အခန်း (၆၅၁-၆၅၂)
Vol. 61 Ch. 651-652
အခန်း (၆၅၁) - စိတ်ဝိညာဉ်သွေးကြောအစားထိုးမည့် အင်မော်တယ်နွယ်ပင်၊ လောကသုံးပါးကို ပေါင်းစည်းပြီး အင်မော်တယ်ကမ္ဘာသို့ တိုက်ရိုက်ရောက်ရှိနိုင်မည့် နွယ်ပင်(၃)။
တစ်လအကြာတွင်…။
ရွှမ်ဟွမ်ကျွန်း၊ အလယ်ပိုင်းဒေသ…။
ပတ်ပတ်လည်တွင် တောင်တန်းကြီးတစ်ခု ရှိနေပြီး ဤကျွန်း၏ ဗဟိုချက်မပင် ဖြစ်လေသည်။
ယခုအချိန်တွင် ကျိုးစွေ့တစ်ယောက်တည်း ဤနေရာ၌ ပေါ်လာ၏။
တစ်လတိတိ အင်အားစုဆောင်းပြီးနောက် သူ၏ ကိုယ်ခန္ဓာ၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားချေပြီ။
"စလိုက်တာပေါ့...”
ကျိုးစွေ့က အတွေးတစ်ချက်ဖြင့် အင်မော်တယ်ရတနာ ရှန်းဟိုင်ပုလဲကို မဆိုင်းမတွ ထုတ်ယူလိုက်သည်။
ရွှစ်…။
နောက်တစ်စက္ကန့်တွင် အင်မော်တယ်ရုပ်အလောင်းတစ်ခုက ဤမြေပြင်ပေါ်၌ ချက်ချင်း ထွက်ပေါ်လာ၏။
ချက်ချင်းပင် ထိုရုပ်အလောင်းထံမှ အဆုံးမဲ့သော အင်မော်တယ်မူလချီများ ပျံ့နှံ့ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း မိုင်တစ်သောင်း၊ မိုင်တစ်သိန်း၊ မိုင်တစ်သန်း၊ မိုင်ဆယ်သန်း စသည်ဖြင့် ပတ်ပတ်လည်ဧရိယာ၏ စိတ်ဝိညာဉ်ချီသိပ်သည်းဆမှာ အဆပေါင်းများစွာ မြင့်တက်သွားတော့သည်။
ကောင်းကင်ယံထက်တွင် အရောင်ငါးမျိုးရှိသော တိမ်တိုက်များ ပေါ်ထွက်လာပြီး မိုင်ဆယ်သန်းပတ်လည် ဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အဆုံးမဲ့သော သဘာဝစိတ်ဝိညာဉ်ချီများ ပေါ်ပေါက်လာလေသည်။
ဤသည်မှာ ဤအင်မော်တယ်ရုပ်အလောင်းကိုယ်တိုင်က နဝမအဆင့် စိတ်ဝိညာဉ်သွေးကြောကြီးတစ်ခု ဖြစ်နေသကဲ့သို့ပင် ဖြစ်သည်။
ဧရာမသော သဘာဝစိတ်ဝိညာဉ်ချီများကို အလိုအလျောက် ဖန်တီးပေးနိုင်ပြီး ထာဝရ ခန်းခြောက်သွားမည် မဟုတ်ချေ။
ရွှမ်ဟွမ်ကျွန်းတွင် နေထိုင်ကြသော ကျင့်ကြံသူများစွာသည်လည်း ထိုကဲ့သို့သော ကြီးမားသည့်လှုပ်ရှားမှုကို ချက်ချင်း သတိထားမိလိုက်ကြပြီး ပတ်ဝန်းကျင်ရှိ သဘာဝစိတ်ဝိညာဉ်ချီများ လျင်မြန်စွာ တိုးပွားလာနေကြောင်းကို ခံစားမိလိုက်ကြ၏။ သို့သော် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကိုမူ လုံးဝ မသိရှိကြပေ။
"ဘာဖြစ်တာလဲ… ဘာလို့ သဘာဝစိတ်ဝိညာဉ်ချီတွေက ရုတ်တရက်ကြီး သိပ်သည်းလာရတာလဲ… အရင်ကထက် အဆပေါင်းများစွာကို တိုးလာတယ်...”
"မဖြစ်နိုင်တာ… ငါတို့ရဲ့ ရွှမ်ဟွမ်ကျွန်းမှာ ရှိနေတာက ပဉ္စမအဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်သွေးကြောလေ… ဒါက ကျင့်ကြံခြင်းလောကမှာ အမြင့်ဆုံးအဆင့် စိတ်ဝိညာဉ်သွေးကြောဖြစ်နေပြီ… စိတ်ဝိညာဉ်ချီ သိပ်သည်းဆက ဆက်ပြီး မြင့်တက်လာနိုင်သေးလို့လား...”
"အေးလေ… တကယ်ကို ယုံနိုင်စရာမရှိဘူး… တကယ်လို့ ဆက်ပြီး မြင့်တက်လာမယ်ဆိုရင် ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်သွေးကြောများ ဖြစ်သွားမလားမသိဘူး… ဒါပေမဲ့ ဒါက စိတ်ဝိညာဉ်လောကမှာပဲ ဖြစ်တည်နိုင်တဲ့ စိတ်ဝိညာဉ်သွေးကြောမျိုးလေ… ငါတို့ ကျင့်ကြံခြင်းလောကမှာ ရှိလာနိုင်မှာ မဟုတ်ဘူး...”
"အမှန်အတိုင်းပြောရရင် ငါလည်း အံ့ဩနေမိတာပဲ… ဒါပေမဲ့ ငါ့ရဲ့ အာရုံခံနိုင်စွမ်းကတော့ မမှားနိုင်ဘူး… စိတ်ဝိညာဉ်ချီသိပ်သည်းဆက သေချာပေါက် မြင့်တက်လာတာပဲ… ဂိုဏ်းချုပ်ကြီး တစ်ခုခုလုပ်နေတာလည်း ဖြစ်နိုင်တယ်...”
