← Chapters

အခန်း (၆၅၃-၆၅၄)

Vol. 61 Ch. 653-654

အခန်း (၆၅၃-၆၅၄)

Vol. 61 Ch. 653-654

အခန်း (၆၅၃) - စိတ်ဝိညာဉ်သွေးကြောအစားထိုးမည့် အင်မော်တယ်နွယ်ပင်၊ လောကသုံးပါးကို ပေါင်းစည်းပြီး အင်မော်တယ်ကမ္ဘာသို့ တိုက်ရိုက်ရောက်ရှိနိုင်မည့် နွယ်ပင်(၅)။

'ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို ထိန်းချုပ်ဖို့ဆိုတာကလည်း မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ဘူး...’

'’ဆေးဝါးကူ’ရဲ့ စွမ်းအားက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို နှိမ်နင်းဖို့ ကွက်တိပဲ...’

ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

အမှန်အတိုင်းဆိုရလျှင် 'ဆေးဝါးကူ'သည် ဆေးအရည်စက်များကို ဖန်တီးပေးနိုင်စွမ်းရှိပြီး ထိုထူးခြားသော ဆေးအရည်များက အပင်များ၏ ကြီးထွားမှုကို အရှိန်မြှင့်တင်ပေးနိုင်သည်။

အထူးသဖြင့် 'ဆေးဝါးကူ'သည် ပဉ္စမအဆင့် အောက်ခြေသို့ အဆင့်တက်သွားပြီးနောက်ပိုင်းတွင် ပို၍သိသာလာသည်။ ၎င်း ဖန်တီးပေးသော ဆေးအရည်သည် တစ်နှစ်လျှင် နှစ်တစ်ထောင်နှင့် ညီမျှပေသည်။

ဤမျှ အံ့မခန်းဖြစ်စေသော အကျိုးသက်ရောက်မှုမျိုးက အဘယ်ကြောင့် တန်ဖိုးပေးဆပ်စရာမလိုဘဲ နေပါမည်နည်း။

ထိုအပင်များသည် ဆေးအရည်ကို အပြည့်အဝ လက်ခံလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့သည် 'ဆေးဝါးကူ'၏ ထိန်းချုပ်ခြင်းကို ခံရကာ အလိုအလျောက်ပင် 'ဆေးဝါးကူ'၏ လက်အောက်ခံများ ဖြစ်သွားကြမည် ဖြစ်၏။

တစ်နည်းအားဖြင့်ဆိုရလျှင် 'ဆေးဝါးကူ'သည် အပင်တစ်သောင်း၏ အရှင်သခင်ပင် ဖြစ်လေသည်။ ဆေးအရည်၏ စွမ်းအားကို အသုံးပြု၍ မရေမတွက်နိုင်သော အပင်များကို ထိန်းချုပ်နိုင်စွမ်း ရှိ‌သည်။

သို့သော် အပင်အများစုမှာ စိတ်ဝိညာဉ်မရှိသကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေးလည်း မရှိကြပေ။ ထို့ကြောင့် ဤစွမ်းရည်မှာ သိပ်ပြီး ပေါ်လွင်ထင်ရှားလာမှု မရှိခဲ့ခြင်းသာ။

ထိုအကြောင်းကြောင့်ပင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည် သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားပြီး ကြီးမားသော ပြဿနာများကို ဖန်တီးလာမည်ကို သူ လုံးဝကြောက်ရွံ့နေခြင်း မရှိပေ။

ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ပေါ်တွင် ချန်ချွန်းတာအိုအရှင်၏ အမှတ်အသားများ တကယ်တမ်း ကျန်ရှိနေခဲ့လျှင်ပင် 'ဆေးဝါးကူ'၏ စွမ်းအားကို အသုံးပြု၍ ထိုထူးခြားသော အမှတ်အသားများကို အလွယ်တကူ ဆေးကြောသန့်စင်ပစ်နိုင်ပေသည်။

'ကြည့်ရတာ နောက်တစ်ဆင့်အနေနဲ့ ‘ဆေးဝါးကူ’ကို အသုံးချရတော့မယ်ထင်တယ်...’

'များပြားလှတဲ့ ဆေးအရည်တွေကို ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ပေါ်ကို အစက်ချပေးရမယ်...’

'ဒီလိုလုပ်မှပဲ အင်မော်တယ်ကမ္ဘာကလာတဲ့ ဒီကောင်းကင်နဲ့မြေကြီး စိတ်ဝိညာဉ်အမြစ်ကို ထိန်းချုပ်နိုင်လိမ့်မယ်...’

ကျိုးစွေ့သည် မေးစေ့ကို ပွတ်သပ်လိုက်၏။

မည်သို့ပင်ဖြစ်စေ ယခုအချိန်၌ သူ့အနေဖြင့် ပဉ္စမအဆင့် စိတ်ဝိညာဉ်ဆေးပင်များကို အများအပြား မလိုအပ်တော့ပေ။ လက်ရှိ အရေးအကြီးဆုံးကိစ္စမှာ အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသည့် ဤကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်အမြစ်ဖြစ်သော အင်မော်တယ်အဆင့် အပင်ကြီးကို ထိန်းချုပ်နိုင်ရန်ပင် ဖြစ်လေသည်။

ဂျုန်း... ဂျုန်း... ဂျုန်း...

