အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အခန်း ၂၀၇: နှစ်သစ်ကူးအတွက် အိမ်ပြန်ခြင်း
တံခါးခြောက်ချပ်အဖွဲ့အတွင်းရှိ သူ၏ ရာထူးကြောင့် ချန်ရှိုယွမ်သည် ကူမော့နှင့် ကူချူတုန်းတို့ကို မြောက်ပိုင်းနယ်စပ်အထိသာ လမ်းပြပေးနိုင်ပြီး မောင်နှမနှစ်ဦးကို လင်ကျန်းခရိုင်သို့ သူတို့ဘာသာ ပြန်ရန် ချန်ရစ်ထားခဲ့ရသည်။ သေချာသည်မှာ သက်ရှိမြေပုံတစ်ခုအဖြစ် သူ၏ စွမ်းရည်မှာ မြောက်ပိုင်းနယ်စပ်တွင်သာ ကန့်သတ်ထားခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူသည် ထိုနေရာတွင် ဆယ်စုနှစ်ချီ နေထိုင်ခဲ့သောကြောင့် ဖြစ်သည်။ ယွင်ကျိုးသို့ ရောက်သည်နှင့် သူသည် ဧရိယာကို ကူမော့နှင့် ကူချူတုန်းတို့လောက် ရင်းနှီးကျွမ်းကျင်မှု မရှိတော့ချေ။
သို့သော် ကူမော့နှင့် ကူချူတုန်းတို့သည် ယွင်ကျိုးမှ ဖြစ်သော်လည်း သူတို့သည် လင်ကျန်းခရိုင်တွင် အဓိက နေထိုင်ကြပြီး အခြား ခရိုင်များနှင့် မရင်းနှီးကြပေ။ ထို့ကြောင့် သူတို့သည် လင်ကျန်းခရိုင်သို့ ပြန်ပို့ပေးရန် ကိုယ်ရံတော်အဖွဲ့တစ်ခုကို ငှားရမ်းခဲ့ကြသည်။
ခရီးစဉ်မှာ ရှည်လျားပြီး ကြမ်းတမ်းလှသဖြင့် မောင်နှမနှစ်ဦးသည် ဆယ့်နှစ်လပိုင်း အလယ်လောက်မှသာ လင်ကျန်းမြို့သို့ ပြန်ရောက်ခဲ့ကြ၏။
အကျွမ်းတဝင်ရှိသော နယ်မြေသို့ ပြန်လည်ရောက်ရှိလာသဖြင့် ကူချူတုန်းမှာ အလွန် ကြည်နူးသွားခဲ့သည်။ ဤခရီးစဉ်သည် ချွီဟန်က သူမနှင့် ကူမော့တို့ကို လင်ကျန်းခရိုင်သို့ ခေါ်ဆောင်လာခဲ့သည့် ငါးနှစ် ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး အချိန်ကိုးလနီးပါး ကွဲကွာနေခဲ့ရခြင်း ဖြစ်ပေသည်။
လင်ကျန်းမြို့သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကူချူတုန်းမှာ စိတ်အလွန်ကြည်နူးနေပြီး လမ်းလျှောက်ရင်း ခုန်ပေါက်နေခဲ့၏။ လမ်းပေါ်တွင် သူမမြင်သမျှ အရာအားလုံးက အကျွမ်းတဝင်ရှိပြီး လှိုက်လှဲစွာ ကြိုဆိုနေသကဲ့သို့ ခံစားရသည်။ ငန်းအိုလမ်းကြားသို့ သူမ ပြန်ရောက်သောအခါ သူမသည် ပစ္စည်းအများအပြားကို ဝယ်ယူခဲ့ပြီး မြင်းနှစ်ကောင်လုံး အပြည့် တင်ဆောင်လာခဲ့ပေသည်။
"နောက်ဆုံးတော့ အိမ်ရောက်ပြီ..."
ကူချူတုန်းက တံခါးကို တွန်းဖွင့်လိုက်ပြီး ခြံဝင်းအတွင်းရှိ ရေကန်ဆီသို့ အလျင်အမြန် ပြေးသွားကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်...
"အစ်ကို... အဲဒီငါးနှစ်ကောင်က တကယ် ကြီးလာပြီပဲ... အင်း လိပ်က ဘာလို့ ဒီလောက် သေးနေသေးတာလဲ..."
ကူမော့က ရယ်မောလိုက်သည်...
"ရှေးစကားရှိသလိုပေါ့ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ လိပ်တစ်ကောင်က ကြီးထွားဖို့ အနှစ်တစ်သောင်း ကြာတယ် တဲ့... လိပ်လေး ကြီးလာတာကို လိုချင်ရင်တော့ စိတ်ရှည်ရှည်နဲ့ စောင့်ရမှာပဲ..."
"အော် အဲဒီလိုလား..."
ကူချူတုန်းက ရေရွတ်လိုက်၏။ လိပ်လေး ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ သူမ သိပ်ဂရုမစိုက်ပါ လိပ်လေး ရှိနေသရွေ့ပေါ့။ ထို့နောက် သူမသည် အမိုးပါသော လူသွားလမ်းတစ်လျှောက် ပြေးသွားကာ အိမ်မကြီးဆီသို့ သွားပြီး သူမ၏ စာအုပ်စင်မှ သော့တစ်ချောင်းကိုယူကာ တံခါးကို ဖွင့်လိုက်သည်။
ကူမော့က နောက်မှ လိုက်သွားပြီး အိမ်ထဲတွင် မှိုတက်နေသော သို့မဟုတ် ဖုန်ထူနေသော အရိပ်အယောင်မျှ မရှိသဖြင့် အနည်းငယ် အံ့သြသွားခဲ့၏။ ဤသည်မှာ အလွန် ပုံမှန်မဟုတ်ချေ။
လင်ကျန်းခရိုင်တွင် မိုးအတော်အတန် ရွာသွန်းပြီး အိမ်မှာလည်း လူမနေသည်မှာ ကြာပြီဖြစ်သဖြင့် အနံ့အသက်ဆိုးများ ထွက်နေသင့်ပေသည်။ ခြံဝင်းအတွင်းရှိ ရေကန်ပင်လျှင် ယုတ္တိမတန်ချေ။ ကိုးလကြာ ပစ်ထားပြီးနောက် ၎င်းသည် ပုပ်သိုးနေသော သစ်ရွက်များနှင့် ပြည့်နေပြီး အနံ့အသက်ဆိုးများ ထွက်နေသင့်ပေသည်။
"ရှောင်ရှောင်က သိပ်သဘောကောင်းတာပဲ..."
ကူချူတုန်းက ဆိုလိုက်သည်...
"အစ်ကို... အိမ်နဲ့ ခြံဝင်းက ဖုန်တစ်စက်မှ မရှိဘူး အနံ့လည်း မနံဘူး... ရှောင်ရှောင်က ပုံမှန် လာရှင်းပေးနေတာ ဖြစ်ရမယ်... ငါတို့ မထွက်လာခင်တုန်းက အချိန်ရရင် အိမ်ကို ကြည့်ပေးဖို့ ရှောင်ရှောင်ကို သော့တစ်ချောင်း ပေးခဲ့တာ... ဟီးဟီး သူက ကြည့်ရုံတင်မကဘူး အများကြီး လုပ်ပေးထားတာပဲ... အခု ငါတို့ ပြန်ရောက်တော့ ချက်ချင်း သုံးလို့ရပြီ..."
ကူမော့က စိတ်သက်သာရာရသွားပြီး ခေါင်းအနည်းငယ်ညိတ်ကာ ဆိုလိုက်သည်...
"ရှောင်ရှောင်အတွက် တကယ်ကို အလုပ်ရှုပ်သွားတာပဲ..."
"အစ်ကို... နောက်မှ ဦးလေးချွီရဲ့ အိမ်ကို သွားကြည့်ရအောင်..."
"ကောင်းပါပြီ..."
ကူချူတုန်းက ချက်ချင်း အလုပ်စလုပ်တော့၏။
အိမ်မှာ ချွီရှောင်ကြောင့် သန့်ရှင်းနေသော်လည်း အချိန်အကြာကြီး ခွဲခွာနေခဲ့ပြီးနောက် အိမ်မပြောင်းမီ ရှင်းလင်းစရာများစွာ ရှိနေသေးပေသည်။
မြင်းကို ချည်နှောင်ပြီးနောက် ကူချူတုန်းသည် အိုးခွက်ပန်းကန်များကို ဦးစွာ ဆေးကြောပြီးနောက် ထင်း၊ ဆန်၊ ဆီ၊ ဆားနှင့် မြက်ခြောက်များကို ဝယ်ရန် ဈေးသို့ သွားခဲ့သည်။
သူတို့ ဟင်းချက်ပြီးချိန်တွင် အတော်လေး မှောင်နေပြီ ဖြစ်၏။
မောင်နှမနှစ်ဦးသည် အစားအသောက်များကို အလျင်အမြန် စားသောက်ပြီးနောက် လက်ဆောင်အချို့ ဝယ်ရန် ထွက်သွားကြပြီး ချွီဟန်၏ အိမ်ဆီသို့ တိုက်ရိုက် သွားခဲ့ကြသည်။
...
ချွီမိသားစု၏ တံခါးဝသို့ ရောက်သောအခါ ကူချူတုန်းက စိတ်အားထက်သန်စွာ တံခါးကိုခေါက်ပြီး အော်ဟစ်လိုက်သည်...
"ရှောင်ရှောင် ရှောင်ရှောင် တံခါးမြန်မြန်ဖွင့်... ငါ ချူတုန်းလေ ပြန်ရောက်ပြီ..."