"တကယ်လို့ ဂိုဏ်းချုပ်ကြီးရဲ့ လက်ချက်သာဆိုရင်တော့ လုံးဝ နားလည်ပေးလို့ ရပါတယ်… ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ကြီးက အင်မော်တယ်ဝင်စားတဲ့သူလေ… အင်မော်တယ်နည်းလမ်းတချို့ ပိုင်ဆိုင်ထားတာလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါပဲ...”
"ဒါပေါ့… ငါတို့အတွက်ဆိုရင် အမှန်တကယ်တော့ အကျိုးကျေးဇူး အဆုံးအစမရှိ ရနိုင်တာပဲ… ဘာပဲဖြစ်ဖြစ် ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်သွေးကြောထဲမှာ ကျင့်ကြံခွင့်ရမယ်ဆိုရင် ပဉ္စမအဆင့် စိတ်ဝိညာဉ်သွေးကြောထက်တော့ ပိုကောင်းမှာပဲလေ… ကျင့်ကြံခြင်း အကျိုးသက်ရောက်မှုကလည်း သေချာပေါက် ကြီးမားတဲ့ တိုးတက်မှုကို ရရှိလာမှာပဲ...”
ကျင့်ကြံသူအများအပြားမှာ တီးတိုးဆွေးနွေးနေကြလေသည်။
သူတို့သည်လည်း ကောင်းကင်နှင့်မြေကြီးကြားရှိ ထူးဆန်းသော အပြောင်းအလဲများကို ချက်ချင်း ခံစားမိလိုက်ကြသော်လည်း ထိုအပြောင်းအလဲ၏ အကြောင်းရင်းမှာ အဘယ်အရာဖြစ်သည်ကိုမူ မသိကြချေ။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့အတွက် ကြီးမားသော အကျိုးကျေးဇူးများ ရှိနေပေသည်။
တစ်ယောက်ချင်းစီတိုင်းက အပြောင်းအလဲကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။
သေချာသည်မှာ ချန်ဇီယွင်၊ ယဲ့ဖေးရို၊ ရှရွှေယန်၊ သခင်မမက်မွန်ပွင့် အစရှိသော တာအိုလက်တွဲဖော်များက ဤကိစ္စ၏အကြောင်းရင်းကို ပို၍ ရှင်းလင်းစွာ သိရှိနေကြသည်။
သူမတို့သည်လည်း ရွှမ်ဟွမ်တောင်ထွတ်တွင် နေထိုင်ကာ နတ်ဘုရားအာရုံကို အသုံးပြု၍ ကျိုးစွေ့၏ လှုပ်ရှားမှုတိုင်းကို အာရုံခံနေကြလေသည်။
"ယောက်ျားက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို နှိုးထစေချင်နေတာလား...”
"ဟုတ်တယ်… အဲဒီ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က အင်မော်တယ်ရုပ်အလောင်းရဲ့ ကိုယ်ထဲမှာ ရှိနေတာလေ...”
"အံ့မခန်းပါပဲ… တစ်နေ့ကျရင် ငါက အင်မော်တယ်ရုပ်အလောင်းကို မြင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… တကယ်ကို စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေတာပဲ...”
"ဒါက အင်မော်တယ်တွေက တကယ်ရှိတယ်ဆိုတာကို ကိုယ်စားပြုနေတာပဲ… ငါတို့ရဲ့ ကျင့်စဉ်လမ်းကြောင်းက မမှားဘူး… အင်မော်တယ်ဖြစ်လာဖို့က အရမ်းခက်ခဲလွန်းတာပဲ ဖြစ်မှာ...”
"ကိစ္စမရှိပါဘူး… ယောက်ျားနဲ့သာ အတူရှိနေမယ်ဆိုရင် အနာဂတ်မှာ ငါတို့လည်း သေချာပေါက် တာအိုကို နားလည်သဘောပေါက်ပြီး အင်မော်တယ်ဖြစ်လာနိုင်မှာပဲလို့ ထင်တယ်...”
"ကြားရသလောက်တော့ ယောက်ျားက ဒီတစ်ကြိမ်မှာ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို နှိုးထစေချင်တာတဲ့… အဲဒီ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ စွမ်းအားကို အသုံးချပြီး လောကသုံးခုကို ပေါင်းစည်းလိုက်ရင် ငါတို့ရဲ့ ကျင့်ကြံခြင်းလောကကို စိတ်ဝိညာဉ်လောကနဲ့ တူညီတဲ့ ကမ္ဘာကြီးတစ်ခုအဖြစ် အဆင့်တက်သွားစေမှာတဲ့...”
"တကယ်လို့ အောင်မြင်သွားမယ်ဆိုရင် ငါတို့ စိတ်ဝိညာဉ်လောကကို တက်လှမ်းဖို့ မလိုတော့ဘူး… ကျင့်ကြံခြင်းလောကမှာ နေပြီးတော့လည်း တာအိုကို နားလည်သဘောပေါက်ပြီး အင်မော်တယ် ဖြစ်လာနိုင်တာပဲ...”
တာအိုလက်တွဲဖော်များက တီးတိုးဆွေးနွေးနေကြပြီး တစ်ယောက်ချင်းစီတိုင်းက အလွန်အမင်း မျှော်လင့်နေကြသည်။
ဤသည်မှာ ကျင့်ကြံခြင်းလောက၏ အနာဂတ်ကိုပြောင်းလဲစေမည့် သမိုင်းတွင် အစဉ်အလာမရှိခဲ့သော မော်ကွန်းဝင်ကိစ္စရပ်ကြီးတစ်ခု ဖြစ်ကြောင်း သူမတို့ သိရှိထားကြ၏။
…………
"အရမ်းအစွမ်းထက်တာပဲ… ဒါက အင်မော်တယ်ရုပ်အလောင်းလား...”