ကျိုးစွေ့ ထပ်မံ၍ တွေးတောနေချိန် မရလိုက်ခင်မှာပင် လောကသုံးခု ပေါင်းစည်းသွားမှုနှင့်အတူ ကျင့်ကြံခြင်းလောကတစ်ခုလုံးသည် ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ကြီးမားသော အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာတော့သည်။

ပထမဦးဆုံး ပြင်းထန်သော အပြောင်းအလဲများ ဖြစ်ပေါ်လာသည့် နေရာမှာ ရွှမ်ဟွမ်ကျွန်းပင် ဖြစ်‌သည်။ ဤအချိန်၌ ရွှမ်ဟွမ်ကျွန်း၏ ကုန်းမြေဧရိယာမှာ အဆက်မပြတ် ကြီးထွားလာပြီး အဆက်မပြတ် ကျယ်ပြန့်လာနေခဲ့သည်။ စက္ကန့်တိုင်းစက္ကန့်တိုင်းမှာပင် ကုန်းမြေသည် ကီလိုမီတာသောင်းချီ၍ ကျယ်ပြန့်လာနေသကဲ့သို့ ထင်မှတ်ရပေသည်။

မူလက ရှိနေသော တောင်တန်းများနှင့် မြစ်များသည်လည်း အဆပေါင်းများစွာ ကြီးထွားလာကြလေသည်။ ယခင်အချိန်များနှင့် နှိုင်းယှဉ်ကြည့်လျှင် အဆပေါင်း တစ်သောင်းကျော်ခန့် ကျယ်ပြန့်လာသကဲ့သို့ပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှမ်ဟွမ်ကျွန်းမှာ ကျွန်းတစ်ကျွန်း မဟုတ်တော့ဘဲ ကျယ်ပြောလှသော ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

အရှေ့ပိုင်းကုန်းမြေတိုက်ကြီးနှင့် အနောက်ပိုင်းကုန်းမြေတိုက်ကြီး စသည်တို့သည် ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးနှင့် နှိုင်းယှဉ်လိုက်လျှင် ဖော်ပြရန်ပင် မတန်တော့ချေ။ မပြောပလောက်သော အစက်အပြောက်လေးများကဲ့သို့သာ ဖြစ်သွားတော့သည်။

မားမားမတ်မတ် ရပ်တည်နေသော တောင်တန်းကြီးများသည် ကီလိုမီတာ သန်းရာချီ၍ သွယ်တန်းရှည်လျားသွား၏။ နတ်ဘုရားများအလား အဆုံးအစမရှိသော ကုန်းမြေပြင်ကြီးပေါ်တွင် ခန့်ညားစွာ နေရာယူထားကြလေသည်။ မြစ်များသည်လည်း ကီလိုမီတာသန်းပေါင်း ဆယ်ချီမှစ၍ သန်းတစ်ရာအထိပင် ရှည်လျားသွားကြသည်။

သို့သော် ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးက ချန်လန်ပင်လယ်ဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားမည်ကို စိုးရိမ်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤပင်လယ်ပြင်ကြီးသည်လည်း အလျင်အမြန်ပင် ကျယ်ပြန့်လာနေသောကြောင့် ဖြစ်သည်။

"ကုန်းမြေတိုက်ကြီးတစ်ခုအဖြစ်တောင် ပြောင်းလဲသွားတာလား...”

ကျိုးစွေ့သည်ပင် ကြက်သေ သေသွားရလေသည်။

ရွှမ်ဟွမ်ကျွန်းတွင် ဤကဲ့သို့သော အပြောင်းအလဲမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ သို့သော် ဤအရာအားလုံးသည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်နှင့် ကြီးမားသော ဆက်စပ်မှု ရှိနေပေသည်။

ဤနေရာသည် ၎င်း ကြီးထွားလာရာ နေရာဖြစ်သောကြောင့် ဧရာမ မြေစွမ်းအင်များနှင့် ရွှမ်ဟွမ်စွမ်းအင်များကို သဘာဝအလျောက် ဆွဲဆောင်လာခဲ့ခြင်း ဖြစ်သည်။

မြောက်မြားစွာသော မြေဆီလွှာများသည် တစ်နေရာတည်းသို့ စုစည်းလာကြလေသည်။ ယင်းကပင်လျှင် ရွှမ်ဟွမ်ကျွန်းကို အံ့မခန်းအရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာစေခဲ့ခြင်းပင်။

ခဏတာအတွင်းမှာပင် ကြီးမားကျယ်ပြန့်လာခဲ့တော့သည်။ ထို့အပြင် ဤသည်က အစပျိုးမျှသာ ရှိသေး‌ချေသည်။ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ အဆက်မပြတ် ကြီးထွားလာမှုနှင့်အတူ ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးသည်လည်း နောက်ထပ် ကျယ်ပြန့်လာဦးမည် ဖြစ်သည်။

ဤသည်မှာ အဆက်မပြတ် ကြီးထွားနိုင်စွမ်းရှိသည့် အဆင့်မြင့်ကုန်းမြေကြီးတစ်ခုပင် ဖြစ်ချေတော့သည်။

"ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကလည်း ကြီးထွားလာနေပုံပဲ...”

