တာအိုဥသျှောင်နှင့် စီးချင်းထိုးခြင်း
Vol. 95 Ch. 1318
မန်ဟို တိုက်ခိုက်နေသူက မည်သူဖြစ်စေကာမူ အရေးမကြီး။ လက်ဦးမှုကို သူ ရယူနိုင်လိုက်သည်နှင့် ထိုပြိုင်ဘက်သည် သေချာပေါက် မရှုမလှခံရလိမ့်မည်။
သခင်အဖြူလည်း ထိုနည်းတူ ခံခဲ့ရသည်။ မန်ဟို တိုက်ခဲ့သူတိုင်း ထိုအတိုင်း ခံရသည်သာ။
သူ့အကြောင်း နည်းနည်းသိသော လူများသည် လက်ဦးမှုကို တစ်ကြိမ်လေးပင် မဆုံးရှုံးရအောင် ... တတ်နိုင်သမျှအကုန် လုပ်ကြလိမ့်မည်။
ရွှေရောင်ချပ်ဝတ်နှင့် အပြင်သူတာအိုဥသျှောင် ဒေါကြီးမောကြီးဖြင့် ပြန်တိုက်ခိုက်ရန် ပြင်နေသည့်အချိန်မှာပင် မန်ဟို့မျက်လုံးက လင်းလက်တောက်ပလာပြီး သူ့လက်ချောင်းကို ဝှေ့ယမ်းကာ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်သည်။
ဤမန္တန်ကို သူ့ထက် ကျင့်ကြံအဆင့်မြင့်မားသော လူတစ်ယောက်အပေါ်တွင် စီရင်လိုက်ခြင်းက ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုအား သက်ရောက်စေသော်လည်း မန်ဟိုက သူ့နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကို ဂရုမစိုက်ဘဲ ထုတ်လွှတ်လိုက်လေသည်။ ချက်ချင်းဆိုသလို ရွှေရောင်ချပ်ဝတ်အပြင်သူမှာ ကျောက်ရုပ်လို မလှုပ်နိုင်တော့သဖြင့် မျက်နှာရိပ်ခနဲ ဖြစ်သွား၏။
ထို့နောက် မန်ဟို့စွမ်းအားက တဟုန်းဟုန်းတောက်လာပြီး ကြေးမုံက စစ်လက်နက်အသွင် ပြောင်းရင်း ဖျတ်ခနဲ ပေါ်လာသည်။
ဓားအလင်းသည် ကြယ်တာရာကောင်းကင်ကို ပိုင်းခြမ်းလိုက်၏။
တဂျိန်းဂျိန်းမြည်သံများ ပဲ့တင်ထပ်နေစဉ် အပြင်သူတာအိုဥသျှောင်မှာ သူ့ရင်ထဲ၌ ပေါက်ဖွားလာသော အသက်အန္တရာယ်အာရုံကို ခံစားလိုက်ရသည်။ သူက တာအိုဥသျှောင်တစ်ဦးဖြစ်သည့်တိုင် သေမင်းတံခါးဝရှေ့ ရောက်သွားသည်ကို အာရုံရလိုက်သည်။
သူသည် မန်ဟို၏နတ်ဘုရားအာရုံအတွက် ပြင်ဆင်ထားခဲ့၍ ၎င်းကို လျင်မြန်စွာ ဖိနှိပ်နိုင်ခဲ့သည်။ သို့သော် မန်ဟိုက ကျန်နေရာများတွင်လည်း ထူးချွန်ပြောင်မြောက်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လောလောဆယ် သူ့ကို ချိန်ရွယ်နေသော ဓားချက်က ကောင်းကင်ဘုံမှ မိုးကြိုးတန်းကြီးသဖွယ် ထိတ်လန့်ဖွယ်ကောင်းသည်။
