တောင်ပင်လယ်လောက၏ အရန်အင်အားများ
Vol. 95 Ch. 1319
ကောင်းကင်ဘုံ (၁) နှင့် တောင်ပင်လယ်လောက၏ စစ်ပွဲသည် အင်အားအလုံးအရင်းဖြင့် ဖြစ်ပွားနေ၏။ တောင်ပင်လယ်လောကသား ကျင့်ကြံသူများ၏ ခေါင်းအထက်တွင် မျက်စိတဆုံး ဆန့်တန်းနေသော ကြယ်အစုအဝေးများ မရှိတော့ပေ။
ထိုအစား အနက်ရောင်တိမ်အမိုးကြီးသဖွယ် အရာအားလုံးကို အုပ်မိုးထားသော ဧရာမမြေထုကြီးဖြင့် အစားထိုးခံခဲ့ရသည်။ တချို့နေရာများတွင် လျှပ်စီးမိုးကြိုးများ ကခုန်နေသည်ကိုပင် မြင်ရနိုင်ပြီး လျှပ်တပြက် မိုးခြိမ်းသံများလည်း အရပ်လေးမျက်နှာတစ်ခွင် ပဲ့တင်ထပ်နေသည်။ မြေထုကြီးကလည်း တောင်ပင်လယ်လောကကို အပေါ်စီးမှ အုပ်ကာမိုးရင်း ပြင်းထန်သောဖိအားကို ထုတ်လွှတ်နေ၏။
ပါရာဂွန်များ တိုက်ခိုက်နေသည်။
ကောင်းကင်ဘုံ (၁) နှင့် တောင်ပင်လယ်လောကကို ပိုင်းခြားထားသော ကြယ်တာရာကောင်းကင်ထဲတွင် ကောင်းကင်ဘုံ (၁) ၏ ပါရာဂွန်အောဂူသည် ပါရာဂွန်ပင်လယ်အိပ်မက်ဖြင့် သေခြင်းရှင်ခြင်းတိုက်ပွဲကြီးကို ဆင်နွှဲနေ၏။
ပါရာဂွန်ပင်လယ်အိပ်မက်က ကောင်းကင်ဘုံ (၁) သို့ တက်ရောက်တိုက်ခိုက်ချင်နေသည့်အချိန် ပါရာဂွန်အောဂူက သူတို့တိုက်ပွဲမှ လှိုင်းဂယက်များကို တောင်ပင်လယ်လောကထံ ရိုက်ခတ်စေချင်သည်။ သူတို့အကြားက အကြိတ်အနယ် တိုက်ပွဲသည် ကြယ်တာရာကောင်းကင်ကို ကွဲကြေနေစေပြေီး လေမုန်တိုင်းကြီးများကို ဝေါခနဲ ဝေါခနဲ တိုက်ခတ်နေစေသည်။
တာအိုတွေ ကြေမွကုန်သည်၊ သဘာဝနိယာမတွေ ပျက်စီးကုန်သည်။
ပါရာဂွန်တိုက်ပွဲပြီးနောက် ဒုတိယလိုက်သည့် တိုက်ပွဲမှာတော့ အပြင်သူအင်ပါယာသခင်ကို ခိတိဂဗ္ဗ တိုက်ခိုက်နေသော စတုတ္ထတောင်ပင်လယ်တွင် ဖြစ်ပွားနေသည်။ စတုတ္ထတောင်ပင်လယ်သည် ယမမင်းနန်းတော်များနှင့် အပြင်သူ၏အနက်ရောင်မီးတောက်မီးလျှံများအကြား တဟုန်းဟုန်းတောက်နေသော မီးပင်လယ်တစ်စင်းအလားပင်။ အကန့်အသတ်မဲ့ စေတိယမီးတောက်ကို စုစည်းပြီးနောက် ခိတိဂဗ္ဗသည် အပြင်သူအင်ပါယာသခင်နှင့် လက်ရည်တူသွား၏။
