အခန်း (၆၉-၇၀)
Vol. 6 Ch. 69-70
အခန်း (၆၉) မျှော်လင့်ချက်ရောင်ခြည်တစ်ခု
"ဦးလေးမျောက်" ယွမ်အာတစ်ယောက် မြေပြင်ပေါ်တွင် လဲကျနေသည့် မျောက်ကြီးကို မြင်လိုက်ရမှ သတိဝင်လာပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
သူသည် မျောက်ကြီး၏ ဘေးနားသို့ အပြေးအလွှား သွားလိုက်သော်လည်း မျောက်ကြီးမှာ လှုပ်ရှားမှုမရှိတော့ပေ။
ခဏအတွင်းမှာပင် ယွမ်အာသည် ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးသွားပြီး ပါးပြင်ပေါ်တွင် မျက်ရည်များ တရဟော စီးကျလာတော့သည်။
"ဘယ်သူ ဦးလေးမျောက်ကို ကယ်နိုင်မလဲ"
"ဘယ်သူ ကယ်နိုင်မလဲလို့"
"မြန်မြန်... အစီအရင်ကို ဖွင့်ပေးကြပါ၊ ဆေးဆရာ တစ်ယောက်လောက် ရှာပေးကြပါဦး"
ယွမ်အာသည် ယွမ်တာရှန့်ကို အစီအရင် အစွန်းဘက်သို့ ဆွဲခေါ်ရန် ကြိုးစားသော်လည်း အားလွန်သွားသဖြင့် မျောက်ကြီး၏ လက်မောင်းမှာ ပြတ်ထွက်သွားရသည်။
ထိုအခါမှ ယွမ်အာမှာ ကြောင်အမ်းအမ်းဖြစ်ကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ရှေ့တွင် ဖြစ်ပျက်သမျှကို ငေးကြောင်ကြည့်နေမိတော့သည်။
"အစီအရင်ကို ဖွင့်လိုက်စမ်း" ကျူးရွှမ်းကျိသည် ဖေးစီ၏ ဘေးနားတွင် ရုတ်တရက် ပေါ်လာသည်။
ဖေးစီမှာ ထိတ်ခန့်သွားရ၏။ သူသည် ကျူးရွှမ်းကျိ၏ ကိုယ်ဖျောက်ခြင်းပညာရပ်ကို လုံးဝ ရိပ်မိခြင်း မရှိခဲ့ပေ။
"အကြီးအကဲကျူး... ဒါက ပုံမှန်မဟုတ်ဘူး၊ အရိပ်နက် မိစ္ဆာကျင့်ကြံသူရဲ့ လှည့်ကွက်လည်း ဖြစ်နိုင်တယ်၊ ကျွန်တော်တို့ စိတ်အေးအေးထားပြီး စောင့်ကြည့်တာက..."
ကျူးရွှမ်းကျိက သူ့ကို စိုက်ကြည့်လိုက်ရာ မျက်လုံးများထဲမှ ရွှေရောင်အလင်းများ လက်ခနဲ ဖြစ်သွားပြီး ပြတ်သားသော လေသံဖြင့် "ငါ ပြောနေတယ်လေ၊ အစီအရင်ကို ဖွင့်" ဟု ဆိုလိုက်သည်။
ဖေးစီ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း အတင်းပြုံးပြလျက် "နတ်ဘုရားမုဆိုးက တကယ့်တရားခံကို ဖမ်းဖို့ ကိုယ်တိုင်လှုပ်ရှားမယ်ဆိုမှတော့ ကျွန်တော်ကလည်း ပူးပေါင်းဆောင်ရွက်ရမှာပေါ့" ဟု ပြန်ပြောလိုက်ရသည်။
ထို့နောက် အစီအရင် ပွင့်သွားလေသည်။
ကျူးရွှမ်းကျိသည် ယွမ်အာထံသို့ လျှောက်သွားပြီး ယွမ်တာရှန့်ကို ကြည့်ကာ မန္တန်တစ်ခု ရွတ်ဆိုလိုက်သည်။ သူ၏ ကုသမှုအောက်တွင် ယွမ်တာရှန့်၏ ပြတ်တောက်သွားသော လက်မောင်းမှာ ပြန်လည် ဆက်သွားပြီး ဒဏ်ရာများမှာလည်း တည်ငြိမ်လာခဲ့သည်။
နှလုံးခုန်သံများ ပြန်လည် စတင်လာကာ အသက်ရှူသံ ခပ်ဖျော့ဖျော့လေးလည်း ထွက်ပေါ်လာတော့သည်။
"ကျေးဇူးတင်ပါတယ် ကျေးဇူးအထူးတင်ပါတယ်!" ယွမ်အာသည် သူတစ်ခါမျှ မမြင်ဖူးသော ရွှေအမြုတေအဆင့် ကျင့်ကြံသူ ကျူးရွှမ်းကျိကို ထပ်ခါတလဲလဲ ဦးခိုက်လေတော့သည်။
ကျူးရွှမ်းကျိက သက်ပြင်းသဲ့သဲ့ချကာ "သူ့ဒဏ်ရာတွေက အရမ်းပြင်းထန်လွန်းတယ်၊ ငါ အစွမ်းကုန် ကြိုးစားပေးထားပေမဲ့ အခုလောလောဆယ် အသက်ဆက်ရုံပဲ တတ်နိုင်ဦးမယ်" ဟု ဆိုသည်။
"ဒါက 'နှောင်းဦး အသက်ကယ်ဆေးလုံး' ပဲ၊ သူ့ကို တိုက်ကျွေးလိုက်ရင် အသက်တော့ အန္တရာယ် မရှိတော့ဘူး။ ဒါပေမဲ့ နောင်ကိုတော့ သူ အိပ်ရာထဲမှာပဲ လဲနေရတော့မယ်"
