← Chapters

အခန်း (၃၂၉-၃၃၀)

Vol. 33 Ch. 329-330

အခန်း (၃၂၉-၃၃၀)

Vol. 33 Ch. 329-330

အခန်း။ ၃၂၉

“အော်... ဒါက တကယ်ကို သတင်းကောင်းပဲ"

လုံယီ၏ အမူအရာက ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။

“ဒါပေမဲ့ ကျွန်တော်က အခု ကျင့်ကြံခြင်းမှာ အဟန့်အတားတစ်ခုနဲ့ ကြုံနေရလို့ အပြင်ကို ထွက်ဖို့ မလွယ်သေးဘူး။ ဒီနေရာကနေပဲ ဂုဏ်ပြုကြောင်း အရင်ပြောပါရစေ"

လုံယီက ငြင်းပယ်လိုက်သည်သာမက ဂုဏ်ပြုလက်ဆောင်ပင် ပြင်ဆင်ထားခြင်းမရှိသည်ကို မြင်သောအခါ ရုံရွှယ်ကျန်းက တစ်ခုခုကို ရိပ်မိသွားပုံပင်။ သူက လုံယီ၏ ပုခုံးကို ပုတ်ကာ “ဒါဆိုရင်လည်း ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါဦး” ဟု ပြောလိုက်သည်။

ရုံရွှယ်ကျန်းသည် ခဏမျှ စဉ်းစားပြီးနောက် ဝမ်တောက်တောင်သို့ ပြန်လာခဲ့ပြီး ကြီးမားသော ဂူဗိမာန်တစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ ထိုဂူဗိမာန်ကို ဖြူဖွေးသော မြူခိုးများက ဝန်းရံထားပြီး အတွင်းဘက်တွင် အနီရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကာ အထက်ကောင်းကင်တွင်လည်း ကြိုးကြာငှက်များ ပျံသန်း၍ အော်နေကြသည်။ ဂူဗိမာန်၏ တံခါးမကြီးပေါ်ရှိ ကမ္ပည်းပြားတွင် “ယွီချန်” ဟူသော ရွှေရောင်စာလုံးနှစ်လုံးကို ထွင်းထုထားသည်။

ရုံရွှယ်ကျန်းက တံခါးစောင့်လုလင်ကို “ငါ မိတ်ဆွေ ယို့ချင်းယီနဲ့ တွေ့ချင်လို့ပါ။ အကြောင်းကြားပေးပါဦး” ဟု ပြောလိုက်သည်။

ထိုလုလင်က “စီနီယာအစ်ကို... ခဏလောက် စောင့်ပေးပါ” ဟု လေသံရှည်ဖြင့် ပြန်ဖြေသည်။

အချိန်အနည်းငယ်အတွင်းမှာပင် ရုံရွှယ်ကျန်းသည် ထိုလုလင်၏ လမ်းပြမှုဖြင့် ဂူဗိမာန်အတွင်းသို့ ဝင်ရောက်ကာ ယို့ချင်းယီနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

“မိန်းကလေးယို့... ကျွန်တော် ဒီတစ်ခေါက်လာတာက လူတစ်ယောက်ရဲ့ ကိုယ်စား စားပွဲသောက်ပွဲတစ်ခုကို ဖိတ်ကြားချင်လို့ပါ”

“ဘာလဲ”

ယို့ချင်းယီက သံသယဖြင့် မေးလိုက်သည်။

“ပင်လယ်လေးသွယ်အသင်းက ကျွန်တော့်ရဲ့ မိတ်ဆွေ တူရှင်းလေ... သူက အခု ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့်ကို တက်သွားလို့ အဲ့ဒါ...”

ရုံရွှယ်ကျန်း စကားမဆုံးမီမှာပင် ယို့ချင်းယီက အေးစက်စွာ ဖြတ်ပြောလိုက်သည်။ “ကျွန်မ အချိန်မအားဘူးလို့ပဲ သူ့ကို ပြန်ပြောလိုက်ပါ”

ရုံရွှယ်ကျန်းမှာ အနေခက်ခြင်းမရှိဘဲ ပြုံးလျက်ပင် “ကောင်းပါပြီ... မိန်းကလေးယို့က ကျင့်ကြံခြင်းမှာ အလုပ်များနေလို့ မလာနိုင်ဘူးလို့ပဲ ကျွန်တော် ပြန်ပြောလိုက်ပါ့မယ်”

ထွက်ခွာသွားသော ယို့ချင်းယီ၏ ကျောပြင်ကို ကြည့်ရင်း လုံယီ၏ စောစောက တုံ့ပြန်မှုကိုပါ ပြန်လည်သတိရလိုက်မိရာ ရုံရွှယ်ကျန်းက ပြီးခဲ့တဲ့ တာဝန်မှာ တစ်ခုခုတော့ ထူးခြားမှုရှိခဲ့ပုံပဲဟု တွေးတောနေမိတော့သည်။ သို့သော် သူသည် ကြားခံသတင်းပို့သူမျှသာ ဖြစ်သဖြင့် ထိုထက်ပို၍ စိတ်ထဲ မထားတော့ပေ။

...

