အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း(9) တာအိုပညာရှင်
အစ်ကိုဟောင်က ယနေ့တွင် ယောင်ပင်းအတွက် သေသေချာချာ စီစဉ်ထားသော မြင်ကွင်းတစ်ခုကို ပြင်ဆင်ထားသည်။
ဤမြင်ကွင်းမှာ ယောင်ပင်းကို ဒုက္ခပေးရန် လုံလောက်လေသည်။
ယောင်ပင်းက တွေဝေခြင်းမရှိဘဲ ချက်ချင်း ခေါင်းငြိမ့်ပြလိုက်သည်။
“ကောင်းပြီ၊ ငါ မင်းနဲ့ လောင်းကြေးထပ်မယ်”
အစ်ကိုဟောင်က လက်ခုပ်တီးလျက် ကျေနပ်စွာ ရယ်မောလိုက်ပေသည်။
“ကောင်းတယ်၊ မင်းက တကယ့် သတ္တိခဲပဲ.. ကျန်းထျန်းရှီ...ခင်ဗျား ဒီကောင်လေးနဲ့ လောင်းကြေးထပ်လိုက်စမ်းပါ”
မကြာမီမှာပင် အစ်ကိုဟောင်၏ နောက်ကွယ်မှ တောက်ဝတ်စုံ ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး လူတစ်ယောက် ထွက်လာသည်။
ဤသူမှာ ကျန်းထျန်းရှီပင် ဖြစ်ပေသည်။
ကျန်းထျန်းရှီမှာ မျက်နှာစုတ်ချွန်းချွန်းနှင့်ဖြစ်ကာ အကြည့်များမှာ ရက်စက်လွန်းသဖြင့် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အေးစိမ့်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
သူပ ယောင်ပင်းအား အကဲခတ်လိုက်ပြီး အေးစက်စွာ ကြေညာလိုက်သည်။
“ငါ မင်းနဲ့ လောင်းကြေးထပ်မယ်၊ တကယ်လို့ မင်းက ငါ့ထက်အရင် အဲဒီအမျိုးသမီးကို ရှာတွေ့ရင် မင်း သူမကို ခေါ်သွားနိုင်တယ်၊ မဟုတ်ရင်တော့ မင်းနဲ့ ထိုအမျိုးသမီးက ငါ့ရဲ့ လက်ခုပ်ထဲက ရေပဲ”
ကျန်းထျန်းရှီက အသင့်ပြင်ပြီးသား ဖြစ်ပေသည်။
သူက ယောင်ပင်းကို အကောက်ကြံရန် အထူးရည်ရွယ်ထားခြင်း ဖြစ်၏။
ကျန်းရှောင်ပေ၏ ကိုယ်ထဲသို့ ပူးကပ်နေသော အစွမ်းထက် တစ္ဆေမှာ သူမအား ထိန်းချုပ်ရန်အတွက် သူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။
မမျှော်လင့်ဘဲ ယောင်ပင်းက ၎င်းကို နှိမ်နင်းနိုင်ခဲ့သည် မဟုတ်ပါလား။
ထိုအစွမ်းထက်တစ္ဆေမှာ ကျန်းထျန်းရှီ အချိန်အကြာကြီး ပြုစုပျိုးထောင်ထားခဲ့သည့် အရာဖြစ်သဖြင့် ၎င်းကို ဆုံးရှုံးလိုက်ရခြင်းမှာ သူ၏ နှလုံးသားကို နာကျင်စေခဲ့ပြီး ယောင်ပင်းကို သင်ခန်းစာပေးရန် ကျိန်ဆိုထားခဲ့သည်။
သို့သော် ယောင်ပင်းမှာ ကျောင်းလွယ်အိတ် လွယ်ထားသော သာမန် အထက်တန်းကျောင်းသားတစ်ဦးသာ ဖြစ်နေခဲ့သည်။
ကျန်းထျန်းရှီအနေဖြင့် ယောင်ပင်းအား လက်တစ်ဖက်တည်းနှင့်ပင် အလွယ်တကူ ချေမှုန်းပစ်နိုင်ပေသည်။
ကျန်းထျန်းရှီက ယုတ်မာစွာ နှာခေါင်းရှုံ့လိုက်သည်။
ယောင်ပင်းက သူ၏ အစွမ်းထက်တစ္ဆေတစ်ကောင်ကို ဖျက်ဆီးခဲ့သဖြင့် သူ့အနေဖြင့် ယောင်ပင်းကို အလောင်းတစ်ခုအဖြစ် ပြောင်းလဲကာ ပြန်လည်မွေးမြူရပေတော့မည်။
ယောင်ပင်းမှာတော့ ကျန်းထျန်းရှီက သူ့အပေါ် အငြိုးအတေး ထားရှိနေသည်ကို လုံးဝ မသိရှိသကဲ့သို့ ကျန်းထျန်းရှီ၏ ယုတ်မာသော ရည်ရွယ်ချက်ကိုလည်း မသိရှိချေ။
ကျန်းရှောင်ပေကို ရှာဖွေနိုင်ရန်အတွက် သူက ဆုံးဖြတ်ချက်တစ်ခုကို အဆင်အခြင်မဲ့စွာ ချလိုက်ပေသည်။
ကျန်းထျန်းရှီနှင့် လောင်းကြေးထပ်ရမယ်။
ယောင်ပင်းက ငါးစာကို မျိုချလိုက်ပြီဖြစ်ရာ အစ်ကိုဟောင်နှင့် ကျန်းထျန်းရှီတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ နားလည်မှုရှိစွာ ပြုံးလိုက်ကြပေသည်။
