အခန်း (၂၃၉-၂၄၀)
Vol. 24 Ch. 239-240
အခန်း (၂၃၉) - များပြားလှသော အရင်းအမြစ်များနှင့် တာအိုနယ်ပယ် ဒုတိယအဆင့်
ရွှီနင်သည် မေ့မြောခြင်းဝါးတောမှ ထွက်ခွာလာပြီးနောက် မီးခိုးရောင်လေးကို ရှာဖွေတွေ့ရှိခဲ့လေသည်။
လန်ယန်၏ အကြံပြုချက်အရ သူသည် ကွမ်ဟယ်မြို့နယ်သို့သွားကာ ချန်ကျန်းထောင်းအမည်ရသော လူတစ်ယောက်ကို ရှာဖွေရမည်ဖြစ်သည်။
သို့သော် ထိုသို့မပြုလုပ်မီ ရွှီနင်သည် တိတ်ဆိတ်သောနေရာတစ်ခုကိုရှာ၍ လကွယ်ပုတီးစေ့အတွင်းသို့ ဝင်ရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်
အခြေအနေပေးပါက ရွှီနင်သည် လကွယ်ပုတီးစေ့အတွင်းရှိ အရင်းအမြစ်အချို့ကို စုပ်ယူကာ ဒုတိယအဆင့် တာအိုနယ်ပယ်သို့ ဦးစွာ တက်လှမ်းလိုနေပေသည်။
ဝမ့်ယယ်ဖြစ်စေ၊ ယခုလေးတင် တွေ့ခဲ့သော လန်ယန်ဖြစ်စေ သူတို့နှစ်ဦးလုံးသည် ရွှီနင်၏ သိုင်းပညာတိုးတက်မှုနှုန်းကို ဂရုစိုက်ရန် သေချာမှာကြားခဲ့ကြလေသည်။
သူ ပိုမိုစွမ်းအားကြီးမားလာမှသာလျှင် ယန့်လုဂိုဏ်းအား ပြန်လည်တည်ထောင်ပြီးနောက် ခိုင်မာစွာ ရပ်တည်နိုင်မည် ဖြစ်ချေသည်။
ထို့ကြောင့် ရွှီနင်သည် မီးခိုးရောင်လေးကို ခေါ်ဆောင်ကာ ဆင်ခြေဖုံးရှိ လူသူကင်းမဲ့သော တောင်တန်းတစ်ခုဆီသို့ ထွက်လာခဲ့လေသည်။
ရွှီနင်သည် ဂူတစ်ဂူကို ရှာတွေ့သွားပြီး အတွင်းသို့ ဝင်ရောက်လိုက်သည်။
“မီးခိုးရောင်လေး... ငါ လကွယ်ပုတီးစေ့ထဲကို ခဏဝင်ကြည့်လိုက်ဦးမယ်၊ သေချာလေး စောင့်ကြည့်ပေးထားဦးနော်”
ရွှီနင်က မီးခိုးရောင်လေးအား ပြောလိုက်သည်။
ဤအချိန်တွင် ရွှီနင်သည် လကွယ်ပုတီးစေ့ပေါ်သို့ သွေးစက်ချကာ အပြည့်အဝ သန့်စင်ပြီးဖြစ်ပေသည်။
“အစ်ကိုကြီး စိတ်မပူနဲ့”
မီးခိုးရောင်လေးက ခေါင်းကို ဆက်တိုက်ညိတ်ပြလေသည်။
မိစ္ဆာသားရဲပန်းချီကားလိပ်မှ ဖြစ်တည်လာသော ပုတီးစေ့ဖြစ်စေ၊ လကွယ်ပုတီးစေ့ဖြစ်စေ လျှို့ဝှက်ရတနာ၏ ပိုင်ရှင်က သန့်စင်ပြီးသွားပါက လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပြီး အန္တရာယ်များမှလည်း မိမိကိုယ်ကို အပြည့်အဝ ဖုံးကွယ်ထားနိုင်ပေသည်။
သို့သော် အတွင်းသို့ ဝင်ရောက်သွားပြီးနောက် လျှို့ဝှက်ရတနာသည် အပြင်ဘက်တွင် ကျန်ရစ်ခဲ့မည်ဖြစ်ရာ ၎င်းကို သေချာစွာ ဝှက်ထားရန် လိုအပ်လေသည်။
ထိုသို့မဟုတ်ပါလျှင် ရန်သူမှ တွေ့ရှိသွားပြီး အပြင်ဘက်မှနေ၍ လျှို့ဝှက်ရတနာအား ဖျက်ဆီးပစ်လိုက်ပါက လျှို့ဝှက်ရတနာ၏ ဟင်းလင်းပြင်သည် အလုံးစုံ ပြိုလဲသွားကာ အာကာသအချိန်ရေစီးကြောင်းထဲသို့ မျောပါသွားမည်ဖြစ်ပြီး အတွင်းရှိ အရာအားလုံးမှာ အကုန်အစင် ပျက်သုဉ်းသွားပေလိမ့်မည်။
လကွယ်ပုတီးစေ့အား ကာကွယ်ရန်တာဝန်ကို မီးခိုးရောင်လေးထံ လွှဲပြောင်းပေးပြီးမှသာ ရွှီနင် စိတ်အေးသွားရတော့သည်။
သူသည် စိတ်စွမ်းအားကို လှုပ်ရှားလိုက်ရာ လကွယ်ပုတီးစေ့အတွင်းသို့ ရောက်ရှိသွားလေသည်။
ရွှီး...
မြင်ကွင်းက ပြောင်းလဲသွားလေသည်။
ရွှီနင်သည် မှောင်မိုက်နေသော ညသန်းခေါင်ယံအချိန်တွင် ရုတ်တရက် ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် တောက်ပနေသော လတစ်စင်း ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရပြီး ငွေရောင်အလင်းတန်းများ ဖြာကျနေသဖြင့် ထိုဟင်းလင်းပြင်တစ်ခုလုံး အမှောင်အတိ ကျဆင်းမသွားအောင် တားဆီးပေးထားလေသည်။
‘ဒါ တကယ်ပဲ လကွယ်ပုတီးစေ့ပါလား...’
ရွှီနင်သည် ဝိုင်းစက်နေသော လမင်းကြီးကို စိုက်ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။
ထို့နောက် ရွှီနင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သိပ်မဝေးလှသောနေရာတွင် တောင်ပို့လေးများသဖွယ် စုပုံနေသော ပစ္စည်းများကို တွေ့လိုက်ရသည်။
ရွှီနင် လျှောက်သွားလိုက်သည်။
‘ဒါ ယန့်လုဂိုဏ်းရဲ့ ဘဏ္ဍာတိုက်လား’
ရွှီနင်သည် သူ့ရှေ့မှောက်ရှိ များပြားလှသော အရင်းအမြစ်များကို အံ့အားသင့်သော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။
သူ့ရှေ့ရှိ အရင်းအမြစ်အမျိုးအစားများကို ဆေးလုံးများ၊ ဝိညာဉ်ဆေးပင်များ၊ တာအိုလက်နက်များနှင့် အခြားထူးခြားသော အသုံးအဆောင်များဟူ၍ အဓိက ခွဲခြားထားသည်။
‘ဒီအရာတွေကို တူညီတဲ့တန်ဖိုးရှိတဲ့ စွမ်းအင်အရင်းအမြစ်တွေနဲ့ လဲလှယ်လိုက်မယ်ဆိုရင် စွမ်းအင်ယူနစ် ရှစ်သန်းလောက် တန်ကြေးရှိမှာပဲ။ ဆေးပြားတွေနဲ့ ဝိညာဉ်ဆေးပင်တွေချည်းသက်သက်တောင်မှ စွမ်းအင်ယူနစ် ငါးသန်းကျော်လောက် ရနိုင်တယ်’
ရွှီနင်သည် သိုင်းပညာမျက်နှာပြင်၏ စစ်ဆေးမှုဖြင့် ဤနေရာရှိ အရင်းအမြစ်များ၏ စွမ်းအင်တန်ဖိုးကို အကြမ်းဖျင်း တွက်ချက်လိုက်ခြင်း ဖြစ်ပေသည်။
‘ဒီအရင်းအမြစ်တွေကို ဝှက်ထားချိန်မှာ ယန့်လုဂိုဏ်းက ပျက်သုဉ်းလုနီးပါး ဖြစ်နေခဲ့ပေမဲ့ ဒီက အရင်းအမြစ်ပမာဏက ငါ ကျောက်စိမ်းညဂိုဏ်းဆီက ရခဲ့တာထက် အများကြီး သာလွန်နေတာပဲ...’
