← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅) - အံ့အားသင့်သွားခြင်း

“ကောင်းကျီးစဲ့...”

ကျန့်ယီချင်းက မျက်လုံးဖွင့်လာပြီး သူ၏မျက်နှာထက်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

“သူက ဆေးပညာရှင်ဆရာတစ်ဆူပဲ။ သူဒီကိုလာတာက တပည့်ရင်းနေရာကို လိုချင်လို့ဖြစ်ရမယ်”

“ဒီ ကောင်းကျီးစဲ့ဆိုတာက ဘယ်သူလဲ”

ရွှီနင်က တိုးညှင်းသောအသံဖြင့် မေးလိုက်လေသည်။

ကျန့်ယီချင်းက အံ့အားသင့်သွားသည်။

“မင်းက ကောင်းကျီးစဲ့ကို မသိဘူးလား”

ရွှီနင်က ခေါင်းခါပြလိုက်သည်။

ကျန့်ယီချင်းက အံ့သြနေဆဲဖြစ်သော်လည်း ရွှီနင်ကို စိတ်ရှည်လက်ရှည်ပင် ရှင်းပြလိုက်သည်။

“ကောင်းကျီးစဲ့က သိုင်းပညာမိသားစုကနေ ဆင်းသက်လာတာ။ သူက ငယ်ငယ်လေးကတည်းက သိုင်းပညာပါရမီနဲ့ ဆေးဖော်စပ်ခြင်းပါရမီကို ပြသနိုင်ခဲ့တာ။ သူက ကုချင်းစီရင်စုရဲ့ ဆေးပညာရှင်အသိုင်းအဝိုင်းမှာ တော်တော်လေး နာမည်ကြီးတယ်လေ”

“ဒီတစ်ခေါက် သူက တပည့်ရင်းဖြစ်ဖို့ ရည်ရွယ်ပြီး လာတာသေချာတယ်”

ကျန့်ယီချင်း၏ လေသံတွင် မနာလိုအားကျမှုများ ပြည့်နှက်နေပေသည်။

“ဪ... ဒီလိုကိုး”

ကောင်းကျီးစဲ့လို ဆေးပညာရှင်ဆရာတစ်ဆူပင် သူမ၏တပည့်ဖြစ်လာရန် လာရောက်သည်ကို ရွှီနင် တွေ့မြင်လိုက်ရသည်။

ဤသည်မှာ လန်ယန်၏ ဆေးပညာစွမ်းရည်က အမှန်တကယ်ပင် အလွန်မြင့်မားကြောင်း သက်သေပြနေလေသည်။

မကြာမီမှာပင် လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်သွားချေပြီ။

အချိန်များက တဖြည်းဖြည်း ကုန်လွန်သွားလေသည်။

နောက်တစ်နေ့ နံနက်ခင်းတွင် စစ်ဆေးမှု၌ ပါဝင်မည့် နောက်ဆုံးဆေးပညာရှင် ရောက်ရှိလာခဲ့သည်။

ဘေးတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် လူတိုင်းဆီသို့ လျှောက်လာခဲ့သည်။

“စစ်ဆေးမှုမှာ ပါဝင်မယ့် တပည့်တွေအားလုံး ရောက်လာကြပြီ။ စစ်ဆေးမှုကို ဒီနေ့ မွန်းတည့်ချိန်မှာ တရားဝင် စတင်မယ်”

ကြေညာချက်ကို ကြားပြီးနောက် လူအများအပြား၏ စိတ်နှလုံးများမှာ တုန်လှုပ်သွားကြလေသည်။ ရွှီနင်၊ ကောင်းကျီးစဲ့နှင့် အခြားလူအနည်းငယ်မှလွဲ၍ လူတိုင်းမှာ အနည်းငယ် စိုးရိမ်ထိတ်လန့်နေကြပေသည်။

အထူးသဖြင့် သာမန်ပါရမီနှင့် အရင်းအမြစ်များသာရှိသော ဆေးပညာရှင်များအတွက် ပို၍ပင် ဆိုးရွားလှသည်။ သူတို့သည် ၎င်းတို့၏ ဆေးပညာလမ်းစဉ် အဆုံးသတ်ကို မြင်တွေ့ရလုနီးပါး ဖြစ်နေပြီး လန်ယန်၏ တပည့်ဖြစ်လာမှသာလျှင် ရှေ့ဆက်တက်လှမ်းနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်လေသည်။

မွန်းတည့်ချိန်သို့ ရောက်ရှိလာလေသည်။

“စစ်ဆေးမယ့်သူတွေ ရောက်လာပြီ”

လူတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

ဝါးတောအုပ်၏ အနက်ရှိုင်းဆုံးနေရာမှ လူရိပ်အချို့ လျှောက်လှမ်းလာကြလေသည်။

ခေါင်းဆောင်လာသူမှာ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် အဝါရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးစက်ကာ မောက်မာသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

သူမ၏အနောက်တွင် တာအိုနယ်ပယ်အရှင်သခင် အနည်းငယ်လည်း ပါလာလေသည်။

သူတို့သည် ပြိုင်ပွဲဝင်သူများကို ကြည့်လိုက်သောအခါ မသိစိတ်မှပင် အထက်စီးဆန်သော အကြည့်များဖြင့် ကြည့်နေကြပေသည်။

“ဟင်...”

အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ကောင်းကျီးစဲ့ကို သတိထားမိသွားသည်။

သူမသည် ကောင်းကျီးစဲ့ကို သိနေသည်မှာ ထင်ရှားလှရာ မသိမသာ ခေါင်းညိတ်ပြလိုက်လေသည်။

“သူမက ဖေရွှယ်ဝမ်လေ။ သူမနဲ့ သူမနောက်ကလူတွေ အားလုံးက စီနီယာလန်ယန်ရဲ့ တပည့်ရင်းတွေပဲ။ သူတို့အားလုံးက တာအိုနယ်ပယ် ဆေးပညာရှင်တွေချည်းပဲ”

ထိုအချိန်တွင် ကျန့်ယီချင်းက ရွှီနင်ထံသို့ လျှို့ဝှက်စွာ အသံပို့လွှတ်၍ သတင်းပေးလိုက်သည်။

“ဪ... သူက တပည့်ရင်းကိုး”

အစပိုင်းတွင် ရွှီနင်သည် အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးအား လန်ယန်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

တာအိုနယ်ပယ်အရှင်သခင်တစ်ဦး၏ သက်တမ်းရှည်ကြာမှုကြောင့် လူတစ်ယောက်၏ သက်တန်းကို အပြင်ပန်းရုပ်သွင်ဖြင့် ဆုံးဖြတ်၍ မရနိုင်ပေ။

‘ကောင်းကျီးစဲ့က တကယ်ပဲ ရောက်နေတာကိုး...’

