← Chapters

အခန်း (၇၁-၇၂)

Vol. 6 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 6 Ch. 71-72

အခန်း (၇၁) - အရှုံးပေးခြင်း

နင်းကျော့သည် ရုတ်ခြည်းပင် မတ်တတ်ထရပ်လိုက်ရာ သူ၏ဟိန်းဟောက်သံမှာ ယွမ်အာ၏ အသံကိုပင် လွှမ်းမိုးသွားတော့သည်။

"မဟုတ်ဘဲ လျှောက်ပြောမနေနဲ့ဦး။ ခိုင်လုံတဲ့ အထောက်အထား မရှိဘဲနဲ့ မင်းကို လုပ်ကြံဖို့ဖြစ်ဖြစ်၊ မင်းရဲ့ မျောက်တွေကို လုပ်ကြံဖို့ဖြစ်ဖြစ် ငါတို့က ဘယ်လိုလုပ်ပြီး ကြံစည်မှာလဲ"

"မင်းမှာရော အထောက်အထား ရှိလို့လား"

ယွမ်အာမှာ ဆွံ့အသွားပြီး ဒေါသကြောင့် မျက်လုံးများ သွေးတက်လာကာ နင်းကျော့ကို လက်ညှိုးငေါ့ငေါ့ထိုး၍ လူသတ်ချင်စိတ်များ ပြင်းထန်နေလေသည်။

"မင်းလို သူခိုးလေးက ငါ့အိမ်တိုင်အထိ ပြဿနာလာရှာနေတာပဲ။ သေရမှာ မကြောက်ဘူးလား၊ မင်း သေကိုသေရမယ်"

နင်းကျော့မှာ မကြောက်မရွံ့ဘဲ လည်ပင်းကို မတ်မတ်ထားကာ ရှေ့သို့ တိုးဝင်သွားသည်။

စားပွဲကို ပတ်ကာ ယွမ်အာအနီးအထိ လျှောက်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

"ကဲ... လာလေ၊ လာကြည့်စမ်း။ ဒီမှာ ငါ့ခေါင်းရှိတယ်။ ခေါင်းဆောင်ယွမ်အာ စိတ်ကြိုက်သာ ဖြတ်ယူလိုက်ပါတော့"

သူက တစ်လှမ်းချင်း တိုးကပ်လာသည်နှင့်အမျှ ယွမ်အာမှာ နင်းကျော့၏ အရှိန်အဝါအောက်တွင် ဖိနှိပ်ခံလိုက်ရကာ နောက်ဆုတ်ရန် ကြိုးစားသော်လည်း နောက်မှ ကုလားထိုင်နှင့် တိုက်မိပြီး ဘုန်းခနဲ ပြန်ထိုင်ကျသွားသည်။

ခန့်ညားထည်ဝါလှသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမှာ ဝိညာဉ်စွမ်းအားသန့်စင်ခြင်းအဆင့်ရှိသည့် လူငယ်လေးတစ်ဦး၏ ဖိအားပေးမှုကို ဤမျှ ခံလိုက်ရသည်မှာ အခြားသူများသာ မြင်သွားပါက သူ၏ ဂုဏ်သိက္ခာမှာ မြေစာပင် ဖြစ်ပေတော့မည်။

ထိုမြင်ကွင်းကို ကြည့်ပြီး နင်းကျော့က အားရပါးရ ရယ်မောလိုက်သော်လည်း ဆက်၍ ဖိအားမပေးတော့ဘဲ အနည်းငယ် နောက်ဆုတ်လိုက်ကာ လေသံကို လျှော့၍ ပြောလိုက်သည်။

"ခေါင်းဆောင်ယွမ်အာဟာ ပညာရှိတစ်ယောက်ပဲ။ ကျွန်တော် ဒီကိုလာတာ ခင်ဗျားကို အညံ့ခံဖို့ လာပြောတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေတော့ ရှိပြီးသားပါ။ ဒါပေမဲ့ အဲ့ဒီအကြောင်းတွေကို အသေးစိတ် မပြောတော့ပါဘူး"

"တကယ်လို့ ကျွန်တော့်မှာ ဒဏ်ရာအနာတရ အနည်းငယ်လေးတောင် ရသွားခဲ့ရင် အကြီးအကဲဖေးစီက ဘယ်လို ထင်သွားမလဲ။ ကျွန်တော့်ရဲ့ နင်းမျိုးနွယ်စုကရော ဘာလုပ်မလဲ။ ပျံလွှားဝိုင်း အလုပ်ရုံကကော ဘယ်လို လက်စားချေမလဲဆိုတာ ခင်ဗျား စဉ်းစားကြည့်ဖူးလား"

ယွမ်အာမှာ ကြောက်ရွံ့တုန်လှုပ်သွားပြီး သွားကို တင်းတင်းကြိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရာ လက်သည်းများမှာ အသားထဲ စူးဝင်၍ သွေးများပင် ထွက်လာတော့သည်။

သို့သော် ထိုနာကျင်မှုမှာ သူခံစားနေရသည့် အရှက်ရမှုနှင့် ရင်ထဲက တောက်လောင်နေသော အမုန်းတရားများနှင့် ယှဉ်လျှင် ဘာမျှ မဟုတ်ပေ။

နင်းကျော့မှာမူ လုံးဝ ပေါ့ပေါ့ပါးပါးဖြစ်သွားပုံရပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ စာကြည့်ခန်းငယ်လေးထဲတွင် အေးအေးလူလူ လမ်းလျှောက်နေသည်။

အကယ်၍ ယွမ်အာသာ အရှက်သည်းပြီး ဒေါသတကြီး တိုက်ခိုက်လိုက်လျှင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်၏ စွမ်းအားကြောင့် နင်းကျော့မှာ အသက်ပျောက်သွားနိုင်သည်။

သို့သော် သူက အေးအေးဆေးဆေးပင် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူ ယခုအချိန်တွင် တည်ငြိမ်ပြီး ယုံကြည်ချက်ရှိလေလေ၊ တစ်ဖက်လူကို ပို၍ ခြောက်လှန့်နိုင်လေလေ ဖြစ်မည်ကို သူသိထားသောကြောင့်ပင်။

နင်းကျော့သည် ခေါင်းကိုမော့ကာ ယွမ်ယီနှင့် ယွမ်တာရှန့်တို့၏ ဘဝအတွေ့အကြုံများ၊ မျောက်ခေါင်းဂိုဏ်း၏ အောင်မြင်မှုများနှင့် လမ်းခရီးတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသော အရေးပါသည့် တိုက်ပွဲများကို အသေးစိတ် ပြောပြလေတော့သည်။

ဤကဲ့သို့ တစ်ဖက်လူ၏ အကြောင်းကို အကုန်အစင် သိရှိနေခြင်းက ယွမ်အာ၏ ရင်ကို အေးစက်သွားစေသည်။