ရွှီနင်သည် ကျောက်စိမ်းညဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ လူကျန့်ရှင်ထံမှ ကျောက်စိမ်းညဂိုဏ်း၏ အရင်းအမြစ်များအားလုံးကို လုယူခဲ့ဖူးသည်။ စုစုပေါင်းပမာဏမှာ ယူနစ် လေးသိန်းခန့်သာရှိပြီး ရွှီနင်က ယူနစ် သုံးသိန်းခန့်သာ စုပ်ယူခဲ့ခြင်းဖြစ်သည်။
ပျက်သုဉ်းခါနီး ဂိုဏ်းတစ်ခု၏ အရင်းအမြစ်သည်ပင် ကျောက်စိမ်းညဂိုဏ်းထက် အဆနှစ်ဆယ်ခန့် ပိုများနေပေသည်။
‘ဒါတွေအားလုံးကို ငါ့အတွက်ချည်း သုံးပစ်လို့တော့ မရဘူး...’
‘ဘာပဲဖြစ်ဖြစ် အရင်းအမြစ်တစ်စိတ်တစ်ပိုင်းကိုတော့ ချန်ထားပြီး ယန့်လုဂိုဏ်း ပြန်လည်တည်ထောင်ဖို့အတွက် သုံးရဦးမယ်’
ရွှီနင် စိတ်ထဲမှ တွေးလိုက်သည်။
ရွှီနင်သည် တစ်ကိုယ်ကောင်းဆန်သူတစ်ယောက် မဟုတ်ပေ။ သူသည် ဝမ့်ယယ်အား ကတိပေးထားသည့်အတိုင်း သဘာဝကျကျပင် ဆောင်ရွက်ပေးမည်သာ ဖြစ်သည်။
သူ၏ တစ်ကိုယ်ကောင်းဆန်သော အကြောင်းပြချက်များဖြင့် ယန့်လုဂိုဏ်း ပြန်လည်တည်ထောင်ရေးကို လျစ်လျူရှုထား၍ မရနိုင်ချေ။
‘ဒါပေမဲ့ ငါက ယန့်လုဂိုဏ်းရဲ့ အုတ်မြစ်ဖြစ်နေတာဆိုတော့ ကိုယ့်ကိုယ်ကိုယ်အတွက် အရင်းအမြစ်ပိုသုံးတာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ။ ငါ့စွမ်းအားတွေ တိုးတက်လာပြီဆိုရင် ယန့်လုဂိုဏ်းကိုလည်း ပြုစုပျိုးထောင်ပေးနိုင်ပြီလေ’
ရွှီနင် ရှင်းလင်းစွာ တွေးတောလိုက်လေသည်။
‘ဒီလကွယ်ပုတီးစေ့ထဲက အရင်းအမြစ်တွေက ငါ့ကို စတုတ္ထအဆင့် တာအိုနယ်ပယ်ကို တက်လှမ်းစေပြီး အလယ်အလတ်အဆင့် တာအိုနယ်ပယ်သိုင်းသမားတစ်ယောက် ဖြစ်လာစေဖို့ လုံလောက်မှာပါ’
ရွှီနင် ဆက်တွေးလိုက်သည်။
‘အခုတော့ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို စုပ်ယူပြီး ဒုတိယအဆင့် တာအိုနယ်ပယ်အထိ စွမ်းအားမြှင့်တင်ရမယ်။ ပြီးတော့ သင့်လျော်တဲ့ ဒြပ်စင်အရင်းအမြစ်တွေကို ရှာတွေ့ပြီးရင် ဒီက အရင်းအမြစ်တွေကိုသုံးပြီး တတိယအဆင့် တာအိုနယ်ပယ်ကို ဆက်တက်လှမ်းမယ်’
ကြယ်တာရာချီနယ်ပယ်သို့ တက်လှမ်းပြီးနောက် မူလအစပြန်သွားခြင်းနယ်ပယ်သို့ ဆက်လက်တက်လှမ်းလိုပါက လုံလောက်သော ဒြပ်စင်အရင်းအမြစ်များကို ရှာဖွေရပေမည်။
ရွှီနင်သည် ရေဓာတ်စွမ်းအင်မျိုးစေ့ သုံးခုနှင့် မီးဓာတ်စွမ်းအင်မျိုးစေ့ သုံးခု၊ စုစုပေါင်း ဓာတ်စွမ်းအင်မျိုးစေ့ ခြောက်ခုကို စုစည်းထားပြီးဖြစ်ရာ ၎င်းမှာ ရွှီနင်အနေဖြင့် ရေနှင့် မီး ဒြပ်စင်အရင်းအမြစ် သုံးခုစီကို ရှာဖွေရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဒြပ်စင်အရင်းအမြစ် ခြောက်ခုကို စုဆောင်းပြီးမှသာလျှင် ရွှီနင်သည် အဆင့်တက်ရန်အတွက် စွမ်းအင်ကို ထပ်မံအသုံးပြုနိုင်မည် ဖြစ်သည်။
ထို့နောက် ရွှီနင်သည် တောင်ပို့လေးသဖွယ် စုပုံနေသော ဆေးပြားများထံမှ စွမ်းအင်ကို စတင်စုပ်ယူလေတော့သည်။
ရွှီနင်၏ မျက်စိနှင့် နားထဲတွင် အသိပေးချက်တစ်ခု ပေါ်လာလေသည်။
‘ပင်လယ်နီဆေးကျမ်းကို ပထမအဆင့်အထိ မြှင့်တင်တုန်းက စွမ်းအင်ယူနစ် တစ်သိန်း သုံးစွဲခဲ့တယ်ဆိုတော့ ငါ့ဆီမှာ စွမ်းအင်ယူနစ် သုံးသိန်းခွဲ ကျန်သေးတယ်။ ကြယ်တာရာချီနယ်ပယ်ကိုရောက်ဖို့ စွမ်းအင်ယူနစ် ငါးသိန်းခွဲ လိုနေသေးတာပဲ’
ကြယ်တာရာချီနယ်ပယ်သို့ တက်လှမ်းနိုင်ရန် ရွှီနင်သည် နောက်ထပ် စွမ်းအင်ယူနစ် ငါးသိန်းခွဲကို စုပ်ယူရပေမည်။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားလေသည်။
မကြာမီ ရွှီနင်သည် စွမ်းအင်ယူနစ် ငါးသိန်းခွဲကို စုပ်ယူလိုက်သည်။
‘ဒါက ကြယ်တာရာချီနယ်ပယ်ကို တက်လှမ်းဖို့ လုံလောက်ပြီပဲ’
ရွှီနင် အတိုင်းထက်အလွန် ဝမ်းသာသွားသည်။
‘ဒီတော့ လကွယ်ပုတီးစေ့ထဲကနေ ထွက်ပြီး အဆင့်တက်ရမယ်’
အပြင်ဘက်လောကတွင် အဆင့်တက်လိုရခြင်း၏ အကြောင်းရင်းမှာ လကွယ်ပုတီးစေ့သည် သီးခြားဟင်းလင်းပြင်တစ်ခုဖြစ်ပြီး ဝိညာဉ်စွမ်းအင် လုံးဝမရှိသလောက် နည်းပါးသောကြောင့် ဖြစ်သည်။
အကယ်၍ ဤနေရာတွင်သာ အဆင့်ချိုးဖျက်မည်ဆိုပါက သူသည် အဆင့်တက်ရန် ဝိညာဉ်စွမ်းအင် ပမာဏအမြောက်အမြားကို စုပ်ယူရပေလိမ့်မည်။
ဝိညာဉ်စွမ်းအင်မရှိသောနေရာတွင်သာ အဆင့်တက်ပါက သူသည် ငါးခြောက်တစ်ကောင်ကဲ့သို့ ခြောက်သွေ့သွားမည်ဖြစ်ပြီး အဆင့်တက်စဉ်အတွင်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားပေမည်။
ဝှစ်...
