← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း(17) မိန်းမလှလေးတစ်ဦး၏ မျက်နှာသာပေးမှု

အတန်းထဲမှ ကျောင်းသားများမှာ ထိုမိန်းမလှလေးကို သွားရောက်နှုတ်ဆက်သူကို မြင်လိုက်သောအခါ ချက်ချင်းပင် နားလည်သွားကြသည်။ ဤမိန်းမလှလေးမှာ လုကျစ်အန်းကို လာရှာခြင်း ဖြစ်ပေသည်။

လုဇီအန်းက သူတို့ အခန်း (၆) ၏ အတန်းခေါင်းဆောင်ဖြစ်ပြီး ပညာထူးချွန်သည့်အပြင် အလွန်ချမ်းသာသော သူဌေးသားလေးတစ်ဦးလည်း ဖြစ်ကာ ဆရာ၊ ဆရာမ အားလုံး၏ အချစ်တော် ဖြစ်ပေသည်။

ထို့ထက် ပို၍အရေးကြီးသည်မှာ လုဇီအန်က ခန့်ညားချောမောပြီး ကျောင်းရှိ မိန်းကလေးအားလုံး၏ စိတ်ကူးယဉ် မင်းသားလေးဖြစ်သည်။

ပင်းဟိုင် အမှတ် (၁) အထက်တန်းကျောင်း တစ်ခုလုံးတွင် နာမည်ကြီးသူလည်း ဖြစ်သည်။

ကျောင်းသားများ၏ အမြင်တွင်တော့ ဤကဲ့သို့သော မိန်းမလှလေး လာတွေ့ရန်မှာ သူတစ်ယောက်သာ ထိုက်တန်ပေသည်။

သို့သော် ဆက်လက် ဖြစ်ပျက်လာသော အရာများက အတန်းထဲမှ ကျောင်းသား အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

မိုရှောက်ယောင်သည် အခန်း (၆) ၏ တံခါးဝတွင် ပေါ်လာပြီးနောက် လုဇီအန်းက သူမကို စိတ်လှုပ်ရှားစွာ သွားရောက် နှုတ်ဆက်လိုက်သည်။

ကျောင်းသားများက သူတို့နှစ်ဦး ရင်းနှီးကြသည်ဟု ထင်မှတ်ခဲ့ကြ၏။

မမျှော်လင့်ဘဲ မိုရှောက်ယောင်သည်က လုဇီအန်းကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ သူမက အတန်းထဲသို့ ဝေ့ကြည့်ပြီးနောက် နောက်ဆုံးတန်းသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့ပေသည်။

“ရှောက်ယောင်... ငါလေ.. လုဇီအန်းပါ၊ ပြီးခဲ့တဲ့ အခေါက် မိသားစု ညစာစားပွဲမှာ ငါတို့ တွေ့ခဲ့ကြသေးတယ်လေ၊ ငါ မင်းနဲ့ စကားတောင် ပြောခဲ့သေးတယ်!”

မိန်းကလေးတစ်ယောက်၏ လျစ်လျူရှုခြင်းကို ပထမဆုံးအကြိမ် ခံလိုက်ရသဖြင့် လုဇီအန်းမှာ အရှက်ရသွားပြီး မိုရှောက်ယောင်၏ နောက်မှ ကပ်လိုက်ကာ ရှင်းပြရန် ကြိုးစားလိုက်သည်။

အကယ်၍ တခြား မိန်းကလေးတစ်ယောက်သာ သူ့ကို လျစ်လျူရှုခဲ့ပါက သူ ဒေါသထွက်မိပေလိမ့်မည်။

သို့သော် မိုရှောက်ယောင်မှာတော့ မတူပေ။

မိုရှောက်ယောင်က သူ့ဘက်မှ အနီးကပ် ချဉ်းကပ်ရန် အမြဲတစေ စိတ်ကူးယဉ်ခဲ့သော်လည်း လုံးဝ လက်လှမ်းမမီခဲ့သော မိန်းကလေး ဖြစ်ပေသည်။

မိုရှောက်ယောင် တံခါးဝတွင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူ အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်ခဲ့မိသည်။

သူ၏ ဦးနှောက်က မစဉ်းစားရသေးမီမှာပင် သူ၏ ခြေထောက်များက အလိုအလျောက် လျှောက်သွားခဲ့ခြင်း ဖြစ်ပေသည်။

“ငါ နင့်ကို မသိဘူး”

မိုရှောက်ယောင်က လုဇီအန်ကို လုံးဝ ဂရုမစိုက်ဘဲ နောက်ဆုံးတန်းသို့သာ ဆက်လက် လျှောက်သွားခဲ့၏။

“မမှတ်မိလည်း ရပါတယ်၊ နောက်မှ ထပ်ပြီး တွေ့ကြတာပေါ့”

မိုရှောက်ယောင်၏ လျစ်လျူရှုမှုကြောင့် အရှက်ရနေသော်လည်း လုဇီအန်းက အားနာစွာပြုံးပြလျက်သာ ဆက်လိုက်သွားခဲ့သည်။

“မင်း ဘာကိစ္စရှိလို့လဲ ၊ ငါ ကူညီပေးလို့ ရမလား”

သူ၏ စိတ်ကူးယဉ် နတ်သမီးလေးက သူ့ကို တစ်ချက်လောက် လှည့်ကြည့်လာစေရန် သူ မည်သည့်အရာကိုမဆို လုပ်ပေးရန် အသင့်ရှိပေသည်။