“သေစမ်း” ရွှေရောင်ချပ်ဝတ်နှင့် အပြင်သူတာအိုဥသျှောင်က ဟိန်းဟောက်သည်။ သူသည် သူ့ကိုယ်တွင်းရှိ ကလီစာများ ပြတ်တောက်ပြီး သူ၏ချီစီးဆင်းမှုလမ်းကြောင်းများ ပြိုကွဲနေသည်ကို ဂရုမစိုက်ဘဲ မည်သည့်ဒဏ်ရာပဲ ရစေကာမူ .... နောက်သို့ သုံးမီတာခုန်လိုက်သည်။
ထို့နောက် ဓားသွား၏အလင်းရောင်က သူ့ဘေးနားလေးမှ ကပ်သီကာ ဖြတ်သွားလေသည်။
ထိုစဉ် အဋ္ဌမတောင်ပေါ်၌ ကြောက်မခန်းလိလိ တိုက်ပွဲနောက်တစ်ပွဲ ဖြစ်ပွားနေသည်။ အရိပ်တစ်ခုက နတ်ရေကန်ကို ဖြတ်သွားပြီး ထိုသို့ဖြတ်သွားစဉ် သွေးအေးစွာ ပြုံးရင်း ရွှမ်းဝူလိပ်ကြီးကို ငုံ့ကြည့်ပြီးနောက် လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ရွှမ်းဝူလိပ်ကြီး၏ ဟိန်းသံများက အဋ္ဌမတောင်တစ်တောင်လုံးကို တုန်ရီသွားစေသည်။
အရိပ်သည် မဆိုစလောက် မျက်မှောင်ကြုတ်သွားသော်လည်း မည်သို့ဆိုစေ နတ်ရေကန်ဘေးမှ ဖြတ်ကာ ထို့အလွန်ရှိ နန်းတော်သို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။ ၎င်းက တံခါးအနား ချဉ်းကပ်၍ အထဲဝင်ဖို့ ပြင်သည်။ သို့သော် ချက်ချင်းဆိုသလို နောက်ပြန်ဆုတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် တံတားသည် ချွန်မြနေသော ဓားသွားများသဖွယ် လိမ်ဖယ်ကွေးကောက်လျက် ပေါက်ကွဲသွားကာ ဓားများက အရိပ်ထံသို့ ပြေးဝင်လာကြသည်။
ထို့နောက် တံခါးအစအနများအတွင်းမှ အရပ်ခပ်မြင့်မြင့် လူတစ်ယောက် ထွက်လာသည်။ သူသည် ရင်သပ်ရှုမောဖွယ် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ထွက်လာလျှင်ချင်း မိုးနှင့်မြေကို တုန်လှုပ်သွားစေသည့် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ဟင်းလင်းပြင်က ထိုအရိပ် လူလုံးထွက်ပြအောင် ဖိအားပေးရင်း အေးခဲလာသည်။ ၎င်းကား ... ငါးကိုယ်ခွဲခဲ့သော အပြင်သူတာအိုဥသျှောင်မှတစ်ပါး အခြားမဟုတ်ပေ။
သူ့ကို ကိုယ်ထင်ပြအောင် ဖိအားပေးခဲ့သူမှာတော့ မှန်သည်၊ မန်ဟို့အဘိုး အဋ္ဌမတောင်ပင်လယ်သခင်မှတစ်ပါး အခြားမဟုတ်ပေ။
“ခင်ဗျားက တကယ်ပဲ အမှန်တွေ ပြောနေခဲ့တာပါလား စီနီယာအပြင်သူ”
ဘိုးဘိုးမန်က သူ့ကိုယ်သူ ပြောနေသည်။ “ကျုပ် နိုးထလာတဲ့အချိန်က ကျုပ်မြေး ထွန်းတောက်ကျော်ကြားလာတဲ့အချိန်၊ ကြယ်တာရာကောင်းကင် ကြေမွပြီး ... ကောင်းကင်ဘုံ (၁) သက်ဆင်းလာတဲ့အချိန်ပဲ