ရွှီနင်သည် လကွယ်ပုတီးစေ့အတွင်းမှ အပြင်သို့ ထွက်လာလိုက်လေသည်။
“အစ်ကိုကြီး ထွက်လာပြီလား”
မီးခိုးရောင်လေး အမြန်ပေါ်လာပြီး အနားသို့ ကပ်လာလေသည်။
“အင်း”
ရွှီနင် ခေါင်းညိတ်လိုက်သည်။
“ငါ ကြယ်တာရာချီနယ်ပယ်ကို တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီ”
“အစ်ကိုကြီး နောက်ထပ်အဆင့်တက်ဦးမလို့လား”
မီးခိုးရောင်လေး၏ မျက်လုံးများတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသည်။ မီးခိုးရောင်လေး၏အမြင်တွင် ရွှီနင်သည် အလွန်စွမ်းအားကြီးမားသော အစ်ကိုကြီးတစ်ဦးပင် ဖြစ်သည်။
ရွှီနင်သည် မကြာခဏဆိုသလို အဆင့်ချိုးဖျက်နိုင်မည်ဟု မီးခိုးရောင်လေးက ခံစားမိလေသည်။
သူ၏ အဆင့်ချိုးဖျက်မှုမှာ လူတစ်ယောက်၏ ကြီးထွားလာမှုဖြစ်စဉ်ကဲ့သို့ပင် သဘာဝကျကျ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အခြားသော သိုင်းပညာရှင်များ နယ်ပယ်တစ်ခုတွင် ပိတ်မိနေစဉ်ကဲ့သို့ ခက်ခဲကြန့်ကြာမှုမျိုး လုံးဝမရှိပေ။
“တစ်နေကုန် ပျင်းမနေနဲ့ဦး။ မင်းသွေးကြောကို နှိုးဆွပြီး တာအိုနယ်ပယ်ကို အမြန်ဆုံး တက်လှမ်းနိုင်ဖို့ နည်းလမ်းရှာရမယ်”
ရွှီနင်သည် အဆင့်မတက်မီ မီးခိုးရောင်လေးအား စိတ်ဓာတ်ခွန်အားပေးရန် မမေ့လျော့ခဲ့ချေ။
ထိုစကားကို ကြားသောအခါ မီးခိုးရောင်လေးက မျက်စောင်းထိုးလိုက်သည်။
ရွှီနင်က ယင်းကို လျစ်လျူရှုကာ သိုင်းပညာမျက်နှာပြင်ကို ဖွင့်လိုက်လေသည်။ ထို့နောက် နယ်ပယ်၏ဘေးရှိ ‘+’ သင်္ကေတကို နှိပ်လိုက်သည်။
––
နယ်ပယ်အဆင့်တက်ရန် စွမ်းအင်ယူနစ် ၉ သိန်း အသုံးပြုမည်လော။
လုပ်မည်/မလုပ်ပါ
––
“လုပ်မည်”
အတည်ပြုပြီးနောက် ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ်မှ ရရှိထားသော သူ၏စွမ်းအားကြီးမားသည့် ခန္ဓာကိုယ်သည် တစ်ဖန်ပြန်လည်သန်စွမ်းလာကြောင်း ရွှီနင် ခံစားလိုက်ရသည်။
လှိုင်းလုံးများသဖွယ် တိုးဝင်လာသော ဝိညာဉ်စွမ်းအင်များသည် ရွှီနင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝဲကတော့ပုံသဏ္ဌာန်ဖြင့် စုပ်ယူခံလိုက်ရသည်။
‘ဒီလောက်တောင် ကြမ်းတမ်းတဲ့ ဝိညာဉ်စွမ်းအင်တွေပါလား’
သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသော ဝိညာဉ်စွမ်းအင်ပမာဏက ရွှီနင်ကိုပင် အံ့အားသင့်သွားစေသည်။
လူတစ်ယောက်၏ အခြေခံအုတ်မြစ် ပိုမိုခိုင်မာလေလေ၊ နယ်ပယ်အဆင့်တက်ရန် ဝိညာဉ်စွမ်းအင် ပိုမိုစုပ်ယူရလေလေ ဖြစ်ပေသည်။
‘ငါသာ ပြည်နယ်ဆယ့်ခုနစ်ခုမှာဆိုရင် အောင်အောင်မြင်မြင် အဆင့်တက်နိုင်မှာ မဟုတ်ဘူး...’
ပြည်နယ်ဆယ့်ခုနစ်ခုရှိ ဝိညာဉ်စွမ်းအင်မှာ ပါးလွှာလှလေသည်။
အကယ်၍ ရွှီနင်သာ ထိုနေရာတွင် အဆင့်ချိုးဖျက်ရန် အမှန်တကယ် ကြိုးစားခဲ့ပါက အောင်မြင်ခဲ့လျှင်ပင် သေချာပေါက် ဒဏ်ရာရရှိမည်ဖြစ်ပြီး သူ၏ အုတ်မြစ်ကို ထိခိုက်စေမည် ဖြစ်သည်။
‘တာအိုနယ်ပယ်ရဲ့ စွမ်းအားတွေ ပြောင်းလဲလာပြီ...’
ရွှီနင်သည် သူ၏ ခန္ဓာကိုယ်တွင်းရှိ တာအိုနယ်ပယ်စွမ်းအားများ လျင်မြန်စွာ ပြောင်းလဲနေကြောင်း ခံစားလိုက်ရသည်။
‘အနာဂတ်မှာ ငါ့ရဲ့ တာအိုနယ်ပယ်စွမ်းအားတွေနဲ့ ကြယ်တာရာချီကို အသက်သွင်းနိုင်တော့မယ်’
အဆင့်ချိုးဖျက်ခြင်း၏ သာယာမှုက ရွှီနင်ကို စိတ်လက်ပေါ့ပါးသွားစေသည်။
ဝှစ်...