"ဝေလငါးတစ်ကောင်သေဆုံးသွားတဲ့အခါ သက်ရှိအားလုံး ရှင်သန်ကြီးထွားလာရတယ်...”
"အင်မော်တယ်တွေမှာလည်း အလားတူအကျိုးသက်ရောက်မှုမျိုး ရှိတာပဲ...”
"အင်မော်တယ်တစ်ပါးအနေနဲ့ မရေတွက်နိုင်တဲ့ နှစ်ပေါင်းများစွာကတည်းက သေဆုံးနေခဲ့ရင်တောင်မှ သူ့ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့စွမ်းအင်တွေ ပါဝင်နေဆဲပဲ...”
"ဒါ့အပြင် ဒီဟာတွေက အင်မော်တယ်စွမ်းအင်တွေပဲ...”
"အနည်းငယ်လောက် ယိုစိမ့်ထွက်လာရင်ကို မရေမတွက်နိုင်တဲ့ သာမန်လူတွေကို အဆုံးမဲ့အကျိုးကျေးဇူးတွေ ရရှိစေဖို့ လုံလောက်တယ်...”
ဤအချိန်၌ ကျိုးစွေ့တစ်ယောက် အံ့ဩချီးမွမ်းနေမိသည်။ ယခုအကြိမ် သူရရှိခဲ့သော အကြီးမားဆုံးရတနာမှာ ဤအင်မော်တယ်ရုပ်အလောင်းပင်ဖြစ်ကြောင်း သူချက်ချင်းပင် နားလည်လိုက်ရသည်။ ဤသည်မှာ လူ့လောက၏ ပြိုင်ဘက်ကင်းရတနာဖြစ်ပြီး အဆုံးမဲ့နက်နဲမှုများ ပါဝင်နေကာ ခန့်မှန်း၍ပင် မရနိုင်ချေ။
သို့ရာတွင် သူသည် တုံ့ဆိုင်းမနေဘဲ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်ကာ မှော်ပညာရပ်များကို အသုံးပြုလိုက်လေသည်။
နှလုံးသားမျက်လုံး၏ စွမ်းအားက ချက်ချင်းဆိုသလို ထိုးဖောက်စိမ့်ဝင်သွားတော့သည်။
ထိုအင်မော်တယ်ရုပ်အလောင်း၏ နှလုံးသားအနက်ပိုင်းရှိ အစိမ်းရောင်အင်မော်တယ်မျိုးစေ့ကို သူအာရုံခံသိရှိလိုက်သည်။
ရွှစ်… ရွှစ်… ရွှစ်…။
အစိမ်းရောင်အလင်းတန်းများသည် ဤအင်မော်တယ်ရုပ်အလောင်း၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းဝင်ရောက်သွားပြီး ထိုအစိမ်းရောင်အင်မော်တယ်မျိုးစေ့ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ဤအစိမ်းရောင်အင်မော်တယ်မျိုးစေ့က ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
နောက်တစ်စက္ကန့်တွင် ၎င်း၏အပေါ်ရှိ ကန့်သတ်ချက်အစီအရင်များက ချက်ချင်းပွင့်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ ချိပ်ပိတ်မှုများအားလုံး ရုတ်တရက် ပျက်ပြယ်သွားတော့သည်။
ဝုန်း… ဝုန်း… ဝုန်း…။
ချက်ချင်းပင် ထိုအစိမ်းရောင်အင်မော်တယ်မျိုးစေ့က ပထမဆုံးအကြိမ်အဖြစ် နိုးထလာတော့သည်။ ကြီးမားသော အစိမ်းရောင်နွယ်ပင်ကြီးတစ်ခုက အခွံကိုဖောက်ထွက်လာပြီး နွယ်ပင်ပေါ်တွင် အစိမ်းရောင်အင်မော်တယ်စာလုံးများ ပေါ်လာ၏။ အလွန်ဆန်းကြယ်ကာ ခန့်မှန်းရခက်ပြီး တာအို၏နက်နဲမှုများ ပါဝင်နေပုံရပေသည်။
ဝမ်းနည်းစရာကောင်းသည်မှာ သူ၏နားလည်နိုင်စွမ်းဖြင့်ပင်လျှင် ဤအင်မော်တယ်အဆောင်များနှင့် အင်မော်တယ်စာလုံးများက မည်သည့်အဓိပ္ပာယ်ကို ကိုယ်စားပြုကြောင်း မသိရှိနိုင်ပေ။
ကျိုးစွေ့ကို ထပ်မံတွေးတောနေရန် အချိန်မပေးတော့ဘဲ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည် အင်မော်တယ်ရုပ်အလောင်းကို ယူဆောင်ကာ မြေကြီးထဲသို့ ချက်ချင်းထိုးဆင်းသွားလေသည်။ မြေကြီးအောက်ခြေအထိ တဖြည်းဖြည်း နက်ရှိုင်းစွာ၊ နက်ရှိုင်းစွာဖြင့် ထပ်မံ၍ ထိုးဆင်းသွားတော့၏။
ဤလောက၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားမှသာ ရပ်တန့်သွားလေသည်။
ထို့နောက် ဤအစိမ်းရောင်နွယ်ပင်သည် အခက်အလက်နွယ်ပင်များစွာကို ပေါက်ဖွားလာစေ၏။ ဤနွယ်ပင်များသည် အဆုံးအစမရှိ ရှည်ထွက်နိုင်သည့်အလား အရပ်မျက်နှာခပ်သိမ်းဆီသို့ ဖြန့်ကြက်ပေါက်ရောက်သွားသည်။
သို့ရာတွင် ဤသည်မှာ ဦးတည်ရာမဲ့ ဖြန့်ကြက်နေခြင်း မဟုတ်ပေ။ ဤလောကရှိ ဧရာမဝိညာဉ်သွေးကြောများတစ်လျှောက် တိုးချဲ့သွားခြင်းပင်ဖြစ်၏။
ဤနွယ်ပင်များသည် ဝိညာဉ်သွေးကြောများနေရာတွင် အစားထိုးဝင်ရောက်သွားပြီး ဤလောက၏ သွေးကြောများအလား ဖြစ်လာပုံရသည်။
"ဒါက..."
