← Chapters

အခန်း (၃၃-၃၄)

Vol. 3 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 3 Ch. 33-34

အခန်း(၃၃)

နဂါးလိပ် မီးလျှံဝိညာဉ်သည် ထိုလှည့်ကွက်ကို တဖြည်းဖြည်း ရိပ်စားမိလာလေတော့သည်။

ယင်းသည် နက်မှောင်သော မီးခိုးငွေ့တစ်ချက်ကို အထင်အမြင်သေးစွာ မှုတ်ထုတ်လိုက်ရင်း နင်းကျော့၏ ကြိုးပမ်းအားထုတ်မှုများမှာ အချည်းနှီးသာဖြစ်ကြောင်း ယုံကြည်နေမိ၏။

သို့ရာတွင် နင်းကျော့အား တားဆီးရန် လက်ညှိုးကို မြှောက်အံ့ဆဲဆဲ၌ပင် ထိုအကြံကို ပြန်လည်ရုပ်သိမ်းလိုက်ပြန်သည်။

ဤမြင်ကွင်းသည် အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းလှသည်ဟု ယင်းက ရုတ်တရက် ခံစားမိသွားခြင်းပင်။

ဤသည်မှာ ပုရွက်ဆိတ်ငယ်တစ်ကောင်ကို စနောက်နေသည်နှင့် တူလှပေ၏။ ပုရွက်ဆိတ်၏ လမ်းကြောင်းကို လက်ဝါးဖြင့် ပိတ်ဆို့လိုက်တိုင်း ရှေ့ဆက်တိုးမရသည့်အဆုံး အခြားလမ်းသို့ ကွေ့ပတ်သွားရပြန်သည်။

ထိုသို့ လမ်းကြောင်းကို အကြိမ်ကြိမ် ပိတ်ဆို့နေသဖြင့် ပုရွက်ဆိတ်မှာလည်း လမ်းကြောင်းများကိုသာ တစ်ဖန်လဲလှယ်နေရရှာသည်။

ယင်းက ရယ်မောဖွယ် မကောင်းပေဘူးလော။

မိမိကိုယ်ကိုယ် ပုရွက်ဆိတ်တစ်ကောင်အလား အနိုင်ကျင့်ခံနေရသည်ကို မသိရှာသော နင်းကျော့မှာမူ ကြီးမားလှသည့် ဖိအားများကို ခံစားနေရရှာ၏။

"ငါ အောင်မြင်မှ ဖြစ်မယ်။"

"ငါ့နာမည်ကို ဖျက်ပစ်ရမယ်။"

နင်းကျော့သည် လက်ရှိအခြေအနေ၏ စိုးရိမ်ဖွယ်ရာကို ကောင်းစွာ သဘောပေါက်ထားပေသည်။

ယခုကိစ္စ အောင်မြင်ခြင်း၊ ကျရှုံးခြင်းသည် သူ၏ အသက်ရှင်သန်နိုင်ရေးနှင့် တိုက်ရိုက်ပင် သက်ဆိုင်နေသည်မဟုတ်လော။ အကယ်၍ အသက်ဘေးမှ လွတ်မြောက်ခဲ့လျှင်ပင် ရလာမည့် အကျိုးဆက်မှာ အလွန်ပင် ရင်နာဖွယ် ကောင်းလှပေလိမ့်မည်။

နင်းမျိုးနွယ်စုထံ အညံ့ခံပြီး အမှန်အတိုင်း ဝန်ခံရမည်လော။ နင်းကျော့သည် ထိုရွေးချယ်မှုကို အာရုံထဲပင် ထည့်မထားခဲ့ပေ။

နင်းမျိုးနွယ်စု၏ စိတ်နေစိတ်ထားအရ သူသာ အမှန်အတိုင်း ဝန်ခံလိုက်ပါက အပေါ်ယံတွင် ထောက်ပံ့ကူညီမည်ဟု ဆိုသော်လည်း ကွယ်ရာတွင်မူ ဖိနှိပ်ချုပ်ချယ်ကြမည်မှာ အမှန်ပင်ဖြစ်သည်။

ထောက်ပံ့မည်ဆိုသည်မှာလည်း သူ့အား လက်နက်ကိရိယာတစ်ခုအဖြစ်သာ အသုံးချရန် ဖြစ်ပေလိမ့်မည်။

သူ၏ ရှေ့လျှောက်ဘဝမှာ အလွန်ပင် အသက်ရှူကျပ်ဖွယ် ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲဘဲ ချော်ရည်နန်းတော်မှ ရရှိသမျှ အကျိုးအမြတ်များကိုလည်း မျိုးနွယ်စုကသာ သိမ်းပိုက်သွားမည်ဖြစ်သည်။

လွတ်လပ်ခွင့်ဟူသည်မှာမူ ဝေးလေစွ။

"အခြား အင်အားကြီး အဖွဲ့အစည်း သုံးခုဆီ ဝင်ရောက်လိုက်ရင်ကော။"

နင်းကျော့သည် မိမိဘာသာ အသာအယာ ခေါင်းခါလိုက်မိ၏။

ယခုအချိန်တွင် ခိုလှုံခွင့် တောင်းခံခြင်းမှာ အလွန်ပင် ဆိုးရွားလှပေသည်။ မုန့်ချုံ၊ ကျိုးကျူနှင့် အခြားသူများမှာ တိတ်တဆိတ် လုပ်ကြံခြင်း ခံထားရသည်။

