← Chapters

ကားက ဈေးကြီးလောက်မှာပဲ

Vol. 162 Ch. 2345

ကားက ဈေးကြီးလောက်မှာပဲ

Vol. 162 Ch. 2345

ထိုစကား ပြောလိုက်သူ၏ နာမည်က လီရှင်းချင်းဖြစ်ပြီး ကူကျင်းရှန်းတို့ ကျောင်း၏ ကျောင်းအုပ်ကြီးပင်။

ထို့ပြင် သူက ဒါရိုက်တာလည်း ဖြစ်သဖြင့် သူတို့နှစ်ဦးကြားတွင် အထက်လူကြီးနှင့် အောက်လက်ငယ်သား ဆက်ဆံရေးမျိုးက ကျိန်းသေပေါက် ရှိနေသည်။

လီရှင်းချင်း ဘေးတွင် ဇနီးဖြစ်သူ သက်လတ်ပိုင်း အမျိုးသမီး၊ ဟော်ဖျင်ဖျင်နှင့် နှစ်ဆယ်ကျော် ဝန်းကျင် လူငယ်လေး၊ သားဖြစ်သူ လီပေါ်တို့ ရှိနေကြသည်။

“ အဲ့တာကတော့ ငါတို့ ဘယ်လိုလုပ် စီစဉ်လို့ရမှာ … ရိရန် ဘယ်လို စီစဉ်မလဲ ကြည့်ရဦးမယ်လေ …” ကူကျင်းရှန်းက ပြောလိုက်ပြီး “ သူ ဒီညကျရင် ယွီဟန်ကို နှစ်သစ်ကူး သွားဖို့ ရှိတယ် … အလုပ်က ဘယ်အချိန်ပြန်လာမလဲ မသေချာသေးဘူး ….”

“ ဒါ ထွေထူး ကိစ္စကြီးမှ မဟုတ်ဘဲ ….” လီရှင်းချင်းက ပြောလိုက်ပြီး “ ယွီဟန်က ကျိုးဟိုင်နဲ့ ဝေးတာမှ မဟုတ်တာ … တစ်နာရီ ၊ နှစ်နာရီမောင်းလိုက်ရင် ရောက်ပြီ … အသွားအပြန်လုပ်ဖို့ အဆင်မပြေဘူးဆိုရင် ငါ့သားကို ကြိုခိုင်းလိုက်မယ် …”

“ ဒါက …. ငါ သူ့ကို ဘယ်အချိန် အဆင်ပြေမလဲ မေးကြည့်ပြီး စီစဉ်လိုက်မယ် …”

ဤမိသားစု ဘာကြောင့် ရောက်လာလဲဆိုတာကို ကူကျင်းရှန်း ကောင်းကောင်းကြီး သိသည်။ သူတို့တွေက ကလေးနှစ်ယောက်ကို တွဲဖက်ပေးလိုနေကြခြင်းပင်။

သို့သော် ကူရိရန်က သူမ ဘလိုင်းဒိတ်မလုပ်ချင်ကြောင်း သေချာရှင်းလင်းစွာ ပြေထားပြီး ဖြစ်နေသည်။ ထို့ကြောင့် သူ့တစ်ဦးတည်း ဆန္ဒအရ စီစဉ်ပေးဖို့က မည်သို့မျှ မစွမ်းသာဘဲ ဖြစ်နေတော့၏။

သို့ပေမယ့်လည်း လီရှင်းချင်းက သူ့အထက် လူကြီး ဖြစ်နေသဖြင့် ပွင့်ပွင့်လင်းလင်း ပြောပြီး ငြင်းဆန်ဖို့ကလည်း အဆင်မပြေပြန်ပေ။ ထို့ကြောင့် သဘောတူရုံမျှသာ တတ်နိုင်တော့၏။ မည်သို့စီစဉ်ရမလဲဆိုတာကတော့ နောက်ပိုင်း ကိစ္စပင်။

“ ဘာကို မေးနေတာ … မင်းပြောတော့ ခဏနေ ကူရိရန် ပြန်လာမယ်ဆို … သူ ပြန်လာတဲ့အချိန် ဒီကိစ္စ ဆွေးနွေးပြီး စီစဉ်လိုက်ရင် အဆင်ပြေသွားပြီပဲ မဟုတ်ဘူးလား … “

“ အာ …. ဟုတ်ပြီလေ …”

ကူကျင်းရှန်း တွန့်ဆုတ်စွာ သဘောတူလိုက်ပြီး စိတ်ထဲတွင်တော့ အနည်းငယ် စိုးရိမ်ပူပန်နေမိ၏။

