← Chapters

အခန်း (၆၅-၆၆)

Vol. 6 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 6 Ch. 65-66

အခန်း (၆၅) ငါတို့ တိုက်ပွဲဝင်ရင်း အထက်သို့ တက်လှမ်းကြမည်

**မျောက်ခေါင်းဂိုဏ်း အခြေစိုက်စခန်း**

ယွမ်အာသည် သတင်းပို့သူကို တုန်လှုပ်ချောက်ချားစွာဖြင့် စိုက်ကြည့်နေမိသည်။ သူ၏ မျက်ဝန်းအစုံ၌ ဒေါသရိပ်တို့ လွှမ်းမိုးလျက် ရှိ၏။

“မင်း ဘာပြောလိုက်တယ်… ငါ့ကို မျောက်အလောင်းတွေ အပ်ခိုင်းတယ် ဟုတ်လား။ အဲ့ဒါကို… အဲ့ဒါကို ဟိုစက်မှုအလုပ်ရုံဆီ ပေးရမယ်လို့ ပြောတာလား”

သူသည် အလွန်အမင်း ဒေါသထွက်နေသဖြင့် ဆံပင်များပင် ထောင်ထနေပြီး မျက်လုံးအစုံမှာ သွေးရောင်လွှမ်းနေလေသည်။ သူ၏ ဟိန်းဟောက်သံမှာ ရှေ့မှလူကို ဝါးမျိုပစ်တော့မည့်အလား ထင်မှတ်ရပေသည်။

သတင်းပို့လာသူမှာမူ တည်ငြိမ်လျက်ပင် ရှိပြီး မျက်နှာအမူအရာ တစ်ချက်မျှ ပျက်ယွင်းခြင်း မရှိပေ။

“ဒါက အကြီးအကဲ ဖေးစီရဲ့ အမိန့်ပဲ။ မင်းတို့ မျောက်ခေါင်းဂိုဏ်းက အကြီးအကဲကို အရမ်း စိတ်ပျက်အောင် လုပ်ခဲ့ပြီးပြီ။ ဝိညာဉ်အိမ်မွေးမျောက်တွေ ဒီလောက် အများကြီး သေကုန်တာကို မင်းတို့က အကြီးအကဲရဲ့ မျှော်လင့်ချက်တွေကို ဘယ်လိုများ တာဝန်ယူနိုင်မှာလဲ”

“ဒါ့ထက် ဒီမျောက်အလောင်းတွေကို ကောင်းကောင်း အသုံးချပြီး စက်မှုမျောက်တွေ ပိုထုတ်နိုင်ရင် ပိုကောင်းလိမ့်မယ်”

“ဒီနှစ် မီးလျှံတောင်တန်းပွဲတော်က ထူးခြားတယ်။ မြို့စားမင်းကိုယ်တိုင် အနီးကပ် စောင့်ကြည့်နေတာ။ မင်းအနေနဲ့ အများအကျိုးကို ရှေ့တန်းတင်ပြီး စဉ်းစားသင့်တယ်”

‘အများအကျိုး’ ဟူသော စကားရပ်ကြောင့် ယွမ်အာ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားတော့သည်။ သူသည် သွားကို တင်းတင်းကြိတ်လျက်—

“ငါ… ငါ ဒါကို သေချာစဉ်းစားဖို့ လိုသေးတယ်…”

သတင်းပို့သူက စကားကို ဖြတ်ပြောလိုက်၏။

“မင်း စဉ်းစားနေဖို့ မလိုဘူး၊ အမိန့်အတိုင်း လုပ်ရုံပဲ။ ဒါက အမိန့်ပဲ”

ထို့နောက် သူသည် အနီးအနားတွင် ကျားတစ်ကောင်ကဲ့သို့ ဝပ်စင်းနေသော ယွမ်တာရှန့်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများကို အနည်းငယ် မှေးစပြုရင်း လေသံကို လျှော့ကာ ဆိုပြန်သည်။

“ဒါပေမဲ့ မင်းတို့ရဲ့ အခက်အခဲကိုလည်း ငါ နားလည်ပါတယ်။ ဒါကို လက်ခံနိုင်ဖို့ အချိန်အနည်းငယ်တော့ ပေးပါ့မယ်။ ငါ တံခါးဝမှာ စောင့်နေမယ်။ ဒီတစ်ခါတော့ လက်ဗလာနဲ့ ပြန်သွားမှာ မဟုတ်ဘူး။ မင်း မြန်မြန် စိတ်ကို ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်တယ်”

သတင်းပို့သူ ထွက်ခွာသွားပြီး တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ယွမ်အာသည် ဒေါသကို မထိန်းနိုင်တော့ဘဲ လက်လှမ်းမီရာ အရာမှန်သမျှကို မြေပြင်ပေါ်သို့ ပစ်ပေါက်ခွဲခြေတော့သည်။

ကျကွဲသံများမှာ အဆက်မပြတ် ပေါ်ထွက်နေပြီး အပြင်ဘက်ရှိ သတင်းပို့သူ၏ နားထဲသို့ တိုးဝင်လာရာ ထိုသူက အေးစက်စွာ တစ်ချက်နှာခေါင်းရှုံ့လိုက်လေသည်။

“ဒါက လွန်လွန်းတယ်၊ တကယ်ကို လွန်လွန်းတယ်!”