အလောင်းထိန်းချုပ်ရေးဂိုဏ်း၏ တောင်တန်းများနှင့် ဆယ်မိုင်ခန့်အကွာတွင် လူစည်ကားလှသော ရှန်းယန်ဟု အမည်ရသည့် မြို့လေးတစ်မြို့ ရှိသည်။ ထိုမြို့မှာ မူလက ဂိုဏ်းမှ ကျင့်ကြံသူများ၏ ဆွေမျိုးသားချင်းများနှင့် အစေခံများ နေထိုင်ရန်အတွက် တည်ထောင်ထားခဲ့ခြင်းပင်။

အချိန်ကြာလာသည်နှင့်အမျှ ပြင်ပမှ လူများစွာကိုလည်း ဆွဲဆောင်နိုင်ခဲ့သဖြင့် ထိုမြို့လေးမှာ ပိုမိုစည်ကားလာပြီး ကုန်သွယ်မှုလုပ်ငန်းများလည်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

တိမ်ပင်လယ်စားသောက်ဆိုင်သည် ရှန်းယန်မြို့ရှိ အကောင်းဆုံး စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်ပြီး ဂိုဏ်းဝင်တပည့်များက ပွဲလမ်းသဘင်နှင့် စားသောက်ပွဲများ ကျင်းပလေ့ရှိသော နေရာဖြစ်သည်။

ယခုအချိန်တွင် ပိတ်ထားသော သီးသန့်အခန်းတစ်ခုအတွင်း၌ ရယ်မောသံများနှင့် စကားပြောသံများ ဆူညံနေပြီး တစ်ဦးနှင့်တစ်ဦး ခွက်ချင်းရိုက်၍ ဂုဏ်ပြုနေကြသဖြင့် အခန်းတစ်ခုလုံး မြိုင်မြိုင်ဆိုင်ဆိုင် ရှိနေသည်။

“စီနီယာအစ်ကိုတူ အမွေခံတပည့်တစ်ယောက် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ။ အသက် ၃၅ နှစ်မတိုင်ခင် ဒီအဆင့်ကို ရောက်တယ်ဆိုတာ တကယ်ကို ထူးချွန်တဲ့သူတွေပဲ လုပ်နိုင်တာပါ”

“အာ... သာမန်ပါပဲ ကျူးရှောက်ကျဲတို့လို တကယ့်ပါရမီရှင်တွေနဲ့ယှဉ်ရင်တော့ အများကြီး လိုပါသေးတယ်”

“စီနီယာအစ်ကိုတူကတော့ ကျင့်ကြံခြင်းလမ်းစဉ်မှာ အလားအလာအများကြီး ရှိတာပဲ။ နောင်တစ်ချိန်မှာ အခြေခံအုတ်မြစ် တည်ဆောက်နိုင်ပြီး အမြုတေအဆင့်ထိ ရောက်သွားရင်တော့ ကျွန်တော်တို့လို လူဟောင်းတွေကို မမေ့ပါနဲ့ဦး”

“ဟားဟား... တကယ်လို့ ငါသာ အခြေခံအုတ်မြစ် တည်ဆောက်နိုင်ခဲ့ရင် မင်းတို့အားလုံးအတွက် ဝိညာဉ်စုပ်ယူဆေးလုံးတွေ အမြဲရှိနေစေရမယ်လို့ ငါ အာမခံပါတယ်”

“စီနီယာအစ်ကိုတူကတော့ တကယ်ကို ရက်ရောတာပဲ”

သစ်သားဝိုင်းကြီးတစ်ခုကို ဝန်းရံလျက် လူအယောက်နှစ်ဆယ်ခန့်မှာ ပျော်ပျော်ပါးပါး သောက်စားမူးယစ်နေကြသည်။ ထိုဝိုင်းတွင် တူရှင်းမှာ အဓိကဇာတ်လိုက်ဖြစ်နေပြီး သူ၏မျက်နှာမှာလည်း နီမြန်းကာ အတိုင်းမသိ ကျေနပ်ပီတိဖြစ်နေသည်။

သူသည် မိတ်ဆွေများ၏ ဂုဏ်ပြုတိုက်သမျှ အရက်များကိုလည်း တစ်ခွက်မကျန် မော့သောက်နေသည်။

ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိပြီး အမွေခံတပည့်တစ်ဦး ဖြစ်လာခြင်းမှာ အလောင်းထိန်းချုပ်ရေးဂိုဏ်းအတွင်း၌ပင် အရေးပါသော အဆင့်အတန်းတစ်ခုဟု သတ်မှတ်နိုင်သည်။ ကျင့်ကြံခြင်းလမ်းစဉ်မှာ အဆင့်မြင့်လေ ပို၍ခက်ခဲလေဖြစ်သည်။ ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်မှာပင် အပြင်စည်းတပည့် ထက်ဝက်ကျော်မှာ ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေကြခြင်းပင်။

နောက်ဆုံးအဆင့်မှာမူ ပို၍ပင် ခက်ခဲလှပြီး ဂိုဏ်းဝင်ဆယ်ဦးတွင် တစ်ဦးပင် အောင်မြင်ရန် မလွယ်ကူချေ။ ထို့ကြောင့် နောက်ဆုံးအဆင့်သို့ ရောက်ရှိချိန်တွင် အခြေခံအုတ်မြစ် တည်ဆောက်နိုင်ရန် အိမ်မက်မက်ကြသည်မှာ သဘာဝပင်။

အရက်အနည်းငယ် အရှိန်တက်လာကြသောအခါ လူများမှာ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောလာကြသည်။ တစ်ယောက်က “စီနီယာအစ်ကိုတူ... အခုလို အဆင့်တက်သွားတာက ပြီးခဲ့တဲ့ တာဝန်တုန်းက မိစ္ဆာကျင့်ကြံသူရဲ့ ဖိအားကြောင့်လို့ ပြောခဲ့တယ်နော်။ အဲ့ဒီတုန်းက အကြောင်းစုံလေးကို ကျွန်တော်တို့ကို ပြန်ပြောပြပါဦးလား” ဟု မေးလိုက်သည်။

တူရှင်းက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး “ပြောရရင်တော့ အရှည်ကြီးပဲ... ငါတို့က မိစ္ဆာကျင့်ကြံသူ တစ်ယောက်ပဲရှိတယ်လို့ ထင်ထားတာ။ ဒါပေမဲ့ မထင်မှတ်ဘဲ ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိတဲ့ ဒုတိယမြောက် မိစ္ဆာကျင့်ကြံသူတစ်ယောက်နဲ့ ထပ်တိုးတော့တာပဲ”

“ဒါပေမဲ့ ငါစဉ်းစားတယ်... တကယ်လို့ ငါသာ အရင်ထွက်ပြေးခဲ့ရင် ငါ့ရဲ့ ဂျူနီယာညီအစ်ကို မောင်နှမတွေ ဒုက္ခရောက်ကုန်မှာပေါ့။ ဒါကြောင့် ငါ အံကြိတ်ပြီးတော့ အဲ့ဒီ မိစ္ဆာကျင့်ကြံသူနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့တယ်။ ငါ ဒဏ်ရာရသွားပေမဲ့လည်း သူတို့ ထွက်ပြေးဖို့အတွက် အချိန်အလုံအလောက် ဆွဲပေးနိုင်ခဲ့မယ်လို့ ထင်ပါတယ်...”