ဤအခိုက်အတန့်တွင် ကျိုးစွေ့မှာ အလွန်တရာ တုန်လှုပ်သွားရသည်။ သူသည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်နှင့် ဖော်ပြ၍မရသော ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ဟု ခံစားလိုက်ရပြီး သူ၏ဝိညာဉ်က ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွား၏။
ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင် မည်သည်တို့ကို လုပ်ဆောင်နေသည်ကို ပြင်ပရှုထောင့်တစ်ခုမှတစ်ဆင့် သူမြင်တွေ့နိုင်သည့်အလား ဖြစ်နေချေသည်။
အမှန်တကယ်တမ်းတွင် ဤလောကရှိ ဝိညာဉ်သွေးကြောများ၏ ဖြန့်ကြက်တည်ရှိပုံမှာလည်း စည်းမျဉ်းမရှိသည်တော့ မဟုတ်ပေ။
ထိုဝိညာဉ်သွေးကြောများသည် လူသားတို့၏ ခန္ဓာကိုယ်တွင်းရှိ သွေးကြောများနှင့်တူပြီး လောကအနှံ့အပြားတွင် ပျံ့နှံ့နေပေသည်။
အပေါ်ယံကြည့်လျှင် မည်သည့်စည်းမျဉ်းမှ မရှိဘဲ မည်သို့မျှ ဆက်စပ်မှုမရှိသကဲ့သို့ ထင်ရ၏။
သို့သော် အမှန်တကယ်တွင် ထိုဝိညာဉ်သွေးကြောများသည် အချင်းချင်း ဆက်သွယ်ထားကြလေသည်။
သို့ရာတွင် အချို့ဝိညာဉ်သွေးကြောများက ပင်မသွေးလွှတ်ကြောများဖြစ်ပြီး အချို့ကမူ သွေးကြောမျှင်လေးများသာ ဖြစ်သည်။
အကယ်၍ ဝိညာဉ်သွေးကြောများ အလွန်အမင်း ပျက်စီးသွားပါက တစ်လောကလုံး နာမကျန်းဖြစ်လာမည်ဖြစ်ပြီး လောက၏အဆင့်အတန်းကိုလည်း ကျဆင်းသွားစေမည်ဖြစ်၏။
ဆိုးရွားပါက တစ်လောကလုံး ဖျက်ဆီးခံရသည့်အထိပင် ဖြစ်သွားစေနိုင်ပေသည်။
ယခုအချိန်တွင် ကျင့်ကြံခြင်းလောကသည် ထိုသို့ဖြစ်နေကြောင်း ထင်ရှားလှသည်။
ရှေးဟောင်းခေတ်ကာလမှ စစ်ပွဲတစ်ပွဲကို ဖြတ်သန်းခဲ့ရပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်များစွာ၏ တိုက်ပွဲကြောင့် မရေမတွက်နိုင်သော ဝိညာဉ်သွေးကြောများ ပျက်စီးခဲ့ရလေသည်။
ဤသည်က ကျင့်ကြံခြင်းလောကကို နာမကျန်းဖြစ်စေခဲ့၏။ လူ့ခန္ဓာကိုယ်၏ သွေးကြောများ ပျက်စီးသွားသကဲ့သို့ပင် ဖြစ်ချေသည်။
ထို့ကြောင့်ပင် ကျင့်ကြံခြင်းလောက၏ ဝိညာဉ်ချီသိပ်သည်းဆက တရိပ်ရိပ် ကျဆင်းလာခဲ့ပြီး ကျင့်ကြံသူအရေအတွက်မှာလည်း ပို၍နည်းပါးလာခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ ဤလောက၏ ဝိညာဉ်သွေးကြောများကို ကုသပေးမည့်သူမရှိပါက ဤလောကသည် အနှေးနှင့်အမြန်ဆိုသလို အသံတိတ်ပျောက်ကွယ်သွားမည်သာ ဖြစ်၏။
နောက်ဆုံးတွင် ဝိညာဉ်သွေးကြောအားလုံး အပြီးတိုင် ပျောက်ကွယ်သွားမည်ဖြစ်ပြီး ဤလောက၌လည်း ကျင့်ကြံသူများ ထပ်မံမွေးဖွားလာနိုင်တော့မည် မဟုတ်ပေ။
သို့သော် ယခုမူ မတူညီတော့ချေ။
ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က နိုးထလာခဲ့ချေပြီ။
၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ နွယ်အခက်အလက်များသည် လောကတခွင်နှင့် ဝိညာဉ်သွေးကြောများစွာဆီသို့ ဖြန့်ကြက်သွားလေသည်။
မိမိ၏ခန္ဓာကိုယ်မှ နွယ်ပင်များကို အသုံးပြု၍ ထိုပျက်စီးနေသော၊ သို့မဟုတ် ပျက်သုဉ်းသွားသော ဝိညာဉ်သွေးကြောများနေရာတွင် အစားထိုးလိုက်၏။
ထိုမှတစ်ဆင့် ဤဝိညာဉ်သွေးကြောများကို စတင်နိုးထလာစေပြီး အဆုံးမဲ့ဝိညာဉ်ချီများဖြင့် ထပ်မံပြည့်နှက်လာစေတော့သည်။
ကျင့်ကြံခြင်းလောကတစ်ခုလုံးသည် ဤအခိုက်အတန့်တွင် အသက်ဝင်လာသည့်အလား ရှေးဟောင်းခေတ်၏ အထွတ်အထိပ်အချိန်အခါဆီသို့ ပြန်လည်ရောက်ရှိသွားပုံရသည်။
ပထမအဆင့် ဝိညာဉ်သွေးကြောဖြစ်စေ၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့် ဝိညာဉ်သွေးကြော စသည်တို့ဖြစ်စေ အားလုံးကို ယခုအခါ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က အပြီးတိုင် အသက်သွင်းပေးလိုက်လေပြီ။
မူလက ပျက်စီးသွားခဲ့သော ဝိညာဉ်သွေးကြောများပင်လျှင် ယခုအခါ နွယ်ပင်များဖြင့် အစားထိုးခြင်းကို ခံလိုက်ရသည်။
