← Chapters

အခန်း (၁၀၆၅-၁၀၆၆)

Vol. 89 Ch. 1065-1066

အခန်း (၁၀၆၅-၁၀၆၆)

Vol. 89 Ch. 1065-1066

အခန်း ၁၀၆၅ -

အမုန်းတရားများ ... ။

ကျွန်းကြီးပတ်လည်တွင် ကာကွယ်ရေး အစီရင်(၃၆)လွှာရှိနေပြီး နယ်ပယ်ဘုရင်များကို ကောင်းစွာသတ်ဖြတ်နိုင်သည်။

“ အစီရင်အသက်ဝင် ... ။ ”

ထို့ကြောင့် ‌ရွှေရောင်ဝတ်လူငယ်မှ အော်ဟစ်ကာ အစီရင်ကို ချက်ချင်းအသက်သွင်း လိုက်တော့သည်။ စုရီတစ်ယောက် အနားသို့ တိုးကပ်လိုက်သည်နှင့် အဖျက်စွမ်းအားများမှာ လှိုင်းကဲ့သို့ ရိုက်ခတ်လာ၏။

သို့သော် စုရီသည် ထိုလှိုင်းများကို လုံးဝလျစ်လျူရှုလျက်ဖြင့် ရှေ့သို့လှမ်းတက် လိုက်သည်။

“ ဘန်း ... ဘန်း ... ။ ”

သူ့ခန္ဓာကိုယ်မှ စွမ်းအားတစ်ခု ထွက်ပေါ်လာကာ မြေကမ္ဘာတုန်ဟည်းစေသည့် ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာစေ၏။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

အစီရင်ပထမအလွှာမှာ ချက်ချင်း ကျိုးပဲ့သွားတော့သည်။ ရွှေရောင်ဝတ်လုံနှင့် အစောင့်လူငယ်ခမျာ ထိတ်လန့်သွား၏။

နယ်ပယ်ဘုရင်တစ်ပါးသည် ကြယ်တစ်ထောင်ကာကွယ်ရေး အစီရင်ကြီးကို ရောင်ဝါဖြင့် ချိုးဖြတ်သွားချေပြီ။

“ ဟမ့် ... ငါတို့ဝမ်မျိုးနွယ်ကို ကျူးကျော်လာရအောင် ဘယ်လောက် သတ္တိရှိလဲ။ ”

ထိုသို့ ဆူညံလွန်းသော ဖြစ်စဉ်ကြောင့် အခြားအစောင့်များနှင့် အကြီးအကဲများသည် သတိထားမိကုန်ကာ အေးစက်စက်အသံကြီး ပဲ့တင်ထပ်လာတော့၏။

“ ဝှစ် ... ဝှစ် ... ။ ”

များမကြာခင် ခရမ်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ်အမျိုးမှ ဦးဆောင်သော လူအုပ်ကြီး ထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်ပေါ်ဟုန်ပင်ဖြစ်၏။ သူ့နောက်၌ အကြီးအကဲ (၂၀)ကျော်နှင့် နောက်လိုက်များစွာ လိုက်ပါလာသည်။

သူတို့အားလုံးသည် ဒေါသများ ထွက်နေကြသော်လည်း စုရီကိုမြင်သောအခါ မျက်လုံးပြူးလျက် ချက်ချင်းတိတ်ကျသွား၏။

“ မိသားစုခေါင်းဆောင် ... အဲဒီလူက ငါတို့မျိုးနွယ်ကို ကျူးကျော်တာပါ။ ”

တစ်ဖက်တွင် ရွှေရောင်ဝတ်ရုံနှင့် အစောင့်လူငယ်သည် ဝမ်ပေါ်ဟုန်ကိုမြင်သဖြင့် ဝမ်းသားအားရ အော်ဟစ်အကူအညီတောင်းရန် ပြင်လိုက်လေသည်။

“ ဖြန်း ... ။ ”

သို့သော် ဝမ်ပေါ်ဟုန်က သူ့ကို ပါးရိုက်ချလိုက်ကာ လွှင့်ထုတ်ပစ်လိုက်တော့၏။ တစ်ဆက်တည်းမှာပင် ဒေါသတကြီးဖြင့်၊

“ မျက်စိမရှိတဲ့လူမိုက် ... နန်းတော်သခင် ကွမ်ကျူးကိုတောင် မင်းမမှတ်မိဘူးလား ... မင်း တကယ်သေသင့်တယ်။ ”

