အခန်း (၇၃-၇၄)
Vol. 6 Ch. 73-74
အခန်း (၇၃) - ယွမ်တာရှန့်၏ နိဂုံး
“အဖေ... အဖေက ဦးလေးမျောက်အတွက် မိစ္ဆာကျင့်စဉ် ရှာပေးနေတယ်ဆိုတာ ဟုတ်လား၊ အဲ့ဒါမျိုးတော့ မလုပ်ပါနဲ့ အဖေရယ်” ဟု ဆိုကာ ယွမ်အာက စာကြည့်ခန်းထဲသို့ ဝုန်းဒိုင်းကြဲ ဝင်ရောက်အော်ဟစ်လေတော့သည်။
ယွမ်ယီ၏ မျက်နှာသည် ပြာနှမ်းသွားပြီး “ပါးစပ်ပိတ်စမ်း၊ မင်းနားထဲ ဘယ်သူက အဓိပ္ပာယ်မရှိတာတွေ လာထည့်ပေးနေတာလဲ” ဟု ဒေါသတကြီး ပြန်လည်နှုတ်လှန်ထိုးလေသည်။
“အဖေ၊ ဦးလေးမျောက်ရဲ့ ခွန်အားက အခုတောင် ထိန်းချုပ်လို့ မရတော့ဘူး။ သူ့ဆီက မျောက်တွေကို အိမ်မွေးတိရစ္ဆာန်လို့ ခေါ်တာထက် သူတို့ကသာ တကယ့်သခင်တွေ ဖြစ်နေပြီ။ ကျင့်ကြံသူတွေက သူတို့ကို အစာကျွေးရတဲ့ ကျွန်တွေ ဖြစ်နေတာ အဖေ သိရဲ့လား”
“အခုလို အခြေအနေမျိုးမှာ ဦးလေးမျောက်ရဲ့ စွမ်းအားက ဒီထက်ပိုတက်လာရင် အကျိုးဆက်က ကြောက်စရာကြီး ဖြစ်သွားလိမ့်မယ်”
“အဲ့ဒီအချိန်ကျရင် မျောက်ခေါင်းဂိုဏ်းက ဘယ်သူ့လက်ထဲ ရောက်သွားမှာလဲ” ဟု ယွမ်အာက အသည်းအသန် နားချလေသည်။
ယွမ်ယီ၏ နှုတ်ခမ်းများ တုန်ရီသွားပြီး သေလူကဲ့သို့ တိတ်ဆိတ်သွားတော့သည်။
မျောက်ခေါင်းဂိုဏ်း၏ အုတ်မြစ်သည် သူ၏ တစ်သက်တာ အားထုတ်မှုဖြစ်ပြီး ခက်ခက်ခဲခဲ တည်ထောင်ခဲ့ရခြင်း ဖြစ်ပေသည်။
နယ်မြေတစ်ခုကို သိမ်းပိုက်ရန် လွယ်ကူသော်လည်း ထိန်းသိမ်းရန်မှာ ခက်ခဲလှ၏။
သူသည် အိုမင်းမစွမ်း ရှိလှပြီဖြစ်ရာ ငယ်ရွယ်စဉ်ကပင် ဂိုဏ်းအတွင်း ဟန်ချက်ညီစေရန် မနည်းထိန်းကျောင်းခဲ့ရသည်။
ယွမ်တာရှန့်မှာမူ ချော်ရည်နတ်ဆိုးမျောက် ဖြစ်သည့်အားလျော်စွာ လွန်ကဲသော ခွန်အားကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။
တိုက်ပွဲများတွင်မူ ယင်းသည် အားသာချက် ဖြစ်သော်လည်း မျောက်ခေါင်းဂိုဏ်းက နယ်မြေစိုးမိုးပြီးနောက် ရန်သူမရှိတော့သည့် အခါတွင်မူ ထိုခွန်အားသည် အတွင်းရေးပူပန်မှု ဖြစ်လာတော့သည်။
ယွမ်အာမှာ သူ၏ တစ်ဦးတည်းသော သွေးသားဖြစ်ပြီး မျောက်ခေါင်းဂိုဏ်းကို ဆက်ခံရမည့်သူ ဖြစ်သော်လည်း ယွမ်အာက အမှန်တကယ် စီမံနိုင်ပါ့မလားဟူ၍ သူ သံသယဝင်မိသည်။
ယွမ်ယီသည် တစ်ရက်နှင့် တစ်ညလုံး စဉ်းစားပြီးနောက် ဖြူဖျော့သော မျက်နှာဖြင့် ယွမ်အာကို ခေါ်ယူ၍ “မင်း ဦးလေးမျောက်ကို အမြဲတမ်း ကောင်းကောင်း ဆက်ဆံရမယ်။
ငါ့ထက်တောင် ပိုပြီး ရိုသေပြရမယ်၊ နားလည်လား” ဟု မှာကြားလေသည်။
“နားလည်ပါပြီ” ဟု ယွမ်အာက ချက်ချင်း ကတိပေးလိုက်သော်လည်း စိတ်ထဲတွင်မူ ခိုး၍ ဝမ်းသာနေမိသည်။
အပြစ်မကင်းသည့် စိတ်ကြောင့် ယွမ်အာသည် ဦးလေးမျောက်ကို အရင်ကထက် ပို၍ ရိုသေပြလေသည်။
ဂိုဏ်းသားအားလုံးကလည်း ယွမ်တာရှန့်ကို ပို၍ လေးစားလာကြသည်။
ယွမ်အာ ဂိုဏ်းခေါင်းဆောင် ဖြစ်လာသည့်အခါ သူ၏ အနေအထားမှာ အကျပ်ရိုက်လှသည်။ သူသည် အများ၏ ရိုသေမှုကို ရရန် ယွမ်တာရှန့်ကို အားကိုးနေရသော်လည်း ထိုသို့ အမြဲတမ်း အမှီပြုနေရခြင်းကပင် သူ့ကို ကိုယ်ပိုင်အစွမ်းဖြင့် လေးစားမှုရရန် တားဆီးနေသကဲ့သို့ ဖြစ်နေသည်။
ယွမ်အာသည် ခုတင်ဘေးတွင် ဒူးထောက်လျက် ယွမ်တာရှန့်ကို မော့ကြည့်နေမိသည်။
“ဦးလေးမျောက်၊ ကျွန်တော့်အပေါ် ထားခဲ့တဲ့ ကျေးဇူးတွေက အများကြီးပါ။ ဒါတွေကို ကျွန်တော် စိတ်ထဲမှာ အမြဲမှတ်ထားပါတယ်”
