အခန်း (၆၅၇-၆၅၈)
Vol. 61 Ch. 657-658
အခန်း (၆၅၇) - ရွှမ်ဟွမ်ကမ္ဘာလောက ပေါ်ထွန်းလာခြင်း၊ ကမ္ဘာလောကတစ်ခု၏ အရှင်သခင်၊ စဉ်ဆက်မပြတ် စီးဆင်းနေသော အင်မော်တယ်မူလချီများ(၄)။
အခြားတစ်ဖက်ရှိ ကုယုံတောင်ထွတ်တွင်မူ...။
ဝူဝေတာအိုအရှင်နှင့် သူ၏ အကြီးဆုံးတပည့်ဖြစ်သော ကျောက်ဟွမ်ကျန်းတို့သည်လည်း အစောပိုင်းကမြင်ကွင်းကို သဘာဝကျကျ မြင်တွေ့ခဲ့ကြလေသည်။
'ဆရာ... ဂိုဏ်းချုပ်ကြီးက တကယ်ကြီး အင်မော်တယ်ဝင်စားလာတာပဲ...'
'အင်မော်တယ်ပညာရပ်တွေကို သုံး၊ လောကသုံးပါးကို ပေါင်းစည်းလိုက်ပြီးတော့ စိတ်ဝိညာဉ်လောကကို ဖန်တီးလိုက်တာကတော့ စိတ်ကူးယဉ်နိုင်စွမ်းထက်ကို ကျော်လွန်နေတာပါပဲ...'
ကျောက်ဟွမ်ကျန်းမှာ အလွန်အမင်း လေးစားကြည်ညိုသွားသည်။ တောင်များကိုရွှေ့ကာ ပင်လယ်များကိုဖို့ခြင်း၊ ကြယ်များနှင့်လများကို ဆုပ်ကိုင်နိုင်ခြင်း စသည့် ထိပ်တန်းနတ်ဘုရားစွမ်းရည်မျိုးကို ယခု သူသည် ဝိညာဉ်သန္ဓေသားအဆင့် အစောပိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်နေသော်လည်း တစ်ခါမှ မမြင်ဖူးခဲ့ချေ။
မမြင်ဖူးရုံသာမက ရှေးဟောင်းကျမ်းစာများတွင်ပင် မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။
“ငါ အစတည်းက ပြောခဲ့သားပဲ... ဂိုဏ်းချုပ်က သာမန်လူ မဟုတ်ပါဘူးလို့...”
“ခေတ်အဆက်ဆက် ကုယုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေနဲ့ ယှဉ်လိုက်ရင်တောင် သူတို့က အမှိုက်တွေလိုပါပဲ...”
“တကယ်ကြီး အင်မော်တယ်ဝင်စားလာတာလို့ မထင်မှတ်ထားခဲ့မိဘူး...”
“ကံကောင်းလို့ အရင်တုန်းက ငါ အချိန်မီ လက်နက်ချပြီး ရွှမ်ဟွမ်ဂိုဏ်းထဲကို ဝင်ရောက်လို့ ကုယုံတောင်ထွတ်ရဲ့ တောင်ထွတ်သခင် ဖြစ်လာခဲ့တာ...”
“အဲဒီလိုမှ မဟုတ်ရင် အခုလို ကောင်းတဲ့ကိစ္စမျိုး ဘယ်မှာကြုံရပါ့မလဲ...”
“အသက်ရှည်ရှည်နေရဖို့ မျှော်လင့်ချက်ရှိသွားပြီ... မျှော်လင့်ချက်ရှိသွားပြီကွ...”
ယခုအချိန်တွင် ဝူဝေတာအိုအရှင်မှာ ပါးစပ်စိမရအောင်ပင် ပြုံးရွှင်နေလေသည်။ ရွှမ်ဟွမ်ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ သူ၏ဘဝတွင် အသက်သာဆုံး အချိန်ကာလတစ်ခု ဖြစ်ခဲ့ပြီး ရွှမ်ဟွမ်ဂိုဏ်းကံကြမ္မာကောင်းများ၏ ကာကွယ်မှုအောက်တွင် သူ၏ကံဆိုးမှုများအားလုံးမှာ အပြည့်အဝ ဖိနှိပ်ခံလိုက်ရသကဲ့သို့ ရှိသည်။
သူသည် ယခင်ကကဲ့သို့ ကံမဆိုးတော့ဘဲ သာမန်ကျင့်ကြံသူတစ်ယောက်ကဲ့သို့ ဖြစ်နေချေပြီ။
ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း လျင်မြန်စွာ တိုးတက်လာပြီး ယခုအခါ ဝိညာဉ်သန္ဓေသားအဆင့် နှောင်းပိုင်းကျင့်ကြံသူကြီးတစ်ယောက် ဖြစ်နေလေပြီ။
အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက နောင်တစ်ချိန်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သည့်ကိစ္စ မဟုတ်တော့ချေ။
နောင်တစ်ချိန်တွင် မိမိ၏သက်တမ်းမှာ များစွာတိုးလာတော့မည်ဟု တွေးမိလိုက်တိုင်း သူ အလွန်အမင်း စိတ်လှုပ်ရှားသွားရသည်။
ရိုးရိုးသားသားဝန်ခံရလျှင် ယခင်က သူ ကံတရားကို လက်ခံခဲ့ခြင်းမှာ အခြားရွေးချယ်စရာ မရှိသောကြောင့်သာ ဖြစ်သည်။
သို့သော် ယခုအခါ မျှော်လင့်ချက်များ ရှိလာပြီဖြစ်ရာ သူ မည်ကဲ့သို့ ကံတရားကို လက်ခံနိုင်တော့ပါမည်နည်း။
“ဆရာ... ဂိုဏ်းချုပ်ကြီးက အမိန့်ချမှတ်လိုက်ပြီ...”