ကျူးရွှမ်းကျိသည် ပြင်းထန်စွာ ဒဏ်ရာရထားသော ယွမ်တာရှန့်ကို ကြည့်ရင်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ ရွှေမျက်စိ ပညာရပ်ကြောင့် အခြားသူများမှာ ပေါက်ကွဲမှုဒဏ်ကြောင့် အမြင်အာရုံများ ဝေဝါးနေချိန်တွင် သူကမူ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့် အချိန်တွင် ယွမ်တာရှန့်သည် မိမိကိုယ်ကိုယ် ကာကွယ်ရန် မိစ္ဆာစွမ်းအားများကို အသုံးပြုနိုင်သော်လည်း သူ မပြုလုပ်ခဲ့ပေ။ ယင်းအစား သူသည် သူ၏ ဝိညာဉ်စွမ်းအားများကို အသုံးပြု၍ သူ၏ရင်ခွင်ထဲရှိ ယွမ်အာကိုသာ ကာကွယ်ပေးခဲ့သည်။
သူသည် မိမိ၏ အသွေးအသားဖြင့် ပေါက်ကွဲမှုဒဏ်ကို ခံယူကာ ယွမ်အာကို ကယ်တင်ရန်အတွက် မိမိအသက်ကို စတေးခဲ့ခြင်းပင်။
"သူ့မှာ မိစ္ဆာစွမ်းအားရှိတာ ထင်ရှားနေတာတောင် သူ အသုံးမပြုခဲ့ဘူး"
"သူ့ရဲ့ မိစ္ဆာကျင့်ကြံသူ အမှတ်အသား ပေါ်သွားရင် အထင်လွဲခံရပြီး တိုက်ခိုက်ခံရမှာကို သူ စိုးရိမ်ခဲ့တာ ဖြစ်မယ်၊ အဲ့ဒါဆိုရင် ယွမ်အာပါ ဘေးသင့်သွားနိုင်တယ်လေ"
"ဒီမျောက်ကတော့ တကယ့်ကို သစ္စာရှိပြီး တရားနဲ့ ပြည့်စုံတာပဲ"
ကျူးရွှမ်းကျိသည် များစွာ စိတ်လှုပ်ရှားသွားရသဖြင့် ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်လာပြီး ယွမ်တာရှန့်ကို ကယ်တင်ပေးခဲ့ခြင်းဖြစ်သည်။
"ကျူးရွှမ်းကျိ" တောင်ကုန်းပေါ်တွင် ကျူးရွှမ်းကျိက ယွမ်တာရှန့်ကို ကယ်တင်လိုက်သည်ကို မြင်တွေ့ရသော နင်းကျော့မှာမူ အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။
"မင်း ငါ့အစီအစဉ်ကို ဖျက်ဆီးလိုက်တာပဲ" နင်းကျော့က သွားကြိတ်ရင်း ပြောလိုက်သည်။
သူသည် လူအများ၏ စိတ်နေစိတ်ထားနှင့် တုံ့ပြန်မှုများကို တွက်ချက်ကာ အခြေအနေအရပ်ရပ်ကို အသုံးချပြီး ဤထောင်ချောက်ကို အခက်အခဲများစွာကြားမှ ဖန်တီးခဲ့ခြင်း ဖြစ်သော်လည်း ကျူးရွှမ်းကျိက ဤကဲ့သို့ ဝင်ရောက်စွက်ဖက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ငါ ကျူးရွှမ်းကျိအကြောင်း သတင်းအချက်အလက် နည်းသွားတာပဲ"
"ဘယ်လို ဆက်လုပ်ရမလဲ"
ကျူးရွှမ်းကျိ၏ ကြားဝင်မှုကြောင့် မူလက သေရမည့် ယွမ်တာရှန့်မှာ အသက်ရှင်သွားခဲ့သည်။
"သူ့ကြည့်ရတာ တော်တော်အခြေအနေ ဆိုးနေပေမဲ့ ဒါက အပြင်ပန်း ဒဏ်ရာတွေပဲ၊ သူ့ရဲ့ စိတ်ဝိညာဉ်ကတော့ ဘာမှမဖြစ်သေးဘူး"
"သူ့ဝိညာဉ်ကို နန်းတော်ထဲ ခေါ်သွားလို့ ရနေသေးတယ်"
"သူသာ မုန့်ချုံ၊ ကျိုးကျူ ဒါမှမဟုတ် ကျန်းကျန့်တို့နဲ့ တွေ့သွားရင် ဒီအင်အားစု သုံးခုက သူ့ကို လက်တွဲခေါ်ပြီး ကုသပေးကြမှာ သေချာတယ်"
"တောက်... အားလုံး ပျက်စီးကုန်ပြီ"
နင်းကျော့က မီးလျှံပေါက်ကွဲမျောက် ထောင်ချောက်ကို ဆင်ထားသည်ဟု ကြားစဉ်ကပင် ကျန်းရွှမ်းကောက သူ့ကို ခေါ်ယူလိုသည့် စိတ်ဆန္ဒ ရှိခဲ့သည်။
ထိပ်သီးအင်အားစု လေးခုစလုံးမှာ ထူးချွန်သော စက်မှုပညာရှင်များကို အလိုရှိနေကြသည်မှာ ထင်ရှားလှသည်။
အကယ်၍ ယွမ်တာရှန့်သည် အခန်း (၇) သို့ သွားမည့် လမ်းကြောင်းကို တစ်ဦးတည်းနှင့် ဖောက်လုပ်နိုင်သည်ကို သိသွားကြလျှင် သူတို့အားလုံး ရူးသွပ်သွားကြမည်မှာ မလွဲပေ။
"ဘယ်လိုလုပ်ရမလဲ ငါ ဘာလုပ်ရမလဲ" နင်းကျော့သည် သူ၏ ဦးနှောက်ကို အစွမ်းကုန် အသုံးချကာ စဉ်းစားနေမိသဖြင့် မျက်နှာမှာ ဖြူလျော့လာပြီး ခေါင်းများပင် မူးဝေလာတော့သည်။
ဒါက တကယ့်ကို ခက်ခဲလွန်းလှသည်။
ဤကဲ့သို့သော ထောင်ချောက်မျိုးကို ဖန်တီးရန် သူ၏ ခွန်အားနှင့် ဉာဏ်ပညာအားလုံးကို အကုန်အစင် သုံးခဲ့ရသည်။ ယင်းသည် သတင်းအချက်အလက် အမြောက်အမြားကို ခွဲခြမ်းစိတ်ဖြာပြီး ရက်ပေါင်းများစွာ အပင်ပန်းခံ စဉ်းစားခဲ့ရခြင်း၏ ရလဒ်လည်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူသည် အသက် ၁၆ နှစ်အရွယ် လူငယ်လေးသာ ရှိသေးသည်မဟုတ်လော။