ယွမ်အာက ဟိန်းဟောက်လေသည်။

“ဒါတွေ အားလုံးက ဟိုစက်မှုအလုပ်ရုံရဲ့ လက်ချက်ပဲ သူတို့က တောရိုင်းမျောက်တွေကို အမြောက်အမြား ဝယ်ယူနေတာ။ သူတို့က ဆုကြေးအမြောက်အမြားပေးပြီး မိစ္ဆာကျင့်ကြံသူတွေကို မြှူဆွယ်ကာ ငါတို့ရဲ့ ဝိညာဉ်အိမ်မွေးမျောက်တွေကို တိုက်ခိုက်ခိုင်းနေတာ။ ငါ့ကို လုပ်ကြံဖို့ ကြိုးစားတာလည်း သူတို့ပဲ”

“သူတို့က မီးလျှံသီး ရိတ်သိမ်းတဲ့ လုပ်ငန်းကို မျက်စိကျနေတာ။ ငါတို့ မျောက်ခေါင်းဂိုဏ်းကို အမြစ်ပြတ်အောင် လုပ်ချင်နေတာပဲ”

ယွမ်အာ၏ ဟိန်းဟောက်သံမှာ တဖြည်းဖြည်းနှင့် ငိုညည်းသံအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ယွမ်တာရှန့်မှာမူ တစ်လျှောက်လုံး တည်ငြိမ်လျက် ရှိပေသည်။

ယွမ်အာကို လုပ်ကြံရန် ကြိုးပမ်းသည့် အချိန်မှစ၍ သူသည် ယွမ်အာနှင့်အတူ နေထိုင်ခဲ့သည်။ မိမိ၏ ဝိညာဉ်ကို ထုတ်ယူကာ ချုပ်နှောင်ခြင်း မခံရစေရန်အတွက် သူသည် မိမိ၏ ဝိညာဉ်ကို အခါအားလျော်စွာ မိမိဘာသာ ပြန်လည် ဒဏ်ရာရအောင် ပြုလုပ်ခြင်းဖြင့် ဝိညာဉ်ချုပ်နှောင်ခြင်း အစီအရင်မှ ရှောင်ရှားနေခဲ့သည်။

သူ့ရှေ့မှ ယွမ်အာကို ကြည့်ရင်း ယွမ်တာရှန့်သည် အတိတ်ကို ပြန်လည် သတိရသွားမိသည်။ ယွမ်ယီသည် တစ်ချိန်က ခြုံခိုတိုက်ခိုက်ခြင်း ခံရကာ အပြင်းအထန် ဒဏ်ရာရခဲ့ဖူးသည်။

ထိုစဉ်က တိုက်ခိုက်သူသည် သူ၏အမည်ကို အထင်အရှား ပြောကြားခဲ့ရုံမျှမက—

“မင်းက တောင်းစားတဲ့သူ တစ်ယောက်ပဲ၊ ငါတို့မျိုးနွယ်စုရဲ့ သခင်မလေးကို လက်ထပ်ချင်တယ် ဟုတ်လား။ ”

“အဲ့ဒီ စိတ်ကူးကို လက်လျှော့လိုက်စမ်းပါ”

“အမှန်အတိုင်း ပြောရရင် မင်းဆီ ငါ့ကို လွှတ်လိုက်တာက သခင်မလေး ကိုယ်တိုင်ပဲ”

“ဒီတစ်ခါကတော့ သင်ခန်းစာပေးတာပဲ။ အိမ်မက်ယောင်မနေနဲ့တော့၊ မင်းကိုယ်မင်း ဘယ်ဘဝကလဲဆိုတာ ပြန်ကြည့်ဦး”

ကုတင်ပေါ်တွင် အသက်ငင်နေသော ယွမ်ယီကို ကြည့်ရင်း ယွမ်တာရှန့်သည် အလွန်အမင်း ဒေါသထွက်ခဲ့ပြီး ရန်သူနှင့် သွားရောက် ရင်ဆိုင်ရန် ကြိုးစားခဲ့သည်။

ယွမ်ယီက သူ့ကို တင်းတင်းကျပ်ကျပ် ဆွဲထားခဲ့၏။

“တာရှန့်… တာရှန့်! စိတ်အေးအေးထားစမ်းပါ”

“ဒေါသထွက်ရုံနဲ့ ဘာမှ ဖြစ်မလာဘူး”

“အဲ့ဒီ သခင်မလေးကို ငါ လက်ထပ်ကို လက်ထပ်ရမယ်။ လက်ထပ်ခြင်းကမှ ငါတို့ဂိုဏ်းကို ခြေကုပ်ရစေမှာ၊ ပြီးတော့ တခြားဂိုဏ်းတွေနဲ့လည်း ပူးပေါင်းနိုင်မှာ”

“ဒါကြောင့် ငါ့ကို ဘယ်လောက်ပဲ အရှက်ခွဲခွဲ၊ ဘယ်လောက်ပဲ ခြုံခိုတိုက်ခိုက်ပါစေ၊ ဘာမှ မဖြစ်ခဲ့သလိုမျိုးပဲ ငါ နေမှာပါ”

ယွမ်တာရှန့်သည် ယွမ်ယီကို စိုက်ကြည့်လျက် ရုန်းထွက်ရန် ကြိုးစားပြီး လက်လှမ်းမီရာကို ဆွဲယူကာ ဒေါသတကြီး ပစ်ပေါက်ခဲ့ဖူးသည်။

သူ၏ ဒေါသအရှိန်ကြောင့် ပတ်ဝန်းကျင် လေထုမှာပင် ကစဉ့်ကလျား ဖြစ်သွားဟန် တူပေသည်။

ယွမ်ယီမှာမူ နံရံကို မှီလျက် အကြာကြီး အသက်ရှူနေရပြီး ပတ်တီးများမှ သွေးများ ပြန်လည် စိမ့်ထွက်လာခဲ့သည်။ သူသည် ယွမ်တာရှန့် အနည်းငယ် စိတ်အေးသွားသည်အထိ သည်းခံစောင့်ဆိုင်းပြီးမှ အနားသို့ ပြန်လာခဲ့၏။

ယွမ်ယီသည် မျောက်ကြီး၏ ပုခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်ပြီး အက်ကွဲသံဖြင့် လေးလေးနက်နက် ဆိုခဲ့သည်။

“တာရှန့်… မင်း ဒေါသထွက်နေတာ ငါ သိပါတယ်။ ငါ အရှက်ခွဲခံရတာကို ကြည့်နေရတာက မင်းကိုယ်တိုင် အရှက်ခွဲခံရတာထက် ပိုပြီး ခံရခက်တယ်ဆိုတာလည်း ငါ နားလည်တယ်”

“ဒါပေမဲ့ ငါ မင်းကို ပြောမယ်…”