အစ်ကိုဟောင်က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။
“ကောင်းပြီ... စကြစို့”
ယောင်ပင်းက တည်ငြိမ်စွာပင် လက်ကို ဝေ့ယမ်းလိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်သည်။
“အစ်ကိုဟောင် ... ငါ့မှာ နောက်ထပ် အချက်တစ်ခု ရှိသေးတယ်”
ယောင်ပင်းက သူ့တွင် တောင်းဆိုချက်ချက်များရှိသည်ဟု ပြောလာချိန်တွင် အစ်ကိုဟောင်၏ မျက်နှာက ချက်ချင်းပင် ပျက်ယွင်းသွားသည်။
“ဘာလိုအပ်ချက်တွေလဲ”
ယောင်ပင်းက ကောရွှေနှင့် အစ်ကိုဟောင်တို့အား လက်ညှိုးထိုးပြလျက် ပြောခဲ့သည်။
“ခင်ဗျားတို့နှစ်ယောက်လုံး ကျွန်တော်တို့နဲ့အတူ ဒီတစ္ဆေအိမ်ထဲကို လိုက်ခဲ့ရမယ်”
ယခုအခါ ‘ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်းစာအုပ်’ ကို ဝယ်ယူရန်အတွက် ကြောက်ရွံ့ခြင်းတန်ဖိုး (၆၀,၀၀၀)တောင် လိုအပ်နေသွးသည်။
ယောင်ပင်းသည် ထိုပမာဏကို တစ်ကြိမ်တည်းနှင့် အပြီးအပိုင် ရရှိရန် ကြံစည်ထားလေ၏။
ကောရွှေက အလွန်တရာပင်သတ္တိနည်းလှသူဖြစ်ရာ သူနှင့်အတူရှိနေပါက ကြောက်ရွံ့ခြင်းတန်ဖိုးများမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာမည်ဖြစ်သဖြင့် ကြောက်ရွံ့ခြင်းတန်ဖိုး ရှာဖွေရန်အတွက် အကောင်းဆုံးသောသူပင် ဖြစ်ပေသည်။
ထို့ကြောင့်ပင် သူ့ကို မဖြစ်မနေ ထည့်သွင်းရမည်။
အစ်ကိုဟောင်အတက်ကတော့ ယောင်ပင်းက သူ့ကို သတိပေးချင်ရုံသာ ဖြစ်၏။
ယောင်ပင်းက သူနှင့် အစ်ကိုဟောင်ကိုပါ တစ္ဆေအိမ်ထဲသို့ လိုက်စေလိုကြောင်း ကြားသောအခါ ကောရွှေသည် ရှေ့သို့ အပြေးအလွှား တက်လာခဲ့သည်။
“မင်းကိုယ်မင်း သိပ်တော်လှပြီ ထင်နေတာလား၊ တောင်းဆိုမှုတွေ လုပ်ရအောင် မင်းက ဘယ်သူမို့လို့လဲ”
ယောင်ပင်းက လှောင်ပြောင်သော အမူအရာဖြင့် ပြောခဲ့သည်။
“ဘာလဲ... သခင်လေးကောက ကြောက်နေတာလား.. ငါနဲ့အတူ ဝင်ရမှာကို ကြောက်နေတာလား”
ကောရွှေမှာ ဆွံ့အသွားလေသည်။
အစ်ကိုဟောင်သည် ကောရွှေကို တားဆီးလိုက်ပြီးအမိန့်ပေးလိုက်လေသည်။
“ကောင်းပြီ၊ငါတို့ မင်းနဲ့အတူ လိုက်ခဲ့မယ်၊ ကျန်တဲ့လူတွေ တစ္ဆေအိမ်အပြင်မှာပဲ စောင့်နေကြ၊ ငါ့အမိန့်မပါဘဲ ဘယ်သူမှ အတွင်းကို မဝင်လာစေနဲ့”
အစ်ကိုဟောင်က ယောင်ပင်းကို ကိုင်တွယ်ရန် အပြည့်အဝယုံကြည်မှု ရှိနေသည်။ အကြောင်းမှာ ထိုတစ္ဆေအိမ်ထဲတွင် တစ္ဆေအစစ်တစ်ကောင်ရှိနေသောကြောင့် ဖြစ်၏။ ထို့အပြင် ထိုတစ္ဆေသည်က ကျန်းထျန်းရှီ ကိုယ်တိုင် မွေးမြူထားသော တစ္ဆေလည်း ဖြစ်ပေသည်။
ယောင်ပင်းသာ တစ္ဆေအိမ်အတွင်းသို့ ဝင်သွားပါက ရူးမသွားလျှင်တောင် သေလုမတတ် ကြောက်လန့်သွားလိမ့်မည်။
ထိုနည်းဖြင့် သူက ကျန်းရှောင်ပေ၏ လျှို့ဝှက်ချက်ကို ကာကွယ်နိုင်မည် ဖြစ်၏။ ထို့ကြောင့်ပင် အစ်ကိုဟောင်က ယနေ့ညတွင် ဤအကြံအစည်ကို ပြင်ဆင်ခဲ့ခြင်း ဖြစ်ပေသည်။
ကောရွှေက မလိုက်ချင်သော်လည်း အစ်ကိုဟောင်၏ အမိန့်ကို မဖီဆန်ဝံ့သဖြင့် တစ္ဆေအိမ်အတွင်းသို့ လိုက်ပါသွားရလေသည်။
သူတို့ လေးဦးသားက တစ္ဆေအိမ်အတွင်းသို့ အတူတကွ ဝင်ရောက်ခဲ့ကြ၏။ ယောင်ပင်းနှင့် ကျန်းထျန်းရှီတို့က ရှေ့မှဦးဆောင်ပြီး ကောရွှေနှင့် အစ်ကိုဟောင်တို့က နောက်မှ လိုက်ပါလာကြသည်။