“ကောင်းတယ် စီနီယာအစ်ကိုတူကတော့ တကယ့်ကို သူရဲကောင်းပီသတာပဲ။ နောက်ထပ်တစ်ခွက်လောက် ထပ်သောက်ပါဦး”

“စီနီယာအစ်ကို... ကျွန်တော် ခင်ဗျားကို အထင်မမှားခဲ့ပါဘူး။ ခင်ဗျားက ကျွန်တော်တို့အားလုံးအတွက် စံနမူနာပြပုဂ္ဂိုလ်ပဲ”

“ဟားဟား... သောက်မယ်ကွာ ကုန်အောင်သောက်မယ်”

သို့သော်လည်း ထိုနေရာရှိ လူတစ်ဦးက မပြောသင့်သော အကြောင်းအရာတစ်ခုကို မေးခွန်းထုတ်လိုက်သည်။

“ဒါနဲ့ စီနီယာအစ်ကိုတူ... အခုလို ပျော်စရာကောင်းတဲ့အချိန်မှာ ပြီးခဲ့တဲ့ တာဝန်တုန်းက အတူသွားခဲ့တဲ့ အခြားနှစ်ယောက်က ဘာလို့မလာကြတာလဲ”

“ဟုတ်ပ... စီနီယာအစ်ကိုတူသာ မကူညီခဲ့ရင် အဲ့ဒီနှစ်ယောက်က မိစ္ဆာကျင့်ကြံသူတွေလက်ချက်နဲ့ သေနေလောက်ပြီ။ အခုလို အသက်ရှင်လျက်နဲ့ ဘယ်ပြန်လာနိုင်ပါ့မလဲ”

“ကျေးဇူးမသိတတ်တဲ့လူတွေပဲ တကယ့်ကို ကျေးဇူးကန်းလိုက်ကြတာ”

ဝိုင်းတွင်ရှိနေသူများမှာ အရက်ရှိန်ဖြင့် စိတ်လိုက်မာန်ပါဖြစ်နေကြပြီး စားပွဲကို ဒေါသတကြီး ထုရိုက်ကာ တူရှင်းအတွက် မခံမရပ်နိုင်ဖြစ်ကြောင်း အော်ဟစ်နေကြသည်။

တူရှင်း၏ မျက်နှာမှာလည်း အတော်လေး ပျက်ယွင်းသွားသည်။ သူသည် အရက်ရှိန်ဖြင့် အရှိန်လွန်ကာ မဆင်မခြင် ကြွားဝါမိခြင်းဖြစ်သော်လည်း အခြားလူများက ထိုစကားကို အခြေအမြစ်မရှိ ချဲ့ကားပြောဆိုနေကြသဖြင့် နောက်ပိုင်းတွင် လုံယီနှင့် ယို့ချင်းယီတို့ နားထဲသို့ ရောက်သွားမည်ကို စိုးရိမ်မိသည်။ အကယ်၍ ထိုနှစ်ယောက်က အမှန်တရားကို ဖွင့်ချလိုက်လျှင်...

ဤသို့တွေးမိသည်နှင့် တူရှင်းမှာ စိတ်တိုလာပြီး အဆင့်တက်သွားသည့်အတွက် ပျော်ရွှင်နေသော စိတ်အစဉ်မှာလည်း ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် လုံယီနှင့် ယို့ချင်းယီတို့အပေါ် ရန်ငြိုးထားလာမိသည်။ သူတို့သာ ရောက်လာခဲ့လျှင် ယခုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရမည်မဟုတ်ဘူးဟု သူက အပြစ်တင်နေမိသည်။

နောက်တစ်ခါ တာဝန်သွားတဲ့အခါမှ အခွင့်အရေးရှာပြီး သူတို့ကို ထောင်ချောက်ဆင်ရမယ်။ ဒါမှ ငါ့ရဲ့ သိက္ခာကျစရာ အမှားအယွင်းတွေက မြစ်အောက်ခြေမှာ ထာဝရ နစ်မြုပ်သွားမှာ

တူရှင်း၏ စိတ်ထဲတွင် ယုတ်မာသော အတွေးများ ဝင်ရောက်လာပြီး သူ၏ မျက်ဝန်းများမှာလည်း ခက်ထန်လာသည်။

“ဒီကိစ္စတွေကို ထားလိုက်ပါတော့ အားလုံးပဲ သောက်ကြစို့”

တူရှင်းက စကားလမ်းကြောင်းလွှဲလိုက်သည်။

“လာ... လာ... အားလုံးပဲ သောက်ကြစို့။ ဒီနေ့တော့ အဝသောက်ပြီး ပျော်ပျော်နေကြရအောင်”

အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိပေ။ အားလုံးမှာ မူးယူးနေကြပြီး တစ်ဦးနှင့်တစ်ဦး ပုခုံးဖက်ကာ ယိုင်တိယိုင်တိုင်ဖြင့် စားသောက်ဆိုင်ထဲမှ ထွက်လာကြသည်။

“အာ... ငါ ခဏလောက် သွားလိုက်ဦးမယ်"

