← Chapters

အခန်း (၆၅၉-၆၆၀)

Vol. 61 Ch. 659-660

အခန်း (၆၅၉-၆၆၀)

Vol. 61 Ch. 659-660

အခန်း (၆၅၉) - နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ဂိုဏ်း၊ ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်သွေးကြောနှင့် စိတ်ဝိညာဉ်ကမ္ဘာသစ်တစ်ခု ဖန်တီးခြင်း(၁)။

ဝှမ်... ဝှမ်...ဝှမ်…။

ထိုအချိန်တွင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ထံမှ အစိမ်းရောင်အလင်းတန်းများ တဖျပ်ဖျပ်လက်လာပြီး ကျိုးစွေ့အပေါ် ချစ်ခင်ရင်းနှီးသည့် ခံစားချက်ကို ဖော်ပြလေသည်။

ထပ်မံ၍ ဆေးရည်များ လိုချင်နေသည့်ပုံပေါ်၏။

အဘယ်ကြောင့်ဆိုသော် ဤထူးခြားသောဆေးရည်များက ၎င်းအတွက် ကြီးမားလှသော အကျိုးကျေးဇူးများ ရှိနေသောကြောင့် ဖြစ်သည်။

"မလောနဲ့..."

"ဒီနေ့အတွက် ဆေးရည်တွေကတော့ ကုန်သွားပြီ..."

"ဒါပေမဲ့ မနက်ဖြန်ကျရင် ထပ်ရလိမ့်မယ်..." ကျိုးစွေ့က ချော့မော့၍ ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်မှာလည်း ငြိမ်ကျသွားပြီး မူလအတိုင်း ပြန်လည်တည်ငြိမ်သွားတော့၏။

ရွှစ်…။

ကျိုးစွေ့က လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ‘ဆေးဝါးကူ’ကို ပြန်သိမ်းလိုက်၏။ ထို့နောက် သူ၏ပုံရိပ်က တစ်ချက်လက်ခနဲဖြစ်သွားပြီး ထိုနေရာမှ ထွက်ခွာသွားကာ ရွှမ်ဟွမ်ဂိုဏ်း၏ ဆေးဥယျာဉ်များဆီသို့ ရောက်ရှိသွားတော့သည်။ ယခုအခါ ဆေးဥယျာဉ်များမှာ ယခင်ကထက် များစွာပို၍ ကြီးမားကျယ်ပြန့်နေချေပြီ။

ဆေးဥယျာဉ်တစ်ခုစီတိုင်းသည် မိုင်တစ်သိန်းခန့်ကျယ်ဝန်းပြီး ၎င်းတို့အတွင်း၌ စိတ်ဝိညာဉ်ဆေးပင်များကို ပြည့်နှက်နေအောင် စိုက်ပျိုးထား၏။

ဥယျာဉ်တစ်ခုလုံးတွင် အလွန်ပြင်းထန်လှသော ဆေးဝါးချီဓာတ်များ လွှမ်းခြုံပြည့်နှက်နေချေသည်။

နောက်တစ်စက္ကန့်တွင် ‘ဆေးဝါးကူ’က ချက်ချင်း ပျံသန်းထွက်ခွာသွားလေသည်။

ဝုန်း...။

ချက်ချင်းပင် ၎င်း၏ခန္ဓာကိုယ်မှ ကြီးမားလှသော ဆေးဝါးနယ်ပယ်ကြီးတစ်ခုက ထွက်ပေါ်လာကာ မိုင်သောင်းချီကျယ်ဝန်းသော ဧရိယာကို လွှမ်းခြုံသွားသည်။ မရေမတွက်နိုင်သော ဆေးဝါးချီဓာတ်များသည် မြစ်ရေအလျဉ်ကဲ့သို့ ၎င်း၏ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ဝင်ရောက်သွားကြတော့၏။

မူလက ပိန်ချုံးနေသော ၎င်း၏ခန္ဓာကိုယ်မှာ ယခုအခါ တစ်ဖန်ပြန်လည်၍ ပြည့်ဖြိုးလာသည်ကို မြင်တွေ့လိုက်ရပြီး ၎င်း၏ကိုယ်ပေါ်ရှိ ချီအငွေ့အသက်များက ပို၍ အစွမ်းထက်လာပုံရသည်။

ဤသည်ကား ‘ဆေးဝါးကူ’၏ ကျင့်ကြံခြင်းနည်းလမ်းပင် ဖြစ်၏။

၎င်းသည် ဤစိတ်ဝိညာဉ်ဆေးပင်များမှ စိမ့်ထွက်လာသော ဆေးဝါးချီဓာတ်များကို ဝါးမျိုစုပ်ယူခြင်းဖြင့် မိမိကိုယ်တွင်းရှိ မူလဇာစ်မြစ်စွမ်းအားကို မြှင့်တင်နိုင်ပေသည်။

များများပို၍ ဝါးမျိုနိုင်လေလေ၊ ဆင့်ကဲပြောင်းလဲမှု အမြန်နှုန်းကလည်း သဘာဝကျကျ ပို၍ မြန်ဆန်လေလေပင် ဖြစ်၏။

၎င်းနှင့် များပြားလှသော စိတ်ဝိညာဉ်ဆေးပင်တို့သည် အပြန်အလှန် အမှီသဟဲပြုနေကြသည်ဟု ဆိုနိုင်ပေသည်။

၎င်း၏ စိတ်ဝိညာဉ်အရည်သည် စိတ်ဝိညာဉ်ဆေးပင်များ၏ ကြီးထွားမှုကို အထောက်အကူပြုနိုင်ပြီး စိတ်ဝိညာဉ်ဆေးပင်များမှ ထုတ်လွှတ်သော ဆေးဝါးချီဓာတ်များကလည်း ‘ဆေးဝါးကူ’၏ ကြီးထွားမှုကို အထောက်အကူပြုနိုင်သည်။

တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖြည့်ဆည်းပေးနေကြခြင်းပင် ဖြစ်လေသည်။

ဝှစ်...။

ထိုအခိုက်အတန့်တွင် ကျိုးစွေ့၏စိတ်ထဲ၌ လှုပ်ရှားသွားပြီး ‘ဆေးဝါးကူ’၏ ကိုယ်ပေါ်မှ အစိမ်းရောင်အလင်းစက်လေးများ ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်သည်။

