အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း (၂၇) လက်နှစ်ဖက်ဖြင့် ပြေးလွှားခုန်ပျံခြင်း
နင်းကျော့သည် အလေးအနက် စဉ်းစားခန်းဝင်သွားလေသည်။
ထိုပညာရပ်၏ အရှိန်အဝါမှာ အဘယ်ပုံစံနည်းဟူသည်ကို သူ မသိရှိပေ။
သို့သော် ဝိညာဉ်ကျောက်တုံးအကြောင်းကိုမူ သူ သိရှိပြီးသားဖြစ်ကာ ယခုအချိန်တွင် မိမိ၌ ဝိညာဉ်ကျောက်တုံး လိုအပ်နေသည်ကိုလည်း ကောင်းစွာ သဘောပေါက်ထား၏။
“စောစောက ပတ်ဝန်းကျင်ကို စူးစမ်းနေတုန်း အချိန်တော်တော်ကုန်သွားတယ်။ အခု ငါ့ဆီက ဝိညာဉ်ကျောက်တုံးထဲမှာ ဝိညာဉ်စွမ်းအားက လေးဆယ်ရာခိုင်နှုန်းတောင် မကျန်တော့ဘူး”
“ငါ ဝိညာဉ်ကျောက်တုံးကိုပဲ ရွေးမယ်”
နင်းကျော့သည် စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်လေသည်။
ထိုခဏ၌ပင် သူ၏ရှေ့၌ အလင်းကွင်းတစ်ခု လေဟာနယ်ထဲမှ ပေါ်ထွက်လာ၏။ ထိုအလင်းကွင်းသည် အနည်းငယ် ကျယ်ပြန့်သွားပြီး ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထွေးထုတ်လိုက်သည်။
နင်းကျော့သည် ဝိညာဉ်ကျောက်တုံးကို အလျင်အမြန် ဖမ်းယူလိုက်စဉ်မှာပင် အလင်းကွင်းသည်လည်း ပြန်လည် ပျောက်ကွယ်သွားတော့သည်။
ဒုတိယမြောက် ဝိညာဉ်ကျောက်တုံးကို ကိုင်ဆောင်လျက် နင်းကျော့သည် တံခါးကို ခဲခဲယဉ်းယဉ်း တွန်းဖွင့်ကာ (၂) နံပါတ် အခန်းထဲသို့ ဝင်ရောက်ခဲ့သည်။
ဒုန်း
သူ့နောက်မှ တံခါးသည် အလိုအလျောက် ပြန်ပိတ်သွား၏။ နင်းကျော့သည် နောက်သို့ပြန်လှည့်ကာ အခန်း၁သို့ ပြန်ရန် တံခါးကို တွန်းကြည့်သော်လည်း တံခါးမှာ အနည်းငယ်မျှပင် ရွေ့လျားခြင်းမရှိပေ။
“ဒီအတိုင်းပဲ သွားရတော့မှာပေါ့”
နင်းကျော့သည် အခြားရွေးချယ်စရာ မရှိတော့သဖြင့် ရှေ့သို့လှည့်ကာ အခန်း၂ကို အသေအချာ စူးစမ်းကြည့်ရှုရတော့သည်။
အခန်း၂၏ ပုံစံသည် အခန်း၁နှင့် အတော်ပင် ကွဲပြားလှ၏။ အခန်းသည် ရှည်လျားပြီး ဗလာကျင်းနေကာ ကြမ်းပြင်နှင့် နံရံရှိ အုတ်ခဲများသည် စတုရန်းပုံစံဖြစ်ပြီး ကြေးဝါရောင်အဆင်းများ တောက်ပနေသည်။
နင်းကျော့သည် မိမိနှင့် မျက်နှာချင်းဆိုင်ရှိ တံခါးကို ချက်ချင်းပင် မြင်တွေ့လိုက်ရ၏။
သတင်းအချက်အလက်များ တဖန်ရောက်ရှိလာပြန်သည်မှာ – အခန်း၂ကို ဖြတ်ကျော်မှသာ အခန်း၃သို့ ဝင်ရောက်နိုင်မည်။
ခဏမျှ စောင့်ကြည့်သော်လည်း ထူးခြားသည့် သတင်းအချက်အလက် မတွေ့ရသဖြင့် နင်းကျော့သည် တံခါးဆီသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားလေသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မိမိကိုယ်ကိုယ် နောက်ပြန်ရွေ့လျားနေသည်ကို သူ သတိထားမိသွား၏။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ကြမ်းပြင်အုတ်ချပ်များသည် နောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားနေသည်ကို မြင်လိုက်ရသည်။
နင်းကျော့သည် ခြေလှမ်းကို သွက်သွက်လှမ်းရုံမှတစ်ပါး အခြားမရှိတော့ပေ။ သူ မြန်မြန်လျှောက်လေ၊ ကြမ်းပြင်ရွေ့လျားမှုကလည်း ပိုမြန်လာလေ ဖြစ်နေသည်။
“ဒီလို စိန်ခေါ်မှုမျိုးမှန်း သိရင် ခြေထောက် အစိတ်အပိုင်းတွေကို ပိုကောင်းတာ ရွေးခဲ့ပါတယ်”
အခန်း၁ထဲတွင် ဝိညာဉ်စွမ်းအား ကုန်ဆုံးမည်ကို စိုးရိမ်ခြင်း၊ အချိန်ကို ချွေတာလိုခြင်းနှင့် ခြေထောက်အရှည်ကို အံဝင်ခွင်ကျဖြစ်အောင် စပ်ဟပ်ရန် ခက်ခဲခြင်းတို့ကြောင့် ရှိတာနှင့်သာ ဖြစ်သလို လုပ်ခဲ့ရခြင်း ဖြစ်သည်။