တူရှင်းမှာ အရက်အလွန်အကျွံ သောက်ထားသဖြင့် ဆီးသွားချင်လာသောကြောင့် အခြားလူများကို လက်ပြနှုတ်ဆက်ကာ လမ်းခွဲလိုက်သည်။ သူသည် ဘေးရှိ လမ်းကြားလေးတစ်ခုထဲသို့ ဝင်သွားပြီး သစ်ပင်ကြီးတစ်ပင်အောက်တွင် ခါးပတ်ကို စတင် ဖြုတ်လိုက်သည်။

ဝူး

ရုတ်တရက်ဆိုသလို တူရှင်း၏ ဦးခေါင်းနောက်ဘက်တွင် အဝါရောင် မြူခိုးတစ်ခု တိတ်ဆိတ်စွာ ပေါ်ထွက်လာပြီးနောက် သူ့ထံသို့ ဝုန်းခနဲ အုပ်မိုးချလိုက်လေတော့သည်။

ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း တူရှင်းမှာ မည်သို့မျှ ခုခံခွင့်မရလိုက်ဘဲ မျက်လုံးများ လန်တက်သွားကာ နောက်သို့ ပက်လက်လှန် လဲကျသွားတော့သည်။

သူ ပြန်နိုးလာချိန်တွင် မှောင်မည်းနေသော မြေအောက် အခန်းကျဉ်းတစ်ခုထဲသို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။ သူ၏ လက်ခြေများကိုလည်း သံကြိုးများဖြင့် သစ်သားစင်တစ်ခုတွင် တင်းကျပ်စွာ ချည်နှောင်ထားသည်။

တူရှင်းကို ပို၍ ထိတ်လန့်သွားစေသည်မှာ သူသည် နက်ရှိုင်းသောယင်ကျင့်စဉ်ကို မည်မျှပင် အားစိုက်၍ ကျင့်ကြံရန် ကြိုးစားစေကာမူ သူ၏ ဝိညာဉ်စွမ်းအင်များကို မည်သို့ပင် လှုံ့ဆော်စေကာမူ တစ်ချက်ကလေးမျှ တုံ့ပြန်မှု မရှိခြင်းပင်။ သူသည် မည်သည့် ကျင့်ကြံမှုမှ မရှိသော သာမန်လူတစ်ယောက်ကဲ့သို့ပင်။

“မင်းတို့ ဘယ်သူလဲ”

တူရှင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူ၏ရှေ့တွင် ဝတ်စုံနက်ဝတ်ထားသော လျှို့ဝှက်ဆန်းပြားသည့် ပုံရိပ်သုံးခု ရပ်နေသည်။ သူတို့၏ မျက်နှာများကို ဖုံးအုပ်ထားသော်လည်း သွေးရောင်လွှမ်းနေသော မျက်ဝန်းများမှာမူ ထိတ်လန့်ဖွယ် ကောင်းသည်။

“စစ်မှန်သောယန်ဘေးဒုက္ခပုတီးစေ့ကို ထုတ်ပေးရင် မင်းအသက်ကို ချမ်းသာပေးမယ်”

သစ်သားကို လွှဖြင့် တိုက်နေသည့်အလား ကြမ်းတမ်းလှသော အသံတစ်ခု ထွက်ပေါ်လာသည်။

“ဘာ စစ်မှန်သောယန်ပုတီးစေ့လဲ ငါ တစ်ခါမှတောင် မကြားဖူးဘူး”

တူရှင်းမှာ တစ်ခုခုတော့ မှားနေပြီဟု ခံစားလိုက်ရပြီး ကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခုထဲသို့ ကျရောက်သွားပြီ ဖြစ်ကြောင်း ရိပ်မိလိုက်သည်။

“ကြည့်ရတာ သူ ဝန်ခံလာအောင် ငါတို့ လက်ဆောင်တစ်ခုခု ပေးရတော့မယ် ထင်တယ်” ဘယ်ဘက်မှ လျှို့ဝှက်ပုံရိပ်က လှောင်ပြောင်လိုက်သည်။

ထိုသို့ပြောပြီးနောက် သူသည် အနီရောင် သံချေးများ တက်နေသော ချွန်ထက်သည့် ချိတ်တစ်ခုကို ထုတ်လိုက်သည်။ ထိုချိတ်၏ ထိပ်ဖျားမှ အဖြူရောင် မီးခိုးများ အူထွက်နေပြီး တူရှင်း၏ ရင်ဘတ်ဆီသို့ တဖြည်းဖြည်း တိုးလာသည်။

“အား ကယ်ကြပါဦး... အသက်ချမ်းသာပေးပါ အား”

“မြန်မြန်ပြောစမ်း”

“ငါ မသိဘူး... ငါ တကယ် မသိတာပါ”

“ခေါင်းမာလှချေလား”

လျှို့ဝှက်ပုံရိပ်တစ်ခုက အမည်းရောင်မြူခိုးများ လွှမ်းခြုံနေသော သူ၏ ညာလက်ကို မြှောက်ကာ ကြောက်လန့်တကြားဖြစ်နေသော တူရှင်း၏ နဖူးတည့်တည့်သို့ ညွှန်ပြလိုက်သည်။

ဝိညာဉ်ကို ကြေမွစေလောက်သော အော်ဟစ်သံများမှာ ပိတ်လှောင်ထားသော မြေအောက်ခန်းအတွင်း၌ တရစပ် ပဲ့တင်ထပ်နေတော့သည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိပေ။

သူတို့ရှေ့တွင် မျက်လုံးများ ပြူးကြောင်ကာ ဆံပင်ဖရိုဖရဲနှင့် ငြိမ်သက်သွားသော တူရှင်းကို ကြည့်ရင်း အလယ်မှ ဝတ်စုံနက်ဝတ် ပုံရိပ်က မျက်မှောင်ကြုတ်လိုက်သည်။

