← Chapters

ငါ အဘွားတို့ အိမ်မှာ

Vol. 162 Ch. 2338

ငါ အဘွားတို့ အိမ်မှာ

Vol. 162 Ch. 2338

“ တကယ်မို့လို့ပေါ့ ….”

“ နှစ်သစ်ကူးက မကြာခင်ရောက်လာတော့မှာကို နင့်ဘက်မှာလည်း အလုပ်များနေရောပေါ့ … မသွားတာပဲ ပိုကောင်းပါတယ် …” လီချူးဟန် ပြောလိုက်သည်။

“ နင် အားတယ်ဆို ငါ့ဆီ လာခဲ့လေ … နင့်ဖို့ ဟင်းချက်ပေးမယ် …”

“ မင်း ချက်တာ ငါ့လောက်တောင် မကောင်းဘဲနဲ့ မလာချင်ပါဘူး ….” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ခွင့်တိုင်လို့ အဆင်မပြေဘူးဆိုလည်း ငါ မြောင်ကော်ဖုန်းနဲ့ စကားပြောလိုက်မယ် ….”

“ ဒါပေမယ့် ညဆိုင်းမှာ လူနာတွေက အများကြီးပဲ …. ငါ မရှိရင် ငါတို့ ဌာနက အဲ့လူနာတွေကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး … ငါ့ကို စောင့်နေတဲ့အရာတွေမှ အများကြီးပဲ ….”

“ အဲ့တာတွေ ထည့်စဉ်းစားမနေနဲ့ … လေယာဉ်လက်မှတ်သာ ဖြတ်ထား … မဟုတ်လို့ကတော့ ငါမင်းကို ဂရုမစိုက်ဘဲ နေလိုက်တော့မှာနော်…”

“ အင်းပါ … ငါ သိပါပြီ … ဒေါသမထွက်ပါနဲ့ ဟုတ်ပြီလား ….” လီချူးဟန် ညင်သာစွာ ဆိုလိုက်၏။

“ ငါ အခု ဖုန်းချတော့မယ် … နေ့လည်စာ စားဖို့ မမေ့နဲ့ …”

“ အင်း … ရှင်းရှင်းက နေ့လည်စာ သွားဝယ်နေတာလေ … နင်လည်း အပြင်မှာဆိုပေမယ့် အချိန်မှန်စားဖို့ မမေ့နဲ့ဦး … အရက်တွေလည်း လျှော့သောက်ဦး ….”

“ အင်းပါ ….”

လီချူးဟန်နှင့် ဖုန်းပြောပြီးနောက် တက္ကစီက လျန်ရူရွှယ်၏ အိမ်သို့ ဆိုက်ရောက်လာခဲ့သည်။

တံခါးဘဲလ် နှိပ်လိုက်၏။ အထဲတွင် မည်သည့်တုံ့ပြန်မှုမျှ မရှိလာတာကို မြင်တော့ သူ့ဘာသူ ရေရွတ်လိုက်လေသည်။

“ အိမ်မှာ ဘယ်သူမှ မရှိတာများလား ….”

သူ ရန်ကျင်းသို့ ရောက်လာသည့် အကြောင်းကို လင်းရီ လျန်ရူရွှယ်အား ကြိုတင် အသိမပေးထားခဲ့ပေ။ အကြောင်းကတော့ သူမကို စပရိုက် ဖြစ်သွားစေချင်၍ ဖြစ်၏။

သို့သော်လည်းပဲ အိမ်တွင် ဘယ်သူမှ မရှိဘဲ ဖြစ်နေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပါချေ။

လင်းရီ ဖုန်းထုတ်ပြီး ရှန်းရှုရီကို ဆက်သွယ်လိုက်သည်။

“ ဟယ်လို အန်တီရှန်း … မီလိ အိမ်မှာ မရှိဘူးလား ….”

“ ဟမ် … နင် ရန်ကျင်း ရောက်နေတာလား … ကျင်းရန်က ကိစ္စတွေကရော ကိုင်တွယ်ပြီးသွားပြီလား ….”

“ အခုလေးတင် ပြီးတာနဲ့ ချက်ချင်းထွက်လာခဲ့လိုက်တာ ….”

“ ဒီကောင်မလေး ခိုးထွက်သွားတာ ဖြစ်ရမယ် … နေဦး … ငါ သူ့ကို ဖုန်းခေါ်လိုက်ဦးမယ် ….”

