အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း(15) ပထမဆုံးအကြိမ် ကံကြမ္မာပြောင်းလဲခြင်း
ယောင်ပင်း ရေတွက်နေခဲ့သည်။
“တစ်... နှစ်...”
အခန်းထဲရှိ လေထုမှာ လေးလံထိုင်းမှိုင်းနေချေပြီ။
လူတိုင်းက ယောင်ပင်းကို စိုးရိမ်တကြီး ကြည့်လိုက်၊ မိုရှောက်ယောင်ဘက်သို့ လှည့်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။
မိုရှောက်ယောင်မှာတော့ လုံးဝ မလှုပ်မယှက်ရှိနေပြီး သတိရလာမည့် အရိပ်အယောင်လည်း မတွေ့ရသေးပေ။
မာစတာချင်က အောင်နိုင်သူကဲ့သို့ လှောင်ပြောင်လိုက်သည်။
“ကံကြမ္မာကို ပြောင်းလဲမယ် ဟုတ်လား မင်းကတော့ အကြွားသန်လွန်းသားပဲ၊
ငါပြောမယ် ကောင်လေး... မိန်းကလေးရဲ့ အသက်က အမျှင်တန်းလေးပဲ ကျန်တော့တာ၊ သူ့ရဲ့ အချိန်တွေကို အလဟဿ မဖြုန်းစမ်းနဲ့၊
ငါတို့နဲ့ လွှတ်ထားလိုက်တော့၊ တကယ်လို့ မိန်းကလေးသာ တစ်ခုခုဖြစ်သွားရင် မင်းရဲ့ အသက်နဲ့ ပေးဆပ်ရလိမ့်မယ်”
ဤတစ်ကြိမ်တွင် ယောင်ပင်း သေချာပေါက် ဒုက္ခရောက်တော့မည်ဟု သူ ယုံကြည်ထားပေသည်။
မိုမိသားစုအကြီးအကဲ၏ အချစ်ဆုံးသော မြေးမလေး၏ အသက်နှင့် သေခြင်းကို နောက်ပြောင်ရဲသည်ဖြစ်၍ အဘိုးအိုကိုယ်တိုင် ယောင်ပင်းကို လွှတ်ပေးမည် မဟုတ်ချေ။
ထိုအချိန်ကျလျှင် သူ လက်ဖျားနှင့်ပင် တို့စရာ မလိုတော့ပေ။
တခြား တာအိုဘုန်းကြီးများကလည်း မြှောက်ထိိးပင့်ကော်လုပ်လာကြသည်။
“ဒီကလေးက တမင်တကာ ပြဿနာရှာနေတာ မဟုတ်ဘူးလား၊ အခုလေးတင်ပဲ ကံကြမ္မာကို ပြောင်းလဲလိုက်ပြီလို့ သူ ပြောခဲ့တယ်လေ၊ ဘာလို့ မိန်းကလေးက သတိမရသေးတာလဲ”
“အဲဒါကို ကံကြမ္မာ ပြောင်းလဲတာလို့ ခေါ်တာလား၊ ဒါက လျှောက်ပြီး လက်ရမ်းပြနေတာသက်သက်ပဲ မိန်းကလေးရဲ့ အသက်နဲ့ နောက်ပြောင်ရဲတယ်ဆိုတော့ ဒီကလေးတော့ သွားပြီ!”
…
တာအိုဘုန်းကြီးများမှာ အပြစ်အားလုံးကို ယောင်ပင်းအပေါ် ပုံချရန် တမင်တကာ သွေးထိုးပေးနေကြခြင်း ဖြစ်လေသည်။
သူတို့ မိုရှန် ဂိုဏ်းဝင်များကို မေးခွန်းထုတ်ရဲသည်ဖြစ်၍ သတ္တိကောင်းလွန်းသည်ဟုဆိုရမည်။
မိုရှောက်ယောင်က သတိမရသေးပေ။
အဘိုးအို၏ မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများတွင်လည်း စိတ်ပျက်သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
သူသည်က အံ့ဖွယ်တစ်ခုကို အလွန်အမင်း မျှော်လင့်မိပြီး လူငယ်လေးတစ်ယောက်ကို ယုံကြည်မိခဲ့ချေပြီ။
မိုလီချွမ်က သက်ပြင်းတစ်ချက်ကိုချလိုက်ပြီး လက်ဝေ့ယမ်းကာ အနက်ရောင် ဝတ်စုံဝတ် လူအချို့ကို အမိန့်ပေးလိုက်၏။
“မင်းတို့ ဘာရပ်ကြည့်နေတာလဲ၊ ဒီကောင်လေးကို အမြန်ဆုံး အပြင်ကို ဆွဲထုတ်သွားပြီး သေချာ စောင့်ကြည့်ထားစမ်း၊ သခင်မလေးရဲ့ အသက်က စိုးရိမ်ရနေပြီ၊
အခု ချက်ချင်း မကယ်ရင် နောက်ကျသွားလိမ့်မယ်၊ မာစတာတွေကို အမြန်ဆုံး ယဇ်ပူဇော်ခိုင်းလိုက်တော့”
အနက်ရောင် ဝတ်စုံဝတ်လူများသည်လည်း အမိန့်ကို နာခံကာ ယောင်ပင်းထံသို့ အမြန်လျှောက်လာပြီး တံခါးဝသို့ ဆွဲခေါ်သွားကြလေသည်။
ယောင်ပင်းက သူတို့ကို ဂရုမစိုက်ဘဲ နောက်ဆုံးဂဏန်းကို ဖြည်းညင်းစွာ ရွတ်ဆိုလိုက်၏။
“သုံး..”