ဤတစ်ကြိမ်တွင်တော့ မိုရှောက်ယောင်က တုံ့ပြန်လိုက်ပြီပင်။

သူမက နောက်ဆုံးတန်းမှ ယောင်ပင်းကို ညွှန်ပြကာ ပြောလိုက်၏။

“ငါ သူ့ကို လာရှာတာ၊ နင် ကူညီနိုင်မလား.. ငါ့နောက်ကို လိုက်မလာနဲ့တော့”

ထို့နောက် လူတိုင်း၏ အကြည့်များအောက်တွင် မိုရှောက်ယောင်က ယောင်ပင်းထံသို့ လျှောက်သွားလေတော့သည်။

ဆူညံနေသော အတန်းထဲမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။

သူတို့ ကြားတာ မှန်လိုက်ရဲ့လား။

ဒီလောက် လှပပြီး မာနကြီးတဲ့ မိန်းကလေးက ယောင်ပင်းလိုကောင်ကို တကယ်ကြီးလာရှာတာလား။

လုဇီအန်း၏ မျက်နှာမှာ ရှက်ရွံ့ရလွန်းသဖြင့် နီမြန်းသွားတော့သည်။

သူသည် မိုရှောက်ယောင်နှင့် တစ်ကြိမ် တွေ့ဖူးခဲ့သဖြင့် အခန်း (၆) တစ်ခုလုံးတွင် သူမ၏ ကမ္ဘာနှင့် ထိုက်တန်သူမှာ သူတစ်ယောက်သာ ရှိသည်ဟု အပြည့်အဝ ယုံကြည်ထားခဲ့သည်။

ထို့ကြောင့် မိုရှောက်ယောင် တံခါးဝတွင် ပေါ်လာစဉ်က သူမက သူ့ကို လာတွေ့ခြင်း ဖြစ်သည်ဟု သူ အလိုအလျောက် ထင်မှတ်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် သူ၏ တက်ကြွမှုများမှာ လျစ်လျူရှုခြင်း ခံလိုက်ရသည်။

သူမက ယောင်ပင်းကိုသာ လာရှာခြင်း ဖြစ်နေခဲ့ပြီ။

ပြီးတော့ သူက မတိုင်ခင်က အလွန်အမင်း တက်ကြွစွာဖြင့် သွားရောက် နှုတ်ဆက်ထားခဲ့သည် မဟုတ်ပါလား။

ဒါကို သူ့ကိုအရှက်ခွဲလိုက်တာပဲမလား။

ဝူကျန့်ရှင်းမှာတော့ သူ့ကိုယ်သူ ပါးနှစ်ချက် ပြန်ရိုက်လိုက်မိသည်။

မတိုင်မီကမှ ဤမိန်းမလှလေးင ယောင်ပင်းကို လာတွေ့ခြင်း မဟုတ်ဟု သူ ပြောခဲ့သော်လည်း ယခုတွင်တော့ ချက်ချင်းပင် လက်တွေ့က သက်သေပြလိုက်ချေပြီ။

လူတိုင်းက မိုရှောက်ယောင်ကို ကြည့်နေကြသော်လည်း သူမကတော့ မည်သူ့ကိုမျှ မကြည့်ခဲ့ပေ။

သူမ၏ မျက်လုံးများမှာ ယောင်ပင်းထံတွင်သာ ရှိနေပေသည်။

သူမ၏ အသက်က လုံးဝ ကုန်ဆုံးလုနီးပါးဖြစ်ခဲ့သော်လည်း ယောင်ပင်းက သူမကို အသက်သစ်နှင့် မျှော်လင့်ချက်သစ်များကို ပေးခဲ့သူ ဖြစ်သည်။

ယောင်ပင်းက သူမအတွက် မည်မျှ အရေးပါသည်ကို မည်သူမျှ နားလည်နိုင်မည် မဟုတ်ပေ။

လူတိုင်း၏ အကြည့်များအောက်တွင် မိုရှောက်ယောင်က ယောင်ပင်းထံသို့ လျှောက်သွားလိုက်ပြီး သူမ၏ လှပသော မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာတော့သည်။

“ငါတို့ ပြန်တွေ့ကြပြန်ပြီနော်”

ယောင်ပင်း ပြန်မပြောနိုင်ခင်မှာပင် မိုရှောက်ယောင်က သူ၏လက်ကို ဆွဲကိုင်ကာ စာရွက်လေးတစ်ရွက် ထည့်ပေးလိုက်သည်။

“ဒီည ဒီနေရာမှာ တွေ့ရအောင်”

မိုရှောက်ယောင်၏ စကားများမှာ အတန်းထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော ယောက်ျားလေးများနှင့် လုဇီအန်းတို့မှာ မနာလိုမှုနှင့်အတူ ရင်ကွဲမတတ် ခံစားလိုက်ရတော့သည်။

သူမက ယောင်ပင်းကို လာတွေ့ခြင်းကတင် အတန်းထဲက ယောက်ျားလေး အားလုံးကို မနာလိုမှုကြောင့် ရူးသွပ်စေရန် လုံလောက်နေပြီ။

