အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း (၉၉) ဝင်္ကပါ
နောက်ထပ် ရက်အနည်းငယ် ကုန်ဆုံးသွားပြန်သည်။
အနောက်ဘက် ခန်းမ အတွင်း၌ ချန်လော့ ရှိနေသော အခန်းထဲမှ အစွမ်းထက်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာ၏။
"သင်က တစ်နေကုန် ကျင့်ကြံခဲ့သည်... အဆတစ်ရာ တိုးပွားသွားပြီးနောက် သင်က ရက်တစ်ရာ ကြာအောင် ကျင့်ကြံပြီးသွားပါပြီ..."
"သင်၏ ကျင့်ကြံမှု အဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့် ၇ အထွတ်အထိပ်သို့ ထိုးဖောက် ဝင်ရောက်သွားပါပြီ..."
သူ၏ စိတ်ထဲတွင် စနစ်မှ ပို့လွှတ်လိုက်သော သတင်းအချက်အလက်များကို ကြားလိုက်ရသောအခါ ချန်လော့ ပြုံးလိုက်၏။
ပါရမီ မြှင့်တင်ပြီးကတည်းက ချန်လော့၏ ကျင့်ကြံမှု အမြန်နှုန်းက မှတ်သားလောက်စရာ ကောင်းပြီး အလျင်အမြန် တိုးတက်လာခဲ့သည်။
သူ၏ ကျင့်ကြံမှု အဆင့်က အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့် သို့သာ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ယခင်က သူ ရရှိထားသော သိုင်းကွက် အားလုံးကို ပြီးပြည့်စုံအဆင့် သို့ ရောက်ရှိအောင် သူ ကျင့်ကြံနိုင်ခဲ့၏။
ထို့အပြင် ချန်လော့၏ ခန္ဓာကျင့်ကြံမှုကလည်း ကိုးကြိမ် သွန်းလုပ်ထားသော သံအရိုး အထွတ်အထိပ် သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
ဆိုလိုသည်မှာ ချန်လော့က သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား တစ်ခုတည်းကိုသာ အားကိုး၍ အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် ရှိ ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။
နောက်တစ်ဆင့်မှာ ငွေသားကလီစာ ကိုသန့်စင် ရမှာဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ချန်လော့တွင် နောက်ဆက်တွဲ ကျင့်စဉ် မရှိသလို ဆက်လက်၍လည်း မကျင့်ကြံနိုင်ပေ။
သေချာတာကတော့ သူ့မှာ ကျင့်စဉ် ရှိနေရင်တောင် ချန်လော့က ရမ်းသန်း ကျင့်ကြံမှာ မဟုတ်ပါဘူး…
သူ၏ ခန္ဓာကျင့်ကြံမှု အဆင့်က ငွေသားကလီစာ အဆင့်သို့ ရောက်ရှိသွားပါက စနစ်က ၎င်းကို အာရုံခံမိပြီး သူ၏ အဆတစ်ရာ တိုးပွားစေသော အာနိသင် ကုန်ကျစရိတ်ကို တိုးမြှင့်လိုက်မည်ကို ချန်လော့ စိုးရိမ်နေ၏။
ချန်လော့က နောက်ဆုံးအကြိမ် ချီသန့်စင်ခြင်းမှ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်စဉ်က ကုန်ကျစရိတ်မှာ ဝိညာဉ်ကျောက်တုံး ၁ တုံးမှ ၁၀၀ သို့ ခုန်တက်သွားခဲ့သည်။
“အဆတစ်ရာ တိုးသွားတာလေ…”
“မမျှော်လင့်ထားတဲ့ အရာတွေ မဖြစ်လာဘူးဆိုရင် ရွှေအမြုတေ ဒါမှမဟုတ် ငွေသားကလီစာ အဆင့်ကို ရောက်တာနဲ့ နောက်ထပ် အဆ ၁၀၀ တိုးပွားစေတဲ့ အာနိသင်အတွက် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ လောက် ကုန်ကျနိုင်တယ်…”
လက်ရှိတွင် ချန်လော့၌ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၃၀၀၀ ဝန်းကျင်သာ ရှိပြီး အဆတိုးပွားစေသော အာနိသင် တစ်ကြိမ်အတွက်ပင် ပေးချေရန် မလုံလောက်ပေ။
ထို့ကြောင့် ချန်လော့၏ လက်ရှိ အကြံအစည်မှာ ရိုးရှင်းသည်။ ခွန်အားကို ဖိနှိပ်ကာ အလောတကြီး မကျင့်ကြံရန်သာ ဖြစ်သည်။
ဝိညာဉ်ကျောက်တုံး အသုံးပြုမှုကို ချွေတာ ထိန်းထားနိုင်သေးချိန်တွင် ဆေးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်းနှင့် သားရဲယဉ်ပါးစေခြင်း ကဲ့သို့သော အခြားကျွမ်းကျင်မှု အားလုံးကို လေ့လာကာ ၎င်းတို့ကို ဒုတိယအဆင့် အထွတ်အထိပ် ရောက်အောင် မြှင့်တင်မည် ဖြစ်သည်။
သူ၏ လက်ရှိ ကျင့်ကြံမှု အမြန်နှုန်းဖြင့် အများဆုံး နှစ်လအတွင်း အထွတ်အထိပ် သို့ ရောက်ရှိနိုင်ပေလိမ့်မည်။
“အချိန်တန်ရင် အဲဒီခွေးကောင် ယန်ချင်းချွမ်ကို သွားသတ်ပစ်မယ်…”
“မဟုတ်ရင် ဂိုဏ်းထဲမှာ ငါ့အသက်ကို ယူချင်နေတဲ့ ရွှေအမြုတေအဆင့် ၇ တစ်ကောင် ရှိနေတာက တကယ်ကို မသက်မသာ ဖြစ်တယ်…”
"လောလောဆယ်တော့ ငါ့ရဲ့ ကျင့်ကြံမှုကို သတ္တမအဆင့်အထိ မြှင့်တင်မယ်... ပြီးရင် ယွီယန်ဇီကို သွားရှာပြီး သားရဲယဉ်ပါးစေခြင်းနဲ့ လက်နက်သွန်းလုပ်ခြင်း အကြောင်း စတင် လေ့လာဖို့ စာအုပ်တချို့ သွားတောင်းရမယ်..."