မျိုးနွယ်စုပြင်ပမှ လူတစ်ယောက်အနေဖြင့် ဤမျှ ထူးချွန်သော ရလဒ်များ ရရှိထားသည်မှာ အခြားသော အင်အားကြီးအဖွဲ့အစည်းများ၏ အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းကိုသာ ခံရပေလိမ့်မည်။

သူ၏ အားနည်းလှသော ခန္ဓာကိုယ်သည် ထိုဒဏ်ကို မည်သို့မျှ မခံစားနိုင်ပေ။

"ငါ့ရဲ့ အကြီးမားဆုံး အားသာချက်က အစွမ်းအစကို ဖုံးကွယ်ပြီး ပုန်းအောင်းနေတာပဲ။ ဒါပေမဲ့ အခုတော့ အဆင့်သတ်မှတ်ချက် စာရင်းတစ်ခုကြောင့် ငါ ပေါ်သွားပြီ။ ဒါဟာ ဆယ်နှစ်ကျော်ကြာ ဖုံးကွယ်ခဲ့သမျှ ကြိုးစားမှုတွေကို အလဟဿ ဖြစ်စေတော့မှာပဲ။"

"ငါ အရှုံးမပေးနိုင်ဘူး။"

ထိုသို့သော ဖိအားနှင့် စိတ်လှုပ်ရှားမှုများကြားမှပင် နင်းကျော့သည် ရှေးဦးကျသော ကျောက်ခဲပစ်စက်တစ်ခုကို အလျင်အမြန်ပင် တပ်ဆင်လိုက်တော့သည်။

သူသည် ပစ်မှတ်ကို ချိန်ရွယ်ကာ အကွာအဝေးကို တွက်ချက်ပြီး ကြိုးကို ရုတ်ချည်းပင် ဖြတ်တောက်လိုက်၏။

ခေတ္တမျှအကြာတွင် ကျောက်ခဲပစ်စက်အတွင်းမှ လေးလံသော ကျောက်တုံးကြီးမှာ လွင့်ထွက်သွားလေတော့သည်။

ဘုန်း။

လေးလံသော ကျောက်တုံးကြီးသည် ကျောက်စာတိုင်ရှိ နင်းကျော့၏ အမည်ကို တိကျစွာ ရိုက်ခတ်သွားပြီးနောက် မြေပြင်ပေါ်သို့ ကျရောက်ကာ ဝန်းကျင်ရှိ အုတ်ကြွပ်များကိုပါ ကွဲအက်သွားစေသည်။

သို့ရာတွင် ကျောက်စာတိုင်ပေါ်ရှိ နင်းကျော့၏ အမည်မှာမူ ထိခိုက်ပျက်စီးခြင်းမရှိဘဲ ထင်ရှားစွာ ကျန်ရှိနေဆဲပင် ဖြစ်ရာ နင်းကျော့၏ စိတ်နှလုံးမှာ အလွန်ပင် လေးလံသွားရတော့၏။

သူသည် လက်သီးကို တင်းတင်းဆုပ်ကာ မိမိအမည်ကိုသာ စိုက်ကြည့်နေမိသည်။ ချော်ရည်နန်းတော်သို့ ဒုတိယအကြိမ်မြောက် လာရောက်စူးစမ်းစဉ်အတွင်း ယခုကဲ့သို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု သူ တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။

အကယ်၍သာ သူသည် ရုပ်သေးခန္ဓာကိုယ်တွင် ရောက်ရှိမနေပါက ယခုအချိန်တွင် ချွေးစေးများ ပျံနေမည်မှာ အမှန်ပင် ဖြစ်ချေသည်။

အဆိုးမြင်စိတ်မျိုးစုံသည် သူ၏ စိတ်နှလုံးအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့ဝင်ရောက်လာတော့၏။ နင်းကျော့သည် သူ၏ မိခင်ကွယ်လွန်ခါနီးက မှာကြားခဲ့သော စကားများကို မလွဲမသွေ သတိရနေမိသည်။

"အမေက ငါ့ကို ဘေးကင်းအောင်နေဖို့ မှာခဲ့တာ။ ငါ့အသက် အန္တရာယ်ရှိလာရင် ဒီမသေမျိုးနန်းတော်ကို စွန့်လွှတ်လိုက်လို့ ရတာပဲ။"

"အသက်က အရေးကြီးဆုံးပဲ။"

"ငါ လောဘမတက်ဘဲ ဒီချော်ရည်နန်းတော်ကို လာမစူးစမ်းခဲ့သင့်ဘူးထင်တယ်။"

ရုတ်တရက်ဆိုသလို နင်းကျော့သည် ခေါင်းကို ခါယမ်းလိုက်ရင်း မျက်ဝန်းများမှာ အေးစက်စွာ တောက်ပလာတော့သည်။

"၊ ငါ ဘာဖြစ်နေတာလဲ။"

"နောက်တစ်ကြိမ် ပြန်ရွေးချယ်ရရင်လည်း ငါ ဒီလိုပဲ လုပ်ဦးမှာပဲ။"

"ဒီလို အခွင့်အရေးမျိုး ရှေ့မှာ ရှိနေပါလျက်နဲ့ မတိုက်ပွဲဝင်ဘဲ နေတာက သူရဲဘောကြောင်တာပဲ။ အဲဒီလိုဆိုရင် သေတာကမှ မြတ်ဦးမယ်။"

"စိတ်အေးအေးထားစမ်း။"

"ငါ့ရဲ့ အခြေအနေ ပေါ်သွားခဲ့ရင်တောင် အဆိုးဆုံးရလဒ်ကို ငါ လက်ခံမယ်။"