-ဟု အပြစ်တင်လိုက်၏။ ထို့နောက် ဝမ်ပေါ်ဟုန်သည် အသက်ကိုပြင်းပြင်းရှူကာ ပြုံးလျက် စုရီကိုဂါရဝပြုလိုက်လေသည်။

“ နန်းတော်သခင်ကွမ်ကျူး ... မင်းရောက်လာတာကို မကြိုဆိုမိတဲ့အတွက် ငါ့ကိုခွင့်လွှတ်ပေးပါ။ ”

လော့ဝူတောင် တိုက်ပွဲသတင်းကို သူကြားသိထားပြီးဖြစ်၏။ ထို့ကြောင့် စုရီရှေ့၌ မာန်မာနထောင်လွှားဝံခြင်းမရှိချေ။ စုရီက ဝမ်ပေါ်ဟုန်ထံကြည့်ကာ၊

“ ငါလိုရင်းပဲပြောမယ် ... ဒီနေ့လာတာ ကျန်းမျိုးနွယ်စုအတွက် လက်စားချေဖို့ပဲ မင်းမှာ ပြောစရာရှိလား။ ”

-ဟု ပြောကြားလိုက်၏။ ထိုစကားကြောင့် ဝမ်ပေါ်ဟုန်တို့အဖွဲ့မှာ မျက်နှာပျက်ယွင်းသွား တော့သည်။

“ နန်းတော်သခင် ... မင်းတစ်ခုခု မှားနေပြီထင်တယ် ကျန်းမျိုးနွယ်ပျက်စီးတာနဲ့ ငါ့ဝမ်မျိုးနွယ် ဘာမှမဆိုင်ပါဘူး။ ”

ဝမ်ပေါ်ဟုန်မှ ငြင်းဆန်လိုက်သည်။

“ ငါ ... မနေ့ကတင် အပ်ချုပ်သမားကိုသတ်လိုက်တယ် မင်းတကယ် ဝန်မခံဘူးလား။ ”

“ ဟမ့် ... အပ်ချုပ်သမား သေပြီလား။ ”

ဝမ်ပေါ်ဟုန်မှ မျက်ခုံးပင့်ကာ ခြေတစ်လှမ်းဆုတ်လိုက်သည်။ အခြားသော ဝမ်မျိုးနွယ်စုဝင် အကြီးအကဲများသည်လည်း ထိတ်လန့်တုန်လှုပ်ကုန်၏။

စုရီမှ ချင်းတန်ကို ညွှန်ပြကာ၊

“ သူက ငါ့တပည့်ပဲ နာမည်က ကျန်းချင်းတျန်။ ”

-ဟု မိတ်ဆက်ပေးလိုက်သည်။

“ နန်းတော်သခင် ... အပ်ချုပ်သမားက မင်းကိုလှည့်စားလိုက်တာပဲ ကောင်းကင်ဘုံဆီ တိုင်တည်ပြီး ငါတို့ကျိန်ဆိုရဲပါတယ် ဒီကိစ္စမှာ ငါရဲ့ဝမ်မျိုးရိုးနဲ့ မသက်ဆိုင်ပါဘူး။ ”

အကြီးအကဲများအတွင်းမှ အဖိုးအိုတစ်ယောက်က ငြင်းဆန်လာ၏။ စုရီက ထိုသူထံ လှည့်ကြည့်ကာ၊

“ ကောင်းကင်ဘုံကို ကျိန်ဆိုနေစရာမလိုပါဘူး ... မင်း ဒီကိုလာခဲ့ပါ ငါမင်းရဲ့ ဝိညာဉ်ကိုရှာကြည့်ပေးမယ်။ ”

-ဟု ပြောကြားလိုက်သည်။ အဘိုးအိုခမျာ မျက်နှာပျက်ယွင်းသွားပြီး၊

“ နန်းတော်သခင် ... ဒါ နောက်ပြောင်စရာမဟုတ်ဘူး။ ”

-ဟု တုန့်ပြန်၏။

“ ဝှစ် ... ။ ”

စုရီက စကားမဆိုတော့ဘဲ လက်ဆန့်ပြီး ထိုအဘိုးအိုကို ကြက်ကလေးတစ်ကောင်ကဲ့သို့ ဆွဲခေါ်လိုက်လေသည်။