ဖေးစီ၏ မျက်နှာမှာလည်း မသာမယာ ဖြစ်နေသည်။
ခုနက ကျူးရွှမ်းကျိသည် အခြေအနေကို လုံးဝ ထည့်မတွက်ဘဲ သူ့ကို အစီအရင် ဖွင့်ခိုင်းခဲ့သဖြင့် ဖေးစီမှာ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ ဖေးစီသည် စိတ်ထားကြမ်းတမ်းပြီး ရက်စက်သူဖြစ်ရာ ယခုဖြစ်ရပ်ကို မှတ်ထားပြီး နောင်တစ်ချိန်တွင် ကျူးရွှမ်းကျိကို ပြန်လည် လက်စားချေမည်ဟု တိတ်တဆိတ် သစ္စာဆိုလိုက်သည်။
ကျူးရွှမ်းကျိသည် နတ်ဘုရားမုဆိုးရုံးမှ အဖွဲ့ဝင်ဖြစ်စေ၊ တော်ဝင်မိသားစုဝင်ဖြစ်စေ ဂရုစိုက်နေမည် မဟုတ်ပေ။
"ငါတို့တွေက တရားသောလမ်းကို လျှောက်လှမ်းနေကြတာဆိုတော့ စည်းမျဉ်းအတိုင်း လုပ်ရမှာပေါ့။ ဒီနေ့တော့ မင်း ငါ့ကို အရှက်ခွဲလိုက်တာပဲ၊ ထားပါတော့... ငါ့လက်ထဲ အခွင့်အရေး ရောက်မလာစေနဲ့ဦး"
"အကြီးအကဲ. ပျံလွှားဝိုင်း အလုပ်ရုံက လူတစ်ယောက် အကြီးအကဲကို တွေ့ချင်လို့ ရောက်နေပါတယ်" ခဏအကြာတွင် ကင်းစောင့်တစ်ဦးက လာရောက် သတင်းပို့သည်။
မကြာမီမှာပင် နင်းကျော့ကို ခေါ်ဆောင်လာခဲ့သည်။
စိတ်မကြည်မလင် ဖြစ်နေသော ဖေးစီက "ဟေ့ကောင်လေး၊ မင်း ပြောမယ့်စကားက တကယ် အရေးကြီးတာ ဖြစ်ဖို့တော့ လိုမယ်နော်" ဟု အော်ငေါက်လိုက်သည်။
နင်းကျော့က ပြုံးလိုက်ပြီး စိတ်ချင်းဆက်သွယ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်မှာ "အကြီးအကဲဖေး... ဟို ကျူးရွှမ်းကျိက တော်တော်လေး ရိုင်းစိုင်းတာပဲ၊ အကြီးအကဲရဲ့ စိတ်အနှောင့်အယှက်တွေကို ဖြေဖျောက်ပေးနိုင်မယ့် အစီအစဉ်တစ်ခု ကျွန်တော့်မှာ ရှိပါတယ်"
ဖေးစီက ချက်ချင်းပင် ငေါက်ငမ်းလိုက်၏။ "အကြီးအကဲကျူးက တော်ဝင်မိသားစုဝင် ဖြစ်သလို ဂုဏ်သိက္ခာရှိတဲ့ နတ်ဘုရားမုဆိုး တစ်ယောက်လည်း ဟုတ်တယ်၊ မင်းက ဘာမို့လို့လဲ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေးက သူ့နာမည်ကို ဒီလို ခေါ်ရဲတယ်ပေါ့၊ တကယ့်ကို မိုက်မဲတာပဲ"
သူက ငေါက်ငမ်းလိုက်သော်လည်း တတိယလူ မကြားနိုင်စေရန် စိတ်ချင်းဆက်သွယ်သည့် နည်းဖြင့်သာ ပြန်လည် ပြောကြားခြင်းဖြစ်သည်။
နင်းကျော့သည် စိတ်ထဲမှ ခိုးပြုံးလိုက်ပြီး "ကျွန်တော် သတိလက်လွတ် ဖြစ်သွားတာပါ၊ ဒါပေမဲ့ ကျူးရွှမ်းကျိက ဒီမျောက်ကို ကယ်တင်ဖို့ လုပ်တာက ကျွန်တော်တို့ မီးလျှံတောင် မသေမျိုးမြို့တော်ကို လုံးဝ ဂရုမစိုက်တဲ့ လုပ်ရပ်ပဲလေ" ဟု ဆက်ပြောလိုက်သည်။
ဖေးစီ၏ မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ နင်းကျော့က အလျင်အမြန်ပင် "အကြီးအကဲ... အခု တစ်မြို့လုံးက ကျူးရွှမ်းကျိ အဲ့ဒီမျောက်ကို ကယ်လိုက်တာ သိသွားကြပြီ၊ သူက မျောက်ကို မသေစေချင်ဘူးလေ၊ အဲ့ဒီတော့... အဲ့ဒီမျောက်သာ သေသွားရင် ဘာဖြစ်မလဲ"
ဖေးစီ၏ မျက်မှောင်ကြုတ်မှုမှာ ပြေလျော့သွားပြီး နင်းကျော့ကို လက်ညှိုးထိုးကာ "မင်းကတော့ စိတ်ထား တော်တော်ကြမ်းတာပဲ၊ အဲ့ဒီမျောက် ပြန်ကျန်းမာလာပြီး မီးလျှံတောင် လုပ်ငန်းတွေမှာ မင်းနဲ့ ပြိုင်ဆိုင်လာမှာကို စိုးရိမ်နေတာ မဟုတ်လား"
နင်းကျော့သည် ဖေးစီက သူ့ကို 'အကဲခတ်မိသွားပြီ' ဟု မြင်သောအခါ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။
"အကြီးအကဲဖေးက တကယ့်ကို အမြင်စူးရှတာပဲ၊ ကျွန်တော့်ရဲ့ စိတ်ကူးတွေက အကြီးအကဲရဲ့ ဉာဏ်အလင်းကနေ ဘယ်လောက် ပြေးနိုင်မှလဲ ဘာမှ ဖုံးကွယ်ဖို့ စိတ်ကူးမရှိပါဘူး"