“ဒါပေမဲ့ တမန်တော် ပြောတာလည်း မှန်တယ်၊ ဦးလေးကို ဒီလို အခြေအနေမျိုးနဲ့ ဆက်ထားနေတာက ဦးလေးကို အစော်ကားဆုံး လုပ်နေတာပဲ”
“ကျွန်တော် ဒီလို မလုပ်ချင်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော် ဦးလေးကို လေးစားလို့၊ အားကျလို့ပါ”
“ကျွန်တော့်အဖေသာ သိရင်လည်း ကျွန်တော်လုပ်တာကို သဘောတူမှာပါလို့ ယုံကြည်တယ်”
“အဖေ ကျွန်တော့်ကို နားလည်ပေးမှာပါ။ ကျွန်တော်တို့ ရန်သူတွေက သိပ်အင်အားကြီးလွန်းတယ်။ မျောက်ခေါင်းဂိုဏ်း တစ်ခုလုံးနဲ့တောင် ရင်ဆိုင်ဖို့ မလွယ်ဘူး”
“အဲ့ဒီတော့ ကျွန်တော် သူတို့နဲ့ ပူးပေါင်းတော့မယ်”
“ယောက်ျားကောင်းဆိုတာ အလျှော့ပေးသင့်တဲ့အချိန် ပေးရတယ်၊ တောင့်ခံသင့်တဲ့အချိန် ခံရတယ်လို့ အဖေ အမြဲပြောဖူးတယ်”
“ကျွန်တော် အခုလို အရှက်တရားကို ရင်ဆိုင်ပြီး လုပ်နေတာက ကျွန်တော်တို့ရဲ့ အုတ်မြစ်ကို ထိန်းသိမ်းဖို့ပါ”
“ဦးလေးမျောက် ကျွန်တော့်စေတနာကို နားလည်ပေးပါ”
“မျောက်ခေါင်းဂိုဏ်းဆိုတာ ဦးလေးနဲ့ အဖေတို့ တစ်သက်လုံး ကြိုးစားခဲ့တဲ့ ရလဒ်ပဲ၊ ကျွန်တော့်လက်ထက်မှာ အပျက်စီးမခံနိုင်ဘူး”
“ဒါကို ကျွန်တော့် သားမြေးတွေဆီအထိ လက်ဆင့်ကမ်းချင်တယ်”
“ဒီလိုနဲ့ ကြီးထွားလာပြီး တစ်နေ့ကျရင် ကျွန်တော်တို့ ယွမ်မိသားစုကို ကျင့်ကြံသူ မျိုးနွယ်စုအဖြစ် တည်ထောင်ပြီး မီးလျှံတောင် မသေမျိုးမြို့တော်ရဲ့ ပဉ္စမမြောက် အင်အားစု ဖြစ်လာစေရမယ်”
“ဦးလေးမျောက် ကျွန်တော့်ကို နားလည်ပေးပါ၊ အပြစ်မတင်ပါနဲ့။ ဦးလေး ကျွန်တော့်ကို နားလည်ပေးမှာ မဟုတ်လား”
ယွမ်အာသည် စိတ်ထဲတွင် ထပ်ခါတလဲလဲ ဆုတောင်းနေမိသည်။
ရုတ်တရက် ယွမ်တာရှန့်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လာသည်။
ယွမ်အာ၏ ခန္ဓာကိုယ်သည် လျှပ်စီးအဟုန် အပစ်ခံရသကဲ့သို့ တုန်ခါသွားတော့သည်။
ယွမ်တာရှန့်၏ မျက်လုံးများသည် အသက်မဲ့သော မီးခိုးရောင်သန်းနေပြီး နောက်ကျိကာ မှေးမှိန်နေသည်။
သူသည် ဘာကိုမျှ မမြင်ရ၊ မကြားရသော်လည်း အနံ့ကိုမူ ခံစားသိရှိနိုင်သေးသည်။ ယွမ်အာထံမှ ရနေကျ အနံ့ကို သူ ရလိုက်သည်။
ယွမ်တာရှန့်သည် ထရန် ကြိုးစားသော်လည်း သူ၏ ကိုယ်ထည်မှာ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံနေသည်။ လက်ကို မြှောက်ရန် ကြိုးစားသော်လည်း ခံစားမှုက မရှိသလောက်ပင်။
နောက်ဆုံးတွင်မူ သူသည် လက်ညှိုးကိုသာ ဖြည်းညှင်းစွာ ဆန့်ထုတ်ပြီး ယွမ်အာကို ညွှန်ပြလေသည်။
လန့်ဖျပ်သွားသော ယွမ်အာသည် ကြမ်းပြင်ပေါ်သို့ နောက်ပြန်လဲကျသွားတော့သည်။
ခဏအကြာတွင် ယွမ်တာရှန့်၏ လက်ညှိုးသည် ဖြည်းဖြည်းချင်း ပြန်ကျသွားပြီး အသက်ရှူသံလည်း ကွယ်ပျောက်သွားလေတော့သည်။
သူ ထွက်ခွာသွားလေပြီ။
ယွမ်အာသည် မှင်တက်ကာ ခဏမျှ ထိုင်နေပြီးမှ ရုတ်တရက် အော်ဟစ်ငိုကြွေးတော့သည်။
သူသည် ဒူးထောက်လျက် ယွမ်တာရှန့်၏ အလောင်းနားသို့ တရွတ်တိုက် သွားကာ “ဦးလေးမျောက် ဦးလေးမျောက်” ဟု အော်ခေါ်နေမိသည်။
သူ့အဖေ မသေဆုံးမီက မပြောခဲ့နိုင်သော စကားများကို သူကပင် ကိုယ်စား ဆိုလိုက်လေသည် - “ဦးလေးမျောက်... ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါဦးလေး...”