“ဂိုဏ်းရဲ့ သေဆုံးဒဏ်ရာရမှု အခြေအနေတွေကို စာရင်းပြုစုပါတဲ့...”
“တစ်ချိန်တည်းမှာပဲ ရွှမ်ဟွမ်ဂိုဏ်းကို ပြန်လည်တည်ဆောက်ရေး အစီအစဉ်တွေ စတင်ကြရမယ်တဲ့...”
ထိုအချိန်တွင် ကျောက်ဟွမ်ကျန်းက ချက်ချင်းပင် ပြောလိုက်လေသည်။ သူသည် ဆက်သွယ်ရေးကိရိယာထဲမှ သတင်းအချက်အလက်များကို ရရှိခဲ့ခြင်းဖြစ်သည်။
“အင်း... အဲဒါဆိုလည်း စလိုက်ကြတာပေါ့...”
“အခု ရွှမ်ဟွမ်ကျွန်းတစ်ခုလုံး... မဟုတ်ဘူး... ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးလို့ ခေါ်ရမှာပေါ့… အရာအားလုံးကို အသစ်ကနေ ပြန်စရတော့မယ်...”
ဝူဝေတာအိုအရှင်က သူ၏ဖြူဆွတ်နေသော မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်ရင်း ထိပ်တန်းပညာရှင်တစ်ယောက်၏ ဟန်ပန်မျိုးကို ဖမ်းလိုက်တော့သည်။
......
သားရဲထိန်းချုပ်ရေးတောင်ထွတ်တွင်မူ...။
အခြေတည်အဆင့် ပြီးပြည့်စုံခြင်းတွင် ရှိနေသော ယန်ချန်ယွမ်သည် မကြာမီ ရွှေအမြုတေအဆင့်သို့ တက်လှမ်းတော့မည်ဖြစ်သည်။
ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် သူ၏ကျင့်ကြံခြင်းအဆင့်မှာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ဝိညာဉ်သားရဲ တစ်ကောင်ပြီးတစ်ကောင်နှင့် သွေးပဋိညာဉ်ချူပ်ဆိုထားနိုင်ခဲ့သည်။
ဂိုဏ်းသားများထဲတွင် သူ၏စွမ်းအားမှာ ထိပ်တန်းအဆင့်တွင် ရှိသည်ဟု ဆိုနိုင်ပေသည်။
ရွှမ်ဟွမ်ဂိုဏ်း၏ အနာဂတ်အတွက် အလားအလာအရှိဆုံး ကြယ်ပွင့်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရသည်။
“ဆရာ... ဂိုဏ်းချုပ်ကြီးက တကယ်ကို သာမန်လူ မဟုတ်ဘူးပဲ...”
“လောကသုံးပါးကို ပေါင်းစည်းပြီး ရွှမ်ဟွမ်ကမ္ဘာကို ဖန်တီးလိုက်နိုင်မယ်လို့ မထင်မှတ်ထားခဲ့ဘူး...”
“နောင်တစ်ချိန်ကျရင် ကျွန်တော်တို့ရဲ့ကမ္ဘာက အထက်ဘုံလောကဖြစ်လာပြီး အောက်ဘုံလောကက ကျင့်ကြံသူတွေကို ခေါ်ယူနိုင်တော့မယ် ထင်တယ်...”
ယန်ချန်ယွမ်က အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
သူသည် သူ၏လက်ထဲရှိ ကောင်းကင်အဆင့် ဝိညာဉ်ရတနာဖြစ်သော သားရဲထိန်းချုပ်ရေးလက်ကောက်ကို ကြည့်လိုက်၏။ သူ၏ဆရာဖြစ်သော သားရဲတစ်သောင်းတာအိုအရှင်မှာ ထိုနေရာတွင် ပုန်းကွယ်နေခြင်းဖြစ်သည်။
သူ ဤမျှလျင်မြန်စွာ တိုးတက်လာခဲ့ခြင်းမှာလည်း သားရဲတစ်သောင်းတာအိုအရှင်နှင့် များစွာ သက်ဆိုင်ပေသည်။
“နှစ်သောင်းပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ကောင်းကင်နဲ့မြေကြီးက ဒီလောက်အထိ ပြောင်းလဲသွားလိမ့်မယ်လို့ တကယ်ကို မထင်မှတ်ထားခဲ့ဘူး...”
“အခုခေတ်က ရှေးဟောင်းခေတ်ထက် အများကြီး သာလွန်သွားလိမ့်မယ်လို့ ထင်တယ်...”
“မင်းရဲ့ ကံကြမ္မာက တကယ်ကို ကောင်းလွန်းတယ်… အင်မော်တယ်ပေါ်ပေါက်လာတဲ့ ခေတ်နဲ့ အတိအကျကို တိုက်ဆိုင်သွားခဲ့တာပဲ...”
“နောင်တစ်ချိန်ကျရင် မင်းတို့တွေ အသက်ရှည်ရှည်နေရဖို့ မျှော်လင့်ချက်ရှိသွားပြီ...”
