← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း။ ၃၂၅

ယခုအချိန်တွင် ဧည့်သည်တော်တောင်ထိပ်မှာ အလွန်ပင် စည်ကားနေတော့သည်။

မီးခိုးရောင်ဝတ်စုံဝတ် အပြင်စည်းတပည့်များ၊ အပြာနုရောင်ဝတ်စုံဝတ် အတွင်းစည်းတပည့်များနှင့် အပြာရင့်ရောင်ဝတ်စုံဝတ် အမွေခံတပည့်များမှာ တောင်ထိပ်တစ်ခုလုံးတွင် ပြည့်နှက်နေကြသည်။

လူအုပ်ကြီး ဝန်းရံထားသော အလယ်ဗဟိုတွင် လူနှစ်စုမှာ တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင် ရပ်နေကြပြီး အခြေအနေမှာ အတော်လေး တင်းမာနေသည်။ ရှေ့ဆုံးတွင် ရပ်နေသော လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး စူးစူးစိုက်စိုက် ကြည့်နေကြပြီး သူတို့၏ အရှိန်အဝါမှာ လူအုပ်ထဲတွင် ထင်ထင်ရှားရှား ရှိသည်။

သူတို့နှစ်ဦးလုံးမှာ ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့်၏ ထိပ်တန်းပညာရှင်များဖြစ်ကြပြီး လုံယီ ယခင်က တွေ့ခဲ့သော မိစ္ဆာကျင့်ကြံသူထက် များစွာ ပိုမိုအစွမ်းထက်ကြသည်။

တစ်ဦးမှာ အရပ်ရှည်ပြီး အသားဖြူကာ အနည်းငယ် ရက်စက်မည့်ပုံမျိုး ရှိသော်လည်း ရုပ်ရည်ချောမောသော လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ ဦးခေါင်းထက်တွင် ကျောက်စိမ်းဆံထိုး ထိုးထားပြီး ခါးတွင်လည်း ကြည်လင်တောက်ပသော အဖြူရောင်သန်းသည့် အစိမ်းရောင် ကျောက်စိမ်းဆွဲပြား တစ်ခုကို ချိတ်ဆွဲထားရာ သူ၏ အရှိန်အဝါမှာ သာမန်တပည့်များနှင့် များစွာ ကွဲပြားနေသည်။

အခြားတစ်ဦးမှာမူ မျက်နှာကျယ်ပြီး အသားညိုသူ ဖြစ်သည်။ သူ၏ မျက်နှာတွင် ဖြူဖျော့ခြင်း လုံးဝမရှိဘဲ ကျင့်ကြံမှု နက်ရှိုင်းပြီး ယင်ဓာတ်နှင့် အအေးဓာတ်များ၏ လွှမ်းမိုးခြင်းကို မခံရကြောင်း သိသာသည်။

“ယန်ကျီချန်... မင်းက ဘာဖြစ်လို့ ငါ့ရဲ့ ဂျူနီယာညီလေး ယဲ့ရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးကိုပဲ ခဏခဏ လာပတ်သက်နေရတာလဲ။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက စေ့စပ်ထားကြတာ။ မင်း ဘာလို့ ဒီလောက် ယုတ်ညံ့တဲ့အလုပ်ကို လုပ်နေရတာလဲ”

အသားညိုသူက ဒေါသတကြီး မေးမြန်းလိုက်သည်။

“ဝမ်ဖေးရွှင့်... စကားကို လျှောက်မပြောနဲ့။ ယွဲ့ယွဲ့နဲ့ ငါက တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ကြတာ စိတ်ချင်းလည်း တိုက်ဆိုင်တယ်။ မင်းပြောတဲ့ စေ့စပ်ထားတယ်ဆိုတာက သူတို့ ကလေးဘဝတုန်းက မိသားစုနှစ်ခု နောက်ပြောင်ပြီး ပြောခဲ့ကြတာပဲ။ အဲ့ဒါကို ဘာလို့ အတည်ပေါက် လိုက်လုပ်နေရမှာလဲ”

ကျောက်စိမ်းဆွဲပြားနှင့် ချောမောသူက မထီမဲ့မြင် ပြန်လှောင်လိုက်သည်။

“ကောင်းပြီလေ... မင်းကတော့ ဆင်ခြေတွေ ပေးနေဦးမှာပဲ။ ဒါဆိုရင် လက်တွေ့ပဲ ရှင်းကြတာပေါ့”

အသားညိုသူ ဝမ်ဖေးရွှင့်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။

“ဆရာဝမ်... ဒီလိုပဲ ပြောရမှာပေါ့။ ငါတို့အားလုံးက လူကြီးတွေပဲ ဘာလုပ်ရမလဲဆိုတာ သူများပြောနေဖို့ မလိုဘူး။ ဒါက သိက္ခာနဲ့ဆိုင်တဲ့ ကိစ္စပဲလေ”

ယန်ကျီချန်က အေးစက်စွာ ရယ်မောလိုက်သည်။

ထိုလူနှစ်ဦး၏ ဘေးတွင် ဤပဋိပက္ခ၏ အဓိကတရားခံများဖြစ်သော ဂျူနီယာညီလေးယဲ့နှင့် သူ၏ စေ့စပ်ထားသူ အမျိုးသမီးလေးတို့ ရပ်နေကြသည်။ သို့သော် လုံယီကမူ သူတို့ကို တစ်ချက်ကြည့်ပြီး စိတ်ထဲမှ တိတ်တဆိတ် ခေါင်းခါယမ်းလိုက်မိသည်။