ရလဒ်မှာမူ သူ၏ခြေထောက်နှစ်ဖက်မှာ မညီမညာဖြစ်နေသဖြင့် ပြေးလွှားရာတွင် တုန်ချိတုန်ချိနှင့် အရှိန်ကို ထိခိုက်စေလေသည်။
အမြန်ဆုံး အရှိန်ဖြင့် ပြေးကာ အခန်း၏ အလယ်ပိုင်းသို့ ရောက်ရှိသွားချိန်တွင် –
ရုတ်တရက်ပင် ညာဘက်နံရံမှ ဧရာမ သစ်သားတုံးကြီးတစ်တုံး ထွက်ပေါ်လာ၏။
သစ်သားတုံး၏ တစ်ဖက်ကို နံရံတွင် မြဲမြံစွာ တပ်ဆင်ထားပြီး အခြားတစ်ဖက်မှာမူ ဧရာမ လက်မောင်းကြီးတစ်ခု လွှဲယမ်းလိုက်သကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။
နင်းကျော့သည် သတိကို အပြည့်အဝ ထားရှိကာ အလျင်အမြန် ခုန်ကျော်လိုက်သဖြင့် သစ်သားတုံးကြီးကို ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော် မြေပြင်သို့ ပြန်အကျတွင် ဘယ်ဘက်နံရံမှ နောက်ထပ် သစ်သားတုံးကြီး တစ်တုံး ထပ်မံထွက်ပေါ်လာပြန်သည်။
နင်းကျော့သည် ခုန်တက်ရန် ပြင်ဆင်ပြီးဖြစ်သော်လည်း ရွေ့လျားနေသော ကြမ်းပြင်ကြောင့် အချိန်ကိုက် မခုန်နိုင်ခဲ့ဘဲ ခုန်အားမှာလည်း လိုရာမရောက်ခဲ့ပေ။
ဒုန်း
သစ်သားတုံးကြီးနှင့် တိုက်မိကာ လေထဲတွင် လွင့်စင်သွားပြီးနောက် မြေပြင်သို့ ပြုတ်ကျသွားတော့သည်။ နောက်သို့ လျောကျသွားရင်း ပထမတံခါးကို ဝင်တိုက်မိမှသာ သူ၏ ခန္ဓာကိုယ်မှာ ရပ်တန့်သွားလေသည်။
ရုပ်သေးရုပ် နင်းကျော့သည် မြေပြင်ပေါ်တွင် မူးဝေဝေဖြစ်ကာ လဲလျောင်းနေရပြီး အသက်ရှူအနည်းငယ် ကြာပြီးနောက်မှသာ သတိပြန်ဝင်လာသည်။
“ဒီလို စက်ကွင်းမျိုးလည်း ရှိသေးတာလား”
“ဟို သစ်သားတုံးပေါ်က အင်းကွက်တွေက စိတ်ဝိညာဉ်ကို အားနည်းစေတဲ့ အစွမ်းရှိပုံပဲ”
နင်းကျော့သည် မိမိ၏ ဝိညာဉ် အားနည်းလာသည်ကို ခံစားလိုက်ရသည်။
သူ မော့ကြည့်လိုက်ရာ သစ်သားတုံးပေါ်ရှိ အင်းကွက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သစ်သားတုံးကြီးမှာလည်း နံရံထဲသို့ ပြန်လည်ဝင်ရောက်သွားကာ နံရံမှာ မူလအတိုင်း ပြန်ဖြစ်သွားသည်ကို တွေ့ရသည်။
“ငါ နားလည်ပြီ”
နင်းကျော့၏ စိတ်ထဲတွင် စိတ်ကူးသစ်တစ်ခု ပေါ်လာ၏။
“ဒီလွှဲယမ်းနေတဲ့ သစ်သားတုံးတွေက အဟန့်အတားတွေ ဖြစ်သလို ငါ့အတွက်တော့ လှေကားထစ်တွေလည်း ဖြစ်နိုင်တယ်။ အဲ့ဒီ သစ်သားတုံးတွေ လွှဲထွက်လာချိန်မှာ သူတို့ပေါ်ကို ခုန်တက်ပြီး ရှေ့ကို ဆက်သွားရမှာပဲ”
စက်မှုရုပ်သေး၏ အရှိန်မှာ အကန့်အသတ်ရှိလေရာ အလယ်ပိုင်းသို့ ရောက်သည့်အခါ ကြမ်းပြင်ရွေ့လျားမှုအရှိန်ကို မမီတော့ပေ။ ပြေးရုံသက်သက်ဖြင့်မူ ဒုတိယတံခါးသို့ ရောက်ရန် မဖြစ်နိုင်ပေ။
ချောမွတ်နေသော နံရံတွင် ခြေကုပ်ယူစရာ မရှိသော်လည်း ထွက်ပေါ်လာသော သစ်သားတုံးများမှာ အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။
နင်းကျော့သည် သိရှိနားလည်မှု အသစ်ဖြင့် ထပ်မံကြိုးစားပြန်ရာ ပဉ္စမမြောက် သစ်သားတုံးအထိ ရောက်ရှိသွားသော်လည်း –
ဒုန်း
သစ်သားတုံးကြီးနှင့် ရိုက်မိကာ လွင့်ထွက်သွားပြန်သည်။
“တံခါးနဲ့ နီးလာလေလေ ကြမ်းပြင်က ပိုမြန်လာလေပဲ။ အရှိန်ကို အတိအကျ တွက်ချက်နိုင်မှ တည်တည်ငြိမ်ငြိမ် ဆင်းသက်နိုင်မှာ”
နင်းကျော့သည် အတွေ့အကြုံများကို သင်ခန်းစာယူကာ ဆက်လက်ကြိုးစားလေသည်။
ဒုန်း
အဋ္ဌမမြောက် သစ်သားတုံးသို့ ရောက်သောအခါ အခက်အခဲမှာ ပို၍တိုးလာပြန်သည်။ အပေါ်မျက်နှာကြက်မှ သစ်သားတုံးကြီး တစ်တုံး ထွက်ပေါ်လာပြီး သူ့ကို အပေါ်မှ ဆောင့်ကန်ချလိုက်ခြင်းဖြစ်သည်။
