အခန်း (၃၂၃-၃၂၄)
Vol. 33 Ch. 323-324
အခန်း။ ၃၂၃
ဂိုဏ်းသို့ ပြန်ရောက်ပြီး သုံးရက်အကြာတွင် ယို့ချင်းယီသည် လုံယီထံ တစ်ခေါက် ထပ်မံရောက်ရှိလာသည်။
"အစ်ကိုလုံ... အစ်ကို လိုအပ်နေတဲ့ ကောင်းကင်ပိုးချည်ကို ကျွန်မ ရှာတွေ့ခဲ့ပြီ"
"ဘာ... ဒီလောက်တောင် မြန်လှချေလား"
လုံယီမှာ အလွန်အမင်း ဝမ်းသာသွားပြီးနောက် "ဒီကောင်းကင်ပိုးချည်က အတော်လေး အဖိုးတန်မှာပဲ မဟုတ်ဘူးလား။ ငွေဘယ်လောက်ပေးရမလဲဆိုတာ ပြောပါ။ ကျွန်တော် ပေးပါ့မယ်" ဟု ဆက်ပြောလိုက်သည်။
သူသည် ကျင့်ကြံခြင်းလောကထဲသို့ အသစ်ဝင်လာသူ မဟုတ်တော့ပေ။ ကောင်းကင်ပိုးချည်ဆိုသည်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူကြီးများ ဝိညာဉ်လက်နက်များ သွန်းလုပ်ရာတွင် အသုံးပြုလေ့ရှိသည့် အဖိုးတန် ကုန်ကြမ်းတစ်ခု ဖြစ်သည်။ ထိုအဆင့်ရှိသူများအတွက် အထွေအထူးမဟုတ်သော်လည်း ဝိညာဉ်သန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူများအတွက်မူ ရရှိရန် အလွန်ခက်ခဲသည်။
ကျင့်ကြံခြင်းလောကတွင် လက်နက်များကို အဆင့်အတန်းအလိုက် ခွဲခြားထားရာ မှော်လက်နက်၊ ဝိညာဉ်လက်နက်နှင့် ရတနာလက်နက်ဟူ၍ ရှိကြပြီး အဆင့်တစ်ခုချင်းစီတွင် အထက်၊ အလယ်၊ အောက် ဟူ၍ သုံးမျိုး ထပ်မံကွဲပြားပြန်သည်။ မှော်လက်နက်သည် ဝိညာဉ်သန့်စင်ခြင်းအဆင့်နှင့် သင့်တော်ပြီး ဝိညာဉ်လက်နက်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်၊ ရတနာလက်နက်မှာမူ ရွှေရောင်အမြုတေအဆင့် ဆရာသခင်များအတွက် ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် မိမိအဆင့်ထက် မြင့်မားသော လက်နက်ကို အသုံးပြုရန် ကြိုးစားပါက ဝိညာဉ်စွမ်းအား မလုံလောက်ခြင်းနှင့် ထိန်းချုပ်ရန် ခက်ခဲခြင်းတို့ကြောင့် ထိရောက်မှု ရှိမည်မဟုတ်ပေ။
လုံယီက ငွေဖြင့် ပေးချေမည်ဟု ပြောသည်ကို ကြားလိုက်ရချိန်တွင် ယို့ချင်းယီ၏ မျက်နှာမှာ မည်သည့်အမူအရာမျှ မပြသော်လည်း သူမ၏ မျက်ဝန်းထဲတွင် စိတ်ဆိုးသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"အစ်ကိုလုံ... အစ်ကိုက ကျွန်မရဲ့ အသက်သခင် ကျေးဇူးရှင်ပါ။ ဒီကျေးဇူးက ဘာနဲ့မှ အစားထိုးလို့ မရပါဘူး။ ကျွန်မက သက်မဲ့အရာတစ်ခုကို လက်ဆောင်ပေးတာကို အစ်ကိုက ငွေနဲ့ ပြန်ပေးမယ်ဆိုတော့... ကျွန်မရဲ့ အသက်က ဒီသက်မဲ့ပစ္စည်းတစ်ခုလောက်တောင် တန်ဖိုးမရှိဘူးလို့ အစ်ကို ယူဆနေတာလား"
ယို့ချင်းယီ၏ စကားကြောင့် လုံယီမှာ အံ့အားသင့်သွားရသည်။ ငွေအကြောင်း ပြောမိခြင်းက သူမကို စိတ်ဆိုးသွားစေလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။
ငွေကြေးက လူမှုရေးကို ထိခိုက်စေသည်ဆိုသည်မှာ အမှန်ပင်။ အမှန်အတိုင်းဆိုရလျှင် မသေမျိုးဂိုဏ်းအတွင်း၌ ငွေကြေး၏ ဝယ်ယူနိုင်စွမ်းမှာ အလွန်နိမ့်ကျသည်။ အဖိုးတန်လှသော ကောင်းကင်နှင့် မြေကြီး၏ ရတနာများကို ပစ္စည်းချင်း ဖလှယ်သည့် စနစ်ဖြင့်သာ အရောင်းအဝယ် ပြုလုပ်ကြသည်။ လုံယီမှာ ငွေမည်မျှပင် သုံးရပါစေ နှမြောမည့်သူ မဟုတ်ပေ အဘယ်ကြောင့်ဆိုသော် သူသည် လောင်းကစားခြင်းဖြင့် အချိန်မရွေး ပြန်လည်ရှာဖွေနိုင်သောကြောင့်ပင်။
သို့သော် ယို့ချင်းယီက စိတ်ထဲထားနေသည်ကို သိလိုက်ရသဖြင့် သူသည် ချက်ချင်းပင် လေသံပြောင်းလိုက်သည်။
"ဒါဆိုရင်တော့ ကျွန်တော် ကျေးဇူးတင်စွာနဲ့ပဲ လက်ခံပါ့မယ်။ မမလေးယို့ရဲ့ လက်ဆောင်အတွက် အများကြီး ကျေးဇူးတင်ပါတယ်ဗျာ"
သူ၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် ယို့ချင်းယီမှာ ကြောင်အမ်းအမ်းပင် ဖြစ်သွားရသည်။ သူမသည် လှပသော သစ်သားသေတ္တာလေးကို ထုတ်ယူကာ လုံယီ့ထံ ကမ်းပေးလိုက်သည်။
"အစ်ကိုလုံ... ပစ္စည်းက ဒီထဲမှာပါ။ အစ်ကို လိုအပ်နေတဲ့ တခြားပစ္စည်းတွေကိုလည်း ကျွန်မ တခြားလူတွေကို စုံစမ်းခိုင်းထားပါတယ်။ သတင်းရတာနဲ့ အသိပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ် မမလေးယို့..."