ဂျူနီယာညီလေးယဲ့၏ စေ့စပ်ထားသူ ယွဲ့ယွဲ့မှာ အသားဖြူဖြူနှင့် အလွန်လှပသူလေးဖြစ်ရာ အမျိုးသားနှစ်ဦးကြား ပဋိပက္ခဖြစ်ပွားသည်မှာ မဆန်းလှချေ။

သို့သော် ယခုအချိန်တွင် သူမသည် ရုပ်ရည်ချောမောသော ယန်ကျီချန်ဘက်တွင် ရပ်နေသည်။ သူမသည် ခေါင်းကိုသာ ငုံ့ထားလေ့ရှိပြီး တစ်ဖက်အမျိုးသားအပေါ်တွင် အနည်းငယ် အားနာစိတ်ရှိနေပုံပင်။

တစ်ဖက်တွင် ရပ်နေသော အမျိုးသားမှာမူ အရပ်ပုပြီး မျက်နှာကလည်း ပြားချပ်နေသဖြင့် ရုပ်ရည်အားဖြင့် များစွာ နိမ့်ကျသည်။ ထို့ကြောင့် သူ၏ စေ့စပ်ထားသူက သူ့ကို သဘောမကျခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ သို့သော် သဘောမကျသည့်တိုင်အောင် စေ့စပ်ထားခြင်းကို ဖျက်သိမ်းခြင်းမှာ မည်သည့်ကမ္ဘာတွင်မဆို ကျိုးကြောင်းဆီလျော်မှုမရှိသလို ကိုယ်ကျင့်တရားနှင့်လည်း မညီပေ။

ယဲ့အမည်ရှိ တပည့်မှာ ပင်လယ်လေးသွယ်အသင်းဝင်ဖြစ်ပြီး ယန်ကျီချန်မှာမူ မြူပြာတိမ်တိုက်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် မိန်းကလေးတစ်ဦးအတွက် အငြင်းပွားရာမှသည် ပင်လယ်လေးသွယ်အသင်းနှင့် မြူပြာတိမ်တိုက်မဟာမိတ်အဖွဲ့ဟူသော အင်အားကြီးနှစ်စုကြား သိက္ခာပြိုင်ဆိုင်မှုအဖြစ်သို့ လုံးဝကူးပြောင်းသွားခဲ့သည်။

သူတို့မှာ အလောင်းထိန်းချုပ်ရေးဂိုဏ်း၏ အကြီးဆုံးသော တပည့်အဖွဲ့အစည်းနှစ်ခုဖြစ်ရာ အမြဲတစေ ပဋိပက္ခပေါင်းစုံ ရှိနေခဲ့ကြသည်။ အကြောင်းရင်းတစ်ခုခုကြောင့် ဂိုဏ်းအကြီးအကဲများမှာလည်း ဤကိစ္စကို သိသော်လည်း မသိကျိုးကျွံပြုထားလေ့ရှိကြသည်။

လုံယီမှာမူ ထိုနေရာသို့ ပွဲကြည့်ရန်သာ ရောက်ရှိလာခြင်းပင်။

ပြိုင်ပွဲကွင်းအတွင်း၌ ပင်လယ်လေးသွယ်အသင်းမှ ဝမ်ဖေးရွှင့်နှင့် မြူပြာတိမ်တိုက်မဟာမိတ်အဖွဲ့မှ ယန်ကျီချန်တို့သည် သူတို့၏ ကိုယ်ပိုင်အလောင်းများကို အသီးသီး ဆင့်ခေါ်လိုက်ကြသည်။

ထိုအလောင်းများ၏ အသွင်အပြင်မှာ လုံယီ ယခင်က မြင်ဖူးခဲ့သော အလောင်းများနှင့် မတူညီပေ။ သူတို့မှာ သာမန် သံအလောင်းထက် ပို၍ အရပ်ရှည်ကြသည်။ အရေပြားအရောင်မှာ ကြေးညိုရောင်ရှိပြီး ဆီသုတ်ထားသကဲ့သို့ ပြောင်လက်နေကာ လက်ချောင်းများတွင်လည်း အမည်းရောင် လက်သည်းချွန်များ ရှိနေကြသည်။

ထိုအလောင်းများ၏ မျက်ဝန်းများတွင် ရက်စက်ကြမ်းကြုတ်မှုနှင့်အတူ အသိဉာဏ်ရှိသည့် အရိပ်အယောင်များ ဝင်းပနေပြီး ပါးစပ်၏ တစ်ဖက်တစ်ချက်စီတွင် သုံးလက်မခန့် ရှည်လျားသော အဖြူရောင် အစွယ်နှစ်ချောင်းစီ ထွက်နေသည်။

သူတို့၏ ပေါ်လွင်နေသော ရင်ဘတ်များပေါ်တွင် ဇီးပန်းပွင့်ပုံစံ အမှတ်အသား လေးပွင့်စီကို ရှင်းလင်းစွာ ထွင်းထုထားသည်။ အသွင်အပြင်မှာ လူသားနှင့် ကွဲပြားနေဆဲဖြစ်ပြီး အထူးသဖြင့် မျက်နှာတည်ဆောက်ပုံမှာ သိသိသာသာ ကွဲပြားသည်။ ဝမ်ဖေးရွှင့်၏ ကိုယ်ပိုင်အလောင်းမှာ စတုရန်းပုံစံမျက်နှာရှိပြီး ယန်ကျီချန်၏ အလောင်းမှာမူ မျက်နှာဝိုင်းဝိုင်း ဖြစ်သည်။

