အခန်း (၁၀၅၉-၁၀၆၀)
Vol. 89 Ch. 1059-1060
အခန်း ၁၀၅၉ -
ပိုက်ကွန်ကို ရုတ်သိမ်းခြင်း။
“ ကလန် .. ကလန် ... ။ ”
“ ဘန်း ... ။ ”
လှံပုစိန်နှစ်လက်စလုံး ပေါက်ကွဲလျက် အမှုန့်ဖြစ်သွားပြီး သူမသည်လည်း နှစ်ပိုင်းပြတ် သေဆုံးသွားတော့၏။ မျက်စိတစ်မှိတ်အတွင်း ရန်သူနှစ်ဦးကို သုတ်သင်လိုက်ခြင်းပေပင်။
သို့သော် စုရီသည် အဖိုးအခ ပေးလိုက်ရသည်။ သူ့ဒဏ်ရာများသည် ပို၍ ပြင်းထန်လာပြီး သွေးများသည်လည်း မရပ်မနား စီးကျလာခဲ့၏။
“ ဝှစ် ... ။ ”
ထိုစဉ် ရွှေရောင်မြားများ ထပ်မံ ရောက်ရှိလာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ စုရီသည် ထိပ်တိုက်ရင်မဆိုင်တော့ဘဲ ချက်ချင်း လှည့်ပြေးလေသည်။
လေးကိုင်ထားသော ဝတ်ရုံနက်နှင့်လူမှ တွေဝေနေခြင်းမရှိချေ။ နောက်ထံပါးမှ လိုက်ပါ တိုက်ခိုက်တော့၏။
များမကြာမီ သူတို့၏ပုံရိပ်များသည် မိုးကုပ်စက်ဝိုင်းအတွင်း ဝင်ရောက်ပျောက်ကွယ် သွားချေပြီ။ ထိုမြင်ကွင်းကို အဖိုးအိုတစ်ဦး ထွက်ပေါ်လာပြီး ရပ်ကြည့်နေခဲ့၏။ ဤသည်မှာ အပ်ချုပ်သမားပင် ဖြစ်သည်။
“ ဒီကောင် တကယ်ပဲ ထွက်ပြေးတာလား။ ”
သူသည် မျက်မှောင်ကြုတ်လျက် မိုးကုပ်စက်ဝိုင်းထံမျှော် ကြည့်လိုက်လေသည်။ သူသည် တစ်ဖက်လူနှင့် နှစ်ပေါင်းများစွာပင် တိုက်ခိုက်လာခဲ့သူဖြစ်ရာ သံသယဝင်မိ၏။
အခြေအနေ မည်မျှ ဆိုးရွားပါစေ၊ အခွင့်အရေး အနည်းငယ်စာ ရှိနေသေးပါက ဤစုရီသည် မည်သည့်အခါမျှ ထွက်မပြေးချေ။
သို့သော် ယခုမူ ထွက်ပြေးသွားချေပြီ။ ဤအချင်းအရာက အနည်းငယ်ထူးဆန်းသော ခံစားချက်များ ပေးချေ၏။
“ ငါ ခန့်မှန်းတာ မမှားရင် ... လော့ဝူတောင်တိုက်ပွဲမှာ သူ့ကျင့်ကြံမှုတွေ ကုန်ဆုံးသွားရမယ်။ ”
အပ်ချုပ်သမား၏ မျက်ဝန်းများ လင်းလက်သွား၏။ တစ်ဆက်တည်းမှာပင်၊
“ ပြီးတော့ သူ့ကိုယ်ပေါ်က ... အဲ့ဒီ ကြောက်စရာကောင်းတဲ့ စွမ်းအားလည်း လုံးဝ ပျောက်ကွယ်သွားပြီ ဒီစွမ်းအားက ... ရှန့်မူ မဟုတ်ဘူး ဘယ်သူများလဲ ...
