အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း(19)ကိုင်တွယ်ရ အလွန်ခက်ခဲသောလူ
အဆုံးအဖြတ်ပေးရမည့် အချိန်တွင် သီးသန့်ခန်း တံခါးဝ၌ အမျိုးသားတစ်ဦး ပေါ်လာခဲ့သည်။
ထိုသူမှာ အသက်သုံးဆယ်ဝန်းကျင်ရှိပြီး သန်မာထွားကျိုင်းသော ခန္ဓာကိုယ် ရှိပေသည်။ လင်းယုန်ငှက်ကဲ့သို့ ထက်မြက်သော မျက်လုံးများ၊ အေးစက်တည်ငြိမ်သော အမူအရာတို့နှင့်အတူ အနက်ရောင်အင်္ကျီကို ပခုံးပေါ်တွင် တင်ထားပြီး သောက်လက်စ စီးကရက်တစ်လိပ်ကို ကိုင်ထားခဲ့သည်။
သူ့နောက်တွင်တော့ ဗလတောင့်တင်းသည့် လူခုနစ်ဦး၊ ရှစ်ဦးခန့် ရပ်နေကြ၏။
ထိုလူများမှာ အောက်နားတွင် မီးလျှံပုံစံ ချည်ထိုးထားသည့် အနက်ရောင် ဂျာကင်များကို ဝတ်ဆင်ထားပြီး မျက်နှာများမှာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
ထိုလူသစ်ရောက်လာသည်ကို မြင်သည်နှင့် ဘော့စ်ဝမ်က သူ၏ စွဲဆောင်မှုရှိသော အမျိုးသမီးကို ခေါ်ကာ ချက်ချင်းပင် သွားကြိုလိုက်သည်။
ထို့နောက် ဟောင်ရှောက်မင်ကို ညွှန်ပြကာ အေးစက်စွာ ပြောလိုက်၏။
“မာစတာခိုင်... ဒီကလေးက တကယ့်ကို အတင့်ရဲလွန်းတယ်၊ ကျွန်တော့်မိန်းမကို နှောင့်ယှက်ရုံတင်မကဘူး၊ ကျွန်တော့်ကို ဒူးထောက်ခိုင်းဖို့အထိ တောင်းဆိုနေသေးတယ်..”
“ငါ သိတယ်”
မာစတာခိုင်ဟု ခေါ်သော ထိုသူက ခေါင်းငြိမ့်ပြလိုက်ပြီး တစ်ခန်းလုံးကို ဖြည်းညင်းစွာ ဝေ့ကြည့်လိုက်လေသည်။
မာစတာခိုင်၏ အကြည့်များ သူတို့အပေါ်သို့ ကျရောက်လာသောအခါ လူတိုင်းမှာ ခန္ဓာကိုယ်ကို ဓားဖြင့် မွှန်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အလိုအလျောက်ပင် တုန်ယင်သွားကြလေသည်။
ဤသူ၏ အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လွန်းလှပေသည်။
“ဘော့စ်ဝမ်ရဲ့ လူကို စော်ကားရဲတဲ့သူက...”