မကြာမီ ခြံဝင်းအတွင်းမှ ခြေသံများ ထွက်ပေါ်လာပြီး တံခါးလာဖွင့်သူမှာ ချွီလီရှီ ဖြစ်ပေသည်။ သူမသည် ကူမော့နှင့် ကူချူတုန်းတို့ကို မြင်သောအခါ အလွန် ဝမ်းသာသွားပြီး အိမ်ထဲသို့ အလျင်အမြန် ဆွဲသွင်းသွားခဲ့၏။ ကူမော့ သယ်ဆောင်လာသော လက်ဆောင်များကို မြင်သောအခါ ကူမော့သည် အလွန် ယဉ်ကျေးလွန်းသည်ဟု ဆက်တိုက် ညည်းတွားတော့သည်။
သာမန်လူတစ်ယောက်က ဤသို့ပြောလျှင် ကူမော့က ယဉ်ကျေးမှုအရဟုသာ ထင်ပေမည်။ သို့သော် ချွီဟန်နှင့် ချွီလီရှီတို့မှာမူ လက်ဆောင်များများလွန်းနေသဖြင့် အမှန်တကယ် စိတ်အနှောင့်အယှက် ဖြစ်သွားခြင်း ဖြစ်၏။
ချွီလီရှီ၏ ညည်းတွားသံများကို ကြားသောအခါ ကူမော့က ပြုံးရုံသာ ပြုံးနေပြီး တိတ်ဆိတ်နေခဲ့သည်။
ကူချူတုန်းက ပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်သည်။...
"အဒေါ်... ဦးလေးချွီနဲ့ ရှောင်ရှောင်ရော ဘယ်မှာလဲ... အိမ်မှာ မရှိဘူးလား..."
ချွီလီရှီက ပြန်ဖြေလိုက်သည်...
"ကိုယ်ရံတော်အဖွဲ့က ဒီနေ့ နှစ်ကုန် အနှစ်ချုပ် လုပ်နေတာလေ... နင့်ဦးလေးနဲ့ ရှောင်ရှောင် သွားကြတယ် ဒါပေမဲ့ မကြာခင် ပြန်ရောက်တော့မှာပါ..."
ကူမော့သည် အရင်က ကိုယ်ရံတော်အဖွဲ့တွင် အလုပ်လုပ်ခဲ့ဖူး၏။ နှစ်ကုန် အနှစ်ချုပ်ဆိုသည်မှာ ပိုင်ရှင်က အလုပ်သမားများကို နှစ်သစ်ကူး အပိုဆုကြေး ပေးပြီးနောက် အားလုံး အတူတကွ ညစာစားကြကာ အိမ်ပြန်ကြသည့် နှစ်ပတ်လည် သုံးသပ်ချက်သာ ဖြစ်သည်။ သူတို့သည် မီးပုံးပွဲတော် အပြီးမှသာ အလုပ်သို့ ပြန်လည်ဝင်ရောက်ကြမည် ဖြစ်၏။ သေချာသည်မှာ အထူးအခြေအနေများ ရှိပါက သီးခြားစီ အကြောင်းကြားမည် ဖြစ်ပေသည်။
"ရှောင်ရှောင် ဘယ်သွားတာလဲ..."
ကူချူတုန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
ချွီလီရှီက သူတို့နှစ်ဦးကို အိမ်ထဲသို့ ဆွဲခေါ်သွားပြီးနောက် သစ်သီးအချို့ကို အလျင်အမြန် ယူလာပေးခဲ့သည်။ ကူချူတုန်း၏ အမေးကို ကြားသောအခါ သူမက ရယ်မောကာ ဆိုလိုက်သည်...
"ရှောင်ရှောင်က အခု ကိုယ်ရံတော်အဖွဲ့မှာ စာရင်းကိုင် လုပ်နေတယ်လေ..."
"ဝါး... ရှောင်ရှောင် နောက်ဆုံးတော့ သူ့ဆန္ဒ ပြည့်ဝသွားပြီပေါ့... အရင်က ငါတို့ သိုင်းကျင့်တုန်းက ရှောင်ရှောင်က သိပ်လုပ်ချင်တာ မဟုတ်ဘူး... သူက ဂဏန်းသင်္ချာ သင်ရတာကို သဘောကျပြီး သူ့အိပ်မက်က နေ့တိုင်း ပိုက်ဆံရေရတဲ့ စာရင်းကိုင်တစ်ယောက် ဖြစ်ချင်တာလို့ ပြောခဲ့တယ်လေ... အခု တကယ့် စာရင်းကိုင် ဖြစ်နေပြီဆိုတော့ သူ အရမ်း ပျော်နေမှာပဲ ဟုတ်တယ်မလား...”
"ပျော်ရမှာလား... အဲဒီကောင်မလေးက အမျိုးသမီး မန်နေဂျာလုပ်ရတာ လွယ်မယ်လို့ ထင်ခဲ့တာ... အခု တကယ် လုပ်နေရတော့ အသစ်အဆန်းဖြစ်နေတဲ့ ပထမရက်အနည်းငယ်ကလွဲရင် သူက နေ့တိုင်း ပိုက်ဆံတွေပဲ ရေနေရတာလေ... သူက ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ အမြဲတမ်း မျက်မှောင်ကြီး ကြုတ်နေတာပဲ..."
"အာ... ဘယ်လိုဖြစ်ရတာလဲ... ဒါက သူ အမြဲ လိုချင်ခဲ့တာ မဟုတ်ဘူးလား..."
ကူချူတုန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
ကူမော့က ရယ်မောလိုက်သည်...
"ဒီလောကက အရာတွေက လူတစ်ယောက်ကို သဘောကျရုံနဲ့ စိတ်ကျေနပ်တဲ့ အရာမျိုး ဘယ်တော့မှ မဟုတ်ဘူး... ပြီးတော့ သဘောကျမှု အများစုက ကိုယ့်ဆန္ဒကိုယ့်အတွေးသက်သက်နဲ့ အဝေးကနေ မြင်ပြီး လှည့်စားထားတဲ့ စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်တယ်... တကယ်တမ်း ပိုင်ဆိုင်လာတဲ့အခါ လက်တွေ့က ကိုယ်ထင်ထားတာနဲ့ လုံးဝ ကွာခြားနေတယ်ဆိုတာကို တွေ့ရလိမ့်မယ်..."
"အဲဒီလိုလား... ဒါက အမှန်ပဲ... သိုင်းလောကလိုပေါ့... လူတော်တော်များများက ဆွဲဆောင်မှုရှိတဲ့ စွန့်စားခန်းတွေ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေနဲ့ နာမည်ကောင်းရဖို့လို့ ထင်ကြတယ်လေ... ဒါပေမဲ့ လက်တွေ့မှာတော့ လူအများစုက နာမည်ကျော်ကြားဖို့ တခြားသူတွေအတွက် နင်းစရာ ခုံတွေဖြစ်နေတဲ့ ရက်စက်ပြီး သွေးထွက်သံယို များတဲ့ လောကကြီးပဲ..."
ကူမော့က ထပ်ပြီး ရယ်မောလိုက်သည်...
" သိုင်းလောကက ဆွဲဆောင်မှုတွေနဲ့ ပြည့်နေပေမဲ့ တကယ်တမ်း ကိုယ်ရောက်နေတဲ့ လောကကြီးကတော့ ရှုပ်ထွေးနေတာပဲ..."
ကူချူတုန်းက ရေရွတ်လိုက်သည်...
"ဒါဆို ရှောင်ရှောင် အခု တော်တော်လေး ဒုက္ခရောက်နေတာပေါ့..."
အဒေါ်ချွီက ပြုံးကာ ဆိုလိုက်သည်...
"ထန်ပုရီက သူ့ကို ကူညီပေးပြီး သူ့ဦးလေးချွီရဲ့ ကုန်ပို့တာဝန်တွေမှာ စာရင်းကိုင် အနေနဲ့ လိုက်ပါခွင့်ပြုထားလို့ သိပ်ပြီး ဒုက္ခမရောက်ပါဘူး... ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ နင့်ဦးလေးချွီရဲ့ ကြီးကြပ်မှုအောက်မှာ သူ ပိုပြီး အသိဉာဏ်ရှိလာပြီး သိုင်းပညာကိုလည်း ကြိုးကြိုးစားစား လေ့ကျင့်နေတယ်... နင့်ဦးလေးချွီ ပြောတာတော့ သူ့ရဲ့ စွမ်းရည်တွေ အများကြီး တိုးတက်လာတယ်တဲ့..."
သူတို့ စကားပြောနေစဉ်မှာပင်၊
ခြံဝင်းတံခါး ပွင့်လာပြီး ချွီဟန်နှင့် သူ၏သမီး ချွီရှောင်တို့ ဝင်လာကြ၏။
ကူချူတုန်းနှင့် ကူမော့တို့ကို အိမ်ထဲတွင် မြင်သောအခါ ချွီရှောင် အံ့သြသွားပြီး ဝမ်းသာသော မျက်နှာဖြင့် အိမ်ထဲသို့ ပြေးဝင်လာကာ ကူချူတုန်းကို ဖက်လျက် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။...
"ချူတုန်း... နင် ဘယ်တုန်းက ပြန်ရောက်တာလဲ..."
"ဒီနေ့ ညနေကတင်ပဲ..."
ကောင်မလေးနှစ်ယောက် အဆက်မပြတ် စကားတွေ ပြောနေကြတော့၏။
ထိုအချိန်တွင် ချွီဟန်လည်း ဝင်လာခဲ့သည်။
ကူမော့က မတ်တတ်ရပ်ကာ လက်ယှက်ပြီး နှုတ်ဆက်လိုက်သည်...
"ဦးလေးချွီ..."
ချွီဟန်က ရှေ့သို့တိုးလာပြီး ကူမော့၏ ပခုံးကို ပုတ်ကာ ဆိုလိုက်သည်...
"ကောင်လေး... မင်းရဲ့ ခရီးစဉ်မှာ တော်တော်လေး ဂယက်ရိုက်သွားတာပဲ... ကန်နိုင်ငံရဲ့ မဟာသိုင်းဆရာကြီး ဆယ်ပါးတဲ့… တောက်... ငါ့တစ်သက်လုံး မဟာသိုင်းဆရာကြီး တစ်ယောက်ကိုတောင် မမြင်ဖူးပါဘူး တစ်နေ့ကျရင် ငါ့ရဲ့ ဂျူနီယာတစ်ယောက်က ဒီလောက် ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ရဲခဲ့ဘူး..."
