← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇) မရှောင်လွှဲနိုင်သော အန္တရာယ်

​"ရေခဲအပိုင်းအစတွေနဲ့ တံဆိပ်။ သူတို့က ရေခဲပြင်နန်းတော်က လူတွေပဲ"

​ချင်လဲ့သည် လေးနက်သော စိတ်နှလုံးဖြင့် မျက်မှောင်ကြုတ်လိုက်၏။ သူတို့ ရောက်ရှိလာသည်ကို မြင်လိုက်ရသည့် ခဏမှာပင် သူ၏ နောက်ဆုံး သံသယများမှာလည်း ပြေလည်သွားတော့၏။

​ဖုန်းမိသားစုနှင့် ရေခဲပြင်နန်းတော်မှာ တစ်ဖက်တည်း ဖြစ်နေကြသဖြင့် မြူတိမ်ဆောင်၏ လက်စားချေမှုကို သူတို့ ကြောက်ရွံ့နေမည် မဟုတ်ပေ။ အလုပ်ပြီးသွားသည့်အခါ ဖုန်းမိသားစုသည် မြူတိမ်ဆောင်နှင့် လုံးဝ အဆက်အသွယ်ဖြတ်ကာ ရေခဲအိမ်တော်ထဲသို့ပင် ဝင်ရောက်သွားနိုင်ပေသည်။

​ဖြစ်နိုင်သည်မှာ သူတို့သည် အချိန်အတော်ကြာကတည်းက တိတ်တဆိတ် ဆက်သွယ်ထားကြခြင်း ဖြစ်ပြီး ယခုအချိန်ထိ လျှို့ဝှက်ထားနိုင်ခဲ့ခြင်း ဖြစ်၏။

​နေမီးကျောက်တွင်း တစ်တွင်းလုံး၏ တန်ဖိုးမှာ ကြီးမားလွန်းလှသဖြင့် ဖုန်းမိသားစုအနေဖြင့် ဆက်လက် အောင့်အည်းမနေနိုင်တော့ခြင်း ဖြစ်၏။ သူတို့၏ လျှို့ဝှက်ချက် ပေါ်သွားမည်ကို သိနေသော်လည်း ရေခဲပြင်နန်းတော်က ဤကျောက်တွင်းကို သိမ်းပိုက်နိုင်ရန် သူတို့ အစွမ်းကုန် ကူညီကြပေလိမ့်မည်။

​ချင်လဲ့သည် လျှိုမြောင်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားနေစဉ် သူ၏ ဦးနှောက်အတွင်း၌ အတွေးပေါင်းများစွာ ဖြတ်ပြေးနေ၏။ ထူးဆန်းသည်မှာ နားစည်ဘေးမှ ဖြတ်သန်းသွားသော လေတိုးသံများကို နားထောင်ရင်း သူသည် ပို၍ပင် တည်ငြိမ်လာခြင်း ဖြစ်သည်။

​မြူတိမ်ဆောင်ကဲ့သို့ပင် ရေခဲပြင်နန်းတော်၏ ကျင့်ကြံသူများတွင်လည်း နန်းဆောင်သခင်များ၊ အကြီးအကဲများနှင့် နန်းတော်သခင်တို့ ရှိကြ၏။

​ပုံမှန်အားဖြင့် နန်းဆောင်သခင်များသည် ဝိညာဉ်ပေါက်ဖွားခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူများ ဖြစ်ကြပြီး အကြီးအကဲများမှာမူ ထိုအဆင့်၏ အလယ်အလတ်ပိုင်းတွင် ရှိကြ၏။ ထို့ပြင် အကြီးအကဲ တစ်ဦး၏ လက်အောက်တွင် နန်းဆောင်သခင် နှစ်ဦး သုံးဦးခန့် ရှိတတ်ပေသည်။

​အကယ်၍ ရေခဲပြင်နန်းတော်က အကြီးအကဲ တစ်ဦးကို လွှတ်လိုက်သည်ဆိုပါက သူ၏ လက်အောက်မှ နန်းဆောင်သခင်များကိုပါ သေချာပေါက် ခေါ်လာပေလိမ့်မည်။ ထို့ပြင် ဝိညာဉ်သန့်စင်ခြင်းအဆင့် ရှိသော ကျင့်ကြံသူ ငါးဆယ် ခြောက်ဆယ်ခန့်သာ ထပ်ပေါင်းလိုက်လျှင် ဖုန်းမိသားစု၏ အကူအညီ မပါဘဲနှင့် လျှိုမြောင်ထဲရှိ လူအားလုံးကို သတ်ဖြတ်ရန် လုံလောက်လှပေသည်။ လင်မိသားစု၊ ကောင်းမိသားစု၊ လျိုရန်နှင့် သူ၏ လူများ အားလုံးပင်။

​ရေခဲပြင်နန်းတော် လာနေသည့် ပုံစံအရ သူတို့သည် နေမီးကျောက်တွင်းကို အပိုင်စီးရန် မည်သည့်အရာကိုမဆို လုပ်မည့်ပုံပင်။ သူတို့သည် ဤသတင်း ပေါက်ကြားသွားမည်ကို လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။

​၎င်းမှာ သူတို့ ရောက်ရှိလာသည်နှင့် သွေးချောင်းစီးမည့် တိုက်ပွဲ ဖြစ်လာမည်ဖြစ်ပြီး မည်သူ့ကိုမျှ အသက်ချန်ထားမည် မဟုတ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။

​လင်မိသားစု၊ ကောင်းမိသားစုနှင့် လျိုရန်တို့ ပူးပေါင်းလျှင်ပင် ဤတိုက်ပွဲတွင် အနိုင်ရရန် အခွင့်အလမ်း အနည်းငယ်မျှ မရှိချေ။ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရေခဲပြင်နန်းတော်မှ ကျင့်ကြံသူများ မရောက်လာမီ လျှိုမြောင်အတွင်းမှ အမြန်ဆုံး ထွက်ပြေးရန်ပင် ဖြစ်၏။

​ချင်လဲ့သည် ပြေးနေရင်း သူ၏ ဦးနှောက်ကို အစွမ်းကုန် အလုပ်ပေးနေ၏။ ယခုကဲ့သို့ အသက်နှင့်လုရမည့် အခြေအနေမျိုးတွင် သူသည် လူအ တစ်ယောက်ကဲ့သို့ ဆက်လက် ဟန်ဆောင်နေရန် အစီအစဉ် မရှိတော့ပေ။ ဤဘေးဒုက္ခမှ လွတ်မြောက်ရန် သူ၏ စွမ်းရည်အားလုံးကို အသုံးပြုရပေတော့မည်။

​သူသည် စိတ်ထဲ၌ ခါးသီးစွာ ပြုံးလိုက်မိ၏။ အကယ်၍ ရေခဲပြင်နန်းတော်သည် ဖုန်းမိသားစု၏ စစ်ကူများ ဖြစ်ကြောင်း စောစောစီးစီး သိခဲ့လျှင် သူသည် ဤကဲ့သို့ စွန့်စားမည် မဟုတ်ဘဲ လွန်ခဲ့သော နှစ်ရက်ကတည်းက လင်ယွီရှီးကို အသိပေးကာ လင်မိသားစုဝင်များနှင့်အတူ ထွက်ပြေးခဲ့မိမည် ဖြစ်သည်။

​ကံမကောင်းစွာဖြင့် ရန်သူနှင့် မရင်ဆိုင်ရမီအထိ စစ်ဗျူဟာများမှာ သေချာမှု မရှိလှပေ။ ရေခဲပြင်နန်းတော်မှ ထိပ်သီးများ လာနေရုံသာမက အကြီးအကဲ တစ်ဦးကိုယ်တိုင် ဦးဆောင်လာခြင်းမှာ သူတို့ကို မျှော်လင့်ချက်မဲ့သည့် အခြေအနေသို့ တွန်းပို့လိုက်ခြင်းပင်။