တစ်ဖက်လူမှာ ဝိညာဉ်စွမ်းအားသန့်စင်ခြင်း အဆင့် (၃) သာ ရှိသေးသော်လည်း ယွမ်အာ၏ စိတ်ထဲတွင်မူ နင်းကျော့မှာ သူနှင့် တစ်ဂိုဏ်းလုံးကို ဝါးမျိုရန် ပါးစပ်ဟထားသည့် သားရဲကြီးတစ်ကောင်ကဲ့သို့ ထင်မှတ်နေမိသည်။

နင်းကျော့က ယွမ်အာအနားသို့ တစ်ဖန် တိုးကပ်သွားပြီး စူးရှသော အကြည့်များဖြင့် ကြည့်လိုက်သည်။ "ခေါင်းဆောင်ယွမ်အာ... ခင်ဗျားရဲ့ ဖခင်နဲ့ ဦးလေးမျောက်ကြီးတို့ဟာ တစ်ဘဝလုံး ကြိုးစားပြီးတော့ ဒီအခြေခံကို တည်ဆောက်ခဲ့တာ။ အခု ခင်ဗျားလက်ထဲ ရောက်မှ ပျက်စီးသွားစေတော့မှာလား"

"ခင်ဗျား တကယ်ပဲ ဒီလို ဖြစ်သွားစေချင်တာလား။ ခင်ဗျား ဖခင်နဲ့ ဦးလေးမျောက်ကြီးကိုရော မျက်နှာပြရဲရဲ့လား"

ယွမ်အာက စိုက်ကြည့်ပြီး ပြန်ပြောသည်။ "ငါ အခုလို အကြပ်အတည်း ဆိုက်နေရတာတွေ အကုန်လုံးက မင်းကြောင့် မဟုတ်ဘူးလား"

"မဟုတ်ဘူး... ခင်ဗျား မှားနေပြီ" နင်းကျော့က လက်ခါပြလိုက်ရင်း "ကျွန်တော်တို့ မရှိလည်း တခြားလူတွေ ရှိဦးမှာပဲ။ ဒီလောကကြီးမှာ အားကြီးတဲ့သူက အနိုင်ရစမြဲပဲ။ ခင်ဗျားက အားနည်းနေတာကိုး၊ အဲ့ဒါကြောင့် အားကြီးတဲ့သူရဲ့ သားကောင် ဖြစ်ရတာပေါ့"

"ဒါကို မယုံရင် ခင်ဗျားအဖေနဲ့ ဦးလေးမျောက်ကြီး ဘယ်လို အောင်မြင်လာလဲ၊ မျောက်ခေါင်းဂိုဏ်းကို ဘယ်လို တည်ထောင်ခဲ့သလဲဆိုတာ ပြန်စဉ်းစားကြည့်ဦး။ ခင်ဗျား အခုတွေးနေတာတွေက ခင်ဗျားတို့ နှိပ်စက်ခဲ့တဲ့ ရှုံးနိမ့်သူတွေရဲ့ အတွေးမျိုး ဖြစ်နေပြီ မဟုတ်လား"

"ကံကြမ္မာကိုပဲ ဖြစ်ဖြစ်၊ တခြားလူကိုပဲ ဖြစ်ဖြစ် အပြစ်တင်မနေပါနဲ့တော့ ခေါင်းဆောင်ယွမ်အာ"

"ဒီလို အတွေးမျိုးက အားနည်းလွန်းတယ်။ ခင်ဗျားအဖေနဲ့ ဦးလေးအတွက် ဂုဏ်သိက္ခာလေးတော့ ချန်ထားပေးပါဦး"

ယွမ်အာမှာ စိုက်ကြည့်နေဆဲ ဖြစ်သော်လည်း စကားတစ်လုံးမှ ပြန်မပြောနိုင်တော့ပေ။

ဂိုဏ်းစတိုင်ဖြင့် ကြီးပြင်းလာသူပီပီ 'အားကြီးသူက အနိုင်ရသည်' ဟူသော အယူအဆကို လက်ခံထားသူဖြစ်ရာ ငြင်းချက်ထုတ်ရန် အခွင့်မသာတော့ချေ။

နင်းကျော့က ခေါင်းမော့ကာ စကားကို ဆက်လိုက်သည်။ "ကျွန်တော်တို့နဲ့ ပူးပေါင်းပါ။ ဒါဆိုရင် ကျွန်တော်တို့က ခင်ဗျားကို ကူညီနိုင်လိမ့်မယ်။ အဲ့ဒီကျမှပဲ ကျွန်တော်တို့က ကူညီမှာနော်"

ယွမ်အာက သက်ပြင်းရှည်ကြီး ချလိုက်ကာ "မင်းက ငါ့ကို ဘယ်လို ကူညီမှာလဲ" ဟု မေးလိုက်သည်။

နင်းကျော့က လှည့်ထွက်သွားပြီး လက်ကိုနောက်ပစ်ကာ လမ်းအနည်းငယ် လျှောက်လိုက်ရာ ယွမ်အာမှာ သူ၏ ကျောပြင်ကိုသာ မြင်ရတော့သည်။

သူ၏ လေသံမှာ တစ္ဆေတစ်ကောင်ကဲ့သို့ အေးစက်စက်နှင့်ပင်။ "ပျံလွှားဝိုင်း အလုပ်ရုံနဲ့ အကြီးအကဲဖေးစီကြားက ပတ်သက်မှုကို ခင်ဗျား သိလား"

"လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ စက်မှုမျောက်တွေ ရောင်းရလို့ရတဲ့ အမြတ်ရဲ့ လေးဆယ်ရာခိုင်နှုန်းဟာ အကြီးအကဲဖေးစီဆီ ရောက်သွားတာ။ အကြီးအကဲဖေးစီက ဒါကို လူသိရှင်ကြား ဝန်ခံမှာ မဟုတ်ပေမဲ့ သူက အနည်းငယ်လောက် ကူညီပေးလိုက်ရုံနဲ့တင် ခင်ဗျားရဲ့ အခြေအနေက လုံးဝ ပြောင်းလဲသွားနိုင်တယ်"

"ဒီဆက်ဆံရေး တစ်ခုတည်းနဲ့တင် ခင်ဗျားကို မျက်စိကျနေတဲ့ အကြီးအကဲတွေကို ဟန့်တားဖို့ လုံလောက်နေပါပြီ"

ယွမ်အာက သက်ပြင်းကို ထပ်မံချလိုက်ပြန်သည်။

သူ့ရင်ထဲတွင် မကျေနပ်ချက်များ ပြန်လည် မြင့်တက်လာပြန်သည်။

'ဩော်... ပျံလွှားဝိုင်း အလုပ်ရုံက ဒီလောက် အင်အားကြီးနေတာ အကြီးအကဲဖေးစီနဲ့ ပတ်သက်နေလို့ကိုး။ ဖေးစီက သူတို့ကို ကျောထောက်နောက်ခံ ပေးထားတာကိုး'

