စိတ်ရှုပ်ထွေးနေသော အန်လင်း
Vol. 23 Ch. 318
အမှောင်ထုအတွင်း အန်လင်းသည် သူ့နဖူးပေါ်တွင် နူးညံ့သည်လက်တစ်စုံကို ခံစားလိုက်ရ၏။
သူ့၏ ခန္ဓာကိုယ်မှာ သစ်သားပြားတစ်ခုပေါ်တွင် ဘယ်ညာယိမ်းနေကာ သူက လည်နေသော လှည်းဘီးသံနှင့် ကျယ်လောင်သော မြင်းခွာသံများကိုကြားနေရ၏။
ထိုသည်မှာ အတော်လေးပင် ထူးဆန်းလှသည်။
အန်လင်းက ချက်ချင်းပင် မျက်လုံးဖွင့်ကာ ထထိုင်လိုက်တော့၏။
“အ” ခပ်ကျယ်ကျယ် အော်သံတစ်ခုက ရုတ်တရက် သူ့၏ဘေးမှပေါ်ထွက်လာကာ အမျိုးသမီးတစ်ဦးက ဓာတ်လိုက်ခံရသကဲ့သို့ သူ့၏ သေးသွယ်သွယ်လက်အား ပြန်ဆုတ်လိုက်လေသည်။
“မင်းက သင်္ချိုင်းစောင့်ရှောက်သူလား” အန်လင်းက သူ၏ဘေးရှိ အဖြူရောင်နှင့် အမျိုးသမီးကို မေးလိုက်၏။
“ဘာ ...ဘာပြောလိုက်တာ” အမျိုးသမီးက တုံ့ဆိုင်းစွာ ပြန်မေးလာ၏။
အန်လင်းက မေးခွန်းကို ထိုက်ချူဘာသာစကားနှင့်မေးလိုက်တာဖြစ်ပြီး အမျိုးသမီးကတော့ တရုတ်လိုပြောနေခြင်းပင်။
“မင်းက သင်္ချိုင်းစောင့်ရှောက်သူလား” အန်လင်းက တရုတ်လို ထပ်မေးလိုက်၏။
အမျိုးသမီးက သူ့အား အမူအရာမဲ့ ငေးကြည့်ကာ”ရှင်က ဘာကိုပြောနေတာလဲ။ ကျွန်မက ဆရာဝန်တစ်ယောက်ပါ”
“ဟင်” အန်လင်းက စိတ်ရှုပ်ထွေးစွာ မျက်တောင် တဖြတ်ဖြတ်ခပ်လိုက်၏။
သူက ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သောအခါ ဤသည်မှာ ကန္တာရလွင်ထီးခေါင်ကြီး ဖြစ်ကြောင်းသိလိုက်ရသည်။ ဝင်ရိုးစွန်းက လွန်စွာကျယ်ပြန့်ကာ တောက်ပထင်ရှားသော နေရောင် ကောင်းကင်အောက်တွင် လင်းယုန်များက ပျံသန်းနေ၏။
သူက အကြည့်များပြန်ရုတ်ကာ သူ့ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ အမိုးပွင့်လှည်းတစ်ခုထဲတွင်ရောက်နေကြောင်း သိလိုက်ရ၏။
မြင်းပေါ်တွင် ခါးတွင် ဓါးများလွယ်ထားသည့် လူတစ်ချို့နှင့် ကုန်စည် အပြည့်တင်ထားသော လှည်းများအား ဆွဲနေသော မြင်းတစ်အုပ်လဲရှိလေ၏။
ဒါက .... သင်္ချိုင်းဂူရဲ့ အတွင်းထဲလား
အန်လင်း “...”