ဖေရွှယ်ဝမ်၏ နောက်မှ တပည့်အချို့ကလည်း အချင်းချင်း လျှို့ဝှက်စွာ အသံပို့လွှတ်နေကြသည်။

“ကြည့်ရတာ ငါတို့ဆီ ဂျူနီယာညီလေးကောင်း ရောက်လာတော့မယ့်ပုံပဲ”

ဤတပည့်ရင်းများသည် အခြားပါဝင်ယှဉ်ပြိုင်သူ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ကောင်းကျီးစဲ့ကိုသာ အာရုံစိုက်နေကြလေသည်။

“အားလုံးပဲ”

ဖေရွှယ်ဝမ်သည် လူတိုင်း၏ရှေ့သို့ လျှောက်လာခဲ့သည်။

“ငါက မေ့မြောခြင်းဝါးတောရဲ့

တပည့်ရင်း ဖေရွှယ်ဝမ်ပဲ။ ဒီနေ့ စစ်ဆေးမှုကို ငါဦးဆောင်ကျင်းပမယ်”

“ဒီနေ့ စစ်ဆေးမှု နှစ်ခုရှိတယ်။ ပထမစစ်ဆေးမှုက မင်းတို့ရဲ့စွမ်းရည်ကို အကဲဖြတ်ဖို့အတွက် အခြေခံဆေးလုံးတွေကို ဖော်စပ်ရမယ်။ ဒုတိယစစ်ဆေးမှုကတော့ ငါတို့ပေးထားတဲ့ ကန့်သတ်ဝိညာဉ်ဆေးပင်တွေနဲ့ မင်းတို့ဖော်စပ်နိုင်သမျှထဲက အကောင်းဆုံး ဆေးလုံးကို ဖော်စပ်ရမှာဖြစ်တယ်။ ဒီစမ်းသပ်မှုက မင်းတို့ရဲ့ အကန့်အသတ်ကို အကဲဖြတ်မှာပဲ”

“စစ်ဆေးမှုနှစ်ခု ပြီးသွားရင် မင်းတို့ဖော်စပ်ထားတဲ့ ရလဒ်တွေအပေါ် မူတည်ပြီး သတ်မှတ်ချက်မီမမီကို ငါတို့ ဆုံးဖြတ်မယ်။ အရည်အချင်းပြည့်မီတဲ့သူတွေက ငါ့ဆရာရဲ့ အမည်ခံတပည့်တွေ ဖြစ်လာလိမ့်မယ်။ ထူးချွန်တဲ့သူတွေကတော့ စမ်းသပ်မှုပြီးတာနဲ့ ငါ့ဆရာနဲ့ လူကိုယ်တိုင် တွေ့ဆုံရမယ်။ တကယ်လို့ မင်းတို့သာ ငါ့ဆရာရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ရင် မင်းတို့က မေ့မြောခြင်းဝါးတောရဲ့ တပည့်ရင်းအဖြစ် သတ်မှတ်ခံရပြီး ငါတို့ရဲ့ ဂျူနီယာညီလေး၊ ညီမလေးတွေ ဖြစ်လာလိမ့်မယ်”

ဖေရွှယ်ဝမ် စကားပြောနေချိန်တွင် မည်သည့်အချက်ကိုမျှ လွတ်သွားမည်စိုးသဖြင့် လူတိုင်းက သေချာစွာ နားထောင်နေကြသည်။

“နောက်ဆုံးအနေနဲ့ ဆေးဖော်စပ်တဲ့အခါ လိမ်လည်ဖို့ ဒါမှမဟုတ် ဆေးလုံးချင်းလဲလှယ်ဖို့ မကြိုးစားပါနဲ့။ တကယ်လို့ မိသွားရင်တော့ မင်းတို့ မေ့မြောခြင်းဝါးတောနဲ့ ရေစက်ကုန်ပြီပဲ။ ဒါ့အပြင် မင်းတို့တွေ ကုချင်းစီရင်စုရဲ့ ဆေးပညာရှင်အသိုင်းအဝိုင်းမှာ ဆက်နေဖို့လည်း ခက်ခဲသွားလိမ့်မယ်”

ဖေရွှယ်ဝမ်က သတိပေးလိုက်လေသည်။

“ကောင်းပြီ၊ စစ်ဆေးမှုကို စတင်ကြစို့”

ဖေရွှယ်ဝမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်ဝတ်စုံနှင့် အစေခံအချို့က ဆေးဖက်ဝင်ပစ္စည်းများကို ယူဆောင်လာကြလေသည်။

မကြာမီမှာပင် ရွှီနင်၏ရှေ့တွင် ပစ္စည်းငါးမျိုးကို ချထားပေးလိုက်သည်။ ဆေးပင်စုစုပေါင်း ၁၅ စုံ ဖြစ်လေသည်။

‘ရင်းမြစ်သန့်စင်ဆေးပြား၊ အသက်ငွေ့ထိန်းဆေးလုံး၊ နုပျိုခြင်းစွမ်းအင်ဆေးပြား...’

ဤဆေးငါးမျိုးလုံးမှာ အလွန်အခြေခံကျသော ဆေးလုံးများဖြစ်ကြောင်း ရွှီနင် တွေ့ရှိလိုက်ရသည်။

ဤဆေးလုံးအချို့ကို ဟင်းလင်းပြင်နယ်ပယ် အစောပိုင်းအဆင့် ဆေးပညာရှင်များပင်လျှင် ဖော်စပ်နိုင်စွမ်း ရှိကြပေသည်။

“မင်းတို့ ဆေးတစ်မျိုးစီကို သုံးကြိမ် ဖော်စပ်နိုင်တယ်”

လူတိုင်း ဆေးပစ္စည်းများ ရရှိပြီးနောက် ဖေရွှယ်ဝမ်က ထပ်ပြောလိုက်သည်။

“ဒါက အခြေခံဆေးလုံးတွေ ဖြစ်တဲ့အတွက် အောင်မြင်မှုနှုန်း ရာခိုင်နှုန်းပြည့်ရှိရမယ်။ တကယ်လို့ ကုန်ကြမ်းတစ်စုံကို အလဟဿ ဖြစ်သွားစေရင်တောင်မှ မင်းတို့ စစ်ဆေးမှု ကျရှုံးလိမ့်မယ်”

စစ်ဆေးမှု၏ သတ်မှတ်ချက်များကို ကြားသောအခါ အချို့လူများမှာ စတင်၍ စိုးရိမ်မကင်း ဖြစ်လာကြလေသည်။

၎င်းတို့မှာ အခြေခံဆေးလုံးများ ဖြစ်သော်ငြားလည်း စိတ်ပိုင်းဆိုင်ရာ ဖိအားများလွန်းပါက ဖော်စပ်နေစဉ်အတွင်း အမှားအယွင်းအချို့ ပေါ်ပေါက်လာနိုင်ပေသည်။

“ဒါ့အပြင် မင်းတို့ဖော်စပ်လိုက်တဲ့ ဆေးလုံး ၁၅ လုံးထဲမှာ အဆင့်မြင့်ဆေးလုံး ၈ လုံး ပါဝင်ရမယ်”

ဖေရွှယ်ဝမ်က ထပ်မံဖြည့်စွက် ပြောကြားလိုက်သည်။

ဆေးလုံးများ၏ အဆင့်သတ်မှတ်ချက်များကို ပြီးပြည့်စုံသောအဆင့်၊ အဆင့်မြင့်၊ သာမန်နှင့် သတ်မှတ်ချက်မမီသော အလေအလွင့်ဆေးလုံးဟူ၍ ခွဲခြားထားလေသည်။

“အဆင့်မြင့် ၈ လုံးတောင်...”