ကူမော့က အနည်းငယ် ပြုံးကာ ဆိုလိုက်သည်...
"ကံကောင်းသွားလို့ပါ..."
"ဘာကံကောင်းတာလဲ... ငါ့အခန်းထဲမှာ သိမ်းထားတဲ့ ဝိုင်ပုလင်း သွားယူချေ အာမော့နဲ့ တစ်ခွက်လောက် သောက်ချင်လို့..."
ချွီလီရှီက ဝိုင်သွားယူရန် အခန်းထဲသို့ ချက်ချင်း ဝင်သွားခဲ့၏။
ချွီဟန်က ကူမော့ကို ကြည့်ကာ ဆိုလိုက်သည်...
"မင်းရဲ့ မျက်လုံးတွေကို ကုသဖို့ ချင်းကျိုးမှာ ဆေးနတ်ဘုရား ချီမြောင်ရွှမ်ကို ရှာတွေ့ခဲ့တယ်လို့ သိုင်းလောကကနေ ကြားတယ်... ဘယ်လိုနေလဲ..."
ချွီရှောင်ကလည်း ခေါင်းလှည့်ကာ မေးလိုက်သည်။...
"ဟုတ်တယ် အစ်ကိုမော့... အစ်ကို့မျက်လုံးတွေ ဘယ်လိုနေလဲ..."
ကူမော့က ခေါင်းအနည်းငယ် ညိတ်ကာ ဆိုလိုက်သည်...
"ကုသပေးဖို့ ချီမြောင်ရွှမ်ကို ရှာတွေ့ခဲ့ပါတယ် ဒါပေမဲ့ ပြန်ကောင်းဖို့ အချိန်လိုသေးတယ်... အချိန်အတော်ကြာအောင် ဆေးထည့်ရဦးမယ်... ဒါကြောင့် မျက်စိစည်းထားတာ အလင်းရောင် အပြင်းစားတွေနဲ့ မထိတွေ့အောင်လို့လေ..."
"သက်သာလာတာ ကောင်းပါတယ် သက်သာလာတာ ကောင်းပါတယ်..."
ချွီဟန်က သက်ပြင်းတစ်ချက်ချလိုက်၏။
ချွီရှောင်က မေးလိုက်သည်။...
"အစ်ကိုမော့... ချီမြောင်ရွှမ်က ဒဏ္ဍာရီတွေထဲကလို လောကီနဲ့ မသက်ဆိုင်ဘဲ ထူးခြားနေတာလား..."
"ငါ ပြောပြမယ်... ငါက စီနီယာချီမြောင်ရွှမ်နဲ့ အရမ်း ရင်းနှီးတာ... သူက ငါ့ကို နှစ်တစ်ထောင်သက်တမ်းရှိ ဂျင်ဆင်းမြစ် နှစ်ခုတောင် ပေးလိုက်သေးတယ်..."
ချက်ချင်းပင် ချွီရှောင်က ကူချူတုန်းကို အခန်းထဲသို့ ခေါ်သွားခဲ့၏။ ထိုအချိန်တွင် ကူမော့နှင့် ချွီဟန်တို့က ဧည့်ခန်းထဲတွင် သောက်နေကြပြီး ချွီလီရှီက ဟင်းချက်ရန် မီးဖိုချောင်သို့ သွားခဲ့သည်။
ချွီဟန်က ဆိုလိုက်သည်...
"လွန်ခဲ့တဲ့ လအနည်းငယ်က ချန်းလန်ဓားဂိုဏ်းက လူတစ်ယောက်က မင်းဆီကို ငွေစက္ကူအိတ်ကြီး တစ်အိတ် ပို့ပေးခဲ့တယ်... အနည်းဆုံး ငွေတစ်သောင်းလောက် ရှိမယ်... အတိအကျကို ငါ မရေရဲဘူး အရမ်းများနေတော့ ပျောက်သွားမှာ စိုးလို့လေ... ဒါက ဘာအတွက်လဲဆိုတာ သူတို့ မပြောသွားဘူး... အဆင်ပြေရဲ့လား..."
ကူမော့က ဝိုင်တစ်ငုံ သောက်လိုက်ပြီး ဆိုလိုက်သည်...
"ချင်းကျိုးမှာ အဓိက အလိုရှိနေတဲ့ ရာဇဝတ်ကောင် တစ်ယောက်ကို ကျွန်တော် သတ်လိုက်တယ်... ယွင်ကျိုး မြေအောက်လောကရဲ့ အရင် ခေါင်းဆောင်ဟောင်းလေ... ကျွန်တော့်ရဲ့ ဆုကြေးငွေတွေကို ယူပေးဖို့ ချန်းလန်ဓားဂိုဏ်းကို အကူအညီ တောင်းလိုက်တာပါ...
"အဲဒီလိုလား... ဒါဆိုရင် ငါ စိတ်အေးသွားပြီ... နောက်ထပ် အစီအစဉ်က ဘာလဲ... ကိုယ်ပိုင် ဂိုဏ်းထောင်တော့မှာလား..."
ကူမော့က ခေါင်းအနည်းငယ် ခါကာ ဆိုလိုက်သည်...
"ကြေးစားပဲ ဆက်လုပ်မှာပါ..."
"မင်းက ဓားဖမ်းသမားပဲ ပြန်လုပ်ချင်တာလား... ပိုက်ဆံ လုံလုံလောက်လောက် မရသေးလို့လား..."
"ဒါက ကိုယ်ပိုင် ဝါသနာသက်သက်ပါ..."
"ဒါဆိုလည်း ကောင်းပါတယ်... ဒါနဲ့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ရန်စန်းနျန်ဆီကနေ မင်းနဲ့ ချူတုန်းဆီကို ပို့တဲ့ စာအနည်းငယ် ရခဲ့တယ်... ရှောင်ရှောင်က အဲဒါတွေကို ခွဲခြားထားပြီး မကြာခင် ချူတုန်းကို ပေးလိမ့်မယ်... ငါ စာတွေကို မဖတ်ရသေးတော့ မင်းကို ပြန်မပြောပြနိုင်ဘူး..."
ကူမော့က ခေါင်းညိတ်လိုက်၏။
ချွီဟန်က ဆက်ပြောလိုက်သည်...
"ချန်းလန်ဓားဂိုဏ်းရဲ့ နာမည်ကျော် ဓားသမား ရှန်ပိုင်က နှစ်စရဲ့ ပထမလ နှစ်ဆယ့်ငါးရက်နေ့မှာ လက်ထပ်တော့မှာ သူ မင်းဆီ ဖိတ်စာ ပို့ထားတယ်... ထန်ပုရီလည်း သွားမှာဆိုတော့ မင်းတို့ အတူတူ သွားလို့ရတယ်..."
"ကောင်းပါပြီ..."
ထိုညက ကူမော့သည် ချွီဟန်နှင့် အချိန်အတော်ကြာ စကားပြောပြီးနောက် ချွီမိသားစု၏ အိမ်တွင် တည်းခိုခဲ့ကာ ကူချူတုန်းက ချွီရှောင်နှင့် အခန်းတွဲအိပ်ခဲ့သည်။
ကူမော့နှင့် ကူချူတုန်း နှစ်ဦးစလုံး အတော်လေး နှစ်ခြိုက်စွာ အိပ်ပျော်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ချွီမိသားစု၏ အိမ်တွင် မကြာခဏ အိပ်လေ့ရှိသောကြောင့် ပတ်ဝန်းကျင်နှင့် အလွန် ရင်းနှီးကျွမ်းကျင်နေပေသည်။
နောက်တစ်နေ့ နံနက်စာ စားပြီးနောက် ကူမော့နှင့် ကူချူတုန်းတို့သည် ချွီမိသားစု၏ အိမ်မှ ထွက်ခွာခဲ့ကြသည်။
ကူချူတုန်းသည် ချန်းလန်ဓားဂိုဏ်းမှ ငွေစက္ကူများနှင့် ရန်စန်းနျန် ပြန်ပို့လိုက်သော စာများ ပါဝင်သည့် အထုပ်တစ်ထုပ်ကို သယ်ဆောင်လာခဲ့၏။
"အစ်မယန်က လတိုင်းလိုလို စာရေးတယ်... မနေ့ညက အဲဒီစာတွေ အားလုံးကို ငါ ဖတ်ပြီးပြီ... အစ်မယန်က အစက တိမ်ပင်လယ်ကို ကြည့်ဖို့ ကျိုထိုက်တောင်ကို သွားခဲ့တယ် အဲဒီမှာ ရသေ့မ တစ်ပါးနဲ့ တွေ့ပြီး သူ့ဆီမှာ လအတော်ကြာ နေခဲ့တယ်... အခု သူက ဖေးထျန်းတောင်ကို ကြည့်ဖို့ လုကျိုးကို သွားနေတယ်တဲ့..."
"ဒါ ကောင်းတာပေါ့... သူ အမြဲတမ်း လိုချင်ခဲ့တဲ့ ဘဝကို ဖြတ်သန်းနေတာပဲ..."
"အစ်မယန်က ငါတို့ကို လွမ်းနေမယ်လို့ ပြောတယ်..."
ကူမော့က ရယ်မောကာ ဆိုလိုက်သည်...
"သွားကြစို့... အခု ငါ့ကို ဆေးဆိုင်တစ်ဆိုင်ဆီ ခေါ်သွားပေးဆိုင်ကြီးကြီးနော်..."
ကူချူတုန်းက သံသယဖြင့် မေးလိုက်သည်။...
"ဘာလုပ်ဖို့လဲ..."