ခိုင်ယဲ့၏ အကြည့်မှာ ဟောင်ရှောက်မင်ပေါ်သို့ ဖြည်းညင်းစွာ ကျရောက်သွားပြီး သူက အေးအေးလူလူပင် ပြောလိုက်သည်။
“မင်းကို အခွင့်အရေး တစ်ကြိမ်ပေးမယ်၊ မင်းဘာသာမင်း ဒီကို လာခဲ့စမ်း”
သူ၏ အသံမှာ မကျယ်လွန်းသော်လည်း သီးသန့်ခန်းအတွင်းရှိ ဆူညံသံများကို ဖောက်ထွက်ကာ လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားပေသည်။
သူ၏ စကားပြောပုံမှာ အေးဆေးသော်လည်း ပြင်းထန်သော ဖိအားများ ပါဝင်နေ၏။
ကျယ်ဝန်းသော သီးသန့်ခန်းကြီးမှာ မကြုံစဖူးသော ဖိအားများဖြင့် ခဏချင်းမှာပင် ပြည့်နှက်သွားတော့သည်။
အခန်းထဲရှိ လူငယ်လေးများနှင့် မိန်းကလေးများမှာ လူအများ၏ ဝိုင်းဝန်းယုယမှုကို ခံခဲ့ရသူများသာ မဟုတ်ပါလား။
ခိုင်ယဲ့၏ အမူအရာကို မြင်သောအခါ ဝမ်ရှောင်မင်အမည်ရသော လူငယ်လေးက ပထမဆုံး မကျေမနပ် ဖြစ်သွားတော့သည်။ သူသည်က ခိုင်ယဲ့ထံသို့ မာနတောင်လွှားစွာ လျှောက်သွားပြီး လည်ပင်းကို ဆန့်ကာ အော်ဟစ်လိုက်၏။
“နှောင့်ယှက်တော့ ဘာဖြစ်လဲ၊ ဒီလောက် အတိုအပြတ်လေးဝတ်ထားတာက တမင်စိန်ခေါ်နေတာပဲ၊ အနှောင့်ယှက်ခံရတာ ထိုက်တန်တယ်၊
ငါ့သူငယ်ချင်းက သူ့ကို နှောင့်ယှက်တယ်ဆိုတာက သူ့ကို မျက်နှာသာပေးတာလို့တောင် ယူဆလို့ရတယ်”
“ခင်ဗျားက ဘယ်ကကောင်မို့လို့ ဒီကို လာရဲရတာလဲ၊ ငါတို့က ဘယ်သူတွေလဲ ဒီအခန်းကရော ဘယ်လိုအဆင့်လဲဆိုတာ မသိဘူးလား”
ဝမ်ရှောင်မင် အော်ဟစ်လိုက်သည်နှင့် အခြားလူများကလည်း ဝိုင်းအော်ကြတော့သည်။ လုကျစ်အန်းနှင့် ဟောင်ရှောက်မင်နှစ်ဦးသာ အသံမထွက်ရဲဘဲ ရှိနေကြလေ၏။
ခိုင်ယဲ့က နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးလိုက်ပြီး တည်ငြိမ်စွာ နားထောင်နေသည်။
“ပြောလို့ ပြီးပြီလား”
“ပြီးပြီ”
ဝမ်ရှောင်မင် စကားပြောပြီးသည်နှင့် ခိုင်ယဲ့၏ နောက်တွင် ရပ်နေသော ဗလတောင့်တင်းသည့် လူတစ်ယောက်က ရုတ်တရက် ကန်ထုတ်လိုက်သောကြောင့် ဝမ်ရှောင်မင်မှာ နောက်သို့ ငါးပေခန့် လွင့်ထွက်သွားပြီး စားပွဲထောင့်နှင့် ပြင်းပြင်းထန်ထန် ဝင်တိုက်မိလေတော့သည်။
“အု..”
ဝမ်ရှောင်မင်၏ ပါးစပ်မှ သွေးတစ်လုပ် အန်ထွက်သွားရသည်။
သီးသန့်ခန်းထဲရှိ လူငယ်များနှင့် မိန်းကလေးများမှာလည်း ထိတ်လန့်ကြောင်အသွားကြတော့သည်။
အေးဆေးတည်ငြိမ်လွန်းသော ဤခိုင်ဆိုသည့် လူသည်က မည်သည့်သတိပေးချက်မှ မရှိဘဲ လူကို စတင် ရိုက်နှက်နေခဲ့သည်။
ထို့အပြင် ဤမျှလောက်အထိပင် အင်အားသုံးနေခဲ့သေးသည်လား။
“ငါ့... ငါ့အဖေက ဝမ်ချီမင်ကွ၊ မင်း... မင်းက ငါ့ကို ကန်ရဲတယ်ပေါ့...”