“ နန်းတော်သခင် ... မင်း ငါတို့ဝမ်မျိုးနွယ်စုကို စစ်ကြေညာတာလား။ ”

ထိုမြင်ကွင်းကြောင့် ဝမ်ပေါ်ဟုန်က ဒေါသတကြီး အော်ဟစ်လိုက်၏။ သို့တိုင် စုရီမှ လုံးဝဂရုမစိုက်ဘဲ၊

“ ဒါက ဝိညာဉ်ရှာတာပဲ ... ငါမှားရင် မင်းတို့လျော်ကြေးပေးမယ် ငါမှန်ရင်တော့ ဒီနေ့ ဝမ်မျိုးနွယ်စုဟာ ကြယ်လွင်ပြင်ကြီးကနေ လုံးဝ ပျောက်ကွယ်သွားရလိမ့်မယ်။ ”

“ အစီရင်ကို ဖွင့်။ ”

သို့သော် ဝမ်ပေါ်ဟုန်မှ စုရီကို မစောင့်တော့ဘဲ အေးစက်စွာအမိန့်ပေးလိုက်၏။ ဝမ်ရှင်းကျွန်းပတ်ပတ်လည်တွင် နတ်ဘုရား အလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။

“ ဝမ် ... ။ ”

ကောင်းကင်နှင့် မြေကြီးတုန်ခါလျက် နတ်ဝိညာဉ်အဆင့်အစီရင် အသက်ဝင်လာ၏။ အဖျက်စွမ်းအားသည် ငရဲဓားကြီးအလား ဖွဲ့စည်းလျက် စုရီထံပြေးဝင်သွား၏။

“ သတ် ... ။”

စုရီကမူ လှောင်ပြုံးပြုံးကာ အဘိုးအို၏ ခန္ဓာကိုယ်ကိုရိုက်ခွဲပြီး ဝိညာဉ်ကိုဆွဲထုတ်လိုက် လေသည်။ တစ်ဆက်တည်းမှာပင် အစီရင်ထံမှ ငရဲဓားသည်လည်း စုရီနှင့် ပေတစ်ရာအကွာသို့ ရောက်ရှိလာ၏။

ဦးစွာ အဖျက်စွမ်းအားလှိုင်းတစ်ခုသည် စုရီထံသို့ပြေးဝင်လာသည်။ စုရီက အဘိုးအို၏ ဝိညာဉ်ကိုရှာဖွေခြင်းမပြုတော့ဘဲ လက်ဖြင့် ခြေမွှပစ်လိုက်၏။

အဖြေသည် ရှင်းနေချေပြီ။ ဝိညာဉ်ရှာဖွေနေစရာပင် မလိုချေ။ ထို့နောက် လည်ပြန်လှည့်ကြည့်ကာ လက်ကိုဝေ့ယမ်း လိုက်တော့၏။

“ ရွှပ် ... ။ ”

ပေတစ်သောင်းရှည်သော ဓားချီတစ်စင်း ပြေးထွက်သွား၏။ လေထုအလယ် ကြီးစွာသော ဓားနှစ်လက်တိုက်မိသွားသည်။

“ ဝုန်း ... ။ ”

“ မကောင်းတော့ဘူး။ ”

ငရဲဘုံကိုးပါးဓားရောင်ဝါသည် ငရဲဓားပုံရိပ်ကြီးကို စက္ကူတစ်စကဲ့သို့စုတ်ပြဲကာ တဟုန်ထိုး ဆက်လက်တိုးဝင်လာလေသည်။

“ မြန်မြန် ဝင်္ကပါကို အဆင့်မြင့်တင်လိုက်။ ”

ဝမ်ပေါ်ဟုန်က အမိန့်ပေးလိုက်၏။ သို့သော်အနည်းငယ် နော်ကကျနေသေးသည်။ ဝင်္ကပါကြီးအသက်မဝင်ခင်မှာပင် ဓားချက်မှာ ကျဆင်းလာပြီဖြစ်သည်။

“ ဘန်း ... ။ ”

ဝမ်ရှင်းကျွန်းကြီးတစ်ခုလုံး ပြင်းစွာ တုန်ခါလျက် ကောင်းကင်မှ ပြုတ်ကျလုနီးပါး တုန်ဟည်းသွားလေသည်။

