အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း(3) ကယ်တင်ခြင်း
ယောင်ပင်း နောက်ထပ်အဆင့်ကို ဂရုမစိုက်နိုင်သေးပေ။
အဘယ်ကြောင့်ဆိုသော် တစ္ဆေကို နှိမ်နင်းပြီးသည်နှင့် မှန်ရှေ့တွင် ရပ်နေသော မိန်းကလေးမှာ ကြမ်းပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားသောကြောင့် ဖြစ်၏။
“အဆင်ပြေရဲ့လား”
ယောင်ပင်းသည် အံ့သြတကြီး အော်ဟစ်လျက် ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်။
ထိုအခါမှ မိန်းကလေး၏ မျက်နှာကို အနီးကပ် မြင်တွေ့လိုက်ရပြီး သူ၏ မျက်လုံးများမှာ အရောင်တောက်ပလေသွား၏။
ဝဲဖြာနေသော ဆံနွယ်များ၊ တောက်ပသော မျက်ဝန်းများနှင့် ဖြူစင်သော သွားအစုံတို့ဖြင့် သူမ၏ ရုပ်ရည်မှာ ထုဆစ်ထားသကဲ့သို့ပင် လှပလွန်းလှပေသည်။
သူမသည်က တစ်ခါမြင်လျှင် မေ့နိုင်ရန် ခက်ခဲသော အလှမျိုး ပိုင်ဆိုင်ထားသူ ဖြစ်၏။
သို့သော်လည်း သူမ၏ ဖြူဖျော့သော မျက်နှာလေးပေါ်တွင် မှိုင်ညှို့ခြင်းနှင့် အထီးကျန်ခြင်း အရိပ်အယောင်များ လွှမ်းမိုးနေပေသည်။
ထိုခဏ၌ ယောင်ပင်းမှာ ထိုမိန်းကလေးကို ကာကွယ်ပေးလိုသော စိတ်ဆန္ဒများ ပြင်းပြစွာ ဖြစ်ပေါ်လာခဲ့သည်။
သူ သူမကို အိပ်ခန်းထဲသို့ အရင်ပို့ရန် ဆုံးဖြတ်လိုက်၏။
ယောင်ပင်းသည် သူမကို ချီမရန် လက်လှမ်းလိုက်သည့် အချိန်တွင် ပြဿနာတစ်ခုနှင့် ကြုံတွေ့လိုက်ရသည်။
မိန်းကလေးမှာ လုံးဝ ကိုယ်လုံးတီး ဖြစ်နေသဖြင့် မည်သို့ပင် ချီမသည်ဖြစ်စေ မသင့်တော်သကဲ့သို့ ဖြစ်နေခြင်းပင်။
သူသည်က အသက် ၁၈ နှစ်အရွယ် လူပျိုပေါက်တစ်ဦး ဖြစ်ပြီး ဤကဲ့သို့ လှပသော မိန်းကလေးက ရှေ့မှောက်တွင် ရောက်နေချိန်၌ စိတ်ကစားမိသည်မှာ ထူးဆန်းသောအရာ မဟုတ်ပေ။
သို့သော်လည်း ယောင်ပင်းက အိပ်ခန်းထဲသို့ ပြန်သွားပြီး အိပ်ရာခင်းတစ်ခုကို ယူကာ မိန်းကလေးကို ပတ်လိုက်ပြီးမှ အိပ်ခန်းဆီသို့ ချီသွားခဲ့လေသည်။
သူ မိန်းကလေးကို ချီလျက် မတ်တပ်ရပ်လိုက်စဉ် မှန်ကို တစ်ချက်လှမ်းကြည့်လိုက်၏။
ထိုတစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ၏ ဝိညာဉ်မှာ လွင့်ထွက်လုမတတ် ထိတ်လန့်သွားရလေသည်။
မှန်ထဲတွင် ထိုမိန်းကလေးက မတ်တပ်ရပ်လျက် သူ့ကို ထူးဆန်းသော အပြုံးဖြင့် ပြုံးပြနေသည် မဟုတ်ပါလား။
ယောင်ပင်း တုန်လှုပ်သွားပြီး သူ၏ရင်ခွင်ထဲရှိ မိန်းကလေးကို မသိစိတ်ဖြင့် ငုံ့ကြည့်လိုက်၏။
မိန်းကလေးမှာတော့ မျက်လုံးများ မှိတ်လျက် သူ၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ ရှိနေဆဲ ဖြစ်သည်။
မှန်ဘက်သို့ ပြန်ကြည့်လိုက်သောအခါ သူ၏ မျက်နှာကိုသာ မြင်ရပြီး အခြားမည်သည့်အရာမျှ မရှိတော့ပေ။
ယောင်ပင်းသည် သက်ပြင်းချလိုက်မိသည်။
“ ငါ့နှယ် လန့်သွားတာပဲ၊ မျက်စိတောင် မှားတယ် ထင်ရတယ်”
ယောင်ပင်း ခေါင်းခါယမ်းလျက် မိန်းကလေးကို အိပ်ခန်းထဲသို့ ချီသွားခဲ့သည်။
အိပ်ခန်းအတွင်းသို့ရောက်လျှင် ယောင်ပင်းက မိန်းကလေးကို ကုတင်ပေါ်တွင် တင်လိုက်၏။
သူ၏ ရှေ့မှောက်တွင် မြင်တွေ့နေရသော အလှလေးမှာ ရင်သပ်ရှုမောဖွယ် ကောင်းလွန်းပြီး သူမ၏ နှုတ်ခမ်းနီနီလေးများမှာလည်း တစ်စုံတစ်ခုကို ဖိတ်ခေါ်နေသကဲ့သို့ ရှိနေပေသည်။
သူမထံမှ သင်းပျံ့သော ရနံ့တစ်ခုမှာလည်း ထွက်ပေါ်နေ၏။
ဤမြင်ကွင်းမှာ အလွန်ပင် ဆွဲဆောင်မှု ပြင်းထန်လွန်းသည်။
ယောင်ပင်းသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သကဲ့သို့ ဖြစ်လာရ၏။
ဂလု..