ဖေးစီက ခေါင်းယမ်းလိုက်ပြီး "ဒါက မသင့်တော်ဘူး၊ မင်းရဲ့ အကြံအစည်တွေကို ရပ်လိုက်ပါတော့။ ဒီသတင်းသာ အပြင်ထွက်သွားရင် လူတွေ ဘယ်လို ပြောကြမလဲ ငါက စိတ်ပုပ်ပြီး အကြီးအကဲကျူးနဲ့ မတည့်ဘူးလို့ ပြောကြလိမ့်မယ်။ ငါ့ဂုဏ်သိက္ခာက အရေးမကြီးပေမဲ့ မြို့စားမင်းနဲ့ မီးလျှံတောင် မသေမျိုးမြို့တော်ရဲ့ နာမည်ကို ထိခိုက်မှာ စိုးရိမ်ရတယ်"
နင်းကျော့က ပြုံးဖြဲဖြဲဖြင့် "နားလည်ပါပြီ အကြီးအကဲ၊ စိတ်ချပါ... ကျွန်တော် ကိုယ်တိုင်လည်း မလှုပ်ရှားသလို ဘာသက်သေမှလည်း ကျန်မှာမဟုတ်ပါဘူး။ အကြီးအကဲ ကျွန်တော့်ကို အမိန့်တစ်ခုပဲ ပေးလိုက်ပါ၊ ကျွန်တော် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးပါ့မယ်... ကျူးရွှမ်းကျိက အပြစ်ရှာရင်တောင် ဘာမှ ပြောစရာ မရှိစေရဘူး"
"အင်း..." ဖေးစီ ခေတ္တ စဉ်းစားလိုက်ရာ ဤအစီအစဉ်မှာ အကျိုးကျေးဇူး ရှိနိုင်သည်ကို ရိပ်မိသွားသည်။
သူသည် အမိန့်ပေးတံဆိပ်တစ်ခုကို မြေပြင်ပေါ်သို့ တမင်တကာ ချလိုက်ပြီး "အို... ငါ့ရဲ့ အမိန့်ပေးတံဆိပ်တစ်ခု ပျောက်သွားပါလား၊ ဘယ်လိုလုပ်ရပါ့မလဲ" ဟု ဆိုသည်။
နင်းကျော့သည် တံဆိပ်ကို အလျင်အမြန် ကောက်ယူလိုက်ပြီး "အကြီးအကဲ... ခဏစောင့်ပါ၊ ကျွန်တော် ပြန်ရှာပေးပါ့မယ်" ဟု ဆိုကာ ဦးညွှတ်ပြီး ထွက်ခွာသွားတော့သည်။
ဖေးစီသည် နင်းကျော့၏ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
"နင်းမျိုးနွယ်စုက ဒီကောင်လေးကတော့ အကဲခတ် တော်တော်တော်တာပဲ"
ဤအစီအစဉ် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သူသည် နင်းကျော့ကို ပို၍ သဘောကျလာမိသည်။
နင်းကျော့သည် အမိန့်ပေးတံဆိပ်ကို ကိုင်ဆောင်ကာ မျောက်ခေါင်းဂိုဏ်း၏ ယာယီစခန်းရှိရာသို့ အမြန်ဆုံး လျှောက်လှမ်းသွားတော့သည်။
အစီအစဉ်က ကောင်းသော်လည်း လက်တွေ့ အကောင်အထည်ဖော်မှုကသာ အရေးကြီးသည်။
ဤခရီးက အောင်မြင်မလား သူ မသိသော်လည်း သူ ကြိုးစားကြည့်ရမည်၊ အခွင့်အရေး မှန်သမျှကို သူ အရယူရမည် ဖြစ်သည်။
ယွမ်တာရှန့်မှာ အသက်ငွေ့ငွေ့လေး ကျန်ရှိနေသေးပြီး နင်းကျော့မှာလည်း ထိုမျှော်လင့်ချက် မျှင်လေးတစ်ခုသာ ရှိတော့သည်!
အကယ်၍ ယွမ်တာရှန့် အသက်ရှင်နေလျှင် နင်းကျော့ သေရလိမ့်မည်။
နင်းကျော့ အသက်ရှင်ရန်အတွက် ယွမ်တာရှန့် သေရမည်သာ ဖြစ်သည်။
ဒါက အသက်နှင့်ရင်းရသည့် ကိစ္စပင်။
သူ စွန့်စားနေရသည်ကို နင်းကျော့ သိသော်လည်း သူ့မှာ ရွေးချယ်စရာ မရှိပေ။
ထိပ်သီးအင်အားစု လေးခုနှင့် ကျူးရွှမ်းကျိတို့၏ ရှေ့မှောက်တွင် သူသည် သာမန်လူတစ်ယောက်သာ ဖြစ်ပြီး အားနည်းလွန်းသလို အဖော်လည်း မရှိပေ။
သူသည် ယွမ်တာရှန့်ကို သတ်ဖြတ်ရန်အတွက် တိုက်ပွဲအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ တစ်ဖန် ပြန်လည် ဝင်ရောက်ရတော့မည်သာ ဖြစ်သည်။
အခန်း (၇၀) ရန်သူ့ဂိုဏ်းထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခြင်း
“ဘယ်သူကများ ငါတို့နောက်ဖေးခြံထဲကို အတင့်ရဲပြီး ကျူးကျော်ဝင်ရောက်လာတာလဲ” ဟု အစေခံတစ်ဦးက ဟစ်အော်လိုက်လေသည်။
နင်းကျော့သည် ရှေ့သို့တိုးကာ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းသွားပြီး ခြေတစ်ချက်မြှောက်ကာ ကန်ထုတ်လိုက်ရာ ထိုအစေခံမှာ လွင့်စဉ်မှောက်ခုံ ဖြစ်သွားရလေတော့သည်။
ထို့နောက် သူသည် အမှတ်အသားတံဆိပ်တစ်ခုကို အစေခံ၏မျက်နှာနားအထိ ထိုးပြလိုက်ပြီးလျှင် -
“မျက်လုံးကို ပြူးကြည့်စမ်း”