သားရဲတစ်သောင်းတာအိုအရှင်က သက်ပြင်းချကာ ပြောလိုက်သည်။ သူ၏စိတ်ထဲတွင် ခံစားချက်မျိုးစုံ ရောပြွမ်းနေခဲ့သည်။
အကယ်၍ ရှေးဟောင်းခေတ်တွင်သာ ထိုရွှမ်ဟွမ်ဘိုးဘေး ဝင်စားလာခဲ့မည်ဆိုလျှင် ကျင့်ကြံခြင်းလောကမှာ ဤမျှ သနားစရာကောင်းလောက်အောင် ဖြစ်သွားမည်မဟုတ်ဘဲ နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းများစွာသည်လည်း နတ်ဆိုးများ၏ ဖျက်ဆီးခြင်းကို ခံရမည်မဟုတ်ပေ။
အင်မော်တယ်များ၏ ကာကွယ်မှုအောက်တွင် လူသားမျိုးနွယ်မှာ ဘေးကင်းလုံခြုံနေမည်သာ ဖြစ်၏။
သို့သော် ယခုအချိန်တွင် ဘာပြောပြော အသုံးမဝင်တော့ချေ။ အချိန်ကာလနှင့် ကံတရားဟုသာ ဆိုရပေတော့မည်။
သူတို့ ရှေးဟောင်းခေတ်မှ သက်ရှိများမှာ ကံမကောင်းခဲ့ဘဲ အင်မော်တယ်များ ပေါ်ပေါက်လာသည့်ခေတ်နှင့် တိုက်ဆိုင်စွာ မကြုံတွေ့ခဲ့ရချေ။
“ဆရာ... တကယ်တော့ ဆရာ စိတ်ပူနေစရာ မလိုပါဘူး...”
“ဂိုဏ်းချုပ်ကြီးက အင်မော်တယ်တစ်ယောက်ဆိုတော့... သိဒ္ဓိဝင်ကျမ်းစာတောင်ထဲမှာ ဝင်စားပြီး ပြန်လည်ကျင့်ကြံတဲ့ နည်းလမ်းတွေ ရှိကောင်းရှိနိုင်တာပဲ...”
“နောင်တစ်ချိန်ကျရင် ဆရာလည်း နောက်တစ်ဘဝ ပြန်ရှင်သန်နိုင်ပြီး ဒီလို အပြိုင်အဆိုင်များတဲ့ခေတ်မှာ အသက်ရှည်ရှည်နေနိုင်အောင် ကျင့်ကြံနိုင်လိမ့်မယ်...”
ယန်ချန်ယွမ်က နှစ်သိမ့်လိုက်၏။
သူသည် သားရဲတစ်သောင်းတာအိုအရှင်နှင့် အတူနေလာခဲ့သည်မှာ နှစ်တစ်ရာကျော် ကြာမြင့်နေပြီဖြစ်ရာ သားအဖများကဲ့သို့ ရင်းနှီးနေခဲ့ပြီဖြစ်သည်။
ထို့ကြောင့် သားရဲတစ်သောင်းတာအိုအရှင်အား ယခုကဲ့သို့ ဝိညာဉ်အခြေအနေဖြင့်သာ ရှိမနေစေချင်ဘဲ အသစ်ပြန်လည် ကျင့်ကြံနိုင်ရန် ကူညီပေးချင်သည်။
“ခက်တယ်... ခက်တယ်... ငါက သေရတော့မယ့်လူလေ… အင်မော်တယ်ဆိုရင်တောင်မှ နည်းလမ်းရှိချင်မှ ရှိမှာ...”
“ဒါပေမဲ့ ပြောလို့တော့ မရဘူး... သိဒ္ဓိဝင်ကျမ်းစာတောင်ရဲ့ အမွေအနှစ်တွေက နားလည်ရခက်ပြီး လျှို့ဝှက်ဆန်းကြယ်လွန်းတယ်… အဲဒီလိုကျင့်စဉ်မျိုး တကယ် ရှိကောင်းရှိနိုင်တာပဲ...”
သားရဲတစ်သောင်းတာအိုအရှင်၏ စိတ်ထဲတွင် လှုပ်ရှားသွားရသည်။
မိမိတပည့်၏ စကားကြောင့် သူ၏ရည်မှန်းချက်များ ပြန်လည်နိုးကြားလာခဲ့သည်။
ဤကဲ့သို့သော အခွင့်အရေးကောင်းများ ပေါများသည့် ခေတ်ကြီးတွင် သူလည်း အသက်ရှည်ခြင်းလမ်းကြောင်းပေါ်သို့ အသစ်ပြန်လည် လျှောက်လှမ်းနိုင်ကောင်း လျှောက်လှမ်းနိုင်ပေလိမ့်မည်။
......
တစ်ချိန်တည်းမှာပင် အရှေ့ပိုင်းကုန်းမြေတိုက်ကြီးရှိ ဟယ်ဟွမ်းဂိုဏ်း၊ ဟယ်ဟွမ်းတောင်ထွတ်တွင်...။
အလွန်လှပသော အမျိုးသမီးတစ်ဦးသည် တောင်ထိပ်ပေါ်တွင် ရပ်နေကာ သူမ၏ခန္ဓာကိုယ်မှ လောကကြီးတစ်ခုလုံးကို ညို့ငင်နိုင်သည့် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
သူမသာ လှုပ်ရှားလိုက်မည်ဆိုလျှင် လောကကြီးတစ်ခုလုံးကို ကမောက်ကမဖြစ်စေနိုင်ပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကို သူမ၏ ဂါဝန်အောက်တွင် ဒူးထောက်ခစားစေနိုင်မည့်ပုံပင်။
သူမသည် ဟယ်ဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ် ချိုးရူယွီပင် ဖြစ်လေသည်။
"တာအိုရောင်းရင်းကျိုး ပြောသလိုပဲ အဲဒီလေဟာနယ်လမ်းကြောင်းက တကယ် အန္တရာယ်ရှိတာပဲ..."