“သူ အဲ့ဒီပစ္စည်းကို ယူမထားတာဘူး”

“ဒါဆို သူ့ကို သတ်ပစ်လိုက်ရမလား”

“မဖြစ်ဘူး... အမွေခံတပည့်ဆိုတာ အတွင်းစည်းတပည့်နဲ့ မတူဘူး။ တစ်ယောက်ယောက် သေတိုင်း ဂိုဏ်းက အဖိုးကြီးတွေက လာပြီး စုံစမ်းစစ်ဆေးလိမ့်မယ်။ ဖုံးကွယ်ဖို့ ခက်လိမ့်မယ်”

“ဒီပုံစံအတိုင်းဆိုရင်တော့ အဲ့ဒီ ဗိုလ်ချုပ်ကြီးယို့ရဲ့ သမီးမှာ သံသယအရှိဆုံးပဲ။ သူမက ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ကိုပဲ ရောက်သေးပေမဲ့ နောက်ခံလည်းရှိသလို အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် အကြီးအကဲတစ်ယောက်ရဲ့ တပည့်လည်း ဖြစ်နေတယ်”

“သူ့ကို ဖမ်းဆီးနိုင်ရင် ရတနာကို ပြန်ရနိုင်ရုံတင်မကဘဲ တခြား အသုံးဝင်တာတွေလည်း ရှိနိုင်တယ်။ ငါတို့ဂိုဏ်းရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်အတွက်လည်း အထောက်အကူ ဖြစ်နိုင်တယ်”

“ဟဲဟဲဟဲ...”

အခန်း။ ၃၃၀

အလောင်းထိန်းချုပ်ရေးဂိုဏ်း၊ ဝမ်တောက်တောင်၊ ဂူဝတွင် ယွီချန်ဟု ကမ္ပည်းထိုးထားသော ကျင့်ကြံသူ၏ ဂူဗိမာန်၌ အမျိုးသမီးတစ်ဦး၏ အိပ်ဆောင်မှာ တင့်တယ်လျက် တိတ်ဆိတ်ငြိမ်သက်နေပြီး အသုံးအဆောင်များမှာလည်း လက်ရာမြောက်သည်။ နီညိုရောင် သစ်သားမှန်တင်ခုံ၊ အပြာရောင် ပန်းထိုးကုလားကာများနှင့် ပြတင်းပေါက်နားရှိ ကြွေအိုးဖြူလေးထဲတွင် ထည့်ထားသော ပန်းပွင့်အချို့မှာ ဝေဆာနေသည်။

သန့်ရှင်းသပ်ရပ်လှသော ခုတင်ဘေးတွင် အသားအရေဖြူဖွေးအေးစက်သည့် လှပသော မိန်းကလေးတစ်ဦး ထိုင်နေသည်။ သူမသည် လက်ရှိတွင် အမည်းရောင်စာလုံးများ ရေးထိုးထားသော စာတစ်စောင်ကို ဖတ်နေပြီး သူမ၏မျက်နှာတွင် တွေ့ရခဲသော နူးညံ့သည့် အမူအရာလေးတစ်ခု ပေါ်လွင်နေသည်။

“အဖွားရဲ့ အနှစ်ခြောက်ဆယ်ပြည့် မွေးနေ့ပဲ... ငါ အလည်ပြန်သွားမှဖြစ်မယ်။ အဖွားကို မတွေ့ရတာ တော်တော်ကြာပြီ...”

ယို့ချင်းယီသည် ထိုသို့တွေးတောရင်း စာကို မှန်တင်ခုံအောက်ခြေရှိ အံဆွဲထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီးနောက် အခန်းပြင်သို့ ခပ်သုတ်သုတ် ထွက်လာခဲ့သည်။

သူမ၏ ဆရာဖြစ်သူ နေထိုင်ရာ ဂူဗိမာန်အတွင်းရှိ ကွေ့ကောက်သော လမ်းများအတိုင်း လျှောက်လာပြီးနောက် တံခါးများ တင်းကျပ်စွာ ပိတ်ထားသော အတွင်းဘက်ဆုံး အခန်းရှေ့သို့ ရောက်ရှိလာသည်။ အခန်းဝရှိ ကြမ်းပြင်ပေါ်တွင် အနီရောင် အစီအရင် အလင်းတန်းများ ဖြာထွက်နေသည်ကို မြင်သောအခါ သူမ ခေါင်းခါလိုက်မိသည်။

“ဆရာက ကျင့်ကြံမှုအောင်းနေတာ မပြီးသေးဘူးပဲ။ ဒါဆိုရင် စီနီယာအစ်ကိုဆီမှာပဲ ခွင့်တောင်းရတော့မယ်"

သူမသည် ဂူဗိမာန်အတွင်းရှိ အခြားအခန်းတစ်ခန်းသို့ သွားရောက်ကာ အလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို သူမ အိမ်ပြန်မည့်အကြောင်း အသိပေးလိုက်သည်။

“ဂျူနီယာညီမလေး... မင်းသွားမယ့်အချိန်က နည်းနည်းကြာမှာဖြစ်သလို ဒါက ကိုယ်ရေးကိုယ်တာကိစ္စလည်း ဖြစ်နေတယ်။ ဒါကြောင့် ဧည့်ကြိုတောင်က နာမည်စာရင်းသွင်းဆောင်မှာရှိတဲ့ တာဝန်ခံဆီမှာ မှတ်တမ်းတင်ထားတာ အကောင်းဆုံးပဲ"

“ဟုတ်ကဲ့ပါ”

ခွင့်တောင်းပြီးနောက် ယို့ချင်းယီသည် အဝတ်အစားများနှင့် အခြားကိုယ်ပိုင်ပစ္စည်းများကို စတင်ထုပ်ပိုးတော့သည်။

“အဖွားက အချိုပွဲတွေ ကြိုက်တာ။ အပြန်လမ်းမှာ ဝေမြို့ကို ဖြတ်သွားရင် အဖွားအတွက် တိမ်ဖြူမုန့်အချို့ ဝယ်သွားရမယ်...”