ယခု သူမက သူ့ကို ညဘက်တွင် တွေ့ရန်ပါ ချိန်းဆိုလိုက်ပြန်သည် ။

ယောင်ပင်းမှာ ဘာတွေများ ဆွဲဆောင်မှု ရှိနေလို့လဲ။

ယောင်ပင်းက စာရွက်လေးကို အမြန်ဖွင့်ကြည့်လိုက်သည်။

စာရွက်ပေါ်မှ စာများကို မြင်လိုက်သောအခါ သူ အံ့သြသွားပုံရပြီး အသံတိုးဖြင့် ပြန်ပြောလိုက်၏။

“ကျွန်တော် သေချာပေါက် လာခဲ့ပါ့မယ်”

*

စာရွက်ပေါ်တွင် ရေးထားသော လိပ်စာမှာ ကျင်းကျူ KTV ဖြစ်ပေသည်။

ကျန်းရှောင်ပေမှာလည်း ကျင်းကျူ KTV တွင် ရှိနေ၏။

ယခု မိုရှောက်ယောင်ကပါ ဖိတ်ခေါ်လာပြီဖြစ်သဖြင့် ယောင်ပင်း ကျင်းကျူ KTV သို့ အရင်သွားရန် ဆုံးဖြတ်လိုက်လေသည်။

ညနေခင်းအချိန်။

ကျင်းကျူ KTV ၏ အဝင်ဝ။

ယောင်ပင်းသည် အမှတ် (၂၁) ဘတ်စ်ကားပေါ်မှ ဆင်းကာ KTV ဘက်သို့ လျှောက်သွားလိုက်သည်။

အဝင်ဝသို့ ရောက်သည်နှင့် ဇိမ်ခံကားများ တန်းစီနေသည်ကို သူ မြင်လိုက်ရ၏။ လုကျစ်အန်းနှင့်အတူ ယောက်ျားလေး၊ မိန်းကလေး တချို့မှာ ဇိမ်ခံကားများပေါ်တွင် ထိုင်နေကြပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည့်ပုံပင်။

ဤယောက်ျားလေး၊ မိန်းကလေးများမှာ ကျောင်းတွင် နာမည်ကြီးသူများ ဖြစ်ကြသဖြင့် ယောင်ပင်းလည်း သူတို့ကို ဝေဝေဝါးဝါးဖြင့်မှတ်မိနေပေသည်။

ယောင်ပင်းကို မြင်သောအခါ လုကျစ်အန်းနှင့် အခြားသူများက ကားပေါ်မှ ဆင်းလာပြီး သူ့ကို ဝိုင်းထားလိုက်ကြလေ၏။ ထို့နောက် သူ့ကို အဖိုးတန်ပစ္စည်းတစ်ခုအား ကြည့်သကဲ့သို့ အထက်အောက် အကဲခတ်ကြည့်ရှုကြလေသည်။

“သခင်လေးလု... ရှောက်ယောင် ဖိတ်ထားတဲ့သူက ဒီကောင်လား”

“တွေ့လိုက်လား... သူက ဘတ်စ်ကားနဲ့ လာတာကွ”

“မဖြစ်နိုင်တာ... ဒီလိုကောင်မျိုးက ငါ့အိမ်မှာ တံခါးစောင့်လုပ်ဖို့တောင် အရည်အချင်းမရှိပါဘူး. သခင်မလေးမိုက ဒီလိုလူမျိုးနဲ့ ဘယ်လိုလုပ် ဆက်ဆံနိုင်မှာလဲ”

သူတို့သာ အမြင်မမှားပါက ယောင်ပင်း ဝတ်ထားသည့် အဝတ်အစားများမှာ ခြေဆုံးခေါင်းဆုံး ဈေးပေါသည့် အရာများဖြစ်ပြီး စုစုပေါင်းတန်ဖိုးမှာ ယွမ်တစ်ရာပင် ပြည့်မည်မဟုတ်ပေ။

ယောင်ပင်းကဲ့သို့သောသူက မိုရှောက်ယောင်နှင့် သိကျွမ်းရန် မည်သို့ အရည်အချင်းရှိနိုင်ပါမည်နည်း။

ယောင်ပင်းသည် သူတို့ကို ဂရုမစိုက်ဘဲ ကာရာအိုကေဘားထဲသို့သာ ဆက်လက် လျှောက်သွားလိုက်သည်။

အကယ်၍ ယခင်ကသာ ဤကဲ့သို့ အရှက်ခွဲခံရပါက သူ အလွန်အမင်း ရှက်ရွံ့မိပေလိမ့်မည်။

သို့သော် ယခုတွင်တော့ သူက အလွန် အေးအေးဆေးဆေးပင် ရှိနေပြီး စိတ်လှုပ်ရှားခြင်း လုံးဝမရှိပေ။

ဤသည်မှာ ရင့်ကျက်လာခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

“ဟေ့ကောင်... မင်းက ဘာမို့လို့ ငါ့ရှေ့ကနေ လမ်းလျှောက်ရဲရတာလဲ”

ဟောင်ရှောက်မင် အမည်ရသော ကောင်လေးက ယောင်ပင်း၏ ရှေ့သို့ တမင်ဝင်လာပြီး သူ့ကို အရှိန်ဖြင့် ပြင်းပြင်းထန်ထန် ဝင်တိုက်လိုက်သည်။

ပင်းဟိုင်က ကျယ်ပြောသော်လည်း အထက်တန်းလွှာ လူမှုအသိုင်းအဝိုင်းမှာတော့သေးငယ်ပေသည်။

အထူးသဖြင့် ထိပ်တန်း အသိုင်းအဝိုင်းတွင် ဆက်ဆံရေးများက ရှုပ်ထွေးနက်နဲပြီး တစ်နေရာမှ လှုပ်ရှားလိုက်ပါက အခြားနေရာများသို့ ရိုက်ခတ်မှု ရှိနိုင်သည်။