ကြေးအလောင်းတွေလား

လုံယီအနေဖြင့် ကြေးအလောင်းများ တိုက်ခိုက်သည်ကို မြင်တွေ့ရခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ အလောင်းထိန်းချုပ်ရေးဂိုဏ်း၏ ကိုယ်ပိုင်အလောင်းများတွင် အဆင့်ခုနစ်ဆင့် ရှိကာ မြက်အလောင်း၊ လမ်းလျှောက်အလောင်း၊ ဝိညာဉ်အလောင်း၊ သံအလောင်း၊ ကြေးအလောင်း၊ ငွေအလောင်းနှင့် ရွှေအလောင်းတို့ ဖြစ်ကြသည်။

အသစ်ရရှိထားသော အလောင်းများမှာ မလှုပ်ရှားနိုင်သဖြင့် မြက်အလောင်းများ ဖြစ်ကြသည်။ သူတို့ကို နှစ်ရှည်လများ ကျင့်စဉ်များဖြင့် ပြုပြင်ပြီးမှသာ လမ်းလျှောက်အလောင်းများအဖြစ်သို့ ပြောင်းလဲနိုင်သည်။ ဝိညာဉ်အသိရှိပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် လှုပ်ရှားနိုင်သော ဝိညာဉ်အလောင်းများကိုမူ များသောအားဖြင့် အတွင်းစည်းတပည့်များသာ ပိုင်ဆိုင်ကြသည်။

ထိပ်တန်းအဆင့်ရှိသူ အနည်းငယ်သာလျှင် သူတို့ကို သံအလောင်းများဖြစ်အောင် ပြုပြင်နိုင်သည့် အခွင့်အရေးရှိကြသည်။ အမွေခံတပည့်များ၏ ကိုယ်ပိုင်အလောင်းများမှာ များသောအားဖြင့် သံအလောင်းအဆင့်တွင် ရှိကြပြီး ကြေးအလောင်းအဖြစ် ပြုပြင်နိုင်သူများမှာမူ အတော်ဆုံးသူများသာ ဖြစ်ကြသည်။

ကြေးအလောင်းအဆင့်သို့ ရောက်ရှိသွားပါက သူတို့၏ အရှိန်အဟုန်မှာ သိသိသာသာ မြင့်တက်သွားပြီး မှော်အတတ်များကိုလည်း ကိုယ်တိုင် အသုံးပြုနိုင်ကြရာ ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။ ထို့ကြောင့် ကိုယ်ပိုင်အလောင်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ လုံးဝကို သိသိသာသာ ပြောင်းလဲသွားခြင်းပင်။

မြူပြာတိမ်တိုက်မဟာမိတ်အဖွဲ့မှ ရင်းနှီးပြီးသားဖြစ်သော အလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လောင်းကစားဝိုင်းကို စတင်ဖွင့်လှစ်လိုက်သည်။

"ထုံးစံအတိုင်းပဲ... ဝမ်ဖေးရွှင့်ရဲ့ အလောင်းနိုင်မယ်လို့ လောင်းချင်ရင် ငွေတွေကို ဘယ်ဘက်ဗန်းထဲမှာ ထည့်ပါ။ ယန်ကျီချန်ရဲ့ အလောင်းနိုင်မယ်လို့ လောင်းချင်ရင် ညာဘက်ဗန်းထဲမှာ ထည့်ပါ။ ရလဒ်ထွက်လာတဲ့အခါ ငါတို့မဟာမိတ်အဖွဲ့က ၁၀ ရာခိုင်နှုန်း ဖြတ်မှာဖြစ်ပြီး ကျန်တဲ့နိုင်ကြေးတွေကိုတော့ လောင်းကြေးအချိုးအစားအတိုင်း ပြန်ခွဲပေးသွားပါမယ်။ များများလောင်းရင် များများနိုင်မှာဖြစ်ပြီး နည်းနည်းလောင်းရင်တော့ နည်းနည်းပဲ ရမှာပါ"

"အစ်ကိုလုံ..."

လုံယီ ပွဲကြည့်ကောင်းနေစဉ်မှာပင် သူ၏နောက်ကွယ်မှ ရင်းနှီးနေသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေတော့သည်။

ခေါင်းလှည့်ကြည့်လိုက်သောအခါ အေးစက်သော အလှဘုရင်မလေး ယို့ချင်းယီကို တွေ့လိုက်ရသည်။

တပည့်နှစ်ဦး အလုအယက်ဖြစ်နေကြသော ယွဲ့ယွဲ့ဆိုသည့် မိန်းကလေးမှာ ယို့ချင်းယီနှင့် ယှဉ်လျှင် ကိုယ်လုံးကိုယ်ပေါက်၊ အသားအရေနှင့် တင့်တယ်မှုတို့တွင် အပြတ်အသတ် နိမ့်ကျသည်။ သို့သော် ယို့ချင်းယီ၏ ဘေးတွင် ရပ်နေသော မိန်းကလေးမှာမူ သူမနှင့် အလှချင်း ပြိုင်နိုင်စွမ်းရှိသည်။

သူမသည် အသက် ၂၀ ခန့်ရှိပုံရပြီး ယို့ချင်းယီကဲ့သို့ပင် အရပ်ရှည်သည်။ စွဲမက်ဖွယ်မျက်ဝန်းများနှင့် ပါးပြင်နုနုတို့မှာ လဆန်းအလား လှပသော မျက်ခုံးတန်းလေးများအောက်တွင် ဝင်းပနေသည်။ ပြုံးလိုက်လျှင် ပါးချိုင့်လေးများ ပေါ်လာတတ်ပြီး ငယ်ရွယ်နုပျိုသော ဆွဲဆောင်မှုအပြည့် ရှိသည်။