“သူက ဒီအခြေအနေတစ်ခုလုံးကို စီစဉ်ထားခဲ့တဲ့အတိုင်းပဲ ... ဒါမှမဟုတ် ဖန်နဲ့မန်မျိုးနွယ်စုဟာ ... ပန်းချီကားကြီးတစ်ချပ် အစိတ်အပိုင်းလေးတစ်ခုသက်သက်လည်း ဖြစ်နိုင်တယ်” အပြင်သူတာအိုဥသျှောင်ကို မော့ကြည့်လိုက်သောအခါ သူ၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်ဖြင့် မီးဝင်းဝင်းတောက်နေပြီး သူက တဟုန်ထိုး ပြေးတက်သွားလေသည်။
“အဲ့ဒါ ဘာချပ်ဝတ်လဲ” အပြင်သူက မျက်စိမျက်နှာပျက်စွာဖြင့် ပြောသည်။ “သောက်ကျိုးနည်း... အဲဒီချပ်ဝတ်... အဲဒီချပ်ဝတ်က ဘာကြီးလဲ” သူသည် ထပ်ဆုတ်လိုက်သော်လည်း ဘိုးဘိုးမန်လောက် မမြန်ပေ။ အဋ္ဌမတောင်ပင်လယ်သခင်က ပြေးတက်လာပြီး လက်သီးတစ်လုံးကျွေးလိုက်၏။
ဘုန်းခနဲ အပြင်သူမှာ ပါးစပ်မှ သွေးများပန်းထွက်လျက် ကြိုးပြတ်သွားသော စွန်ငယ်မာ လွင့်ထွက်သွားသည်။ သူသည် မီတာငါးထောင်အထိ ရောက်မှ ရပ်လိုက်နိုင်ပြီး သူ့အရှေ့၌ ပေါ်လာပြန်သော ဘိုးဘိုးမန်ကို အထိတ်တလန့် ကြည့်နေသည်။
“ငါက မင်းကို ကြောက်မယ်များ ထင်နေသလား” အပြင်သူတာအိုဥသျှောင်က အံကြိတ်လျက် ပြောသည်။ ရုတ်တရက် သူသည် စတင်ကြီးထွားလာ၏။ မျက်စိတစ်မှိတ်အတွင်း မီတာသုံးရာမြင့်သွားလေပြီ။ ၎င်း၏အမြီးရှည်ကြီးက ကြယ်တာရာကောင်းကင်ကို ခွင်းရင်း အဋ္ဌမတောင်ပင်လယ်သခင်ကို ရိုက်ချလိုက်သည်။
အလားတူတိုက်ပွဲများသည် ပထမ၊ ဒုတိယ၊ တတိယနှင့် နဝမတောင်များတွင်လည်း စတင်ဖြစ်ပွား၏။ ပထမတောင်သုံးလုံးပေါ်၌ ဖြစ်ပွားနေသော တိုက်ပွဲများနှင့် နှိုင်းယှဉ်လျှင် နဝမတောင်ပေါ်ရှိ တိုက်ပွဲကား ထူးဆန်းလှ၏။
အပြင်သူ၏ကိုယ်ပွားက တုတ်တုပ်မလှုပ်ဘဲ တောင်၏အပေါ်တွင် ပျံဝဲရုံသာ ပျံဝဲနေသည်။ သူ့အရှေ့၌ ဧရာမမျက်လုံးကြီးတစ်လုံး ပျံဝဲနေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်း စိတ်ချင်း တိုက်ခိုက်နေကြလေသည်။
ထိုမျှသာမက .. နဝမတောင်ပင်လယ်သခင် ကျီတျန်းသည် ... အပြင်သူတာအိုဥသျှောင်၏ ကိုယ်ပွားကို ပူးကပ်ဖို့ ကြိုးစားနေပုံပေါ်သည်။
တစ်ချိန်တည်းမှာပင် တောင်ပင်လယ်ကိုးခုအတွင်း၌ မရေမတွက်နိုင်သော တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့လေပြီ။ တောင်ပင်လယ်လောကသား ကျင့်ကြံသူများသည် အပြင်သူများကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြ၏။ တာအိုနယ်ပယ်ပညာရှင်အားလုံးနီးပါး ထွက်လာခဲ့ကြ၍ တောင်ပင်လယ်လောကတစ်ခုလုံးတွင် တဘုန်းဘုန်းပေါက်ကွဲသံများ ဆူညံပြည့်နှက်နေတော့သည်။ တောင်ပင်လယ်လောကတစ်ခုလုံးကား စစ်မြေပြင်ကြီး ဖြစ်နေချေပြီ။