ထို့အပြင် အထက်တန်းလွှာနှင့် ထိပ်တန်းအသိုင်းအဝိုင်းကြားတွင် ခွဲခြား၍မရသော ဆက်နွှယ်မှုများ ရှိနေ၏။

ယနေ့ ရောက်ရှိလာသော ကလေးတစ်စုမှာ အသိုင်းအဝိုင်းတစ်ခုတည်းမှ ဖြစ်ပြီး ကျောင်းတစ်ကျောင်းတည်း တက်ကြသူများဖြစ်သဖြင့် သေချာပေါက် ရင်းနှီးကြပေသည်။

ဟောင်ရှောက်မင်င လုကျစ်အန်း၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သည်။

ထို့ကြောင့် သူက ယောင်ပင်းအား ပစ်မှတ်ထားပြီး အရှက်ခွဲရန် ဆုံးဖြတ်ထားခြင်းပင်။

သတိမထားမိခင်မှာပင် ယောင်ပင်းမှာ ဟောင်ရှောက်မင်၏ ဝင်တိုက်ခြင်းကို ခံလိုက်ရသဖြင့် ဟန်ချက်ပျက်ကာ လဲကျလုနီးပါး ဖြစ်သွားရသည်။

“ဟားဟားဟားဟား!”

“ဟိုငတုံးကောင်ကို ကြည့်စမ်းပါဦး!”

သူ့နောက်မှ ယောက်ျားလေး၊ မိန်းကလေးအချို့က ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။

ယောင်ပင်းက ခန္ဓာကိုယ်ကို ပြန်တည့်လိုက်ပြီး ဟောင်ရှောက်မင်အား အေးစက်စွာ တစ်ချက်ကြည့်ကာ ကာရာအိုကေဘားထဲသို့သာ ဆက်လျှောက်သွားခဲ့သည်။

ချိန်းဆိုမှုကို တက်ရောက်ရန်အပြင် အဓိကအားဖြင့် ကျန်းရှောင်ပေ၏ အခြေအနေကို စစ်ဆေးချင်သောကြောင့် သူ ပြဿနာ မရှာချင်ပေ။

ဟောင်ရှောက်မင်နှင့် အဖွဲ့မှာ ယောင်ပင်းက ကြောက်သွားပြီဟု ထင်မှတ်ကာ အထိန်းအကွပ်မဲ့စွာ လှောင်ပြောင်ခဲ့ကြသည်။

ပြီးနောက် ဟောင်ရှောက်မင်က လုကျစ်အန်းအား မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီး ကာရာအိုကေဘား၏ လည်နေသော တံခါးဆီသို့ အမြန်လျှောက်သွားလိုက်သည်။

တံခါးဝသို့ ရောက်သည်နှင့် ဝမ်ရှောက်ဟွားက ပြုံးရွှင်စွာဖြင့် ထွက်ကြိုလိုက်၏။

“သခင်လေးဟောင်... သခင်လေးလု... ကျွန်တော် ခင်ဗျားတို့အတွက် အဆင့်မြင့် သီးသန့်ခန်းကို အဆင်သင့် ပြင်ထားပြီးပါပြီ၊ ကြွပါဦး”

ကျင်းကျူ KTV တွင် အဆင့်မြင့် သီးသန့်ခန်း တစ်ခန်း၏ ဈေးနှုန်းမှာ အအေးနှင့် အရက်ဖိုးမပါသေးဘဲ ယွမ် (၈၈၈၈)မှ စတင်သည်။

ဟောင်ရှောက်မင်က ထိုအဆင့်ကို ကြိုတင်မှာယူထားခြင်းဖြစ်၏။

ဟောင်ရှောက်မင်၏ ရည်ရွယ်ချက်မှာ သူနှင့် ယောင်ပင်းက လုံးဝမတူညီသော ကမ္ဘာမှဖြစ်ကြောင်း ပြသရန်နှင့် မိုမိသားစုနှင့် ရင်းနှီးရန် စိတ်ကူးပင် မယဉ်သင့်ကြောင်း သတိပေးရန် ဖြစ်လေသည်။

*

အခန်း(18) အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းသောမြင်ကွင်း

အခန်းမှာယူမှု ကိစ္စများ ပြောဆိုပြီးနောက် ဟောင်ရှောက်မင်က ယောင်ပင်းဘက်သို့ လှည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်၏။

“ယောင်ပင်း... ငါတို့ကိုလည်း ရှောက်ယောင်က ဖိတ်ထားတာပဲ၊ ငါတို့က အဆင့်မြင့် သီးသန့်ခန်းမှာ ရှိနေမှာ၊ အတူတူပဲ သွားကြတာပေါ့”

ဟောင်ရှောက်မင်က ထိုသို့ပြောလိုက်ချိန်တွင် တခြားယောက်ျားလေးများကလည်း ယောင်ပင်းကို ဝိုင်းထားလိုက်ကြသည်။

သူတို့၏ ပုံစံမှာ ယောင်ပင်းအနေဖြင့် သူတို့နှင့်အတူ သေချာပေါက် လိုက်သွားရမည့်ပုံပင်။