... ဇီးရိုးအိပ်ဇ်နဲ့ ဇီးရိုးနိုင်းကိုတော့ နှမြောစရာပဲ ဒီလောက်သေလုမျောပါးဖြစ်နေတဲ့ လူရဲ့ သတ်ခြင်းကိုခံလိုက်ရတယ် ငါ ပေါ့ပေါ့ဆဆလုပ်လို့ မဖြစ်သေးဘူး။ ”
အပ်ချုပ်သမားက အနည်းငယ် စဉ်းစားပြီးနောက် နေရာမှာတင်ပျောက်ကွယ် သွားတော့သည်။
မိုးကုပ်စက်ဝိုင်းအောက်တွင် စုရီသည် အရှိန်အဟုန်မြှင့်ကာ ပျံသန်းထွက်ပြေးနေသည်။ သူ့ကျောပေါ်တွင် ချင်းတျန်သည် အလွန်အမင်း စိတ်ပူနေခဲ့ပြီး စကားတစ်ခွန်းမျှမပြောဝံ့ချေ။
“ စိတ်မပူနဲ့ ရန်သူဘယ်သူလဲဆိုတာ ... ငါသိတယ် အဲ့ဒီအဘိုးကြီး ငါ့ကိုဘာမှလုပ်ဝံ့ဦးမှာ မဟုတ်သေးဘူး။ ”
အစောပိုင်းတိုက်ပွဲတွင် ရန်သူသည် မည်သူမည်ဝါဖြစ်ကြောင်း သူ သိလိုက်ပြီဖြစ်၏။ ထိုသူများသည် အပ်ချုပ်သမား၏ နတ်အရိပ် အစောင့်များပေပင်။
ထိုမိစ္ဆာများသည် အင်မော်တယ် အကြွင်းအကျန်များကို ကုန်ကြမ်းအဖြစ်သုံးကာ သေလွန်ဝိညာဉ်များ ထည့်သွင်းထားသည့် မိစ္ဆာရုပ်သေးများဖြစ်သည်။
သူတို့သည် သာမန်ရုပ်သေးရုပ်များနှင့် မတူဘဲ စိတ်ဝိညာဉ်ရှိပြီး အင်မော်တယ်ရုပ်ခန္ဓာ ပိုင်ဆိုင်ကြ၏။
လူသားနှင့် မတူသည်မှလွဲ၍ ခန္ဓာကိုယ်ပိုင်ဆိုင်ထားသော သေလွန်ဝိညာဉ် ကဲ့သို့ပင် အစွမ်းထက်ကြသည်။
သို့သော် ထိုသူများသည် ဝင်စားခြင်း ဥပဒေကိုကြောက်ရွံ့ကြ၏။ ဇီးရိုးဆဲဗင်းကို သူ သတ်ဖူးသဖြင့် ထူးထွေကြောက်ရွံ့ခြင်းမရှိချေ။
“ ဝှစ် ... ။ ”
ကောင်းကင် တုန်ခါလျက် ရွှေရောင်မြားတစ်စင်းက နောက်ကွယ်မှနေပြီး ပျံသန်းရောက်ရှိလာပြန်သည်။ ဝတ်ရုံနက်နှင့် လူမှာ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်၏။
“ ဟမ့် ... ။”
စုရီက ရှောင်တိမ်းလျက် ရုတ်တရက် လှည့်ကာ ထိုဝတ်ရုံနက်နှင့်လူထံသို့ ပြန်လည် တိုက်ခိုက်လိုက်တော့သည်။
“ ဝှီး ... ။ ”
နီးကပ်နေပြီဖြစ်သောကြောင့် ဝတ်ရုံနက်နှင့်လူသည် မြားပစ်ရန် အချိန်မရှိဘဲ လေးကြီးဖြင့် ပြန်လည်ရိုက်ချလာရ၏။
“ ကလန် ... ကလန် ... ။ ”
“ ဘန်း ... ။ ”
ဓားအလင်းသည် လေးကြိုးကို ပြတ်တောက်သွားစေပြီး လေးကိုင်းသည်လည်း လွင့်ထွက်သွားတော့၏။
တစ်ဆက်တည်းမှာပင် ပြင်းထန်သော ဓားရောင်ဝါသည် ဝတ်ရုံနက်နှင့်လူထံထိမှန်ကာ ချက်ချင်းယိုင်နဲ့သွားသည်။ နောက်တစ်ခဏတွင် စုရီသည် ထိုသူရှေ့ပေါ်လာပြီး ဓားဖြင့် ပိုင်းချလိုက်တော့၏။
“ ရွှပ် ... ။ ”
ဝတ်ရုံနက်နှင့်လူခမျာ ချက်ချင်း ရှော်ငတိမ်းလိုက်၏။ သို့သော် ဝင်စားခြင်းဥပဒေ စည်းမျဉ်းမှာ လျှပ်စီးအလားမြန်ဆန်ချေ၏။