လုံယီက ကျေးဇူးတင်စကားပင် ပြော၍မဆုံးသေးမီမှာပင် ယို့ချင်းယီမှာ ကျောခိုင်း၍ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။
သူသည် ခေါင်းကို အသာခါယမ်းရင်း သစ်သားသေတ္တာကို သူ၏ ကျင့်ကြံရာဂူအတွင်းသို့ သယ်ဆောင်လာခဲ့သည်။ သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေပြီး အလင်းဖျော့ဖျော့လေး ဖြာထွက်နေသည့် တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာသော အဖြူရောင်ပိုးချည်မျှင်ကို တွေ့လိုက်ရသည်။ ၎င်းကို ထိတွေ့လိုက်ချိန်တွင် ရေခဲကဲ့သို့ အေးစက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ပါရမီကဏ္ဍရှိ လျင်မြန်ခြင်းဆိုသည့် စာကြောင်းမှာ ပြောင်းလဲသွားပြီး ၎င်း၏ဘေးတွင် အပေါင်းလက္ခဏာလေးတစ်ခု မှိတ်တုတ်မှိတ်တုတ် ပေါ်လာသည်။ လုံယီက စိတ်ထဲမှ မှန်းဆကာ ထိုအမှတ်ကို ဖိနှိပ်လိုက်ရာ
[လျင်မြန်ခြင်း (ကျွမ်းကျင်အဆင့် 0/100 + ကောင်းကင်ပိုးချည် ၁ ခု) → လျင်မြန်ခြင်း (ကျွမ်းကျင်မှုအထွတ်အထိပ် 0/800 + လေစီးသီး ၁ လုံး လိုအပ်သည်)]
သူမသိဖူးသော မှတ်ဉာဏ်သစ်များမှာ သူ၏ စိတ်အတွင်းသို့ စီးဝင်လာပြန်သည်။
ယခင်မှတ်ဉာဏ်များမှ ဆက်စပ်ကြည့်လျှင် လုံယီသည် အနီရောင်ဦးရစ်ငှက်များ၏ ခေါင်းဆောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်း၏ ထူးကဲသော အရှိန်အဟုန်ကြောင့် တောအုပ်တစ်ခုလုံးကို တဖြည်းဖြည်း စိုးမိုးနိုင်ခဲ့သည်။ တစ်နေ့တွင်မူ ၎င်းသည် မြေနဂါးအဆီအနှစ်၏ အလောင်းကို တွေ့ရှိခဲ့ပြီး ၎င်း၏ အကြောများကို ကိုက်ခဲစားသောက်ခြင်းဖြင့် ပိုမိုဆင့်ကဲပြောင်းလဲလာကာ ခြေထောက်ရှိ ကြွက်သားမျှင်များကို နှစ်ဆခန့် တိုးပွားစေခဲ့သည်။
ထိုအလွန်ဉာဏ်ကောင်းသော ငှက်ခေါင်းဆောင်သည် တောအုပ်အတွင်း၌ မြေနဂါးအကြောသစ်များကို ဆက်လက်ရှာဖွေနေခဲ့သည်။ ထပ်မံ၍ ရှာမတွေ့တော့သော်လည်း အရသာတွေ့သွားပြီဖြစ်ရာ အခြားသတ္တဝါများ၏ အကြောများကိုပါ လိုက်လံကိုက်ခဲစားသောက်ပြီး အသွင်ပြောင်းလဲမှုသစ်များကို မျှော်လင့်နေခဲ့သည်။ ထိုငှက်သည် အရာအားလုံးကို စားသောက်တတ်သည့် ငမ်းငမ်းတက် သတ္တဝါတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
နောက်ဆုံးတစ်နေ့တွင်မူ နှင်းဖုံးနေသော တောင်ထိပ်ပေါ်ရှိ ဝှက်ဖုံးနေသော လျှို့ဝှက်ဆန်းကြယ်သည့် ကောင်းကင်ပိုးကောင်များကို တွေ့ရှိခဲ့ပြီး ၎င်းတို့ကို ဆိတ်စားလိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ နောက်ထပ်တစ်ဖက်သို့ အသွင်ကူးပြောင်းသွားတော့သည်။
လက်တွေ့လောကတွင် လုံယီသည် မျက်လုံးများကို ဖွင့်လိုက်သည်။
အလွန်အမင်း အေးစက်လှသော စွမ်းအင်လှိုင်းကြီးတစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာပြီး သူ၏ အနီရောင်အကြောများကို အဆက်မပြတ် ပြန်လည်ဖွဲ့စည်းကာ ပိုမိုခိုင်မာအောင် ပြုလုပ်ပေးနေသည်။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားမျှင်တစ်ခုချင်းစီမှာ ကျောက်စိမ်းဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းတို့၏ ကြံ့ခိုင်မှုနှင့် ရုန်းကန်နိုင်စွမ်းမှာ ယခင်ထက် များစွာ သာလွန်သွားခဲ့သည်။
ကြွက်သားများနှင့် ဆက်သွယ်ထားသော အကြောများကလည်း လုံယီ၏ တစ်ကိုယ်လုံးရှိ ကြွက်သားစုများကို ပိုမိုတင်းကျပ်ခိုင်မာစေသည်။ အဓိကအားဖြင့် သူ၏ ခြေထောက်များကို ပို၍ အာရုံစိုက်ထားသည်။
သူ၏ ခြေထောက်များမှာ သိသိသာသာ ထူထဲသွားပြီး ဒူးခေါင်းများမှာ တစ်ခါ ကွဲအက်သွားကာ ပြန်လည်တည်ဆောက်ပြီးနောက် ကြွက်သားမျှင်အရေအတွက်မှာ မူလထက် နှစ်ဆကျော်အထိ တိုးပွားလာခဲ့သည်။