"မင်ယွိကျင့်စဉ်ကို လေ့ကျင့်ဖို့ နင့်ကို ကူညီဖို့ ဆေးဖော်စပ်ပြီး အဆိပ်တွေ သန့်စင်ဖို့လေ..."
"ဟင်..."
ကူမော့က ပြုံးရုံသာ ပြုံးနေပြီး ထပ်မံ ရှင်းပြခြင်း မရှိချေ။
မူလက သူသည် ရေခဲပိုးကောင်ကို ရရှိပြီးနောက် ၎င်းကို သန့်စင်ရာတွင် ကူချူတုန်းအား အတင်းအကျပ် ကူညီရန် သူ၏ မင်ယွိကျင့်စဉ်နှင့် ရေခဲဝိညာဉ် အတွင်းအားကို အသုံးပြုရန် စီစဉ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူသည် ဆေးကျမ်းနှင့် အဆိပ်ကျမ်းတို့ကို ရရှိခဲ့သဖြင့် ရေခဲပိုးကောင်၏ စွမ်းအင်ကို အပြည့်အဝ သန့်စင်ရန် အနည်းဆုံး နည်းလမ်း ဆယ်မျိုးခန့် ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
မူလက ကူမော့သည် ကူချူတုန်းအား အဋ္ဌမအဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် ကူညီပေးရာတွင် ရေခဲပိုးကောင်ကို အသုံးပြုရန် သိပ်ယုံကြည်မှု မရှိခဲ့သော်လည်း သူ၏ လက်ရှိ ဆေးပညာစွမ်းရည်များနှင့် ပေါင်းစပ်လိုက်သောအခါ ယခုအခါတွင်မူ သူ လုံးဝ သေချာနေပြီ ဖြစ်သည်။
...
လင်ကျန်းမြို့သို့ ပြန်ရောက်ပြီးနောက်၊
ကူမော့သည် တိုက်ခိုက်သတ်ဖြတ်ခြင်းများနှင့် အလှမ်းဝေးသော ငြိမ်းချမ်းသည့် ဘဝတစ်ခုသို့ ဝင်ရောက်လာခဲ့၏။ သူ၏ အဓိက နေ့စဉ်အလုပ်များမှာ ရေခဲပိုးကောင်ကို သန့်စင်ရာတွင် ကူချူတုန်းအား ကူညီပေးခြင်းနှင့် မင်ယွိကျင့်စဉ်ကို ထိုးဖောက်ဝင်ရောက်ရန် သူမအား လမ်းညွှန်ပေးခြင်းတို့ ဖြစ်သည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအား ငါးမျိုးကို မည်သို့ ပေါင်းစပ်ရမည်ကို အမြဲတမ်း စဉ်းစားနေခဲ့ပေသည်။
ထန်ပုရီက နှစ်ကြိမ် လာလည်သော်လည်း ဒုတိယအကြိမ် လာလည်ပြီးနောက် ရှန်ပိုင်၏ မင်္ဂလာဆောင်ကို တက်ရောက်ရန် နှစ်သစ်ကူးအပြီးတွင် ချန်းလန်ဓားဂိုဏ်းသို့ အတူတကွ သွားကြရန် သဘောတူညီခဲ့ကြကာ ထန်ပုရီသည် နှစ်သစ်ကူးအတွက် ကျူးရှန်းခရိုင်သို့ ပြန်ရန် လင်ကျန်းခရိုင်မှ ထွက်ခွာသွားခဲ့သည်။
တံခါးခြောက်ချပ်အဖွဲ့မှ ထောက်လှမ်းရေးမှူး ချူယွမ်သည် ကူမော့၏ အိမ်သို့ သောက်စားရန်နှင့် ထမင်းစားရန် ရံဖန်ရံခါ လာလည်တတ်၏။
ယေဘုယျအားဖြင့်၊
ကူမော့၏ ဘဝမှာ အတော်လေး ရိုးရှင်းနေခဲ့သည်။
သို့သော် ကူချူတုန်းမှာမူ အမြဲတမ်း ရွှင်လန်းနေပြီး နှစ်သစ်ကူး ပစ္စည်းများ ဝယ်ရန် ချွီရှောင်နှင့်အတူ မကြာခဏ ထွက်သွားတတ်၏။ သူတို့ ဘာမှမဝယ်ဘဲ တစ်နေကုန် ဈေးဝယ်ထွက်နေလျှင်ပင် သူမ ပျော်ရွှင်နေဆဲ ဖြစ်သည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မကြာမီ နှစ်သစ်ကူး အကြိုနေ့သို့ ရောက်ရှိလာခဲ့ပေသည်။
တိုက်ဆိုင်စွာပင် ကူချူတုန်းသည် ယနေ့တွင် ရေခဲပိုးကောင်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး သူမ၏ မင်ယွိကျင့်စဉ်မှာ အဋ္ဌမအဆင့်ဖြစ်သော မီးတောက်ကျောက်စိမ်း ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့၏။
...
နှစ်သစ်ကူး နီးကပ်လာသည်နှင့်အမျှ ငန်းအိုလမ်းကြားသည် လူများနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်ကာ စည်ကားနေခဲ့သည်။ လူများ နှင်းထဲတွင် လမ်းလျှောက်နေစဉ် "ကျွတ် ကျွတ်" ဟူသော ခြေသံများနှင့်အတူ ရယ်မောသံများ ရောယှက်နေပေသည်။
လမ်းတစ်လျှောက်ရှိ ဆိုင်များကို မီးပုံးများဖြင့် အလှဆင်ထားပြီး အနီရောင် မီးပုံးများက အမြင့်တွင် ချိတ်ဆွဲထားကာ လေထဲတွင် ညင်သာစွာ လွှဲယမ်းနေပြီး နှင်းများပေါ်တွင် ရောင်ပြန်ဟပ်ကာ နွေးထွေးမှုကို ပေါင်းထည့်ပေးနေ၏။
အခန်း ၂၀၈ : အဆင့်တက်ခြင်း
ကူမိသားစု၏ ခြံဝင်းအတွင်းတွင် နေရာအနှံ့ အနီရောင် မီးပုံးများ ချိတ်ဆွဲထားပြီး ပွဲတော် အငွေ့အသက်ကို ဖန်တီးပေးနေသည်။
သို့သော် ယနေ့ ကူမိသားစု၏ ခြံဝင်းမှာ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေခဲ့၏။
ကူချူတုန်း၏ ထိုးဖောက်ဝင်ရောက်မှု ရောက်ရှိလာပြီး ကူမော့က သူမကို တစ်လျှောက်လုံး ကာကွယ်ပေးနေခဲ့သည်။ မောင်နှမနှစ်ဦးလုံး အိမ်ထဲတွင် ရှိနေသဖြင့် လေထုမှာ သဘာဝကျကျ ငြိမ်းချမ်းနေပေသည်။
သိုင်းပညာ မဟာသိုင်းဆရာကြီး တစ်ဦးဖြစ်ပြီး အံ့မခန်း ဆေးပညာစွမ်းရည်များကို ပိုင်ဆိုင်ထားသော ကူမော့သည် ရေခဲပိုးကောင်၏ စွမ်းအင်ကို အပြည့်အဝ စုပ်ယူနိုင်စေရန် ကူချူတုန်းအတွက် စုပ်ယူမှုနည်းလမ်းတစ်ခုကို အထူး ဖန်တီးပေးခဲ့၏။ ဆယ်ရက်ကျော် သန့်စင်ပြီးနောက် ရေခဲပိုးကောင်၏ အေးစက်သော အဆိပ်သည် ကူချူတုန်း၏ ခန္ဓာကိုယ်ထဲသို့ လုံးလုံးလျားလျား စိမ့်ဝင်သွားခဲ့သည်။
ဤအချိန်တွင် အရေးပါသော အမှတ်တစ်ခုသို့ ရောက်ရှိလာခဲ့ပြီး၊
ရေကြီးနေသော မြစ်တစ်စင်း ကမ်းပါးများကို ဖြိုချလိုက်သကဲ့သို့ စွမ်းအင်များက ပြင်းထန်စွာ မြင့်တက်လာခဲ့သည်။
ကူချူတုန်းက ထိုးဖောက်ဝင်ရောက်ရန် ဤအခွင့်အရေးကို ဆုပ်ကိုင်လိုက်၏။
သာမန်လူများအတွက် ဤသည်မှာ အလွန် အန္တရာယ်များသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေလိမ့်မည်။ သိုင်းပညာ ထိုးဖောက်ဝင်ရောက်မှုဖြစ်စေ စွမ်းအင် စုပ်ယူမှုဖြစ်စေ အမြဲတမ်း အန္တရာယ်များဖြင့် ပြည့်နှက်နေတတ်သည်။
သို့သော် ကူမော့ ကာကွယ်ပေးထားသဖြင့် ကူချူတုန်းသည် မည်သည့်အရာကိုမျှ စိုးရိမ်စရာ မလိုဘဲ ထိုးဖောက်ဝင်ရောက်ရန်သာ အာရုံစိုက်ထားရန် လိုအပ်ပေသည်။ လုပ်ငန်းစဉ်မှာ အချိန်အတော်ကြာ ကြာမြင့်ခဲ့ပြီး မှောင်သွားသည်အထိ ကူချူတုန်း၏ ခန္ဓာကိုယ်အတွင်းရှိ အေးစက်သော အဆိပ်စွမ်းအင်များ နောက်ဆုံးတွင် ငြိမ်ကျသွားခဲ့၏။
ထို့နောက် ချက်ချင်းပင် ကူချူတုန်းသည် မင်ယွိကျင့်စဉ်၏ အဋ္ဌမအဆင့်သို့ တစ်ဟုန်ထိုး ဖောက်ဝင်သွားခဲ့သည်။
...