"ဘာလို့လဲဆိုတော့ ဒါဟာ ငါကိုယ်တိုင် ရွေးချယ်ခဲ့တာမို့ပဲ။"

နင်းကျော့သည် သူ၏ စိတ်ကို အလျင်အမြန်ပင် ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ စိတ်ငြိမ်သွားသည်နှင့်တစ်ပြိုင်နက် အခြားသော နည်းလမ်းကောင်းများက ခေါင်းထဲသို့ ဝင်ရောက်လာတော့၏။

"ကျောက်စာတိုင်က အဆင့်စာရင်းကို ဖျက်ဆီးဖို့ ခက်ခဲပေမဲ့ ချော်ရည်နန်းတော်ကိုယ်တိုင်က နာမည်ပြောင်းဖို့ ဒါမှမဟုတ် ဖုံးကွယ်ဖို့ နည်းလမ်းတစ်ခုခု ပေးထားနိုင်တာပဲ။"

"ပြင်ဆင်ဆောင်ထဲမှာ ငါ မစူးစမ်းရသေးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။"

နင်းကျော့သည် နေရာအနှံ့ကို စတင်စူးစမ်းလေတော့သည်။

သူသည် အလုပ်ခုံများ၊ စက်မှုပညာရပ်ဆိုင်ရာ ကိရိယာများနှင့် စင်များကို အလျင်အမြန်ပင် စစ်ဆေးကြည့်ရှုသည်။ အချို့မှာ သူနှင့် ရင်းနှီးသော်လည်း အများစုမှာမူ အစိမ်းသက်သက်ပင် ဖြစ်၏။

သူသည် အခန်းအပြင်ဘက်သို့ ထွက်ရန် ကြိုးစားသော်လည်း နေရာပြောင်းအခန်းမှာ မည်သို့မျှ တုံ့ပြန်ခြင်း မရှိချေ။

"ဒီပြင်ဆင်ဆောင်က ဘာဆုလာဘ်မှ မပေးဘူး ထင်တယ်။"

နောက်ဆုံးတွင်မူ သူ၏ အကြည့်တို့သည် အခန်းလယ်ရှိ ငါးမျက်နှာပါ ကျောက်စာတိုင်များဆီသို့ ရောက်ရှိသွားတော့သည်။

မကြာသေးမီက သူသည် မိမိအမည်ကို ဖျက်ရန် ကျောက်စာတိုင်ကို ထိတွေ့ခဲ့သော်လည်း ဘာမျှ ထူးခြားမလာခဲ့ပေ။ သို့ရာတွင် ပြန်လည်စဉ်းစားကြည့်လျှင် ထိုကျောက်စာတိုင်များသည် ဤမျှ ရိုးရှင်းမည် မဟုတ်ကြောင်း နင်းကျော့ ခံစားမိနေသည်။

သူသည် ကျောက်စာတိုင်တစ်ခုအတွင်းသို့ ဝိညာဉ်စွမ်းအားကို စမ်းသပ်ထည့်သွင်းကြည့်လိုက်ရာ ခေတ္တမျှအကြာတွင် ကျောက်စာတိုင်မှ သေးသွယ်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နင်းကျော့၏ ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားလေသည်။

ထိုအလင်းတန်းသည် နင်းကျော့၏ ရင်ဘတ်ပေါ်တွင် တံဆိပ်တစ်ခုအဖြစ် မှတ်သားသွားပြီးနောက် ခဏအကြာတွင် ကွယ်ပျောက်သွားတော့၏။

"စမ်းသပ်ခံ တပည့်လား။" နင်းကျော့သည် ထိုတံဆိပ်ကို မြင်ဖူးသလို ရှိနေမိသည်။

ရုတ်တရက် သူ သတိပြုမိသွားသည်မှာ ထိုတံဆိပ်၏ စာလုံးဟန်မှာ ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်နှင့် တစ်ပုံစံတည်း ဖြစ်နေခြင်းပင်။

"ဒါက မဆန်းပါဘူး။ အမေက ဒီဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်ကို ချော်ရည်နန်းတော်ကနေ ယူခဲ့တာပဲဥစ္စာ။"

ချော်ရည်နန်းတော်မှ တံဆိပ်မှာ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ ကိုယ်ယောင်ဖျောက်သွားခြင်းသာ ဖြစ်၏။

ထို့နောက် နောက်ဆက်တွဲ သတင်းအချက်အလက်များမှာ နင်းကျော့၏ အသိစိတ်အတွင်းသို့ စီးဝင်လာတော့သည်။

"အဆင့်သတ်မှတ်ချက် စာရင်းမှာ ပါတဲ့သူတွေက အပတ်တိုင်း ဆုလာဘ်တွေ ရမှာပါလား။ ဒီဆုလာဘ်တွေက ရထားတဲ့ အဆင့်နဲ့လည်း ဆက်စပ်နေတယ်။ အဆင့်မြင့်လေ ဆုလာဘ်က ပိုကောင်းလေပဲ။"

"တစ်ပတ်ဆိုတာ ဘယ်အချိန်ကစပြီး ရေတွက်တာလဲ။"

"ဘယ်လို ဆုလာဘ်တွေလဲဆိုတာလည်း အတိအကျ မသိရသေးဘူး။"

နင်းကျော့သည် ကျောက်စာတိုင်အနီးတွင် ရပ်ကာ မိမိ၏ အဆင့်ကို မော့ကြည့်ရင်း သက်ပြင်းချမိ၏။

"ဒါက ပြဿနာ မဟုတ်ဘူး။"