​မိသားစု သုံးခုစလုံးမှ ကျင့်ကြံသူများသည် လျှိုမြောင်အတွင်းရှိ မတူညီသော လမ်းကြောင်း သုံးခုတွင် စခန်းချထားကြ၏။ အားလုံးမှာ ညအမှောင်အောက်တွင် အိပ်မောကျနေကြပြီ ဖြစ်သည်။

​ဤနေရာမှာ အတော်လေး ဝေးလံသည့်အပြင် ဝိညာဉ်သားရဲများနှင့်လည်း တစ်ခါမျှ မရင်ဆိုင်ခဲ့ရသဖြင့် မည်သူမျှ ညကင်းစောင့်ရန် စိတ်မကူးခဲ့ကြပေ။ စခန်းပတ်လည်တွင် ကာကွယ်ရေး ထောင်ချောက် အနည်းငယ်ကိုသာ ဆင်ထားကြ၏။

​ချင်လဲ့သည် ထိုထောင်ချောက်များကို ကျွမ်းကျင်စွာ ရှောင်ကွင်းရင်း လင်မိသားစု စခန်းရှိရာသို့ ရောက်ရှိလာ၏။ လင်မိသားစု ကျင့်ကြံသူများမှာ တဲတစ်လုံးတွင် နှစ်ဦးစီ ခွဲအိပ်ကြသော်လည်း သူတစ်ဦးတည်းသာ တဲတစ်လုံးကို သီးသန့် ရရှိထားခြင်း ဖြစ်သည်။

​လင်မိသားစု ကျင့်ကြံသူ အများစုမှာ တစ်နေရာတည်းတွင် စုအိပ်ကြသော်လည်း လင်ယွီရှီးနှင့် လင်းယင်းတို့မှာမူ အမျိုးသမီးများ ဖြစ်သဖြင့် အနည်းငယ် ဝေးသော နေရာတွင် ရှိနေကြ၏။

​သူသည် လင်ယွီရှီးနှင့် လင်းရင်းတို့၏ တဲနားသို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီး အသံအနည်းငယ် ပေးလိုက်၏...။

​"ဘယ်သူလဲ"

​လင်ယွီရှီးက သတိကြီးစွာဖြင့် မေးလိုက်ရင်း တဲထဲရှိ လင်းရင်းကိုပါ ဆွဲနှိုးလိုက်၏။ သူတို့ နှစ်ဦးစလုံးမှာ ပါးလွှာသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြပြီး အိပ်ချင်မူးတူးဖြင့် ခေါင်းပြူကြည့်လိုက်ကြ၏။

​ထို့နောက် သူတို့သည် ချင်လဲ့ကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားကြပြီး သူတို့၏ မျက်ဝန်းများမှာလည်း ဝင်းလက်သွားတော့၏။

​ညအမှောင်အောက်တွင် ချင်လဲ့သည် တဲအပြင်ဘက်၌ တစ်ကိုယ်တည်း ရပ်နေပြီး အသံမထွက်ရန် လက်ကာပြလိုက်၏။

​မကြာခင်ကအထိ သူ၏ မျက်လုံးများမှာ အမြဲတမ်း ငေးငိုင်နေခဲ့သော်လည်း ယခုမူ လရောင်အောက်မှ ကြယ်ပွင့်များကဲ့သို့ တောက်ပကာ ကြည်လင်နေ၏။ သူသည် မူလကပင် ရုပ်ရည်ချောမောသူ ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ၏ တည်ငြိမ်မှုကြောင့် ပို၍ပင် ခန့်ညားနေတော့၏။ ဤမြင်ကွင်းကြောင့် လင်ယွီရှီးနှင့် လင်းရင်းတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်သွားကြ၏။

​"ငါ အိပ်မက်မက်နေတာ ဖြစ်ရမယ်..." လင်းရင်းက သူမကိုယ်သူမ တိုးတိုးလေး ရေရွတ်ရင်း မျက်လုံးကို ပွတ်ကာ အတင်းနိုးရန် ကြိုးစားနေ၏။

​လင်ယွီရှီးမှာမူ ချင်လဲ့သည် ထင်ထားသည်ထက် ပိုသည်ကို စောစောကတည်းက ရိပ်မိထားသူ ဖြစ်သဖြင့် ချက်ချင်းပင် တည်ငြိမ်သွား၏။ သူမသည် သူ့ကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။ "ဒါနဲ့ သန်းခေါင်ယံကြီး ဘာလုပ်ဖို့ စီစဉ်နေတာလဲ"

​"အရင်ဆုံး ငါ့ကို အထဲပေးဝင်ပါဦး" ချင်လဲ့သည် လူအားလုံး အိပ်ပျော်နေကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် လေးနက်သော အသံဖြင့် ဆိုသည်။ "ရေခဲပြင်နန်းတော်က ကျင့်ကြံသူတွေ လာနေပြီ။ အလွန်ဆုံးရှိမှ တစ်နာရီအတွင်း ရောက်လာတော့မှာ။ ငါတို့ အခု ချက်ချင်း မလှုပ်ရှားရင် ဒီလျှိုမြောင်ထဲက လင်မိသားစုဝင်တွေ အားလုံး သေရလိမ့်မယ်"

​ထိုစကားကို ကြားလိုက်ရသည့် ခဏမှာပင် လင်ယွီရှီး၏ လှပသော မျက်နှာလေးမှာ ချက်ချင်း ဖြူဖျော့သွားတော့၏။ လင်းရင်းမှာလည်း ထိတ်လန့်တကြား ပါးစပ်ကို လက်ဖြင့် အုပ်ထားမိပြီး အိပ်ချင်စိတ်များ လုံးဝ ပျောက်ကွယ်သွား၏။

​သူမသည် ချင်လဲ့ကို လူထူးလူဆန်း တစ်ယောက်ကဲ့သို့ စိုက်ကြည့်နေမိ၏။ ယခုမြင်နေရသော ချင်လဲ့မှာ သူမ သိထားသော ချင်လဲ့နှင့် လုံးဝ ကွဲပြားခြားနားနေသောကြောင့်ပင်။

​"အထဲဝင်ခဲ့" လင်ယွီရှီးသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ ချင်လဲ့ကို တဲအတွင်းသို့ အတင်းဆွဲခေါ်လိုက်၏။ တဲကို သေချာပိတ်ပြီးသည်နှင့် သူမက အသည်းအသန် မေးလိုက်သည်။ "ဘာတွေ ဖြစ်နေတာလဲ"

​တဲအတွင်း၌ လင်ယွီရှီးနှင့် လင်းရင်းတို့မှာ ဆံပင်များ ဖရိုဖရဲဖြင့် တစ်ဦးကိုတစ်ဦး မှီထားကြပြီး သံသယများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။

​"ကောင်းမိသားစုဆီ သတင်းသွားပို့ရမယ့် ကောင်းယွမ် အသတ်ခံလိုက်ရပြီ၊ ငါ သူ့အလောင်းကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တာ။ ငါ့အထင်တော့ သူဟာ အိမ်ပြန်သွားတဲ့ ဖုန်းမိသားစုဝင် တစ်ယောက်ယောက်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ နေမီးကျောက်က တန်ဖိုးကြီးလွန်းတော့ ဖုန်းမိသားစုက နင်တို့ကို သစ္စာဖောက်လိုက်ပြီ။ ငါ အပြင်မှာ ကင်းလှည့်နေတုန်း အကြီးအကဲ တစ်ယောက် ဦးဆောင်တဲ့ ရေခဲပြင်နန်းတော်က ကျင့်ကြံသူ ငါးဆယ် ခြောက်ဆယ်လောက် လာနေတာကို တွေ့ခဲ့တယ်..."