“လျင်မြန်ခြင်း”
လုံယီသည် သူ၏ ပါရမီကို လှုံ့ဆော်လိုက်သည်နှင့် တပြိုင်နက် သူ၏ တစ်ကိုယ်လုံးရှိ အကြောများအားလုံးမှာ တင်းကျပ်သွားပြီး စောင်းကြိုးကို တင်းလိုက်သည့်အလား ဝူးဟူသော တုန်ခါသံကိုပင် ကြားလိုက်ရသည်။
ပစ်လွှတ်လိုက်ရန် အသင့်ဖြစ်နေသည့် အလွန်ကြီးမားသော အောင်းအင်အားတစ်ခု ကိန်းအောင်းလာသည်။
သူ၏ ဒူးဆစ်များရှိ ကြွက်သားမျှင် အလိပ်များမှာလည်း အဆက်မပြတ် တိုးပွားလာနေသည်။ အခြေခံအဆင့်တွင် ခုနစ်ခု၊ ရှစ်ခုခန့်သာ ရှိသော်လည်း ကျွမ်းကျင်အဆင့်တွင် အခုနှစ်ဆယ်ဖြစ်လာပြီး ယခုအခါ ငါးဆယ်နီးပါးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
ထို့ပြင် ထိုအလိပ်များအကြားတွင် ကျောက်စိမ်းဖြူရောင် အကြောသစ်တစ်ခုလည်း ပေါက်ဖွားလာသည်။ ၎င်းသည် ကြွက်သားအဝိုင်းလေးများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးထားပြီး တကယ့် စပရင်များအလား ပြောင်းလဲပေးလိုက်သည်။ လုံယီသည် အားအနည်းငယ်စိုက်ကာ ရှေ့သို့ ခုန်ထွက်လိုက်သည်။
ဝူး
ဘုန်း
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဂူနံရံပေါ်တွင် လူ့ဦးခေါင်းခန့်ရှိသော ကျင်းကြီးတစ်ခု ပေါ်လာပြီး ဖုန်မှုန့်နှင့် ကျောက်ခဲစများမှာ တဖွဲဖွဲ လွင့်စင်၍ ကျလာတော့သည်။
"အမလေး... အားထိန်းတာ နည်းနည်း လွတ်သွားတယ်"
စမ်းသပ်မှုများပြုလုပ်ပြီးနောက် လုံယီသည် သူ၏ လက်ရှိအရှိန်မှာ ယခင်ထက် နှစ်ဆကျော် ပိုမြန်လာကြောင်း သိလိုက်ရသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ် စွမ်းဆောင်ရည်မှာလည်း လူသားတို့၏ ကန့်သတ်ချက်ထက် များစွာ ကျော်လွန်နေပြီဖြစ်သည်။ ယခုဆိုလျှင် အရှိန်အနည်းငယ်နှေးသော မှော်လက်နက်အချို့ပင်လျှင် လုံယီကို လိုက်မှီရန် ရုန်းကန်ရပေလိမ့်မည်။
လောကတွင် မည်သည့် ကိုယ်ခံပညာပင်ဖြစ်စေ အရှိန်ထက် ပို၍ အစွမ်းထက်သည်မှာ မရှိပေ။ လျင်မြန်ခြင်းပါရမီမှာ တစ်ဆင့်တက်တိုင်း အစွမ်းက သိသိသာသာ ခုန်တက်သွားသဖြင့် တကယ့်ကို တန်ဖိုးအရှိဆုံး ပါရမီများထဲမှ တစ်ခုပင်။
အကယ်၍ ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိသော ထိုမိစ္ဆာကျင့်ကြံသူနှင့်သာ ထပ်မံတွေ့ဆုံခဲ့လျှင် အကွာအဝေးမှာ ပေ ၁၀၀၀ ခန့် အတွင်းရှိနေပါက လုံယီသည် ရန်သူက မည်သို့မျှ တုံ့ပြန်နိုင်စွမ်းမရှိမီမှာပင် သူ၏ရှေ့သို့ ချက်ချင်း ရောက်ရှိသွားကာ မိုးကြိုးသဖွယ် ခုတ်ပိုင်းသုတ်သင်နိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေသည်။ အကွာအဝေး ပိုဝေးနေလျှင်ပင် ထိုမိစ္ဆာကျင့်ကြံသူ၏ အမည်းရောင် သံမှိုမှော်လက်နက်ဖြင့် လုံယီကို တည့်တည့်မှန်အောင် ပစ်ခတ်ရန်မှာ မလွယ်ကူတော့ချေ။
ပါရမီများ တိုးတက်လာပြီး အစွမ်းများ မြင့်မားလာသဖြင့် လုံယီမှာ စိတ်လက်ကြည်လင်
နေသည်။ သူသည် သူ၏ အားသာချက်များကို ပိုမိုအားကောင်းလာအောင် ပြုလုပ်ရန်နှင့် တစ်ဆို့နေသော ကိုယ်ခံပညာအဆင့်ကိုလည်း မြှင့်တင်ရန် နည်းလမ်းရှာသင့်သည်ဟု တွေးမိသည်။
ဂိုဏ်း၏ ကျင့်စဉ်ခန်းမတွင် ကျင့်စဉ်နှင့် နည်းစနစ်မျိုးစုံ ရှိနေသဖြင့် ကိုယ်ခံပညာနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ထိုနေရာတွင် ရှာတွေ့နိုင်ပေလိမ့်မည်။ ထို့ကြောင့် လုံယီသည် ရတနာသိုလှောင်တောင်ဆီသို့ ချက်ချင်းပင် ထွက်ခွာလာခဲ့သည်။ ကျင့်စဉ်ခန်းမသည် ဝိညာဉ်ဆေးနန်းတော်၏ ဘေးတွင် တည်ရှိသည်။