လူတိုင်းက မိုရှောက်ယောင်ထံသို့ ထပ်မံ ကြည့်လိုက်ကြပြန်သည်။
မိုရှောက်ယောင်က သတိရမလာသေးပေ။
မာစတာချင်က ကျေနပ်အားရစွာ လှောင်ပြောင်လိုက်သည်။
“ဒီလို အချိန်မျိုးမှာတောင် ဟန်ဆောင်နေတုန်းပဲ ၊ ဒီဘက်ခေတ် ကလေးတွေကတော့ တကယ့်ကို ထူးခြားတယ်၊ ဘာမဆို လျှောက်ကြွားရဲကြတယ်...”
သူ၏ စကားက တစ်ဝက်သို့ပင် မရောက်သေးမီ လူငယ်တာအိုဘုန်းကြီးလေးတစ်ပါးက တိုးတိုးလေး ခေါ်လိုက်၏။
“မာစတာ”
မာစတာချင်က ဒေါသထွက်စွာ ငေါက်လိုက်သည်။
“အကြီးအကဲတွေ စကားပြောနေရင် ကြားဖြတ်မပြောရဘူးလို့ မင်းရဲ့ ဆရာက မသင်ပေးထားဘူးလား”
လူငယ်တာအိုဘုန်းကြီးလေးက မိုရှောက်ယောင်ကို စိုးရိမ်တကြီး ညွှန်ပြလိုက်သည်။
“မဟုတ်ဘူး မာစတာ... ဟိုဘက်မှာ ကြည့်လိုက်ပါဦး...”
မာစတာချင်က မိုရှောက်ယောင်ဘက်သို့ စိတ်မကျေနပ်စွာကြည့်လိုက်မိသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် မာစတာချင်၏ မျက်လုံးများက ပြူးကျယ်သွားတော့သည်။
အစောပိုင်းက သတိမေ့နေသော မိုရှောက်ယောင်၏ မျက်ခွံများမှာ အနည်းငယ် လှုပ်ခတ်နေချေပြီ။
မာစတာချင်က မိုချန်ကျုံးနှင့် မိုလီချွမ်တို့ဘက်သို့ အမြန်ကြည့်လိုက်လျှင် သူတို့၏ အာရုံမှာ အပြင်သို့ ဆွဲထုတ်ခံနေရသော ယောင်ပင်းထံသို့သာ ရောက်နေပြီး မိုရှောက်ယောင်ကို လုံးဝ သတိမထားမိကြသည်ကို တွေ့လိုက်ရသည်။
သူသည် တခြား တာအိုဘုန်းကြီးများကို ချက်ချင်း အချက်ပြလိုက်ပြီး အော်ဟစ်လိုက်၏။
“မင်းတို့ ဘာရပ်ကြည့်နေတာလဲ၊ အမြန်ဆုံး ယဇ်ပူဇော်ကြတော့”
မိုရှောက်ယောင်၏ ဝိညာဉ်သုံးပါးက ရှိနေသေးသော်လည်း သူမ၏ လိပ်ပြာခုနစ်ပါးမှာ ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်သောကြောင့် သူမ သတိရလာရန် လုံးဝ မဖြစ်နိုင်ပေ။
သို့သော် ယခုအခါ မိုရှောက်ယောင်မှာ သတိရလာမည့် အရိပ်အယောင်များကို ထင်ရှားစွာပြသနေချေပြီ။
မာစတာချင်မှာ ထိတ်လန့်သွားတော့သည်။
ဒီကလေးက ကံကြမ္မာကို တကယ် ပြောင်းလဲနိုင်တဲ့ အရည်အချင်း ရှိနေတာလား။
သို့သော် သူ့ကို ပို၍ စိုးရိမ်စေသည်မှာ မိုမိသားစုပင် ဖြစ်သည်။
အကယ်၍ မိုမိသားစုကသာ သူသည်က အထက်တန်းကျောင်းသားတစ်ယောက်ထက် အရည်အချင်း နိမ့်ကျသည်ကို သိသွားပါက သူ,ချင်ဖာချိုင် နှင့် မိုရှန်ဂိုဏ်း၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။
ထို့ထက် ပို၍အရေးကြီးသည်မှာ မိုမိသားစုနှင့် ပတ်သက်ပြီး လူမှုအသိုင်းအဝိုင်းတွင် နေရာရရန်ဟူသော သူ၏ မျှော်လင့်ချက်များမှာလည်း ပျက်သုဉ်းသွားပေလိမ့်မည်။
မဖြစ်ဘူး။
