← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇) - လန်ယန်၏ ကြောက်ရွံ့မှု

‘အဆင့်မြင့် အစွန်းရောက်ခွန်အားဆေးလုံး...’

ရွှီနင်သည် သူ့လက်ထဲရှိ မီးခိုးရောင်ဆေးလုံးလေးကို ကြည့်ကာ ကျေနပ်နေလေသည်။

အဆင့်မြင့် အစွန်းရောက်ခွန်အားဆေးလုံးတစ်လုံးကို တစ်ကြိမ်တည်းဖြင့် ဖော်စပ်နိုင်ရန်မှာ ရွှီနင်အတွက် မလွယ်ကူလှပေ။ ကံတရား၏ ဖေးမမှုများစွာ ပါဝင်နေချေသည်။

“ရွှီနင် ဖော်စပ်တာ လရောင်ဆေးလုံး မဟုတ်ဘူးပဲ”

ဖေရွှယ်ဝမ်နှင့် အခြားတပည့်ရင်းများက လှမ်းကြည့်လိုက်ကြသည်။

“ဒီလောက်ကန့်သတ်ထားတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ဒီလိုဆေးမျိုးကို ဖော်စပ်နိုင်လို့လား”

လူတိုင်း၏ မျက်လုံးများတွင် အံ့သြမှုများ ပြည့်နှက်သွားလေသည်။

သူတို့၏ အသိပညာအရ ထိုဆေးဖက်ဝင်ပစ္စည်း သုံးဆယ်ဖြင့် ဖော်စပ်နိုင်သော ဆေးလုံးများတွင် ဤကဲ့သို့သော ပုံပန်းသဏ္ဌာန် မရှိချေ။

“တကယ်တော့ ဒါက ငါတို့မသိတဲ့ ဆေးအမျိုးအစားပဲ”

ဖေရွှယ်ဝမ်နှင့် အခြားသူများသည် ရွှီနင်အား ပုံစံတစ်မျိုးဖြင့် မြင်သွားကြလေသည်။

ထိုဆေးလုံး၏ အာနိသင်ကို မသိကြသော်လည်း သူတို့ပင်မသိသော ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခြင်းကပင် ရွှီနင်၏ ဆေးပညာဗဟုသုတသည် သူတို့ထက် သာလွန်နေကြောင်း သက်သေပြနေပေသည်။

‘ဒီရွှီနင်က ဘယ်သူလဲ’

ဖေရွှယ်ဝမ်က တွေးတောနေမိသည်။

‘သူပြသခဲ့တဲ့ အခြေခံအရဆိုရင် သူ့နောက်ကွယ်မှာ ကြီးမြတ်တဲ့ ဆေးပညာရှင်ကြီးတစ်ယောက် သေချာပေါက် ရှိရမယ်။ ဒါဆို သူက ဘာလို့ ဆရာ့ဆီမှာ လာသင်ယူရတာလဲ’

အခြားတစ်ဖက်တွင်မူ ကောင်းကျီးစဲ့သည် သူ့ကိုယ်သူ အပြည့်အဝ ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။

သူသည် ဆေးဖော်စပ်ခြင်းအာရုံထဲ၌ နစ်မြုပ်နေသဖြင့် ရွှီနင်တစ်ယောက် အစွန်းရောက်ခွန်အားဆေးလုံး ဖော်စပ်ပြီးသွားသည်ကို သတိမပြုမိချေ။

ဘုန်း…

နောက်ဆုံးတွင်တော့ ကောင်းကျီးစဲ့တစ်ယောက် လရောင်ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်သွားလေပြီ။

‘အဆင့်မြင့်ပဲ’

ကောင်းကျီးစဲ့ စိတ်အေးသွားရသည်။

သူ့အတွက်မူ အဆင့်မြင့် လရောင်ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခြင်းကပင် အလွန်ထူးကဲနေပြီ ဖြစ်သည်။

‘ရွှီနင်ရော လရောင်ဆေးလုံးကို ဖော်စပ်ပြီးပြီလား မသိဘူး’

ကောင်းကျီးစဲ့သည် ရွှီနင်ကို ကြည့်လိုက်သည်။

‘ဒါက...’

ကောင်းကျီးစဲ့သည် ရွှီနင်၏ စားပွဲပေါ်မှ မီးခိုးရောင်ဆေးလုံးလေးကို မြင်လိုက်ရသည်။

‘လရောင်ဆေးလုံး မဟုတ်ဘူး’

ကောင်းကျီးစဲ့၏ မျက်လုံးများမှာ တောက်ပသွားလေသည်။

‘ငါမသိတဲ့ ဆေးလုံးပဲ’

‘ဒီလူက ဘယ်ကလာတာလဲ။ ငါတောင်မသိတဲ့ ဆေးလုံးကို သူက ဘယ်လိုလုပ် ဖော်စပ်နိုင်ရတာလဲ’

ရွှီနင်သည် အလွန်နက်နဲလွန်းသည်ဟု ကောင်းကျီးစဲ့ ခံစားလိုက်ရသည်။ သူသည် ရုတ်တရက် ပေါ်လာပြီး ခန့်မှန်း၍မရသော ဆေးပညာစွမ်းရည်များကို ပိုင်ဆိုင်ထားပေသည်။

ကောင်းကျီးစဲ့မှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ခေါင်းလှည့်သွားလေသည်။

တစ်လျှောက်လုံးတွင် ကောင်းကျီးစဲ့သည် ကုချင်းစီရင်စုရှိ ထိပ်တန်းဆေးပညာမျိုးဆက်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သူသည် အမြဲတမ်း ယုံကြည်မှု ရှိခဲ့သူဖြစ်သည်။

ယနေ့ ရွှီနင်နှင့် တွေ့ဆုံပြီးမှသာ သူသည် မိမိကိုယ်ကိုယ် အားနည်းလှသည်ဟု ခံစားလိုက်ရချေသည်။

ထိုစဉ် စမ်းသပ်မှုမပြီးဆုံးမီမှာပင် ဖေရွှယ်ဝမ်နှင့် အခြားသူများသည် ကောင်းကျီးစဲ့အနားသို့ ရောက်လာကြသည်။

“လရောင်ဆေးလုံး၊ အဆင့်မြင့်ပဲ”

ဖေရွှယ်ဝမ်သည် ကောင်းကျီးစဲ့ ဖော်စပ်ထားသော ဆေးလုံးကို ဦးစွာ စစ်ဆေးလိုက်သည်။

“ကောင်းတယ်။ ဆရာနဲ့တွေ့ဖို့ စောင့်နေလိုက်။ မင်းက တပည့်ရင်းအဖြစ် သေချာပေါက် အရွေးခံရမှာပါ”

ဖေရွှယ်ဝမ်၏ စကားများသည် ကောင်းကျီးစဲ့အား တပည့်ရင်းတစ်ဦးအဖြစ် အတည်ပြုပေးလိုက်သကဲ့သို့ ရှိနေလေသည်။

ကောင်းကျီးစဲ့သည် တိုးညှင်းသော အသံဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သော်လည်း သူ၏ မျက်နှာအမူအရာမှာမူ တည်ငြိမ်နေဆဲပင်။

ထို့နောက် ဖေရွှယ်ဝမ်သည် ရွှီနင်အနားသို့ လျှောက်သွားလိုက်သည်။

“မင်း ဖော်စပ်လိုက်တာ ဘယ်လိုဆေးမျိုးလဲ။ ဘာလို့ ငါ အရင်က မမြင်ဖူးရတာလဲ”

ဖေရွှယ်ဝမ်သည် ဆေးလုံးကို လက်ထဲတွင်ကိုင်ကာ အကြိမ်ကြိမ် ကြည့်ရှုနေလေသည်။

ဤသည်မှာ မည်သည့်ဆေးမျိုးမှန်း သူမ မသိသော်လည်း ဤဆေးလုံး၏ အရည်အသွေးမှာ အဆင့်မြင့်ဖြစ်ကြောင်းကိုမူ ဖေရွှယ်ဝမ် သိရှိထားသည်။