တောင်ပင်လယ်လောကသည် လောကသားအပေါင်းကို အဆက်မပြတ် အားဖြည့်ပေးနေသလို၊ ကောင်းကင်ဘုံ (၁) ကို ကျန်ကောင်းကင်ဘုံ ၃၂ ဘုံမှ ပိုင်းခြားထားသော အတားအဆီးကိုလည်း ထိန်းပေးထား၏။ ကောင်းကင်ဘုံ (၁) မှာ ကျန်အပြင်သူများထံမှ မည်သည့်အကူအညီမှ မရဘဲ ပိတ်မိနေသည်။
စစ်ပွဲသည် ကြွေးကြော်သံများ၊ အော်ဟစ်သံများကို အာကာပြင်ကျယ်ကြီးတစ်လျှောက် ပဲ့တင်ထပ်နေစေရင်း အရှိန်အဟုန်မြင့်တက်လျက်ရှိ၏။
အဋ္ဌမတောင်ပင်လယ်တွင် မန်ဟို့စစ်လက်နက်က နေနှင့်လသဖွယ် လင်းလက်တောက်ပနေလျက် ရွှေရောင်ချပ်ဝတ်အပြင်သူတာအိုဥသျှောင်ကို ပိုင်းချလိုက်သည်။
ရင်ဘတ်ကို ဖုံးထားသော ချပ်ဝတ် ကွဲကြေသွားပြီး ဒဏ်ရာကြီးဖြစ်ပေါ်လာသဖြင့် အပြင်သူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သုတ်သင်ခြင်းစိတ်ဆန္ဒသည် ဒေါသတကြီးဟိန်းဟောက်သံကို လှုံ့ဆော်ရင်း သူ့ကိုယ်ထဲ စီးဆင်းဝင်ရောက်လာ၏။ သို့သော် ကြောက်စိတ်တို့က သူ့ရင်ထဲတွင် ပြည့်ကြပ်နေလေပြီ။ စောစောက တိုက်ကွက်ကို ရှောင်ဖို့ မကြိုးစားခဲ့ပါက သူ သေချာပေါက် အသက်ထွက်သွားလိမ့်မည်။
မန်ဟိုက မျက်မှောင်ကြုတ်ရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော တောင်များ ပေါ်လာသည်။ ဟင်းလင်းပြင်တွင် အကွဲကြောင်းတစ်ကြောင်း ပွင့်ထွက်သွားပြီး သွေးမိစ္ဆာကြီးက ဟိန်းဟောက်ရင်း ထွက်လာသည်။ နတ်မီးတောက်အနှစ်သာရသည် အပြင်သူထံ ပြေးဝင်သွား၏။
သို့သော် ဤအရာအားလုံးက အာရုံလွှဲမှုများသာ ဖြစ်သည်။ တကယ့်အသေတိုက်ကွက်က ...တောင်ပင်လယ်စွမ်းအားတို့ စုစည်းနေသော မန်ဟို့ဘယ်လက်မှ လာနေသည်။
သူသည် တောင်ပင်လယ်လောက၏ သခင်အလောင်းအလျာဖြစ်၍ ဤအခိုက်အတန့်တွင် တောင်ပင်လယ်စွမ်းအားအမျှင်တစ်မျှင်သည် သူ့ထံ သက်ဆင်းလာပြီးနောက် အပြင်သူတာအိုဥသျှောင်ကို လှမ်းဖမ်းဆုပ်လိုက်သော ဧရာမလက်ကြီးအသွင် ပြောင်းသွားသည်။