မိုရှောက်ယောင် သတိမရလာခင်မှာပင် သူ ယဇ်ပူဇော်ပြီး သူမ၏ လိပ်ပြာများကို မောင်းထုတ်ကာ သူ မွေးမြူထားသော တစ္ဆေကို ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေရမည်။
ထိုအချိန်မှသာ မိုရှောက်ယောင် နိုးလာခဲ့လျှင် ယောင်ပင်းတွင် မည်သည့် ဂုဏ်ပုဒ်မျှရှိတော့မည် မဟုတ်ပေ။
တာအိုဘုန်းကြီးများမှာ အခြေအနေကို နားလည်လိုက်ကြပြီး ယဇ်ပူဇော်ရန် တင်ပလ္လင်ခွေ ထိုင်လိုက်ကြသည်။
ထိုအချိန်မှာပင် မိုရှောက်ယောင်က ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ဖြည်းညင်းစွာ ထထိုင်လိုက်ကာ ပတ်ဝန်းကျင်ကို ကြောင်အစွာဖြင့် ကြည့်ရင်း မေးလိုက်သည်။
“ဘာတွေ ဖြစ်နေတာလဲ”
ထို့နောက် သူမက တံခါးဝသို့ ဆွဲခေါ်ခံနေရသော ယောင်ပင်းကို မြင်သွားပြီး ရှုပ်ထွေးစွာ မေးလိုက်၏။
“နင့်ကို ဘာလို့ ဖမ်းထားကြတာလဲ”
မိုရှောက်ယောင် မှတ်မိသလောက်မှာ သူမသည်က သူမ၏ အဘိုးနှင့် ဖုန်းပြောနေချိန်တွင် ခေါင်းထဲမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး အရာအားလုံး မှောင်မည်းသွားကာ သတိလွတ်သွားခဲ့သည်အထိသာရှိသည်။
ယခု သူမ သတိရလာပြီးနောက်တွင် အခန်းထဲတွင် လူအများအပြားနှင့် တာအိုဘုန်းကြီးများစွာကို မြင်လိုက်ရသောကြောင်း ဖြစ်ခဲ့သည့်အရာကို သူမ ချက်ချင်း နားလည်သွားပြီး မိုချန်ကျုံးကို လှည့်မေးလိုက်သည်။
“အဘိုး... သမီး သေလုနီးပါး ဖြစ်သွားတာလား”
မိုလီချွမ်၏ ဖေးမမှုဖြင့် မိုချန်ကျုံးက တုန်တုန်ရင်ရင်ဖြင့် မိုရှောက်ယောင်ထံ လျှောက်လာပြီး ပြောလိုက်၏။
“ယောင်ယောင်... သမီး... သမီး သတိရလာပြီလား၊ ကောင်းပြီ... သတိရလာတာ ကောင်းတာပေါ့.. ဘုရားသခင်ကို ကျေးဇူးတင်ရမယ်၊ ငါ မိုချန်ကျုံးတစ်ယောက် ငါ့မြေးလေးကို မြေမြှုပ်စရာ မလိုတော့ဘူး”
မိုကတော်မှာလည်း ပြေးလာပြီး မိုရှောက်ယောင်ကို တင်းတင်းကျပ်ကျပ် ဖက်ကာ ငိုချလိုက်တော့သည်။
ဆုံးရှုံးလုနီးပါးဖြစ်ပြီးမှ ပြန်လည်ရရှိလိုက်သည့် ပီတိကို သူတို့သာ နားလည်နိုင်ပေလိမ့်မည်။
မာစတာချင်မှာတော့ ကြောင်အသွားတော့သည်။
မိုရှောက်ယောင် သတိရလာခြင်းမှာ အချိန်ကိုက်ဖြစ်လွန်းသည်။
သူတို့ကို ဂုဏ်ယူခွင့်ပင် အခွင့်အရေး မပေးခဲ့ပေ။
အခု မိုလီချွမ်ကို သူ ဘယ်လို ရှင်းပြရတော့မလဲ။
“ယောင်ယောင် သတိရလာတာက မာစတာချင်နဲ့ တခြားလူတွေကြောင့်ပါ...”
မိုလီချွမ်က မာစတာချင်ကို အမြန်ဆုံး ချီးမွမ်းလိုက်သည်။
“ယောင်ယောင် သတိလစ်သွားတဲ့ အချိန်ကနေ နိုးလာတဲ့အထိ မာစတာချင်တို့က မနားမနေ ကြိုးစားပေးခဲ့ကြတာ၊ သူတို့ရဲ့ ကျေးဇူးက အဆုံးမရှိလောက်အောင်ပဲ”
မာစတာချင်ကလည်း နှိမ့်ချသော အမူအရာဖြင့် အမြန်ပင် ပြန်ပြောလိုက်၏။
“ဒါက ဘာမှ မဟုတ်ပါဘူး... ဘာမှ မဟုတ်ပါဘူး...”