ယောင်ပင်းသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိပြီး စိတ်ဓာတ်များ ဖရိုဖရဲ ဖြစ်ကုန်သည်။
သို့သော်လည်း သူက စောင်ကို လှမ်းယူလိုက်ပြီး မိန်းကလေးကို ဖုံးအုပ်ပေးရန် ကြိုးစားလိုက်ပြန်၏။
ဤအလှလေးက ဆွဲဆောင်နေသော်လည်း ယောင်ပင်းသည်က ဒုက္ခရောက်နေသူကို အခွင့်ကောင်းယူမည့် လူစားမျိုး မဟုတ်ပေ။
သို့သော် ယောင်ပင်းက မိန်းကလေးကို စောင်ဖုံးပေးလိုက်သည့် အခိုက်အတန့်မှာပင် သူမက ယောင်ပင်း၏ ပါးကို ဖြန်းခနဲ ရိုက်လိုက်လေတော့သည်။
ယောင်ပင်းနစ်ယောက် ပါးရိုက်ချက်ကို တိုက်ရိုက်ပင် လက်ခံလိုက်ရ၏။
ပူထူသွားသော နာကျင်မှုက ပါးပြင်ပေါ်သို့ ချက်ချင်း ရောက်ရှိလာသည်။
ယောင်ပင်းသည် နာကျင်မှုကြောင့် မျက်နှာရှုံ့သွားပြီးမေးလိုက်၏။
“ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ”
“နင် ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးလိုက်ပြီဆိုတာသိလား”
ထိုမိန်းကလေးက စောင်ကို ပိုမိုတင်းကြပ်စွာ ပတ်လိုက်ရင်း အေးစက်စွာ ပြောဆိုလိုက်သည်။
“အစီအစဉ်ကို ဖျက်ဆီးတယ် ဟုတ်လား၊ မိန်းကလေး... မင်း ရှင်းရှင်းလင်းလင်း သိထားသင့်တယ် ကျွန်တော်က မင်းရဲ့ အသက်ကို ကယ်ခဲ့တာနော်!
အဲဒီမှန်ထဲက ဟာက တစ္ဆေပဲ! ကျွန်တော်သာ နည်းနည်းလောက် နောက်ကျပြီးမှ ရောက်လာရင် မင်း သေနေလောက်ပြီ”
ယောင်ပင်းမှာ ပါးရိုက်ခံလိုက်ရသဖြင့် အနည်းငယ် ဒေါသထွက်လျက် ပြောလိုက်သည်။
“အကောင်းနဲ့အဆိုးကိုတောင် မခွဲခြားတတ်ဘူးလား”
မိန်းကလေးက နှာခေါင်းရှုံ့လျက်ပြောလာသည်ရ
“အဲဒီတစ္ဆေကို ငါကိုယ်တိုင် ခေါ်ထားတာ!”
ယောင်ပင်း : “...”
မိန်းကလေးက ဆက်ပြောသည်။
“ငါ့မှာ အသက်ရှင်ဖို့ တစ်လပဲ ကျန်တော့တယ်၊ အဲဒါကြောင့် ငါ့ရဲ့ အသက်ကို ဆက်ဖို့အတွက် အဲဒီတစ္ဆေကို ခေါ်ခဲ့တာ!”
အသက်ဆက်ရန်အတွက် တစ္ဆေကို ခေါ်ယူတာ ဟုတ်လား။
ယောင်ပင်း ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ပေ။
သူ ခဏမျှ တွေးတောပြီးနောက် သူ၏ စိတ်ထဲရှိ မျက်နှာပြင်ကို အမြန်ဖွင့်ကာ မတိုင်ခင်က ဖမ်းဆီးလိုက်သော တစ္ဆေလေး၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်၏။
သူသည်က ယခင် ရရှိခဲ့သော ပစ္စည်းများနှင့် စွမ်းရည်များကို စစ်ဆေးနိုင်ခဲ့သဖြင့် ဤတစ္ဆေလေးကိုလည်း စစ်ဆေးနိုင်လိမ့်မည်ဟု တွေးမိသောကြောင့် ဖြစ်လေသည်။
မမျှော်လင့်ဘဲ တစ္ဆေလေး၏ ပုံရိပ်ကို နှိပ်လိုက်သောအခါ အချက်အလက်များက ချက်ချင်း ပေါ်လာတော့သည်။
အမျိုးအစား - တစ္ဆေ။
လိင် - ကျား (ယင်) ။
လယ်ဗယ် - လယ်ဗယ်(4)။
ရက်စက်မှုအညွှန်းကိန်း - ကြယ် လေးပွင့်။
လူ့လောကတွင် ကျန်ရစ်ရသည့် အကြောင်းရင်း - ခန္ဓာကိုယ်အစားထိုးမည့်သူကို ရှာဖွေရန်။
သို့ဆိုလျှင် ဤသည်မှာ ရန်ငြိုးကြီးသော တစ္ဆေတစ်ကောင် ဖြစ်ပေသည်။
ထိုရန်ငြိုးကြီးသော တစ္ဆော လူ့လောကတွင် ကျန်ရစ်နေရခြင်းမှာလည်း ကိုယ်စားထိုးမည့်သူကို ရှာရန်ပင် ဖြစ်နေသေး၏။
“အသက်ဆက်တယ်ဆိုတာက တစ္ဆေတစ်ကောင်ကို မင်းရဲ့ ကိုယ်ထဲဝင်ခိုင်းပြီး မင်းကိုယ်စား အသက်ရှင်ခိုင်းတာကို ပြောတာလား”
ယောင်ပင်း မိန်းကလေးကို စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
“မဟုတ်တာ!”