တစ်ချိန်တည်းမှာပင် နင်းကျော့သည် စာကြည့်ခန်းလေးထဲမှ ထွက်လာသည်။
သူသည် ယွမ်အာ၏ နောက်တွင် ရပ်လျက် ယွမ်တာရှန့်၏ နောက်ဆုံး အချိန်များကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတော့ ယွမ်တာရှန့် သေဆုံးသွားလေပြီ။
သို့သော် အောင်မြင်မှု ရလိုက်သည့် ထိုအခိုက်အတန့်တွင် နင်းကျော့ ခံစားရသည့် ဝမ်းသာမှုမှာ သူ ထင်ထားသည်လောက် မပြင်းထန်လှပေ။
နင်းကျော့၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေမိသည်။
ယွမ်တာရှန့် ဤသို့ ဖြစ်ရခြင်းမှာ နင်းကျော့ကြောင့်သာ ဖြစ်သည်။ သို့သော် သေသည့်တိုင်အောင် ယွမ်တာရှန့်သည် နင်းကျော့ ရှိနေမှန်း မသိသွားခဲ့ပေ။
နင်းကျော့နှင့် မည်သို့ ရန်သူဖြစ်သွားသည်ကိုပင် သူ မသိလိုက်ရရှာပေ။
နင်းကျော့ကရော။
အမှန်စင်စစ် နင်းကျော့သည် ယွမ်တာရှန့်နှင့် ရန်သူ မဖြစ်ချင်ခဲ့ချေ။
ယွမ်တာရှန့် ချော်ရည်နန်းတော်ကို မတိုက်ခိုက်မီအထိ သူတို့ တစ်ခါမျှပင် မဆုံဖူးခဲ့ကြပေ။
သို့သော်ငြားလည်း
ကံကြမ္မာက ချော်ရည်နန်းတော်ကို စင်မြင့်တစ်ခုအဖြစ် ဖန်တီးခဲ့ပြီး နင်းကျော့နှင့် ယွမ်တာရှန့်ကို သေခြင်းတရားသာ လမ်းဆုံးသည့် လမ်းကျဉ်းလေးပေါ်သို့ တင်ပေးခဲ့သည်။
တစ်ယောက်မဟုတ် တစ်ယောက်ကတော့ သေရမည်သ။
ရွေးချယ်စရာ လုံးဝ မရှိခဲ့ပေ။
“ငါ့မှာသာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ယွမ်တာရှန့်... မင်းနဲ့ ရဲဘော်ရဲဘက်တွေပဲ ဖြစ်ချင်ပါသေးတယ်”
“နှမြောစရာကောင်းလိုက်တာ...”
နင်းကျော့သည် နောင်တရိပ်များဖြင့် ယွမ်တာရှန့်၏ အလောင်းကို စီမံရန် ရှေ့သို့ တိုးသွားလေသည်။
ထိတ်လန့်သွားသော ယွမ်အာက သူ့ကို တားဆီးရန် လက်လှမ်းလိုက်သည်။
သို့သော် နင်းကျော့က သူ့ကို ဘေးသို့ ကန်ထုတ်လိုက်ပြီး စိတ်ထဲရှိ မုန်းတီးဒေါသများကို ထုတ်ဖော်လျက် “ဖယ်စမ်း” ဟု နှုတ်ခမ်းကြားမှ ရေရွတ်လိုက်သည်။
ယွမ်အာသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်သို့ ရောက်နေသော်လည်း ဤကဲ့သို့သော စရိုက်မျိုးဖြင့် ဘာအသုံးကျပါမည်နည်း။
အိပ်ခန်းထဲတွင် ယွမ်တာရှန့်ကို မြင်လိုက်ရကတည်းက သူသည် ‘နှောင်းဦးပေါက် အသက်ကယ်ဆေးလုံး’ ကို မသောက်ရသေးကြောင်း နင်းကျော့ အတည်ပြုနိုင်ခဲ့သည်။
ကျူးရွှမ်းကျိက ထိုဆေးလုံးကို ယွမ်အာလက်ထဲ အသေအချာ ထည့်ပေးခဲ့သော်လည်း ယွမ်အာက ယွမ်တာရှန့်ကို မတိုက်ခဲ့ပေ။
ထိုအချက်တစ်ခုတည်းနှင့်ပင် နင်းကျော့သည် ယွမ်အာ၏ စိတ်ရင်းကို သိမြင်သွားခဲ့သည်။ ထို့ကြောင့်ပင် ယွမ်တာရှန့်၏ သဘောထားကို မေးမြန်းသယောင် ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထင်သည့်အတိုင်းပင် ယွမ်အာသည် အစကတည်းက ဒူးထောက်နေပြီး အမှန်တကယ် စကားမပြောဘဲ စိတ်ထဲကသာ အော်ဟစ်နေခဲ့ခြင်း ဖြစ်ပေသည်။
“စိတ်မကောင်းမဖြစ်ပါနဲ့တော့” နင်းကျော့သည် မျောက်အလောင်းကို သူ၏ သိုလှောင်မှုအစီအရင် အိတ်ထဲသို့ ထည့်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လေသည်။
ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော ယွမ်အာက နင်းကျော့၏ ခြေထောက်ကို ဆွဲကိုင်ကာ မော့ကြည့်လျက် “ကျွန်တော့် ဦးလေးမျောက်ကို ဘယ်တော့ ပြန်တွေ့ရမလဲ” ဟု မေးရှာသည်။
“ထုတ်လုပ်မှု အစီအစဉ်တွေ အားလုံး ပြီးသွားတာနဲ့ မင်းကို အကြောင်းကြားပါ့မယ်။ စိတ်မပူပါနဲ့၊ မကြာခင် ဖြစ်မှာပါ” ဟု နင်းကျော့က နှစ်သိမ့်ကာ ခြေထောက်ကို ရုန်းထွက်၍ လှည့်မကြည့်ဘဲ ထွက်ခွာသွားလေတော့သည်။
ခြောက်ကပ်နေသော အိပ်ခန်းထဲတွင် ရုပ်တုတစ်ခုနှယ် ငြိမ်သက်နေသည့် ယွမ်အာကို သူ ထားရစ်ခဲ့သည်။
နင်းကျော့သည် တည်ငြိမ်သော အမူအရာဖြင့် မျောက်ခေါင်းဂိုဏ်း၏ အခြေစိုက်စခန်းမှ ထွက်လာစဉ် ပြန်လာကြသော ဂိုဏ်းသားများ၏ စကားသံကို ကြားလိုက်ရသည်။
“မီးလျှံသီးတောအုပ် တစ်ခုလုံးကို ရှာပြီးပြီ၊ အရိပ်နက် မိစ္ဆာကျင့်ကြံသူကို မတွေ့ဘူး”
“သူက အစီအရင်ထဲမှာ ပိတ်မိနေပြီး မီးလျှံသီးတောအုပ်ထဲမှာ ပုန်းနေတာဆို”
“ဘယ်လိုလုပ်ပြီး ရုတ်တရက် ပျောက်သွားရတာလဲ”
“ ကျွန်တော်ကတော့ အမဲလိုက်ရတော့မယ်လို့ အားခဲထားတာ”
“အဲ့ဒီတုန်းက အကြီးအကဲ ဖေးစီရဲ့ မျက်နှာ ပျက်သွားတာ မင်းတို့ မြင်သင့်တယ်”
“အခုတော့ မိသားစု အသီးသီးက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေက မီးလျှံသီးတောအုပ် တစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာနေကြပြီ”
ထိုစကားကို ကြားလိုက်ရသည့်အခါ နင်းကျော့၏ စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး “ဒုက္ခပဲ” ဟု ရေရွတ်မိသည်။
ထက်မြက်လှသော နင်းကျော့သည် သူ တစ်ဖန် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
သူသည် မျောက်ခေါင်းဂိုဏ်းမှ ထွက်ခွာလာပြီးနောက် အချိန်နှင့် တစ်ပြေးညီ လှုပ်ရှားနိုင်ရန် ပျံလွှားဝိုင်း အလုပ်ရုံဆီသို့ အပြေးအလွှား ဦးတည်သွားလေတော့သတည်း။
အခန်း (၇၄) - မိစ္ဆာကျင့်ကြံသူ ပျောက်ဆုံးခြင်း
မီးလျှံသီးတောအုပ်။
“အရိပ်နက် မိစ္ဆာကျင့်ကြံသူ ဘယ်ရောက်သွားတာလဲ” ချီတွန်းက နေရာအနှံ့ လိုက်လံရှာဖွေနေတော့သည်။
သူ၏ လုပ်ရပ်မှာ အဓိကမျိုးနွယ်စုကြီး သုံးစုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ အပြုအမူနှင့် ထပ်တူပင်ဖြစ်ချေသည်။
ဖေးစီ၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွား၏။ ယခုကဲ့သို့ အဆုံးသတ်မျိုးကို သူ လုံးဝမျှော်လင့်မထားခဲ့ဘဲ “သူ့ကိုရှာကြစမ်း၊ မြေလှန်ပြီး ရှာရမယ်ဆိုရင်တောင် အဲဒီမိစ္ဆာကျင့်ကြံသူကို ရှာတွေ့အောင်ရှာကြ” ဟု ခက်ထန်စွာ အမိန့်ပေးလိုက်လေသည်။
လူတိုင်း အံ့အားသင့်သွားရသည်မှာ အရိပ်နက် မိစ္ဆာကျင့်ကြံသူသည် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခြင်းပင် ဖြစ်ပေတော့သည်။
ဖေးစီမှာ ဒေါသလည်းထွက်၊ အရှက်လည်းရနေမိသည်။
ဤတာဝန်မှာ အလုံးစုံ ကျရှုံးသွားခဲ့ပြီ မဟုတ်လော။
မြို့နေလူထုအားလုံးက မြို့စားမင်းဂေဟာ အလှောင်ပြောင်ခံရသည်ကို သိရှိသွားကြပြီဖြစ်၏။ သေချာစွာ စီစဉ်ထားပါလျက်နှင့် နောက်ဆုံးတွင် ဘာမျှ လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ အဆုံးသတ်သွားရချေပြီ။