ထိုသို့ပြောရင်း သူက ယောင်ပင်းကို ကျေနပ်အားရစွာ ကြည့်လိုက်သည်။
ယောင်ပင်းက ကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့ရင်တောင် ဘာဖြစ်လဲ။
မိုမိသားစုကသာ ဤကျေးဇူးမှာ သူ၏ ကျေးဇူးဖြစ်သည်ဟု ဆိုလျှင် မည်သူမျှ လုယူနိုင်မည် မဟုတ်ပေ။
သို့သော် မာစတာချင် စကားမဆုံးသေးမီမှာပင် မိုရှောက်ယောင်က ချက်ချင်း ငြင်းဆိုလိုက်ပြီး တံခါးဝသို့ ဆွဲခေါ်ခံနေရသော ယောင်ပင်းကို ညွှန်ပြကာ ပြောလိုက်သည်။
“အဘိုး... သမီးရဲ့ အသက်ကို ကယ်ခဲ့တာ မာစတာချင် မဟုတ်ဘူး၊ သူပါ”
မာစတာချင်နှင့် မိုလီချွမ်တို့၏ မျက်နှာမှာ တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားတော့သည်။
မိုချန်ကျုံးက အံ့သြတကြီး မေးလိုက်၏။
“ယောင်ယောင်.. မင်းကို ကယ်ခဲ့တာ သူပဲလို့ သမီး ဘယ်လိုလုပ် သေချာနေတာလဲ”
မိုရှောက်ယောင်က ခိုင်မာစွာ ပြန်ဖြေလိုက်သည်။
“ဘာလို့လဲဆိုတော့ သူ သမီးကို ကယ်တင်ပေးမယ်လို့ ကတိပေးခဲ့တယ်”
ထိုသို့ပြောလိုက်ရင်းဖြင့် မိုရှောက်ယောင်၏ လှပသော မျက်လုံးများမှာ တောက်ပသွားပြီး ယောင်ပင်းကို တိုက်ရိုက် စိုက်ကြည့်လိုက်ကာ သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
သူက သူမကို တကယ် ကယ်ခဲ့တာပဲ။
သူ ကတိမဖျက်ခဲ့ဘူး။
မိုရှောက်ယောင် ထိုစကားကို ပြောလိုက်သည်နှင့် မာစတာချင်၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။
မိုလီချွမ်က မာစတာချင်ကို မျက်စောင်းထိုးကြည့်လိုက်ပြီး အနက်ရောင် ဝတ်စုံဝတ် လူများကို ဦးအောင် ငေါက်လိုက်၏။
“သူက သခင်မလေးရဲ့ ကျေးဇူးရှင် ဖြစ်နေမှတော့ ငါတို့ မိုမိသားစုရဲ့ ကျေးဇူးရှင်ပဲ၊ အခု ချက်ချင်း လွှတ်ပေးလိုက်ကြစမ်း”
သူ၏ အစီအစဉ်များကို မိုချန်ကျုံး သိသွားစေရန်အတွက် သူ လုံးဝ ခွင့်မပြုနိုင်ပေ။
အနက်ရောင် ဝတ်စုံဝတ် လူများလည်း ကြောင်သွားကြ၏။
ခုနကမှ ဒီကောင်လေးကို မဆင်မခြင် လုပ်တယ်လို့ ဆဲဆိုခဲ့ကြတာလေ။
အခု မျက်တောင်တစ်ခတ်အတွင်းမှာဒီကောင်လေးက သခင်မလေးရဲ့ ကျေးဇူးရှင် ဖြစ်သွားခဲ့ပြန်ပြီလား။
သူတို့က မပေါ့ဆရဲတော့ဘဲ ယောင်ပင်းကို ချက်ချင်း လွှတ်ပေးလိုက်ကာ အိမ်ထဲသို့ ရိုသေစွာ ဖိတ်ခေါ်လိုက်ကြသည်။
မာစတာချင်နှင့် အခြားလူများမှာတော့ ဒေါသကြောင့် မျက်နှာပျက်ရင်း ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ယောင်ပင်းက မာစတာချင်နှင့် အခြား တာအိုဘုန်းကြီးများကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အကြည့်မှာ အိုးလေးထံတွင် ရပ်တန့်သွားသည်။
သူက ဖြည်းညင်းစွာ ပြောလိုက်၏။
“မာစတာချင်... ဒီအိုးထဲမှာ ဘာရှိလဲဆိုတာ ကျွန်တော် အရမ်း စိတ်ဝင်စားမိတယ်၊ ကျွန်တော့်ကို ပြလို့ ရမလား”
ယောင်ပင်း ထိုစကားပြောလိုက်သည်နှင့် မာစတာချင်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
အခြား တာအိုဘုန်းကြီးများလည်း ချက်ချင်းပင် တောင့်တင်းသွားကြ၏။
မိုလီချွမ်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း သူက ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ရယူကာ မာစတာချင်ဘက်သို့ ငေါက်ငမ်းလိုက်သည်။
“မင်းတို့တွေ မလုပ်နိုင်တဲ့ အလုပ်ကို လက်မခံနဲ့၊ မင်း ယောင်ယောင်ကို ကယ်ဖို့ ကြိုးစားခဲ့တာကို ထောက်ထားပြီး ပင်းဟိုင်ကနေ အခုချက်ချင်း ထွက်သွားတော့၊ ငါ့မျက်စိရှေ့ကို နောက်တစ်ခါ လာမပေါ်နဲ့!”
ထို့နောက် သူသည် ယောင်ပင်းကို ပြုံးပြရင်း ပြောလိုက်၏။
“ယောင်ယောင်က ခုမှ နိုးတာဆိုတော့ အားနည်းနေသေးတယ်၊ ဒီလို မသန့်ရှင်းတဲ့ အရာတွေကို မကြည့်တာ အကောင်းဆုံးပါပဲ”
ရုတ်တရက် ဝင်လာသော ဤကောင်လေးမှာ သာမန်လူ မဟုတ်ပေ။ ထိုအိုးထဲတွင် မည်သည့်အရာများရှိသည်ကို သူ လုံးဝ အကြည့်ခံ၍ မရပေ။
ယောင်ပင်း၏ နောက်ကြောင်းကို သူ မသိရှိပါချေ။ အိုးထဲတွင် မာစတာချင် မွေးမြူထားသော တစ္ဆေရှိနေသည်ကို ယောင်ပင်းက ဖော်ထုတ်လိုက်ပါက သူ၏ ဖခင်မှာ သံသယဝင်သွားမည်ကို သူ အလွန်စိုးရိမ်နေပေသည်။
မာစတာချင်သည်လည်း အခြေအနေကို နားလည်လိုက်ပြီး အိုးကို ချက်ချင်းယူကာ အခြား တာအိုဘုန်းကြီးများနှင့်အတူ အရှက်တကွဲ ထွက်ခွာသွားလေတော့သည်။
ထွက်ခွာသွားရင်းဖြင့် မာစတာချင်က ယောင်ပင်းကို မကျေမနပ် ကြည့်လိုက်သည်။
သူ၏ အနာဂတ်ကို ဖျက်ဆီးရဲသောကြောင့် ယောင်ပင်းအား သေချာပေါက် ပေးဆပ်ခိုင်းရမည်။
သူ ကျိန်ဆိုလိုက်ချေပြီ။
*
အခန်း(16) အလှူငွေ
နောက်တစ်နေ့တွင်...