အောက်ဘက်ရှိ ယှဉ်ပြိုင်သူအများစုမှာ မျက်မှောင်ကြုတ်နေကြပြီ ဖြစ်သည်။

ဤသည်မှာ အဆင့်မြင့်အောင်မြင်မှုနှုန်း ၅၀ ရာခိုင်နှုန်းကျော်နှင့် ညီမျှနေပေသည်။

လူတစ်ယောက်သည် အလွန်အမင်း ကျွမ်းကျင်နေခြင်း မရှိပါက အဆင့်မြင့်ဆေးလုံးတစ်လုံးကို ဖော်စပ်ရန် ကံတရားအနည်းငယ် လိုအပ်ပေသည်။

ယှဉ်ပြိုင်သူအများစုအတွက် ဤသည်မှာ ကြီးမားသော စိန်ခေါ်မှုကြီးတစ်ခုပင် ဖြစ်လေသည်။

ဖေရွှယ်ဝမ်ကိုယ်တိုင်ပင် ပထမစစ်ဆေးမှုကို လူ ၅၀ ထက်ပို၍ မအောင်မြင်နိုင်ဟု ယုံကြည်ထားပြီး ပါဝင်သူများ၏ အနည်းဆုံး ၆၀ ရာခိုင်နှုန်းခန့်မှာ ဤအဆင့်တွင်ပင် ပြုတ်သွားမည် ဖြစ်သည်။

“စကြစို့၊ အချိန်ကန့်သတ်ချက်က လေးနာရီပဲ”

ဖေရွှယ်ဝမ်က နောက်ဆုံးသတ်မှတ်ချက်ကို ကြေညာလိုက်သည်။ သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ယှဉ်ပြိုင်သူများအားလုံး စတင်လှုပ်ရှားကြလေတော့သည်။

“ကောင်းကျီးစဲ့က ဆေးလုံးတွေကို ဘယ်လိုဖော်စပ်မလဲ ဆိုတာ ကြည့်ကြရအောင်”

ထိုအခိုက်တွင် ဖေရွှယ်ဝမ်နှင့် သူမဘေးရှိ တပည့်များအားလုံးမှာ ကောင်းကျီးစဲ့ကို ကြည့်နေကြလေသည်။

အခြားကိုယ်စားလှယ်များမှာမူ လိမ်လည်မှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် အဖြူရောင်ဝတ်စုံနှင့် လူများ၏ စောင့်ကြည့်ခြင်းကို ခံနေကြရသည်။

အခြားသူများ၏ စိုးရိမ်ထိတ်လန့်နေမှုများနှင့် ယှဉ်လျှင် တမင်တကာ အာရုံစိုက်ခံနေရသော ကောင်းကျီးစဲ့မှာမူ လုံးဝ တုန်လှုပ်ခြင်း မရှိပေ။

သူသည် ပထမဦးစွာ သူ၏လက်ဖြင့် စားပွဲကို ပုတ်လိုက်ပြီးနောက် လူတိုင်း၏ အံ့အားသင့်နေသော မျက်လုံးများရှေ့တွင် ဆေးဖက်ဝင်ပစ္စည်း ၁၅ စုံလုံးအား ဆေးမီးဖိုထဲသို့ တစ်ပြိုင်နက်တည်း ထည့်လိုက်လေသည်။

ထို့နောက် သူ၏ ဆေးဖော်စပ်ခြင်းနည်းစနစ်ဖြင့် စတင်ဖော်စပ်လေတော့သည်။

“ဒီကောင်းကျီးစဲ့က ဆေးလုံးငါးမျိုးလုံးကို တစ်ပြိုင်နက်တည်း ဖော်စပ်ဖို့ ကြိုးစားနေတာပဲ”

တပည့်ရင်းများထဲမှ တစ်ယောက်က အာမေဍိတ်သံဖြင့် ရေရွတ်လိုက်သည်။

“ဆေးလုံးငါးမျိုးလုံးကို ဆေးမီးဖိုတစ်ခုတည်းမှာ တစ်ပြိုင်နက်တည်း ဖော်စပ်ရင်း အဆင့်မြင့်အောင်မြင်မှုနှုန်းကို ၅၀ ရာခိုင်နှုန်းကျော်အောင် လုပ်ရမယ်ဆိုတာက အရမ်းမခက်ခဲလွန်းဘူးလား”

တပည့်ရင်းအချို့က ကောင်းကျီးစဲ့၏ နည်းလမ်းကိုအသုံးပြုပါက ထိုစစ်ဆေးမှုကို အောင်မြင်နိုင်ပါ့မလားဟု တွေးတောနေကြပြီ ဖြစ်သည်။

ကောင်းကျီးစဲ့ကမူ အခြားသူများ မည်သို့တွေးနေသည်ကို ဂရုမစိုက်ဘဲ ဆေးလုံးများကို တစ်ဆင့်ပြီးတစ်ဆင့် ဖော်စပ်နေလေသည်။

သူသည် သူ၏ တာအိုနယ်ပယ် ဆေးဖော်စပ်ခြင်းနည်းစနစ်ကို သုံးစွဲလိုက်ပြီး တာအိုနယ်ပယ်၏ စွမ်းအားကို နိုးကြားစေလိုက်သည်။

သူသည် ဆေးအာနိသင်များကို စတင်ဖြိုခွဲလိုက်ပြီးနောက် အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ဆေးလုံးကို စတင်ဖော်စပ်ကာ ဆေးလုံးပုံသဏ္ဌာန်ဖြစ်လာစေရန် အမြုတေဖွဲ့စည်းလိုက်လေသည်။

အစမှအဆုံးထိတိုင် ကောင်းကျီးစဲ့မှာ အခက်အခဲဖြစ်နေသည့်ပုံ လုံးဝမပေါ်ပေ။ သူသည် လုပ်ငန်းစဉ်တစ်ခုလုံးကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေပုံရလေသည်။

‘ကောင်းကျီးစဲ့ရဲ့ ဆေးပညာအဆင့်က ထပ်တိုးတက်လာပြန်ပြီပဲ’

ဖေရွှယ်ဝမ်၏ မျက်လုံးများတွင် လေးစားမှုများ ပြည့်နှက်နေသည်။

‘သူ့ရဲ့ ဆေးဖော်စပ်ခြင်းနည်းစနစ်ကို ပထမအဆင့်ရဲ့ အထွတ်အထိပ်ကို မြှင့်တင်နိုင်ခဲ့တဲ့ပုံပဲ။ သူ မကြာခင် ဒုတိယအဆင့်ကို ရောက်တော့မယ်...’

ဒိုင်း... ဒိုင်း... ဒိုင်း...

မကြာမီမှာပင် တိုးတိတ်သောပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။

ကောင်းကျီးစဲ့၏ ဆေးဖိုထဲမှ ဆေးလုံး ၁၅ လုံး ခုန်ထွက်လာပြီး သူ၏ရှေ့ရှိ စားပွဲပေါ်သို့ သပ်ရပ်စွာ ကျဆင်းလာခဲ့သည်။

“တစ်ယောက်ယောက်က ဒီလောက်မြန်မြန် ဆေးဖော်စပ်ပြီးသွားပြီလား”

“တစ်လုံးတည်း မဟုတ်ဘူး၊ ၁၅ လုံးတောင်။ ကောင်းကျီးစဲ့က လိုအပ်တဲ့ ဆေးလုံးတွေ အားလုံးကို ဖော်စပ်ပြီးသွားပြီ”

ကောင်းကျီးစဲ့၏ အားကောင်းသော စွမ်းဆောင်ရည်က စစ်ဆေးမှုတွင် ပါဝင်နေသူအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

သူတို့ထဲမှ အများအပြားမှာ ကောင်းကျီးစဲ့၏ စွမ်းဆောင်ရည်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားကြပြီး ၎င်းတို့၏ ဆေးဖော်စပ်မှုကို ကျရှုံးသွားစေခဲ့သည်။

နောက်တစ်ခဏတွင် ဖေရွှယ်ဝမ်နှင့် အခြားသူများက ကောင်းကျီးစဲ့ဘေးသို့ အလျင်အမြန် လျှောက်သွားကြသည်။

“ကျွန်တော် ဆေးလုံး ၁၅ လုံးစလုံးကို ဖော်စပ်ပြီးပါပြီ”

ကောင်းကျီးစဲ့မှာ တည်ငြိမ်နေပြီး သူ၏စွမ်းဆောင်ရည်အတွက် အံ့အားသင့်နေပုံ မရပေ။

“အရည်အသွေးကို ငါ စစ်ဆေးကြည့်မယ်”

ဖေရွှယ်ဝမ် ကိုယ်တိုင် စစ်ဆေးလိုက်သည်။

“ဒါက...”