“ငါက အကြီးအကဲ ဖေးစီရဲ့ အမိန့်နဲ့ ခေါင်းဆောင် ယွမ်အာကို အရေးကြီးကိစ္စနဲ့ လာရှာတာ။ မင်းကများ ငါ့ကို တားရဲသလား” ဟု နင်းကျော့က ဟိန်းဟောက်လိုက်ရာ သူ၏ အရှိန်အဝါကြောင့် ကျန်အစေခံများမှာလည်း တုန်လှုပ်ခြောက်ခြားသွားကြရချေသည်။
“မြို့စားမင်းဂေဟာက လူ နောက်တစ်ယောက် ထပ်လာပြန်ပြီလား”
“အရင်တစ်ခေါက် လာတဲ့သူကလည်း ငါတို့ဂိုဏ်းက မျောက်အလောင်းကို အဓမ္မ ရောင်းခိုင်းသွားသေးတာပဲ။ ခေါင်းဆောင်ကတော့ အသံတောင် မထွက်ရဲပါဘူး”
“အခုတစ်ခေါက်ကျတော့ရော အဲ့ဒီသံတမန်က ဘာအလိုရှိပြန်ပြီလဲ မသိဘူး”
အမှန်စင်စစ် မျောက်ခေါင်းဂိုဏ်းသားများမှာ ယွမ်အာအပေါ် မကျေနပ်မှုများစွာ ရှိနေကြပြီးသား ဖြစ်ပေရာသည်။
ဂိုဏ်းသားအများစုမှာ သားရဲထိန်းကျောင်းသူများ ဖြစ်ကြပြီး မိမိတို့၏ မျောက်များကို နှစ်ပေါင်းများစွာ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များအဖြစ် မွေးမြူလာခဲ့ကြသူများဖြစ်ရာ သံယောဇဉ်ရှိကြသည်မှာ ဓမ္မတာပင် ဖြစ်တန်ရာ၏။
သေဆုံးသွားသော မျောက်အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခြင်းကသာ မှန်ကန်သော လုပ်ရပ်ဖြစ်ပေလိမ့်မည်။ သို့သော်လည်း လွန်ခဲ့သောတစ်ခေါက်က ဖိအားပေးခံရမှုကြောင့် ယွမ်အာသည် ထိုအလောင်းကို စက်မှုအလုပ်ရုံသို့ တိုက်ရိုက်ရောင်းချပစ်ခဲ့သည်။
ယင်းလုပ်ရပ်ကြောင့်ပင် သူ၏ ဂုဏ်သိက္ခာမှာ များစွာ ထိခိုက်ပျက်စီးခဲ့ရချေပြီ။
ယခုအခါတွင်လည်း ယွမ်တာရှန့်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိကာ သေအံ့မူးမူး ဖြစ်နေသည့် ကိစ္စကြီးကြောင့် တစ်ဂိုဏ်းလုံးမှာ ဖယောင်ဖယင် ဖြစ်နေကြရသည်။
နင်းကျော့သည် အမှတ်အသားတံဆိပ်ကို ပြသကာ မည်သူမျှ မတားဆီးနိုင်ဘဲ နောက်ဖေးခြံထဲသို့ ခေါင်းမော့ရင်ပေါင်တန်း၍ ဝင်လာခဲ့လေသည်။ မကြာမီပင် သူသည် နောက်ဖေးခြံရှိ ပင်မအိပ်ဆောင်သို့ ရောက်ရှိသွားတော့၏။
ထိုအိပ်ဆောင်အတွင်း၌ မီးရောင်မှိန်မှိန်သာ ရှိနေသည်။ ယွမ်အာသည် ကုတင်ပေါ်တွင် သတိမေ့မြောနေသော ယွမ်တာရှန့်ကို စိုက်ကြည့်ရင်း မလှုပ်မယှက် ထိုင်နေကာ တိတ်တဆိတ် မျက်ရည်ကျလျက် ရှိနေလေသည်။
သူ၏ဘဝနှင့် မျောက်ခေါင်းဂိုဏ်းအတွက် ယွမ်တာရှန့်သည် မည်မျှ အရေးပါကြောင်းကို သူ အမြဲတစေ သိရှိခဲ့သော်လည်း ယခုကဲ့သို့ ယွမ်တာရှန့် အမှန်တကယ် လဲပြိုသွားချိန်ကျမှသာ ထိုအရေးပါမှုမှာ မည်မျှ လေးလံလှကြောင်းကို ယွမ်အာတစ်ယောက် အပြည့်အဝ နားလည်သွားရတော့သည်။
ကျူးရွှမ်းကျိက ယွမ်တာရှန့်၏ အသက်ကို ကယ်တင်ပေးခဲ့သည် ဆိုသော်ငြားလည်း ယင်းမှာ ခေတ္တခဏ ဆွဲထားနိုင်ရုံသာ ဖြစ်ပေသည်။ အသက်ကယ်ဆေးလုံးများ သောက်သုံးရဦးမည် ဖြစ်သော်လည်း သူသည် တစ်သက်လုံး မသန်မစွမ်းဘဲ အိပ်ရာထဲ လဲနေရပေတော့မည်။
ဤသတင်းဆိုးကြီးမှာ ယွမ်အာအတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ခံစားရစေသည်။
ထိုစဉ် တံခါးအပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရလေ၏။
ယွမ်အာ၏ ကိုယ်လေး တုန်ရင်သွားကာ 'အကြီးအကဲတွေက ငါ့ကို ရာထူးကနေ ဖယ်ရှားဖို့ အတင်းအကျပ် လာလုပ်ကြတာများလား' ဟု တွေးတောမိလိုက်သည်။ ယွမ်တာရှန့်သာ မရှိလျှင် သူ့ဘက်ကနေ မည်သူက ကာကွယ်ပေးနိုင်ပါတော့မည်နည်း။
သို့သော်လည်း ကြားလိုက်ရသည်မှာ နင်းကျော့၏ အသံဖြစ်နေလေသည် - “ခေါင်းဆောင် ယွမ်အာ ဘယ်မှာလဲ။ ငါက အကြီးအကဲ ဖေးစီရဲ့ အမိန့်နဲ့ အရေးကြီးကိစ္စ လာပြောတာ”