မိန်းကလေးသည် ယောင်ပင်း၏ စကားကို ဖြတ်ပြောလိုက်သည်
“ယင်သက်တမ်းကို ယူပြီး ယန်သက်တမ်း (လူ့သက်တမ်း)ကို ဆက်တယ်ဆိုတာ ငါ့ရဲ့ သက်တမ်းကို ရှည်အောင် လုပ်တာကို ပြောတာ၊ ငါ့ကိုယ်စား နေခိုင်းတာ မဟုတ်ဘူး၊ အဲဒီလိုဆိုရင် ငါ့ခန္ဓာကိုယ်က ရုပ်သေးရုပ် ဖြစ်သွားမှာပေါ့”
ယောင်ပင်းက မိန်းကလေး၏ ဆိုလိုရင်းနားမလည်ဘဲမနေပေ။
သေချာသည်ပင်။
ထိုမိန်းကလေးသည်က သူမ၏ လူ့သက်တမ်းကို ရှည်စေရန် ယင်သက်တမ်းကို ရှာဖွေနေခြင်း ဖြစ်ပြီး၊ ဤရန်ငြိုးကြီးသော တစ္ဆေကတော့ ခန္ဓာကိုယ်အစားထိုးမည့်သူကို ရှာနေခြင်း ဖြစ်၏။
အကယ်၍ ထိုတစ္ဆေသာ မိန်းကလေး၏ ကိုယ်ထဲသို့ ဝင်ရောက်သွားပါက သူမ၏ ဝိညာဉ်က တစ္ဆေတစ်ကောင် ဖြစ်သွားပေလိမ့်မည်။
ဤအချက်ကို နားလည်သွားပြီးနောက် ယောင်ပင်းက လေးနက်စွာ မေးမြန်းလိုက်သည်။
“ယင်သက်တမ်းကို ယူပြီး လူ့သက်တမ်းကို ဆက်လို့ရတယ်လို့ မင်းကို ဘယ်သူပြောတာလဲ”
မိန်းကလေးက ပြန်လည် ချေပသည်။
“ဒါတွေကို နင်က ဘာလို့ မေးနေတာလဲ၊ ညနက်သန်းခေါင်အချိန်ကြီး ငါ့အိမ်ထဲကို ဘာလို့ ဝင်လာတာလဲဆိုတာတောင် ငါ မမေးရသေးဘူး.. နင် ဘာ လိုချင်နေတာလဲ”
ကံကောင်းစွာဖြင့် သူမက သူမ၏ သက်တော်စောင့်များအားလုံးကို ပြန်လွှတ်ထားခဲ့သည်။
သို့မဟုတ်ပါက ယောင်ပင်းမှ သူမ၏ အိမ်ထဲသို့ ကျူးကျော်ဝင်ရောက်ရဲလျှင် သူ သေချာပေါက် အသတ်ခံရပေလိမ့်မည်။
ယောင်ပင်းက လေးလေးနက်နက် ပြောလိုက်သည်။
“အဲဒီလူက မင်းရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး မကောင်းတာတစ်ခုခု လုပ်ချင်နေတာလို့ ကျွန်တော် သံသယရှိတယ်”
ယောင်ပင်း၏ စကားကြောင့် မိန်းကလေး၏ မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး လွှတ်ခနဲ အော်ဟစ်လိုက်မိသည်။
“မဖြစ်နိုင်တာ သူ အဲဒီလို မလုပ်ဘူး.. သူက ငါ့ကို မသေစေချင်ပါဘူး!”
မိန်းကလေးမှာ ချက်ချင်းပင် စိတ်လှုပ်ရှား တုန်လှုပ်လာ၏။
ယောင်ပင်းသည် သူမအား အတင်းအကျပ် မေးမြန်းနေပါက ပို၍ ဆိုးရွားသွားနိုင်သည်ကို သိရှိသဖြင့် လေသံကို လျှော့လိုက်သည်။
“မိန်းကလေး.. စိတ်မလှုပ်ရှားပါနဲ့၊ ဒါက ကျွန်တော့်ရဲ့ ခန့်မှန်းချက်သက်သက်ပဲ၊ ခုနက မင်းခေါ်လိုက်တဲ့ ရန်ငြိုးကြီးတဲ့ တစ္ဆေက ခန္ဓာကိုယ်အစားထိုးမယ့်သူကို အသည်းအသန် ရှာနေတာ
အဲဒါကြောင့် မင်းကို အသက်ဆက်ဖို့အတွက် တစ္ဆေခေါ်ခိုင်းတဲ့သူက မင်းရဲ့ အသက်ကိုယူပြီး မင်းကို ထိန်းချုပ်ချင်တာ ဖြစ်နိုင်တယ်လို့ ကျွန်တော် ခန့်မှန်းမိတာပါ...”