နောက်ဆုံးတွင် ရွှီနင်သည် သွေးများဆူပွက်လာပြီး တာအိုနယ်ပယ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။
‘ဒုတိယအဆင့် တာအိုနယ်ပယ်၊ ကြယ်တာရာချီနယ်ပယ်... အောင်မြင်ပြီ’
ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ကို ကြည့်လိုက်သည်။
––
အမည် - ရွှီနင်
အဆင့် - တာအိုနယ်ပယ် ဒုတိယအဆင့် (ကြယ်တာရာချီနယ်ပယ်)
သိုင်းပညာ -
ရရှိနိုင်သောစွမ်းအင် - ၀ ယူနစ်
––
သိုင်းပညာမျက်နှာပြင်သည် ပြောင်းလဲသွားလေပြီ။
‘ကြယ်တာရာချီနယ်ပယ်ဘေးမှာ “+” သင်္ကေတ မရှိတော့ဘူး။ ဒါက မူလအစပြန်သွားခြင်းနယ်ပယ်ကို မတက်လှမ်းခင် ဒြပ်စင်အရင်းအမြစ် ခြောက်ခုကို အရင်ရှာရမယ်ဆိုတဲ့ သဘောပဲ’
ဒြပ်စင်အရင်းအမြစ်များ ရရှိရေးနှင့်ပတ်သက်၍ ရွှီနင်က ကြီးမားသော စိန်ခေါ်မှုတစ်ခုဟု မထင်မှတ်ထားပေ။
ဝမ်ရှန့်ပြည်နယ်ကဲ့သို့ သိုင်းပညာအရင်းအမြစ်များ ပေါကြွယ်ဝသော နေရာမျိုးတွင် ဒြပ်စင်အရင်းအမြစ်များကို အရောင်းအဝယ်ပြုလုပ်ခြင်းမှတစ်ဆင့် ရရှိနိုင်ပေသည်။
ဤသည်မှာ ထိပ်တန်းသိုင်းပညာပတ်ဝန်းကျင်၌ နေထိုင်ရခြင်း၏ အားသာချက်ပင် ဖြစ်လေသည်။
ရွှီနင်သည် ဂူထဲမှ ထွက်လာပြီး သူ၏ တာအိုနယ်ပယ်စွမ်းအားများကို အသက်သွင်းလိုက်သည်။
ဝှစ်...
ကြယ်တာရာချီလေပြင်းတစ်ချက်သည် မီတာရာပေါင်းများစွာ အဝေးသို့ လွင့်ပျံသွားပြီး ဧရာမကျောက်တုံးကြီးတစ်ခုကို ထက်ပိုင်းပိုင်းပစ်လိုက်ကာ တောင်အောက်သို့ လိမ့်ဆင်းသွားစေသည်။
‘ဒါ ကြယ်တာရာချီရဲ့ စွမ်းအားလား’
ရွှီနင်၏ မျက်လုံးများ အရောင်တောက်သွားသည်။
အကယ်၍ သူသာ တာအိုလက်နက်ကို ကိုင်ဆောင်ထားမည်ဆိုပါက သူ၏ ကြယိတာရာချီသည် ပို၍ပင် အစွမ်းထက်လာနိုင်ပေသည်။
‘အစွမ်းထက်တဲ့ အလယ်အလတ်အဆင့် တာအိုနယ်ပယ်သိုင်းသမားတချို့က သူတို့ရဲ့ သန့်စင်တဲ့ကြယ်တာရာချီနဲ့တင် တာအိုလက်နက်ရဲ့ စွမ်းအားကို ယှဉ်နိုင်တယ်လို့ ဆိုကြတယ်။ ပြီးတော့ အဆင့်မြင့်တာအိုနယ်ပယ်သိုင်းသမားတွေဆိုရင် သူတို့ရဲ့ ကြယ်တာရာချီနဲ့တင် တာအိုလက်နက်ကိုတောင် ဖျက်ဆီးပစ်နိုင်တယ်တဲ့’
ကြယ်တာရာချီ၏ စွမ်းအားကို လက်တွေ့ခံစားပြီးနောက် ရွှီနင် ကျေနပ်သွားလေသည်။
သူ့ကဲ့သို့ တာအိုနယ်ပယ်စွမ်းအား ကြွယ်ဝသော ကြယ်တာရာချီနယ်ပယ်သိုင်းသမားတစ်ယောက်အနေဖြင့် အလွန်များပြားသော ကြယ်တာရာချီများကို အသုံးပြု၍ “ကြယ်တာရာချီမိုးရွာသွန်းခြင်း” ဟူသော ကြမ်းတမ်းသည့် တိုက်ခိုက်မှုနည်းလမ်းကိုပင် ဖော်ဆောင်နိုင်ပေသည်။
သူ ပို၍ အဆင့်တက်လာလေလေ၊ ပြိုင်ဘက်ကင်းသော ခိုင်မာသည့်အုတ်မြစ်၏ အားသာချက်များကို ပိုမိုဖော်ပြနိုင်လေလေ ဖြစ်ပေသည်။
‘ငါ့ရဲ့ လက်ရှိစွမ်းအားရယ်၊ ချင်းဝံပုလွေဓားနဲ့ လေမီးခိုးဘူးသီးခြောက်တို့ရဲ့ အကူအညီရယ် ပေါင်းလိုက်ရင် မူလအစပြန်သွားခြင်းနယ်ပယ် သိုင်းသမားတစ်ယောက်ကိုတောင် အနိုင်ယူနိုင်တယ်’
ရွှီနင်သည် သူ၏စွမ်းအားကို အသစ်တဖန် နားလည်သဘောပေါက်သွားလေသည်။
“အစ်ကိုကြီးက သိပ်အံ့ဩစရာကောင်းတာပဲ”
မီးခိုးရောင်လေးသည် ရွှီနင်၏ပခုံးပေါ်သို့ ခုန်တက်လိုက်လေသည်
“ဝမ်ရှန့်ပြည်နယ်ရဲ့ ဝိညာဉ်စွမ်းအင် သိပ်သည်းဆက မင်းရဲ့ သွေးကြောတွေ တိုးတက်ဖို့အတွက် အများကြီး အထောက်အကူပြုတယ်၊ အလကားမဖြုန်းတီးပစ်နဲ့”
ရွှီနင်က ပြောလိုက်သည်။
“ငါတို့ နေရာတကျဖြစ်သွားပြီဆိုရင် ချင်းယင်နဲ့ ရွှီးဟူကျွင်းကို မိစ္ဆာသားရဲပန်းချီကားလိပ်ထဲကနေ ထုတ်ပေးပြီး ဝမ်ရှန့်ပြည်နယ်ရဲ့ ကြွယ်ဝတဲ့ ဝိညာဉ်စွမ်းအင်တွေကို ခံစားခွင့်ပေးရမယ်”
မီးခိုးရောင်လေး၊ ချင်းယင်နှင့် ရွှီးဟူကျွင်းတို့အပေါ် ရွှီနင်၏ မျှော်လင့်ချက်မှာ သူတို့အား တာအိုနယ်ပယ်သို့ အမြန်ဆုံး တက်လှမ်းစေလိုခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့သည်လည်း ယန့်လုဂိုဏ်း၏ အကူအညီပေးသူများ ဖြစ်လာကြမည်ဖြစ်သည်။
“ကဲ... မီးခိုးရောင်လေး၊ သွားဖို့ ပြင်ကြစို့”
ရွှီနင်က ပြောလိုက်သည်။
“ဒီတစ်ခါ ငါတို့ ကွမ်ဟယ်မြို့နယ်ကိုသွားပြီး ဂိုဏ်းတူအစ်ကို ချန်ကျန်းထောင်းကို သွားရှာကြမယ်”
ကွမ်ဟယ်မြို့နယ်၊ လျိုယန်စီရင်စု…
လျိုယန်စီရင်စုသည် ကွမ်ဟယ်မြို့နယ်၏ အချက်အချာကျသော စီရင်စုဖြစ်သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တော်ဝင်နန်းတော်မှ အခြားအရာရှိများအားလုံး ဤနေရာ၌သာ ရှိကြပေသည်။
ဤစီရင်စုမြို့တော်သည် မြောက်ပိုင်းချောက်ကမ်းပါးရှိ ကျိဖုန်းပြည်နယ်ထက်ပင် ပိုမိုကြီးမားလှသည်။
လျိုယန်စီရင်စုသည် အချက်အချာကျသော စီရင်စုဖြစ်သောကြောင့် မြို့နယ်တစ်ခုလုံးကို လွှမ်းမိုးနိုင်သော မိသားစုကြီး အများအပြား ရှိလေသည်။
ရွှီနင် ရှာဖွေမည့် ချန်ကျန်းထောင်း၏နောက်တွင်လည်း လျိုယန်စီရင်စုသာမက ကွမ်ဟယ်မြို့နယ်တွင်ပါ နာမည်ကြီးသော ချန်မိသားစုက ကျောထောက်နောက်ခံပြုထားပေသည်။
သူ့မိသားစုထဲတွင် တော်ဝင်နန်းတော်၌ ရာထူးရယူထားသူ အများအပြားရှိပြီး သူတို့၏ အဆင့်အတန်းမှာလည်း အလွန်မြင့်မားလှသည်။
‘ကွမ်ဟယ်မြို့နယ်... လျိုယန်စီရင်စု...’