ကျိုးစွေ့က မော့ကြည့်လိုက်၏။

ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည်လည်း လျင်မြန်စွာ ကြီးထွားလာနေပြီး မြေပြင်မှနေ၍ ထိုးထွက်လာကာ မြေကြီးအနက်ပိုင်းမှနေ၍ ကောင်းကင်သို့ ထိုးဖောက်တက်သွားသည့် မိုးပျံသစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြောက်မြားစွာသော အစိမ်းရောင်နွယ်ပင်များသည် တစ်ခုနှင့်တစ်ခု ရစ်ပတ်သွားကာ ဧရာမသစ်ပင်ကြီးတစ်ပင်အလား ကောင်းကင်ကိုးလွှာအထက်သို့တိုင် ကြီးထွားသွားပြီး ဤကမ္ဘာကြီး၏ အတားအဆီးများထဲအထိပင် ထိုးဖောက်ဝင်ရောက်သွားလေသည်။

ဤရှေးဟောင်း အစိမ်းရောင်နွယ်ပင်ကြီးများမှ ဖြစ်တည်လာသော သစ်ပင်ကြီးသည် မည်မျှအထိ မြင့်မားမည်ကို မည်သူမျှ မသိနိုင်ကြချေ။ အစွမ်းကုန် ပျံသန်းသွားမည်ဆိုလျှင်ပင် ၎င်း၏ အစိတ်အပိုင်းတစ်ခုကိုသာ မြင်တွေ့နိုင်မည် ဖြစ်သည်။

ဤနွယ်ပင်ကြီးသည် အင်မော်တယ်ကမ္ဘာနှင့် ဆက်သွယ်တော့မည့်အလားပင်။ အကယ်၍ ၎င်း၏ အမြင့်ဆုံးအဆင့်ထိ ကြီးထွားလာခဲ့မည်ဆိုပါက သာမန်လူများသည်ပင် ဤသစ်ပင်ကြီးမှတစ်ဆင့် အင်မော်တယ်ကမ္ဘာအတွင်းသို့ တွယ်တက်သွားနိုင်ကောင်း သွားနိုင်ပေလိမ့်မည်။

၎င်း၏ ခန္ဓာကိုယ်ထက်တွင် အလွန်အမင်း သိပ်သည်းလှသော သက်စောင့်စွမ်းအင်များ ပျံ့နှံ့နေပြီး အထက်တွင် မရေမတွက်နိုင်သော ဆန်းကြယ်သည့် အစိမ်းရောင်မန္တန်အက္ခရာများ တောက်ပနေကာ လှပတင့်တယ်လှသည့် အစိမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည်ကို မြင်တွေ့လိုက်ရ၏။

တစ်ချိန်တည်းမှာပင် ၎င်း၏ ခန္ဓာကိုယ်သည်လည်း အလွန်တရာ ကြီးမားလှပြီး တောင်တန်းကြီးများအလား ကီလိုမီတာသောင်းချီ၍ သွယ်တန်းနေတော့သည်။

"အရမ်းများလွန်းသွားပြီ...”

ကျိုးစွေ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ယခုကဲ့သို့ လောကသုံးခုပေါင်းစည်းသွားမှုက ကျင့်ကြံခြင်းလောကကို ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ပြောင်းလဲသွားစေမည်ကို သူ ကြိုတင်သိရှိထားသော်လည်း အပြောင်းအလဲက ဤမျှအထိ အံ့မခန်းဖြစ်လိမ့်မည်ဟုကား ထင်မှတ်မထားခဲ့ပေ။ ကမ္ဘာတစ်ခုလုံး၏ မြေပုံကိုယ်တိုင်က ပြောင်းလဲသွားခဲ့လေပြီ။

ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ရှုထောင့်မှတစ်ဆင့် ကျင့်ကြံခြင်းလောက၊ ရှေးဟောင်းသားရဲကမ္ဘာနှင့် ရှေးဟောင်းနတ်ဆိုးကမ္ဘာတို့ ပေါင်းစည်းသွားပြီးနောက်ပိုင်းတွင် မည်သို့ဖြစ်လာမည်ကို သိရှိနိုင်‌သည်။ ဤကမ္ဘာကြီးအတွင်း ချက်ချင်းဆိုသလိုပင် အဆင့်မြင့်ကုန်းမြေတိုက်ကြီး ဆယ့်သုံးခုက ပေါ်ထွက်လာခဲ့၏။

ယင်းတို့အနက်မှ ကုန်းမြေတိုက်ကြီးတစ်ခုမှာ သဘာဝကျကျပင် ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးဖြစ်ပြီး နောက်ထပ်လေးခုမှာ ကျင့်ကြံခြင်းလောက၏ မူလကုန်းမြေတိုက်ကြီးများ ဖြစ်ကြသည်။

ကျန်ရှိနေသော ကုန်းမြေတိုက်ကြီးများမှာမူ ရှေးဟောင်းသားရဲကမ္ဘာမှ ဆင်းသက်လာခြင်းပင် ဖြစ်‌သည်။ ထိုရှေးဟောင်းသားရဲကမ္ဘာမှ သားရဲများသည်လည်း သေဆုံးသွားခြင်းမရှိဘဲ ဤကုန်းမြေတိုက်ကြီးများနှင့်အတူ ကျင့်ကြံခြင်းလောကအတွင်းသို့ ပေါင်းစည်းဝင်ရောက်လာခဲ့ကြသည်။

ပင်လယ်ပြင်ကြီးအတွင်း၌လည်း ရှေးဟောင်းသားရဲကမ္ဘာမှ ကျွန်းပေါင်းများစွာ ပေါ်ထွက်လာခဲ့၏။ သမုဒ္ဒရာများသည်လည်း တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားကြကာ ပို၍ကြီးမားကျယ်ပြန့်သော ပင်လယ်ပြင်ကြီးအဖြစ်သို့ ဖြစ်တည်သွားကြသည်။

ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ မြောက်မြားစွာသော ကုန်းမြေများနှင့် ရုပ်ဝတ္ထုပစ္စည်းများမှာမူ ကျင့်ကြံခြင်းလောက၏ ကုန်းမြေအောက်ခြေ အနက်ပိုင်းသို့ အကုန်အစင် ပေါင်းစည်းဝင်ရောက်သွားကြပြီး မြေအောက်ကမ္ဘာတစ်ခု၊ သို့မဟုတ် မြေအောက်နတ်ဆိုးဂူများအဖြစ်သို့ ပြောင်းလဲသွားကြချေပြီ။