မိန်းကလေးမှာ တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားပုံရပြီး တောင့်တင်းနေသော သူမ၏ မျက်နှာမှာ ချက်ချင်းပင် ငြိုးငယ်သွားတော့သည်။
“ငါ့ကို အသက်ဆက်ဖို့အတွက် တစ္ဆေခေါ်ခိုင်းတဲ့သူက... ငါ့အဖေပဲ”
မိန်းကလေး၏ အသံမှာ အလွန်တိုးညင်းလှ၏။
သို့သော် ယောင်ပင်းအတွက်တော့ ဗုံးတစ်လုံး ပေါက်ကွဲလိုက်သကဲ့သို့ပင် ဖြစ်သွားရသည်။
မိန်းကလေးအား အသက်ဆက်ရန် တစ္ဆေခေါ်ခိုင်းသူမှာ သူမ၏ ဖခင်အရင်းဖြစ်နေလိမ့်မည်ဟု ယောင်ပင်း လုံးဝ မထင်မှတ်ထားခဲ့ပေ။
ကျားပင်လျှင် သူ၏သားသမီးကို ပြန်မစားတတ်ဟု ဆိုကြသော်လည်း ဤမိန်းကလေး၏ ဖခင်မှာမူ သူ့သမီး၏ အသက်ကို အလိုရှိနေသည်လား။
ယောင်ပင်းသည်လည်း လတ်တလောတွင် သစ္စာဖောက်ခံထားရသူ ဖြစ်သဖြင့် ဤကဲ့သို့သော ခံစားချက်ကို အသိဆုံး ဖြစ်ပေသည်။
ထိုခဏ၌ ယောင်ပင်းတွင် ကိုယ်ချင်းစာစိတ်များ ဖြစ်ပေါ်လာပြီး “ငါ ဒီမိန်းကလေးကို ကူညီရမယ်” ဟူသော အတွေးတစ်ခု ခေါင်းထဲသို့ ဝင်လာ၏။
သူသည် မျက်နှာပြင်ကို အမြန်ဖွင့်ပြီး ရှာဖွေကြည့်လျှင်”စတိုးဆိုင်” ကို တွေ့ရှိသွားသည်။
စတိုးဆိုင်ကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် ယောင်ပင်း၏ မျက်လုံးထဲသို့ စာလုံးလေးလုံး ရုတ်တရက် တိုးဝင်လာသည်။
“ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း”
ယောင်ပင်း အလွန်အမင်း ဝမ်းသာသွားရ၏။
“ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း”က သတ္တဝါအားလုံး၏ မွေးနေ့နှင့် သေနေ့ကို မှတ်တမ်းတင်ထားသည့် အရာ ဖြစ်ပေသည်။
အကယ်၍ သူသာ ထိုမိန်းကလေး၏ သေဆုံးမည့်အချိန်ကို ပြင်ဆင်ပေးနိုင်မည်ဆိုလျှင် သူမ၏ အသက်ကို ကယ်တင်နိုင်မည် မဟုတ်ပါလား။
“မပူပါနဲ့၊ မင်းရဲ့ အသက်ကို ဆက်ပေးနိုင်တဲ့ နည်းလမ်း ကျွန်တော့်မှာ ရှိပါတယ်!”
ယောင်ပင်းသည် စိတ်လှုပ်ရှားနေသော အသံကို ထိန်းချုပ်လျက် တည်ငြိမ်စွာ ပြောလိုက်သည်
“မင်း နာမည်က မိုရှောက်ယောင်မလား?”
ရေချိုးခန်းထဲတွင် သူမ ထိုအမည်ကို ထပ်ခါတလဲလဲ ခေါ်နေသည်ကို သူ မှတ်မိနေသည်။
မိုရှောက်ယောင်၏ မျက်တောင်ရှည်လေးများမှာ တုန်ခါသွားပြီး ယောင်ပင်းအား ဖြည်းညှင်းစွာ လှည့်ကြည့်လာ၏။
ထိုအခါမှသာ သူမ ယောင်ပင်းကို သေသေချာချာ စစ်ဆေးကြည့်ရှုတော့သည်။
သူမ၏ ရှေ့မှ ကောင်လေးမှာ ရုပ်ရည်သန့်ပြန့်ပြီး သူမထက် ခေါင်းတစ်လုံးစာမျှ ပိုမြင့်ကာ ကွက်ကျားအင်္ကျီနှင့် အရောင်လွင့်နေသော ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။
သူ၏ ဝတ်စုံတစ်ခုလုံး တန်ဖိုးမှာ ယွမ်တစ်ရာပင် မပြည့်သဖြင့် ဆင်းရဲသော မိသားစုမှ ဖြစ်သည်မှာ ထင်ရှားလှ၏။
သို့သော် မိုရှောက်ယောင်၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်မှာ ယောင်ပင်း၏ ကြည်လင်ပြီး ခန့်မှန်းရခက်သော မျက်ဝန်းများပင် ဖြစ်သည်။
သူမသည်က လောက၏ လှည့်ကွက်များနှင့် အကောက်အကြံများကိုသာ မြင်တွေ့နေရသောကြောင့် ဤကဲ့သို့သော ကြည်လင်သည့် မျက်ဝန်းမျိုးကို မမြင်တွေ့ရသည်မှာ ကြာလှပေပြီ ။