သို့သော် အာရုံအဖမ်းစားဆုံးမှာ သူမ၏ ပြည့်ဖြိုးလှသော ရင်အုပ်ပင်။ အလောင်းထိန်းချုပ်ရေးဂိုဏ်း၏ ပွပွယောင်းယောင်း ဝတ်စုံများပင်လျှင် ထိုအလှကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ လောကအတွေ့အကြုံများလှသော လုံယီပင်လျှင် ရင်သပ်ရှုမော ဖြစ်သွားရသည်။ သူ၏ ယခင်ဘဝက ကိုယ်လုံးကိုယ်ပေါက်ကြောင့် ကျော်ကြားခဲ့သော လျူအမည်ရှိ မင်းသမီးပင်လျှင် သူမရှေ့တွင် ခေါင်းငုံ့ရပေလိမ့်မည်။

သူမသည် လုံယီကို စနောက်လိုသော အမူအရာဖြင့် ကြည့်ကာ "ချင်းယီ... ဒါက မင်းပြောနေတဲ့ ငယ်သူငယ်ချင်း ဂျူနီယာညီလေးလုံလား" ဟု မေးလိုက်သည်။

"စီနီယာအစ်မပိ... နောက်မနေပါနဲ့အဲ့လိုမဟုတ်ပါဘူးလို့ ကျွန်မ ပြောပြီးသားပဲကို"

ယို့ချင်းယီက အနည်းငယ် စိတ်ရှုပ်သွားသည့်လေသံဖြင့် ပြောပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်သည်။

"အစ်ကိုလုံ... ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မယ်လို့ ထင်သလဲ"

လုံယီ ပြန်မဖြေရသေးမီမှာပင် ဘေးမှ ဘဲအသံကဲ့သို့ စူးရှရှအသံတစ်ခု ထွက်ပေါ်လာသည်။

"ဒါပေါ့... ငါတို့ မြူပြာတိမ်တိုက်မဟာမိတ်အဖွဲ့က စီနီယာအစ်ကိုယန် နိုင်မှာပေါ့"

အရပ်ပုပု အဆီတစ်ဝင်းဝင်းနှင့် ဝမ်ဝမ်ပိုင်မှာ မင်းသားအထာဖြင့် လျှောက်လာသည်။ သူ၏ဘေးတွင် ကျန်းပေါင်ဖုန်းနှင့် အခြားနောက်လိုက်များလည်း ပါလာကြသည်။ သူက လုံယီကို မထီမဲ့မြင်ကြည့်ကာ "ဝိညာဉ်သန့်စင်ခြင်း ဒုတိယအဆင့်လောက်က ကြေးအလောင်းတွေရဲ့ တိုက်ခိုက်ရေးနည်းစနစ်ကို နားလည်နိုင်လို့လား"

"အဲ့လိုတော့လည်း မဟုတ်ပါဘူး။ အစ်ကိုလုံက အလောင်းလောင်းကစားတဲ့နေရာမှာ နာမည်ကြီးလေ။ လိုက်မေးကြည့်ပါ... အစ်ကိုလုံရဲ့ နတ်ဘုရားသဖွယ် လောင်းကစားတဲ့ သတင်းကို မကြားဖူးတဲ့သူ မရှိသလောက်ပဲ"

မည်သည့်အချိန်က ရောက်နေမှန်းမသိသော ရုံရွှယ်ကျန်းကလည်း လုံယီ့ဘက်မှ ဗြောင်ကျကျ ထောက်ခံပေးလိုက်သည်။

"သူ လောင်းကစားခဲ့တာတွေက ဝိညာဉ်အလောင်းနဲ့ သံအလောင်းတွေလေ။ ဒီကြေးအလောင်းတွေက ဝိညာဉ်သန့်စင်ခြင်း အထွတ်အထိပ်ရောက်နေတဲ့ ကျင့်ကြံသူတွေနဲ့ တန်းတူတိုက်နိုင်

တာ။ သူက ဘာသိမှာလဲ"

ဝမ်ဝမ်ပိုင်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

ယို့ချင်းယီ၏ဘေးမှ ပါးချိုင့်လေးနှင့် မိန်းကလေးက လုံယီကို မေးပြန်သည်။

"အစ်ကိုကော ဘယ်သူနိုင်မယ် ထင်လဲ"

"သေချာတာပေါ့... ပင်လယ်လေးသွယ်အသင်းက ဝမ်ဖေးရွှင့် နိုင်မှာပါ"

"ဘာဖြစ်လို့လဲ အစ်ကိုတော့်သူငယ်ချင်းက ပင်လယ်လေးသွယ်အသင်းကမို့လို့ အားပေးတာလား" ပါးချိုင့်လေးနှင့် မိန်းကလေးက စိတ်ဝင်တစား မေးလိုက်သည်။ လုံယီသည်လည်း ပင်လယ်လေးသွယ်အသင်းသို့ ဝင်ထားသည်ကို သူမ မသိချေ။

"မဟုတ်ပါဘူး... ဒီကောင်က ပါးစပ်သပုဒ်လေလွန်းလို့ မြူပြာတိမ်တိုက်မဟာမိတ်အဖွဲ့က ခေါင်းဆောင်ကို နိမိတ်နာပြီး ရှုံးအောင် ဆွဲချသွားနိုင်လို့လေ"

လုံယီက ဝမ်ဝမ်ပိုင်ကို လက်ညှိုးထိုးပြရင်း ပြုံးလျက် ပြောလိုက်သည်။

အခန်း။ ၃၂၆

"မင်း... မင်း ငါ့ကို..."