“ဒီလို မဖြစ်သင့်ဘူး၊ လုံးဝ မဖြစ်သင့်ဘူး” ဖေးစီက သွားကြိတ်ရင်း အဝေးရှိ ကျူးရွှမ်းကျိအား လှမ်းကြည့်လိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် ဖေးစီသည် ကျူးရွှမ်းကျိရှိရာသို့ ပျံသန်းသွားလေသည်။
အစောပိုင်းက ယွမ်တာရှန့်၏ အသက်ကို ကယ်ဆယ်ရန် ကျူးရွှမ်းကျိက အစီအရင်ကို အသက်သွင်းခိုင်းခဲ့သဖြင့် ဖေးစီမှာ အရှက်ရခဲ့ရ၏။
သို့သော် ယခု အရိပ်နက် မိစ္ဆာကျင့်ကြံသူ ပျောက်ဆုံးသွားခြင်းမှာ ဖေးစီ၏ ကိုယ်ရေးကိုယ်တာ ဂုဏ်သိက္ခာထက် များစွာ ပိုမိုကြီးမားသော ကိစ္စရပ်ဖြစ်နေသည်။
အခြေအနေ၏ အရေးကြီးပုံကို ကောင်းစွာ သဘောပေါက်ထားသဖြင့် ဖေးစီသည် ရန်ငြိုးများကို ဘေးဖယ်ထားကာ ဟန်ဆောင်ပြုံးလျက် “အကြီးအကဲကျူး၊ အစအဆုံးကို အကြီးအကဲ စောင့်ကြည့်နေတာပဲ၊ အကြီးအကဲရဲ့ ရွှေမျက်စိနဲ့ တစ်ခုခု မြင်မိတာမျိုး ရှိပါသလား” ဟု မေးမြန်းလိုက်လေသည်။
ကျူးရွှမ်းကျိက ခေါင်းခါယမ်းလိုက်ပြီး “ဘာမှ ထူးထူးခြားခြား ရှာမတွေ့ဘူး” ဟု ပြန်ပြော၏။
“ဘယ်သူပဲ ပုန်းနေပုန်းနေ၊ ငါ့ရဲ့ ရွှေမျက်စိအောက်မှာတော့ ပေါ်လာရမှာပဲ”
“ဒီဖြစ်စဉ် တစ်လျှောက်လုံးမှာ သံသယဖြစ်စရာ လူတစ်ယောက်မှ မရှိခဲ့ဘူး။ ဒါကြောင့် အရိပ်နက် မိစ္ဆာကျင့်ကြံသူဟာ မီးလျှံသီးတောအုပ်ထဲကနေ ကြိုတင်ပြီး ထွက်ခွာသွားခဲ့ပြီလို့ပဲ ငါ ကောက်ချက်ချနိုင်တယ်”
ထိုစကားကို ကြားလျှင် ဖေးစီ၏ မျက်ခုံးများ အထင်းသား တွန့်ချိုးသွားကာ “မဖြစ်နိုင်ဘူး၊ သူ ဒီထဲမှာပဲ ရှိနေရမယ်” ဟု အလိုအလျောက် ငြင်းဆိုလိုက်မိသည်။
ကျူးရွှမ်းကျိ၏ ကောက်ချက်မှာ သူ့အတွက် အဆိုးရွားဆုံးသော အခြေအနေပင် ဖြစ်တော့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် မီးလျှံသီးတောအုပ်ကို တာဝန်ယူထားရသူဖြစ်ရာ အကျဉ်းသား လွတ်သွားသည်ကိုပင် မသိလိုက်သော ထောင်မှူးကြီးကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
ဖေးစီသည် ယခုနှစ် မီးလျှံတောင်တန်း ပွဲတော်အတွက် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် လက်ဗလာဖြင့်သာ ကျန်ရစ်ခဲ့ရသဖြင့် တစ်မြို့စားမင်းဂေဟာလုံးမှာ ရယ်စရာ ဖြစ်ခဲ့ရချေပြီ။
ထိုစဉ် ချီတွန်းက ပျံသန်းလာပြီး “ဖေးစီ၊ အဲဒီတုန်းက မင်းသာ ငါ့ကို မတားခဲ့ရင် အဲဒီမိစ္ဆာကျင့်ကြံသူကို ငါ သတ်ပစ်လိုက်ပြီ။ သူဟာ အဲဒီညကတည်းက ဇာတ်သိမ်းသွားမှာ” ဟု အသံကျယ်ကျယ်ဖြင့် အပြစ်တင်လေတော့သည်။
“အေးအေးဆေးဆေး ဖြေရှင်းချင်တယ်၊ အဆုံးအရှုံး နည်းချင်တယ်ဆိုပြီး မင်း ဇွတ်လုပ်ခဲ့လို့ အခုကြည့်စမ်း၊ အရိပ်နက် မိစ္ဆာကျင့်ကြံသူ လွတ်သွားပြီ။ မင်း မီးလျှံသီးတောအုပ်ကို ဘယ်လိုများ စီမံခန့်ခွဲနေတာလဲ”
ဖေးစီက အေးစက်စွာ နှာခေါင်းရှုံ့လျက် “တခြားဟာတွေ ထားလိုက်ပါဦး။ မီးလျှံသီးတွေကို အောင်အောင်မြင်မြင် ရိတ်သိမ်းနိုင်ခဲ့တယ်၊ ဒီရတနာတွေ ဆုံးရှုံးမသွားတာကိုတော့ မင်း အတည်ပြုနိုင်တယ် မဟုတ်လား”
