ငါ မကြောက်ဘူး
Vol. 162 Ch. 2341
လင်းရီ ထိုစကား ပြောလိုက်သည်နှင့် ရှိနေကြသည့် လူတိုင်း ကြက်သေသေသွားခဲ့ကြသည်။ အချို့ဆိုလျှင် လင်းရီ ပြောလိုက်သည့် စကားကို သိပ် နားမရှင်းကြဟန်ဖြင့် “ မင်း … မင်း ဘာစကား ပြောလိုက်တယ် ….”
“ မင်းတို့ ကုမ္ပဏီ အကောင့်နံပါတ်က ဘာလဲလို့ … သန်း ၁၀၀ ကို ငါ စရံပေးထားမယ် … တကယ်လို့ မင်းတို့မှာ POS စက် ရှိတယ်ဆိုလည်း အဆင်ပြေတယ် … အခုချက်ချင်းပဲ ငွေလွှဲပေးလိုက်မယ် …”
အံ့အားသင့်သွားခဲ့ခြင်း ….
လျိုချွမ်း၏ မျက်လုံးများထဲ တုံ့ဆိုင်းမှုတို့ ပြည့်နှက်သွားခဲ့သည်။
“ ငါပြောနေတာ ယွမ် သန်း ၁၀၀ နော် … မင်းက အဲ့လောက်ပမာဏကို ထုတ်ပေးနိုင်တယ်ပေါ့ ….”
လင်းရီ သူ့ဖုန်းကို လျိုချွမ်းအရှေ့ ဝှေ့ယမ်းပြီး ဘဏ်အကောင့်ထဲ ရှိငွေကို ပြသလိုက်သည်။
“ ငါ့ကတ်ထဲမှာ သန်း နှစ်ထောင်ရှိတယ် … မင်းတို့လှေငှားဖို့တော့ ကောင်းကောင်းကြီး လောက်တယ် …”
သုညအတန်းလိုက်ကြီးကိုမြင်တော့ လျိုချွမ်း ပြင်းပြင်းထန်ထန် ပင့်သက်ရှိုက်မိသွားခဲ့ပြီး မျက်နှာတစ်ပြင်လုံး နီရဲလာခဲ့၏။ ရှက်ရွံ့လွန်း၍ ကျွင်းတစ်ကျွင်းတူးပြီး ပြေးအောင်းချင်စိတ်များပင် ဖြစ်လာမိသည်။
သူ့ရှေ့ရှိ ဤလူက ဤမျှ ပိုက်ဆံအမြောက်အများကို ထုတ်ပေးနိုင်သည့် လူ ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမျှ မျှော်လင့်မထားခဲ့ပါချေ။
ဤပမာဏက သာမန် ချမ်းသာသည်ဟူသည့် မိသားစုတစ်ခုထက်ကို ကျော်လွန်နေပြီး ဖြစ်၏။ ကျိကျိတက် ချမ်းသာကြွယ်ဝသည့် မိသားစုက ဒုတိယမျိုးဆက် ဆက်ခံသူ ဖြစ်နေနိုင်သည်။ အနည်းဆုံးတော့ ထိုသူများက သူ အပြစ်ပြု၍ မရနိုင်သည့် လူစားမျိုးများ ဖြစ်၏။
သို့သော် အရေးကြီးသည့် ကိစ္စက သူတို့ ကုမ္ပဏီသည် ထိုကဲ့သို့သော ဝန်ဆောင်မှုမျိုးကို မကမ်းလှမ်းပေးထားချေ။ သူ့ဘက်က ဤအတိုင်း ပါးစပ်ထဲရှိရာ လျှောက်ပြောခဲ့ရုံမျှပင်။
“ ဟေ့ ဘာတွေ ဖြစ်နေကြတာလဲ … လူတွေ ဘာလို့ ဒီလောက် အုံနေကြတာလဲ …”
ထိုအချိန်မှာပဲ ဝတ်စုံပြည့်နှင့် အမျိုးသား တစ်ဦးက ရောက်ရှိလာခဲ့၏။
လင်းရီ သူ့ အလုပ် အိုင်ဒီကတ်ကို ကြည့်လိုက်တော့ ဆိပ်ကမ်း မန်နေဂျာ ဖြစ်ကြောင်း သိရှိသွားခဲ့သည်။
လင်းရီ အကြောင်း အတင်းတုပ်ခဲ့ကြသည့် အမျိုးသမီးနှစ်ဦးက မန်နေဂျာအနားသို့ ရောက်လာပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်လေသည်။
ချက်ချင်းဆိုသလို မန်နေဂျာ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး လင်းရီအား တရိုတသေ လေသံဖြင့် “ ကောင်းသောနေ့လည်ခင်းပါ လူကြီးမင်း … ဒါ ကျွန်တော်တို့ဘက်က အမှားပါ … ဒီလိုဆိုရင်ကော … စရံခကို ၈၀ ရာခိုင်နှုန်း လျှော့ပေးလိုက်မယ် … မိတ်ဖြစ်ဆွေဖြစ်ပေါ့ ….”