သူ့တူမလေးက အတော်လေး ဆွဲဆောင်မှု ရှိသော်လည်း အကျင့်ကတော့ ဆတ်သည်။ အကယ်၍ သူသာ သူမအတွက် ဘလိုင်းဒိတ် စီစဉ်ပေးထားမှန်း သိပါက ဦးလေးဖြစ်သူကိုပင် ရန်ပြန်တွေ့လာနိုင်သည်။

ဘေးတွင် ထိုင်နေသည့် လီချောင်ဟုန်က ခင်ပွန်းဖြစ်သူ ဘေးကြပ်နံကြပ် ဖြစ်နေသည်ကို ခံစားမိတော့ စကားဝင်ပြောလိုက်၏။

“ အရင်နှစ်တွေတုန်းက ရိရန်လေး ပြန်လာတော့ သူ့ကျောင်းက အတန်းဖော်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ အများကြီး လာတွေ့ကြတယ်လေ … ဒီနှစ်လည်း ဘယ်လိုတွေ စီစဉ်ထားမှန်း မသိတာ ….”

လီချောင်ဟုန်က ဤကိစ္စကို မရေရာကြောင်း သွယ်ဝိုက်ပြီး အသိပေးနေခြင်းပင်။

အရွယ်ရောက်ပြီးသူတို့၏ လောကတွင် တိုက်ရိုက် သဘောတူဖို့ ကျရှုံးခြင်းက ငြင်းပယ်ခြင်းမည်သည်။

“ အတန်းဖော်တွေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လျှောက်လည်ဖို့က အချိန်တွေ အများကြီး ရှိတယ် … ငါ့ဘက်က သူတို့နှစ်ယောက် အားလပ်ရက်မှာ တောင်တက်ပြီး ရေပူစမ်းသွားဖို့ ဘွတ်ကင်တောင် လုပ်ထားပြီးသား … ဘယ်လိုနေလဲ … ငါစီစဉ်ထားတာတွေ မိုက်တယ်မလား ….” လီရှင်းချင်းက ပြောလိုက်သည်။

“ ဒါဆိုလည်း ရိရန် ပြန်လာတာကို စောင့်ကြတာပေါ့ … ပြီးရင် ငါ သူနဲ့ စကားပြောလိုက်မယ် …”

“ အဲ့လိုလုပ်စမ်းပါ လောင်ကူရာ …” လီရှင်းချင်းက ပြောလိုက်ပြီး “ ငါတို့လီပေါ်လေးက ဘဏ္ဍာရေး ဗျူရိုမှာ လက်ထောက်ခေါင်းဆောင် ရာထူးနဲ့ အလုပ်လုပ်နေပြီ …. မင်းတို့ ရိရန်လေးကလည်း အတော် မဆိုးဘူး… နှစ်ယောက်ကို ပိုပြီး ထိတွေ့ခိုင်းစမ်းပါ … ငါတို့မိသားစုချင်း ဒီလောက်ရင်းနှီးနေတာကို ကလေးတွေက သူစိမ်းဖြစ်နေလို့ ဘယ်သင့်လျော်မှာလဲ ဟုတ်တယ်မလား ….”

ကူကျင်းရှန်းနှင့် လီချောင်ဟုန်တို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ သူတို့တွင် ပြောရေးဆိုခွင့်ကလည်း အနည်းငယ်မျှသာ ရှိသဖြင့် ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။

ကူရိရန်က သူတို့၏ တူမ ဖြစ်၏။ ဘလိုင်းဒိတ်အတွက်ဆိုလျှင်ပင် သူမ၏ မိဘများကိုတော့ အသိပေးဖို့လိုသည်။ ဤကိစ္စကို တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်ဖို့က မသင့်ပေ။

ထို့ပြင် ကူရိရန် အရင်ကလည်း အိမ်ထောင်ပြုမည့် ကိစ္စကို မစဉ်းစားသေးကြောင်း ပြောပြခဲ့ဖူး၏။ သို့သော် ယခု သူတို့က အသိမပေး၊ ဘာမပေးနှင့် ဘလိုင်းဒိတ် စီစဉ်ပေးမိလိုက်သည်။

ကူရိရန်ပြန်လာချိန်၌ သူ ဘယ်ကစပြီး ရှင်းပြရမှန်းပင် မသိတော့ချေ။

တစ်ဘက်ကလည်း သူ့အလုပ်တွင် ရာထူးအကြီးဆုံး အထက်လူကြီး တစ်ဦး ဖြစ်နေသဖြင့် ပွင့်ပွင့်လင်းလင်း ပြောပြပြီး ငြင်းဆန်ဖို့ကလည်း အတော်လေး အခက်တွေ့ရသည်။

“ ဟုတ်သား … မင်း စောနက ပြောတာ ရိရန်လေးက သူ့ လုပ်ဖော်ကိုင်ဖက်ရဲ့ အိမ်ကို သွားလည်မယ်မလို့လား … အတော်ပဲ … ငါတို့ လီပေါ်လေးကို မောင်းပို့ပေးခိုင်းလိုက်ပေါ့ ….”