တစ်ဖက်တွင် ဝမ်ပေါ်ဟုန်အပါအဝင် ဝမ်မိသားစုဝင် အကြီးအကဲများအားလုံးသည် သက်ရောက်မှုလှိုင်းကြောင့် လွင့်စင်ကုန်၏။

“ ပြင်ဆင်ရေးဝင်္ကပါကို အသက်သွင်း။ ”

ဝမ်ပေါ်ဟုန်ခမျာ နာကျင်မှုကို ဂရုမစိုက်အားချေ။ အမိန့်များထပ်မံထုတ်ပြန်ပြီး အပျက်အစီးများကို ပြုပြင်ရန် ကြိုးစားလိုက်ရ၏။

“ ခရစ် ... ။ ”

“ ဝမ် ... ။ ”

များမကြာခင် လွင့်မျောနေသော ကုန်းမြေနေရာအနှံ့အပြား၌ ဖြစ်ပေါ်နေသည့် အက်ကွဲရာများသည် စွမ်အားတစ်ခုကြောင့် ပြန်လည်ချိတ်ဆက်နေတော့သည်။

တစ်ဖက်တွင် ဓားတစ်ချက်သည် ဝမ်မိသားစု၏ နတ်ဝိညာဉ်အဆင့်ဝင်္ကပါကို ချေမွှပစ်နိုင်သည့်အပေါ် ကြောက်ရွံ့မှုများ သည်လည်း ဝင်ရောက်လာနေ၏။

“ ဘာတွေဖြစ်နေတာလဲ ... ။ ”

“ ဘယ်သူက ငါတို့ ဝမ်မိသားစုကို တိုက်ဝံ့တာလဲ။ ”

“ ဘယ်သူဖြစ်ဖြစ် သတ်ပစ်။ ”

ဤဖြစ်စဉ်ကြောင့် အခြားသော ဝမ်မိသားစုဝင်များသည် ဒေါသတကြီးဖြင့် အော်ဟစ်ထွက်ပေါ်လာကြသည်။ သို့သော် သူတို့မြင်လိုက်ရသည့် မြင်ကွင်းမှာ အမှန်ပင် မယုံနိုင်စရာကောင်းနေချေပြီ။

“ ဒါ ... ။ ”

တားမြစ်အစီရင်ကြီး ပျက်စီးသွားပြီး ကြယ်တစ်သောင်းကျွန်း တစ်ခုလုံး ပဲ့ကြွေကုန် လေသည်။ မိသားစုခေါင်းဆောင် ဝမ်ပေါ်ဟုန် သည်ပင် တုန်လှုပ်စွာလဲပြိုကျနေ၏။

ဝမ်မိသားစု သမိုင်းတလျှောက် အကြီးမားဆုံးသော အရှက်ရဖွယ်ရှုံးနိမ့်မှု မြင်ကွင်းကြီးပေပင်။

***

အခန်း ၁၀၆၆ –

တောင်ကိုအမှီပြုရင် တောင်ပြိုတတ်တယ်။

ဝမ်ပေါင်ဟုန်အနေဖြင့် သူ့ပြိုင်ဘက် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သိထားပြီးဖြစ်သည်။ ထို့ကြောင့် ထိပ်တိုက် ရင်ဆိုင်ရန် တစ်ခါမျှ မတွေးခဲ့ဖူးချေ။

တိမ်ပေါ်ပျံသန်းခြင်းအစီရင်ကို ထပ်မံ အသက်သွင်းလိုသော်လည်း နောက်ကျသွား၏။ ရက်စက်သောဓားချက်တွင် ကျွန်းကြီးတစ်ခုလုံး ပျက်စီးသွားချေပြီ။

“ နန်းတော်သခင် မင်း ... တကယ်ပဲ အဆုံးထိသွားချင်တာလား။ ”

အနက်ရောင်ဝတ် အကြီးအကဲတစ်ဦးက ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်၏။ စုရီမှ စကားဖြင့် ပြန်မဖြေဘဲ ထိုသူထံဓားအလင်းကို တောက်ထုတ်လိုက်သည်။

“ ရွှပ် ... ။ ”

“ ဘုန်း ... ။ ”

ထိုအကြီးအကဲခမျာ ခုခံရန် အချိန်မရှိလိုက်ဘဲ ခန္ဓာအစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး သွေးမြူအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားတော့သည်။

“ ဆုတ်ခွာကြ ဘိုးဘေးမြေဆီကို အမြန်ဆုတ်ခွာကြ။ ”