ကောင်းကင်ဘုံ (၁) မှ အစွမ်းထက်ဆုံး ကျင့်ကြံသူလေးယောက်အနက် နှစ်ယောက်မှာ ခြေချုပ်မိနေလေပြီ။ ကျန်တာအိုဥသျှောင်အဆင့် နှစ်ယောက်အနက် တစ်ယောက်က တောင်ပင်လယ်သခင်ငါးဦးကို ပြိုင်တူသတ်ဖို့ ငါးကိုယ်ခွဲထားခဲ့သည်။ သို့သော် ထိုသို့လုပ်ခြင်းက အပြောလွယ်သော်လည်း သူ့မှာ ကျဉ်းထဲကြပ်ထဲ ရောက်နေ၏။
ထိုအခြင်းအရာက မန်ဟိုနှင့် ရွှေရောင်ချပ်ဝတ်တာအိုဥသျှောင်၏ တိုက်ပွဲကို တောင်ပင်လယ်လောကတွင် အခရာတိုက်ပွဲများအနက် တစ်ပွဲဖြစ်လာစေသည်။
တစ်ချိန်တည်းမျာပင် ကောင်းကင်ဘုံ (၁) မှ ကျန်တာအိုနယ်ပယ်ပညာရှင်များသည် တောင်ပင်လယ်လောက၏ ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုများမှ ခေါင်းဆောင်ကြီးများကို တိုက်ခိုက်နေ၏။ မည်သည့်နေရာကိုကြည့်ကြည့် တိုက်ပွဲများ ပြည့်နေပြီး မျက်စိတစ်ဆုံးလည်း စစ်မြေပြင်များသာ နေရာယူထားသည်။ ထိုမျှသာမက အပြင်သူရွေးချယ်ခံများလည်း ရက်စက်စွာ ပြုံးရင်း ဝင်ရောက်တိုက်ခိုက်နေကြရာ မည်သူမှ သူတို့ကို ခုခံနိုင်စွမ်းမရှိကြပေ။
သို့သော် တောင်ပင်လယ်လောက၏ ရွေးချယ်ခံများက သူတို့ကို စွမ်းစွမ်းတမံ တွန်းလှန်ကြသည်။
ကျယ်လောင်သောပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး တောင်ပင်လယ်အားလုံး တုန်ရီနေသည်။
ပထမတောင်ပင်လယ်တွင် တာအိုနယ်ပယ်တိုက်ပွဲများသည် နေရာတိုင်းလိုလိုတွင် ဖြစ်ပွားနေ၏။ တစ်ချိန်တည်းမှာပင် ကျင့်ကြံခြင်းအဆင့်အမျိုးမျိုးဖြင့် အပြင်သူများနှင့် တောင်ပင်လယ်လောကသားအားလုံး အသည်းအသန် တိုက်ခိုက်နေကြသည်။ စစ်မြေပြင်တစ်ခုအပေါ်တွင် ဝတ်ရုံနက်နှင့် အပြင်သူကျင့်ကြံသူတစ်ယောက် ရှိသည်။ သူ့အရေပြားတွင် အနက်ရောင်အကြေးခွံများ ဖုံးနေသော်လည်း သူ့နဖူးထက်တွင် အဖြူရောင်အကြေးခွံတစ်ခုကို မြင်ရနိုင်သည်။ သူသည် ရှေးဟောင်းနယ်ပယ်အဆင့် ဖြစ်သည့်တိုင် သူ၏အတိုက်အခိုက်စွမ်းရည်က သူ့ကို ထို့ထက်အဆင့်မြင့်မားစေ၏။