“ အခုလေးတင်ပဲ သူ့လုပ်ဖော်ကိုင်ဖက်နဲ့ အတူ အိမ်ကို လာနေပြီ ပြောတယ် … သူတို့တွေ ကားအတူ စီးလာကြလောက်တယ် ….”

“ အိုး … ဆိုတော့ လုပ်ဖော်ကိုင်ဖက်ရဲ့ ကားနဲ့ အတူစီးလာတာပေါ့ …”

လီရှင်းချင်း ကြည့်ရသည်မှာ စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားခဲ့ဟန်ရပြီး “ လုပ်ဖော်ကိုင်ဖက်က မိန်းကလေးလား ၊ ယောက်ျားလေးလား ….”

“ အဲ့တာတော့ ငါလည်း ဘယ်သိမှာ … သူတို့ရုံးမှာက ယောက်ျားလေးရော ၊ မိန်းကလေးရော ရှိတာပဲလေ … ဘယ်သူနဲ့ အတူလာနေလဲ ဘယ်ပြောလို့ရမှာ ….”

ကူရိရန်က ပွင့်လင်းသည့် အကျင့်စရိုက် ရှိသဖြင့် အမျိုးသား လုပ်ဖော်ကိုင်ဖက် တော်တော်များများနှင့်လည်း ရင်းနှီးသည်။

ကလင် ကလင် ကလင် …

ထိုအချိန်မှာပဲ ကူကျင်းရှန်း၏ ဖုန်းက အသံမြည်လာခဲ့၏။ ကူရိရန်က ဆက်သွယ်လာခဲ့ခြင်းပင်။

“ ဦးလေး … ကျွန်မ တံခါးဝရှေ့ ရောက်တော့မယ် … တက်လာရင် နည်းနည်းနောက်ကျသွားမှာမို့လို့ အောက်ကို လာပို့ပေးလို့ ရမလားဟင် ဟီးဟီး ….”

“ ဒါပေါ့ ဒါပေါ့ … ဦးလေး အခုပဲ လာပို့ပေးမယ် ….”

“ ဟီးဟီး … ကျေးဇူးနော် ဦးလေး … ကျွန်မ နောက်တစ်ခါ လာလည်ရင် အဖေ့ကိုယ်တိုင် စိမ်ထားတဲ့ နှစ်ချို့ အရက် ယူလာပေးမယ် ….”

“ အဆိုးမလေးကတော့ …” ကူကျင်းရှန်း ရယ်မောရင်း ခွန်းတုံ့ပြန်လိုက်ပြီး “ ဦးလေးကို အောက်မှာ စောင့်နေလိုက်တော့ ….”

ဖုန်းချပြီးနောက် အကုန်လုံး၏ အကြည့်များက ကူကျင်းရှန်းထံသို့ ကျရောက်လာသည်။

“ ဘာဖြစ်တာလဲတဲ့ … ရိရန်က ပြန်လာနေပြီလား ….”

“ သူပြောတာ သူအလျင်လိုနေလို့ ပစ္စည်းကို အောက်လာပို့ပေးပါတဲ့ ….”

“ ဒါဆိုလည်း အခုပဲ သွားစို့လေ … သူ့ခေါင်းဆောင်ဆီ သွားတွေ့မှာမလား …. ကြန့်ကြာနေလို့ ဘယ်ဖြစ်မှာ ….”

“ အတော်ပဲ … ငါတို့လည်း လိုက်ခဲ့မယ် …ကူရိရန်ကို ကြည့်ရင်းပေါ့ ….”

“ နည်းနည်းလောက် ထိုင်ပြီး နေ့လည်စာ စားပါဦးလား ….”

ကူကျင်းရှန်းက ယဉ်ကျေးစွာ ပြောလိုက်၏။

“ နေ့လည်ကျ တစ်ခြား ကိစ္စလေးတွေ ရှိသေးတာ … နောက်တစ်နေ့ ရိရန်လာတော့မှပဲ အတူလက်ဆုံစားကြတာပေါ့ ….”