“ဒါ့အပြင် အစီအရင်ကိုလည်း အမြဲတမ်း အသက်သွင်းထားတာဆိုတော့ အားလုံးကို မှတ်တမ်းတင်ထားပြီးသား။ ဘယ်လို စစ်ဆေးမှုမျိုးကိုမဆို ရင်ဆိုင်နိုင်တယ်”
“ငါ့ရဲ့ ပေါ့ဆမှုကြောင့် အရိပ်နက် မိစ္ဆာကျင့်ကြံသူ လွတ်သွားတာလို့ စစ်ဆေးတွေ့ရှိရင် ငါ့ကိုပေးတဲ့ အပြစ်ဒဏ်ကို ခံယူမယ့်အပြင် မြို့စားမင်းကိုလည်း ကိုယ်တိုင် သွားရောက် တောင်းပန်ပါ့မယ်”
ထိုစဉ် ကျိုးမျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ဘိုးဘေးကြီးလည်း ပျံသန်းရောက်ရှိလာကာ “အစီအရင်ရဲ့ မှတ်တမ်းတွေကိုတော့ ကျိန်းသေပေါက် စစ်ဆေးရမှာပေါ့” ဟု ဆိုလေသည်။
ကျိုးမျိုးနွယ် ဘိုးဘေး၏ မျက်နှာထားမှာလည်း မကောင်းလှချေ။
လတ်တလောတွင် မြို့စားမင်းဂေဟာမှာ အကြီးမားဆုံးသော ဟာသဖြစ်နေသော်လည်း ဤမျိုးနွယ်စုကြီး သုံးစုမှ ရွှေအမြုတေအဆင့် ပုဂ္ဂိုလ်များသည်လည်း ဘာမျှ အရာမထင်ဘဲ အရှက်ကွဲခဲ့ရသည် မဟုတ်လော။
ကျိုးမျိုးနွယ် ဘိုးဘေးက ဆက်လက်၍ “အခု အဓိကအချက်က အရိပ်နက် မိစ္ဆာကျင့်ကြံသူဟာ အစီအရင်ထဲကနေ ကြိုတင်ပြီး ထွက်ပြေးသွားတာလား၊ ဒါမှမဟုတ် ဒီနေ့ ငါတို့ မျက်စိအောက်တင် လစ်ထွက်သွားတာလား ဆိုတာပဲ” ဟု ပြောကြားသည်။
“အစီအရင်တွေ ခင်းကျင်းတဲ့ ငါ့ရဲ့ အတွေ့အကြုံအရဆိုရင် မီးလျှံသီးတောအုပ်ရဲ့ အစီအရင်ဟာ အလွန်စေ့စပ်သေချာပြီး မသေမျိုးမြို့တော်ရဲ့ အစီအရင်ကြီးနဲ့လည်း အနုစိတ် ချိတ်ဆက်ထားတာ”
“ငါသာ အဲဒီမိစ္ဆာကျင့်ကြံသူ ဆိုရင်တောင် ဒီအစီအရင်ကို ဖောက်ထွက်ဖို့ ကြိုးစားရင် တစ်စုံတစ်ရာ လှုပ်ခတ်မှု ဖြစ်သွားမှာပဲ။ အခုလို ဘာသံမှ မကြားရဘဲ ထွက်ပြေးသွားနိုင်တာက ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်တည်းရဲ့ စွမ်းအားနဲ့ တကယ်ပဲ ဖြစ်နိုင်ပါ့မလား”
ခဏမျှအတွင်း ဖေးစီ၊ ကျူးရွှမ်းကျိနှင့် ချီတွန်းတို့ အားလုံး တိတ်ဆိတ်သွားကြသည်။
သူတို့ သုံးဦးစလုံး ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်ကြ၏။
အကယ်၍ အရိပ်နက် မိစ္ဆာကျင့်ကြံသူသာ ကြိုတင် ထွက်ခွာသွားခဲ့သည်ဆိုလျှင် တစ်စုံတစ်ယောက်က တိုးတိုးတိတ်တိတ် အစီအရင်ကို ဖွင့်ပေးပြီး လွှတ်ပေးလိုက်ခြင်းများ ဖြစ်နေမလား။
မသေမျိုးမြို့တော် အစီအရင်ကြီး၏ အမြင့်ဆုံး အာဏာမှာ မြို့စားမင်းထံတွင် ရှိပြီး ဖေးစီမှာမူ မီးလျှံသီးတောအုပ်အတွင်းရှိ အစီအရင်များကို ထိန်းချုပ်ခွင့်ရှိသည်။
ထို့ပြင် မသေမျိုးမြို့တော် အစီအရင်ကြီး၏ အစီအရင်တိုင်များကို မျိုးနွယ်စုကြီး သုံးစု၏ နေထိုင်ရာ ဒေသများတွင်လည်း ခွဲဝေထားရှိရာ ထိုမျိုးနွယ်စု သုံးစုထဲမှ မည်သူမဆို အစီအရင်ကို ထိန်းချုပ်ပြီး မိစ္ဆာကျင့်ကြံသူအား တိတ်တဆိတ် လွှတ်ပေးနိုင်ချေ ရှိနေပြန်သည်။
အကယ်၍ ဤသည်မှာ အမှန်တကယ်ဖြစ်ပါက အခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်ပေတော့မည်။
မိစ္ဆာကျင့်ကြံသူ တစ်ဦးတည်း လှုပ်ရှားခြင်းနှင့် မျိုးနွယ်စုကြီးတစ်ခုလုံးက နောက်ကွယ်မှ ကြံစည်နေခြင်းမှာ လုံးဝ ကွာခြားသည် မဟုတ်လော။