“ အခုမှပဲ ယုတ္တိရှိတော့တယ် … သွားပြီး ပြင်ဆင်ထားလိုက်တော့ ….”
သူ့ဘက်က လီချူးဟန်ကို ခေါ်ပြီး ပျော်ဖို့ ထွက်လာသဖြင့် လင်းရီသည် အရေးမပါသူများနှင့် အချိန်မဖြုန်းချင်ပေ။ ဆက်ပြီး စကားပြောဆိုနေမည်ဆိုပါက သူတို့၏ အစီအစဉ်များ ကြန့်ကြာသွားနိုင်သည်။
“ အိုကေ အိုကေ … အခု ချက်ချင်း ပြင်ဆင်ပေးပါ့မယ် ….”
ပြောဆိုပြီးနောက် မန်နေဂျာက လျိုချွမ်းကို တင်းမာစွာ ကြည့်၍ “ ကိုယ့်နေရာကိုယ် ပြန်သွားနေစမ်း … မင်းနဲ့ နောက်မှ ရှင်းမယ် ….”
မန်နေဂျာ၏ ဆူငေါက်ခြင်းကို ခံရပြီးနောက် လျိုချွမ်း ခပ်သွက်သွက်ပဲ ထွက်ခွာသွားခဲ့သည်။ အသက်ပင် ကျယ်လောင်စွာ မရှူဝံ့ခဲ့ချေ။
ထိုအချိန်မှာပဲ လင်းရီသည် စောနတုန်းက ရန်ဖြစ်ချင်နေသည့် စွန်းလေ့ဘက်သို့ လှည့်၍ “ မင်းရော စောနတုန်းက ငါ့ကို သင်ခန်းစာပေးချင်နေတာ မဟုတ်လား … ဒီမှာ ငါ့ကိစ္စပြီးပြီ … အခု သွားကြမလား ….”
“ မဟုတ်တာ မဟုတ်တာ အစ်ကိုကြီး … ငါ မှားမှန်း သိပါပြီကွာ …”
စွန်းလေ့က တုံ့ဆိုင်းခြင်း မရှိ၊ သူ့ပါးသူ သုံးလေးကြိမ်ခန့် ဖြတ်ရိုက်လိုက်သည်။ “ ထိုက်တောင်ကြီးက ရှေ့မှာ ရှိနေပါလျက်နှင့် မမြင်မိတဲ့ ငါ့အမှားပါ … ကျေးဇူးပြုပြီး ဗွေမယူလိုက်ပါနဲ့ ….”
လင်းရီ စွန်းလေ့ကို မျက်လုံးထောင့်ကပ်၍ အကြည့်တစ်ချက်ပေးလိုက်ရာ သကောင့်သား ချွေးပျံသွား၏။ ထိုသို့သော ကောင်စားမျိုးကို လင်းရီ အာရုံထားမနေတော့ချေ။ ၎င်းတို့က သူ၏ အားထုတ်ကြိုးပမ်းမှုနှင့်ပင် မတန်ချေ။
နှစ်ယောက်က ဆိပ်ကမ်းအပြင်ဘက်သို့ ထွက်လာခဲ့ကြပြီး နွေးထွေးသည့် နေရောင်ခြည်က သူတို့နှစ်ဦးအပေါ်သို့ ဖြာကျလာခဲ့သည်။
“ ငါတို့ အခု လှေပေါ် တက်လို့ရပြီလားတဲ့ ….”