'ရွံစရာကောင်းလိုက်တာ၊ တကယ့်ကို ဖောက်ပြန်ပုပ်သိုးနေတာပဲ'

'ငါ့ရဲ့ မျောက်ခေါင်းဂိုဏ်း ဒီလောက်အထိ နှိပ်စက်ခံနေရတာ မဆန်းတော့ပါဘူး'

'ရွှေအမြုတေအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ဦး၊ အထူးသဖြင့် ရက်စက်လှတဲ့ ဖေးစီလိုလူမျိုးက သူတို့နောက်မှာ ရှိနေမှတော့ ငါတို့ ဘယ်လိုလုပ်ပြီး အနိုင်ရနိုင်မှာလဲ'

ယွမ်အာက စဉ်းစားလေလေ ပို၍ ဝမ်းနည်းလာလေလေဖြစ်ပြီး သတ္တိများလည်း ကုန်ခမ်းသွားတော့သည်။

နင်းကျော့က ယွမ်အာ၏ မျက်နှာရိပ်မျက်နှာကဲ အပြောင်းအလဲတိုင်းကို စောင့်ကြည့်နေပြီး ဆက်ပြောလိုက်သည်။

"ဒါတင်မကသေးဘူး၊ ကျွန်တော်တို့က ခင်ဗျားကို စက်မှုမျောက်တွေ အများကြီး ရောင်းပေးဦးမှာ"

"အခုကစပြီး ခင်ဗျားတို့ရဲ့ မျောက်တွေကို စွန့်လွှတ်ရမယ်။ အဲ့ဒီအစား စက်မှု မီးလျှံပေါက်ကွဲမျောက်တွေကိုပဲ ပြောင်းသုံးရလိမ့်မယ်"

ယွမ်အာမှာ မှင်သက်သွားပြီး အော်ဟစ်လိုက်သည်။ "ဒါက မဖြစ်နိုင်တာပဲ။ ငါသာ အဲ့ဒီလို အမိန့်ပေးလိုက်ရင် ငါ့ရာထူးကနေ ချက်ချင်း ဖြုတ်ချခံရလိမ့်မယ်။ သူတို့က ဒီလို ရယ်စရာကောင်းတဲ့ အမိန့်ကို ဘယ်တော့မှ နာခံမှာ မဟုတ်ဘူး"

နင်းကျော့က ဒါကို ကြိုတင် သိရှိထားသကဲ့သို့ အားရပါးရ ရယ်မောလိုက်ပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။ "ဒါပေါ့... ခင်ဗျားကို ဂိုဏ်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံရအောင်တော့ ကျွန်တော် မလုပ်ပါဘူး"

"ခင်ဗျား သူတို့ကို ဒီလိုပဲ ပြောလိုက်ပါ။ အခုကစပြီး မီးလျှံသီး ခူးတဲ့အလုပ်ကို မျောက်ခေါင်းဂိုဏ်းကပဲ သီးသန့် လုပ်ကိုင်ရမယ်၊ ပျံလွှားဝိုင်း အလုပ်ရုံက လုံးဝ ဝင်မရှုပ်ဘူးလို့ပေါ့"

"တစ်ခုတည်းသော အခြေအနေကတော့ စက်မှု မီးလျှံပေါက်ကွဲမျောက်တွေကိုပဲ သုံးရမယ်၊ ခင်ဗျားတို့ရဲ့ မျောက်တွေကို အကုန်လုံး စွန့်လွှတ်ရမယ် ဆိုတာပါပဲ"

ယွမ်အာမှာ မယုံနိုင်သကဲ့သို့ ဖြစ်သွားပြီး "မင်း... အခု ဘာပြောလိုက်တာလဲ" ဟု မေးလိုက်သည်။

နင်းကျော့က ပြုံး၍ "ပျံလွှားဝိုင်း အလုပ်ရုံက ခင်ဗျားတို့ရဲ့ အလုပ်ကို လုယူချင်နေတယ်လို့ ထင်နေတာလား"

"ခင်ဗျားက အမြင်ကျဉ်းလွန်းတာပဲ"

"ကျွန်တော်တို့နဲ့ အကြီးအကဲဖေးစီကြားမှာ အကျိုးစီးပွားချင်း ဆက်နွှယ်နေတာ။ တကယ်လို့ ကျွန်တော်တို့က မီးလျှံသီး ခူးတဲ့အလုပ်ကို လုယူမယ်ဆိုရင် ဒါဟာ ပြည်သူတွေနဲ့ အကျိုးစီးပွား လုနေတာ မဟုတ်ဘူးလား။ အဲ့ဒီလိုလုပ်ရင် အကြီးအကဲဖေးစီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာဖြစ်လို့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"

"ကျွန်တော်တို့က စက်မှု မီးလျှံပေါက်ကွဲမျောက်တွေကိုပဲ ရောင်းမှာ။ ဒါဟာ မီးလျှံသီးခူးတဲ့အခါ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို လျော့ကျစေတယ်၊ သေကျေပျက်စီးမှုတွေကို နည်းပါးစေတယ်။ တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးရှိစေမှာဖြစ်လို့ ဒါဟာ ကုသိုလ်ကောင်းမှု တစ်ခုပဲပေါ့"

ယွမ်အာ၏ မျက်နှာမှာ ဖြူလျော့သွားသည်။ ဒီအခြေအနေတစ်ခုလုံးက သူ့အတွက်တော့ အဓိပ္ပာယ်မရှိလွန်းလှချေ။

ဒီလောက် အချိန်အတော်ကြာအောင် တစ်ဖက်လူက မျောက်ခေါင်းဂိုဏ်းရဲ့ စားကျက်ကို လုတော့မည်ဟု ထင်မှတ်ကာ အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ယခုမှပင် တစ်ဖက်လူ၏ ရည်ရွယ်ချက်က ထိုနေရာတွင် မဟုတ်မှန်း သိလိုက်ရတော့သည်။

ဒါဆိုလျှင် သူတို့ ဘာကြောင့်များ အစောပိုင်းက ရန်သူကြီးတွေလို တင်းမာနေခဲ့ကြပြီး အစီအစဉ်တွေ အများကြီး လုပ်ခဲ့ကြတာလဲ။

နင်းကျော့က ယွမ်အာ၏ အတွေးကို ဖတ်မိပုံရကာ "ခေါင်းဆောင်ယွမ်အာ... စိတ်မလေပါနဲ့ဦး" ဟု ဆိုလိုက်သည်။