မိုရှောက်ယောင်က ယောင်ပင်းကို ဖိတ်ကြားချိန်က တည်နေရာကိုသာ ပြောခဲ့ပြီး မည်သည့်အခန်းဟု မပြောခဲ့ပေ။ သို့သော် ဟောင်ရှောက်မင်နှင့် အဖွဲ့၏ အပြုအမူအရ သူ့ကို အလွယ်တကူ ထွက်ခွာခွင့်ပေးမည်မဟုတ်ကြောင်း သိသာနေပေသည်။

“ကောင်းပြီလေ... ငါ မင်းတို့နဲ့ပဲ အတူစောင့်လိုက်မယ်”

ယောင်ပင်းက ခေါင်းငြိမ့်ပြလိုက်သည်။ သူ မငြင်းဆန်ခဲ့ပေ။

မိုရှောက်ယောင်က လုကျစ်အန်းနှင့် အခြားသူများကိုပါ ဖိတ်ထားလိမ့်မည်ဟု သူ မယုံကြည်သော်လည်း မိုရှောက်ယောင် ရောက်မလာသေးသဖြင့် ဟောင်ရှောက်မင်တို့နှင့်အတူ သွားထိုင်နေခြင်းက ပိုကောင်းပေလိမ့်မည်။

ဟောင်ရှောက်မင်က ယောင်ပင်း ကြောက်နေပြီဟု ထင်ကာ လုကျစ်အန်းအား ကျေနပ်စွာ မျက်စိမှိတ်ပြလိုက်ပြီး VIP အခန်းဘက်သို့ ဦးတည်သွားကြသည်။

အခန်းထဲသို့ ရောက်ချိန်တွင်

ဟောင်ရှောက်မင်က သစ်သီးဗန်း ဆယ်ဗန်းကျော်၊ ဝိုင်နီ ဆယ်ပုလင်းကျော်နှင့် တခြား စားကောင်းသောက်ဖွယ်များစွာကို မှာယူလိုက်လေသည်။

အကြမ်းဖျင်း တွက်ချက်ကြည့်ပါက ကျသင့်ငွေမှာ ယွမ်တစ်သန်းကျော်နေချေပြီ။

ယောင်ပင်း စိတ်ထဲမှ တိတ်တဆိတ် အံ့သြသွားမိသည်။

ယွမ်တစ်သန်းဆိုသည်မှာ ပင်းဟိုင်တွင် အိမ်တစ်လုံး ဝယ်နိုင်ပြီး သူတို့ကဲ့သို့ မိသားစုမျိုး ဆယ်နှစ်စာ အေးအေးဆေးဆေးစားသောက်နေထိုင်နိုင်သော ငွေပမာဏ ဖြစ်သည်။

သို့သော် ဤချမ်းသာသော သခင်လေးနှင့် သခင်မလေးများအတွက်တော့ ဤသည်မှာ ထမင်းတစ်နပ်စာမျှသာ ရှိချေ၏။

ချမ်းသာသူနှင့် ဆင်းရဲသူကြားမှ ကွာဟချက်မှာ မည်မျှ ကြီးမားကြောင်း ဤသည်က သက်သေပြနေပေသည်။

လုကျစ်အန်းနှင့် ဟောင်ရှောက်မင်တို့သည်လည်း ယောင်ပင်း၏ အံ့သြနေသော အမူအရာကို သတိထားမိကြသည်။

သူတို့က တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြလေ၏။ သို့သော် ထိုအပြုံးများတွင် အထင်အမြင်သေးမှုများ ပါဝင်နေခဲ့သည်။

ဒီဆင်းရဲသားခွေးကောင်က မိုရှောက်ယောင်ကို အသုံးချပြီး သူတို့ရဲ့ အသိုင်းအဝိုင်းထဲ တိုးဝင်ချင်နေတာလား။

အိပ်မက်ယောင်နေတာပဲဖြစ်ရမယ်။

ထို့နောက် ယောက်ျားလေး၊ မိန်းကလေးအချို့မှာ သီးသန့်ခန်းထဲတွင် သီချင်းဆိုကာ ကခုန်ပြီး ပျော်ပါးနေကြတော့သည်။

ယောင်ပင်းက ဤကဲ့သို့သော နေရာမျိုးသို့ တစ်ခါမျှ မရောက်ဖူးသဖြင့် ဆိုဖာထောင့်တွင် တစ်ယောက်တည်း ထိုင်နေမိသည်။ သူ့အနေဖွင့်ဤနေရာနှင့် လုံးဝ အံဝင်ခွင်ကျ မရှိသကဲ့သို့ ခံစားနေရ၏။

သူတို့က မိုရှောက်ယောင်နှင့် မတွေ့ခင်အထိ သူတို့က ယောင်ပင်းကို လျစ်လျူရှုထားကြပြီး သူမ ရောက်လာမှသာ သူ့ကို သင်ခန်းစာ ပေးရန် စီစဉ်ထားကြခြင်း ဖြစ်လေ၏။