“နိမ့်ကျတဲ့ ဇာတ်မြစ်မှာ မွေးဖွားလာတာဟာ ရှက်စရာ မဟုတ်ဘူး။ အလိုက်သင့် ပြောင်းလဲနိုင်စွမ်း ရှိတာမှသာ ယောင်္ကျားကောင်းတို့ရဲ့ အမှတ်အသားပဲ”

“ငါ အဲ့ဒီမိန်းမကို လက်ထပ်ရမယ်။ သူ့အဖေက ငါတို့ မျောက်ခေါင်းဂိုဏ်းနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ထားပြီးပြီ။ ဒါက သူ ဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး”

“ငါတို့ ပြဿနာ ရှာလို့ မဖြစ်ဘူး။ မဟုတ်ရင် အားလုံး ပျက်စီးသွားလိမ့်မယ်”

“ဒါပေမဲ့ ငါ မင်းကို ကတိပေးပါတယ်။ ဒီနေ့ ငါတို့ ခံစားရတဲ့ အရှက်ခွဲမှုကို နောင်တစ်ချိန်မှာ အဆပေါင်းများစွာ ပြန်ပေးဆပ်ခိုင်းရမယ်”

“ငါတို့ ဒါကို ကျော်ဖြတ်ရမယ် တာရှန့်” ယွမ်ယီက မျောက်ကြီး၏ ပုခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်၏။ “ငါတို့ အထက်ကို တက်လှမ်းရမယ်၊ တိုက်ပွဲဝင်ရင်း အထက်ကို တက်လှမ်းကြမယ်။ တစ်နေ့မှာ ငါတို့ဟာ အမြင့်ဆုံး နေရာမှာ ရပ်တည်နိုင်ရမယ်”

ယွမ်ယီ၏ စကားများကြောင့် စိတ်ငြိမ်သွားသော မျောက်ကြီး၏ မျက်နှာမှာ တဖြည်းဖြည်း ပြန်လည် ပြေလျော့သွားပြီး အိုမင်းမောပန်းသည့် အမူအရာ ပေါ်လွင်လာသည်။

သူ၏ မျောက်မျိုးဆက်လေးများမှာ အဆိပ်ခတ် သတ်ဖြတ်ခြင်း ခံခဲ့ရရုံမျှမက၊ ကောင်းမွန်စွာ သင်္ဂြိုဟ်ခြင်းပင် မခံရဘဲ ရန်သူ၏ စက်မှုပစ္စည်းများအတွက် ကုန်ကြမ်းအဖြစ် အသုံးချခံရတော့မည်။

ယွမ်တာရှန့်၏ ရင်ထဲ၌ ဒေါသတရားတို့မှာ တောက်လောင်နေသော်လည်း မျက်နှာမှာမူ တည်ငြိမ်လျက် ရှိပေသည်။

သူသည် ယွမ်အာ ဒေါသတကြီး ပစ်ပေါက်နေသည်ကို တိတ်တဆိတ် ကြည့်နေရင်း တစ်ချိန်က အတူတိုက်ပွဲဝင်ခဲ့ကြသော သူငယ်ချင်းဟောင်းများကို သတိရနေမိသည်။

ဝမ်းနည်းစရာမှာ ထိုသူတို့မှာ ယခုအခါ မရှိတော့ပြီ။

ထို့ကြောင့် မျောက်ကြီး၏ ဒေါသထဲတွင် ဝမ်းနည်းမှုရိပ်တို့ ရောယှက်နေလေသည်။ သူသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ယွမ်အာ၏ အနားသို့ လျှောက်သွားကာ သူ၏ ပုခုံးပေါ်သို့ လက်ကို အသာအယာ တင်လိုက်သည်။

ယွမ်အာမှာ တုန်လှုပ်သွားပြီး ယွမ်တာရှန့်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်သို့ ပြိုလဲကျကာ မျက်ရည်များ စီးကျလာတော့သည်။

“ဦးလေးမျောက်ကြီး”

ချော်ရည်နန်းတော်။

ရုပ်သေးနင်းကျော့သည် အချိန်အတော်ကြာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ နောက်ဆုံးတွင် ယွမ်တာရှန့်သည် မသေမျိုးနန်းတော်သို့ ဝင်ရောက်လာတော့မည် မဟုတ်ကြောင်း သူ ယုံကြည်သွားသည်။

‘အစီအစဉ် အောင်မြင်ပြီ’ ဟု နင်းကျော့ တွေးလိုက်၏။

မိစ္ဆာကျင့်ကြံသူများကို ဆုကြေးများစွာဖြင့် မြှူဆွယ်ကာ မျောက်ခေါင်းဂိုဏ်း၏ မျောက်များကို တိုက်ခိုက်ခိုင်းခြင်း ဖြစ်စေ၊ ယွမ်အာကို လုပ်ကြံရန် ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်ခဲ့ခြင်း ဖြစ်စေ… ယင်းတို့မှာ ယွမ်တာရှန့်ကို ဖိအားပေးရန်အတွက်သာ ဖြစ်ပေသည်။

ယခုမူ အကျိုးသက်ရောက်မှု ရှိပုံရပေသည်။ ယွမ်တာရှန့်သည် မုန်တိုင်း လာတော့မည်ကို သတိပြုမိသွားပြီ ဖြစ်ရာ၊ သူကိုယ်တိုင် ပစ်မှတ်ထားခံနေရချိန်တွင် မသေမျိုးနန်းတော်ကို စူးစမ်းရန် မည်သို့ အာရုံစိုက်နိုင်တော့မည်နည်း။

‘ဒီလိုဆိုရင် အင်အားကြီး အဖွဲ့လေးဖွဲ့ဟာလည်း ယွမ်တာရှန့်ကို အချိန်တိုအတွင်း ရှာတွေ့နိုင်မှာ မဟုတ်ဘူး’

‘တစ်ဖက်မှာလည်း ယွမ်တာရှန့်ဟာ တခြားပြိုင်ဘက်တွေကို သတိမထားမိဘဲ မသေမျိုးနန်းတော်ရဲ့ အခြေအနေကို မှားယွင်းတွက်ချက်မိသွားလိမ့်မယ်’