မြောက်မြားစွာသော နတ်ဆိုးတိုင်းပြည်များသည် မြေအောက်နတ်ဆိုးဂူ အနက်ပိုင်းများတွင် တည်ရှိနေကြတော့သည်။

သို့သော် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအားက မြေကြီးကို ပိတ်လှောင်ထားသောကြောင့် ၎င်းတို့သည် ကုန်းမြေပေါ်သို့ ထိုးဖောက်ထွက်လာနိုင်စွမ်း မရှိကြတော့ဘဲ သတ်မှတ်ထားသော ဂူပေါက်အချို့မှသာလျှင် မြေအောက်နတ်ဆိုးဂူမှ ထွက်လာနိုင်ကြမည် ဖြစ်သည်။

'ဒီနတ်ဆိုးတွေက ဟိုရှေးဟောင်းနတ်ဆိုးဆီကနေ ဆင်းသက်လာတာပဲ...’

'ရှေးဟောင်းနတ်ဆိုး သေဆုံးသွားပြီးနောက်ပိုင်းမှာ သူ့ရဲ့ တစ်သက်တာ အနှစ်သာရတွေ ဖြစ်တဲ့ ရှေးဟောင်းနတ်ဆိုး နှလုံးသားတစ်လုံးကို ချန်ရစ်ထားခဲ့တယ်...’

'ဒီနှလုံးသား မပျက်စီးသရွေ့တော့ နတ်ဆိုးတွေလည်း မျိုးတုံးပျောက်ကွယ်သွားမှာ မဟုတ်ဘူး...’

'အခုထိတိုင် နတ်ဆိုးအမြောက်အများကို အဆက်မပြတ် မွေးဖွားပေးနိုင်နေတုန်းပဲ...’

'ဒါပေမဲ့ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်အတွက်တော့ ဒီနတ်ဆိုးတွေက တကယ်တော့ မြေသြဇာတွေပဲ… သူက ဒီနတ်ဆိုးတွေရဲ့ စွမ်းအားကို စုပ်ယူပြီး သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အလျင်အမြန် မြှင့်တင်နိုင်သလို ယခင်က စွမ်းအားတွေကိုလည်း ပြန်လည်ရယူနိုင်လိမ့်မယ်...’

ရှေးဟောင်းနတ်ဆိုးကမ္ဘာတစ်ခုလုံးကို မြေအောက်နတ်ဆိုးဂူအတွင်းသို့ အဘယ်ကြောင့် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က ဖမ်းဆီးချုပ်နှောင်ထားရသနည်းဆိုသည်ကို ကျိုးစွေ့တစ်ယောက် ချက်ချင်းဆိုသလို နားလည်သဘောပေါက်သွားသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့ မြေအောက်တွင်ရှိနေခြင်းက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်အတွက် နတ်ဆိုးများ၏ စွမ်းအားများကို ဝါးမျိုရန် ပို၍အဆင်ပြေစေသောကြောင့်ပင်။

ထိုသို့ဆိုလျှင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ကြီးထွားမှုနှုန်းကိုလည်း ပိုမိုမြန်ဆန်လာစေနိုင်ပေမည်။

'တစ်နည်းအားဖြင့်ပြောရရင် အခု ကမ္ဘာကြီးတစ်ခုလုံးမှာ သားရဲမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့က အတူတကွ ပူးတွဲတည်ရှိနေကြပြီပေါ့...’

'အနာဂတ်ရဲ့ အချိန်အတော်ကြာတဲ့အထိ မျိုးနွယ်စုသုံးခုက အာဏာလုကြတဲ့အခြေအနေ ဖြစ်နေလိမ့်မယ်...’

'မဟုတ်သေးဘူး၊ မျိုးနွယ်စုသုံးခုက အာဏာလုကြတာမျိုး မဖြစ်နိုင်ဘူး...’

'ငါရှိနေသရွေ့တော့ အရာအားလုံးက တစ်ခုတည်းအောက်မှာပဲ ရှိနေရမယ်… လူသားမျိုးနွယ်ကသာ ကြီးစိုးလွှမ်းမိုးထားရလိမ့်မယ်...’

ကျိုးစွေ့၏ မျက်လုံးများအတွင်း တောက်ပသောအလင်းများ ဖြတ်ပြေးသွားပြီး အလွန်အမင်း စိတ်လှုပ်ရှားလာခဲ့သည်။

စိတ်ဝိညာဉ်လောကနှင့် ယှဉ်နိုင်သည့် ဧရာမ အဆင့်မြင့်ကမ္ဘာကြီးတစ်ခုကို သူ ထိန်းချုပ်ထားနိုင်ပြီဟု တွေးလိုက်မိသည်နှင့် သူ၏စိတ်လှုပ်ရှားမှုမှာ အတိုင်းအဆမရှိ ဖြစ်သွားရတော့သည်။

သေချာသည်မှာ လက်ရှိအချိန်၌ ဤကမ္ဘာကြီးသည် စိတ်ဝိညာဉ်လောကနှင့် နှိုင်းယှဉ်နိုင်သည့်အဆင့်အထိ ကြီးထွားလာခြင်းတော့ မရှိသေးပေ။

မည်သို့ပင်ဖြစ်စေကာမူ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်မှာ ကြီးထွားလာရန် အချိန်လိုအပ်နေသေးသည် မဟုတ်ပါလော။ သို့သော် ယင်းမှာလည်း အနှေးနှင့်အမြန် ဖြစ်လာရမည့် ကိစ္စရပ်တစ်ခုသာ ဖြစ်ချေတော့သည်။