ဝိညာဉ်ဆေးနန်းတော်မှာ လူ့လောကရှိ အစိုးရရုံးတော်များနှင့် တူညီသော်လည်း ကျင့်စဉ်ခန်းမမှာမူ ရှေးဟောင်းအဆောက်အအုံများနှင့်အတူ ဝတ်ကျောင်းတော်တစ်ခုကဲ့သို့ ရိုးရှင်းသည်။
အဝင်အထွက်ပြုနေကြသော တပည့်အရေအတွက်မှာလည်း အလောင်းထိန်းချုပ်ရေးဂိုဏ်းအတွင်း၌ ဝိညာဉ်ဆေးနန်းတော်ပြီးလျှင် ဒုတိယအစည်ကားဆုံးနေရာဟု ပြောနိုင်သည်။
လုံယီသည် ကျင့်စဉ်ခန်းမ၏ ပင်မဆောင်အတွင်းသို့ ဝင်ရောက်လိုက်သောအခါ သူ၏ရှေ့တွင် ရှည်လျားလှသော နီညိုရောင်သစ်သားကောင်တာကြီးကို တွေ့လိုက်ရသည်။ ကောင်တာ၏ နောက်ကွယ်တွင် အပြာနုရောင်ဝတ်စုံဝတ် ကျင့်ကြံသူ ရှစ်ဦးမှာ အရွယ်စုံ၊ ကျားမစုံ ထိုင်နေကြသည်။
သူတို့တစ်ဦးချင်းစီ၏ ရှေ့တွင် ယင်ဓာတ်၊ ရွှေဓာတ်နှင့် သစ်သားဓာတ်ဟူ၍ ကဏ္ဍအလိုက် ခွဲခြားထားသော သစ်သားဆိုင်းဘုတ်လေးများ ရှိနေကြသည်။ လုံယီသည် အခန်းတွင်းကို တစ်ချက်ဝေ့ကြည့်ပြီးနောက် အခြားဟူသော ဆိုင်းဘုတ်ရှိရာသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင် လူတန်းစီစောင့်ဆိုင်းနေသူ မရှိသဖြင့် သူသည် ပထမဆုံးလူ ဖြစ်သွားခဲ့သည်။
တာဝန်ကျနေသူမှာ ဆံပင်ဖြူတစ်ဝက်ပေါက်နေပြီး မြည်းမျက်နှာနှင့်တူသော အဘိုးအိုတစ်ဦးဖြစ်ကာ လုံယီရောက်လာသည်ကိုပင် သတိမထားမိဘဲ ငိုက်မြည်းနေ၏။
“စီနီယာအစ်ကို... ဒီနေရာမှာ လဲလှယ်လို့ရတဲ့ အဆင့်မြင့် ကိုယ်ခံပညာကျမ်းစာတွေ ရှိမလားလို့ သိချင်ပါတယ်ဗျာ”
လုံယီက မေးလိုက်သည်။
အပြင်စည်းတပည့်အဖြစ် သုံးနှစ်တာအတွင်း သုံးလတစ်ကြိမ် စစ်ဆေးမှုများမှတစ်ဆင့် လုံယီသည် ဂိုဏ်းအကျိုးပြုမှတ် ၂၀ စုဆောင်းထားနိုင်ခဲ့ရာ ယခုအခါ ထိုမှတ်များကို အသုံးပြုရန် အချိန်တန်ပြီဖြစ်သည်။
“ဟမ်... ဘာကျမ်းစာလဲ”
မြည်းမျက်နှာနှင့် အဘိုးအိုမှာ လုံယီ၏အသံကြောင့် လန့်နိုးသွားသည်။ သူသည် ပါးစပ်ထောင့်ရှိ တံတွေးများကို အမြန်သုတ်လိုက်ပြီးနောက် လုံယီကို နားမလည်နိုင်သကဲ့သို့ ကြည့်ကာ ထပ်ပြောရန် အချက်ပြလိုက်သည်။
“အဆင့်မြင့် ကိုယ်ခံပညာကျမ်းစာတွေပါ”
လုံယီ၏ တောင်းဆိုချက်ကို ကြားလိုက်ရချိန်တွင် အဘိုးအို၏ မျက်နှာသာမကဘဲ အခြား ယင်ဓာတ်နှင့် သစ်သားဓာတ်ကဏ္ဍများတွင် တန်းစီနေကြသော တပည့်များကပါ သူ့ကို ထူးဆန်းသကဲ့သို့ လှည့်ကြည့်လာကြလေတော့သည်။
အခန်း။ ၃၂၄
"ဒီခေတ်မှာ ကိုယ်ခံပညာကို လေ့လာနေတဲ့လူ ရှိသေးတာလား"
"ဂိုဏ်းအကျိုးပြုမှတ်တွေက သုံးရတာ တအားနှမြောဖို့ကောင်းတာ။ အဲ့ဒီမှတ်တွေကို ရှေ့လူတွေရဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေနဲ့ လျှို့ဝှက်မှတ်တမ်းတွေအတွက်ပဲ သုံးသင့်တာပေါ့။ အသုံးမဝင်တဲ့ ကိုယ်ခံပညာကျင့်စဉ်တွေအတွက် သုံးပစ်ရတယ်လို့"
သို့သော်လည်း လုံယီ့ကို ထွက်၍ ကန့်ကွက်မည့်သူတော့ မရှိပေ။ အကျိုးပြုမှတ်ဆိုသည်မှာ ကိုယ်ပိုင်ပစ္စည်းဖြစ်သဖြင့် မည်သို့အသုံးပြုသည်ဖြစ်စေ မိမိ၏ လွတ်လပ်ခွင့်သာ ဖြစ်သည်။
မြည်းမျက်နှာနှင့် အဘိုးအိုသည် နားမလည်နိုင်သကဲ့သို့ မျက်နှာဖြင့် ကျောက်စိမ်းဖြူစာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး သူ၏လက်ချောင်းကို ကလောင်တံကဲ့သို့ အသုံးပြုကာ ကိုယ်ခံပညာဟူသော စာလုံးကို ရေးသားလိုက်သည်။ ခဏအကြာတွင် ထိုစာရွက်ထက်၌ အနက်ရောင် စာတန်းများ တန်းစီ၍ ပေါ်လာတော့သည်။
လုံယီသည် မျက်စိရှင်ရှင်ဖြင့် ကြည့်လိုက်ရာ ကျင့်ကြံခြင်းမူလအစ လေ့လာချက်၊ ကိုယ်ခံပညာရှင်တို့၏ အနီးကပ်တိုက်ခိုက်ရေးနည်းစနစ်နှင့် မသေမျိုးနှင့် ကိုယ်ခံပညာ ပူးတွဲကျင့်ကြံခြင်း၏ အမှားအယွင်းမှတ်တမ်းစသည့် အမည်များကို တွေ့လိုက်ရသည်။