“ပါရာဂွန်အင်မော်တယ်လောကတဲ့လား။ လက်သီးချက်လေးတစ်ချက်တောင် မခံနိုင်ဘူး။ ငါတို့ ဒါကိုသာ ကြိုသိခဲ့ရင် ကောင်းကင်ဘုံ ၃၃ လုံးကို အားကိုးစရာတောင် လိုမှာ မဟုတ်ဘူး။ ငါတို့ ကောင်းကင်ဘုံ (၁) နဲ့တင် သူတို့ကို အုပ်စိုးဖို့ လုံလောက်တယ်။ ပြီးတော့ အခု ဖွတ်မြွေမျိုးနွယ်စုရဲ့ သွေးဆက်ခုနစ်ဆက်ထဲက တတိယသွေးဆက်၊ အစွမ်းထက်ဆုံး တောင်ပံဖွတ်မြွေသွေးဆက်ဟာ ဒီစစ်ပွဲမှာ အများဆုံးသတ်နိုင်လိမ့်မယ်" ဤအပြင်သူရွေးချယ်ခံ စစ်မြေပြင်၏ မည်သည့်နေရာကိုသွားသွား ဘယ်သူမှ သူ့ကို ပြန်မတိုက်ခိုက်နိုင်ရာ သူ့ကို ပို၍မာန်တက်လာစေသည်။ သို့သော် ဤအခိုက်အတန့်တွင် အဝေးမှ အဖြူရောင်အလင်းတန်းတစ်တန်းက သူ့ထံ ပျံသန်းလာသည်။
“မင်းက တယ်အပြောကြီးတာပဲ” အဖြူရောင်အလင်းတန်းထဲမှ အသံတစ်သံက ပြောသည်။ အေးစက်စက်နှာမှုတ်သံနှင့်အတူ အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက် ပေါ်လာသည်။ ၎င်းက ပထမတောင်၏ အက်ရှလွန်ကျင့်ကြံသူ တာအိုကောင်းကင်မှတစ်ပါး အခြားမဟုတ်ပေ။ တာအိုကောင်းကင်သည် အနားရောက်သွားသည်နှင့် တိုက်ကွက်တစ်ကွက် ထုတ်လွှတ်လိုက်ရာ အပြင်သူရွေးချယ်ခံ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး လေးနက်သွားတော့၏။
ဒုတိယ၊ တတိယနှင့် စတုတ္ထ .... တောင်ပင်လယ်လောက၏ နေရာတိုင်းတွင် ထိုနည်းတူမြင်ကွင်းများ ဖြစ်ပွားနေသည်။
စတုတ္ထတောင်တွင် ခိတိဂဗ္ဗနှင့် အပြင်သူအင်ပါယာသခင်အကြား တိုက်ပွဲမှ ဖြာထွက်နေသော တုန်ခါလှိုင်းများသည် ပတ်ဝန်းကျင်တစ်ခွင် ပြည့်နှက်နေ၏။ သို့သော် အပြင်သူများကား စတုတ္ထတောင်မှ ကျင့်ကြံသူများနှင့် တိုက်ခိုက်ဖို့ တသဲသဲ ဝင်ရောက်လာနေဆဲပင်။
စတုတ္ထတောင်ပင်လယ်၏ ကျင့်ကြံသူစစ်တပ်အကြားတွင် အစောင့်အရှောက်များ၊ ကိုယ်ရံတော်များဖြင့် ဝန်းရံလျက် တည်ငြိမ်စွာ ရပ်နေသော မိန်းကလေးတစ်ဦးရှိသည်။ သူမသည် လက်ဖျားခါလောက်အောင်တော့ မလှပေ။ အေးတိအေးစက်စက် မှိုင်းညို့ညို့ကလေးဖြစ်၏။ သို့သော် တပ်စိတ်များအား စတုတ္ထတောင်ပင်လယ်၏ ရှေ့တန်းစစ်ကြောင်းများသို့ စေလွှတ်နေစဉ် သူမမျက်ဝန်းများတွင် ကြယ်အလင်းရောင်များ လင်းလက်တောက်ပနေသည်။ သူမက စတုတ္ထတောင်ပင်လယ်၏ အင်အားကို အဆုံးစွန်ဆုံးအထိ မြှင့်တင်ရင်း စစ်တပ်တစ်တပ်လုံးအား တစ်ယောက်တည်း ဦးဆောင်ကွပ်ကဲနေ၏။
