အခန်း (၄၅-၄၆)
Vol. 4 Ch. 45-46
အခန်း (၄၅) - မိစ္ဆာကျင့်ကြံသူမောက်မာခြင်း
ဝိညာဉ်ဝါးဂိုဏ်းအတွင်း ဟန်မင်၏ နောက်ခံအင်အား မည်မျှကြီးမားသည်ကို ဖေးစီတစ်ယောက် သေချာရေရာစွာ မသိရှိသေးပေ။
အကယ်၍သာ ဟန်မင်ကို ဖမ်းဆီးမိပြီးမှ ရှေးဟောင်းမိစ္ဆာကြီးတစ်ပါးအား ရန်စမိသကဲ့သို့ ဖြစ်သွားပါက ကြီးစွာသော ဘေးဒုက္ခနှင့် ကြုံတွေ့ရပေလိမ့်မည်။
အဓိကအချက်မှာ မီးလျှံတောင် မသေမျိုးမြို့တော်ရှိ မြို့စားမင်းနှင့် အရပ်မျက်နှာအသီးသီးမှ အင်အားစုများသည် ချော်ရည်နန်းတော်အား စူးစမ်းရှာဖွေရန်သာ အာရုံစိုက်နေကြပြီး အခြားသော ရှုပ်ထွေးမှုများ မဖြစ်ပွားစေလိုခြင်းပင် ဖြစ်ချေသည်။
ထို့ကြောင့်ပင် ဖေးစီက "နှောင့်ယှက်ခံနေရသည်မှာ ငါတို့မဟုတ်ဘဲ ဆန်းလဲ့သာ ဖြစ်သည်" ဟု အစောပိုင်းက တွေးတောခဲ့ခြင်း ဖြစ်၏။
အကယ်၍ ဆန်းလဲ့က သည်းမခံနိုင်တော့ဘဲ မီးလျှံတောင် မသေမျိုးမြို့တော်ကနေ ကိုယ်တိုင် ထွက်ခွာသွားမယ်ဆိုရင် ပြဿနာက အလိုလို ပြေလည်သွားမှာ မဟုတ်လော"
မြို့စားမင်း၏ လျစ်လျူရှုမှုသည် ဟန်မင်အား ပိုမိုမောက်မာလာစေခဲ့ပြီး နောက်ဆုံးတွင် နင်းကျော့၏ လက်တွင်း၌ အဖမ်းခံခဲ့ရလေသည်။
တစ်နည်းအားဖြင့်ဆိုသော် ဆန်းလဲ့၏ သည်းခံမှုနှင့် မြို့စားမင်း၏ ပေါ့လျော့မှုတို့သည် နင်းကျော့အတွက် ဟန်မင်အား ဖမ်းဆီးနိုင်ရန် အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်နေပေသည်။
"ယခုအကြိမ်မှာတော့ အခြေအနေက မတူတော့ဘူး"
"ဟန်မင်က မုန့်ချုံနဲ့ တကယ်ပဲ ထိပ်တိုက်တွေ့ခဲ့ပြီ။ ဒီတစ်ခါတော့ သူ့ကို ဖမ်းမိဖို့ ငါတို့ အင်အားအားလုံးကို အသုံးချရလိမ့်မယ်"
"အင်း..."
"အရင်ဆုံး လူငယ်ဧည့်သည်ကို ဖမ်းရမယ်"
"ဟန်မင်ကတော့ မြို့ထဲကနေ ထွက်ပြေးဖို့ အခွင့်အရေးကို စောင့်နေကောင်း စောင့်နေလိမ့်မယ်"
ဟန်မင်အား ဖမ်းဆီးရန် အင်အားအလုံးအရင်း သုံးခြင်းမှာ ဖေးစီအနေဖြင့် ပြသရမည့် ဟန်ပန်တစ်ခုသာ ဖြစ်ချေသည်။
သို့သော် သူသည် မည်သည့်စွန့်စားမှုကိုမျှ မပြုလုပ်လိုပေ။ အကယ်၍ ဟန်မင်ကို အမှန်တကယ် ဖမ်းမိသွားခဲ့လျှင် သူသည် ပို၍ပင် စိုးရိမ်ပူပန်နေရမည် ဖြစ်သည်။
ဟန်မင်နှင့် နှိုင်းယှဉ်လျှင် ထိုလူငယ်ဧည့်သည်က ပိုမိုလွယ်ကူသော ပစ်မှတ်ဖြစ်၏။
"ဒီလူငယ်ဧည့်သည်က စွန်းလင်ထုံနဲ့ အမြဲတမ်း နီးစပ်မှု ရှိနေတယ်"
"စွန်းလင်ထုံဆိုတာက ဗုဒ္ဓနှလုံးသားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ ဒီမိစ္ဆာဂိုဏ်းကြီးက ခိုးကြောင်ခိုးဝှက် လုပ်ရပ်တွေမှာ နာမည်ကြီးတာ"
"တတိယမြောက် မိစ္ဆာကျင့်ကြံသူက စွန်းလင်ထုံများ ဖြစ်နေမလား"
ဖေးစီသည် ထိုဖြစ်နိုင်ခြေကို ချက်ချင်းပင် စဉ်းစားမိသော်လည်း အတည်ပြုရန်မူ ဆန္ဒမရှိပေ။