နင်းကျော့သည် တံခါးသို့ ဝင်တိုက်မိကာ သူ၏ခန္ဓာကိုယ်မှာလည်း အစိတ်စိတ်အမွှာမွှာ ပြုတ်ထွက်သွားတော့သည်။
သူသည် ခန္ဓာကိုယ်ကို ပြန်လည်ဆက်စပ်ပြီးနောက် လက်နှစ်ဖက်ကို ဆန့်တန်းကာ ခေါင်းကို ကောက်ယူပြီး လည်ပင်းပေါ်သို့ ပြန်လည်တင်လိုက်ရသည်။
“ခေါင်းကလည်း အရမ်းကြီးနေတယ်။ စတုရန်းပုံစံ ဖြစ်နေတော့ လှည့်ရတာ အရမ်းနှေးတယ်၊ ပိုသေးတဲ့ ခေါင်းကို ရွေးခဲ့သင့်တာ။ ပြီးတော့ ဒီ မညီမညာဖြစ်နေတဲ့ ခြေထောက်တွေက အကြီးမားဆုံး ပြဿနာပဲ”
“ကံကောင်းတာက ဒီသစ်သားတုံးတွေ ထွက်လာမယ့် နေရာတွေကို ငါ မှတ်မိနေပြီ။ အကြိမ်ကြိမ် ကြိုးစားကြည့်ရင်တော့ အောင်မြင်နိုင်မှာပါ”
ဒုန်း
ယခုတစ်ကြိမ်တွင်မူ သစ်သားတုံး သုံးတုံးကိုသာ ကျော်ဖြတ်နိုင်ပြီး နောက်သို့ ပြန်လည်လွင့်ထွက်သွားခဲ့သည်။
နင်းကျော့သည် ဖြည်းညင်းစွာ ပြန်ဝင်သွားသော သစ်သားတုံးကို ကြည့်ကာ ဆွံ့အသွားပြီး – “နေဦး၊ ဒီသစ်သားတုံးတွေက ပုံသေမဟုတ်ဘူးလား။ သူတို့ စိတ်ကြိုက် ပြောင်းလဲနိုင်တာလား”
အခက်အခဲမှာ ချက်ချင်းပင် ဆယ်ဆခန့် မြင့်တက်သွားတော့သည်။
ပင်မခန်းမရှိ ပလ္လင်ထက်တွင် နဂါးလိပ် မီးလျှံဝိညာဉ်သည် ပထမဆုံး စိန်ခေါ်သူကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ရုပ်သေးရုပ် နင်းကျော့ ငြိမ်သက်နေသည်ကို မြင်သောအခါ ၎င်းသည် တဟီးဟီးနှင့် ရယ်မောလေသည်။
နဂါးလိပ် မီးလျှံဝိညာဉ်အတွက်မူ အူတူတူအတတ ဖြစ်နေသော နင်းကျော့မှာ တက်ကြွသော ရုပ်သေးပြပွဲတစ်ခု ကပြနေသကဲ့သို့ ဖြစ်နေသဖြင့် ကြည့်ရှုရင်း အတော်ပင် သဘောကျနေပုံရ၏။
ဒုန်း၊ ဒုန်း၊ ဒုန်း...
နင်းကျော့သည် စိန်ခေါ်မှုကို အကြိမ်ကြိမ် ရှုံးနိမ့်နေခဲ့သည်။
“ငါ့မှာ ဝိညာဉ်စွမ်းအား ကုန်တော့မယ်”
သူသည် စိတ်ထဲမှ သက်ပြင်းချကာ ထိုင်ချလိုက်ပြီး မိမိ၏ ဝမ်းဗိုက်ပေါ်ရှိ အဖုံးလေးကို ဖွင့်လိုက်သည်။ အဖုံးအောက်တွင် ဝိညာဉ်ကျောက်တုံး ထည့်သွင်းထားသော အကန့်လေးတစ်ခု ရှိ၏။
ထိုဝိညာဉ်ကျောက်တုံးမှာ အရောင်အဆင်း မှိန်ဖျော့နေပြီး ဝိညာဉ်စွမ်းအားလည်း ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ နင်းကျော့သည် ထိုကျောက်တုံးကို ဖယ်ရှားလိုက်ပြီး ဒုတိယမြောက် ကျောက်တုံးကို အလျင်အမြန် အစားထိုးလိုက်သည်။
သူသည် ဝမ်းဗိုက်ပေါ်ရှိ အဖုံးကို ပြန်ပိတ်ကာ မြဲမြံမှုရှိစေရန် လက်ဖဝါးလေးဖြင့် အသာအယာ ပုတ်လိုက်သည်။
“ဝိညာဉ်ကျောက်တုံး လဲတဲ့အခါမှာ မြန်မြန်လုပ်ရမယ်၊ ရုပ်သေးထဲမှာ ကျန်နေသေးတဲ့ ဝိညာဉ်စွမ်းအားကို အသုံးချနိုင်မှဖြစ်မယ်။ ဒါဟာ ရုပ်သေးအတွက် အားအနည်းဆုံး အချိန်ပဲ”
ဖယ်ရှားလိုက်သော ဝိညာဉ်ကျောက်တုံးထဲတွင် ဝိညာဉ်စွမ်းအား အနည်းငယ် ကျန်ရှိနေသေးသော်လည်း နင်းကျော့မှာ ဆက်လက်အသုံးမပြုဝံ့ပေ။
အကယ်၍ အရှိန်ပြင်းပြင်း ပြေးနေစဉ် ဝိညာဉ်စွမ်းအား လုံးဝကုန်ခမ်းသွားပါက သူသည် လုံးဝ လှုပ်ရှားနိုင်တော့မည် မဟုတ်ပေ။
“ရုပ်သေးပုံစံနဲ့ဆိုရင် ဝိညာဉ်ကျောက်တုံးထဲက စွမ်းအားတင် ကုန်တာ မဟုတ်ဘူး။ သစ်သားတုံးတွေနဲ့ တိုက်မိတိုင်း အင်းကွက်တွေက ငါ့ဝိညာဉ်ကိုလည်း အားနည်းစေတယ်”
“ငါ ဒီနန်းတော်ထဲကို ဝိညာဉ်နဲ့ ဝင်လာတာ။ ငါ့ဝိညာဉ်ကသာ အရမ်းအားနည်းသွားရင် ဝိညာဉ်စွမ်းအား ရှိနေရင်တောင် ငါ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီရုပ်သေးခန္ဓာကိုယ်ကလည်း ဒဏ်ရာတွေ တော်တော်ရနေပြီ”