“ မလုပ်နဲ့ … အဲ့လိုဆို စပရိုက် ဘယ်ဖြစ်တော့မှာ ….”

ရှန်းရှုရီ တခစ်ခစ် ရယ်မောလိုက်၏။ လူငယ်လေးများက စပရိုက်ကဲ့သို့သော အရာများကို ကြိုက်နှစ်သက်ကြကြောင်း သိတော့ ပြောလိုက်သည်။

“ ဒီကောင်မလေး သူ့အဘိုးအိမ် ရောက်နေတာ ထင်တယ် … အဲ့ကို တစ်ချက် သွားကြည့်ကြည့်လိုက် … အဲ့မှာလည်း မရှိဘူးဆိုရင်တော့ ငါ့ဆီ ဖုန်းပြန်ခေါ်လိုက် ….”

“ အိုကေ …”

ဖုန်းချပြီးနောက် လင်းရီ တက္ကစီ ပြန်စီး၍ လျန်ရှန့်ဟော်၏ နေရာသို့ ထွက်လာခဲ့လိုက်သည်။

စစ်တပ်ဝန်း တစ်နေရာတွင် လျန်ရူရွှယ်သည် လေ့ကျင့်ရေးကွင်း အပြင်ဘက်တွင် မတ်တပ်ရပ်နေပြီး အနက်ရောင် ဂျက်ကတ်တစ်ထည်နှင့် အဖြူရောင် ဦးထုပ်ကို ဆောင်းထားလျက် ရှိသည်။ တစ်ကိုယ်လုံးကို တင်းကြပ်စွာ ဖုံးကွယ်ထားသည်ဟု ပြောနိုင်သည်။ သို့ပေမယ့်လည်း အနောက်မှ ကြည့်မည်ဆိုလျှင်တော့ သွယ်လျသည့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ရှည်လျားသည့် ခြေတံများအား သတိမပြုမိဘဲ နေဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

ပုံမှန် မိသားစုများနှင့် မတူပါဘဲ လျန်မိသားစုသည် ကိုယ်ဝန်ရှိခြင်းအပေါ် လွန်ကဲသည့် တုံ့ပြန်မှုများကို မပြုလုပ်ကြပေ။

ကျီချင်းရန်ကို သံမဏိအကာကြီးနှင့် ကာကွယ်ပေးထားချင်ကြသည့် ကျီချင်းရန်၏ မိဘများနှင့် မတူကြပေ။

ထိုအချိန်၌ လျန်ရူရွှယ်နှင့် သက်တူ ရွယ်တူ အမျိုးသား ၊ အမျိုးသမီး တော်တော်များများက နေရာတွင် ရှိနေသည်။

သူတို့အားလုံးက သူမနှင့် အတူ ကြီးပြင်းလာကြသူများပင်။ သို့သော်လည်းပဲ ဤနှစ်များတစ်လျှောက်တွင် ၎င်းတို့အားလုံးက ကိုယ်စီ ကိစ္စရပ်များနှင့် အလုပ်များနေကြပြီး နှစ်သစ်ကူးရောက်တော့မှပဲ ဆုံတွေ့နိုင်ကြသည်။

ထို့ကြောင့် နှစ်သစ်ကူးနေ့တိုင်း သူတို့ အကုန်လုံး စုဝေးပြီး ငယ်စဉ် ကလေးဘဝက ကိစ္စရပ်များအကြောင်း ပြောဆိုကြရင်း ရယ်မောလေ့ ရှိကြသည်။

“ အစ်မမီ … အပြင်မှာ နည်းနည်းလေး အေးတယ် … ဒီမှာ မနေနဲ့ … နင်က အခု ငါတို့ရဲ့ ထိပ်တန်း ဦးစားပေးပဲ …”

ပြောလိုက်သူက လင်းရီနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတို့ ရှိသည့် ချန်ရှီးပင်။ သို့သော် သူတို့ချင်း မတွေ့ဖြစ်သည်မှာ အတော်ကြာပြီ ဖြစ်၏။

( တိုင်းရင်းဆေးအခန်းတုန်းက ချန်ရှီးဆိုတဲ့ ချစ်စရာ ကောင်မလေးလေ။ မှတ်မိကြသေးလား။ လင်းရီ မာဆတ် ခေါ်သွားလို့ တိုင်ပတ်သွားသေးတယ်လေ။ )