တောင်ပင်လယ်စွမ်းအားမှ ဖြစ်ပေါ်လာသည့် လက်ကြီး ကျရောက်လာသည့်အခါ အပြင်သူတာအိုဥသျှောင်၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံအားလုံး ကျွတ်ထွက်လာပြီး သူက ဟိန်းဟောက်လိုက်၏။ ထို့နောက် အကြွေးခွံများသည် တောင်ပင်လယ်စွမ်းအားထံ ဖြာထွက်သွားသည့် အနှစ်သာရ ၆ ခု လေမုန်တိုင်းကြီးအဖြစ် ကြေမွသွား၏။
တောင်ဝါးမြိုမန္တန်၊ သွေးမိစ္ဆာနှင့် နတ်မီးတောက်အနှစ်သာရတို့အားလုံး ပြေးဝင်သွားသဖြင့် တဝုန်းဝုန်းဆူညံနေသည်။ ထို့နောက် မန်ဟိုသည် ညာလက်ချောင်းကို ဝှေ့ယမ်းလိုက်ပြန်သည်။
သတ္တမိစ္ဆာချုပ်နှောင်မန္တန်
ချက်ချင်းပင် ကံကြွေးမျှင်များက ရွှေရောင်ချပ်ဝတ်အပြင်သူ၏ ခေါင်းထက်၌ ပေါ်လာသည်။ ၎င်းတို့သည် ချုပ်နှောင်အင်းကွက်ပုံစံ လျင်မြန်စွာ ပြောင်း၍ ထိုလူ့အပေါ် ခတ်နှိပ်လိုက်၏။ ဤအခိုက်အတန့်တွင် မန်ဟိုက မုဒြာလက်ကွက်နောက်တစ်ကွက် ဖော်ရင်း ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်သည်။
ဆဋ္ဌမမန္တန်သည် ရှင်ခြင်း-သေခြင်းမန္တန်ဖြစ်၏။ ၎င်းက အပြင်သူ၏နဖူးပေါ်တွင် မီးခိုးရောင်မှော်သင်္ကေတတစ်ခု ပေါ်လာစေသည်။ ထို့နောက် မှော်သင်္ကေတသည် ဖောင်းခနဲ ပေါက်ကွဲသွားရာ သူ့နဖူးမှ သွေးများ ဖွားခနဲ လွင့်စင်ထွက်သွား၏။ သို့သော် တစ်ချိန်တည်းမှာပင် အပြင်သူ၏မျက်ဝန်းထဲ၌ သရော်နေသော အရိပ်အယောင် ပေါ်လာသည်။
ထိုအရိပ်အယောင်က မန်ဟို့ကို ရင်ထဲ ထိတ်ခနဲ ဖြစ်သွားစေသည်။ အပြင်သူတာအိုဥသျှောင်က အေးစက်စက်အသံဖြင့် စကားနှစ်လုံးပြောလိုက်သည်။
“ကိုယ် အနှစ်သာရ” ချက်ချင်းဆိုသလို လေမုန်တိုင်းထဲရှိ အနှစ်သာရစီးကြောင်းခြောက်ကြောင်းသည် တစ်ကြောင်းနှင့်တစ်ကြောင်း ပေါင်းစည်းသွား၏။ ထိုအခါ အနက်ရောင်မီးပင်လယ်တစ်စင်းက ဝုန်းခနဲ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။
တောင်ပင်လယ်လောကမှ စွမ်းအားနည်းနည်းလေးမှာ အနက်ရောင်မီးတောက်များအတွင်း လောင်ကျွမ်းပျောက်ကွယ်သွားတော့သည်။ တောင်များလည်း အရည်ပျော်ကျသွားပြီး သွေးမိစ္ဆာကြီး၏ပုံရိပ်လည်း ပြိုကွဲသွားသည်။ ထို့နောက် အနက်ရောင်မီးတောက်များသည် အိမ်မြှောင်လို သတ္တဝါကြီးတစ်ကောင်အသွင် ပြောင်းလာပြီးနောက် ဟိန်းဟောက်ရင်း မန်ဟို့ထံ ပြေးဝင်လာ၏။