"ငါတို့ဂိုဏ်းမှာ လူသားတို့ရဲ့ ကိုယ်ခံပညာ လျှို့ဝှက်ကျမ်းစာ ၁၃ တွဲ ရှိသလို ကိုယ်ခံပညာနဲ့ ပတ်သက်တဲ့ စာအုပ် ၂၆ အုပ် ရှိတယ်။ မင်းက ဝိညာဉ်သန့်စင်ခြင်း အစောပိုင်းအဆင့်ဆိုတော့ ကျမ်းစာတစ်တွဲကို ငှားဖို့ အကျိုးပြုမှတ် ၅ မှတ် ပေးရမယ်။ ငှားရက်က သုံးရက်ထက် မကျော်ရဘူး။ တစ်ရက်ပိုတိုင်း အကျိုးပြုမှတ် ၁ မှတ် ထပ်နှုတ်မယ်"
အဘိုးအိုက ပြောလိုက်သည်။
"ဘယ်ကျမ်းစာကို ငှားမလဲဆိုတာ ဆုံးဖြတ်ဖို့ ပထမစာမျက်နှာ နှစ်မျက်နှာလောက်ကို မြည်းစမ်းဖတ်ကြည့်လို့ ရမလား"
လုံယီက မေးလိုက်သည်။
ဤအဘိုးအိုမှာ ဝိညာဉ်ဆေးနန်းတော်မှ အမျိုးသမီးကျင့်ကြံသူထက် ပို၍ သဘောကောင်းသည်။ သူသည် စာရွက်စာတမ်းများကို လုံယီ့ရှေ့သို့ တစ်ခုချင်းစီ ယူဆောင်လာပေးသည်။ လုံယီသည် ကျမ်းစာများကို ကြည့်ရှုရင်း တရစပ် ခေါင်းခါယမ်းမိနေတော့သည်။
သွေးပြောင်းလဲခြင်းအတတ်၊ စိန်ခန္ဓာကျင့်စဉ်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်စသည့် ကိုယ်ခံပညာကျမ်းစာများမှာ သူလေ့လာထားပြီးသားဖြစ်သော အသက်ရှူခြင်းနှင့် အရေပြားသန့်စင်ခြင်း နည်းစနစ်များ၏ ဘောင်အတွင်းမှ ရုန်းမထွက်နိုင်ကြသေးပေ။ အခြေခံသဘောတရားများမှာ ဆင်တူနေသဖြင့် ၎င်းတို့ကို လေ့လာခြင်းက တိုးတက်မှု ထူးထူးခြားခြား ရှိလာမည်မဟုတ်ပေ။
သို့သော် ကိုယ်ခံပညာနှင့် ဆက်စပ်နေသော အခြားစာအုပ်အချို့ကမူ အသုံးဝင်ပုံပင်။ နောက်ဆုံးတွင် လုံယီသည် ကျင့်ကြံခြင်းမူလအစ လေ့လာချက်နှင့် ယုံဟော် တတိယနှစ် တပည့်များ၏ မှတ်တမ်းဟူသော စာအုပ်နှစ်အုပ်ကို ရွေးချယ်လိုက်သည်။
ဟောင်းနွမ်းနေသော ထိုစာအုပ်များကို သူ၏ဂူဗိမာန်သို့ ယူဆောင်လာပြီးနောက် လုံယီသည် ဂရုတစိုက် စတင်ဖတ်ရှုတော့သည်။
ကျင့်ကြံခြင်းမူလအစ လေ့လာချက်ထဲတွင် ကျင့်ကြံသူတို့၏ သမိုင်းကြောင်းကို ဖော်ပြထားသည်။ ရှေးဦးကာလတွင် လူတိုင်းမှာ မွေးရာပါ ထူးခြားသော ခန္ဓာကိုယ်နှင့် နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထားကြသဖြင့် ထိုခေတ်ကာလမှာ အားကျဖွယ်ကောင်းသည်။ ထို့နောက် ရှေးဦးကာလမှသည် အလယ်ခေတ်သို့ ကူးပြောင်းလာချိန်တွင် ထိုစွမ်းရည်များ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ကျင့်ကြံခြင်းလမ်းစဉ် အမျိုးမျိုး ပေါ်ပေါက်လာခဲ့ပုံကို ရေးသားထားသည်။
နောက်ဆုံးတွင် မကြာသေးမီက ရှေးဟောင်းကာလသို့ ရောက်ရှိလာချိန်၌ ဝိညာဉ်ဓာတ်သန့်စင်ခြင်းနည်းစနစ်မှာ သိသိသာသာ ထွက်ပေါ်လာပြီး ဝိညာဉ်ကျင့်ကြံသူများသည် ကျင့်ကြံခြင်းလောက၏ အဓိကလမ်းကြောင်း ဖြစ်လာခဲ့သည်။
အခြားသော ကျင့်ကြံခြင်းနည်းလမ်းများမှာမူ လုံးဝနီးပါး ကွယ်ပျောက်သွားခဲ့ပြီး ရှေးဟောင်းအဆောက်အအုံ ပျက်စီးမှုအချို့မှတစ်ဆင့်သာ အတိတ်က ခမ်းနားထည်ဝါမှုများကို မှန်းဆကာ ကြည့်ရှုနိုင်တော့သည်။
လုံယီသည် အလယ်ခေတ်ကာလကိုသာ အဓိကထား၍ အာရုံစိုက်ဖတ်ရှုနေခဲ့သည်။ အလယ်ခေတ်သည် ကျင့်ကြံခြင်းလမ်းစဉ် ပေါင်းစုံ အပြိုင်အဆိုင် ထွန်းကားခဲ့သည့် ကာလဖြစ်သည်။ ဝိညာဉ်ကျင့်ကြံခြင်းအပြင် အင်းဆက်လမ်းစဉ်၊ ကိုယ်ခံပညာလမ်းစဉ်၊ နံ့သာမီးလမ်းစဉ်၊ ဝိညာဉ်ရေးရာလမ်းစဉ်နှင့် လက်နက်သွန်းလုပ်ခြင်းလမ်းစဉ် စသည်ဖြင့် များစွာရှိခဲ့သည်။
ထိုအထဲတွင် အလယ်ခေတ် ကိုယ်ခံပညာကျင့်ကြံသူများသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုသာ အဓိကထားပြီး မိမိကိုယ်တိုင်၏ စွမ်းအားကိုသာ ယုံကြည်ကြသဖြင့် အစွမ်းအထက်ဆုံး ကျင့်ကြံခြင်းလမ်းစဉ်များထဲမှ တစ်ခု ဖြစ်ခဲ့သည်။