“ဒါက အစွန်းရောက်ခွန်အားဆေးလုံးပါ”

ရွှီနင်က ရှင်းပြလိုက်သည်။

“ဒီဆေးလုံးကို သောက်လိုက်ရင် ခင်ဗျားရဲ့ အမြင့်ဆုံးအခြေအနေကို သုံးရက်နဲ့ သုံးညတိတိ ထိန်းသိမ်းထားနိုင်တယ်။ ပင်ပန်းမှာမဟုတ်သလို အားဖြည့်ဖို့လည်း မလိုဘူး။ အမြင့်ဆုံးစွမ်းအင်နဲ့ အချိန်ကြာကြာ တိုက်ခိုက်နိုင်အောင် အာမခံပေးနိုင်တယ်”

ခေတ္တမျှ ရပ်နားပြီးနောက် ရွှီနင်က ထပ်ဖြည့်ပြောလိုက်သည်။

“အစောပိုင်းအဆင့် တာအိုနယ်ပယ် သိုင်းပညာရှင်တွေတောင် အသုံးပြုနိုင်တယ်”

“အမြင့်ဆုံးအခြေအနေကို သုံးရက်နဲ့ သုံးညတိတိ ဟုတ်လား။ ပြီးတော့ အစောပိုင်းအဆင့် တာအိုနယ်ပယ် သိုင်းပညာရှင်တွေတောင် အသုံးပြုနိုင်တယ်ပေါ့”

ဖေရွှယ်ဝမ်မှာ မယုံနိုင်ဖြစ်နေပုံရသည်။

သာမန်လူသားနယ်ပယ် သိုင်းသမားဖြစ်စေ၊ ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်ဖြစ်စေ၊ တာအိုနယ်ပယ် သိုင်းပညာရှင်ဖြစ်စေ မည်သူမဆို မိမိတို့၏ အမြင့်ဆုံးအခြေအနေကို အချိန်ကြာမြင့်စွာ မထိန်းသိမ်းထားနိုင်ကြပေ။

အလွန်ဆုံး တစ်နာရီခန့်သာ ခံနိုင်ပြီးနောက် အားအင်ကုန်ခမ်းသည့် အခြေအနေသို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။

ဤနေရာသည် ဝမ်ရှန့်ပြည်နယ်ဖြစ်ပြီး ဝိညာဉ်စွမ်းအင်များ အလွန်သိပ်သည်းနေသော်လည်း စိတ်ငြိမ်အောင် မထားနိုင်ဘဲ အားအင်ပြန်လည် ပြည့်ဝလာရန်မှာ မဖြစ်နိုင်ပေ။

“မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ”

ဖေရွှယ်ဝမ်၏ နောက်ကွယ်ရှိ တပည့်ရင်းတစ်ဦးက ရွှီနင်သည် အဓိပ္ပာယ်မရှိသည်များကို ပြောနေသည်ဟု ယူဆလိုက်သည်။

ရွှီနင်က ငြင်းခုံမနေပေ။

သူက ဆက်ပြောလိုက်သည်။

“ကျွန်တော် အာနိသင်ကို ချဲ့ကားပြောနေတာ မဟုတ်ပါဘူး။ ဒီအာနိသင်အတွက် အသုံးပြုသူက တန်ပြန်သက်ရောက်မှုကိုတော့ ခံစားရမှာပါ”

“ဘယ်လို တန်ပြန်သက်ရောက်မှုမျိုးလဲ”

ဖေရွှယ်ဝမ်က မေးလိုက်သည်။

“အားအင်ကုန်ခမ်းပြီး သေဆုံးသွားတာမျိုးပါ”

ရွှီနင်က ဖြေလိုက်သည်။

ဖေရွှယ်ဝမ်သည် နှုတ်ခမ်းကိုကိုင်လိုက်သည်။

“မင်းရဲ့ အစွန်းရောက်ခွန်အားဆေးလုံးရဲ့ အရည်အသွေးကို ငါ ဆုံးဖြတ်မပေးနိုင်ဘူး။ ဆရာ့ဆီကို ယူသွားပြီး ဆရာ့ကိုပဲ ဆုံးဖြတ်ခိုင်းရလိမ့်မယ်”

“ရပါတယ်”

ရွှီနင် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ဖေရွှယ်ဝမ်သည် ထွက်ခွာသွားပြီး ဝါးတော၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားလေသည်။

ဖေရွှယ်ဝမ်သည် ဝါးတော၏ အနက်ရှိုင်းဆုံးနေရာသို့ သွားရောက်ခဲ့သည်။

ထိုနေရာတွင် ဂိုဏ်းငယ်လေးတစ်ခုနှင့်တူသော အလွန်ကျယ်ဝန်းသည့် ဝါးအဆောက်အအုံတစ်ခု ရှိနေလေသည်။

ဖေရွှယ်ဝမ်သည် ဝါးအိမ်တစ်လုံးထဲသို့ ဝင်သွားလိုက်သည်။

အခန်းထဲတွင် အသက်သုံးဆယ်ဝန်းကျင် အမျိုးသမီးတစ်ဦးမှာ တင်ပုလ္လင်ခွေထိုင်နေလေသည်။

သူမ၏ ရုပ်ရည်မှာ နုပျိုနေသော်လည်း ရှေးကျသော အငွေ့အသက်များကို ပေးစွမ်းနေသည်။

“ဘာကိစ္စလဲ။ အမည်ခံတပည့်တွေ ရွေးလို့ ပြီးသွားပြီလား”

အမျိုးသမီးက မျက်လုံးများကိုဖွင့်ကာ ဖေရွှယ်ဝမ်ကို ကြည့်လိုက်သည်။

“ဆရာ...”

ဖေရွှယ်ဝမ်၏ ရှေ့ရှိလူမှာ ရွှီနင်ရှာဖွေနေသော လန်ယန်ပင် ဖြစ်လေသည်။

“မကြာခင် ပြီးတော့မှာပါ...”

ဖေရွှယ်ဝမ်က ဆက်ပြောသည်။

“ဒုတိယအကြိမ် စမ်းသပ်မှုမှာ တစ်ယောက်က ကျွန်မတို့ အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ဆေးလုံးတစ်လုံးကို ဖော်စပ်သွားလို့ပါ။ ကျွန်မတို့က သူ့ရဲ့အဆင့်နဲ့ အာနိသင်ကို မဆုံးဖြတ်နိုင်လို့ ဆရာ့ကို အရင်စစ်ဆေးခိုင်းဖို့ ယူလာတာပါ”

“အို...”

လန်ယန်မှာ စိတ်ဝင်စားသွားပုံရသည်။

“မင်းတို့တောင် မသိတဲ့ ဆေးလုံး ရှိသေးတာလား”

လန်ယန်သည် သူမတပည့်များ၏ ဆေးပညာစွမ်းရည်များကို ကောင်းစွာသိရှိထားသည်။

အကယ်၍ သူတို့က ဤဆေးလုံးအကြောင်းကို တစ်ခါမျှ မကြားဖူးဘူးဆိုလျှင် ၎င်းသည် အလွန်ရှားပါးသော ဆေးလုံးဖြစ်ကြောင်း သေချာနေပေသည်။

“ဘာဆေးလုံးလဲ။ ငါ့ကို ပြစမ်းပါဦး”

လန်ယန်မှာ သိချင်စိတ် ပြင်းပြသွားသည်။

“ဆရာ ကြည့်ကြည့်ပါ။ ဒီဆေးလုံးပါ”

ဖေရွှယ်ဝမ်သည် မီးခိုးရောင် အစွန်းရောက်ခွန်အားဆေးလုံးကို လန်ယန်ထံ ကမ်းပေးလိုက်သည်။