ဤအရာကို တွေးမိသောအခါ ချန်လော့က မတ်တတ်ရပ်၍ တံခါးဆီသို့ လျှောက်သွား၏။
သို့သော် သူ အပြင်သို့ မထွက်ရသေးမီမှာပင် တံခါးက အလိုအလျောက် ပွင့်သွားသည်။
တံခါးအပြင်ဘက်တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို ချန်လော့ တွေ့လိုက်ရ၏။
"ဆရာ..."
တံခါးဝတွင် ရပ်နေသော လော့ချင်းယွီကို ချန်လော့က အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်သည်။
လော့ချင်းယွီက ချန်လော့ကို ကြည့်၍ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း သူမ၏ အကြည့်များက ရုတ်တရက် အေးခဲသွားပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို မြင်လိုက်ရသည့်အလား ပင်။
"မင်း အခု ဘယ်အဆင့်ကို အသုံးပြုနေတာလဲ..."
အချိန် အတန်ကြာပြီးနောက် နောက်ဆုံးတွင် လော့ချင်းယွီက စကားစကာ မေးလိုက်၏။
"အမ်း... အခြေခံတည်ဆောက်ခြင်း၊ အဆင့် ၇ အထွတ်အထိပ်..."
"တခြားကော ရှိသေးလား..."
"ဟင်..."
ချန်လော့ အံ့အားသင့်သွားပြီး လော့ချင်းယွီ၏ ဆိုလိုရင်းကို သေချာ နားမလည်ပုံ ရ၏။
"ခန္ဓာကျင့်ကြံမှုက ဘယ်အဆင့်လဲ..."
"ကိုးကြိမ် သွန်းလုပ်ထားတဲ့ သံအရိုး..."
ထိုသို့ ပြောပြီးနောက် ချန်လော့က တစ်စုံတစ်ခုကို သတိရသွားပုံ ရပြီး ထပ်ပြောလိုက်၏။
"ဒါနဲ့ စကားမစပ်... ဝင်္ကပါ မန္တာန်ကိုလည်း ဒုတိယအဆင့် အထွတ်အထိပ် ရောက်အောင် ကျွန်တော် မြှင့်တင်ထားတယ်..."
ချန်လော့၏ စကားများကို ကြားပြီးနောက် လော့ချင်းယွီမှာ ဆွံ့အသွား၏။
ချန်လော့ ချင်းယန်တောင်ထွတ်မှ ထွက်ခွာသွားသည်မှာ တစ်လခန့်သာ ရှိသေးသည်။
သူ အပြင်ထွက်လာချိန်က သူ၏ ကျင့်ကြံမှု အဆင့်မှာ အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့် တွင်သာ ရှိသေးပြီး သူ၏ ခန္ဓာကျင့်ကြံမှုက ဒုတိယအကြိမ် သွန်းလုပ်ထားသော သံအရိုး အဆင့်တွင် ရှိကာ သူ၏ ဝင်္ကပါ မန္တာန်က ဒုတိယအဆင့် အစောပိုင်းတွင်သာ ရှိသေး၏။
ရလဒ်အနေဖြင့် တစ်လ အကြာတွင် သူ၏ ခွန်အားက သိသိသာသာ တိုးတက်လာခဲ့သည်။
သူမအနေနဲ့ အစက ချန်လော့ကို မေးခွန်းထုတ်ရန်နှင့် ဆေးတချို့ ယူရန် ဆေးတောင်ထွတ်ကို လာခဲ့ခြင်း ဖြစ်သော်လည်း…..