ကျူးရွှမ်းကျိက ကျိုးမျိုးနွယ် ဘိုးဘေးအား ကြည့်ရင်း “မြို့စားမင်းဂေဟာကတော့ မဖြစ်နိုင်သလောက်ပဲ၊ သူတို့မှာ ဒီလိုလုပ်ဖို့ အကြောင်းပြချက် မရှိဘူး” ဟု တိတ်တဆိတ် တွေးတောနေမိသည်။
“မျိုးနွယ်စုကြီး သုံးစုလုံးမှာတော့ သံသယဖြစ်စရာတွေ ရှိနေတာပဲ”
“တစ်ဖက်မှာလည်း မြို့စားမင်းဂေဟာက ချော်ရည်နန်းတော်ကို ရယူဖို့ ပြိုင်ဆိုင်မှုမှာ အမြဲတမ်း အသာစီးရနေတယ်။ တခြားတစ်ဖက်မှာတော့ မျိုးနွယ်စုကြီး သုံးစုက မြို့စားမင်းကို ချော်ရည်နန်းတော် ရသွားစေပြီး မုန့်မျိုးနွယ်စုကို ဒီမီးလျှံတောင် မသေမျိုးမြို့တော်မှာ လာရောက် အခြေချစေမှာမျိုးကို ကျိန်းသေပေါက် မလိုလားကြဘူး”
“အကယ်၍ ဒါဟာ မျိုးနွယ်စု တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ ပူးပေါင်းကြံစည်မှုဆိုရင် ကျိုးမျိုးနွယ်စုက သံသယဖြစ်စရာ အကောင်းဆုံးပဲ”
“ကျိုးမျိုးနွယ်စုက အစီအရင်၊ ကျန်းမျိုးနွယ်စုက လက်နက်၊ နင်းမျိုးနွယ်စုက အဆောင်လက်ဖွဲ့မှာ အကျွမ်းကျင်ဆုံးဆိုတော့ ကျိုးမျိုးနွယ်က အစီအရင်ပိုင်းမှာ အတော်ဆုံးပဲလေ”
ကျိုးမျိုးနွယ် ဘိုးဘေးကမူ အလွန် ပွင့်လင်းဟန်ပြလျက် “မိစ္ဆာကျင့်ကြံသူ ကြိုတင်ထွက်ပြေးသွားနိုင်ခြေကို ခဏလောက် ဘေးဖယ်ထားကြည့်ရအောင်” ဟု ဆက်ပြောသည်။
“ဒီနေ့ မီးလျှံသီးတွေ ရိတ်သိမ်းနေတဲ့ အချိန်မှာ တကယ်ပဲ သံသယဖြစ်စရာ အချက်တချို့ ရှိခဲ့တယ်”
“ဟုတ်တယ်” ချီတွန်းကလည်း ကျိုးမျိုးနွယ် ဘိုးဘေး ဘာကို ဆိုလိုသည်ကို သိသဖြင့် ချက်ချင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
အစောပိုင်းက စက်မှုမျောက် တစ်ဒါဇင်ကျော်မှာ ရုတ်တရက် ရူးသွပ်သွားကာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ ထိန်းချုပ်မှုမှ ရုန်းထွက်ပြီး မျောက်ခေါင်းဂိုဏ်း၏ လက်ရှိခေါင်းဆောင် ယွမ်အာကို တိုက်ခိုက်ခဲ့ကြသည်။
ဤထူးခြားမှုကို ရွှေအမြုတေအဆင့် ကျင့်ကြံသူအားလုံး မြင်တွေ့ခဲ့ရသည်ပင်။
သူတို့မှာ တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့ကြပြီး ဖေးစီက ထိုစက်မှုမျောက်အားလုံးကို ဖျက်ဆီးရန် အစီအရင်ကို တိုက်ရိုက် အသက်သွင်းကာ သေသပ်စွာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။
ကျိုးမျိုးနွယ် ဘိုးဘေးက “အဲဒီစက်မှုမျောက်တွေက ဘာလို့ ရူးသွပ်သွားရတာလဲ၊ ဘယ်သူက သူတို့ကို ထိန်းချုပ်ခဲ့တာလဲ” ဟု ဆက်လက် မေးခွန်းထုတ်သည်။
“စက်မှုမျောက်တွေ ပျက်စီးသွားပြီးတဲ့နောက် မျောက်ခေါင်းဂိုဏ်းက ဦးလေးမျောက်ဟာ အမှားတစ်ခုလုပ်မိလို့ နှစ်တစ်ထောင် မီးလျှံသီးတောအုပ်ရဲ့ အစိတ်အပိုင်းတချို့ ပေါက်ကွဲပျက်စီးသွားခဲ့ရတယ်”
“ဒါဟာ တကယ်ပဲ အမှားလား၊ ဒါမှမဟုတ် တစ်စုံတစ်ဦးရဲ့ ကျင့်စဉ် ဒါမှမဟုတ် ရတနာတစ်ခုခုရဲ့ လွှမ်းမိုးမှုကြောင့်လား”
“မိစ္ဆာကျင့်ကြံသူက အဲဒီပေါက်ကွဲမှုကို အသုံးချပြီး ငါတို့အာရုံကို လွှဲကာ ထွက်ပြေးသွားတာများလား”