ဤတစ္ဆေအိမ်ကို အကျဉ်းထောင်အသွင် ဖန်တီးထားခြင်းဖြစ်ပြီး တစ္ဆေအိမ်၊ ဝင်္ကပါနှင့် ဇာတ်ကောင် သရုပ်ဆောင်ခြင်းများကို ပေါင်းစပ်ထားကာ အခန်းပေါင်း (၁၀၀)ကျော် ပါဝင်လေသည်။
အသုံးအဆောင်ပစ္စည်းများနှင့် အပြင်အဆင်များမှာလည်း အလွန်ပင် စစ်မှန်လွန်းသည်။
ထိုတစ္ဆေအိမ်အတွင်း၌ လူတစ်ယောက် ကြောက်လန့်၍ သေဆုံးခဲ့ဖူးသည်ဟုပင် ဆိုကြ၏။
ထို့ကြောင့်ပင် အစ်ကိုဟောင်က ယောင်ပင်းကို တစ္ဆေအိမ်အတွင်းသို့ အထူးတလည် ပို့ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။
ယောင်ပင်းအား တစ္ဆေအစစ်က ခြောက်လှန့်ခြင်းကို မည်သူမျှ မသိစေရန် လက်တွေ့ဘဝနှင့် ထပ်တူကျသော အခြေအနေမျိုးကို ဖန်တီးခဲ့ခြင်း ဖြစ်၏။
တစ္ဆေအိမ်အတွင်း၌ အလွန်ပင် တိတ်ဆိတ်နေလေသည်။
ပတ်ဝန်းကျင် အနေအထားသည်လည်း ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ သူတို့ လေးဦး၏ ခြေသံနှင့် အသက်ရှူသံများကိုသာ ကြားနေရ၏။
ကောရွှေ၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- +၁၀၀။
ကောရွှေ၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- +၂၀၀။
…
မြင်ကွင်း၏ ညာဘက်အောက်ထောင့်ရှိ ကြောက်ရွံ့ခြင်းလယ်ဗယ်များ အဆက်မပြတ် မြင့်တက်နေသည်ကို ကြည့်ပြီး ယောင်ပင်း ကျေနပ်စွာ ပြုံးလိုက်မိ၏။
ကောရွှေကို ခေါ်ဆောင်လာခဲ့ခြင်းမှာ အမှန်တကယ်ပင် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ချေသည်။
“ကယ်ကြပါ... ကယ်ကြပါဦး”
“ကျွန်တော့်ကို ကယ်ပါဦး..”
သူတို့ လေးဦး သိပ်မဝေးလှသော နေရာသို့ ရောက်လာချိန်တွင် နောက်ဘက်မှ ရုတ်တရက် အကူအညီတောင်းသံ ထွက်ပေါ်လာလေသည်။
ချက်ချင်းပင် လက်တစ်ဖက် ထွက်ပေါ်လာပြီး ကောရွှေ၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲလိုက်၏။
ကောရွှေ၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- + အဆုံးမရှိ။
အစ်ကိုဟောင်၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- +၅၀၀၀။
ကျန်းထျန်းရှီ၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- +၁၀၀၀။
ယောင်ပင်း တစ်ဦးတည်းသာလျှင် အေးဆေးတည်ငြိမ်စွာ ရှိနေခဲ့သည်။
သူသည်က ဤတစ္ဆေအိမ်အတွင်း၌ တစ္ဆေစစ်သူကြီးများ ရှိနေသည်ကို ကြိုတင်သိရှိထားသဖြင့် တခြားသူများထက် ပိုမို တည်ငြိမ်နေခဲ့ခြင်း ဖြစ်၏။
“အား! တစ္ဆေကြီး”
ကောရွှေတစ်ယောက် လန့်ဖျန့်ကာ အော်ဟစ်လိုက်ပြီး ထိုလက်မှ လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်လေသည်။
အစ်ကိုဟောင်က ကောရွှေ၏ ဦးခေါင်းကို ရိုက်လိုက်သည်။
“တိတ်စမ်း! ဒါက ရုပ်သေးရုပ်ပဲလေ.. ဘာလို့ အော်နေတာလဲ၊ မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး၊ သတ္တိမရှိလိုက်တာ.. ဒီမှာ ကျန်းထျန်းရှီ ရှိနေတာတောင် မင်းက ဘာကို ကြောက်နေတာလဲ”
သူက ဒေါသတကြီး ဆဲဆိုလိုက်သည်။ သူက ရုပ်သေးရုပ်ကြောင့် ကြောက်လန့်သေဆုံးရခြင်း မဟုတ်ဘဲ ကောရွှေ၏ အော်သံကြောင့်သာ သေလုမတတ် လန့်သွားခြင်း ဖြစ်ပေသည်။
ဤကောင်လေးက အမြဲတမ်း လူတတ်ကြီးလုပ်တတ်သော်လည်း အရေးကြုံလာသောအခါ ယောင်ပင်းလောက်ပင် မတည်ငြိမ်နိုင်ချေ။