‘ငါကိုယ်တိုင်လည်း မုန်တိုင်းအလယ်မှာ ရောက်နေတာ မဟုတ်ပါလား’

နတ်ဘုရားမုဆိုးရုံးမှ ကျူးရွှမ်းကျိ ရောက်ရှိလာခြင်းမှာ နင်းကျော့ မျှော်လင့်ထားသည်ထက် များစွာ စောနေခဲ့သည်။

နင်းကျော့ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ဖြစ်သည်။

‘နတ်ဘုရားမုဆိုးရုံးက အဖွဲ့ဝင်တွေ တတ်မြောက်ထားတဲ့ အဓိက ပညာရပ် နှစ်ခုကတော့ နှလုံးသားဖောက်ထွင်းအမြင်နဲ့ အရင်းအမြစ် ရှာဖွေခြင်း ပညာရပ်ပဲ’

နင်းကျော့သာ မသေမျိုးနန်းတော်ကို တိုက်ခိုက်မည်ဆိုပါက အရင်းအမြစ် ရှာဖွေခြင်း ပညာရပ်အောက်တွင် သူ သေချာပေါက် ဖော်ထုတ်ခံရမည်ဖြစ်သည်။

ဤပြဿနာကို ဖြေရှင်းရန်အတွက် နင်းကျော့သည် ရည်ရွယ်ချက်ရှိရှိဖြင့် ချန်ချာနှင့် လူကိုယ်တိုင် ဆက်သွယ်ခဲ့ပြီး စက်မှုမီးလျှံပေါက်ကွဲမျောက်ကိုလည်း ဖော်ပြခဲ့သည်။

ယခုမူ ထိုပြင်ဆင်မှုမှာ ထိရောက်မှု ရှိလာခဲ့ပြီ။

‘ဒါပေမဲ့ ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်မှာလဲ’ ဆိုသည်ကိုမူ နင်းကျော့ မသိပေ။ ဖြစ်တန်ရာသည်မှာ နောက်တစ်ခဏ၌ပင် သူ ဖော်ထုတ် ဖမ်းဆီးခံရနိုင်ပေသည်။

သူသည် အစောကတည်းက စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်သည်။ သူသည် အချိန်နှင့် ပြေးလွှားရင်း ရှေ့သို့သာ ဆက်လက် လျှောက်လှမ်းရပေလိမ့်မည်။

‘အခုတော့ မီးလျှံတောင်တန်းပွဲတော်ကိုပဲ စောင့်ရတော့မှာပေါ့’

...

ကျူးရွှမ်းကျိနှင့် ချီတွန်းတို့သည် ကိုယ်ရောင်ဖျောက်ကာ မှောင်ခိုဈေးကွက်ထဲမှ ထွက်လာကြသည်။

ချီတွန်းမှာ ဇဝေဇဝါ ဖြစ်နေ၏။

“အကြီးအကဲကျူး၊ ဘာတွေ ဖြစ်နေတာလဲ။ အကြီးအကဲရဲ့ ရွှေမျက်စိရှေ့မှာ ဘယ်သူမှ လိမ်လို့မရဘူးလေ။ ဒါပေမဲ့ မကြာသေးခင်က မီးလျှံဓာတ် အမြောက်အမြား ဝယ်ယူထားသူ တစ်ယောက်မှ မရှိဘူး ဖြစ်နေတယ်”

ကျူးရွှမ်းကျိက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အသာအယာ ပြုံးလိုက်သည်။

“တရားခံက တကယ်ကို ကြိုတင်ပြင်ဆင်ထားပုံရတယ်”

“စက်မှုမျောက်တွေကို ကြည့်ခြင်းအားဖြင့် တရားခံဟာ ငါတို့ရုံးရဲ့ အရင်းအမြစ် ရှာဖွေခြင်း ပညာရပ်ကို အထူးသဖြင့် ကြိုတင်ကာကွယ်ထားတာ တွေ့ရတယ်။”

“မသေမျိုးမြို့တော်ထဲက ဘယ်ဈေးကွက်မှာမှ မီးလျှံဓာတ် အမြောက်အမြား ဝယ်တဲ့သူ မရှိဘူးဆိုရင်၊ သူဟာ တခြားတစ်နေရာကနေ အလုံးအရင်းနဲ့ ရထားတာ ဒါမှမဟုတ်ရင် အပိုင်းလိုက် ခွဲဝယ်နေတာ ဖြစ်ရမယ်။”

“ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ သေချာကို ကြိုတင်စီစဉ်ထားတာပဲ”

ချီတွန်းက—

“ဒါဆို ငါတို့ နောက်ထပ် ဘာလုပ်ကြမလဲ” ဟု မေး၏။

ကျူးရွှမ်းကျိက မေးစေ့ကို ပွတ်ရင်း သက်ပြင်းတစ်ချက် ချလိုက်လေသည်။

“နောက်ထပ် လုပ်ရမှာကတော့… မီးလျှံတောင်တန်းပွဲတော်အတွက် ပြင်ဆင်ရမှာပေါ့!”