ထိုအစိမ်းရောင်အလင်းစက်လေးများသည် မျက်စိတစ်မှိတ်အတွင်း၌ပင် ဆေးဥယျာဉ်ထဲသို့ ဝင်ရောက်သွားကြ၏။

သစ်ပင်စောင့်နတ်သူငယ်လေးများကဲ့သို့ မြေကြီးထဲသို့ နက်ရှိုင်းစွာ စိမ့်ဝင်သွားလေသည်။

ထိုအစိမ်းရောင်အလင်းစက်လေးများကား ‘ဆေးဝါးကူ’မှ မွေးဖွားလာသော ကူခွဲငယ်လေးများဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။

ထိုကူခွဲငယ်လေးများသည် ‘ဆေးဝါးကူ’အား စိတ်ဝိညာဉ်ဆေးပင်များ၏ ဆေးဝါးချီဓာတ်များကို ဝါးမျိုရာတွင် ကူညီပေးနိုင်သည်။

၎င်းတို့သည် မည်သည့် နေရာဒေသအကွာအဝေးကိုမဆို လျစ်လျူရှုကာ ထိုဆေးဝါးချီဓာတ်များကို ‘ဆေးဝါးကူ’၏ မူလခန္ဓာကိုယ်ထံသို့ ပေးပို့နိုင်ပေသည်။

ထိုသို့ဆိုလျှင် နောင်တစ်ချိန်တွင် ‘ဆေးဝါးကူ’သည် ဆေးဝါးချီဓာတ်များ စုဆောင်းရန်အတွက် ဆေးဥယျာဉ်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ရန် လုံးဝမလိုအပ်တော့ပေ။

ဤကူခွဲငယ်လေးများဖြင့်ပင် ဆေးဝါးချီဓာတ်များကို ဝါးမျိုပေးနိုင်ပြီး မူလခန္ဓာကိုယ် ကြီးထွားလာစေရန် ကူညီပေးနိုင်မည် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ဤကူခွဲငယ်လေးများသည် စိတ်ဝိညာဉ်ဆေးပင်များ ကြီးထွားလာစေရန် ကူညီပေးနိုင်သည့်အပြင် မြေဆီလွှာ၏ မြေဩဇာဓာတ်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပေသည်။ ထို့ကြောင့် စိတ်ဝိညာဉ်ဆေးပင်များကို ပိုမိုကောင်းမွန်စွာ ကြီးထွားလာစေနိုင်ပြီး ကြီးထွားနှုန်းကိုပင် ပိုမိုလျင်မြန်လာစေနိုင်‌သည်။

‘ဆေးဝါးကူ’၏ မူလခန္ဓာကိုယ်နှင့် မယှဉ်သာသော်လည်း ဤကူခွဲငယ်လေးများမှ စုစည်းထွက်ပေါ်လာသော အငွေ့အသက်များသည် စိတ်ဝိညာဉ်ဆေးပင်များကို လျင်မြန်စွာ ကြီးထွားလာစေနိုင်၏။ သဘာဝအတိုင်း ကြီးထွားခြင်းနှင့် နှိုင်းယှဉ်ပါက မည်မျှပင် မြန်ဆန်နေသည်ကို မှန်းဆ၍ပင် မရနိုင်ချေ။

“မဆိုးဘူး… ကူခွဲငယ်လေးတွေကိုတောင် မွေးဖွားနိုင်တာပဲ...”

“ဒီလိုဆိုရင် နောင်တစ်ချိန် ငါ အင်မော်တယ်ကမ္ဘာကို တက်သွားခဲ့ရင်တောင်...”

“ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဆေးဥယျာဉ်အတွက် ဘာမှ စိတ်ပူစရာ မလိုတော့ဘူး… စိတ်ဝိညာဉ်ဆေးပင် အမြောက်အမြားကို အဆက်မပြတ် မွေးထုတ်ပေးနိုင်ဦးမှာပဲ...”

ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်ကာ တွေးလိုက်မိသည်။

မူလက သူသည် နောင်တစ်ချိန် ရွှမ်ဟွမ်ဂိုဏ်းမှ ထွက်ခွာသွားပါက ရွှမ်ဟွမ်ဂိုဏ်း၏ စိတ်ဝိညာဉ်ဆေးပင်ထောက်ပံ့မှု ပြတ်တောက်သွားမည်ကို စိုးရိမ်နေခဲ့မိသည်။ အနည်းဆုံးအနေဖြင့် ယခင်ကကဲ့သို့ စိတ်ဝိညာဉ်ဆေးပင်အမြောက်အမြားကို အလျက်အမြန် မွေးထုတ်ပေးနိုင်တော့မည် မဟုတ်ပေ။

သို့ရာတွင် ဤ’ဆေးဝါးကူ’၏ ကူခွဲငယ်လေးများ ရှိနေသရွေ့ ထိုအရာအားလုံးက ကြီးမားသော ပြဿနာတစ်ခု မဟုတ်တော့ချေ။

“ဒါပေမဲ့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဆေးဥယျာဉ်မှာတင် ဒီလိုဖြစ်နေတာ မဟုတ်ဘူး...”

“ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ မြေနေရာတွေအားလုံးမှာလည်း အတူတူပဲလို့ ပြောရမယ်… မြေဆီလွှာတွေက တကယ်ကို မြေဩဇာပြည့်ဝလွန်းနေတာပဲ...”

“ဒီကာလအတွင်းမှာ သီးနှံပင်တွေ၊ စိတ်ဝိညာဉ်ဆေးပင်တွေ အမြောက်အမြား ပေါက်ဖွားလာခဲ့ပုံပဲ...”

“ကောက်ပဲသီးနှံမျိုးစေ့ နည်းနည်းလောက်ကို ကြုံသလို စိုက်ချလိုက်ရင်တောင်မှ စိတ်ဝိညာဉ်ဆန်တွေ အများကြီး ထွက်လာနိုင်တယ်...”

ကျိုးစွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း တွေးလိုက်မိ၏။

သိသာထင်ရှားစွာပင် ယခင်ကနှင့် နှိုင်းယှဉ်ပါက ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီး၏ မြေဆီလွှာသည် အခြားနေရာများထက် အဆပေါင်း မည်မျှပို၍ ကောင်းမွန်နေသည်ကို မသိနိုင်ပေ။

အခြားနေရာများတွင် စိုက်ပျိုး၍မရှင်သန်နိုင်သော စိတ်ဝိညာဉ်ကောက်ပဲသီးနှံများသည် ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီး၏ မည်သည့်နေရာတွင်မဆို လွယ်ကူစွာ ရှင်သန်နိုင်‌သည်။

အထွက်နှုန်းမှာလည်း အဆပေါင်းများစွာ ပို၍ တိုးတက်လာသေး၏။

ဤသည်ကား ရွေးချယ်ခံမဟာကောင်းချီးမြေပင် ဖြစ်သည်ဟု ဆိုနိုင်သည်။

အမှန်တကယ်တွင် ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးသာမက ရွှမ်ဟွမ်ကမ္ဘာတစ်ခုလုံးရှိ ကုန်းမြေများစွာသည်လည်း ထိုနည်းတူပင် ဖြစ်၏။ မြေဆီလွှာ၏ မြေဩဇာဓာတ်သည် ယခင်ကနှင့် နှိုင်းယှဉ်ပါက တစ်ဆကျော်မျှ တိုးတက်လာခဲ့လေပြီ။

ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီး၏ မြေဆီလွှာနှင့် မယှဉ်သာသော်လည်း ထိုသည်ကပင် အတော်လေး အံ့မခန်းဖြစ်နေချေပြီ။ စိတ်ဝိညာဉ်မြေဆီလွှာအဖြစ် ဆင့်ကဲပြောင်းလဲသွားသည့်ပုံပင်။

ဤအရာအားလုံးသည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကြောင့်ပင် ဖြစ်၏။

ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအားကြောင့် ၎င်း၏အမြစ်များသည် ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့လွှမ်းခြုံနေပြီး ၎င်း၏နွယ်ပင်များသည် စိတ်ဝိညာဉ်သွေးကြောများ၏ နေရာကို အစားထိုးဝင်ယူထားလေသည်။ ထို့ကြောင့် ၎င်းထံမှ အစိမ်းရောင်သစ်သားချီဓာတ်အမြောက်အမြား ထွက်ပေါ်လာခြင်းဖြစ်‌သည်။

အချိန်ကြာလာသည်နှင့်အမျှ ရွှမ်ဟွမ်ကမ္ဘာတစ်ခုလုံး၏ မြေနေရာသည် အစိမ်းရောင်သစ်သားချီဓာတ်၏ စိမ့်ဝင်ပျံ့နှံ့ခြင်းကို ခံရကာ စိတ်ဝိညာဉ်မြေဆီလွှာအဖြစ် ပြောင်းလဲသွားလေ၏။ ထို့ကြောင့် ဤမြေဆီလွှာများ၏ မြေဩဇာဓာတ်မှာ အကြီးအကျယ် တိုးတက်လာရခြင်း ဖြစ်သည်။

အခြေခံအားဖြင့် ဤကမ္ဘာသည် အမျိုးမျိုးသော စိတ်ဝိညာဉ်ဆေးပင်များနှင့် အပင်များ ရှင်သန်ပေါက်ရောက်ရာ သုခဘုံတစ်ခုပင် ဖြစ်လေသည်။

ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးနှင့် ပတ်သက်၍မူ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ မူလခန္ဓာကိုယ်သည် ဤနေရာ၌ ရှိနေသောကြောင့် သဘာဝကျကျ အကျိုးသက်ရောက်မှုကို ပို၍ ကြီးမားစွာခံရလေ၏။

ထို့ကြောင့် ဤကုန်းမြေ၏ မြေဆီလွှာသည် ပို၍ မြေဩဇာပြည့်ဝနေပြီး မည်သည့်အရာကိုမဆို ကြုံသလို စိုက်ပျိုးလိုက်လျှင်ပင် လျင်မြန်စွာ ကြီးထွားလာနိုင်ပေသည်။

“‘ဆေးဝါးကူ’ တစ်ခုတည်းကသာ သူ့ရဲ့ကိုယ်ပွားအခွဲကို ဖန်တီးနိုင်တာ မဟုတ်ဘူး...”

“ပဉ္စမအဆင့် ‘အရက်ကူ’ကလည်း အတူတူပဲ...”

“အခု ‘အရက်ကူ’က ဧရာမ အရက်ကန်ကြီးတစ်ခုကို ဖန်တီးနိုင်နေပြီ...”

“ဒီအရက်ကန်က တကယ်တော့ ‘အရက်ကူ’ ရဲ့ ကိုယ်ပွားတစ်ခုပဲ...”

“နတ်ဆိုးအလောင်းကောင်တွေ ဒါမှမဟုတ် စိတ်ဝိညာဉ်ဆေးပင်အများကြီးကို အထဲပစ်ချလိုက်တာနဲ့ စိတ်ဝိညာဉ်အရက်အဖြစ် သန့်စင်ပေးနိုင်တယ်...”

“ဒါပေမဲ့ အဓိကပါဝင်ပစ္စည်းတွေက နတ်ဆိုးတွေဖြစ်နေတော့ နတ်ဆိုးသန့်စင်ကန်လို့ ခေါ်လည်း ရတာပဲ...”

“ပြီးတော့ ‘အရက်ကူ’ရဲ့အဆင့် မြင့်တက်လာတာနဲ့အမျှ နတ်ဆိုးသန့်စင်ကန်ရဲ့ စွမ်းအားကလည်း အဆက်မပြတ် မြင့်တက်လာလိမ့်မယ်...”

ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်ကာ ထပ်မံတွေးလိုက်၏။

ရွှမ်ဟွမ်ဂိုဏ်းအတွင်းပိုင်း၌ တောင်ကြားတစ်ခုရှိပြီး ၎င်းအတွင်း၌ နတ်ဆိုးသန့်စင်ကန်အဖြစ် ပြောင်းလဲသွားကာ ကီလိုမီတာတစ်ထောင်ကျော် ကျယ်ဝန်းသော ဧရာမရေကန်ကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။

အခြေခံအားဖြင့် နေ့စဉ်နှင့်အမျှ နတ်ဆိုးအမြောက်အမြားကို ထိုအထဲသို့ ပစ်ချကာ ပဉ္စမအဆင့် ‘အရက်ကူ’ထံ သန့်စင်ရန် လွှဲပြောင်းပေးရ၏။

သိသာထင်ရှားစွာပင် ဤနတ်ဆိုးသန့်စင်ကန် ရှိလာပြီးနောက်တွင် နောင်တစ်ချိန်၌ ကျိုးစွေ့တစ်ယောက် အင်မော်တယ်ကမ္ဘာသို့ တက်ရောက်သွားကာ ‘အရက်ကူ’ကို ယူဆောင်သွားခဲ့လျှင်ပင် ရွှမ်ဟွမ်ဂိုဏ်းအနေဖြင့် စိတ်ဝိညာဉ်အရက်များ ပြတ်လပ်သွားမည်မဟုတ်သလို ကျင့်ကြံခြင်း အရင်းအမြစ်အများအပြားကိုလည်း ဆုံးရှုံးရမည် မဟုတ်ပေ။

‘အရက်ကူ’အပြင် ‘စာအုပ်ကူ’သည်လည်း အလားတူပင်ဖြစ်ပြီး ပုံရိပ်ယောင် စာကြည့်တိုက်အငယ်စားများကို ချန်ရစ်ထားကာ စာအုပ်တောင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။

ပဋိညာဉ်မှတစ်ဆင့် ‘စာအုပ်ကူ’၏ အတွင်းကမ္ဘာထဲသို့ ဝင်ရောက်ကာ အချက်အလက်များကိုပင် ရယူနိုင်သေးသည်။

“နောက်တစ်ဆင့်အနေနဲ့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ အကာအကွယ်အစီအရင်တွေကို ချထားရမယ်...”

“နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတစ်ခုအနေနဲ့ အကာအကွယ်အစီအရင် မရှိတာက တကယ်ကို မသင့်တော်ဘူး...”

“အခု ရွှမ်ဟွမ်ဂိုဏ်းပတ်ပတ်လည်က စိတ်ဝိညာဉ်သွေးကြောတွေဟာ ဆဋ္ဌမအဆင့် အထွတ်အထိပ်ကို ရောက်နေပြီ...”

“ဒါပေမဲ့ ဆဋ္ဌမအဆင့် အကာအကွယ်အစီအရင်အတွက် အချက်အလက်တွေ ရှိမနေတာ တကယ့်ကို နှမြောစရာပဲ...”

“ဒါပေမဲ့လည်း ဘာမှမတတ်နိုင်ဘူး… မူလကျင့်ကြံခြင်းကမ္ဘာမှာက နတ်ဘုရားအသွင်ပြောင်းအဆင့်ဆိုတာ အမြင့်ဆုံးကန့်သတ်ချက်ပဲလေ...”

“လေဟာနယ်သန့်စင်ခြင်းအဆင့် အထက်က အစီအရင်အသိပညာတွေ မရှိတာကလည်း သာမန်ကိစ္စပါပဲ...” ဟု တွေးရင်း ကျိုးစွေ့မှာ များစွာ ကူကယ်ရာမဲ့နေမိလေသည်။

အကယ်၍ ဆဋ္ဌမအဆင့် အစီအရင်တစ်ခုကိုသာ ရှာတွေ့နိုင်ပါက ‘အစီအရင်နှလုံးသားကူ’၏ စွမ်းအားကို အားကိုး၍ ချက်ချင်းပင် သင်ယူတတ်မြောက်နိုင်မည် ဖြစ်၏။

နှမြောစရာကောင်းသည်မှာ ဆန်မရှိလျှင် မည်မျှကျွမ်းကျင်သော စားတော်ကဲဖြစ်စေ ထမင်းချက်၍ မရနိုင်ခြင်းပင် ဖြစ်၏။

ချန်ချွန်းတာအိုအရှင် ချန်ရစ်ခဲ့သော အမွေအနှစ်တွင်ပင် ကျင့်စဉ်အမွေအနှစ်များသာ ပါဝင်ချေသည်။

ဆေးဖော်စပ်ခြင်းတာအို၊ အစီအရင်များ၊ လက်နက်သန့်စင်ခြင်း၊ အဆောင်ပညာရပ် စသည့် အသိပညာများနှင့် ပတ်သက်၍မူကား တစ်အုပ်မျှပင် မရှိပေ။

ထို့ကြောင့် ဤကဲ့သို့သော ကိစ္စရပ်များကို မိမိကိုယ်တိုင်သာ ကြိုးစားရတော့မည် ဖြစ်၏။

သို့မဟုတ်လျှင်လည်း စိတ်ဝိညာဉ်ကမ္ဘာသို့ ခိုးဝင်ကာ စိတ်ဝိညာဉ်ကမ္ဘာ၏ အသိပညာများကို ရယူရပေမည်။ ထိုမှသာလျှင် ရွှမ်ဟွမ်ကမ္ဘာကို ကြီးမားခိုင်မာလာစေနိုင်မည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ကိုယ့်ကိုယ်ကိုသာ အားကိုးရမည်ဆိုပါက မည်သည့်နှစ်၊ မည်သည့်လတွင်မှ ဆဋ္ဌမအဆင့်အထက် အသိပညာများကို ဖန်တီးနိုင်မည်ကို မသိနိုင်သောကြောင့်ပင်။

ရွှစ်…။

ဤအကြောင်းများကို တွေးမိသည်နှင့် ကျိုးစွေ့၏ပုံရိပ်က တစ်ချက်လက်သွားကာ ဤနေရာမှ ချက်ချင်းထွက်ခွာသွားပြီး သူ၏ဂူဗိမာန်သို့ ပြန်လည်ရောက်ရှိသွားကာ တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်လေတော့၏။

မည်သို့ပင်ဖြစ်စေကာမူ လောလောဆယ်တွင် မိမိ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်က ပို၍ အရေးကြီးပေသည်။

...