ယောင်ပင်းကတော့ ဟောင်ရှောက်မင်နှင့် အဖွဲ့၏ ရည်ရွယ်ချက်များကို လုံးဝ သတိမထားမိပေ။

သူ အချိန်ကို ကြည့်လိုက်လျှင် ည ရှစ်နာရီ ရှိနေချေပြီ ။

မိုရှောက်ယောင်ထံမှ သတင်းမကြားရသေးပေ။

ထိုအချိန်တွင် ယောင်ပင်း၏ စိတ်ထဲရှိ မျက်နှာပြင်က ရုတ်တရက် ပေါ်ထွက်လာသည်။

လယ်ဗယ် (4)တာဝန် : တစ္ဆေဘုရင်အား နှိမ်နင်းပါ။

မှတ်ချက် : တစ္ဆေဘုရင်မှာ နယ်မြေတစ်ခု၏ အုပ်ချုပ်သူဖြစ်ပြီး တစ္ဆေစစ်သူကြီးများနှင့် ကြောက်မက်ဖွယ် တစ္ဆေများကို အုပ်ချုပ်သူ ဖြစ်သည်။

ခက်ခဲမှု အညွှန်းကိန်း : လယ်ဗယ်(5)။

ယောင်ပင်း အနည်းငယ် အံ့သြသွားသည်။

ဤတာဝန်မှာ ယခင်ကနှင့် မတူညီပုံရပေသည်။

တစ္ဆေဘုရင်ကို နှိမ်နင်းရမှာဖြစ်နေလို့လား။

သူ စဉ်းစားနေချိန်မှာပင် ဟောင်ရှောက်မင်က သီးသန့်ခန်းထဲမှ ယိုင်တိယိုင်တိုင်ဖြင့် ထွက်သွားပြီး ခဏအကြာတွင် ပြန်ဝင်လာသည်ကို မြင်လိုက်ရ၏။

“ဟေး... သူငယ်ချင်းတို့... ငါ အခုလေးတင်ပဲ ငါ့ဘဝမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ရိုမန့်တစ်ဆန်တဲ့ တွေ့ဆုံမှုတစ်ခုကို ကြုံခဲ့တယ်”

ဟောင်ရှောက်မင်က အခန်းထဲသို့ ယိုင်တိုင်တိုင် ပြန်ဝင်လာပြီး မိုက်ခရိုဖုန်းကို ဆွဲကိုင်ကာ စားပွဲပေါ် ခုန်တက်၍ အော်ဟစ်လိုက်သည်။

“အသေးစိတ်ကို နားထောင်ချင်ကြလား”

အခန်းထဲရှိ လူများမှာ အတော်လေး မူးနေကြလေပြီ။ ပုံမှန်ဆိုလျှင် တည်ငြိမ်လှသော လုကျစ်အန်းပင်လျှင် မူးနေချေပြီ။

သူတို့က ပျော်ရွှင်မြူးထူးနေကြသဖြင့် ဟောင်ရှောက်မင်၏ စကားကို ချက်ချင်းပင် တုံ့ပြန်လိုက်ကြ၏။

“နားထောင်ချင်တာပေါ့”

“မြန်မြန်ပြောစမ်းပါဦး၊ ဘယ်လို ဆုံခဲ့တာလဲ၊ အဲဒီကောင်မလေးက လှလား”

“အသေးစိတ် တစ်ခုမှ မကျန်အောင် ပြောပြစမ်း...”

“ငါ အိမ်သာသွားရင်း တံခါးဝမှာ ကောင်မလေးတစ်ယောက်နဲ့ တိုးတာကွ.. သူက လှရုံတင်မကဘူး၊ ဝတ်ထားတာကလည်း ရှယ်လန်းချက်ပဲ

ငါ လျှောက်သွားလိုက်တာနဲ့ သူမက ငါ့ကို ဆွဲဖက်ပြီး နမ်းတော့တာပဲ၊ ဒါတင်မကသေးဘူးနော်.. သူမက ခါးတောင်ကိုင်းညွတ်ပေးလိုက်သေးတယ်...”

ဟောင်ရှောက်မင်မှာ စကားပြောရင်း ပါးစပ်မှ တံတွေးများပင် စင်ထွက်နေတော့သည်။

ယောက်ျားလေးအချို့က ချက်ချင်းပင် ဖိအားပေးမေးမြန်းလိုက်ကြ၏။

“မင်းကတော့ တကယ့်ကို အငမ်းမရကောင်ပဲ၊ သခင်လေးဟောင်... မင်း တကယ်ပဲ အစအဆုံး လုပ်ဖြစ်ခဲ့သေးလား”

“သူ အဲဒီမှာ ရှိသေးလား၊ ငါလည်းသွားကြည့်ချင်တယ်...”

ယောင်ပင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ဤလူများမှာ ဝတ်စုံပြည့်ဖြင့် ကျောင်းတွင် လူကြီးလူကောင်းပုံစံ နေထိုင်ကြသော်လည်း သီးသန့်နေရာတွင် ဤမျှ ယုတ်ညံ့ကြလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။

ဟောင်ရှောက်မင်တစ်ယောက် တံတွေးများစင်သည်အထိ အသေးစိတ် ပြောပြနေချိန်မှာပင် သီးသန့်ခန်း တံခါးက ရုတ်တရက် ပွင့်သွားပြီး စွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက ဝဝဖိုင့်ဖိုင့် အမျိုးသားတစ်ဦးနှင့်အတူ ပေါ်လာတော့သည်။

တံခါးဝသို့ ရောက်သည်နှင့် ထိုအမျိုးသမီးက ဟောင်ရှောက်မင်ကို ညွှန်ပြကာ ပြောလိုက်၏။

“ဘော့စ်ဝမ်... ကျွန်မကို စော်ကားလိုက်တဲ့သူက အဲဒီကောင်ပဲ!”