သို့သော် ချန်လော့၏ လက်ရှိ ကျင့်ကြံမှု အဆင့်ကို မြင်လိုက်ရသောအခါ မေးခွန်းထုတ်ပိုင်ခွင့်ပင် မရှိတော့ဘူးဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။
"ဒါဆို မင်းရဲ့ ကိုယ်ပိုင် စွမ်းရည်တွေနဲ့ဆိုရင် အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် ဘယ်နှစ်ယောက်လောက်ကို ရင်ဆိုင်နိုင်မယ်လို့ မင်း ထင်လဲ..."
အတန်ကြာအောင် စဉ်းစားပြီးနောက် လော့ချင်းယွီက အကြောင်းအရာကို ပြောင်းလဲကာ ကွဲပြားသော မေးခွန်းတစ်ခုကို မေးလိုက်၏။
ချန်လော့ တစ်ခဏမျှ စဉ်းစားလိုက်သည်။
"သုံးယောက် ဒါမှမဟုတ် ငါးယောက်လောက်ကိုတော့ အလွယ်တကူ ခြေမှုန်းနိုင်လောက်တယ်... ဆယ်ယောက်ထက် နည်းရင်တောင် အနိုင်မရရင်တောင် မသေဖို့တော့ သေချာအောင် လုပ်နိုင်တယ်..."
"ဒါဆို မင်း ဘာလို့ ချင်းယန်တောင်ထွတ်ကို မပြန်တာလဲ..."
"ဆေးတောင်ထွတ်မှာ ကျွန်တော့်ကို လုပ်ကြံမယ့် ယန်ချင်းချွမ်ရဲ့ ဂိုဏ်းသားတွေ ရှိနေမှာကို စိုးရိမ်လို့ပါ..."
လော့ချင်းယွီက အကူအညီမဲ့စွာ သက်ပြင်းချလိုက်၏။
"မင်းရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် သူတို့ကို ရင်ဆိုင်ဖို့ ပြဿနာ မရှိလောက်ဘူး မဟုတ်လား..."
ချန်လော့ ခေါင်းယမ်းလိုက်သည်။
"ကျွန်တော် မသိဘူးလေ... လူဘယ်နှစ်ယောက်ကို သူ ဆက်သွယ်ထားလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ..."
"ဆေးတောင်ထွတ် အကြောင်း ကျွန်တော် စုံစမ်းပြီးပြီ... အတွင်းဂိုဏ်းသား ၃၄ ယောက် ရှိတယ်... တခြား တောင်ထွတ်တွေမှာလည်း ချင်းယန်တောင်ထွတ်ကလွဲရင် အဲဒီလောက် အရေအတွက် ရှိတယ်... တောင်ထွတ် တစ်ခုစီက လူသုံးပုံတစ်ပုံလောက်က ကျွန်တော့်ကို သတ်မယ့် ယန်ချင်းချွမ်ရဲ့ အစီအစဉ်ကို သဘောတူခဲ့ကြတယ်လို့ ဆိုကြပါစို့..."
"အခုဆို ဆေးတောင်ထွတ်မှာ ကျွန်တော့်ကို စောင့်ကြည့်နေတဲ့ အတွင်းဂိုဏ်းသား ၇၀ ကနေ ၈၀ လောက် အနည်းဆုံး ရှိနေပြီ... ဆေးတောင်ထွတ်မှာ အဝင်အထွက် ပေါက်တချို့ ရှိပြီး တစ်ခုစီမှာ ပျမ်းမျှ လူ ၁၅ ယောက်လောက် ချထားတယ်..."
"မထွက်ခင် ကျွန်တော့်ရဲ့ စွမ်းရည်တွေကို နည်းနည်း ထပ်မြှင့်တင်သင့်တယ်လို့ ထင်တယ်..."
ချန်လော့၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် လောချင်းယွီက မှင်သက်နေပြီး အတန်ကြာအောင် စကားမပြောနိုင်ခဲ့ပေ။
“လူ ၇၀ ဒါမှမဟုတ် ၈၀... အတွင်းဂိုဏ်းသားတွေရဲ့ သုံးပုံတစ်ပုံ အပြည့်က မင်းကို လာသတ်မယ် ဟုတ်လား…”
ချန်လော့တစ်ယောကိ သူ့ကိုယ်သူ အရမ်း အထင်ကြီးနေသလား သို့မဟုတ် ဂိုဏ်းထဲတွင် ယန်ချင်းချွမ်၏ ဩဇာလွှမ်းမိုးမှုက အရမ်း ကြီးမားနေတာလား ဆိုသည်ကို လော့ချင်းယွီ မသိတော့ချေ။
"လူ အဲဒီလောက် အများကြီး မရှိပါဘူး... မင်းကို လာသတ်ဖို့ သဘောတူခဲ့တာ ၇ ယောက်တည်းပါ..."
ချန်လော့မှာ အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အနည်းငယ် ထူးဆန်းသွား၏။
"ဆရာ... စုစုပေါင်း ခုနစ်ယောက်တည်း ရှိတာလို့ ပြောချင်တာလား..."
"ဟုတ်တယ်... အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် ခုနစ်ယောက်က အတွင်းဂိုဏ်းသားတွေလေ..."