“ နည်းနည်း စောင့်ရမယ်တာပဲ …. “
လီချူးဟန်က အနီးနားရှိ နားနေလို့ရသည့် စင်တစ်ခုသို့ လက်ညှိုးညွှန်ပြလိုက်ပြီး “ အဲ့မှာ ခဏလောက်ထိုင်ကြစို့ … အဲ့မှာ အေးလောက်တယ် ….”
“ ငါတို့ မပြီးသေးဘဲ ကျန်တဲ့ တစ်ခြား ကိစ္စလေးတွေ ကျန်နေသေးတယ်လေ …”
“ တစ်ခြားအရာတွေ ဟုတ်လား ….”
လင်းရီ ကျီစယ်စွာ ပြုံးလိုက်ပြီး လီချူးဟန်၏ ခါးအသား နုနုလေးကို အသာညှစ်လိုက်သည်။
“ ပင်လယ်ထဲ ထွက်မှာပါဆို ဒီအဝတ်အစားနဲ့ ဘယ်လိုလုပ် အဆင်ပြေလိမ့်မှာ … ရေကူးဝတ်စုံ သွားဝယ်ကြစို့ ….”
လီချူးဟန် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး မျက်နှာ နီမြန်းလာခဲ့၏။ သို့သော် မည်သည့် စကားတို့မျှ မဆိုဘဲ လင်းရီနောက်သို့လိုက်ရင်း အနီးနားရှိ ရေကူးဝတ်စုံ အရောင်းဆိုင်သို့ ရောက်လာသည်။
ရေကူးဝတ်စုံဆိုင်က လူမများပေ။ ဒီဇိုင်းကလည်း စုံလင်သည်။
“ ကြိုက်တဲ့ တစ်ခု ရွေးလိုက် … ပင်လယ်ထဲ ထွက်တဲ့အချိန် ဝတ်ကြမယ် …”
လီချူးဟန်က ပတ်ပတ်လည်ကို တစ်ချက် လိုက်ကြည့်ပြီး အနက်ရောင် ဘီကီနီ တစ်ထည်ကို လက်ညှိုးညွှန်ပြလိုက်သည်။
“ အဲ့တစ်ခု ဆိုရင်ကော ….”
“ သေချာလို့လား …” လင်းရီ စိတ်ဝင်တစားနှင့် မေးလိုက်၏။
“ ဘာပဲဖြစ်ဖြစ် လှေပေါ်မှာပဲ ဝတ်မှာဆိုတော့ ငါတို့နှစ်ယောက်တည်း ရှိမှာပဲကို … အဆင်ပြေပါတယ် … နင်ရော ဘယ်လိုမြင်လဲ ….”
“ မင်းကတောင် အဆင်ပြေမှတော့ ငါကရော ငြင်းစရာ ရှိပါ့ဦးမလား ….”
လီချူးဟန် ညင်သာစွာ ပြုံးလိုက်သည်။ သူမ အပြုံးက မနက်ခင်း၏ နေရောင်ခြည်နှယ် နွေးထွေးမှုရှိလွန်းလှ၏။
ရေကူးဝတ်စုံနှင့် ရေကူးဘောင်းဘီတိုကို ဝယ်ယူပြီးနောက် လင်းရီတို့ နှစ်ဦး ပြန်ထွက်လာခဲ့ကြသည်။ ထိုအချိန်၌ ငှားထားသည့် လှေက အဆင်သင့် ဖြစ်နေပြီး လင်းရီ ကုန်းပတ်ပေါ်သို့ တက်လိုက်၏။ လီချူးဟန်ကိုပါ တစ်ပါတည်းဆွဲခေါ်ရင်း အဇူရာပင်လယ်ကြီးထဲသို့ နှစ်ကိုယ်တူ ရွက်လွှင့် ခရီးနှင်ကြတော့သည်။
လှေက လျင်မြန်စွာ ရွေ့လျားသွားပြီး လှိုင်းလုံးကြီးများကို အောက်တွင် ချေဖျက်ပျက်စီးခဲ့ကာ ကမ်းခြေနှင့် တစ်စထက်တစ်စ ဝေးလံလို့ လာသည်။
သူတို့တွေ ရေမိုင် နှစ်မိုင်၊ သုံးမိုင်ခန့် အကွာအဝေးလောက်ရောက်တော့ လင်းရီက လှေကို ရပ်တန့်လိုက်၏။
လီချူးဟန်သည်လည်း သူမ၏ ရေကူးဝတ်စုံကို လဲပြုပြီးဖြစ်ကာ ကိုယ်လုံးကိုယ်ပေါက် ဘော်ဒီအချိုးအစားက ဆူနာမီလှိုင်း ရိုက်ခတ်လာသည်ထက်ပင် ပြင်းထန်လွန်းလှသည်။
နှစ်ယောက်က လှေ၏ အစွန်းဘက်နားတွင် ဘေးချင်းကပ် အတူထိုင်နေပြီး နေဆာလှုံနေကြ၏။ သစ်သီးဝလံများကလည်း အသင့် ပြင်ဆင်ထားပြီး ဖြစ်သဖြင့် အင်မတန် သက်တောင့်သက်သာ ဇိမ်ကျသည့် အချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်နေလေသည်။
“ အိုး … ငါ နင့်ကို တစ်ခု ပြောဖို့ မေ့နေတာ ရှိတယ် ….”