ဝမ်ပေါ်ဟုန်က အသံကုန်ဟစ်ကာ အမိန့်ပေးလိုက်သည်။ ဝမ်မိသားစုဝင်များမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ဖရိုဖရဲ ထွက်ပြေး ကြတော့၏။

ဝမ်မိသားစုဟူသည် သွေးလျှပ်စီး မြို့တော်ဂိုဏ်း၏ ကျောထောက်နောက်ခံဖြင့် ယနေ့ခေတ်တွင် မည်သူမျှ ရန်မစဝံ့ချေ။

သို့သော် ယနေ့တွင် လူတစ်ယောက်သည် ဓားတစ်လက်ဖြင့် အစုလိုက်အပြုံလိုက် သွေးလွှမ်းသည့် သတ်ဖြတ်မှုများ ပြုလုပ်လာချေပြီ။

ထိုတိုက်ခိုက်မှုအောက်တွင်မူ သူတို့၏ ခုခံမှုသည် ဖရိုဖရဲဖြစ်နေသောလူအုပ်စုကြီးပမာ သနားစရာကောင်းနေ၏။

“ ဟမ့် ... မကောင်းတော့ဘူး။ ”

ဓားအလင်းတန်းတစ်ခု ကောင်းကင်ပေါ် ပျံတက်သွားပြီး ဓားမိုးရေအဖြစ်ပြောင်းလဲကာ ထွက်ပြေးနေသူများထံ တိုးဝင်သွား၏။

စုရီသည် အချိန်ဖြုန်းရန် ဆန္ဒမရှိချေ။ နောက်ထပ် ကျန့်နှင့် ရှမိသားစုများထံသို့ပါ ခရီး ဆက်ရပေဦးမည်။

“ ဝုန်း .... ။ ”

ကောင်းကင်ကြီးတစ်ခုလုံး တုန်ခါလျက် ဝမ်မိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်တော့သည်။ သူတို့၏သွေးများမှာ ကောင်းကင်ကိုပင် စွန်းထင်းကုန်၏။

စူးစူးဝါးဝါး အော်ဟစ်သံများ၊ ကျိန်ဆဲသံများနှင့် ငိုယိုသံများသည်ကမ္ဘာကြီးကို ငရဲခန်းအလား ထင်မှတ်ရစေ၏။

စုရီသည် လက်တွန့်မနေခဲ့ချေ။ သူသည် အကြောင်းမဲ့ သတ်ဖြတ်သူမဟုတ်သော်လည်း ကလဲ့စားချေသည့်အခါတွင်မူ ရက်စက်ကာ ပြတ်သားချေပြီ။

ကျန်းမိသားစုတစ်ခုလုံး အသတ်ခံခဲ့ရသည်ကို မမေ့သင့်ချေ။ ချင်းတျန်၏ နာကျည်းမှုသည် တချိန်တွင် နတ်ဆိုး ဖြစ်လာနိုင်သည်။

ထို့ကြောင့် သွေးကို သွေးဖြင့်ပင် ပေးဆပ်စေကာ တပည့်မကိုကူညီရပေမည်။ ထိုစဉ် အဝေးဆီမှ ရောင်ဝါတစ်ခုထိုးတက် လာခဲ့သည်။

“ ရပ်လိုက်စမ်း ... ။ ”

ဤသည်မှာ ဝမ်မိသားစု၏ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ(၈)ဦးဖြစ်သည်။ သို့သော် သူတို့သည် စုယီကို မြင်သည်နှင့် မျက်နှာပျက်သွားကြ၏။

စုရီမှ ခံစားချက်ကင်းမဲ့သော မျက်ဝန်းများဖြင့် လှမ်းကြည့်ကာ စကားပင် ပြောမနေတော့ဘဲ လက်ချောင်းကိုဓားကဲ့သို့ အသုံးပြုကာ ခုတ်သတ်ပစ်လိုက်သည်။

နတ်ဝိညာဉ်အဆင့် ထိုအဖိုးကြီးခမျာ ကြက်တစ်ကောင်ကဲ့သို့ ထိုးဓားချက်အောက်၌ ပေါက်ကွဲသေဆုံးကုန်သည်။ ဤသွေးစွန်းသော မြင်ကွင်းကြောင့် ကျန်ရှိသောပုဂ္ဂိုလ်ကြီးများမှာ ထိတ်လန့်တုန်လှုပ်သွား၏။