တစ်စုံတစ်ယောက်က သူ့ကို ရိုက်ရဲတယ်တဲ့လား။
ဝမ်ရှောင်မင် ဒေါသပေါက်ကွဲသွားပြီး ယိုင်တိယိုင်တိုင်ဖြင့် ပြန်ထလာကာ ခိုင်မျိုးရိုးထံသို့ ပြေးဝင်လိုက်သည်။
“ဒီနေ့တော့ ငါ မင်းနဲ့ အသေအလဲ တိုက်မယ်”
“ဟူး...”
“မင်းရဲ့ သတ္တိကို ငါ ချီးကျူးပါတယ်”
ခိုင်အမျိုးသားက စီးကရက်ကို ပါးစပ်တွင် ဖြည်းညင်းစွာ တပ်လိုက်ပြီး အေးအေးဆေးဆေးပင် တစ်ချက် ရှိုက်လိုက်၏။
ဗလတောင့်တင်းသည့် လူက ထပ်မံ၍ ကန်လိုက်ပြန်သည်။
တိကျသေချာပြီး ပြတ်သားလှပေသည်။
ဤတစ်ကြိမ်တွင် ဝမ်ရှောင်မင်က ဆယ်ပေကျော်ခန့် လွင့်ထွက်သွားပြီး သွေးများ ထပ်မံ အန်ထုတ်ကာ ပြန်တောင် မထနိုင်တော့ချေ။
တိတ်ဆိတ်သွားသည်။
သေလုမတတ် တိတ်ဆိတ်သွားခြင်းပင်။
သခင်လေးများနှင့် သခင်မလေးများမှာ ကြောက်လန့်တကြား မျက်နှာများ ပြာနှမ်းကုန်ပြီး တစ်ဦးကိုတစ်ဦးဖက်ကာ တုန်ယင်နေကြတော့သည်။ လဲကျနေသော ဝမ်ရှောင်မင်ကို ကူညီရန် မည်သူမျှ မဝံ့ရဲကြတော့ချေ။
သူတို့၏ မိဘအမည်များကို ပြောလိုက်ပါက “မာစတာခိုင်” ဟု ခေါ်သော ဤလူသည်က ခွင့်လွှတ်ရန် တောင်းပန်ရလိမ့်မည်ဟု သူတို့ ထင်ထားခဲ့ကြသော်လည်း ထိုသူက သူတို့ကို လုံးဝ ဂရုမစိုက်သည့်အပြင် ပို၍ပင် ပြင်းထန်စွာ ရိုက်နှက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
မတိုင်မီက သူတို့ မည်မျှ မာနကြီးခဲ့ကြသည်လဲ။
ယခုတွင်တော့ ချက်ချင်းပင် ငကြောက်များ ဖြစ်နေကြချေပြီ။
မာစတာခိုင်က သူ၏အဝတ်အစားပေါ်မှ မရှိသော ဖုန်များကို ခါထုတ်လိုက်လေဒ။ သူ၏ အကြည့်မှာ ဟောင်ရှောက်မင်ပေါ်သို့ ကျရောက်သွားသည်။
ထို့နောက် သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
ထိုအပြုံးက ဟောင်ရှောက်မင်ကို ထိတ်လန့်သွားစေလေ၏။
သူသည်က ငကြောက်တစ်ယောက်အဖြစ် ပုန်းကွယ်မနေရဲတော့ပေ။ သူက မာစတာခိုင်ထံသို့ ယိုင်တိုင်တိုင် လျှောက်သွားပြီး ထစ်ထစ်အအဖြင့် ပြောလိုက်သည်။
“မာစတာခိုင်... ကျွန်တော်... ကျွန်တော် မှားသွားပါတယ်၊ နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး...”