ဝမ်ဝမ်ပိုင်မှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ရင်နေတော့သည်။

သို့သော် လုံယီက သူ့ထံသို့ ခြေလှမ်းနှစ်လှမ်းခန့် တိုးလာသည်ကို မြင်လိုက်ရသောအခါ ယခင်က ဝက်ခေါင်းဖြစ်အောင် အရိုက်ခံခဲ့ရသည့် မြင်ကွင်းကို ချက်ချင်း သတိရသွားသည်။ သူသည် အသိစိတ်မဲ့စွာဖြင့် နောက်သို့ အလန့်တကြား ဆုတ်လိုက်ရာ နောက်တွင် ကပ်လျက်ရှိနေသော သူ၏နောက်လိုက် ကျန်းပေါင်ဖုန်းနှင့် တည့်တည့်တိုးပြီး နှစ်ယောက်သား ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လှိမ့်ကူးသွားကြသည်။

"ဟားဟားဟား"

ပတ်ဝန်းကျင်ရှိ ပွဲကြည့်ပရိသတ်များမှာ ဝိုင်း၍ ရယ်မောကြတော့သည်။

ဝမ်ဝမ်ပိုင်သည် ပြန်ထလာပြီးနောက် လုံယီကို ရန်ငြိုးအပြည့်ဖြင့် စိုက်ကြည့်နေသည်။ သူက အော်ဟစ်လိုက်သည်။

"လုံယီ... မင်းက ဒီလောက်တောင် ယုံကြည်ချက်ရှိနေရင် အလောင်းအစား လုပ်ရဲလား မင်း ဘယ်လောက်ပဲ လောင်းလောင်း ငါက နှစ်ဆ ပြန်တင်ကြေးနဲ့ လိုက်မယ်"

ငွေကြေးဆိုသည်မှာ ဝမ်ဝမ်ပိုင်အတွက် ဘယ်သောအခါမှ မရှားပါးခဲ့ချေ။

"ဘာလို့ မလုပ်ရဲရမှာလဲ"

လုံယီက ပြုံးလျက်ပင် "ငါ ငွေငါးထောင် လောင်းမယ်" ဟု ပြောလိုက်သည်။

"ဟူး..."

လူအုပ်ကြီးထဲမှ အံ့သြတုန်လှုပ်စွာ အသက်ရှူသံများ တရစပ် ထွက်ပေါ်လာသည်။

ငွေငါးထောင်ဆိုသည်မှာ သေးငယ်သော ပမာဏမဟုတ်ပေ။ ကျောက်နိုင်ငံအတွင်းရှိ သာမန်မြို့တစ်မြို့တွင် အိမ်ရာဝင်းကြီးတစ်ခုကို အလွယ်တကူ ဝယ်ယူနိုင်သည့် ပမာဏဖြစ်သည်။ ဝိညာဉ်ကျင့်ကြံသူများ၏ အမြင်တွင် ရွှေနှင့်ငွေမှာ ထိုမျှ အရေးမပါဟု ဆိုသော်လည်း ဤမျှများပြားသော ပမာဏမှာ အံ့အားသင့်စရာပင်။ ထို့ပြင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်သို့ မရောက်သေးသရွေ့ ကျင့်ကြံသူများသည် လူ့လောကနှင့် အဆက်အသွယ်ရှိနေရဦးမည်ဖြစ်ရာ ရွှေငွေကို လုံးဝ လျစ်လျူရှုထား၍ မရနိုင်ပေ။

"ကောင်းပြီ... ငါ လိုက်တယ်"

ဝမ်ဝမ်ပိုင်သည် သူ့ကိုယ်သူ ချမ်းသာသူဟု ဂုဏ်ယူနေသူဖြစ်သော်လည်း ငါးထောင်ဆိုသည့် စကားကို ကြားလိုက်ရချိန်တွင် သူ၏ မျက်ခုံးများ သိသိသာသာ တွန့်ချိုးသွားသည်။ သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်နိုင်ငံ ငွေစက္ကူအထပ်လိုက်ကို ထုတ်ယူကာ လောင်းကစားဒိုင်ထံသို့ လျှောက်သွားတော့သည်။

တစ်ဖက်တွင်လည်း ဝမ်ဝမ်ပိုင် ကျောခိုင်းသွားသည်နှင့် လုံယီသည် ယို့ချင်းယီ၏ ဘေးသို့ ကပ်သွားကာ တိုးတိုးလေး ကပ်မေးလိုက်သည်။

"ငါ့ကို ငွေခဏ ချေးပါဦး"

"ဘယ်လောက် လိုလို့လဲ"

"ငါးထောင်"

ယို့ချင်းယီ : "ကျွန်မဆီမှာ အဲ့လောက်အများကြီး မရှိဘူး"

"နင် လိုတာကို ငါ စိုက်ပေးမယ်"

ဘေးနားရှိ ပါးချိုင့်လေးနှင့် မိန်းကလေးက ပြုံးလျက် ဝင်ပြောလိုက်လေတော့သည်။

သူမ၏ ထက်မြက်သော မျက်ဝန်းများမှာ လုံယီနှင့် ယို့ချင်းယီကြားတွင် တစ်ခုခုကို ရှာဖွေတွေ့ရှိလိုသည့်အလား အပြန်အပြန်အလှန်လှန် အကဲခတ်နေသည်။ သို့သော် သူတို့နှစ်ဦးလုံးမှာ ပုံမှန်အတိုင်းပင် ရှိနေကြပြီး ထိုမိန်းကလေး မျှော်လင့်ထားသည့် အရိပ်အယောင်မျိုး မတွေ့ရသဖြင့် သူမ၏ မျက်နှာတွင် အနည်းငယ် စိတ်ပျက်သွားသည့် အမူအရာ ပေါ်လာသည်။