ပြည်သူ့ဆေးရုံကြီး အမှတ် (၁)။
မိုချန်ကျုံးနှင့် သူ၏ ဇနီး၊ မိုလီချွမ်တို့က မိုရှောက်ယောင်အား ဆရာဝန်မှ စစ်ဆေးနေသည်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။
ခဏအကြာတွင် ဆရာဝန်မှာ အံ့အားသင့်သော မျက်နှာဖြင့် မိုချန်ကျုံးနှင့် မိုလီချွမ်ကို ပြောလိုက်၏။
“သခင်မလေးက... လုံးဝ ပြန်ကောင်းသွားပါပြီ၊ အခု သူမက အပြည့်အဝ ကျန်းမာနေပြီ”
မိုချန်ကျုံးမှာ အလွန်အမင်း ဝမ်းသာသွားပြီး မျက်ရည်များပင် ဝဲလာတော့သည်။
မိုလီချွမ်ကတော့ ပြုံးပြနေသော်လည်း သူ၏ မျက်လုံးများမှာ မှောင်မိုက်နေသည်။
သူ ကြာရှည်စွာ ကြံစည်ခဲ့သော အစီအစဉ်မှာ ဘယ်ကမှန်းမသိသော လူငယ်တစ်ယောက်ကြောင့် ပျက်စီးသွားခဲ့ရချေပြီ။
မိုကတော်ကြီးမှာတော့ ရယ်လိုက် ငိုလိုက်ဖြင့် ဖြစ်နေကာ မိုရှောက်ယောင် အမှန်တကယ် ပြန်ကောင်းသွားပြီလားဟု ဆရာဝန်ကို ထပ်ခါထပ်ခါ မေးနေမိသည်။
ဆရာဝန်က အတည်ပြုလိုက်ပြီးနောက်မှသာ မိုကတော်ကြီးက စိတ်လှုပ်ရှားစွာဖြင့် မိုရှောက်ယောင်ကို တင်းတင်းကျပ်ကျပ် ဖက်ကာ ငိုချလိုက်ပြန်သည်။
သူမတွင် ဤသမီးလေးတစ်ယောက်သာ ရှိသည်။ အကယ်၍ သမီးလေးသာ သေဆုံးသွားပါက သူမလည်း အသက်ရှင်ချင်တော့မည် မဟုတ်ပေ။
မိုကတော် အနည်းငယ် တည်ငြိမ်သွားသောအခါတွင် မိုချန်ကျုံးက မိုရှောက်ယောင်အား အနီးသို့ လာရန် အချက်ပြလိုက်သည်။ သူက ကြင်နာစွာ ပြောလိုက်၏။
“ယောင်ယောင်... အဘိုး ထင်တာတော့ သမီးအသက်ကို ကယ်ခဲ့တဲ့ အဲဒီလူငယ်လေးက သာမန်လူ မဟုတ်ဘူး၊ အဘိုး သူ့ကို တွေ့ချင်တယ်...”
“အဘိုး... သူက သမီးအသက်ကို ကယ်ခဲ့တာလေ”
မိုရှောက်ယောင်က ကလေးဆန်စွာ ချွဲနွဲ့လိုက်သည်။
“အဘိုးက သူ့ကို ဒုက္ခပေးမလို့ မဟုတ်ပါဘူးနော်”
မိုချန်ကျုံးက သူ၏ အချစ်ဆုံး မြေးမလေး၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။
“မဟုတ်ပါဘူး၊ အဘိုး သူ့ကို ဒုက္ခမပေးပါဘူး။ အဘိုးက သူ့ကို လက်ဆောင်တစ်ခု ပေးချင်ရုံတင်ပါ”
မိုရှောက်ယောင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
“ဘာလက်ဆောင်လဲဟင်”
မိုချန်ကျုံးက အဓိပ္ပာယ်အပြည့်ဖြင့် ပြုံးပြလိုက်လေသည်။
“အချိန်တန်ရင် သမီး သိရမှာပါ”
*
ပင်းဟိုင် အမှတ် (၁) အထက်တန်းကျောင်း။
ယောင်ပင်းက အခန်း (၆) ဘက်သို့ အပြေးအလွှား သွားနေခဲ့သည်။
သူက ကျောင်းနောက်ကျနေပြီဖြစ်လေ၏။ အကယ်၍ သူ၏ အတန်းပိုင်ဆရာ ကျိုးဟိုင်ပေါ်သာ သူ့ကို မိသွားပါက ဒုက္ခအကြီးအကျယ် ရောက်ပေလိမ့်မည်။
“ယောင်ပင်း”
ယောင်ပင်း အတန်းတံခါးဝသို့ ရောက်သည်နှင့် တစ်စုံတစ်ယောက်က သူ့ကို နွေးထွေးစွာ နှုတ်ဆက်လိုက်၏။
နှုတ်ဆက်သူကို မြင်လိုက်ရသောအခါ ယောင်ပင်းမှာ သေချင်စိတ်ပင် ပေါက်သွားတော့သည်။
ထိုသူမှာ အခြားသူမဟုတ်ဘဲ ကျောင်းအုပ်ကြီး ဖြစ်နေလေ၏။
အတန်းနောက်ကျသည့်အပြင် ကျောင်းအုပ်ကြီးနှင့် တည့်တည့်တိုးသည်က တကယ့်ကို ကံဆိုးလွန်းလှပေသည်။
သူ့ကို ပို၍ ထိတ်လန့်သွားစေသည်မှာ ကျောင်းအုပ်ကြီးက သူ့ကို ကျောင်းအုပ်ရုံးခန်းထဲသို့ အတင်းအကျပ် ဆွဲခေါ်သွားခြင်းပင်။