အလွန်ပင် ရှက်စရာကောင်းပေသည်။
အစ်ကိုဟောင် ဆဲဆိုပြီးသည်နှင့် အနောက်ဘက်မှ မကောင်းဆိုးဝါးဆန်သော ရယ်သံတစ်ခု ထွက်ပေါ်လာပြန်၏။
ထိုအသံက အလွန်ပင် အေးစက်လွန်သည်။ သူတို့ လေးဦးလုံး ပြိုင်တူ လှည့်ကြည့်လိုက်ကြသော်လည်း မည်သည့်အရာမျှ မရှိချေ။
“ဒါက အသံ effect တွေ ပေးထားတာနေမှာပါ၊ ဟုတ်တယ်မလား”
အစ်ကိုဟောင်က တည်ငြိမ်သကဲ့သို့ ဟန်ဆောင်လျက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
“ အစ်ကိုဟောင်... ဒါပေမဲ့ တစ္ဆေအိမ်က ဝန်ထမ်းတွေ အကုန် အိမ်ပြန်ကုန်ကြပြီလေ”
ကောရွှေက တံတွေးကို ခက်ခဲစွာ မျိုချလျက် ပြောလိုက်ချိန်တွင်တော့ အစ်ကိုဟောင်မှာ ဆွံ့အသွားရတော့သည်။ ဝန်ထမ်းများ အိမ်ပြန်သွားကြပြီဆိုလျှင် အကူအညီတောင်းနေသော ရုပ်သေးရုပ်နှင့် ကောရွှေ၏ ခြေကျင်းဝတ်ကို လာရောက်ဆွဲသော လက်က မည်သည့်အရာ ဖြစ်နေသည်လဲ။
ကျန်းထျန်းရှီ၏ တစ္ဆေများ ထွက်ပေါ်လာခြင်းလား။
သေလိုက်စမ်း!
ကျန်းထျန်းရှီအနေဖြင့် တစ္ဆေများကို မလွှတ်မီ ကြိုတင်သတိပေးသင့်သည် မဟုတ်ပါလား။
ဤအခြေအနေက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။
ယောင်ပင်းသည်လည်း ရုတ်တရက် တောင့်တင်းသွားလေ၏။
တစ္ဆေများ ထွက်ပေါ်လာတော့မည်ကို သူ သိရှိနေခဲ့သည်။
ကျန်းထျန်းရှီက သူ၏ ကိုယ်ပေါ်မှ ကြေးဓားကို ထုတ်ယူလိုက်ပြီး မာန်အဟုန်ဖြင့် ပြောလာသည်။
“သခင်လေးတို့ စိတ်အေးအေးထားကြပါ၊ ငါ ကျန်းထျန်းရှီ ရှိနေသရွေ့ အဲဒီတစ္ဆေတွေ အနားကိုမကပ်ရဲစေရဘူး”
သူ မွေးမြူထားသော တစ္ဆေများကိုပင် မခေါ်ယူရသေးသည်ကို သူကိုယ်တိုင်သာ သိပေသည်။ သို့သော် သူတို့၏ ပတ်ဝန်းကျင်တွင်တော့ ယင်စွမ်းအင်များ ရှိနေချေပြီ။
ဤသည်မှာ အခြားသော တစ္ဆေများရှိနေသည်ကို ဆိုလိုခြင်း ဖြစ်၏။
သို့သော်လည်း ကျန်းထျန်းရှီက ၎င်းတို့ကို လုံးဝ အရေးမစိုက်ပေ။ သူသည် ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံလာပြီး တစ္ဆေများစွာကို ဖမ်းဆီးခဲ့သူဖြစ်ရာ တစ္ဆေတစ်ကောင်တည်းကို ကြောက်ရန်မလိုပေ။
ထိုအချိန်တွင် ယောင်ပင်းက ရုတ်တရက် အော်ဟစ်လိုက်သည်။
“ကောရွှေ... မင်းနောက်မှာ တစ်ခုခု ရှိနေတယ်”
၎င်းတို့ သုံးဦးမှာ အစကတည်းက ထိတ်လန့်နေကြသူများ ဖြစ်ရာ ယောင်ပင်း၏ ရုတ်တရက် အော်ဟစ်သံကြောင့် အလန့်တကြား ဖြစ်သွားကြ၏။
အစ်ကိုဟောင်နှင့် ကျန်းထျန်းရှီတို့သည်လည်း ကောရွှေအား ကြည့်လိုက်လျှင် ကောရွှေ၏ နောက်ကျောဘက်၌ မည်းမှောင်နေသော အရိပ်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။
ထိုအမည်းရောင်အရိပ်မှာ ကောရွှေ၏ ကျောပြင်တွင် ကပ်လျက်ရှိနေပြီး ခေါင်းငိုက်စိုက်ချကာ လှုပ်ရှားမှုမရှိဘဲ ရှိနေပေသည်။
ယောင်ပင်း၏ အော်သံကြောင့် ကောရွှေက သတိလက်လွတ်ဖြင့် လှည့်ကြည့်ရန် ပြင်လိုက်သော်လည်း ကျန်းထျန်းရှီကချက်ချင်း သတိပေးလိုက်သည်။
“သခင်လေးကော... လှည့်မကြည့်နဲ့”
ထို့ကြောင့် ကောရွှေ၏ခေါင်းမှာ လှုပ်ရှားနေရင်း တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားလေသည်။
“ကျွန်တော့်နောက်မှာ... ဘာရှိနေလို့လဲ”
“အစ်ကိုဟောင်... မာစတာ... ကျွန်တော့်ကို ကယ်ပါဦး...”