သူက စိုးရိမ်တကြီး မျက်နှာဖြင့် အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် “အခု ငါတို့ ဘယ်ရောက်နေသလဲဆိုတာ မေးလို့ရမလား”
“ရတာပေါ့။ ဒါက လွင့်မြောတိမ်တိုက် ကန္တာရလေ” အဖြူရောင်နှင့် အမျိုးသမီးက ဖြေလာ၏။
အန်လင်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားပြီးနောက် “ထိုက်ချူ ကုန်းမြေကြီးပေါ်ကလား”
အဖြူရောင်ဝတ်အမျိုးသမီးက ထူးခြားသည့် အမူအရာဖြင့် အန်လင်းအား မျက်မှောင်ကြုတ်ကြည့်ကာ “ရှင့်ကြည့်ရတာ နည်းနည်း ထူးဆန်းနေသလိုပဲ။ ရှင့် မှတ်ဥာဏ်နဲ့ ပတ်သတ်ပြီး ပြဿနာ တစ်ခုခုများ ဖြစ်နေတာလား။ လောကကြီးက ကျန်းချီကုန်းမြေကြီးပေါ်မှာတည်ရှိတာလေ။ ထိုက်ချူကုန်းမြေကြီးဆိုတာက ဘာကြီးလဲ”
အန်လင်းက အမျိုးသမီးအားကြည့်ကာ တစ်ခစ်ခစ်ရယ်လိုက်၏။
ကျန်းချီ ကုန်းမြေကြီး
အတော်လေးကို ပီပြင်တဲ့ အိပ်မက်ပဲ။ ဒါက မမြင်မှားတာ တစ်ခုခုများလား။
အတုအယောင်၊ဒါတွေ အကုန်လုံးက အတုအယောင်တွေပဲ
သူ့၏ သိုလှောင်လက်စွပ်က ပြိုးပြိုးပြတ်ပြတ်လက်လာပြီးနောက် မိစ္ဆာရှင်းဓားက သူ့လက်ထဲ၌ ပေါ်လာလေ၏။
“နိုးစမ်း”
အန်လင်းက အော်ဟစ်လိုက်ကာ သူ့၏ မိစ္ဆာရှင်းဓားဖြင့် သူ့လက်မောင်းအာ လှီးချလိုက်တော့၏။
“အားရှင်ဘာတွေလုပ်နေတာလဲ” အဖြူရောင်ဝတ် အမျိုးသမီးက အလန့်တကြား မျက်လုံးပြူးကာ ကျယ်လောင်စွာအော်ဟစ်လာတော့၏။
ထို့နောက်တွင်တော့ သူမမျက်နှာ တစ်ခုလုံးက သွေးများဖြင့် ပြည့်နှက်သွားတော့၏။
“ဟင်း”
အန်လင်းက အံကြိတ်ကာ သူ၏ ဒဏ်ရာရနေသော လက်မောင်းကို ငုံ့ကြည့်လိုက်ရာ အလွန်အမင်း စစ်မှန်လှသော နာကျင်သည့် ခံစားချက်က သူ့၏ ခန္ဓာကိုယ် တစ်လျောက်ဖြတ်သန်းသွား၏။
“ငလူး ဒါက အိပ်မက်မဟုတ်ဘူးဟ”
သူက သူ့လက်မောင်းအား ငေးကြည့်ကာ ကြက်သေ သေနေတော့၏။ ထို့အပြင် သူ့၏ ဦးနှောက်သည်လည်း အလုပ်လုပ်ခြင်းကို ရပ်တန့်လိုက်ပေသည်။
“အဆင်ပြေရဲ့လား ပိုင်ရှုယန်” အမျိုးသားကြီးတစ်ဦးက အန်လင်းလက်မောင်းရှိ သွေးထွက်နေသည့် ဟက်တက်ကွဲ ဒဏ်ရာကြီးကို စူးစမ်းကြည့်ကာ ဒေါသသံဖြင့် မေးလာ၏။
“အကုန် အဆင်ပြေပါတယ်။ ကြည့်ရတာ ဒီလူက စိတ်အခြေအနေမတည်ငြိမ်ဘူးထင်တယ်။ ပြီးတော့ အကြောင်းပြချက်တစ်ခုခုကြောင့် သူ့ဟာသူ ဓားနဲ့လှီးဖို့ ဆုံးဖြတ်လိုက်တယ်လေ” အမျိုးသမီးက စိုးရိမ်တကြီး ရှင်းပြလာ၏။
အမျိုးသားကြီး “...အဲဒါက ဘယ်လိုလုပ် အဆင်ပြေတာ ဖြစ်ရမှာလဲ။ အဲ့ ငတုံးက အဲ့အစား မင်းကို လှီးဖို့ ဆုံးဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ”
ပိုင်ရှုယန် “...”