လေဒဏ်မိုးဒဏ်ခံခဲ့ရသော ခရီးစဉ်အပြီးတွင် ရွှီနင်နှင့် မီးခိုးရောင်လေးတို့သည် လျိုယန်စီရင်စုသို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
‘မြို့ထဲဝင်ပြီး ချန်မိသားစု ဘယ်မှာရှိလဲဆိုတာ စုံစမ်းရအောင်...’
ထို့နောက် ရွှီနင်သည် လူအုပ်ကြီးနောက်သို့ လိုက်ပါကာ စီရင်စုမြို့တော်အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
အခန်း (၂၄၀) - ဂိုဏ်းအား စတင်၍ ပြန်လည်တည်ထောင်ခြင်း
ရွှီနင်သည် စုံစမ်းမေးမြန်းပြီးနောက် နောက်ဆုံးတွင် ချန်မိသားစုကို ရှာတွေ့ခဲ့သည်။
“အိမ်တော်မှာ ချန်ကျန်းထောင်း ရှိပါသလား”
ရွှီနင်သည် ချန်မိသားစုအိမ်တော်သို့ ရောက်ရှိလာခဲ့သည်။
“အကြီးအကဲ ချန်ကျန်းထောင်းကို ရှာနေတာလား”
ချန်မိသားစုမှ အစောင့်က ရွှီနင်ကို တစ်ချက်ကြည့်လိုက်သည်။ ရွှီနင်သည် သူ၏အရှိန်အဝါကို တမင်တကာ ဖုံးကွယ်မထားသောကြောင့် သူသည် သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း အစောင့်က အလွယ်တကူ သတိပြုမိသွားသည်။
“သင်က ဘယ်သူလဲဆိုတာ သိပါရစေ”
အစောင့်သည် အလွန်ယဉ်ကျေးလှသည်။
“မေ့မြောခြင်းဝါးတောက လာတယ်လို့ပဲ ပြောလိုက်ပါ”
ရွှီနင်သည် သူ၏အစစ်အမှန် ရည်ရွယ်ချက်များကို အစောင့်အား ပြောပြမည်မဟုတ်ပေ။
“ခဏစောင့်ပါဦး”
အစောင့်သည် အလျင်အမြန်ပင် သွားရောက်သတင်းပို့လေသည်။
မကြာမီမှာပင် အစောင့်သည် သက်လတ်ပိုင်းအရွယ် လူတစ်ဦးနှင့်အတူ ထွက်လာသည်။
‘တာအိုနယ်ပယ် တတိယအဆင့်... မူလအစပြန်သွားခြင်းအဆင့် သိုင်းပညာရှင်ပဲ...’
ရွှီနင်သည် ထိုသက်လတ်ပိုင်းလူကြီး၏ အင်အားကို အာရုံခံမိလိုက်သည်။
“ကျွန်တော်က ချန်ကျန်းထောင်းပါ”
ချန်ကျန်းထောင်းသည် မေ့မြောခြင်းဝါးတောမှ လူများ ရောက်ရှိလာကြောင်း ကြားသိရသောအခါ သူ၏အလုပ်များကို ခေတ္တရပ်နားပြီး ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုခြင်း ဖြစ်သည်။
ချန်ကျန်းထောင်းသည် ယန့်လုဂိုဏ်းအတွက် မေ့မြောခြင်းဝါးတော၏ အရေးပါမှုကို သိထားသဖြင့် ထိုနေရာမှလူများ ရောက်လာသည်ကို ကြားသောအခါ အချိန်မဆွဲရဲပေ။
သူမည်သူဖြစ်ကြောင်း ဖော်ပြပြီးနောက် ချန်ကျန်းထောင်းသည် ရွှီနင်ကို ဦးစွာကြည့်လိုက်ပြီးနောက် ရွှီနင်၏ပခုံးပေါ်ရှိ မီးခိုးရောင်လေးကို သတိပြုမိသွားသည်။
၎င်းသည် ဟင်းလင်းပြင်သားရဲဖြစ်ကြောင်း ချက်ချင်း အတည်မပြုနိုင်သော်လည်း မီးခိုးရောင်လေးမှာ သာမန်မိစ္ဆာသားရဲမဟုတ်ကြောင်းကိုမူ သူ သတိပြုမိလိုက်သည်။ ၎င်း၏သွေးမျိုးဆက်မှာ လုံးဝ နိမ့်ကျသည့်ပုံ မပေါ်ပေ။
“မင်းက မေ့မြောခြင်းဝါးတောကလား... ဒါပေမဲ့ မင်းကို မမြင်ဖူးသလိုဘဲ”
ချန်ကျန်းထောင်းသည် မီးခိုးရောင်လေးထံမှ အကြည့်လွှဲကာ မေးလိုက်သည်။ သူသည် ယန့်လုဂိုဏ်းအား ပြန်လည်တည်ထောင်ရေးကို အမြဲတမ်း အရေးကြီးကိစ္စတစ်ခုအဖြစ် မှတ်ယူထားပြီး ထိုအကြောင်းကြောင့်ပင် ဝါးတောထဲရှိ လန်ယန်ထံသို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ဖူးလေသည်။
ထို့ကြောင့် မေ့မြောခြင်းဝါးတောရှိ အရေးပါသောလူများကို သူ မှတ်မိနေခြင်း ဖြစ်သည်။ သို့သော် ချန်ကျန်းထောင်းသည် ရွှီနင်ကို တစ်ခါမျှ မမြင်ဖူးသဖြင့် အနည်းငယ် သံသယဖြစ်နေမိသည်။
ရွှီနင်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။
သူ၏လက်ထဲ၌ အနက်ရောင် တံဆိပ်ပြားတစ်ခု ရုတ်တရက် ပေါ်လာသည်။ ၎င်းကို ပြသပြီးသည်နှင့် အနက်ရောင် တံဆိပ်ပြားကို ရွှီနင်၏အင်္ကျီလက်ထဲသို့ ပြန်ထည့်လိုက်သည်။
ခေတ္တမျှသာ ပြသလိုက်ခြင်း ဖြစ်သော်လည်း ချန်ကျန်းထောင်းကတော့ တံဆိပ်ပြား၏ ပုံသဏ္ဌာန်ကို မြင်လိုက်ရသည်။
‘ဂိုဏ်းတံဆိပ်ပြား’
ချန်ကျန်းထောင်း၏ရင်ထဲ၌ လှိုင်းတံပိုးများ ထသွားသကဲ့သို့ တုန်လှုပ်သွားရသည်။
“အထဲကို ကြွပါဦး”
ချန်ကျန်းထောင်းသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ရွှီနင်ကို သူ၏စာကြည့်ခန်းအတွင်းသို့ ခေါ်ဆောင်သွားလေသည်။
စာကြည့်ခန်းထဲ ရောက်သောအခါ ချန်ကျန်းထောင်းသည် သူတို့၏စကားပြောသံကို မည်သူမျှ မကြားနိုင်စေရန် အစီအစဉ်အချို့ လုပ်ဆောင်လိုက်သည်။
“မင်းဆီမှာ ရှိနေတာ ဂိုဏ်းတံဆိပ်ပြားလား”
ချန်ကျန်းထောင်းက ရွှီနင်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“ဟုတ်ပါတယ်”
ရွှီနင်က ဂိုဏ်းတံဆိပ်ပြားကို ထုတ်ကာ ချန်ကျန်းထောင်းထံ ကမ်းပေးလိုက်သည်။