…
အခန်း(10) အသက်နှင့်ရင်း၍ ကြွားဝါခြင်း
ကောရွှေက သူ့နောက်မှတစ္ဆေက ကျန်းထျန်းရှီ မွေးမြူထားသော တစ္ဆေမဟုတ်ကြောင်းကို မသိရှိပေ။
သူ စိတ်ထဲမှ ကြိတ်၍ ဟစ်အော်နေမိသည်။
သောက်ကျိုးနည်း။
ဒါက ယောင်ပင်းကို ခြောက်ရမှာ မဟုတ်ဘူးလား။
ဘာလို့ ငါ့ကို လာခြောက်နေတာလဲ။
တစ္ဆေတွေက ကြောက်ဖို့ကောင်းလွန်းတယ်ဆိုတာ သူတို့ မသိကြဘူးလား။
ကျန်းထျန်းရှီက သူ၏ ကြေးဓားကို အလျင်အမြန် ထုတ်ယူပြီးနောက် လက်ချောင်းကို ကိုက်ကာ ဓားပေါ်တွင် သွေးဖြင့် လိမ်းကျံလိုက်၏။
ထို့နောက် ကောရွှေ၏ နောက်တွင်ရှိနေသော အမည်းရောင်အရိပ်ကို ထိုးနှက်လျက် ဟစ်အော်လိုက်လေသည်။
“မကောင်းဆိုးဝါးကောင် ... ဒါကို ခံစားလိုက်စမ်း”
သူက ယောင်ပင်းကို ခြောက်လှန့်ရန် ရည်ရွယ်ထားသော်လည်း ယခုအခါ တစ္ဆေက ကောရွှေထံတွင် ကပ်ပါနေသဖြင့် ကောရွှေကို အရင်ကယ်တင်ရလိမ့်မည်။
ကျန်းထျန်းရှီသည် သူ၏ ဓားချက်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေ၏။
သူက တစ္ဆေကို အရင်နှိမ်နင်းပြီးမှ ယောင်ပင်းကို ခြောက်လှန့်ရန် ပြန်လည်လွှတ်ပေးမည်ဟု ကြံစည်ထားခြင်း ဖြစ်သည်။
သို့သော်လည်း ဓားဖြင့် ထိုးနှက်လိုက်သောအခါ မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။
ထိုအမည်းရောင်အရိပ်က ဦးခေါင်းကို အနည်းငယ်မျှသာ မော့၍ ကျန်းထျန်းရှီအား ကြည့်လိုက်လေသည်။
ကျန်းထျန်းရှီ အလွန်အမင်း ထိတ်လန့်သွား၏။ သူ၏ ကြေးဓားမှာ ဆရာဖြစ်သူထံမှ အမွေရရှိထားခြင်းဖြစ်ပြီး သူ၏ လူပျိုသွေးဖြင့်လည်း လိမ်းကျံထားခြင်း ဖြစ်သည်။
ဓားချက်တစ်ချက်တည်းနှင့်ပင် ထိုအမည်းရောင်အရိပ်၏ ဝိညာဉ်ကို ချေမှုန်းနိုင်ရမည် ဖြစ်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိရပါချေ။
ဤဒီတစ္ဆေက သူ၏ ကြေးဓားကို မကြောက်ဘူးလား။
ကောရွှေနှင့် အစ်ကိုဟောင်တို့သည်လည်း တစ်ခုခု မှားယွင်းနေပြီကို သတိထားမိကြ၏။
ယခင်က ၎င်းတို့မှာ ယောင်ပင်းကို ကြောက်လန့်၍သေသွားစေရန် ကျန်းထျန်းရှီအား တစ္ဆေလွှတ်ခိုင်းပြီး အကွက်ဆင်ခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော် ယခုအခါ ကျန်းထျန်းရှီက အလွန်အမင်း တည်ကြည်လေးနက်နေပြီး လက်ကိုပင် လှီးဖြတ်၍ တစ္ဆေကို အမှန်တကယ် နှိမ်နင်းနေပေပြီ။
ဤသည်ကို သိမြင်လိုက်သောအခါ ကောရွှေမှာ ကြောက်လန့်လွန်းသဖြင့် သွားများပင် စေ့မရတော့ပေ။
“အစ်ကိုဟောင်... ဒါက တကယ်ပဲ... တကယ်ပဲ တစ္ဆေလား”
အစ်ကိုဟောင်ကလည်း တုန်တုန်ယင်ယင်ဖြင့် ခေါင်းညိတ်ပြလေသည်။
“တကယ်ပဲ ဖြစ်လိမ့်မယ်...”