သူမက ထိုသည်ကို ပြန်ဖြေမလာပါ။ မည်သို့ဆိုဆို ထိုသူ၏ စိုးရိမ်မှုက ကျိုးကြောင်းဆီလျော်လေ၏။ သူမက အန်လင်းကို ပြန်လည်ကြည့်ရှုလာတော့သည်။
အန်လင်းသည်လည်း သူမကို ကြည့်နေပြီး သူ့၏သွေးထွက်နေသည့် လက်မောင်းအား သူမထံသို့ ဆန့်တန်းလိုက်၏။ “ငါကြားတာတော့ မင်းက ဆရာဝန်ဆို။ မင်း ငါ့အတွက် ဒါကို ဂရုစိုက်ပေးနိုင်မလား”
ပိုင်ရှုယန် “...”
မကျွမ်းဝင်သည့်လူကြီးက တစ်ဖန် စိတ်တိုလာပြန်၏။ “အဲ့ကောင်ကို မကယ်ဖို့ မင်းကို ငါပြောသားပဲ။ ဒါပေမဲ့ ငါ့စကားကို နားမထောင်ခဲ့ဘူး။ ဒါက ငါ့တို့အတွက် ဝန်ပိုတာပဲရှိတာ။ သူက ငါတို့ရဲ့ အစားအသောက်တွေနဲ့ ဆေးဝါးတွေကို ဖြုန်းတီးတော့မယ် ...”
“တော်လောက်ပြီ ရှင်က ကျွန်မကို သဘောမကျဘူးဆိုလဲ ဘာလို့ လှည်းပေါ်ကနေ ပစ်မချခဲ့တာလဲ”
ပိုင်ရှုယန်က အေးစက်စွာ ပြန်ပြောလာ၏။
မကျွမ်းဝင်သည့် လူကြီးက စကားပြောရန်တုံ့ဆိုင်းသွားပြီးနောက် အန်လင်းအား ဒေါသတကြီးကြည့်ကာ အေးအေးစက်စက်ချောင်းဟန့်လိုက်ပြီးနောက် ပြန်လည်အကြည့်ခွာသွားတော့၏။
ဤကန္တာရထဲတွင် ဆရာဝန်တစ်ဦးတည်းသာရှိသည်ဖြစ်၍ ထိုသည်မှာအလွန်ပင်ရှားပါးလှသည့် အခွင့်အရေးတစ်ခုဖြစ်သည်။ သူမကို အမှန်တကယ်ပင် ချန်ရစ်ခဲ့ပါကမူ ကန္တာရထဲတွင် ပုန်းခိုနေကြသော သန္ဓေပြောင်း သားရဲများက တိုက်ခိုက်လာသော ဒဏ်ရာများအတွက် မည်သူမှမရှိတော့ပါပေ။
ထို့အပြင် သူမ၏ လူမှုအဆင့်အတန်းကို စိတ်ထဲထားကာ မည်သူမှ သူမအား နှိမ့်ချမဆက်ဆံရဲပါပေ။
“ခုဏက လူကြီးက ကန္တာရခရီးသွားတွေရဲ့ ခေါင်းဆောင် ချန်မန်တဲ့။ သူက တကယ့်ကို စိတ်ရှုပ်စရာကောင်းပြီးတော့ စကားများတယ်။ သူပြောတာတွေ စိတ်ထဲမထားနေနဲ့” ပိုင်ရှုယန်က သွေးများကို ဆေးကြောရန် မျက်နှာသစ်လိုက်၏။
ထို့နောက်သူမက အန်လင်း၏ ဒဏ်ရာကို ဆေးကြောကာ အနာကြတ်ဆေး ထည့်ပြီးနောက် ပတ်တီးစည်းပေးလိုက်၏။
အန်လင်းက တစ်လျောက်လုံးတွင် အမူအရာမဲ့ ဖြစ်နေပြီး သူ့ပတ်ဝန်းကျင်အား ကြောင်ငေးနေကာ သူ့ကိုယ်သူ မကြားတကြားရေရွတ်နေတော့၏။
သူက သူ့၏ အသံလွှဲပြောင်း အစီအရင်ကို ထုတ်လိုက်သည့်အခါ အချက်ပြခြင်းမရှိသည်ကို သိလိုက်ရ၏။
သူ့ဖုန်းကို ကြည့်လိုက်သော အခါတွင်လည်း လိုင်းမမိပါချေ။
ထိုအခိုက်အတန့်များတွင် ပိုင်ရှုယန်က သူ့ဒဏ်ရာအား ဂရုတစိုက် ကုသပေးနေ၏။