အခန်း (၆၆) မီးလျှံတောင်တန်း ပွဲတော်

မီးလျှံတောင်တန်းပွဲတော် ကျရောက်လာတိုင်း မီးလျှံတောင် မသေမျိုးမြို့တော် ကြီးမှာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်ခြောက်ကပ်သွားလေ့ရှိသည်။

မြို့သူမြို့သားအပေါင်းတို့သည် မသေမျိုးမြို့တော်အတွင်းမှ ထွက်ခွာ၍ တောင်စောင်းနှင့် တောင်ခြေတစ်ဝိုက်ရှိ တောရိုင်းမြေများဆီသို့ ဦးတည်သွားကြသောကြောင့် ဖြစ်သည်။

ဤအချိန်အခါတွင် မီးလျှံသီးတောအုပ် ၏ အစိတ်အပိုင်းအချို့ကို ဖွင့်လှစ်ပေးထားတတ်သည်။ သာမန်လူတန်းစားများရော၊ ကျင့်ကြံသူများပါမကျန် မီးလျှံသီး ရိတ်သိမ်းပွဲတွင် ပါဝင်ဆင်နွှဲကြရသည်။

၎င်းသည် တစ်မြို့လုံးအတိုင်းအတာဖြင့် ကျင်းပသော ရိတ်သိမ်းခြင်းဆိုင်ရာ ပျော်ပွဲရွှင်ပွဲကြီး ဖြစ်၏။

မြို့တော်ကို စတင်တည်ထောင်ခဲ့သော ပထမမျိုးဆက် မြို့စားမင်း လက်ထက်ကတည်းက ဤအစဉ်အလာကို တစ်ကြိမ်တစ်ခါမျှ မပျက်မကွက် ထိန်းသိမ်းလာခဲ့ကြခြင်း ဖြစ်ပေသည်။

သို့သော် ယခုနှစ်၏ မီးလျှံတောင်တန်းပွဲတော်မှာမူ ယခင်နှစ်များထက် များစွာထူးခြားနေလေသည်။ လွန်ခဲ့သော လအနည်းငယ်ခန့်က ချီတွန်း သည် အရိပ်နက် မိစ္ဆာကျင့်ကြံသူ ကို လိုက်လံဖမ်းဆီးခဲ့ရာမှ တစ်မြို့လုံးတွင် ဆူညံပွက်လောရိုက်သွားခဲ့ဖူးသည်။

ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ရသူများပင်လျှင် ထိုမိစ္ဆာကျင့်ကြံသူမှာ မီးလျှံသီးတောအုပ်အတွင်းသို့ မောင်းနှင်ခြင်းခံလိုက်ရပြီး အစီအရင် အထပ်ထပ်ဖြင့် ပိတ်ဆို့ခံထားရကြောင်း သူတစ်ပါးပြောစကားဖြင့် ကြားသိနေကြရ၏။

ပွဲတော်မစတင်မီကပင် ဖေးစီ သည် မြို့တော်၏ ကာကွယ်ရေးကို တာဝန်ယူခဲ့ပြီး အဆင့်ဆင့်သော စစ်ဆေးမှုများဖြင့် မြို့ကို အလုံးစုံ ပိတ်ဆို့ထားခဲ့သည်။

မီးလျှံတောင်တန်းပွဲတော်နေ့တွင် မြို့စားမင်းသည် မီးလျှံတောင်တန်း ၏ အထွတ်အထိပ်တွင် စံမြန်းလျက် မသေမျိုးမြို့တော် အစီအရင်ကြီးကို ကိုယ်တိုင်ကိုယ်ကျ စတင်နှိုးဆော်လိုက်လေသည်။

ကောင်းကင်ယံ၌လည်းကောင်း၊ မြို့အတွင်းနှင့် မြေပြင်ပေါ်၌လည်းကောင်း မြစိမ်းရောင် အစီအရင်အင်းကွက် ပေါင်းများစွာ ပေါ်ပေါက်လာပြီး ခန့်ညားထည်ဝါလှသော မြင်ကွင်းတစ်ခုအဖြစ် ယှက်နွယ်သွားတော့သည်။

ဤသည်မှာ သာမန်မျက်စိဖြင့် မြင်နိုင်သော အစိတ်အပိုင်းမျှသာ ဖြစ်၏။ အစီအရင်၏ အခြားသော အစိတ်အပိုင်းများမှာ မီးလျှံတောင်၏ အတွင်းပိုင်းအထိ ဖြန့်ကျက်ထားပြီး မြေအောက်အပူစွမ်းအင်နှင့် မြေအောက်မီးလျှံများကို အဆက်မပြတ် စုပ်ယူနေသည်။

ထို့နောက် ၎င်းစွမ်းအင်များကို မီးလျှံတောင် မသေမျိုးမြို့တော်၏ နေရာအသီးသီးသို့ ပို့ဆောင်ပေးကာ ဆေးဖို ၊ လက်နက်သွန်းလုပ်ဆောင်များ၊ စက်မှုအလုပ်ရုံ နှင့် အခြားသော အဆောက်အအုံများကို အားဖြည့်ပေးနေခြင်း ဖြစ်ပေသည်။

မီးလျှံသီးတောအုပ်သည် မြေအောက်မီးလျှံနှင့် အပူစွမ်းအင်ကို အများဆုံး အသုံးပြုရသော နေရာဖြစ်သည်။ မီးလျှံသီးပင်များမှတစ်ဆင့် ထိုစွမ်းအင်များကို မီးလျှံသီးများအဖြစ် အသွင်ပြောင်းလဲပေးသည်။

မီးလျှံသီးများကို မီးလျှံဓာတ်ကဲ့သို့ လောင်စာအဖြစ်လည်းကောင်း၊ စားသုံးရန်အတွက်လည်းကောင်း၊ ဆေးဝါးနှင့် လက်နက်သွန်းလုပ်ရာတွင်လည်းကောင်း အသုံးပြုနိုင်သဖြင့် အသုံးဝင်ပုံမှာ အလွန်ပင် များပြားလှပေသည်။

မြို့တည်စက မီးလျှံသီးတောအုပ်မှာ အကွက်ငယ်လေးမျှသာ ဖြစ်သော်လည်း ယခုအခါတွင်မူ တောင်ခြေတစ်ခုလုံးနီးပါး ဖြန့်ကျက်နေပြီး မီးလျှံတောင်ခြေကို ပန်းချီကားတစ်ချပ်ကဲ့သို့ နီရဲတောက်ပသော အရောင်အသွေးဖြင့် ဝန်းရံထားလေသည်။

မြို့သူမြို့သားအပေါင်းတို့၏ စောင့်ကြည့်နေမှုအောက်တွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြားသည် မြို့ပြင်သို့ တညီတညွတ်တည်း ထွက်ခွာလာကြသည်။