ဆေးလုံးများကို တစ်လုံးချင်းစီ စစ်ဆေးနေရင်း ဖေရွှယ်ဝမ်၏ မျက်နှာအမူအရာမှာ တင်းမာသွားလေသည်။

သူမ၏ နောက်မှ တပည့်များသည်လည်း မယုံကြည်နိုင်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

“အဆင့်မြင့် ၈ လုံး...”

ဖေရွှယ်ဝမ်၏ အသံမှာ သံသယဖြစ်ဖွယ် ကောင်းနေသည်။

“ကျန်တဲ့ ခုနစ်လုံးက အားလုံး... ပြီးပြည့်စုံတဲ့အဆင့်တွေချည်းပဲ”

ကောင်းကျီးစဲ့သည် အခြားအဓိပ္ပာယ်တစ်မျိုးဖြင့် အဆင့်မြင့်အောင်မြင်မှုနှုန်း ၅၀ ရာခိုင်နှုန်းကို ရရှိခဲ့ခြင်းပင်။

‘ငါ ဆရာ့နောက်ကို အနှစ် ၃၀ လိုက်ခဲ့တာတောင် ဒါက ငါလုပ်နိုင်တဲ့ အကောင်းဆုံးအဆင့်ပဲ...’

ဖေရွှယ်ဝမ် စိတ်ထဲမှ တွေးလိုက်မိသည်။

‘ဒီကောင်းကျီးစဲ့က တကယ်ကို အံ့မခန်းပဲ။ အနာဂတ်မှာ သူက ကုချင်းစီရင်စုက ဆေးပညာရှင်အသိုင်းအဝိုင်းရဲ့ ခေါင်းဆောင် ဖြစ်လာနိုင်တယ်’

ထိုအခါ ဖေရွှယ်ဝမ်ဘေးရှိ တပည့်များ၏ ကောင်းကျီးစဲ့အား ကြည့်သည့်ပုံစံမှာ လုံးဝ ပြောင်းလဲသွားလေပြီ။

ယခင်က ကောင်းကျီးစဲ့အား သူတို့၏ ဂျူနီယာညီလေးအဖြစ် သတ်မှတ်ထားခဲ့သော်လည်း ယခုအခါ ကောင်းကျီးစဲ့သည် ဂိုဏ်းထဲသို့ မဝင်မီမှာပင် သူတို့အားလုံးထက် အများကြီး သာလွန်နေပြီဖြစ်ကြောင်း သိရှိသွားကြချေပြီ။

“ကျွန်တော် ပထမစစ်ဆေးမှုကို အောင်မြင်သွားပြီ မဟုတ်လား”

ကောင်းကျီးစဲ့၏ အပြုံးက လူတိုင်းကို နွေဦးလေပြည်ထဲတွင် ရေချိုးနေရသကဲ့သို့ ခံစားသွားရစေသည်။

“မင်း အောင်မြင်ပါတယ်”

ဖေရွှယ်ဝမ် ခေါင်းညိတ်လိုက်သည်။

“ဒုတိယစစ်ဆေးမှုအတွက် စောင့်နေလိုက်ဦး”

“ဟုတ်ကဲ့ပါ”

ကောင်းကျီးစဲ့က ပြန်ဖြေလိုက်လေသည်။

ဖေရွှယ်ဝမ်နှင့် အခြားတပည့်များမှာ မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။

“တပည့် ဖေ...”

ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်က သူတို့ဘေးသို့ လျှောက်လာခဲ့သည်။

သူက ရွှီနင်ရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

“ဟိုလူကလည်း ဆေးလုံး ၁၅ လုံးကို ဖော်စပ်ပြီးသွားပြီဗျ”

“ဘာ...”

ဖေရွှယ်ဝမ်နှင့် အခြားသူများက အဖြူရောင်ဝတ်စုံနှင့်လူ ညွှန်ပြရာဘက်သို့ အလျင်အမြန် လှမ်းကြည့်လိုက်ကြရာ တည်ငြိမ်နေသော ရွှီနင်၏မျက်နှာကို တွေ့လိုက်ရလေသည်။

သူ၏ရှေ့ရှိ စားပွဲပေါ်တွင်လည်း ဆေးလုံး ၁၅ လုံးကို တန်းစီချထားလေသည်။

‘ကောင်းကျီးစဲ့ရဲ့ ဆေးဖော်စပ်တဲ့ အမြန်နှုန်းကို ယှဉ်နိုင်တဲ့လူ ရှိနေတာလား...’

သူတို့ တစ်ဖန် အံ့အားသင့်သွားကြရပြန်သည်။ ကောင်းကျီးစဲ့ကလည်း ၎င်းကို သတိထားမိသွားပြီး ရွှီနင်ရှိရာသို့ လှည့်ကြည့်လိုက်သည်။

“သွားကြည့်ကြရအောင်”

ဖေရွှယ်ဝမ်က သူတို့ကို ဦးဆောင်ကာ ရွှီနင်၏ အနားသို့ လျှောက်သွားလေသည်။

ကောင်းကျီးစဲ့ မျက်မှောင်ကြုတ်သွားပြီး ခေတ္တမျှ ရပ်တန့်သွားကာ မတ်တတ်ရပ်၍ လိုက်သွားလေသည်။

ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် ယှဉ်ပြိုင်သူတစ်ဦးအနေဖြင့် သူသည် ငြိမ်ငြိမ်ထိုင်နေသင့်ပေသည်။

သို့သော် သူ၏ အတော်လေး ထူးခြားသော အဆင့်အတန်းကြောင့် အဖြူရောင်ဝတ်စုံနှင့်လူနှင့် အခြားတပည့်များမှာ သူ့ကို တားဆီးခြင်း မပြုခဲ့ကြချေ။

ဖေရွှယ်ဝမ်က အနားသို့ရောက်လာပြီး ရွှီနင်ကို ကြည့်လိုက်သည်။

ရွှီနင်က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်လေသည်။

ဖေရွှယ်ဝမ်သည် သံသယများဖြင့် ဆေးလုံးများ၏ အရည်အသွေးကို သွားရောက်စစ်ဆေးလိုက်သည်။

“ပြီးပြည့်စုံတယ်... ပြီးပြည့်စုံတယ်... ပြီးပြည့်စုံတယ်...”

ဒုန်း...

ဖေရွှယ်ဝမ်၊ ကောင်းကျီးစဲ့နှင့် အခြားတပည့်များအားလုံး မှင်သက်တုန်လှုပ်သွားကြလေသည်။

ဆေးလုံးများကို စစ်ဆေးပြီးနောက် ရွှီနင်၏ ဆေးလုံး ၁၅ လုံးမှာ ပြီးပြည့်စုံသောအဆင့်များ ဖြစ်နေပေတော့သည်။

အခန်း (၂၃၆) - အစွန်းရောက်ခွန်အားဆေးလုံးနှင့် လရောင်ဆေးလုံး

ကောင်းကျီးစဲ့၏ ပြီးပြည့်စုံသောအဆင့်ဆေးလုံး ၅၀ ရာခိုင်နှုန်းခန့် အောင်မြင်မှုနှုန်းသည်ပင်လျှင် အတော်လေး အံ့မခန်းဖြစ်နေပေပြီ။

ထိုထက်ပို၍ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်းဆိုသည်မှာကား စိတ်ကူးကြည့်ရန်ပင် ခက်ခဲလွန်းလှလေသည်။