"ခင်ဗျားက မျောက်တွေကို ဆက်သုံးနေဦးမယ်ဆိုရင် ခင်ဗျားဟာ ရန်သူပဲ။ ဒါပေမဲ့ စက်မှု မီးလျှံပေါက်ကွဲမျောက်တွေကို သုံးမယ်ဆိုရင်တော့ ခင်ဗျားဟာ ကျွန်တော်တို့ရဲ့ ဧည့်သည်ပဲ"

"ရန်သူနဲ့ ဧည့်သည်ကြားက ခြားနားချက်ကို ကလေးတောင် သိနိုင်ပါတယ်။ အကြီးအကဲဖေးစီရဲ့ ဆန္ဒအရဆိုရင် နောင်အနာဂတ်မှာ မီးလျှံတောင် မသေမျိုးမြို့တော်မှာ မျောက်တွေကိုသုံးပြီး မီးလျှံသီးခူးတဲ့ ခေတ်နောက်ကျတဲ့ နည်းလမ်းတွေကို သုံးစရာ မလိုတော့ဘူး"

"မျောက်တစ်ကောင်စီမှာလည်း အသက်ရှိတာပဲ။ ခင်ဗျားတို့က ဘာလို့ ဒီလောက်တောင် ရက်စက်နေရတာလဲ"

"စက်မှုမျောက်တွေက ကောင်းပါတယ်။ သေမှာလည်း မကြောက်ဘူး၊ အလုပ်လည်း ပိုတွင်တယ်"

"ကျွန်တော် ကတိပေးပါတယ်။ ခင်ဗျားသာ ကျွန်တော်တို့ဘက်ကို ပါလာရင် ခင်ဗျားကို အထူးထုတ်လုပ်ထားတဲ့ စက်မှုမျောက်တွေ ခိုးပြီး ရောင်းပေးမယ်။ အဲ့ဒီမျောက်တွေက သာမန်မျောက်တွေထက် အဖက်ဖက်က သာလွန်စေရမယ်"

"ဒါဆိုရင် ခင်ဗျားတို့ မျောက်ခေါင်းဂိုဏ်းဟာ မီးလျှံသီးခူးတဲ့နေရာမှာ သိသိသာသာ အသာစီး ရသွားလိမ့်မယ်"

ယွမ်အာ၏ စိတ်ဓာတ်မှာ အနိမ့်ဆုံးသို့ ကျဆင်းသွားတော့သည်။

အကယ်၍ သူသာ ဤအခြေအနေကို လက်ခံလိုက်ပါက တစ်သက်လုံး သူတစ်ပါး လက်အောက်တွင် နေရတော့မည်ကို သူကောင်းကောင်း သိသည်။

စက်မှုမျောက်များ ရရှိရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် ပျံလွှားဝိုင်း အလုပ်ရုံကို အားကိုးနေရတော့မည်။ ကြီးမားလှသော မျောက်ခေါင်းဂိုဏ်းကြီးမှာ လည်ပင်း အညှစ်ခံထားရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ပျံလွှားဝိုင်း အလုပ်ရုံကမူ သူတို့မှတစ်ဆင့် ဈေးကွက်တစ်ခုလုံးအပေါ် သူတို့၏ သြဇာလွှမ်းမိုးမှုကို သိသိသာသာ မြှင့်တင်နိုင်မည်ဖြစ်သည်။

မျောက်ခေါင်းဂိုဏ်းက စီးပွားပြိုင်ဘက်တွေကို ဆက်ပြီး ကာကွယ်နေရချိန်မှာ ပျံလွှားဝိုင်း အလုပ်ရုံကမူ အဝေးကနေ ကြည့်ပြီး သွေးတစ်စက်မှ မစွန်းဘဲ ငွေတွေ ထိုင်သိမ်းနေတော့မည်။

"တကယ့်ကို ကောင်းမွန်တဲ့ အစီအစဉ်ပဲ၊ တကယ်ကို ကောင်းလွန်းတယ်" ယွမ်အာမှာ ဝမ်းနည်းပက်လက် အော်ဟစ်လိုက်ပြီး တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ကွယ်သွားတော့သည်။

နင်းကျော့၏ မျက်လုံးများမှာ မှောင်မိုက်စွာ လင်းလက်နေသည်။ "ခေါင်းဆောင်ယွမ်အာ... ခင်ဗျား ဆုံးဖြတ်ချက် ချပြီးပြီလား"

ယွမ်အာ၏ ရင်ထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။

ဒီအခြေအနေမှာ သူ ရွေးချယ်စရာ ဘာရှိဦးမှာလဲ။

ထောင်စုနှစ် မီးလျှံသီးတောအုပ် ပေါက်ကွဲသွားသည့် အချိန်ကတည်းက သူ လုံးဝ ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။

ထို့ကြောင့် ယွမ်အာသည် စားပွဲကို ပတ်ကာ နင်းကျော့၏ ရှေ့တွင် ရပ်လိုက်သည်။

သူက ရင်ထဲက ဝမ်းနည်းမှုနှင့် ဒေါသများကို ဖိသိပ်ကာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး တုန်ရီနေသော အသံဖြင့် ဦးညွှတ်ကာ နှုတ်ဆက်လိုက်တော့သည်။

"ယွမ်အာက ဆရာနင်းကို ဂါရဝပြုပါတယ်"

အခန်း (၇၂) ယွမ်တာရှန့်ကို ငါ့လက်ထဲ အပ်လိုက်စမ်း

"ယွမ်အာ... နင်းသခင်လေးကို ဂါရဝပြုပါတယ်"

ယွမ်အာက သူ့ရှေ့တွင် ဦးညွှတ်လိုက်သည့် ခဏ၌ နင်းကျော့ စိတ်ထဲ အနည်းငယ် တွန့်ဆုတ်သွားမိသည်။

ဤအခွင့်အရေးကို အသုံးချကာ မျောက်ခေါင်းဂိုဏ်း တစ်ခုလုံးကို သူ့လက်အောက်ခံအဖြစ် တကယ်ပဲ သိမ်းသွင်းသင့်သလားဟု သူ စဉ်းစားနေမိခြင်း ဖြစ်၏။

ယခုအခါ ယွမ်တာရှန့်မှာ ဒုက္ခိတ ဖြစ်သွားပြီ ဖြစ်သော်လည်း သူ၏ ဝိညာဉ်သာ နန်းတော်ထဲသို့ ရောက်ရှိသွားပါက မသေမျိုးနန်းတော်၏ အမွေအနှစ်ကို အရယူရန်အတွက် အကောင်းဆုံးသော လူသတ်လက်နက်တစ်ခု ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သို့သော်လည်း နင်းကျော့က ချက်ချင်းပင် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီး -

"ယာယီ အကျိုးအမြတ်နောက်ကို မလိုက်သင့်ဘူး" ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။

"ယွမ်အာကို စည်းရုံးနိုင်တာဟာ ရန်သူ အားနည်းနေတဲ့ အချိန်ကို အခွင့်ကောင်း ယူလိုက်ရုံသက်သက်ပဲ။