ထိုကျင့်ကြံသူများမှာ မြို့စားမင်းဂေဟာနှင့် အဓိက မျိုးနွယ်စုကြီးသုံးခုမှ ဖြစ်ကြပြီး အချို့မှာမူ ယုံကြည်ရသော အဖွဲ့အစည်းများမှ ဖြစ်သည်။

ဥပမာအားဖြင့် မျောက်ခေါင်းဂိုဏ်းကဲ့သို့ အဖွဲ့မျိုး ဖြစ်၏။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတိုင်း၏ ဘေးတွင် စက်မှုမျောက် အချို့ ပါလာကြသည်။

ယွမ်တာရှန့် သည် ယွမ်အာ ၏ ဘေးမှ ကပ်လျက်လိုက်ပါလာရာ ၎င်း၏ ထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးမှာ မြို့ပြင်သို့ထွက်ခွာလာသော ကျင့်ကြံသူများထဲတွင် ထင်ထင်ရှားရှား ဖြစ်နေလေသည်။

“ကဲ... ငါတို့လည်း သွားကြစို့”

နင်းကျော့ ၊ ချန်ချာ နှင့် အခြားသူများသည် မြို့ပြင်သို့ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြသည်။ ထိုစက်မှုပညာရှင်များသည် ယနေ့တွင် စက်မှုမျောက်များကို အခင်းဖြစ်နေရာ၌ ပြုပြင်ပေးရန် တာဝန်ရှိသည်။

ဤသည်မှာ မမျှော်လင့်သော ပြဿနာများကို ကာကွယ်ရန်အတွက် ဖေးစီ စီစဉ်ထားသော ကြိုတင်ပြင်ဆင်မှုတစ်ခုပင် ဖြစ်သည်။

မြို့ပြင်သို့ ရောက်သောအခါ သူတို့သည် မီးလျှံသီးတောအုပ်ဆီသို့ တိုက်ရိုက်မသွားဘဲ တောင်စောင်းတွင်ရှိသော အင်အားကြီး ကာကွယ်ရေးအစီအရင်တစ်ခုအတွင်းသို့ ဝင်ရောက်သွားကြသည်။

ထိုအစီအရင်အတွင်းမှနေ၍ မီးလျှံသီးတောအုပ်ကို လှမ်းမြင်နိုင်သဖြင့် စက်မှုပညာရှင်များသည် စက်မှုမျောက်များ၏ လုပ်ဆောင်ချက်များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်ပြီး ပြဿနာရှိသော နေရာများကို ရှာဖွေနိုင်မည် ဖြစ်သည်။

တောင်စောင်း၏ အခြားတစ်နေရာတွင်မူ ကျူးရွှမ်းကျိ သည် တစ်ဦးတည်း ပုန်းကွယ်လျက် မီးလျှံသီးတောအုပ်ကို စိုက်ကြည့်နေသည်။ ချီတွန်းမှာလည်း မည်သည့်နေရာတွင်မှန်းမသိဘဲ ပုန်းကွယ်နေလေသည်။

မျိုးနွယ်စုကြီး သုံးခုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည်လည်း မြို့စားမင်းဂေဟာ၏ အမိန့်အရ မီးလျှံသီးတောအုပ် ပတ်ဝန်းကျင်၌ တိတ်တဆိတ် နေရာယူထားကြသည်။

အရိပ်နက် မိစ္ဆာကျင့်ကြံသူကို ဖမ်းဆီးရန်အတွက် ပိုက်ကွန်ကို ဖြန့်ကြက်ထားပြီးပြီ ဖြစ်သည်။

“စကြတော့”

အပြင်ပန်းတွင် တစ်ဦးတည်းသော ရွှေအမြုတေအဆင့် ကျင့်ကြံသူအဖြစ် အခြေအနေကို ကြီးကြပ်နေသော ဖေးစီက အမိန့်ပေးလိုက်သည်။

ထိုအမိန့်နှင့်အတူ စက်မှုမျောက်များကို ကိုင်ဆောင်ထားသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအများအပြားသည် မီးလျှံသီးတောအုပ်အတွင်းသို့ ချီတက်သွားကြတော့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက မျိုးနွယ်စုကြီး သုံးခုမှ ကျင့်ကြံသူများသည် စက်မှုမျောက်များကို ထိန်းချုပ်နိုင်စွမ်းရှိစေရန် စက်မှုပညာရပ် များကို ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ကြရသည်။

ပုံမှန်အားဖြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် မီးလျှံသီးများကို ရိတ်သိမ်းရန်အတွက် စက်မှုမျောက် အနည်းဆုံး သုံးကောင်ကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်သည်။

နီရဲနေသော မီးလျှံသီးတောအုပ်အတွင်းသို့ စက်မှုမျောက်များစွာ ခုန်ဝင်သွားသည်ကို မြင်သောအခါ ယွမ်အာသည် စိတ်လှုပ်ရှားစွာဖြင့် နောက်ဆုံးတိုက်တွန်းချက်ကို ဟစ်အော်လိုက်သည်။

“ညီအစ်ကိုတို့... အခုအချိန်ဟာ မင်းတို့အပေါ်မှာပဲ မူတည်တော့တယ်။ ငါတို့ မျောက်ခေါင်းဂိုဏ်းဟာ မီးလျှံသီးရိတ်သိမ်းတဲ့နေရာမှာ အတော်ဆုံးဆိုတာကို အားလုံးသိအောင် သက်သေပြလိုက်ကြစမ်း”

မီးလျှံသီးတောအုပ်ကို အပင်သက်တမ်းအလိုက် အစီအရင်များဖြင့် အပိုင်းပေါင်းများစွာ ခွဲခြားထားသည်။ အစပိုင်းတွင် သက်တမ်း (၁၀) နှစ်အောက် တောအုပ်ကို ဖွင့်လှစ်ပေးသည်။

စက်မှုမျောက်များသည် မီးလျှံသီးများကို ဆက်တိုက်ဆွတ်ခူးပြီး ၎င်းတို့၏ ရင်ဘတ်အတွင်းရှိ သိုလှောင်မှုအစီအရင် ထဲသို့ ထည့်သွင်းကြသည်။