နှင်းမုန်တိုင်း တဖြည်းဖြည်း ငြိမ်သက်သွားပြီး ခေါင်မိုးစွန်းများရှိ ရေခဲချောင်းများက ဖြူဖျော့သော လရောင်ကို ရောင်ပြန်ဟပ်နေပေသည်။
ကူချူတုန်းသည် သူမ၏ အခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သတိမထားမိပုံရ၏။ ခဲနေသော ရေကန်၏ ရေပြင်ကဲ့သို့ ငြိမ်သက်နေသော ခပ်ဖျော့ဖျော့ အပြာရောင် အငွေ့အသက်တစ်ခုက သူမ၏ လက်ဝါးပေါ်ရှိ တံဆိပ်မှ မြင့်တက်လာခဲ့သည်။
ရုတ်တရက် သူမသည် အဝေးမှ နှစ်သစ်ကူး အကြိုနေ့ ဗျောက်အိုးဖောက်သံများကို ကြားလိုက်ရပြီး တောင်များနှင့် မြစ်များ ခြားထားသကဲ့သို့ ထင်ရပေသည်။
သူမ တဖြည်းဖြည်း မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏ မျက်တောင်များတွင် ရေခဲစလင်းများ ကပ်နေပြီး သူမ၏ သူငယ်အိမ်များမှာ ဖန်သားကဲ့သို့ တဖြည်းဖြည်း ကြည်လင်လာခဲ့၏။ သူမ၏ အတွင်းအားများက မြစ်များ ပင်လယ်သို့ ပြန်သွားသကဲ့သို့ စီးဆင်းနေပြီး သူမ၏ ထူးဆန်းသော သွေးကြောရှစ်သွယ်တွင် စက်ဝန်းတစ်ခုကို ဖန်တီးနေသည်။
လှည့်ပတ်မှုတိုင်းတွင် ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ အေးစက်သော စွမ်းအင်များကို သူမ၏ အောက်ပိုင်း သွေးကြောဆုံထဲသို့ ဆွဲသွင်းပြီး ၎င်းကို ကြည်လင်သော အလင်းရောင်အဖြစ် ပြောင်းလဲကာ သူမ၏ ခြေလက်များနှင့် အရိုးများကို အာဟာရ ဖြည့်တင်းပေးနေပေသည်။
ထို့နောက် သူမ၏ အတွင်းအားများက ဝဲဂယက်တစ်ခုအလား ပြန့်နှံ့သွားပြီး အပြင်ဘက်ရှိ စုပုံနေသော နှင်းများက ရုတ်တရက် လေထဲတွင် လွင့်မျောသွားသော်လည်း စုစည်းနေဆဲဖြစ်ကာ ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ အရူးအမူး ပျံသန်းလာပြီး နှင်းလုံးများအဖြစ် ပြောင်းလဲသွားခဲ့၏။ ကူချူတုန်းသည် အဆုံးမရှိသော နှင်းများနှင့် ပေါင်းစပ်သွားသကဲ့သို့ ထင်ရပေသည်။
ဘေးတွင် ရပ်နေသော ကူမော့ပင်လျှင် အေးစက်မှုကို ခံစားလိုက်ရသည်။
ကူချူတုန်း၏ ဤတစ်ကြိမ် ထိုးဖောက်ဝင်ရောက်မှုသည် ပုံမှန် မင်ယွိကျင့်စဉ်၏ အဋ္ဌမအဆင့်နှင့် ကွာခြားပေသည်။ အဘယ်ကြောင့်ဆိုသော် ရေခဲပိုးကောင်သည် အလွန်အေးစက်သော သဘာဝ ရတနာတစ်ခုဖြစ်ပြီး မင်ယွိကျင့်စဉ်သည်လည်း အလွန်အေးစက်သော ကျင့်စဉ်တစ်ခု ဖြစ်သောကြောင့်တည်း။ ၎င်းတို့နှစ်ခု၏ ပေါင်းစပ်မှုက အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုကို ဖြစ်ပေါ်စေခဲ့သည်။
ယခုအချိန်တွင် စင်ကြယ်သော အတွင်းအားအရ ကူချူတုန်းသည် သိုင်းလောကရှိ ထိပ်တန်း ကျွမ်းကျင်သူ အများစုကို အများကြီး ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ အနည်းဆုံးတော့ ဖုန်းမင်ကူးတို့ဆိပ်မှာတုန်းက ကူမော့က ယွင်ကျိုးက ဂိုဏ်းကြီးခြောက်ခုက ထိပ်တန်းကျွမ်းကျင်သူ ခြောက်ယောက်နဲ့ အတွင်းအား ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တုန်းက အဲဒီခြောက်ယောက်ထဲက ဘယ်သူမှ အခု ကူချူတုန်းကို တစ်ယောက်ချင်း တိုက်ပွဲမှာ ယှဉ်နိုင်မှာ မဟုတ်ဘူး။
မင်ယွိကျင့်စဉ်၏ အဋ္ဌမအဆင့်သို့ ရောက်ရှိသူ တစ်ဦးသည် ပြီးပြည့်စုံသော ရှင်းလင်းမှုနှင့် နားလည်မှု အခြေအနေသို့ ဝင်ရောက်သွားပေသည်။ အတွင်းအားသည် ခန္ဓာကိုယ်အတွင်း စက်ဝန်းတစ်ခုကို ဖန်တီးပြီး ၎င်း၏ လှည့်ပတ်မှုအတွင်း ခန်းခြောက်သွားမည့်အစား ဆက်တိုက် တိုးလာကာ ကုန်ခန်းသွားခြင်း မရှိချေ။ ထို့အပြင် ၎င်းသည် ဝဲဂယက် စုပ်ယူမှု စွမ်းအားကို ထုတ်ပေးသည်။
အတွင်းအားကို အပြင်သို့ ထုတ်လွှတ်လိုက်သောအခါ သံလိုက်စက်ကွင်းနှင့်တူသော စုပ်ယူမှု စွမ်းအားကို ထုတ်ပေးပြီး ပြိုင်ဘက်များကို တိုက်ခိုက်မှု အကွာအဝေးအတွင်းသို့ ဆွဲသွင်းနိုင်သည် သို့မဟုတ် သူတို့၏ သိုင်းကွက်များ၏ စည်းချက်ကို နှောင့်ယှက်နိုင်သည်။ ဤဝိသေသလက္ခဏာသည် လက်တွေ့တိုက်ပွဲတွင် ပြိုင်ဘက်၏ လွတ်လပ်စွာ လှုပ်ရှားမှုကို ထိရောက်စွာ ကန့်သတ်နိုင်ပြီး အချို့သော ပြင်ပတိုက်ခိုက်မှုများကိုပင် ချေဖျက်နိုင်သည်။
ထို့အပြင် ကူချူတုန်း၏ မင်ယွိ အတွင်းအားတွင် ယခုအခါ ရေခဲပိုးကောင်၏ အေးစက်သော အဆိပ်များ ပါဝင်နေသဖြင့် ၎င်း၏ စွမ်းအားကို အဆများစွာ ပိုမိုကြီးမားစေပြီး ၎င်း၏ အေးစက်သော စွမ်းအားမှာ ခန့်မှန်းရခက်ပေသည်။
သို့သော် ကူမော့သည် မင်ယွိကျင့်စဉ်၏ အဋ္ဌမအဆင့် အပြောင်းအလဲများကို ပို၍ အာရုံစိုက်နေခဲ့၏။ အတွင်းအားသည် ပြီးပြည့်စုံသော ကြည်လင်မှုနှင့် မီးတောက်ကျောက်စိမ်း ပြန်လည်မွေးဖွားခြင်း အခြေအနေသို့ ရောက်ရှိသောအခါ ၎င်းသည် သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို သန့်စင်ပေးပြီး သန်စွမ်းစေမည် ဖြစ်သည်။
သိုင်းပညာတွင် သူမသည် အတ္တကင်းမဲ့ပြီး တွယ်တာမှုကင်းသော အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ဆိုလိုသည်မှာ သူမ၏ နားလည်နိုင်စွမ်းသည်လည်း အလွန် တိုးတက်လာမည် ဖြစ်သည်။ "အတ္တကင်းမဲ့ပြီး တွယ်တာမှုကင်းသော" အခြေအနေဆိုသည်မှာ အချိန်မရွေး အာရုံစူးစိုက်နိုင်စွမ်းနှင့် ညီမျှပေသည်။
ဤအချက်နှစ်ချက် ပေါင်းစပ်လိုက်သောအခါ၊
ကူချူတုန်း၏ သာမန်ရုပ်ရည်သွင်ပြင်သည် အလွန်အမင်း ထူးချွန်လာမည် ဖြစ်သည်။
...
ကူချူတုန်းက အချိန်ကို ချက်ချင်း စစ်ဆေးလိုက်၏။ အချိန်မှာ ဟိုင်နံရံ (ည ၉ နာရီမှ ၁၁ နာရီ) သာ ရှိသေးကြောင်း သိလိုက်ရသောအခါ သူမသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဆိုလိုက်သည်...
"ငါ အချိန်မီသေးတယ်..."
ထို့နောက် သူမသည် မီးဖိုချောင်ထဲသို့ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။
ကူချူတုန်းက နှစ်သစ်ကူး အကြိုနေ့ ညစာကို ချက်ပြုတ်ချင်နေမှန်း ကူမော့ သိထားပေသည်။ လူတွေ အတူတူရှိနေသရွေ့ နှစ်သစ်ကူး အကြိုနေ့ ညစာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကိစ္စမရှိဟု သူ ထင်မြင်သော်လည်း ကူချူတုန်း၏ ခံစားချက်ကို သူ နားလည်နိုင်ပေသည်။ ထို့ကြောင့် သူသည် ကူညီရန် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့၏။
ကူချူတုန်းသည် နှစ်သစ်ကူး အကြိုနေ့ ညစာအတွက် ပါဝင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သဖြင့် ချက်ပြုတ်ရန် အတော်လေး မြန်ဆန်ပေသည်။ ထို့အပြင် ကူမော့က မီးမွှေးရန် သူ၏ အတွင်းအားကို ရက်ရက်ရောရော အသုံးပြုခဲ့သဖြင့် ညစာမှာ နာရီဝက်အတွင်း အဆင်သင့်ဖြစ်သွားပြီး စားပွဲကြီးတစ်ခုလုံး ဟင်းလျာများဖြင့် ပြည့်နှက်နေခဲ့သည်။ နှစ်သစ်ကူး အကြိုနေ့ဖြစ်သဖြင့် ကူမော့သည် ကူချူတုန်းအား ပထမဆုံးအကြိမ်အဖြစ် အရက်သောက်ခွင့် ပြုခဲ့၏။
ထမင်းစားပြီးနောက် ကူချူတုန်းက မီးရှူးမီးပန်းများ ကြည့်ရန် ခေါင်မိုးပေါ်သို့ တက်ရန် ကူမော့ကို ဆွဲခေါ်သွားခဲ့သည်။
ညဉ့်မှာ နက်ရှိုင်းပြီး မှောင်မိုက်နေကာ မီးရှူးမီးပန်းများကသာ မှောင်မိုက်နေသော ကောင်းကင်ကို လင်းထိန်စေခဲ့သည်။
မောင်နှမနှစ်ဦးသည် နှင်းများဖုံးလွှမ်းနေသော ခေါင်မိုးအုတ်ကြွပ်များပေါ်တွင် ယှဉ်တွဲထိုင်နေကြပြီး ကြည်လင်သော အလင်းရောင်အလွှာတစ်ခုဖြင့် လွှမ်းခြုံခံထားရသကဲ့သို့ ဖြစ်နေပေသည်။
ရေခဲချောင်းများက ခေါင်မိုးစွန်းများမှ တွဲလောင်းကျနေပြီး မီးရှူးမီးပန်းများအောက်တွင် အလင်းရောင်ငယ်လေးများကို ရောင်ပြန်ဟပ်နေကာ မြေပြင်ပေါ်သို့ ကျဆင်းလာသော ကြယ်များအလား ဖြစ်နေ၏။
မောင်နှမနှစ်ဦး၏ ပခုံးများပေါ်တွင် နှင်းအလွှာပါးပါးလေး ကျနေသော်လည်း သူတို့သည် အေးစက်မှုကို မခံစားရချေ။ ကူချူတုန်းက ကူမော့၏ ဆံပင်မှ နှင်းပွင့်များကို ညင်သာစွာ ခါချလိုက်ပြီးနောက် သူမ၏ ခေါင်းကို အနည်းငယ်စောင်းကာ ကူမော့၏ ပခုံးပေါ်သို့ မှီလိုက်ရာ သူမ၏ မျက်လုံးများတွင် တောက်ပနေသော မီးရှူးမီးပန်းများ ရောင်ပြန်ဟပ်နေပေသည်။
မြို့လယ်လမ်းမများတွင် လူများဖြင့် စည်ကားနေပြီး ရယ်မောသံများ၊ စကားပြောသံများဖြင့် ပြည့်နှက်နေ၏။ ကလေးများသည် နှင်းထဲတွင် ပြေးလွှား ဆော့ကစားနေကြပြီး မီးမကူးသေးသော ဗျောက်အိုးများကို ကိုင်ဆောင်ထားကာ သူတို့၏ တဗြောက်ဗြောက် အသံများက နှစ်သစ်ကူး၏ ပျော်ရွှင်ဖွယ် တေးသွားတစ်ခုကို ဖန်တီးနေသည်။
လမ်းတစ်လျှောက်ရှိ ဆိုင်များမှာ လင်းထိန်နေပြီး သူတို့၏ အနီရောင် မီးပုံးများက လေအေးတွင် လွှဲယမ်းနေကာ နှင်းများပေါ်တွင် နွေးထွေးသော အဝါရောင် အလင်းတန်းများကို ဖြာကျစေနေပေသည်။
ကောင်းကင်ယံတွင် မီးရှူးမီးပန်းများ ဆက်တိုက် ပေါက်ကွဲနေပြီး အချို့မှာ ငွေရောင် မြွေများ အရူးအမူး ကခုန်နေသကဲ့သို့ အချို့မှာ ရွှေရောင် ဂန္ဓမာပန်းများ ပွင့်လန်းလာသကဲ့သို့ နှင့် အချို့မှာ ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်တံခွန်များကဲ့သို့ ဖြစ်နေ၏။
"အစ်ကို... ဒီကစပြီး နှစ်တိုင်း ငါတို့ ဒီလိုမျိုး မီးရှူးမီးပန်းတွေ ကြည့်ရမယ်လို့ ထင်လား..."
ကူချူတုန်းက မျှော်လင့်ချက်များ အပြည့်ပါသော အသံဖြင့် တိုးညင်းစွာ မေးလိုက်သည်။။
ကူမော့က ခေါင်းအနည်းငယ် ညိတ်ကာ ရယ်မောလိုက်သည်...
"ဒါပေါ့... ဒီကစပြီး နှစ်တိုင်း မီးရှူးမီးပန်းတွေက အမြဲတမ်း အဖော်အဖြစ် ရှိနေမှာပါ..."
"ဒါဆို အစ်ကိုက ငါ့ဘေးမှာ အမြဲ ရှိနေမှာလား..."
"အင်း..."
မီးရှူးမီးပန်းများမှ အလင်းရောင်က သူတို့နှစ်ဦးပေါ်သို့ ကျရောက်နေပြီး ရောယှက်နေသော အရိပ်နှစ်ခုကို ဖန်တီးပေးနေပေသည်။
နှစ်သစ်ကူးမှာ လျင်မြန်စွာ ကုန်ဆုံးသွားသကဲ့သို့ ရှိပြီး ပွဲတော်အငွေ့အသက်များမှာ ရက်အနည်းငယ်အတွင်း ပျောက်ကွယ်သွားခဲ့သော်သည်။
နှစ်သစ်ကူး အကြိုနေ့အပြီးတွင် ကူချူတုန်းသည် နှစ်ရက်ခန့် အနားယူကာ သိုင်းပညာကို အပြင်းအထန် မလေ့ကျင့်ခဲ့သော်လည်း ချွီရှောင်က သူမ၏ မိဘများနှင့်အတူ ဆွေမျိုးများထံ အလည်သွားသောကြောင့် လဆန်းလေးရက်နေ့တွင် ပုံမှန်လေ့ကျင့်မှုသို့ ပြန်လည်ဝင်ရောက်ခဲ့၏။
ကူမော့နှင့် ကူချူတုန်းတို့မှာမူ ချွီဟန်၏ မိသားစုမှလွဲ၍ ချူယွမ်နှင့်သာ လက်ဆောင်များ အပြန်အလှန် ဖလှယ်ခဲ့ကြသည်။ မိသားစု နှစ်စုစလုံးသည် သူတို့၏ ကိစ္စများကို လဆန်းနှစ်ရက်နှင့် သုံးရက်နေ့များတွင် ပြီးစီးခဲ့ကြပြီး ကူမော့အား ဤခြံဝင်းကို ရှာဖွေရာတွင် ကူညီပေးခဲ့သော ဓားဂိုဏ်းမှ ခေါင်းဆောင်အိုကြီးကလည်း လာရောက် နှုတ်ဆက်ခဲ့ပေသည်။
ထို့ကြောင့်၊
ကူချူတုန်းသည် လဆန်းလေးရက်နေ့တွင် လေ့ကျင့်မှုကို စတင်ခဲ့၏။
လဆန်းဆယ်ရက်နေ့ရောက်မှသာ ကျူးရှန်းခရိုင်တွင် နှစ်သစ်ကူး ဖြတ်သန်းပြီးနောက် ပြန်လာသော ထန်ပုရီ ရောက်ရှိလာခဲ့သည်။
ကူမိသားစု၏ ခြံဝင်းအတွင်းတွင် ကူချူတုန်းက ဓားတစ်လက်ကို ဝှေ့ယမ်းနေပြီး ကူမော့ကမူ ဘေးရှိ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ကာ လက်ထဲရှိ ဓားငယ်လေးဖြင့် သစ်သားရုပ်တုတစ်ခုကို ထွင်းထုနေခဲ့ပေသည်။
ထန်ပုရီက လက်ဆောင်များကို စားပွဲပေါ်တွင် တင်လိုက်ပြီး ထိုင်ခုံတစ်လုံးရှာကာ လှဲလျောင်းရင်း ဆိုလိုက်သည်...
"ချူတုန်းရဲ့ သိုင်းပညာစွမ်းရည်တွေကို ငါ လေးစားပါတယ် ဒါပေမဲ့ သူ ဒီလောက် ကြိုးစားနေတာကိုတော့ ငါ သဘောမကျဘူး... ဒါနဲ့ အစ်ကိုကူး... ငါ ဒီလောက် အပြင်းအထန် လေ့ကျင့်စရာမလိုဘဲ သိုင်းဆရာကြီး တစ်ယောက်ဖြစ်လာနိုင်မယ့် နည်းလမ်းများ ရှိလား..."
ကူမော့က ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။
ထန်ပုရီက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်...
"တကယ်လား... အစ်ကိုကူး မြန်မြန်ပြောပြပါအုံး..."
ကူမော့က ရယ်မောလိုက်သည်...
"အိပ်တဲ့အခါ ခေါင်းအုံးကို နည်းနည်း မြှင့်အိပ်လိုက်လေ... ဒါဆို ဘာမဆို အိပ်မက်မက်လိမ့်မယ်..."
ထန်ပုရီ "..."
"သိုင်းလောကမှာ ဒဏ္ဍာရီတွေ အများကြီး ရှိတယ် မဟုတ်ဘူးလား... တချို့လူတွေက မတော်တဆ သစ်သီးတစ်လုံး စားမိပြီး ညတွင်းချင်း ပြိုင်ဘက်ကင်း သိုင်းဆရာကြီးတွေ ဖြစ်သွားကြတယ် တချို့ကျတော့လည်း စီနီယာ သိုင်းဆရာကြီးတွေဆီကနေ အကြောင်းပြချက်မရှိဘဲ ဉာဏ်အလင်းရသွားကြတယ်လေ... ငါ့အတွက် အခွင့်အရေး တစ်ခုမှ မရှိဘူးလား..."
ကူမော့က နောက်ပြောင်လိုက်သည်...
"အဲဒီသိုင်းဆရာကြီးတွေကို သွားမေးကြည့်ပါလား တစ်ယောက်ယောက်ကများ ဉာဏ်အလင်းရစေမယ့် နည်းလမ်းကို သိပြီး သူ့ရဲ့စွမ်းရည်တွေကို မင်းဆီ လက်ဆင့်ကမ်းပေးချင်နေမလားလို့လေ..."
"ရိုက်သတ်ခံရမှာ ကြောက်လို့ပါ..."
ကူမော့က အနည်းငယ် ပြုံးကာ မေးလိုက်သည်။...
"ဒီတစ်ခေါက် ပြန်သွားတုန်းက အိမ်ထောင်ပြုဖို့ ကိစ္စ ပြောခဲ့တယ် မဟုတ်ဘူးလား... မနှစ်က တွေ့ဆုံပွဲကနေ မင်းသဘောကျတဲ့ ကောင်မလေးတစ်ယောက် တွေ့ခဲ့တယ် မဟုတ်ဘူးလား..."
"တွေ့ခဲ့ပါတယ်... ဒါပေမဲ့ အဲဒီကောင်မလေးက ဝမ်းနည်းပူဆွေးတဲ့ အချိန်မှာ ရှိနေသေးတယ်... ငါ လက်ထပ်ချင်ရင် နောက်နှစ်အထိ စောင့်ရလိမ့်မယ်..."
ထန်ပုရီက အနည်းငယ် မကျေနပ်သော လေသံဖြင့် ဆိုလိုက်၏။
"အရင်က မင်း အလောတကြီး မဖြစ်ခဲ့ဘူး မဟုတ်ဘူးလား... အခုကျမှ ဘာလို့ ဒီလောက် လောနေရတာလဲ..."
ကူမော့က မေးလိုက်သည်။။
"အရင်က ငါ မရင့်ကျက်သေးလို့ပါ... အခု ကိုယ်ပိုင် စီးပွားရေးတစ်ခု ထူထောင်ဖို့ ထွက်လာတော့မှ ငါ့အဖေ ဘယ်လောက် ကြိုးစားခဲ့ရလဲဆိုတာ နားလည်လာတယ်... ငါက ထန်မိသားစုရဲ့ သခင်လေးဆိုပေမဲ့ မငယ်တော့ဘူးလေ... ငါ အိမ်ထောင်မပြုသေးဘဲ ကလေးမရသေးတာက မိသားစုဝင်တွေကြားမှာ မတည်မငြိမ် ဖြစ်စေပြီး မိသားစုရဲ့ တိုးတက်မှုကို ထိခိုက်စေတယ်..."
ထန်ပုရီက ရှင်းပြလိုက်၏။
ကူမော့က ခေါင်းညိတ်ကာ ဆိုလိုက်သည်...
"မင်း အများကြီး ပိုရင့်ကျက်လာပြီပဲ..."
ထန်ပုရီက ခါးသက်သက် ပြုံးလိုက်ပြီး ဆိုလိုက်သည်...
"ဒါနဲ့ ငါတို့ ချန်းလန်ဓားဂိုဏ်းကို ဘယ်တော့ ထွက်ကြမလဲ..."
"ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေပါတယ်... အဲဒီကို အမြန်ဆုံး ရောက်ချင်တယ်..."
ကူမော့သည် အကြောင်းရင်း နှစ်ချက်ကြောင့် ချန်းလန်ဓားဂိုဏ်းသို့ အမြန်ဆုံး သွားချင်နေခဲ့၏။ ပထမအချက်မှာ သူသည် ရှန်ပိုင်နှင့် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြပြီး စောစောရောက်ရှိခြင်းက သူ၏ လေးစားမှုကို ပြသရာရောက်ပေသည်။
ဒုတိယအချက်မှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအား ငါးမျိုးကို ပေါင်းစပ်ရန် နည်းလမ်းရှာဖွေရာတွင် ဉာဏ်အလင်းရရှိရန် မျှော်လင့်ချက်ဖြင့် ချီထျန်ရှူးနှင့် ရဲ့လျိုယွင် ကဲ့သို့သော စီနီယာ ကျွမ်းကျင်သူများနှင့် တာအိုအကြောင်း ဆွေးနွေးရန် ချန်းလန်ဓားဂိုဏ်းသို့ သွားလိုခြင်း ဖြစ်သည်။
ထန်ပုရီက ဆိုလိုက်သည်..
"ကောင်းပြီလေ မနက်ဖြန် ထွက်ကြတာပေါ့... ဒါနဲ့ ငါ့အဖေလည်း သွားမှာ... ဟီးဟီး သူက ထန်မိသားစုကို ကိုယ်စားပြုပြီး ငါက ချန်ဖုန်း ကိုယ်ရံတော်အဖွဲ့ကို ကိုယ်စားပြုတာလေ... ငါ လင်ကျန်းရဲ့ အချိန်ကိုက်မိုးက ငါ့အဖေ့ထက် ရှေ့က နေရာတစ်ခု ရနိုင်မယ်လို့ ထင်လား... ဟားဟား အဲဒီလိုသာဖြစ်ရင် ငါ့အဖေ့မျက်နှာ ဘယ်လိုနေမလဲ မသိဘူး..."
ကူမော့က တစ်ခဏမျှ စဉ်းစားပြီးနောက် ဆိုလိုက်သည်...
"မင်းအဖေ့မျက်နှာ ဘယ်လိုနေမလဲတော့ မသိဘူး ဒါပေမဲ့ မင်းက သူ့ထက် ရှေ့ကနေရာကို တကယ်ရခဲ့ရင် သိပ်တော့ မမောက်မာတာ ကောင်းမယ် ဘာလို့လဲဆိုတော့ မင်း သူ့ကို သေချာပေါက် နိုင်မှာမဟုတ်လို့ပဲ..."
ထန်ပုရီ၏ မျက်နှာမှာ ချက်ချင်း တောင့်တင်းသွားပြီး ရှက်ရွံ့သွားပုံရပေသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန် စကားလမ်းကြောင်းလွှဲကာ ကူချူတုန်းကို လက်ညိုးထိုးပြီး မေးလိုက်သည်။...
"ဘာတွေ ဖြစ်နေတာလဲ... ချူတုန်းက စွဲလမ်းနေတာလား... ဒီနေ့ ငါ ဒီမှာရှိနေတာ အတော်ကြာပြီကို သူ ငါ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘူး..."
ကူမော့က ရယ်မောလိုက်သည်...
"ကြိုးကြိုးစားစား လေ့ကျင့်နေတာလေ..."
"ဒီလောက်တောင် အလေးအနက်ထားတာလား..."
ကူမော့က ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။ ဤသည်မှာ အတ္တနှင့် အရာဝတ္ထုများမှ ကင်းကွာနေသော အခြေအနေ၊ လုံးဝ နစ်မြုပ်နေသော အခြေအနေတစ်ခု ဖြစ်ပေသည်။ မည်သည့်အရာကိုမဆို ပြင်းပြင်းထန်ထန် အာရုံစိုက်နိုင်၏။ နားမလည်သူများအတွက် ဤသည်မှာ မိုက်မဲမှုတစ်ခုဟု ထင်ရသော်လည်း သိသူများကမူ အာရုံစူးစိုက်မှုသည် အစစ်အမှန် ပါရမီဖြစ်ကြောင်း နားလည်ကြပေသည်။
...
နောက်တစ်နေ့ နံနက်တွင်။
ကူမော့နှင့် ကူချူတုန်းတို့သည် ချွီဟန်အား သွားရောက်နှုတ်ဆက်ပြီးနောက် ထန်ပုရီ၏ အဖွဲ့နှင့်အတူ ထွက်ခွာခဲ့ကြသည်။
ထန်ပုရီသည် ချမ်းသာသော ဒုတိယမျိုးဆက် အမွေဆက်ခံသူ တစ်ဦး ဖြစ်၏။ သူသည် ယခုအခါ လွတ်လပ်သော စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သော်လည်း သူသွားလေရာတိုင်းတွင် ဘဝရဲ့အရသာကို ဦးစားပေးတတ်သော အကျင့်ကိုမူ မဖျောက်ဖျက်နိုင်ခဲ့ချေ။ ထို့ကြောင့် သူ၏ နေ့စဉ် လိုအပ်ချက်များကို ဂရုစိုက်ရန်အတွက် လူအများအပြားကို ခေါ်ဆောင်လာခဲ့သည်။
ကူမော့နှင့် ကူချူတုန်းတို့လည်း အကျိုးကျေးဇူး ခံစားခဲ့ရပြီး ၎င်းမှာ သူတို့၏ အသက်သာဆုံး ခရီးစဉ် ဖြစ်လာခဲ့ပေသည်။ သို့သော် ထိုအရာက ကူမော့ မျှော်လင့်ထားသည်ထက် သူတို့၏ ခရီးစဉ်ကို အတော်လေး နှေးကွေးသွားစေပြီး ပထမလ၏ နှစ်ဆယ်ရက်နေ့တွင်မှ ချန်းလန်ဓားဂိုဏ်း၏ နယ်မြေသို့ ရောက်ရှိခဲ့သည်။
ချန်းကျိုးသို့ ရောက်ရှိပြီး နောက်တစ်နေ့တွင် ရှန်ပိုင်က ကူမော့အား ချန်းလန်ဓားဂိုဏ်းသို့ ကြိုဆိုရန် ခရိုင်သို့ ကိုယ်တိုင် လာရောက်ခဲ့၏။
...