ဘော့စ်ဝမ်က သူ့ကို “မာစတာခိုင်” ဟု ခေါ်လိုက်သည့် အချိန်ကတည်းက ဟောင်ရှောက်မင်က အလွန်အမင်း ကြောက်ရွံ့သွားခဲ့ခြင်း ဖြစ်သည်။
သူ မာစတာခိုင်အကြောင်းကို ကြားဖူးပေသည်။
မာစတာခိုင်မှာ ယခင်က အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး အကြီးအကဲမို၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်ခဲ့ဖူးသည်။
နောက်ပိုင်းတွင် သူက မြေအောက်လောကသို့ တစ်ယောက်တည်း ခြေဆန့်ခဲ့ပြီး အပေါ်ယံတွင် ကလပ်များ၊ နိုက်ကလပ်များနှင့် ဘားများကို ဖွင့်လှစ်ထားသော်လည်း နောက်ကွယ်တွင် လူသစ်စုဆောင်းခြင်းနှင့် နယ်မြေသိမ်းပိုက်ခြင်းများကို အစဉ်တစိုက် လုပ်ဆောင်ခဲ့သည်။
နှစ်အနည်းငယ်အတွင်းမှာပင် သူသည် ပင်းဟိုင်မြို့၏ ဒုတိယအကြီးဆုံးဂိုဏ်းဖြစ်သော မီးနဂါးဂိုဏ်းကို တည်ထောင်နိုင်ခဲ့ပေသည်။
မာစတာခိုင်မှာ တစ်ချိန်တုန်းက တစ်ယောက်တည်းဖြင့် လုပ်ငန်းစုတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး တစ်ညတည်းနှင့် နာမည်ကြီးလာခဲ့သည်ဟု ဆိုကြသည်။
မာစတာခိုင်က ရက်စက်သော်လည်း အကျိုးအကြောင်း သိတတ်ပြီး သစ္စာရှိသူဖြစ်ကြောင်းကိုလည်း မြေအောက်လောကရှိ လူတိုင်းက သိထားကြသည်။
ထို့ကြောင့်လည်း သူသည်က နှစ်အနည်းငယ်အတွင်း ဤမျှအထိ လျင်မြန်စွာ အောင်မြင်လာခြင်း ဖြစ်သည်။
အကယ်၍ သူ စော်ကားမိသည်မှာ မာစတာခိုင်၏ ဧည့်သည်ဖြစ်ကြောင်း သိခဲ့ပါက ဟောင်ရှောက်မင်တွင် အသက်ဆယ်ချောင်း ရှိလျှင်တောင် ဤသို့ လုပ်ဝံ့မည် မဟုတ်ပေ။
“ခုနတုန်းက မင်း အရမ်း မာနကြီးနေတာလေ၊ အခုကျမှ ဘာလို့ ကြောက်နေတာလဲ”
မာစတာခိုင်က ဟောင်ရှောက်မင်ထံ လျှောက်သွားပြီး သူ၏မျက်နှာကို ထပ်ခါတလဲလဲ ရိုက်နှက်လိုက်သည်။
သူ၏ မျက်လုံးများမှာလည်း မှောင်မည်းပြီး ခြိမ်းခြောက်မှုများဖြင့်ပြည့်နေ၏။
“ဒီနေ့ ငါ ဘော့စ်ဝမ်ကို ဖိတ်ထားတာ၊ မင်းက ဘော့စ်ဝမ်ရဲ့ လူကို နှောင့်ယှက်ရုံတင်မကဘဲ ဘော့စ်ဝမ်ကိုတောင် ဒူးထောက်ခိုင်းရဲတယ်ပေါ့၊
မင်းက လူတွေကို ဒူးထောက်ခိုင်းရတာ ဒီလောက်တောင် ဝါသနာပါနေမှတော့ မင်းကို သင်ခန်းစာပေးတဲ့အနေနဲ့ မင်းရဲ့ ခြေထောက်နှစ်ဖက်လုံးကို ငါ ချိုးပစ်မယ်”