“ ကိုယ်ဝန် အကြောင်း မပြောစမ်းနဲ့ …. ငါ့အမေဆိုလည်း နေ့တိုင်းနေ့ အိမ်မှာပဲ နေခိုင်းနေတာ … ဘယ်ကိုမှလည်း ပေးမသွားဘူး … ပြီးတော့ ဘာပဲစားလိုက်စားလိုက် အကုန် အန်ချင်နေတာ … လူတောင် ရူးချင်လာပြီ …”

“ ဘာအလိုမကျ ဖြစ်စရာ အကြောင်းရှိလို့ … အစ်မမီက အခု မိခင် တစ်ယောက် ဖြစ်လာတော့မှာလေ .. ဒါ ပျော်ရမယ့် ကိစ္စပဲဟာကို … ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ထိုက်တန်ပါတယ် …”

“ အေးပါ … ပြောထားဦးပေါ့ … နင် ကိုယ်ဝန်ရှိတဲ့အခါကျမှ ဘယ်လောက်တောင် ရင်နာဖို့ကောင်းလဲဆိုတာ နားလည်လာလိမ့်မယ် ….” လျန်ရူရွှယ်က ချေပပြောဆိုလိုက်သည်။

“ စကားမစပ် အားလုံး ရယ်ဒီဖြစ်ပြီလား … တလုံနဲ့ တစ်ခြားသူတွေ လေ့ကျင့်ပြီးတာနဲ့ ငါတို့ သွားစားကြစို့ .. ငါကောင်းကောင်း မစားဖြစ်တာတောင် အတော်လေး ကြာနေပြိ …”

“ အားလုံး ရယ်ဒီပဲ …” ချန်ရှီး ပြောလိုက်ပြီး “ ဒါပေမယ့် အဆင်ပြေတာ သေချာပါတယ်နော်… ခဲအိုသိသွားရင် ငါ့ကိုတော့ မရိုက်လောက်ပါဘူးမလား ….”

“ နင့်ခဲအိုက ကျင်းရန်မှာ သူ့အလုပ်နဲ့သူ ရှုပ်နေတာ … ရန်ကျင်းကို လာဖို့ အချိန်ရှိမှာတောင် မဟုတ်ဘူး ….” လျန်ရူရွှယ် ပြောလိုက်သည်။

“ ပြီးတော့ တိုဖူးအေးနဲ့ သနပ်ချဉ်နည်းနည်းလည်း ပြင်ထားပေးစမ်းပါ … ငါ စားချင်နေတာ အတော်ကြာပြီ … ကျိုးဟိုင်က ဟာတွေက ဒီကလောက် ကောင်းတာ မဟုတ်ဘူး …..”

“ အဲ့ကိစ္စကတော့ မပူနဲ့ …” ချန်ရှီး ရွှင်ပြစွာ ပြုံးပြီး ပြောလိုက်သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ကွင်းထဲရှိ လေ့ကျင့်ရေးက ပြီးဆုံးသွားခဲ့ပြီး ကတုံးပြောင်ပြောင်၊ လူကောင်ထွားထွားနှင့် အမျိုးသား တစ်ဦးက လျန်ရူရွှယ်တို့ ရှိရာဘက်ခြမ်းသို့ ပြေးလာခဲ့သည်။ အရပ်အမောင်းက ၁.၉ မီတာနီးပါးမျှ ရှည်လျားပြီး ဝိတ်အလေးချိန်က ၂၀၀ ကီလိုလောက်ရှိ၏။ ပေါ့ပါးပါး အစိမ်းရောင် တီရှပ်တစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး တစ်ထည်လုံးလည်း ချွေးတို့ ရွှဲနစ်နေသည်။

အမျိုးသား၏ နာမည်က ကျန်းကျောက်လုံဖြစ်ပြီး လျန်ရူရွှယ်၏ အောက်ဆွဲတစ်ယောက်ဟု ပြော၍ရသည်။ လျန်ရူရွှယ် ညွှန်သည့် နေရာတိုင်း သူက ရိုက်နှက်ပေး၏။ သူတို့ အချင်းချင်း ဆက်ဆံရေးကလည်း အင်မတန် ကောင်းမွန်ကြသည်။