ဆူညံနေသော အခန်းက ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

ထိုအမျိုးသမီး၏စကားကို ကြားသည်နှင့် မည်သည့်အရာများဖြစ်ခဲ့သည်ကို လူတိုင်း ချက်ချင်း နားလည်လိုက်ကြ၏။

ဟောင်ရှောက်မင်က ထိုအမျိုးသမီးကို မတိုင်ခင်ကမှ စော်ကားခဲ့ခြင်းဖြစ်ပြီး ယခု သူမက လက်စားချေရန် အမျိုးသားတစ်ဦးကို ခေါ်လာခြင်း ဖြစ်ပေသည်။

ယောင်ပင်းသည်က ယနေ့ညတွင် တစ္ဆေဘုရင်ရှိနေကြောင်းကို သိလိုက်ရသည့်အတွက် “ယင်ယန်မျက်လုံး” စွမ်းရည်ကို ဝယ်ယူပြီး အသက်သွင်းထားခဲ့သည်။

ထို့ကြောင့် ထိုအမျိုးသမီးနှင့် ဘော့စ်ဝမ်တို့ ပေါ်လာသောအခါ ယောင်ပင်း၏ ရင်ခုန်သံများ မြန်လာရတော့သည် ။

ထိုအမျိုးသမီး၏ အနီးတဝိုက်တွင် ထူထပ်လွန်းသည့် အမှောင်ထု အငွေ့အသက်များ ဝန်းရံနေခဲ့သည်။

ထို့အပြင် ဘော့စ်ဝမ်၏ အနီးတွင်လည်း မှောင်မည်းသော အငွေ့အသက်များစွာ ရှိနေလေ၏။

ဤနှစ်ယောက်က မသင်္ကာစရာကောင်းလွန်းသည်ပင်။

ထိုအမျိုးသမီးက ဟောင်ရှောက်မင်ကို ညွှန်ပြလိုက်သည်နှင့် ဘော့စ်ဝမ်သည်လည်း ဟောင်ရှောက်မင်ထံသို့ ချက်ချင်း ပြေးသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ကောင်စုတ်လေး... မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမတွေကို လိုက်ပြီးနှာဘူးထနေပြီလား၊ ကြီးလာရင် ဘယ်လိုဖြစ်လာမလဲ..

ဒီနေ့တော့ ငါ မင်းကို သင်ခန်းစာ ပေးရမယ်၊ မင်း နောက်တစ်ခါ ဒီလောက်အထိ မာနထောင်လွှားရဲသေးလား ကြည့်ရသေးတာပေါ့”

ထိုအမျိုးသမီးက သူ့ကို တန်းတန်းမတ်မတ် လိုက်ရှာလိမ့်မည်ဟု ဟောင်ရှောက်မင် မထင်မှတ်ထားခဲ့ပေ။

သူသည်က ငွေဇွန်းကိုက် မွေးဖွားလာသူဖြစ်ပြီး သူကသာ သူများကို နှိပ်စက်လေ့ရှိကာ ဤကဲ့သို့ အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးပေ။

ဘော့စ်ဝမ် ပြေးလာချိန်တွင် သူ ကြောက်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။

ဒေါသထွက်နေသော ဘော့စ်ဝမ်မှာ သူ့ထက် ပိုမြန်နေပြီး ခြေလှမ်းအနည်းငယ်အတွင်းမှာပင် ရှေ့သို့ ရောက်လာကာ လက်ရွယ်၍ ရိုက်ရန် ပြင်လိုက်တော့သည်။

“ဘော့စ်ဝမ်”

ဘော့စ်ဝမ်၏ လက်ဝါးက ဟောင်ရှောက်မင်၏ မျက်နှာပေါ် ကျရောက်လုနီးပါး ဖြစ်စဉ်မှာပင် လုကျစ်အန်းက ဝင်ပြောလိုက်၏။

“ဘာလဲ... ခင်ဗျားက ကျွန်တော့်သူငယ်ချင်းကို ရိုက်မလို့လား”

ဘော့စ်ဝမ်၏ လက်ဝါးမှာ လေထဲတွင် ရပ်တန့်သွားသည်။

လုကျစ်အန်းကို မြင်သောအခါ ဘော့စ်ဝမ်က အားနာစွာပြုံးပြလိုက်၏။

“သခင်လေးလု... သူက ခင်ဗျားရဲ့သူငယ်ချင်းလား”

“ဟုတ်တယ်... သူက ကျွန်တော့်သူငယ်ချင်း၊ ခုနက ဖြစ်ခဲ့တာတွေက အထင်လွဲတာပဲဖြစ်ပါလိမ့်မယ်”

လုကျစ်အန်းက ဘော့စ်ဝမ်ထံသို့ မာနထောင်လွှားသော အမူအရာဖြင့် ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

“ကျွန်တော့်ကို ထောက်ထားပြီး ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ရအောင်”

ဤဘော့စ်ဝမ်သည် ကုမ္ပဏီအသေးစားလေးတစ်ခု၏ ပိုင်ရှင်ဖြစ်သည်။ သူသည်က ညစာစားပွဲတစ်ခုတွင် သူ့ကို တစ်ခါတွေ့ဖူးလေ၏။