လန်ယန်က လှမ်းယူကာ ကြည့်ရှုလိုက်သည်။

သူမ စတင်စစ်ဆေးစဉ်က မျက်နှာအမူအရာမှာ ပေါ့ပေါ့ပါးပါးပင် ဖြစ်သော်လည်း မကြာမီတွင်မူ သူမ၏ မျက်နှာထားမှာ အနည်းငယ် လေးနက်သွားလေတော့သည်။

“အဲဒီလူက ဒါက ဘာဆေးမျိုးလဲလို့ ပြောသွားသေးလား။ ပြီးတော့ သူ့အာနိသင်ကရော ဘာတဲ့လဲ”

လန်ယန် မျက်မှောင်ကြုတ်သွားသည်။

ဖေရွှယ်ဝမ်သည် လန်ယန်၏ လေးနက်သော အမူအရာကို မြင်လိုက်ရသောအခါ တွန့်ဆုတ်မနေရဲတော့ပေ။ သူမက အလျင်အမြန် ပြောလိုက်သည်။

“အဲဒီလူက ဒီဆေးကို အစွန်းရောက်ခွန်အားဆေးလုံးလို့ ခေါ်တယ်တဲ့။ သောက်ပြီးသွားရင် အစောပိုင်းအဆင့် တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို သုံးရက်နဲ့ သုံးညတိတိ အမြင့်ဆုံးအခြေအနေမှာ ရှိနေစေနိုင်တယ်တဲ့။ ဒါပေမဲ့ အချိန်ပြည့်သွားရင်တော့ တန်ပြန်သက်ရောက်မှုကို ခံစားရပြီး သေဆုံးသွားလိမ့်မယ်လို့ ဆိုပါတယ်”

“အစွန်းရောက်ခွန်အားဆေးလုံး ဟုတ်လား”

ထိုစကားကို ကြားပြီးနောက် လန်ယန်၏ မျက်လုံးများတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာလေသည်။

“ဒါက တကယ်ပဲ အစွန်းရောက်ခွန်အားဆေးလုံးကိုး...”

“အဲဒီလူကို သွားခေါ်ချေ။ ငါ သူ့ကို ကိုယ်တိုင် တွေ့ချင်တယ်”

လန်ယန်က ရုတ်တရက် ပြောလိုက်သည်။

ဖေရွှယ်ဝမ်သည် လန်ယန် ဤသို့ပြုမူလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဤဆေးလုံးသည် အစွန်းရောက်ခွန်အားဆေးလုံးဖြစ်ကြောင်း သိပြီးနောက် လန်ယန်၏ မျက်နှာအမူအရာမှာ ကြီးမားသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေပြီး စိုးရိမ်ထိတ်လန့်နေသည့် အရိပ်အယောင်များပါ စွက်ဖက်နေလေသည်။

“နားလည်ပါပြီ”

လန်ယန်၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ဖေရွှယ်ဝမ်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရသည်။

ဖေရွှယ်ဝမ် အမိန့်နာခံကာ ထွက်သွားလေသည်။ သူမ ထွက်သွားချိန်တွင် လန်ယန်၏ မျက်လုံးများမှာ ချက်ချင်းပင် စူးရှသွားတော့သည်။

‘အစွန်းရောက်ခွန်အားဆေးလုံးဆိုတာ ပင်လယ်နီမိစ္ဆာသခင် ဖန်တီးခဲ့တဲ့ ဆေးလုံး မဟုတ်ဘူးလား... သူက ဒီဆေးအကြောင်းကို သိပြီး ဖော်စပ်နိုင်တယ်ဆိုမှတော့ ပင်လယ်နီမိစ္ဆာသခင်နဲ့ သေချာပေါက် ပတ်သက်နေရမယ်’

လန်ယန် အလွန်တရာ ကြောက်ရွံ့သွားမိသည်။

‘ပင်လယ်နီမိစ္ဆာသခင်၊ ဒီလူက ကောင်းတဲ့လူရော ဆိုးတဲ့လူရော မဟုတ်ဘူး။ သူ့လူတွေက ငါ့ဆီကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ခန့်မှန်းရခက်တယ်...’

အခန်းထဲတွင် လန်ယန်မှာ နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။

‘ဒီရွှီနင်ဆိုတာက ဘယ်သူလဲ’

ဖေရွှယ်ဝမ်သည် စမ်းသပ်မှုပြုလုပ်ရာ နေရာသို့ လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။

“ရွှီနင်၊ ဆရာက မင်းကို တွေ့ချင်တယ်တဲ့”

ဖေရွှယ်ဝမ် ပြန်ရောက်ပြီးနောက် တွန့်ဆုတ်မနေခဲ့ပေ။

“ဆရာက သူ့ကို ကိုယ်တိုင် တွေ့ချင်တယ် ဟုတ်လား”

အခြားတပည့်များမှာလည်း အံ့အားသင့်သွားကြသည်။ ကောင်းကျီးစဲ့ပင် ဤသို့ဖြစ်လာမည်ဟု ထင်မထားခဲ့ချေ။

“သွားရအောင်”

ဖေရွှယ်ဝမ်က အလျင်လိုစွာ ပြောလိုက်သည်။

“ကောင်းပါပြီ”

ဤသည်မှာ ရွှီနင် မျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။

‘ပင်လယ်နီမိစ္ဆာသခင်ရဲ့ အစွန်းရောက်ခွန်အားဆေးလုံးက တော်တော်လေး ထူးခြားပုံရတယ်။ လန်ယန်လို အဆင့်ရှိတဲ့ ဆေးပညာရှင်တောင် လန့်သွားတယ်ဆိုတော့...’

သို့သော်လည်း ၎င်းသည် ကောင်းသောကိစ္စဖြစ်သည်ဟု ရွှီနင် ခံစားလိုက်ရသည်။

အနည်းဆုံးတော့ ယခုအခါ လန်ယန်ကို သီးသန့်တွေ့ဆုံခွင့် ရသွားပြီ ဖြစ်သည်။

ထို့နောက် ရွှီနင်သည် ပါဝင်ယှဉ်ပြိုင်သူများအားလုံး၏ အကြည့်များအောက်တွင် ဖေရွှယ်ဝမ်နှင့်အတူ လန်ယန်ထံသို့ လိုက်ပါသွားလေသည်။

‘ဒါ အကြီးအကဲဝမ့်ယယ် ရှာခိုင်းခဲ့တဲ့ လန်ယန်များလား’

ရွှီနင် လန်ယန်ကို မြင်လိုက်ရသောအခါ လန်ယန်သည် သူ့အား သတိကြီးစွာဖြင့် စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။

“ရွှယ်ဝမ်၊ အပြင်မှာ စောင့်နေလိုက်”

လန်ယန်က ဖေရွှယ်ဝမ်ကို ပြောလိုက်သည်။ ဖေရွှယ်ဝမ်သည် ရွှီနင်ကို တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ”

ဖေရွှယ်ဝမ် ထွက်သွားပြီးနောက် အခန်းထဲတွင် လန်ယန်နှင့် ရွှီနင်သာ ကျန်ရစ်ခဲ့တော့သည်။

“စီနီယာလန်”

ရွှီနင်က အရိုအသေပေးလိုက်သည်။ လန်ယန်၏ မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိပေ။

“မင်းနာမည်က ဘယ်သူလဲ”

“ရွှီနင်ပါ”

ရွှီနင်သည် ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်မည့်အကြောင်း မည်သို့စတင်ပြောဆိုရမည်ကို စဉ်းစားနေသော်လည်း လန်ယန်က သူ့အပေါ် ရန်လိုနေသည်ဟု ခံစားလိုက်ရသည်။

“စကားကို လှည့်ပတ်ပြောမနေနဲ့တော့။ ပြောစမ်း၊ မင်းက ပင်လယ်နီမိစ္ဆာသခင်နဲ့ ဘယ်လို ပတ်သက်နေတာလဲ”