​ချင်လဲ့သည် သူတို့၏ အံ့အားသင့်နေသော မျက်နှာများကို ဂရုမစိုက်ဘဲ အခြေအနေကို အမြန် ရှင်းပြလိုက်၏။ "အချိန်မရှိတော့ဘူး။ ငါတို့ အခု ချက်ချင်း ထွက်သွားရမယ်၊ မဟုတ်ရင် ရေခဲပြင်နန်းတော်က လူတွေ ရောက်လာတဲ့အခါ တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး"

​လင်းရင်းမှာမူ ချင်လဲ့ စကားပြောနေသည်ကို မြင်ကာ အံ့အားသင့်နေဆဲ ဖြစ်သဖြင့် သူ ပြောပြသော အရေးကြီးသည့် ကိစ္စအား ချက်ချင်း တွေးတောနိုင်ခြင်း မရှိသေးချေ။

​သို့သော် လင်ယွီရှီးမှာမူ ချင်လဲ့သည် သာမန်လူ မဟုတ်ကြောင်း သိထားပြီး ဖြစ်သဖြင့် ချက်ချင်းပင် အခြေအနေကို ညှိယူလိုက်၏။ ချင်လဲ့ စကားဆုံးသွားသည့်အခါ သူမသည် ရေခဲတွင်းထဲ ကျသွားသည့်အလား ခံစားလိုက်ရပြီး ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။ "ဒါက ဖုန်းမိသားစုရဲ့ လက်ချက်ဆိုတာ နင့်မှာ သက်သေခိုင်ခိုင်လုံလုံ ရှိလား"

​ချင်လဲ့က ခေါင်းခါပြလိုက်၏။

​"သက်သေမရှိဘဲ ဖုန်းမိသားစုကို စွပ်စွဲလို့ မရဘူး၊ ငါတို့ စကားပြောတာ မှားသွားရင် ဖုန်းမိသားစုက တစ်ဖက်လှည့်ပြီး ကောင်းမိသားစုနဲ့ လျိုရန်က ငါတို့ကို ပြန်သံသယဝင်အောင် လုပ်သွားလိမ့်မယ်" လင်ယွီရှီးသည် အချိန်ကုန်သွားမည်ကို စိုးရိမ်စိတ်ဖြင့် ပူပန်နေ၏။ "ငါတို့ ဘာလုပ်သင့်တယ်လို့ နင် ထင်သလဲ"

​"လင်မိသားစုကို အမျိုးပြုတ်မခံချင်ရင် အခု ချက်ချင်း ဆုတ်ခွာရမယ်။ တခြားသူတွေ သံသယဝင်မှာ ကြောက်ရင်... ငါ လျှိုမြောင်အရှေ့မှာ ပျောက်သွားလို့ နင်တို့ မိသားစုဝင်တွေ အားလုံးက ငါ့ကို လိုက်ရှာနေတာလို့ ပြောလိုက်" ချင်လဲ့က ပြတ်သားစွာ အကြံပေးလိုက်၏။ "အပြန်လမ်းကို ရေခဲပြင်နန်းတော်က ပိတ်ထားပြီဆိုတော့ ကျန်တဲ့ တစ်ခုတည်းသော လမ်းက လျှိုမြောင်ကို ဖြတ်ပြီး အာတိတ်တောင်တန်း အထဲအထိ ဝင်သွားဖို့ပဲ"

​အကယ်၍ ငွေတောင်ပံ နတ်ဆိုးဝံပုလွေများ နတ်ဆိုးဝံပုလွေတောင်သို့ ပြန်လာမည်ဆိုပါက ထိုတောင်တန်း အနက်ပိုင်းမှ ပြန်လာကြမည် ဖြစ်၏။ ၎င်းမှာ ထိုဘက်သို့ သွားခြင်းဖြင့် ဝံပုလွေအုပ်နှင့် တိုးနိုင်ခြေ အလွန် များနေခြင်း ဖြစ်သည်။

​ထိုသည်က သူ ယခု လိုအပ်နေသော အရာပင် ဖြစ်သည်။

​"ငါတို့ လျိုရန်နဲ့ ကောင်းမိသားစုကို အသိမပေးသင့်ဘူးလား" လင်းရင်းက သတိပြန်ဝင်လာပြီး ချင်လဲ့ကို လူသစ် တစ်ယောက်ကဲ့သို့ စိုက်ကြည့်ကာ မေးလိုက်၏။ "သူတို့ကို အသိမပေးဘဲ နင့်အထင်သာ မှန်သွားရင် ငါတို့က သူတို့ကို သေတွင်းထဲ ပစ်ထားခဲ့သလို ဖြစ်မနေဘူးလား"

​"သူတို့ကို ပြောရင်တောင် သူတို့ ယုံချင်မှ ယုံမှာ။ ပိုဆိုးတာက ဖုန်းမိသားစုက တစ်ခုခု ထူးဆန်းနေတာကို ရိပ်မိသွားပြီး ငါတို့ကိုပါ ဆွဲထည့်လိမ့်မယ်။ အဲဒါဆိုရင် ငါတို့ ဒီလျှိုမြောင်ထဲကနေ ချက်ချင်း ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး" ချင်လဲ့က မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်၏။ "ပြီးတော့ သူတို့က ငါတို့ရဲ့ နောက်ကွယ်ကနေ ခံတိုက်ပေးနေသလို ဖြစ်နေရင် ငါတို့ လွတ်မြောက်ဖို့ အခွင့်အလမ်း ပိုများလိမ့်မယ်။ အနည်းဆုံးတော့ သူတို့က ရေခဲပြင်နန်ယတော်ရဲ့ အရှိန်ကို တန့်ပေးထားနိုင်မှာပဲ..."

​"တော်တော် ရက်စက်တာပဲ"

​လင်ယွီရှီးနှင့် လင်းရင်းတို့၏ စိတ်ထဲ၌ အေးစက်သွားပြီး ထိုစကားကို ကြားလိုက်ရသည့် အခိုက်တွင် ချင်လဲ့အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ကြ၏။

​"ကောင်းပြီ။ ချင်လဲ့... နင် အခု ချက်ချင်း အာတိတ်တောင်တန်းဘက်ကို အရင်သွားနှင့်လိုက်၊ နင် သွားပြီးတာနဲ့ ငါ လင်ဖုန်းတို့ လူစုကို နှိုးပြီး နင့်ကို လိုက်ရှာဖို့ စီစဉ်လိုက်မယ်" လင်ယွီရှီးက အရေးကြီးသော အချိန်တွင် တွေဝေမနေတော့ဘဲ အံကို တင်းတင်းစေ့ကာ ဆုံးဖြတ်လိုက်၏။ သူမသည် စကားပြောရင်းနှင့်ပင် စာရွက်နှင့် ကလောင်ကို ထုတ်ကာ တစ်စုံတစ်ခုကို အလျင်အမြန် ရေးသားလိုက်၏။

​"နားလည်ပြီ" ချင်လဲ့က ခေါင်းညိတ်ပြပြီး တဲအတွင်းမှ ချက်ချင်း ထွက်ခွာသွားတော့၏။

​"အမလေး... သခင်မလေးရယ်၊ တော်တော် တတ်နိုင်တာပဲ။ ကျွန်မတို့ကို အကုန် လှည့်စားထားတာပဲ" လင်းရင်းက မျက်လုံးလေးများ လင်းလက်လျက် တိုးတိုးလေး ရေရွတ်လိုက်၏။ "သူ့မျက်လုံးတွေ တောက်ပလာတာနဲ့ တစ်ခြားလူ တစ်ယောက်လို ဖြစ်သွားတာပဲ။ ရုပ်ရည် ချောမောရုံတင်မကဘူး၊ သူက တကယ်ကို... တကယ်ကို..."