“ နန်းတော်သခင် ... မင်း။ ”

“ ပြေး ... ပြေးကြ။ ”

ဒေါသတကြီး အော်ဟစ်သံများနှင့် ကျိန်ဆဲသံများမှာ ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်နေသော်လည်း စုယီကမူ အစမှအဆုံး ဂရုမစိုက်ခဲ့ချေ။

သူသည် ချင်းတျန်ကိုခေါ်ဆောင်ကာ လေထုအလယ်လျှောက်လှမ်းလျက် ဝမ်မိသားစု တိုင်းကို သတ်ပြနေခဲ့သည်။

နေရာတိုင်းတွင် ဓားစွမ်းအင်များသည် ရေတံခွန်ကဲ့သို့စီးဆင်းနေပြီး နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည်ပင် ချွင်းချက်မရှိ အသတ်ခံနေရသည်။

နောက်ပါးမှ လိုက်ပါလာသော ချင်းတျန်သည်ပင် ရင်ထဲ၌ခံစားချက်များစွာဖြင့် လှိုင်းထလာနေသည်။ သူမ၏ မိသားစုတစ်ခုလုံး ချေမှုန်းခံရစဉ်က သူမ အသက်(၃)နှစ်အရွယ် ဖြစ်ချေ၏။

ထိုစဉ်က သူမ မြင်တွေ့ခဲ့ရသည့် မီးတောက်များ၊ အပျက်အစီးများနှင့် သွေးများ စသည့်မြင်ကွင်းများသည် ယနေ့တိုင်မေ့မရ သေးချေ။

အမှောင်ထုနှင့် သွေးစွန်းသော မြင်ကွင်းအဖြစ် စိတ်ဝိညာဉ်အတွင်း စွဲထင်နေ တော့သည်။

ယနေ့တွင် ဝမ်မိသားစုဝင်များသည် သွေးအိုင်ထဲလဲကျနေသည်ကို မြင်ရသောအခါ သူမရင်ထဲ၌ ဖော်ပြ၍မရသော ခံစားချက်များ ရောပြွမ်းလာခဲ့သည်။

ဝမ်းသာခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် နှစ်ပေါင်းများစွာ ပိနေခဲ့သော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလုံး ပေါ့ပါးသွားသလိုပေပင်။

“ ဆရာ ... ။ ”

ချင်းတျန်က စုရီကျောပြင်ကို မော့ကြည့်လိုက်သည်။ ရတနာဓားတစ်လက် ကဲ့သို့ ဤလူသည် ကောင်းကင်နှင့်မြေကြီးကို ထောက်မထားချေပြီ။

ကောင်းကင်ပြိုသော်မှ မတုန်လှုပ်သည့် ‌ကျောက်တောင်ကြီးအလားပေပင်။ ထိုနောက်မှ လိုက်ပါရခြင်းသည် လုံခြုံနွေးထွေးစေသည်။

သူမ အသက် (၃) နှစ်အရွယ်က အပျက်အစီးများကြား သွေးအလိမ်းလိမ်းဖြင့် သေလုမျောပါးဖြစ်နေစဉ် သူမကိုပွေ့ချီကာ နှစ်သိမ့်ပေးခဲ့သည်။

ထိုအချိန်မှစကာ ဤလောကတွင် သူမကိုအချစ်ဆုံးနှင့် ဂရုအစိုက်ဆုံးသောလူမှာ ထိုသူသာဖြစ်လာ၏။ ဤဆရာသည် သူမဖခင်နှင့် တူချေပြီ။

တစ်ဖက်တွင် ဝမ်မိသားစုဝင်များသည် ဘိုးဘေးမြေအတွင်းဝင်ရောက် ပုန်းအောင်းပြီး မျှော်လင့်ချက် ကင်းမဲ့နေကြသည်။

“ ဘယ်သူက ဒီမှာလာပြီး ငါ့ဝမ်မိသားစုကို ပြဿနာရှာနေရတာလဲ။ ”

ရုတ်တရက် ခန့်ညားထည်ဝါသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လူအုပ်စုတစ်စု ဘိုးဘေးမြေအတွင်းမှ ပျံတက်လာသည်။

ဦးဆောင်လာသူမှာ ဝတ်စုံနက်နှင့် အဘိုးအိုတစ်ဦးပေပင်။ ဝမ်ပေါ်ဟုန်နှင့်အဖွဲ့မှာ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဝမ်းသာ ရွှင်မြူးကုန်သည်။