အခန်း (၆၆၀) - နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ဂိုဏ်း၊ ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်သွေးကြောနှင့် စိတ်ဝိညာဉ်ကမ္ဘာသစ်တစ်ခု ဖန်တီးခြင်း(၂)။

နှစ်တစ်ရာကြာပြီးနောက်…။

အချိန်တို့သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် နှစ်တစ်ရာအချိန်ကာလသည် ကုန်ဆုံးသွားခဲ့လေပြီ။

ဤကာလအတွင်း ရွှမ်ဟွမ်ကမ္ဘာသည်လည်း အလျင်အမြန်ပင် ပြန်လည်တည်ငြိမ်သွားခဲ့၏။

လောကသုံးပါးပေါင်းစည်းသွားမှုကြောင့် လူသားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်နှင့် သားရဲမျိုးနွယ်တို့သည် ကမ္ဘာတစ်ခုတည်းတွင် အတူတကွ နေထိုင်ကြရခြင်းဖြစ်ပြီး ဤကဲ့သို့သောကိစ္စရပ်မျိုးမှာ ယခင်က လုံးဝမကြုံဖူးသောအရာပင် ဖြစ်၏။

သို့ရာတွင် ရွှမ်ဟွမ်ကမ္ဘာသည် အလွန်အမင်း ကြီးမားကျယ်ပြန့်လွန်းလှသောကြောင့် ကမ္ဘာတံခါး၏ အကူအညီမပါဘဲ နတ်ဆိုးမျိုးနွယ်နှင့် သားရဲမျိုးနွယ်တို့သည် ကမ္ဘာအနှံ့သို့ ပျံ့နှံ့ရောက်ရှိသွားနိုင်စွမ်း မရှိကြပေ။ ရှည်လျားလှသော အကွာအဝေးကပင် ၎င်းတို့၏ လှုပ်ရှားမှုများကို အဟန့်အတား ဖြစ်စေခဲ့သည်။

မိမိတို့၏ နယ်မြေအတွင်း၌သာ လှုပ်ရှားသွားလာနိုင်ကြလေ၏။

သားရဲမျိုးနွယ်နှင့် ပတ်သက်၍မူ ပြောစရာပင် မလိုတော့ပေ။

နတ်ဘုရားအသွင်ပြောင်းအဆင့် သားရဲကျင့်ကြံသူများစွာမှာ အထက်ဘုံသို့ တက်ရောက်သူက တက်ရောက်သွားကြပြီး၊ အကျွတ်တရားရသူက ရသွားကြသဖြင့် သားရဲမျိုးနွယ်တွင် လူသားမျိုးနွယ်အား ကျူးကျော်ရန် အင်အားမရှိတော့ချေ။ ၎င်းတို့သည် လူသားမျိုးနွယ်ဘက်မှ ကျူးကျော်လာမည်ကိုပင် တစ်ဖန်ပြန်၍ ကြောက်ရွံ့နေကြရပြီး အသီးသီး ပုန်းအောင်းနေကြလေသည်။

နတ်ဆိုးမျိုးနွယ်နှင့် ပတ်သက်၍မူ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများ၏ အမိန့်ကြောင့် များပြားလှသော နတ်ဆိုးများသည် လူသားမျိုးနွယ်အပေါ် အကြီးအကျယ်တိုက်ခိုက်မှုများ ပြုလုပ်ရန် မဝံ့ရဲကြပေ။ တစ်ခါတစ်ရံတွင် မြေအောက်နတ်ဆိုးဂူများမှ နတ်ဆိုးအချို့ ထွက်ပြေးလာကာ လူသားမျိုးနွယ်၏ နယ်မြေများကို ဖျက်ဆီးသောင်းကျန်းတတ်ပြီး မနည်းလှသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့၏။

သို့ရာတွင် ယေဘုယျအားဖြင့်ဆိုရလျှင် ရွှမ်ဟွမ်ကမ္ဘာသည် အတော်လေး ငြိမ်းချမ်းနေဆဲဖြစ်ပြီး ကြီးမားသော ဘေးအန္တရာယ်ကြီးများကို မဖြစ်ပေါ်စေခဲ့ပေ။

ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ဖြစ်ပေါ်လာသော အပြောင်းအလဲများနှင့်ပတ်သက်၍မူကား ပို၍ပင် အံ့မခန်းဖြစ်လှကာ ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ပင် ဖြစ်၏။

ချန်လန်ပင်လယ်ဒေသရှိ ကျွန်းကြီးများမှ လူသားများသည် ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီး ရှိနေကြောင်းကို သိရှိသွားကြပြီး ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးပေါ်သို့ အသီးသီး ပြောင်းရွှေ့နေထိုင်လာကြ၏။ ၎င်းမှာ လူသားတို့၏ ကြီးမားသော ရွှေ့ပြောင်းနေထိုင်မှု လှုပ်ရှားမှုကြီးတစ်ခုပင်ဖြစ်ကာ ကျွန်းများစွာမှာ စွန့်ပစ်ခံရပြီး လူသူကင်းမဲ့သောကျွန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

...

ကျောက်မိသားစုသည် ဤအကြိမ်တွင် ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးသို့ ပြောင်းရွှေ့လာသော အခြေတည်အဆင့် မိသားစုတစ်ခုပင် ဖြစ်သည်။

ယခုအချိန်တွင် ချန်လန်ပင်လယ်ဒေသရှိ ကျွန်းတစ်ကျွန်း၌ ဖြစ်၏။

ကျောက်မိသားစုဝင် အများအပြားသည် အတူတကွ စုဝေးနေကြပြီး သူတို့ရှေ့တွင် ကြီးမားလှသော တည်နေရာရွှေ့ပြောင်း အစီအရင်ကြီးတစ်ခု ရှိနေ၏။

တည်နေရာရွှေ့ပြောင်း အစီအရင်မှတစ်ဆင့် လူအမြောက်အမြားကို ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးဆီသို့ တစ်ကြိမ်တည်းဖြင့် ရွှေ့ပြောင်းပေးနိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် အကယ်၍ ပျံသန်းရေးလှေများ သို့မဟုတ် အခြားသော သယ်ယူပို့ဆောင်ရေးယာဉ်များကိုသာ အားကိုးရမည်ဆိုပါက မည်မျှ အချိန်ယူရမည်ကို မသိနိုင်သောကြောင့်ပင် ဖြစ်လေသည်။

"ငါတို့ ကျောက်မိသားစုလည်း ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေးရလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

"ကြားရသလောက်တော့ ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးက လူသူကင်းဝေးတဲ့ သုခဘုံလိုပဲတဲ့… မျိုးစေ့တစ်ဆုပ်လောက်ကို ကြုံသလို ကြဲချလိုက်ရင်တောင်မှ စိတ်ဝိညာဉ်ဆန်တွေ အများကြီး ထွက်လာနိုင်တယ်ဆိုပဲ..."