"ငါ့နာမည် စာရင်းပေါ်မှာ ရှိနေမယ့်အစား ဒီဆုလာဘ်တွေကို စွန့်လွှတ်လိုက်တာကမှ တော်ဦးမယ်။"

နင်းကျော့အတွက်မူ ထိုဆုလာဘ်များမှာ ပိုလျှံနေသော အရာများသာ ဖြစ်ပြီး အမည်ပေါက်ကြားသွားခြင်းမှာမူ ဘေးဒုက္ခတစ်ခုပင် ဖြစ်ချေသည်။

"ငါ စာရင်းကနေ ဆင်းရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆင်းရမယ်။"

"ငါ ဘာလုပ်သင့်လဲ။"

"ငါ့နာမည်ကို စာရင်းပေါ်မှာ မရှိစေချင်ဘူး။"

နင်းကျော့သည် အစွမ်းကုန် စဉ်းစားသော်လည်း နည်းလမ်းကောင်း မတွေ့ရှိသေးပေ။ သို့သော် သူ အသည်းအသန် စဉ်းစားနေစဉ်အတွင်း ဝေဝါးသော်လည်း ရင်းနှီးနေသည့် ခံစားချက်တစ်ခု တဖြည်းဖြည်းချင်း ထွက်ပေါ်လာတော့သည်။

"ဒီခံစားချက်က..."

"ဒါ ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်များလား။"

ထိုခဏခြင်းတွင်ပင် နင်းကျော့သည် ရေနစ်သူတစ်ယောက် ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်လိုက်သကဲ့သို့ ထိုခံစားချက်ကို ဖမ်းဆုပ်လိုက်မိ၏။

ယင်းက အလုပ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ လက်ရှိအချိန်တွင် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပေသည်။

ချက်ချင်းပင် သူသည် စိတ်ကို စုစည်းကာ အခြားအာရုံများကို ဖယ်ထုတ်၍ ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်ကို အာရုံခံနိုင်ရန် အစွမ်းကုန် ကြိုးစားတော့သည်။

မီးလျှံတောင် မသေမျိုးမြို့တော်အတွင်း၌မူ နင်းကျော့၏ ကိုယ်ပိုင်ခန္ဓာကိုယ်မှာ သာမန်အိပ်စက်နေသူတစ်ယောက်ကဲ့သို့ ကုတင်ပေါ်တွင် လဲလျောင်းနေလျက် ရှိ၏။

သို့ရာတွင် သူ၏ အထက်ပိုင်းတန်တျန် အသိဉာဏ်ပင်လယ်အတွင်း၌မူ ကြီးမားလှသော ရတနာတံဆိပ်တော်ကြီးမှာ တဖြည်းဖြည်းချင်း စတင်၍ တောက်ပလာတော့သည်။

ယင်း၏ အလင်းရောင်မှာ ပိုမိုပြင်းထန်လာပြီး သူ၏ ခန္ဓာကိုယ်မှတစ်ဆင့် အသက်မျှင်ကြိုးအတိုင်း နင်းကျော့၏ ဝိညာဉ်ထံသို့ စီးဆင်းသွားလေသည်။

ငါးမျက်နှာပါ ကျောက်စာတိုင်များနှင့် ထိတွေ့နေသော ရုပ်သေးရုပ်အတွင်းရှိ နင်းကျော့၏ ဝိညာဉ်သည် ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်၏ လွှမ်းမိုးမှုကို ကျောက်စာတိုင်များဆီသို့ သက်ရောက်စေလိုက်၏။

နင်းကျော့သည် "အလုပ်ဖြစ်နေပြီ၊ တကယ်ကြီး အလုပ်ဖြစ်နေပြီ။" ဟု ရင်ထဲမှ အော်ဟစ်မိတော့သည်။

နင်းကျော့၏ ပြင်းပြလှသော ဆန္ဒကြောင့် သူ၏ အမည်မှာ စာရင်းထဲတွင် တဖြည်းဖြည်းချင်း နိမ့်ဆင်းသွားလေတော့သည်။

နဂါးလိပ် မီးလျှံဝိညာဉ်သည် နင်းကျော့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။ နင်းကျော့က မိမိအမည်ကို ဖျက်ရန် ကြိုးစားသမျှ အကြိမ်ကြိမ် ကျရှုံးနေသည်ကို ယင်းက အလွန်ပင် စိတ်ဝင်တစား ကြည့်နေခဲ့၏။

ယင်းသည် ပလ္လင်ပေါ်တွင် လဲလျောင်းရင်း ဟင်းလင်းပြင်ကို ဖောက်ထွင်းကြည့်မြင်ကာ စိတ်ပါလက်ပါ စောင့်ကြည့်နေခြင်း ဖြစ်သည်။

သို့သော်လည်း နောက်တစ်ခဏတွင် ယင်း၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး မျက်ဝန်းများမှ စူးရှသော အနီရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာတော့၏။

ယင်းသည် ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်ကို အာရုံခံမိသွားခြင်းပင်။

နဂါးလိပ် မီးလျှံဝိညာဉ်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားကာ လေထဲသို့ ခုန်တက်လိုက်တော့သည်။

ဝေါင်း။

ယင်းက ဟိန်းဟောက်လိုက်ရာ သေးငယ်သော ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အသံမှာ အလွန်ပင် အံ့အားသင့်ဖွယ် ကောင်းလှပေသည်။

တစ်ခုလုံးသော ချော်ရည်နန်းတော်သည်လည်း တဖန်ပြန်၍ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြန်တော့၏။