ချန်လော့က ထိုနေရာတွင် ရပ်၍ တစ်မိနစ်ခန့် စဉ်းစားနေ၏။
နောက်တစ်စက္ကန့်တွင် သူ၏ ဓားရှည်က သိုလှောင်အိတ်ထဲမှ ပျံထွက်လာသည်။
"ကျစ်... ခုနစ်ယောက်... လူခုနစ်ယောက်တည်းနဲ့ ငါ့ကို လာသတ်ရဲတယ်ပေါ့..."
"ငါ ချန်လော့ကို အနိုင်ကျင့်လို့ လွယ်တယ်လို့ တကယ် ထင်နေတာလား..."
"ဒီနေ့... ဂိုဏ်းတစ်ခုလုံး ငါ့နာမည်ကို မှတ်မိနေအောင် သူတို့ရဲ့ အသက်တွေကို ငါ အသုံးပြုမယ်..."
ထိုသို့ ပြောပြီးနောက် သူ အခန်းထဲမှ ထွက်သွား၏။
သို့သော် စက္ကန့်အနည်းငယ် အကြာတွင် ချန်လော့ ထပ်မံ ပြန်ရောက်လာသည်။
"ဘာလို့ ပြန်လာတာလဲ..."
လော့ချင်းယွီက ချန်လော့ကို ကြည့်၍ အနည်းငယ် စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
ချန်လော့က အနည်းငယ် အနေရခက်ပုံ ပေါက်နေသည်။
"အခုလေးတင် ကျွန်တော် အရမ်း စိတ်လှုပ်ရှားပြီး စိတ်လိုက်မာပါ ဖြစ်သွားလို့ပါ..."
"အပြင်ရောက်သွားတော့ သေချာ စဉ်းစားကြည့်တယ်... ခုနစ်ယောက် ဆိုတာ မများပေမဲ့ သူတို့ အားလုံးက အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် တွေလေ... ပြီးတော့ အတွင်းဂိုဏ်းသားတွေ..."
"ကျွန်တော် တိုက်ခိုက်ရေး ခွန်အားကို ပျမ်းမျှ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် အပေါ် အခြေခံပြီး သေချာပေါက် တွက်ချက်လို့ မရဘူး... မဟုတ်ရင် အလွယ်တကူ အထိနာနိုင်တယ်... နောက်ထပ် နှစ်ရက်လောက် တောင့်ခံထားပြီး ပြင်ဆင်မှု တချို့ လုပ်ပြီးမှ သူတို့ကို သေတဲ့အထိ တိုက်ခိုက်မယ်..."
သူ၏စကားကို ကြားသောအခါ လော့ချင်းယွီမှာ ဆွံ့အသွား၏။
သို့သော် လှည့်ထွက်သွားရင်း ချန်လော့က ထပ်ပြောလိုက်သည်။
"ဒါပေမဲ့ ဆရာ... စိတ်မပူပါနဲ့... အသေးစားအောင်မြင်မှုအဆင့် ဒါမှမဟုတ် အကြီးစားအောင်မြင်မှုအဆင့်... ဒါမှမဟုတ် ပြီးပြည့်စုံအဆင့် ရောက်ရင်တောင် သူတို့ကို ကျွန်တော် ခုတ်ပိုင်းပစ်နိုင်သေးတယ်..."
ချန်လော့ ပြောရင်းနှင့် သူ၏ လက်များက ဆက်လက် လှုပ်ရှားနေပြီး ဝင်္ကပါကို ခင်းကျင်းနေ၏။
လော့ချင်းယွီ အံ့အားသင့်သွားသည်။
"မင်း ဘာလုပ်နေတာလဲ..."
"ဝင်္ကပါ ခင်းကျင်းနေတာလေ... နောက်နှစ်ရက်လောက်နေရင် အဲဒီ ခုနစ်ယောက်နဲ့ သွေးထွက်သံယို တိုက်ပွဲ ဖြစ်တော့မှာ... အကယ်၍ မနိုင်ခဲ့ရင် အကူအညီ တချို့ ရှာထားဖို့ လိုတယ်..."
"ဒါဆို ဝင်္ကပါ ဘယ်နှစ်ခုလောက် ခင်းကျင်းဖို့ စီစဉ်ထားလဲ..."
"သိပ်မများပါဘူး... သုံးရက်ကနေ ငါးရက်အတွင်း တစ်ထောင်အထိ မရောက်နိုင်ပေမဲ့ နှစ်ရာ သုံးရာလောက်တော့ ဖြစ်နိုင်သေးတယ်..."
လော့ချင်းယွီ၏ မျက်နှာပေါ်တွင် စိတ်ပျက်သော အမူအရာ ဖြစ်ပေါ်လာပြီး သူမအနေနဲ့ ဘာပြောရမှန်း မသိတော့ချေ။
ဝင်္ကပါ နှစ်ရာ သုံးရာ... နင်က သူတို့ကို သတ်ဖို့ ဝင်္ကပါတွေကိုပဲ သုံးဖို့ စီစဉ်ထားတာလား…
အခန်း (၁၀၀) သွေးသတ်ကွင်း ဝင်္ကပါ
ငါးရက် ကြာပြီးနောက် ချန်လော့က သူ ခင်းကျင်းထားသော ဝင်္ကပါ နှစ်ရာကျော်ကို ကြည့်ပြီး အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
"ဝင်္ကပါတွေ အများကြီး ခင်းကျင်းထားပေမဲ့ အစွမ်းထက်တဲ့ ဝင်္ကပါ တချို့ကို ယူသွားလို့ မရတာ နှမြောစရာပဲ..."