အခန်း (၆၅၄) - ရွှမ်ဟွမ်ကမ္ဘာလောက ပေါ်ထွန်းလာခြင်း၊ ကမ္ဘာလောကတစ်ခု၏ အရှင်သခင်၊ စဉ်ဆက်မပြတ် စီးဆင်းနေသော အင်မော်တယ်မူလချီများ(၁)။

ဤအခိုက်အတန့်တွင် ဘေး၌ရပ်ကာ ပွဲကြည့်နေခဲ့ကြသည့် ချန်ဇီယွင်၊ ယဲ့ဖေးရိုစသည့် တာအိုလက်တွဲဖော်များမှာ ချက်ချင်းပင် ကြက်သေသေသွားကြ၏။

လောကသုံးပါးပေါင်းစည်းခြင်း၏ လှုပ်ရှားမှုက အလွန်ကြီးမားမည်ကို သူတို့ သိထားကြသော်လည်း ဤမျှအထိ ကြီးမားလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။

အဝေးရှိ အဆုံးအစမမြင်ရသော ထိုသစ်ပင်ကြီးက အတိအကျဆိုရလျှင် မည်သည့်အရာဖြစ်နေသနည်း။

ထို့ပြင် ရွှမ်ဟွမ်ကျွန်းကကော မည်သို့ဖြစ်သွားရသနည်း။

အဘယ်ကြောင့် ပတ်ဝန်းကျင်ရှိ တောင်ကြီးများက မြင့်တက်သွားရသနည်း။

မြစ်များကလည်း ကျယ်ပြန့်လာကာ ပတ်ပတ်လည်ရှိ မြေပြင်မှာလည်း အဆမည်မျှအထိ ကျယ်ပြန့်သွားသည်ကို မသိနိုင်တော့ပေ။ ယခုအခါ သူမတို့ ခြေဖဝါးအောက်ရှိ မြေပြင်၏ အဆုံးအစကိုပင် သူတို့ မမြင်နိုင်ကြတော့ချေ။

ဤသည်ကို ကျွန်းတစ်ကျွန်းဟု ခေါ်ဆိုနိုင်သေးပါသလော။

“ယောက်ျား... တကယ်တမ်း ဘာတွေဖြစ်သွားတာလဲ...”

ဤအချိန်၌ ချန်ဇီယွင်တို့မှာလည်း ဆက်၍ သည်းမခံနိုင်တော့ဘဲ ကျိုးစွေ့၏အနီးသို့ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းလာကာ အလွန်သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်ကြ၏။

“အိုး... ဒါက ပုံမှန်ပါပဲ...”

“ဒါတွေအကုန်လုံးက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ စွမ်းအားတွေလေ...”

“လောကသုံးပါး ပေါင်းစည်းပြီးသွားတဲ့နောက်မှာ တခြားကမ္ဘာကြီးနှစ်ခုရဲ့ ကုန်းမြေတွေ၊ ကျွန်းတွေနဲ့ သမုဒ္ဒရာတွေက ဒီကမ္ဘာထဲမှာ ပေါ်လာလိမ့်မယ်...”

“ကိုယ်တို့ရှိနေတဲ့ ရွှမ်ဟွမ်ကျွန်းနဲ့ ပတ်သက်ပြီးတော့ကာ... အဲဒီနေရာက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ မူလခန္ဓာကိုယ် ရှိနေတဲ့နေရာဖြစ်တဲ့အတွက် သူ့ရဲ့စွမ်းအားတွေ အဆက်မပြတ် တက်လာတာနဲ့အမျှ ကျွန်းကလည်း အဆက်မပြတ် ကြီးထွားလာနေတာပဲ...”

“အခုချိန်မှာတော့ သူက ရွှမ်ဟွမ်ကျွန်း မဟုတ်တော့ဘူး… ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးလို့ ခေါ်လို့ရနေပြီ...”

“သူ့ရဲ့ လက်ရှိဧရိယာက အရှေ့ပိုင်းကုန်းမြေတိုက်ကြီးလို ကုန်းမြေတွေထက်တောင် အဆပေါင်းများစွာ ပိုပြီး ကြီးမားကျယ်ပြန့်နေလောက်ပြီ...”

ကျိုးစွေ့က ရှင်းပြလိုက်လေ၏။

ဘာ…။

ဤစကားကို ကြားသောအခါ ယဲ့ဖေးရိုတို့မှာ တံတွေးကိုမမျိုချဘဲ မနေနိုင်အောင် ဖြစ်သွားကြရသည်။ မျက်စိတစ်မှိတ်အတွင်း၌ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသော ကုန်းမြေကြီးတစ်ခုကို ဖန်ဆင်းနိုင်လိုက်ခြင်းမှာ မည်မျှကြီးမားသော စွမ်းအားကြီး ဖြစ်နေပါသနည်း။

ဤသည်ကား အင်မော်တယ်တစ်ပါး ပိုင်ဆိုင်ထားသော စွမ်းရည်လော။ တကယ်ကို အံ့မခန်းဖြစ်စရာပင်။

အင်မော်တယ်တို့၏ လက်ရာများဟုပင် ဆိုရပေမည်။

“ယောက်ျား... ကျင့်ကြံခြင်းကမ္ဘာလောကရဲ့ တခြားနေရာတွေကလည်း ဒီလိုမျိုးပဲလား...”

