← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁) စွမ်းအားများ ပေါ်ထွက်လာခြင်း

​သူ၏ စိတ်စွမ်းအား အစအနတစ်ခုမှာ ဝိညာဉ်လက်နက်အတွင်းသို့ ဖြည်းညင်းစွာ တိုးဝင်သွားရာ ချင်လဲ့သည် ရိုးရှင်းပြီး မပြုပြင်ရသေးသော ဝိညာဉ်အစီရင် တစ်ခုကို တွေ့လိုက်ရ၏။ ၎င်းမှာ ဝိညာဉ်စုဆောင်းခြင်း အစီရင်ပင် ဖြစ်၏။

​ချင်လဲ့ ရင်းနှီးကျွမ်းဝင်နေသော ဝိညာဉ်စုဆောင်းခြင်း အစီရင်နှင့် နှိုင်းယှဉ်လျှင်မူ ဤအစီရင်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှ၏။ တိကျမှု၊ ရှုပ်ထွေးမှု သို့မဟုတ် အရွယ်အစား မည်သည့်နေရာတွင်မဆို များစွာ နိမ့်ကျလွန်းလှသည်!

​မူလက ဝိညာဉ်နှိမ်နင်းခြင်း ပုတီးစေ့ အတွင်းရှိ ဝိညာဉ်စုဆောင်းခြင်း အစီရင်ကို မှတ်မိရန်အတွက် ချင်လဲ့သည် အလွန်ပင် ကြိုးစားအားထုတ်ခဲ့ရသဖြင့် ဤအစီရင်များအပေါ် သူ၏ နားလည်မှုမှာ အလွန်ပင် နက်နဲလှ၏။ ထို့ကြောင့် လှံတိုအတွင်းရှိ အစီရင်ကို သူ ချက်ချင်း မှတ်မိသွားခြင်း ဖြစ်သည်။

​လှံတိုအတွင်းရှိ အစီရင်မှာ သူသိထားသော အစီရင်၏ အစိတ်အပိုင်း အနည်းငယ်သာ ဖြစ်၏။ ဝိညာဉ်နှိမ်နင်းခြင်း ပုတီးစေ့အတွင်းရှိ အစီရင်၏ ဆယ်ပုံတစ်ပုံပင် မရှိချေ။ ထို့ပြင် ရေးဆွဲထားပုံမှာလည်း တိကျမှုမရှိသဖြင့် ဝိညာဉ်စုဆောင်းခြင်း အစီရင်၏ အစွမ်းသတ္တိများကို အပြည့်အဝ အသုံးမချနိုင်ပေ။

​ချင်လဲ့၏ မျက်လုံးများထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာပြီး သူ၏ စိတ်ထဲ၌ အတွေးတစ်ခု ချက်ချင်း ပေါ်လာ၏။ 'ဒါကိုတောင် ဝိညာဉ်လက်နက်လို့ ခေါ်နိုင်ရင်၊ ငါသာ အရမ်းရှုပ်ထွေးပြီး တကယ့်စွမ်းအားရှိတဲ့ ဝိညာဉ်စုဆောင်းခြင်း အစီရင်ကိုသာ ဒီထဲမှာ ရေးဆွဲလိုက်ရင် ဘာဖြစ်သွားမလဲ'

​"ဖြန်း... ဖျစ်"

​သူ ထပ်မံစဉ်းစားရန် အချိန်မရလိုက်ချေ။ လှံတိုတစ်ဝိုက်တွင် လျှပ်စစ်စီးကြောင်းများ စတင် စီးဆင်းလာသောကြောင့် ဖြစ်၏။

​သူသည် ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်သည့်အခါ လှံတိုမှာ လျှပ်စီးများဖြင့် လက်ခနဲ ဖြစ်သွားပြီး လျှပ်စစ်စီးကြောင်းများအား စုပ်ယူထားသကဲ့သို့ ဖြစ်သွားကာ သူ့ကိုလည်း အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားစေ၏။

​"ဟင်... ဒါလည်း ဖြစ်နိုင်တာပဲလား" ချင်လဲ့က စိတ်ထဲမှ ရေရွတ်ရင်း ထိုခံစားချက်ကို စူးစမ်းကြည့်လိုက်၏။

​သူ၏ ပြင်းထန်သော မိုးကြိုးလျှပ်စီး စွမ်းအင်များကို မပြည့်စုံဘဲ ကြမ်းတမ်းလှသော ဤအစီရင်အတွင်းသို့ ထည့်သွင်းလိုက်သည့်အခါ လက်နက်အား ပြုလုပ်ထားသော ဝိညာဉ်ပစ္စည်းများ၏ ထူးခြားသော ဂုဏ်သတ္တိများကို ထုတ်လွှတ်ပေးနိုင်ကြောင်း သူ တွေ့ရှိလိုက်ရ၏။ ထို့ကြောင့် လှံတိုမှာ ပိုမိုထက်မြက်လာပြီး ဝိညာဉ်စွမ်းအင်မှာလည်း ပို၍ မြင့်မားသွားခြင်း ဖြစ်၏။

​ရိုးရှင်းသော ဝိညာဉ်အစီရင်များပင်လျှင် ကျင့်ကြံသူ၏ စွမ်းအားကို မြှင့်တင်ပေးနိုင်ကြောင်း သူ ချက်ချင်း နားလည်သွား၏။ ဝိညာဉ်လက်နက်ကို ပြုလုပ်ထားသော ပစ္စည်းများ၏ ဂုဏ်သတ္တိများကိုသာ ဆွဲထုတ်နိုင်မည်ဆိုလျှင် ထိုလက်နက်မှာ အစွမ်းထက်လာမည်မှာ သေချာလှ၏။

​"ချင်လဲ့၊ ဒီကို မလာနဲ့"

​လင်ဖုန်းက အော်ဟစ်လိုက်ရင်း သူ၏ မီးလျှံတိမ်တိုက်တူကို ဝှေ့ယမ်းကာ မီးတိမ်တိုက်များကို စုစည်းလိုက်ရာ ပတ်ဝန်းကျင် အပူချိန်မှာ အလွန် မြင့်တက်လာ၏။ ဖုန်းလွန်၏ ခန္ဓာကိုယ်မှာလည်း မီးအိမ်နီများ ဝိုင်းထားသကဲ့သို့ ဖြစ်နေ၏။

​အဆင့် ၇ ကျင့်ကြံသူ ဖုန်းလွန်သည်လည်း နှစ်ဖက်သွားပုဆိန်ကို ဝှေ့ယမ်းကာ စိမ်းဖန့်ဖန့် အလင်းဝိုင်းများကို ထုတ်လွှတ်နေ၏။

​တစ်ခါတစ်ရံတွင် ထိုပုဆိန်သည် အလွန်လှပသော စိမ်းဖန့်ဖန့် အလင်းတောင်ပံ တစ်ဖက်ကို ဖန်တီးလိုက်၏။ ထိုအလင်းတောင်ပံမှာ မီးတိမ်တိုက်များအား ကာကွယ်ရုံသာမက လင်ဖုန်းကိုပါ နောက်ဆုတ်သွားအောင် တွန်းထုတ်နိုင်စွမ်း ရှိ၏။