“ ဝုန်း ... ။ ”
ထိုနေရာမှာပင် ခန္ဓာကိုယ် အစအန မကျန်အောင် ပေါက်ကွဲသေဆုံးသွားတော့သည်။ စုရီသည်လည်း အင်းအင်ကုန်ခမ်းသွားဟန်ဖြင့် ရုတ်တရက် ယိုင်သွားသွားလေသည်။
ပါးစပ်ထောင့်မှ သွေးများ ထပ်မံ စီထွက်ကျလာကာ ဒဏ်ရာများသည် အက်ကွဲ ခြောက်သွေ့လာခဲ့၏။ သို့တိုင် အနားမယူဝံ့ဘဲ ချက်ချင်းထွက်ပြေးတော့သည်။
များမကြာခင် ထိုအရပ်၌ အပ်ချုပ်သမား ထွက်ပေါ်လာ၏။ သူက စုရီနောက်ကျောထံသို့ ငေးကြည့်ကာ သက်ပြင်းချလိုက်သည်။
“ zerofour လည်းသွားပြီ ဒါပေမယ့် ဒီကောင်ဆက်ပြီး ... မတောင့်ခံနိုင်တော့ဘူး ထင်တယ် ပိုက်ကွန်သိမ်းရမယ့် အချိန်ပဲ။ ”
အပ်ချုပ်သမားမှ တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်လျက် တံဆိပ်တစ်ခုထုတ်ပြီး အသက်သွင်းပစ်လိုက်ရာ အလင်းတန်းတစ်ခု ကောင်းကင်ပေါ် ချက်ချင်း ထိုးတက်သွား တော့သည်။
“ ရွှီး ... ။ ”
ပျက်စီးယိုယွင်းနေသော ရှေးဟောင်း နယ်မြေတစ်ခုတွင် မြူနှင်းများဖုံးလွှမ်းလျက်ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။
“ ချင်းတန် ... မင်း မိုမျိုးရိုးဆီကနေ ငါ့ကိုစောင့်နေပါ။ ”
စုရီက မြေပြင်ပေါ် ဆင်းသက်လျက် အမိန့်ပေးလိုက်လေသည်။ သူ့ခန္ဓာကိုယ်သည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သွေးများမှာ မရပ်မနား စီးကျနေ၏။
“ ဆရာ ... မသွားဘူး။ ”
ချင်းတျန်မှ မျက်ဝန်းများ နီမြန်းလျက် မျက်ရည်များ ဝဲတက်လာသည်။ ဤတစ်ကြိမ် သေရမည်ဆိုလျှင်ပင် ဆရာနှင့်အတူတူ သူမ လိုက်ပါသွားရန် ဆုံးဖြတ်ထား၏။
စုရီက ပြုံးလိုက်ပြီး ချင်းတျန်ခေါင်းကို အသာအယာ ပွတ်သပ်ပေးပြီး မျက်ဝန်းများတွင် ရှားရှားပါးပါး နူးညံ့မှုများ ပေါ်ထွက်လာခဲ့၏။
“ ဒါက အမိန့်ပဲ ... ဆရာ့အမိန့်ကို မဖီဆန်နဲ့ ... လိမ္မာစမ်းပါ။ ”
ချင်းတျန်မှ ခေါင်းမာစွာဖြင့် လုံးဝမလှုပ်ချေ။ ခေါင်းငုံ့ထားလျက် ကျောက်ဆောင်တစ်ခုကဲ့သို့ မြဲမြံစွာရပ်နေ၏။
“ အချိန် သိပ်မရှိတော့ဘူး ... သိပ်မကြာခင်မှာပဲ အဲဒီအပ်ချုပ်သမားအိုကြီး ရောက်လာတော့မယ် စိတ်မပူနဲ့ ... သူ ငါ့ကို သတ်ဖို့ ဒီလောက်မလွယ်သေးဘူး။ ”
စုရီက ထပ်ပြောသည်။ ချင်းတျန်တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလျက် ခေါင်းခါပြကာ၊