ပတ်တီးစည်းပြီးသည့်နောက်တွင်တော့ သူမ၏ သွယ်လျှလျှလက်များက အန်လင်း၏ ဒဏ်ရာပေါ်သို့ ညည်သာစွာ ပွတ်သပ်လိုက်သည့်အခါ သူမ၏ လက်မှ အဖြူရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်၏။
ထူးဆန်းသည့် စွမ်းအင်ကို အာရုံခံမိသောအခါအန်လင်း၏ အမူအရာက အနည်းငယ်ရှုပ်ထွေးသွားတော့၏။
“အဲ့ဒီ့ အဖြူရောင် အလင်းက ဘာကြီးလဲ” သူက အံ့ဩ မင်သက်သွားတော့၏။
“ဒါက တိုက်ပွဲချီ။ ကျွန်မမှာ ကုသရေး တိုက်ပွဲချီ ရှိတယ်လေ။ ရှင်က အတိတ်မေ့နေတာလား။ ဘယ်လိုလုပ် တိုက်ပွဲချီက ဘာလဲဆိုတာကိုတောင် မသိနေရတာလဲ။” ပိုင်ရှုယန်က သူ့အား သုံးနှစ်ကလေးတောင် သိသည့် အခြေခံ ဗဟုသုတကို သူက ဘာကြောင့် မသိနေသလဲဆိုသည်အား သိလိုစိတ်ဖြင့် ငေးကြည့်နေတော့၏။
“ဟီးဟီး၊ ကျန်းချီ ကုန်မြေကြီး ဟုတ်လား။ အဲဒါဆို တိုက်ပွဲတွေ၊တိုက်ပွဲ ဆရာကြီးတွေ၊တိုက်ပွဲ ဆရာ့ ဆရာကြီးတွေ၊တိုက်ပွဲ စိတ်ဝိညာဉ် တွေ၊တိုက်ပွဲ ဘုရင်လေးတွေ၊တိုက်ပွဲ ဘုရင်ကြီးတွေ၊တိုက်ပွဲ ဧကရာဇ်တွေ၊တိုက်ပွဲ အရှင်သခင်တွေ၊တိုက်ပွဲ ပညာရှိတွေ ပြီးတော့ တိုက်ပွဲနတ်ဘုရားတွေပါ ရှိလောက်မယ် ဟုတ်လား” အန်လင်းက အေးစက်စွာ တစ်ခစ်ခစ်ရယ်နေကာ သူကိုယ်သူ ရယ်နေသလား၊လောကကြီးတစ်ခုလုံကို ရယ်နေသလားဆိုတာပင် မသေချာတော့ပေ။
“ဟင်၊ အဲ့လောက် အဆင့်တွေ အများကြီးက ဘယ်တုန်းက ရောက်လာတာလဲ။ တိုက်ပွဲဆရာကြီးတွေ၊တိုက်ပွဲ စိတ်ဝိညာဉ် တွေ၊တိုက်ပွဲ ဘုရင်တွေ၊တိုက်ပွဲ ဧကရာဇ်တွေ၊တိုက်ပွဲ ပညာရှိတွေနဲ့ တိုက်ပွဲ နတ်ဘုရားတွေပဲ ရှိတာ မဟုတ်ဘူးလား” ပိုင်ရှုယန်က အံ့အားသင့်စွာ ပြောလာ၏။
အန်လင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွားတော့၏။ “ဟားဟား”
သူက ရှောင်ယန် သင်္ချိုင်းဂူထဲ ဝင်ဖို့ကြိုးစားနေတာပါ။ ဒီကျန်းချီ ကုန်းမြေကြီးမှာ သောက်ကျိုးနည်း ဘာလာလုပ်နေရတာလဲ။ ဤသည်မှာ ရူးသွပ်ခြင်းအတွက် ရှေ့ပြေးနမိတ်ဖြစ်ရမည်။
သူသည် အသုံးမကျသော အမိုက်တစ်ခုအဖြစ် ဝိညာဥ္ကူးပြောင်းလာသည်ကို အမှန်တကယ်ပင် အထွတ်တက်၍ မရသော်လည်း ထိုက်ချူကုန်းမြေကြပေါ်တွင် သူက ကြီးမြတ်သောအရာများအတွက် ကံကြမ္မာပါလာတာဖြစ်သည်။
သူက အခုလောလောဆယ် ဘာလို့ ဒီကျန်းချီကုန်းမြေကြီးပေါ်မှာ အဆုံးသတ်ရမှာလဲ။ ဒါက ဘယ်လို စောက်ရေးမပါတာကြီးလဲ။
အန်လင်းက မူးမေ့တော့မလိုပင် ခံစားလိုက်ရ၏။
သူက သူ့၏ ကံကြမ္မာကို လက်မခံနိုင်ပါ၊လက်မခံချင်ပါပေ။
သူ့တွင် အဆုံးရှုံးမခံနိုင်သော မိသားစုများ၊သူငယ်ချင်းများနှင့် တခြားအရာများစွာရှိသေး၏ ...