​ထိုအလင်းတောင်ပံမှာ ခုခံရန်သာမက တိုက်ခိုက်ရန်အတွက်ပါ အသုံးဝင်ကြောင်း ထင်ရှားလှ၏။

​"လင်ဖုန်း... ငါတို့ တစ်ယောက်အကြောင်းတစ်ယောက် သိကြတာပဲ။ မင်းရဲ့ မီးလျှံတိမ်တိုက်တူက အဆင့်နှစ်ပဲ ရှိတာ၊ ငါ့ရဲ့ အစိမ်းရောင်တောင်ပံပုဆိန်က အဆင့်သုံးကွ။ ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ဝိညာဉ်စွမ်းအင်က တူနေပေမဲ့ ငါ့ရဲ့ ဝိညာဉ်လက်နက်က ပိုသာတယ်၊ ဒါကြောင့် မင်း ငါ့ကို မနိုင်နိုင်ဘူး" ဖုန်းလွန်က ရယ်မောကာ ပုဆိန်ကို ဝှေ့ယမ်းရင်း မီးတိမ်တိုက်များအား ရှင်းထုတ်လိုက်၏။

​ကျင့်ကြံခြင်းအဆင့်နှင့် ဝိညာဉ်စွမ်းအင် တူညီနေပါက မည်သူ၏ ဝိညာဉ်လက်နက်က ပိုမိုကောင်းမွန်သနည်း ဆိုသည့်အချက်က အသာစီးရမှုကို အဆုံးအဖြတ် ပေးသွားခြင်း ဖြစ်၏။

​ဖုန်းလွန်သည် ပုဆိန်ကို ကိုင်ကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေပြီး အလောတကြီး တိုက်ခိုက်ခြင်း မပြုပေ။ သူ၏ တာဝန်မှာ လင်ဖုန်းကို အခြားတိုက်ပွဲများတွင် မပါဝင်နိုင်အောင် ဟန့်တားထားရန်သာ ဖြစ်ပြီး ကျန်ရှိသော ဖုန်းမိသားစုဝင်များက လင်မိသားစုကို အေးအေးဆေးဆေး သတ်နိုင်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

​အကယ်၍ ဖုန်းကျဲသာ သေမသွားခဲ့လျှင် ဖုန်းလွန်၏ ဤဗျူဟာမှာ အပြစ်ပြောစရာ မရှိပေ။ ဖုန်းကျဲက လင်ရှင်းကို သတ်ပြီးနောက် ကျန်သူများအား တစ်ယောက်ပြီးတစ်ယောက် ရှင်းပစ်နိုင်မည် ဖြစ်သည်။

​သို့သော်လည်း...

​"ချင်လဲ့၊ ဒီကို မလာနဲ့လို့ ငါ ပြောနေ... ဟင်"

​လင်ဖုန်းသည် ဖုန်းလွန်၏ အနောက်မှ လျှောက်လာသော ချင်လဲ့ကို မြင်လိုက်ရသည့်အခါ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိသည်။

​ဖုန်းလွန်ကမူ အနောက်ကို လှည့်ပင်မကြည့်ဘဲ ဆက်၍ ရယ်မောနေသည်။ "မင်းရဲ့ သရုပ်ဆောင်ချက်က အောင်မြင်မယ် ထင်နေတာလား။ လူအ,တစ်ယောက်ကြောင့် ငါ့ရဲ့ အာရုံကို ခွဲပြီး အနောက်ကို လှည့်ကြည့်မယ် ထင်လို့လား။ လင်ဖုန်း... မင်းရဲ့ လှည့်ကွက်က တကယ့်ကို ရယ်စရာ ကောင်းလွန်းပါတယ်"

​"ဂျိန်း... ဂျိန်း... ဖြန်း"

​ဖုန်းလွန်၏ စကားပင် မဆုံးသေးခင်မှာပင် သူ၏ အနောက်ဘက်မှ လျှပ်စစ်စီးကြောင်းသံများ ထွက်ပေါ်လာသဖြင့် သူ၏ မျက်နှာမှာ ချက်ချင်း ပျက်သွား၏။ သူသည် အံ့အားသင့်နေသော လင်ဖုန်းကို ဂရုမစိုက်တော့ဘဲ အနောက်သို့ အမြန် လှည့်ကြည့်လိုက်၏။

​ချင်လဲ့၏ လက်ထဲတွင် တောက်ပလှသော မိုးကြိုးလျှပ်စီးတစ်တန်း ရှိနေသကဲ့သို့ ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှပြီး တဟုန်ထိုး ပြေးဝင်လာသော သားရဲတစ်ကောင်နှင့် တူနေသည်။

​"ဒါ... ဟိုလူအ,လား"

​ဖုန်းလွန်မှာ ကြောင်သွားပြီး သူ၏ အစိမ်းရောင်တောင်ပံပုဆိန်ကို အမြန်ဝှေ့ယမ်းကာ စိမ်းဖန့်ဖန့် အလင်းတောင်ပံဖြင့် ချင်လဲ့အား တိုက်ခိုက်လိုက်၏။

​ပြင်းထန်သော ဝိညာဉ်စွမ်းအင်များနှင့်အတူ အလင်းတောင်ပံကြီး တိုးဝင်လာသဖြင့် ချင်လဲ့၏ အမူအရာမှာ လေးနက်သွားသည်။

​သို့သော်လည်း သူ ရှောင်မသွားသလို နောက်လည်း မဆုတ်ခဲ့ပေ။ မိုးကြိုးလျှပ်စီးများ ဝန်းရံနေသော လှံတိုကို မြဲမြဲကိုင်ကာ အစွမ်းကုန် တိုးဝင်သွားတော့၏။

​"ဂျိန်း... ဂျိန်း"

​လှံထိပ်ဖျားရှိ မိုးကြိုးစွမ်းအင်မှာ အလင်းတောင်ပံနှင့် ထိတွေ့သွားသည့်အခါ ပြင်းထန်သော လျှပ်စစ်ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။

​"ထန်..."

​လှံတိုသည် အလင်းတောင်ပံကို ထိုးဖောက်သွားပြီး ဖုန်းလွန်လက်ထဲရှိ ပုဆိန်ခေါင်းကို တိုက်ရိုက် ထိမှန်သွားတော့၏။ သတ္တုချင်း ပွတ်တိုက်သံမှာ အလွန်ပင် နားကွဲမတတ် စူးရှလှပြီး ပိန်လှီလှသော ချင်လဲ့၏ ခန္ဓာကိုယ်မှာ ဖုန်းလွန်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် တိုးဝင်သွားတော့၏။

​"ဂွပ်..."

​ဖုန်းလွန်၏ ရင်ဘတ်မှ အရိုးကျိုးသံမှာ အလွန်ပင် သိသာလှပြီး သူ၏ မျက်နှာမှာလည်း ချက်ချင်း ပျက်သွား၏။

​သင်္ဘောကြီးတစ်စင်းဖြင့် တိုက်မိသကဲ့သို့ ပြင်းထန်သော ခံစားချက်ကြီးနှင့်အတူ သူ၏ ခန္ဓာကိုယ်မှာ လေထဲသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ အပြင်းအထန် ကျဆင်းသွားတော့၏။

​"ဒါ... ဒါက..."