မီးလျှံတောင်တန်း၏ ထိပ်ဖျားတွင်မူ အလင်းတန်း ရာပေါင်းများစွာသည် ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။

မသေမျိုးနန်းတော် တစ်ခုလုံးမှာလည်း မရပ်မနား တုန်ခါနေပြီး ချော်ရည်များမှာ ပြင်းထန်စွာ ဆူပွက်လာကာ ထူထပ်သော မီးခိုးငွေ့များမှာလည်း မပြတ်တမ်း ထွက်ပေါ်လာတော့သည်။

မီးလျှံတောင် မသေမျိုးမြို့တော်မှ မြို့စားမင်းသည် အချိန်အတော်ကြာကပင် သတိထားစောင့်ကြည့်နေခဲ့သူ ဖြစ်ရာ ယခုဖြစ်ရပ်ကြောင့် ချက်ချင်း နိုးကြားလာပြီး မီးတောင်ပေါက်ကွဲမှုကို နှိမ်နင်းရန် အလျင်အမြန်ပင် လုပ်ဆောင်တော့သည်။

သူ၏ စိတ်ထဲတွင်မူ "ဘာတွေများ ဖြစ်ကုန်တာလဲ။" ဟု သံသယများစွာ ဖြစ်ပေါ်နေမိလေတော့သတည်း။

အခန်း (၃၄) - ဝိညာဉ်ပြန်လည်ရောက်ရှိခြင်း

တစ်ခွင်တစ်ပြင်လုံးရှိ ချော်ရည်နန်းတော်ကြီးမှာ ပြင်းထန်စွာ တုန်ခါလျက်ရှိချေပြီ။

နင်းကျော့သည် သူ၏လက်နှစ်ဖက်ကို ငါးမျက်နှာပါ ကျောက်စာတိုင်များပေါ်တွင် အားပြုထောက်ထားရင်း ဝိညာဉ်စွမ်းအားတို့ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်နှုန်းဖြင့် အသုံးချနေရ၏။

ထိုခဏတွင် သူ၏ဝိညာဉ်သည် ကိုယ်ခန္ဓာအတွင်းမှ ထွက်ခွာသွားတော့သည်။

သူ၏ ရုပ်ကလာပ်မှာ မီးလျှံတောင် မသေမျိုးမြို့တော်တွင် ကျန်ရစ်ခဲ့သော်လည်း သူ၏ဝိညာဉ်ကား ချော်ရည်နန်းတော်အတွင်းသို့ ဆွဲငင်ခြင်း ခံလိုက်ရလေပြီ။

ရုပ်နှင့်ဝိညာဉ်အကြား ဆက်သွယ်မှုကိုမူ အသက်မျှင်ကြိုးဖြင့် ထိန်းထားရပေသည်။

နင်းကျော့သည် ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသော ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်မှာမူ ရတနာအဆင့်ရှိသော ပစ္စည်းတစ်ခု ဖြစ်၏။

ပုံမှန်အခြေအနေတွင်ပင် ထိုတံဆိပ်တော်၏ စွမ်းအားကို ထုတ်ယူသုံးစွဲရန် ခဲယဉ်းလှရာ ယခုကဲ့သို့ ရုပ်နှင့်ဝိညာဉ် ကွဲကွာနေပြီး အသက်မျှင်ကြိုးတစ်ခုတည်းဖြင့် ဆက်သွယ်ထားရချိန်တွင် တံဆိပ်တော်ကို အာရုံခံနိုင်ရန်မှာ အဆပေါင်းများစွာ ပိုမိုခက်ခဲနေတော့သည်။

နင်းကျော့၏ ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်အင်အားတို့မှာ ရေလျှံသကဲ့သို့ တဟုန်ထိုး ကျဆင်းသွားရချေသည်။ သူသည် အဆင့်သတ်မှတ်ချက်စာရင်းကို မော့ကြည့်ရင်း ရင်ခုန်သံမြန်ကာ အံ့အားသင့်သွားရ၏။

အကြောင်းမူကား သူ၏အမည်မှာ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်ကို မြင်တွေ့လိုက်ရခြင်းကြောင့်ပင်။

ဤအရှိန်အတိုင်းသာဆိုလျှင် ကျောက်စာတိုင်ပေါ်ရှိ သူ၏အမည်မှာ မျက်နှာပြင်နှင့် တစ်သားတည်းဖြစ်သွားပြီး သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားနိုင်ပေလိမ့်မည်။

သို့သော်လည်း လမ်းခုလတ်တွင်ပင် အမည်နိမ့်ဆင်းသွားမှုမှာ ရုတ်ခြည်းရပ်တန့်သွားခဲ့၏။ နင်းကျော့၏ ရုပ်သေးရုပ်မှာ ဒူးထောက်ကျသွားပြီး ကျောက်စာတိုင်ရှေ့တွင်ပင် လဲကျသွားတော့သည်။

သူ၏ ဝိညာဉ်စွမ်းအားမှာ ကုန်ခမ်းလုနီးပါး ဖြစ်သွားချေပြီ။ ဝိညာဉ်မှာ အလွန်အမင်း အားနည်းသွားကာ ပျောက်ကွယ်လုနီးပါး အခြေအနေသို့ ဆိုက်ရောက်သွားရ၏။