အားလုံး လောင်းကြေးများ ထပ်ပြီးသောအခါ ကွင်းအတွင်းရှိ ကြေးအလောင်းနှစ်ခုမှာ စတင်

၍ ထိပ်တိုက်တွေ့ကြသည်။

ဝူး... ဝူး... ဝူး

မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ဦးလုံးမှာ မူလနေရာမှ ပျောက်ကွယ်သွားကြသည်။ သာမန်မျက်စိဖြင့် လိုက်မကြည့်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ကွင်းအတွင်း ဟိုမှသည်သို့ လျင်မြန်စွာ ရွေ့လျားနေကြသည်။ ပွဲကြည့်ပရိသတ်များမှာ ဝေဝါးနေသော ပုံရိပ်ယောင်များကိုသာ မြင်တွေ့နေရပြီး မျက်စိပင် ကျိန်းလာရသည်။

ချွင်... ချွင်... ချွင်

သတ္တုချင်း ထိခိုက်မိသည့် ပြတ်သားသော အသံများမှာ တရစပ် ထွက်ပေါ်လာပြီး နားစည်များပင် နာကျင်လာရသည်။ ကွင်းအတွင်း၌ အဖြူရောင် မီးပွင့်များမှာလည်း တဖွဲဖွဲ လွင့်စင်နေကြ၏။

“မြန်လည်းမြန် အားလည်းကောင်း ခိုင်လည်းခိုင်ပါလား... ဒါ ကြေးအလောင်းရဲ့ စွမ်းရည်ပေါ့လေ”

“ကြေးအလောင်းသာ ထွက်ပေါ်လာရင် ငါတို့ အလောင်းထိန်းချုပ်ရေးဂိုဏ်းရဲ့ အဆင့်တူ ကျင့်ကြံသူတွေက ဘယ်သူနဲ့မဆို ယှဉ်နိုင်တယ်ဆိုတဲ့ စကားက အပိုမဟုတ်ဘူးပဲ”

“ကြေးအလောင်းတစ်ကောင် ဖြစ်လာဖို့က အရမ်းခက်တာ။ အမွေခံတပည့် ဆယ်ယောက်မှာ တစ်ယောက်တောင် အောင်အောင်မြင်မြင် သွန်းလုပ်နိုင်ဖို့ မလွယ်ဘူး”

တပည့်များစွာမှာ အံ့သြချီးကျူးနေကြပြီး ဘေးမှ စောင့်ကြည့်နေသော လုံယီပင်လျှင် အနည်းငယ် အံ့အားသင့်သွားရသည်။ ဤကြေးအလောင်းများ၏ အရှိန်မှာ သူ၏ လျင်မြန်

ခြင်းပါရမီ အဆင့်မတက်မီက အရှိန်ထက်ပင် မနိမ့်ကျချေ။ သူတို့သည် လူသားတို့၏ ကန့်သတ်ချက်ကို များစွာ ကျော်လွန်နေကြပြီး လှုပ်ရှားနေသော မှော်လက်နက်များနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

သို့သော် ယခုအခါ လုံယီသည် သူ၏ လျင်မြန်ခြင်းပါရမီကို ကျွမ်းကျင်မှုအထွတ်အထိပ် အဆင့်သို့ မြှင့်တင်ထားပြီးဖြစ်ရာ သူ၏ အရှိန်မှာ ယခင်ထက် နှစ်ဆကျော် ပိုမြန်နေပြီဖြစ်သည်။ ဤအချက်မှာ ရှေ့မှ ကြေးအလောင်းနှစ်ခု မည်သို့မျှ လိုက်မမီနိုင်သော အရာပင်။

ချွင်... ချွင်... ချွင်... ချွင်

ဘုန်း... ဘုန်း... ဘုန်း... ဘုန်း

ကြေးအလောင်းနှစ်ခုမှာ တစ်ဦးနှင့်တစ်ဦး အလျှော့မပေးဘဲ ပြင်းထန်စွာ ဆက်လက် တိုက်ခိုက်နေကြလေတော့သည်။

ပြင်းထန်လှသော ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် ဖြစ်ပေါ်လာသည့် အဖြူရောင်စွမ်းအင်လှိုင်းကြီးများမှာ အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားသည်။ ဧည့်သည်တော်တောင်ထိပ်တွင် လေပြင်းများ တိုက်ခတ်နေသကဲ့သို့ ဖြစ်နေပြီး အနီးနားရှိ လူများမှာ မျက်လုံးပင် ကောင်းကောင်းဖွင့်၍ မရကြတော့ပေ။

အတန်ကြာ တိုက်ခိုက်ပြီးနောက် တိုက်ပွဲမှာ အဆုံးအဖြတ်ပေးမည့် အလှည့်အပြောင်းသို့ ရောက်ရှိလာသည်။

ဒုန်းဟူသော ကျယ်လောင်သည့် အသံကြီးနှင့်အတူ အမည်းရောင် ပုံရိပ်တစ်ခုမှာ အမြင့်မှနေ၍ ပြင်းထန်စွာ ရိုက်ချခံလိုက်ရပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်သွားသည်။ အနီးနားရှိ လူအားလုံးမှာလည်း သူတို့၏ ခြေဖဝါးအောက်မှ မြေပြင်ကြီး သိသိသာသာ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

အသာစီးရလိုက်သူ၏ ပုံရိပ်မှာ ထင်ထင်ရှားရှား ပေါ်ထွက်လာရာ မျက်နှာဝိုင်းဝိုင်းနှင့် ယန်ကျီချန်၏ ကိုယ်ပိုင်အလောင်း ဖြစ်နေသည်။

“ကောင်းတယ်... ဆက်တိုက်စမ်း”

“ဒီပင်လယ်လေးသွယ်အသင်းက ကောင်တွေကို မြင်ရတာ အတော်လေး စိတ်တိုဖို့ကောင်းတာ။ သူတို့ကို ကောင်းကောင်းကြီး ပညာပေးလိုက်စမ်း”

“ထုစမ်း... အားရပါးရသာ ဆော်ပစ်လိုက်”