၎င်းက သေရေးရှင်ရေးဖြစ်သည်။ မန်ဟိုက မာန်သွင်းကြုံးဝါးရင်း သူ၏စစ်လက်နက်ဖြင့် မီးသတ္တဝါကြီးကို တိုက်ခိုက်သည်။ မန်ဟိုမှာ ဧရာမပြိုင်ဘက်ကြီးကို အံတုနေသော ပိုးကောင်လေးတစ်ကောင်အလားပင်။ သို့သော် သူ၏အစွမ်းထက်စစ်လက်နက်က ၎င်း၏ခေါင်းကို ပိုင်း၍ နှစ်ခြမ်းခြမ်းပစ်လိုက်သည်။
စူးစူးဝါးဝါးအော်သံကြီး စီခနဲ ညံသွားသည်။ သို့သော် ဤအနက်ရောင်မီးအိမ်မြှောင်ကြီးသည် ကိုယ်အနှစ်သာရမှ ဖြစ်ပေါ်လာ၍ ဒဏ်ရာအပြင်းအထန် ရရုံလေးသာ ထိခိုက်သွား၏။
မီးအိမ်မြှောင်ကြီးက နာကျင်မှုကို လျစ်လျူရှု၍ ဟိန်းဟောက်ရင်း မန်ဟို့ကို စားဖို့ ကြိုးစားသည်။
မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး စစ်လက်နက် ပျောက်ကွယ်သွားသည်။ ၎င်း၏နေရာတွင် ပေါ်လာသော မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းကို သူက အားပါပါပစ်လွှတ်လိုက်သည်။ မိစ္ဆာလက်နက်သည် အနက်ရောင်မီးအိမ်မြှောင်ကြီးကို ထုတ်ချင်းဖောက်သွားသော မိစ္ဆာအလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။
အိမ်မြှောင်ကြီးက တဆတ်ဆတ်တုန်ရီနေလျက် မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီးနောက် ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။ သို့သော် ထိုပေါက်ကွဲမှုက မြင်းကောင်ရေတစ်သောင်းအားဖြင့်အလား မန်ဟို့ထံ လိမ့်ထွက်လာသော အနက်ရောင်မီးလှိုင်းကြီးဖြစ်လာသည်။
မီးတောက်များ သူ့ကို လွှမ်းခြုံလိုက်သည့်အချိန်မှာပင် သေစေနိုင်သောအန္တရာယ်ကြောင့် မန်ဟို၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။ ထိုအခိုက်အတန့်တွင် မိုးကြိုးဒယ်အိုးက သူ့ခေါင်းပေါ်၌ ဖျတ်ခနဲ ပေါ်လာသည်။ လျှပ်စီးများ ကခုန်နေစဉ် သူသည် ခပ်လှမ်းလှမ်းရှိ အနှစ်သာရ ၅ ခု အပြင်သူနှင့် နေရာချင်းလဲသွား၏။
ထိုအနှစ်သာရ ၅ ခုအပြင်သူမှာ မန်ဟို ရှိခဲ့သော နေရာတွင် ပြန်ပေါ်လာပြီး တုံ့ပင်မတုံ့ပြန်နိုင်ခင် အနက်ရောင်မီးတောက်များ၏ စားသုံးခြင်းခံလိုက်ရတော့သည်။ သွေးပျက်ဖွယ် အော်သံနက်ကြီးက လေထဲတွင် ပျံ့လွင့်လျက် ကျန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် မန်ဟို၏သတ္တမနှင့် ဆဋ္ဌမမန္တန်များကြောင့် အပြင်သူတာအိုဥသျှောင်က သွေးတစ်ပွက်အန်လိုက်ရသည်။