“ကျောင်းအုပ်ကြီး..ကျွန်တော် နောက်တစ်ခါ အတန်းနောက်မကျတော့ပါဘူး”
ယောင်ပင်းသည် သူ၏အမှားကို ချက်ချင်း ဝန်ခံလိုက်ပြီး အလွန်ပင် ရိုးသားသော သဘောထားကို ပြသလိုက်သည်။
မမျှော်လင့်ဘဲ ကျောင်းအုပ်ကြီးက သူ့ကို မဝေဖန်သည့်အပြင် သူ၏လက်ကို ဆွဲကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“ယောင်ပင်း... ကျောင်းအတွက် ငွေတစ်သန်း လှူဒါန်းပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”
ငွေတစ်သန်း ဟုတ်လား။
ပြီးတော့ သူက လှူလိုက်တာလား။
ယောင်ပင်းမှာ အံ့သြလွန်း၍ ထခုန်လုနီးပါးဖြစ်နေရသည်။
သူ့ဘဝတွင် ဤမျှလောက်များပြားသော ငွေကြေးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သူက ကျောင်းကို ဘယ်လိုလုပ်ပြီး လှူနိုင်မှာလဲ။
“ကျောင်းအုပ်ကြီး.. တစ်ခုခု မှားနေပြီထင်တယ်၊ ကျွန်တော် ငွေမလှူခဲ့ပါဘူး..”
ယောင်ပင်းက ရှင်းပြရန် ကြိုးစားလိုက်သည်။
ကျောင်းအုပ်ကြီးက ခေါင်းခါလိုက်ပြီး အဓိပ္ပာယ်များရှိနေသော အမူအရာဖြင့် ပြောလိုက်၏။
“ငါ မမှားပါဘူး၊ ဒီငွေတစ်သန်းကို မိုမိသားစုက မင်းရဲ့နာမည်နဲ့ ကျောင်းကို လှူလိုက်တာ၊ ဒါပေမဲ့ မင်းသာမရှိရင် ဒီငွေတစ်သန်းလည်း ရှိလာမှာမဟုတ်ဘူးလေ၊ ဒါကြောင့် ဒါက မင်းရဲ့ အလှူပဲ”
မိုမိသားစုလား။
သူသိသော မိုမိသားစုဆိုသည်မှာ မိုရှောက်ယောင်၏ မိသားစုသာ ရှိပေသည်။
ဤငွေတစ်သန်းမှာ မိုရှောက်ယောင်၏ မိသားစုက သူ့နာမည်ဖြင့် ကျောင်းကို လှူဒါန်းလိုက်ခြင်း ဖြစ်ရမည်။
“ယောင်ပင်း... မင်းနဲ့ မိုမိသားစုနဲ့က ဘာပတ်သက်တာလဲ”
ယောင်ပင်းကို ချီးမွမ်းပြီးနောက် ကျောင်းအုပ်ကြီးက သတိကြီးစွာဖြင့် မေးလိုက်၏။
“တကယ်လို့ အခွင့်အရေးရှိရင် ငါ့ကို အကြီးအကဲမိုနဲ့ တွေ့ဖို့ ချိန်းပေးနိုင်မလား၊ မဟုတ်ဘူး... မဟုတ်ဘူး... မိုမိသားစုထဲက ဘယ်သူနဲ့မဆို ဖြစ်ပါတယ်”
ဤအလှူငွေမှာ အကြီးအကဲမို၏ သမီးကိုယ်တိုင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
မိုမိသားစု၏သမီးကိုယ်တိုင် ကိစ္စများကို ဆောင်ရွက်ပေးရသူဖြစ်၍ ယောင်ပင်းက မိုမိသားစုအတွက် အလွန်အရေးပါသောသူ ဖြစ်ရပေမည်။
ထို့ကြောင့်လည်း ကျောင်းအုပ်ကြီးက ယောင်ပင်းကို သူ၏ရုံးခန်းထဲသို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်၏။
သူကမိုမိသားစုနှင့် ရင်းနှီးရန် အမြဲတစေ ကြိုးစားခဲ့သော်လည်း မိုမိသားစု၏ အဆင့်အတန်းမှာ အလွန်မြင့်မားလွန်းသောကြောင့် သူ၏ အဆင့်အတန်းမျိုးနှင့် လုံးဝ မဝင်ဆံ့နိုင်ခဲ့သကဲ့သို့ မိုမိသားစုထဲတွင်လည်း မည်သူ့ကိုမျှ မသိခဲ့ပေ။
ယခုအခါ ယောင်ပင်းသည် မိုမိသားစုနှင့် အလွန်နီးစပ်သော ဆက်ဆံရေးရှိနေသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် ဤအခွင့်အရေးကို သူ သေချာပေါက် ဆုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။
“ကျောင်းအုပ်ကြီး၊ ကျွန်တော် မိုမိသားစုထဲက ဘယ်သူ့ကိုမှ မသိပါဘူး”