ဝင်္ကပါ အားလုံးကို လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်ခြင်း သို့မဟုတ် သယ်ဆောင်သွားနိုင်ခြင်း မရှိပေ။
အချို့သော ဝင်္ကပါများကို သီးခြား မြေမျက်နှာသွင်ပြင် တစ်ခုမှတစ်ဆင့်သာ အသုံးပြုနိုင်ပြီး အချို့မှာမူ မြေကြီးပေါ်တွင် သို့မဟုတ် သတ်မှတ်ထားသော နေရာတစ်ခုတွင်သာ ထားရှိရမည် ဖြစ်ကာ သယ်ဆောင်သွား၍ မရနိုင်ပေ။
ထို့ကြောင့် ချန်လော့တွင် လက်ရှိ ဝင်္ကပါ နှစ်ရာကျော် ပိုင်ဆိုင်ထားသော်လည်း မည်သည့်အရာကမျှ အမှန်တကယ် ထိပ်တန်းအဆင့် ဝင်္ကပါများ မဟုတ်ကြချေ။
မည်သို့ပင်ဆိုစေ သယ်ဆောင်သွားနိုင်သော ဝင်္ကပါ အများစုမှာ အချို့သော ရှုထောင့်များတွင် အလျှော့ပေးထားရပြီး ဝင်္ကပါ ကိုယ်တိုင်၏ စွမ်းအားကို အပြည့်အဝ အသုံးမပြုနိုင်ပေ။
"ဒါပေမဲ့ ဒီဝင်္ကပါ နှစ်ရာက လုံလောက်လောက်ပါတယ်..."
ထိုသို့ ပြောရင်း ချန်လော့က သူ၏ ကိုယ်ပေါ်ရှိ ဝင်္ကပါကို တစ်ချက် ကြည့်လိုက်၏။
ဤဝင်္ကပါ နှစ်ရာကျော်အနက် သုံးပုံတစ်ပုံခန့် (၈၀ ခန့်) မှာ သွေးသတ်ကွင်း ဝင်္ကပါများ ဖြစ်ပြီး ၄၀ မှာ ဝိညာဉ်အရိပ် ဝင်္ကပါများ၊ ၈၀ မှာ အကာအကွယ် ဝင်္ကပါများနှင့် ၃၀ ခန့်မှာ ပြန်လည် အားဖြည့် ဝင်္ကပါများ ဖြစ်ကာ စုစုပေါင်း ဝင်္ကပါ ၂၃၀ ရှိသည်။
ချန်လော့၏ အဓိက နည်းဗျူဟာမှာ အရည်အတွက် ပြည့်နှက်နေသော တိုက်ခိုက်မှု ဖြစ်၏။
"သူတို့ကို နှုတ်ဆက်ဖို့ အချိန်ရောက်ပြီ..."
ထိုသို့ ပြောပြီးနောက် ချန်လော့က အခန်းထဲမှ ထွက်သွားသည်။
သူက ကြေးအရေပြား သံအရိုး ကို အသက်သွင်း၍ ပင်မခန်းမထဲမှ လျှောက်ထွက်သွားရာ သူ၏ အရေပြားပေါ်တွင် ကြေးရောင် တစ်လွှာ ပေါ်လာ၏။
ဘုန်း…
ချန်လော့က ပင်မခန်းမထဲမှ ခြေတစ်လှမ်း ဆင်းလိုက်ပြီး အပြင်ဘက်သို့ လျှောက်သွားစဉ် သူ၏ အခြား ခြေတစ်ဖက်က လေထဲတွင် တွဲလောင်း ဖြစ်နေသည်။
ဘုန်း…
ချန်လော့၏ ခြေထောက်များက ပင်မခန်းမမှ ထွက်ခွာသွားပြီ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ခန်းမ အပြင်ဘက်တွင် ရပ်နေ၏။
ထိုအခိုက်အတန့်၌ အရပ်မျက်နှာ အသီးသီးမှ ရေတွက်၍ မရနိုင်သော အေးစက်သည့် အလင်းတန်းများ လင်းလက်သွားသည်။
ချန်လော့က အလွန် ထက်မြက်သော အာရုံခံစားမှုဖြင့် ဤအရာ အားလုံးကို သတိပြုမိလိုက်ပြီး ရှေ့သို့ တိုက်ရိုက် တစ်ဟုန်ထိုး တိုးဝင်သွား၏။
ချွင်..