ချန်ကျန်းထောင်းသည် ၎င်းကို ဂရုတစိုက် ကိုင်ကြည့်ပြီးနောက် ဤတံဆိပ်ပြားမှာ ယန့်လုဂိုဏ်း၏ တံဆိပ်ပြားဖြစ်ကြောင်း အတည်ပြုလိုက်သည်။
“ယန့်လုဂိုဏ်း”
ချန်ကျန်းထောင်းသည် အလွန် စိတ်လှုပ်ရှားနေပုံရသည်။
“မင်းက အတိအကျဆိုရင် ဘယ်သူလဲ... ပြီးတော့ ယန့်လုဂိုဏ်းရဲ့ ဂိုဏ်းတံဆိပ်ပြားက မင်းလက်ထဲကို ဘယ်လိုရောက်နေတာလဲ”
ဝမ့်ယယ်သည် ဂိုဏ်းတံဆိပ်ပြားကို ယူဆောင်ကာ ဝမ်ရှန့်ပြည်နယ်မှ ထွက်ပြေးသွားခဲ့ကြောင်း သူ သိထားလေရာ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် သူသည် ဝမ့်ယယ်၏ ဘေးကင်းရေးအတွက် စိုးရိမ်နေခဲ့ရသည်။
“ကျွန်တော့်နာမည်က ရွှီနင်ပါ... ဒီတံဆိပ်ပြားကို အကြီးအကဲ ဝမ့်ယယ်က ကျွန်တော့်လက်ထဲကို ကိုယ်တိုင် ပေးအပ်ခဲ့တာပါ”
ရွှီနင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
ချန်ကျန်းထောင်း၏မျက်လုံးများ လှုပ်ရှားသွားပြီး ရွှီနင်ကို အကဲခတ်လိုက်သည်။
“မင်း အတည်ပြောနေတာလား”
ဤလုပ်ရပ်၏ အရေးပါမှုကို ချန်ကျန်းထောင်း သိလေသည်။
အကယ်၍ ရွှီနင် ပြောသည်မှာ အမှန်ဆိုလျှင် ရွှီနင်သည် ဝမ့်ယယ် ကိုယ်တိုင် ရွေးချယ်ခဲ့သည့် ယန့်လုဂိုဏ်း၏ ဂိုဏ်းချုပ်အသစ် ဖြစ်ပေလိမ့်မည်။
ရွှီနင်က ထပ်မံ၍ ရှင်းပြမနေတော့ပေ။
သူသည် လန်ယန်၏ ပေးစာကို ထုတ်ကာ ချန်ကျန်းထောင်းထံ ကမ်းပေးလိုက်သည်။
“စီနီယာ လန်ယန်...”
ချန်ကျန်းထောင်းသည် လန်ယန်၏ လက်ရေးကို သတိထားမိလိုက်သည်။
ဤသည်မှာ ဤပေးစာကို လန်ယန် ကိုယ်တိုင် ရေးသားခဲ့ကြောင်း သက်သေပြနေခြင်းပင်။
ချန်ကျန်းထောင်းသည် စာကို ဖွင့်ကာ လျင်မြန်စွာ ဖတ်ရှုလိုက်သည်။
စာထဲရှိ အကြောင်းအရာများကို ရွှီနင် မသိသော်လည်း ၎င်းသည် သူ့အတွက် လန်ယန်၏ ထောက်ခံစာဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
ဂိုဏ်းတံဆိပ်ပြားနှင့် လန်ယန်၏ ပေးစာတို့သည် ရွှီနင်၏ အထောက်အထားကို ချန်ကျန်းထောင်း ယုံကြည်သွားစေရန် လုံလောက်လှသည်။
အမှန်ပင် စာဖတ်ပြီးနောက် ချန်ကျန်းထောင်းသည် ရွှီနင်ကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားသည်။
သူသည် ရွှီနင်ကို လေးစားသော အကြည့်များဖြင့် ကြည့်ကာ ရိုရိုသေသေ ဦးညွှတ်လိုက်သည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
ချန်ကျန်းထောင်းသည် ရွှီနင်ကို ယန့်လုဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။ လန်ယန်၏ ပေးစာမှတစ်ဆင့် ရွှီနင်၏ အကြောင်းများကို ချန်ကျန်းထောင်း သိရှိသွားခဲ့သည်။
“စီနီယာ အစ်ကိုကြီးချန်... ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး”
ရွှီနင်သည် ချန်ကျန်းထောင်း၏ လက်မောင်းကို အမြန်ပင် ဆွဲကိုင်လိုက်သည်။
ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ရာတွင် ချန်ကျန်းထောင်းသည် သူ၏ ညာလက်ရုံး ဖြစ်လာမည်ကို သိလေသည်။
“ဂိုဏ်းချုပ်... ကျွန်တော် ဒီနေ့ကို စောင့်နေခဲ့တာ နှစ်ပေါင်း တစ်ရာ ရှိပါပြီ...”
ချန်ကျန်းထောင်း၏ အသံများမှာ တုန်ရီနေလေသည်။
ယန့်လုဂိုဏ်း ပြိုကွဲသွားသော မြင်ကွင်းများက သူ၏စိတ်ထဲတွင် တရိပ်ရိပ် ပေါ်လာသည်။
ဂိုဏ်းကို ဖြိုခွဲခွဲခဲ့ရသည့် နာကျင်စရာ မှတ်ဉာဏ်များနှင့် သူ၏ဆရာ သေဆုံးခဲ့ရမှုများက သူ၏စိတ်ထဲ၌ စွဲထင်နေဆဲပင်။
“နောင်တစ်ချိန်မှာ ဂိုဏ်းချုပ် ဘာပဲလိုအပ်လိုအပ် ကျွန်တော့်ကိုသာ ပြောပါ”
ချန်ကျန်းထောင်းက သူ၏ရပ်တည်ချက်ကို ဖော်ပြလိုက်သည်။
“စီနီယာ အစ်ကိုကြီးချန်... အရမ်း အားမနာပါနဲ့”
ရွှီနင်က ပြောလိုက်သည်။
“စီနီယာလန်ယန်ရဲ့ လမ်းညွှန်မှုအရ ကျွန်တော်ကသာ အစ်ကိုကြီးရဲ့ စကားကို နားထောင်ရမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဝမ်ရှန့်ပြည်နယ်သားလည်း မဟုတ်သလို ဂိုဏ်းတစ်ခုကို တည်ထောင်တဲ့ နေရာမှာလည်း အတွေ့အကြုံ မရှိပါဘူး။ ယန့်လုဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်ချင်တယ် ဆိုရင်တော့ တချို့ကိစ္စတွေကို စီနီယာအစ်ကိုကြီးချန်ကပဲ လုပ်ဆောင်ပေးရမှာပါ”
ခဏမျှ စကားပြောပြီးနောက် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရသွားကြသည်။
လန်ယန်၏ ပေးစာကြောင့် ရွှီနင်နှင့် ချန်ကျန်းထောင်းတို့ကြားတွင် ခိုင်မာသော ယုံကြည်မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။
“အခု ကျွန်တော်တို့ဆီမှာ ဂိုဏ်းတံဆိပ်ပြား ရှိပြီဆိုတော့ ဂိုဏ်းချုပ်ရဲ့ ပထမဆုံး ခြေလှမ်းက ဘာဖြစ်မလဲ”