သနင်္ဂဗျူဟာ၊ စစ်ရေးပရိယာယ်အားလုံးအတွက် တာဝန်ယူထားသော ဤမိန်းကလေးက ... ရှုချင်အပြင် တခြားမဟုတ်ပေ။
ခိတိဂဗ္ဗသည် ကျင့်ကြံအဆင့်သာ မြင့်မားသည်မဟုတ်၊ ထူးချွန်သော ဆရာတစ်ယောက်လည်း ဖြစ်၏။ ရှုချင်ကို သူ့တပည့်အဖြစ် ခေါ်ယူပြီးနောက် သူက သူမကို ကောင်းမွန်စွာ သင်ကြားပေးခဲ့လေရာ သူမ၏ကျင့်ကြံခြင်းအခြေခံ ခုန်ပျံကျော်လွှားတက်သွားခဲ့သည်။ ထို့အပြင် သနင်္ဂဗျူဟာနှင့် စစ်ရေးပရိယာယ်အရာ၌ ကျွမ်းကျင်သော သူမ၏ထူးထူးခြားခြားပါရမီလည်း ပေါ်ထွက်လာခဲ့သည်။
သတ္တမတောင်ပင်လယ်၏ ကျင့်ကြံသူအများစုသည် သခင်အဖြူ၏ အမိန့်ကို လိုက်နာ၍ အဋ္ဌမတောင်ပင်လယ်ကို ကျူးကျော်ခဲ့၏။ သို့သော် တချို့က မတိုက်ခိုက်ဘဲ ကျန်ခဲ့သည်။ ထိုလူများထဲတွင် အက်ရှလွန်ကျင့်ကြံသူ ယွီဝမ်ကျန်း ပါဝင်၏။
လောလောဆယ်တွင် ယွီဝမ်ကျန်းသည် ဟိန်းဟောက်ကြုံးဝါးရင်း သတ္တမတောင်ကို ကျူးကျော်လာခဲ့သော အပြင်သူရွေးချယ်ခံကို သည်းကြီးမဲကြီး တိုက်ခိုက်နေသည်။
နဝမတောင်ပင်လယ်တွင် ဖန်မျိုးနွယ်စု၊ လီမျိုးနွယ်စုနှင့် ကျန်အင်အားကြီးဂိုဏ်းများ၊ မျိုးနွယ်စုအားလုံးလည်း စစ်အင်အားခင်းကျင်း၍ တိုက်ခိုက်နေကြသည်။ စွန်းဟိုက်၊ ဖန်ယုနှင့် နာမည်ကြီးရွေးချယ်ခံအားလုံး ပြင်းထန်သော တိုက်ပွဲများကို ဆင်နွဲနေကြရသဖြင့် သွေးတို့ရွှဲရွှဲစိုနေကြလေသည်။
ယခုတွင် ဤရွေးချယ်ခံများ၏ အင်အားသည် ... တာအိုနယ်ပယ်ပြီးလျှင် တောင်ပင်လယ်လောက၏ အရေးပါးဆုံးအရာဖြစ်လာသည်။
မန်ဟို့အဖေသည် ဖန်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ဖြစ်သော်လည်း တောင်ကောင်းကင်ဂြိုဟ်မှ မထွက်ခွာနိုင်ပေ။ သို့သော် ဂြိုဟ်၏ မန္တန်ဝင်္ကပါသည် ကျူးကျော်လာဝံ့သော အပြင်သူမှန်သမျှ ရက်ရက်စက်စက် ချေမှုန်းနေ၏။
စစ်ပွဲက တောင်ပင်လယ်လောကသား အတော်များများအတွက် ထင်ထားသလောက် မဆိုးရွားပေ။ သို့သော် ကောင်းကင်ဘုံ (၁)အတွက်မူ အခြေအနေက သိပ်အဆင်မပြေ။ တောင်ပင်လယ်လောကမှ ပြန်တိုက်ခိုက်နေသော အင်အားက အပြင်သူများကို လုံးလုံးလျားလျား မှင်သက်သွားစေသည်။