“ ဆရာ့မှာ တကယ် အခွင့်အရေး ရှိတယ်ဆိုရင် ဘာလို့တပည့်ကို ဒီလိုထွက်သွား စေမှာလဲ ... အခုလိုလုပ်နေတာ... ဆရာသေဖို့ ပြင်ဆင်ထားလို့ပဲ မဟုတ်လား။ ”
-ဟု မဝံ့မရဲပြောကြားလိုက်၏။
စုရီမှ စကားမဆိုချေ။ ချင်းတျန်က အသက်ပြင်းပြင်းရှူကာ မျက်ရည်များကြားမှ ခေါင်းမော့ကြည့်ပြီး၊
“ ဒီတစ်ခါတော့ တပည့် ဆရာနဲ့အတူတူသေရပါစေ ... ဘယ်ကိုမှ ထွက်မသွားတော့ဘူး။ ”
- ဟု ပြတ်သားစွာ ပြောကြားလိုက်သည်။
စုရီခမျာ ခေတ္တမျှ မှင်သက်သွားပြီး အဆုံးတွင် ချင်းတျန်မျက်ရည်များကို သုတ်ပေး လိုက်ကာ၊
“ ကောင်းပြီ ဒါဆို မငိုနဲ့ ... ။ ”
-ဟု ခွင့်ပြုလိုက်တော့သည်။
ချင်းတျန်က မျက်ရည်များကြားမှ ပြုံးရယ်လာပြီး ခေါင်းကိုအလျင်အမြန် ညိတ်ပြကာ၊
“ ဆရာ ဒဏ်ရာကို မြန်မြန်ကုပါ၊ တပည့်ဆရာ့ကို စောင့်ရှောက်ပေးပါ့မယ်။ ”
-ဟု ပြောကြားလိုက်၏။
စုရီမှ ခေါင်းခါပြလျက်၊
“ အချိန်မရှိတော့ဘူး။ ”
-ဟု ဆိုကာ အရက်အိုးကိုထုတ်ယူ မော့သောက်လိုက်တော့သည်။ သည့်နောက် အဝေးသို့ မျှော်ကြည့်ကာ၊
“ အဲဒီအပ်ချုပ်သမားက ငါ့ကို ဒီလိုလုပ်ဖို့အချိန်ပေးမှာ မဟုတ်ဘူး ပြီးတော့ ... သူ ရောက်နေပြီ။ ”
-ဟု ပြောကြား၏။
“ ရောက်နေပြီလား။ ”
ထိုစကားကြောင့် ချင်းတျန်တစ်ယောက် ထိတ်ခနဲ ဖြစ်သွားသည်။ တစ်ဆက်တည်းမှာပင် အိုမင်းသော အသံတစ်သံ ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့၏။
“ ဟားဟားဟား ... မင်းအကြောင်းကိုအသိဆုံးက မင်းရန်သူပဲ ... မဟုတ်လား။ ”
ရယ်မောသံနှင့်အတူ အနက်ရောင် ဦးထုပ်အဝိုင်းကိုဆောင်းထားသော အဖိုးကြီး တစ်ဦး လေထဲပေါ်လာခဲ့သည်။
ဤသည်မှာ အပ်ချုပ်သမားဖြစ်ပြီး လေဟာနယ်ထဲ လျှောက်လှမ်းလျက် နောက်၌ လူလေးယောက်လိုက်ပါလာ၏။
အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူတို့အားလုံး၌ ထူးဆန်းသောကပ်ဘေး အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ နတ်အရိပ် လေးပါးဖြစ်ချေ၏။
ချင်းတျန်မှ မျက်နှာချက်ချင်း ပြောင်းလဲသွားသည်။ ရန်သူသည် အမှန်ပင် မြန်လွန်းချေပြီ။
***
အခန်း ၁၀၆၀ -
ကောင်းကင်ဘုံက ငါ့ကိုပစ်မထားဘူး။
“ ကိုယ်ပွားပဲလား။ ”
စုရီက အပ်ချုပ်သမားကို တစ်ချက် ကြည့်လိုက်သည်။ အပ်ချုပ်သမားက ပြုံးလျက် ခေါင်းခါတော့၏။
“ ဒီတစ်ခါတော့ မတူဘူး။ ”
“ ဟုတ်လား ... ။ ”
“ အင်း ... မင်းသိတဲ့အတိုင်း ငါက နတ်ဆိုးခေတ်ကနေလာတာ အချိန်မြစ်ကြီးကို ဖြတ်ပြီး ကိုယ်ပွားတစ်ခုပဲ ငါပို့နိုင်ခဲ့တယ် ...
... ဆိုလိုတာက မင်းနဲ့ငါ ပထမဆုံးအကြိမ်ဆုံတွေ့ချိန်မှစပြီး ယနေ့အထိ မင်း အနိုင်ယူခဲ့တာတွေက ငါ့ရဲ့ ကိုယ်ပွားတွေချည်းပဲ။ ”
“ ဒါဆို မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်က နတ်ဆိုးခေတ်မှာပေါ့။ ”
အပ်ချုပ်သမားက ခေါင်းညိတ်သည်။
“ မှန်တယ်။ ”
သူတို့ စကားပြောနေစဉ်မှာပင် အပ်ချုပ်သမားအိုကြီးနှင့် နတ်အရိပ်လေးပါးမှာ ပေတစ်ရာအကွာသို့ ရောက်ရှိလာ၏။
အပ်ချုပ်သမားက စုရီကို အထက်အောက်စစ်ဆေးကြည့်ကာ၊
“ ဒီတစ်ခါ မင်းငါ့ကိုသတ်နိုင်ခဲ့ရင်တော့ ... မင်းကိုလက်စားချေဖို့ ... ဒိုမိန်းတိုက်ပွဲကွင်းကြီး ပွင့်တဲ့အချိန်ကိုပဲစောင့်ရတော့မယ်။ ”
“ ဟမ့် ... ဒိုမိန်းတိုက်ပွဲကွင်းပွင့်ရင် မင်းဒီခေတ်ကို ဆင်းလာလို့ရတာလား။”
စုရီမှ အံ့အားသင့်သွား၏။ အပ်ချုပ်သမားအိုကြီးက ပြုံးလျက်ပြန်ကြည့် လိုက်ကာ၊
“ မင်း အဲ့ဒီအချိန်အထိ အသက်ရှင်နိုင်ရင် ဒါကိုသိခွင့်ရမှာပါ။ ”
-ဟု ပြန်ဖြေသည်။
“ ဒါဆို မင်းဘာလို့ မလှုပ်ရှားသေးတာလဲ။ ”
စုရီမှ လှောင်ပြုံးဖြင့် မေးသည်။ သူသည် ဒဏ်ရာအပြင်းအထန်ရနေသော်လည်း အလွန် တည်ငြိမ်နေ၏။ ဤသည်မှာ အပ်ချုပ်သမားကို မျက်မှောင်ကြုတ်သွားစေသည်။
“ ဘာတွေအလျင်လိုနေတာလဲ မင်းနဲ့ငါ တိုက်ခိုက်လာတာ နှစ်ပေါင်းများစွာရှိနေပြီ ဒီနေ့ အနိုင်အရှုံး တကယ်ပေါ်ရမှာပါ။ ”
“ ဟားဟားဟား ... အချိန်ဆွဲပြီး ငါ့ရဲ့ အခြေအနေကို သေချာအောင်ထပ်စုံစမ်းချင် နေတာလား။ ”
“ ဟုတ်တယ်။ ”
စုရီမှ ဝိုင်ကိုမော့သောက်လျက် ပြန်မေးသည်။ အပ်ချုပ်သမားက ပွင့်လင်းစွာ ခေါင်းညိတ်ဝန်ခံ၏။ ထို့နောက် သက်ပြင်းချကာ၊
“ အရင်ကတော့ မင်းကိုသတ်ချင်တဲ့ ဆန္ဒပဲရှိခဲ့တာ ဒါပေမဲ့အကြိမ်ကြိမ်ရှုံးနိမ့်လာတဲ့ အခါမှာတော့ နာကျည်းမှုတွေနဲ့ မုန်းတီးမှုတွေ စုပုံလာခဲ့တယ် ...
... မင်းကိုမုန်းလေလေ ... မင်းကို လေးစားမိလေပဲ ... လေးစားမိလေလေ ပိုပိုပြီး သတ်ချင်တဲ့ဆန္ဒက များလာခဲ့လေလေပဲ ... ဒီခံစားချက်ကို မင်း နားလည်လား။ ”
စုရီက ခဏမျှစဉ်းစားပြီးပြန်ဖြေ၏။
“ ငါ နားမလည်နိုင်ဘူး ... မင်းပြောသလို ငါတို့တွေနှစ်ပေါင်းများစွာ တိုက်ခိုက်ကြပေမယ့် ငါတစ်ခါမှမရှုံးဖူးဘူး ဒါကြောင့် ဒီနာကျည်းမှုကို ဘယ်လိုလုပ် ငါနားလည်မှာလဲ။ ”
အပ်ချုပ်သမားတစ်ယောက် မျက်နှာဖြူဖျော့သွား၏။ နှလုံးသားကိုထိုးရန် ဓားတစ်လက်ကိုယ်တိုင် ကမ်းပေးလိုက် သကဲ့သို့ ခံစားလိုက်ရချေပြီ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အပ်ချုပ်သမားက၊
“ မှန်ပါတယ် ... ရှုံးနိမ့်မှုရဲ့ အရသာကို ငါ တစ်ယောက်တည်းပဲ ခံစားဖူးတာပါ ဒါပေမဲ့ ... ဒီတစ်ခါတော့ မင်းအလှည့်ပဲ။ ”
“ အခု ... မင်းက ဒီခေတ်ကိုရောက်လာတဲ့ မင်းရဲ့နောက်ဆုံးကိုယ်ပွားလား။ ”
စုရီက အပ်ချုပ်သမားထံ စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။ အပ်ချုပ်သမားမှ ရှုပ်ထွေးသော အမူအရာဖြင့်၊
“ တကယ်ဆိုရင် ငါလည်း ဆက်ပြီး ပုန်းနေချင်ပါသေးတယ် ဒါပေမဲ့ အချိန်က ငါ့ကို မစောင့်တော့ဘူး။ ”
-ဟု ပြန်ဖြေလာသည်။
“ မင်းဘာကို ဆိုလိုတာလဲ။ ”
စုရီမှ နားမလည်ဖြစ်သွား၏။ အပ်ချုပ်သမားက သူ့ထံ ပြန်စိုက်ကြည့်ကာ၊
“ မင်းက တုံ့ယွီအဆင့်မှာပဲ ရှိသေးတာတောင် တိမ်ပေါ်ပျံသန်းခြင်းအဆင့် သေလွန်ဝိညာဉ်တွေကို သတ်နိုင်နေပြီ မင်းသာ နတ်ဝိညာဉ်အဆင့် ရောက်လာရင် ငါ့မှာမင်းကို သတ်ဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး ...
... ပြီးတော့ ငါက ကိုယ်ပွားတစ်ခုမို့ ငါ့ရဲ့လမ်းက တိမ်ပေါ်ပျံသန်းခြင်းအဆင့်မှာပဲ အဆုံးသတ်သွားပြီ အစစ်အမှန်ခန္ဓာကိုယ်ရဲ့ ပေါင်းစပ်မှုမပါရင် ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူး။ ”
သို့မှသာ စုရီမှ နားလည်သွားသည်။ ဆိုလိုသည်မှာ သူ့ခွန်အားပေါ် တစ်ဖက်လူသည် လိုက်မမီတော့ခြင်းဖြစ်၏။
“ ဒါကြောင့်လည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကမ္ဘာကြီးပြောင်းလဲနိုင်မယ့် အရိပ်အယောင်တွေ မြင်ကတည်းက ငါ အစွမ်းကုန် ကြိုးစားပြီး ...
... နတ်အရိပ်တွေကို ချုပ်လုပ်ခဲ့တာ ... တစ်နေ့မှာ မင်းသာ ကောင်းကင်ဘုံနယ်ပယ်ကို ခြေချနိုင်ရင် ငါ့မှာအခွင့်အရေး မရှိတော့ဘူး ...
... ဒါပေမဲ့ ... အဲဒီနတ်အရိပ်တွေဟာ နယ်ပယ်ဘုရင်တစ်ပါးကိုတောင် မနိုင်ဘူးလို့ ငါ တကယ်မထင်ထားခဲ့ဘူး။ ”
အပ်ချုပ်သမားက သက်ပြင်းချလိုက်၏။ ထိုသက်ပြင်းထဲတွင် မကျေနပ်မှု၊ အားကိုးရာမဲ့မှု စိတ်ပျက်မှုများ ပါဝင်နေသည်။
“ ဟမ့် ... မင်းမှာ ဒီလိုနတ်အရိပ်တွေ ရှိနေရက်နဲ့ ... ငါ အစောပိုင်းကျင့်ကြံမှုအားနည်း နေတုန်းက ဘာလို့ မသုံးခဲ့တာလဲ။ ”
ထိုမေးခွန်းကြောင့် အပ်ချုပ်သမား၏ မျက်နှာမှာ တွန့်လိမ်သွားကာ၊
“ ဟမ့် ... မင်းဟာသတွေပြောနေတာလား။ ”
-ဟု ဒေါသတကြီးမေးမြန်းလိုက်၏။ စုရီမှ စဉ်းစားလိုက်ပြီးနောက်၊
“ ငါသိပြီ ... သူတို့လည်း သေလွန်ဝိညာဉ်တွေလိုပဲ ဒီခေတ်စည်းမျဉ်းတွေ ကန့်သတ်မှုကိုခံထားရတယ်။ ”
-ဟု ခေါင်းညိတ်လိုက်တော့သည်။ ထိုအမူအရာကပင် အပ်ချုပ်သမားကို ဒေါသများ ပြင်းထန်လာစေသည်။
ဤနတ်အရိပ်များသည် သူ၏ အကောင်းဆုံးသောလက်နက်များ ဖြစ်ချေ၏။ လောကစည်းမျဉ်းကြောင့် ပြင်ပသို့ ထုတ်ယူ နိုင်ခြင်း မရှိသည်မှာ နှမျောစရာပေပင်။
ယခုမူ စုရီခွန်အားသည် ကြောက်စရာကောင်းလောက်အောင် မြင့်တက် လာနေပြီဖြစ်၏။
“ ဒါကို ကံကြမ္မာလို့ ခေါ်တယ် ... ကောင်းကင်ဘုံက ငါ့ကိုပစ်မထားဘူး ဟား ဟား ဟား ... အဟွတ် အဟွတ် ... ။”
စုရီက ခေါင်းမော့ကာ ရယ်မောလိုက်၏။ သို့သော် ရယ်လျှက်နှင့် အပြင်းအထန်ချောင်းဆိုး လာပြီး ပါးစပ်မှ သွေးများ ထွက်ကျလာကာ မျက်နှာမှာ ဖြူလျော်သွားတော့သည်။
“ ဆရာ ... ။ ”
ချင်းတျန်မှ ရင်ထဲထိတ်ခနဲ ဖြစ်သွား၏။ အပ်ချုပ်သမားက ထိုမြင်ကွင်းကိုမြင်သောအခါ ဝမ်းသာသွားသည်။
“ ဟမ့် ဘာလို့ရပ်လိုက်တာလဲ ... ဆက်ပြီးရယ်လေ၊ မင်းရယ်ရင်းနဲ့ သေသွားရင် ငါ ကိုယ်တိုင်သတ်စရာ မလိုတော့ဘူး ...
... နောက်ဆို တစ်ကမ္ဘာလုံးက သိသွားလိမ့်မယ် လောကသခင်ကွမ်ကျူးက အရယ်လွန်ပြီး သေသွားတယ်ဆိုတာ ဒါက သမိုင်းတွင်မဲ့ သေခြင်းမျိုးပဲ ...
... အိုး ဟုတ်သားပဲ ... မင်းအတွက် ခေါင်းတလားနဲ့ဂူဗိမာန်ကို ငါ ပြင်ဆင်ထားတယ် မင်းသေသွားရင် သေဆုံးရတဲ့ အကြောင်းရင်းကို ကြေညာပေးမယ် ... မင်းရဲ့ဇာတိမြေပေါ်မှာ ဂူဗိမာန်ဆောက်ထားပေးမယ်။ ”
အပ်ချုပ်သမား၏ စကားများမှာ လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။ စုရီက မျက်ခုံးပင့်လျက် အရက်အိုးကိုသိမ်းကာ၊
“ မင်းမှာ ဒီလိုသားလိမ္မာတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုးရှိနေတာ တကယ်ချီးကျူးစရာပါပဲ ဒါပေမဲ့ မင်းလိုသားမျိုးကိုတော့ ငါလုံးဝ အသိအမှတ် မပြုနိုင်ဘူး။ ”
-ဟု ပြောကြားလိုက်၏။
အပ်ချုပ်သမား၏ မျက်နှာမှာ တောင့်တင်းသွားပြီး နားထင်မှသွေးကြောများ ဖောင်းထလာခဲ့သည်။
“ ချွင် ... ။ ”
စုရီမှ ရုတ်ချည်းပင် ဓားဖြင့် ခုတ်ပိုင်းချလိုက်တော့သည်။ အပ်ချုပ်သမားက မျက်ဝန်းများမှေးစင်းလျက်၊
“ နောက်ဆုံးတော့ မင်းတောင့်မခံနိုင်တော့ဘူး မဟုတ်လား။ ”
-ဟု မှတ်ချက်ပေးကာ သတ်ဖြတ်ဖြင်း ရောင်ဝါများပေါက်ကြားလျက် မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွား၏။
“ ဝှစ် ... ။ ”
တစ်ဆက်တည်းမှာပင် နတ်အရိပ်လေးပါးသည်လည်း ရှေ့လှမ်းတက်ပြီး စုရီထံပြေးဝင်လိုက်ကြလေသည်။
“ ဝုန်း ... ။ ”
ပျက်စီးနေသော နယ်မြေထက်တွင် တိုက်ပွဲကြီး ပြင်းထန်စွာ ဖြစ်ပွားနေသည်။ စုရီ၏ ဓားချက်ကို ဝတ်စုံနီနှင့် ဆံပင်ဖြူဖြူ အမျိုးသား တစ်ဦးမှ တားဆီးခဲ့၏။
တစ်ချိန်တည်းမှာပင် အခြားသော နတ်အရိပ်သုံးပါးသည်လည်း အရပ်မျက်နှာ အသီးသီးမှ ဝိုင်းအုံတိုက်ခိုက်လာကြ၏။
သူတို့တစ်ဦးချင်းစီသည် တိမ်ပေါ်ပျံသန်းခြင်းအဆင့် သေလွန်ဝိညာဉ်များ ထက်ပင် သာလွန်ချေ၏။ ဤသို့လေးယောက် ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် စုရီ၏ တိုက်စစ်အဟုန်မှာ ပျက်ပြယ်သွားချေပြီ။
ပတ်ဝန်းကျင် တစ်ခုလုံး ပျက်စီးယိုယွင်းကုန်ကာ မြေပြင်တလျှောက် အက်ကွဲကြောင်းများပေါ်လာနေ၏။
သာမန်အချိန်တွင် စုရီသည် ဤရုပ်သေးများကို ကြောက်ရွံ့နေစရာ မလိုချေ။ သို့သော် ယခုသူသည် ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး ကျင့်ကြံမှု ကုန်ဆုံးနေပြီဖြစ်၏။
ယင်းကို အသိဆုံးဖြစ်သော ချင်းတျန်သည် မျက်နှာဖြူလျော်လျက် စိုးရိမ်တကြီး ကြည့်နေမိ ချေသည်။
အဝေးတစ်နေရာမှ အပ်ချုပ်သမား သည်လည်း တည်ငြိမ်စွာဖြင့် တိုက်ပွဲအပေါ် စောင့်ကြည့်နေ၏။
သူသည် ဤလူငယ်ကို မည်သည့်အချိန်မျှ အထင်မသေးချေ။ ထို့ကြောင့် ကိုယ်တိုင်တိုက်ပွဲ မဝင်သေးဘဲ ထပ်မံစောင့်ကြည့်ရန် ဆုံးဖြတ်ထားလေသည်။
“ ကလန် ... ။ ”
“ ဝုန်း ... ။ ”
တိုက်ပွဲသည် အလွန်ပင် ပြင်းထန်ပြီး အခြေအနေဆိုးရွားနေသောစုရီမှာ အကြိမ်ကြိမ် ပြန်လည်ချေဖျက်နေနိုင်ခဲ့၏။
“ သေချာပေါက် ... ဒီလူမှ တစ်ခုခု ဖုံးကွယ်ထားတာ ရှိနေသေးတယ်။ ”
အပ်ချုပ်သမားက ညည်းတွားလိုက်၏။ နတ်အရိပ်လေးပါး ပူးပေါင်းတိုက်ခိုက်မှုအပေါ် တိမ်ပေါ်ပျံသန်းခြင်းအဆင့် သေလွန်ဝိညာဉ် များသည်ပင် တောင့်ခံနိုင်မည် မဟုတ်ချေ။
“ မင်း သေခါနီးမှာတောင် ... ငါ့ကို ဆွဲခေါ်သွားချင်နေတာလား စိတ်မကောင်းဘူး ငါမင်းကို ဒီလိုအခွင့်အရေးမျိုး မပေးနိုင်ဘူး။ ”
အချိန်များအနည်းငယ် ကုန်လွန်သွား ပြီးနောက် စုရီသည် ရုတ်တရက် အရှိန်မြှင့်ကာ ဝတ်ရုံနီနှင့် ဆံပင်ဖြူအမျိုးသားအပေါ် ဓားဖြင့်ခုတ်ချလိုက်၏။
“ သေလိုက်တော့ ... ။ ”
“ ဝုန်း ... ။ ”
အမျိုးသားခမျာ လှံရှည်ကျိုးကျသွားပြီး ဓားချက်ထိမှန်သွားချေပြီ။ ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်း ဖြစ်သွားတော့၏။ ဤပြင်းထန်သော တိုက်ခိုက်မှုသည် အပ်ချုပ်သမားအတွက်ပင် မျက်လုံးပြူးလာစေသည်။
သို့သော် သူ့သံသယများကို ငြိမ်းအေးသွားစေသည်မှာ စုရီတစ်ယောက် အခြားသော နတ်အရိပ်သုံးပါးလက်ချက်ဖြင့် ဒဏ်ရာရရှိသွားခြင်းပေပင်။
အရိုးများ ကျိုးပဲ့လျက် ပေတစ်ရာခန့်ပင် လွင့်ထွက်သွားချေပြီ။ ဟန်ချက်မထိန်းနိုင်မီတွင် နတ်အရိပ်သုံးပါးက စုရီအနားရောက်သွားကာ ထပ်မံတိုက်ခိုက်လိုက်တော့၏။
“ သေလိုက်စမ်း ... ။ ”
***