ချွင်…
ချွင်…
ဓားချင်း ရိုက်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ချန်လော့ နောက်လှည့်ကြည့်လိုက်ရာ သူ ယခုလေးတင် ရပ်နေခဲ့သော နေရာတွင် အတွင်းဂိုဏ်းသား သုံးယောက် ရပ်နေသည်ကို တွေ့လိုက်ရပြီး သူတို့ တစ်ယောက်ချင်းစီက ကိုယ်ပိုင် လက်နက်များကို ကိုင်ဆောင်ထားကာ သူတို့၏ ခွန်အားကို မထိန်းချုပ်နိုင်ခဲ့သဖြင့် သူတို့ အဖော်များ၏ လက်နက်များအပေါ် မတော်တဆ ရိုက်ခတ်မိသွားကြ၏။
ချန်လော့က သူတို့ကို စိုက်ကြည့်နေပြီးနေစဥ် တစ်ဖက်လူက သူတို့၏ လက်နက်များကို ဆုပ်ကိုင်၍ ချန်လော့ဆီသို့ တိုက်ခိုက်လာကြသည်။
ချန်လော့ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်သော်လည်း တိုက်ခိုက်မည့် အစား ဆက်လက်၍ ခုခံနေခဲ့၏။
ချွင်... ချွင် ….ချွင်…
ချန်လော့က သူ၏ ဓားရှည်ကို ဆက်တိုက် ထိုးသွင်းနေသော်လည်း ဓားချက်တိုင်းလိုလိုက သူ၏ ပြိုင်ဘက်ကို သတ်ရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ သူတို့၏ တိုက်ခိုက်မှုကို ရပ်တန့်ရန်သာ ဖြစ်သည်။
တစ်ယောက်ကို သုံးယောက် ရင်ဆိုင်နေရသည့် အခြေအနေတွင်ပင် ချန်လော့က ခုခံရန် အစပြုခဲ့သော်လည်း သူက လုံးဝ အရေးနိမ့်နေပုံ မပေါ်ဘဲ သိသာထင်ရှားသော အသာစီး ရရှိနေပုံပင် ပေါက်နေ၏။
ပြိုင်ဘက် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ချန်လော့က ၎င်းကို မြင်ပြီး သူ၏ ဓားကို ထိုးသွင်းကာ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ဖျက်ဆီးလိုက်သည်။
အကယ်၍ ချန်လော့ကသာ ဤအခိုက်အတန့်တွင် ပြိုင်ဘက်၏ လည်ပင်းကို တိုက်ရိုက် ချိန်ရွယ်၍ ဓားဖြင့် ခုတ်ပိုင်းရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပါက ထိုဓားတစ်ချက်တည်းကပင် သူတို့ကို သတ်ရန် လုံလောက်ပေလိမ့်မည်။
ဤလူ သုံးယောက်ကို သတ်ဖြတ်ခြင်းက ချန်လော့ အတွက် လွယ်ကူသော အလုပ်တစ်ခု ဖြစ်၏။
သို့သော် ချန်လော့က ထိုသို့ မလုပ်ခဲ့ပေ။
သူက အထူးတလည် ကြင်နာတတ်လို့ မဟုတ်ဘဲ စောင့်နေလို့ပါ... ကျန်တဲ့ ကောင်တွေ ပေါ်လာမယ့် အချိန်ကို စောင့်နေတာ…
လော့ချင်းယွီ၏ အဆိုအရ ဤနေရာတွင် သူ့ကို စောင့်နေသော လူခုနစ်ယောက် ရှိသင့်သည်။
သို့သော် ယခု သုံးယောက်သာ ထွက်ပေါ်လာသေး၏။
ဆိုလိုသည်မှာ မလှုပ်ရှားသေးသော သို့မဟုတ် ဤနေရာသို့ မရောက်သေးသော လူ အနည်းဆုံး လေးယောက် ရှိနေသေးသည်။
“အကယ်၍ ငါ အခု အစွမ်းကုန် တိုက်လိုက်ရင် ဒီ သုံးယောက်ကို ငါ သတ်နိုင်တယ်…”
“ကျန်တဲ့ လေးယောက်ကတော့ လှုပ်ရှားမှာ မဟုတ်လောက်ဘူး…”
မည်သို့ပင်ဆိုစေ ချန်လော့က သူတို့နှင့် ခွန်အားချင်း တူညီသော လူသုံးယောက်ကို သတ်နိုင်ခဲ့သဖြင့် သူတို့ လေးယောက်ကို ရင်ဆိုင်ရန်မှာ သိပ်ပြဿနာ မရှိနိုင်ပေ။
သူတို့ သညိ ဤအရာကို နားလည်သွားသည်နှင့် တစ်ပြိုင်နက် ချန်လော့ကို သတ်ရန် သူတို့၏ အသက်ကို စွန့်စားကြတော့မည် မဟုတ်ချေ။
သို့သော်လည်း ချန်လော့ အလုပ်လုပ်ရာတွင် မူဝါဒ တစ်ခု ရှိသညိ။
“တစ်ခုခု လုပ်မယ်ဆိုရင် သေချာ ပြတ်ပြတ်သားသား လုပ်…”
“ပေါင်းပင်တွေကို အမြစ်ကနေ မနှုတ်ရင် နွေဦးရောက်ရင် ပြန်ပေါက်လာလိမ့်မယ်…”
“သူ့ကို သတ်ဖို့ကြံစည်ရဲတယ် ဆိုကတည်းက ဒီ ခုနစ်ယောက်စလုံးကို သတ်ပစ်မယ်... ဘယ်သူ့ကိုမှ အသက်ရှင်ခွင့် မပေးဘူး…”
သူ့ကို ရနိစပါက မည်သည့် အကျိုးဆက်များ ဖြစ်လာမည်ကို ဂိုဏ်းထဲက လူတိုင်းကို ရှင်းရှင်းလင်းလင်း ပေးသိသွားမည်။
အချိန် အနည်းငယ် အကြာတွင် ပင်မခန်းမ အနောက်ဘက်မှ အတွင်းဂိုဏ်းသား လေးယောက် ပြေးလာသည်ကို ချန်လော့ တွေ့လိုက်ရ၏။
"ငါ အနောက်ဘက်ကနေ ထွက်ပြေးသွားမှာကို စိုးရိမ်လို့ သူတို့က အနောက်ဘက် ခန်းမမှာ ငါ့ကို စောင့်နေခဲ့တာ ဖြစ်ရမယ်..."