"သနားစရာကောင်းတဲ့ ချန်းကျွယ်မိစ္ဆာအရှင်သခင်၊ တုအဲ့တာအိုအရှင်၊ ချင်းရွှမ်တာအိုအရှင်နဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတွေ..."
"အခုအချိန်မှာတော့ လေဟာနယ်မုန်တိုင်းထဲမှာ သေဆုံးသွားလောက်ပြီ ထင်တယ်..."
ချိုးရူယွီသည် ချန်းကျွယ်မိစ္ဆာအရှင်သခင်တို့၏ အခြေအနေကို သိရှိလိုသဖြင့် သူမ၏ ကိုယ်ပွားတစ်ခုကို လျှို့ဝှက်စွာ စေလွှတ်ထားခဲ့ခြင်းဖြစ်သည်။
ချန်းကျွယ်မိစ္ဆာအရှင်သခင်တို့သည် ထိုလေဟာနယ်လမ်းကြောင်းတွင် အစီအရင်များကို ချထားကာ လေဟာနယ်လမ်းကြောင်းကို ဖွင့်လှစ်ပြီး ယာယီလေဟာနယ်ဖြတ်လမ်းတစ်ခုကို ဖန်တီးလိုက်နိုင်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
ချန်းကျွယ်မိစ္ဆာအရှင်သခင်တို့မှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားကြပြီး တုံ့ဆိုင်းမနေကြတော့ဘဲ ထိုလေဟာနယ်ဖြတ်လမ်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားခဲ့ကြသည်။
ထို့အပြင် နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူ တစ်ရာ၊ နှစ်ရာခန့်လည်း ရှိသေးသည်။
သူတို့အားလုံးသည်လည်း အတူတကွ ဝင်ရောက်သွားကြပြီး စိတ်ဝိညာဉ်လောကသို့ အစုလိုက်အပြုံလိုက် တက်လှမ်းရန် ကြံစည်ခဲ့ကြသည်။
သို့သော် ၎င်းတို့သည် လေဟာနယ်ဖြတ်လမ်းထဲသို့ ဝင်ရောက်လိုက်ချိန်တွင် ရုတ်တရက် လေဟာနယ်မုန်တိုင်းများ ဖြစ်ပေါ်လာကာ ထိတ်လန့်ဖွယ်ကောင်းသော လေဟာနယ်မုန်တိုင်းကြီးက ထိုဖြတ်လမ်းကို ဖျက်ဆီးပစ်လိုက်လေသည်။
ရလဒ်မှာမူ စဉ်းစားကြည့်ရန်ပင် မလိုတော့ချေ။ ချန်းကျွယ်မိစ္ဆာအရှင်သခင်တို့က နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ဖြစ်နေလျှင်ပင် ထိုကဲ့သို့သော လေဟာနယ်မုန်တိုင်းများကို ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများနှင့် နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူများမှာ အထက်ဘုံသို့ တက်လှမ်းနေစဉ်အတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ သေဆုံးသွားခဲ့ရလေသည်။
ရိုးရိုးသားသားဝန်ခံရလျှင် အကယ်၍ ကျိုးစွေ့ကသာ ကြိုတင်၍ သတိမပေးခဲ့ပါက သူမသည်လည်း ချန်းကျွယ်မိစ္ဆာအရှင်သခင်တို့ကဲ့သို့ပင် ထိုနေရာ၌ စိတ်မချမ်းမြေ့ဖွယ်ရာ သေခြင်းမျိုးဖြင့် သေဆုံးသွားရမည်မှာ အသေအချာပင်။
ထိုအကြောင်းကို တွေးမိလိုက်သောအခါ သူမ အလွန်အမင်း ကံကောင်းသွားသည်ဟု ခံစားလိုက်ရတော့၏။
ထို့အပြင် ဤကမ္ဘာလောကကြီးမှာလည်း အမှန်တကယ်ပင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့ချေပြီ။
“ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထူထပ်လှတဲ့ ဖန်ဆင်းခြင်းချီတွေ ဖုံးလွှမ်းနေတယ်...”
“ငါ့ရဲ့သက်တမ်းကလည်း တိုးမြင့်လာသလိုမျိုး ငါ ရှင်းရှင်းလင်းလင်း ခံစားနေရတယ်......”
“ဆိုလိုတာက စိတ်ဝိညာဉ်လောကကို တက်လှမ်းဖို့တောင် မလိုတော့ဘူးပေါ့...”
“ကျင့်ကြံခြင်းလောကထဲမှာပဲ နေမယ်ဆိုရင်တောင် သက်တမ်းကို ရှည်ကြာစေနိုင်ပြီး အဆင့်အတန်းတစ်ခုကို ထပ်မံတက်လှမ်းနိုင်ဦးမှာပဲ...”