ထို့ပြင် အရွယ်ရောက်လာသည်နှင့် သဘာဝအလျောက်ပဲ စစ်တပ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏ အနာဂတ်ကလည်း အတော်လေး အလားအလာ ကောင်းလေသည်။

“ အစ်မမီ … ကျုပ် စောနက လုပ်ပြသွားတာ ဘယ်လိုနေလဲ … ဆယ်ယောက် မကျော်သရွေ့ကတော့ လုံးဝ ပြဿနာ မရှိဘူး …” ကျန်းကျောက်လုံက ကြွားပြောလိုက်သည်။

“ အတော်လေး ကောင်းတယ် … ဆက်ပြီး ကြိုးစားလေ့ကျင့် … နင် ရာထူးတွေ တိုးရင် တိုးလာမှာတော့ ….”

ကျန်းကျောက်လုံ ရယ်မောလိုက်ပြီး “ ဟီးဟီး အစ်မမီ … ကျုပ်ကို အတွင်းသတင်းလေး ဘာလေး ပေးပါလားဗျာ … ကျုံးဝေ့တပ်ဖွဲ့က ဘယ်တော့လောက် လူခေါ်ဖို့ ရှိလဲတဲ့ ….”

“ အဲ့တာတော့ ငါလည်း မသေချာဘူး … အချိန်ကျရင် ငါ နင့်ဖို့ မေးပေးမယ်လေ …”

ကိုယ့်လူ အချင်းချင်း ဖြစ်သဖြင့် လျန်ရူရွှယ်မှာ သဘောမနော အလွန်ကောင်းနေသည်။

“ ကဲ မြန်မြန် … ငါတို့ နင့်ကို စောင့်နေကြတာ … အားလုံးက ရယ်ဒီ ဖြစ်နေပြီ ….”

“ သွားစို့ … အပြင်မှာ အေးတယ် … အစ်မမီက အခုဆို ကာကွယ်ပေးရမယ့် မျိုးစိတ်ဖြစ်နေပြီ … စားရင်း ပြောကြတာပေါ့ ….”

အုပ်စုက ဝန်းထဲရှိ ကျန်းကျောက်လုံ၏ အိမ်သို့ ရောက်လာသည်။ ဤနေရာက သူ့ပိုင်နက် ဖြစ်သဖြင့် သဘာဝအလျောက် လူတိုင်း၏ စုဝေးရာနေရာ ဖြစ်လာခဲ့သည်။

လူတိုင်း ပြန်ရောက်လာသည်နှင့် ဟော့ပေါ့ အမယ်များအားလုံး အဆင်သင့် ဖြစ်နေလေပြီ။

“ ကဲ … အစ်မမီ ဒီနေ့ပြန်လာတော့ ကဲလိုက်ကြစို့ …” ကျန်းကျောက်လုံက သူ့အသံကြမ်းကြီးဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

“ ငါ့လည်း တစ်ပုလင်းလောက် ….” လျန်ရူရွှယ် ပြောလိုက်သည်။ “ သိုးသားဟော့ပေါ့ဆိုတာ ဘီယာမပါရင် စားရတာ အရသာကို မရှိဘူး ….”

“ အမယ်လေး အစ်မမီရယ် … မလုပ်လိုက်ပါနဲ့ …” ကျန်းကျောက်လုံ ကြောက်ကြောက်လန့်လန့်နှင့် “ ဦးလေးလျန် သိရင် ကျုပ်ကို သတ်လိမ့်မယ် …”

“ ဦးလေးလျန်က နင့်ကို မသတ်ဘူးဆိုရင်တောင် ခဲအိုက နင့်ကို သတ်မှာ …”

“ သူ မလုပ်ရဲပါဘူး … ငါ နင့်အနောက်မှာ ရှိတယ် … ဘာမှ မကြောက်နဲ့ ….” လျန်ရူရွှယ်က အမှုမထားသည့် အမူအရာဖြင့် ပြောလိုက်သည်။ ရဲဝံ့သည့် ရန်ကျင်းသူ ပီပီ ကိုယ်ဝန်ရှိစဉ်ပင် အရက်သောက်ဖို့ လုပ်နေသည်။