“အဖွားဝတ်နေတဲ့ လက်ဝတ်ရတနာတွေကလည်း တော်တော်လေး ဟောင်းနေပြီ။ အသစ်တစ်စုံလောက် လဲပေးသင့်တယ်...”

“အဖွားက ပြောသေးတယ်... အဖေပြောတာတွေကို စိတ်ထဲမထားပါနဲ့။ သင့်တော်တဲ့ ခင်ပွန်းလောင်းတစ်ယောက်ကို စောစောစီးစီး ရှာထားတာက ပိုကောင်းပါတယ်တဲ့...”

ဤသည်ကို တွေးမိသောအခါ ယို့ချင်းယီ ရုတ်တရက် တန့်သွားပြီး သူမ၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ဝုန်းခနဲ ပေါ်လာသည်။

သူ့ကိုပါ အတူတူလိုက်ခဲ့ဖို့ ဖိတ်ခေါ်ရမလား။ အဖွားသာ သူ့ကိုတွေ့ရင် သဘောကျမှာ သေချာတယ်...

ဒါပေမဲ့ သူ့ကို ဖိတ်မယ်ဆိုရင် ဘာအကြောင်းပြချက် ပေးရမလဲ...

နေပါဦး... ငါ ဘာတွေ လျှောက်တွေးနေတာလဲ

အံ့အားသင့်သွားသော ယို့ချင်းယီသည် ထိုထူးဆန်းသော အတွေးကို ခေါင်းထဲမှ မောင်းထုတ်ရန် ကြိုးစားရင်း ခေါင်းကို အမြန်ခါယမ်းလိုက်သည်။

ဒေါက် ဒေါက် ဒေါက်

တံခါးအပြင်ဘက်မှ ရင်းနှီးနေသော ခြေသံသဲ့သဲ့နှင့်အတူ ခေါ်သံတစ်ခု ထွက်ပေါ်လာသည်။

“ချင်းယီ... ချင်းယီ”

“ယောင်ယောင်လား”

ယို့ချင်းယီ၏ မျက်နှာတွင် ဝမ်းသာသွားသော အမူအရာလေး ပေါ်လာသည်။

တံခါးကို ဖွင့်လိုက်သောအခါ သူမ၏ သူငယ်ချင်းဖြစ်သူ ပိယောင်ယောင်ကို တွေ့လိုက်ရသည်။ မျက်ခုံးနုနု၊ ပါးပြင်ဖောင်းဖောင်းနှင့် ပြုံးလိုက်လျှင် ပါးချိုင့်လေးနှစ်ဖက် ထင်ကျန်ရစ်သော ပိယောင်ယောင်သည် အလွန်ပင် ချစ်စရာကောင်းသည်။

“ချင်းယီ... နင် ဘာတွေလုပ်နေတာလဲ အိမ်ပြန်မလို့လား”

ပိယောင်ယောင်က အခန်းထဲကို တစ်ချက်ဝေ့ကြည့်ရင်း စပ်စုလိုက်သည်။

“အင်း... ငါ့အဖွား အသက် ၆၀ ပြည့် မွေးနေ့မို့လို့ ခဏပြန်မလို့လေ"

“နင့်အဖေက အခြေခံအုတ်မြစ်မတည်ဆောက်နိုင်သေးရင် အိမ်ပြန်မလာနဲ့လို့ ပြောထားတယ် မဟုတ်ဘူးလား”

“ငါ့အဖေနဲ့ အဖွားက အတူတူနေတာမှ မဟုတ်တာ”

ယို့ချင်းယီက သက်ပြင်းသဲ့သဲ့ချရင်း “အဖွားက ယင်းမြို့မှာ နေတာ။ ငါတို့အိမ်နဲ့ မိုင်တစ်ရာကျော် ဝေးတယ်"

“အာ... ငါ ယင်းမြို့ကို တစ်ခါမှ မရောက်ဖူးဘူး။ အဲ့ဒီက အသားဝါသီးတွေက အရမ်းချိုတယ်လို့ ကြားဖူးတယ် အမြဲမြည်းကြည့်ချင်နေတာ"

ပိယောင်ယောင်၏ မျက်လုံးလေးများက ဝေ့ဝဲသွားပြီးနောက် ရုတ်တရက် အကြံတစ်ခု ပေးလိုက်သည်။

“ငါပါ နင်နဲ့အတူ လိုက်ခဲ့ရမလား”

“ဘာလဲ”

ယို့ချင်းယီ ကြောင်သွားသည်။

သို့သော် ပိယောင်ယောင်က ယို့ချင်းယီ၏ လက်မောင်းကို ဖက်တွယ်ကာ ချွဲနွဲ့သောလေသံဖြင့် “လိုက်ခဲ့ပါရစေနော်... နော်လို့...” ဟု တောင်းဆိုတော့သည်။

“ကောင်းပါပြီ”

ယို့ချင်းယီကလည်း သဘောတူလိုက်သည်။ သူမက ရုတ်တရက်ကြီးမို့ ကြောင်သွားခြင်းသာ ဖြစ်ပြီး ပိယောင်ယောင် အဖော်လိုက်မည်ဆိုသဖြင့် တစ်ယောက်တည်း ခရီးမသွားရတော့ဘဲ စိတ်ထဲတွင် ပို၍ ပျော်ရွှင်သွားမိသည်။

ဒါပေမဲ့ နောက်ထပ်တစ်ယောက်သာ ထပ်ပါရင် ပိုကောင်းမှာပဲ...

ထိုအတွေးက ယို့ချင်းယီ၏ စိတ်ထဲသို့ တစ်ဖန်ပြန် တိုးဝင်လာပြန်သည်။ သို့သော် သူမသည် ထိုအတွေးကို အမြန်ပင် အားတင်း၍ မောင်းထုတ်လိုက်၏။

စိတ်ကို ဖြူစင်စေရမယ် ဘာအာရုံမှ မရှိစေရဘူး...