ယွမ်အာသည် မျက်ရည်စများဖြင့် အိပ်ဆောင်ထဲမှ ထွက်လာရာ ဝင့်ဝါထောင်လွှားနေသော နင်းကျော့ကို တွေ့လိုက်ရသည်။
သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိထားသူ ဖြစ်သဖြင့် စိတ်ဝိညာဉ်အာရုံကို ပိုင်ဆိုင်ထားပြီး ဖြစ်ပေရာသည်။
ယခုအခါတွင် သူသည် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး အမှတ်အသားတံဆိပ်မှာ အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင်မူ မပေါ့ဆရဲတော့ဘဲ နင်းကျော့ကို လက်အုပ်ချီ နှုတ်ဆက်လိုက်ကာ -
“ဦးလေးမျောက်က ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ကြည့်လာတာပါ။ သူ့ရဲ့ ကျေးဇူးတရားက တောင်ကြီးတစ်လုံးလို လေးလံလှပါတယ်။
အခု သူက ဒဏ်ရာပြင်းထန်ပြီး သေအံ့မူးမူး ဖြစ်နေတာမို့ ကျွန်တော် ဘေးကနေ စောင့်ကြည့်နေရလို့ ဘယ်မှ မသွားနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော် မီးလျှံတောင်တန်းပွဲတော်ကို မတက်ရောက်နိုင်တော့တဲ့အကြောင်း အကြီးအကဲ ဖေးစီကို အမှန်အတိုင်း တင်ပြပေးပြီး ခွင့်လွှတ်ပေးဖို့ ပြောပေးပါဦး” ဟု ဆိုလေသည်။
ယွမ်အာ၏ မျက်နှာထက်တွင် စိတ်ဓာတ်ကျဆင်းမှုများ အထင်းသား ပေါ်လွင်နေတော့သည်။
မီးလျှံသီးတောအုပ်အတွင်းရှိ ပေါက်ကွဲမှု၊ ယွမ်တာရှန့်၏ ပြင်းထန်သော ဒဏ်ရာနှင့် အသက်အန္တရာယ် စိုးရိမ်ရမှုတို့မှာ သူနှင့် မျောက်ခေါင်းဂိုဏ်း တစ်ခုလုံးကို လုံးဝ စိတ်ဓာတ်ပျက်ပြားသွားစေခဲ့ပြီ ဖြစ်သည်။
ယွမ်တာရှန့်၏ အကာအကွယ်မပါဘဲ သူသည် အပြင်သို့ မည်သို့ ထွက်ရဲပါတော့မည်နည်း။
ထိုခဏတွင် နင်းကျော့က ပြုံးလိုက်ပြီး အမှတ်အသားတံဆိပ်ကို ပြန်သိမ်းကာ ပြောလိုက်သည်မှာ - “ခေါင်းဆောင် ယွမ်အာ၊ ငါက ခင်ဗျားရဲ့ အသက်ကို ကယ်ဖို့ လာတာပါ။ ခင်ဗျားမှာ အချိန် သိပ်မကျန်တော့ဘူးဆိုတာ သိရဲ့လား”
ယွမ်အာက ဒေါသတကြီးဖြင့် - “ဒီသံတမန်က ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ စကားတွေကို ပြောနေရတာလဲ”
နင်းကျော့က ချက်ချင်းပင် - “ငါပြောတာက ကြောက်စရာကောင်းလား၊ မကောင်းဘူးလား ဆိုတာကိုတော့ ခေါင်းဆောင် ယွမ်အာအနေနဲ့ အစေခံတွေကို အပြင်ထုတ်ပြီး ငါတစ်ယောက်တည်း ပြောတာကို နားထောင်ရဲသလား ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့”
ယွမ်အာက နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း သူ၏မျက်လုံးများမှာ ဝေခွဲမရ ဖြစ်နေလေသည်။ သို့သော် နောက်ဆုံးတွင်မူ လက်ကာပြလိုက်ကာ - “မင်းတို့အားလုံး ထွက်သွားကြစမ်း” ဟု ဘေးရှိ အစေခံများကို အမိန့်ပေးလိုက်လေတော့သည်။
ဘေးတွင် မည်သူမျှ မရှိတော့သည်ကို မြင်သောအခါ နင်းကျော့သည် ပင်မအိပ်ဆောင်ထဲသို့ အတင့်ရဲစွာ ဝင်ရောက်သွားလေသည်။
သူ၏ အပြုအမူမှာ ရိုင်းစိုင်းလွန်းလှသဖြင့် ယွမ်အာ၏ မျက်နှာမှာ ဒေါသကြောင့် စိမ်းဖန်သွားရသော်လည်း သူက အံကြိတ်ကာ အောင့်အည်းသည်းခံနေလိုက်သည်။
နင်းကျော့သည် အိပ်ဆောင်ထဲသို့ ဝင်သွားပြီး ကုတင်ပေါ်ရှိ ယွမ်တာရှန့်ကို တစ်ချက် ကြည့်လိုက်သည်။ သူသည် အသက်ရှူနှုန်း မျှင်းမျှင်းလေးသာ ရှိတော့ဘဲ အခြေအနေမှာ အတော်ပင် ဆိုးရွားလှသည်။
ထိုအခိုက်အတန့်တွင် နင်းကျော့၏ စိတ်ထဲ၌ ထိုမျောက်ကို သတ်ပစ်ချင်သည့် ပြင်းထန်သော စိတ်ဆန္ဒတစ်ခု ပေါ်ပေါက်လာလေသည်။ သို့သော်လည်း သူက အသက်ကို ပြင်းပြင်းရှူကာ ထိုစိတ်ကို ထိန်းချုပ်လိုက်ရသည်
သူ သတ်၍ မဖြစ်သေးပေ။