သို့သော်လည်း ... ကောင်းကင်ဘုံ (၃၃) ဘုံရှိပြီး ဤသည်က ကောင်းကင်ဘုံ (၁)၏ အင်အားလေးသာ ရှိသေးသည်မဟုတ်ပါလော။
ကောင်းကင်ဘုံ (၁)သည် ကောင်းကင်ဘုံ (၃၃) ဘုံ၏ အင်အားကြီးမားသောဘုံထဲ၌ ပါဝင်သည်။ ကောင်းကင်ဘုံ (၃၃) ဘုံလုံးရှိ ပါရာဂွန်အားလုံးကို ပေါင်းလိုက်လျှင် ငါးယောက်သာ ရှိသည်။ သို့သော် ထိုအခြင်းအရာက ကောင်းကင်ဘုံ (၃၃) ဘုံကို အတိုင်းထက်အလွန် အင်အားကြီးမားစေသေးသည်။
ပို၍အရေးကြီးသည်က... ပါရာဂွန်ငါးယောက်သာ ရှိသော်ငြား တာအိုနယ်ပယ်နှင့် ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများနှင့် ပတ်သက်လျှင် ကောင်းကင်ဘုံ (၃၃)ဘုံသည် တောင်ပင်လယ်လောကထက် အဆများစွာ များပြား၏။
သို့သော်လည်း တောင်ပင်လယ်လောက၏ အရန်အင်အားများမှာ လောလောဆယ် မြင်နေရသလောက်သာ မဟုတ်ပေ။ တောင်ပင်လယ်များ၏စိတ်ဆန္ဒနှင့် ပါရာဂွန်ပင်လယ်အိပ်မက်သည် ... ကောင်းကင်ဘုံ (၃၃) ဘုံနှင့် စစ်ပွဲကို ရှောင်လွှဲမရမှန်း တစ်လျှောက်လုံး သိနေခဲ့သည်မဟုတ်ပါလော။
သူတို့က ကြိုတင်မပြင်ဆင်ထားဘဲ နေမည်လော။
စစ်ပွဲဖြစ်ပွားနေစဉ် တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏ တာအိုဆရာအစည်းအရုံးသုံးခုထံမှ ကြီးမားသောလှိုင်းလုံးကြီးများ ဖြာထွက်လာသည်။
ထို့အပြင် ကောင်းကင်ဘုံ (၃၃) ဘုံထဲတွင် စောင့်ကြည့်လည်းခံရပြီး အရေးလည်းထားခံရသော ဘုံတစ်ဘုံရှိ၏ …. (၃၄) ဘုံမြောက် ကောင်းကင်ဘုံ ၊ လေဟုန်ခွင်းလောကပင်။
တောင်ပင်လယ်လောက၏ အချုပ်အနှောင်များမှ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ပင်လယ်အိပ်မက်နှင့် တိုက်ခိုက်ခဲ့သူ လေဟုန်ခွင်းအင်ပါယာသခင်သည် .... ပါရာဂွန်တစ်ဦးဖြစ်လာနိုင်ခြေ များသွား၏။
တိုက်ပွဲများ ပထမ၊ တတိယနှင့် ပဉ္စမတောင်များတွင် ဖြစ်ပွားနေစဉ် ထိုတိုက်ပွဲများနှင့် သပ်သပ်စီဖြစ်နေသော နေရာသုံးနေရာ ရှိသည်။ ရှေးဟောင်းဝတ်ပြုကျောင်းသုံးကျောင်းသည် ကြယ်တာရာကောင်းကင်တွင် ပျံဝဲနေ၏။ ထိုဝတ်ပြုကျောင်းတစ်ကျောင်းစီ၏ ပင်မဂိတ်ဝထက်တွင် မုခ်ဦးတစ်ခုစီ ရှိကြသည်။ ထိုမုခ်ဦးပေါ်တွင် နတ်နဂါးနှင့် ဖီးနစ်ငှက်များ ကခုန်နေသလို ကြော့ရှင်းသော လက်ရေးအလှစာလုံးများကို မြင်ရနိုင်သည်။