အခန်း (၆၅၂) - စိတ်ဝိညာဉ်သွေးကြောအစားထိုးမည့် အင်မော်တယ်နွယ်ပင်၊ လောကသုံးပါးကို ပေါင်းစည်းပြီး အင်မော်တယ်ကမ္ဘာသို့ တိုက်ရိုက်ရောက်ရှိနိုင်မည့် နွယ်ပင်(၄)။
ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ကိုယ်ပေါ်ရှိ နွယ်ပင်မြောက်မြားစွာသည် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို လွှမ်းခြုံထားပြီးဖြစ်ကာ ၎င်း၏နွယ်ပင်များကို အသုံးပြု၍ မူလဝိညာဉ်သွေးကြောများနေရာတွင် အစားထိုးလိုက်ပြီဟု ဆိုနိုင်ပေသည်။
ဤသည်က ဤအင်မော်တယ်နွယ်ပင်သည် လောကကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသကဲ့သို့ပင်ဖြစ်၏။
အခြားတစ်နည်းဆိုရလျှင် ၎င်းကိုယ်တိုင်က ကျင့်ကြံခြင်းလောက ဖြစ်လာခြင်းပင်။
သက်ရှိသတ္တဝါအများအပြားသည် ၎င်း၏ကိုယ်ပေါ်တွင် ကပ်တွယ်ကျင့်ကြံကြပြီး ၎င်းထံမှ ယိုဖိတ်ကျလာသော သဘာဝဝိညာဉ်ချီများကို စုပ်ယူကြရတော့မည် ဖြစ်သည်။
"ယုံကြည်နိုင်စရာတောင် မရှိဘူး...”
"ဒါက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်လား...”
ဤမြင်ကွင်းကို အာရုံခံမိပြီးနောက် ကျိုးစွေ့၏စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားရသည်။
သူသည်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဖြစ်ကာ ဤလောက၌ ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဟု သတ်မှတ်နိုင်ပြီး ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း ကျင့်ကြံခြင်းလောကတစ်ခုလုံးနှင့် ယှဉ်လိုက်လျှင်မူ မည်ကဲ့သို့ အရေးပါမည်နည်း။
သို့သော် ယခုအချိန်တွင် ဤထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည် နိုးထလာသည့် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်ကြံခြင်းလောကတစ်ခုလုံးနှင့် ပေါင်းစပ်သွားခဲ့ပြီး ရှေးဟောင်းခေတ်က ပျက်စီးခဲ့သော ဝိညာဉ်သွေးကြောများစွာကို ပြုပြင်ကာ ရှေးဟောင်းခေတ်၏ ခမ်းနားကြီးကျယ်သည့် အခြေအနေသို့ ရုတ်တရက် ပြန်လည်ရောက်ရှိသွားစေခဲ့သည်။
ကိုယ်တိုင် မျက်မြင်မတွေ့ရပါက ဤကဲ့သို့သောကိစ္စမျိုး ဖြစ်ပျက်လာမည်ကို မည်သူက ယုံကြည်နိုင်ပါမည်နည်း။
အမှန်တကယ်ပင် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပြီး အံ့မခန်းဖွယ်ရာ ကောင်းလှသည်။
လက်ရှိ ကျင့်ကြံခြင်းလောက၏ ဝိညာဉ်ချီသိပ်သည်းဆမှာ ဆတိုးကိန်းနှင့်အညီ လျင်မြန်သောအမြန်နှုန်းဖြင့် ပြန်လည်သက်ဝင်လာနေကြောင်းကို သူအာရုံခံမိသည်။
မဟုတ်သေး၊ ပြန်လည်သက်ဝင်လာရုံမျှ ရိုးရှင်းသည်မဟုတ်ချေ။
ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအားအောက်တွင် ရှေးဟောင်းခေတ်ကိုပင် ကျော်လွန်သွားနိုင်စွမ်း ရှိပေသည်။
"နေပါဦး... မပြီးသေးဘူးလား...”
ဤအချိန်တွင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို သိမ်းပိုက်ပြီးနောက်၌ပင် မကျေနပ်သေးဘဲ လောကတစ်ခုကို မျိုချလိုက်ရသည်ကိုပင် အလွန်အမင်း ဆာလောင်နေဆဲဖြစ်ကြောင်း ကျိုးစွေ့ အံ့ဩဖွယ် တွေ့ရှိလိုက်ရသည်။
၎င်းသည် ကျင့်ကြံခြင်းလောကနှင့် ပေါင်းစပ်နေသော ရှေးဟောင်းနတ်ဆိုးလောကနှင့် ရှေးဟောင်းမိစ္ဆာသားရဲလောကကို ချက်ချင်းပင် မျက်စိကျသွားတော့သည်။
ဝုန်း… ဝုန်း… ဝုန်း…။
နောက်တစ်စက္ကန့်တွင် ၎င်း၏ကိုယ်ပေါ်ရှိ နွယ်ပင်များသည် နောက်တစ်ကြိမ် ထပ်မံဖြန့်ကြက်သွားလေသည်။
ယခုအကြိမ်တွင် ကျင့်ကြံခြင်းလောက၏ ဝိညာဉ်သွေးကြောများကို ဆက်သွယ်ရုံမျှ ရိုးရှင်းမနေတော့ဘဲ ရှေးဟောင်းနတ်ဆိုးလောကနှင့် ရှေးဟောင်းမိစ္ဆာသားရဲလောကအတွင်းသို့ပါ တိုက်ရိုက်ဝင်ရောက်ကာ ပေါင်းစပ်သွားတော့၏။
မရေမတွက်နိုင်သော နွယ်ပင်များသည် နတ်ဆိုးကြောများနှင့် မိစ္ဆာကြောများအတွင်းသို့ စိမ့်ဝင်သွားလေသည်။
ထိုလောကကြီးနှစ်ခုကို အပြီးတိုင်ဝါးမျိုကာ တစ်ခုတည်းအဖြစ် ပေါင်းစပ်ပစ်တော့မည့်ပုံ ပေါ်နေချေသည်။
"အရမ်းအစွမ်းထက်လွန်းတယ်...”