ချိုးရူယီမှာ အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။
သူမအနေဖြင့် ဖြည်းဖြည်းချင်း ကျင့်ကြံသွားမည်ဆိုပါက စိတ်ဝိညာဉ်လောကရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများကဲ့သို့ သက်တမ်းခြောက်ထောင်အထိ ရရှိနိုင်မည်ဟု ခံစားနေရ၏။
ဤမျှ ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်နိုင်မည်ဆိုပါက အနာဂတ်တွင် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန်မှာလည်း သူမအတွက် ပြဿနာကြီးတစ်ရပ် မဟုတ်တော့ပေ။
ကျင့်ကြံခြင်းလောက၌ နေထိုင်ရင်းဖြင့် ကျင့်ကြံမှုကို မြှင့်တင်နိုင်မည်ဆိုပါက အဘယ်ကြောင့် မသိနားမလည်သော နေရာတစ်ခုသို့ သွားနေတော့မည်နည်း။
“ကျိုးတာအိုရောင်းရင်းက အမှန်တကယ်တမ်း ဘယ်သူဖြစ်နေတာလဲ... ဘာလို့ ဒီလောက်တောင် နက်နဲဆန်းကြယ်နေရတာလဲ…”
ချိုးရူယီ၏ လှပသော မျက်ဝန်းအစုံတွင် အရောင်အဝါတစ်ခု ဖြတ်ပြေးသွား၏။
သူမသည် ဤအမျိုးသားအပေါ် ပို၍ပို၍ စိတ်ဝင်စားလာမိသည်။
ဤကဲ့သို့သော ထူးခြားသည့် အမျိုးသားမျိုးကို အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတွင် တစ်ခါမျှ မကြားဖူးခဲ့ချေ။ ဤသည်မှာ အမှန်တကယ်ပင် အံ့ဩစရာကောင်းလှပေသည်။
သို့သော်ငြား တစ်နေ့နေ့တွင် ဤလူ၏ နောက်ကြောင်းနှင့် လျှို့ဝှက်ချက်များကို သူမ သိလာရမည်ဟု ခံစားနေရလေသည်။
...
အခန်း (၆၅၈) - ရွှမ်ဟွမ်ကမ္ဘာလောက ပေါ်ထွန်းလာခြင်း၊ ကမ္ဘာလောကတစ်ခု၏ အရှင်သခင်၊ စဉ်ဆက်မပြတ် စီးဆင်းနေသော အင်မော်တယ်မူလချီများ(၅)။
အခြားတစ်ဖက်တွင်မူ ရွှမ်ဟွမ်လောက မြေအောက်နတ်ဆိုးဂူ၌ ဖြစ်ပေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိသော နတ်ဆိုးများစွာမှာ စုဝေးနေကြပြီး သူတို့၏ မျက်နှာများမှာ အလွန်အမင်း တည်ကြည်လေးနက်နေကြ၏။
မူလက သူတို့သည် ရှေးဟောင်းသားရဲလောကကို တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်နေကြပြီး အောင်မြင်ခါနီးဆဲဆဲ ဖြစ်နေခဲ့လေသည်။
သို့သော် မည်သူက ထင်မှတ်ထားမည်နည်း။ ရုတ်တရက်ဆိုသလို အခြေအနေများ ပြောင်းလဲသွားခဲ့လေသည်။
သူတို့အားလုံးသည် မျက်စိတစ်မှိတ်အတွင်း မြေအောက်နတ်ဆိုးဂူထဲသို့ ရွှေ့ပြောင်းခံလိုက်ရပြီး ရှေးဟောင်းနတ်ဆိုးလောကတစ်ခုလုံးမှာလည်း ဤမြေအောက်ဟင်းလင်းပြင်ကြီးနှင့် ပေါင်းစည်းသွားပုံရ၏။
ယခင်က ရှိခဲ့ဖူးသော လောကတံခါးများမှာလည်း ပျောက်ကွယ်သွားခဲ့ရာ ဤသည်မှာ အမှန်တကယ်ပင် ထူးဆန်းလွန်းလှပေသည်။
သူတို့သည် နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိသော နတ်ဆိုးများ ဖြစ်သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်လိုက်ရသည့်အခါတွင်မူ ထိတ်လန့်တုန်လှုပ်နေကြရသည်။
“လက်ရှိ အခြေအနေတွေအရဆိုရင် ကျင့်ကြံခြင်းလောက... ရှေးဟောင်းမိစ္ဆာသားရဲလောကနဲ့ ငါတို့ရဲ့ ရှေးဟောင်းနတ်ဆိုးလောကတို့ဟာ ပေါင်းစည်းသွားပြီး ကမ္ဘာသစ်တစ်ခု ဖြစ်တည်လာပုံရတယ်... အဲဒါကြောင့်ပဲ အခုလို ဖြစ်သွားတာပဲ...”
နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိသော နတ်ဆိုးတစ်ကောင်က သူသိရှိထားသော သတင်းအချက်အလက်များကို လေးနက်သောအသံဖြင့် ပြောလိုက်၏။
“မဖြစ်နိုင်တာ... လောကသုံးပါး ပေါင်းစည်းသွားတယ်ဆိုတာ တစ်ခါမှ မကြားဖူးသေးဘူး...”
“အရင်တုန်းက ငါတို့လောကသုံးပါး တစ်ခုနဲ့တစ်ခု ဆုံမိတာမျိုးရှိခဲ့ပေမဲ့ ပေါင်းစည်းသွားတာမျိုးတော့ မရှိခဲ့ဘူး...”
“ထူးခြားတဲ့ ကိစ္စတစ်ခုခုများ ဖြစ်သွားတာလား...”
အခြားနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်၏ မျက်နှာမှာလည်း လေးနက်နေချေသည်။
ယခုအချိန်တွင် သူတို့ရရှိထားသည့် သတင်းအချက်အလက်မှာ အလွန်နည်းပါးနေသဖြင့် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို မသိရှိကြသေးပေ။
“ကျင့်ကြံခြင်းလောကထဲမှာ အင်မော်တယ်ရဲ့ ရုပ်ကြွင်းရှိတယ်လို့ သတင်းတွေရှိခဲ့တယ်... အရင်တုန်းက အင်မော်တယ်တစ်ပါး ဆင်းသက်လာခဲ့ဖူးတယ်လို့လည်း ဆိုကြတယ်...”
“ငါတို့ လောကသုံးပါး ပုံမှန်တွေ့ဆုံနေရတာဟာ အဲဒီအင်မော်တယ်ရဲ့ လက်ချက်လို့လည်း သိရတယ်...”
“အဆုံးမဲ့ဟင်းလင်းပြင်ထဲမှာ ဒီလိုမျိုး ကမ္ဘာလောကတွေ ပုံမှန်တွေ့ဆုံရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး...”
“ငါတို့ လောကသုံးပါးကပဲ ထူးထူးခြားခြား ဖြစ်နေခဲ့တာ...”
အခြားသော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်က ရှေးဟောင်းခေတ်မှ လျှို့ဝှက်ချက်အချို့ကို ပြောပြလိုက်၏။
“ဒါဆိုရင် လောကသုံးပါး ပေါင်းစည်းသွားတာဟာ အင်မော်တယ်ရဲ့ လက်ချက် ဖြစ်နိုင်တာပေါ့...”
“အဲဒီအင်မော်တယ်က မသေသေးဘူးလား...”
ဤစကားကြောင့် နတ်ဆိုးများစွာမှာ အံ့အားသင့်သွားကြပြီး မယုံကြည်နိုင် ဖြစ်သွားကြလေသည်။
အကယ်၍ အင်မော်တယ်သာ အမှန်တကယ် ပြန်လည်ရှင်သန်လာခဲ့ပါက သူတို့အတွက် ကြီးမားသော ဘေးအန္တရာယ် ဖြစ်လာပေလိမ့်မည်။
သူတို့ မည်မျှပင် အစွမ်းထက်စေကာမူ အစစ်အမှန် အင်မော်တယ်တစ်ပါးနှင့် ယှဉ်လျှင်မူ ပြောပလောက်သည့်အရာ မဟုတ်ပေ။
“မပြောတတ်သေးဘူး... သတင်းအချက်အလက်က နည်းလွန်းတယ်...”
“ငါ့အမြင်အရတော့ ဒီလောကထဲမှာ လောလောဆယ် လက်မလှုပ်သေးတာ ပိုကောင်းမယ်...”
“အရင်ဆုံး သတင်းစုံစမ်းကြည့်ကြရအောင်... ဒီလောကရဲ့ ပြောင်းလဲမှုအရင်းအမြစ်ကို အရင်ရှာရမယ်...”
“အဲဒီနောက်မှ လှုပ်ရှားရင်လည်း နောက်မကျသေးပါဘူး...”
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်က အကြံပြုလိုက်၏။
သူတို့သည် အလွန်အမင်း မောက်မာကြပြီး ဤလောကတစ်ခုလုံးကို နတ်ဆိုးများ အုပ်စိုးသည့်လောကအဖြစ် ပြောင်းလဲပစ်နိုင်သည်ဟု ယူဆထားကြသည်။ သို့သော် အကယ်၍ ပြိုင်ဘက်က အင်မော်တယ်တစ်ပါး ဖြစ်နေလျှင်မူ အခြေအနေက တစ်မျိုးပြောင်းသွားပေလိမ့်မည်။
မည်မျှပင် မောက်မာသည်ဖြစ်စေ၊ အင်မော်တယ်ကို ယှဉ်ပြိုင်နိုင်မည်ဟူ၍ သူတို့ မထင်ကြပေ။
ထို့ကြောင့် သတိကြီးစွာထားခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ပင် ဖြစ်၏။
ယခင်က သူတို့ မောက်မာခဲ့ခြင်းမှာ သူတို့၏အစွမ်းဖြင့် လူသားမျိုးနွယ်နှင့် မိစ္ဆာသားရဲမျိုးနွယ်ကို အလွယ်တကူ ချေမှုန်းနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ရန်သူက အလွန်အမင်း အစွမ်းထက်လာသည့်အခါတွင်မူ သူတို့လည်း သတိထားရပေမည်။
“သဘောတူတယ်...”
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအားလုံးက ချက်ချင်းပင် သဘောတူလိုက်ကြ၏။
ဤလောကကို သိမ်းပိုက်ရန်မှာ နတ်ဆိုးမျိုးနွယ်စု၏ စီမံကိန်းဖြစ်သော်လည်း ဤသည်မှာ တစ်ရက်နှစ်ရက်အတွင်း ပြီးမြောက်နိုင်မည့်အရာ မဟုတ်ပေ။
သူတို့တွင် ကြီးမားသော စိတ်ရှည်မှုများ ရှိကြသည်။ နှစ်ပေါင်းထောင်ချီ၊ သောင်းချီ ကြာမြင့်မည်ဆိုလျှင်ပင် သူတို့ ဂရုစိုက်မည်မဟုတ်ချေ။
အလျင်လိုနေစရာ မလိုပေ။
ယခုအချိန်တွင် သူတို့အတွက် အရေးကြီးဆုံးမှာ သတင်းအချက်အလက်ရယူရန်နှင့် လောကပြောင်းလဲမှု၏ အရင်းအမြစ်ကို ရှာဖွေရန်သာ ဖြစ်သည်။
ခဏအတွင်းမှာပင် နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်မှုများက ရပ်တန့်သွားခဲ့၏။
နတ်ဆိုးများစွာမှာ မြေအောက်နတ်ဆိုးဂူ၌ ပုန်းအောင်းနေကြပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများ၏ အမိန့်ကိုသာ စောင့်ဆိုင်းနေကြတော့သည်။
...