ကျိပင်းယွီက သံသယဖြင့် မေးလိုက်၏။

“ဒီကိစ္စအတွက်ကတော့... ကျင့်ကြံခြင်းကမ္ဘာလောကရဲ့ တခြားနေရာတွေမှာ ရွှမ်ဟွမ်ကျွန်းလို ပြောင်းလဲမှုမျိုးတော့ မရှိဘူး...”

“သူတို့က အရင်တုန်းက ဘယ်လိုပုံစံလဲ၊ အခုလည်း အဲဒီပုံစံအတိုင်းပဲ...”

“ဒါပေမဲ့ ကျင့်ကြံခြင်းကမ္ဘာလောကရဲ့ ပင်လယ်က ရှေးဟောင်းမိစ္ဆာကမ္ဘာနဲ့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ပင်လယ်တွေနဲ့ ပေါင်းစပ်သွားတာဆိုတော့ ပင်လယ်ဧရိယာက သဘာဝကျကျပဲ ပိုကျယ်လာတာပေါ့...”

“ပြီးတော့ ဧရာမမြေပုံကြီးပေါ်မှာ ကုန်းမြေမြောက်မြားစွာနဲ့ ကျွန်းအမြောက်အမြားကလည်း လေဟာနယ်ထဲကနေ ရုတ်တရက် ပေါ်လာသေးတယ်...”

“အခုဆိုရင် အရင်ကနဲ့ လုံးဝမတူတဲ့ လုံးဝအသစ်စက်စက် ကမ္ဘာကြီးဖြစ်သွားပြီလို့ ပြောလို့ရတယ်...”

ကျိုးစွေ့က အနည်းငယ် ပြုံးလိုက်၏။

“ယောက်ျား... လုံးဝအသစ်စက်စက် ကမ္ဘာကြီးဖြစ်သွားပြီဆိုမှတော့ ကျွန်မတို့ ဒီကမ္ဘာကို နာမည်ပြောင်းလိုက်ရအောင်လေ...”

“ကျင့်ကြံခြင်းကမ္ဘာလောကလို့ပဲ အမြဲတမ်း ခေါ်နေလို့မှ မရတာ...”

ရှရွှေယန်၏ လှပသော မျက်လုံးလေးများက တောက်ပသွားလေသည်။ ထင်ရှားစွာပင် သူမက ဤအခွင့်အာဏာကို ရယူလိုနေ၏။ သူတို့သာ ဤကမ္ဘာအတွက် နာမည်ပေးလိုက်ပါက နောက်လာမည့်သူများလည်း ထိုနာမည်ကိုသာ လိုက်ခေါ်ရမည်ဖြစ်ရာ ဤသည်က တရားဝင်မှုကို ရယူခြင်းပင် ဖြစ်ပေသည်။

အမှန်အတိုင်းဆိုရလျှင် ဤကဲ့သို့သော တရားဝင်မှုမျိုးက သာမန်ကမ္ဘာများ၌ များစွာအသုံးမဝင်လှဘဲ ဂုဏ်သတင်းတစ်ခု ပိုရလာရုံသာ ဖြစ်ပေမည်။

သို့သော်ငြား ကျင့်ကြံခြင်းကမ္ဘာလောကတွင်မူ ထိုသို့မဟုတ်ချေ။

ဤသို့သော တရားဝင်မှုမျိုးရှိလာပါက ကံကြမ္မာ၏ စောင့်ရှောက်မှု၊ ကောင်းကင်တာအို၏ စောင့်ရှောက်မှုကို ရရှိမည်ဖြစ်သည်။

ယင်းမှရရှိမည့် အကျိုးကျေးဇူးများမှာ သဘာဝကျစွာ ပြောနေစရာပင် မလိုတော့ချေ။

“အဓိပ္ပာယ်ရှိတယ်… ဒါဆိုရင် ဒီကမ္ဘာကို ရွှမ်ဟွမ်ကမ္ဘာလောကလို့ပဲ ခေါ်လိုက်ကြရအောင်...”

“ဘာလို့လဲဆိုတော့ ဒါက ကိုယ်တို့ရဲ့ ရွှမ်ဟွမ်ဂိုဏ်းက ဖန်ဆင်းထားတဲ့ ကမ္ဘာကြီးမို့လို့ပဲ...”

ကျိုးစွေ့၏ မျက်လုံးများက တောက်ပသွားပြီး ချက်ချင်းပင် ဤအကြံမှာ အလွန်ကောင်းမွန်သည်ဟု တွေးလိုက်မိသည်။

ဝုန်း...။

နာမည်ပေးလိုက်သည့် ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကံကြမ္မာရွှေနဂါးမှာ ဆတိုးကိန်းအတိုင်း မြင့်တက်သွားကြောင်း ‘ကံကြမ္မာကူ’မှတစ်ဆင့် သူ ခံစားလိုက်ရပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ အဆုံးအစမဲ့သော ကံကြမ္မာများကလည်း စုဝေးလာကြတော့သည်။

ဤနာမည်သည်ကား ဤကမ္ဘာလောကရှိ ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို ရရှိသွားပုံရ၏။

ဤသည်က ဖန်ဆင်းရှင်သာလျှင် ပိုင်ဆိုင်သော အမည်ပေးခွင့်ပင် ဖြစ်သည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကံကြမ္မာရွှေနဂါးက ပေတစ်ထောင်ကျော် အရွယ်အစားအထိ ကြီးထွားလာပုံရပြီး သူ၏ခေါင်းပေါ်၌ လွင့်မျောနေကာ ကမ္ဘာအရပ်ရပ်မှလာသော ကံကြမ္မာများကို သက်သောင့်သက်သာ ဝါးမျိုလျက် သန်စွမ်းစွာ ကြီးထွားနေသည်ကို မြင်တွေ့လိုက်ရသည်။

ထင်ရှားသည်မှာ ဤနာမည်ကိုပေးလိုက်ပြီးနောက် သူသည် ဤကမ္ဘာလောက၏ ကောင်းကင်တာအိုမှ အသိအမှတ်ပြုသော ကောင်းကင်ကံကြမ္မာခံယူသူ ဖြစ်လာခဲ့ချေပြီ။

“ကောင်းတယ်... ရွှမ်ဟွမ်ကမ္ဘာလောကဆိုတဲ့ နာမည်က မဆိုးဘူး...”