"ဒါပေါ့... ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ မြေဆီလွှာက တခြားနေရာတွေနဲ့ မတူဘူးလေ… အားလုံးက စိတ်ဝိညာဉ်မြေဆီလွှာတွေချည်းပဲဆိုတော့ အမျိုးမျိုးသော စိတ်ဝိညာဉ်အပင်တွေ ရှင်သန်ဖို့ သိပ်ကို သင့်တော်တယ်… အဲဒါကြောင့် စိတ်ဝိညာဉ်ဆန်အထွက်နှုန်းက တခြားနေရာတွေထက် အဆပေါင်းများစွာ ပိုများတာပေါ့..."

“အရင်ကတည်းက မိသားစုအတော်များများ ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးဆီ ပြောင်းရွှေ့သွားကြတယ်လို့ ကျုပ် ကြားထားတယ်… အခုဆိုရင် သူတို့တွေက အချိန်တိုင်း ဝိညာဉ်ဆန်ကို စားနိုင်နေကြပြီတဲ့… မိစ္ဆာသားရဲအသားတွေကိုပါ စားနိုင်ကြပြီး ကျင့်ကြံခြင်းအဆင့် တက်လှမ်းတဲ့နှုန်းကလည်း နှုတ်ခမ်းသပ်ရလောက်အောင် မြန်ဆန်လွန်းနေပြီဆိုပဲ… အခြေခံအားဖြင့်တော့ အစားအသောက်ပြဿနာအတွက် စိုးရိမ်စရာကို မလိုတော့တာပေါ့…”

“ဝိညာဉ်ဆန်ကို အချိန်တိုင်း စားနိုင်တယ်ဆိုတာက အထွက်နှုန်းလုံလောက်ရင် ရပြီဆိုတော့ နားလည်ပေးလို့ရပါတယ်… ဒါပေမဲ့ မိစ္ဆာသားရဲအသားကို ဘယ်လိုလုပ် နေ့တိုင်း စားနိုင်မှာလဲ… အဲဒီလောက်များတဲ့ မိစ္ဆာသားရဲအသားတွေ ရှိလို့လား…”

“ဒါကတော့... ကြားရသလောက်ဆိုရင် ရွှမ်ဟွမ်ဂိုဏ်းက ဝက်မိစ္ဆာတစ်မျိုးကို တွေ့ရှိထားတယ်တဲ့… သူတို့ရဲ့ ကြီးထွားနှုန်းက အရမ်းမြန်ဆန်ပြီး တစ်နှစ်အတွင်းမှာတင် ကီလိုသုံးထောင်လောက်အထိ အလေးချိန်စီးတယ်ဆိုပဲ… ပြီးတော့ နေ့စဉ်အစားအစာအနေနဲ့ဆို ဆန်နဲ့သစ်သီးနည်းနည်းပါးပါး စားရုံနဲ့တင် လုံလောက်တယ်တဲ့လေ… ဝက်မိစ္ဆာတွေကို အမြောက်အမြား မွေးမြူလိုက်တဲ့အတွက် မိစ္ဆာသားရဲအသားတွေရဲ့ ဈေးနှုန်းကလည်း ကျဆင်းသွားခဲ့တယ်… ဒါကြောင့် သာမန် ကျင့်ကြံသူမိသားစုတွေတောင်မှ မိစ္ဆာသားရဲအသားကို အချိန်တိုင်း စားနိုင်နေကြပြီပေါ့…”

“ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ ကောင်းကျိုးတွေက ဒီလောက်တင် ဘယ်ကဦးမလဲ… ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ရွှမ်ဟွမ်ဘိုးဘေးက မဟာမှော်စွမ်းအင်ကြီးကို အသုံးပြုပြီး ဖန်တီးထားတာဖြစ်လို့ ဒီကုန်းမြေတိုက်ကြီးက အရမ်းကို လူသူကင်းမဲ့ပြီး အစစအရာရာ ဖွံ့ဖြိုးဖို့ အစပျိုးနေတဲ့အချိန်ပဲ…

အဲဒီပေါ်မှာ အခြေခံအားဖြင့် ဘာမိစ္ဆာသားရဲမှ မရှိဘူးတဲ့… ဒါကြောင့်မို့လို့ ကျုပ်တို့တွေ ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးမှာ နေထိုင်ရရင် ဘာအန္တရာယ်မှ စိုးရိမ်စရာ မလိုတော့ဘူး… ပြီးတော့ အဲဒီပေါ်က ဝိညာဉ်သွေးကြောအဆင့်တွေကလည်း အရမ်းမြင့်မားတယ်… ကျုပ်တို့လို အခြေတည်အဆင့် မိသားစုတွေတောင်မှ တတိယအဆင့် ဝိညာဉ်သွေးကြောတစ်ခုကို ရွေးချယ်နိုင်တယ်လေ… ဆိုလိုတာက နောင်တစ်ချိန်ကျရင် ကျုပ်တို့ ကျောက်မိသားစုထဲကနေ ရွှေအမြုတေအဆင့်သခင်တစ်ပါး ပေါ်ထွက်လာနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတဲ့ သဘောပဲ…”