တစ်လကြာပြီးနောက်…။
ရွှမ်ဟွမ်ကုန်းမြေကြီး၊ ရွှမ်ဟွမ်ဂိုဏ်း…။
ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်အနီးတွင်…။
ဤသည်မှာ စိတ်ကူးယဉ်နိုင်စွမ်းထက်ပင် ကျော်လွန်အောင်မြင့်မားလှသော အပင်ကြီးတစ်ပင်ဖြစ်ပြီး၊ အဝေးမှကြည့်လျှင် ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသကဲ့သို့ ထင်မှတ်ရ၏။
၎င်း၏ကိုယ်ထည်မှ စိမ်းဖန့်ဖန့် နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေပြီး ပတ်ဝန်းကျင်တွင်လည်း ထူထပ်လှသော အင်မော်တယ်မူလချီများ ဖုံးလွှမ်းနေချေသည်။
ရေတွက်၍မရနိုင်သော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များမှာ ဤနေရာသို့ စုဝေးလာကြပြီး ကျင့်ကြံခြင်း နိဗ္ဗာန်ဘုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
ဤနေရာ၌ ကျင့်ကြံခြင်းမှာ ပြင်ပလောကထက် ဆယ်ဆမက ပိုမိုမြန်ဆန်လှသည်။
ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရှေ့တွင် လူရိပ်တစ်ခုပေါ်လာခဲ့ပြီး ထိုသူမှာ ကျိုးစွေ့ပင် ဖြစ်၏။
“အင်မော်တယ်မူလချီတွေ ဒီလောက်တောင် များနေတာလား...”
“ပဥ္စမအဆင့် ဝိညာဉ်သွေးကြောတွေဆီကို သွားစရာ မလိုတော့ဘူးပဲ...”
“ဒီထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ဆီမှာတင် အင်မော်တယ်မူလချီတွေကို အဆက်မပြတ် ရနိုင်နေပြီ...”
ကျိုးစွေ့သည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင် ပတ်ဝန်းကျင်ရှိ အင်မော်တယ်မူလချီများကို ကြည့်ရင်း အံ့အားသင့်နေမိသည်။
ယခင်က ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင် မပေါ်လာသေးခင်၌ အင်မော်တယ်မူလချီကို ရရှိရန်မှာ ကောင်းကင်ပေါ် တက်ရသကဲ့သို့ ခက်ခဲလှပေသည်။
ပဥ္စမအဆင့် အောက်ခြေအဆင့် ဝိညာဉ်သွေးကြောမှ နှစ်တစ်ထောင်လျှင် တစ်မျှင်စာသာ ရရှိနိုင်၏။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာရန်မှာ အလွန်ခက်ခဲလှသည်။
သို့သော် ယခုအချိန်တွင်မူ ဤအင်မော်တယ်မူလချီများမှာ နေရာအနှံ့ ရှိနေချေပြီ။ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူမည်မျှအား ဖန်တီးလိုသည်ဖြစ်စေ အရာအားလုံး ဖြစ်နိုင်ပေသည်။
အင်မော်တယ်လောကမှ ဆင်းသက်လာသော အပင်ဖြစ်သဖြင့် စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်ဟုသာ ဆိုရပေလိမ့်မည်။
“တော်တော်လေးလည်း ကြီးထွားလာပုံရတယ်...”