လီချူးဟန် ပြောလိုက်၏။ “ တစ်မြန်မနေ့တုန်းက အန်ကယ်နဲ့ အန်တီက ငါ့နေရာလာသွားတယ်နော်… သူတို့ရဲ့ တစ်ကိုယ်လုံး ဘော်ဒီကျန်းမာရေး စစ်ဆေးမှု လုပ်ထားတာ အခု ရလဒ်တွေ ထွက်လာပြီ …”
“ ဘယ်လိုလဲ … ဘာပြဿနာမှ မရှိဘူးမလား ….”
“ အန်တီ့ အခြေအနေကတော့ အတော်လေး ကောင်းတယ် … ဒါပေမယ့် အန်ကယ်ကတော့ သူ့ လေပြွန်နဲ့ အဆုတ်ဝမှာ နည်းနည်းထိခိုက်ထားတာတွေ ရှိတယ် … နင်သူ့ကို ဂရုစိုက်ဖို့ ပြောလိုက်ဦး ….”
“ ပြောလို့ကရတယ် … ဒါပေမယ့် ထူးမှာ မဟုတ်ပါဘူး … မပြောတာက ပိုကောင်းပါတယ် ….”
“ အမ် …. သူ့သားစကားတောင် နားမထောင်ဘူးဆိုရင် ငါ့စကားဆို ဘယ်လိုလုပ် နားထောင်တော့မှာလဲ ….”
“ မင်းက သူ့ချွေးမလေ … မင်းရဲ့ စကားလုံးတွေက ငါ့ထက်ပိုပြီး ဝိတ်ပါတာပေါ့ … ပြီးတော့ သူတို့ကို စစ်ဆေးပေးတာကလည်း မင်းပဲ … ဒီတော့ ပြောပြသင့်တဲ့လူကလည်း မင်းပဲ ….”
လီချူးဟန်၏ နှလုံးသားတစ်ခုလုံး ဂယောက်၊ဂယက်တွေ ဖြစ်ကုန်သည်။ “ ငါ… ငါ ရှက်လို့ ….”
“ ဘာရှက်စရာ ရှိလို့ …. အကုန်လုံးက မိသားစုတွေပဲလေ … ငါ့အမေဆို ပြောသေးတယ် … တကယ်လို့ မင်း ကိုယ်ဝန်ရလာခဲ့ရင် သူ လာပြီး ဂရုစိုက်ပေးမယ်တဲ့ … မင်းရဲ့ ဒီဗိုက်လေးက ဘယ်အချိန် လှုပ်ရှားလာမလဲ ဆိုတဲ့အပေါ်ပဲ မူတည်တော့တယ် …”
“ ဟင် … မဟုတ်တာ မဟုတ်တာ … အဲ့လိုလုပ်လို့ ဘယ်ဖြစ်မှာလဲ …” လီချူးဟန်က အလန့်တကြား ထပြောလိုက်ပြီး “ ငါ ကိုယ်ဝန်ရလာရင်တောင် အန်တီ ငါ့ကို လာပြီး ဂရုစိုက်ပေးဖို့ မလိုပါဘူး … ကျင့်ဝတ်တွေကို လျစ်လျူရှုလို့ ဘယ်ဖြစ်မှာ …”
“ ဘယ်ကျင့်ဝတ်တွေကို ပြောနေတာ … ဒါ ရှေးတုန်းကတည်းက လက်ဆင့်ကမ်းလာတဲ့ ရိုးရာ အစဉ်အလာပဲ မဟုတ်ဘူးလား ….”