နင်းကျော့သည် မိမိကိုယ်ကိုယ် ပြန်လည်စစ်ဆေးကြည့်ရာ လက်မောင်း၊ ခေါင်းနှင့် အခြားအစိတ်အပိုင်းများတွင် အက်ကြောင်းလေးများကို တွေ့ရှိရသည်။
“သစ်သားတုံးတွေရဲ့ တည်နေရာက ပုံသေမရှိတော့ လှည့်ကွက်သုံးလို့ မရဘူး။ ကြိုးစားမှု သက်သက်နဲ့ပဲ သွားရမှာပဲ”
နင်းကျော့သည် စိတ်ကို စုစည်းကာ အားသစ်လောင်းပြီးနောက် ထပ်မံပြေးလွှားပြန်သည်။
ဒုန်း၊ ဒုန်း၊ ဒုန်း...
နင်းကျော့သည် အကြိမ်ကြိမ် ပြန်လည်လွင့်ထွက်ခဲ့သော်လည်း အကြိမ်တိုင်းတွင် အတွေ့အကြုံများ ရရှိလာကာ ရုပ်သေးခန္ဓာကိုယ်ကို ထိန်းချုပ်ရာတွင်လည်း ပိုမိုကျွမ်းကျင်လာခဲ့သည်။
သူ၏ တိုးတက်မှုမှာ အထင်အရှားပင်။ နောက်ဆုံးအပိုင်းသို့ ရောက်သောအခါ သစ်သားတုံး ခုနစ်တုံး၊ ရှစ်တုံးခန့်မှာ တပြိုင်နက်တည်း တိုက်ခိုက်လာကြသည်။
၎င်းတို့သည် အဆက်မပြတ် ထွက်ပေါ်လာပြီး အချို့က ဘေးတိုက်၊ အချို့က တည့်တည့်၊ အချို့က အပေါ်မှ ကျဆင်းလာကာ အချို့မှာမူ လမ်းခုလတ်တွင် လမ်းကြောင်း ပြောင်းလဲပစ်ကြသည်။
နင်းကျော့သည် နောက်တစ်ကြိမ် လဲကျသွားပြန်ရာ ရိုက်ချက်ကြောင့် သူ၏ ခြေထောက်တစ်ဖက်မှာ ကျိုးပဲ့သွားတော့သည်။
မြေပြင်သို့ ကျသွားပြီးနောက် ရွေ့လျားနေသော ကြမ်းပြင်ကြောင့် ပထမတံခါးဆီသို့ ပြန်လည်ရောက်ရှိသွားရပြန်သည်။
ယခင်ကပင် ခြေထောက်နှစ်ဖက်စလုံးမှာ ဒဏ်ရာရထားခြင်း ဖြစ်သည်။
ယခုမူ ခြေထောက်တစ်ဖက် မရှိတော့ရာ သူ မည်သို့ ရင်ဆိုင်ရမည်နည်း။
စဉ်းစားပြီးနောက် နင်းကျော့၏ စိတ်ထဲတွင် ရဲတင်းသော အကြံတစ်ခု ပေါ်လာသည်။
“စမ်းကြည့်ရတာပေါ့”
သူသည် မိမိ၏ လက်နှစ်ဖက်ကို တစ်ဖက်စီ ဖြုတ်လိုက်ပြီး ပေါင်နေရာတွင် အစားထိုးရန် ခန္ဓာကိုယ်အောက်ပိုင်းတွင် တပ်ဆင်လိုက်သည်။ ထို့နောက် ကျန်ရှိနေသော ပေါင်ကို ညာဘက်လက် အိမ်ပေါက်ထဲသို့ ထည့်လိုက်လေသည်။
ယခုမူ သူသည် ကြည့်ရသည်မှာ အတော်ပင် ထူးဆန်းနေသော ရုပ်သေးရုပ်ကြီး ဖြစ်သွားတော့သည်။
နင်းကျော့သည် ချက်ချင်း မစမ်းသပ်သေးဘဲ ခဏမျှ လေ့ကျင့်ပြီးနောက် သူ၏ ခန္ဓာကိုယ်ပုံစံသစ်ကို တဖြည်းဖြည်း ကျွမ်းကျင်လာအောင် ပြုလုပ်ခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် –
လက်တစ်ဖက်သာ ကျန်ရှိတော့သော နင်းကျော့သည် ဒုတိယတံခါးရှေ့သို့ ခဲခဲယဉ်းယဉ်း တွားတက်နိုင်ခဲ့သည်။
သူ၏ အခြေအနေမှာ အလွန်ဆိုးရွားနေပြီး အင်းကွက်များကြောင့် ဝိညာဉ်မှာလည်း များစွာ အားနည်းနေချေပြီ။
“မြန်မြန်... မြန်မြန်လုပ်မှ”
သူသည် မိမိကိုယ်ကိုယ် တိုက်တွန်းကာ လက်ကို အားယူဆန့်ထုတ်ပြီး တံခါးကို ထိတွေ့လိုက်သည်။
ထိုခဏ၌ပင် သတင်းအချက်အလက်များ စီးဝင်လာ၏။
ယခင်အတိုင်းပင် ရွေးချယ်စရာ သုံးခု ရှိနေသည်။
ပထမမှာ ဝိညာဉ်ကျောက်တုံး၊ ဒုတိယမှာ စက်မှုအစိတ်အပိုင်းများဖြစ်ပြီး တတိယမှာမူ ပညာရပ်တစ်ခု ဖြစ်သည်။
နင်းကျော့မှာ အစွမ်းကုန် အားကုန်နေပြီဖြစ်သဖြင့် အသေးစိတ်ပင် မကြည့်နိုင်တော့ဘဲ ပညာရပ်ကိုသာ တိုက်ရိုက်ရွေးချယ်လိုက်လေသည်။
နောက်တစ်ခဏတွင်မူ သူသည် သတိမေ့မြောသွားတော့သတည်း။
အခန်း (၂၈) - လုပ်ကြံမှု
နင်းကျော့သည် ဖြည်းညှင်းစွာ မျက်လုံးပွင့်လာသောအခါ မိမိ၏ ပတ်ဝန်းကျင်တစ်ခုလုံး သိသိသာသာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။