ကောရွှေ၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- +အဆုံးမရှိ။
အစ်ကိုဟောင်၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- +၅၀၀၀။
ကျန်းထျန်းရှီ၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- +၂၀၀၀။
“သခင်လေးကော... မ... မကြောက်ပါနဲ့၊ ငါ ထပ်ပြီး ကြိုးစားကြည့်ပါဦးမယ်”
ကြေးဓားပင် အသုံးမဝင်တော့ပြီဖြစ်၍ ကျန်းထျန်းရှီ၏ အသံမှာလည်း ယခင်ကကဲ့သို့ အားမာန်မရှိတော့ပေ။ ကြေးဓားသည်က တစ္ဆေပေါင်းများစွာကို နှိမ်နင်းနိုင်ခဲ့သော်လည်း ယခုအချိန်တွင် ဤအမည်းရောင်အရိပ်ကို အနည်းငယ်မျှပင် မတုန်လှုပ်စေနိုင်ခဲ့ချေ။
ကျန်းထျန်းရှီက ယနေ့တွင် သူနှင့် အဆင့်တူပြိုင်ဘက်နှင့် တွေ့ပြီဖြစ်ကြောင်း သိလိုက်လေသည်။
ထိုအချိန်တွင် အမည်းရောင်အရိပ်၏ ဦးခေါင်းက ဖြည်းညင်းစွာဖြင့် ရှေ့သို့ ရွေ့လျားလာပြီး ကောရွှေ၏ မျက်နှာနှင့် နီးကပ်လာ၏။
ကောရွှေနှင့် ထိုအမည်းရောင်အရိပ်တို့ မျက်လုံးချင်း ဆုံသွားကြသည်။
ထိုအမည်းရောင်အရိပ်၏ မျက်နှာမှာ မည်သည့်အင်္ဂါရပ်မျှမရှိဘဲ ဗလာဖြစ်နေလေသည်။
“အား...”
“ကယ်ကြပါဦး”
ကောရွှေ၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- +အဆုံးမရှိ။
အစ်ကိုဟောင်၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- +အဆုံးမရှိ။
ကျန်းထျန်းရှီ၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- +အဆုံးမရှိ။
ယောင်ပင်း၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- + အဆုံးမရှိ။
“ဒါ... ဒါက တစ္ဆေ.. တစ္ဆေစစ်သူကြီးပဲ”
ကျန်းထျန်းရှီ၏ အသံမှာ တုန်ယင်နေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း တုန်လှုပ်နေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေများသည်က သေဆုံးချိန်က ရုပ်သွင်ကို ချန်ထားတတ်ကြသော်လည်း တစ္ဆေစစ်သူကြီးများမှာတော့ မျက်နှာမရှိကြချေ။
မျက်နှာအင်္ဂါရပ်မရှိသော ဤအရာမှာ အမှန်တကယ်ပင် တစ္ဆေစစ်သူကြီး ဖြစ်ပေသည်။
ကျန်းထျန်းရှီသည်က ဤတစ္ဆေအိမ်အတွင်း၌ တစ္ဆေစစ်သူကြီးနှင့် တွေ့ရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
လုံးဝ ကံဆိုးလွန်းပေပြီ။
ကောရွှေသည် ယောင်ပင်းကို ခြောက်လှန့်ရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ အော်ဟစ်လေသည်။
“ကျန်းထျန်းရှီ... မင်းရဲ့တစ္ဆေကို မြန်မြန်ခေါ်ပြီး တိုက်ခိုင်းလေ၊ ဘာရပ်ကြည့်နေတာလဲ”
“ကောင်းပါပြီ... ငါ... ငါ ချက်ချင်း လုပ်ပါ့မယ်...”
ကျန်းထျန်းရှီက နှုတ်မှသာ ဝန်ခံလိုက်သော်လည်း စိတ်ထဲတွင်မူ ကောရွှေ၏ ဘိုးဘွား(18)ဆက်ကို ဆဲဆိုနေမိ၏။
သောက်ကျိုးနည်း!
မင်း ဘာသိလို့လဲ။
ဒီတစ္ဆေစစ်သူကြီးက သာမန်လူ ကိုင်တွယ်နိုင်တဲ့ အရာမဟုတ်ဘူး။
ငါ့ရဲ့တစ္ဆေက အစွမ်းထက်တယ်ဆိုပေမဲ့ ဒီတစ္ဆေစစ်သူကြီးရှေ့မှာတော့ မြေးအဆင့်လောက်ပဲ ရှိတာကွ။
ထိုအမည်းရောင်အရိပ်က ကျန်းထျန်းရှီအား ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။ ထို့နောက်တွင် ထိုအရိပ်က လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး ကျန်းထျန်းရှီ၏ လည်ပင်းကို ဖမ်းဆွဲလိုက်လေသည်။
ထိုအရိပ်၏ လှုပ်ရှားမှုမှာ နှေးကွေးလွန်းသဖြင့် ရုပ်ရှင်ပြကွက်တစ်ခုကဲ့သို့ တစ်ကွက်ချင်း မြင်နေရသော်လည်း ကျန်းထျန်းရှီမှာတော့ ရှောင်တိမ်းနိုင်ခြင်း မရှိချေ။
လည်ပင်းကို ဖမ်းဆွဲပြီးနောက် ထိုအရိပ်သည် သူ့ကို ဖြည်းညင်းစွာ မတင်လိုက်၏။
ကျန်းထျန်းရှီ၏ ကြောက်ရွံ့ခြင်းလယ်ဗယ်- + အဆုံးမရှိ။
“မာစတာ... မြန်မြန် လုပ်ပါဦး”
“မာစတာ.. မင်းရဲ့ကြေးဓားနဲ့ သူ့ကို မြန်မြန်ထိုးစမ်းပါ”
ကျန်းထျန်းရှီမှာ ကြက်လေးတစ်ကောင်ကဲ့သို့ အမည်းရောင်အရိပ်၏ မ,တင်ခြင်းကို ခံနေရသည်ကို မြင်သောအခါ ကောရွှေနှင့် အစ်ကိုဟောင်တို့သည်လည်း ကျန်းထျန်းရှီအား ပြန်လည်တိုက်ခိုက်ရန် အသည်းအသန် တိုက်တွန်းကြလေသည်။
“သခင်လေးတို့... ငါ.. ငါက သူ့ရဲ့ အသက်နေရာကို ရှာနေတုန်းမို့လို့ပါ...”