အဆုံးသတ်မှာတော့ သူ့ကို တကယ်တမ်း အညံ့ခံစေတာ ငါမှ မဟုတ်တာ"

"နောင်တစ်ချိန်မှာ ဖေးစီ ဒါမှမဟုတ် တခြား အင်အားကြီး အဖွဲ့အစည်း သုံးခုထဲက တစ်ခုခုကသာ သူ့ကို သိမ်းသွင်းလိုက်ရင် ယွမ်အာက ငါ့အပေါ် သစ္စာရှိပါဦးမလား။ လုံးဝ မရှိနိုင်ဘူး"

"ဒါ့ထက် ပိုအရေးကြီးတာက ယွမ်အာက ငါ့အပေါ် လုံးဝ သစ္စာရှိတယ် ဆိုရင်တောင် သူ့ကို အားကိုးပြီး မျောက်ခေါင်းဂိုဏ်းကို ငါ ထိန်းချုပ်နိုင်ပါ့မလား"

နင်းကျော့သည် စိတ်ထဲမှ ခေါင်းခါယမ်းလိုက်မိသည်။ မျောက်ခေါင်းဂိုဏ်းသား အများအပြားမှာ ယွမ်အာအပေါ် စိတ်ပျက်နေကြသည် မဟုတ်လော။

"ဒါဆို ယွမ်အာကတစ်ဆင့် ယွမ်တာရှန့်ကိုရော ငါ ထိန်းချုပ်လို့ ရနိုင်မလား"

နင်းကျော့ စိတ်ထဲမှ ထပ်မံ၍ ခေါင်းခါလိုက်ပြန်သည်။

ယွမ်တာရှန့်သည် ယွမ်အာကို ကာကွယ်ရုံသာ ကာကွယ်ပေးသည်ဖြစ်ပြီး သူ၏ စကားကို နားထောင်လေ့ ရှိသည်ကား မဟုတ်။ သူသည် အောက်ခြေမှ တက်လာသူ ဖြစ်ရာ ကိုယ်ပိုင် ပညာရပ်များနှင့် ထိုးထွင်းအမြင်များလည်း ရှိပြီးသား ဖြစ်သည်။

သူသည် ချောင်းမြောင်း တိုက်ခိုက်ခံရခြင်းကြောင့်သာ အသာစီး ပေးလိုက်ရခြင်း ဖြစ်ပြီး နင်းကျော့မှာ သူ၏ ရန်သူတော်ကြီး ဖြစ်နေသည်ကို မသိသေးခြင်းသာ ဖြစ်၏။

သတင်းအချက်အလက်များကို စုဆောင်းရန် အချိန်ရသွားသည်နှင့် တစ်ပြိုင်နက် ယွမ်တာရှန့်သည် သူ၏ နှစ်ရှည်လများ တိုက်ပွဲ အတွေ့အကြုံများနှင့် ဉာဏ်ပညာတို့ကို အသုံးချကာ သူ၏ အခြေအနေမှန်ကို ရိပ်မိသွားပေလိမ့်မည်။

ထိုအခါ သူ လုပ်ဆောင်ရန် အရှိဆုံး အရာမှာ အင်အားကြီး အဖွဲ့လေးခုထံ ချဉ်းကပ် ခိုလှုံသွားပြီး နင်းကျော့ကို စွန့်ပစ်ခြင်း သို့မဟုတ် ဖယ်ရှားပစ်ခြင်းပင် ဖြစ်ပေလိမ့်မည်။

"ငါ့အခြေအနေက အခု အရမ်း အားနည်းနေသေးတယ်။ ချောက်ကမ်းပါး အစွန်းမှာ လမ်းလျှောက်နေရသလိုပဲ။ ကွဲအက်တော့မယ့် ကြက်ဥတစ်လုံးလို ထိလွယ်ရှလွယ် ဖြစ်နေတဲ့ အချိန်မှာ အကျိုးအမြတ်လေးကို မက်ပြီး စိတ်လွတ်ကိုယ်လွတ် မဖြစ်သင့်ဘူး"

"ခြေလှမ်း တစ်လှမ်း မှားလိုက်တာနဲ့ ချောက်ထဲကို ကျပြီး အစိပ်စိပ်အမွှာမွှာ ဖြစ်သွားနိုင်တယ်"

ဤမျှအထိ တွေးတောပြီးနောက်တွင်မူ နင်းကျော့သည် လုံးဝ တည်ငြိမ်သွားပြီး မရေရာသော အသာစီးရမှုများအပေါ် ဝေခွဲမရ ဖြစ်မနေတော့ပေ။

သူသည် လက်ကို ဆန့်ထုတ်ကာ ယွမ်အာကို ထူပေးလိုက်ပြီး -

"ခေတ်ရေစီးကြောင်းကို နားလည်တဲ့သူဟာ တကယ့် လူတော်လူကောင်းပဲ..." ဟု ချီးကျူးလိုက်သည်။

ယွမ်အာကို နှစ်သိမ့်စကားများ ပြောကြားပြီးနောက် ထိုသူ၏ စိတ်ခံစားချက်များ တည်ငြိမ်စပြုလာသည်ကို မြင်သောအခါ နင်းကျော့က သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်ဖော်လိုက်တော့သည်။

"မင်း ငါတို့ဘက်ကို ကူးပြောင်းလာပြီ ဆိုတော့လည်း မင်းကို ဂိုဏ်းခေါင်းဆောင် ဖြစ်လာအောင် ငါတို့ အစွမ်းကုန် ကူညီပေးမှာပေါ့"

"မင်းရဲ့ ကိုယ်ပိုင် တိုက်ခိုက်ရေး စွမ်းရည်က အနည်းငယ် အားနည်းနေသေးတယ်။ အကြီးအကဲ ဖေးစီရဲ့ အစီအစဉ်အရ မင်းအတွက် သီးသန့် စက်မှုပစ္စည်း တစ်ခု ငါတို့ ဖန်တီးပေးမယ်"

"ဒီစက်မှုပစ္စည်းက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရဲ့ တိုက်ခိုက်ရေး စွမ်းအား ရှိလိမ့်မယ်။ အဲဒါဆိုရင် ဂိုဏ်းထဲက တခြား အကြီးအကဲတွေကို မင်း ဖိနှိပ်ထားနိုင်ပြီပေါ့"

"ဟုတ်လား" ယွမ်အာ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် တောက်ပသွားသည်။ အထူးသဖြင့် တစ်ဖက်လူ၏ ပိုမို ထောက်ပံ့ပေးလိုသော သဘောထားကြောင့် သူ စိတ်အေးသွားရသည်။