“ အဲ့လိုလည်း ရတယ်လေ … အလုပ်များနေတယ်ဆိုတော့လည်း ဘယ်တတ်နိုင်မှာ ….”

“ အချင်းချင်းတွေကို ယဉ်ကျေးနေဖို့ မလိုပါဘူး ….”

အလျင်အမြန် ပြင်ဆင်ပြီးနောက် ကူကျင်းရှန်းက ပစ္စည်းများ သယ်ဆောင်လျက် အောက်ထပ်သို့ ဆင်းလာသည်။ အခြားသူများကလည်း နောက်က လိုက်လာခဲ့ကြ၏။

ကူရိရန် မရောက်လာသေးတာကို မြင်တော့ သူတို့အချင်းချင်း အောက်ထပ်မှာ သက်တောင့်သက်သာ စကားပြောဆိုနေကြသည်။

“ လောင်ကူ … မင်း ငါတို့ကားကို ကြည့်စမ်း … မိုက်တယ်မလား …. အပြင်ကို မောင်းသွားရင် လုံးဝ မျက်နှာမငယ်စေရဘူး …” လီရှင်းချင်းက သူ၏ BMW 5 ကို လက်ညွှန်းထိုးပြီး ပြောလိုက်သည်။

“ အင်း … ကားက ခြောက်သိန်းကျော်တောင် ပေးရတာ ဘယ်လိုလုပ် မျက်နှာငယ်ရမှာတုန်းကွာ …” ကူကျင်းရှန်းက ပြုံးလျက် ပြန်ပြောလိုက်၏။

သူတို့မိသားစုလည်း ကားတစ်စီးပိုင်သည်။ သို့သော် တစ်သိန်းကျော်မျှသာ ပေးရသည့် Mustang ဖြစ်၏။ BMW 5 စီးရီးနှင့်တော့ သွားယှဉ်၍မရပေ။

လီရှင်းချင်းမှာ အနည်းငယ် ဂုဏ်ဆာနေမိ၏။ ဤကားကို ဝယ်ယူမိခဲ့သည်က အင်မတန် သင့်လျော်သည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း ခံစားနေရသည်။ အနည်းဆုံးတော့ သူ့ကားက အတော်လေး မျက်နှာရစေသည်။

လီမိသားစု၏ လက်ရှိအခြေအနေဖြင့် ဆိုပါက အိမ်ထောင်ပြုပြီး နှစ်ဘက် မိသားစုတွေ ဖြစ်လာစေဖို့ လုံလောက်သည်ထက်ပင် ပိုနေပြီး ဖြစ်သည်။

ထိုအချိန်မှာပဲ သူတို့တွေ ရုတ်တရက်ဆိုသလို ကျယ်လောင်ပြီး နားဝင်ပီယံရှိသည့် ကားအင်ဂျင်ဟိန်းသံကို ကြားလိုက်ရလေသည်။

အသံလားရာနောက် လိုက်ပါကြည့်ရှုလိုက်တော့ အနက်ရောင် ပြိုင်ကား တစ်စင်းက သူတို့ ရှိရာဘက်သို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။

“ ဘယ်လိုကားတုန်း အဲ့တာ … ကျိန်းသေပေါက် ဈေးကြီးလောက်မယ်မလား ….” လီချင်းရှန်းက အံ့အားတကြီး မေးမြန်းလိုက်မိ၏။

“ အဖေ … အဲ့တာ ဘူဂတီဗျ … ဘယ်မော်ဒယ်လဲတော့ ကျွန်တော်လည်း သေချာမိသဘူး … အနည်းဆုံး သန်း ဆယ်နဲ့ချီ ပေးရလောက်တယ် ….” လီပေါ်က မနာလိုအားကျသည့် လေသံဖြင့် ပြောပြလိုက်၏။

“ တကယ်ကြီး သန်း ဆယ်ချီ ပေးရတယ်ပေါ့ ….”