လန်ယန်က တိုက်ရိုက်ပင် မေးလိုက်သည်။

“အစွန်းရောက်ခွန်အားဆေးလုံးဆိုတာ ပင်လယ်နီမိစ္ဆာသခင် တာအိုနယ်ပယ်ကို ဝင်ရောက်ပြီးသိပ်မကြာခင်မှာ ဖန်တီးခဲ့တဲ့ ပထမဆုံး တာအိုနယ်ပယ်ဆေးလုံးပဲ။ မင်းက ဒါကို ဖော်စပ်နိုင်တယ်ဆိုတော့ မင်းက ပင်လယ်နီမိစ္ဆာသခင်နဲ့ သေချာပေါက် ပတ်သက်နေရမယ်၊ ပြီးတော့ မင်းက ပင်လယ်နီမိစ္ဆာဂိုဏ်းက ဖြစ်ဖို့များတယ်။ မင်းက ငါတို့ရဲ့ မေ့မြောခြင်းဝါးတောကို ဘာလို့ လာရတာလဲ”

သူမ၏ စကားများကို ကြားပြီးနောက် ရွှီနင် ချက်ချင်းပင် သဘောပေါက်သွားလေသည်။

လန်ယန်က သူသည် ပင်လယ်နီမိစ္ဆာဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦးဟု အထင်လွဲနေခြင်း ဖြစ်ပေသည်။

‘ပင်လယ်နီမိစ္ဆာသခင်က ဝမ်ရှန့်ပြည်နယ်မှာ တော်တော်လေး ဩဇာညောင်းပုံရတယ်... လန်ယန်လို နာမည်ကြီး တာအိုနယ်ပယ် ဆေးပညာရှင်တောင် သူ့ကို ဒီလောက်ကြောက်နေရတယ်ဆိုတော့...’

အတိတ်က ပင်လယ်နီမိစ္ဆာသခင်အကြောင်းကို ရွှီနင် သိပ်မသိခဲ့ပေ။ ဝမ်ရှန့်ပြည်နယ်ရှိ တရားဝင်မဟုတ်သော ဂိုဏ်းများကြားတွင် ပင်လယ်နီမိစ္ဆာဂိုဏ်းသည် ထိပ်တန်းအဆင့်တွင် ရှိကြောင်းကိုသာ ဝမ့်ယယ်ထံမှတစ်ဆင့် သူ သိထားခဲ့သည်။

တော်ဝင်နန်းတွင်းမှ အချို့သောသူများ၊ မင်းသားများနှင့် ဘုရင်များပင်လျှင် သူတို့နှင့် ကိုယ်ရေးကိုယ်တာ ပတ်သက်မှုများ ရှိကြလေသည်။

ထို့အပြင် ပင်လယ်နီမိစ္ဆာသခင်သည် အလွန်တရာ ကြီးစိုးသူတစ်ဦး ဖြစ်သည်။ သူသည် ဝမ်ရှန့်ပြည်နယ်ရှိ ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်ပေသည်။

“စီနီယာလန်ယန်၊ ခင်ဗျား အထင်လွဲနေပါပြီ”

ရွှီနင် အလျင်အမြန် ရှင်းပြလိုက်သည်။

“ကျွန်တော်က ပင်လယ်နီမိစ္ဆာဂိုဏ်းက လူမဟုတ်ပါဘူး။ ပင်လယ်နီဆေးကျမ်းကို သင်ယူထားရုံတင်ပါ”

“မင်းက ပင်လယ်နီဆေးကျမ်းကို သင်ယူထားတယ် ဟုတ်လား”

လန်ယန်၏ မျက်နှာအမူအရာမှာ တစ်ဖန် အေးစက်သွားပြန်သည်။

“ပင်လယ်နီဆေးကျမ်းဆိုတာ ပင်လယ်နီမိစ္ဆာသခင်ရဲ့ အဓိက တာအိုနယ်ပယ် ဆေးပညာကျင့်စဉ်ပဲ။ မင်းက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ပင်မတပည့် မဟုတ်ဘူးဆိုရင် ပင်လယ်နီမိစ္ဆာသခင်က မင်းကို ဘာလို့ သင်ပေးရမှာလဲ”

ထပ်ပြီး ရှင်းပြ၍ မရနိုင်တော့မှန်း ရွှီနင် သိလိုက်သည်။

သူ အမှန်အတိုင်း ဖြေလိုက်လျှင်တောင်မှ လန်ယန်က ယုံကြည်မည် မဟုတ်ပေ။

ရွေးချယ်စရာ မရှိတော့သဖြင့် ရွှီနင်သည် သူ၏ ကိုယ်ပိုင်အမှတ်အသားကို တိုက်ရိုက်ပင် ထုတ်ပြလိုက်တော့သည်။

“စီနီယာလန်ယန်၊ ဒါကို ကြည့်လိုက်ပါ”

ဝမ့်ယယ်ပေးထားသော ဂိုဏ်းအမှတ်အသားတံဆိပ်သည် ရွှီနင်၏ လက်ထဲတွင် ပေါ်လာလေသည်။

“ဂိုဏ်းအမှတ်အသားတံဆိပ်ပြားလား”

လန်ယန်က မေးလိုက်သည်။

“အဲဒါက ဘာဖြစ်လို့လဲ။ မင်းက ငါ့ကို ဘာလို့ ဒါလာပြနေတာလဲ”

“ဒါက ယန့်လုဂိုဏ်းရဲ့ အမှတ်အသားတံဆိပ်ပြားပါ”

ရွှီနင်က ကမ်းပေးလိုက်သည်။

“ယန့်လုဂိုဏ်းရဲ့ အမှတ်အသားတံဆိပ်ပြား ဟုတ်လား”

လန်ယန်က အလျင်အမြန် လှမ်းယူလိုက်ပြီး တံဆိပ်၏ နောက်ကျောဘက်ကို စစ်ဆေးလိုက်သည်။

မကြာမီတွင် လန်ယန်သည် ဤဂိုဏ်းအမှတ်အသားတံဆိပ်ပြားမှာ အစစ်ဟုတ်မဟုတ်ကို အတည်ပြုနိုင်သွားလေသည်။

“ယန့်လုဂိုဏ်းရဲ့ အမှတ်အသားတံဆိပ်က ဝမ့်ယယ်ဆီမှာ ရှိနေတာ ထင်ရှားနေတာပဲ။ ဒါဆို ဘာလို့ မင်းလက်ထဲ ရောက်နေရတာလဲ”

လန်ယန်၏ လေသံမှာ ပို၍ပို၍ ရန်လိုလာလေသည်။ ရွှီနင်သည် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခုကိုပင် တွေ့လိုက်ရသည်။

“ဒီဂိုဏ်းတံဆိပ်ကို အကြီးအကဲဝမ့်ယယ် ကိုယ်တိုင် ကျွန်တော့်ကို ပေးအပ်ခဲ့တာပါ။ သူက ကျွန်တော့်ကို ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ တောင်းဆိုခဲ့ပါတယ်”

ရွှီနင် အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

အခန်း (၂၃၈) - သူ့ကိုသင်ပေးရန် အရည်အချင်းမပြည့်မီပါ

“ဒီဂိုဏ်းအမှတ်အသားကို ဝမ့်ယယ်က မင်းကိုပေးလိုက်တာလို့ ပြောချင်တာလား”

လန်ယန်မှာ သံသယဝင်နေမိလေသည်။

ရွှီနင်က ဝမ့်ယယ်နှင့် သူတွေ့ဆုံခဲ့သည့်ဖြစ်စဉ်ကို လန်ယန်အား အသေးစိတ် ရှင်းပြလိုက်သည်။

ထို့အပြင် ဝမ့်ယယ်က သူ့အား ယခင်ကပြောပြခဲ့ဖူးသော ယန့်လုဂိုဏ်း၏ လျှို့ဝှက်ချက်များအပါအဝင် အခြားသောအသေးစိတ်အချက်အလက်များကိုပါ ပြောပြခဲ့လေသည်။