နင်းကျော့မှာ ဆက်လက်၍ မတောင့်ခံနိုင်တော့ပေ။

ရတနာတံဆိပ်တော်၏ စွမ်းအားကို အစွမ်းကုန်ထုတ်ယူရန် ကြိုးစားခြင်းမှာ ကလေးငယ်တစ်ဦးက ပေါင်တစ်ထောင်တူကြီးကို ကိုင်မြှောက်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်ငယ်လေးမှာ ထိုဒဏ်ကို မခံနိုင်တော့ချေ။

နောက်တစ်ခဏတွင်မူ သူ၏ဝိညာဉ်မှာ ဆက်လက်မထိန်းထားနိုင်တော့ဘဲ အသက်မျှင်ကြိုးတစ်လျှောက် ရုပ်သေးခန္ဓာကိုယ်မှ လွင့်ထွက်သွားကာ အာကာသဟင်းလင်းပြင်ကို ဖြတ်သန်းလျက် သူ၏မူလရုပ်ကလာပ်အတွင်းသို့ ချက်ချင်းဆိုသလို ပြန်လည်ဝင်ရောက်သွားလေတော့သည်။

ဝိညာဉ်မရှိတော့သော ရုပ်သေးကိုယ်ထည်ကြီးမှာလည်း ကြမ်းပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျကာ လှုပ်ရှားမှု မရှိတော့ပေ။ နင်းကျော့မှာလည်း တစ်ဖန် ပြန်လည်သတိမေ့မြောသွားရပြန်သည်။

ချော်ရည်နန်းတော်၏ ပင်မဆောင်

နဂါးလိပ် မီးလျှံဝိညာဉ်သည် လေထဲတွင် ခုန်ပေါက်နေပြီး လှိုင်းတံပိုးများကဲ့သို့ ထကြွနေသော မီးလျှံများကို တိုက်ခတ်စေရာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေတော့သည်။

သို့သော်လည်း နင်းကျော့၏ ဝိညာဉ်ထွက်ခွာသွားသည်ကို အာရုံခံမိလိုက်ချိန်တွင် ရုတ်ခြည်းဆိုသလို ရပ်တန့်သွား၏။ ၎င်းသည် ပါးစပ်ကို ဟစိလျက် ပြင်းထန်စွာ ဟိန်းဟောက်လိုက်လေသည်။

ဟိန်းဟောက်သံမှာ ချော်ရည်နန်းတော်အတွင်း ပျံ့နှံ့သွားပြီး တိမ်တိုက်များကို ဖယ်ရှားကာ လှိမ့်တက်နေသော ချော်ရည်များကိုပင် နောက်သို့ဆုတ်သွားစေ၏။

"နဂါးလိပ် မီးလျှံဝိညာဉ်က ဟိန်းဟောက်နေပါလား၊ ဘယ်အရာက သူ့ကို ဒီလောက်အထိ ဒေါသထွက်စေတာလဲ"

မီးလျှံတောင် မသေမျိုးမြို့တော်၏ မြို့စားမင်းမှာ အခြားရွေးချယ်စရာမရှိတော့ဘဲ မီးလျှံတောင် မသေမျိုးမြို့တော်၏ အစီအရင်ကြီးကို အစွမ်းကုန်ပြန်လည် လှုပ်ရှားစေရတော့သည်။

ရေမြေသဘာဝကို လွှမ်းခြုံလျက် ပိုက်ကွန်သဖွယ် ယှက်နွယ်နေသော မြစိမ်းရောင် အစီအရင်များမှာ အစွမ်းထက်သော တံဆိပ်ခတ်နှိပ်မှု တစ်ခုကို ဖန်တီးလိုက်လေသည်။

မြို့စားမင်း၏ မုတ်ဆိတ်မွေးများမှာ ထောင်ထနေပြီး ဝတ်ရုံစမှာလည်း လေထဲတွင် တဖျပ်ဖျပ်လွင့်နေ၏။ သူသည် မီးတောင်ကဲ့သို့ ထကြွနေသော ချော်ရည်နန်းတော်ကို တည်ငြိမ်သွားစေရန် အသည်းအသန် ကြိုးပမ်းနေရပေရာ အမွှေးတိုင်တစ်ိုင်ကုန်စာ အချိန်ကြာမြင့်မှသာ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့တော့သည်။

"ပြီးခဲ့တဲ့အကြိမ်က ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူတစ်ယောက် တိုက်ခိုက်လို့ နန်းတော်ကြီး ပျံတက်သွားမလို ဖြစ်ခဲ့သေးတယ်"

"ဒီတစ်ခါကော ဘာဖြစ်တာလဲ။ နောက်ထပ် တိုက်ခိုက်ခံရပြန်တာလား"

မြို့စားမင်းမှာ မျက်မှောင်ကြုတ်လျက် မျက်နှာပျက်နေချေပြီ။

မသေမျိုးနန်းတော် ပေါ်ထွက်လာကတည်းက သူသည် တောင်ထိပ်ပေါ်တွင် စခန်းချကာ ခဏတဖြုတ်မျှပင် မခွာဘဲ စောင့်ကြပ်နေခဲ့ခြင်း ဖြစ်၏။

သူသည် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်သလို ဤဒေသ၏ မြို့စားမင်းလည်း ဖြစ်ပေရာ မည်သူကများ ချော်ရည်နန်းတော်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရူးရူးမိုက်မိုက် ကြိုးစားဝံ့ပါမည်နည်း။

သူကိုယ်တိုင် တောင်ထိပ်တွင် ရှိနေသရွှေ့ ပြင်ပလူ မည်သူမျှ နန်းတော်အတွင်းသို့ မဝင်နိုင်ကြောင်း မြို့စားမင်းက အခိုင်အမာ ယုံကြည်ထား၏။