​လင်ဖုန်း၏ မျက်လုံးများမှာ ပြူးထွက်သွားပြီး ပါးစပ်မှာလည်း ဟောင်းလောင်း ဖြစ်နေ၏။ သူသည် ချင်လဲ့ကို နေ့ခင်းကြောင်တောင် သရဲမြင်လိုက်ရသကဲ့သို့ ကြည့်နေမိ၏။ မည်သို့ ဖြစ်သွားသည်ကို သူ လုံးဝ စဉ်းစားမရနိုင် ဖြစ်နေ၏။

​ဖုန်းလွန်၏ ထက်ဝက်ခန့်သာ ရှိသော ချင်လဲ့သည် ပြင်းထန်သော အင်အားဖြင့် ဖုန်းလွန်ကို လွင့်စင်သွားအောင် လုပ်နိုင်ခဲ့သည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ ဤမျှ ပိန်လှီသော ခန္ဓာကိုယ်ထဲတွင် ရှေးဦးသားရဲတစ်ကောင်ကဲ့သို့ အင်အားမျိုး မည်သို့ ပုန်းကွယ်နေသနည်း။

​လင်ဖုန်း သတိမဝင်လာခင်မှာပင် ချင်လဲ့သည် တွေဝေခြင်းမရှိဘဲ ထက်မြက်သော ဓားတစ်စင်းကဲ့သို့ ဖုန်းလွန်ဆီသို့ ထပ်မံ တိုးဝင်သွားပြန်၏။

​ယခုအချိန်တွင် ဖုန်းလွန်မှာ ပါးစပ်အပြည့် သွေးများဖြင့် မတ်တတ်ပင် မရပ်နိုင်တော့ချေ။ သူသည် ထိတ်လန့်တကြားဖြင့် အနောက်သို့သာ တရွတ်တိုက် ဆုတ်ခွာနေရ၏...။

​"စခန်းက မီးပုံဘေးမှာတုန်းက မင်း ပါးစပ်သရမ်းတာကြောင့် မင်းကို ငါ အဲဒီကတည်းက သတ်ချင်နေတာ။ အခုတော့ ငါ့ဆန္ဒ ပြည့်ပြီပေါ့"

​ချင်လဲ့က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ချက်ချင်းပင် ရှေ့သို့ တိုးဝင်သွား၏။ သူ နင်းလိုက်သော မြေပြင်မှ ကျောက်ခဲမှာ ပေါက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်သည် လေထဲသို့ ပျံတက်သွား၏။ ကောင်းကင်ကိုးထပ်မှ မိုးကြိုးစွမ်းအားကို ကိုင်ဆောင်ထားသကဲ့သို့ သူသည် အရှိန်အဟုန်ဖြင့် ဆင်းသက်လာတော့၏။

​"စွပ်..."

​ချင်လဲ့သည် ဖုန်းကျဲ၏ လှံတိုကို ဖုန်းလွန်၏ ရင်ဘတ်ထဲသို့ ရက်စက်စွာ ထိုးစိုက်လိုက်ပြီး သူ့အား မြေပြင်တွင် သပ်ရိုက်ထားသကဲ့သို့ ဖြစ်သွားစေ၏။

​အဝေးမှ ကြည့်မည်ဆိုလျှင် ဖုန်းလွန်မှာ သံမှိုအကြီးကြီးဖြင့် အောက်ကပ်ရိုက်ခံထားရသော ဖားကြီးတစ်ကောင်နှင့် တူနေပြီး သူ၏ အမူအရာမှာလည်း အလွန်ပင် ရုပ်ဆိုးလှ၏။

​"ပွက်..."

​ဖုန်းလွန်၏ ပါးစပ်မှ သွေးပွက်များ ထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်ကာ မျက်လုံးများအတွင်းမှ အလင်းရောင်မှာ တဖြည်းဖြည်း ကွယ်ပျောက်သွားတော့၏။

​"ဂျိန်း..."

​ထိုအချိန်မှာပင် လှံတိုအတွင်းမှ ပြင်းထန်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ အတွင်းရှိ ဝိညာဉ်အစီရင်မှာ ပျက်စီးသွားပုံရ၏။

​ချင်လဲ့က အံ့အားသင့်သွားပြီး လှံတိုကို ထိကြည့်လိုက်သည့်အခါ လှံအတွင်းရှိ ပစ္စည်းများမှာ မီးလောင်ထားသကဲ့သို့ ဖြစ်နေသည်အား တွေ့လိုက်ရ၏။

​ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ပညာရပ်မှာ မိုးကြိုးနှင့် လျှပ်စီး နှစ်မျိုးစလုံးကို အသုံးပြုခြင်း ဖြစ်၏။ မိုးကြိုးစွမ်းအားမှာ အလွန်ပင် ပြင်းထန်ပြီး ကြမ်းတမ်းလှသဖြင့် မည်သည့် ဝိညာဉ်လက်နက်မှ ကြာရှည် ခံနိုင်ရည် မရှိပေ။

​ဖုန်းကျဲ၏ လှံတိုမှာလည်း ဤပြင်းထန်လှသော စွမ်းအားကို မခံနိုင်ဘဲ ခဏအတွင်းမှာပင် အမှိုက်ပုံထဲက သံတိုသံစကဲ့သို့ ဖြစ်သွားခဲ့ရခြင်း ဖြစ်၏။

​"ညံ့လွန်းတယ်..."

​ချင်လဲ့က ခေါင်းခါရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် ဖုန်းလွန်၏ အလောင်းမှ အစိမ်းရောင်တောင်ပံပုဆိန်ကို သွားရောက် ယူလိုက်သည်။

​ထိုအချိန်တွင် သူ၏ ပတ်ဝန်းကျင်မှ တိုက်ခိုက်သံများမှာ ရုတ်တရက် ရပ်တန့်သွားသည်ကို သူ သတိထားမိလိုက်၏။ သူ ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ကြောင်အ,သွားတော့သည်။

​မိသားစု နှစ်ခုစလုံးမှ ကျင့်ကြံသူ အားလုံးမှာ သူ့ကို အလွန်အမင်း ထိတ်လန့်တကြားဖြင့် စိုက်ကြည့်နေကြခြင်း ဖြစ်၏။ သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေကြသည်။

​သူတို့၏ အမူအရာမှာ နတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေကြခြင်း ဖြစ်၏။

​"သူပဲလား၊ ဖုန်းကျဲကို သတ်လိုက်တာလည်း သူပဲလား" လင်ရင်း၏ လှပသော မျက်လုံးများက ဝင်းလက်သွားပြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ "ယေး... ငါ သိသားပဲ၊ သူ ဖြစ်ရမယ်ဆိုတာ"

​လင်ရှင်း၏ မျက်နှာမှာ ရှက်ရွံ့မှုနှင့် အားနာမှုများ ရောထွေးနေပြီး ခေါင်းငုံ့သွားတော့၏။ အခြားသူများလည်း ချင်လဲ့ကို မျက်နှာချင်းမဆိုင်ရဲဘဲ အကြည့်လွှဲသွားကြ၏။

​"ဒီကောင်... မင်း တကယ်ပဲ ကောင်းကောင်း ဖုံးကွယ်ထားတာပဲ။ ငါတို့ ကိုယ့်လူအချင်းချင်းတောင် မင်းရဲ့ လှည့်စားမှုကို ခံလိုက်ရတယ်..." လင်ဖုန်းက ခါးသီးစွာ ရယ်မောရင်း ပြောလိုက်၏။