“အကြီးအကဲဝမ့်ယယ်က ယန့်လုဂိုဏ်းရဲ့ ဘဏ္ဍာတိုက်က စီနီယာ့လက်ထဲမှာရှိတယ်လို့ ပြောခဲ့ပါတယ်။ ဂိုဏ်းကိုပြန်လည်တည်ထောင်ဖို့အတွက် အဲဒါကိုလာယူခိုင်းလိုက်တာပါ”

ရွှီနင်က အခြေအနေအရပ်ရပ်ကို ရှင်းလင်းစွာ ရှင်းပြလိုက်လေသည်။

အလုံးစုံကို ရှင်းပြပြီးသွားသောအခါ လန်ယန်၏ မျက်နှာထားမှာ အတော်လေး ပြေလျော့သွားချေပြီ။

အဘယ်ကြောင့်ဆိုသော် ရွှီနင်ပြောပြသွားသော အချက်အလက်များမှာ အလွန်တိကျကာ အသေးစိတ်ကျလှပြီး ယုတ္တိတန်သောကြောင့်ပင်။ ယင်းကို အတုအယောင်လုပ်၍မရနိုင်ချေ။

ထို့ပြင် သူ့လက်ထဲရှိ ဂိုဏ်းအမှတ်အသားမှာ အခိုင်မာဆုံးသော သက်သေပင်ဖြစ်သည်။

“ဝမ့်ယယ် အသက်ရှင်နေသေးတာပဲ…”

လန်ယန်သည် ဝမ့်ယယ်နှင့် ရင်းနှီးသောဆက်ဆံရေးမျိုး မရှိခဲ့ပေ။

ယန့်လုဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း လီရှန့်မောက်သည် သူမအား ယန့်လုဂိုဏ်း၏ ဘဏ္ဍာတိုက်ကို ပေးအပ်ပြီးနောက် ဂိုဏ်းအမှတ်အသားတံဆိပ်ပြားကို ဝမ့်ယယ်ယူဆောင်သွားကြောင်း ပြောပြခဲ့သည်ကိုသာ သူမသိထားခြင်းဖြစ်သည်။

လီရှန့်မောက် သေဆုံးသွားပြီးနောက် လန်ယန်သည် ဝမ့်ယယ်ကို ရှာဖွေရန် ကြိုးစားခဲ့သေးသည်။

သို့သော် သူမကြားသိခဲ့ရသည့် နောက်ဆုံးသတင်းမှာ ဝမ့်ယယ်တစ်ယောက် လိုက်လံလုပ်ကြံခံရပြီး ဝမ်ရှန့်ပြည်နယ်မှ ထွက်ပြေးလွတ်မြောက်သွားကြောင်းသာဖြစ်လေသည်။ သူ အသေအရှင်ကိုပင် သူမမသိခဲ့ရချေ။

“ဝမ့်ယယ်က အသက်ရှင်နေသေးသလို ချောက်နက်ကြီးမြောက်ပိုင်းမှာ ဆက်ခံသူတစ်ယောက်ကိုတောင် ရွေးချယ်ခဲ့တာပဲ…”

လန်ယန်သည် ရွှီနင်အား ရန်လိုသောအကြည့်ဖြင့် မကြည့်တော့ပေ။

ယခင်က သူမသည် ရွှီနင်ကို ပင်လယ်နီမိစ္ဆာဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်ဟု ထင်မှတ်ကာ အထင်လွဲမှားနေခဲ့ခြင်းဖြစ်၏။

ပင်လယ်နီမိစ္ဆာဂိုဏ်းမှာ ခန့်မှန်းရခက်ခဲလှသည်။ အကယ်၍ သူတို့က ပစ်မှတ်ထားခံရပြီး ပြဿနာတစ်စုံတစ်ရာထဲ ဆွဲသွင်းခံရပါက လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

ဤသည်မှာ လန်ယန်က ရွှီနင်ကို အလွန်ကြောက်ရွံ့နေရသည့် အကြောင်းရင်းပင်ဖြစ်သည်။

သို့သော် ယခုအခါ ရွှီနင်မှာ ယန့်လုဂိုဏ်းမှဖြစ်ကြောင်း သိလိုက်ရပြီဖြစ်ရာ သူသည် မိမိတို့လူထဲမှတစ်ယောက်ဖြစ်ကြောင်း ဆိုလိုနေလေသည်။

“ရွှီနင်... ငါမင်းကို မယုံလို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ချောက်နက်ကြီးမြောက်ပိုင်းကနေ လာတာဆိုတော့ ပင်လယ်နီမိစ္ဆာသခင်ရဲ့ အဓိက တာအိုနယ်ပယ် ဆေးပညာကျင့်စဉ်ကို ဘယ်လိုလုပ်ပြီး တတ်မြောက်လာတာလဲဆိုတာကိုတော့ ငါသိချင်တယ်”

လန်ယန်က မေးလိုက်သည်။

“ပင်လယ်နီမိစ္ဆာသခင်က ချောက်နက်ကြီးမြောက်ပိုင်းမှာ လျှို့ဝှက်ဆန်းကြယ်နယ်မြေ အမွေအနှစ်တစ်ခု ချန်ထားခဲ့တာပါ။ ကျွန်တော်က အဲဒီအမွေအနှစ်စမ်းသပ်မှုကို အောင်မြင်ခဲ့လို့ ပင်လယ်နီဆေးကျမ်းကို ရရှိခဲ့တာပါ”

ရွှီနင်က အမှန်အတိုင်း ပြောလိုက်သည်။

လန်ယန်သည် ပင်လယ်နီမိစ္ဆာဂိုဏ်းနှင့် ပတ်သက်၍ အလွန်အကဲဆတ်ကြောင်းကို ရွှီနင် အာရုံခံမိသည်။

အကယ်၍ သူက သူ့လျှို့ဝှက်ချက်များကို ဖုံးကွယ်ရန် လိမ်လည်ပြောဆိုမည်ဆိုပါက မလိုအပ်သော သံသယများ ပိုမိုဖြစ်ပေါ်လာနိုင်ပေသည်။

“ပင်လယ်နီမိစ္ဆာသခင်က ချောက်နက်ကြီးမြောက်ပိုင်းမှာ အမွေအနှစ်တစ်ခု ချန်ထားခဲ့တာလား…”

လန်ယန်က နက်ရှိုင်းစွာ တွေးတောရင်း ခေါင်းညိတ်လိုက်ပြီး ရွှီနင်ကို မော့ကြည့်လိုက်သည်။

“မင်းက သူ့ရဲ့ အမွေအနှစ်စမ်းသပ်မှုကို အောင်မြင်နိုင်ခဲ့တယ်ဆိုတော့ တကယ်ကို ပါရမီပါတာပဲ။ ဝမ့်ယယ်က မင်းကို ရွေးချယ်ခဲ့တာလည်း သဘာဝကျပါတယ်”

“ပင်လယ်နီမိစ္ဆာသခင်က ခန့်မှန်းရခက်ပေမဲ့ မင်းက ပင်လယ်နီဆေးကျမ်းကို တတ်မြောက်ထားသေးတယ်။ ဝမ်ရှန့်ပြည်နယ်ကို ရောက်တာနဲ့ ပင်လယ်နီမိစ္ဆာဂိုဏ်းကို ဝင်ဖို့ လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာ သူက မင်းကို မမှာလိုက်ဘူးလား”

လန်ယန်က ထပ်မေးလိုက်ပြန်သည်။

“မှာလိုက်ပါတယ်”

ရွှီနင်က ပြောလိုက်သည်။

“လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာ အမှတ်တရပစ္စည်းတစ်ခုကို ကျွန်တော် ရခဲ့ပါတယ်။ အဲဒီအမှတ်တရပစ္စည်းကို ကိုင်ဆောင်ထားသရွေ့ ပင်လယ်နီမိစ္ဆာဂိုဏ်းကို ကျွန်တော် ဝင်လို့ရပါတယ်”