မိုရှောက်ယောင် ပို၍ အံ့သြသွားသည်မှာ သူမနှင့် ရွယ်တူမျှသာ ရှိသေးသော ဤကောင်လေးက သူမ၏ အသက်ကို ဆက်ပေးချင်သည်ဟူသော အချက်ပင် ဖြစ်၏။
ပင်းဟိုင်မြို့တစ်မြို့လုံးတွင် သြဇာအာဏာကြီးမားလှသော သူမ၏ မိသားစုပင်လျှင် သူမအသက်ကို မဆက်ပေးနိုင်ပေ။ ဤကောင်လေးမှာ မည်မျှအထိ စွမ်းအားရှိသည်လဲ။
*
အခန်း(4) အဖိုးမဖြတ်နိုင်သော ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း
မိုရှောက်ယောင်က ယောင်ပင်း၏မေးခွန်းကို ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ငါ့နာမည်က မိုရှောက်ယောင်ပဲ”
သူမက ယောင်ပင်းအပေါ် ပြောမပြတတ်သော ရင်းနှီးမှုမျိုးကို ခံစားနေရသဖြင့် သူ၏ စေတနာကို မငြင်းပယ်ခဲ့ပေ။
ထို့အပြင် သူသည်က သူမခေါ်ထားသော တစ္ဆေကို နှိမ်နင်းလိုက်သည်ကိုလည်း ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
မိုရှောက်ယောင်၏ နှလုံးသားထဲတွင် မျှော်လင့်ချက်အရောင်လေးတစ်ခု ရုတ်တရက် တောက်ပလာခဲ့သည်။
“ခဏစောင့်နော်”
ယောင်ပင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောကာ ဆိုင်ထဲရှိ “ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း” ကို ဝယ်ယူရန် အမြန်ပြင်လိုက်၏။
သို့သော် “ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း” မှာ တုံ့ပြန်မှု မရှိပေ။
မျက်နှာပြင်တွင် ဖော်ပြလာသည်:
“ကြောက်ရွံ့ခြင်းတန်ဖိုး မလုံလောက်သဖြင့် “ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း” ကို ဝယ်ယူ၍မရပါ”
သေစမ်း... သူ စိတ်လှုပ်ရှားလွန်းလို့ အရာအားလုံးအတွက် တန်ဖိုးပေးချေရမှာကို မေ့သွားခဲ့တာပဲ။
ယောင်ပင်း “ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း” အတွက် လိုအပ်သော ကြောက်ရွံ့ခြင်းတန်ဖိုးကို ကြည့်လိုက်ရာ အသက်ရှုမှားမတတ် ထိတ်လန့်သွားရ၏။
“ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း”၏ တန်ဖိုး - ကြောက်ရွံ့ခြင်းတန်ဖိုးတစ်သိန်း။
ဒါ... ဒါက ဓားပြတိုက်နေတာပဲ!
သူ ယနေ့မှ တစ္ဆေကို စတင်မြင်ဖူးပြီး အသေအလဲ ကြောက်လန့်ခဲ့ရကာ စုဆောင်းမိသမျှ ကြောက်ရွံ့ခြင်းတန်ဖိုးမှာ ၃,၁၀၀ သာ ရှိသေးသည်။
ဤ”ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း” က တစ်သိန်းတောင် ပေးရမည်လား။
ဤမျှများပြားသော တန်ဖိုးကို သူ မည်သည့်နေရာကနေ ရုတ်တရက် ရနိုင်မည်နည်း။
ယောင်ပင်း တွေဝေနေသည်ကို မိုရှောက်ယောင်က စိုက်ကြည့်နေ၏။
သူမက အစကတည်းက မျှော်လင့်ချက် သိပ်မထားခဲ့သော်လည်း ယောင်ပင်း၏ စိတ်ပျက်လက်ပျက် ဖြစ်သွားသော မျက်နှာထားကို မြင်လိုက်ရသည့်အခါ ခုနကရရှိခဲ့သော မျှော်လင့်ချက်လေးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
သူမ၏ ဖခင်အရင်းကပင် သူမကို သေစေလိုနေသည်ဖြစ်၍ ဤသူစိမ်းကောင်လေးက မည်သို့ ကယ်တင်နိုင်မည်နည်း။
“နင့်ရဲ့ကူညီချင်တဲ့ စေတနာကို ကျေးဇူးတင်ပါတယ်”
မိုရှောက်ယောင်က ပင်ပန်းနွမ်းနယ်နေသော အမူအရာဖြင့် ပြန်သွားရန် အရိပ်အယောင်ပြလိုက်သည်။
“ညလည်း နက်နေပြီ၊ နင် အိမ်ပြန်နားတော့လေ”