​လင်ယွီရှီး၏ လှပသော မျက်နှာလေးမှာလည်း တောက်ပသော အပြုံးတစ်ခု ပေါ်လာ၏။ သူမ၏ အကြည့်ကြောင့် ချင်လဲ့၏ နှလုံးခုန်သံပင် အနည်းငယ် မြန်သွားရ၏။

​"မင်းပဲ၊ မင်း ဖြစ်နေတာကိုး" ဖုန်းယိ၏ ချောမောသော မျက်နှာမှာ ရုပ်ဆိုးစွာ ပျက်ယွင်းသွားပြီး ဆက်ပြောသည်။ "လင်မိသားစု ဘာလို့ ရုတ်တရက် ထွက်သွားတာလဲလို့ ငါ စဉ်းစားနေတာ။ မကြာခင်က လျှိုမြောင်ထဲကနေ ဘယ်သူမှ ထွက်မသွားဘူး၊ ဘယ်သူမှ ဂရုမစိုက်တဲ့ မင်းတစ်ယောက်ပဲ ရှိတာ။ ငါတို့ အစီအစဉ်ကို ဖျက်ဆီးခဲ့တာ မင်း ဖြစ်ရမယ်"

​ချင်လဲ့က ဖုန်းယိကို ချက်ချင်း ပြန်မဖြေခဲ့ပေ။ သူသည် လင်ဖုန်း၊ လင်ရင်းနှင့် လင်ရှင်းတို့ကို ကြည့်ကာ မေးလိုက်သည်။ "နင်တို့ ဘာလို့ ကြောင်ကြည့်နေကြတာလဲ။ ဖုန်းကျဲနဲ့ ဖုန်းလွန်တို့ သေသွားပြီ၊ ဘာကို စောင့်နေကြတာလဲ"

​သူသည် ကျန်ရှိနေသော ဖုန်းမိသားစုဝင်များအား ကြည့်ကာ လည်ပင်းလှီးပြသည့် ပုံစံဖြင့် သူတို့အားလုံးကို သတ်ပစ်ရန် အချက်ပြလိုက်၏။

​လင်ဖုန်းက ချက်ချင်း သတိဝင်လာပြီး အော်ဟစ်လိုက်သည်။ "ကြောင်မနေကြနဲ့တော့၊ ဖုန်းမိသားစုကို အမြန်ဆုံး ရှင်းကြဟေ့"

​လင်ရင်း၊ လင်ရှင်းနှင့် အခြားသူများမှာလည်း စိတ်ဓာတ်များ ပြန်လည် တက်ကြွလာပြီး ဖုန်းမိသားစုဝင်များကို သားရဲများကဲ့သို့ ဝိုင်းဝန်း တိုက်ခိုက်ကြတော့၏။

​အစက အရေးနိမ့်နေသော လင်မိသားစုမှာ ယခုအခါ အပြတ်အသတ် အသာစီး ရသွားပြီ ဖြစ်၏။ အကြောင်းမှာ ဖုန်းမိသားစု၏ အဓိက ကျင့်ကြံသူများ ဖြစ်သော ဖုန်းကျဲနှင့် ဖုန်းလွန်တို့မှာ ချင်လဲ့လက်ချက်ဖြင့် သေဆုံးသွားခဲ့သောကြောင့် ဖြစ်၏။

​"ဆုတ်ကြ၊ ခဏ ဆုတ်ကြဦး။ ရေခဲပြင်နန်းတော်နဲ့ ပြန်ပေါင်းပြီးမှ လက်စားချေမယ်" အခြေအနေ မဟန်သည်ကို မြင်လိုက်ရသည့်အခါ ဖုန်းယိသည် ချင်လဲ့ကို တစ်ခွန်းမျှ ထပ်မပြောရဲတော့ဘဲ ဆုတ်ခွာရန် အမိန့်ပေးလိုက်၏။

​သူ အော်ပြောလိုက်စဉ်မှာပင် သူ၏ အေးစက်သော မျက်လုံးများက ချင်လဲ့ကို စိုက်ကြည့်နေ၏။ လင်ယွီရှီးကိုပင် လှည့်မကြည့်တော့ဘဲ သူသည် အမြန် ဆုတ်ခွာသွားတော့၏။

​"အကုန်သတ်၊ တစ်ယောက်မှ အလွတ်မပေးနဲ့"

​ချင်လဲ့က အမိန့်ပေးလိုက်ပြီး သူ၏ ပြင်းထန်သော စွမ်းအင်များကို အစိမ်းရောင်တောင်ပံပုဆိန်အတွင်းသို့ ထည့်သွင်းလိုက်၏။ ပုဆိန်မှ လျှပ်စစ်များ တောက်လောင်လာသည့်အခါ သူသည် ဖုန်းယိဆီသို့ အစွမ်းကုန် လွှဲပစ်လိုက်တော့၏။

​"ဝုန်း..."

​နေပူကျဲကျဲအောက်တွင် မိုးကြိုးသံကြီး တစ်ချက် ပေါက်ကွဲထွက်လာ၏။ ပုဆိန်မှာ လေထဲတွင် ဝှေ့ယမ်းကာ ရူးသွပ်နေသော မိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ ဖုန်းယိ၏ ကျောပြင်ဆီသို့ ဦးတည်သွားတော့၏။

​ဖုန်းယိမှာ မျက်နှာပျက်သွားပြီး အရှိန်သတ်ရန် ကြိုးစားလိုက်၏။ သူ၏ သက်တံဓားကို ဝှေ့ယမ်းကာ ပုဆိန်ကို တားဆီးရန် သက်တံအလင်းတန်း ငါးခုကို ထုတ်လွှတ်လိုက်၏။

​"ဖောင်း... ဒိုင်း... ဒိုင်း... ဖြောင်း"

​သက်တံငါးခုစလုံးမှာ ပုဆိန်နှင့် ထိတွေ့သည်နှင့် တစ်ခုပြီးတစ်ခု ပျက်စီးသွားသဖြင့် ဖုန်းယိမှာ သူ၏ ဓားဖြင့်သာ တိုက်ရိုက် ခုခံလိုက်ရတော့၏။ ပုဆိန်နှင့် ဓား ထိတွေ့သွားသည့် ခဏမှာပင် သူ၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဆံပင်ရှည်များမှာလည်း မီးလောင်ထားသကဲ့သို့ ဖြစ်သွားတော့၏။

​ပြင်းထန်လှသော မိုးကြိုးစွမ်းအင်မှာ ပုဆိန်မှတစ်ဆင့် ဓားအတွင်းသို့ စီးဝင်သွားပြီး ဖုန်းယိ၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိကာ ဒဏ်ရာ ရသွားစေသည်။

​သူ၏ လည်ပင်းသို့ သွေးများ တက်လာသော်လည်း သူ အတင်းမျိုချလိုက်၏။ ချင်လဲ့က သတ်ဖြတ်လိုစိတ်ဖြင့် ပြေးဝင်လာသည်ကို မြင်လိုက်ရသည့်အခါ ဖုန်းယိသည် သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မည်သည့်စကားမျှ မပြောဝံ့တော့ဘဲ အမြန် ထွက်ပြေးသွားတော့သည်။