​"ဘာဖြစ်လဲ" လင်ယွီရှီးက စိတ်မရှည်စွာဖြင့် သူမကို လှမ်းကြည့်လိုက်၏။

​"ဆွဲဆောင်မှု ရှိတာ" လင်းရင်းက သူမ ပြောချင်သော စကားလုံးကို ရှာတွေ့သွားပြီး ချိုသာသော အသံဖြင့် ဆက်ပြောသည်။ "ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက အသက် ၁၅ နှစ်ပဲ ရှိသေးတာ မဟုတ်ဘူးလား"

​"ဒီမိန်းကလေးတော့။ ငါတို့ အသက်နဲ့လုရမယ့် ဘေးနဲ့ ကြုံနေတာကို နင်က ဒါတွေ တွေးနေသေးတယ်လား" လင်ယွီရှီးက သူမကို မျက်စောင်းထိုးလိုက်၏။ ထို့နောက် သူမသည် ညွှန်ကြားချက် အချို့ ပေးလိုက်ပြီးနောက် တဲအပြင်သို့ ထွက်ကာ လင်ဖုန်း၊ လင်ရှင်းနှင့် အခြားသူများကို တစ်ယောက်ပြီး တစ်ယောက် နှိုးလိုက်၏။ သူမက ချင်လဲ့ ပျောက်သွားကြောင်းနှင့် အားလုံး ဝိုင်းကူရှာပေးရန် ပြောလိုက်၏။

​လင်ရှင်းနှင့် အခြားသူများမှာ အိပ်မောကျနေချိန်တွင် အနှိုးခံရသဖြင့် အစပိုင်းတွင် အလွန်ပင် မကျေမနပ် ဖြစ်နေကြ၏။ ထိုလူအ ချင်လဲ့ကို ရှာဖို့အတွက် ဆိုသည်အား ကြားလိုက်ရသည့်အခါ သူတို့၏ ဒေါသမှာ အဆပေါင်းများစွာ တိုးသွားတော့၏။ လင်ယွီရှီး၏ မျက်နှာကို ထောက်ထားခြင်း မရှိလျှင် သူတို့ ဆဲဆိုမိကြမှာ သေချာလှ၏။

​ထိုဆူညံသံများကြောင့် လျိုရန်၊ ကောင်းယွီနှင့် ဖုန်းယိတို့ပါ နိုးလာကြ၏။ အခြေအနေကို သိလိုက်ရသည့်အခါ ထိုလူအ သေသွားလည်း တန်ပါသည်ဟု သူတို့က ကျိန်ဆဲကြ၏။ သူတို့က လင်မိသားစုကို အိပ်ရေးမပျက်အောင် အသံတိုးတိုး လုပ်ကြရန်ပင် သတိပေးလိုက်သေး၏။

​"သွားကြစို့။ လက်နက်တွေပါ ယူခဲ့ကြ၊ လိုအပ်ရင် သုံးရအောင်" လင်ယွီရှီးက အမိန့်ပေးလိုက်၏။ သူမသည် သူမ၏ လူများ၏ ညည်းညူသံများကို လျစ်လျူရှုကာ လျှိုမြောင်အနက်ပိုင်းသို့ စတင် ဦးဆောင်ထွက်ခွာခဲ့၏။

​သူတို့သည် ဘာမှ မတတ်နိုင်သဖြင့် လင်ယွီရှီးနောက်သို့ လိုက်ပါသွားကြရင်း ချင်လဲ့ကို တစ်လမ်းလုံး ကျိန်ဆဲကာ စခန်းနှင့် တဖြည်းဖြည်း ဝေးကွာသွားကြတော့၏။

​"အားလုံးပဲ လင်းရင်းနောက်ကို လိုက်သွားပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်သွားကြစို့" အခြား မိသားစု နှစ်ခုနှင့် အတော်လေး ဝေးသွားသည့် အခိုက်တွင် လင်ယွီရှီးက ရုတ်တရက် လှည့်ကြည့်ကာ လေးနက်သော အမူအရာဖြင့် အော်ပြောလိုက်၏။

​"သခင်မလေး... ဘာတွေ ဖြစ်နေတာလဲ" လင်ဖုန်းက ပထမဆုံး အခြေအနေ မဟန်သည်ကို သတိပြုမိလိုက်၏။

​"မေးခွန်းတွေ မမေးပါနဲ့တော့။ လင်ဖုန်း... နင်က လင်းရင်းနဲ့အတူ အားလုံးကို ဦးဆောင်ပြီး အာတိတ်တောင်တန်း အနက်ပိုင်းအထိ အရှိန်အကုန်တင်ပြီး ထွက်ပြေးကြတော့" လင်ယွီရှီးက အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်၏။

​"အစ်ကိုကြီးလင်... နောက်မှ ရှင်းပြမယ်၊ အခုတော့ လူတွေကို ခေါ်ပြီး လိုက်ခဲ့တော့" လင်းရင်းက သူ့ကို လက်ယပ်ခေါ်လိုက်၏။

​လင်ဖုန်း၊ လင်ရှင်းနှင့် အခြား လင်မိသားစုဝင်များမှာ ဇဝေဇဝါ ဖြစ်နေကြသော်လည်း သူမ၏ အမိန့်ကို နာခံကာ လျှိုမြောင်အတွင်းမှ လျင်မြန်စွာ ထွက်ခွာသွားကြတော့၏။

​လင်ယွီရှီးသည် အဖွဲ့၏ အနောက်ဆုံးတွင် ကျန်နေခဲ့၏။ သူမသည် ခေတ္တမျှ ဆုတ်ခွာပြီးနောက် သူမ ပြင်ဆင်ထားသော မြားကို ထုတ်ကာ လျိုရန်၏ တဲရှိရာသို့ ပစ်ခတ်လိုက်၏။ ထိုမြားတွင် စာတစ်စောင်ကိုလည်း ချည်ထား၏။

​"ဝှစ်..."

​မြားသည် လေခွဲသံနှင့်အတူ ပျံသန်းသွား၏။ အိပ်ပျော်မသွားသေးသော လျိုရန်သည် ထိုအသံကို ကြားသည်နှင့် မျက်နှာ ပျက်သွားပြီး တဲခန်းဆီးကို ဆွဲဖွင့်ကာ အပြင်သို့ ထွက်လာ၏။

​"ဒုတ်..."

​မြားသည် သူ၏ တဲရှေ့တွင် တည့်တည့် ကျရောက်သွား၏။

​လျိုရန်၏ မျက်နှာမှာ ခဏမျှ အေးစက်သွားသော်လည်း မြားတွင် ချည်ထားသော စာကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ယူဖတ်လိုက်၏။ စာကို ကြည့်လိုက်ရုံနှင့် သူ၏ မျက်နှာမှာ ဖြူလျော့သွားပြီး တိုးတိုးလေး ရေရွတ်လိုက်၏။ "ကောင်းယွီ"

​ကောင်းယွီ၏ တဲမှာ သူနှင့် နီးကပ်သဖြင့် ခေါ်သံကို ကြားသည်နှင့် ချက်ချင်းပင် ရောက်ရှိလာ၏။ သူ၏ အေးစက်သော မျက်လုံးများဖြင့် မေးလိုက်သည်။ "မြားသံ ကြားလိုက်တယ်။ ဘယ်သူလဲ"

​"အစ်ကိုကြီးလျို... အဲဒီဘက်မှာ ဘာတွေ ဖြစ်နေတာလဲ" ဖုန်းယိမှာ အနည်းငယ် ဝေးသော်လည်း မြားသံ သဲ့သဲ့ ကြားလိုက်ရသဖြင့် လှမ်းမေးလိုက်၏။

​"ဘာမှ မဟုတ်ပါဘူး။ ဟိုလင်မိသားစုက ကောင်တွေ ဆူညံနေလို့ နိုးသွားတာနဲ့ အကြောဆန့်ဖို့ ထွက်လာတာပါ"

​လျိုရန်က ထူးဆန်းသော မျက်နှာဖြင့် ပြန်ဖြေလိုက်ရင်း ကောင်းယွီကို အချက်ပြလိုက်၏။ သူတို့ နှစ်ဦး တဲအတွင်းသို့ ဝင်သွားသည်နှင့် လင်ယွီရှီး ပေးပို့လိုက်သော စာကို ကောင်းယွီထံသို့ ပေးလိုက်၏။

​"ကောင်းယွမ် သေပြီ။ ဖုန်းမိသားစုက ရေခဲပြင်နနတော်နဲ့ ပူးပေါင်းပြီး နေမီးကျောက်တွင်းကို သိမ်းပိုက်ဖို့ ကြံစည်နေတယ်။ ရေခဲပြင်နန်းတော်က အကြီးအကဲ တစ်ယောက်နဲ့ သူတို့အဖွဲ့ဟာ လမ်းမှာ ရောက်နေပြီ၊ နောက်တစ်နာရီအတွင်း လျှိုမြောင်ထဲကို ဝင်လာလိမ့်မယ်"