သူသည် မိမိ၏ မြေအောက်အလုပ်ရုံသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
ခန္ဓာကိုယ်၏ နက်ရှိုင်းသော အတွင်းပိုင်းဆီမှ ပြင်းထန်သော အားအင်ချည့်နဲ့မှု ဝေဒနာမှာ တိုးဝှေ့တက်လာချေသည်။
နင်းကျော့သည် ထရပ်လိုက်ပြီး မိမိကိုယ်ကို ပြန်လည်စစ်ဆေးကြည့်ရာ-
“ငါ့ရဲ့ ရုပ်ခန္ဓာကတော့ ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ ဝိညာဉ်ကတော့ တော်တော်လေး အားနည်းသွားပြီပဲ” ဟု တွေးတောမိလေသည်။
အခန်း (၂) အတွင်း၌ သူသည် ဧရာမ သစ်သားတုံးကြီးများ၏ ဆောင့်တိုက်မှုကို အကြိမ်ကြိမ် ခံစားခဲ့ရသည် မဟုတ်လော။
“ဒါဟာ ချော်ရည်နန်းတော်ကို ပထမဆုံးအကြိမ် သွားရောက်စူးစမ်းတာ ဖြစ်ပြီး အခန်း (၃) ထဲအထိ မဝင်နိုင်ခဲ့ပေမဲ့လည်း အမြတ်တွေတော့ အများကြီး ထွက်ခဲ့တာပဲ!”
“အထူးသဖြင့် အခန်း (၂) က ရခဲ့တဲ့ ပညာရပ်ဆုလာဘ်ကတော့ ကံကောင်းလို့သာ သယ်လာနိုင်ခဲ့တာပဲ”
နင်းကျော့သည် မိမိရရှိလာသော ပညာရပ်ကို လေ့လာရန် မလောဘဲ ဦးစွာ ရေနှင့် အစားအစာကိုသာ သုံးဆောင်လိုက်၏။
သူ၏ ဝိညာဉ်မှာ နန်းတော်အတွင်းသို့ ဆွဲထုတ်ခံထားရသဖြင့် ရုပ်ခန္ဓာမှာ သတိလစ်မေ့မြောနေသည့် အခြေအနေတွင် ရှိနေခဲ့သည်။
နှလုံးခုန်သံနှင့် အသက်ရှူခြင်းမှာ ပုံမှန်ရှိနေသော်လည်း အချိန်ကြာမြင့်စွာ မလှုပ်မယှက် ရှိနေခြင်းမှာ ကောင်းလှသည်တော့ မဟုတ်ပေ။
အကြောင်းမူကား ယခုအခါ နင်းကျော့သည် ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် မျှသာ ရှိသေးသည့်အပြင် မည်သည့် ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ်ကိုမျှ သီးသန့်ကျင့်ကြံထားခြင်း မရှိသဖြင့် သူ၏ ရုပ်ခန္ဓာမှာ သန်မာလှသည်မဟုတ်ပေ။
ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရများကို ဖြည့်တင်းရင်း နင်းကျော့သည် ကုန်ဆုံးသွားသော အချိန်ကို တွက်ချက်ကြည့်လေသည်။
“ချော်ရည်နန်းတော်ကို ပထမဆုံးအကြိမ် စူးစမ်းခဲ့တာ သုံးနာရီလောက် ကြာသွားတာပဲ”
“ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ် ကို ကျင့်ကြံထားတဲ့ ကျင့်ကြံသူတွေအတွက်တော့ ချော်ရည်နန်းတော်ထဲကို ဝင်ရောက်ပုံက အရင်နဲ့ မတူတော့ဘူး။ အရင်က ရုပ်ခန္ဓာနဲ့ ဝင်ရတာဖြစ်ပေမဲ့ အခုတော့ ဝိညာဉ်ကိုပဲ ဆွဲယူသွားတာပဲ။ ဒါဆိုရင် မြို့စားမင်းက မီးလျှံတောင်တန်း ရဲ့ ထိပ်မှာ စောင့်ကြပ်ပြီး ပိတ်ဆို့ထားလည်း အပိုပဲပေါ့”
“မဟုတ်သေးဘူး... မြို့စားမင်းကတော့ ဆက်ပြီး ပိတ်ဆို့ထားဦးမှာပဲ”
“တစ်ချက်ကတော့ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်ထက် မြင့်တဲ့သူတွေကို ရုပ်ခန္ဓာနဲ့ နန်းတော်ထဲ မဝင်နိုင်အောင် တားဆီးဖို့ပဲ။ ဘာပဲဖြစ်ဖြစ် အခု ချော်ရည်နန်းတော်က ပေါ်လာပြီကိုး”
“နောက်တစ်ချက်ကတော့ ဒါဟာ သူနဲ့ပတ်သက်တဲ့ အင်အားစုတွေအတွက်လည်း အကျိုးရှိစေတယ်။ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးတဲ့ သူ့ရဲ့မြေး မုန့်ချုံဆိုရင် ချော်ရည်နန်းတော်ကို သိမ်းပိုက်ဖို့ အစောကြီးကတည်းက ပြင်ဆင်နေခဲ့တာ။ ဒီလိုဆိုတော့ မြို့စားမင်းဘက်က အသာဆုံးဖြစ်နေတုန်းပဲ”
“မုန့်ချုံမှာက အဆင့်မြင့်မသေမျိုးပါရမီဖြစ်တဲ့ 'ပြင်းထန်သော မိုးကြိုးလျှပ်စီး' ရှိတာပဲ။ ငါကတော့ သူ့ကို ဘယ်လိုမှ မမီနိုင်ဘူး”