ချန်ကျန်းထောင်းက စတင်မေးမြန်းလိုက်သည်။
သူသည် ဂိုဏ်းကို ပြန်လည်တည်ထောင်ရန် မစောင့်နိုင်တော့ပေ။
“ကျွန်တော့်မှာ အစီအစဉ် မရှိသေးဘူး... ဒါပေမဲ့ ဂိုဏ်းတစ်ခုကို လက်ဆင့်ကမ်းတော့မယ် ဆိုရင်တော့ ဂိုဏ်းသားတွေက အခြေခံအုတ်မြစ်ပဲ ဖြစ်ရမယ်”
ရွှီနင်က ဆက်ပြောသည်။
“ကျွန်တော် ဝမ်ရှန့်ပြည်နယ်ကို မလာခင်က အကြီးအကဲ ဝမ့်ယယ်က အစောပိုင်း အဆင့်တွေမှာ အလျင်စလို မလုပ်ဖို့နဲ့ သတင်းတွေ သိပ်မထွက်စေဖို့ မှာလိုက်သေးတယ်။”
ချန်ကျန်းထောင်းက တွေးတောစွာ ခေါင်းညိတ်လိုက်သည်။
“ဂိုဏ်းချုပ်... တကယ်တော့ အရင်က ဂိုဏ်းကို အတင်းအကျပ် ဖြိုခွဲလိုက်ရပြီးနောက်မှာ ကျွန်တော်နဲ့ အဆက်အသွယ် မပြတ်သေးတဲ့ တပည့်တချို့ ရှိနေပါသေးတယ်”
ခေတ္တမျှ ရပ်ပြီးနောက် ချန်ကျန်းထောင်းက “ဒီတပည့်တွေက ယန့်လုဂိုဏ်းအပေါ် သံယောဇဉ် ရှိနေကြဆဲပါ... သူတို့ထဲက အများစုက ကျွန်တော့်ကို ဦးဆောင်ပြီး ဂိုဏ်းပြန်တည်ထောင်ပေးဖို့ ဆန္ဒပြုထားကြပါတယ်”
“ဪ... ဟုတ်လား”
ရွှီနင်၏မျက်လုံးများမှာ တောက်ပသွားလေသည်။
“ဒီလူတွေကို ကျွန်တော်တို့ ပြန်စုစည်းလို့ ရမလား”
ရွှီနင်၏အမြင်တွင် ယန့်လုဂိုဏ်း၏ သစ္စာရှိသော အဖွဲ့ဝင်ဟောင်းများကို ပြန်လည် စုစည်းနိုင်မည် ဆိုပါက ဂိုဏ်းပြန်လည် တည်ထောင်ရေးကို ချက်ချင်း စတင်နိုင်မည် ဖြစ်သည်။
“သေချာပေါက် ရတာပေါ့”
ချန်ကျန်းထောင်းက ရွှီနင်ကို အတည်ပြုချက် ပေးလိုက်သည်။
“တကယ်လို့ ဂိုဏ်းချုပ်က ခွင့်ပြုမယ် ဆိုရင်တော့ ဒီကိစ္စကို ကျွန်တော်ပဲ ကိုင်တွယ်ပါ့မယ်။ ဒီနေ့ပဲ သတင်းလွှင့်လိုက်ပြီး အဲဒီလူတွေကို ချန်မိသားစုဆီ လာခိုင်းလိုက်ပါ့မယ်”
“ကောင်းပြီ”
ရွှီနင်က ခေါင်းညိတ်လိုက်သည်။
“ဂိုဏ်းချုပ်... ဂိုဏ်းမှာ လူတွေရှိဖို့ လိုသလို ဂိုဏ်းတည်ရှိမယ့် နေရာလည်း လိုအပ်ပါတယ်”
ချန်ကျန်းထောင်းက ထပ်ပြောပြန်သည်။
“ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နေရာဟောင်းက တခြားဂိုဏ်းတွေရဲ့ သိမ်းပိုက်ခြင်းကို ခံထားရတယ်။ အခု ချက်ချင်း အဲဒီနေရာကို ပြန်သိမ်းဖို့ ကြိုးစားမယ်ဆိုရင် ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းတို့ရဲ့ အာရုံစိုက်မှုကို ခံရမှာ စိုးရိမ်ရတယ်”
ဖုန်းဝူအိမ်တော်နှင့် ချင်းဖုန်းဂိုဏ်းတို့မှာ ယန့်လုဂိုဏ်းကို ပြိုကွဲအောင် လုပ်ဆောင်ခဲ့သည့် ရန်သူများ ဖြစ်ကြသည်။
ချန်ကျန်းထောင်း၏ အသံထဲတွင် ထိုဂိုဏ်းနှစ်ခုအပေါ် ထားရှိသည့် အမုန်းတရားများကို ရွှီနင် ကြားနိုင်လေသည်။
“ဂိုဏ်းမပြိုကွဲခင်လေးမှာ ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းက လူတွေက ကျွန်တော်တို့ကို အတော်လေး ဖိအားပေးခဲ့တာ။ ကျွန်တော်တို့ တပည့်တွေကို ဒုက္ခမရောက်စေချင်လို့ ဆရာက ဂိုဏ်းကို ဖြိုခွဲလိုက်ပြီး အဲဒီဂိုဏ်းနှစ်ခုကို သူကိုယ်တိုင် သွားရောက် လက်စားချေခဲ့တာ။ နောက်ဆုံးတော့ ဆရာ သေဆုံးသွားခဲ့ရတယ်”
ချန်ကျန်းထောင်းက ဆက်ပြောလေသည်။
“အကြီးအကဲ ဝမ့်ယယ်ကလည်း ဆရာ့အတွက် လက်စားချေပေးချင်ခဲ့ပေမဲ့ သူလည်း မအောင်မြင်ဘဲ အမဲလိုက်ခံခဲ့ရတယ်။ ကျွန်တော်တို့ ဂိုဏ်းရဲ့ တပည့်ရင်းတချို့ကလည်း အဲဒီဂိုဏ်းနှစ်ခုရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတယ်။ တကယ်လို့ စီနီယာ လန်ယန်နဲ့ ကျွန်တော့် ချန်မိသားစုက အကြီးအကဲတွေသာ မရှိခဲ့ရင် ကျွန်တော်တို့အားလုံး အသတ်ခံရပြီးလောက်ပြီ”
“ဒီဂိုဏ်းနှစ်ခု ရှိနေသရွေ့တော့ ကျွန်တော်တို့က သတိထားပြီး လုပ်ဆောင်ရမယ်... ယန့်လုဂိုဏ်းကို တိတ်တဆိတ် အားကောင်းလာအောင် လုပ်ရမယ်”
“ဂိုဏ်းအတွက် စိတ်ထဲမှာ တွေးထားတဲ့ နေရာရှိလား”
ရွှီနင်က မေးလိုက်သည်။
“တကယ်လို့ ဂိုဏ်းချုပ်က မကန့်ကွက်ဘူး ဆိုရင်တော့ လျိုယန်ခရိုင်အပြင်ဘက်က အိမ်တော်တစ်ခုမှာ ဂိုဏ်းကို ယာယီ အခြေစိုက်လို့ ရပါတယ်။ အဲဒီအိမ်တော်က ချန်မိသားစုရဲ့ ပိုင်ဆိုင်မှု ဖြစ်ပြီး အခုထိ တရားဝင် အသုံးမပြုရသေးပါဘူး။ အဲဒီမှာ အိမ်စေတချို့ပဲ စောင့်ရှောက်နေတာပါ”
ချန်ကျန်းထောင်းက ပြောလိုက်လေသည်။
“ဒါဆိုရင်တော့ ကျွန်တော်တို့ ဂိုဏ်းကို အဲဒီမှာပဲ ယာယီ အခြေစိုက်ကြတာပေါ့”
ရွှီနင်က သဘောတူလိုက်သည်။
လန်ယန် ပြောခဲ့သလိုပင် ချန်ကျန်းထောင်း၏ အကူအညီဖြင့် ဂိုဏ်းပြန်လည် တည်ထောင်ခြင်းမှာ ပို၍ လွယ်ကူသွားခဲ့သည်။
“ဂိုဏ်းချုပ်...”