ဟန်မင်ကဲ့သို့ပင် စွန်းလင်ထုံ၏ နောက်ကွယ်၌လည်း ဂိုဏ်းကြီးတစ်ခု ရှိနေသည်။ စွန်းလင်ထုံသည် မီးလျှံတောင် မသေမျိုးမြို့တော်တွင် ဆယ်စုနှစ်တစ်ခုကျော် နေထိုင်လာခဲ့သူဖြစ်ရာ မြို့ခံအင်အားကြီးတစ်ဦးကဲ့သို့ အမြစ်တွယ်နေပြီ ဖြစ်ချေသည်။
သူအား ကိုင်တွယ်ရသည်မှာ ဟန်မင်အား ကိုင်တွယ်ရသည်ထက်ပင် ပိုမိုခက်ခဲပေလိမ့်မည်။
ထို့နောက် ဖေးစီသည် သူ၏လက်အောက်ငယ်သားများအား မှောင်ခိုဈေးကွက်အတွင်း လူငယ်ဧည့်သည်ကို ရှာဖွေဖမ်းဆီးရန် အမိန့်ပေးလိုက်လေသည်။
သို့သော် သူတို့ ရှာတွေ့နိုင်မည်လော။
အရိပ်အယောင်မျှပင် မတွေ့ရပေ။
တစ်ဝက်မျှ ရှာဖွေပြီးနောက် ဘာမျှမထူးခြားသဖြင့် လက်အောက်ငယ်သားများမှာ လက်ချည်းဗလာဖြင့် ပြန်လာကြကုန်၏။
ဖေးစီသည် သူ၏ငယ်သားများကို အားရပါးရ ဆူပူကြိမ်းမောင်းကာ ဟန်ဆောင်ကောင်းကောင်း ပြလိုက်သေးသည်။
ခေတ္တမျှ အချိန်ဆွဲပြီးနောက် သူသည် ဆေးပုလင်းကို ယူ၍ ဆေးလုံးတစ်လုံးအား ထုတ်ယူလိုက်၏။
ဆေးကို သုံးဆောင်ပြီးနောက် သူ၏ အနံ့ခံအာရုံမှာ သိသိသာသာ ပြောင်းလဲသွားသည်။
လေထုထဲတွင် လွင့်ပျံ့နေသော သင်းပျံ့ပျံ့ ဆေးရနံ့ကို သူ အာရုံခံမိလိုက်၏။
"ဟန်မင်... မင်းမှာ အသိတရားရှိရင် အခုလောက်ဆို မီးလျှံတောင် မသေမျိုးမြို့တော်ကနေ ထွက်သွားလောက်ပါပြီ"
ဖေးစီသည် ကိုယ်တိုင်ကိုယ်ကျ ထွက်ခွာလာပြီး မီးလျှံတောင် မသေမျိုးမြို့တော်၏ ကောင်းကင်ယံ၌ သက်တန့်ရောင်စဉ်ကဲ့သို့ ပျံသန်းသွားလေသည်။
အနံ့နောက်သို့ လိုက်ပါရင်း မြို့ရိုးကို ကျော်ဖြတ်ကာ တောင်ခြေသို့ လျင်မြန်စွာ ရောက်ရှိလာ၏။
ဖေးစီသည် ပို၍ စိတ်မသက်မသာ ဖြစ်လာသော်လည်း မီးလျှံသီးတောအုပ်ရှိ မြက်ခင်းပေါ်တွင် ထုပ်ပိုးထားသော အထုပ်ကြီးတစ်ထုပ်ကို တွေ့လိုက်ရသောအခါ အနံ့မှာ အလွန်ပြင်းထန်လာလေသည်။
ထိုအထုပ်ထဲတွင် ခိုးယူခံခဲ့ရသော ဆေးလုံးများအား သပ်သပ်ရပ်ရပ် ထည့်ထား၏။
ကောင်းကင်ယံ၌ ဝဲပျံနေသော ဖေးစီက စိတ်ထဲမှ "သောက်ကျိုးနည်းပဲ" ဟု ကျိန်ဆဲလိုက်သည်။
သူ၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်သွားကာ "သိုလှောင်မှုအစီအရင် ပါတဲ့အိတ်ကိုတောင် မသုံးဘဲ အဝတ်နဲ့ပဲ ထုပ်ပြီး မီးလျှံသီးတောအုပ်ထဲ ပစ်ထားခဲ့တယ်ပေါ့"
"မောက်မာလှချေလား... တကယ်ကို မောက်မာလွန်းတာပဲ"
ဖေးစီသည် ကြီးစွာသော စော်ကားမှုကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
သို့သော်လည်း သူသည် ဆေးထုပ်ကို ယူရန် တောအုပ်ထဲသို့ မဝင်ရဲပေ။
အဘယ်ကြောင့်ဆိုသော် အရိပ်နက် မိစ္ဆာကျင့်ကြံသူသည် ယခင်က မီးလျှံသီးတောအုပ်ထဲတွင် ပုန်းအောင်းနေခဲ့ဖူးသောကြောင့် ဖြစ်သည်။
"ဒါဟာ ငါ့ကို တောထဲဆွဲခေါ်ဖို့ ထောင်ချောက်ဆင်ထားတာ ဖြစ်နိုင်တယ်"
"သေချာတယ်... အရိပ်နက် မိစ္ဆာကျင့်ကြံသူမှာ အပေါင်းအပါတွေ ရှိနေရမယ်"
"အကယ်၍သာ ချီတွန်းဆိုရင်တော့ ဇွတ်အတင်း ဝင်သွားလိမ့်မယ်။ ဒါပေမဲ့ ငါက အဲဒီလို လူမိုက်မဟုတ်ဘူး"