ချက်ချင်းပင် ထိုနေရာရှိ လူတိုင်း၏စိတ်ထဲ၌ အတွေးတစ်ခု ဝင်လာခဲ့သည်။

သူ တကယ်ပဲ လှည့်စားပြီး ဆေးလုံးတွေကို လဲလှယ်မထားတာ သေချာရဲ့လား။

“ဒီဆေးလုံးတွေကို သူကိုယ်တိုင် ဖော်စပ်ခဲ့တာ သေချာရဲ့လား”

ဖေရွှယ်ဝမ်၏ နောက်ဘက်ရှိ တပည့်ရင်းတစ်ဦးက ရွှီနင် ဆေးဖော်စပ်အောင်မြင်ကြောင်း သူတို့ကိုပြောခဲ့သည့် အဖြူရောင်ဝတ်ရုံနှင့်လူကို မေးလိုက်ခြင်းဖြစ်သည်။

သူ့မျက်နှာပေါ်တွင် သံသယဝင်နေသည့် အမူအရာများ ရှိနေသော်လည်း ရွှီနင်ကိုတော့ တိုက်ရိုက်မမေးရဲပေ။

ရွှီနင်က ဤသည်ကို မြင်သောအခါ မျက်ခုံးပင့်လိုက်လေသည်။

ဤလုပ်ရပ်က အနည်းငယ်တော့ ရိုင်းစိုင်းလွန်းရာကျပေသည်။

သို့သော် သူ ဂရုစိုက်ပုံ မပေါ်ချေ။

အစောပိုင်း၌ လူတိုင်း၏အာရုံမှာ ကောင်းကျီးစဲ့အပေါ် ရောက်နေချိန်တွင် ရွှီနင်သည် သူ၏ တာအိုနယ်ပယ် ဆေးဖော်စပ်ခြင်းပညာရပ်ဖြစ်သော ပင်လယ်နီဆေးကျမ်းကို အသက်သွင်းကာ ဆေးမီးဖိုထဲသို့ ပါဝင်ပစ္စည်း ဆယ့်ငါးစုံကို တစ်ပြိုင်နက် ပစ်ထည့်ခဲ့ခြင်းဖြစ်သည်။

ပြီးပြည့်စုံသောအဆင့် ဆေးလုံး ဆယ့်ငါးလုံးကို သူဖော်စပ်ခဲ့သည့် အမြန်နှုန်းမှာ ကောင်းကျီးစဲ့ထက်ပင် ပို၍မြန်ဆန်နေသေးသည်။

သို့သော် ဆေးလုံးများ ရရှိသွားချိန်တွင် ရွှီနင်က မည်သည့်အသံမှ မပြုလုပ်ခဲ့သဖြင့် လူတိုင်း၏အာရုံက သူ့ထံတွင် မရှိခဲ့ခြင်းသာ ဖြစ်သည်။

“သေချာတာပေါ့... ဆေးလုံးတွေ စတင်ဖော်စပ်ကတည်းက ကျွန်တော် သူ့ကိုပဲ စောင့်ကြည့်နေခဲ့တာပါ”

ပြိုင်ပွဲဝင်များအား ကြီးကြပ်ရသည့် အဖြူရောင်ဝတ်ရုံနှင့်လူက ပြန်ဖြေလေသည်။

“သူက ပါဝင်ပစ္စည်း ဆယ့်ငါးစုံကို ထည့်ပြီးတော့ ဒီဆေးလုံး ဆယ့်ငါးလုံးကို ထုတ်ယူခဲ့တာပါ”

အဖြူရောင်ဝတ်ရုံနှင့်လူထံမှ အတည်ပြုချက်ရပြီးနောက် စောစောက မေးခွန်းထုတ်ခဲ့သည့် တပည့်ရင်းမှာ စကားဆက်မပြောတော့ချေ။

လူတိုင်းက ရွှီနင်အား ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

ကောင်းကျီးစဲ့နှင့်မတူဘဲ ရွှီနင်မှာ ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာသူဖြစ်ပြီး သူတို့အတွက် လူစိမ်းတစ်ယောက်ဖြစ်နေသဖြင့် ရွှီနင်ပေးစွမ်းလိုက်သော သက်ရောက်မှုက ကောင်းကျီးစဲ့ထက် ပိုမိုကြီးမားနေလေသည်။

‘ဒီဆေးဆရာသခင်က ဘယ်ကများ ထွက်လာတာပါလိမ့်...’

ကောင်းကျီးစဲ့၏ ရင်ထဲတွင်လည်း ရှုပ်ထွေးနေသည်။ အစပိုင်းတွင် သူသည် ဤစစ်ဆေးမှု၌ သူ့ကို မည်သူမျှ ယှဉ်နိုင်မည်မဟုတ်ဟု တွေးကာ အေးဆေးတည်ငြိမ်နေခဲ့သည်။

သို့သော် ရွှီနင်က သူ့လိုမျိုး နည်းစနစ်တစ်ခုတည်းကို အသုံးပြုပြီး ၁၀၀ ရာခိုင်နှုန်း အောင်မြင်သွားသည်ကို မြင်လိုက်ရသောအခါ ကောင်းကျီးစဲ့သည် ပြင်းထန်သော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရလေသည်။

‘ရပါတယ်လေ... ဒုတိယစစ်ဆေးမှု ကျန်နေသေးတာပဲ၊ ဒုတိယစစ်ဆေးမှုမှာ ငါက သူ့ထက် ပိုကောင်းအောင် လုပ်ပြနိုင်ရင် ရပါပြီ။ ဘာပဲဖြစ်ဖြစ် ပထမစစ်ဆေးမှုက အခြေခံဆေးလုံးတွေကို ဖော်စပ်တာပဲလေ။ ဆေးဆရာသခင်တွေအတွက်တော့ ရှားပါးပြီး ခက်ခဲတဲ့ ဆေးလုံးတွေကို ဖော်စပ်တာကမှ ငါတို့စွမ်းရည်ရဲ့ အစစ်အမှန် စစ်ဆေးမှုပဲ’

ကောင်းကျီးစဲ့က သူ့ကိုယ်သူ စိတ်သက်သာရာရအောင် တွေးလိုက်သည်။

“ရှင်ရဲ့ နာမည်ကို သိခွင့်ရမလား”

ဖေရွှယ်ဝမ်က သူမ၏ မာနများကို ချထားကာ ရွှီနင်ကို ဦးစွာပထမ မေးမြန်းလိုက်လေသည်။

“ရွှီနင်ပါ”

ရွှီနင်က ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။

“ရွှီနင်...”

ဖေရွှယ်ဝမ်သည် နာမည်တစ်ခုတည်းကိုသာ ရရှိလိုက်သော်လည်း ဆက်၍မမေးတော့ပေ။

သူမအမြင်တွင် ရွှီနင်သည် ယခုနှစ်၏ တပည့်ရင်းတစ်ဦး သေချာပေါက် ဖြစ်လာမည်ဖြစ်ရာ နောင်အနာဂတ်တွင် သူ၏အကြောင်းကို လေ့လာရန် အခွင့်အရေးများစွာ ရှိနေသေးသည် မဟုတ်ပါလော။

“ဒုတိယအဆင့် စစ်ဆေးမှုမှာ ရှင်ဘယ်လို စွမ်းဆောင်ပြမလဲဆိုတာကို မျှော်လင့်နေပါမယ်”

ဖေရွှယ်ဝမ်က လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

သူတို့သည် ရွှီနင်အနားမှ ခွာကာ ကွင်းပြင်၏ ရှေ့ဘက်သို့ လျှောက်သွားကြလေသည်။

“တစ်ယောက်ယောက်က ကောင်းကျီးစဲ့ထက် ပိုပြီးစွမ်းဆောင်နိုင်တယ်ပေါ့”