​ကောင်းယွီသည်လည်း ထိုစာကို ကြည့်လိုက်ရုံဖြင့် တစ်ကိုယ်လုံး အေးစက်သွားပြီး သူ၏ အေးစက်သော မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

အခန်း (၂၈) အမဲလိုက်ခံရခြင်း

​ကောင်းယွီသည် လက်ထဲရှိစာကို ကိုင်ထားရင်း အနည်းငယ် တုန်ရင်နေ၏။ သူ၏ ဦးနှောက်ထဲသို့ သွေးများ တိုးတက်လာသကဲ့သို့ ခံစားရပြီး သူ၏ အေးစက်မှောင်မှိုက်သော မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားတော့၏။

​"သခင်လေးကောင်း... ဒီကိစ္စကို ဘယ်လိုထင်လဲ" လျိုရန်သည်လည်း သူ၏ ခြေလက်များမှာ ရေခဲကဲ့သို့ အေးစက်သွားသည်ဟု ခံစားရပြီး တည်ငြိမ်သော မျက်နှာဖြင့် မေးလိုက်၏။

​"လင်မိသားစုတစ်ခုလုံး ဆုတ်ခွာသွားပြီဆိုတာ ရေခဲအိမ်တော်ကလူတွေ နီးလာပြီဆိုတဲ့ အထင်ရှားဆုံး သက်သေပဲ။ သူတို့ ကိုယ်တိုင်လာမပြောဘဲ ဒီလိုနည်းနဲ့ အသိပေးတာက ဖုန်းမိသားစုကို စွပ်စွဲဖို့ ခိုင်လုံတဲ့ သက်သေမရှိသေးလို့ ဖြစ်ရမယ်။ သူတို့ပြောတာကို ကျွန်တော်တို့ မယုံဘဲ အချိန်ဆွဲနေမိမှာကို သူတို့ ကြောက်တာလည်း ပါလိမ့်မယ်" ကောင်းယွီက အေးစက်စွာ ပြောလိုက်သည်။ "အားလုံး အုပ်စုလိုက် ဆုတ်ခွာသွားတာဟာ အခြေအနေ ဘယ်လောက် စိုးရိမ်ရလဲဆိုတာကို ကျွန်တော်တို့ကို အပြတ်သားဆုံး အချက်ပေးလိုက်တာပဲ"

​"ဟုတ်တယ်" လျိုရန်က ခေါင်းညိတ်ကာ လေးနက်သော မျက်နှာဖြင့် ဆိုသည်။ "ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး ထင်တယ်"

​"ကျွန်တော် အခုချက်ချင်းပဲ ကျွန်တော်တို့ လူတွေကို အာတိတ်တောင်တန်းဘက်ကို ထွက်ခွာဖို့ အကြောင်းကြားလိုက်မယ်။ ဖုန်းမိသားစု မရိပ်မိအောင် သွားနိုင်ရင် အကောင်းဆုံးပဲ၊ ဒါပေမဲ့ ဒါက မဖြစ်နိုင်သလောက်ပါပဲ"

​လင်မိသားစု၏ ထူးဆန်းသော ထွက်ခွာမှုကြောင့် ဖုန်းယိနှင့် အခြားသူများ သံသယဝင်နေမည်ကို ကောင်းယွီ ကောင်းကောင်းသိ၏။ အကယ်၍ သူတို့ပါ ထပ်မံထွက်ခွာမည်ဆိုပါက ဖုန်းမိသားစုကို ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ချေ။

​အကယ်၍ ဖုန်းမိသားစုနှင့် ရေခဲပြင်နန်းတော်က တကယ် ပူးပေါင်းထားကြလျှင် သူတို့ စိတ်မထိန်းနိုင်ဘဲ သူတို့လမ်းကို ပိတ်ပြီး တိုက်ခိုက်လာကြမည်မှာ သေချာသည်။

​"လင်မိသားစုက တော်တော်လက်မြန်တာပဲ။ သူတို့က ထွက်သွားပြီ၊ ငါတို့ကတော့ တစ်လှမ်း နောက်ကျကျန်ခဲ့ပြီ။ ဒါက လွယ်ကူမှာ မဟုတ်ဘူး" လျိုရန်က သက်ပြင်းချရင်း ဆက်ပြော၏။ "လင်မိသားစုဝင်တွေက ငါတို့နဲ့ အမြဲတူတူရှိနေတာ၊ ဘယ်သူမှ စခန်းကနေ ထွက်မသွားကြဘူး။ သူတို့ ဘယ်ကနေ သတင်းရတာလဲ"

​"အဲဒီ ချင်လဲ့ ဆိုတဲ့ကောင်ပဲ။ သူတစ်ယောက်ပဲ အချိန်တိုင်း လွတ်လွတ်လပ်လပ် သွားလာနေတာ" ကောင်းယွီက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

​"ဟိုလူအ,ကလား" လျိုရန်က အံ့အားသင့်တကြား မေးလိုက်၏။

​"လူအ ဟုတ်လား" ကောင်းယွီ၏ မျက်လုံးများမှာ အေးစက်သွားပြီး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။ "သူက လင်မိသားစုထဲမှာ တကယ့်ကို ရက်စက်တဲ့ကောင်ပဲ။ လင်မိသားစုက ချက်ချင်း ဆုတ်ခွာသွားပြီး ကျွန်တော်တို့ကို ချန်ထားခဲ့တယ်။ ဒါမှ ရေခဲပြင်နန်းတော်နဲ့ ဖုန်းမိသားစုရဲ့ တိုက်ခိုက်မှုကို ကျွန်တော်တို့က ခံတိုက်ပေးနေတုန်း သူတို့က အချိန်ရပြီး ထွက်ပြေးနိုင်မှာလေ။ တကယ့်ကို ယုတ်မာတဲ့ကောင်ပဲ"

​လျိုရန်သည် ပြန်လည်စဉ်းစားကြည့်သည့်အခါ ချင်လဲ့မှလွဲ၍ လင်မိသားစုတွင် သူတို့မျက်စိအောက်မှ ပျောက်သွားသူ မရှိကြောင်း သိလိုက်ရ၏။ ထို့ကြောင့် လင်မိသားစု၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ချင်လဲ့ဖြစ်ကြောင်း သူပါ ယုံကြည်သွားတော့၏။

​"သူတို့က ငါတို့ကို အသုံးချပြီး အချိန်ဆွဲဖို့ ကြံစည်နေတာပဲ။ တကယ်ကို ရက်စက်ပြီး ယုတ်မာတာပဲ" လျိုရန်ကလည်း သက်ပြင်းချလိုက်၏။

​"တောက်... အဲဒီ ချင်လဲ့"

​ကောင်းယွီသည် ကျိန်ဆဲရင်း လျိုရန်၏ တဲအတွင်းမှ အမြန်ထွက်ခွာသွား၏။ သူသည် ကောင်းမိသားစုဝင်များကို တိတ်တဆိတ် အကြောင်းကြားကာ လျှိုမြောင်အနက်ပိုင်းသို့ အသံမထွက်ဘဲ ဆုတ်ခွာရန် ပြင်ဆင်တော့၏။

​"အစ်ကိုကြီးလျို... ညီအစ်ကိုကောင်း... ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ။ သန်းခေါင်ယံကြီးမှာ ခင်ဗျားတို့လူတစ်ယောက်ယောက် ထပ်ပျောက်သွားလို့လား"

​ဖုန်းယိသည် အခြေအနေ မဟန်သည်ကို သတိထားမိနေသည်မှာ ကြာပြီဖြစ်၏။ ကောင်းမိသားစုဝင်များ တိတ်တဆိတ် ထွက်ခွာရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည့်အခါ သူတို့၏ အစီအစဉ်တစ်ခုခု ပေါက်ကြားသွားပြီဖြစ်ကြောင်း သူ ချက်ချင်း ရိပ်မိလိုက်၏။