ဤစကားကို ကြားသောအခါ ဇနီးမယားများစွာ၏ မျက်လုံးများကလည်း ချက်ချင်းပင် တောက်ပလာကြပြီး တစ်ယောက်စီတိုင်းမှာ အတုမဲ့စွာ စိတ်လှုပ်ရှားနေကြ၏။

ဤနာမည်ကို တစ်ခါပေးလိုက်သည်နှင့် နှစ်သန်းပေါင်းများစွာ ကြာမြင့်သွားသည့်တိုင် ရွှမ်ဟွမ်ကမ္ဘာလောကက မရေမတွက်နိုင်သော လူများ၏ ရင်ထဲ၌ ဆက်လက် စီးဆင်းနေဦးမည် ဖြစ်သည်။

ဤသည်က ဤကမ္ဘာကြီး၏ သီးသန့်အခေါ်အဝေါ်လည်း ဖြစ်လာပေမည်။

သူတို့ကိုယ်တိုင်လည်း သမိုင်းတွင် အမည်ကျန်ရစ်နိုင်ပေလိမ့်မည်။

“ယောက်ျား... ပတ်ဝန်းကျင်က စိတ်ဝိညာဉ်ချီရဲ့ သိပ်သည်းဆက အဆတစ်ရာမက တက်သွားသလိုမျိုး ကျွန်မ ဘာလို့ ခံစားနေရတာလဲ...”

“ဒီနေရာရဲ့ ဝိညာဉ်သွေးကြောက ပဉ္စမအဆင့် အထွတ်အထိပ် မဟုတ်တော့လို့များလား...”

သခင်မမက်မွန်ပွင့်မှာ အလွန် အကဲဆတ်သူဖြစ်ရာ ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်ချီအပြောင်းအလဲကို ပထမဆုံးအခိုက်အတန့်မှာပင် အာရုံခံမိသွားလေသည်။

သူမက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရုံမျှဖြင့် သူမခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်သန္ဓေသားအဆင့် မှော်စွမ်းအင်များက လျင်မြန်စွာ တိုးတက်လာနေသည်ကို ခံစားလိုက်ရ၏။

ကျင့်ကြံခြင်းစွမ်းဆောင်ရည်မှာ အရင်ကထက် အဆပေါင်းများစွာ ပို၍ မြန်ဆန်လာသည်။

ဤသည်က သူမကို အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားစေသည်။

“မှန်တယ်... မင်းရဲ့ ခံစားချက်က အမှန်ပဲ...”

“ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ စွမ်းအားကြောင့် ဒီနေရာရဲ့ ဝိညာဉ်သွေးကြောအဆင့်က တိုးတက်သွားတာ...”

“အခုဆိုရင် ဆဋ္ဌမအဆင့် အထွတ်အထိပ်ကို ရောက်သွားပြီ...”

“ဒါက စိတ်ဝိညာဉ်ကမ္ဘာမှာပဲ ပေါ်လာနိုင်တဲ့ ဝိညာဉ်သွေးကြောမျိုးပေါ့… ဒါပေမဲ့ အခုတော့ ရွှမ်ဟွမ်ကမ္ဘာလောကမှာ ပေါ်လာခဲ့ပြီ...”

ကျိုးစွေ့က ခပ်ဖွဖွ ပြုံးလိုက်လေသည်။

ယခုအခါ ရွှမ်ဟွမ်ကမ္ဘာလောကသည် အရင်ကနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ကြီးမားလှသော အပြောင်းအလဲများ ဖြစ်ပေါ်သွားပြီကို သိထားရပေမည်။

မူလကုန်းမြေနှင့် သမုဒ္ဒရာများမှာလည်း အရင်ကနှင့်ယှဉ်လျှင် အဆမည်မျှအထိ ကျယ်ပြန့်သွားသည်ကို မသိနိုင်တော့ပေ။

တစ်ကမ္ဘာလုံးရှိ ကျင့်ကြံခြင်းကမ္ဘာလောက၏ ထုထည်နှင့် ဧရိယာကလည်း ဆတိုးကိန်းအတိုင်း တိုးတက်လာခဲ့သည်။

သို့သော်ငြား ထင်ရှားသည်မှာ ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးက ကျင့်ကြံခြင်းကမ္ဘာလောက၏ ဗဟိုကုန်းမြေတိုက်ကြီး ဖြစ်လာခဲ့ပြီး လကို ဝန်းရံနေသော ကြယ်များကဲ့သို့ဟုပင် ဆို၍ရပေသည်။

ထို့အပြင် ဤကမ္ဘာလောကရှိ စိတ်ဝိညာဉ်ချီအားလုံး၏ မြစ်ဖျားခံရာလည်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည် ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီး၏ အလယ်ဗဟို၌ ပေါက်ရောက်နေသောကြောင့်ပင် ဖြစ်ပေသည်။