“ဟူး... သူရော ဘယ်နှစ်ဆင့်လောက်အထိ အောင်မြင်သွားပြီလဲမသိဘူး။ အခန်း (၂) ကတော့ သူ့အတွက် ပြဿနာရှိမှာ မဟုတ်ပါဘူး”
သာမန်လူသားများတွင် ဝိညာဉ်အမြစ် ရှိရုံမျှဖြင့် ကျင့်ကြံခြင်းအတွက် အခြေခံအရည်အချင်းရှိသည်ဟု ဆိုနိုင်သော်လည်း ယင်းထက် သာလွန်သော ကျင့်ကြံခြင်း ပါရမီများစွာ ရှိပေသေးသည်။
အဆင့်မြင့် ပါရမီရှင်များကို မသေမျိုးပါရမီရှင်များဟု ခေါ်ဆိုကြပြီး ၎င်းတို့သည် မိမိတို့ထက် အဆင့်မြင့်သော ရန်သူများကိုပင် အနိုင်ယူနိုင်စွမ်း ရှိကြကုန်၏။
နင်းကျော့သည် ပထမဆုံးအကြိမ်၌ အခန်း (၃) သို့ မဝင်နိုင်ခဲ့သော်လည်း ရရှိလိုက်သည့် အသိအမြင်များမှာ များပြားလှပေသည်။
ချော်ရည်နန်းတော်သည် 'ပြင်ပလူ' နှင့် 'မိမိ၏ ကျင့်ကြံသူ' အပေါ် ဆက်ဆံပုံမှာ လုံးဝ ကွဲပြားခြားနားလှ၏။
ယင်းမှာ နင်းကျော့အတွက် အလွန်အကျိုးရှိစေသည်။
ယခင်စနစ်အရဆိုလျှင် နင်းကျော့သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ရွှေအမြုတေအဆင့် နှင့် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ရှိသူများနှင့်ပင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
သို့သော် ယခုစစ်ဆေးမှုပုံစံအသစ်အောက်တွင်မူ သူ၏ ပြိုင်ဘက်များမှာ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်ရှိသူများသာ ဖြစ်လေတော့သည်။
နင်းကျော့သည် မိမိစုဆောင်းရရှိထားသော သတင်းအချက်အလက်များကို ပြန်လည် စုစည်းကြည့်မိသည်။
“မြို့စားမင်းဘက်က ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေထဲမှာတော့ မုန့်ချုံက အကောင်းဆုံးပဲ”
“ကျိုးမျိုးနွယ်စုထဲမှာဆိုရင်တော့ ကျိုးကျဲရှန်နဲ့ ကျိုးကျူတို့ ရှိတယ်။ သူတို့နှစ်ယောက်က ရွှံ့နွံစီးဆင်းခြင်းဂိုဏ်းထဲကို သီးသန့်ဝင်ထားတာဆိုတော့ သူတို့ရဲ့ စက်မှုပညာရပ် ကျွမ်းကျင်မှုက ခန့်မှန်းဖို့တောင် ခက်တယ်”
“ကျန်းမျိုးနွယ်စုရဲ့ ကျန်းကျန့်ကလည်း သူတို့အနွယ်ရဲ့ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်မှာ မျက်နှာပန်းအလှဆုံးပဲ။ သူ့မှာ 'နှလုံးသားဖောက်ထွင်းမြင်ခြင်း' ဆိုတဲ့ အထက်တန်းစား ပါရမီရှိတာကလည်း အထင်သေးလို့မရဘူး”
“နင်းမျိုးနွယ်စုမှာဆိုရင်တော့ အဆင့်တူတွေထဲမှာ နင်းရှောင်ဟွေ့က အတော်ဆုံးပဲ။ ဒါပေမဲ့ သူက ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ်ကို ပြောင်းလဲကျင့်ဖို့ ဝန်လေးနေတုန်းပဲ”
“ဟူး... သူတို့အားလုံးက ကျင့်ကြံခြင်း ပါရမီရှင်တွေချည်းပဲ”
“သူတို့နဲ့ ယှဉ်ရင် ငါ့မှာရှိတာက 'စောစီးစွာ ဉာဏ်အလင်းပွင့်ခြင်း' ဆိုတဲ့ သာမန်ကာလျှံကာ မသေမျိုးပါရမီလေးပဲ ရှိတာ”
“အဓိကအချက်က သူတို့နောက်မှာ အင်အားကြီးတဲ့ မိသားစုနောက်ခံတွေ ရှိနေပြီး ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူတွေဆီကတောင် အကူအညီ ရနိုင်ကြတာပဲ။ ငါကတော့ အဲဒီလို မဟုတ်ဘူး။ ငါက သာမန်လူတစ်ယောက်ဖြစ်လို့ တစ်ယောက်တည်း ရုန်းကန်နေရတာ။ ဒီအချက်မှာတော့ ငါက သူတို့ကို မော့ကြည့်နေရုံပဲ ရှိတာပေါ့”
အခြေအနေအရပ်ရပ်ကို တွေးတောမိသောအခါ နင်းကျော့မှာ ခေါင်းကိုက်ဝေဒနာကို ခံစားလိုက်ရသည်။
သူသည် ဝိညာဉ်ပြန်လည်အားဖြည့်ပေးသည့် ဆေးပုလင်းကို ယူလိုက်ပြီး ဆေးလုံးအချို့ကို ရေနှင့်အတူ မျိုချလိုက်လေသည်။