“ကံကောင်းလို့ အခုအချိန်မှာ ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးက အစစအရာရာ ဖွံ့ဖြိုးဖို့ အစပျိုးနေတဲ့အချိန် ဖြစ်နေလို့သာ ရွှမ်ဟွမ်ဂိုဏ်းက ကျုပ်တို့ကို ပြောင်းရွှေ့ခွင့်ပြုတာပဲ… တကယ်လို့ နည်းနည်းလေး နောက်ကျသွားပြီး တခြားမိသားစုတွေက ဝိညာဉ်သွေးကြောတွေကို နေရာဦးသွားကြပြီဆိုရင်တော့ ဒီလိုကောင်းတဲ့ကိစ္စမျိုး ရှိလာမှာမဟုတ်တော့ဘူး…”

“ကြားရသလောက်ဆိုရင် ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးဆီ ပြောင်းရွှေ့သွားတဲ့ လူဦးရေက ဘီလီယံငါးရာတောင် ကျော်လွန်သွားပြီလို့ သိရတယ်…”

ကျောက်မိသားစုဝင် အများအပြားမှာ တီးတိုးဆွေးနွေးနေကြပြီး တစ်ယောက်ချင်းစီတိုင်းမှာ အတိုင်းမသိ စိတ်လှုပ်ရှားနေကြလေသည်။

သူတို့သည် ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးသို့ ပြောင်းရွှေ့ရမည့်ကိစ္စအတွက် အလွန်အမင်း ကျေနပ်အားရနေကြသည်။

ဤသည်မှာ ကျင့်ကြံခြင်းမြင့်မြတ်‌နယ်မြေဆီသို့ ပြောင်းရွှေ့ရခြင်းနှင့် အတိအကျပင် တူညီနေပေသည်။

အခြေခံအားဖြင့် ဤနေရာသည် ချန်လန်ပင်လယ်ဒေသရှိ ကျင့်ကြံသူအမြောက်အမြား အိပ်မက်မက်နေကြရသည့် နေရာတစ်ခုပင် ဖြစ်ပေသည်။

“တကယ်တော့ ကျုပ်တို့တွေ ကျောက်ယန်ကို ကျေးဇူးတင်ရမှာပဲ”

“တကယ်လို့ သူသာ ရွှမ်ဟွမ်ဂိုဏ်းရဲ့ စစ်ဆေးမှုကို အောင်မြင်ပြီး ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်တစ်ယောက် မဖြစ်လာခဲ့ဘူးဆိုရင်...”

“ကျုပ်တို့ ကျောက်မိသားစုက အခမဲ့ တည်နေရာရွှေ့ပြောင်းအစီအရင်ကို စီးနင်းပြီး ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးဆီ ရောက်လာနိုင်မယ့် အခွင့်အရေးကို ဘယ်လိုလုပ်ရနိုင်ပါ့မလဲ”

ကျောက်မိသားစုမှ အကြီးအကဲတစ်ယောက်သည် အလွန်အမင်း ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်ပြီး ခပ်လှမ်းလှမ်းရှိ အသက်ဆယ့်သုံးနှစ်ခန့်အရွယ် နှုတ်ခမ်းရဲရဲ သွားဖြူဖြူနှင့် လူငယ်လေးတစ်ယောက်ကို ကြည့်လိုက်၏။

ထိုလူငယ်လေးမှာ ကျောက်ယန်ပင် ဖြစ်လေသည်။

ထိုစကားကို ကြားသောအခါ ကျောက်မိသားစုမှ မျိုးဆက်သစ်များမှာလည်း ကျောက်ယန်ကို အားကျသည့် မျက်လုံးများဖြင့် ဝိုင်းကြည့်လိုက်ကြ၏။

မည်သို့ပင်ဖြစ်စေ ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ကာ ဂိုဏ်းတပည့်တစ်ယောက် ဖြစ်လာခြင်းမှာ ကောင်းကင်ဘုံသို့ ခြေလှမ်းတစ်လှမ်းတည်းဖြင့် တက်လှမ်းနိုင်ခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။

ဤသည်မှာ သူ၏ထာဝရအသက်ရည်မှန်းချက် ပြည့်ဝရန် မျှော်လင့်ချက်ရှိနေပြီဖြစ်ကြောင်း ကိုယ်စားပြုနေ‌သည်။

“အကြီးအကဲတို့... အားနာစရာမလိုပါဘူး… ဒါတွေအကုန်လုံးက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာတွေချည်းပါပဲ…”

“အကြီးအကဲတို့ရဲ့ ကာကွယ်စောင့်ရှောက်မှုသာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ ကျောက်မိသားစုရဲ့ မျိုးဆက်တွေက မိစ္ဆာသားရဲတွေရဲ့ လက်ချက်နဲ့ စောစောစီးစီး သေဆုံးသွားခဲ့ရလောက်ပြီ…”

“ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးဆီကို ပြောင်းရွှေ့လာနိုင်မယ့် အခွင့်အရေးဆိုတာ ဘယ်မှာရှိနိုင်ပါတော့မလဲ…”

ကျောက်ယန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။ သူ၏ပုံစံမှာ သာမန်လူငယ်တစ်ယောက်၏ အသွင်အပြင်မျိုးနှင့် လုံးဝမတူညီဘဲ လူကြီးဆန်လွန်းလှသည်။

အမှန်တကယ်တွင်လည်း ထိုသို့ပင် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏အစစ်အမှန်ခန္ဓာကိုယ်မှာ လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာ ရှေးဟောင်းခေတ်ကာလမှ နတ်ဘုရားအသွင်ပြောင်းအဆင့်သခင်ကြီးတစ်ပါး ဖြစ်ခဲ့သောကြောင့်ပင်။

ထို့အပြင် ရှေးဟောင်းနတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတစ်ခုဖြစ်သော ယန်မိုဂိုဏ်း၏ ခေတ်အဆက်ဆက် သမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်ခဲ့သည်။

ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ပါရမီကို ပိုင်ဆိုင်ထားရုံသာမက ရှားပါးလှသည့် မီးဝိညာဉ်ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားသေး၏။

ဤသည်ကပင် သူ့ကို နှစ်ခုနစ်ရာဆိုသည့် အချိန်တိုလေးအတွင်းမှာပင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်စေခဲ့ခြင်း ဖြစ်သည်။