သူမသည် စိတ်ထဲတွင် ကြည်လင်သောနှလုံးသား ဂါထာကို တိုးတိုးလေး ရွတ်ဆိုနေမိသည်။ ထိုအတွေးမျိုး နောက်ထပ် ပေါ်မလာစေရန် အတင်းပင် တားဆီးထားလိုက်သည်။

အတိအကျပင် ထိုအချိန်၌...

ဒေါက် ဒေါက် ဒေါက်

ဆံပင်ကျစ်ဆံမြီးနှင့် ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးမှာ အမောတကော ပြေးဝင်လာပြီး “စီနီယာမလေးယို့... စီနီယာမလေးယို့ အပြင်မှာ စီနီယာအစ်ကိုတစ်ယောက်က တွေ့ချင်လို့တဲ့ဗျ”

“ဟုတ်လား”

ယို့ချင်းယီက လေသံအေးအေးဖြင့် ပြန်ဖြေလိုက်သော်လည်း သူမ၏ စိတ်ထဲတွင်မူ ဝမ်းသာရိပ်လေးတစ်ခု ယှက်သန်းသွားသည်။

“တွေ့လိုက်မလားဟင်”

ထိုကလေးငယ်က မေးသည်။

“ဘယ်သူလဲဆိုတာ သွားကြည့်ကြတာပေါ့"

ယို့ချင်းယီနှင့် ပိယောင်ယောင်တို့သည် လက်ချင်းချိတ်ကာ ဂူဗိမာန်၏ ဧည့်တွေ့ရာနေရာဖြစ်သော ပန်းခြံလေးဆီသို့ ထွက်လာခဲ့ကြသည်။

မကြာမီမှာပင် ပုံရိပ်တစ်ခု ပန်းခြံအတွင်းသို့ ဝင်ရောက်လာသည်။

သန့်ရှင်းစင်ကြယ်သော ရုပ်ရည်နှင့် ခန့်ညားထည်ဝါသော အမူအရာရှိကာ ခါးတွင်ချိတ်ဆွဲထားသော စိမ်းဖန့်ဖန့် ကျောက်စိမ်းဆွဲပြားလေးမှာလည်း လမ်းလျှောက်သည့်အခါ အဝတ်စနှင့် ထိမိကာ တချက်တချက် မြည်နေသည်။ ထိုကျောက်စိမ်းမှာ တန်ဖိုးကြီးမှန်း သိသာသည်။

သို့သော်လည်း ထိုလူကို မြင်လိုက်ရသည်နှင့် ယို့ချင်းယီ၏ မျက်ဝန်းများမှာ ရုတ်ချည်းပင် မှေးမှိန်သွားတော့သည်။

သူသည် အမွေခံတပည့်အဆင့်ကို ကိုယ်စားပြုသည့် အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ စိတ်ထဲတွင်မူ အနည်းငယ်မျှ ပျော်ရွှင်သွားခြင်း မရှိချေ။

“ဂျူနီယာညီမလေးယို့... အခုတလော နေကောင်းရဲ့လား”

ထိုလူငယ်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။

“နေကောင်းပါတယ် စီနီယာအစ်ကိုဟူရဲ့ စိုးရိမ်မှုကို ကျေးဇူးတင်ပါတယ်”

ယို့ချင်းယီက အေးစက်စွာ ပြန်ဖြေလိုက်သည်။

ဟူကျားဝေဟု အမည်ရသော ထိုသူသည် ဝမ်တောက်တောင်မှ အမွေခံတပည့်တစ်ဦး ဖြစ်သည်။ မကြာသေးမီက ယို့ချင်းယီကို တွေ့ပြီးနောက် စွဲလန်းတပ်မက်ကာ ဇွဲနပဲနှင့် လိုက်ကပ်နေသူ ဖြစ်သော်လည်း၊ ယို့ချင်းယီကမူ သူ့အပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိပေ။

“လွန်ခဲ့တဲ့ ရက်ပိုင်းက မိတ်ဆွေတစ်ယောက် ငါ့ဆီ အလည်လာရင်း လက်ဖက်စိမ်းတချို့ လက်ဆောင်ပေးသွားတယ်။ အရသာက သင်းပျံ့ပြီး အနံ့ကလည်း တော်တော်လေး မွှေးတာ တွေ့ရခဲတဲ့ အမျိုးအစားပဲ။ အဲ့ဒါကြောင့် ဂျူနီယာညီမလေးအတွက် တစ်အိုး သီးသန့်ဖယ်ထားပေးတာ”

ဟူကျားဝေက ပြောပြောဆိုဆိုဖြင့် လှပသော လေးထောင့်ပုံစံ ကြွေအိုးဖြူလေးတစ်လုံးကို ထုတ်ပြလိုက်သည်။

“ဝါး... စီနီယာအစ်ကိုဟူကတော့ မျက်နှာလိုက်တာပဲ။ ချင်းယီကိုပဲ ပေးတယ်ဆိုတော့ ကျွန်မကရော အဲ့ဒီလောက် မတန်ဘူးလား”

ယို့ချင်းယီ စကားမပြောရသေးမီမှာပင် ပိယောင်ယောင်က မကျေမနပ်ဖြစ်ဟန်ဖြင့် ကြားဖြတ်ပြောလိုက်သည်။ ခန့်ညားသော ရုပ်ရည်ရှိသည့် ဟူကျားဝေမှာ အနည်းငယ် မျက်နှာပျက်သွားပြီး “ဒီတစ်ခေါက်တော့ တစ်အိုးတည်း ပါလာလို့ပါ။ နောက်တစ်ခါလာရင်တော့ နတ်သမီးလေးပိအတွက် မမေ့မလျော့ ယူလာခဲ့ပါ့မယ်” ဟု အားတုံ့အားနာဖြင့် ပြန်ပြောလိုက်သည်။