မြူပြာတိမ်တိုက်မဟာမိတ်အဖွဲ့မှ ယန်ကျီချန် နိုင်မည်ဟု လောင်းထားသူများမှာ ငွေစများက သူတို့ကို လက်ယပ်ခေါ်နေသကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်အားပေးနေကြသည်။ သို့သော် သူတို့၏ မျှော်လင့်ချက်များမှာ မကြာမီမှာပင် ရေပွက်ပမာ ပျောက်ကွယ်သွားခဲ့ရသည်။

ဒုန်းဟူသော အသံနှင့်အတူ အမည်းရောင်ပုံရိပ်မှာ ကျင်းထဲမှ ကောင်းကင်ယံသို့ ဝုန်းခနဲ ပြန်လည် ပျံတက်လာပြီး အဖြူရောင် လေပွေလှိုင်းတစ်ခုကိုပါ သယ်ဆောင်လာသည်။ ၎င်းသည် ကျင်းထဲသို့ ငုံ့ကြည့်နေသော မျက်နှာဝိုင်းဝိုင်းနှင့် ကြေးအလောင်းကို အောက်မှနေ၍ ပင့်ထိုးလိုက်ရာ တာပေါင်း ဆယ်ဂဏန်းခန့် မြင့်သော ကောင်းကင်ယံသို့ လွင့်စင်သွားတော့သည်။

ဝမ်ဖေးရွှင့်၏ စတုရန်းပုံစံမျက်နှာနှင့် ကြေးအလောင်းသည် ကောင်းကင်ယံသို့ မည်သည့်ခံစားချက်မျှမရှိသော မျက်နှာဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် ၎င်း၏ လက်ငါးချောင်းကို မျက်နှာဝိုင်းနှင့် ကြေးအလောင်းရှိရာသို့ ဖြန့်ကား၍ ချိန်ရွယ်လိုက်သည်။

ရှု... ရှု... ရှုဟူသော အသံများ တရစပ် မြည်ဟည်းသွားသည်။

စတုရန်းပုံစံမျက်နှာနှင့် ကြေးအလောင်း၏ လက်ချောင်းတိုင်းမှ မီးခိုးရောင် ချည်မျှင်လေးများ ပန်းထွက်လာသည်။ ထိုချည်မျှင်များသည် မြွေပွေးများအလား လေထဲတွင် ကူးခတ်သွားပြီး တစ်ခုနှင့်တစ်ခု ရှုပ်ယှက်ခတ်လျက် ခိုင်ခံ့သော ပိုက်ကွန်ကြီးတစ်ခုအသွင် ချက်ချင်းပြောင်းလဲကာ မျက်နှာဝိုင်းဝိုင်းနှင့် ကြေးအလောင်းကို တင်းကျပ်စွာ ရစ်ပတ်ပစ်လိုက်တော့သည်။

စီ... စီ...

ထိုချည်မျှင်များမှာ အလွန်ပြင်းထန်သော တိုက်စားနိုင်စွမ်းရှိသည်မှာ ထင်ရှားသည်။ မျက်နှာဝိုင်းဝိုင်းနှင့် ကြေးအလောင်းကို ရစ်ပတ်မိသွားချိန်တွင် ထိတွေ့မိသော နေရာများမှ အဖြူရောင်မီးခိုးများ အူထွက်လာပြီး ကိုယ်ထည်ပေါ်တွင်လည်း ထင်ထင်ရှားရှား အစင်းရာများ ထင်ကျန်ရစ်သည်။

လေပေါ်ရှိ မျက်နှာဝိုင်းနှင့် ကြေးအလောင်းမှာ ဟန်ချက်ပျက်နေပြီဖြစ်ရာ ယင်စွမ်းအင်သုံး ပိုးပိုက်ကွန်၏ ရစ်ပတ်မှုကို ခံလိုက်ရသောအခါ ရုန်းကန်ရန်ပင် ခက်ခဲသွားတော့သည်။

“ကောင်းပြီ... ငါတို့ နိုင်ပြီဟေ့”

“ကဲ... ဆက်ပြီး တိုက်နေကြဦးလေ တိုက်ကြဦး”

“မြန်မြန်လေး အပြင်ကို လွှင့်ပစ်လိုက်စမ်းပါ”

အခြေအနေမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားပြီး ဝမ်ဖေးရွှင့်ဘက်မှ လောင်းထားသူများမှာ အားရပါးရ အော်ဟစ်ကာ အောင်ပွဲခံနေကြသည်။

ဝူး

ဝမ်ဖေးရွှင့်၏ စတုရန်းပုံစံမျက်နှာနှင့် ကြေးအလောင်းမှာ ပိုးပိုက်ကွန်ဖြင့် ရစ်ပတ်ထားသော ပြိုင်ဘက်ကို မြေပြင်ပေါ်သို့ အားကုန် ရိုက်ချလိုက်သည်။ ၎င်းမှာ စောစောက သူအရိုက်ခံလိုက်ရသည့်အတွက် ပြန်လည် လက်စားချေလိုက်ခြင်းပင်။ ထို့နောက် ထိုကြေးအလောင်းသည် ချည်မျှင်များကို အသုံးပြု၍ ပြိုင်ဘက်ကို တိုက်ပွဲကွင်းပြင် အပြင်ဘက်သို့ လွှင့်ထုတ်ရန် ကြိုးစားလိုက်သည်။

ဖူးး

ရုတ်တရက်ဆိုသလို မြေပြင်နှင့် မနီးမဝေးတွင် ရှိနေသော မျက်နှာဝိုင်းဝိုင်းနှင့် ကြေးအလောင်းက ပါးစပ်ကို ဟ၍ အမည်းရောင် မြူခိုးတိမ်တိုက်တစ်ခုကို မှုတ်ထုတ်လိုက်သည်။ ၎င်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်လှသော အရှိန်ဖြင့် စတုရန်းပုံစံမျက်နှာနှင့် ကြေးအလောင်း၏ မျက်နှာတည့်တည့်သို့ ပြေးဝင်သွားတော့သည်။