​စေ့စပ်သေချာသော အစီအစဉ်က မည်သို့ကြောင့် ပေါက်ကြားသွားခဲ့မှန်း သူ မသိသော်လည်း ဖုံးကွယ်ထား၍ မရတော့သည်မှာ သေချာလှ၏။

​ကောင်းယွီသည် သူ့ကို ဂရုမစိုက်ဘဲ အေးစက်သော မျက်လုံးများဖြင့် တစ်ချက်စိုက်ကြည့်ကာ ကောင်းမိသားစုဝင်များအား ဦးဆောင်၍ လျှိုမြောင်အနက်ပိုင်းသို့ အမြန်ပြေးလွှားသွားတော့၏။

​ရေခဲပြင်နန်းတော်မှ လူများ မကြာခင် ရောက်လာတော့မည်ကို သူ သိသည်။ အကယ်၍ ယခုအချိန်တွင် ဖုန်းယိနှင့် ထိပ်တိုက်ရင်ဆိုင်လျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေသည်နှင့် တူနေပေလိမ့်မည်။ ထို့ကြောင့် သူသည် အံကြိတ်ကာ ကောင်းမိသားစုဝင်များကို အမြန်ဆုံး ထွက်ပြေးရန် တိုက်တွန်းနေရခြင်း ဖြစ်၏။

​"သခင်လေး" လင်မိသားစုနှင့် ကောင်းမိသားစုတို့ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်ကို မြင်ရသောအခါ ဖုန်းလွန်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာပြီး မေးလိုက်သည်။ "သူတို့ ဘယ်လို သိသွားတာလဲ"

​ဖုန်းယိသည် ကောင်းမိသားစုဝင်များ လျှိုမြောင်ထဲ ပြေးဝင်သွားသည်ကို ကြည့်ကာ မျက်မှောင်ကြုတ်နေမိ၏။ သူလည်း အကြောင်းရင်းကို စဉ်းစားမရနိုင် ဖြစ်နေသည်။

​ခေတ္တမျှ တွေဝေပြီးနောက် သူသည် ထူးဆန်းသော ခရုသင်းကဲ့သို့ ခေါ်သံပေးကိရိယာတစ်ခုကို ထုတ်၍ တိုးညင်းသော အသံဖြင့် မှုတ်လိုက်၏။

​ထိုကဲ့သို့ အသံမျိုး သူတို့၏ အနောက်ဘက်ဆီမှ ပြန်လည် ထွက်ပေါ်လာသည့်အခါမှ ဖုန်းယိ တစ်ယောက် အခြေအနေကို သဘောပေါက်သွားတော့၏။

​"ရေခဲပြင်နန်းတော်ကလူတွေ ရောက်ပြီ။ သူတို့ ဘယ်လို သိသွားလဲတော့ မသိဘူး၊ ဒါပေမဲ့ ငါတို့ အစီအစဉ် ပြောင်းရတော့မယ်" ဖုန်းယိက တည်ငြိမ်သွားပြီး ခရုသင်းကို ထပ်မံမှုတ်လိုက်ရာ ယခုတစ်ကြိမ်တွင် အသံမှာ ပို၍ မြန်ဆန်ပြီး စူးရှလာ၏။

​တောအုပ်အတွင်း၌ ရေခဲပြင်နန်းတော် အကြီးအကဲသည် ထိုအသံကို ကြားလိုက်ရသည့်အခါ မျက်နှာ ပျက်သွား၏။ သူက ဒေါသတကြီးဖြင့် အော်လိုက်သည်။ "အသုံးမကျတဲ့ အမှိုက်တွေ၊ အားလုံး ပြင်ဆင်ထားပါရက်နဲ့ သူတို့ ကြိုသိသွားတယ် ဟုတ်လား။ အားလုံး နားထောင်စမ်း၊ သူတို့ ငါတို့ကို သိသွားပြီဆိုတော့ ပုန်းနေစရာ မလိုတော့ဘူး။ အကုန်သတ်ပစ်။ လင်မိသားစုရော ကောင်းမိသားစုရော တစ်ယောက်မှ အသက်မချန်နဲ့"

​ရေခဲပြင်နန်းတော် ကျင့်ကြံသူများသည် ဟိန်းဟောက်ကာ လျှိုမြောင်ဆီသို့ အရှိန်အကုန်တင်ပြီး ပြေးဝင်လာကြတော့၏။

​ထိုအချိန်မှာပင် ဖုန်းယိကလည်း အမိန့်ပေးလိုက်၏။ "တိုက်ခိုက်ကြ"

​ဖုန်းလွန်နှင့် အခြား ဖုန်းမိသားစုဝင်များ၏ မျက်နှာများမှာ သတ်ဖြတ်လိုစိတ်ဖြင့် ပြောင်းလဲသွား၏။ ကောင်းမိသားစုဝင်များ အဝေးသို့ မရောက်သေးသည်ကို မြင်လိုက်ရသည့်အခါ သူတို့သည် လေးများ၊ လှံများ၊ ဓားများကို ထုတ်ယူကာ ပစ်ခတ်တိုက်ခိုက်ရင်း နောက်မှ အပြင်းအထန် လိုက်လံတိုက်ခိုက်ကြတော့၏။

​လေထုထဲတွင် စူးရှသော အော်ဟစ်သံများနှင့်အတူ အေးစက်သော အလင်းတန်းများစွာမှာ ကောင်းမိသားစု ကျင့်ကြံသူများဆီသို့ မိုးရွာသကဲ့သို့ ကျဆင်းလာတော့၏။

​"ဖုန်းယိ၊ မင်းရဲ့ ဒီနေ့လုပ်ရပ်ကြောင့် ဖုန်းမိသားစု တစ်ခုလုံး မျိုးပြုတ်ရလိမ့်မယ်"

​လျိုရန်သည် ဒေါသတကြီး ဟောက်လိုက်ရင်း သူ၏ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်၏။ ထိုစွမ်းအင်များသည် သူ၏ လက်စွပ်များအတွင်းမှ လေဝဲများကဲ့သို့ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ပျံတက်ကာ ခုခံရေး ဒိုင်းလွှားများသဖွယ် ဖြစ်ပေါ်လာကာ ပစ်ခတ်လာသော လက်နက်များကို လမ်းကြောင်းလွဲသွားစေရန် ကာကွယ်ပေးလိုက်၏။

​လျိုရန်၏ ဒေါသတကြီး အော်ဟစ်သံကြောင့် ဖုန်းယိ၏ ချောမောသော မျက်နှာပေါ်တွင် စိုးရိမ်ရိပ် အနည်းငယ် ပေါ်ပေါက်သွား၏။

​ထိုစဉ် သူ၏ အနောက်ဘက်မှ ကြောက်မက်ဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာသည့်အခါမှ ဖုန်းယိ စိတ်အေးသွားပြီး လျိုရန်ကို ပြန်ပြောလိုက်၏။ "အစ်ကိုကြီးလျို... ဒီမှာရှိတဲ့ ခင်ဗျားတို့ လူအားလုံးကို သတ်ပစ်ပြီးရင် နောက်မှ ဆင်ခြေတစ်ခုခု ပေးလိုက်ရင် ဖုန်းမိသားစုက ဒီကိစ္စမှာ ပါဝင်ပတ်သက်တယ်ဆိုတာ ဘယ်သူသိမှာလဲ။ ပြီးတော့ ရေခဲပြင်နန်းတော်လည်း ဒီမှာရှိနေတာပဲ၊ ခင်ဗျားတို့ အမှန်တရားကို သိရင်တောင် ဖုန်းမိသားစုက ခင်ဗျားတို့ကို ကြောက်နေစရာ မလိုတော့ဘူး။ ဆက်ပြီး ပစ်ကြစမ်း။ သူတို့ အရှိန်သတ်သွားအောင် လုပ်ကြ"