ယောင်ပင်းက ခဏမျှ စဉ်းစားပြီးနောက် ချက်ချင်း ငြင်းဆိုလိုက်သည်။
“ဒီအလှူကို ကျောင်းမှာ မကြေညာဘဲ ထားလို့ရမလား၊ ဘာတွေဖြစ်နေတာလဲဆိုတာ ကျွန်တော် အရင်ဆုံး စုံစမ်းပါရစေဦး၊ ဖြစ်နိုင်ရင် ကျောင်းအုပ်ကြီးကလွဲလို့ တခြားဘယ်သူမှ မသိတာ အကောင်းဆုံးပါပဲ”
မိုမိသားစု၏ ဆက်ဆံရေးများမှာ ရှုပ်ထွေးလှပြီး မိုရှောက်ယောင်၏ ဖခင်မှာလည်း ရည်ရွယ်ချက် မရိုးသားသူဖြစ်သောကြောင့် သူသည်က ၎င်းတို့နှင့် အလွယ်တကူ မပတ်သက်ချင်ပေ။
မိုမိသားစုက အဘယ်ကြောင့် သူ့နာမည်ဖြင့် ကျောင်းကို ငွေတစ်သန်း ရုတ်တရက် လှူရသလဲဆိုသည်ကို သူ ရှာဖွေရလိမ့်မည်။
“ကောင်းပြီ ကောင်းပြီ”
ကျောင်းအုပ်ကြီးက အလွယ်တကူပင် သဘောတူလိုက်၏။
“မင်းရဲ့ ဆန္ဒကို ငါ လေးစားပါတယ်၊ မင်း မိုမိသားစုနဲ့ ကိစ္စတွေကို သေချာ ကိုင်တွယ်လိုက်လေ”
ယောင်ပင်းသည် မိုမိသားစုနှင့် အမှန်တကယ် နီးစပ်သည်ဟု ကျောင်းအုပ်ကြီးက လုံးဝယုံကြည်သွားပေတော့သည်။
ထို့နောက် သူက ယောင်ပင်းနှင့် အကြာကြီး စကားပြောခဲ့သည်။ အဓိကအားဖြင့်တော့ အနာဂတ်တွင် သူ့ကို မိုမိသားစုနှင့် မိတ်ဆက်ပေးရန် မျှော်လင့်နေခြင်းပင် ဖြစ်သည်။
ယောင်ပင်းသည်လည်း ငြင်းပယ်၍ မရသောကြောင့် ဝေဝေဝါးဝါးပင် သဘောတူလိုက်ပြီးနောက် ကျောင်းအုပ်ရုံးခန်းမှ ထွက်လာခဲ့သည်။
သူ အတန်းထဲသို့ အပြေးအလွှား ပြန်ရောက်သောအခါ ဒုတိယမြောက် ကိုယ်တိုင်စာလေ့လာသည့် အချိန်သို့ရောက်နေချေပြီ။
သို့သော် အတန်းထဲမှ ကျောင်းသားတစ်ဦးမျှ စာမကျက်ကြဘဲ ပြတင်းပေါက်မှ အပြင်သို့ ကြည့်ကာ တစ်ခုခုကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
အထူးသဖြင့် အတန်းထဲမှ ယောက်ျားလေးများမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
ယောင်ပင်းက စူးစမ်းလိုစိတ်ဖြင့် သူ၏ သူငယ်ချင်း ဝူကျန့်ရှင်းအား မေးလိုက်သည်။
“ဘာဖြစ်လို့လဲ . အားလုံးက ဘာကို ကြည့်နေကြတာလဲ”
“မိန်းမလှလေးတစ်ယောက်ရောက်လာတယ်လေ”
ဝူကျန့်ရှင်းက ယောင်ပင်းကို စိတ်လှုပ်ရှားစွာ လက်ဝေ့ယမ်းပြလိုက်၏။
“သူက တကယ့်ကို စွဲဆောင်မှုကြီးတာပဲ၊ လှလည်း အရမ်းလှတာ.. ထိပ်တန်းအဆင့်ပဲ ..ငါ အာမခံတယ်၊ ငါတို့ကျောင်းမှာ ဒီလိုအလှမျိုး တစ်ယောက်မှ မရှိဘူး!”
ယောင်ပင်းက အတန်းထဲသို့ ဝေ့ကြည့်လိုက်လျှင် ကျန်းရှောင်ပေမှာ အတန်းထဲတွင် မရှိသည်ကို သတိပြုမိလိုက်သည်။
သူ၏ သူငယ်ချင်းနှင့် ကောရွှေ နောက်သို့ လိုက်သွားသော မိခင်နှင့် သားတစ္ဆေနှစ်ဦးမှာလည်း ပြန်မလာသေးပေ။
သူ အနည်းငယ် စိုးရိမ်နေမိသည်။
ယောင်ပင်းက မိန်းမလှလေးကို ကြည့်ရန် စိတ်မဝင်စားဘဲ နောက်ဆုံးတန်းရှိ သူ၏နေရာသို့ တန်းတန်းမတ်မတ် သွားထိုင်ကာ စာအုပ်ကိုသာ အာရုံစိုက်လိုက်သည်။
ထိုအချိန်မှာပင် အတန်းထဲမှ ကျောင်းသားများက ရုတ်တရက် အော်ဟစ်လိုက်ကြ၏။
“သူ လာပြီ! သူ လာပြီ!”
“အားပါးပါး... သူ တကယ်ပဲ ငါတို့အတန်းထဲကို လာနေတာပဲ”
“ဒီမိန်းမလှလေးက ဘယ်သူ့ကို လာရှာတာလဲဆိုတာ ခန့်မှန်းကြည့်ကြစမ်း!”