ထို့နောက် ကုတင်ပေါ်သို့ အပြေးအလွှား တက်လှဲလိုက်ရာ ခဏချင်းပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
သူ အိပ်စက်အနားယူနေစဉ်အတွင်း ကျိုးမျိုးနွယ်စုဝင်းအတွင်း၌ ပဋိပက္ခတစ်ခု ဖြစ်ပွားနေချေပြီ။
“ဘာလို့ ငါက ဒီနေရာမှာ အစီအရင်ကို သုံးလို့မရရတာလဲ” ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးက မောက်မာစွာ အော်ဟစ်နေ၏။
“ဘာဖြစ်လို့လဲဆိုတော့ ငါ ဒီမှာ ရှိနေလို့ပဲ” ကျိုးကျဲရှန်သည် တင်းမာသော မျက်နှာထားဖြင့် ထွက်လာလေသည်။
ကျိုးမျိုးနွယ်စုဝင် ကျင့်ကြံသူသည် လှောင်ပြောင်သော စကားကို ဆိုရန်ပြင်စဉ်မှာပင် ကျိုးကျဲရှန်က အလံငယ်တစ်ခုကို ထုတ်လိုက်သည်ကို တွေ့လိုက်ရ၏။
သူသည် ထိုနှောင့်ယှက်သူကို အလံဖြင့် ဝေ့ယမ်းလိုက်ရာ ကျင့်ကြံသူ၏ ခြေထောက်အောက်ရှိ မြေပြင်မှာ ချက်ချင်းပင် ရွှံ့နွံအိုင်အဖြစ် ပြောင်းလဲသွားပြီး သူ့ကို ဝါးမြိုလိုက်တော့သည်။
“ကျိုးကျဲရှန်... မင်းက တော်တော်ရိုင်းတာပဲ၊ မျိုးနွယ်စု နယ်မြေထဲမှာတောင် လက်နက်သုံးရဲတယ်ပေါ့ အား...”
သူသည် စကားပင် ဆုံးအောင် မပြောနိုင်တော့ပေ။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှံ့နွံထဲသို့ နစ်မြုပ်လုနီးပါး ဖြစ်သွားပြီး မေးစေ့နှင့် ပါးစပ်တို့ပါ နစ်သွားရာ နှာခေါင်းပေါက်လေးသာ အသက်ရှူရန် အပေါ်သို့ ကျန်တော့သည်။
သူသည် အသည်းအသန် ရုန်းကန်သော်လည်း မလှုပ်နိုင်ဘဲ မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီမြန်းကာ မျက်လုံးများ ပြူးထွက်နေချေသည်။
ကျိုးကျဲရှန်က နှာခေါင်းရှုံ့လိုက်ပြီး ပတ်ဝန်းကျင်ရှိ လူအုပ်ကို ကြည့်ကာ “ငါနဲ့ ကျိုးကျူအပေါ် မျိုးနွယ်စုထဲက တချို့လူတွေ မကျေနပ်ကြတာ ငါသိပါတယ်။ ဒါပေမဲ့ ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ ငါ့ကို နှောင့်ယှက်ဖို့ ကြိုးစားတာဟာ ငါ့ကို တော်တော် အထင်သေးရာ ရောက်တယ်” ဟု ဆိုလိုက်သည်။
ထိုစဉ်မှာပင် မြေအောက်ခန်းဆီမှ စူးရှသော အချက်ပေးသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
ကျိုးကျဲရှန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားပြီး မြေအောက်ခန်းထဲသို့ အပြေးအလွှား ဝင်သွားလေသည်။
စိတ်တိုင်းကျ စုစည်းပျံ့နှံ့စေသော ဝိညာဉ်ဒီရေအစီအရင်မှာ ဖြည်းညှင်းစွာ ရပ်တန့်သွားပြီဖြစ်ပြီး ကျိုးကျူမှာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကာ မျက်လုံးများ ပိတ်လျက် ခန္ဓာကိုယ် အပေါက်တိုင်းမှ သွေးများ ယိုစီးကျနေချေသည်။
“ကျူလေး” ကျိုးကျဲရှန်က အော်ဟစ်ကာ အစီအရင်ထဲသို့ ပြေးဝင်သွားပြီး ကျိုးကျူကို အရေးပေါ် ကုသပေးလေတော့သည်။
မကြာမီမှာပင် ကျိုးမျိုးနွယ်စု၏ အကြီးအကဲတစ်ဦးသည် ဖြူဖျော့သော မျက်နှာဖြင့် ရောက်ရှိလာပြီး “စုံစမ်းကြစမ်း လက်သည်ကို ရှာဖွေပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်” ဟု အမိန့်ပေးလေသည်။
ကျန်းမျိုးနွယ်စု။
လက်နက်ပစ္စည်း သန့်စင်သည့် အခန်းအတွင်း၌ လူအများ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။
ဆေးဖိုကြီး၏ မီးလျှံများမှာ ကျန်းကျန့်၏ နီမြန်းနေသော မျက်နှာကို ထင်ဟပ်နေ၏။
ယခုအခါ သူသည် အင်္ကျီမပါဘဲ ကြွက်သားများ ထောင်ထနေကာ ချွေးများ တစိုစိုနှင့် လက်နက်ပစ္စည်း သန့်စင်ခြင်းကို အာရုံစိုက်နေသည်။