အထက်စီးမှ ကြည့်လျှင် မီးလျှံသီးပေါင်းများစွာသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သစ်ကိုင်းပေါ်၌ နီရဲသော သစ်ရွက်များသာ ကျန်ရစ်သည်ကို တွေ့ရမည် ဖြစ်သည်။

စက်မှုမျောက်များ၏ သိုလှောင်နိုင်စွမ်း ပြည့်သွားသောအခါ ကျင့်ကြံသူများက ၎င်းတို့ကို အဝေးမှ ထိန်းချုပ်၍ ပြန်ခေါ်ကြသည်။

မျောက်များသည် စက်ဝိုင်းပုံစံ စုရပ်တွင် ရပ်တန့်ကာ သိုလှောင်ထားသော မီးလျှံသီးများကို မြေပြင်ပေါ်၌ ပုံလိုက်ကြသည်။

ပုံမှာ ပေအနည်းငယ် မြင့်လာတိုင်း အစီအရင်က အလိုအလျောက် အလုပ်လုပ်ပြီး မီးလျှံသီးများကို မြို့စားမင်းဂေဟာ၏ ကျီသို့ တိုက်ရိုက် ပို့ဆောင်ပေးသည်။

(၁၀) နှစ်အောက် မီးလျှံသီးများ သိမ်းဆည်းပြီးသောအခါ ဖေးစီသည် (၁၀) နှစ်ထက်ကျော်သော ဧရိယာများကို ထပ်မံဖွင့်လှစ်ပေးသည်။

ထို့နောက် (၂၀) နှစ်၊ (၃၀) နှစ်... စသည်ဖြင့် သက်တမ်းများ တိုးလာပြီး နောက်ဆုံးတွင် နှစ်ပေါင်းတစ်ရာသက်တမ်းရှိသော နေရာသို့ ရောက်ရှိလာခဲ့သည်။

ဒိုင်း

မီးလျှံသီးတစ်လုံးသည် ကျယ်လောင်သော အသံနှင့်အတူ ပေါက်ကွဲသွားသည်။ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ မီးလျှံသီးများပါ ဆက်တိုက်ဆိုသလို လိုက်လံပေါက်ကွဲတော့သည်။

ထိတ်လန့်ဖွယ် ကောင်းသော မီးလျှံများသည် မီးလျှံပေါက်ကွဲမျောက် ၁၂ ကောင်ကျော်ကို ဝါးမြိုသွားသော်လည်း ကျင့်ကြံသူများမှာမူ အဝေးတွင် ရှိနေကြသဖြင့် ဘေးအန္တရာယ်မှ ကင်းဝေးခဲ့ကြသည်။

ခေတ္တမျှအတွင်းမှာပင် လူပေါင်းများစွာ၏ အကြည့်မှာ ပေါက်ကွဲမှုဖြစ်ရာ နေရာသို့ ရောက်ရှိသွားသည်။

ဖေးစီသည် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းစုံစမ်းရန် အမိန့်ပေးလိုက်သည်။

ကျိုးမျိုးနွယ်စု မှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။

ဖေးစီသည် တည်ငြိမ်သော မျက်နှာထားဖြင့် “ဒါဟာ မင်းရဲ့ စက်မှုမျောက် ထိန်းချုပ်မှု မှားယွင်းသွားလို့လား” ဟု မေးလိုက်သည်။

ကျိုးမျိုးနွယ်စု ကျင့်ကြံသူသည် မျက်နှာဖြူလျော်သွားပြီး အားနည်းစွာဖြင့် ခေါင်းညိတ်ဝန်ခံလိုက်သည်။

သူသည် ဆင်ခြေပေးချင်သော်လည်း အစီအရင်ကို နှိုးဆော်ထားသဖြင့် နေရာအနှံ့မှ ပုံရိပ်များကို မှတ်တမ်းတင်ထားကြောင်း သိနေသည်။ ထို့ကြောင့် လိမ်ညာပါက ပို၍ ဆိုးရွားသော အကျိုးဆက်များကို ရင်ဆိုင်ရမည် ဖြစ်သည်။

ဖေးစီက “ပျက်စီးသွားတဲ့ မီးလျှံသီးတွေအတွက် မင်းကိုပဲ တာဝန်ယူခိုင်းရလိမ့်မယ်။ လက်ဖက်ရည်တစ်ဝက်သောက်စာလောက် အချိန်ယူပြီး စိတ်ကို အေးအေးထားလိုက်ဦး၊ ပြီးရင်တော့ မင်းရဲ့အလုပ်ကို ဆက်လုပ်ပါ” ဟု အနည်းငယ် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” ကျိုးမျိုးနွယ်စု ကျင့်ကြံသူသည် အမိန့်ကို နာခံပြီး ဆုတ်ခွာသွားခဲ့သည်။

မကြာမီမှာပင် အခြားသော စက်မှုမျောက်တစ်ကောင်မှာလည်း ချို့ယွင်းချက်ဖြစ်ပေါ်ကာ မီးလျှံသီးများကို သိမ်းဆည်းစဉ် အခြားအသီးများနှင့် တိုက်မိပြီး ထပ်မံပေါက်ကွဲသွားပြန်သည်။

ဖေးစီသည် မှတ်တမ်းကို ပြန်လည်စစ်ဆေးကြည့်ရာ စက်မှုမျောက်၏ အမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ၎င်းကို ထုတ်လုပ်ခဲ့သော အလုပ်ရုံ၏ အမှတ်စဉ်ကို ကြည့်လိုက်သည်။

၎င်းမှာ ပျံလွှားဝိုင်း အလုပ်ရုံ ဖြစ်နေသည်။

ဖေးစီသည် ချန်ချာနှင့် နင်းကျော့တို့အား အကြောင်းကြားရန် လူတစ်ဦးကို စေလွှတ်လိုက်သည်။ ထိုသူသည် ဖေးစီ၏ ပြစ်တင်ဝေဖန်မှုကိုပါ တစ်ပါတည်း သယ်ဆောင်လာခဲ့သည်။