တစ်ကမ္ဘာလုံးရှိ မရေမတွက်နိုင်သော ဝိညာဉ်သွေးကြောများအားလုံးက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ပေါ်သို့ စုစည်းသွားကြသည် မဟုတ်ပါလော။ ဤသည်က ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်အနီးရှိ ဧရိယာကို စိတ်ဝိညာဉ်ချီအသိပ်သည်းဆုံး နေရာတစ်ခုအဖြစ် ပြောင်းလဲသွားစေမည်မှာ သေချာလှသည်။

ထို့ကြောင့်ပင် ယခု ဤနေရာရှိ ဝိညာဉ်သွေးကြောမှာ ဆဋ္ဌမအဆင့် အထွတ်အထိပ်အထိ မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။ ဤသည်က အစမျှသာ ရှိသေးသည်။

ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ကျင့်ကြံမှု အဆက်မပြတ် ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ဝိညာဉ်သွေးကြောအဆင့်များသည်လည်း အဆက်မပြတ် တက်လာမည်ဖြစ်ကာ သတ္တမအဆင့်၊ အဋ္ဌမအဆင့်နှင့် နဝမအဆင့် ဝိညာဉ်သွေးကြောများအထိပင် မြင့်တက်သွားနိုင်ချေ ရှိသည်။

ထိုမှတစ်ဆင့် ဤနေရာကလည်း ရွှမ်ဟွမ်ကမ္ဘာလောက၏ အစစ်အမှန် ကျင့်ကြံခြင်းကောင်းချီးနယ်မြေ ဖြစ်လာပေလိမ့်မည်။

“စိတ်ဝိညာဉ်ချီသိပ်သည်းဆ တက်သွားရုံတင် မကဘူး...”

“ကောင်းကင်နဲ့မြေကြီးကြားက ဖန်ဆင်းခြင်းချီတွေလည်း ပွားများလာတာကို ငါ အာရုံခံမိသလိုပဲ...”

“နည်းနည်းလောက် ရှူသွင်းလိုက်တာနဲ့ ကျွန်မရဲ့ သက်တမ်းက အများကြီး တိုးတက်သွားသလို ခံစားရတယ်...”

ယဲ့ဖေးရိုမှာ အလွန်အမင်း အံ့ဩဝမ်းသာဖြစ်သွားတော့သည်။

သူမက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီအပေါ် အာရုံခံနိုင်စွမ်းမှာ သဘာဝကျကျ အလွန်တရာ ထက်မြက်လှသည်။

မူလက သူမ၏သက်တမ်းမှာ အများဆုံးမှ နှစ်သုံးထောင်သာ ရှိခဲ့သည်။

သို့သော် ယခုမူ သူမ၏သက်တမ်းမှာ ကန့်သတ်ချက်ကို တဖြည်းဖြည်း ကျော်လွန်လာနေပြီး အနည်းဆုံး နှစ်သုံးထောင်သုံးရာအထိ ရောက်ရှိသွားသည်ကို သူမ ခံစားလိုက်ရ၏။

အချိန်ကြာလာသည်နှင့်အမျှ အဆက်မပြတ် တိုးတက်လာနေဆဲပင် ဖြစ်သည်။

ဤသည်က ကျင့်ကြံသူများအတွက်မူ အကောင်းဆုံးသော အကျိုးကျေးဇူးကြီးပင်။

“ဒါက ကမ္ဘာလောကအဆင့် မြင့်တက်သွားတာရဲ့ အကျိုးကျေးဇူးပဲ...”

“ရွှမ်ဟွမ်ကမ္ဘာလောကရဲ့ အဆင့်တက်သွားတာနဲ့အမျှ သူက မရေမတွက်နိုင်တဲ့ ဖန်ဆင်းခြင်းချီတွေကို ဖန်တီးပေးနိုင်တယ်...”

“ဒီဖန်ဆင်းခြင်းချီတွေက တကယ်တော့ ထူးခြားတဲ့ သက်တမ်းရှည်ဓာတ်တစ်မျိုးပါပဲ...”

“စိတ်ဝိညာဉ်ကမ္ဘာက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေဟာ နှစ်ခြောက်ထောင်အထိ အသက်ရှင်နိုင်ပြီး သူတို့ရဲ့သက်တမ်းက အရင်ကျင့်ကြံခြင်းကမ္ဘာလောကရဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်တွေထက် အများကြီး ပိုရှည်ရတဲ့ အကြောင်းရင်းက...”

“စိတ်ဝိညာဉ်ကမ္ဘာမှာ ဒီလို သက်တမ်းရှည်ဓာတ်တွေ နေရာတိုင်းမှာ ရှိနေပြီး မရေမတွက်နိုင်တဲ့ သက်ရှိတွေက စုပ်ယူနေကြလို့ပဲ...”

“ဒါပေမဲ့ အခုတော့ ငါတို့ ရွှမ်ဟွမ်ကမ္ဘာလောကမှာလည်း အဲဒီလို သက်တမ်းရှည်ဓာတ်မျိုး ရှိလာပြီ...”

“ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ စွမ်းအားတွေ အဆက်မပြတ် တက်လာတာနဲ့အမျှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေ ဝါးမျိုစုပ်ယူနိုင်တဲ့ သက်တမ်းရှည်ဓာတ်တွေကလည်း ပိုပိုများလာလိမ့်မယ်...”

“အဲဒီအချိန်ကျရင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေက အရင်လို နှစ်သုံးထောင် မဟုတ်တော့ဘဲ နှစ်ခြောက်ထောင်အထိ အသက်ရှင်နိုင်တော့မှာပေါ့...”

ကျိုးစွေ့က ရှင်းပြလိုက်၏။

All Chapters