“ရွှီနင်တဲ့... အဲဒီနာမည်ကို ငါ တစ်ခါမှ မကြားဖူးပါဘူး။ သူက ကုချင်းစီရင်စုက မဟုတ်ဘူးလား”

ပတ်ဝန်းကျင်၌ တီးတိုးဆွေးနွေးသံများ ဆူညံသွားတော့သည်။

လူများ စိတ်မရှည်ဖြစ်နေချိန်တွင် ထိုကဲ့သို့သော အခြေအနေမျိုး၌ ဆေးဖော်စပ်ရသည်မှာ ပို၍ခက်ခဲလေသည်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားသော အခြားပြိုင်ပွဲဝင်များအတွက်မူ ဤသည်က စစ်ဆေးမှု၏ ခက်ခဲမှုကို ပိုမိုတိုးမြင့်သွားစေသည်။

သို့သော် ဤကဲ့သို့သော ပြင်ပသက်ရောက်မှုမျိုးကလည်း စစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်ပေသည်။

မဟုတ်ပါက ဤနေရာရှိ ပြိုင်ပွဲဝင်များကို ဆေးဖော်စပ်သည့် အခန်းတစ်ခန်းစီတွင် သီးသန့်နေရာချထား၍ စစ်ဆေးမည်သာ ဖြစ်သည်။

‘အစ်ကိုရွှီရဲ့ အဆင့်က ကောင်းကျီးစဲ့နဲ့တောင် ယှဉ်နိုင်တာလား’

ကျန့်ယီချင်းမှာ အချိန်အတော်ကြာသည်အထိ စိတ်မငြိမ်နိုင်ဖြစ်နေရသည်။

သူတို့ အတူတကွ ခရီးသွားခဲ့စဉ်က သူသညိ ယဉ်ကျေးမှုအရ ရွှီနင်၏အကြောင်းကို အသေးစိတ် မမေးမြန်းခဲ့ပေ။ သူသည် ရွှီနင်အား ကုချင်းစီရင်စု၏ ဆေးလောကအကြောင်း သိပ်မသိသော ပြင်ပလူတစ်ယောက်အဖြစ်သာ သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် လက်တွေ့အမှန်တရားကတော့ ရွှီနင်သည် ဆေးပညာကျွမ်းကျင်သူတစ်ဦးဖြစ်ရုံသာမက ဆေးဆရာသခင်တစ်ဦးဖြစ်ကြောင်း သက်သေပြလိုက်လေပြီ။

“ဟူး...”

ကျန့်ယီချင်းက အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်ပြီး စိတ်ကို ပြန်လည်ငြိမ်သက်စေလိုက်သည်။

‘အစ်ကိုရွှီရဲ့ စွမ်းဆောင်ရည်က တကယ်ကို အံ့မခန်းပဲ၊ ငါကတော့ သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ငါ့အတွက်ကတော့ ပထမစစ်ဆေးမှုကို အရင်အောင်မြင်အောင် လုပ်တာက ပိုကောင်းလိမ့်မယ်’

ကျန့်ယီချင်းသည် သူ၏ စိတ်အခြေအနေကို ညှိယူလိုက်ပြီး ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး စတင်ဖော်စပ်လေတော့သည်။ ရွှီနင်ကမူ စားပွဲတွင်ထိုင်ကာ အခြားဆေးဆရာများကို တိတ်ဆိတ်စွာ အကဲခတ်နေလေသည်။

ကောင်းကျီးစဲ့က သူ့ကို ရံဖန်ရံခါ အကဲခတ်နေသည်ကိုလည်း ရွှီနင် သတိထားမိလိုက်သည်။ ကောင်းကျီးစဲ့က သူ့အား ပြိုင်ဘက်တစ်ဦးအနေဖြင့် သတ်မှတ်ထားကြောင်း သိသာလှပေသည်။

ရွှီနင်ကတော့ ဂရုမစိုက်ပါချေ။

မကြာမီတွင် လေးနာရီခန့် ကုန်လွန်သွားခဲ့သည်။

ထိုအချိန်ကာလအတွင်း ဆေးဖော်စပ်ရာတွင် ပြဿနာကြုံတွေ့ခဲ့ရသော ပြိုင်ပွဲဝင်များစွာမှာ အချိန်မစေ့မီကပင် သူတို့သဘောနှင့်သူတို့ ထွက်ခွာသွားခဲ့ကြသည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ပြိုင်ပွဲကွင်းအတွင်း၌ လူအရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာလေသည်။

ကောင်းကျီးစဲ့နှင့် ရွှီနင်တို့၏ သက်ရောက်မှုကြောင့် ပထမစစ်ဆေးမှုကို အောင်မြင်ခဲ့သူ အရေအတွက်မှာ ဖေရွှယ်ဝမ် မျှော်မှန်းထားသည့် လူငါးဆယ်ထက် လျော့နည်းနေပြီး သုံးဆယ့်ခုနစ်ယောက်သာ အောင်မြင်ခဲ့လေသည်။

“ငါ လုပ်နိုင်ခဲ့ပြီကွ”

ကျန့်ယီချင်းသည် နောက်ဆုံးအချိန်လေး၌ လိုအပ်ချက်ကို ပြည့်မီသွားခဲ့သည်။

သူသည် ဆေးလုံး ဆယ့်ငါးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး ၎င်းတို့ထဲမှ ရှစ်လုံးမှာ အဆင့်မြင့် အဆင့်တွင် ရှိနေပေသည်။

ကျန့်ယီချင်းမှာ အတိုင်းမသိ ဝမ်းသာသွားရသည်။ လွန်ခဲ့သည့် နှစ်ကြိမ် သူ ဤနေရာသို့ လာရောက်ခဲ့စဉ်က ပထမစစ်ဆေးမှုကို တစ်ကြိမ်မျှ မအောင်မြင်ခဲ့ဖူးချေ။

“ဂုဏ်ယူပါတယ် အစ်ကိုကျန့်”

ရွှီနင်က တိုးတိုးလေး ပြောလိုက်သည်။

“အစ်ကိုရွှီရယ်... ကျွန်တော်ကတော့ အစ်ကို့ကို အပြင်ပန်းကြည့်ရုံနဲ့ တကယ် အကဲဖြတ်လို့မရခဲ့ပါလား”

ကျန့်ယီချင်း သက်ပြင်းချလိုက်မိသည်။

သူတို့ အတူတကွ ခရီးသွားခဲ့စဉ်က ရွှီနင်သည် သူ၏စွမ်းအားနှင့် အစစ်အမှန်အဆင့်ကို တစ်ခါမျှ မထုတ်ဖော်ခဲ့ပေ။ ရွှီနင်က သူ့အား တန်းတူရည်တူသဘောမျိုးဖြင့်သာ အမြဲဆက်ဆံခဲ့ခြင်း ဖြစ်သည်။

သူတို့၏ နယ်ပယ်နှင့် ဆေးဖော်စပ်ခြင်းစွမ်းရည် ကွာခြားချက်အရ အရာအားလုံးကိုသာ ပြိုင်ပွဲစင်မြင့်ပေါ်တွင် ယှဉ်ပြိုင်ရမည်ဆိုလျှင် သူသည် ရွှီနင်နှင့်ယှဉ်ပြိုင်ရန် လုံးဝ အရည်အချင်းမမီကြောင်း ကျန့်ယီချင်း ကောင်းစွာ သိထားလေသည်။

“အဲဒီလို မပြောပါနဲ့ဗျာ”

ရွှီနင်က လက်ကာပြလိုက်သည်။ “စိတ်ကို ငြိမ်ငြိမ်ထားပြီးတော့ ဒုတိယစစ်ဆေးမှုအတွက် ပြင်ဆင်လိုက်ပါဦး”

“ကောင်းပါပြီ”

ကျန့်ယီချင်းသည် စကားဆက်မပြောတော့ဘဲ ဒုတိယစစ်ဆေးမှုကို စောင့်ဆိုင်းနေလိုက်သည်။

ပထမအဆင့် အောင်မြင်သူများကို စိစစ်ပြီးနောက်တွင် ဖေရွှယ်ဝမ်က ဒုတိယအဆင့် စတင်ကြောင်း ကြေညာလိုက်လေသည်။

အစိမ်းရောင်ဝတ်ရုံနှင့် အစေခံများ ထွက်ပေါ်လာပြီး ဒုတိယစစ်ဆေးမှုအတွက် လိုအပ်သော ဆေးပင်များကို ယူဆောင်လာကြသည်။

ဤတစ်ကြိမ်တွင်မူ သူတို့က ဆေးပင်အမျိုးအစား သုံးဆယ်ကို ယူဆောင်လာခဲ့ပြီး ဆေးပင်တိုင်းမှာ ပမာဏ တူညီကြလေသည်။

“အို...”