“ဒါပေမဲ့ မင်းက ဘာလို့ ပင်လယ်နီမိစ္ဆာဂိုဏ်းကို မဝင်ဘဲ ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ တာဝန်ကို ယူခဲ့ရတာလဲ။ ဒီလမ်းက အတားအဆီးတွေနဲ့ ပြည့်နှက်နေတာကို”

သူမ၏သံသယများကို ဖြေရှင်းလိုပြီး ရွှီနင်၏သဘောထားကို နားလည်လိုသောကြောင့် လန်ယန်က ဤသို့မေးလိုက်ခြင်းဖြစ်သည်။

“ကျွန်တော် တာအိုနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တာ စီနီယာဝမ့်ယယ်ရဲ့ အကူအညီကြောင့်လို့ အရင်ကတည်းက ပြောခဲ့ပြီးပြီလေ။ ပြီးတော့ ဂိုဏ်းအမှတ်အသားကိုလည်း လက်ခံထားပြီးပြီဆိုတော့ စိတ်ပြောင်းပြီး ပင်လယ်နီမိစ္ဆာဂိုဏ်းကို ဝင်မှာ မဟုတ်ပါဘူး”

“ဒါ့အပြင် မိစ္ဆာလမ်းစဉ်က ကျွန်တော်နဲ့ မသင့်တော်ပါဘူး”

ဝမ်ရှန့်ပြည်နယ်ရှိ မိစ္ဆာလမ်းစဉ်သည် ချောက်နက်ကြီးမြောက်ပိုင်းရှိ မိစ္ဆာလမ်းစဉ်ကဲ့သို့ သွေးထွက်သံယိုများသော လမ်းစဉ်မျိုး မဟုတ်ကြောင်းကို ရွှီနင် သိထားသည်။

သိုင်းပညာလောကရှိ ၎င်း၏ရပ်တည်ချက်မှာ အံ့ဖွယ်ဆေးပညာနှင့် ဆင်တူပေသည်။ ၎င်းသည် သိုင်းပညာကျင့်ကြံခြင်းလမ်းစဉ်တွင် စွန့်စားမှုများကို ပြုလုပ်ကာ ၎င်း၏ကန့်သတ်ချက်များကို အစဉ်မပြတ် စိန်ခေါ်လေ့ရှိသည်။

ပါရမီမပါဘဲ စွန့်စားလိုသူများအတွက် သီးသန့်မိစ္ဆာလမ်းစဉ်သည် အမှန်တကယ်ပင် လျှောက်လှမ်းရန် အကောင်းဆုံးလမ်းစဉ်ဖြစ်သော်လည်း သိုင်းပညာမျက်နှာပြင်ရှိနေသော ရွှီနင်အတွက်မူ မိစ္ဆာလမ်းစဉ်မှ တန်ပြန်သက်ရောက်မှုများကို ခံနိုင်ရည်ရှိရန် မလိုအပ်ပေ။

ရွှီနင်၏အဖြေကြောင့် လန်ယန် ကျေနပ်သွားလေသည်။

‘ဒီဝမ့်ယယ်က ဆက်ခံသူရွေးတဲ့နေရာမှာ တကယ်ကို မျက်စိရှင်တာပဲ…’

ဤအချိန်တွင် လန်ယန်သည် ရွှီနင်ကို လုံးဝ အသိအမှတ်ပြုသွားပြီဖြစ်သည်။

“ဒါဆိုရင်တော့ ယန့်လုဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ကို မင်းဆီ ပေးအပ်လိုက်ပါ့မယ်”

လန်ယန်၏လက်ထဲတွင် လုံးဝန်းသောပုတီးစေ့တစ်စေ့ ပေါ်လာသည်။

ထိုပုတီးစေ့၏ ပုံပန်းသဏ္ဌာန်က မိစ္ဆာသားရဲပန်းချီကားလိပ်မှ နောက်ဆုံးတွင် ဖွဲ့စည်းဖြစ်ပေါ်လာသော ပုတီးစေ့ကို ရွှီနင်အား သတိရသွားစေသည်။

“ဒါက လကွယ်ပုတီးစေ့လို့ခေါ်တဲ့ ဟင်းလင်းပြင် လျှို့ဝှက်ရတနာတစ်ခုပဲ။ သူက သက်ရှိသတ္တဝါတွေ ဝင်ထွက်သွားလာနိုင်တဲ့ သီးခြားနေရာလေးတစ်ခုပေါ့”

လန်ယန်က ပြောလိုက်သည်။

“ယန့်လုဂိုဏ်းရဲ့ အခြေခံအုတ်မြစ်တွေအားလုံးကို ဒီထဲမှာ ဝှက်ထားတာပဲ”

“လကွယ်ပုတီးစေ့ ဟုတ်လား။ သက်ရှိသတ္တဝါတွေပါ ဝင်ထွက်လို့ရတယ်”

ဤလကွယ်ပုတီးစေ့မှာ မိစ္ဆာသားရဲပန်းချီကားလိပ်နှင့် ဆင်တူနေသည်။

“လီရှန့်မောက်က ငါ့ကို လကွယ်ပုတီးစေ့ ပေးတုန်းက နှစ်တစ်ရာစောင့်ဖို့ ပြောခဲ့တယ်။ ဝမ့်ယယ်က သင့်တော်တဲ့ ဆက်ခံသူတစ်ယောက်ကို ရှာတွေ့ရင် ငါက အဲဒါကို ပေးအပ်လိုက်လို့ရတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ဒီထဲက ပစ္စည်းတွေကို ငါ့ဘာသာငါ စီစဉ်ခိုင်းခဲ့တာ”

လန်ယန်၏ မျက်လုံးများထဲတွင် လွမ်းဆွတ်တမ်းတမှုများနှင့်အတူ ဝမ်းနည်းမှုအရိပ်အယောင်များ ပေါ်လွင်နေလေသည်။

လန်ယန်နှင့် လီရှန့်မောက်တို့ကြားတွင် ရှုပ်ထွေးသော အတိတ်တစ်ခုရှိခဲ့ကြောင်း ဝမ့်ယယ် ပြောခဲ့ဖူးသည်ကို ရွှီနင် သတိရလိုက်သည်။

ဤသည်မှာ လီရှန့်မောက်က ဂိုဏ်း၏ဘဏ္ဍာတိုက်ကို လန်ယန်အား ပေးအပ်ခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။

“ငါက အဲဒါကို ရတနာတစ်ပါးလို အမြဲသိမ်းထားခဲ့တာ။ နှစ်တစ်ရာပြည့်ဖို့ နီးလာပြီဆိုတော့ ဝမ့်ယယ်တစ်ယောက် ပင်လယ်ရပ်ခြားမှာ သေသွားပြီလို့တောင် ငါထင်နေခဲ့တာ။ မင်းရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

လန်ယန်က လကွယ်ပုတီးစေ့ကို ရွှီနင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ကဲ... အခုတော့ ပိုင်ရှင်အစစ်ဆီ ပြန်ရောက်သွားပြီပေါ့”

လကွယ်ပုတီးစေ့ကို ရွှီနင်အား ပေးအပ်ပြီးနောက် လန်ယန်မှာ စိတ်သက်သာရာရသွားပုံပေါ်လေသည်။

အလွန်အရေးကြီးပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု သူမရင်ထဲမှ ကျဆင်းသွားသကဲ့သို့ပင်။

“ကျေးဇူးတင်ပါတယ် စီနီယာလန်”

ရွှီနင်သည် လန်ယန်အား ထပ်မံ၍ အရိုအသေပေးလိုက်သည်။

“ယေဘုယျအားဖြင့် ပြောရရင် သာမန်ဂိုဏ်းတွေရဲ့ ဘဏ္ဍာတိုက်က သိပ်မကြွယ်ဝကြဘူး”