သို့သော်လည်း နင်းကျော့၏ နောက်ထပ် စကားများကြောင့် သူသည် တစ်ဖန် ဒေါသထွက်သွားရပြီး တစ်ဖက်လူကို ထိုးနှက်ရန်ပင် အဆင်သင့် ဖြစ်သွားလေတော့သည်။

နင်းကျော့က ခေါင်းငြိမ့်ကာ -

"မင်း သဘောတူတာ ကောင်းပါတယ်။ နောက်ပြီးတော့... ယွမ်တာရှန့်ကို ငါတို့ဆီ အပ်လိုက်စမ်းပါ။ မင်းအတွက် စွမ်းအားကြီးတဲ့ စက်မှုမျောက်တစ်ကောင် ငါတို့ ဖန်တီးပေးမယ်"

ယွမ်အာမှာ ဒေါသထွက်လွန်း၍ ခုန်တောင် ပေါက်မတတ် ဖြစ်သွားရ၏။

"မဖြစ်ဘူး... အဲဒါ လုံးဝ မဖြစ်နိုင်ဘူး"

သူသည် တွေဝေခြင်း မရှိဘဲ ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

"ဟမ်..." နင်းကျော့က မျက်မှောင်ကြုတ်လိုက်ကာ

"ဂိုဏ်းခေါင်းဆောင် ယွမ်အာ... သေသေချာချာ စဉ်းစားစမ်းပါ။ အဆင့်မြင့် ကုန်ကြမ်းတွေ ရှိမှပဲ စွမ်းအားကြီးတဲ့ စက်မှုပစ္စည်းတွေ ဖန်တီးနိုင်မှာ"

"မင်းကို စော်ကားချင်လို့ မျောက်အလောင်းကို ငါတို့ ရှာနေတယ်လို့ ထင်နေတာလား။ မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ။ မျောက်ဆီက ရတဲ့ အစိတ်အပိုင်းတွေကမှ အကောင်းဆုံး စက်မှုမျောက်တစ်ကောင် ဖြစ်လာမှာပေါ့"

ယွမ်အာက ခေါင်းကိုသာ ဆက်တိုက် ခါယမ်းနေပြီး -

"ဒါတောင်မှ... ကျွန်တော့်ရဲ့ ဦးလေးမျောက်ကိုတော့ ဘယ်တော့မှ..."

နင်းကျော့က စိတ်မရှည်သလို လက်ကာပြလိုက်ပြီး စကားကို ရုန့်ရုန့်ရင်းရင်းပင် ဖြတ်ပြောလိုက်သည်။

"တော်စမ်း ယွမ်အာရာ... မင်းက မိန်းမသားတစ်ယောက်လို စိတ်နုနေတုန်းပဲလား"

"ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ မင်း ကုန်ကြမ်း ပေးကို ပေးရမယ်။ ယွမ်တာရှန့်ရဲ့ အလောင်းက ရတဲ့ အစိတ်အပိုင်းတွေနဲ့မှ နောင်တစ်ချိန်မှာ မင်းကို ကာကွယ်ပေးမယ့် ထိပ်တန်း စက်မှုမျောက်တစ်ကောင် ငါတို့ လုပ်ပေးနိုင်မှာ"

"မင်းကို မျောက်ခေါင်းဂိုဏ်းရဲ့ ခေါင်းဆောင်အဖြစ် ဆက်ထားဖို့ ငါတို့ လိုအပ်တယ်။ ဒါပေမဲ့ တခြား အကြီးအကဲတွေက ဘာလုပ်မယ် ထင်လဲ။ မင်းမှာ တိုက်ခိုက်ရေး စွမ်းရည် မရှိဘဲနဲ့ အားကိုးရမယ့် အစောင့်အရှောက်သာ မရှိရင် အကြီးအကဲ တစ်ယောက်ယောက်က လူသတ်သမား ငှားပြီး မင်းကို သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

ယွမ်အာ တိတ်ဆိတ်သွားသည်။

နင်းကျော့က ဆက်၍ -

"လူမိုက်ဆိုတာ အုတ်ဂူမြင်မှ မျက်ရည်ကျတတ်တာမျိုးကွ။ ဒါပေမဲ့ အဲဒီအချိန်ကျရင် နောက်ကျသွားပြီ"

"ငါတို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ပြီးမှတော့ ဘာလို့ အပြတ်အသတ် မလုပ်ရတာလဲ"

ယွမ်အာက ခိုင်ခိုင်မာမာပင် ခေါင်းခါလိုက်ကာ -

"နင်းသခင်လေး... ကျွန်တော့်ကို ထပ်ပြီး နားမချပါနဲ့တော့။ ဦးလေးမျောက်ရဲ့ ကျွန်တော့်အပေါ် ထားတဲ့ ကျေးဇူးတရားက တောင်ကြီးတစ်လုံးလို လေးလံလှပါတယ်။ သူ ဂိုဏ်းအတွက် လုပ်ဆောင်ခဲ့တာတွေကလည်း အများကြီးပဲ။ သူ့ကို ကျွန်တော် စောင့်ရှောက်ရမယ်။ သူ့ရဲ့ နောက်ဆုံးအချိန်တွေကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားစေရမယ်"

"ဒီလိုမှ မလုပ်ရင် ကျွန်တော် လူဖြစ်ရကျိုး နပ်ပါဦးမလား"

နင်းကျော့က မျက်မှောင်ကြုတ်လိုက်ကာ ယွမ်အာကို လက်သီးဖြင့် တစ်ချက်တည်း ထိုးသတ်ပြီး ယွမ်တာရှန့်ကို တိုက်ရိုက် ဖယ်ရှားပစ်ချင်သည့် စိတ်ဆန္ဒများ ရုတ်တရက် ပေါ်ပေါက်လာသည်။

ယွမ်တာရှန့်ကို ရရှိရန်အတွက် သူသည် ဒုက္ခများစွာ ခံခဲ့ရသည်။ ယခု နောက်ဆုံးအဆင့်သို့ ရောက်မှ တစ်ဆို့နေခြင်းကြောင့် စိတ်မရှည် ဖြစ်လာမိခြင်း ဖြစ်သည်။ သို့သော်လည်း စိတ်လိုက်မာန်ပါ မလုပ်သင့်ကြောင်း သူ၏ အသိစိတ်က သတိပေးနေ၏။

နင်းကျော့ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ကို ပြန်ထိန်းကာ လေသံကို ပြောင်းလိုက်သည်။

"ဂိုဏ်းခေါင်းဆောင် ယွမ်အာရဲ့ ကိုယ်ကျင့်တရားကို ငါ တကယ်ပဲ လေးစားမိပါတယ်။ ဒီလို စိတ်ဓာတ်မျိုး ရှိတဲ့သူကို ငါ အသိအမှတ်ပြုပါတယ်"

"ဒါပေမဲ့... မင်းက နည်းနည်းတော့ အတ္တကြီးနေသလိုပဲ"

