← Chapters

သားအဖ နှစ်ယောက် သဘောတူညီမှု

Vol. 162 Ch. 2344

သားအဖ နှစ်ယောက် သဘောတူညီမှု

Vol. 162 Ch. 2344

လင်းရီ ရုတ်ချည်း လေးနက်တည်ကြည်လာခဲ့ကာ “ ကျွန်းပေါ်က အခြေအနေတွေကြောင့်လား ….”

“ ကျွန်းက နဂိုအတိုင်းပဲ … တစ်နေ့ထက်တစ်နေ့ ပိုပြီး ရှုပ်ထွေးလာနေတယ် … ဒါပေမယ့် အဲ့မှာ ပိုပြီး ပရမ်းပတာ ဆန်နေလေလေ ၊ နိုင်ငံတကာရေးရာ အခြေအနေက ပိုပြီး တည်ငြိမ်လာလေလေပဲ …” လင်းကျင်ကျန့် ပြောလိုက်ပြီး “ ငါ ထင်တာ ပြောရရင်တော့ မင်းတို့ကောင်တွေ ယူလာခဲ့တဲ့ဥစ္စာက အခု ချိန်ကိုက်ဗုံး ဖြစ်သွားပြီနဲ့တူတယ် … လူတော်တော်များများက မျက်စိကျနေကြပြီ ….”

“ သတင်းက ပျံ့သွားခဲ့ပြီတဲ့လား ….”

လင်းကျင်ကျန့် ခေါင်းညိတ်လိုက်၏။ “ သတင်းဖြန့်လိုက်တဲ့လူတွေက ဂျပန်ဘက်က ဟုတ်ရင်ဟုတ် ၊ မဟုတ်ရင် ဆွစ်အစိုးရဘက်က ဖြစ်လိမ့်မယ် … သူတို့ကိုယ်သူတို့ နားလည်သွားလို့ နေမှာပေါ့ … သူတို့ရဲ့ လက်ရှိ အစွမ်းအစနဲ့ဆိုရင် အဲ့ပစ္စည်းကို ပြန်ရနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ … မနိုင်တဲ့အဆုံးတော့ သတင်းဖြန့်ပြီး ကျုံးဝေ့တပ်ဖွဲ့ကို လူတိုင်းရဲ့ ပစ်မှတ် ဖြစ်လာအောင် လုပ်ဖို့ ရှိတော့တာပဲ ….”

“ ကျွန်တော်ကတော့ သိပ်ပြီးမှ မစိုးရိမ်မိဘူး … ပစ္စည်းက တပ်ဖွဲ့ထဲ လုံခြုံတဲ့နေရာမှာ သိမ်းထားတာ … ပြီးတော့ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့လူတိုင်း သူတို့ အသက်တွေနဲ့ ပြန်ပေးဆပ်ကြရလိမ့်မယ် …” လင်းရီ ပြောလိုက်သည်။

“ တကယ်လို့ အမေရိကန်နဲ့ ဥရောပကလူတွေ ရောက်လာခဲ့မယ်ဆိုရင်တောင် ဟွာရှက သူတို့မျက်နှာတွေကြည့်ပြီး ပြန်လွှတ်ပေးလိုက်မှာ မဟုတ်ဘူး ….”

“ အစိုးရ အဖွဲ့အစည်းကြီးတွေကတော့ ပေါ်ပေါ်ထင်ထင် လှုပ်ရှားကြမှာ မဟုတ်ဘူး … ဒါပေမယ့် နိုင်ငံခြားက အင်အားစုကြီးတွေလည်း အဲ့လို ဖြစ်လိမ့်မယ်လို့တော့ အာမ မခံပေးနိုင်ဘူး …” လင်းကျန်ကျန့် ပြောလိုက်ပြီး “ အဲ့ကောင်တွေက ဖားပြုတ်တွေလိုပဲ … ကိုက်တော့ မကိုက်ဘူး .. ဒါပေမယ့် ရွံစရာကြီးတွေ …. မင်းတပ်ဖွဲ့ကို ရောက်ဖြစ်ရင် ဖက်တီးလျိုနဲ့ အကြီးအကဲလုကို ဒီကိစ္စတွေ အကြောင်း ပြောပြလိုက် … သူတို့ရဲ့ အမြင်နဲ့ ဆုံးဖြတ်ချက်တွေကို နားထောင်ပြီး ဘယ်လိုအရာတွေပဲ ဖြစ်ပျက်လာပါစေ မင်းဘေးနားဝန်းကျင်မှာရှိတဲ့ လုံခြုံရေးကို ပိုပြီး အာရုံစိုက်ထား ….”

“ ကျွန်တော် နားလည်တယ် ….”

“ ကျင်ကျန့် …. တို့တွေ သွားဖို့ အချိန်ရောက်လာပြီနော် ….” ချင်ရင်ယွဲ့ ပြောလိုက်သည်။

“ အေးအေး ….”

လင်းကျင်ကျန့် ပြန်လည်တုံ့ပြန်လိုက်ပြီး လင်းရီကို ရှုပ်ထွေးသည့် မျက်နှာအမူအရာနှင့် ကြည့်လိုက်၏။ တစ်စုံတစ်ရာကို ပြောဆိုချင်နေဟန်ရသော်လည်း အကြိမ်များစွာ တုံ့ဆိုင်းနေမိပြီး … နောက်ဆုံးတွင်တော့ အပြုံးတစ်ခုနှင့် “ ကျိုးဟိုင်မှာ ကိုင်တွယ်စရာ ကိစ္စရပ်တွေ အများကြီး ရှိတယ် … ပြီးတော့ ငါတို့သားအဖတွေလည်း ထိုင်ပြီး စကားကောင်းကောင်းပြောဖို့ အခွင့်အရေးက မရှိသေးဘူး … မင်းရန်ကျင်း ရောက်လာတဲ့ အချိန်ကျရင်တော့ ငါတို့သားအဖတွေ သောက်ရင်း စကားပြောကြတာပေါ့ ….”

“ အိုကေ ….”

ကျီမိသားစုနှင့် လင်းရီတို့က ချင်ရင်ယွဲ့နှင့် လင်းကျင်ကျန့်တို့ကို အပြင်သို့ လိုက်ပို့ပေးသည်။

နှုတ်ဆက်စကားဆိုသည့် အခါ၌ ချင်ရင်ယွဲ့၏ မျက်လုံးတို့က နီရဲနေပြီး သူမစိတ်ထဲ တွန့်ဆုတ်နေသည်ကို အတိုင်းသား မြင်တွေ့နေရလေသည်။

သို့သော် အခြားအရာများ ရှိနေသေးသဖြင့် ရွေးချယ်စရာမရှိပေ။ သွားရမည့် ခရီးကတော့ သွားရမှာပဲ ဖြစ်၏။

လင်းရီ မူလတုန်းက လေဆိပ်ထိ လိုက်ပို့ပေးချင်သော်လည်း ချင်ရင်ယွဲ့က ငြင်းဆန်ခဲ့၏။ နှစ်ယောက်မှာ မိသားစုကားနှင့်ပဲ လေဆိပ်သို့ သူတို့ဘာသူတို့ ထွက်ခွာသွားခဲ့ကြသည်။

သူ့မိဘများ ထွက်သွားပြီးနောက်တွင် လင်းရီသည်လည်း အိမ်တွင် ကြာကြာ ဆက်မနေပေ။ ကျီချင်းရန်ကို နှုတ်ဆက်ပြီး ကူရိရန်နှင့် တွေ့ဆုံဖို့ ကားမောင်း ထွက်ခွာသွားခဲ့၏။

….

မနက်ဆယ်နာရီဝန်းကျင် ၊ ဟိန်းလုံပလာဇာတွင်။ ကူရိရန်က လည်သာကုတ်နှင့် ဘွတ်ခြေနင်းစီးထားပြီး လက်ထဲတွင် ပစ္စည်း တစ်ချို့ ကိုင်ဆောင်ထားကာ လင်းရီ ရောက်လာမည်ကို စောင့်ဆိုင်းလို့နေသည်။

နှစ်ယောက်မှာ မနေ့ညတုန်းက ဖုန်းထဲတွင် လီရှန်းဟွေ့ထံသို့ အတူသွားတွေ့ဖို့ စီစဉ်ထားကြသဖြင့် ကူရိရန်က စောစီး ထွက်လာခဲ့ကာ အားဖြည့်စာ တစ်ချို့ ဝယ်ယူပြီး စောင့်ဆိုင်းနေခဲ့၏။

နှစ်သစ်ကူးကလည်း အလျင်အမြန် နီးကပ်လာနေသဖြင့် လက်ဗလာနှင့် သွားတွေ့ဖို့က မသင့်လျော်ပေ။

“ ဟေး အလှလေး … တစ်ယောက်ယောက်ကို စောင့်နေတာလား ….”

ကူရိရန် လင်းရိကို စောင့်ဆိုင်းရင်း ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေစဉ်မှာပဲ အဖြူရောင် မာစီးတီး ကားတစ်စင်းက သူမရှေ့တွင် ထိုးရပ်လာခဲ့သည်။ ကားပြတင်းပေါက်မှန်က အောက်သို့ ဖြည်းညင်းစွာ ကျဆင်းလာပြီး လူငယ်လေးတစ်ဦး၏ မျက်နှာက ထွက်ပေါ်လာသည်။

“ သွားစရာရှိတယ်ဆိုရင် လမ်းကြုံ လိုက်ပို့ပေးလို့ရတယ်နော်….”

ကူရိရန် မျက်မှောင်ကြုတ်သွားခဲ့ပြီး ရွံရှာသည့် အကြည့်မျိုး ပေးလိုက်၏။

“ ထွက်သွားစမ်း ….”

လူငယ်လေးက အံ့အားသင့်သွားခဲ့၏။ ကူရိရန်က ဤမျှ ဒေါသကြီးပြီး သူ့ကို ကျိန်ဆဲလာမည်လို့ မျှော်လင့်မထားခဲ့ပါချေ။

“ အလှလေး … စိတ်မဆိုးပါနဲ့ … ငါ့ဘက်က မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိပါဘူး … ဒီတိုင်း မင်းနဲ့ ခင်မင်ချင်ရုံပါပဲ …”

ကူရိရန် လက်ထဲရှိ ပစ္စည်းများကို အောက်သို့ချလိုက်ပြီး သူမ အိတ်ထောင်ထဲက အိုင်ဒီကို ထုတ်လိုက်သည်။

“ ဒါဆိုလည်း ပြောကြည့်ကြည့် … ငါနဲ့ ရင်းနှီးချင်သေးလား ….”

ကူရိရန်၏ အထောက်အထားကို သိလိုက်ရတော့ လူငယ်လေးက အံ့အားသင့်သွားခဲ့သည်။ သူမကို ရဲအရာရှိ တစ်ဦး ဖြစ်နေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။

“ အို … ဒီလောက်ဒေါသကြီးနေတာ မဆန်းတော့ပါဘူး … လက်စသတ်တော့ မင်းက ရဲမေကိုး …..”

လူငယ်လေးက ကြောက်ရွံ့သွားခြင်း မရှိဘဲ ထိုအစား ကားပြတင်းပေါက်သို့ မှီ၍ ကူရိရန်ကို သေချာကြည့်ရင်း ရယ်မောနေသည်။

“ ဒီကတ် ထုတ်ပြလိုက်တာနဲ့ ငါ့ကို ကြောက်သွားမယ်များ ထင်နေလား … ငါ ဘာမှားယွင်းတာမှ လုပ်ထားတဲ့ကောင် မဟုတ်ဘူး … ဒီတိုင်း မင်းလေးနဲ့ ရင်းနှီးချင်မိတာက အပြစ်ရှိတယ်ဆိုရင် ကိုယ် ထောင်အကျခံလိုက်ပါမယ် ….”

ကူရိရန်မှာ ပို၍ပင် စက်ဆုပ်ရွံရှာသည့် မျက်နှာပေးမျိုးနှင့် ဖြစ်သွားခဲ့သည်။

သူ ပြောသည့်အတိုင်း သူ့ဘက်က မည်သည့် ဥပဒေကိုမျှ မကျူးလွန်ထားသဖြင့် သူမလည်း ဘာမျှ မတတ်နိုင်ပေ။

တီ တီ …

ထိုအချိန်မှာပဲ လင်းရီသည် La Voiture Noire ကို‌ မောင်းနှင်လာပြီး မာစီတီးအနောက်တွင် ရပ်တန့်ရင်း ကားဟွန်းတီးလိုက်၏။

လူငယ်လေးက နောက်လှည့်ပြီး ကျိန်ဆဲတော့မည့် အချိန်မှာပဲ သူ့ကားနောက်ရှိ La Voiture Noire ကို မြင်တွေ့သွားခဲ့တော့ ခြေထောက်များ ပျော့ခွေသွားလုမတတ် ကြောက်ရွံ့သွားခဲ့တော့သည်။

ကားတန်ကြေး ဘယ်လောက်ရှိလဲ သူ မသိသော်လည်း အမြင်ဖမ်းစားနိုင်လွန်းလှသည့် သွင်ပြင်နှင့် ဘူဂတီက ၎င်း၏ တန်ဖိုးကို အလိုအလျောက် ပေါ်လွင်နေစေသည်။

တစ်သန်းကျော်မျှသာ တန်ကြေးရှိသည့် သူ၏ မာစီးတီးလေးက ထိုကား၏ တာယာတစ်လုံးကိုပင် တတ်နိုင်မှာ မဟုတ်ချေ။

“ ဆောရီးဗျ ဆောရီး … ကျွန်တော် အခုပဲ ဖယ်ပေးပါ့မယ် …”

လူငယ်လေးက ကားကို အလျင်အမြန် စက်နှိုးပြီး လင်းရီအတွက် နေရာဖယ်ပေးလိုက်သည်။

လင်းရီ ရှေ့သို့ အနည်းငယ် မောင်းလာခဲ့ပြီး ကူရိရန်ရှေ့တွင် ကားရပ်တန့်ကာ မှန်ပြတင်းပေါက်ချပြီး ပြောလိုက်၏။

“ ကားထဲဝင် ….”

လင်းရီကို မြင်တော့ ကူရိရန် အံ့အားသင့်သွားခဲ့၏။

“ အစ်ကိုရီ … ရှင် … ဒီကားက …..”

“ မေးခွန်းတွေ အများကြီး မမေးနဲ့ … ဒီတိုင်း ကားပေါ်တက်ခဲ့ … ဒီမှာ လူတွေ အများကြီးပဲ … ခဏနေ လမ်းပိတ်သွားလိမ့်မယ် …”

“ အိုး အိုး ….”

ကားတန်ကြေး ဘယ်လောက်ရှိလဲ ကူရိရန် မသိသော်လည်း ဈေးမပေါ်မှာကတော့ ကျိန်းသေသည်။ သို့သော် ယခုအချိန်က ထိုအကြောင်းအရာများ မေးမြန်းနေရမည့် အချိန်မဟုတ်သေးပေ။

ကားထဲသို့ ရောက်သည်နှင့် ကူရိရန်က ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်၏။

သူမ ယခင်တုန်းကလည်း ပြိုင်ကားများ စီးဖူး၏။ သို့သော် ဘူဂတီကဲ့သို့ ထည်ဝါလှသည့် အတွင်းပိုင်း အပြင်အဆင်မျိုးကိုတော့ မမြင်ဖူးသေးချေ။

“ ဒီကားက ရှင့်အပိုင်လို့တော့ လာမပြောနဲ့နော်….”

လင်းရီက ချမ်းသာသည့် မိသားစုမှ ဆင်းသက်လာ ဖြစ်မှန်း ကူရိရန် နားလည်ထားသော်လည်း ဤသို့သော ကားကောင်းတစ်စင်းကို ပိုင်ဆိုင်နိုင်ဖို့ကတော့ ဖြစ်နိုင်မည်လို့ မထင်မိပေ။

“ ငါ့ကားပါလို့ ပြောရင်ကော မင်းက ယုံမှာမို့လို့လား …”

“ မယုံပါဘူး …..”

“ အဲ့တာဆို ကားကို ဘယ်သူပိုင်ပိုင် အရေးမကြီးဘူး .. လိုရာခရီးရောက်ရင် ရပြီပဲမလား ….”

“ ဒါပေမယ့် ဒီကားကြည့်ရတာ ဈေးတော်တော်ကြီးမယ့်ပုံပဲ … ကားငှားပေးတဲ့ ကုမ္ပဏီတွေက ဒီလောက်ဈေးကြီးတဲ့ကားမျိုး ငှားပေးဖို့ဆိုတာ တော်ရုံမဖြစ်နိုင်တဲ့ ကိစ္စပဲ ….”

ကူရိရန် ဘေးပတ်ပတ်လည်ကို သိချင်စိတ်ပြင်းပြစွာ လိုက်ကြည့်ရင်း ပြောလိုက်၏။

“ ဘယ်လောက်ရှိမယ်လို့ထင်လဲ … မှန်းကြည့်ကြည့် ….”

ကူရိရန် ခေါင်းယမ်းလိုက်၏။ “ မသိဘူး .. မမှန်းတတ်ဘူး ….”

လင်းရီ လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။ ပြီးနောက် နှစ်ချောင်းဆက်ထောင်ပြလိုက်၏။

“ ၁.၂ သန်းလား … မဖြစ်နိုင်တာ….”ကူရိရန် ပြောလိုက်ပြီး “ ၁၂ သန်းလောက်မှပဲ သင့်လျော်မှာပေါ့ ….”

“ ဟေး ဒါ ဘူဂတီနော်… ဒါကို ၁၂ သန်းက သင့်လျော်တယ်တဲ့လား … နည်းနည်း လေးစားမှု ပေးစမ်းပါဦးဟ ….”

“ ဟမ် ….” ကူရိရန် ကြက်သေသေသွားခဲ့ပြီး “ ဒါဆို … ၂၁ သန်းလား ….”

“ အင်း …….၊ သန်း ၁၂၀ ….”

“ သန်း ၁၂၀ ….”

ဤပမာဏကို ကြားတော့ ကူရိရန် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့တော့သည်။

“ ဒီလောက် ဈေးကြီးတဲ့ကားကို ရှင်ဘယ်လိုများ ရလာခဲ့တာလဲ ….”

ကူရိရန် စိုက်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင် လင်းရီက ပိုပိုပြီး ဆန်းကြယ်လာနေသည်။

“ ကဲရပြီ … ကားကို ဂရုစိုက်နေတာ တော်တော့ …” လင်းရီ ပြောလိုက်ပြီး “ အစ်ကိုလီ ဘယ်နားလဲ နေတာ … ငါ့ကို လမ်းပြ ….”

“ အရင်ဆုံး ကျွန်မ ဦးလေးရဲ့ အိမ်မှာ ရပ်ဖို့လိုတယ် … အစ်ကိုလီရဲ့ အိမ်နဲ့ လမ်းလည်းကြုံတယ်လေ … အချိန်အများကြီး မပေးရပါဘူး ….”

“ ဟမ် …. ယူစရာ တစ်ခုခု ရှိလို့လား ….”

“ အွန်း … သိပ်မကြာခင်တုန်းက ကျွန်မဦးလေး တုန်းပေကနေ ဂျင်ဆင်းတစ်ဖာ ရထားသေးတယ် … အဲ့တာ ကျွန်မကို ပေးမယ်လို့ ကတိပေးထားတာ … အခုချိန်က အစ်ကိုလီအတွက် လိုအပ်နေတဲ့ အချိန်ပဲလေ …”

“ အိုကေ လမ်းပြ ….”

….

စတားစီးတီး ခရိုင် ၊ အဆောက်အဦး အမှတ်၆၊ ယူနစ် ၃ ၊ အခန်း ၁၆၀၂ ။

ဤသည်က ကူရိရန်၏ ဦးလေး နေသည့်အိမ်ပင်။

တိုက်ခန်းက မကြီး၊မသေး။ ၉၀ စတုရန်း မီတာနှင့် အိပ်ခန်းသုံးခန်းပါသည့် တိုက်ခန်း တစ်ခု ဖြစ်သည်။

ဆိုဖာတစ်ဖက်ခြမ်းတွင် သက်လတ်ပိုင်း စုံတွဲ တစ်တွဲက ထိုင်နေသည်။

အမျိုးသားက မျက်ခုံးထူထူ ၊ မျက်လုံးကြီးကြီး ၊ ဆံပင်တိုတိုနှင့် အဖြူရောင်ရှပ်ကို ဝတ်ဆင်ထားပြီး လူကြီးလူကောင်း တစ်ဦး၏ ရုပ်သွင်ရှိသည်။

သူ့ဘေးတွင်တော့ သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး ထိုင်နေပြီး သူမ၏ အသက်က ပိုကြီးသော်လည်း ကြင်နာတတ်သည့် မျက်နှာပေါက်မျိုး ပိုင်ဆိုင်ထားသည်။

အနှီ သက်လတ်ပိုင်း စုံတွဲက ကူရိရန်၏ ဦးလေးနှင့် အဒေါ်ဖြစ်သူ ကူကျင်းရှန်းနှင့် လီချောင်ဟုန်တို့ပင်။

“ ရပြီ လောင်ကူ … ဒီအတိုင်းပဲ လုပ်ကြမယ် … နှစ်သစ်ကူး အားလပ်ရက်ရတုန်း နှစ်ဖက်မိသားစုတွေ အပြင်အတူ ထွက်ကြမယ် … မင်း ဘာမှ မပြောနဲ့တော့ ….”

ဆိုဖာတစ်ဖက်တွင် ထိုင်နေသည့် သက်လတ်ပိုင်း အမျိုးသားက ပြောဆိုလိုက်သည်။

All Chapters