“သောက်ကျိုးနည်း” သူက မချင့်မရဲ အော်သည်။ သူသည် မန်ဟို့ထက် များစွာအစွမ်းထက်ကြောင်း ထင်ရှားသော်လည်း လက်ဦးမှုမရယူနိုင်ခဲ့သည့်အတွက် အရေးနိမ့်ပြီးရင်း နိမ့်နေခဲ့ရလေသည်။
သူက ဆဲလိုက်သည့်အချိန်မှာပင် ဖျတ်ခနဲ လှုပ်ရှားသည်။ အနက်ရောင်မီးတောက်များသည် အိမ်မြှောင်ကြီးအဖြစ် ပြန်စုဝေးသွားသော်လည်း ဤတစ်ခေါက်တွင် များစွာအားနည်းနေခဲ့လေပြီ။
အနက်ရောင်မီးအိမ်မြှောင်ကြီးက ခေါင်းနောက်လှန်၍ ဟိန်းပြီးနောက် မန်ဟို့ကို အမဲဖြတ်တော့မလို ကြည့်ကာ ပြေးဝင်လာသည်။
မန်ဟိုမှာ လက်ဦးမှုကို ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း သိလိုက်သဖြင့် သက်ပြင်းခိုးချလိုက်လေသည်။
သူက ဤအပြင်တာအိုဥသျှောင်နှင့် ဆက်လက်တိုက်ခိုက်လိုစိတ်မရှိတော့၍ နောက်ဆုတ်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်အရ အနိုင်ရဖို့ကား လွန်စွာခက်ခဲလိမ့်မည်။
သူ၏မန္တန်များက သူ့ပြိုင်ဘက်ကို ယာယီချုပ်ပေးထားနိုင်လျှင်တောင်မှ သိပ်အသုံးဝင်မည်မဟုတ်ပေ။ ချုပ်နှောင်ခြင်းမန္တန်ကို သုံးဖို့ အကောင်းဆုံးနည်းလမ်းမှာ လျှပ်တပြက်တိုက်ခိုက်ခြင်း ဖြစ်သည်။ ထို့အပြင် အင်မတန် အစွမ်းထက်သော လူတစ်ယောက်အပေါ် အသုံးပြုခြင်းအတွက် တန်ပြန်ရိုက်ခတ်မှုကိုလည်း မန်ဟို့အနေဖြင့် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ ခံနိုင်သည်။ ထို့ထက်များလျှင် သူ ဒဏ်ရာအပြင်းအထန် ရလိမ့်မည်။
သူ နောက်ဆုတ်လိုက်စဉ် အပြင်သူတာအိုဥသျှောင်က ခေါင်းနောက်လှန်ကာ ဒေါသတကြီး ဟိန်း၍ နောက်မှလိုက်လာသည်။ သူသည် မန်ဟို့ကို ပို၍ပင် သတ်ချင်နေ၏။ စောစောက သေအံ့ဆဲဆဲ ဖြစ်ခဲ့ရခြင်းမှ ခံစားခဲ့ရသော အရှက်ကွဲမှုက သူ့ကို မန်ဟို့အား လျှော့မတွက်စေတော့ပေ။
ထိုအစား သတိပိုရှိလာစေသည်။ ယခုတွင် မန်ဟို၏အဋ္ဌမမန္တန် သူ့အပေါ် မသက်ရောက်နိုင်အောင် ကာကွယ်ပေးမည့် မှော်ပစ္စည်းများက သူ့ကို လှည့်ပတ်ဝန်းရံထားလေပြီ။
“ဒီအတိုင်း ထွက်သွားလို့ရမယ်ထင်သလား" အပြင်သူတာအိုဥသျှောင်က သတ်ဖြတ်လိုစိတ်ဖြင့် မျက်လုံးများတောက်ပနေလျက် ဟိန်းဟောက်သည်။ ကောင်းကင်ဘုံ (၁) ၏ တာအိုဥသျှောင်နှစ်ဦးအနက် သူ့တွင် မယုံနိုင်လောက်အောင် မြင့်မားသော ရာထူးရှိသည်။ မန်ဟို့ကိုသာ သူ မသတ်နိုင်လျှင် သူ့မျက်နှာကို ဘယ်နားထားရတော့မည်နည်း။