မြင့်မြတ်သောဝိညာဉ်ဝတ်ပြုကျောင်း
တာအိုနတ်ဘုရားဝတ်ပြုကျောင်း
ကောင်းကင်ဖျက်စီးခြင်းဝတ်ပြုကျောင်း
ထိုကျောင်းသုံးကျောင်းအနက် တစ်ကျောင်းစီ၏အထဲတွင် အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ယောက် ရှိသည်။
အဘိုးအိုများက ရုပ်တုများသဖွယ် ဖြစ်ပြီး လူငယ်များက ရွေးချယ်ခံများနှင့် တူသည်။
ထိုဝတ်ပြုကျောင်းသုံးကျောင်း၏အတွင်းတွင် လူငယ်သုံးယောက်လုံးက အဘိုးအိုများကို ဒူးထောက်အရိုအသေပေး၍ စကားပြောနေကြသည်။
“တောင်ပင်လယ်တွေ ဖရိုဖရဲဖြစ်နေပါပြီ။ ကျေးဇူးပြုပြီး တိုက်ခိုက်ပါတော့”
“ဆရာ ပထမမျိုးအက်ရှလွန်ကျင့်ကြံသူအနေနဲ့ ကျွန်တော်ဟာ ဒီအခိုက်အတန့်အထိ ချိတ်ပိတ်ခံခဲ့ရပါတယ်။ ဆရာ ကျေးဇူးပြုပြီး ဒီစည်းတံဆိပ်တွေကို ဖယ်ရှားပေးပါ။ တိုက်ခိုက်ခွင့်ပေးပါ”
“ကျွန်တော်တို့ ကောင်းကင်ဖျက်စီးအဖွဲ့ဟာ ဒီစစ်ပွဲမှာ တိုက်ခိုက်ဖို့အတွက် တည်ရှိခဲ့တာပါ။ ကျမ်းဆရာကြီး ကျေးဇူးပြုပြီး ကျွန်တော့်အတွက် စည်းတံဆိပ်တွေကို ဖယ်ရှားပေးပါ”
အဘိုးအိုသုံးဦးက .... အမိန့်ကို စောင့်နေသည့်အလား မတုံ့ပြန်ပေ။
နဝမတောင်ပင်လယ်၊ တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် လီမျိုးနွယ်မန္တန်ဝင်္ကပါများက လှိုင်းဂယက်များကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ထား၏။ တစ်ချိန်တည်းမှာပင် အဝေးရှိ တောင်တစ်လုံး၏ထိပ်၌ အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦးသည် ကောင်းကင်ဘုံ (၁) ဖြစ်သော ဧရာမမြေထုကြီးကို မော့ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေသည်။ ထူးဆန်းသောအလင်းတစ်စက သူ့မျက်ဝန်းများတွင် ဖြတ်ပြေးသွားသည်။
“စစ်ပွဲကြီး စတင်ပြီပေါ့....” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုအဘိုးအိုကား ရွှေတုန်းလျှိုမှတစ်ပါး အခြားမဟုတ်ပေ။