ယောင်ပင်းက သူ၏ အလောတကြ လုပ်ရပ်အတွက် နောင်တရသွားမိသည်။ မိုရှောက်ယောင်အား မျှော်လင့်ချက် ပေးခဲ့ပြီးမှ ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သကဲ့သို့ ဖြစ်သွားရသည် မဟုတ်ပါလား။
“စိတ်မပူပါနဲ့၊ ကျွန်တော် မင်းကို ကူညီဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ”
ယောင်ပင်းက မပြန်မီ မိုရှောက်ယောင်ကို လေးနက်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ မှတ်ထားပါ ၊ ဘယ်တော့မှ မျှော်လင့်ချက် မပျက်ပါစေနဲ့”
သူ၏ မျက်ဝန်းများမှာ ထိုအကြောင်းကိုပြောဆိုနေချိန်အတွင်း တောက်ပနေလေ၏။
ယောင်ပင်း၏ ရိုးသားလှသော မျက်ဝန်းများကို ကြည့်ရင်း မိုရှောက်ယောင်၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဤကဲ့သို့သော စကားမျိုးကို သူမအား ပြောဆိုမည့်သူ မရှိခဲ့သည်မှာ ကြာလှပြီ ဖြစ်၏။
လောကကြီးက သူမ ထင်သလောက် မမှောင်မိုက်နေဘူးလား။
သူမ အတွေးနက်သွားရလေသည်။
ယောင်ပင်းသည် အခန်း ၃၀၁ မှ အမြန်ထွက်လာပြီး သူ့အခန်းသို့ ပြေးဝင်ခဲ့သည်။
မဖြစ်ဘူး။ သူ ကြောက်ရွံ့ခြင်းတန်ဖိုးတွေကို အမြန်ရှာပြီး “ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း” ကို အမြန်ဆုံး ရအောင်ယူရမယ်။
ယောင်ပင်းသည် မျက်နှာပြင်ကို ထပ်မံဖွင့်လိုက်၏။
မျက်နှာပြင်မှ မေးလာခဲ့သည်။
“Beginner တာဝန် ပြီးမြောက်ပါပြီ၊ နောက်ထပ်အဆင့်ကို ဆက်သွားလိုပါသလား”
ယောင်ပင်းသည် တွေဝေခြင်းမရှိဘဲ “ဆက်သွားမည်” ကို နှိပ်လိုက်၏။
မျက်နှာပြင်ပေါ်တွင် စာသားအချို့ ပေါ်လာပြန်သည်။
လယ်ဗယ်(2) တာဝန် - တစ္ဆေကြီးတစ်ကောင်ကို ဖမ်းဆီးပါ။
တာဝန်ရည်မှန်းချက် - လယ်ဗယ် ၃ ကြောက်ရွံ့ခြင်းကို ခံစားပါ (သေသေချာချာ ရွေးချယ်ပါ)။
တာဝန်တည်နေရာ - ပင်းဟိုင် အမှတ်(၁) အထက်တန်းကျောင်း၊ အနောက်ဘက် စာသင်ဆောင်၊ အခန်း (၆)။
တာဝန်အချိန် - ၁၉ ရက်နေ့။
တာဝန်တည်နေရာနှင့် အချိန်ကို မြင်လိုက်ရသောအခါ ယောင်ပင်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
ပင်းဟိုင်အမှတ်(၁) အထက်တန်းကျောင်းဆိုသည်မှာ သူ တက်ရောက်နေသော ကျောင်းပင်မဟုတ်ပါလား!
အနောက်ဘက် စာသင်ဆောင်၊ အခန်း (၆) ဆိုသည်မှာလည်း သူတို့၏ အတန်းပင် ဖြစ်၏။
၁၉ ရက်နေ့ဆိုသည်က မနက်ဖြန်ပင်။
ဆိုလိုသည်မှာ မနက်ဖြန်တွင် သူတို့၏ စာသင်ခန်းအတွင်း၌ ထိတ်လန့်ဖွယ်ရာ တစ်ခုခု ဖြစ်တော့မည်ပင်။
မိုရှောက်ယောင်က သန်းခေါင်ယံမှာ မှန်ရှေ့၌ တစ္ဆေခေါ်ခြင်းကပင် ကြောက်ရွံ့ခြင်း လယ်ဗယ်(1)သာ ရှိသေးသည်။
မနက်ဖြန် သူ ကြုံတွေ့ရမည့်အရာမှာ လယ်ဗယ်(3)ကြောက်ရွံ့ခြင်း ဖြစ်နေပေသည်။
ထိုထိတ်လန့်မှု အတိုင်းအတာမှာ မှန်းဆ၍ပင် မရနိုင်လောက်ပေ။
ပို၍ အရေးကြီးသည်မှာ ယခုတစ်ကြိမ်တွင် အချိန်အတိအကျကို ဖော်ပြထားခြင်း မရှိပေ။
စနစ်ကပင် သူ့အား သေသေချာချာ ရွေးချယ်ရန် သတိပေးထားသည်။
ဆိုလိုသည်မှာ သူသာ မနက်ဖြန် ကျောင်းမသွားဘဲ ခွင့်ယူလိုက်ပါက ဤထိတ်လန့်ဖွယ်ရာ ကိစ္စနှင့် မကြုံတွေ့ရဘဲ ရှောင်ရှားနိုင်သည် မဟုတ်ပါလား။
ယောင်ပင်း ခဏမျှ တွေဝေနေသော်လည်း နောက်ဆုံး၌ အတည်ပြုရန် ခလုတ်ကို နှိပ်လိုက်တော့သည်
နောက်တစ်နေ့...
