ရသည်မှာ ကောင်းလှသည်မဟုတ်ချေ။

“ ကလန် ... ။ ”

စုရီမှဓားဝှေ့ယမ်းကာ ထိုနှစ်ယောက်၏ ညှပ်တိုက်မှုကို တားဆီးလိုက်သော်လည်း သူ၏ ပုံရိပ်မှာ ယိုင်နဲ့သွားပြီး မျက်နှာဖြူလျော်သွား၏။

ခန္ဓာကိုယ်ဟန်ချက် ပြန်လည် မထိန်ညှိနိုင်သေးခင်မှာပင် ရွှေမြားတစ်စင်းမှာ လေဟုန်ခွင်း၍ ရောက်ရှိလာ၏။ အချိန်ကိုက်ပြီး အလွန်ပင် တိကျလှလေသည်။

စုရီတစ်ယောက် တုန့်ပြန်ရန် အချိန်မရတော့ဘဲ ချက်ချင်း ရှောင်တိမ်းလိုက် တော့၏။ သို့တိုင် အနည်းငယ် ‌နောက်ကျ နေသေး၏။

“ စွပ် ... ။ ”

မြားတံသည် ဘယ်ဘက်ပုခုံးကို ဖောက်ထွက်သွားပြီး အသားများ စုတ်ပြတ်ကာ အရိုးများသည်ပင် အက်ကွဲသွားတော့သည်။

ရန်သူများသည် စုရီကိုအသက်ရှူခွင့် မပေးလိုဘဲ အနီးကပ်လိုက်ပါ တိုက်ခိုက်လာ ကြပြန်၏။

ဤတစ်ကြိမ်လုပ်ကြံမှု၌ ရန်သူသည် မည်သည့်စကားမျှမပြောဘဲ တိုက်ရိုက်သတ်ရန် ကြိုးစားနေခြင်းပေပင်။ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။

စုရီမျက်ဝန်းများမှာ စူးရှသွားပြီးနောက် သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာသည်။ သူ နောက်မဆုတ်ဘဲ ချက်ချင်းတုန့်ပြန်ကာ အစွမ်းကုန် တိုက်ခိုက်တော့၏။

“ ဝုန်း ... ။ ”

ကောင်းကင်နှင့် မြေကြီးတုန်ခါလျက် နေနှင့်လအလင်းများ မှေးမှိန်အားနည်းသွား လေသည်။

“ ဝှစ် ... ။ ”

“ ဘောင်း ... ။ ”

ခဏအကြာတွင် စုရီသည်ဓားကို လှည့်လိုက်ပြီး ဝင်စားခြင်းဥပဒေအသုံးပြုကာ ထွားကြိုင်းသောအမျိုးသားထံ တစ်ချက်တည်း ခုတ်သတ်ပစ်လိုက်၏။

“ စွပ် စွပ် ... ။ ”

တစ်ချိန်တည်းမှာပင် စစ်ဝတ်စုံနှင့် အမျိုးသမီး၏လက်နက်များက သူ့ခန္ဓာကိုယ်၌ နက်ရှိုင်းသော ဒဏ်ရာနှစ်ခုကို ပေးလာ၏။

ထိုဒဏ်ရာများသည် ခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်လုနီးပါးပေပင်။ သွေးများစွာပင် ပန်းထွက်လျက် ရွှဲရွှဲစိုသွားတော့၏။

“ ဝှစ် ... ။ ”

သို့သော် စုရီသည် နာကျင်မှုကို မသိနိုင်သကဲ့သို့ ရှေ့သို့ဆက်လက်တိုးဝင်ကာ ဓားဖြင့် ခုတ်ချလိုက်ပြန်သည်။

“ ကလန် ... ကလန် ... ။ ”

အမျိုးသမီးက လှံပုစိန်နှစ်လက်ကို ကြက်ခြေခတ်အသွင်ဖြင့် ဓားချက်ထံ ခံယူလိုက် တော့၏။ သို့သော် ဓားချက်သည် သူမမျှော်လင့် သည်ထက် များစွာပြင်းထန်နေခဲ့ချေပြီ။

***

All Chapters