လီမိသားစု အပါအဝင် ကူကျင်းရှန်းပါ အံ့အားသင့်သွားခဲ့သည်။

ကျိုးဟိုင်က နိုင်ငံထဲ အကြွယ်ဝဆုံး မြို့တစ်မြို့ ဆိုသော်လည်း သူတို့နေထိုင်ရာ ရပ်ကွက်လေးက သာမန်လူတန်းစား ရပ်ကွက်တစ်ခု ဖြစ်၏။ နေထိုင်သူ အများစုကလည်း လူလတ်တန်းစားများပင်။

BMW သို့မဟုတ် AUDI မောင်းသူများပင် မြင်ခဲလှပေရာ ယနေ့လို ဈေးကြီးသည့် ပြိုင်ကားမောင်းနိုင်သူများဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။

“ အဲ့လိုကားမျိုး မောင်းနိုင်တဲ့ကောင်တွေကလည်း ကျိန်းသေပေါက် ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသားတွေပဲ ဖြစ်မှာ … သာမန်လူတွေ လက်လှမ်းမီဖို့ကတော့ အဝေးကြီးပဲ … " လီရှင်းချင်း ပြောလိုက်၏။

နှစ်ဖက်မိသားစုက စောင့်ကြည့်နေစဉ်မှာပဲ ပြိုင်ကားအနက်လေးက သူတို့ရှေ့ ရပ်တန့်လာတာကို အမှတ်မထင် မြင်တွေ့လိုက်ရသည်။

ကနေဦးတုန်းကတော့ ကူရိရန် အပြင်ထွက်ဖို့ မစီစဉ်ထားပေ။ သို့သော် သူ့အန်ကယ်နှင့် မိတ်ဆွေများက အတူ ရပ်စောင့်နေကြတာကို မြင်တော့ အပြင်မထွက်ဘဲ ပစ္စည်းလက်ခံလျှင် ရိုင်းပြလွန်းရာ ကျသွားနိုင်သည်။ ထို့ကြောင့် ကားတံခါးဖွင့်ပြီး အပြင်သို့ ထွက်လာခဲ့လိုက်၏။

အဆိုပါက ပြိုင်ကားထဲက ကူရိရန် ထွက်လာတာကိုမြင်တော့ လူတိုင်း သရဲသဘက် မြင်တွေ့လိုက်ရသည့်နှယ် မျက်လုံးတွေ ပြူးကုန်ကြသည်။

“ ရိရန် … ဒါ ငါတို့ကျောင်းရဲ့ ဒုကျောင်းအုပ်ကြီးလေ … ဦးလေးလီလို့ နှုတ်ဆက်လိုက်ဦး …. ” ကူကျင်းရှန်းက မိတ်ဆက်ပေးလိုက်၏။

“ ဟယ်လို ဦးလေးလီ ….” ကူရိရန်က ခေါင်းညိတ်ပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ ထို့ထက် ရှည်ရှည်ဝေးဝေး စကားမပြောခဲ့ပေ။

လီရှင်းချင်းမှာ အနည်းငယ် ကိုးရို့ကားယား နိုင်စွာ ခေါင်းညိတ်ပြလိုက်ရင်း သူ့အကြည့်တို့က လင်းရီထံမှာပဲ စွဲမြဲနေသည်။

ဒရိုင်ဘာက မည်သူလဲဆိုတာကို သူ အတော်လေး သိချင်နေမိ၏။

“ ဦးလေး … ပစ္စည်းရော … ကျွန်မ အလျင်လိုနေလို့ အခု သွားရတော့မှာ ….”

“ ဒီမှာပဲ ….”

ကူကျင်းရှန်းက ဂျင်ဆင်းသေတ္တာကို ကူရိရန် လက်ထဲ ထည့်ပေးလိုက်သည်။

“ ဦးလေး … ကျွန်မ သွားပြီနော် … နောက်မှ ပြန်လာခဲ့တော့မယ် …”

ပစ္စည်းလက်ထဲ ရောက်သည်နှင့် ကူရိရန် ချက်ချင်းပဲ ထွက်သွားဖို့ ဟန်ပြင်လိုက်သည်။

“ ဟေး ဟေး ခဏလေး …”

ကူကျင်းရှန်းက ကူရိရန်ကို ဘေးသို့ ဆွဲခေါ်သွားပြီး တိုးတိုးတိတ်တိတ် မေးလိုက်သည်။

“ ကားမောင်းလာတဲ့လူက ဘယ်သူတုန်း ….”

“ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်လေ ….” ကူရိရန်က ဖြစ်သင့်သည့် ကိစ္စရပ်နှယ် ပြန်ဖြေလိုက်၏။

“ မင်းရဲ့ လုပ်ဖော်ကိုင်ဖက် ဟုတ်လား ….”

ကူကျင်းရှန်း မယုံကြည်သည်မှာ အသိသာကြီးပင်။ “ ဒီကားက အတော်လေး ဈေးကြီးရောပေါ့ …..”

“ သန်း ၁၂၀ တောင် ပေးရပါတယ်ဆို ဘယ်လိုလုပ် ဈေးပေါမှာလဲ ဦးလေးရယ် ….”

စာစဉ် (၁၆၂) ပြီး၏။

All Chapters