​ထိုစကားကို ကြားလိုက်ရသည့်အခါ ဖုန်းမိသားစု ကျင့်ကြံသူများသည် ယုတ်မာစွာ ပြုံးကာ ပို၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့၏။

​ဖုန်းမိသားစု၏ အနောက်ဘက်မှ ကြောက်မက်ဖွယ် အော်ဟစ်သံများမှာ ပိုမိုနီးကပ်လာသဖြင့် လျိုရန်၏ စိတ်ထဲ၌ ထိတ်လန့်သွား၏။ သူက အရှိန်မလျှော့ဘဲ အော်ပြောလိုက်၏။ "ကောင်းယွီ၊ သူတို့ ရောက်တော့မယ်။ လျှိုမြောင်ထဲကနေ အစွမ်းကုန် ပြေးကြ၊ အာတိတ်တောင်တန်းက ရှေ့မှာတင် ရှိတော့တာ။ အဲဒီမှာ နေရာက ပိုကျယ်သလို ဝိညာဉ်သားရဲတွေလည်း ရှိတယ်။ အဲဒီကျရင် အခြေအနေတွေက ပြောင်းလဲသွားနိုင်တယ်"

​သူ ဆက်ပြောနေစရာ မလိုတော့ဘဲ ကောင်းယွီနှင့် အခြားသူများသည် ဝိညာဉ်စွမ်းအင်များကို အစွမ်းကုန် အသုံးပြုကာ သစ်ကျားသစ်များကဲ့သို့ အာတိတ်တောင်တန်း အနက်ပိုင်းဆီသို့ အပြင်းအထန် ပြေးလွှားသွားကြတော့၏။

​နတ်ဆိုးဝံပုလွေတောင်၏ လျှိုမြောင်လမ်းများမှာ ကျဉ်းမြောင်းလွန်းလှသဖြင့် ပုန်းစရာနေရာ မရှိချေ။ အကယ်၍ ရန်သူများ လက်ရဖမ်းမိသွားပါက ကောင်းမိသားစုဝင်များ အသက်ရှင်ရန် အခွင့်အလမ်း မရှိသလောက်ပင်။

​လျှိုမြောင်ထဲမှ လွတ်မြောက်ကာ ကျယ်ပြောလှသော အာတိတ်တောင်တန်းထဲသို့ ရောက်မှသာ သူတို့ ပုန်းအောင်းနိုင်မည် ဖြစ်၏။ ထို့ပြင် ဝိညာဉ်သားရဲများ ရှိနေခြင်းက သူတို့၏ ခြေရာများအား ဖျောက်ပေးနိုင်သလို ရေခဲပြင်နန်းတော်နှင့် ဖုန်းမိသားစုဝင်များကိုလည်း တွေဝေသွားစေနိုင်သဖြင့် အသက်ရှင်ရန် မျှော်လင့်ချက် ပိုများလာပေလိမ့်မည်။

​ရေခဲပြင်နန်းတော် ရောက်လာသည်ကို အတည်ပြုနိုင်ရန်အတွက် ဖုန်းမိသားစုသည် ကောင်းမိသားစု ဆုတ်ခွာချိန်တွင် ချက်ချင်း လက်မလှုပ်ခဲ့သဖြင့် အခွင့်ကောင်းတစ်ခုအား လက်လွှတ်လိုက်ရ၏။ ယခုအချိန်တွင် ကောင်းယွီတို့က အတော်လေး ဝေးသွားပြီ ဖြစ်၏။ ထို့ပြင် ဝိညာဉ်ပေါက်ဖွားခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူ လျိုရန် ရှိနေသဖြင့် သူတို့၏ ပစ်ခတ်မှုများမှာ လွဲချော်နေသောကြောင့် ခဏအကြာတွင် သူတို့ လိုက်လံတိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြ၏။

​ထိုသို့ဖြင့် လျှိုမြောင်အတွင်း၌ ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်ပေါ်လာ၏။ ကောင်းမိသားစုက ရှေ့မှပြေး၊ ဖုန်းမိသားစုက အလယ်မှလိုက်၊ သူတို့၏ အနောက်ဆုံးမှ ရေခဲပြင်နန်းတော် ကျင့်ကြံသူများက ထပ်ကြပ်မကွာ လိုက်လံနေကြခြင်း ဖြစ်၏။

​အဝေးမှ ကြည့်မည်ဆိုလျှင် လင်မိသားစုဝင်များသည် အားလုံး၏ ရှေ့ဆုံးမှနေ၍ အသက်လုကာ ထွက်ပြေးနေကြသည်ကို တွေ့ရမည် ဖြစ်သည်။

​သူတို့သည် ပထမဆုံး စတင်ထွက်ပြေးသူများ ဖြစ်သည့်အပြင် လင်ယွီရှီးကလည်း အချိန်အတော်ကြာမှ မြားပစ်၍ အချက်ပေးခဲ့ခြင်း ဖြစ်သဖြင့် လင်မိသားစုဝင်များသည် အဝေးဆုံးသို့ ရောက်ရှိသွားကြပြီ ဖြစ်၏။ ယခုအချိန်တွင် သူတို့သည် လျှိုမြောင်အတွင်းမှ လွတ်မြောက်ကာ အာတိတ်တောင်တန်း၏ ကျယ်ပြောလှသော တောအုပ်ကြီးအတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်၏။

​ကြည်လင်သော လရောင်အောက်တွင် ချင်လဲ့သည် သစ်ပင်တစ်ပင်အောက်၌ ရပ်ကာ လင်မိသားစုဝင်များ ရောက်လာမည်ကို စောင့်ဆိုင်းနေ၏။

​လင်ယွီရှီး စာရေးနေချိန်၊ လူစုကို နှိုးနေချိန်နှင့် အစီအစဉ်များ ဆွဲနေချိန်ကတည်းက သူသည် လျှိုမြောင်အတွင်းမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်၏။ ယခုဆိုလျှင် သူ စောင့်နေသည်မှာ ၁၅ မိနစ်ခန့် ရှိနေပြီ ဖြစ်၏။

​"ဟူး... ဟူး... ဟူး"

​အဝေးမှ ကျင့်ကြံသူများ အပြင်းအနှင် ပြေးလာသော အသံကို ကြားလိုက်ရ၏။ ချင်လဲ့သည် မျက်လုံးကို မှေးကာ သစ်ပင်နောက်တွင် တိတ်တဆိတ် ပုန်းအောင်းလိုက်၏။ ပေါ်လာသူမှာ လင်မိသားစုဝင်များ မဟုတ်ခဲ့လျှင် ဒုက္ခရောက်နိုင်သောကြောင့် ဖြစ်၏။

​လင်ဖုန်း၏ ပုံရိပ်ကို မြင်လိုက်ရသည့် အခါမှသာ သူသည် သစ်ပင်နောက်မှ ထွက်လာကာ လူအုပ်ရှေ့တွင် ရပ်လိုက်၏။

​လင်းရင်း၊ လင်ဖုန်း၊ လင်ရှင်းနှင့် အခြား လင်မိသားစုဝင်များသည် အဝေးမှ သူ့ကို မြင်လိုက်ရသည်နှင့် ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။ အားလုံးက လူအ ဟန်ဆောင်မနေတော့သော ဤလူငယ်ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေကြတော့၏။

​"ဟေ့ကောင်... မင်းသာ မှားသွားလို့ကတော့ လင်မိသားစု တစ်ခုလုံး ဒုက္ခရောက်မှာနော်" လင်ရှင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

​လင်ဖုန်းက မျက်မှောင်ကြုတ်ကာ အတည်ပြုချက် တောင်းလိုက်သည်။ "မင်း ရေခဲပြင်နန်းတော်က လူတွေကို ကိုယ့်မျက်စိနဲ့ကိုယ် တကယ် မြင်ခဲ့တာလား"

​ချင်လဲ့က ခေါင်းညိတ်ပြပြီး ချက်ချင်းပင် မေးလိုက်၏။ "သူမကော" သူက နာမည်ထုတ်မပြောသော်လည်း မည်သူ့ကို ဆိုလိုကြောင်း အားလုံး သိကြ၏။