လန်ယန်က ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် သိုင်းပညာပြိုင်ဆိုင်မှုတွေ ပြင်းထန်လွန်းတဲ့ ဝမ်ရှန့်ပြည်နယ်မှာ ဂိုဏ်းတစ်ခုကို ဆက်လက်လည်ပတ်နိုင်ဖို့ဆိုတာ အရင်းအမြစ်တွေ အများကြီး လိုအပ်တယ်လေ။ ဒါပေမဲ့ ယန့်လုဂိုဏ်းကတော့ ကွာခြားတယ်။ အရင်တုန်းက ယန့်လုဂိုဏ်းဆိုတာ ဂိုဏ်းကြီးတစ်ခုပဲ။ သူ့ရဲ့ ပထမဆုံး ဂိုဏ်းချုပ်ဆိုရင် တာအိုနယ်ပယ် သတ္တမအဆင့်မှာရှိတဲ့ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်လေ။ အချိန်အကြာကြီး စုဆောင်းလာခဲ့ပြီးနောက်မှာ သူ့ရဲ့ အရန်အရင်းအမြစ်တွေက အတော်လေး ပေါကြွယ်ဝနေပြီပေါ့”

“ယန့်လုဂိုဏ်းကို အပြီးသတ် ပြန်လည်တည်ထောင်ဖို့အတွက် လကွယ်ပုတီးစေ့ထဲက အရင်းအမြစ်တွေကို မင်းအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ မရှိမဖြစ်လိုအပ်တဲ့အချက်က မင်းမြန်မြန်ကြီးထွားလာဖို့ပဲ။ ဘာပဲဖြစ်ဖြစ် ဒီမှာက သိုင်းပညာစွမ်းအားက အခြေခံအုတ်မြစ်ပဲလေ”

လန်ယန်က သူ့အား သတိပေးရင်း အားပေးစကား ဆိုလိုက်သည်။

“နားလည်ပါပြီ စီနီယာလန်ယန်”

ရွှီနင်က ပြန်ဖြေလိုက်သည်။

“ဩော်... ဒါနဲ့...”

လန်ယန် တစ်စုံတစ်ရာကို သတိရသွားပုံပေါ်သည်။

“ဝမ့်ယယ်က မင်းကို ယန့်လုဂိုဏ်း ပြန်လည်တည်ထောင်မယ့် အစီအစဉ်အကြောင်း ပြောပြခဲ့သေးလား”

“မပြောပြခဲ့ပါဘူး”

ရွှီနင်က ပြန်ဖြေလေသည်။

“စီနီယာဝမ့်ယယ်က ဝမ်ရှန့်ပြည်နယ်ကနေ မောင်းထုတ်ခံရပြီးနောက်ပိုင်း ဝမ်ရှန့်ပြည်နယ်ရဲ့ အခြေအနေကို နားမလည်တော့ဘူးလို့ ပြောခဲ့တယ်။ ဒါကြောင့် စီနီယာ့ဆီလာပြီး လမ်းညွှန်မှုတောင်းခံဖို့ ကျွန်တော့်ကို ပြောလိုက်တာပါ”

ထိုစကားကို ကြားသောအခါ လန်ယန် ပြုံးလိုက်သည်။

သူမ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“ကုချင်းစီရင်စု၊ ကွမ်ဟယ်မြို့နယ်က ချန်မိသားစုဆီသွားပြီး ချန်ကျန်းထောင်းကို သွားရှာလိုက်ပါ”

“ကွမ်ဟယ်မြို့နယ်က ချန်ကျန်းထောင်း ဟုတ်လား...”

ရွှီနင် ဤနေရာနှင့် နာမည်ကို မှတ်ထားလိုက်သည်။

“စီနီယာလန်... သူက...”

ရွှီနင် မေးလိုက်သည်။

“လွန်ခဲ့တဲ့နှစ်တစ်ရာက ယန့်လုဂိုဏ်း ဖျက်သိမ်းခံရတုန်းက ချန်ကျန်းထောင်းက အဓိကဂိုဏ်းသားတစ်ယောက်ပဲ။ သူက လီရှန့်မောက်ရဲ့ တပည့်ရင်းလည်းဖြစ်သလို ဒီနေ့အထိ ယန့်လုဂိုဏ်းအပေါ် သစ္စာရှိနေဆဲပဲ။ လီရှန့်မောက်ကသာ ပြတ်ပြတ်သားသား မနှင်ထုတ်ခဲ့ရင် သူက လီရှန့်မောက်နဲ့အတူ သေသွားမှာပဲ”

လန်ယန်က ပြောပြသည်။

“ဂိုဏ်းဖျက်သိမ်းခံရပြီး သူ့မွေးရပ်မြေကို ပြန်ရောက်သွားပြီးတဲ့နောက်တောင်မှ ယန့်လုဂိုဏ်း ပြန်လည်တည်ထောင်ဖို့ကိုပဲ သူအမြဲတွေးနေခဲ့တာ။ ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း သူ ငါ့ဆီကို အကြိမ်ကြိမ်လာပြီး ယန့်လုဂိုဏ်း ပြန်လည်တည်ထောင်ဖို့ သတင်းလေးများရှိမလားဆိုပြီး မေးခဲ့ပေမဲ့ အမြဲတမ်း စိတ်ပျက်လက်ပျက်နဲ့ပဲ ပြန်သွားခဲ့ရတယ်”

“မင်းသာ ပေါ်မလာခဲ့ရင် နောက်တစ်ခေါက် သူလာတဲ့အခါ ဒီလကွယ်ပုတီးစေ့ကို သူ့ဆီပေးဖို့ ငါဆုံးဖြတ်ထားခဲ့တာ”

လန်ယန်သည် ချန်ကျန်းထောင်းနှင့် ပတ်သက်၍ အလွန်ယုံကြည်မှုရှိနေသည်။

“ချန်ကျန်းထောင်းကို ရှာတွေ့ပြီးရင်တော့ ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ သူက မင်းကို ကူညီပေးနိုင်လိမ့်မယ်”

“သဘောပေါက်ပါပြီ...”

ရွှီနင် ဤအချက်ကို မှတ်သားထားလိုက်သည်။

“စီနီယာလန်... အခု လကွယ်ပုတီးစေ့ကိုလည်း ရပြီဆိုတော့ ကျွန်တော် အကြာကြီး မနေတော့ပါဘူး”

အရာအားလုံး ရှင်းလင်းသွားပြီးနောက် ရွှီနင်သည် နှုတ်ဆက်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

“နေဦး”

လန်ယန်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ စက္ကူ၊ မှင်နှင့် စုတ်တံများ အပြည့်တင်ထားသော စားပွဲငယ်တစ်ခု သူမရှေ့တွင် ပေါ်လာသည်။

သူမက စာတစ်စောင်ရေးကာ ရွှီနင်ထံသို့ ကမ်းပေးလိုက်သည်။

“ဒါကို ချန်ကျန်းထောင်းဆီ ပေးလိုက်ပြီး ဂိုဏ်းအမှတ်အသားကိုပါ ထုတ်ပြလိုက်ရင် သူအရာအားလုံးကို သိသွားလိမ့်မယ်”

ရွှီနင်က သူမထံမှ စာကို ယူလိုက်သည်။ လန်ယန်အပေါ် ရွှီနင်၏ရင်ထဲ၌ ကျေးဇူးတင်စိတ်များ ပြည့်လျှံနေလေသည်။

“သွားတော့လေ”

လန်ယန်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

“တကယ်လို့ မင်းမှာ အခက်အခဲတွေရှိလာရင် ငါ့ဆီကို လာရှာလှည့်ပါ”

လန်ယန်က နောက်ဆုံးအနေဖြင့် ကတိပေးလိုက်သည်။

“စီနီယာလန်ယန်... သွားခွင့်ပြုပါဦး”

ရွှီနင်က နက်ရှိုင်းစွာ အရိုအသေပေးလိုက်သည်။

“ရွှယ်ဝမ်”

လန်ယန်က အပြင်သို့ လှမ်းခေါ်လိုက်သည်။

ဖေရွှယ်ဝမ်က သူမဆရာ၏ ခေါ်သံကိုကြားသည်နှင့် အိမ်ထဲသို့ အမြန်ဝင်လာခဲ့သည်။

“ဆရာ...”