သို့သော် သူတို့သည် ယခုခေတ် ကိုယ်ခံပညာရှင်များနှင့် အနည်းငယ် ကွဲပြားကြသည်။ သူတို့သည် နတ်ဘုရားစွမ်းရည်များကို ကျင့်ကြံကြပြီး အများစုမှာ ရှေးဦးလူသားတို့၏ အဆင့်အတန်းသို့ ရောက်ရှိခဲ့ကြသည်။ သို့သော် ထိုစွမ်းရည်များကို မည်သို့ကျင့်ကြံရသည်ကိုမူ ဤစာအုပ်ထဲတွင် ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပေ။ စာရေးသူကိုယ်တိုင်ပင် ကောင်းကောင်း နားမလည်ခြင်းလည်း ဖြစ်နိုင်သည်။
နတ်ဘုရားစွမ်းရည်ဆိုတာ ဘာလဲ
ကိုယ်ခံပညာရှင်အဆင့်ထက် မြင့်တာက နတ်ဘုရားစွမ်းရည်များ ဖြစ်နေမလား
ရှေးဟောင်း ကိုယ်ခံပညာကျင့်ကြံသူတွေရဲ့ အမွေအနှစ်တွေ ကျန်ရစ်နေတာမျိုးရှိမလား
လုံယီသည် အတော်ကြာအောင် တွေးတောနေသော်လည်း အဖြေရှာမရခဲ့ပေ။ ဤစာအုပ်သည် သူ့အတွက် နောက်ထပ် အထောက်အကူ မပေးနိုင်တော့ကြောင်း သိလိုက်ရသဖြင့် ဒုတိယစာအုပ်ဖြစ်သော ယုံဟော် တတိယနှစ် တပည့်များ၏ မှတ်တမ်းကို လှန်လှောကာ ဖတ်ရှုတော့သည်။
စာအုပ်အမည်အတိုင်းပင် ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၂၁ ခုနှစ်၊ ယုံဟော် တတိယနှစ်က ဂိုဏ်းသို့ ဝင်ရောက်လာခဲ့သော တပည့်များ၏ အကြောင်းကို မှတ်တမ်းတင်ထားခြင်းပင်။
ထိုနှစ်က တပည့်များထဲတွင် ထူးချွန်သူအချို့၏ အကြောင်းကို ရေးသားထားသည်။ နှစ်ဦးမှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး တစ်ဦးမှာ ထိုအဆင့်၏ နောက်ဆုံးအဆင့်အထိပင် တက်လှမ်းနိုင်ခဲ့ကာ ရွှေရောင်အမြုတေအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
အခြားတစ်ဦးမှာမူ အဆင့်မြင့် ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားပြီး ပါရမီ အလွန်ထူးချွန်သူဖြစ်သည်။ သူသည် အသက် ၂၀ ကျော်တွင် ဝိညာဉ်သန့်စင်ခြင်းအထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး အသက် ၃၀ မတိုင်မီ အခြေခံအုတ်မြစ် တည်ဆောက်နိုင်ရန် မျှော်လင့်ချက် ရှိခဲ့သူဖြစ်သည်။
မမျှော်လင့်ဘဲ သူသည် တာဝန်တစ်ခုဆောင်ရွက်စဉ် သေဆုံးသွားခဲ့သဖြင့် အလောင်းထိန်းချုပ်ရေးဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် စုံစမ်းစစ်ဆေးခဲ့ရသည်။ စိမ်းပြာဝံပုလွေတောင်မှ မိစ္ဆာမျိုးနွယ်စုများတွင် တာဝန်ရှိကြောင်း တွေ့ရှိခဲ့ပြီး မိစ္ဆာပညာရှင်များနှင့်ပင် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။
သို့သော် စာရေးသူက မိစ္ဆာမျိုးနွယ်စုမှာ အကြောင်းပြချက်သက်သက်သာ ဖြစ်နိုင်ပြီး လူသားမျိုးနွယ်အချင်းချင်း၏ အကွက်ဆင်မှုများမှာ ခွဲခြားရန် ခက်ခဲကြောင်း အရိပ်အမြွက် ရေးသားထားသည်။ တရားခံမှာ အခြားသော လူသားဂိုဏ်းကြီးများမှ ကျင့်ကြံသူများ ဖြစ်နိုင်ပြီး အလောင်းထိန်းချုပ်ရေးဂိုဏ်းတွင် ပါရမီရှင်တစ်ဦး ပေါ်ထွက်လာမည်ကို မလိုလားကြခြင်းလည်း ဖြစ်နိုင်သည်။
တပည့်များ၏ မှတ်တမ်းထဲတွင် ပါဝင်သူအများစုမှာ ထူးချွန်ထင်ရှားသူများသာ ဖြစ်ကြသည်။ သာမန်တပည့်များမှာမူ အမည်နာမပင် ကျန်ရစ်ခဲ့လေ့မရှိချေ။
သို့သော် သူတို့ထဲတွင် ထူးခြားသော အောင်မြင်မှုမရှိသော်လည်း သူ၏လုပ်ရပ်များကြောင့် မှတ်တမ်းတွင် စာသားအချို့ ရေးထိုးခံခဲ့ရသူ တစ်ဦးရှိသည်။ ထိုသူမှာ ဂိုဏ်းသို့မဝင်မီက လုံယီကဲ့သို့ပင် အဆင့်နိမ့် ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသူဖြစ်သော်လည်း ကိုယ်ခံပညာတွင်မူ အလွန်ထူးချွန်သူဖြစ်သည်။