မှတ်ချက် - ဝိညာဉ် အင်းကွက်ကို ဝိညာဉ်အစီရင်လို့ ပြောင်းသုံးထားပါတယ် ခင်ဗျာ့။

အခန်း (၃၂) စွမ်းအားနှစ်ရပ်

​ဖုန်းယိ ဆုတ်ခွာသွားသည်နှင့်အမျှ ဖုန်းမိသားစု ရှုံးနိမ့်သွားသည်ဆိုသော အချက်ကို ပြောင်းလဲ၍ မရတော့ပေ။ လင်ယွီရှီး၊ လင်ဖုန်းနှင့် လင်ရှင်းတို့၏ အစွမ်းကုန် တိုက်ခိုက်သတ်ဖြတ်မှုကြောင့် အချိန်မီ မဆုတ်ခွာနိုင်သော ဖုန်းမိသားစုဝင်အားလုံးမှာ ထိုနေရာ၌ပင် အသတ်ခံလိုက်ရတော့၏။

​ချင်လဲ့မှာမူ ဆက်လက်မတိုက်ခိုက်တော့ဘဲ အစိမ်းရောင်တောင်ပံပုဆိန်ကို သွားကောက်လိုက်၏။ ခဏမျှ စမ်းသပ်ကြည့်လိုက်သည့်အခါ ထိုပုဆိန်မှာ လုံးဝ ပျက်စီးသွားခြင်း မရှိသေးဘဲ ခဏတာ ဆက်သုံး၍ရသေးကြောင်း တွေ့လိုက်ရသဖြင့် သူ၏ စိတ်ထဲတွင် ကျေနပ်သွားမိ၏။

​"ကျင့်ကြံခြင်းအဆင့် ၈ မှာရှိတဲ့ ဖုန်းယိကလည်း ထင်သလောက်တော့ မစွမ်းလှပါဘူး။ ထိပ်တိုက်တွေ့ရင်တောင်... သူ ငါ့ထက် ပိုသန်မာတယ်လို့ မခံစားရဘူး"

​ချင်လဲ့သည် ယခင်တိုက်ပွဲကို ပြန်လည်စဉ်းစားရင်း စိတ်ထဲမှ ရေရွတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို စစ်ဆေးကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးများမှာ ဝင်းလက်သွားတော့၏။

​သူသည် ဝိညာဉ်စွမ်းအင်များကို လည်ပတ်လိုက်သည့်အခါ ဝိညာဉ်ပင်လယ်အတွင်းမှ စွမ်းအင်များမှာ ကြွက်သားများနှင့် သွေးကြောများတစ်လျှောက် စီးဆင်းသွားပြီး လက်မောင်းများမှတစ်ဆင့် လက်ဝါးများဆီသို့ စုရုံးသွားကာ ဝိညာဉ်လက်နက်အတွင်းသို့ စီးဝင်သွားသည်ကို တွေ့လိုက်ရ၏။

​သို့သော်လည်း ဤသည်က သူ၏ အစွမ်းကုန် မဟုတ်သေးပေ။

​ဝိညာဉ်စွမ်းအင်များ စီးဆင်းနေစဉ်မှာပင် မိုးကြိုးလျှပ်စီး စွမ်းအင်အစအနလေးများသည် သူ၏ ကြွက်သားများ၊ သွေးကြောများ၊ အသားစများ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများထဲတွင် စုစည်းလာ၏။ ဤအချက်ကြောင့်ပင် သူ၏ ဝိညာဉ်စွမ်းအင်မှာ ပိုမိုပြင်းထန်ကြမ်းတမ်းလာပြီး ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးရုံသာမက မိုးကြိုးလျှပ်စီးစွမ်းအားကိုပါ အသုံးပြုနိုင်စေသဖြင့် သူ၏ ခွန်အားကို များစွာ တိုးမြင့်စေခြင်း ဖြစ်၏။

​ထိုအခါမှ သူ ချက်ချင်း နားလည်သွားတော့၏။

​လွန်ခဲ့သော ငါးနှစ်အတွင်း သူသည် ကောင်းကင်ကိုးထပ်မှ မိုးကြိုးလျှပ်စီးစွမ်းအားများဖြင့် သူ၏ ခန္ဓာကိုယ်ကို အမြဲတစေ လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်၏။ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ပြီး ပျက်စီးစေခဲ့သော ထိုစွမ်းအားများမှာ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။ ယင်းအစား ထိုစွမ်းအားအချို့မှာ သူ၏ ခန္ဓာကိုယ်အတွင်းတွင် စိမ့်ဝင်သွားပြီး ဝိညာဉ်စွမ်းအင်အပြင် အခြားသော စွမ်းအားအရင်းအမြစ်တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်၏။

​အခြားသူများနှင့် တိုက်ခိုက်သည့်အခါ သူသည် ဤမိုးကြိုးလျှပ်စီးစွမ်းအားကို အသုံးပြုပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပေါက်ကွဲထွက်မတတ် မြှင့်တင်နိုင်မည် ဖြစ်သည်။

​လက်ရှိတွင် သူသည် ကျင့်ကြံခြင်းအဆင့် ၇ ၌သာ ရှိသေးသော်လည်း တိုက်ပွဲဝင်စဉ် ဤစွမ်းအားကို အသုံးပြုလိုက်လျှင် သူ၏ အင်အားမှာ တစ်ဆင့်မြင့်တက်သွားမည် ဖြစ်သဖြင့် အဆင့် ၈ ရှိသော ဖုန်းယိနှင့် ထိပ်တိုက်တွေ့လျှင်ပင် အောက်ကျနောက်ကျ ဖြစ်မည် မဟုတ်ပေ။

​ထို့ကြောင့် သူနှင့် အဆင့်တူသော ဖုန်းကျဲနှင့် ဖုန်းလွန်တို့မှာ သူ့ကို မည်သို့မျှ မခုခံနိုင်ခဲ့ခြင်း ဖြစ်၏။

​"...ဒါကြောင့်ကိုး။ ငါ့ရဲ့ နှစ်ပေါင်းများစွာ ခါးခါးသီးသီး လေ့ကျင့်ခဲ့မှုတွေက အလဟဿ မဖြစ်ခဲ့ဘူးပဲ။ ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ပညာရပ်က ငါ့ရဲ့ ခန္ဓာကိုယ်ခွန်အားကို မြှင့်တင်ပေးရုံတင်မကဘဲ မိုးကြိုးလျှပ်စီးစွမ်းအားကိုပါ အသုံးပြုနိုင်စေတာပဲ။ တကယ်ကို ပြင်းထန်ပြီး အနိုင်ယူရခက်တဲ့ ပညာရပ်ပါပဲ"

​ချင်လဲ့သည် စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေရင်း သူ၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာ၏။ ထို့နောက် သူသည် ထိုပညာရပ်ကို ရပ်တန့်လိုက်ပြီး ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်ကိုသာ ထိန်းချုပ်ကြည့်လိုက်သည်။

​အတော်လေး တည်ငြိမ်သော ဝိညာဉ်စွမ်းအင်မှာ စီးဆင်းလာပြီး အစိမ်းရောင်တောင်ပံပုဆိန်အတွင်းသို့ ဝင်ရောက်သွား၏။

​"ဟူး..."