ဘုန်း ...
ထိုအခိုက်အတန့်မှာပင် ရုတ်တရက် မြေကြီးက စတင် လှုပ်ရမ်းလာကာ ငလျှင်အစပြုလာ၏။
“အဲဒါ သန္ဓေပြောင်း သားရဲတွေပဲ။ လူတိုင်း ဂရုစိုက်ကြ” ချန်မန်က အော်ဟစ်လာ၏။
လူတိုင်းက သူတို့၏ ဓါးများကို ဆွဲထုတ်လိုက်ပြီးနောက် ရှေ့သို့ စိုးရိမ်တကြီး ကြည့်လာတော့၏။
ဝင်ရိုးစွန်းတွင် အညိုရောင်အမွှေးနှင့် ကြီးမားလှသည့် ဝံပုလွေတစ်ဒါဇင်ခန့် ပေါ်လာလေ၏။
ထိုအရာများမှာ အရွယ်အစားအားဖြင့် ၁၀ပေခန့်ရှိကာ သူတို့၏ မျက်လုံးထဲ၌ ကြောက်မက်ဖွယ် အလင်းတန်းများ ဝင်းဝင်းတောက်နေ၏။
“မဖြစ်ဘူး။ အဲဒါတွေက ကန္တာရ ဝံပုလွေ ဧကရာဇ်တွေပဲ သူတို့တစ်ယောက်ချင်းစီတိုင်းက တိုက်ပွဲစိတ်ဝိညာဥ်စစ်သည်တော် တစ်ယောက်နဲ့ အင်အားအတူတူပဲ ...” ပိုင်ရှုယန်သည် အဝေးဆီသို့ အကြောက်တရားအပြည့်နှင့်ငေးကြည့်ကာ သူမ၏ မျက်နှာတွင်သွေးများခြောက်ခန်းသွားတော့၏။
အန်လင်းက အဝေးရှိ ဝံပုလွေများကို လှမ်းကြည့်လိုက်၏။ “တိုက်ပွဲစိတ်ဝိညာဉ်။ အဲဒါက သန်မာတာလား”
ပိုင်ရှုယန်က အန်လင်း၏ မသိနားမလည်မှုများကို ကျင့်သားရနေပြီဖြစ်ကာ ရှင်းပြရန် သူမ၏ နှုတ်ကို ဖွင့်ဟလာ၏။ “ငါနဲ့ ချန်မန်ကပဲ တိုက်ပွဲ စိတ်ဝိညာဉ်အဆင့်ရှိတာ။ ကျန်တဲ့ လူတွေက တိုက်ပွဲဆရာကြီးတွေပဲ ရှိသေးတာ ငါရဲ့ တိုက်ပွဲချီကလဲ ကုသရေးဘက်ကို အားသန်တာမို့ ငါက ကန္တာရ ဝံပုလွေ ဧကရာဇ် တစ်ကောင်ကိုပဲ ကိုင်တွယ်နိုင်မှာ ...”