သူတို့ရှိရာ အစီအရင်အတွင်း၌ ပေါက်ကွဲမှုပုံရိပ်ကို ပြန်လည်ပြသရာ အပြစ်ရှိသူမှာ အမှန်တကယ်ပင် ချို့ယွင်းနေသော စက်မှုမျောက် ဖြစ်နေသည်။ ပုံရိပ်ကို ကြည့်ပြီးနောက် ချန်ချာက ချက်ချင်းပင် ရောဂါရှာဖွေလိုက်သည်။

“ဒီစက်မှုမျောက်ရဲ့ ကိုယ်ထည်က အလုပ်လုပ်ချိန် ကြာသွားလို့ ပျက်စီးနေတာပဲ။ ဒါကြောင့် လှုပ်ရှားမှုတွေက ပုံမှန်မဟုတ်တော့တာ”

ချန်ချာသည် နင်းကျော့ကို လှမ်းကြည့်လိုက်သည်။ ဤစက်မှုမျောက်မှာ နင်းကျော့၏ ကုန်ကျစရိတ်လျှော့ချထားသော ဒီဇိုင်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သဖြင့် အရည်အသွေးနိမ့်နေခြင်း ဖြစ်သည်။

နင်းကျော့က စဉ်းစားဟန်ဖြင့် “နှစ်တစ်ရာသက်တမ်းရှိတဲ့ တောအုပ်ထဲမှာ အပူချိန်က အရင်နှစ်တွေထက် ပိုမြင့်နေပုံရတယ်။ အဲဒီ ကျင့်ကြံသူတွေကို ခဏနားခိုင်းလိုက်ပါ။ ပြီးရင် နှင်းဆီဆေးလုံးတွေကို ကြိတ်ပြီး ရေနဲ့ရောပြီးတော့ စက်မှုမျောက်တွေပေါ်ကို လောင်းချခိုင်းလိုက်ပါ။

သူတို့ရဲ့ မျက်နှာပြင်တွေ စိုစွတ်သွားတဲ့အထိ သေချာလေး ဆွတ်ပေးရမယ်နော်”

အမိန့်ပေးပြီးနောက် နင်းကျော့သည် စက်မှုမျောက်များကို ဆက်လက်ပြုပြင်နေခဲ့သည်။ မီးလျှံသီးများ စတင်ရိတ်သိမ်းကတည်းက ပျက်စီးနေသော စက်မှုမျောက်များကို အရေးပေါ်ပြုပြင်ရန် ပို့ဆောင်ပေးနေရပြီး ၎င်းတို့ကို အခင်းဖြစ်ရာသို့ လျင်မြန်စွာ ပြန်လည်စေလွှတ်နေရသည်။

အချိန်ကြာလာသည်နှင့်အမျှ စက်မှုမျောက်များ ပိုမိုရောက်ရှိလာသဖြင့် နင်းကျော့တို့မှာ အလွန်အလုပ်ရှုပ်လာပြီး ပြုပြင်မှုများ နောက်ကျကျန်နေတော့သည်။

ချန်ချာသည် ချွေးများရွဲနစ်နေလျက် နင်းကျော့ကို သတိပေးလိုက်သည်။ “ကျော့လေး... မင်းတွေ့လား၊ ဒါဟာ ပစ္စည်းတွေကို လျှော့သုံးခဲ့တဲ့ ရလဒ်ပဲ”

နင်းကျော့က သက်ပြင်းချရင်း “စီနီယာချန်... ဒီလောက် ပျက်စီးနှုန်းရှိတာဟာ ကျွန်တော် ရည်ရွယ်ထားတဲ့အတိုင်းပဲ မဟုတ်လား။ ဒါ့အပြင် အခု ပြင်ဖို့ရောက်လာတဲ့ အထဲက အများစုဟာ လူတွေရဲ့ ထိန်းချုပ်မှု ညံ့ဖျင်းလို့ ဖြစ်ရတာပါ၊ ကျွန်တော့်အပြစ် မဟုတ်ပါဘူး” ဟု ပြန်ပြောလိုက်သည်။

ထိုအခက်အခဲမှာ ယာယီမျှသာ ဖြစ်သည်။ မကြာမီမှာပင် ပြုပြင်ရန် ရောက်ရှိလာသော စက်မှုမျောက် အရေအတွက်မှာ လျော့နည်းသွားသည်။

အကြောင်းမှာ နှစ်တစ်ရာသက်တမ်းရှိသော အပင်များကို ရိတ်သိမ်းပြီးစီးသွားပြီး နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိသော မီးလျှံသီးတောအုပ်အတွင်းသို့ စတင်ဝင်ရောက်နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ထိုနှစ်တစ်ထောင်သက်တမ်းရှိ မီးလျှံသီးများသည် ဇလုံကြီးများခန့် ပမာဏရှိပြီး အစီအရင်မှတစ်ဆင့် မြေအောက်အပူစွမ်းအင်နှင့် မီးလျှံများကို အကန့်အသတ်မရှိ စုပ်ယူထားသဖြင့် တစ်လုံးချင်းစီ၏ တန်ဖိုးမှာ အလွန်ပင် ကြီးမားလှသည်။

ကျင့်ကြံသူများသည်လည်း အလွန်သတိထားလာကြပြီး စက်မှုမျောက် တစ်ကောင်တည်းကိုသာ အာရုံစိုက် ထိန်းချုပ်ကြတော့သည်။

အကယ်၍ တစ်လုံးသာ ပေါက်ကွဲပြီး အခြားအသီးများကိုပါ ဆက်တိုက်ပေါက်ကွဲစေခဲ့လျှင် ထိုကျင့်ကြံသူများမှာ မွဲပြာကျသွားနိုင်သောကြောင့် ဖြစ်သည်။

စက်မှုမျောက် တစ်ကောင်ချင်းစီကိုသာ အသုံးပြုကြသဖြင့် ပြုပြင်ရန် လိုအပ်သော အရေအတွက်မှာလည်း သဘာဝအတိုင်း လျော့နည်းသွားပေတော့သည်။

All Chapters