**
ထစ်ချုန်းသံများ အဋ္ဌမတောင်ပင်လယ်တစ်ခွင် ပဲ့တင်ညံနေစဉ် မန်ဟိုက လျှပ်စီးလို တဟုန်ထိုးသွားနေသည်။ သူ အပြင်သူတစ်ယောက်နှင့် ရုတ်တရက် နေရာလဲလိုက်သဖြင့် မိုးကြိုးဒယ်အိုးသည် လျှပ်စီးများဖြင့် ဝန်းရံလျက် သူ့ခေါင်းထဲတွင် ပျံဝဲနေ၏။
သူ့အနောက်တွင် ဒေါကန်လွန်း၍ မျက်လုံးများ နီရဲတွတ်နေသော အပြင်သူတာအိုဥသျှောင် ရှိသည်။ ပုံမှန်အားဖြင့် သူသည် မန်ဟို့ကို လိုက်မှီနိုင်သည်အထိ မြန်လိမ့်မည်။ သို့သော် မန်ဟိုက နေရာလဲသိုင်းကို သုံးနေသည်။ လှိုင်းဂယက်များက အရာအားလုံးကို ကမောက်ကမဖြစ်စေရင်း ကြယ်တာရာကောင်းကင်တစ်ခွင် ဖြာထွက်နေသည့်တိုင် သူ့ကို နည်းနည်းလေးမှ သက်ရောက်နေပုံမရပေ။
တကယ်တော့ ... ဖရိုဖရဲစစ်မြေပြင်တစ်ခုကား မန်ဟို့အတွက် သရဲလို နေရာလဲဖို့ အပြည့်စုံဆုံးနေရာပင်။
သူ ဘယ်နေရာသွားသွား သူနှင့် နေရာချင်းလဲနိုင်သူများက နေရာအနှံ့ရှိနေရာ နောက်မှ လိုက်နေသော ရွှေရောင်ချပ်ဝတ်အပြင်သူခမျာ ခေါင်းမူးလာတော့သည်။
မန်ဟိုကား လည်၏။ သူ့အနေဖြင့် အပြင်သူတာအိုဥသျှောင်နှင့် ဝေးသထက် ဝေးအောင် သွားနိုင်သော်လည်း ထိုအစား အကွာအဝေးတစ်ခု ချန်ထားသည်။ ထို့ကြောင့် စိန်ပြေးလိုက်တမ်းကစားသလို ဖြစ်သည့်အတွက် အပြင်သူတာအိုဥသျှောင်မှာ စစ်မြေပြင်ပေါ်ရှိ တခြားနေရာများအား အာရုံမရောက်တော့ပေ။
“ပြေးတာကလွဲပြီး မင်း လုပ်နိုင်တာ ဘာများရှိလဲ။ ကောင်းပြီလေ မင်း ဘယ်လောက်အထိ ပြေးနိုင်မလဲ ကြည့်ကြသေးတာပေါ့” အပြင်သူတာအိုဥသျှောင်၏ အနက်ရောင်မီးအိမ်မြှောင်ကြီးက ရုတ်တရက် ဟိန်းဟောက်ရင်း မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ဖြာထွက်သွားသော မီးပင်လယ်တစ်စင်းဖြစ်လာသည်။
ထိုမီးပင်လယ်အတွင်း၌ တဖျတ်ဖျတ် လင်းလက်နေလျက် မီးအရှိန်ကို တင်ပေးနေသည့် မရေမတွက်နိုင်သော မှော်သင်္ကေတများ ရှိနေသည်။ မန်ဟိုမှာ သွက်သွက်လက်လက် နေရာရွှေ့ပြောင်းရင်း မီးဟပ်ခြင်းကို ပွတ်ကာသီကာ ရှောင်လိုက်နိုင်လေသည်။
သူ့မျက်နှာမသာမယာ ဖြစ်နေသည်။ တာအိုဥသျှောင်တစ်ဦး၏ အတိုက်အခိုက်စွမ်းရည်က တချို့နေရာများတွင် သူမည်မျှ လိုအပ်နေသလဲ မြင်နိုင်အောင် ကူညီပေးလေသည်။