ထိုသို့တွေးတောရင်း ဖေးစီသည် ပြတ်ပြတ်သားသားပင် လှည့်ပြန်ခဲ့ပြီး မီးတောင်ထိပ်ရှိ မီးလျှံတောင် မြို့စားမင်းထံ သတင်းပို့ရန် ပျံသန်းသွားလေတော့သည်။
သူသည် အကြောင်းစုံကို အလျင်အမြန်ပင် တင်ပြလိုက်၏။
မီးလျှံတောင် မြို့စားမင်းသည် ကောင်းကင်ယံ၌ တင်ပျဉ်ခွေထိုင်ကာ ခေါင်းကို အသာအယာညိတ်၍ "ဒါဟာ အရိပ်နက် မိစ္ဆာကျင့်ကြံသူရဲ့ အပေါင်းအပါ မဟုတ်တာလည်း ဖြစ်နိုင်တာပဲ" ဟု ဆင်ခြင်လိုက်သည်။
"တခြားတစ်ယောက်ယောက်က ဘေးဒုက္ခကို သူတစ်ပါးဆီ လွှဲပြောင်းဖို့အတွက် ကြံစည်တာလည်း ဖြစ်နိုင်တယ်"
အကယ်၍ ထိုသို့သာဆိုလျှင် အခြေအနေမှာ ပို၍ ဆိုးရွားပေလိမ့်မည်။
၎င်းသည် မြို့တွင်းရှိ အဓိကအင်အားစုများက တစ်စုံတစ်ခုကို ရိပ်မိနေကြပြီး မြို့စားမင်းအိမ်တော်ကို တိတ်တဆိတ် ပစ်မှတ်ထားနေပြီဖြစ်ကြောင်း ညွှန်ပြနေခြင်းပင်။
ဖေးစီက ကျိုးမျိုးနွယ်စုနှင့် ကျန်းမျိုးနွယ်စုမှ ပါရမီရှင်များအား နှောင့်ယှက်ဖျက်ဆီးရန် အကြံပြုခဲ့စဉ်က မြို့စားမင်းက သဘောတူခဲ့ဖူးသည်။
ထိုအစီအစဉ် အောင်မြင်ခဲ့သော်လည်း မြို့စားမင်းအား အနည်းငယ် စိုးရိမ်ပူပန်စေခဲ့သည်။
ထို့နောက် သူသည် သူ၏မြေးဖြစ်သူ မုန့်ချုံအား မသေမျိုး ပါရမီထူးဖြစ်သော လျှပ်စီးအဟုန် ပညာရပ်ကို တတ်မြောက်စေရန် ဆန်းလဲ့ကို အကူအညီတောင်းခဲ့ပြီး မြို့စားမင်းကလည်း ထိုအစီအစဉ်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ထိုကာလအတွင်း မိစ္ဆာကျင့်ကြံသူများက တိုက်ခိုက်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
"သူတို့က တကယ့် မိစ္ဆာကျင့်ကြံသူတွေ မဟုတ်တာလည်း ဖြစ်နိုင်တယ်" ဟု မြို့စားမင်းက တွေးတောမိပြန်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် မြို့စားမင်းက ဖေးစီအား "မင်း ကောင်းကောင်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ ဆေးလုံးတွေက ဘာမှ အရေးမကြီးပါဘူး" ဟု မိန့်ကြားလိုက်၏။
"မိစ္ဆာကျင့်ကြံသူတွေကို ဖမ်းဆီးဖို့ကလည်း အဓိက မဟုတ်ဘူး"
"သူတို့ကို ဖမ်းဖို့ အချိန်ယူပါ၊ အလောတကြီး လုပ်စရာ မလိုဘူး"
"မုန့်ချုံအတွက်ဆိုရင်တော့ အိမ်တော်သိုလှောင်ရုံထဲက ရတနာတွေကို လုံလုံလောက်လောက် ထောက်ပံ့ပေးလိုက်ပါ။ လျှပ်စီးအဟုန် ပညာရပ်ကို သုံးတာက ဝိညာဉ်စွမ်းအား အများကြီး ကုန်တာပဲ"
ထိုအကြောင်းကြောင့်ပင် မြို့စားမင်းသည် မုန့်ချုံအား သဘာဝအတိုင်းသာ ကြီးထွားစေခဲ့ခြင်း ဖြစ်သည်။
သူသည် မုန့်ချုံ၏ စရိုက်ကို ကောင်းစွာ သိရှိ၏။ မုန့်ချုံအနေဖြင့် လျှပ်စီးအဟုန် ပညာရပ်ကို အပြည့်အဝ တတ်မြောက်သွားသည်နှင့် ၎င်းကို အဆက်မပြတ် သုံးစွဲပေလိမ့်မည်။
ထိရောက်မှု ရှိသော်လည်း လျှပ်စီးအဟုန်မှာ အလွယ်တကူ ကျော်လွန်သုံးစွဲမိတတ်ပြီး မုန့်ချုံအား ပင်ပန်းနွမ်းနယ်စေကာ သူ၏ အခြေခံအုတ်မြစ်နှင့် နောင်ရေးကို ထိခိုက်စေနိုင်ပေသည်။