"တစ်ယောက်ယောက်က တောင်ကိုဖြတ်ပြီး ခိုးဝင်ခဲ့ရင်တောင် အစီအရင်တွေ၊ တားမြစ်ချက်တွေနဲ့ မငြိမ်မသက်ဖြစ်နေတဲ့ မီးတောင်အပူရှိန်တွေကို ရင်ဆိုင်ရဦးမှာ"

"ဒါမှမဟုတ် နဂါးလိပ် မီးလျှံဝိညာဉ်ကိုယ်တိုင်က စိတ်မရှည်ဖြစ်နေတာလား"

နင်းကျော့သည် တဖြည်းဖြည်း သတိပြန်လည်လာသည်။

ဝေဝါးနေသော မြင်ကွင်းများမှာ အတော်ကြာမှ ကြည်လင်လာ၏။ သူ၏ မျက်ခွံများမှာ အလွန်တရာ လေးလံနေချေပြီ။

"ဒီတစ်ခါ ဝိညာဉ်ထိခိုက်မှုက အရင်ကထက် ပိုဆိုးနေပါလား"

နင်းကျော့သည် အိပ်ချင်စိတ်ကို အံတုရင်း ထရပ်ရန် ကြိုးစားနေရသည်။

သူသည် အလွန်အမင်း သတိထားပြီး လှုပ်ရှားနေသော်လည်း မျက်လုံးထဲတွင် အမှောင်ကျကာ မူးဝေနေဆဲပင်။ သူသည် အားယူ၍ ထိုင်လိုက်ရ၏။

ဤမျှမျှတတ လှုပ်ရှားမှုကပင် သူ့ကို ချွေးစေးများ ထွက်လာစေကာ ပရိဘောဂများမှာလည်း ယိမ်းထိုးနေသကဲ့သို့ မြင်နေရသည်။

သူသည် မျက်လုံးများကို ခေတ္တမှိတ်ထားလိုက်ရ၏။ အမှောင်ထုထဲတွင် သူ၏မြန်ဆန်နေသော နှလုံးခုန်သံမှာ နားထဲ၌ စည်တီးသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။

အတော်ကြာမှ မျက်လုံးကို ပြန်ဖွင့်လိုက်ရာ အနည်းငယ် သက်သာသွားတော့သည်။

"ခန္ဓာကိုယ်နဲ့ ဝိညာဉ်က တစ်သားတည်းပဲ။ မူလကတည်းက အစုံလိုက် ဖြစ်နေတာ"

ရုပ်ခန္ဓာက ဝိညာဉ်ကို ပြန်လည်အားဖြည့်ပေးနိုင်သဖြင့်သာ နင်းကျော့မှာ ယခုကဲ့သို့ သက်သာလာခြင်း ဖြစ်၏။

သို့သော် ပြန်လည်နာလန်ထူသည့် အရှိန်မှာ အလွန်နှေးကွေးလှသဖြင့် နင်းကျော့မှာ အချိန်ကုန်သက်သာစေရန် ဆေးလုံးများကို သုံးစွဲရန် ဆုံးဖြတ်လိုက်သည်။

သူသည် ခုတင်ပေါ်မှ ဆင်းကာ လျှို့ဝှက်မြေအောက်ခန်းကို ဖွင့်လိုက်၏။ သူသည် လဲကျမသွားစေရန် အနီးအနားရှိ ပစ္စည်းများကို အားပြုကိုင်တွယ်ရင်း ခရုတစ်ကောင်ကဲ့သို့ နှေးကွေးစွာ ရွေ့လျားနေရသည်။

လှေကားတစ်ဝက်သို့ ရောက်သောအခါတွင်မူ ဆက်လက်မတောင့်ခံနိုင်တော့ဘဲ ထိုင်ချလိုက်ရ၏။

သူသည် လှေကားလက်ရန်းကို ခေါင်းမှီရင်း ကွေးကွေးလေး နားနေရသည်။

နေမကောင်းဖြစ်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊ အော့အန်ချင်လောက်အောင် မူးဝေခြင်းနှင့် အလွန်အမင်း အိပ်ချင်ခြင်းတို့က သူ့ကို နှိပ်စက်နေ၏။

သူသည် ဦးခေါင်းမှာ အဆပေါင်းများစွာ ကြီးမားနေသကဲ့သို့ ခံစားနေရပြီး ကျောရိုးမှာလည်း ခြောက်သွေ့နေသော သစ်ကိုင်းကလေးသဖွယ် ကျိုးပဲ့လွယ်နေသည်ဟု ထင်မှတ်နေမိသည်။

သူသည် တစ်ဖန် မျက်လုံးမှိတ်လိုက်ပြန်၏။

အမှောင်ထဲတွင် မိမိ၏နှလုံးခုန်သံကိုသာ နားစွင့်နေမိသည်။ ကိုယ်ခန္ဓာမှာလည်း မမြင်ရသော တောင်ကြီးတစ်လုံးက ဖိထားသကဲ့သို့ လေးလံနေပြီး သူ့ကို ချေမှုန်းတော့မည့်အတိုင်းပင်။

နင်းကျော့မှာမူ တိုးတိုးကလေး ရယ်လိုက်မိသည်။ စက်မှုပညာရပ်ဆိုင်ရာ ပစ္စည်းများက ပိုမိုရှုပ်ထွေးလေလေ သူက ပို၍လေ့လာချင်လေလေ ဖြစ်သကဲ့သို့၊ အခြေအနေက ပို၍ခက်ခဲလေလေ သူ၏အတွင်းစိတ်ထဲမှ တိုက်ပွဲဝင်လိုစိတ်မှာ ပို၍နိုးကြားလာလေလေပင်။