“နှမြောစရာပဲ။ ငါ့အပြင်အားကိုယ်သာ အဆင့်တက်နိုင်ရင် ဝိညာဉ်မီးအိမ်တွေကို ထပ်မငြိမ်းရသေးရင်တောင်မှ ငါ့အတိုက်အခိုက်စွမ်းရည်က တာအိုဥသျှောင်တစ်ဦးကို သေချာပေါက် တိုက်ခိုက်နိုင်သွားလိမ့်မယ်” မန်ဟိုက နေရာရွှေ့ပြောင်းလိုက်ပြန်၍ မီးလျှံများအတွင်းမှ အေးစက်စက် ရယ်သံကြီးတစ်သံ ထွက်လာသည်။ ရုတ်တရက် အပြင်သူတာအိုဥသျှောင်က မီးတောက်များအတွင်း၌ ပေါ်လာပြီး သူ့ခန္ဓာကိုယ်သည် မီတာသုံးသောင်းမြင့်မားသည့်တိုင်အောင် လျင်မြန်စွာ ကြီးမားလာ၏။
သူက မီးတောက်များထဲသို့ ခြေဆောင့်နင်းလိုက်ရာ သူ့လက်ထဲတွင် အနက်ရောင်မိုးကြိုးသွားတစ်သွား ပေါ်လာသည်။ အကြေးခွံများက သူ့ခန္ဓာကိုယ်တစ်လျှောက် ထပ်မံပျံ့နှံသွားပြီး သူ့အမြီးသည် ပိုရှည်လာ၏။ ချိုကြီးနှစ်ချောင်းက သူ့ခေါင်းထပ်မှ ထွက်လာကာ ဖိအားကြီး ဖြာထွက်လာသဖြင့် သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ တွန့်လိမ်ပုံပျက်နေသည်။
“မင်းက ငါ့ရဲ့ မျိုးနွယ်တူညီကို သတ်ခဲ့တယ်။ အခု ငါ မင်းရဲ့ အသက်နဲ့ခန္ဓာကို အိုးစားခွဲပစ်မယ်” ရွှေရောင်ချပ်ဝတ်နှင့်တာအိုဥသျှောင်က ဟိန်းဟောက်၍ အမျိုးအမည်မသိ နတ်ဘုရားစွမ်းရည်တစ်ခုကို မန်ဟို့ထံ ထုတ်လွှတ်ရင်း ရှေ့တစ်လှမ်းတက်လိုက်သည်။
မန်ဟိုက ထွက်ပြေးသည်။ သူတို့နှစ်ယောက်လုံး အဋ္ဌမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်ကို ခွင်းသွားသဖြင့် ထစ်ချုန်းသံများ ဆူညံနေလေသည်။
“ငါ စိတ်ရှိရင် ဒီလူ့ကို အရှုံးပေးလိုက်လို့ရတယ်။ ဒါပေမဲ့ ပြီးတာနဲ့ သူက တခြားနေရာမှ သွားတိုက်လိမ့်မယ်...” မန်ဟိုက မျက်မှောင်ကြုတ်ရင်း သက်ပြင်းချနေသည်။ “ငါ သူ့ကို သတ်လို့မရလောက်ပေမယ့် ... ချုပ်ထားတာ၊ ဒါမှမဟုတ် ချိတ်ပိတ်တာ လုပ်နိုင်လောက်တယ်။ မဖြစ်နိုင်တာမဟုတ်ဘူး။ အချိန်မှန် နေရာမှန်ဆို ဖြစ်နိုင်တယ်...
“ငါတို့က ကောင်းကင်နတ်ဘုရားမဟာမိတ် တည်ရှိရာလည်း ဖြစ်တဲ့ အဋ္ဌမတောင်ပင်လယ်မှာဆိုတော့ကား.....” မန်ဟိုသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်သဖြင့် မျက်လုံးများ လင်းလက်တောက်ပသွား၏။