​ပုဆိန်မှ စိမ်းဖန့်ဖန့် အလင်းဝိုင်းလေး ထွက်ပေါ်လာ၏။ သေချာ စစ်ဆေးကြည့်လိုက်သည့်အခါ ထိုစွမ်းအင်အတွင်း၌ မိုးကြိုးလျှပ်စီးစွမ်းအား မပါဝင်တော့သည်ကို ချင်လဲ့ တွေ့လိုက်ရသည်။

​သူ ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ပညာရပ်ကို အသုံးမပြုပါက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်မှာ ပုံမှန်အတိုင်းပင် ဖြစ်သဖြင့် ဝိညာဉ်လက်နက်၏ ဖွဲ့စည်းပုံကို ပျက်စီးစေမည် မဟုတ်ပေ။

​"ဒါကလည်း အဆင့်နိမ့် ဝိညာဉ်လက်နက်တစ်ခုပဲ။ ရိုးရှင်းလှတဲ့ ဝိညာဉ်စုဆောင်းခြင်း အစီရင်ပဲ၊ ဟိုလှံတိုထဲကဟာနဲ့ ဘာမှမထူးဘူး..."

​သူ၏ စိတ်စွမ်းအားဖြင့် စမ်းသပ်ကြည့်ပြီးနောက် ချင်လဲ့မှာ စိတ်ပျက်သွားပြန်၏။ သူသည် ဝိညာဉ်စွမ်းအင်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပုဆိန်ကို ကိုင်ကာ လင်မိသားစုဝင်များဆီသို့ ပြန်လျှောက်လာခဲ့၏။

​"ချင်လဲ့" လင်ယွီရှီး စကားမပြောရသေးခင်မှာပင် လင်ရင်းက အရင်ဆုံး အော်ဟစ်လိုက်၏။ သူမ၏ မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ "နင် တကယ်ကို ဆိုးတာပဲ၊ ငါတို့ကို ဒီလောက်တောင် လိမ်ထားနိုင်တယ်။ ပြောစမ်းပါဦး... ငါတို့ကို ရယ်စရာလုပ်ဖို့ အခုထိ လူအ,ယောင်ဆောင်နေတာ မဟုတ်လား"

​"ချင်လဲ့ ဒီလောက် တော်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး" လင်ရှောင်ကလည်း စိတ်လှုပ်ရှားစွာ ဝင်ပြော၏။

​"ဒီကောင်လေး" လင်ဖုန်းက လျှောက်လာပြီး ချင်လဲ့၏ ရင်ဘတ်ကို ခင်မင်စွာ ထိုးလိုက်၏။ သူလည်း အလွန်ပင် ပျော်ရွှင်နေပုံရ၏။

​"ဒီတစ်ခါတော့... တကယ်ပဲ နင့်ကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ငါတို့ လွတ်ဖို့ မလွယ်ဘူး" လင်ယွီရှီးက သူမ၏ တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။

​"လင်ယန် သေသွားပြီ" လင်ရှင်းက လေးနက်သော အသံဖြင့် ပြောလိုက်၏။ သူတစ်ယောက်သာ အနားကို လျှောက်မလာဘဲ အနောက်မှာ ခေါင်းငုံ့ပြီး ရပ်နေခဲ့ခြင်း ဖြစ်၏။

​ချင်လဲ့က သူ့ကို အဝေးမှ လှမ်းကြည့်လိုက်ပြီးနောက် အနားသို့ တိတ်တဆိတ် လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်သည်။ "ဒါဆိုရင် မင်း ကောင်းကောင်း ရှင်သန်ရမယ်၊ ပြီးတော့ သူ့အတွက် လက်စားချေဖို့ ဖုန်းမိသားစုဝင်တွေကို အကုန်သတ်ပစ်ရမယ်"

​လင်ရှင်းက ခေါင်းမော့လိုက်ပြီး ချင်လဲ့ကို သေချာ စိုက်ကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ထွက်ပေါ်နေပြီး လေးနက်စွာ ပြောလိုက်သည်။ "ငါ လင်ရှင်း... မင်းကို အသက်ကြွေး တင်သွားပြီ။ နောင်တစ်ချိန်ကျရင် သေချာပေါက် ပြန်ဆပ်ပါ့မယ်"

​ချင်လဲ့က အံ့အားသင့်သွားပြီး ခေါင်းခါကာ ပြန်ပြောသည်။ "မင်း ငါ့ကို ဘာမှပေးစရာ မလိုပါဘူး။ ငါ ဖုန်းကျဲကို သတ်လိုက်တာက အားလုံးအတွက်ရော၊ ငါ့ကိုယ်ငါအတွက်ရောပဲ။ ငါ့ရဲ့ အင်အားတစ်ခုတည်းနဲ့ဆိုရင် ဖုန်းမိသားစုကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ မင်းတို့သာ မရှိရင် ငါလည်း သူတို့လက်ထဲမှာ သေနေတာ ကြာလှပြီ"

​"ဘာပဲဖြစ်ဖြစ် ငါကတော့ အသက်ကြွေး တင်သွားတာပဲ" လင်ရှင်းက ဇွတ်အတင်း ပြောနေတော့၏။

​"ဖုန်းယိအပါအဝင် ဖုန်းမိသားစုဝင် သုံးယောက် လွတ်သွားတယ်။ သူတို့ ရေခဲပြင်နန်းတော်ကလူတွေနဲ့ တွေ့ရင် ငါတို့ကို ပြန်လာသတ်မှာပဲ" ချင်လဲ့က သက်ပြင်းတစ်ချက်ချကာ ခါးသီးစွာ ပြုံးလျက် အကြံပေးလိုက်သည်။ "ဒါကြောင့် ငါတို့ အန္တရာယ်က မကင်းသေးဘူး။ အားလုံးပဲ စကားသိပ်မပြောဘဲ ဒီနေရာကနေ အမြန်ဆုံး ထွက်ကြစို့"

​အားလုံးကလည်း ခေါင်းညိတ်ကာ သဘောတူလိုက်ကြ၏။

​ယခုတစ်ကြိမ် လမ်းပြသည့်အခါတွင်မူ ဝိညာဉ်သားရဲများ ရှိနိုင်သော နေရာများကို ရှောင်ကွင်းခြင်း သို့မဟုတ် ဆက်သွားခြင်းတို့နှင့် ပတ်သက်၍ မည်သူမျှ ကန့်ကွက်ခြင်း မရှိတော့ပေ။

​ကောင်းကင်မှာ တဖြည်းဖြည်း မှောင်လာခဲ့ပြီး ချင်လဲ့နှင့် အဖွဲ့မှာ မြင့်မားသော ချုံပုတ်ကြီးများ ရှိသည့် လျှိုမြောင်တစ်ခုအတွင်းသို့ ရောက်ရှိလာကြ၏။

​ထိုချုံပုတ်များမှာ သူတို့ထက်ပင် မြင့်မားလှသဖြင့် ကောင်းမွန်သော ပုန်းအောင်းရာနေရာ ဖြစ်နေ၏။ ရေခဲပြင်နန်ယတော်က မည်မျှပင် အစွမ်းထက်ပါစေ ဤနေရာတွင် သူတို့ကို ရှာတွေ့ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

​"အားလုံး အဆင်ပြေမယ်ဆိုရင် သန်ဘက်ခါကျရင် ဆီးနှင်းမြူတောင်ကို ရောက်မယ်။ အဲဒီကို ရောက်ရင် လင်မိသားစုဆီ သတင်းပို့လို့ ရပြီ။ ပြီးတော့ အဲဒီနားမှာ မြူတိမ်ဆောင်က ကျင့်ကြံသူတွေလည်း အမြဲ သွားလာနေတာဆိုတော့ သူတို့နဲ့သာ တွေ့ရင် ငါတို့ တကယ် လွတ်ပြီလို့ ပြောလို့ရတယ်" ချင်လဲ့က အနောက်ဘက်ရှိ တိမ်မြူများကြားတွင် ဖုံးကွယ်နေသော ဆီးနှင်းမြူတောင်ကို ညွှန်ပြကာ ရှင်းပြလိုက်၏။