ကျိုးစွေ့ မျက်လုံးပြူးသွားကာ ဆွံ့အလျက် မှင်သက်သွားလေသည်။
ဤထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည် အလွန်ရက်စက်ကြမ်းကြုတ်သော ဟန်ပန်ဖြင့် လောကကြီးသုံးခုကို အတင်းအကျပ် ဝါးမျိုပစ်လိုက်သည်ကို သူရှင်းလင်းစွာ မြင်တွေ့နေရ၏။
အစိမ်းရောင်နွယ်ပင်များသည် စပါးကြီးမြွေများအလား လောကကြီးသုံးခုကို ရစ်ပတ်လွှမ်းခြုံထားလေသည်။
ထို့အပြင် တစ်ပတ်ပြီးတစ်ပတ် ရစ်ပတ်ထားခြင်းပင် ဖြစ်၏။
ထို့ကြောင့် လောကကြီးသုံးခုမှာ လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။
၎င်းတို့အနေဖြင့် မည်သို့မျှ ခုခံနိုင်စွမ်းပင် မရှိတော့ဘဲ မိမိတို့ကိုယ်တိုင် ဝါးမျိုခံရမည့်အရေးကို ငုတ်တုတ်ထိုင်၍ ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။
ဤသည်မှာ သက်ရှိသတ္တဝါတစ်ကောင်က တစ်လောကလုံးအား ဝါးမျိုနိုင်သည်ကို သူ၏တစ်သက်တာတွင် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းလည်း ဖြစ်ပေသည်။
အမှန်အတိုင်းဆိုရလျှင် မြွေက ဆင်ကိုမျိုသည်ဆိုခြင်းမှာ မည်သို့မျှ ပြောပလောက်မည် မဟုတ်တော့ချေ။
ယခုသည်ကား လောကကြီးသုံးခုကို တစ်ပြိုင်နက်တည်း မျိုချနေခြင်း ဖြစ်၏။
ဤသို့သော ကြီးမြတ်လှသည့် စွမ်းအားမျိုးမှာ စိတ်ကူးယဉ်နိုင်စွမ်းထက်ပင် ကျော်လွန်နေပေသည်။ ဤသည်က အင်မော်တယ်တစ်ပါး၏ စွမ်းအားပင်လော။
သာမန်လူများ တွေးတောနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသည်မှာ အမှန်ပင် ဖြစ်လေသည်။
တစ်ရက်တာမျှ အချိန်လေးသာ ကြာမြင့်ခဲ့၏။
ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည် ဝါးမျိုခြင်းကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏ကိုယ်ပေါ်ရှိ နွယ်ပင်များသည် ရှေးဟောင်းနတ်ဆိုးလောကနှင့် ရှေးဟောင်းမိစ္ဆာသားရဲလောကရှိ နတ်ဆိုးကြောများနှင့် မိစ္ဆာကြောများစွာထဲသို့ ဝင်ရောက်ပေါင်းစပ်သွားခဲ့ပြီး အပြည့်အဝ ထိန်းချုပ်နိုင်သွားလေပြီ။
ဝုန်း… ဝုန်း… ဝုန်း…။
ထိုအချိန်တွင် လောကကြီးသုံးခုက တဖြည်းဖြည်း ချဉ်းကပ်လာကာ ပေါင်းစည်းလာသည်ကို မြင်တွေ့လိုက်ရသည်။
အစပထမတွင် ပေါင်းစပ်သွားရုံမျှသာဖြစ်ပြီး ပူဖောင်းသုံးခု အချင်းချင်း ပေါင်းကူးဆက်စပ်သွားသကဲ့သို့သာ ရှိသေးသည်။
သို့ရာတွင် ယခုမူ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအားအောက်၌ ဧရာမလောကပူဖောင်းသုံးခုမှာ တစ်ခုတည်းအဖြစ် စတင်ပေါင်းစည်းသွားပြီး ချက်ချင်းပင် ကြီးမားလှသော မဟာပူဖောင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဤသည်က တစ်အပေါင်းတစ် ဟူသကဲ့သို့ ရိုးရှင်းလှသည်မဟုတ်ပေ။ အင်အားကြီးမားလှသည့် အရာများ ပေါင်းစပ်သွားခြင်းဖြစ်ရာ စိတ်ကူးထက်ကျော်လွန်သော စွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်လာစေသည်။
"လောကတွေ ပေါင်းစပ်သွားပြီ...”