ကိစ္စအတော်များများမှာ အပေါ်ယံကြည့်လျှင် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ထိုသို့ မဟုတ်ချေ။
တစ်ချက်အနေဖြင့် သူသာ အခု လုပ်ကြံလိုက်ပါက ယွမ်အာက သေချာပေါက် တားဆီးပေလိမ့်မည်။
ယွမ်အာသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဖြစ်သဖြင့် သူ၏ ကျင့်စဉ်မှာ နင်းကျော့ထက် များစွာ သာလွန်ပေသည်။ ဒုတိယအချက်မှာ မျောက်ကို သတ်နိုင်ခဲ့လျှင်တောင်မှ မျောက်ခေါင်းဂိုဏ်း၏ ဌာနချုပ်မှ လွတ်မြောက်အောင် ပြေးရန် ခဲယဉ်းပေလိမ့်မည်။
တတိယနှင့် အရေးအကြီးဆုံး အချက်မှာ နင်းကျော့သာ ယွမ်တာရှန့်ကို တိုက်ရိုက်သတ်လိုက်ပါက ကျူးရွှမ်းကျိကို ပြောင်ပြောင်တင်းတင်း စော်ကားရာ ရောက်ပေလိမ့်မည်။
ကျူးရွှမ်းကျိက အသက်ကယ်ထားကာရှိသေး၊ချက်ချင်း သွားသတ်လိုက်သည်ဆိုလျှင် အကြီးအကဲ ကျူးရွှမ်းကျိက မည်သို့ ခံစားရပါမည်နည်း။
ကျူးရွှမ်းကျိကိုယ်တိုင်က ချော်ရည်နန်းတော်ကိစ္စကို စုံစမ်းစစ်ဆေးနေပြီး နင်းကျော့ကိုလည်း စစ်မေးခဲ့သည့် နတ်ဘုရားမုဆိုး တစ်ဦး ဖြစ်ပေသည်။
နင်းကျော့သာ ဤကဲ့သို့ ပြုမူလိုက်ပါက ကျူးရွှမ်းကျိကို သူ့အား ထပ်မံစုံစမ်းရန် အတင့်ရဲစွာ စိန်ခေါ်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ အမှန်စင်စစ် ဖေးစီပင်လျှင် ဤကဲ့သို့သော လုပ်ရပ်မျိုးကို တိုက်ရိုက် မလုပ်ရဲပေ။
ယွမ်အာက အနားသို့ တိုးလာပြီး မကျေမနပ်ဖြစ်နေသော အသံဖြင့် တိုးတိုးလေး ပြောလိုက်သည်မှာ - “ငါ့ဦးလေးမျောက် အနားယူတာကို မနှောင့်ယှက်ပါနဲ့။ သံတမန်၊ ဒီဘက်ကို ကြွပါ”
ယွမ်အာသည် နင်းကျော့ကို ဘေးခန်းတစ်ခုသို့ ခေါ်ဆောင်သွားလေသည်။ ယင်းမှာ စာကြည့်ခန်းလေး တစ်ခုပင် ဖြစ်သည်။
နင်းကျော့က တံခါးကို ကိုယ်တိုင် ပိတ်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်မှာ - “ခေါင်းဆောင် ယွမ်အာ၊ ခင်ဗျားရဲ့ ရာထူးကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မယ်လို့ ထင်လဲ”
ယွမ်အာ၏ မျက်နှာမှာ ပျက်သွားကာ - “သံတမန်အနေနဲ့ ဒီလို သွေးထိုးစကားတွေပဲ ပြောနေမယ်ဆိုရင်တော့ ကျေးဇူးပြုပြီး ပြန်ပါတော့”
နင်းကျော့က လှောင်ပြုံးပြုံးလိုက်ကာ - “ခေါင်းဆောင် ယွမ်အာ၊ ငါက ခင်ဗျားကို ကူညီဖို့နဲ့ အသက်ကယ်ဖို့ လာတာပါ။ ခင်ဗျားရဲ့ ကျေးဇူးရှင်ကို အခုလိုပဲ ဆက်ဆံတာလား”
“ကျူးရွှမ်းကျိ ခင်ဗျားကို ပေးခဲ့တဲ့ ဆေးလုံးတွေနဲ့ သူပြောခဲ့တဲ့ စကားတွေအားလုံးကို အစီအရင်ကနေ မှတ်တမ်းတင်ထားပြီးသားပါ။ အခုဆိုရင် အားလုံးက သိနေကြပြီ”
“ယွမ်တာရှန့် အသက်ရှင်နေမယ် ဆိုရင်တောင်မှ သူက အိပ်ရာထဲ လဲနေတဲ့ အသုံးမကျတဲ့လူပဲ ဖြစ်နေမှာ။ သူသာ မရှိရင် ဘယ်သူကများ ခင်ဗျားကို အလေးအမြတ် ထားဦးမှာလဲ”
“ခင်ဗျား အဖေ ဘယ်လို အာဏာရလာသလဲဆိုတာ ခင်ဗျား အသိဆုံး ဖြစ်မှာပါ”
“မျောက်ခေါင်းဂိုဏ်းဟာ ပြင်းထန်တဲ့ တိုက်ပွဲတွေ၊ သွေးချောင်းစီးတဲ့ အဖြစ်အပျက်တွေကြားကနေ တဖြည်းဖြည်းချင်း တက်လာပြီး နေရာရလာတာပါ”
“ဒီလို ဖြစ်စဉ်အတွင်းမှာ လူဘယ်လောက်များများကို စော်ကားခဲ့သလဲ”
“အရိပ်ထဲမှာ ရန်သူ ဘယ်လောက်တောင် လက်စားချေဖို့ စောင့်နေကြသလဲ။ သူတို့က ခင်ဗျားကို စည်းစိမ်ဥစ္စာတွေနဲ့ အေးအေးဆေးဆေး နေသွားခွင့်ပြုမယ်လို့ ထင်နေတာလား”
ဤစကားများမှာ ယွမ်အာ၏ နှလုံးသားကို ထိမှန်သွားစေပြီး သူ၏ မျက်လုံးများမှာ ဝေဝါးသွားရသည်။ “ဒါဆိုရင် သံတမန်က ကျွန်တော့်ကို ဘယ်လို ကူညီပေးနိုင်မှာလဲ”