ဖေးစီက ချက်ချင်းပင် လက်ဝေ့ယမ်းကာ ထိုအချိန်က ပုံရိပ်များကို ပြန်လည်ကြည့်ရှုရန် အစီအရင်ကို အသက်သွင်းလိုက်လေသည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် အကြိမ်ကြိမ် အခါခါ ကြည့်ရှုကြသော်လည်း သံသယဖြစ်ဖွယ်ရာ ဘာမျှ ရှာမတွေ့ခဲ့ကြချေ။
ဖေးစီက “မီးလျှံပေါက်ကွဲမျောက်တွေ ဘာကြောင့် ထိန်းချုပ်မှု လွတ်သွားရသလဲဆိုတာကို ငါ အသေအချာ စုံစမ်းစစ်ဆေးပါ့မယ်” ဟု ဆိုသည်။
ထိုအခါ ကျူးရွှမ်းကျိက “ငါ့ရဲ့ ရွှေမျက်စိနဲ့ ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့တာ၊ အဲဒီဦးလေးမျောက်က တကယ်ပဲ အမှားလုပ်မိခဲ့တာကို အတည်ပြုနိုင်တယ်” ဟု ဝင်ပြောလေသည်။
ချီတွန်းက မျက်မှောင်ကြုတ်လျက် “ထူးဆန်းတာပဲ။ အဲဒီဦးလေးမျောက်ဟာ မျောက်ခေါင်းဂိုဏ်းရဲ့ အဓိကပဲ၊ မီးလျှံသီးတွေကို ရိတ်သိမ်းလာတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ အစပိုင်းတုန်းကတော့ အမှားတချို့ ရှိခဲ့ဖူးပေမဲ့ မကြာသေးခင် နှစ်တွေမှာတော့ တာဝန်ကို အမြဲတမ်း ပြည့်ပြည့်စုံစုံ လုပ်ဆောင်နိုင်ခဲ့တာ။ ဘာလို့ ဒီတစ်ခါမှ အမှားလုပ်ရတာလဲ” ဟု မေးခွန်းထုတ်ပြန်သည်။
ခဏမျှ စဉ်းစားပြီးနောက် ဖေးစီက “သူက သွေးသားနဲ့ တည်ဆောက်ထားတာဆိုတော့ အမှားဆိုတာ ဖြစ်နိုင်တာပဲ။ မျောက်ခေါင်းဂိုဏ်းဟာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာတွေ အများကြီး ရှိခဲ့တယ်၊ ယွမ်အာလည်း အရင်က ခြုံခိုတိုက်ခိုက်ခံခဲ့ရသေးတာပဲ။ ဦးလေးမျောက်ဟာ စိတ်မတည်မငြိမ် ဖြစ်နေလို့ အမှားလုပ်မိတာလည်း ဖြစ်နိုင်တာပဲ” ဟု ပြောလိုက်၏။
ထိုအချိန်တွင် ဖေးစီသည် နင်းကျော့ကို သတိရသွားသည်။
ချက်ချင်းပင် သူရရှိမည့် အမြတ်ဝေစု လေးဆယ်ရာခိုင်နှုန်းကိုလည်း ပြေးမြင်မိသွား၏။
ထို လေးဆယ်ရာခိုင်နှုန်းသော အမြတ်ဝေစုမှာ ယခုအခါ သူ့အတွက် အနည်းငယ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာသလို ခံစားလိုက်ရသည်။
ကျိုးမျိုးနွယ် ဘိုးဘေးက ဆက်လက်၍ “မိစ္ဆာကျင့်ကြံသူဟာ အဲဒီဦးလေးမျောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေနိုင်တယ်လို့ မင်းတို့ ထင်လား” ဟု မေးမြန်းပြန်သည်။
“စက်မှုမျောက်တွေ ရုတ်တရက် ရူးသွပ်သွားတာပဲဖြစ်ဖြစ်၊ ဦးလေးမျောက် အမှားလုပ်မိတာပဲဖြစ်ဖြစ် နောက်ဆက်တွဲ ပေါက်ကွဲမှုတွေ ဖြစ်လာခဲ့တယ်။”
“မီးလျှံတွေက ငါတို့အမြင်ကို ပိတ်ဆို့ထားတဲ့ အဲဒီခဏအတွင်းမှာ မိစ္ဆာကျင့်ကြံသူက ဦးလေးမျောက်ကို သတ်ပြီး သူ့ခန္ဓာကိုယ်ထဲမှာ ပုန်းနေနိုင်တာပဲ”
ထိုစကားကို ပြောရင်း ကျိုးမျိုးနွယ် ဘိုးဘေးသည် ကျူးရွှမ်းကျိဘက်သို့ အကြည့်လွှဲလိုက်သည်။
“ငါ နားမလည်တာ တစ်ခုရှိလို့ မေးပါရစေ အကြီးအကဲကျူး။ ဘာဖြစ်လို့ အဲဒီဦးလေးမျောက်ကို အကြီးအကဲ ကယ်ခဲ့တာလဲ”
ခဏမျှအတွင်း လူတိုင်း၏ အကြည့်မှာ ကျူးရွှမ်းကျိထံသို့ ရောက်ရှိသွားကြတော့သည်။
ဖေးစီ၏ မျက်လုံးများထဲတွင်မူ တဖျတ်ဖျတ် လက်သွားသော သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းကို ဝမ်းသာအားရ ကြည့်လိုသည့် အရိပ်အယောင်များ ပေါ်လွင်နေလေတော့သတည်း။