“အဲဒါဆို မင်းတို့အားလုံး ဒုက္ခရောက်ပြီပေါ့” အန်လင်းက အေးဆေးစွာ အတိုချုံးလိုက်၏။
ပိုင်ရှုယန်က ဒေါသဖြင့် တုန်ယင်လာ၏။ “အဲဒါက ဘာကို ဆိုလိုတာတုန်း။ ငါတို့ အားလုံးသေရင် ရှင်လည်း ဒုက္ခရောက်ပြီလေ။ ကိုယ့် အမူအကျင့်ကို သုံးသပ်ပါအုံး။ စောက်ရေးထဲမှာ”
“စိတ်မပူပါနဲ့။ ငါက သမိုင်းတွေကို ပြောင်းပြန်လှန်ပစ်မဲ့ ယောက်ျားလေ။ ငါ ကန္တာရဝံပုလွေ ဧကရာဇ် တစ်ဒါဇင်လောက်ကို လက်တစ်ချောင်း အသာလေးပုတ်ပြီး သုတ်သင်ပစ်နိုင်တယ်လေ။” အန်လင်းက အတည်ပေါက်ကြီး ပြန်ပြောလာ၏။
ပိုင်ရှုယန်က မျက်နှာမဲ့လိုက်၏။ သူမက တကယ့်ကို ငတုံးကောင်ကို ကယ်လာမိတာပင်။
သူမက အန်လင်းနှင့် စကားဆက်မပြောတော့ကာ သူတို့ အရေးအတွက်က ကန္တာရ ဝံပုလွေ ဧကရာဇ်များကို ခြောက်လှန်နိုင်ရန် မျှော်လင့်ပြီးချန်မန်၏ ဘေးသို့ပြေးသွားလေ၏။
သို့သော်လည်း ကန္တာရ ဝံပုလွေ ဧကရာဇ်များက လူတိုင်း အတူစုနေသည်ကို မြင်သည့်အခါ ပိုမို စိတ်လှုပ်ရှားလာသည့်ပုံရ၏။
ကန္တာရ ဝံပုလွေဧကရာဇ်များက ကန္တာရခရီးသည် အုပ်စုဆီသို့ ခုန်အုပ်ကာ သူတို့၏ ချွန်ထက်လှသည့် သွားများကို ဖော်ပြရန် ပါးစပ်များဖွင့်လာကြတော့သည်။
ကန္တာရခရီးသည်များ အားလုံးက မထိန်းချုပ်နိုင်အောင် တုန်ယင်နေကြ၏။ ပိုင်ရှုယန်နှင့် ချန်မန်ပင်လျင် သူတို့၏ မျက်လုံးထဲ၌ အကြောက်တရားများရှိနေသော်လည်း တိုက်ခိုက်ရန်မှလွဲ၍ တခြားရွေးချယ်စရာမရှိပါချေ။ ယခုအချိန်တွင် ပြေးရန် ရွေးချယ်လိုက်ပါက သေခြင်းတရားကပဲ စောင့်ကြိုနေလိမ့်မည် ဖြစ်သည်။
ဝူး
မျက်စိကြိမ်းလောက်သည့် ဓားတစ်လက်က အလွန်ကြီးမားလှသည့် အားအင်နှင့် နိမ့်ဆင်းသွားကာ ကန္တာရ ဝံပုလွေ ဧကရာဇ် တစ်အုပ်အား ချက်ချင်းပင် ချေမှုန်းလိုက်တော့၏။
ဘုန်း
ဓားချက်၏ ကြွင်းကျန်စွမ်းအင်များက ရှေ့ဆီသို့ ဆက်လက်သွားကာ အဝေးမှ တောင်ကြီးအား နှစ်ခြမ်းပိုင်းလိုက်လေ၏။
လူတိုင်းက နေရာ၌ပင် မြဲမြဲရပ်ကာ သူတို့ရှေ့မှ မြင်ကွင်းအား အံ့ဩတကြီး ကြည့်ရှုနေကြ၏။
ပိုင်ရှုယန်က နောက်ဘက်သို့ လှည့်ကြည့်လာ၏။
လူတိုင်းသည်လည်း သူမ၏ ဦးဆောင်မှုနောက်ကို လိုက်ကာ အလန့်တကြား မျက်လုံးပြူးကုန်ကြတော့၏။
သူတို့အားလုံးသည် ထူးဆန်းသော အဝတ်အစားနှင့် အမျိုးသားတစ်ဦးက သူ့၏ သိုလှောင်လက်စွပ်အတွင်းသို့ ဓားရှည်တစ်ချောင်းအား ပျော်ရွှင်စွာ သိမ်းဆည်းနေသည့် မြင်ကွင်းနှင့် ကြုံလိုက်ရတော့၏။
“ပြီးသွားပြီ”
***