လင်းရီ လက်တစ်ဖက်ကို ခေါင်းအုံးလုပ်ထားရင်း အမှုမထားသည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။
“ ငါ့အမေရဲ့ ရင်ထဲ မင်းက သိပ် အရေးပါတဲ့ နေရာမှာ ရှိတယ် …. ဒီတော့ အများကြီး အတွေးမလွန်နဲ့ … အကုန်လုံးကို သဘာဝကျကျလေးပဲ ဖြစ်ပါလေ့စေ …”
“ ငါ ….”
လီချူးဟန် လင်းရီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး မျက်ရည်များအား တိတ်တဆိတ် သုတ်လိုက်၏။
“ ကျေးဇူးပါပဲ …”
လင်းရီ ဘာမျှ မဆိုပေ။ ထိုအစား လီချူးဟန်၏ လက်ကိုပဲ တင်းကြပ်စွာ ပြန်လည် ဆုပ်ကိုင်ထားလိုက်သည်။ ဤသည်က သူမအတွက် အကောင်းဆုံး ခွန်းတုံ့ပြန်စကား ဖြစ်၏။
အချိန်တစ်ခုကြာအောင် ဘေးချင်းကပ် လဲလျောင်းပြီးနောက် လင်းရီသည် အခန်းထဲသို့ သွားပြီး ရေငုပ်ကိရိယာများ ယူဆောင်လာခဲ့၏။
“ လာခဲ့ … ပင်လယ်ထဲ ကစားကြမယ် ….”
“ ဒါပေမယ့် ငါမှ ဘယ်လို ရေငုပ်ရမလဲ မသိတာ ….”
“ ငါ ဒီရောက်နေတာလည်း အဲ့အတွက်ပဲလေ … မင်းကို ခေါ်သွားပေးမယ် … အောက် အတူ ဆင်းကြတာပေါ့ ….”
“ ဖြစ်ပါ့မလားနော် …. ငါကြောက်တယ် …”
“ သိပ်ဖြစ်တာပေါ့ … အရင်ဆုံး သွေးပူလေ့ကျင့်ခန်း လုပ်ကြမယ် … အဲ့လိုဆို ကြွက်တက်တော့မှာ မဟုတ်ဘူး ….”
“ အင်း …”
သွေးပူအောင် ပြုလုပ်ပြီးနောက် လင်းရီသည် လီချူးဟန်ကို ကူ၍ ရေငုပ်ကိရိယာများ ဝတ်ဆင်ပေးလိုက်သည်။ ပြီးသည့်နောက် လှေအစွန်းတွင် အတူထိုင်ရင်း လင်းရီ သူမအား ပြုံးပြလိုက်၏။
“ ရယ်ဒီပဲလား ….”
“ အင်း …” လီချူးဟန် ခေါင်းညိတ်ပြလိုက်သည်။
“ အိုကေ သွားစို့ ….”
လင်းရီသည် လီချူးဟန်၏ ခါးကို ဖက်ပြီး ရေထဲသို့ သူမနှင့်အတူ ခုန်ဆင်းလိုက်သည်။
အေးစက်သည့် ပင်လယ်ရေက နှစ်ယောက်လုံးကို လွှမ်းခြုံသွားခဲ့ပြီး ရေမကူးတတ်သည့် လီချူးဟန်မှာ ဟန်ချက်ထိန်းဖို့ အတွက် လင်းရီကိုသာ အမှီသဟဲ ပြုနေရသည်။ သို့သော် သူမ၏ တောင့်တင်းနေမှုကိုလည်း ခံစားမိနေသည်။
“ ဘယ်လိုခံစားရလဲ … ကြောက်လား …”
“ မကြောက်ပါဘူး …” လီချူးဟန် အခိုင်အမာ ပြောလိုက်ပြီး “ ကမ္ဘာကြီးရဲ့ အဆုံးသတ်လမ်းကို လျှောက်လှမ်းရမှာပဲ ဖြစ်ဖြစ် ၊ နောင်ဘဝတံတားကို ကူးရမှာပဲ ဖြစ်ဖြစ် … နင်သာ အတူရှိနေမယ်ဆိုရင် ငါ ဘာကိုမှ မကြောက်ဘူး …”