ကလင် ကလင် ကလင် …

ထိုအချိန်မှာပဲ လျန်ရူရွှယ်၏ ဖုန်းသံက မြည်ဟည်းလာခဲ့၏။ လင်းရီက ဝီချက် ဗွီဒီယိုကော ခေါ်လာခဲ့ခြင်းပင်။

“ ခဲအို ဖုန်းလာနေပြီ ….” ချန်ရှီးက ထိတ်လန့်တကြား ပြောလိုက်၏။

“ အသံတိုးဦး …” လျန်ရူရွှယ်က ရှူးတိုးတိုး လက်ဟန် အမူအရာ ပြုလုပ်လိုက်ပြီး အလျင်အမြန် မတ်တပ်ရပ်လိုက်သည်။ “ တိတ်တိတ်‌နေကြ … ငါ ဖုန်းကိုင်လိုက်ဦးမယ် …”

လျန်ရူရွှယ် အိပ်ခန်းထဲသို့ အလျင်အမြန် ပြေးသွားပြီး နောက်က တံခါးကို ပိတ်လိုက်သည်။ ဧည့်ခန်းထဲ ဆူညံနေသည့် အရာများအားလုံး ဟန့်တားထားပြီး ဖြစ်ပြီး လင်းရီ မည်သည့် လွဲချော်နေမှုကိုမျှ သတိထားမိတော့မှာ မဟုတ်ပေ။

ကိုယ်ဟန်ကို အလျင်အမြန် ပြင်ဆင်ပြီးနောက် လျန်ရူရွှယ် ဗွီဒီယိုကောကို ကိုင်လိုက်၏။

“ ကျင်းရန်က ကိစ္စတွေ ပြီးသွားခဲ့ပြီပေါ့ ….”

“ အတွင်းရေးမှူးလျန် ကိုယ်တိုင် စွက်ဖက်လာမှတော့ ဘာပြဿနာ ထပ်ရှိနိုင်ဦးမှာ ….” လင်းရီ ပြောလိုက်ပြီး “ မင်း အခု ဘယ်ရောက်နေတာ … နေရာက မင်းအိမ်နဲ့လည်း မတူပါလား …”

“ အဘွားတို့အိမ်မှာလေ … ပြန်လာပြီဆိုမှတော့ သူတို့ဆီ သွားလည်ပေးသင့်တာပေါ့ …” လျန်ရူရွှယ်က မျက်တောင် တစ်ချက် မခတ်ဘဲ လိမ်ပြောလိုက်၏။

“ အင်း … သူတို့လည်း မင်းနဲ့ တွေ့ချင်နေကြမှာပေါ့ …” လင်းရီပြောလိုက်ပြီး “ တစ်ခြားနေရာတွေ လျှောက်လည်မနေနဲ့ဦးနော်….”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … နင်လည်း ငါ့အခြေအနေကို သိရဲ့သားနဲ့ … အိမ်နဲ့ အဘွားတို့ဆီကလွဲရင် ဘယ်ကိုမှ သွားလို့ကို မရတာ ….”

“ အင်း … စားသောက်တာတွေလည်း ဂရုစိုက်ဦး … အရက်ပါတဲ့ဟာတွေ လုံးဝ သောက်လို့ မဖြစ်ဘူးနော်….”

“ မပူပါနဲ့ဟယ် … ငါ အဲ့လောက် မတုံးအပါဘူး … အရက်သောက်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ ….”

“ အိုကေ ဒါဆို ငါသွားရတော့မယ် … အလုပ်ရှုပ်နေလို့ ….”

“ အွန်း ….”

ဖုန်းချပြီးနောက် လျန်ရူရွှယ် ရင်ဘက်အား လက်ဖြင့် ဖိလိုက်မိသည်။ လင်းရီကို အောင်အောင်မြင်မြင်နှင့် လှည့်စားနိုင်ပြီးနောက် တံခါးဖွင့်၍ အပြင်သို့ထွက်လာသည်။

အကယ်၍ သူမသာ အပြင်ထွက်ပြီး တိတ်တိတ်လေး အရက်ခိုးသောက်နေတာကို လင်းရီသိသွားပါက သူမအား သေမတတ် ဆူငေါက်လောက်သည်။

သို့သော် သူမ တံခါးဖွင့်လိုက်သည်နှင့် လျန်ရူရွှယ်မှာ ကြက်သေသေသွားခဲ့ရ၏။

All Chapters