ကျိုးစွေ့ အံ့ဩမှင်သက်သွားလေသည်။
သူကိုယ်တိုင်ပင် ဤသည်ကို မည်သို့ လုပ်ဆောင်လိုက်ကြောင်း မသိရှိချေ။
သို့သော် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအားအောက်၌ လောကကြီးသုံးခုမှာ အမှန်တကယ်ပေါင်းစပ်နေပြီး လျင်မြန်စွာပင် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။
ဝုန်း…။
နောက်တစ်စက္ကန့်တွင် ကြီးမားလှသော အချက်အလက်များက ဒီရေလှိုင်းများအလား သူ၏သိစိတ်ပင်လယ် နက်ရှိုင်းရာဆီသို့ ဝင်ရောက်လာတော့၏။
ရုတ်တရက် သူ၏ဝိညာဉ်မှာ ရှေးဟောင်းခေတ်သို့ ကူးပြောင်းသွားသကဲ့သို့ နှစ်သန်းပေါင်းများစွာ အတိတ်ကာလသို့ ရောက်ရှိသွားလေသည်။
အဆုံးမဲ့လေဟာနယ်ထဲတွင် ပုံရိပ်သုံးခုပေါ်လာခဲ့ပြီး ထိုအထဲမှ တစ်ခုမှာ အံ့ဩဖွယ်ကောင်းစွာဖြင့် ချန်ချွန်းတာအိုအရှင် ဖြစ်နေပေသည်။
အခြားပုံရိပ်တစ်ခုမှာ ရှေးဟောင်းနတ်ဆိုးတစ်ကောင်ဖြစ်ကာ လေဟာနယ်ကို ဆုတ်ဖြဲပစ်နိုင်သည့် ကြောက်မက်ဖွယ်နတ်ဆိုးချီများက ကိုယ်ပေါ်တွင် ပျံ့နှံ့နေ၏။
ကျန်ရှိသော ပုံရိပ်တစ်ခုမှာ ရှေးဟောင်းမိစ္ဆာသားရဲတစ်ကောင်ဖြစ်ပြီး လေဟာနယ်ကို တိုက်စားဖျက်ဆီးနိုင်သော ကြောက်စရာကောင်းသည့် မိစ္ဆာချီများဖြင့် ဖုံးလွှမ်းနေလေသည်။
ဤရှေးဟောင်းနတ်ဆိုးနှင့် ရှေးဟောင်းမိစ္ဆာတို့က ပူးပေါင်းကာ ချန်ချွန်းတာအိုအရှင်ကို အတူတကွ ရင်ဆိုင်တိုက်ခိုက်ကြခြင်း ဖြစ်၏။
သုံးပွင့်ဆိုင်တိုက်ပွဲမှာ ကောင်းကင်နှင့်မြေကြီး ပြိုကွဲလုမတတ် ပြင်းထန်လွန်းလှပြီး နေနှင့်လတို့ အလင်းကွယ်ကာ လေဟာနယ်တစ်ခုလုံး အက်ကွဲပျက်စီးသွားရသည်။
တိုက်ခိုက်မှုတိုင်းတွင် လောကကို ဖျက်ဆီးနိုင်သည့် အရှိန်အဝါများ ပါဝင်နေပုံရချေသည်။
နောက်ဆုံးတွင် ချန်ချွန်းတာအိုအရှင်သာလျှင် အသက်ရှင်ကျန်ရစ်ခဲ့ပြီး ထိုရှေးဟောင်းနတ်ဆိုးနှင့် ရှေးဟောင်းမိစ္ဆာတို့မှာ လွင့်စင်သွားကာ သာမန်လောကတစ်ခုစီသို့ အသီးသီး ကျဆင်းသွားခဲ့သည်။ ၎င်းတို့၏ ရုပ်အလောင်းများကို ထိုလောကများက ဝါးမျိုသွားခဲ့လေသည်။
ထို့နောက် ရှေးဟောင်းနတ်ဆိုး၏ ရုပ်အလောင်းက ပြင်းထန်သော ရှေးဟောင်းနတ်ဆိုးချီများကို ထုတ်လွှတ်ကာ မရေမတွက်နိုင်သော နတ်ဆိုးမိစ္ဆာများကို ဖန်တီးခဲ့၏။
ရှေးဟောင်းမိစ္ဆာ၏ ရုပ်အလောင်းကလည်း မိစ္ဆာချီများကို ထုတ်လွှတ်ကာ မြောက်မြားစွာသော မိစ္ဆာသားရဲများကို ဖြစ်ပေါ်လာစေခဲ့သည်။
ချန်ချွန်းတာအိုအရှင်မှာမူ ကျင့်ကြံသူတို့၏ ခေတ်ကောင်းတစ်ခုကို ဖန်တီးတည်ထောင်ခဲ့သည်။
'တကယ်တော့ ရှေးဟောင်းနတ်ဆိုးလောကနဲ့ ရှေးဟောင်းမိစ္ဆာလောကကလည်း လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက နတ်ဆိုးအင်မော်တယ်တစ်ပါးနဲ့ မိစ္ဆာအင်မော်တယ်တစ်ပါးဆီကနေ ဆင်းသက်လာခဲ့တာကိုး'
ကျိုးစွေ့၏ မျက်လုံးများတွင် တောက်ပသောအလင်းရောင်တစ်ခု ပေါ်ထွက်လာ၏။
အတိတ်ကာလက ချန်ချွန်းတာအိုအရှင်သည် ဤလောကကြီးနှစ်ခုကို ဆွဲယူလာခဲ့ခြင်းမှာ ကြုံရာကျပန်းဆွဲယူလာခဲ့ခြင်း မဟုတ်ကြောင်း ထင်ရှားလှသည်။
ဤလောကကြီးနှစ်ခုတွင်လည်း အင်မော်တယ်တို့၏ မူလရင်းမြစ်များ ပါဝင်နေသောကြောင့်သာ ၎င်းတို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။
သာမန်လောကများကို ပေါင်းစပ်ရုံဖြင့် စိတ်ဝိညာဉ်လောကနှင့် ယှဉ်နိုင်သော လောကကြီးတစ်ခုအဖြစ်သို့ ကြီးထွားလာနိုင်မည်ဆိုပါက ထိုသည်မှာ ယုတ္တိလုံးဝမရှိချေ။
သို့သော် အင်မော်တယ်သုံးပါး၏ မူလရင်းမြစ်များပါဝင်သော လောကများသာ ပေါင်းစပ်သွားပါက စိတ်ဝိညာဉ်လောကကဲ့သို့ မဟာလောကကြီးတစ်ခုအဖြစ် ကြီးထွားလာနိုင်မည်မှာ အသေအချာပင်ဖြစ်ပြီး စိတ်ဝိညာဉ်လောကကိုပင် ကျော်လွန်သွားနိုင်စွမ်း ရှိလေသည်။
'ချန်ချွန်းတာအိုအရှင်က ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို အသုံးပြုပြီး လောကကြီးသုံးခုကို ဝါးမျိုချင်ခဲ့တာပဲ'
'ဒါ့အပြင် တခြားအင်မော်တယ်နှစ်ပါးရဲ့ မူလရင်းမြစ်တွေကိုပါ တစ်ခါတည်း ဝါးမျိုပြီး ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို ကြီးထွားစေချင်ခဲ့တာ'
'ချန်ချွန်းတာအိုအရှင်က တကယ်မသေသေးဘဲ ရှင်သန်လာဖို့ အခွင့်အရေး ရှိနေသေးတာများလား...’