မာစတာခိုင် စကားပြောပြီးသည်နှင့် သူ့နောက်မှ ဗလတောင့်တင်းသည့် လူနှစ်ယောက်က ချက်ချင်း ထွက်လာပြီး ဟောင်ရှောက်မင်ထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားကြလေသည်။
ဟောင်ရှောက်မင်မှာ ကြောက်လန့်တကြား တုန်ယင်နေတော့သည်။
မာစတာခိုင်၏ လူများက မည်မျှ လက်ရဲဇက်ရဲ ရှိကြောင်း၊ တိကျပြီး ရက်စက်ကြောင်း သူ မြင်တွေ့ခဲ့ရပြီး ဖြစ်ပေသည်။
ထိုလူများ သူ့ထံသို့ မရောက်မီမှာပင် ဟောင်ရှောက်မင်က ထိတ်လန့်တကြားဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး အသနားခံတော့သည်။
“မာစတာခိုင်... ကျွန်တော် နောက်တစ်ခါ မလုပ်တော့ပါဘူး၊ ဘယ်တော့မှ မလုပ်တော့ပါဘူး၊ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ”
မာစတာခိုင်က သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။
“ကျောရိုးမရှိတဲ့ ကောင်၊ အသုံးမကျတဲ့ကောင်”
တစ်ဖက်တွင်လည်း ဘော့စ်ဝမ်နှင့် စွဲဆောင်မှုရှိသော အမျိုးသမီးက ကျေနပ်စွာ ကြည့်နေခဲ့လေ၏။
“သူနဲ့ ထိုက်တန်တာပဲ.. ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် မာနထောင်လွှားနေတာ၊ သင်ခန်းစာ ပေးသင့်တယ်၊ မရပ်နေနဲ့လေ.. မာစတာခိုင်က ဒီကောင်ရဲ့ ခြေထောက်ကို ချိုးပစ်မယ်လို့ ပြောလိုက်တယ်မလား...”
ဗလတောင့်တင်းသည့် လူနှစ်ယောက်မှာ ဟောင်ရှောက်မင်ထံ တန်းတန်းမတ်မတ် လျှောက်သွားပြီး အရေးယူရန် ပြင်လိုက်ကြသည်။
ထိုအချိန်မှာပင် အသံတစ်သံက ရုတ်တရက် ကြားဖြတ်ပြောလိုက်၏။
“မာစတာခိုင်... ကျွန်တော်က လုယုံချန်ရဲ့ သားပါ.. သူက ကျွန်တော့်သူငယ်ချင်းပါ.. သူက အသိဉာဏ်မရှိလို့ မာစတာခိုင်ရဲ့ ဧည့်သည်ကို စော်ကားမိသွားတာပါ
သူ မှားသွားတယ်ဆိုတာ သူ သိပါပြီ၊ ကျေးဇူးပြုပြီး သဘောထားကြီးပေးပါဦး၊ သူ့ကို အပြစ်မယူပါနဲ့လား...
ကျွန်တော့်အဖေက မာစတာခိုင်နဲ့ စားပွဲတစ်လုံးတည်းမှာ အရက်အတူတူ သောက်ခဲ့ဖူးပါတယ်၊ ကျွန်တော်လည်း မာစတာခိုင်နဲ့ တွေ့ဖူးပါတယ်၊ ကျွန်တော့်အဖေရဲ့ မျက်နှာကို ထောက်ပြီး ဒီတစ်ကြိမ်တော့ သူ့ကို ခွင့်လွှတ်ပေးပါ...”