ဂိုဏ်းတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ကျင့်ကြံပြီးသည့်တိုင်အောင် ဝိညာဉ်သန့်စင်ခြင်း တတိယအဆင့်မှာပင် တစ်ဆို့နေခဲ့ပြီး ရှေ့ဆက်တိုးတက်ရန် မျှော်လင့်ချက် မရှိသလောက် နည်းပါးခဲ့သည်။ ထို့ကြောင့် သူသည် ကိုယ်ခံပညာကိုသာ အပတ်တကုတ် သုတေသနပြုပြီး လမ်းစဉ်သစ်တစ်ခုကို ဖော်ဆောင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် စိတ်ကူးယဉ်ရန်ပင် ခက်ခဲသော ပေါင် ၅၀၀၀ ကျော်ခန့်ရှိသော ခွန်အားအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သာမန် သံအလောင်းများပင်လျှင် သူ၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။
ထိုစာသားကို ဖတ်လိုက်ရချိန်တွင် လုံယီ၏ မျက်ဝန်းများမှာ မသိမသာ ကျဉ်းမြောင်းသွားတော့သည်။
စွမ်းအားသက်သက်နဲ့ကို ပေါင် ၅၀၀၀ ကျော်ရှိတဲ့ အဆင့်သို့ တက်လှမ်းနိုင်ခဲ့တာလား။
၎င်းမှာ လူသားတို့၏ ကန့်သတ်ချက်ထက် သုံးဆခန့် ပိုမိုများပြားနေခြင်းပင်။ လုံယီကိုယ်တိုင်မူ စွမ်းရည်ပြမျက်နှာပြင်၏ အကူအညီဖြင့် ဤအဆင့်သို့ အလွယ်တကူ ရောက်ရှိနိုင်သော်လည်း သာမန် အသက်ရှူခြင်းနှင့် အရေပြားသန့်စင်ခြင်း နည်းစနစ်များမှာမူ လူသားကန့်သတ်ချက်ထက် အနည်းငယ်သာ ပိုနိုင်ပြီး နှစ်ဆအထိ ရောက်ရန်ပင် မလွယ်ကူလှချေ။
ဒီတပည့်ဆီမှာ ငါလိုအပ်နေတဲ့ အရာတစ်ခုခု ရှိနေနိုင်တယ်
လုံယီသည် စိတ်လှုပ်ရှားသွားကာ ကျင့်စဉ်ခန်းမသို့ အပြေးအလွှား ပြန်သွားတော့သည်။
“စီနီယာအစ်ကို... ဒီမှတ်တမ်းထဲမှာပါတဲ့ ဖုန်းကျိုယွဲ့ဆိုတဲ့ တပည့်နဲ့ ပတ်သက်ပြီး တခြားမှတ်တမ်းတွေ ရှိဦးမလားဗျ”
ကောင်တာရှိ အဘိုးအိုသည် ကျောက်စိမ်းဖြူစာရွက်ဖြင့် လုံယီအတွက် ဆက်လက်ရှာဖွေပေးရာ အသေးစိတ်အချက်အလက်အချို့ကို တွေ့ရှိခဲ့သည်။ သို့သော် ယုံဟော် တတိယနှစ်တွင် ဂိုဏ်းသို့ဝင်ပြီး ယုံဟော် အနှစ် ၃၀ တွင် ဂိုဏ်းမှ ထွက်ခွာသွားသည်ဟူသော အချက်မှလွဲ၍ ကျန်ရှိသည်မှာ သာမန်အချက်အလက်များသာ ဖြစ်သည်။ ဂိုဏ်းမှ ထွက်ခွာချိန်တွင် သူသည် ဝိညာဉ်သန့်စင်ခြင်း တတိယအဆင့်၏ အထွတ်အထိပ်မှာပင် ရှိနေဆဲဖြစ်ပြီး ကိုယ်ခံပညာနှင့် ပတ်သက်သည့် အချက်အလက်များမှာမူ အလွန်နည်းပါးသည်။
သူတို့ထဲတွင် လုံယီ၏ အာရုံကို ဆွဲဆောင်သွားသည်မှာ တိုက်ပွဲမှတ်တမ်းတစ်ခုပင်။
[ယုံဟော် ၂၈ နှစ်တွင် ဖုန်းကျိုယွဲ့သည် အတွင်းစည်းတပည့် ရှဲ့ကွမ်ယောင်ကို ကူညီလျက် ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ရှိ မိစ္ဆာကျင့်ကြံသူ သုံးဦးကို ပူးပေါင်း၍ သုတ်သင်ခဲ့သည်]
ရှဲ့ကွမ်ယောင်မှာ နောက်ပိုင်းတွင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိကာ ဂိုဏ်းအကြီးအကဲ ဖြစ်လာခဲ့သောကြောင့် ဤမှတ်တမ်း ကျန်ရစ်နေခြင်းပင်။ မှတ်တမ်းတင်သူက ရှဲ့ကွမ်ယောင်၏ စွမ်းဆောင်ရည်ကြောင့်သာ ရန်သူအများကို အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဖုန်းကျိုယွဲ့မှာမူ အကူအညီပေးသူသက်သက်သာ ဖြစ်သည်ဟု ယူဆပုံပင်။
သို့သော် လုံယီကမူ ထိုသို့မထင်ပေ။ ပေါင် ၅၀၀၀ ကျော် ခွန်အားရှိသော ကိုယ်ခံပညာရှင်တစ်ဦးအဖို့ အကွာအဝေးနီးကပ်လျှင်ဖြစ်စေ သို့မဟုတ် အခြားသော အခြေအနေများ ပြည့်စုံလျှင်ဖြစ်စေ ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ရှိသူများကို သတ်ဖြတ်ရန်မှာ ခက်ခဲသော အလုပ်မဟုတ်ပေ။
"စီနီယာအစ်ကို... ဒီတပည့်ရဲ့ နေရပ်ဇာတိက ဘယ်မှာလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ ရမလားခင်ဗျာ"
လုံယီက အကဲခတ်ရင်း မေးလိုက်သည်။