ယောင်ပင်းသည် ပုံမှန်အတိုင်းပင် ကျောင်းသို့ သွားခဲ့၏။
သို့သော် သူ၏ စိတ်ထဲတွင်တော့ တစ်ချိန်လုံး မတင်မကျ ဖြစ်နေရသည်။
ထိတ်လန့်ဖွယ်ရာ ကိစ္စမှာ သူတို့၏ အတန်းထဲတွင် ဖြစ်လာမည်ဖြစ်ပြီး အချိန်မရွေး ဖြစ်လာနိုင်သဖြင့် ယောင်ပင်းအတွက် နှိပ်စက်ခံနေရသကဲ့သို့ ရှိနေရသည်။
ယောင်ပင်းကို ပို၍ စိတ်ပျက်စေသည်မှာ ကျန်းရှောင်ပေနှင့် ကောရွှေတို့ကို အချိန်ပြည့် ရင်ဆိုင်နေရခြင်း ဖြစ်လေ၏။
ကောရွှေက ယောင်ပင်း၏ မျက်စိရှေ့တွင် ကျန်းရှောင်ပေ၏ ပခုံးကို ဖက်လျက် မကြာခဏဆိုသလို တမင်သက်သက် ကြွားဝါနေပြီး သူ၏ အပြုံးများမှာ ရန်စလိုသော အမူအရာနှင့် ဝင့်ကြွားမှုတို့ဖြင့် ပြည့်နှက်နေပေသည်။
သူာ ယောင်ပင်းကို ဤနည်းဖြင့် အရှက်ခွဲနေခြင်း ဖြစ်၏။
ယောင်ပင်း သူ၏ လက်သီးကို တင်းကြပ်စွာ ဆုပ်ထားလျက် ဒေါသကို အတင်းအကြပ်ထိန်းချုပ်နေရသည်။
ကောရွှေက တမင်လုပ်နေခြင်း ဖြစ်ကြောင်းကို သူသိ၏။ သူသာ အနည်းငယ်မျှ လှုပ်ရှားလိုက်ပါက ကောရွှေက ထိုအခွင့်အရေးကို အသုံးချကာ ပြဿနာရှာပြီး သူ့ကို ကျောင်းမှ ထုတ်ပစ်ရန် အကြောင်းပြချက် ရှာပေလိမ့်မည်။
တကယ်တမ်းတွင် ကောရွှေ ဤကဲ့သို့ လုပ်ဆောင်နေသည်မှာ တစ်ကြိမ်၊ နှစ်ကြိမ်မကတော့ပေ။
ကောရွှေက သူ့မိသားစု၏ ချမ်းသာကြွယ်ဝမှုကို အားကိုးကာ အတန်းဖော်များစွာကို နှိပ်စက်ညှင်းပန်းခဲ့ဖူးသူ ဖြစ်၏။
ယောင်ပင်း၏ မိခင်မှာ သူ့ပညာရေးအတွက် ပင်ပင်ပန်းပန်း လုပ်ကိုင်နေရသည်ဖြစ်သောကြောင့် သူ ကျောင်းထုတ်မခံနိုင်ပေ။
သူ့အနေဖြင့် အောင့်အည်း သည်းခံနေရုံသာ ရှိတော့သည်။
ကျန်းရှောင်ပေမှာတော့ ယောင်ပင်းကို တစ်ချက်မျှ လှည့်မကြည့်ဘဲ အနည်းငယ် စိုးရိမ်ပူပန်နေပုံရသည်။
သူမ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ဖျားနာနေသကဲ့သို့ပင်။
ယောင်ပင်းတစ်ယောက် အကြိမ်ပေါင်းများစွာ ရှေ့သို့ ပြေးထွက်ကာ ကျန်းရှောင်ပေအား မေးမြန်းချင်နေမိသည်။
သူမဘာဖြစ်နေတာလဲ။ ဘာလို့ သူ့ကို မပြောချင်ရတာလဲ။
သို့သော် ယောင်ပင်းက အကြောင်းရင်းကို ဤမျှ လျင်မြန်စွာ သိရှိရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
နောက်ဆုံးအချိန်မှာ ကိုယ်ပိုင်စာကြည့်ချိန်ဖြစ်ကာ တစ်တန်းလုံး တိတ်ဆိတ်နေ၏။
ရှေ့ဆုံးတန်းတွင်ထိုင်နေသော ကျန်းရှောင်ပေက ဗိုက်ကို လက်ဖြင့်အုပ်ကာ နာကျင်စွာ ညည်းတွားလျက် ရုတ်တရက် ထရပ်လိုက်သည်။
ကျန်းရှောင်ပေ၏ အပြုအမူကြောင့် တစ်တန်းလုံး၏ အာရုံက သူမထံသို့ ချက်ချင်း ရောက်ရှိသွားတော့၏။
ယောင်ပင်း၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားရသည်။
ဒါက.. ဖြစ်နိုင်လောက်လား...