ကျန်းထျန်းရှီမှာ ပြောစရာစကားမရှိတော့သဖြင့် သူ၏မျက်နှာကိုသာ ထိန်းသိမ်းရန် ကြိုးစားနေရ၏။
အစ်ကိုဟောင်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်လေသည်။
“မင်းလည်ပင်းက သူ့ လက်ထဲရောက်နေပြီလေ၊ မြန်မြန်လုပ်စမ်းပါ..မဟုတ်ရင် ငါတို့အားလုံး သေတော့မယ်”
အစ်ကိုဟောင် ဒေါသထွက်သည်မှာလည်း မဆန်းပေ။ ဤအကွက်ကို မဆင်မီက ကျန်းထျန်းရှီသည်က သူမည်မျှ အစွမ်းထက်ကြောင်း ကြွားဝါခဲ့သော်လည်း ယခုတွင် သူကိုယ်တိုင်ပင် လည်ပင်းညှစ်ခံနေရပြီး မလှုုာနိုင်ဘဲ ရှိနေချေပြီ။
သူတို့အားလုံး ဒုက္ခရောက်နေချေပြီ။
“ငါ့ကို လုပ်ခွင့်ပေးပါ”
ယောင်ပင်းက ပြောလိုက်၏။
မာစတာကျန်းသည်က သူ၏ အစွမ်းရှိသမျှ အကုန်သုံးခဲ့ပြီးဖြစ်သကဲ့သို့ အစ်ကိုဟောင်နှင့် ကောရွှေတို့မှာလည်း အလွန်အမင်း ကြောက်လန့်နေကြပြီ ဖြစ်၍ သူ၏ ကြောက်ရွံ့ခြင်းတန်ဖိုးမှာ ၁၀၀,၀၀၀ ကျော်သွားချေပြီ။
ယခု သူ စတင်လှုပ်ရှားရန် အချိန်တန်ပြီ ဖြစ်ပေသည်။ သူကသူ၏ မက်မွန်သားဓားကို ထုတ်ယူကာ ယင်ယန်ဓားသိုင်းဂါထာကို ရွတ်ဖတ်၍ တိုက်ခိုက်ရန် ပြင်လိုက်၏။
သို့သော် အစ်ကိုဟောင်နှင့် တခြားသူများ၏ အမြင်တွင်မူ ယောင်ပင်းက လေထဲတွင် ဟန်အမူအရာ လုပ်နေခြင်းသာဖြစ်ပြီး သူ၏လက်ထဲတွင် မည်သည့်အရာမျှ မရှိချေ။
“မင်းလား.. မင်းက တစ္ဆေဖမ်းတတ်တယ် ဟုတ်လား”
“ကောင်စုတ်လေး... ဒါက တစ္ဆေစစ်သူကြီးပဲ၊ ငါတောင် မကိုင်တွယ်နိုင်တာကို မင်းက ကိုင်တွယ်နိုင်မယ် ထင်နေတာလား၊ မင်း သေချင်လို့လား”
…
ယောင်ပင်းက သူတို့ကို လှည့်ပင်မကြည့်တော့ဘဲ မက်မွန်သားဓားကို မြှောက်ကာ ထိုအမည်းရောင်အရိပ်ထံသို့ အလျင်အမြန် ထိုးနှက်လိုက်လေသည်။
အစ်ကိုဟောင်နှင့် အခြားသူများအတွက်တော့ ယောင်ပင်းက သာမန်အတိုင်း ဟန်ပြနေခြင်းသာ ဖြစ်လေသည်။
“မင်းလို ကောင်လေးကတော့ သေချင်လို့ ကျင်းတူးနေတာပဲ”
“ဒါက ကြွားဝါတဲ့ ပုံစံမျိုးလား”
“ဒါက ကြွားဝါတာမဟုတ်ဘူး၊ အသက်နဲ့ရင်းပြီး ကြွားဝါနေတာပဲ!”