ဖေရွှယ်ဝမ်က ရွှီနင်ကို ခိုးကြည့်လိုက်သည်။

“သူ့ကို မေ့မြောခြင်းဝါးတောအပြင်ဘက်ကို လိုက်ပို့ပေးလိုက်ပါ”

လန်ယန်က ပြောလိုက်သည်။

“ဟုတ်ကဲ့...”

ဖေရွှယ်ဝမ်၏ ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။

‘ရွှီနင်ရဲ့ ပါရမီက မလုံလောက်လို့လား၊ ဒါမှမဟုတ် သူစွမ်းဆောင်ရည် ညံ့နေလို့လား။ ဆရာက သူ့ကို တပည့်အဖြစ် လက်မခံချင်ဘူးပေါ့လေ’

သူမ စိတ်ထဲမှ တွေးလိုက်မိသည်။

ဖေရွှယ်ဝမ်မှာ နားမလည်နိုင်ဖြစ်နေသော်လည်း မမေးရဲပေ။

ထို့ကြောင့် သူမက ဦးဆောင်ကာ ရွှီနင်ကို အခန်းထဲမှ ခေါ်ထုတ်သွားလိုက်သည်။

ရွှီနင် ထွက်သွားပြီးနောက် လန်ယန် ရုတ်တရက် သက်ပြင်းချလိုက်မိသည်။

‘ဘာပဲဖြစ်ဖြစ် ရွှီနင်က ပင်လယ်နီမိစ္ဆာသခင်လို ဇာတ်ကောင်မျိုးနဲ့ ပတ်သက်နေတာပဲ။ အနာဂတ်မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲ မသိနိုင်ဘူး...’

အခြားတစ်ဖက်တွင် ဖေရွှယ်ဝမ်သည် ရွှီနင်ကို ဝါးတောအပြင်ဘက်သို့ လိုက်ပို့ပေးနေသည်။

သူတို့လမ်းခွဲကြတော့မည့်အချိန်တွင် ဖေရွှယ်ဝမ်က ရွှီနင်ကို တားလိုက်သည်။

“ရွှီနင်... မင်းရဲ့ ဆေးပညာပါရမီက အလွန်ထူးချွန်ပါတယ်။ ဆရာက တပည့်အဖြစ် လက်မခံရင်တောင် ဆေးပညာလမ်းကြောင်းမှာ မင်းသေချာပေါက် အောင်မြင်နိုင်မှာပါ”

ရွှီနင် အနည်းငယ် အံ့သြသွားသည်။ ဖေရွှယ်ဝမ်က သူ့ကို အမှန်တကယ် အားပေးနေခြင်းဖြစ်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်”

ရွှီနင် လက်ယှက်ကာ အရိုအသေပေးပြီး ဝါးတောထဲမှ ထွက်ခွာသွားလေသည်။

ရွှီနင် ထွက်သွားပြီး မကြာမီမှာပင် ဒုတိယအကြိမ် စစ်ဆေးမှု ပြီးဆုံးသွားလေသည်။

ပါဝင်သူဆယ်ယောက်သည် ဒုတိယအကြိမ် စစ်ဆေးမှုကို အောင်မြင်ခဲ့ပြီး လန်ယန်၏ အမည်ခံတပည့်များအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ရွှီနင်နှင့်အတူပါလာသော ကျန့်ယီချင်းမှာမူ ကံကောင်းထောက်မစွာဖြင့် စစ်ဆေးမှုကို အောင်မြင်သွားခဲ့သည်။

သူတို့ကို လန်ယန်ထံ ခေါ်ဆောင်သွားခဲ့ကြသည်။

“ဆရာ... သူတို့က ဒီနှစ်အတွက် အမည်ခံတပည့်တွေပါ”

ဖေရွှယ်ဝမ်က ပြောလိုက်သည်။

“ကောင်းကျီးစဲ့... မင်းလည်း ပါတာပဲကိုး”

လန်ယန်က ကောင်းကျီးစဲ့ကို သိထားသည်။

“စီနီယာလန်”

ကောင်းကျီးစဲ့က ရိုသေစွာ အရိုအသေပေးလိုက်သော်လည်း သူ၏မျက်နှာထားမှာ အနည်းငယ် သဘာဝမကျဖြစ်နေသည်။

“မင်းတစ်ခုခုပြောစရာရှိနေပုံပဲ”

ကောင်းကျီးစဲ့ တွန့်ဆုတ်နေသည်ကို လန်ယန် သတိထားမိလိုက်သည်။

“စီနီယာလန်... စီနီယာက ဘာလို့ ရွှီနင်ကို တပည့်အဖြစ် လက်မခံခဲ့တာလဲဆိုတာ ကျွန်တော်သိချင်ပါတယ်”

လန်ယန်နှင့် သွားတွေ့ရာလမ်းတွင် ရွှီနင်ကို လန်ယန်က နှင်ထုတ်လိုက်ကြောင်း ဖေရွှယ်ဝမ်ထံမှတစ်ဆင့် သူတို့ သိခဲ့ရသည်။

ကောင်းကျီးစဲ့က ရွှီနင်ကို အင်အားကြီးမားသော ပြိုင်ဘက်တစ်ဦးဟု ယူဆထားသော်လည်း သူ့အနေဖြင့် ဝါးတောထဲတွင် ဆက်နေသင့်သည်ဟုလည်း ခံစားမိသည်။

ကောင်းကျီးစဲ့သည် အနာဂတ်တွင်လည်း ရွှီနင်နှင့် ဆက်လက်ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့သည်။

ဖေရွှယ်ဝမ် မျက်မှောင်ကြုတ်သွားသည်။ ကောင်းကျီးစဲ့က သူမ၏ဆရာကို ရိုင်းစိုင်းစွာ ဆက်ဆံနေသည်ဟု သူမ ခံစားလိုက်ရသည်။

သူမက သူ့ကိုတားရန်ပြင်လိုက်သော်လည်း လန်ယန်က ပြုံးကာ တက်ကြွစွာ ဖြေကြားလိုက်သည်ကို တွေ့လိုက်ရသည်။

“ငါက သူ့ကို တပည့်အဖြစ် လက်မခံချင်လို့ မဟုတ်ပါဘူး။ သူ့ကိုသင်ပေးဖို့ ငါ့မှာအရည်အချင်းမှ မရှိတာ။ သူ့နောက်က ဆေးပညာရှင်ကြီးကို ငါဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ဘာ...”

အခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကောင်းကျီးစဲ့ ကြက်သေသေသွားပြီး သူ၏မျက်လုံးများထဲတွင် အံ့သြထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

ဖေရွှယ်ဝမ် ရုတ်တရက် သဘောပေါက်သွားလေသည်။

မထွက်ခွာမီက ရွှီနင်တစ်ယောက် အဘယ်ကြောင့် ဤမျှတည်ငြိမ်နေခဲ့သည်မှာ အံ့ဩစရာမရှိတော့ချေ။

ဆရာဖြစ်သူက သူ့ကို လက်မခံချင်၍မဟုတ်ဘဲ သူ့နောက်ကွယ်ရှိ ဆေးပညာရှင်ကြီးကြောင့် လန်ယန်အနေဖြင့် မိမိကိုယ်မိမိ များစွာအလှမ်းကွာနေသည်ဟု ခံစားခဲ့ရခြင်းကြောင့်ဖြစ်ပေသည်။

“ရွှီနင်...”

ချက်ချင်းဆိုသလိုပင် အခန်းထဲရှိ တပည့်ရင်းများနှင့် အမည်ခံတပည့်များအားလုံး ဤနာမည်ကို မှတ်မိသွားကြလေသည်။

ဤလူသည် အနာဂတ်တွင် သေချာပေါက် နာမည်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။

All Chapters