ထိုအမည်းရောင်မြူခိုးများမှာ သက်ရှိတစ်ခုကဲ့သို့ လေထဲတွင် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနေပြီး တစ်ခါတစ်ရံ မြင်းတစ်ကောင်ကဲ့သို့ တစ်ခါတစ်ရံ ငါးတစ်ကောင်ကဲ့သို့ ထူးဆန်းစွာ မြင်တွေ့ရသည်။ စတုရန်းပုံစံမျက်နှာနှင့် ကြေးအလောင်းမှာ ထိုမြူခိုးများနှင့် မျက်နှာကို တည့်တည့်မှန်သွားသည်နှင့် တပြိုင်နက် ချက်ချင်းပင် လဲကျသွားတော့သည်။

၎င်းသည် ပက်လက်လှန်လျက် မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ် ဖြစ်သွားပြီး ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ် တုန်ရင်နေသည်။ နီရဲနေသော မျက်လုံးများမှာလည်း ဝေဝါးသွားကာ တဖြည်းဖြည်း မှေးစင်းသွားတော့သည်။

“ဒါက... ဝိညာဉ်ဝါးမျိုမြူပဲ။ အင်မတန် ရက်စက်ပြီး ယုတ်ညံ့တဲ့ အတတ်ပဲ။ သာမန်လူတွေသာ ထိရင် ချက်ချင်း ဝိညာဉ်လွင့်ပြီး တစ်သက်လုံး လူအဖြစ်ပဲ ကျန်တော့မှာ။ ကြေးအလောင်းတောင်မှ ဒါကို ခုခံဖို့ ခက်တယ်။ ခဏလေးအတွင်းမှာ သတိပြန်ရဖို့ မလွယ်ဘူး”

“ယန်ကျီချန်ရဲ့ ကိုယ်ပိုင်အလောင်းက ဒီလောက်ခက်ခဲတဲ့ လျှို့ဝှက်အတတ်ကို တတ်မြောက်ထားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ နောက်လာမယ့် ဂိုဏ်းတွင်းပြိုင်ပွဲမှာ သူကတော့ တောက်ပလာတော့မှာ အသေအချာပဲ”

လူအုပ်ကြီးမှာ အံ့သြတုန်လှုပ်နေကြပြီး ဝမ်ဖေးရွှင့်မှာ ရှုံးနိမ့်ရန်သာ ရှိတော့သည်ဟု ယူဆနေကြသည်။ သို့သော်လည်း မျက်နှာဝိုင်းဝိုင်းနှင့် ကြေးအလောင်းက စတုရန်းပုံစံမျက်နှာနှင့် ကြေးအလောင်းကို ကွင်းပြင်အပြင်ဘက်သို့ ကန်ထုတ်ရန် ပြင်လိုက်ချိန်မှာပင် စတုရန်းပုံစံမျက်နှာနှင့် ကြေးအလောင်းမှာ မျက်လုံးပင် ပွင့်မလာသေးဘဲ ဖြောင်းဟူသော အသံနှင့်အတူ ပြိုင်ဘက်၏ ခြေကျင်းဝတ်ကို အတင်းလှမ်းဖမ်းလိုက်သည်။ ထို့နောက် လက်သည်းတစ်ဖက်ဖြင့် မြေပြင်ကို အားပြုကာ ကျန်လက်တစ်ဖက်ဖြင့် မမျှော်လင့်ထားသော ပြိုင်ဘက်ကို အားကုန် လွှင့်ပစ်လိုက်တော့သည်။

မျက်နှာဝိုင်းဝိုင်းနှင့် ကြေးအလောင်းမှာ အငိုက်မိသွားပြီး တိုက်ပွဲကွင်းပြင်အပြင်ဘက်သို့ လွင့်စင်သွားခဲ့ရသည်။ ၎င်းသည် ကွင်းပြင်ပြင်ပသို့ ကျရောက်သွားပြီးနောက်တွင်မှ စတုရန်းပုံစံမျက်နှာနှင့် ကြေးအလောင်းမှာလည်း ခေါင်းကို မော့လျက် မြေပြင်ပေါ်သို့ ပြန်လည် လဲကျသွားပြန်သည်။

သို့သော် နိုင်ရှုံးမှာ အဆုံးအဖြတ် ပေါ်ထွက်သွားပြီ ဖြစ်သည်။ ယန်ကျီချန်၏ ကိုယ်ပိုင်အလောင်းမှာ ကွင်းပြင်ပြင်ပသို့ အရင်ဆုံး ရောက်ရှိသွားခဲ့သည်။

“ကောင်းတယ်”

ယန်ကျီချန်က ဝမ်ဖေးရွှင့်ကို ခက်ထန်စွာ ကြည့်လိုက်ပြီး “မင်းရဲ့ အလောင်းကို ပြုပြင်တဲ့အတတ်က ဒီလောက်အထိ နက်ရှိုင်းလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဝိညာဉ်ဝါးမျိုမြူကိုတောင် ဒီလောက်အလွယ်တကူ ရုန်းထွက်နိုင်တယ်ပေါ့”

ဝမ်ဖေးရွှင့်၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက ချက်ချင်းပင် အမူအရာကို ပြင်လိုက်ကာ ခပ်အေးအေးပင် ရယ်မောလိုက်သည်။

“ယန်ကျီချန်... မင်း ရှုံးတာကို ဝန်ခံပြီလား”

All Chapters