နင်းကျော့သည် အမှတ်အသားတံဆိပ်ကို ထပ်မံမြှောက်ပြလိုက်ပြီး နောက်ကျောဘက်ရှိ 'ဖေးစီ' ဆိုသော စာလုံးကို ယွမ်အာ မြင်အောင် တမင် ပြသလိုက်လေသည်။
“မျောက်တစ်ကောင်ကို အကာအကွယ် လုပ်နေတာက အကြီးအကဲ ဖေးစီနဲ့ ယှဉ်ရင် ဘာများ အရေးပါလို့လဲ”
ယွမ်အာ၏ မျက်လုံးများမှာ အရောင်တောက်သွားကာ မယုံနိုင်သကဲ့သို့ ဖြစ်သွားရသည်။ “ဆိုလိုတာက... ကျွန်တော် အကြီးအကဲ ဖေးစီဆီမှာ ခိုလှုံလို့ ရတယ်ပေါ့လေ”
နင်းကျော့က လှောင်ရယ်လိုက်ပြီး သူ၏ စိတ်ကူးယဉ်မှုကို ဖျက်ဆီးပစ်လိုက်သည် - “အိပ်မက်မက်မနေစမ်းပါနဲ့။ မျောက်ခေါင်းဂိုဏ်း အင်အားတောင့်တင်းတုန်းကတောင် အကြီးအကဲ ဖေးစီက အဖက်မလုပ်ခဲ့တာ၊ အခုလို အခြေအနေမျိုးမှာ ဆိုရင်တော့ ပြောမနေနဲ့တော့”
“ငါ ဆိုလိုတာက... ခင်ဗျား ငါ့ဆီမှာ ခိုလှုံရမယ်လို့ ပြောတာ”
ယွမ်အာသည် အရှက်ရသလို ခံစားလိုက်ရသော်လည်း နင်းကျော့ ပြောသည်မှာ အမှန်တရား ဖြစ်ကြောင်း သူ သိပေသည်။
ဂိုဏ်းသားအများစုမှာ ရန်လိုတတ်ကြပြီး မကောင်းမှုများနှင့် ပတ်သက်နေကြသူများ ဖြစ်ပေရာ စင်ကြယ်သူများ မဟုတ်ကြချေ။ တမ်းတခြင်းပြည်၏ အရာရှိများမှာ မိမိတို့၏ ဂုဏ်သိက္ခာကို အထိခိုက်မခံလိုကြသဖြင့် ထိုကိစ္စမျိုးကို ထိတွေ့လိုကြမည် မဟုတ်ပေ။
ဖေးစီသည် ရွှေအမြုတေအဆင့်သို့ ရောက်ရှိထားသူ ဖြစ်ရာ မျောက်ခေါင်းဂိုဏ်း တစ်ခုလုံးကို သူ၏ လက်ပါးစေအဖြစ် အသုံးချရန်ပင် ရွံရှာပေလိမ့်မည်။
ယင်းမှာ ယွမ်တာရှန့် သူ၏ အစွမ်းအစအမှန်ကို မပြသရသေးခင်က အခြေအနေပင် ဖြစ်တန်ရာ၏။
ယွမ်အာသည် နင်းကျော့ကို အသေအချာ စိုက်ကြည့်လိုက်ပြီးနောက် လက်အုပ်ချီကာ မေးမြန်းလိုက်သည်မှာ - “ဒါဆိုရင် သံတမန်က ဘယ်သူလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးလို့ ရမလား”
“ငါ့မျိုးနွယ်အမည်က နင်း၊ နာမည်က ကျော့။ နင်းမျိုးနွယ်စုဝင် တစ်ယောက်ပေါ့”
နင်းကျော့သည် သူ၏ မျိုးနွယ်စုအမည်ကို အကာအကွယ်အဖြစ် တိုက်ရိုက် အသုံးပြုလိုက်လေသည်။
ယွမ်အာ၏ မျက်နှာတွင် သတိထားရမည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့၏။
နင်းကျော့သည် သူ၏လက်ထဲရှိ အမှတ်အသားတံဆိပ်ကို ဝေ့ယမ်းပြလိုက်ကာ - “ငါက အကြီးအကဲ ဖေးစီရဲ့ ယုံကြည်မှုကို ရထားတဲ့သူဖြစ်ပြီး လက်ပါးစေတစ်ယောက်အဖြစ်လည်း လုပ်ကိုင်ပေးနေတာပါ”
ယွမ်အာ၏ မျက်နှာမှာ တည်ကြည်သွားကာ - “ထိုင်ပါဦး” ဟု ဖိတ်ခေါ်လိုက်လေသည်။
နင်းကျော့က နှိမ့်ချစွာ ပြောဆိုခဲ့သော်ငြားလည်း 'လက်ပါးစေ' ဟု ဆိုခြင်းမှာ ဖေးစီနှင့် နီးစပ်သူ၊ သို့မဟုတ် ဖေးစီ၏ ယုံကြည်ရသူ ဖြစ်ပေလိမ့်မည်ဟု ယွမ်အာက နားလည်ထားသည်။
ယွမ်အာက နင်းကျော့ကို ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး သူကိုယ်တိုင်လည်း ဖြည်းဖြည်းချင်း ထိုင်လိုက်လေသည်။
သူတို့နှစ်ဦးသည် စာရေးခုံကို မျက်နှာချင်းဆိုင်၍ ထိုင်လိုက်ကြ၏။
နင်းကျော့က ဆက်လက်ပြောကြားသည်မှာ - “ငါက ပျံလွှားဝိုင်း အလုပ်ရုံရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဟုတ်တယ်။ ခင်ဗျားတို့ဆီက စက်မှုမျောက် အတော်များများကိုလည်း ငါကိုယ်တိုင် ဖန်တီးခဲ့တာပါ”
ယွမ်အာသည် ရုတ်တရက် ဒေါသတကြီးဖြင့် ထရပ်လိုက်ကာ - “ဒါဆိုရင် ငါ့ကို လာပြီး လုပ်ကြံခဲ့တာက မင်းလား။ ငါ့ဂိုဏ်းက မျောက်တွေကို အဆိပ်ခတ်တာလည်း မင်းပဲပေါ့။ ဒါကိုများ မင်းက အတင့်ရဲပြီး ဒီကို လာရဲသေးတယ်လား”