​အားလုံးက စုရုံးထိုင်လိုက်ကြပြီး အသားခြောက်များကို စားရင်း သူ၏ စကားကို သေချာ နားထောင်နေကြ၏။

​"ချင်လဲ့... မင်းက အာတိတ်တောင်တန်း အကြောင်းကို ဘယ်လိုလုပ် ဒီလောက် သိနေတာလဲ။ ဒီနှစ်တွေမှာ မင်းက ဆေးတောင်ထဲမှာပဲ အမြဲ နေနေတာ မဟုတ်လား" လင်ဖုန်းက ရေသောက်ရင်း ပြုံးကာ မေးလိုက်၏။

​ကျန်ရှိနေသော သူများ၏ မျက်လုံးများကို ကြည့်ခြင်းအားဖြင့် သူတို့လည်း သိချင်နေကြသည်မှာ သိသာလှ၏။

​"အာတိတ်တောင်တန်းအကြောင်းကို သိတာက ငါ့အဘိုးပါ။ သူက ငါ့ကို အရင်က ပြောပြဖူးတယ်..." ချင်လဲ့က ခဏမျှ တွေဝေသွားပြီးမှ ပြောလိုက်သည်။ "ဒီညက အခက်ခဲဆုံး ည ဖြစ်လိမ့်မယ်။ အားလုံး ကောင်းကောင်း အနားယူထားကြပါ။ ခဏနေ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်ပြီဆိုရင် ငါတို့ ညတွင်းချင်း ခရီးဆက်မယ်"

​"အင်း... အားလုံး လူစုခွဲလိုက်ကြစို့" ချင်လဲ့ ထပ်မပြောချင်တော့သည်ကို သိသဖြင့် လင်ဖုန်းက ပြုံးကာ ထိုကိစ္စအား ရပ်နားလိုက်ပြီး အားလုံးကို အနားယူရန် အမိန့်ပေးလိုက်၏။

​လူတိုင်း တဖြည်းဖြည်း လူစုခွဲသွားကြပြီး တင်ပျဉ်ခွေထိုင်ကာ အနားယူနေကြ၏။ လင်ရင်းသည်လည်း အလွန်ပင် ပင်ပန်းနေသဖြင့် ချင်လဲ့ကို လိုက်မနှောင့်ယှက်တော့ချေ။ ထို့ကြောင့် ချင်လဲ့လည်း စိတ်အေးသွားရ၏။

​"နင့်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ နင်သာ မရှိရင် ငါနဲ့ လင်ရင်းတို့ရဲ့ ကံကြမ္မာက တကယ်ကို ကြောက်စရာ ကောင်းနေမှာ၊ ကျန်တဲ့သူတွေလည်း အသတ်ခံရမှာပဲ" လူတိုင်း ထွက်သွားပြီးနောက် လင်ယွီရှီးက ကျန်နေခဲ့ကာ သူမ၏ တောက်ပသော မျက်လုံးများဖြင့် ကြည့်ရင်း ပြောလိုက်၏။ ထိုအချိန်တွင် သူမသည် ချင်လဲ့ကို တည့်တည့်မကြည့်ရဲဘဲ လင်းယင်းရှိရာဘက်ကိုသာ ကြည့်နေမိသည်။ "အဲဒီကောင်မလေးက နင့်ကို တော်တော် စိတ်ဝင်စားနေတာ။ သူ နင့်ကို တစ်ချိန်လုံး လာနှောင့်ယှက်နေဦးမယ် ထင်တာ၊ အခုတော့ သူမလည်း တော်တော် ပင်ပန်းနေပုံရတယ်"

​"သူက စကား တော်တော်များတာပဲ" ချင်လဲ့က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ "သူ့ရဲ့ မေးခွန်းတွေကို ငါ တကယ် ကြောက်နေတာ။ သူ အနားကို မလာတော့တာ ငါ့အတွက်တော့ စိတ်အေးစရာပဲ"

​ချင်လဲ့၏ မျက်နှာပေါ်မှ ကြောက်ရွံ့နေသည့် အမူအရာကို မြင်လိုက်ရသည့်အခါ လင်ယွီရှီးမှာ မရယ်ဘဲ မနေနိုင်တော့ချေ။ ခဏမျှ စဉ်းစားပြီးနောက် သူမက တိုးညင်းစွာ မေးလိုက်၏။ "ငါ နင့်ရဲ့ မျက်လုံးတွေကို ခဏခဏ သတိထားကြည့်မိတယ်၊ တစ်ခါတစ်ရံမှာ တကယ်ကို ဘာမှမရှိသလို ဖြစ်နေတာ။ ဒီငါးနှစ်လုံးလုံး နင်က လူအ,ယောင်ဆောင်နေခဲ့တာ မဟုတ်ဘူး မဟုတ်လား"

​"အင်း... အများအားဖြင့်တော့ ငါက အဲဒီလို လူအပုံစံ ဖြစ်နေတာပါ။ အဲဒါက ကျင့်ကြံခြင်း နည်းလမ်းတစ်ခုပါပဲ။ မကြာခင်ကမှ ငါ တကယ် ပြန်နိုးထလာခဲ့တာ..." အခြေအနေအရ သူမကို ထပ်ပြီး ဖုံးကွယ်ထားစရာ မလိုတော့သဖြင့် ချင်လဲ့က ရိုးရှင်းစွာပင် ရှင်းပြလိုက်၏။

​"ပြီးခဲ့တဲ့... ပြီးခဲ့တဲ့တစ်ခေါက် ငါ နင့်ကို ရေချိုးပေးတုန်းက... နင်... နင် ဘယ်လို အခြေအနေမျိုးမှာ ရှိနေတာလဲ" လင်ယွီရှီးက ရှက်ရွံ့စွာဖြင့် တိုးတိုးလေး မေးလိုက်၏။ သူမ၏ မျက်နှာလေးမှာ ရဲတက်လာပြီး ခေါင်းငုံ့သွားတော့သည်။

​"နင် ငါ့ကို ရေချိုးပေးတယ် ဟုတ်လား။ အဲဒါ ဘယ်တုန်းကလဲ။ ငါ သိပ်မမှတ်မိတော့ဘူး၊ ငါ ကျင့်ကြံနေတဲ့ အချိန် ဖြစ်လိမ့်မယ်" ချင်လဲ့၏ နှလုံးခုန်သံမှာ မြန်လာပြီး တစ်ခုမျှ မသိသလို ဟန်ဆောင်လိုက်၏။

​ထိုစကားကို ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှားနေသော လင်ယွီရှီးသည် သူ၏ စကားမှာ မမှန်ကြောင်း ခံစားမိလိုက်၏။ သို့သော်လည်း အဘယ်ကြောင့် ထိုသို့ ခံစားရမှန်း သူမ မသိချေ။ သူမသည် အလွန်ပင် ရှက်သွားသဖြင့် မျက်နှာတစ်ခုလုံး နီရဲသွားသည်။ "ဒါ... ဒါဆိုရင် ငါ အရင်သွားပြီး အနားယူတော့မယ်..." သူမ အထစ်ထစ်အငေါ့ငေါ့ ပြောကာ အမြန် ပြေးထွက်သွားတော့၏။