မကြာသေးမီကမှ ချော်ရည်နန်းတော်နှင့် ပတ်သက်၍ ပြိုင်ဘက်အင်အားစုများ၏ ဖိအားကြောင့် မြို့စားမင်းက စိတ်ပြောင်းသွားခဲ့ခြင်း ဖြစ်ချေသည်။
သူသည် ဆန်းလဲ့၏ အကူအညီဖြင့် မုန့်ချုံအား ထူးခြားသော ပါရမီဖြစ်သည့် လျှပ်စီးအဟုန် ပညာရပ်ကို ကျွမ်းကျင်စေရန် ပြုလုပ်ပေးခဲ့သည်။
မုန့်ချုံအပေါ် တိုက်ခိုက်မှုနှင့် ပတ်သက်၍မူ မြို့စားမင်းမှာ များစွာ စိုးရိမ်ခြင်း မရှိပေ။
မြေးဖြစ်သူကို ကာကွယ်ရန်အတွက် သူသည် မုန့်ချုံထံတွင် အဆောင်လက်ဖွဲ့တစ်ခု ထည့်ပေးထားပြီးသား ဖြစ်သည်။ အသက်အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ထိုအဆောင်လက်ဖွဲ့သည် နိုးထလာပြီး ကြီးမားသော စွမ်းအားကို ထုတ်လွှတ်ပေလိမ့်မည်။
ရန်သူကို မသတ်နိုင်ခဲ့လျှင်ပင် သူကိုယ်တိုင် ကယ်ဆယ်ရန် လာရောက်နိုင်သည်အထိ အချိန်ရစေမည် ဖြစ်သည်။
အမှန်စင်စစ် သူ၌ ဤထက်မကသော အစီအရင်များ ရှိသေး၏။ ဟင်းလင်းပြင်ရှောင်တိမ်းခြင်း အဆောင်လက်ဖွဲ့ကဲ့သို့သော အရာများလည်း ရှိနေသေးသည် မဟုတ်လော။
ညဉ့်နက်သန်းခေါင်ယံအချိန်။
နင်းကျော့သည် အိပ်ရာပေါ်တွင် မျက်လုံးအစုံ ဖွင့်လျက် လဲလျောင်းနေ၏။
"သူတို့ ဘာလို့ ငါ့ဝိညာဉ်ကို အခုထိ ခေါ်မထုတ်သေးတာလဲ"
"ငါ မသေမျိုးနန်းတော်ထဲကို ဝင်ဖို့ လိုတယ်"
ထိုလူငယ်လေးသည် အိပ်ရာပေါ်တွင် ခြေလက်များ လှုပ်ယမ်းရင်း ပို၍ စိတ်မရှည် ဖြစ်လာလေသည်။
ဤနေရာ၌ စောင့်ဆိုင်းနေခြင်းက အရေးကြီးသော ကိစ္စရပ်များကို နှောင့်နှေးစေနိုင်ကြောင်း သူ တဖြည်းဖြည်း ခံစားလာရ၏။
"ငါ့ဘာသာ ငါ မသေမျိုးနန်းတော်ထဲကို ဝင်လို့ရမလား"
နင်းကျော့သည် ယခင်က ပြင်ဆင်ဆောင်၌ မိမိကိုယ်ထဲသို့ ထည့်သွင်းထားသော အမှတ်အသားကို သတိရလိုက်သည်။
သူသည် ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်အား လှုံ့ဆော်ရန် ကြိုးစားလိုက်၏။ ခေတ္တမျှ စမ်းသပ်ကြည့်ပြီးနောက် "စမ်းသပ်ခံတပည့်" အမှတ်အသားမှာ သူ၏ ရင်ဘတ်ပေါ်တွင် ပြန်လည် ပေါ်ပေါက်လာလေသည်။
နောက်တစ်ခဏ၌ အသက်မျှင်ကြိုးတစ်ချောင်း ရောက်ရှိလာပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ သူ၏ ဝိညာဉ်ကို တိုက်ရိုက် ရိုက်ခတ်လိုက်၏။
နင်းကျော့၏ အမြင်အာရုံများ မှောင်မည်းသွားပြီး သူ၏ ဝိညာဉ်မှာ ခေါ်ထုတ်ခြင်း ခံလိုက်ရကာ နန်းတော်တွင်းသို့ တတိယအကြိမ်မြောက် ဝင်ရောက်သွားလေတော့သည်။
မသေမျိုးနန်းတော်၏ ပင်မဆောင်အတွင်း၌။
အိပ်ပျော်နေသော နဂါးလိပ် မီးလျှံဝိညာဉ်သည် နင်းကျော့ ဝင်ရောက်လာသည်ကို အာရုံခံမိပြီး ချက်ချင်းပင် တုန်လှုပ်သွားလေသည်။
၎င်းသည် မီးတောက်များကို မှုတ်ထုတ်ကာ ကောင်းကင်ယံသို့ တစ်ဖန် ပျံတက်သွားပြီး ပင်မဆောင်အတွင်း လှည့်ပတ်ပျံသန်းရင်း ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့မှာ ကျောက်တိုင်များကို ဝင်တိုက်နေ၏။
ဝူး... ဝူး...
၎င်းသည် ဒေါသတကြီးဖြင့် စဉ်ဆက်မပြတ် ဟိန်းဟောက်နေလေသည်။
ချော်ရည်နန်းတော်မှာ တစ်ဖန် ပြန်လည် လှုပ်ခတ်လာပြန်ချေပြီ။
ထောင်ပေါင်းများစွာသော ရတနာများသည် အရပ်မျက်နှာအသီးသီးသို့ ပျံထွက်ကုန်ကြပြီး မီးခိုးလုံးကြီးများ လွင့်ပျံ့ကာ ချော်ရည်များမှာလည်း ဆူပွက်နေတော့သည်။
"ဟင်... နောက်ထပ် တစ်ကြိမ် လှုပ်ခါပြန်ပြီလား" မီးလျှံတောင် မြို့စားမင်း၏ မျက်လုံးများ ပြူးကျယ်သွား၏။ သူသည် မသေမျိုးနန်းတော်ကို အလုံးစုံ ဖိနှိပ်ရန်အတွက် မသေမျိုးမြို့တော် အစီအရင်ကြီးကို ချက်ချင်းပင် အသက်သွင်းလိုက်လေသည်။
"တကယ် ဘာတွေ ဖြစ်ပျက်နေတာလဲ" ချော်ရည်များနှင့် မီးတောက်များကြောင့် နီရဲနေသော မြို့စားမင်း၏ မျက်နှာမှာ ခက်ထန်နေပြီး သူ၏ သံသယများမှာလည်း ပိုမို ကြီးထွားလာနေတော့သတည်း။
အခန်း (၄၆)လူတိုင်းသည် မိမိဘဝ၏ ဇာတ်လိုက်များသာ ဖြစ်ကြသည်
နင်းကျော့၏ အာရုံငါးပါးလုံး ပျောက်ဆုံးသွားကာ မှောင်မိုက်တိတ်ဆိတ်လှသော ကမ္ဘာတစ်ခုအတွင်းသို့ တစ်ဖန်ပြန်လည် ကျရောက်သွားပြန်ချေပြီ။ သို့သော် သူ၏စိတ်ဝယ် ကျေနပ်အားရမှုတို့ဖြင့် ပြည့်နှက်နေ၏။
"နောက်ဆုံးတော့ အထဲကို ရောက်ခဲ့ပြီ"
"ဒီနေ့ကစပြီး ငါ့အစီအစဉ်နဲ့ငါ ချော်ရည်နန်းတော်ထဲကို စိတ်ကြိုက် ဝင်ထွက်နိုင်ပြီပေါ့"
ယခင်က နည်းလမ်းမှာ သူတစ်ပါးအလိုကျ ဖြစ်နေသဖြင့် အလွန်ပင် အားနည်းလှပေသည်။
"စမ်းသပ်ခံတပည့် အမှတ်အသားကို အသက်သွင်းပြီးတော့လည်း ဒီမသေမျိုးနန်းတော်ကနေ ငါ့သဘောနဲ့ငါ ပြန်ထွက်လို့ရနိုင်လောက်တယ်"
ထိုအတွေးသည် သူ၏ဦးနှောက်အတွင်း ဝဲလည်နေသော်လည်း ယခုလောလောဆယ်တွင် လက်တွေ့စမ်းသပ်ရန် မလိုအပ်သေးဟု ဆုံးဖြတ်လိုက်သည်။
နင်းကျော့သည် သူ၏ဝိညာဉ်စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ်ကို ကျင့်ကြံအားထုတ်လိုက်၏။
ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားတို့သည် ပထမဆုံးသော စက်မှုအစိတ်အပိုင်းနှင့် လျင်မြန်စွာပင် တစ်သားတည်း ဖြစ်သွားတော့သည်။
ယခင်အတိုင်းပင် လက်ဝဲဘက်လက်မောင်းမှ စတင်ရ၏။ ထို့နောက်တွင်မူ ဦးခေါင်းဖြစ်ပြီး ယခင်အတိုင်းပင် ကြီးမားလှသော ဦးခေါင်းကြီး ဖြစ်နေပြန်သည်။
နင်းကျော့သည် မိမိကိုယ်ကိုယ် အလျင်အမြန်ပင် တပ်ဆင်လိုက်ပြီးနောက် စက်မှုအစိတ်အပိုင်းပုံကြီးပေါ်မှ ခုန်ဆင်းလိုက်ကာ တံခါးဆီသို့ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လှမ်းသွားလေတော့သည်။
ဤတစ်ကြိမ်တွင်မူ အချိန်ကုန်သက်သာစေရန် ခြေထောက်နှစ်ဖက် အရှည်ညီမညီကို ဂရုမစိုက်အားတော့ပေ။
"သေမင်းခေါ်သံကြာပွတ်သာရှိရင် ငါထော့နဲ့နေရင်တောင် အခန်း (၂) ကို အေးဆေးဖြတ်ကျော်နိုင်မှာပါ"
"အခုလောလောဆယ် အရေးကြီးတာက လူမသိအောင် နေဖို့ပဲ။ အနည်းဆုံး စာရင်းသုံးခုမှာ ငါ့နာမည် ပါနေတာဆိုတော့ အဲဒီစာရင်းကနေ ပယ်ဖျက်နိုင်ဖို့ အနည်းဆုံး သုံးခေါက်တော့ ဝင်ရဦးမယ်"
သို့သော် နင်းကျော့ တံခါးကို ထိတွေ့လိုက်သောအခါ ဆုလာဘ်ရွေးချယ်စရာများထဲတွင် သေမင်းခေါ်သံကြာပွတ်ကို မတွေ့ရတော့ပေ။
ရွေးချယ်စရာ သုံးခုမှာ ဝိညာဉ်ကျောက်တုံးတစ်တုံး၊ စက်မှုအစိတ်အပိုင်းတစ်ခုဖြစ်သည့် ဝိညာဉ်ကြိုး နှင့် ပညာရပ်တစ်ခုတို့သာ ဖြစ်နေချေသည်။
"သေမင်းခေါ်သံကြာပွတ် မရှိတော့ဘူးလား" နင်းကျော့ ခဏမျှ ကြောင်အသွား၏။
နောက်တစ်ခဏတွင်မူ သူသည် မိမိ၏ဦးခေါင်းကြီးကို လက်ဝါးဖြင့် ရိုက်လိုက်ရာ သစ်သားလက်ဝါးနှင့် ဦးခေါင်းကြီးတို့ ထိခတ်သံမှာ ဟိန်းထွက်သွားတော့သည်။
"မှားသွားပြီ"
"ဒါကို စောစောကတည်းက ငါတွေးမိသင့်တာ"
"ဒုတိယတစ်ခေါက် စမ်းသပ်တုန်းကလည်း အအေးဓာတ်ပွေ့ပိုက်ခြင်းပညာရပ်ကနေ မီးတောက်ဖမ်းယူခြင်းပညာရပ်ကို ပြောင်းသွားတာပဲလေ"
"ဒါကိုကြည့်ရင် ဆုလာဘ်တွေက ပုံသေသတ်မှတ်ထားတာ မဟုတ်ဘူးဆိုတာ သိသာတယ်။ ငါအရင်က ရွေးထားပြီးသားဖြစ်လို့ ဒါတွေက အလှည့်ကျ ပြောင်းလဲနေတာ ဖြစ်ရမယ်"
"ပညာရပ်တွေတောင် ပြောင်းလဲနေမှတော့ စက်မှုပစ္စည်းတွေလည်း ပြောင်းလဲမှာ အမှန်ပဲ"
ဝိညာဉ်ကျောက်တုံးက အမြဲတမ်းပါနေလေ့ရှိသဖြင့် သူ၏သတိမှာ အနည်းငယ် လျော့ပါးသွားခဲ့ခြင်း ဖြစ်ပေသည်။
လူသားတိုင်း အမှားနှင့် မကင်းနိုင်ရာ နင်းကျော့သည်လည်း အပါအဝင်ပင် ဖြစ်၏။ လူမသိသူမသိ နေလိုသည့် သူ၏စိုးရိမ်စိတ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ခေတ္တမျှ ဖုံးလွှမ်းသွားခဲ့ခြင်း ဖြစ်တန်ရာ၏။
ရှေ့တွင်ရှိနေသော ဆုလာဘ်သုံးခုကို စိုက်ကြည့်ရင်း နင်းကျော့သည် ဝိညာဉ်ကြိုးကို အမြန်ဆုံး ရွေးချယ်လိုက်သည်။
ဤတစ်ကြိမ်တွင် စာရင်းမှ နာမည်ပယ်ဖျက်ရန် ရည်ရွယ်ထားသဖြင့် ပညာရပ်ကို ရွေးချယ်၍ မဖြစ်ပေ။ စမ်းသပ်ခံတပည့်အမှတ်အသားကို သုံး၍ နန်းတော်အတွင်းသို့ မိမိသဘောဖြင့် ဝင်နိုင်သည်ဆိုသော်ငြား ထိုယန္တရားကို အပြည့်အဝ နားမလည်သေးသဖြင့် အခြားသော ကန့်သတ်ချက်များ ရှိနေနိုင်ပေသေးသည်။
"နန်းတော်ထဲကို ပြန်ဝင်ဖို့ ရက်အနည်းငယ် စောင့်ရတာမျိုးလည်း ဖြစ်နိုင်တာပဲ"
နင်းကျော့သည် ကိစ္စရပ်များကို ပို၍မရှုပ်ထွေးစေလိုတော့ဘဲ စာရင်းမှ နာမည်ပယ်ဖျက်ရန်ကိုသာ ဦးစားပေးလိုက်တော့၏။
ထို့အပြင် သူသည် ဝိညာဉ်ကျောက်တုံးကိုလည်း မရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် သူ၌ ဝိညာဉ်စွမ်းအားများ လုံလောက်စွာ ရှိနေပေပြီ။
ဝိညာဉ်ကြိုးမှာ ပို့ဆောင်ပေးခြင်း ခံလိုက်ရ၏။ ၎င်းမှာ အတော်အတန် ထူထဲသော သတ္တုနန်းကြိုးတစ်ခွေ ဖြစ်ပြီး အနီးကပ်ကြည့်ရှုပါက မျက်နှာပြင်ပေါ်တွင် ရွှေရောင်နှင့် ငွေရောင်တို့ ရောယှက်တောက်ပနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
နင်းကျော့သည် ထိုပစ္စည်းနှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်လှပေသည်။
သူသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ခြေထောက်နှစ်ဖက်လုံးကို ဖြုတ်လိုက်၏။