ယွမ်အာမှာ ကြောင်တောင်တောင် ဖြစ်သွားပြီး -

"ကျွန်တော့်ရဲ့ အပြုအမူက အတ္တကြီးတာ ဟုတ်လား။ ကျွန်တော်သာ အတ္တကြီးရင် ဦးလေးမျောက်ကို စက်မှုပစ္စည်းအဖြစ် အသုံးချဖို့ အစောကြီးကတည်းက သဘောတူလိုက်မှာပေါ့"

နင်းကျော့က ဆက်၍ -

"ဂိုဏ်းခေါင်းဆောင်... မင်းရဲ့ ဦးလေးမျောက် ဘာတွေးမလဲ ဆိုတာကိုရော မင်း စဉ်းစားဖူးရဲ့လား"

ယွမ်အာ အံ့အားသင့်သွားသည်။

နင်းကျော့က -

"မင်းရဲ့ ဦးလေးမျောက်ဟာ သတ္တိရှိပြီး ဘာကိုမှ မကြောက်တတ်တဲ့သူ၊ အမြဲတမ်း ရှေ့ဆုံးကနေ တိုက်ခိုက်တတ်တဲ့ တကယ့် လူကြမ်းကြီး တစ်ယောက်ပဲ။ သူက စစ်မြေပြင်မှာ မြင်းရေခွံနဲ့ ထုပ်ပြီး အသေခံချင်မလား၊ ဒါမှမဟုတ် အိပ်ရာပေါ်မှာပဲ လဲပြီး သေချင်မလား။ မင်း ဘယ်လို ထင်လဲ"

"တကယ်လို့ မင်းရဲ့ ဦးလေးမျောက်သာ အိပ်ရာပေါ်မှာ လဲနေရတဲ့ ဒုက္ခိတ တစ်ယောက် တကယ် ဖြစ်သွားမယ် ဆိုရင် သူဟာ အသက်ရှင်ရတာထက် သေရတာကို ပိုပြီး လိုလားလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ ဒီလို နောက်ဆုံးအချိန်တွေကို ဖြတ်သန်းရတာဟာ မင်းရဲ့ ဝတ္တရားကျေပွန်မှုကို ဖြည့်ဆည်းပေးရုံ သက်သက်ပဲ ဖြစ်လိမ့်မယ်။ သူ့အတွက်တော့ ဒါဟာ သည်းမခံနိုင်စရာ နှိပ်စက်မှုတစ်ခု၊ နှိုင်းယှဉ်လို့မရတဲ့ အရှက်ခွဲမှု တစ်ခုပဲ ဖြစ်နေမှာပေါ့"

ယွမ်အာသည် မျက်မှောင်ကြုတ်သွားပြီး နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။

နင်းကျော့၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း သူ၏ လေသံမှာမူ လေပြေလေညင်းကဲ့သို့ နူးညံ့နေဆဲပင်။

"ဒီကိစ္စကို မင်းရဲ့ ဦးလေးမျောက်နဲ့ ဘာလို့ ဆွေးနွေးမကြည့်တာလဲ"

"မင်းရဲ့ ဦးလေးမျောက်ဟာ မင်းအတွက် အနစ်နာခံခဲ့တာတွေ အများကြီးပဲ။ တကယ်လို့ သူက ဒီလို ဘဝမျိုးကို မလိုလားဘူး ဆိုရင် သူကိုယ်သူ ပေးဆပ်ဖို့ လိုလားလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ သူ တွေးကောင်း တွေးလိမ့်မယ်... ငါ သေသွားရင်တောင် တခြား ပုံစံတစ်ခုနဲ့ မင်းနားမှာ ရှိနေပြီး မင်းကို ဆက်ပြီး ကာကွယ်ပေးနိုင်မှာပဲ လို့ပေါ့"

"သူ့ကို တစ်ချက်လောက် မေးကြည့်ပါလား"

ယွမ်အာ၏ မျက်နှာမှာ သွေးမရှိသလို ဖြူလျော်သွားပြီး မျက်လုံးများမှာလည်း ဗလာ ဖြစ်သွားသည်။

သူက တိုးတိုးလေး ရေရွတ်လိုက်သည်မှာ -

"ဟုတ်တယ်... နင်းသခင်လေး ပြောတာ တော်တော် အဓိပ္ပာယ်ရှိတာပဲ။ ကျွန်တော် ဦးလေးမျောက်ကို တိုက်ရိုက် ဘာလို့ မမေးကြည့်ရမှာလဲ"

ယွမ်အာသည် စာကြည့်ခန်းငယ်လေးထဲမှ ထွက်လာပြီး အိပ်ခန်းမဆောင်သို့ သွားကာ ကုတင်ခြေရင်းတွင် ဒူးထောက်လိုက်သည်။

ယွမ်တာရှန့်မှာ သတိမရဘဲ မေ့မြောနေဆဲပင် ဖြစ်၏။

ယွမ်အာ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း အကြိမ်ကြိမ် ကြိုးစားသော်လည်း စကားလုံးများမှာ ထွက်မလာခဲ့ပေ။

တစ်ချိန်က အင်မတန် သန်မာထွားကြိုင်းလှသည့် ခန္ဓာကိုယ်ကြီးမှာ ယခုအခါ စက္ကူတစ်ချပ်လို ပါးလွှာပြီး အားကိုးရာမဲ့နေသည့် ပုံစံ ဖြစ်နေသည်။

ယွမ်အာ၏ အတွေးများမှာ တဖြည်းဖြည်း ရှုပ်ထွေးလာပြီး မျက်လုံးများ ဗလာ ဖြစ်လာကာ မိမိကိုယ်ကိုယ်ပင် သတိမထားမိဘဲ ငိုကြွေးမိလေတော့သည်။

မျက်ရည်များ ဝေဝါးနေသည့် ကြားမှ ယွမ်အာသည် အတိတ်သို့ ပြန်လည် ရောက်ရှိသွားသယောင် ရှိ၏

ကလေးဘဝတုန်းက...

သူသည် ယွမ်တာရှန့်၏ ခန္ဓာကိုယ်ပေါ်တွင် နီနက်ရောင် မီးတောင်ကြီးတစ်ခုကို တက်နေသကဲ့သို့ တက်လိုက်ဆင်းလိုက် ကစားခဲ့ဖူးသည်။

သူ လမ်းလျှောက်တတ်၊ ခုန်တတ်သည့် အရွယ်တွင်မူ...

"ဦးလေးမျောက်... သူတို့ ကျွန်တော့်ကို အနိုင်ကျင့်ကြတယ်" ဟု ဆိုကာ ယွမ်တာရှန့်ကို ခေါ်သွားပြီး တခြား ကလေးများကို ကြောက်လန့်တကြား ငိုယိုသွားအောင် လုပ်ခိုင်းခဲ့ဖူးသည်။

ရေကစားနေစဉ်တွင်မူ...