…
ထို့နောက်ချက်ချင်းပင် ပြတင်းပေါက်မှ ချောင်းကြည့်နေသော ကျောင်းသားများင သူတို့၏ နေရာများသို့ အပြေးအလွှား ပြန်လာပြီး စနစ်တကျ ထိုင်လိုက်ကြသည်။
မကြာမီမှာပင် အခန်း (၆) ၏ တံခါးဝတွင် မိန်းကလေးတစ်ဦး ပေါ်လာတော့သည်။
အတန်းထဲမှ ယောက်ျားလေး အားလုံး၏ မျက်လုံးများမှာ တစ်ပြိုင်နက်တည်း တောက်ပသွားကြ၏။
ထိုမိန်းကလေးသည် အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များမှာ ပုခုံးပေါ်တွင် ဝဲကျနေကာ မျက်လုံးများမှာ တောက်ပပြီး သွားများမှာ ဖြူစင်လွန်းပေသည်။
သူမ၏ ရုပ်ရည်မှာ ကျောက်စိမ်းဖြင့် ထုဆစ်ထားသကဲ့သို့ အပြစ်ပြောစရာ မရှိအောင် လှပနေခဲ့သည်။
အထူးသဖြင့် သူမ၏ မျက်လုံးများမှာ အသက်ဝင်ပြီး ကြည်လင်နေကာ လောကီအညစ်အကြေးများ မထိတွေ့ဖူးသည့် နတ်သမီးလေးတစ်ပါးကဲ့သို့ ဖြူစင်လွန်းပေသည်။
ယခင်က သူတို့၏အတန်းတွင် ကျန်းရှောင်ပေကို အလှဆုံးဟု ထင်ခဲ့သော်လည်း ဤမိန်းကလေးနှင့် နှိုင်းယှဉ်ပါက ကျန်းရှောင်ပေမှာ အရှက်ရသွားပေလိမ့်မည်။
မဟုတ်ပါချေ။ တစ်ကျောင်းလုံးမှာတောင် ဤမိန်းကလေးထက် ပိုလှသူ ရှိနိုင်မည် မဟုတ်ပေ။
ယောက်ျားလေး အားလုံးက တံခါးဝမှ မိန်းကလေးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြတော့သည်။
ဝူကျန့်ရှင်းမှာ ပါးစပ်ပင် မစေ့နိုင်အောင် ငမ်းနေခဲ့သည်။
“သူက အရမ်းလှတာပဲ! အရင်က ‘တိုင်းပြည်ကို ပျက်စီးစေတဲ့ အလှ’ ဆိုတာတွေကို ကြွားလုံးတွေလို့ပဲ ငါ ထင်ခဲ့တာ
ဒါပေမဲ့ ဒီနေ့ သူ့ကို မြင်လိုက်ရတော့မှ အဲဒီစကားလုံးတွေကတောင် မလုံလောက်ဘူးဆိုတာ သိလိုက်ရပြီ!”
ယောင်ပင်းသည်လည်း စိတ်ဝင်စားသွားပြီး တံခါးဘက်သို့ မော့ကြည့်လိုက်သည်။
တံခါးဝတွင် ရပ်နေသော မိန်းကလေးကို မြင်လိုက်ရသောအခါတွင်တော့ သူ အနည်းငယ် အံ့သြသွားပြီးနောက် အလိုအလျောက်ပင် ထရပ်ကာ တံခါးဘက်သို့ လျှောက်သွားရန် ပြင်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် တံခါးဝတွင် ရပ်နေသော ထိုမိန်းမလှလေးမှာ အခြားသူမဟုတ်ဘဲ သူ မနေ့ညက ကယ်တင်ခဲ့သော မိုရှောက်ယောင် ဖြစ်နေသောကြောင့်ပင်။
သို့သော် သူ ထရပ်လိုက်သည်နှင့် ဝူကျန့်ရှင်းက သူ့ကို ပြန်ပြီး ဖိချလိုက်၏။
“မင်းက ဘာလို့ ထရပ်တာလဲ၊ သူက မင်းကို လာတွေ့တာလို့ ထင်နေတာလား”
ဝူကျန့်ရှင်း၏ စိတ်ထဲတွင် ဤကဲ့သို့ လှပသော မိန်းကလေးမှာ ယောင်ပင်းနှင့် တစ်ကမ္ဘာစီ ဖြစ်သည်ဟု အပြည့်အဝ ယုံကြည်ထားသဖြင့် သူမကယောင်ပင်းကို လာတွေ့မည်ဟူသော ဖြစ်နိုင်ချေကို လုံးဝမတွေးပါချေ။
“ဟေး... ဒီမိန်းမလှလေးက ဘယ်သူ့ကို လာရှာတာလဲဆိုတာ ခန့်မှန်းကြည့်စမ်း”
ယောင်ပင်းကို ပြန်ဖိချပြီးနောက် ဝူကျန့်ရှင်းက စိတ်ကူးယဉ်နေသော လူတစ်ယောက်ကဲ့သို့ စကားပြောတော့သည်။
“သူသာ ငါ့ကို လာတွေ့တာဆိုရင် ဘယ်လောက်ကောင်းမလဲ၊ အတန်းထဲက ငတ်မွတ်နေတဲ့ ဝံပုလွေတွေကို မနာလိုဖြစ်အောင် လုပ်ပစ်လိုက်မှာ”
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ထရပ်ကာ သူမကို စိတ်လှုပ်ရှားစွာဖြင့် သွားရောက် နှုတ်ဆက်လိုက်၏။
“ရှောက်ယောင်... မင်း ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ”