ငါသူ့ကို ကြောက်မယ်လို့ ထင်လား
Vol. 162 Ch. 2336
ဖန်းမိသားစုဝင်များအားလုံး ၎င်းတို့ခေါင်းပေါ်သို့ ရေခဲရေ အေးအေးကြီး တစ်ပုံးနှင့် လောင်းချခံလိုက်ရသည့်နှယ် အေးစက်မှုတစ်ခုက ကိုယ်အနှံ့ ယှက်သန်းသွားခဲ့သည်။ သူတို့တွေ လုံးဝ ကူကယ်ရာမဲ့နေကြပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေကြ၏။
မသိစိတ်အလျောက် …. အားလုံး၏ အကြည့်တို့က ဖန်းချွင်းဝေထံ ကျရောက်သွားခဲ့သည်။
ယခုအချိန်အခိုက်အတန့်၌ သူတစ်ဦးတည်းကသာ တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
“ ငါ ဖန်းချွင်းဝေ … ငါ့ ဘဝသက်တမ်းရဲ့ အများစုကို နိုင်ငံအတွက် ပေးဆပ်ခဲ့တယ် …. နောက်ဆုံးကျတော့ တကယ်ပဲ ဒီလိုမျိုး အဆုံးသတ်ရတော့မှာလား ….” သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်၏။
“ ခင်များ အထင်လွဲနေပြီထင်တယ် ….” ခေါင်းဆောင် အမျိုးသားက ပြောလိုက်ပြီး “ လူကြီးမင်း လင်းရီက ကျုပ်တို့ ဒီရောက်နေတာကို မသိသလို ကျုပ်တို့ဆီလည်း အကူအညီ မတောင်းထားဘူး … ဒါပေမယ့် သူ့ကိုယ်ပိုင် အစွမ်းအစနဲ့တောင် ကျင်းရန်က ဘယ်သူမှ ထိန်းနိုင်မှာ မဟုတ်ဘူး ….”
“ တကယ်ပဲ အဲ့လိုသာဆိုရင် သူ ဘာကြောင့်မို့ ဒီလိုတွေ လုပ်နေရတာလဲတဲ့ ….”
“ အဲ့တာတော့ ကျုပ်လည်း ဘယ်သိမှာ … ဒါပေမယ့် ကျုပ်ပြောနိုင်တာ တစ်ခုကတော့ ပါဝါလွှမ်းမိုးမှုချင်းမှာပဲ ဖြစ်ဖြစ်၊ ငွေကြေးအင်အားမှာပဲ ဖြစ်ဖြစ်၊ ခင်များတို့ ဖန်းမိသားစုက သူနဲ့ ယှဉ်နိုင်တာ တစ်ခုမှ မရှိဘူး ….. ဒီတော့ ခင်များအတွက် မျှော်လင့်ချက် မရှိတော့ဘူး …..”
ခေါင်းဆောင် အမျိုးသားက ပခုံးတွန့်ပြလိုက်ပြီး သူ့နာရီကို ငုံ့ကြည့်လိုက်သည်။ “ ကဲ အကြီးအကဲဖန်း …. အချိန်ကျတော့မယ် … ကျုပ်တို့နဲ့ လိုက်ခဲ့ပေးပါ ….”
ဖန်းချွင်းဝေ သူ၏ လမ်းလျှောက်တုတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး “ ငါ့ကို အချိန်နည်းနည်းလောက်လေး ပေးလို့ရမလား …. ဖုန်းလေး တစ်ကောလောက်ပဲ ဆက်ချင်တာပါ ….”
ခေါင်းဆောင် အမျိုးသားက မျက်မှောင်ကြုတ်သွားခဲ့ပြီး “ အဘိုးကြီး … ကျုပ်ဒီလောက် စကားတွေ အများကြီး ပြောနေတာ ခင်များ အရင်က အကျိုးပြုပေးခဲ့တာတွေကို ထည့်တွက်ပေးလို့ပဲ …. ကျုပ်ကို အခက်တွေ့အောင် မလုပ်ချင်စမ်းနဲ့ …. ကျုပ်လည်း ဒီကို တာဝန်အရ ရောက်လာရတာ …..”
“ ဒီတိုင်း လေးငါးမိနစ်လောက်ပါပဲကွာ …. အဲ့လောက်ကတော့ ကိစ္စ မရှိဘူးမလား ….” ဖန်းချွင်းဝေက တိုးညှင်းစွာ တောင်းဆိုလိုက်သည်။
“ ကောင်းပြီလေ … အကြီးအကဲဖန်းက တောင်းဆိုနေမှတော့ ကျုပ် မျက်နှာသာ ပေးလိုက်ပါမယ် … ဆယ်မိနစ် … ၊ လုံလောက်တယ်မလား ….”
ဖန်းချွင်းဝေ မတုံ့ပြန်ပဲ သူ့ဖုန်းကို ချက်ချင်းထုတ်ကာ လျန်ရှန့်ဟော်၏ နံပါတ်ကို နှိပ်လိုက်၏။
လျန်ရှန့်ဟော်က သူ၏ နောက်ဆုံး မျှော်လင့်ချက်ပင်။
အကြိမ်ရေများစွာ တုန်ခါပြီးနောက် ဖုန်းက ဝင်ရောက်သွားခဲ့၏။
“ အေး လောင်ဖန်း … “
“ ခေါင်းဆောင်ဟောင်းကြီး … မင်း အလုပ်မရှုပ်နေဘူးမလား ….” ဖန်းချွင်းဝေက ရွှင်ပြတက်ကြွသည့် လေသံဖြင့် မေးလိုက်သည်။
စောနကနှင့် နှိုင်းစာလျှင် … သူ့ကြည့်ရသည်မှာ လုံးဝ မတူညီသည့် လူတစ်ယောက်သို့ ပြောင်းလဲသွားပုံရ၏။ တည်ငြိမ်အေးဆေးနေပြီး မည်သည့်အရာတစ်ခုကမျှ ဖြစ်ပျက်မထားသကဲ့သို့ပင်။
“ အခုလေးတင် အစည်းအဝေးပြီးလို့ အိမ်ရောက်တာပဲ …..”
“ ဒီလောက်နှစ်တွေကြာပြီးတာတောင် ခေါင်းဆောင်ဟောင်းကြီးကတော့ ဒါတွေ လိုက်ပြီး ဂရုစိုက်နေတုန်းပါလား ….” ဖန်းချွင်းဝေက ထိုသို့ မှတ်ချက် ပေးလိုက်သည်။
“ ဘယ်အချိန်ကျတော့မှပဲ အနားယူနိုင်မှာ … ငါတို့တွေ အတူ ချက်စ်ကစားရင်း လက်ဖက်ရည် အတူသောက်ခဲ့တာတောင် အတော်ကြာသွားပြီ …”
“ ဟားဟားဟား ….” လျန်ရှန့်ဟော်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ အခုကတော့ အသေးအမွှား ကိစ္စလေးတွေပဲ ကိုင်တွယ်နေရတာဟေ့…. အရေးကြီး ကိစ္စတွေဆို ငါ့ဆီကို ရောက်မလာတော့ဘူး …. ကိစ္စတော်တော်များများကိုလည်း ဝင်စွက်ဖက်နိုင်စွမ်း မရှိတော့ဘူးလေ ….”
ဖန်းချွင်းဝေ အမူအရာ အနည်းငယ် ပျက်သွားခဲ့သည်။ သူ့စိတ်ထဲတွင် မကောင်းသည့် ခံစားချက်တို့ ဖြစ်ပေါ်လာသည်။
“ ခေါင်းဆောင်ဟောင်းကြီး … ငါ အခုတစ်လော ဒီရက်ပိုင်းအားနေတာရယ် … နှစ်သစ်ကူးကလည်း နီးလာပြီဆိုတော့ မင်းဆီ ခဏလောက် လာလည်မလို့ လုပ်နေတာ … မင်း ဘယ်နေ့ အချိန်ရလဲ ….”
“ နှစ်သစ်ကူးကတော့ ငါလည်း အလုပ်များတယ် … ပြီးမှပဲ ပြောကြတာပေါ့ကွာ ….” လျန်ရှန့်ဟော် ခွန်းတုံ့ပြန်လာခဲ့သည်။
“ ဒါနဲ့ ငါ့ဆီ ရုတ်တရက်ကြီး လာလည်ချင်တယ်ဆိုတော့ တစ်ခုခု လိုအပ်လို့လား …..”
“ မဟုတ်တာ မဟုတ်တာ…. ငါတို့ချင်း မတွေ့ဖြစ်တာကြာတော့ ဒီတိုင်း ဆုံရင်း အရင်က ကိစ္စတွေအကြောင်း စမြုံ့ပြန်ချင်ရုံပါပဲ ….”
“ အဲ့လောက်ထိ ကွေ့ဝိုက် မနေစမ်းပါနဲ့ …. မင်းပြောချင်တာ ရှိရင် ဒီတိုင်း ပြောလိုက် ….”
“ ဒါဆိုလည်း ငါ တည့်တိုးပဲ ပြောလိုက်တော့မယ် ….” သူ့တွင် အချိန်မရှိကြောင်းကို ဖန်ချွင်းဝေ နားလည်သည်။ အကယ်၍ ဆက်ပြီး အချိန်ဆွဲနေပါက ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ချေ။
နောက်သုံးလေးမိနစ်ထိတိုင် ၊ ဖန်းချွင်းဝေသည် ယခင်ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သည်များကို လျန်ရှန့်ဟော်ထံ အမှန်အတိုင်း ပြောပြလိုက်၏။
သို့သော် ခွန်းတုံ့ပြန် စကားအစား … ရှည်လျားသည့် တိတ်ဆိတ်မှု တစ်ခုကိုသာ ပြန်လည် ရရှိလိုက်သည်။
“ ဟယ်လို ခေါင်းဆောင်ဟောင်းကြီး ….”
“ ငါ နားထောင်နေတယ် …” လျန်ရှန့်ဟော်၏ လေးတွဲ့တွဲ့အသံက ထွက်ပေါ်လာသည်။
“ ငါ မှတ်မိသလောက်ဆိုရင် အရင်က မင်းမိသားစုမှာ တရားမဝင် မိုင်းတွင်းတူးတဲ့ ကိစ္စနဲ့ လူ အယောက်ငါးဆယ်ကျော် သေခဲ့ဖူးတယ်မလား .. ပြီးတော့ ငါ မင်းကို ကူပြီး အဲ့ကိစ္စ ဖိနှိပ်ပေးခဲ့ဖူးသေးတယ်လေ …. ဆယ်နှစ်တောင် ကျော်ခဲ့ရောပေါ့ ဟုတ်တယ်မလား ….”
“ ဟုတ် … ဟုတ်တယ် …”
“ နှစ်တွေ ဒီလောက်ကြာနေပြီ … မင်းတို့ ဖန်းမိသားစုလည်း လုံလောက်ရောပေါ့ … ဟွာရှက ဟွာရှပြည်သူတွေပဲ ပိုင်တယ် … ကျင်းရန်ဆိုတာလည်း မင်းတို့ ဖန်းမိသားစု အပိုင် မဟုတ်ဘူး …”
လျန်ရှန့်ဟော်၏ စကားကို ကြားတော့ ဖန်းချွင်းဝေ ထိန်းချုပ်မရနိုင်စွာ လှုပ်ခါသွားခဲ့ပြီး ပြင်းပြင်းထန်ထန် တုန်ယင်လာခဲ့သည်။
“ ခေါင်းဆောင်ကြီးလည်း လင်းရီဆိုတဲ့ကောင်ကို ကြောက်တာပဲလား ….”
“ ဟားဟားဟား …”
လျန်ရှန့်ဟော် နှစ်ခြိုက်စွာ ရယ်မောလိုက်ပြီး “ လင်းရီ … အဲ့ကောင်လေးလား … ငါကိုယ်တိုင် လက်သပ်မွေးထားတဲ့ကောင်ကို ဘာကိစ္စကြောက်ရမှာ ….”
“ ဒါက ….”
ဤတစ်ကြိမ်တွင်တော့ ဖန်းချွင်းဝေ အမှန်တကယ်ကို အံ့အားသင့်သွားခဲ့သည်။ သူ၏ တုတ်ကောက်က ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့ပြီး ဖုန်းကိုပင် ကောင်းကောင်း မကိုင်နိုင်လုနီးပါး ဖြစ်သွားခဲ့ရ၏။
“ ကောင်းပြီ … ဒီကိစ္စ ထပ်မပြောကြစို့ ….” လျန်ရှန့်ဟော် ဆက်လက်၍ “ အခုလောက်ဆို စုံစမ်းစစ်ဆေးရေး အဖွဲ့လည်း ကျင်းရန်ကို ရောက်လောက်ရောပေါ့ …. သူတို့နဲ့ ကောင်းကောင်း ပူးပေါင်းပေးလိုက် …. အဲ့လိုဆို အများကြီး ဆိုးရွားသွားမှာ မဟုတ်ဘူး ….”
“ ငါ …. ငါ နားလည်ပြီ ….”
လျန်ရှန့်ဟော် ဖုန်းခေါ်မှုကို အဆုံးသတ်လိုက်၏။ ဖန်းချွင်းဝေမှာ ဖြူလျော်သည့် မျက်နှာအမူအရာဖြင့် ငူငူငိုင်ငိုင်ကြီး ကျန်နေရစ်ပြီး လူသေကောင် တစ်ယောက်နှယ် ဖြစ်လို့နေသည်။
“ အဘိုး …..”
“ ငါတို့ ဖန်းမိသားစုတော့ အဆုံးသတ်ပြီ …..”
….
အချုပ်စင်တာ အတွင်း၌ လင်းရီသည် ကုတင် တစ်ခုအပေါ်တွင် ဝမ်းလျားမှောက်လျက် အနားယူ အိပ်စက်ဖို့ ကြိုးစားနေလျက် ရှိ၏။
မနေ့ညတုန်းက နောက်ကျသည်အထိ အရက်သောက် ပျော်ပါးနေခဲ့ကြပြီး အနားယူရန် ဟိုတယ်သို့ ရောက်လာသည့်အချိန်တွင်လည်း ဖမ်းခံခဲ့ရသေးသည်။ ယခုအချိန်တွင်တော့ လင်းရီသည် မည်သည်ကိုမျှ ဂရုမစိုက်အားတော့ဘဲ အိပ်စက်နေလျက်ရှိတော့၏။
ထောင့်တစ်ထောင့်တွင် အမျိုးသား ခြောက်ယောက်က မတ်တပ်ရပ်နေကြပြီး အကုန်လုံးလည်း ဖူးယောင်ကိုင်းနေကာ အသက်ပင် ကျယ်ကျယ်မရှူဝံ့ဘဲ ရှိနေကြသည်။
သူတို့ အကုန်လုံးက ဤအခန်းထဲရှိ အချုပ်သားများ ဖြစ်ကြ၏။ လင်းရီ သူတို့အခန်းထဲ ဝင်လာတော့ အပိုးကျိုးစေရန်အတွက် သင်ခန်းစာတစ်ခုပေးရန် ရည်ရွယ်ခဲ့သော်လည်း ရလဒ်မှာမူကား … မိနစ်ပိုင်းအတွင်းမှာပဲ သူတို့အကုန်လုံး ဖူးယောင်ကိုင်းကုန်သည်။
“ အစ်ကိုပေါင်းလုံ ….. ငါတို့ အခု ဘာလုပ်ကြမလဲ … ဒီကောင်က မခေဘူး …. သူ ဒီမှာရှိနေရင် ငါတို့ကောင်တွေ ဘုံပျောက်သွားလိမ့်မယ် ….” ခေါင်းတုံးနှင့် အမျိုးသားက ဆိုလိုက်သည်။
“ ဟုတ်တယ် … ထောက်ခံတယ် … ဒီကောင်က ငါတို့တွေ ပြန်မချနိုင်လောက်အောင်ကို သန်မာလွန်းတယ် …. ငါတို့ကို သေတဲ့အထိ အနိုင်ကျင့်ရင် ကျင့်နေမှာ ပြောလို့မရဘူး ….” ပုအိုက်အိုက်နှင့် နောက်ထပ်အမျိုးသားတစ်ဦးကလည်း ဝင်ပြောလာသည်။
“ နည်းနည်း ထပ်စောင့်ကြည့်ကြတာပေါ့ … ငါ အခန်းစောင့်အရာရှိနဲ့ စကားပြောကြည့်ပြီး သူ့ကို လိုင်းထဲကပဲ သင်ခန်းစာပေးလို့ရမရ စူးစမ်းကြည့်လိုက်မယ် ….”
“ သူ့ကို ဒီတိုင်း တစ်ခြား အခန်း ပြောင်းခိုင်းလိုက်လို့ မရဘူး …. ငါတကယ်ကြီး သူနဲ့ အတူမနေချင်လို့ …..”
“ ပြောင်းခိုင်းမယ်ဆိုရင်တောင် သင်ခန်းစာ တစ်ခုကတော့ ပေးဖို့ လိုနေတုန်းပဲ …. မဟုတ်ရင် ငါတို့ ရိုက်ခံရတာတွေ အလကား ဖြစ်ကုန်မှာပေါ့ ….”
“ အစ်ကိုပေါင်းလုံပြောတာ မှန်တယ် ….”
ထိုအချိန်မှာပဲ စင်္ကြံလမ်းတစ်လျှောက် ခြေလှမ်းပဲ့တင်သံများ ထွက်ပေါ်လာပြီး ခေါင်းတုံးနှင့်အမျိုးသားက ခေါင်းပြူပြီး ကြည့်လိုက်သည်။
“ အစ်ကိုပေါင်းလုံ အစ်ကိုပေါင်းလုံ …. အချုပ်စောင့်ကြီး လာနေပြီ … သူနဲ့အတူ လူတစ်ချို့လည်း ပါလာတယ် … ဆရာကြီးတွေနဲ့တူတယ် ….”
“ ဟုတ်လား …. တစ်ချက်ကြည့်ရအောင် ….”
တုပေါင်းလုံက တံခါးသို့ သွားပြီး သူ့မျက်နှာကို သံတိုင်များနှင့် ကပ်လျက် အပြင်သို့ လှမ်းကြည့်လိုက်၏။
“ သေစမ်း … အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရောက်လာတာဟ … မတ်မတ်ရပ်ထားကြ … ပြဿနာ မရှာကြနဲ့ ….”
ရိုက်နှက်ခံထားရသည့် အမျိုးသားခြောက်ယောက်လုံး KG ကလေးများကဲ့သို့ တန်းစီလိုက်ကြသည်။
ယင်းက သူတို့ အချုပ်ခန်းစင်တာထဲတွင် ရေးသားမထားသည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။
“ အစ်ကိုပေါင်းလုံ …. ငါတို့တွေ အဲ့ကောင်ကို သတိပေးကြမလား ….” ပုအိုက်အိုက်နှင့် အမျိုးသားက မေးလိုက်သည်။
“ မင်း ငတုံးလား …. ဘာကိစ္စ သတိပေးမှာ ….” တုပေါင်းလုံက ပက်ခနဲ ငေါက်လိုက်ပြီး “ အချုပ်ခန်းစောင့်ကြီး လာကြည့်တဲ့အချိန် အဲ့ကောင် အိပ်နေတာကို မြင်ရင် သူ့ဘာသူ ဂရုစိုက်ပေးသွားလိမ့်မယ် … ငါတို့ကောင်တွေ လက်ညှိုးလေးတစ်ချောင်းတောင် ရွေ့ဖို့ လိုလိုက်မှာ မဟုတ်ဘူး ….”
ဤစကားကြားတော့ အခြားသူများက ရုတ်ချည်း နားလည်သဘောပေါက်သွားခဲ့ကြသည်။
“ အစ်ကိုပေါင်းလုံကတော့ အရမ်းမိုက်တာပဲ … ငါတို့ထက်ကို အမြဲတမ်း ခေါင်းတစ်လုံးသာပြီး စဉ်းစားတွေးခေါ်တတ်တယ် …..”
“ အိုကေ နားထောင် … အချုပ်ခန်းအရာရှိကြီး ငါတို့ မျက်နှာပေါ်က ဒဏ်ရာတွေ အကြောင်းမေးလာခဲ့ရင် ဘယ်သူလုပ်တာလဲနဲ့ အမှန်အတိုင်းပြောပြလိုက် … ကျန်တာ သူတို့ဘာသူတို့ ကိုင်တွယ်လိမ့်မယ် ….”
“ ဝါး …. သူများကို အသုံးချပြီး ကိုယ့်ရဲ့ အကြံအစည်တွေကို အကောင်အထည်ဖော်မယ်ပေါ့ …. တော်လိုက်တာ အစ်ကိုပေါင်းလုံရာ … လေးစားမိပါတယ် ….”