​ချင်လဲ့သည် သူ၏ မျက်နှာကို ပွတ်သပ်လိုက်ရင်း သူ၏ မျက်နှာအရေပြားမှာ တော်တော် ထူသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။ ရှက်သွေးဖြာနေသော လင်ယွီရှီးကို ကြည့်ရင်း သူ စိတ်ထဲမှ တိတ်တဆိတ် ရယ်မောမိ၏။ 'နင်က ငါ့ထက် နှစ်နှစ်တောင် ကြီးတာ၊ ဒါပေမဲ့ နင့်ရဲ့ ရှက်တတ်တဲ့အကျင့်က ငါ့ထက်တောင် ပိုသေးတယ်။ ဒီမိန်းကလေးကတော့... တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ'

​"ဒီလူယုတ်မာလေး၊ သူ ပြောတာက အမှန်ပဲလား။ တကယ်လို့ အမှန်ဆိုရင် အဲဒီတုန်းက... သူ တစ်ခုခု ခံစားနေရပြီလား" အခြားတစ်ဖက်တွင်မူ လင်ယွီရှီး၏ စိတ်ထဲတွင် ရုန်းကန်နေရပြီး ချင်လဲ့ကို ကျောပေးထားသော်လည်း စိတ်မှာ တည်ငြိမ်မသွားနိုင် ဖြစ်နေ၏။

​"ဂျွတ်... ဂျွတ်"

​တစ်နာရီခန့် အကြာတွင် လင်မိသားစုဝင်များ အနားယူနေစဉ် ချုံပုတ်များ ကျိုးပဲ့သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

​လင်ယွီရှီး၊ လင်ရင်းနှင့် အခြားသူများ၏ မျက်နှာများမှာ ချက်ချင်း ပျက်သွား၏။ သူတို့သည် အားလုံးကို သတိထားပြီး ပုန်းနေရန် အမြန် အော်ပြောလိုက်ကြ၏။ လူတိုင်းကလည်း တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြ၏။

​မည်သူမျှ ရုတ်တရက် မလှုပ်ရှားရဲကြပေ။ ပြေးရန်လည်း မဝံ့ကြချေ၊ အကြောင်းမှာ ချုံပုတ်များကြား ပြေးလွှားလိုက်ပါက သူတို့၏ တည်နေရာ ပေါ်သွားမည် ဖြစ်သောကြောင့် ဖြစ်၏။

​သူတို့သည် ချုံပုတ်များကြားတွင် ခေါင်းငုံ့ပုန်းနေကြပြီး အသက်ပင် မရှူရဲကြပေ။ ထိုလူများ သူတို့ဆီသို့ ရောက်မလာပါစေနှင့်ဟု ဆုတောင်းနေကြ၏။

​သို့သော် ကြောက်သည့်အရာက ပိုဖြစ်တတ်သည် မဟုတ်လော။ ချုံပုတ်များ ကျိုးပဲ့သံမှာ သူတို့ဆီသို့ တဖြည်းဖြည်း နီးကပ်လာနေ၏။

​လင်ဖုန်း၏ မျက်နှာမှာ တည်ငြိမ်သွားပြီး ရန်သူကို မရိပ်မိခင်မှာတင် ကြိုတင် တိုက်ခိုက်ရန် အားလုံးကို အချက်ပြလိုက်သည်။

​ချင်လဲ့သည်လည်း သူ၏ အစိမ်းရောင်တောင်ပံပုဆိန်ကို မြဲမြဲကိုင်ကာ အသံလာရာဘက်သို့ စိုက်ကြည့်ရင်း ကံဆိုးမှုအား ကျိန်ဆဲနေမိ၏။

​ရုတ်တရက် သွေးရဲသံရဲ ဖြစ်နေသော လူတစ်ဦး သူတို့ ရှေ့တွင် ပေါ်လာ၏။

​"လျိုရန်"

​လင်မိသားစုဝင်များမှာ ကြောင်အသွားကြသည်။ လျိုရန်၏ အနောက်တွင် ကောင်းယွီနှင့် အခြား ကောင်းမိသားစုဝင် နှစ်ဦးကိုလည်း တွေ့လိုက်ရသဖြင့် သူတို့လည်း သွေးရဲသံရဲ ဖြစ်နေကြခြင်း ဖြစ်၏။

​ဤလူများမှာ လျိုရန်နှင့် ကောင်းမိသားစုဝင်များ ဖြစ်ကြောင်း သိလိုက်ရသည့်အခါ လင်ယွီရှီးနှင့် လင်ဖုန်းတို့မှာ အမြန်ထွက်လာပြီး နှုတ်ဆက်လိုက်ကြသည်။ သူတို့မှာ အလွန်ပင် အံ့အားသင့်သွားကြခြင်း ဖြစ်သည်။

​သို့သော်လည်း ချင်လဲ့၏ အမူအရာမှာ ပြောင်းလဲသွားပြီး စိတ်ထဲမှ ကျိန်ဆဲမိတော့သည်။ အကယ်၍ လျိုရန်တို့ ပေါ်လာပြီဆိုလျှင် ရေခဲပြင်နန်းတော်က လူများလည်း ဤအနားတွင် ရှိနေမှာ သေချာလှ၏။ လျိုရန်တို့နှင့် တွေ့ဆုံခြင်းမှာ သူတို့အတွက် လုံးဝ အကျိုးမရှိဘဲ ပို၍ပင် အန္တရာယ် များစေခြင်း ဖြစ်သည်။

​အခြားတစ်ဖက်တွင်မူ လျိုရန်နှင့် ကောင်းယွီတို့သည် လင်မိသားစုဝင်များကို မြင်လိုက်ရသည့်အခါ မျှော်လင့်ချက်များ ပေါ်လာပြီး မျက်လုံးများ ဝင်းလက်သွားကြသည်။

​"မင်းတို့ ဘာလို့ ဒီမှာ ရှိနေတာလဲ" လျိုရန်က တိုးတိုးလေး မေးလိုက်၏။ သူသည် လင်မိသားစုဝင်များကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ချင်လဲ့၏ ခန္ဓာကိုယ်ပေါ်တွင် အကြည့်ရပ်သွား၏။ သူက ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်သည်။ "ချင်လဲ့၊ တော်တယ်... တကယ့်ကို တော်တယ်"

​ကောင်းယွီ၏ အမူအရာမှာလည်း အလွန်ပင် တင်းမာနေ၏။ သူသည် ချင်လဲ့ကို အေးစက်စွာ ကြည့်ကာ မေးလိုက်သည်။ "ငါတို့ အားလုံး သေမသွားလို့ မင်း စိတ်ပျက်နေတာလား"

​ချင်လဲ့မှာ ခါးသီးစွာ ရယ်မောရုံမှတစ်ပါး အခြားမရှိတော့ပေ။ လျိုရန်နှင့် ကောင်းယွီတို့၏ အမြင်အရ လင်မိသားစုအား ထွက်ပြေးအောင် ကူညီပေးခဲ့သူမှာ သူဖြစ်ကြောင်းနှင့် သူ၏ ရည်ရွယ်ချက်များကိုပါ သူတို့ သိနေပြီဖြစ်ကြောင်း သူ နားလည်လိုက်တော့သည်။

All Chapters