ရွှီနင်သည် ဆေးပင်ပစ္စည်းများကို ကြည့်လိုက်ပြီး ထူးခြားချက်တစ်ခုကို သတိထားမိသွားသည်။

“ဒီဆေးပင် သုံးဆယ်ကို ပေါင်းစပ်ပြီး ဖော်စပ်လိုက်မယ်ဆိုရင် ဖော်စပ်လို့ရနိုင်တဲ့ ဆေးလုံးအမျိုးအစားက ဆယ်မျိုးကျော်တောင် ရှိနေတာပဲ”

ရွှီနင်က သူ့ဘာသာ တွေးလိုက်သည်။

‘ဒါပေမဲ့ ဖေရွှယ်ဝမ် အရင်ကပြောခဲ့သလိုပဲ... ဒုတိယစစ်ဆေးမှုက ပေးထားတဲ့ ဆေးပင်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ဗဟုသုတနဲ့ စွမ်းရည်ကို စမ်းသပ်တာလေ။ ဖော်စပ်လိုက်တဲ့ ဆေးလုံးရဲ့အဆင့်က ပိုမြင့်လေ၊ အရည်အသွေးက ပိုကောင်းလေ... အကဲဖြတ်မှု ရလဒ်ကလည်း ပိုပြီးမြင့်မားလေပဲ ဖြစ်မှာ’

“ဒုတိယစစ်ဆေးမှုမှာတော့ ရှင်တို့က ဆေးတစ်လုံးတည်းကိုပဲ ဖော်စပ်ရမှာပါ... ပြီးတော့ အကြိမ်ကြိမ် ကျရှုံးခွင့်လည်း ပေးထားပါတယ်။ ဆေးပင်ပစ္စည်းတွေ လုံလောက်နေသရွေ့ ရှင်တို့ လိုချင်တဲ့ဆေးလုံးကို ဖော်စပ်နိုင်မယ့် အကြိမ်အရေအတွက်က ကန့်သတ်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူတိုင်းက ကိုယ့်ရဲ့ကန့်သတ်ချက်တွေကို တတ်နိုင်သလောက် စိန်ခေါ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ပိုပြီးကောင်းအောင် လုပ်နိုင်မှသာလျှင် ကျွန်မတို့ရဲ့ စစ်ဆေးမှုမှာ ထင်ပေါ်နိုင်မှာပါ”

ဖေရွှယ်ဝမ်က ရှေ့တွင်ရပ်ကာ ပြောလိုက်သည်။

“ကောင်းပြီ... ဒုတိယစစ်ဆေးမှုကို အခု စတင်ပါမယ်၊ အချိန်ကန့်သတ်ချက်ကတော့ နှစ်နာရီပါ”

ဒုတိယစစ်ဆေးမှု၏ အချိန်မှာ အရင်တစ်ကြိမ်ကထက် ထက်ဝက်တိတိ လျော့နည်းသွားခြင်း ဖြစ်သည်။

ယခင်အကြိမ်နှင့်မတူဘဲ ဖေရွှယ်ဝမ် စကားပြောပြီးနောက် မည်သူကမျှ ချက်ချင်း စတင်ခြင်း မရှိကြချေ။

ယခင်စစ်ဆေးမှုတွင် အံ့မခန်း စွမ်းဆောင်နိုင်ခဲ့သော ရွှီနင်နှင့် ကောင်းကျီးစဲ့တို့ အပါအဝင် လူတိုင်းမှာ နက်နက်နဲနဲ စဉ်းစားနေကြလေသည်။

ဤစစ်ဆေးမှုသည် လွတ်လပ်ခွင့် အတော်လေးပေးထားသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် အလွန်အမင်း ခက်ခဲလှပေသည်။

သာမန်ပြိုင်ပွဲဝင်များမှာမူ အကဲဖြတ်မှုရလဒ် ကောင်းကောင်းရရှိစေရန်အတွက် ဆေးလုံး၏အဆင့်နှင့် ထိုဆေးလုံးကို ဖော်စပ်အောင်မြင်နိုင်မည့် ရာခိုင်နှုန်းကြားတွင် မည်သို့ မျှတအောင် လုပ်ရမည်ကို စဉ်းစားနေကြပေမည်။

အခြားတစ်ဖက်တွင်မူ ရွှီနင်နှင့် ကောင်းကျီးစဲ့တို့က အခက်ခဲဆုံးဆေးလုံးကို မည်သို့ဖော်စပ်ရမည်ကို စဉ်းစားနေကြခြင်း ဖြစ်သည်။

အထူးသဖြင့် အစောပိုင်းတွင် ရွှီနင်၏ လှုံ့ဆော်မှုကို ခံခဲ့ရသော ကောင်းကျီးစဲ့မှာ ယခုအခါ အနိုင်ရလိုစိတ်များ ပြင်းပြနေတော့သည်။

‘ငါသိထားသလောက်ဆိုရင် ဖော်စပ်လို့ရနိုင်တဲ့ ဆေးလုံးအမျိုးအစားက စုစုပေါင်း ဆယ့်ခြောက်မျိုး ရှိတယ်’

ရွှီနင်က သူ၏ ရွေးချယ်စရာများကို ချင့်ချိန်ကာ တွေးလိုက်သည်။

‘အဲဒီအထဲမှာ အခက်ခဲဆုံးကတော့ ပင်လယ်နီမိစ္ဆာသခင်ရဲ့ ဆေးပညာကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ အစွန်းရောက်ခွန်အားဆေးလုံး ဆိုတဲ့ ဆေးလုံးပဲ။ ဆေးပညာကျမ်းအရဆိုရင် ဒီအစွန်းရောက်ခွန်အားဆေးလုံးက ပြင်ပလောကမှာ သိပ်ပြီး နာမည်မကြီးတဲ့အတွက် လူသိသိပ်မများဘူး။ ပြီးတော့ သူ့ဆီမှာ မိစ္ဆာလမ်းစဉ်ရဲ့ လက္ခဏာတချို့လည်း ရှိနေသေးတယ်’

‘ဒါကိုပဲ ဖော်စပ်ရမယ်...’

ရွှီနင် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်လေသည်။

‘ငါ့ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ၅၀ ရာခိုင်နှုန်း အောင်မြင်ဖို့ သေချာတယ်။ ဒီဆေးပင်ပစ္စည်းတွေရဲ့ ပမာဏကလည်း ငါ့အတွက် ဆေးလုံးကို နှစ်ကြိမ်တိတိ ဖော်စပ်ဖို့ လုံလောက်နေတာပဲ။ ဒါကြောင့် အောင်မြင်နိုင်ချေက အရမ်းမြင့်တယ်’

ဆုံးဖြတ်ချက်ချပြီးနောက် ရွှီနင်သည် စတင်လှုပ်ရှားလေတော့သည်။

‘သူ စလိုက်ပြီပဲ...’