​"သခင်မလေးက နောက်ဆုံးမှာ ကျန်ခဲ့တယ်။ သူက လျိုရန်နဲ့ ကောင်းမိသားစုကို စာရေးပြီး အချက်ပေးခဲ့တာ၊ အခု ငါတို့ဆီကို လာနေလောက်ပြီ" လင်းရင်းက သူ့ကို အလွန်အမင်း စိတ်ဝင်စားသွားသည့် ပုံစံဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။ "ကောင်းယွမ် အသတ်ခံရတာကို နင် ဘယ်လို သိတာလဲ။ ငါတို့နောက်ကို လူတွေ လိုက်လာမယ်ဆိုတာကိုရော ဘယ်လို ခန့်မှန်းမိတာလဲ။ နင် ပြီးခဲ့တဲ့ ရက်တွေက ပတ်ဝန်းကျင်ကို လျှို့ဝှက်ပြီး ကင်းစောင့်နေခဲ့တာလား"

​ချင်လဲ့က သူမကို တစ်ချက် ကြည့်လိုက်သော်လည်း တစ်ခွန်းမျှ ပြန်မဖြေဘဲ တိတ်ဆိတ်စွာ နေလိုက်၏။

​သူ ငေးငိုင်နေသည့် အချိန်တုန်းက လင်းရင်း၏ သဘောထားမှာ သိပ်ပြီး မကောင်းခဲ့သလို သူမ ပြောခဲ့သော စကားအချို့မှာလည်း နားဝင်မချိုလှပေ...။

​"န... နင်က ဘာဖြစ်နေတာလဲ" လင်းရင်းက စိတ်တိုတိုဖြင့် အော်ပြောလိုက်၏။ "ငါ နင့်ကို ဘယ်တုန်းက စော်ကားဖူးလို့လဲ။ ဪ... သိပြီ၊ နင် လူအ,လို ဟန်ဆောင်နေတုန်းက ကိစ္စတွေကြောင့် မဟုတ်လား။ နင်ကိုယ်တိုင်က လူအ,လို ဟန်ဆောင်နေတာပဲဟာ၊ ငါတို့က ဝေဖန်တာကို နင်က မခံနိုင်ဘူးလား"

​ချင်လဲ့က သူမကို ဆက်ပြီး ဂရုမစိုက်တော့ပေ။

​"မင်းက တော်တော် မာန်ကြီးတာပဲလား ဟေ့ကောင်" လင်ရှင်းက သူ့ကို စိုက်ကြည့်ကာ အော်လိုက်သည်။ "မင်းသာ မှားသွားလို့ကတော့ လင်မိသားစုက ဒုက္ခအကြီးအကျယ် ရောက်မှာ၊ မင်းလည်း လွတ်မှာ မဟုတ်ဘူး"

​"ပါးစပ်ပိတ်စမ်း" လင်ဖုန်းက ငေါက်လိုက်၏။ "သူ့မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့တာဆိုမှတော့ ဒါက လုံးဝ မမှားနိုင်ဘူး။ သူသာ ငါတို့ကို အသိမပေးခဲ့ရင် ငါတို့အားလုံး အခုဆို ရေခဲပြင်နန်းတော်က လူတွေလက်ထဲမှာ သေကုန်ကြပြီ။ အားလုံး အသတ်ခံရမှာဖြစ်သလို သခင်မလေးနဲ့ လင်းရင်းတို့ရဲ့ ကံကြမ္မာကတော့... ပြောဖို့တောင် မကောင်းဘူး"

​လင်ဖုန်း၏ စကားကို နားထောင်ရင်း အားလုံး ကျောချမ်းသွားကြ၏။ ချင်လဲ့ကို မကျေမနပ် ဖြစ်နေသော လင်းရင်းပင်လျှင် တစ်ခွန်းမျှ ဆက်မပြောရဲတော့ဘဲ သူမ၏ မျက်လုံးထဲတွင် ထိတ်လန့်ရိပ်များ ပေါ်ပေါက်နေတော့၏။

​လူအုပ်ကြီးမှာ တိတ်ဆိတ်သွား၏။

​ခဏအကြာတွင် လင်ယွီရှီးသည် ဖြူဖျော့နေသော နဖူးပေါ်တွင် ချွေးစက်များဖြင့် တစ်ကိုယ်တည်း ရောက်ရှိလာ၏။ သူမလည်း အစွမ်းကုန် ပြေးလာခဲ့သည်မှာ သိသာလှ၏။ လူအုပ်ကြီး သူမကို စောင့်နေသည်ကို မြင်လိုက်ရသည့်အခါ သူမက အော်မေးလိုက်သည်။ "နင်တို့ ဘာလို့ ဒီမှာ ရပ်နေကြတာလဲ။ ဘာလို့ ဆက်မပြေးကြတာလဲ"

​"သခင်မလေး... မြားပစ်ပြီးတာနဲ့ တစ်ခုခု ထူးခြားတာ တွေ့ခဲ့သေးလား" လင်ရှင်းက မေးလိုက်၏။

​"ငါ လှည့်ကြည့်ဖို့တောင် မရဲဘူး" လင်ယွီရှီးက ခါးသီးစွာ ပြုံးရင်း အသက်ကို လုရှူကာ ပြောလိုက်၏။ "နင်တို့နောက်ကို လိုက်လာရင်းနဲ့ တိုက်ခိုက်သံတွေကို သဲ့သဲ့ ကြားလိုက်ရတယ်။ အဲဒါ ဖုန်းမိသားစုက စပြီး တိုက်ခိုက်တာ ဖြစ်နိုင်တယ်"

​အားလုံး၏ မျက်နှာများမှာ ချက်ချင်းပင် ဖြူဖျော့သွားကြ၏။ ယခုအချိန်တွင်မူ ချင်လဲ့ ပြောခဲ့သည်မှာ အမှန်တရားဖြစ်ကြောင်း အားလုံး လက်ခံသွားကြပြီ ဖြစ်၏။

​"ဘာလို့ ရပ်နေကြတာလဲ" လင်ယွီရှီးက ထိတ်လန့်တကြား အော်လိုက်၏။ "ငါတို့ ဒီည အဝေးကြီး ရောက်အောင် မပြေးနိုင်ရင် မနက်လင်းတဲ့အခါ ရေခဲပြင်နန်းတော်ကလူတွေ ငါတို့ ခြေရာခံပြီး လိုက်လာနိုင်တယ်"

​ထို့နောက် လူအုပ်ကြီးမှာ အာတိတ်တောင်တန်း အနက်ပိုင်းဆီသို့ အစွမ်းကုန် ပြေးလွှားသွားကြတော့၏။ အားလုံး၏ မျက်နှာများမှာ လေးနက်နေပြီး သူတို့၏ ကျောပြင်ပေါ်တွင် ကြီးမားသော ဖိအားတစ်ခု ရှိနေသကဲ့သို့ ခံစားနေကြရ၏။

​"ငါ့နောက်ကို လိုက်ခဲ့" တိတ်ဆိတ်နေသော ချင်လဲ့သည် ရုတ်တရက် မြားတစ်စင်းကဲ့သို့ အရှေ့ဆုံးသို့ ရောက်ရှိသွားပြီး တိုးညင်းသော အသံဖြင့် အော်ပြောလိုက်၏။ "ရှေ့မှာ ဝိညာဉ်သားရဲ အသိုက်တွေ အများကြီး ရှိတယ်၊ အဲဒါတွေကို ရှောင်သွားရမယ်။ မဟုတ်ရင် ဖုန်းမိသားစုနဲ့ ရေခဲပြင်နန်းတော်ကလူတွေ မရောက်ခင်မှာတင် ငါတို့ အပိုင်းပိုင်း အပြတ်ခံရလိမ့်မယ်"

ထိုစကားကို ကြားလိုက်ရာ ​အားလုံးမှာ ဆွံ့အသွားကြတော့သည်။

All Chapters