အရေးကြီးသော ကိစ္စနှစ်ခုကို အဆုံးသတ်ပြီးနောက် ချန်ကျန်းထောင်းက တွေဝေစွာဖြင့် ဆိုလိုက်သည်။
“စီနီယာ အစ်ကိုကြီးချန်... ပြောစရာရှိတာ ပြောပါ”
ရွှီနင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“ဂိုဏ်းချုပ်က အကြီးအကဲ ဝမ့်ယယ်ဆီကနေ ဂိုဏ်းတံဆိပ်ပြားကို ရခဲ့တယ်ဆိုတော့ သေချာပေါက် ထူးချွန်တဲ့ သိုင်းပညာ ပါရမီ ရှိရမယ်”
ချန်ကျန်းထောင်းက စကားလုံးကို ဂရုတစိုက် ရွေးချယ်ပြီး ပြောလိုက်သည်။
“ဂိုဏ်းကို ပြန်လည် တည်ထောင်ဖို့အတွက် ဂိုဏ်းချုပ်ရဲ့ ခွန်အားက အဓိကပဲ... ဂိုဏ်းချုပ် အမြုတေဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်သွားမှသာ ကျွန်တော်တို့က ယန့်လုဂိုဏ်းကို နေရောင်အောက်မှာ ပြန်လည် ဝင့်ကြွားနိုင်မှာ ဖြစ်သလို ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းတို့ရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ကြောက်စရာ မလိုတော့မှာပါ...”
“အစ်ကိုကြီး ဘာကို ဆိုလိုသလဲဆိုတာ ကျွန်တော် သိပါတယ်”
ချန်ကျန်းထောင်း စကားမဆုံးမီ ရွှီနင်က ကြားဖြတ် ပြောလိုက်သည်။
ချန်ကျန်းထောင်းက ရွှီနင်၏သိုင်းပညာ ပါရမီကို သိရှိလိုသဖြင့် စကားကို ဝိုက်ပြောနေခြင်း ဖြစ်သည်။
“ကျွန်တော်က အခု တာအိုနယ်ပယ် ဒုတိယအဆင့် ကြယ်တာရာချီ နယ်ပယ်ကို ရောက်နေပြီဆိုတာ အစ်ကိုကြီး သတိထားမိမှာပါ”
ရွှီနင်က “လွန်ခဲ့တဲ့ ခြောက်လလောက်က ကျွန်တော် အကြီးအကဲ ဝမ့်ယယ်နဲ့ ပထမဆုံး စတွေ့ချိန်မှာတော့ ကျွန်တော်က ဓာတ်စွမ်းအင်မျိုးစေ့ကို စုစည်းနေဆဲဖြစ်တဲ့ အစစ်အမှန်ပိုင်နက်နယ်ပယ် သိုင်းပညာရှင် တစ်ယောက်ပဲ ရှိပါသေးတယ်”
“ဘာ”
ချန်ကျန်းထောင်း၏ရင်ထဲ၌ သွေးများ ဆူပွက်သွားသလို ခံစားလိုက်ရသည်။
ချန်ကျန်းထောင်းအတွက်တော့ အစစ်အမှန်ပိုင်နက်နယ်ပယ်မှနေ၍ ခြောက်လအတွင်း တာအိုနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်မှာ တစ်ခါမျှ မကြားဖူးသော ကိစ္စပင် ဖြစ်သည်။
တာအိုနယ်ပယ်ကို ရောက်ရှိပြီးနောက် အဆင့်တက်ရန် ခက်ခဲမှုမှာ အဆမတန် မြင့်မားလှသည်။
ချန်ကျန်းထောင်းကို ဥပမာထားကြည့်လျှင် သူသည် တစ်ချိန်က ယန့်လုဂိုဏ်း၏ ထိပ်တန်း ပါရမီရှင် ဖြစ်ခဲ့သော်လည်း သိုင်းပညာကို နှစ်ပေါင်း ၁၅၀ ကျော် လေ့ကျင့်ခဲ့ပြီးမှသာ မူလအစပြန်သွားခြင်းအဆင့်သို့ မကြာသေးမီက ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ရွှီနင်မှာမူ ခြောက်လအတွင်း နယ်ပယ်နှစ်ခုကို ကျော်ဖြတ်ခဲ့သည်ဆိုသော အချက်က ချန်ကျန်းထောင်းကို အိပ်မက်တစ်ခုလို ခံစားရစေသည်။
“ဂိုဏ်းချုပ်... အတည်ပြောနေတာလား”
ချန်ကျန်းထောင်းမှာ မယုံကြည်နိုင် ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏နားလည်မှုထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။ နန်းတွင်းမှ မင်းသား၊ မင်းသမီးများပင်လျှင် ဤမျှအထိ မလုပ်ဆောင်နိုင်ကြပေ။
“ဟုတ်ပါတယ်”
ရွှီနင်က ချန်ကျန်းထောင်းကို အတည်ပြုပေးလိုက်သည်။
ချန်ကျန်းထောင်းက နှုတ်ခမ်းကို တွန့်လိုက်လေသည်။
လက်ရှိ ရွှီနင်နှင့် စကားပြောဆိုမှုများအရ ရွှီနင်မှာ ဝါကြွားတတ်သောသူ မဟုတ်ကြောင်း သူ ခံစားမိသည်။
ထို့အပြင် သူ့ကို လိမ်ညာနေစရာ အကြောင်းလည်း မရှိပေ။
‘ဒါကြောင့်ပဲ အကြီးအကဲ ဝမ့်ယယ်က သူ့ကို ဂိုဏ်းချုပ်အဖြစ် ရွေးချယ်ခဲ့တာကိုး’
ချန်ကျန်းထောင်းသည် သူ၏တုန်လှုပ်မှုများ ပျောက်ကွယ်သွားပြီး ယန့်လုဂိုဏ်း၏ အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် အစားထိုးလိုက်သည်။
“ဂိုဏ်းချုပ် အမြုတေဖွဲ့စည်းခြင်း နယ်ပယ်ကို အမြန်ဆုံး ရောက်ရှိပြီး ယန့်လုဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်နိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်”
ချန်ကျန်းထောင်းက ရွှီနင်ကို လေးလေးနက်နက် ပြောလိုက်သည်။
ရွှီနင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် အစ်ကိုကြီးကို စိတ်ပျက်အောင် မလုပ်ပါဘူး”
“ဂိုဏ်းချုပ်မှာ အခု လောလောဆယ် နေစရာ မရှိသေးဘူးဆိုတော့ ဒီအိမ်တော်မှာပဲ ယာယီ တည်းခိုလိုက်ပါ။ သစ္စာရှိတဲ့ တပည့်တွေကို စုစည်းပြီးပြီ ဆိုမှ ခရိုင်အပြင်ဘက်က အိမ်တော်ကို ပြောင်းကြတာပေါ့”
ချန်ကျန်းထောင်းက စိတ်အေးသွားပြီး ရွှီနင်ကို ပြောလိုက်သည်။
“ဒါဆိုရင်တော့ အစ်ကိုကြီးကို အနှောင့်အယှက် ပေးရဦးမှာပဲ”
ရွှီနင်က မငြင်းတော့ပေ။
ရွှီနင်သည်လည်း သူ၏အဆင့်အတန်းသစ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားနေလေသည်။
ယန့်လုဂိုဏ်းအား ပြန်လည် တည်ထောင်ခြင်းမှာ စတင်နေပြီ ဖြစ်သည်။