ချန်းလန်ဓားဂိုဏ်း၏ ဌာနချုပ်မှာ ယွင်ကျိုး၊ ချန်းလန်ခရိုင်ရှိ ချန်းလန်တောင်တွင် တည်ရှိသည်။
ချန်းလန်တောင်သည် ယွင်ကျိုးရှိ အခမ်းနားဆုံး တောင်သုံးလုံးအနက် တစ်လုံး ဖြစ်၏။ ချီထျန်ရှူးက ဤနေရာတွင် ချန်းလန်ဓားဂိုဏ်းကို တည်ထောင်ခဲ့ချိန်မှစ၍ ၎င်းသည် ယွင်ကျိုးရှိ အဓိက တောင်ကြီး ဖြစ်လာခဲ့ပေသည်။
၎င်း၏ တောင်ထွတ်များမှာ မတ်စောက်ပြီး ချောက်ကမ်းပါးများမှာ ပေထောင်ချီ မြင့်မားသည်။ စူးရှသော ကျောက်ဆောင်များက ကောင်းကင်ကို ထိုးဖောက်နေသော ဓားများနှင့် တူပြီး ကွေ့ကောက်နေသော တောင်တက်လမ်းများက စိမ်းလန်းသော မျက်နှာပြင်ပေါ်တွင် ရစ်ပတ်ထားသော ဖဲကြိုးများနှင့် တူသဖြင့် အလွန် အန္တရာယ်များလှပေသည်။
လမ်းတစ်လျှောက်တွင်၊
ရှန်ပိုင်က ကိုယ်တိုင် လမ်းပြအဖြစ် ဆောင်ရွက်ကာ ကူမော့၊ ကူချူတုန်းနှင့် ထန်ပုရီတို့ကို ချန်းလန်တောင်၏ ရှုခင်းများကို ခံစားနိုင်ရန် ခေါ်ဆောင်သွားခဲ့၏။ သူတို့သည် နာမည်ကျော် ကျွယ်ယွင် ပျဉ်ခင်းလမ်း နှင့် ဓားမေးမြန်းခြင်း ချောက်ကမ်းပါး အစရှိသည့် ချန်းလန်တောင်၏ ထူးခြားသော ရှုခင်းများကို ဖြတ်သန်းသွားခဲ့ကြသည်။
တောင်အများအပြားကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် သူတို့သည် တောင်ထိပ်သို့ ရောက်ရှိကာ ချန်းလန်ဓားဂိုဏ်း၏ တံခါးပေါက်သို့ ဆိုက်ရောက်ခဲ့ကြသည်။ မြေပြင်အထက် ပေရာချီ မြင့်သော တိမ်တိုက်တစ်ခုပေါ်တွင် ရောက်နေသကဲ့သို့ ခံစားရပြီး တောင်ပေါ်တွင် နှင်းများ ထူထပ်စွာ ကျဆင်းနေဆဲ ဖြစ်ပေသည်။
ချန်းလန်ဓားဂိုဏ်းမှာ ကြီးကျယ်ခမ်းနားပြီး ၎င်း၏ အဆောက်အအုံများတွင် လွင့်ပျံနေသော ခေါင်မိုးစွန်းများနှင့် ကွင်းဆက်များက ညီညွတ်မျှတစွာ စီစဉ်ထား၏။ ဟင်္သာပြဒါးရောင် ထုပ်တန်းများနှင့် တိုင်များက ထွင်းထုထားသော ထုပ်တန်းများနှင့် ဆေးခြယ်ထားသော ဒိုင်းများကို ထောက်မထားပြီး ကျောက်တုံး လက်ရန်းများက ဂိုဏ်းပတ်လည်တွင် ကွေ့ကောက်နေကာ ၎င်းတို့၏ လက်ရာများမှာ အလွန် သေသပ်လှပေသည်။
အဝေးမှနေ၍ ကူချူတုန်းက ချီထျန်ရှူးကို လှမ်းမြင်လိုက်ပြီး ကူမော့အား အလျင်အမြန် ပြောလိုက်သည်...
"အစ်ကို... ဂိုဏ်းချုပ်ချီက ရှေ့မှာ ရှိတယ်..."
ကူမော့က ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။ ချီထျန်ရှူးသာမကဘဲ ထူးခြားသော ဓားစိတ်ဆန္ဒရှိသည့် အခြားတစ်ဦးကိုပါ သူ ခံစားမိလိုက်သည်။ ဤသူထံမှ ထွက်ပေါ်လာသော ဓားအငွေ့အသက်မှာ ရှန်ပိုင်နှင့် ဇာစ်မြစ်တူသော်လည်း သူ၏ ဓားစိတ်ဆန္ဒ အင်အားမှာ ရှန်ပိုင်ထက် အများကြီး သာလွန်နေပေသည်။
ချီထျန်ရှူး၏ ဘေးရှိလူမှာ ချန်းလန်ဓားဂိုဏ်း၏ မဟာသိုင်းဆရာကြီး သုံးပါးအနက် တစ်ပါးဖြစ်ပြီး ရှန်ပိုင်၏ ဆရာလည်းဖြစ်သော ရဲ့လျိုယွင် ဖြစ်ကြောင်း ကူမော့ အတော်လေး သေချာနေခဲ့သည်။
ကူမော့ မျှော်လင့်ထားသည့်အတိုင်း၊
ရှန်ပိုင်က အလျင်အမြန် ရှေ့သို့တိုးသွားပြီး လက်ယှက်ကာ ဆိုလိုက်သည်...
"ဂိုဏ်းချုပ်နဲ့ ဆရာတို့ကို ဂါရဝပြုပါတယ်..."
ထို့နောက် ရှန်ပိုင်က လှည့်ကာ ကူမော့နှင့် အခြားသူများကို မိတ်ဆက်ပေးလိုက်၏။
ကူမော့၊ ကူချူတုန်းနှင့် ထန်ပုရီတို့က ဂါရဝပြုရန် အလျင်အမြန် ရှေ့သို့တိုးလာကြသည်။
ပုံမှန်အားဖြင့် လူငယ် သိုင်းသမားများ၏ နှုတ်ဆက်မှုများကို ရင်ဆိုင်ရသောအခါ ချီထျန်ရှူးနှင့် ရဲ့လျိုယွင်တို့သည် တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ရုံသာ ညိတ်ပြကြမည် ဖြစ်၏။ သို့သော် ကူမော့၏ အခြေအနေမှာ ကွာခြားပေသည်။
သူသည် ငယ်ရွယ်သော်လည်း သိုင်းလောကရှိ သူ၏ အဆင့်အတန်းမှာ ချီထျန်ရှူးနှင့် တန်းတူ မဟာသိုင်းဆရာကြီး တစ်ဦး၏ အဆင့်အတန်း ဖြစ်နေပြီ ဖြစ်သည်။ သဘာဝကျကျ သူတို့နှစ်ဦးသည် နှုတ်ဆက်မှုများကို အလွယ်တကူ လက်မခံဝံ့ဘဲ လက်ယှက်ကာ ပြန်လည် နှုတ်ဆက်ခဲ့ကြသည်။
အပြန်အလှန် နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် ချီထျန်ရှူးက ရှန်ပိုင်အား ဧည့်သည်များကို သေချာစွာ ဧည့်ခံရန် ညွှန်ကြားလိုက်၏။ ထို့နောက် ချီထျန်ရှူးနှင့် ရဲ့လျိုယွင်တို့ ထွက်ခွာသွားကြသည်။
ထန်ပုရီနှင့် ကူချူတုန်းတို့ နှစ်ဦးစလုံးမှာ ဇဝေဇဝါ ဖြစ်သွားကြပြီး ချီထျန်ရှူးနှင့် ရဲ့လျိုယွင်တို့၏ လုပ်ရပ်နောက်ကွယ်ရှိ အဓိပ္ပာယ်ကို နားမလည်နိုင်ဘဲ နှုတ်ဆက်ရန်သာ လာခဲ့သကဲ့သို့ ခံစားလိုက်ရသည်။
ကူချူတုန်းက ရှန်ပိုင်အား မေးခွန်းတစ်ခု တိုးတိုးလေး မေးလိုက်၏။
ရှန်ပိုင်က အနည်းငယ် ပြုံးကာ ဆိုလိုက်သည်...
"ခင်ဗျားတို့ နှစ်ယောက်က တစ်ယောက်က အစ်ကိုကူးရဲ့ သူငယ်ချင်း နောက်တစ်ယောက်က အစ်ကိုကူးရဲ့ ညီမလေ... သဘာဝကျကျ ခင်ဗျားတို့က သူ့ဘေးမှာ ရှိနေတော့ အစ်ကိုကူးရဲ့ မဟာသိုင်းဆရာကြီးဆိုတဲ့ အဆင့်အတန်းကို သတိမထားမိကြတာပေါ့... ချန်းလန်ဓားဂိုဏ်းရဲ့ ဒုတိယမျိုးဆက် တပည့်တစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို အစ်ကိုကူး ကိုယ်တိုင် လာတက်တာက ဂုဏ်ယူစရာ ကောင်းနေပြီကို ဒီလောက် ကြိုပြီး ရောက်လာတာဆိုတော့ ပိုတောင် ဆိုးသေးတယ်... အစ်ကိုကူးနဲ့ ကျွန်တော်က သူငယ်ချင်းတွေ ဒါက သက်သက်လေ... တကယ်လို့ ကျွန်တော့်ဆရာနဲ့ ဂိုဏ်းချုပ်က ချန်းလန်ဓားဂိုဏ်းမှာ ကိုယ်တိုင် လာမကြိုဘူးဆိုရင် ချန်းလန်ဓားဂိုဏ်းက အစ်ကိုကူးလို မဟာသိုင်းဆရာကြီး တစ်ယောက်ကို ရိုင်းစိုင်းပြီး မလေးမစား လုပ်ရာကျမှာပေါ့..."
ထန်ပုရီနှင့် ကူချူတုန်းတို့မှာ ထိုအခါမှသာ ရုတ်တရက် နားလည်သွားကြတော့သည်။