လက်တစ်ဖက်တွင် သံညှပ်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က တူကို မြှောက်ကာ လက်နက်ပုံကြမ်းကို အဆက်မပြတ် ထုရိုက်နေလေသည်။
ထိုလက်နက်ပုံကြမ်းမှာ ကလေးငယ်တစ်ဦး၏ လက်ဖဝါးခန့်မျှသာ ရှိသော အရာလေးဖြစ်သည်။
ရုတ်တရက် လက်နက်ပုံကြမ်းဆီမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာ၏။
ကျန်းကျန့်၏ မျက်လုံးများမှာလည်း ဝင်းလက်သွားပြီး တူကို ချကာ ရေတစ်မှုတ်ကို ယူ၍ ပုံကြမ်းပေါ်သို့ လောင်းချလိုက်လေသည်။
ကြည်လင်သော ရေနှင့် ထိတွေ့လိုက်သောအခါ ဆူညံသော အသံနှင့်အတူ အငွေ့များ အများအပြား ထွက်ပေါ်လာ၏။
ကျန်းကျန့်သည် ဘေးအန္တရာယ်ကို ချက်ချင်း အာရုံရလိုက်သဖြင့် နောက်သို့ အမြန် ဆုတ်ခွာလိုက်သည်။
သို့သော်လည်း သူသည် ထိုအဖြူရောင် အငွေ့အချို့ကို ရှူရှိုက်မိသွားသဖြင့် ချောင်းနှစ်ချက်ဆိုးကာ သွေးများ အန်ထုတ်လိုက်ရလေသည်။
“တောက်... ဒီရေထဲမှာ အဆိပ်ပါနေတာပဲ”
ကျန်းကျန့်၏ မျက်နှာမှာ ဖြူလျော့သွားပြီး လက်နက်သန့်စင်ခန်းအတွင်းမှ အပြေးအလွှား ထွက်ခွာသွားတော့သည်။
မြို့စားမင်း၏ စံအိမ်။
ဝတ်စုံနက်ဝတ် လုပ်ကြံသတ်ဖြတ်သူတစ်ဦးသည် တံတိုင်းကို ကျော်ဖြတ်ကာ ခေါင်မိုးပေါ်သို့ အသံတိတ် တက်လှဲလိုက်ပြီး ပိုက်ပြောင်းသဏ္ဍာန် မန္တန်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။
သူသည် ပညာရပ်တစ်ခုကို အသုံးပြု၍ ခေါင်မိုးကို အပေါက်ငယ်တစ်ခု ဖောက်လိုက်ပြီး ပိုက်ပြောင်းကို အသာအယာ နှိမ့်ချလိုက်လေသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ မုန့်ချုံသည် “သူခိုး... သေဖို့သာ ပြင်ပေတော့” ဟူသော ဟိန်းဟောက်သံကို ကြားလိုက်ရသည်။
ထိုပိုက်ပြောင်းမှာ ကြောက်မက်ဖွယ်ကောင်းသော မုန့်ချုံ့ရဲ့ လျှပ်စီးများ၏ တွန်းကန်မှုကြောင့် လုပ်ကြံသူ၏ ပါးစပ်မှ ဖောက်ထွက်ကာ ဦးခေါင်းနောက်စေ့သို့ ထွင်းဖောက်သွားပြီးနောက် ကောင်းကင်ယံသို့ အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားတော့သည်။
စူးရှသော လျှပ်စီးများကြားတွင် လုပ်ကြံသူမှာ အသည်းအသန် တုန်ခါသွားပြီးနောက် မီးသွေးတုံးကြီးသဖွယ် ဖြစ်သွားကာ ခေါင်မိုးပေါ်မှ မြေပြင်သို့ လိမ့်ကျသွားလေတော့သည်။
“ဟင်း...” အခန်းအတွင်း၌ မုန့်ချုံသည် ဖြည်းညှင်းစွာ မျက်လုံးပိတ်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နေလေသည်။
နင်းမျိုးနွယ်စု။
နင်းရှောင်ဟွေ့သည် မျိုးနွယ်စုအကြီးအကဲ၏ ရှေ့တွင် ရပ်နေပြီး သူမ၏ အဘွားနှင့် အဆောင်လက်ဖွဲ့ဆောင် အကြီးအကဲတို့မှာ ဘေးမှ လိုက်ပါလာကြသည်။
“ကျွန်မအနေနဲ့ ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ်ကို ပြောင်းလဲကျင့်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်မမှာ တောင်းဆိုချက်တချို့ ရှိတယ်” နင်းရှောင်ဟွေ့က သူမ၏ သဘောထားကို ပြောင်းလဲလိုက်၏။
မူလက နင်းမျိုးနွယ်စု၏ ပင်မမျိုးနွယ်ဝင် များထဲတွင် သင့်တော်သူ မရှိသဖြင့် နင်းရှောင်ဟွေ့တစ်ယောက်သာ အားကိုးစရာ ရှိခဲ့ခြင်းဖြစ်သည်။
နင်းရှောင်ဟွေ့၏ အဘွားနှင့် အဆောင်လက်ဖွဲ့ဆောင် အကြီးအကဲတို့မှာလည်း အခြားသူများ၏ ဖိအားကို မခံနိုင်တော့သဖြင့် လိုက်လျောရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပေရာသတည်း။