*
ကျန်းထျန်းရှီသည် မော်ရှန်းဂိုဏ်း၏ တိုက်ရိုက်တပည့်ရင်းတစ်ဦးဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သူ ဖြစ်ပေသည်။
သူက အစ်ကိုဟောင်၏ ဖခင်ကိုယ်တိုင် အထူးပင့်ဖိတ်ထားရသော ဆရာကြီးတစ်ဦးဖြစ်ပြီး ချမ်းသာကြွယ်ဝသည့် လူကုံထံ အသိုင်းအဝိုင်းကြားတွင်လည်း အတော်ပင် နာမည်ကျော်ကြားလှ၏။
ထိုကဲ့သို့သော သူပင်လျှင် တစ္ဆေစစ်သူကြီးကို မနှိမ်နင်းနိုင်ချိန်တွင် ယောင်ပင်းက နှိမ်နင်းချင်သည်မှာ ရူးသွပ်သော အိမ်မက်ကို မက်နေခြင်းသာ ဖြစ်နေခဲ့သည်ပင်။
အစ်ကိုဟောင်နှင့် အခြားသူနှစ်ဦး၏ လှောင်ပြောင်မှုကို ယောင်ပင်းက ပြုံးရုံသာ ပြုံးပြလိုက်လေ၏။ သူ့အနေဖြင့် ပြန်လည်တုံ့ပြန်ရန် ပျင်းရိနေလေသည်။
မူလက သူ့အနေဖြင့် တစ္ဆေစစ်သူကြီးကို မက်မွန်သားဓားဖြင့် တိုက်ရိုက်နှိမ်နင်းရန် ကြံစည်ထားသော်လည်း ထိုသုံးဦး၏ လှောင်ပြောင်မှုကြောင့် စိတ်ကူးချက်ချင်း ပြောင်းလဲသွား၏။
အစ်ကိုဟောင်နှင့် တခြားသူတွေက မယုံကြည်ကြဘူးမလား။ ဒါဆို သူတို့ကို အညံ့ခံလာအောင် သူ လုပ်ပြလိုက်မယ်။
ယောင်ပင်းသည် ဆိုင်ကို အလျင်အမြန် ဖွင့်လိုက်၏။
သူက “တစ္ဆေစစ်သူကြီး၏ အမှတ်အသား” ဟု အမည်တပ်ထားသော မန္တန်စက္ကူတစ်ရွက်ကို ရှာဖွေတွေ့ရှိပြီး ဝယ်ယူလိုက်လေသည်။
ထို့နောက် ယောင်ပင်းက ၎င်းကို ထုတ်ယူကာ မက်မွန်သားဓားထိပ်ဖြင့် မန္တန်စက္ကူကို ချိတ်ယူလိုက်ပြီး တစ္ဆေစစ်သူကြီး၏ နဖူးပေါ်သို့ ရိုက်ကပ်လိုက်တော့၏။
တစ္ဆေစစ်သူကြီးက ယိုင်နဲ့သွားပြီး ယောင်ပင်းအား ရုတ်တရက် ကြည့်လိုက်လေသည်။
မြင်ကွင်းပေါ်တွင် စာသားအချို့ တရစပ် ပေါ်ထွက်လာ၏။
အဆင့် - ပဉ္စမအဆင့် တစ္ဆေစစ်သူကြီး။
လိင် - အမျိုးသား။
တိုက်ခိုက်ရေးစွမ်းရည် - အဆင့် ၅။
ဝါသနာ - အစားအသောက်။
“သေလိုက်ပါတော့”
“ဒီလောက် ကြောက်စရာကောင်းတဲ့ တစ္ဆေစစ်သူကြီးမှာ ဒီလို ချစ်စရာကောင်းတဲ့ ဝါသနာမျိုး ရှိနေတာလား”
ယောင်ပင်းမှာ မေ့လဲမတတ်ပင် ဖြစ်သွားချေသည်။
ထိို့နောက်တွင် သူက ပင်လယ်ကမ်းခြေမြို့ရှိ ကျော်ကြားသော စားသောက်ဖွယ်ရာများကို ဦးနှောက်ခြောက်မတတ် စဉ်းစားကာ တစ္ဆေစစ်သူကြီးအား မည်သည့်အရာဖြင့် ဆွဲဆောင်ရလျှင် အကောင်းဆုံးဖြစ်မည်လဲဟု ရှာဖွေခဲ့သည်။
သို့သော် အစ်ကိုဟောင်နှင့် အခြားသူနှစ်ဦး၏ အမြင်တွင်မူ ယောင်ပင်းသည် လေထဲ၌ ဟန်ပြသက်သက် အမူအရာတစ်ခု လုပ်ပြပြီးနောက် တစ္ဆေစစ်သူကြီး၏ ဆံပင်တစ်မျှင်ကိုပင် မထိခိုက်စေဘဲ အလေးအနက် စဉ်းစားနေခြင်းသာ ဖြစ်ပေသည်။
ယခုအခါ အစ်ကိုဟောင်နှင့် ကောရွှေတို့သည် ယောင်ပင်းမှာ အထောက်အထားမရှိဘဲ လိမ်ညာနေခြင်းသာဖြစ်ကြောင်း ပို၍ပြောနိုင်ကြပြီ ဖြစ်၏။
“ယောင်ပင်း... မင်းက တစ္ဆေစစ်သူကြီးကို စိတ်တန်ခိုးနဲ့ နှိမ်နင်းဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်”
“လူတွေ လိမ်တာကို ငါမြင်ဖူးပါတယ်၊ ဒါပေမဲ့ စိတ်နဲ့တင် လိမ်နေတာမျိုးတော့ တစ်ခါမှ မတွေ့ဖူးသေးဘူး၊ မာစတာကျန်း... တစ်ခုခု စဉ်းစားပါဦး၊ ကျွန်တော့်ကို ကယ်ပါဦး”
မာစတာကျန်းမှာတော့ အလွန်ပင် ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရပေသည်။
သူသည် လက်ရှိတွင် တစ္ဆေစစ်သူကြီး၏ လည်ပင်းညှစ်ခြင်းကို ခံနေရသဖြင့် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန်ပင် အချိန်မရှိပါချေ။ ကောရွှေကို မည်သို့ ကယ်တင်နိုင်ပါမည်နည်း။
ဒီသခင်လေးတွေက အရမ်း ပျော့ညံ့လွန်းကြတာပဲ။