"ဒါက ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပဲ ထုတ်ဖော်ပြောဖို့ မသင့်တော်ဘူး"
ကောင်တာရှိ အဘိုးအို၏ အမူအရာမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် လုံယီသည် သူကိုယ်တိုင် အလျင်စလို ဖြစ်သွားမိကြောင်း သတိပြုမိလိုက်သည်။ တပည့်တစ်ဦး၏ နေရပ်လိပ်စာကို အလွယ်တကူ စုံစမ်း၍ရနေပါက ထိုတပည့်နှင့် သူ၏ မိသားစုဝင်များ၏ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်မည်မဟုတ်ပေ။
သို့သော် တရားဝင်လမ်းကြောင်းမှ သတင်းမရရှိနိုင်လျှင် အခြားသော နည်းလမ်းများကို အသုံးပြုရုံသာ ရှိတော့သည်။
လုံယီသည် ပင်လယ်လေးသွယ်အသင်း၏ ခေါင်းဆောင် ကျန်းလိထံသို့ အမြန်သွားရောက်ကာ သူ၏ တောင်းဆိုချက်ကို တင်ပြလိုက်သည်။ သူသည် ကိုယ်ခံပညာကို သုတေသနပြုရန်သာ ရည်ရွယ်ခြင်းဖြစ်ပြီး မည်သည့် မကောင်းသော အကြံအစည်မျှ မရှိကြောင်းလည်း ရှင်းပြခဲ့သည်။
"ဒါကတော့ ဂိုဏ်းရဲ့ စည်းမျဉ်းအရဆိုရင်တော့ ဖောက်ဖျက်ရာကျနေတယ်။ ဒါပေမဲ့ ဂျူနီယာညီလေးကလည်း ကျင့်ကြံခြင်းအတွက် ရှာဖွေနေတာဖြစ်သလို ငါတို့ ပင်လယ်လေးသွယ်အသင်းဝင်လည်း ဖြစ်နေတော့... ဒီမျက်နှာကိုတော့ ငါ မထောက်ထားလို့ မဖြစ်ဘူးပေါ့"
ကျန်းလိက သူ၏ မုတ်ဆိတ်ကြမ်းများကို ပွတ်သပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
သူသည် အပိုစကားများကို အများကြီး ပြောနေသော်လည်း ဖြစ်နိုင်မဖြစ်နိုင်ကိုမူ အတိအကျ မပြောသေးပေ။
"စီနီယာအစ်ကို... ဈေးနှုန်းသာ ပြောပါ ဘယ်လောက်လဲ"
"ညီလေးရာ... ဒါက ငွေကြေးနဲ့ ဆိုင်တဲ့ ကိစ္စမှ မဟုတ်တာ..."
"ငွေတစ်ထောင် ဆိုရင်ရော"
"နည်းနည်းတော့ လိုသေးတယ်။ ငါ့အထင် အနည်းဆုံး သုံးထောင်လောက်တော့ ရှိမှ ဖြစ်မယ်။ ဒါက သေးငယ်တဲ့ ကိစ္စမှ မဟုတ်တာပဲ"
"ဟူး..."
လုံယီက အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် ယခင်က မိစ္ဆာကျင့်ကြံသူကို သတ်ဖြတ်စဉ်က ငွေတစ်ထောင်ကျော် ရရှိခဲ့သလို အလောင်း လောင်းကစားလုပ်ခြင်းမှ ရရှိသော ငွေများကို စုလိုက်ပါက သုံးထောင်ဆိုသည့် ပမာဏမှာ ပြည့်မီသွားခဲ့သည်။ ဖုန်းကျိုယွဲ့နှင့် ပတ်သက်သည့် အချက်အလက်မှာ သူ၏ ကိုယ်ခံပညာလမ်းစဉ်အတွက် အလွန်ပင် အရေးကြီးသည်။
ထို့ကြောင့် လုံယီသည် တွန့်တိုနေခြင်း မရှိတော့ပေ။ စည်းစိမ်ဆိုသည်မှာ အပြင်ပန်းအရာသာဖြစ်ပြီး နောက်မှ ပြန်ရှာ၍ ရနိုင်သည်။ သူသည် သူ၏ ကိုယ်ပေါ်ရှိ ငွေစက္ကူနှင့် ငွေစများကို အကုန်အစင် နီးပါး ထုတ်ယူကာ ကျန်းလိထံသို့ အပ်နှံလိုက်ရာ ချက်ချင်းပင် ပြာပုံဘဝသို့ ပြန်ရောက်သွားတော့သည်။
"သတင်းကို စောင့်နေလိုက်ဦး။ နှစ်ပတ် သုံးပတ်လည်း ကြာနိုင်သလို မနက်ဖြန်လည်း တွေ့ချင်တွေ့သွားမှာပါ"
ကျန်းလိက ပြန်ဖြေသည်။
ကျန်းလိနှင့် လမ်းခွဲလာပြီးနောက် လုံယီသည် စိတ်ထဲတွင် ဟာတာတာကြီး ဖြစ်ကျန်ရစ်ခဲ့သည်။
ငွေ... ငွေ... ငါ့မှာ ငွေတွေ ထပ်လိုနေပြီ။
တပည့်များနေထိုင်ရာ တောင်ကုန်းသို့ ပြန်အလာတွင် လုံယီသည် လူအုပ်ကြီးတစ်ခုမှာ ဧည့်သည်တော်တောင်ဘက်သို့ အလုအယက် ပြေးလွှားနေကြသည်ကို တွေ့လိုက်ရသည်။
"အစ်ကို... ဘာတွေ ဖြစ်နေတာလဲ"
လုံယီက တစ်ယောက်ကို ဆွဲတားကာ မေးလိုက်သည်။
"မင်း မသိဘူးလား ပင်လယ်လေးသွယ်အသင်းနဲ့ မြူပြာတိမ်တိုက်မဟာမိတ် အဖွဲ့ဝင်တွေ ပြဿနာတက်လို့ ဧည့်သည်တော်တောင်မှာ အလောင်းချင်းပြိုင်တိုက်ပွဲလုပ်တော့မလို့လေ"
အလောင်းချင်းပြိုင်တိုက်ပွဲ ဒါဆိုရင် ငွေရှာဖို့ အခွင့်အရေး ရပြီပေါ့။
လုံယီ၏ မျက်လုံးများမှာ ဝင်းပသွားတော့သည်။