ထို့နောက် ဝိညာဉ်ကြိုးတစ်ပိုင်းကို ထုတ်ယူကာ သူ၏ကျွမ်းကျင်လှသော လက်ချောင်းများဖြင့် ဝဲဂယက်သဏ္ဌာန် ရစ်ပတ်လိုက်တော့သည်။
၎င်းနောက် ထိုရစ်ပတ်ထားသော သတ္တုနန်းကြိုးကို ဒူးဆစ်နေရာတွင် တပ်ဆင်လိုက်ပြီး ပေါင်နှင့် ခြေထောက်တို့ကို ပြန်လည်ဆက်သွယ်ပေးလိုက်၏။ နောက်ဆုံးတွင်မူ ခြေထောက်များကို ပြန်လည်တပ်ဆင်လိုက်တော့သည်။
ထိုနည်းအတိုင်းပင် သူ၏တံတောင်ဆစ်များတွင်လည်း ဝိညာဉ်ကြိုးများကို ထည့်သွင်းလိုက်ပြန်၏။ သူသည် မတ်တပ်ရပ်ကာ လှုပ်ရှားကြည့်ရာ အဆင်ပြေလှသည်ဟု ခံစားလိုက်ရသည်။
အခန်း (၁) တွင် လေ့ကျင့်ရန် မလိုအပ်တော့သဖြင့် နင်းကျော့သည် တံခါးကို တွန်းဖွင့်ကာ အခန်း (၂) အတွင်းသို့ တိုက်ရိုက်ဝင်ရောက်ခဲ့လေတော့သည်။
သူသည် ဆုတ်ခွာနေသော ကြွေပြားများပေါ်တွင် ပြေးလွှားနေ၏။ ခြေထောက်များတွင် တပ်ဆင်ထားသော ဝိညာဉ်ကြိုးများကြောင့် ခြေလှမ်းတိုင်းသည် ဖိအားတစ်ခုကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် တွန်းကန်အားကို ရရှိစေကာ နင်းကျော့ကို ပိုမိုမြန်ဆန်သော အရှိန်အဟုန်ကို ပေးစွမ်းနိုင်ခဲ့သည်။
ယခင်က မှန်မှန်ပြေးရုံဖြင့် ရှေ့တိုးခဲ့သော်လည်း ယခုမူ ခုန်ပျံပြေးလွှားနိုင်သဖြင့် ပိုမိုဝေးကွာသော အကွာအဝေးကို ရောက်ရှိနိုင်ခဲ့ချေပြီ။
ပထမနှစ်ကြိမ်တွင် ကြွေပြားများ၏ အရှိန်နောက်သို့ ပါသွားခဲ့သော်လည်း ယခုမူ သူ၏စွမ်းဆောင်ရည်မှာ မြင့်မားလှသဖြင့် လမ်းတစ်ဝက်ကျော်သည်အထိ ဆုတ်ခွာနေသော ကြွေပြားများ၏ ရှေ့တွင် ရှိနေခဲ့သည်။ သစ်သားတုံးကြီး ဝေ့ယမ်းလာသောအခါတွင်လည်း နင်းကျော့က အသင့်ရှိနေပြီးဖြစ်၍ သစ်သားတုံးပေါ်သို့ ခပ်ပေါ့ပေါ့လေးပင် ခုန်တက်လိုက်သည်။
"အရင်က ခြေနှစ်ဖက်လုံးနဲ့ ခုန်ရတာ၊ အခုတော့ ခြေတစ်ဖက်တည်းနဲ့တောင် အရင်ကထက် ပိုမြင့်အောင် ခုန်နိုင်နေပြီ"
နင်းကျော့သည် သစ်သားတုံးနှင့် နံရံကြားတွင် ခုန်ပျံလှုပ်ရှားရင်း နောက်ဆုံးအတားအဆီးကို အောင်မြင်စွာ ကျော်ဖြတ်ကာ တံခါးဆီသို့ ရောက်ရှိသွားခဲ့တော့သည်။
"အခန်း (၂) ကို ဖြတ်ကျော်ဖို့ဆိုရင် ဝိညာဉ်ကြိုးက သေမင်းခေါ်သံကြာပွတ်ထက်တောင် ပိုပြီး အဆင်ပြေပါလား" ဟု နင်းကျော့ ကောက်ချက်ချလိုက်၏။
ထိုခဏ၌ သူသည် အဆင့်ကျော်ဖြတ်မှုအရှိန်နှုန်းစာရင်းကို တွေးမိသွားသည်။
"ဘိုးဘေးသုံးပါးက ဒီလိုစမ်းသပ်မှုတွေ လုပ်ထားတာဟာ စမ်းသပ်ဖို့တင်မဟုတ်ဘဲ ပညာသင်ပေးဖို့လည်း ပါတာပဲ"
"ဒီလို အရှိန်နှုန်းပြိုင်ပွဲတွေက ငါတို့လို စမ်းသပ်ခံတပည့်တွေကို စက်မှုလက်နက်ပစ္စည်းတွေ အသုံးပြုတတ်အောင် သင်ပေးနေတာပဲ
"တကယ်လို့ မုန့်ချုံသာ ဒီနေရာကို ရောက်လာရင် ဘယ်လိုလုပ်မလဲ"
"သူကော ဒီစက်မှုအစိတ်အပိုင်းတွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ပါ့မလား"
"မဟုတ်ဘူး၊ အဆုံးအဖြတ်ပေးမှာက အဲဒါမဟုတ်ဘဲ သူ့ရဲ့ ရုပ်သေးပဲ ဖြစ်လိမ့်မယ်။ ပါရမီထူးတဲ့သူရဲ့ ရုပ်သေးဟာ ငါ့ထက် အများကြီး ပိုတောင့်တင်းမှာ အမှန်ပဲ"
ဇီယန်ဆောင်ကို အငိုက်ဖမ်းတိုက်ခိုက်စဉ်က မုန့်ချုံသည် စက်မှုလက်နက်များကို အသုံးပြု၍ ဟန်မင်ကို ချုံခိုတိုက်ခိုက်ခဲ့သည်ကို နင်းကျော့ မြင်တွေ့ခဲ့ရသည်။
"မုန့်ချုံရဲ့ စွမ်းအားတွေက ဝိညာဉ်စွမ်းအားတွေနဲ့ ပြည့်နှက်နေပေမဲ့ အဲဒီပြင်းထန်တဲ့ တိုက်ခိုက်မှုတွေဟာ သူ့ရဲ့ 'လျှပ်စီးအဟုန်' ဆိုတဲ့ ပါရမီထူးကြောင့်ပဲ ဖြစ်ရမယ်"
ဗဟုသုတကြွယ်ဝလှသော နင်းကျော့သည် ပါရမီထူးခြင်း၏ အရေးပါမှုကို နားလည်ထားသော်လည်း ၎င်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည့်အခါတွင်မူ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။
'ပါရမီထူး' ဟူသည် အဘယ်နည်း။ အဆင့်နိမ့်၊ အလတ်တန်းနှင့် အထက်တန်းဟူသည်မှာ သာမန်အဆင့်များသာ ဖြစ်သော်လည်း ပါရမီထူးခြင်းမှာမူ ထိုအဆင့်အားလုံးကို ကျော်လွန်သွားချေပြီ။
ကျင့်ကြံသူ သန်းပေါင်းများစွာထဲတွင်မှ တစ်ဦးသာ ထိုသို့သော ပါရမီကို ပိုင်ဆိုင်နိုင်ပေသည်။
လုံလောက်သော ကြီးထွားမှုရှိလာပါက ထိုကဲ့သို့သော ကျင့်ကြံသူများသည် တိုင်းပြည်၏ ထောက်တိုင်များ၊ ထင်ရှားကျော်ကြားသူများ ဖြစ်လာကြမည်မှာ အမှန်ပင်။
"မုန့်မျိုးနွယ်စုဆိုတာ တမ်းတခြင်းပြည်ရဲ့ ထိပ်တန်းမျိုးနွယ်စုကြီးတစ်ခုပဲ၊ အဖွဲ့ဝင်တွေလည်း အများကြီးဆိုတော့ ဒီလို ပါရမီထူးတဲ့သူတွေ တစ်ခါတလေ ထွက်ပေါ်လာတာ မဆန်းပါဘူး"
နင်းကျော့သည် မနာလိုစိတ်မရှိပေ။
သူ့တွင်ပင် အဆင့်နိမ့် ပါရမီနှင့် လျှို့ဝှက်ဆန်းကြယ်သော လက်မောင်းပါရမီ ရှိနေနိုင်ပါက အခြားသူများတွင်လည်း ထိုထက်သာလွန်သော ပါရမီများ အဘယ်ကြောင့် ရှိမနေနိုင်ရမည်နည်း။
သူ၏မိခင် ကွယ်လွန်သွားသောနှစ်တွင် နင်းကျော့သည် အခြေခံအကျဆုံးသော အမှန်တရားတစ်ခုကို သင်ယူခဲ့ရသည်။ဤကမ္ဘာကြီးသည် သူ့ကိုဗဟိုပြု၍ လည်ပတ်နေခြင်း မဟုတ်ပေ။
သူသည် မိမိဘဝ၏ ဇာတ်လိုက်ဖြစ်သကဲ့သို့ အခြားသူတိုင်းသည်လည်း သူတို့ဘဝ၏ ဇာတ်လိုက်များသာ ဖြစ်ကြကုန်၏။
ဇာတ်လိုက်အားလုံးသည် ဤကမ္ဘာမြေတည်းဟူသော စင်မြင့်ထက်တွင် ရန်ငြိုးရန်စများ၊ ရည်မှန်းချက်များနှင့် လျှို့ဝှက်ကြံစည်မှုများကိုယ်စီဖြင့် မိမိတို့၏ ကဏ္ဍအလိုက် ကပြဖျော်ဖြေနေကြခြင်းသာ ဖြစ်ပေသည်
"ဒီလို တက်ကြွလှုပ်ရှားမှုတွေ ရှိနေလို့သာ ကမ္ဘာကြီးက စိတ်ဝင်စားဖို့ ကောင်းနေတာပေါ့"
မုန့်ချုံ ရောက်မလာသေးသော်လည်း နင်းကျော့မှာမူ နောက်မှ လိုက်လာမည့် ဖိအားကို ခံစားနေရပြီ ဖြစ်သည်။
လူမသိသူမသိ နေထိုင်ခြင်းမှာ သူ၏လက်ရှိဦးဆောင်မှုကို ထိန်းသိမ်းရန် နည်းလမ်းတစ်ခုသာ ဖြစ်ပေသည်။
သို့သော် မုန့်ချုံသာ တရားဝင် ပါဝင်လာခဲ့ပါက ထိုဦးဆောင်မှုသည် မည်မျှကြာရှည်ခံနိုင်မည်နည်း။
နင်းကျော့သည် မသေချာပေ။ သူ ယခုလုပ်နိုင်သည်မှာ ရှေ့သို့သာ ဆက်လက်လှမ်းချီနေရန်ပင် ဖြစ်တော့သတည်း။