နှမြောစရာကောင်းသည်မှာ ထိုခေတ်ကာလက မိစ္ဆာသားရဲမျိုးနွယ်စုများနှင့် နတ်ဆိုးမျိုးနွယ်များက တစ်ခုပြီးတစ်ခု ကျူးကျော်ဝင်ရောက်လာခဲ့ကြသောကြောင့် ယန်မိုဂိုဏ်းမှာလည်း ကြီးမားလှသည့် ထိုးနှက်ချက်ကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရလေသည်။

သူသည် ယန်မိုဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေသည့်အတွက် သဘာဝကျစွာ ရှေ့တန်းမှနေ၍ ဦးဆောင်တိုက်ခိုက်ခဲ့ရ၏။

သို့ရာတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများနှင့် တိုက်ခိုက်သည့် တိုက်ပွဲတစ်ခုတွင် သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအမြောက်အမြား၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သူ၏ခန္ဓာကိုယ်နှင့် တာအိုကျင့်စဉ်မှာ လုံးဝနီးပါး ပျက်စီးသွားခဲ့ရကာ သူ၏မူလဝိညာဉ်တစ်ခုတည်းသာ လွတ်မြောက်လာနိုင်ခဲ့သည်။

ကံကြမ္မာ၏လှည့်စားမှုအရ လွတ်မြောက်လာသည့်ဖြစ်စဉ်အတွင်း လမ်းမရွေးနိုင်တော့ဘဲ ထွက်ပြေးရင်းဖြင့် လျှို့ဝှက်ဆန်းကြယ်လှသည့် သီးသန့်ကမ္ဘာတစ်ခုအတွင်းသို့ မတော်တဆ ရောက်ရှိသွားခဲ့တော့သည်။

ကံကောင်းသည်မှာ ထိုသီးသန့်ကမ္ဘာအတွင်းရှိ အချိန်စီးဆင်းမှုနှုန်းမှာ အလွန်အမင်း နှေးကွေးနေခြင်းပင် ဖြစ်၏။

ပြင်ပလောကတွင် နှစ်တစ်သောင်းကြာမြင့်သော်လည်း အတွင်းဘက်၌မူ တစ်နှစ်သာ ကုန်ဆုံးသွားခဲ့သည်။

ထို့ကြောင့် သူ အစွမ်းကုန် ရုန်းကန်ကြိုးစားကာ အားအင်အမြောက်အမြားကို စတေးပြီး သီးသန့်ကမ္ဘာထဲမှ လွတ်မြောက်လာနိုင်ခဲ့ချိန်တွင် တစ်ကမ္ဘာလုံး၌ ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ကြီးမားသည့်အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့ပြီး နှစ်သောင်းပေါင်းများစွာပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်ကြောင်းကို သိလိုက်ရတော့သည်။

မူလယန်မိုဂိုဏ်းအပြင် သူနှင့်ရင်းနှီးသည့် ဂိုဏ်းအမြောက်အမြားမှာလည်း ပျောက်ကွယ်သွားခဲ့ကြလေပြီ။

တိုက်ဆိုင်စွာပင် ထိုအချိန်၌ သူ၏မူလဝိညာဉ်မှာ ကျောက်မိသားစုဆီသို့ ရောက်ရှိလာခဲ့၏။

ထိုအချိန်က ကျောက်မိသားစုသည် တတိယအဆင့် မိစ္ဆာသားရဲတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံနေရပြီး ကျောက်မိသားစုဝင်အမြောက်အမြား သေဆုံးနေခဲ့ရလေသည်။

ထို့ကြောင့် သူသည်လည်း လျှို့ဝှက်စွာ ဝင်ရောက်ကူညီပေးရန် ဆုံးဖြတ်လိုက်ပြီး ထိုမိစ္ဆာသားရဲအုပ်စုကို ရှင်းလင်းပေးလိုက်သည်။

ဤအချိန်တွင်ပင် သူသည် သေဆုံးသွားသည်မှာ မကြာသေးသည့် သုံးလသားအရွယ် ကလေးငယ်လေး ကျောက်ယန်ကို မြင်တွေ့လိုက်ရ၏။

တစ်ချိန်တည်းမှာပင် ကျောက်ယန်သည်လည်း သူနှင့်တူညီစွာဖြင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်နှင့် မီးဝိညာဉ်ခန္ဓာကိုယ်တို့ကို ပိုင်ဆိုင်ထားပုံရသည်။

ဤသည်မှာ သူ ဝင်ပူးကပ်ရန်အတွက် အကောင်းဆုံးသော ခန္ဓာကိုယ်ပင် ဖြစ်လေတော့သည်။

ထို့အပြင် ကလေးငယ်လေးမှာ သေဆုံးသွားသည်မှာ မကြာသေးသည့်အတွက် ခန္ဓာကိုယ်၏ သက်စောင့်စွမ်းအင်များမှာ လုံးဝ ပျောက်ကွယ်မသွားသေးချေ။

ထို့ကြောင့် သူသည် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ထိုကလေးငယ်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး ကလေးငယ်ကိုယ်စား ဝင်ရောက်နေရာယူကာ သူ၏ဒုတိယဘဝကို ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်ပေသည်။

တစ်နည်းအားဖြင့် ဆိုရလျှင် သူသည်ကား နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာအိုကြီးတစ်ပါးပင် ဖြစ်ချေတော့သည်။

သို့သော်ငြား သူသည် ကောင်းကင်နှင့်မြေကြီး၏ ကြီးမားသောအပြောင်းအလဲများကို ခံစားနေရပြီး ရှေးဟောင်းခေတ်ကာလနှင့် လုံးဝကို ကွဲပြားခြားနားနေကြောင်း သိရှိထား၏။

ထို့ကြောင့် ကျောက်ယန်သည် မမျှော်လင့်ထားသည့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် အမြဲတမ်း သတိကြီးကြီးထားကာ သူ၏အစစ်အမှန်ပုံစံကို လုံးဝ ထုတ်ဖော်ပြသရဲခြင်း မရှိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ်၌သာ သူ ထပ်မံသေဆုံးသွားခဲ့လျှင် ခန္ဓာကိုယ်လုယူပြီး ပြန်လည်မွေးဖွားနိုင်မည့် ဒုတိယအကြိမ် အခွင့်အရေးဆိုသည်မှာ ရှိလာတော့မည် မဟုတ်ပေ။

All Chapters