ကျိုးစွေ့သည် မေးစေ့ကို ပွတ်သပ်လိုက်ရင်း ထိုဖြစ်နိုင်ခြေကို မတွေးဘဲမနေနိုင်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်တို့၏ စွမ်းရည်များကို သူ့အနေဖြင့် သေချာစွာ နားလည်ထားခြင်း မရှိသေးပေ။ သို့သော် အင်မော်တယ်ဟူသော အဆင့်အတန်းမျိုး၌ မည်မျှများပြားသည့် လျှို့ဝှက်နည်းလမ်းများ ရှိနေမည်ကို မည်သူမျှ မသိနိုင်ကြောင်းကိုမူ သူ ကောင်းစွာ သိထားလေသည်။
တကယ်တမ်း လူဝင်စားပြီး ပြန်လည်မွေးဖွားလာနိုင်မည့် နည်းလမ်းများ ရှိနေသည်ဆိုလျှင်လည်း ဆန်းကြယ်သည်ဟုမဆိုသာ၊ တစ်ဖက်လူသည် တကယ်တမ်း သေဆုံးသွားခဲ့ပြီလည်း ဖြစ်နိုင်ပေသည်။
'တကယ်လို့ ဒီလိုသာဆိုရင် ချန်ချွန်းတာအိုအရှင်ရဲ့ ဒီအစီအစဉ်က တကယ်ပဲ စေတနာလား၊ ဒါမှမဟုတ် အကြံအစည် တစ်ခုခုရှိနေတာလား...’
ကျိုးစွေ့သည် မျက်လုံးများကို မှေးကျဉ်းလိုက်၏။
အမှန်အတိုင်းဆိုရလျှင် ချန်ချွန်းတာအိုအရှင်၏ ရည်ရွယ်ချက်ကို ပြောပြရန် ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အဆင့်အတန်းရှိသည့် တည်ရှိမှု၏စွမ်းအားသည် အလွန်အမင်း အားကောင်းလွန်းလှပြီး စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့်ပင်။
အရေးအကြီးဆုံးအချက်မှာ သူ၏စွမ်းအားက အလွန်အမင်း အားနည်းနေသေးခြင်း ဖြစ်လေသည်။ အကယ်၍ သူသာ အင်မော်တယ်တို့၏ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားမည်ဆိုပါက တစ်ဖက်လူက စေတနာဖြစ်စေ၊ အကြံအစည်ရှိသည်ဖြစ်စေ သူအနေဖြင့် လုံးဝ ဂရုစိုက်နေမည် မဟုတ်ချေ။
အမျိုးမျိုးသော ဖြစ်နိုင်ခြေများကို ခန့်မှန်းပြီး ထိတ်လန့်ကြောက်ရွံ့နေရန်လည်း ဧကန်မုချ လိုအပ်နေမည်မဟုတ်တော့။
'ထားလိုက်ပါတော့… စေတနာပဲဖြစ်ဖြစ် အကြံအစည်ပဲဖြစ်ဖြစ်...’
'ငါ့အတွက် အရေးအကြီးဆုံးက ကိုယ့်ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင် လုပ်ဖို့ပဲ...’
'စွမ်းအားသာ လုံလုံလောက်လောက် ရှိနေမယ်ဆိုရင် ဘယ်လို ပရိယာယ်မျိုးကိုမဆို ရင်ဆိုင်နိုင်မှာပဲ...’
ကျိုးစွေ့သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။
အမှန်အတိုင်းဆိုရလျှင် သူ့အနေဖြင့် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို လက်လွှတ်လိုက်ရန်မှာလည်း မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ချန်ချွန်းတာအိုအရှင်၏ အစီအစဉ်က သူ့အတွက် ကြီးမားလှသော အကျိုးကျေးဇူးများကို အမှန်တကယ် ယူဆောင်လာပေးနိုင်သည် မဟုတ်လော။
ကျင့်ကြံခြင်းလောကတစ်ခုလုံးကို စိတ်ဝိညာဉ်လောကကဲ့သို့သော အဆင့်မြင့်ကမ္ဘာကြီးတစ်ခုအဖြစ်သို့ မြှင့်တင်ပေးနိုင်စွမ်း ရှိပေသည်။ သူက ဤကမ္ဘာကြီး၏ အစစ်အမှန်အရှင်သခင်တစ်ဦး ဖြစ်လာနိုင်ပြီး မရေမတွက်နိုင်သော အရင်းအမြစ်များကို သိမ်းပိုက်ရယူနိုင်မည် ဖြစ်သည်။ ယင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများမှာ မည်မျှများပြားမည်ဆိုသည်ကို စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပေသည်။
ရင့်ကျက်သော ကျင့်ကြံသူတစ်ဦးအနေဖြင့် ချိုမြိန်သော အကျိုးအမြတ်များကို လက်ဝယ်အရယူပြီး ဘေးအန္တရာယ်များကို ပြန်လည်တွန်းလှန်ပစ်မည်က သဘာဝပင် ဖြစ်လေသည်။ ချန်ချွန်းတာအိုအရှင် ထပ်မံ၍ ရှင်သန်လာပြီး ဤအရာအားလုံးကို လုယူရန် ကြိုးစားမည်ဆိုလျှင်ပင် အချည်းနှီးသာ ဖြစ်သွားပေလိမ့်မည်။