"ဟေး... ဦးလေးမျောက်၊ ကျွန်တော့်ဟာလေးက ဘာလို့ ဒီလောက် သေးနေပြီး ဦးလေးဟာက ဘာလို့ ဒီလောက် ကြီးနေရတာလဲ" ဟု ကလေးသဘာဝ စပ်စုခဲ့ဖူးသည်။

အနည်းငယ် အရွယ်ရောက်လာသောအခါ...

ယွမ်အာသည် သတ္တိရှိပြီး ခက်ထန်စပြုလာကာ မေးခွန်းတစ်ခုကို စပ်စုခဲ့ပြန်သည်။

"ဦးလေးမျောက်... ဦးလေးနဲ့ ကျွန်တော့်အဖေ ဘယ်သူက ပိုသန်မာသလဲ။ ဦးလေးတို့ နှစ်ယောက် ချဖူးလား။ အဖေ့ကို မေးပေမဲ့ သူက ဘယ်တော့မှ ပြန်မဖြေဘူး"

ဂိုဏ်းတိုက်ပွဲ တစ်ခုတွင် အောင်ပွဲရပြီးနောက်တွင်မူ...

ယွမ်အာသည် ယွမ်တာရှန့်ထံ အပြေးသွားကာ အားကျစိတ်လှုပ်ရှားစွာဖြင့် - "ဦးလေးမျောက်... ဦးလေးက တကယ်ကို လန်းတာပဲ၊ တကယ့်ကို အစွမ်းထက်တာပဲ။ ကျွန်တော်ရော ဘယ်တော့ ဦးလေးလို ဖြစ်မှာလဲ" ဟု မေးခဲ့ဖူးသည်။

ထို့နောက်တွင်မူ...

အရာအားလုံးက ပြောင်းလဲစပြုလာသည်။

ပြင်းထန်ပြီး အေးစက်လှသော လက်တွေ့လောကကြီးက ကြိုးစားမှုတစ်ခုတည်းဖြင့် လူတော်တစ်ယောက် ဖြစ်လာနိုင်သည်ဟူသော ယွမ်အာ၏ အိပ်မက်ကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့သည်။

ကျင့်ကြံခြင်း ဆိုသည်မှာ ပါရမီအပေါ်တွင် မူတည်သည် မဟုတ်လော။

"ငါ ဘယ်တော့မှ ဦးလေးမျောက်လို သန်မာမှာ မဟုတ်တော့ဘူး"

"ဦးလေးမျောက်က တကယ့်ကို အစွမ်းထက်လွန်းတယ်"

"ဦးလေးမျောက်က အရမ်းကို အစွမ်းထက်လွန်းတယ်"

"ဦးလေးမျောက်က အစွမ်းထက်လွန်းနေတာပဲ..." တစ်ချိန်က အားကျခဲ့သော ကောင်လေးသည် ယခုအခါ စိတ်ဓာတ်ကျနေသော လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။

အားကျလေးစားခဲ့ရသည့် အချက်မှာပင် တဖြည်းဖြည်းနှင့် စိုးရိမ်စိတ်နှင့် သံသယများအဖြစ်သို့ ကူးပြောင်းလာခဲ့သည်။

"ငါ့အဖေဟာ ဦးလေးမျောက်ကို အားကိုးပြီး ဒီအခြေခံကို တည်ဆောက်ခဲ့တာ။ အဖေ မရှိတော့ရင် ငါ ဦးလေးမျောက်ကို ထိန်းချုပ်နိုင်ပါ့မလား"

ယွမ်အာသည် သူ၏ ဖခင် ဒဏ်ရာပြင်းထန်ကာ ကျန်းမာရေး ယိုယွင်းလာသည်ကို ကြည့်ပြီး တစ်နေ့ထက်တစ်နေ့ ပို၍ စိုးရိမ်လာခဲ့သည်။

"ငါတို့ မျောက်ခေါင်းဂိုဏ်းရဲ့ အမြင့်ဆုံး တိုက်ခိုက်ရေး စွမ်းအားက ဦးလေးမျောက်ဆီမှာပဲ ရှိတာ။ အာဏာက ဦးလေးမျောက် လက်ထဲမှာ ရှိနေတာ... ဒါက သင့်တော်ရဲ့လား"

"မျောက်ခေါင်းဂိုဏ်း၊ မျောက်ခေါင်းဂိုဏ်း... ဒါက လူတွေရဲ့ ဂိုဏ်းလား၊ ဒါမှမဟုတ် မျောက်တွေရဲ့ အဖွဲ့အစည်းလား" ဝိညာဉ်အိမ်မွေး မျောက်လေးတွေ များပြားလာသည်ကို ကြည့်ပြီး ယွမ်အာ ဇဝေဇဝါ ဖြစ်လာခဲ့သည်။

အကြီးအကဲများမှာ ယွမ်တာရှန့် ရှေ့တွင် ကြောက်လန့်တကြား တုန်ရီနေကြသည်ကို မြင်ရသောအခါ သူ၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေခဲ့သည်။

...

ဂိုဏ်းတိုက်ပွဲ တစ်ခုအတွင်း ယွမ်အာက အကျယ်ကြီး တားမြစ်ခဲ့သည်။ "ဟင့်အင်း... သူ့ကို မသတ်နဲ့"

ရူးသွပ်နေပြီ ဖြစ်သော ယွမ်တာရှန့်ကမူ မရပ်တန့်ခဲ့ဘဲ တစ်ဖက် ဂိုဏ်းသားကို ကိုက်ဖြတ်သတ်ပစ်လိုက်သည်။

ထိုအခါ ရန်သူများမှာ စိတ်ဓာတ်ကျဆင်းသွားပြီး ထွက်ပြေးကြလေတော့သည်။

ယွမ်အာသည် သက်ပြင်းအရှည်ကြီး ချလိုက်ကာ - "အခုတော့ လှည့်ပြန်လို့ မရတော့ဘူး။ ငါတို့ ရန်သူဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ရတော့မယ်" ဟု ဆိုလိုက်သည်။

ယွမ်တာရှန့်သည် သေဆုံးသွားသော ဂိုဏ်းသား၏ ခန္ဓာကိုယ် တစ်ဝက်ကို ကိုင်ဆောင်ကာ ချဉ်းကပ်လာပြီး ယွမ်အာထံ ရုတ်တရက် ကမ်းပေးလိုက်သည်။

ယွမ်အာ လန့်သွားသည်။

သူ၏ ပြောင်ချော်ချော် အပြုအမူ အောင်မြင်သွားသဖြင့် ယွမ်တာရှန့်က အားရပါးရ ရယ်မောနေသော်လည်း ယွမ်အာ၏ မျက်လုံးများထဲမှ အမှောင်ထုကိုမူ သူ သတိမထားမိခဲ့ပေ။

All Chapters