ရွှီနင် စတင်လှုပ်ရှားနေပြီဖြစ်ကြောင်းကို ကောင်းကျီးစဲ့ သတိထားမိလိုက်သောအခါ သူ၏ရင်ထဲတွင် တင်းကျပ်သွားရသည်။

‘ထားလိုက်တော့... ငါ လရောင်ဆေးလုံးကိုပဲ ဖော်စပ်လိုက်တော့မယ်’

ကောင်းကျီးစဲ့လည်း ဆုံးဖြတ်ချက်ချလိုက်သည်။ ပေးထားသော ဆေးပင်များဖြင့် ကောင်းကျီးစဲ့၏ ဗဟုသုတအရဆိုလျှင် လရောင်ဆေးလုံးသည် ဖော်စပ်ရန် အခက်ခဲဆုံးဆေးလုံးပင် ဖြစ်သည်။

‘လရောင်ဆေးလုံးဆိုတာက အစောပိုင်းအဆင့် တာအိုနယ်ပယ် သိုင်းဆရာတစ်ယောက်အပေါ်မှာတောင် သက်ရောက်မှုရှိတယ်။ ပြီးတော့ အဲဒါက တာအိုနယ်ပယ် ဆေးလုံးတစ်မျိုးပဲ။ ဖော်စပ်လို့သာ အောင်မြင်သွားရင် ငါသေချာပေါက် အနိုင်ရပြီပဲ’

ကောင်းကျီးစဲ့က သူ့ဘာသာ တွေးလိုက်သည်။

‘ဒါပေမဲ့ အဲဒီရွှီနင်ကလည်း လရောင်ဆေးလုံးကိုပဲ ရွေးချယ်ပြီး ဖော်စပ်နိုင်တယ်... ဒါကြောင့် ငါက အဆင့်မြင့်အဆင့်ကိုရဖို့ သေချာအောင် လုပ်ရမယ်။ အဆင့်မြင့်တဲ့အဆင့်သာဆိုရင် သူ ငါ့ကို ကျော်ဖြတ်နိုင်မှာ မဟုတ်တော့ဘူး’

ထို့နောက် ကောင်းကျီးစဲ့လည်း စတင်လှုပ်ရှားလေတော့သည်။

“ကောင်းကျီးစဲ့က ဘယ်လိုဆေးလုံးမျိုး ဖော်စပ်မယ်လို့ ထင်လဲ”

တပည့်ရင်းများက စကားစမြည် ပြောဆိုလာကြသည်။

“လရောင်ဆေးလုံးဖြစ်ရမယ်”

တပည့်တစ်ဦးက ပြောလိုက်သည်။

“သူ့ရဲ့ စိတ်နေသဘောထားအရဆိုရင် စောစောက ရွှီနင်ရဲ့ ဖိနှိပ်တာကို ခံလိုက်ရတဲ့အတွက် ဒီစစ်ဆေးမှုမှာ သူကိုယ်သူ သက်သေပြချင်နေမှာ သေချာတယ်။ ဒါကြောင့်မလို့ အခက်ခဲဆုံးဖြစ်တဲ့ လရောင်ဆေးလုံးကိုပဲ သူ သေချာပေါက် ရွေးချယ်လိမ့်မယ်”

“ရွှီနင်ကလည်း လရောင်ဆေးလုံးကိုပဲ ဖော်စပ်လောက်တယ်။ လရောင်ဆေးလုံးရဲ့ အရည်အသွေးကပဲ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးသွားလိမ့်မယ်လို့ ထင်တယ်”

“ဒါပေမဲ့ အရာအားလုံးက မသေချာသေးပါဘူး။ တကယ်လို့ သူတို့က ငါတို့မသိတဲ့ ဆေးလုံးတစ်မျိုးမျိုးကိုများ ဖော်စပ်လိုက်ရင်ကော”

“အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့က ဆရာ့ဆီမှာ နေလာတာ အတော်ကြာနေပြီပဲ၊ ပြီးတော့ ငါတို့ရဲ့ ဆေးလုံးတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတကလည်း တော်တော်လေးကို နက်ရှိုင်းနေပြီဟာကို။ ငါတို့မသိတဲ့ ဆေးလုံးဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ”

တပည့်ရင်းများသည် ကောင်းကျီးစဲ့နှင့် ရွှီနင်တို့ကို အကဲခတ်ရင်း အချင်းချင်း ပြောဆိုနေကြလေသည်။

မူလက ကောင်းကျီးစဲ့အပေါ်တွင်သာ ရှိနေခဲ့သော အာရုံစိုက်မှုအများစုကို ယခုအခါ ရွှီနင်က ယူဆောင်သွားခဲ့ချေပြီ။

စစ်ဆေးမှုက ဆက်လက်ဖြစ်ပွားနေဆဲပင်။

ဖောင်း...

ရုတ်တရက် ကောင်းကျီးစဲ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ၏ရှေ့ရှိ ဆေးမီးဖိုထဲမှ အဖြူရောင်မီးခိုးငွေ့များ ထွက်ပေါ်လာလေသည်။

“ကောင်းကျီးစဲ့ရဲ့ ပထမဆုံး ဖော်စပ်မှု ကျရှုံးသွားပြီပဲ”

ဖေရွှယ်ဝမ်က ဤအရာကို သတိထားမိလိုက်သည်။

“ကောင်းကျီးစဲ့ရဲ့ လရောင်ဆေးလုံးကို ပထမဆုံးအကြိမ်ဖော်စပ်မှုက တကယ်ကြီး ကျရှုံးသွားတာပဲ...”

“ရပါတယ်လေ... သူ့ရှေ့က ဆေးပင်တွေနဲ့ဆိုရင် လရောင်ဆေးလုံး ဖော်စပ်ဖို့ နောက်ထပ် အခွင့်အရေး သုံးခါ ရပါသေးတယ်”

တပည့်ရင်းများက ပြောဆိုနေကြသည်။

ကောင်းကျီးစဲ့၏ မျက်နှာမှာ အနည်းငယ် အကျည်းတန်သွားသည်။ ရွှီနင်ကတော့ အေးဆေးတည်ငြိမ်စွာ ဆက်လက်ဖော်စပ်နေဆဲဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။

‘ငါ အရမ်း စိတ်လောသွားတာပဲ။ သူက ငါ့ရဲ့ စိတ်အခြေအနေကို ထိခိုက်စေခဲ့ပြီ’

ကောင်းကျီးစဲ့က သူ့ကိုယ်သူ အတင်းအကျပ် စိတ်ငြိမ်အောင်ထားလိုက်ပြီး ဒုတိယအကြိမ် ဖော်စပ်မှုကို စတင်လိုက်လေသည်။

အကယ်၍ သူသာ စိတ်ကို သေချာမထိန်းညှိနိုင်ပါက စစ်ဆေးမှုကိုပင် အောင်မြင်နိုင်မည် မဟုတ်ကြောင်း သူ ကောင်းစွာ သိထားလေသည်။

“အစွန်းရောက်ခွန်အားဆေးလုံး... ရပြီကွ”

နာရီဝက်ကြာပြီးနောက် ရွှီနင်၏ရှေ့ရှိ ဆေးမီးဖိုမှာ အနည်းငယ် တုန်ခါသွားသည်။ ရုတ်တရက် မီးခိုးရောင်ဆေးလုံးတစ်လုံးသည် ဆေးမီးဖိုထဲမှ ခုန်ထွက်လာပြီး ရွှီနင်၏လက်ထဲသို့ ကျဆင်းလာတော့သည်။

All Chapters