သူ၏မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော့နေပြီး ချွေးစေးများ စိုရွှဲနေသော်လည်း နှုတ်ခမ်းထောင့်များတွင်မူ ရူးသွပ်မှု အနည်းငယ်ပါဝင်သော အပြုံးတစ်ခု ပေါ်ပေါက်လာချေပြီ။

မကြာမီ ထိုအပြုံးမှာ ပျောက်ကွယ်သွားပြီး သူ၏မျက်ဝန်းများတွင် ခိုင်မာအေးစက်သော အရောင်အဝါများ ပြန်လည်ကိန်းအောင်းလာ၏။

"ဒါကို လုပ်လို့ရတယ်၊ ငါဖြစ်အောင် လုပ်ရမယ်။ အမေ ချန်ထားခဲ့တဲ့ ဒီ ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်ကိုသာ သုံးနိုင်ရင် ငါ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို သေချာပေါက် ဖုံးကွယ်ထားနိုင်လိမ့်မယ်။

ဒါဟာ ငါ့အတွက်တော့ နောက်ဆုံးကျန်တဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ တကယ်လို့ ဒီအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရမယ်ဆိုရင်တော့ အမေ့ကို မျက်နှာပျက်စေရုံတင်မကဘူး၊ ငါကိုယ်တိုင်လည်း ဘာမှအသုံးမကျတဲ့ လူဖျင်းတစ်ယောက် ဖြစ်သွားတော့မှာပဲ" ဟု မိမိကိုယ်မိမိ ပြတ်သားစွာ ပြောဆိုလိုက်လေတော့သည်။

နင်းကျော့သည် တစ်ဖန် ထရပ်ရန် ကြိုးစားပြန်သည်။ သာမန်လှုပ်ရှားမှုလေးကပင် သူ၏အင်အားအားလုံးကို အသုံးချနေရ၏။

သူသည် နံရံကို အားပြုရင်း လှေကားမှ ဆင်းလာကာ ဗီရိုတစ်ခုရှေ့သို့ ရောက်သွားသည်။ မူးဝေမှုကို အောင့်အည်းရင်း တုန်ရင်နေသော လက်များဖြင့် ဗီရိုကိုဖွင့်ကာ ဆေးပုလင်းကို ထုတ်လိုက်၏။

ဆေးလုံးများကို ငှဲ့လိုက်ချိန်တွင် အားနည်းလွန်းသဖြင့် မြင်ကွင်းများ ဝေဝါးနေပြီး ဆေးလုံးအချို့မှာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။ သို့သော်လည်း နောက်ဆုံးတွင် ဆေးအချို့ကို သောက်သုံးနိုင်ခဲ့၏။

ဆေးသောက်ပြီးနောက် နင်းကျော့သည် နံရံကိုမှီလျက် ထိုင်ချလိုက်ပြီး ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။

သူ ပြန်လည်နိုးထလာချိန်တွင်မူ ညနက်နေချေပြီ။

သူ၏အခြေအနေမှာ များစွာ တိုးတက်ကောင်းမွန်လာ၏။ ယခင်က မြင်ကွင်းများမှာ နှစ်ထပ်ဖြစ်နေသော်လည်း ယခုအခါတွင်မူ ခေါင်းကို အမြန်လှည့်မှသာ ဝေဝါးတော့သည်။

ဆေးလုံးများ၏ အစွမ်းမှာ အိပ်စက်ခြင်းထက် များစွာ သာလွန်ပေရာ ဆေးဖော်စပ်ခြင်းပညာမှာ အဘယ်ကြောင့် အတတ်ပညာတစ်ရာတွင် ထိပ်ဆုံးမှ ရှိနေသနည်းဆိုသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။

နင်းကျော့သည် ကြမ်းပြင်ပေါ်မှ ဆေးလုံးများကို ကောက်ယူကာ သန့်ရှင်းရေးလုပ်ပြီး ပုလင်းထဲသို့ ပြန်ထည့်လိုက်၏။ ဆေးလုံးများမှာ အနည်းငယ်သာ ကျန်တော့သဖြင့် သူသည် ချွေတာသုံးစွဲရမည် ဖြစ်သည်။

"ဆေးတွေကို အများကြီး စုဆောင်းထားဖို့ လိုမယ်"

"ဝိညာဉ်ကို နန်းတော်ထဲ ဆွဲသွင်းတဲ့ အဆင့်တိုင်းမှာ ဝိညာဉ်စွမ်းအားတွေ ကုန်ဆုံးနေတာ။ ဒါကြောင့် စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးတွေရဲ့ လိုအပ်ချက်က ပိုမြင့်လာလိမ့်မယ်"

"ဒါပေမဲ့ စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးတွေကို အများကြီးဝယ်ထားရင်တောင် ချော်ရည်နန်းတော်ထဲကို ယူသွားလို့မှ မရတာ"

"ငါ့ရဲ့ ဝိညာဉ်အခြေခံကို အနည်းဆုံး အခုထက် နှစ်ဆလောက် ပိုကောင်းအောင် လုပ်ရမယ်။ ဒါမှသာ ငါ နန်းတော်ထဲမှာ ကြာကြာနေနိုင်ပြီး အဆင့်သတ်မှတ်ချက်စာရင်းမှာ ငါ့အမည်ကို ဖုံးကွယ်ထားနိုင်မှာ ဖြစ်တယ်"

All Chapters