ထို့နောက် ဟူကြားဝေသည် မျှော်လင့်ချက်အပြည့်ဖြင့် ယို့ချင်းယီကို ကြည့်ကာ လက်ဖက်ရည်အိုးကို ကမ်းပေးလိုက်သည်။

“ကျွန်မ လက်ဖက်ရည် မသောက်တတ်ဘူး”

ယို့ချင်းယီက လက်ခံရန် အစီအစဉ်မရှိကြောင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။

“စီနီယာအစ်ကိုဟူ... ဒီကို တကယ် ဘာလာလုပ်တာလဲ လက်ဖက်ရည်ပေးဖို့ သက်သက်ပဲတော့ မဟုတ်လောက်ပါဘူးနော်”

ဟူကျားဝေ အနေခက်နေသည်ကို မြင်သောအခါ ပိယောင်ယောင်က ဝင်ကူလိုက်သဖြင့် သူက ပိယောင်ယောင်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“အဟမ်း... ဒီလိုပါ ဂျူနီယာညီမလေးယို့ ခရီးဝေးသွားမယ်လို့ ကြားလို့ပါ။ အခုလောလောဆယ် လောကကြီးက မငြိမ်မသက်ဖြစ်နေတာလေ။ ငါတို့ဂိုဏ်းနဲ့ နေနီဂိုဏ်းကလည်း ခဏခဏ ပြဿနာတက်နေကြသလို မိစ္ဆာကျင့်ကြံသူတွေကလည်း ဒုက္ခပေးတတ်ကြတယ်"

ဟူကျားဝေက အတန်ကြာ ရပ်နားလိုက်ပြီးနောက် တည်ငြိမ်စွာ ဆက်ပြောသည်။

“ညီမလေးက ခရီးသွားအတွေ့အကြုံလည်း နည်းသေးတော့ အခွင့်ကောင်းယူမခံရအောင် ငါပါ အတူလိုက်ခဲ့ပေးရင် ပိုမကောင်းဘူးလား ငါ့ရဲ့ ကျင့်ကြံမှုကလည်း အခုတလော အဟန့်အတားတစ်ခုနဲ့ ကြုံနေရတာဆိုတော့ အပြင်ထွက်ပြီး အတွေ့အကြုံယူဖို့ အချိန်တန်ပြီလို့လည်း ယူဆလို့ရတာပေါ့။ စာအုပ်ပေါင်း ထောင်ချီဖတ်တာထက် ခရီးမိုင်ပေါင်း ထောင်ချီသွားတာက ပိုပြီး ဗဟုသုတရတယ်လို့ ပြောကြတာမဟုတ်ဘူးလား...”

ဟူကျားဝေမှာ တစ်ယောက်တည်း စကားတွေ အရှည်ကြီး ပြောနေတော့သည်။ သို့သော် ယို့ချင်းယီက ရုတ်တရက် ကြားဖြတ်မေးလိုက်သည်။ “စီနီယာအစ်ကိုဟူ... ကျွန်မ ခရီးသွားမယ့်အစီအစဉ်ကို ဘယ်လိုလုပ် သိတာလဲ နာမည်စာရင်းသွင်းဆောင်ကနေ ကြားခဲ့တာလား”

ဟူကြားဝေက ရှက်ကိုးရှက်ကန်းဖြင့် “မတော်တဆ ကြားမိသွားတာပါ” ဟု ပြန်ဖြေသည်။

“ကျွန်မနဲ့အတူ စီနီယာအစ်မပိ ပါမှာမို့လို့ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိပါဘူး။ စီနီယာအစ်ကို ပြန်သွားရင် ကောင်းပါလိမ့်မယ်"

ယို့ချင်းယီ၏ ခိုင်မာသော ရပ်တည်ချက်ကို မြင်သောအခါ ဟူကျားဝေမှာ ဘာမှမတတ်နိုင်ဘဲ ပြန်လှည့်သွားရတော့သည်။

“ချင်းယီ... စီနီယာအစ်ကိုဟူက ရုပ်လည်းချော ပါရမီလည်းရှိတာကို နင် တကယ်ပဲ စဉ်းစားမကြည့်တော့ဘူးလား”

ပိယောင်ယောင်က နောက်ပြောင်ချင်စိတ်ဖြင့် မြှောက်ထိုးပင့်ကော် လုပ်လိုက်သည်။

“သူက အဲ့ဒီလောက်တောင် ကောင်းနေရင်လည်း နင်ပဲ ယူလိုက်လေ”

ယို့ချင်းယီက အေးစက်စက်ပင် ပြန်ပြောလိုက်သည်။

“ဒါ့အပြင် ငါက ကျင့်ကြံခြင်းလမ်းစဉ်ကိုပဲ အာရုံစိုက်ထားတာ အချစ်ရေးကိစ္စတွေကို စိတ်မဝင်စားဘူး"

“ဟဲဟဲ... တကယ်ကို အထင်ကြီးစရာ စကားတွေပါပဲ”

သူတို့နှစ်ဦး ပန်းခြံထဲတွင် ခေတ္တမျှနေပြီးနောက် အိမ်ထဲသို့ ပြန်ဝင်လာကြသည်။ ထိုစဉ်မှာပင် သတင်းလာပို့နေကျ ကလေးငယ်မှာ အမောတကော ပြန်ပြေးလာပြန်သည်။

“နတ်သမီးလေးယို့... နတ်သမီးလေးယို့ အပြင်မှာ နောက်ထပ် စီနီယာအစ်ကိုတစ်ယောက် တွေ့ချင်လို့ ရောက်နေပြန်ပြီဗျ”

“အင်း သူ့ကိုပဲ ဝင်ခိုင်းလိုက်တော့"

All Chapters