ထိုအချိန်က တစ်ဖက်လူမှာ သူ၏ဖခင်အား ဖားယားနေခဲ့သည် မဟုတ်ပါလား။

ဘော့စ်ဝမ်က သူ၏မျက်နှာကို ထောက်ပြီး ငြင်းဆန်ရဲလိမ့်မည်မဟုတ်ဟု သူ သေချာပေါက် ယုံကြည်ထားပေသည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ လုကျစ်အန်း စကားပြောပြီးနောက် ဘော့စ်ဝမ်က ချက်ချင်းပင် မကျေမနပ်ဖြင့် ပြောလိုက်၏။

“သူက သခင်လေးလုရဲ့ သူငယ်ချင်းဆိုမှတော့ ထားလိုက်ပါတော့... ထားလိုက်ပါတော့... မင်းတို့တွေ ပျော်ပျော်ပါးပါး နေကြပါ၊ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး”

သူသည်က လုမိသားစုကို မပြစ်မှားရဲပေ။

ထို့ကြောင့် အရှုံးပေးရန်သာ လုပ်နိုင်တော့သည်။

ထိုသို့ပြောပြီးနောက် ဘော့စ်ဝမ်က မကျေမနပ်ဖြစ်နေသော အမျိုးသမီးကို ဆွဲကာ အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်၏။

“နေဦး”

သူတို့ အခန်းထဲမှ ထွက်တော့မည့်ဆဲဆဲမှာပင် ဟောင်ရှောက်မင်က တားဆီးလိုက်သည်။

“ခင်ဗျား ခုနက ကျုပ်ကို လန့်သွားအောင် လုပ်ခဲ့တာလေ၊ အဲဒီအတွက် ဘယ်လို ပေးဆပ်မလဲ”

လုကျစ်အန်း၏ အရှိန်အဝါကို အသုံးချပြီး ဟောင်ရှောက်မင်က မာနထောင်လွှားစွာဖြင့် အပေါ်စီးမှ ပြန်ပြောလိုက်သည်။

ဘော့စ်ဝမ်၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ဖြတ်ခနဲပေါ်သွားသော်လည်း သူက အတင်းအကျပ် ပြုံးကာ ပြောလာသည်။

“တောင်းပန်ပါတယ်...”

သူ စကားမဆုံးသေးခင်မှာပင် ဟောင်ရှောက်မင်က သူ့မျက်နှာကို ဖြန်းခနဲ ရိုက်ချလိုက်၏။

“တောင်းပန်ပါတယ်လို့ ပြောရုံနဲ့ ပြီးသွားမယ်ဆိုရင် ရဲတွေ ဘာလုပ်ဖို့ လိုဦးမလဲ”

ဟောင်ရှောက်မင်က မျက်လုံးကို ကျဉ်းလိုက်ပြီး မာနတက်သော လေသံဖြင့် ဆက်ပြောခဲ့သည်။

“ဒီကိစ္စက ဒီလောက်နဲ့ မပြီးသေးဘူး”

ဤဘော့စ်ဝမ်သည်က သူ့သူငယ်ချင်းများနှင့် ယောင်ပင်းရှေ့တွင် သူ့ကို အရှက်ခွဲခဲ့သဖြင့် သူ လုံးဝ အလွတ်မပေးနိုင်ပေ။

ရုတ်တရက် ရိုက်နှက်ခံလိုက်ရသဖြင့် ဘော့စ်ဝမ်မှာ ဒေါသကြောင့် တုန်ယင်နေခဲ့သော်လည်း သူ၏ဒေါသကို အတတ်နိုင်ဆုံး ထိန်းကာ မေးလိုက်သည်။

“မင်း ဘာလိုချင်လို့လဲ”

ဟောင်ရှောက်မင်က လှောင်ပြောင်လိုက်၏။

“ခင်ဗျား ဒူးထောက်ပြီး သုံးကြိမ် ဦးတိုက်မယ်ဆိုရင် ဒီကိစ္စကို ခွင့်လွှတ်ပေးလိုက်မယ်”

သူ့ဆီက ခွင့်လွှတ်မှု လိုချင်တယ်မဘား။

အဲဒီအတွက် အရှက်တကွဲ ဖြစ်အောင် အရင်လုပ်ပြရမယ်။

ဘော့စ်ဝမ်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

“မင်း တရားလွန်သွားပြီနော်”

သူသည်က အတတ်နိုင်ဆုံး သည်းခံခဲ့သော်လည်း ဟောင်ရှောက်မင်က သူ့ကို စော်ကားရုံတင်မကဘဲ တစ်ပတ်ပြန်လှည့်၍ပင် ဒုက္ခပေးနေချေပြီ။

ဟောင်ရှောက်မင်က ဘော့စ်ဝမ်၏ ဝဝဖိုင့်ဖိုင့် မျက်နှာကို ထပ်မံရိုက်နှက်ရင်း လှောင်လိုက်သည်။

“တရားလွန်သွားတယ် ဟုတ်လား၊ ကောင်းပြီလေ... ခင်ဗျား ဒူးမထောက်ဘူးပေါ့၊ ဒါဆိုရင်တော့ တကယ့်တရားလွန်သွားတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ခင်ဗျားကို ပြပေးမယ်”

ထိုအချိန်မှာပင် သီးသန့်ခန်း တံခါးဝဆီမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။

“အိုး.. တကယ့်တရားလွန်သွားတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ငါလည်း သိချင်မိသားပဲ”

ထို့နောက်ချက်ချင်းပင် အရပ်ရှည်သည့် အမျိုးသားတစ်ဦးက တံခါးဝတွင် ပေါ်လာလေတော့သည်။

All Chapters