“ စီနီယာ ... ငါတို့မိသားစုကို ကယ်တင်ပေးပါဦး။ ”

ဤသည်မှာ သူတို့၏ ဘိုးဘေးမြေတွင် အခြေချကျင့်ကြံနေခဲ့သည့် သွေးလျှပ်စီးမြို့မှ ကျွမ်းကျင်သူအချို့ပေပင်။

“ စိတ်ချနေပါ ... ငါတို့ရှိနေသရွေ့ အဲဒီလူယုတ်မာကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။ ”

ဝတ်စုံနက်နှင့် အဘိုးအိုက ဝမ်ပေါင်ဟုန်ကိုကတိပေးလျက် ဝင်ကြွားစွာဖြင့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို ဖွင့်ချ လိုက်တော့သည်။

“ ငါ ဒီကို ကလဲ့စားချေဖို့လာတာ၊ မင်းတို့မှာ ပြဿနာရှိလား။ ”

စုရီက အေးစက်သော အသွင်ဖြင့် မေးမြန်းလိုက်သည်။ ရုတ်တရက် မာနကြီးသော မေးမြန်းသံကောာင့် ဝတ်စုံနက်နှင့်အဘိုးအိုမှာ ဒေါသတကြီးမော့ကြည့်၏။

သို့သော် စုရီကို မြင်လိုက်ရချိန်တွင် မှင်သက်သွားပြီး ငုံးကလေးပမာ တုန်လှုပ်သွား လေသည်။ မျက်ဝန်းများ၌ ကြောက်ရွံ့မှု အရိပ်အမြွက်များပြည့်နှက်လာကာ၊

“ ဒီဘီလူးက ဘယ်လိုလုပ် ရောက်လာတာလဲ။ ”

-ဟု ညည်းတွားလိုက်သည်။

တစ်ဆက်တည်းမှာပင် နဖူးမှ ချွေးသီးချွေးပေါက်များကျလာပြီး စောစောက ဝင့်ကြွားနေသော ရောင်ဝါသည် ဟုတ်ခနဲ ချုပ်ငြိမ်းပျောက်ကွယ်သွားတော့၏။

“ တာအိုစု ဒီအဖိုးကြီး မျက်စိကန်းလို့ စော်ကားမိပါတယ် ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။ ”

ချက်ချင်းပင် လေထုအလယ် ရိုသေစွာ ဦးညွှတ်လိုက်တော့၏။

“ မင်းတို့ ဝင်ပါချင်လား။ ”

စုရီက မေးသည်။

“ လုံးဝ မဟုတ်ပါဘူး။ ”

အဘိုးအိုက ပြတ်ပြတ်သားသား ပြန်ဖြေတော့၏။ ဝမ်မိသားစုအတွက်နှင့် စုရီ ကဲ့သို့သော ဘီလူးတစ်ကောင်၏ ရန်သူအဖြစ် မရပ်တည်နိုင်ချေ။

“ ဒါဆို ဘေးကိုဖယ်နေပါ။ ”

ဤစကားသည် မောင်းထုတ်ခြင်း ဖြစ်သော်လည်း ထိုသူများမှာ သက်သာရာရဟန် အမြန်ဆုံး ထွက်ခွာကုန်တော့သည်။ ယင်းသည် ဝမ်ပေါင်ဟုန်ကို လုံးဝခွန်အားမဲ့သွားစေ၏။

“ ကံကောင်းနေချိန်မှာ ကောင်းကင်နဲ့ မြေကြီးကကူညီပေးတယ် ... ကံဆိုးချိန်မှာတော့ ကောင်းကင်က ဝမ်မိသားစုကိုပစ်ပယ်တယ်။ ”

အဘိုးအိုတစ်ဦးက ရှိုက်ကြီးတငင် ညည်းတွားလျက် ကောင်းကင်ပေါ်မော့ကြည့် လိုက်တော့သည်။ ယနေ့တွင် သေခြင်းသည် သူတို့အတွက် ရှောင်လွှဲ၍မရနိုင်ချေ။

စုရီက မျက်လုံးများထဲတွင် အထင်အမြင်သေးမှုများ ဖြတ်ပြေးသွားသည်။

“ တောင်ကိုအမှီပြုတတ်ရင် တောင်ပြိုသွားတဲ့အခါ ဒုက္ခရောက်လိမ့်မယ် လူကိုအမှီပြုရင် လူခွာတဲ့အခါ ကူကယ်ရာမဲ့ စေလိမ့်မယ် လောကကြီးမှာ ...

... စစ်မှန်တဲ့စွမ်းအားကို မင်းကိုယ်တိုင် ပိုင်ဆိုင်မှာသာ ကံကြမ္မာကိုဆောင်ကျဉ်းနိုင်မယ် ဒီနေ့တော့ မင်းတို့အပြစ်ကို ခံယူရမယ်။ ”

စကားဆုံးသည်နှင့် စုရီတစ်‌ယောက် သနားညှာတာမှုမရှိဘဲ သေမျိုးနယ်ပယ်ဓားကို ထုတ်ယူကာ ခုတ်ချလိုက်တော့သည်။

ဓားစွမ်းအင်များသည်မှာ တာကျိုးကျလာသည့်အလား ကောင်းကင်မှ ဖွေးခနဲကျဆင်းသွားလေသည်။

ကြယ်တစ်သောင်းကျွန်းကြီးတစ်ခုလုံး ပေါက်ကွဲလျက် ဘိုးဘေးမြေမှာအပိုင်းပိုင်းအစစ ပြောင်းလဲလွင့်စင်သွားတော့သည်။ ယင်းသည် ကြယ်တစ်လုံးပျက်စီးခြင်းနှင့်တူချေ၏။

ဝမ်မိသားစုဝင်များအားလုံးသည် ထိုအဖျက်စွမ်းအင်များကြားတွင် ပျောက်ကွယ် သွားရတော့သည်။

သမိုင်းတစ်လျှောက် အင်အားကြီးမားသော ကာကွယ်သူ ဝမ်မျိုးနွယ်ကြီးသည် ဤနည်းဖြင့် လုံးဝအမြစ်ပြတ်သွားခဲ့ချေပြီ။

“ ကျန့်မိသားစုဆီကို သွားရအောင်။ ”

စုရီက တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ဓားကိုပြန်သိမ်းကာ ချင်းတျန်ခေါ်ဆောင်လျက် ချက်ချင်းထွက်ခွာသွားတော့၏။

“ ဘယ်လိုနေလဲ။ ”

စုရီက ဝိုင်အိုးကိုမော့သောက်လျက် မေးလိုက်သည်။ ချင်းတျန်တစ်ယောက် ခဏမျှ စဉ်းစားပြီးနောက်၊

“ အစကတော့ ... ရင်ထဲမှာရှိတဲ့ ကျောက်တုံးကြီးတစ်တုံး ကြေမွသွားသလိုမျိုး စိတ်လှုပ်ရှားပြီး ပျော်ရွှင်ခဲ့တယ် ဒါပေမယ့် အခုတော့ ... ဖော်ပြလို့မရတဲ့ ခံစားချက်ပဲ ရှိတော့တယ်။ ”

-ဟု ပြန်ဖြေသည်။ သူမအဖြေကြောင့် စုရီမှခေါင်းညိတ်လိုက်ပြီး၊

“ အဲဒါပုံမှန်ပါပဲ အရင်က မင်းတွေးနေခဲ့တာက မင်းရဲ့မျိုးနွယ်စုအတွက် လက်စားချေဖို့ပဲ ဒါက မင်းကိုနှစ်ပေါင်းများစွာ နှိပ်စက်ခဲ့တဲ့ စွဲလမ်းမှုတစ်ခုပါ ...

... အခု အဲဒီစွဲလမ်းမှုက ပျောက်ကွယ်သွားပြီဆိုတော့ မင်း လမ်းပျောက် နေသလိုခံစားလာရတာပဲ နောင်မှာအာရုံစိုက်ပြီး ကျင့်ကြံပါ ... မင်းရဲ့ဆရာနဲ့အတူ ဘယ်လိုဒုက္ခမှ မကျရောက်စေရတော့ဘူး။ ”

“ ဟုတ်ကဲ့ ... ။ ”

ချင်းတျန်တစ်ယောက် မျက်ဝန်းများ တောက်ပလာပြီး ချက်ချင်းအသက်ဝင်နေသော အရုပ်ကလေးတစ်ရုပ်အလား ရွှင်မြူးလာချေပြီ။ လွတ်လပ်ပြီး ပေါ့ပါးလှ၏။

***

All Chapters