သေချာပေသည်။ ထိုအချိန်တွင်ပင် ကျန်းရှောင်ပေက နောက်သို့ လန်ကျသွားပြီး သူမ၏ မျက်နှာက နောက်စေ့ဘက်သို့ ချက်ချင်း လည်ထွက်သွားလေသည်။
သူမ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေ၏။
အလွန်လှပခဲ့သော သူမ၏ မျက်နှာမှာလည်း နာကျင်မှုကြောင့် တွန့်လိမ်နေတော့သည်။
ထို့နောက်တွင် ကျန်းရှောင်ပေက သူမ၏ ဦးခေါင်းကို အရှေ့သို့ ရုတ်တရက် ပြန်ဆွဲလိုက်ပြီး လက်တစ်ဖက်ဖြင့် သူမ၏ ပါးစပ်ကို တင်းကြပ်စွာ အုပ်ထားလျက်၊ ကျန်လက်တစ်ဖက်ကတော့ ပါးစပ်အတွင်းသို့ နှိုက်ကာ တစ်စုံတစ်ခုကို ထုတ်ယူရန် ကြိုးစားနေခ့်သည်။
ယောင်ပင်း ထိတ်လန့်သွားပြီး မသိစိတ်ဖြင့် သူမထံသို့ ပြေးဝင်သွား၏။
ယောင်ပင်း ကျန်းရှောင်ပေထံသို့ ရောက်ခါနီးမှာပင် လက်တစ်ဖက်က သူ့ကို တားဆီးလိုက်သည်။
“ရပ်စမ်း”
တားဆီးလိုက်သူမှာ ကောရွှေပင်။
ကောရွှေက တစ်တန်းလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ယောင်ပင်းအား အေးစက်သော မျက်နှာထားဖြင့်မေးခွန်းထုတ်လိုက်သည်။
“မင်း ဘာလုပ်ချင်နေတာလဲ”
ကောရွှေ၏ မျက်လုံးထဲတွင် ယောင်ပင်းမှာ အသုံးမကျသော လူညံ့တစ်ယောက်၊ ငတုံးတစ်ယောက်သာ ဖြစ်၏။
သူက ယောင်ပင်း၏ ချစ်သူကို လုယူနိုင်ခဲ့သည်။
တစ်ကြိမ် သူပိုင်ဆိုင်သွားပြီးနောက်တွင် သူမက သူ၏ပစ္စည်းသာ ဖြစ်ရမည်ဖြစ်ပြီး ယောင်ပင်းက လုံးဝ ထိတွေ့ခွင့်မရှိဟု ယူဆထားသည်။
ထို့ကြောင့်ပင် သူက တစ်နေ့လုံး ယောင်ပင်းကို တမင်သက်သက် ရန်စနေခဲ့ခြင်း ဖြစ်၏။
ယောင်ပင်းက သူ့ကို မည်သည့်အရာမှ ပြန်မလုပ်နိုင်ဟု အခိုင်အမာ ယုံကြည်နေခဲ့သည်။
ပို၍ အရေးကြီးသည်မှာ သူသည်က အလွန်အမင်း ပျင်းရိနေသဖြင့် တစ်စုံတစ်ခုကို ပျော်စရာအဖြစ် ဖန်တီးလိုနေခြင်း ဖြစ်၏။
သို့သော် ယောင်ပင်းက သူ၏ ရှေ့တွင်ပင် ကျန်းရှောင်ပေထံသို့ ပြေးသွားဝံ့လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ဤသည်မှာ သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း မဟုတ်ပါလား။
သူ ယောင်ပင်းကို ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ။
ယောင်ပင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာပြောလိုက်သည်။
“ရှောင်ပေ နေမကောင်းဖြစ်နေပုံရတယ်၊ သူ့ကို ဆေးခန်းကို ပို့ဖို့ လိုအပ်တယ်”
မည်သို့ပင်ဖြစ်စေ သူတို့သည်က နှစ်နှစ်ကြာအောင် တွဲလာခဲ့ကြသူများ ဖြစ်သဖြင့် ကျန်းရှောင်ပေ၏ ဝေဒနာအတွက် သူ စိုးရိမ်နေမိသည်။
“ရှောင်ပေ? ရှောင်ပေလို့ ခေါ်ရအောင် မင်းက ဘာကောင်မို့လို့လဲ”
“မင်း မေ့သွားပြီလား၊ သူမက အခု ငါ့ရဲ့ ချစ်သူဖြစ်နေပြီ.. ငါ့ချစ်သူ နေကောင်းတာ မကောင်းတာက မင်းနဲ့ ဘာမှ မဆိုင်ဘူး”
“ထွက်သွားစမ်း”
…
ဖိနှိပ်ထားသော ဒေါသများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ယောင်ပင်း သူ၏ လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။
“ဒါဆိုလည်း သူမကို ဆေးခန်းကို မြန်မြန် ပို့ပေးလိုက်ပါ...”
ကောရွှေက ယောင်ပင်းကို စိုက်ကြည့်လျက်ပြောလာသည်။
“မင်းက ဘာကောင်မို့လို့ ငါ့ကို လာခိုင်းနေတာလဲ”
သူ့ကဲ့သို့ ပျော့ညံ့သည့်ကောင်က သူ့ကို လာပြီး အမိန့်ပေးနေသည်လား။
အိမ်ပြန်ပြီး မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ် အရင်ပြန်ကြည့်သင့်တယ်။
ပို၍ အရေးကြီးသည်မှာ သူက ကျန်းရှောင်ပေကို ဆေးခန်းသို့ ပို့ရန် လုံးဝ ဆန္ဒမရှိခြင်း ဖြစ်၏။
အကြောင်းရင်းကိုတော့ သူ မည်သူ့ကိုမျှ မပြောနိုင်ပေ။
ထိုနှစ်ဦး အငြင်းပွားနေသည်ကို မြင်လျှင် အတန်းထဲရှိ ကျောင်းသားများက အတင်းအဖျင်း ပြောဆိုလာကြသည်။
“ယောင်ပင်းက တကယ့် ငကြောက်ပဲ၊ သူ့ရည်းစားကို လုသွားပြီး ရှေ့မှာတင် လာကြွားနေတာတောင် စကားတစ်လုံး မပြောရဲဘူး ၊ အခု ကျန်းရှောင်ပေ နေမကောင်းဖြစ်တော့မှပဲ ဘာတွေ လာလုပ်ပြနေတာလဲ မသိဘူး”
“အသံတိုးတိုးပြောစမ်းပါ၊ ဟိုမှာ ကောရွှေနဲ့ ပေါင်းနေတဲ့ ကောင်တွေလာပြီ...”