ကျိုးစွေ့က ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို ကြည့်လိုက်၏။
တစ်လကြာ ကြီးထွားလာပြီးနောက်တွင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်မှာ ပို၍ ကြီးမားလာသလို ပို၍ မြင့်မားလာခဲ့လေသည်။
၎င်း၏ကိုယ်ထည်ပေါ်ရှိ အရှိန်အဝါများမှာလည်း တဖြည်းဖြည်းနှင့် ပိုမိုအားကောင်းလာသည်။ ၎င်း၏ကျင့်ကြံမှုအဆင့် မြင့်တက်လာသည်နှင့်အမျှ ရွှမ်ဟွမ်လောကရှိ ဝိညာဉ်သွေးကြောများစွာမှာလည်း အဆင့်တက်လာမည် ဖြစ်၏။
ဤသည်မှာ လူသားအားလုံးအတွက် ကြီးမားသော အကျိုးကျေးဇူးပင် ဖြစ်ပေသည်။
မှန်ပေသည်၊ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင် ဤမျှမြန်ဆန်စွာ ကြီးထွားလာရခြင်းမှာ ကျိုးစွေ့က နေ့စဉ်နေ့တိုင်း ‘ဆေးဝါးကူ’မှ ထွက်ရှိသော အစွမ်းထက်ဆေးရည်များကို လောင်းပေးနေသောကြောင့် ဖြစ်ပေသည်။
ရွှစ်...။
ထိုအခိုက်အတန့်တွင် ကျိုးစွေ့သည် ‘ဆေးဝါးကူ’ကို ဆင့်ခေါ်လိုက်ပြီး ‘ဆေးဝါးကူ’၏ ကိုယ်ပေါ်မှ ဆေးရည်တစ်စက်မှာ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ပေါ်သို့ ကျဆင်းသွားကာ ချက်ချင်းပင် စုပ်ယူခြင်း ခံလိုက်ရ၏။
နွယ်ပင်အကိုင်းအခက်များမှာ ပျော်ရွှင်စွာဖြင့် လှုပ်ခါသွားကြလေသည်။
၎င်း၏အရှိန်အဝါမှာလည်း မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ပိုမိုအားကောင်းလာ၏။
ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်အတွက် ဤဆေးရည်များမှာ အဆုံးမဲ့သော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပြီး ၎င်း၏ကြီးထွားမှုနှုန်းကို မြန်ဆန်စေသည်မှာ သိသာလှသည်။
ကျိုးစွေ့၏ အသိစိတ်အာရုံထဲသို့ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ထံမှ သတင်းစကားအချို့ ရောက်ရှိလာ၏။
ပိုလိုချင်သေးတယ်... ပိုပြီးတော့ လိုချင်သေးတယ်…။
ထိုသတင်းစကားများထဲတွင် စိတ်အားထက်သန်မှု၊ ပျော်ရွှင်မှုနှင့် တောင့်တမှုတို့ ပါဝင်နေလေသည်။
“ကောင်းတယ်... တကယ်ကို ထိရောက်တာပဲ...”
ကျိုးစွေ့က ပြုံးလိုက်၏။
ထိုဆေးရည်စက်များ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ထဲသို့ ပေါင်းစည်းသွားသည်နှင့်အမျှ သူ၏အရှိန်အဝါနှင့် နွယ်ပင်၏အရှိန်အဝါတို့မှာ တစ်သားတည်း ဖြစ်လာသည်ကို သူ ခံစားမိသည်။ သူသည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအားအချို့ကိုပင် ခံစားနေရ၏။
ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ထံမှ ထွက်ပေါ်နေသော ရင်းနှီးဖော်ရွေသည့် အငွေ့အသက်ကိုလည်း သူ ခံစားနေရသည်။
ဤအင်မော်တယ်လောကမှ အပင်သည် ကျိုးစွေ့ကို အရင်းနှီးဆုံးလူတစ်ယောက်အဖြစ် သတ်မှတ်သွားခဲ့ပြီမှာ သိသာလှသည်။
သို့သော်ငြား ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ အဆင့်အတန်းမှာ အလွန်မြင့်မားလွန်းလှသဖြင့် တစ်လအတွင်းနှင့် လုံးဝဥဿုံ သိမ်းသွင်းရန်မှာမူ မဖြစ်နိုင်သေးပေ။
နှစ်ပေါင်းများစွာ အချိန်ယူရဦးမည် ဖြစ်၏။ သို့ရာတွင် ကျိုးစွေ့အတွက်မူ ဤသည်မှာ ပြဿနာမဟုတ်ချေ။
ယခုအခါ သူ၏သက်တမ်းမှာ အလွန်ရှည်လျားလှသည် မဟုတ်ပါလော။
ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို သိမ်းသွင်းရန်အတွက် လုံလောက်သော အချိန်နှင့်စိတ်ရှည်မှုတို့ သူ့တွင် ရှိသည်။
အကယ်၍ အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့မည်ဆိုပါက သူသည် ရွှမ်ဟွမ်လောက၏ စစ်မှန်သော အရှင်သခင် ဖြစ်လာပေလိမ့်မည်။
ဤလောကထဲတွင် ရှိနေသရွေ့ မည်သူကမျှ သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ဘဲ အရာအားလုံးကို အနိုင်ယူနိုင်ပေလိမ့်မည်။
“ပဥ္စမအဆင့် ‘ဆေးဝါးကူ’က အားနည်းနေသေးတယ်...”
“တကယ်လို့ ဆဌမအဆင့် ဒါမှမဟုတ် သတ္တမအဆင့်အထိ တက်လှမ်းနိုင်ရင်တော့ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို သိမ်းသွင်းဖို့ ပိုလွယ်သွားမှာပဲ...”
ကျိုးစွေ့က မေးစေ့ကိုပွတ်သပ်ရင်း အနည်းငယ် နှမြောတသဖြစ်နေမိသည်။
အဘယ်ကြောင့်ဆိုသော် ဆဌမအဆင့် သို့မဟုတ် သတ္တမအဆင့်ရှိသော ‘ဆေးဝါးကူ’မှ ထွက်ပေါ်လာမည့် ဆေးရည်၏အစွမ်းမှာ မည်မျှကြီးမားမည်ကို ခန့်မှန်းနိုင်သောကြောင့် ဖြစ်သည်။
ထိုအခါ အင်မော်တယ်လောကမှ အပင်ဖြစ်နေသည့်တိုင် ‘ဆေးဝါးကူ’၏ သိမ်းသွင်းမှုကို မခုခံနိုင်ဘဲ အကြွင်းမဲ့ အညံ့ခံလာရပေလိမ့်မည်။
ထိုအချိန်ကျလျှင် အင်မော်တယ်တစ်ပါးက တစ်စုံတစ်ရာ ချန်ထားခဲ့သည်ဆိုလျှင်ပင် မည်သို့မျှ တားဆီးနိုင်မည် မဟုတ်တော့ချေ။