ချန်လော့ ပြောလိုက်ချိန်တွင် သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာ၏။
ထိုလူ လေးယောက်သည် ချန်လော့နှင့် အခြား သုံးယောက်တို့ ယှဉ်ပြိုင် တိုက်ခိုက်နေသည်ကို မြင်သောအခါ သူတို့သည် ချက်ချင်း လက်နက်များကို ဆွဲထုတ်၍ ချန်လော့ကို တိုက်ခိုက်လာကြသည်။
ချန်လော့၏ အပြုံးက ပို၍ပင် တောက်ပလာ၏။
"မင်းတို့ နောက်ဆုံးတော့ ရောက်လာပြီပဲ... မင်းတို့ကို ငါ စောင့်နေတာ..."
ထိုလူများ၏ မျက်နှာပေါ်ရှိ အမူအရာများ ရုတ်တရက် တောင့်တင်းသွားပြီး သူတို့၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်တစ်ခု ပေါ်လာကာ ချန်လော့၏ စကားများ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို နားမလည်ကြသည့်အလား ပင်။
နောက်တစ်စက္ကန့်တွင် ချန်လော့က သူ၏ လက်ဖဝါးကို ရုတ်တရက် မြှောက်လိုက်ရာ ဝင်္ကပါ ဒါဇင်ပေါင်းများစွာက သူ၏ ဘေးပတ်လည်တွင် ရုတ်တရက် ဖြန့်ကျက်လာပြီးနောက် ထိုအုပ်စုကို တိုက်ခိုက်တော့၏။
"ဒါ သွေးသတ်ကွင်း ဝင်္ကပါ ပဲ..."
ဝင်္ကပါတောင်ထွတ် မှ အတွင်းဂိုဏ်းသား တစ်ယောက်က ချန်လော့၏ နည်းဗျူဟာကို ချက်ချင်း မှတ်မိသွားပြီး သူ၏ မျက်နှာပေါ်တွင် ကြည့်ရဆိုးသော အမူအရာတစ်ခု ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် သွေးသတ်ကွင်း ဝင်္ကပါ သုံးဆယ် သို့မဟုတ် လေးဆယ်မျှ ရှိနေပြီး ၎င်းတို့က သူတို့ကို တမုဟုတ်ချင်း ဝန်းရံသွားသောကြောင့် ဖြစ်၏။
"ဒီခွေးကောင်က ငါတို့ကို စောင့်နေခဲ့တာလား..."
ယခုလေးတင် ရောက်ရှိလာသော လေးယောက်က မမေးဘဲ မနေနိုင်တော့ဘဲ ချန်လော့ကို ကြည့်လိုက်ရာ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်လာ၏။
သူတို့ စကားမပြောနိုင်မီမှာပင် သွေးသတ်ကွင်း ဝင်္ကပါ သုံးဆယ် သို့မဟုတ် လေးဆယ်က တစ်ပြိုင်နက် အသက်ဝင်လာပြီး သူတို့ကို တိုက်ခိုက်လာကြသည်။
ရေတွက်၍ မရနိုင်သော နီရဲသည့် စွမ်းအားများက ဓားများ အဖြစ် ပြောင်းလဲသွားပြီး သူတို့ကို တိုက်ခိုက်စဉ် လင်းလက်သွားကာ ရှဲခနဲ မြည်သွား၏။
ထိုအုပ်စုက တိုက်ခိုက်မှုများကို ပိတ်ဆို့ရန် သူတို့၏ သက်ဆိုင်ရာ ကျွမ်းကျင်မှုများကို အလျင်အမြန် အသုံးပြုလိုက်ကြသည်။
သို့တိုင် သွေးသတ်ကွင်း ဝင်္ကပါ၏ စွမ်းအားက သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် သွေးကွက်များကို ဆက်လက် ချန်ရစ်ထားခဲ့၏။
ဝင်္ကပါတောင်ထွတ်မှ ဂိုဏ်းသားအတွက် ပြသနာမရှိပေ။ သူသည် ဝင်္ကပါ မန္တာန်ကို အတိုင်းအတာ တစ်ခုအထိ နားလည်ထားပြီး ဒုတိယအဆင့် ဝင်္ကပါဆရာ တစ်ယောက်လည်း ဖြစ်သောကြောင့် ဤဝင်္ကပါများကို သူ ထိန်းချုပ်နိုင်သေး၏။
"ဟေး... ဝင်္ကပါတောင်ထွတ်က ကောင်... ဒီဝင်္ကပါတွေကို ဖျက်ဆီးဖို့ မင်းမှာ နည်းလမ်း ရှိလား..."
အနောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသဖြင့် ဝင်္ကပါတောင်ထွတ် ဂိုဏ်းသားက နောက်လှည့်ကြည့်လိုက်၏။
ဓားတောင်ထွတ် အတွင်းဂိုဏ်းသား တစ်ယောက်က ဓားရှည် တစ်လက်ကို ကိုင်ဆောင်ကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ဆက်တိုက် ကာကွယ်နေသော်လည်း ဒဏ်ရာများ ရရှိနေပြီကို တွေ့လိုက်ရသည်။
ဝင်္ကပါတောင်ထွတ် ဂိုဏ်းသား သည် မျက်မှောင်ကြုတ်သွားပြီး တစ်ခဏမျှ စဉ်းစားလိုက်၏။
"ဒီဝင်္ကပါတွေက အရမ်းများတယ်... ပြီးတော့ သွေးသတ်ကွင်း ဝင်္ကပါ တစ်မျိုးတည်း မဟုတ်ဘူး... အမျိုးအစား အများကြီး ရှိတယ်... အဲဒါတွေကို ဖြေရှင်းဖို့ ငါ အချိန် တစ်နာရီ နှစ်နာရီလောက် ယူရလိမ့်မယ်..."
ဓားသမား ဂိုဏ်းသား၏ မျက်နှာက ချက်ချင်း မည်းမှောင်သွား၏။
“မင်း အဲဒါကို ဖြေရှင်းဖို့ တစ်နာရီ နှစ်နာရီလောက် အချိန်ယူရမယ် ဆိုရင် ငါတို့ အားလုံး သေကုန်တော့မှာပေါ့…”
သို့သော် ထိုအချိန်တွင် ဝင်္ကပါတောင်ထွတ် ဂိုဏ်းသားက ထပ်ပြောလိုက်သည်။
"ဒါပေမဲ့ ဝင်္ကပါ တွေ အများကြီးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်တာက လက်ရှိ ချန်လော့ရဲ့ စွမ်းရည်ထက် ကျော်လွန်နေမှာ သေချာတယ်..."
"ငါတို့ သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားနိုင်တယ်... အကယ်၍ သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ရင် ငါတို့ကို တိုက်ခိုက်ဖို့ ဝင်္ကပါ တွေ အများကြီးကို ထိန်းချုပ်ရတာ သူ့အတွက် အများကြီး ပိုခက်ခဲသွားလိမ့်မယ်..."
လူတိုင်းက မလှမ်းမကမ်းတွင် ဝင်္ကပါ ကို ခြယ်လှယ်နေသော ချန်လော့ကို လှည့်ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ တိုးပွားလာ၏။
"မင်းတို့ ကောင်တွေ သွေးသတ်ကွင်း ဝင်္ကပါ ကို ငါ့အတွက် တားထားပေး... ငါ သွားပြီး ချန်လော့ကို သတ်လိုက်မယ်..."
ထိုဂိုဏ်းသားက ပြောရင်းနှင့် အခြားသူများက ခေါင်းညိတ်ပြကာ သူ၏ အနီးသို့ တိုးလာကြပြီး သူ့ကို တိုက်ခိုက်နေသော ဝင်္ကပါ ကို သူတို့ဘက်သို့ ဆွဲယူလိုက်ကြ၏။
ထိုဂိုဏ်းသားက လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။ သူသည် လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် ရွေ့လျားသွားပြီး ဓားရှည်ကို ဆုပ်ကိုင်ကာ ချန်လော့ ရှိရာသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။
ဤအရာအားလုံးက အလွန် မြန်ဆန်စွာ ဖြစ်ပျက်သွား၏။ ဓားသမား ဂိုဏ်းသား ထွက်ပေါ်လာသည့် အမြန်နှုန်းက ထိုနေရာတွင် ရှိနေသူ အားလုံးကို အံ့အားသင့်သွားစေသည်။
သူ၏ ဓားထိပ်ဖျားက ချန်လော့၏ လည်ပင်းမှ စင်တီမီတာ အနည်းငယ်သာ ကွာဝေးတော့၏။ သူတို့ အောင်ပွဲကို မြင်တွေ့လိုက်ရပြီ ဖြစ်သည့်အလား လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
သို့သော် ထိုအခိုက်အတန့်၌ ချန်လော့၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ရုတ်တရက် ပေါ်လာတော့သည်…