လုကျစ်အန်းက ဟောင်ရှောက်မင်အတွက် ဝင်ရောက် တောင်းပန်ပေးလိုက်ခြင်း ဖြစ်ပေသည်။
မာစတာခိုင် သီးသန့်ခန်း တံခါးဝတွင် ရပ်နေသည့် အချိန်ကတည်းက ကိစ္စများ ရှုပ်ထွေးတော့မည်ကို လုကျစ်အန်း သိရှိထားသည်။
မာစတာခိုင်သည်က ကိုင်တွယ်ရ အလွန်ခက်ခဲသူဖြစ်ကြောင်း နာမည်ကြီးပြီး မိုမိသားစုနှင့်လည်း ပတ်သက်မှု ရှိပေသည်။
သူသည်က လူမိုက်ပုံစံ ပေါက်နေသော်လည်း လုပ်ငန်းနယ်ပယ်ရှိ လူအတော်များများက သူ့ကို မျက်နှာသာ ပေးကြရပေသည်။
သူ၏ ဖခင်အပါအဝင်ပင်။
ဝမ်ရှောင်မင်နှင့် ဟောင်ရှောက်မင်တို့ကဲ့သို့သော မိသားစုများကို မာစတာခိုင်က စိန်ခေါ်မှုတစ်ခုဟုပင် မယူဆချေ။
မာစတာခိုင်က ရက်စက်သူဖြစ်ကြောင်း သူ ကြားဖူးထားသော်လည်း ယနေ့တွင်တော့ လက်တွေ့ မြင်တွေ့ခဲ့ရချေပြီ။
ဝမ်ရှောင်မင်ကို ကြမ်းပြင်ပေါ်တွင် ကန်ထုတ်ခံလိုက်ရပြီး ပြန်မထနိုင်သည်ကို မြင်သောအခါ လုကျစ်အန်းမှာ ကြောက်လန့်တကြား တုန်ယင်နေမိပြီး စကားတစ်လုံးမျှ မပြောဝံ့ဘဲ ကြာမြင့်စွာရပ်တန့်နေခဲ့သည်။
မာစတာခိုင်က ဟောင်ရှောက်မင်၏ ခြေထောက်ကို ချိုးပစ်မည်ဟု ပြောလိုက်သည့် အချိန်ကျမှသာ လုကျစ်အန်းမှာ ရွေးချယ်စရာ မရှိတော့ဘဲ ရှေ့သို့ ထွက်လာရခြင်းဖြစ်ပေသည်။
*
အခန်း(20)
လုမိသားစုနှင့် ဟောင်မိသားစုမှာ ရင်းနှီးကြပြီး သူသည်လည်း ဟောင်ရှောက်မင်နှင့် ရင်းနှီးသူ ဖြစ်သည်။
အကယ်၍ ဟောင်ရှောက်မင်၏ ခြေထောက်များ ချိုးခံရသည်ကို သူ့ဘက်မှ ရပ်ကြည့်နေပါက ဤနယ်ပယ်တွင် သူ ဆက်လက် ရပ်တည်နိုင်တော့မည် မဟုတ်ပေ။
“လုယုံချန် ဟုတ်လား၊ ယုံချန် ရတနာဆိုင်လား”
မာစတာခိုင်၏ အမူအရာမှာ ပြန်လည်သတိရသွားသကဲ့သို့ အနည်းငယ် ပျော့ပြောင်းသွားသည်။
“မင်းပြောတာ မှန်တယ်၊ ငါ ဘော့စ်လုနဲ့ ညစာ အတူတူစားပြီး အရက်သောက်ခဲ့ဖူးပုံရတယ်”
လုကျစ်အန်းတစ်ယောက် စိတ်သက်သာရာရကာ ပျော်ရွှင်သွားတော့သည်။
“မာစတာခိုင်... ဒါဆိုရင် ဒီတစ်ကြိမ်တော့ ကျွန်တော့်သူငယ်ချင်းကို ခွင့်လွှတ်ပေးဖို့ သဘောတူလိုက်ပြီမလား”
ယခုအချိန်တွင်တော့ ဟောင်ရှောက်မင် လွတ်မြောက်သွားချေပြီ။
သူာ ဟောင်ရှောက်မင်ကို ချက်ချင်းပင် ဆွဲခေါ်လိုက်ပြီး အခြားလူငယ်များနှင့် မိန်းကလေးများကို သူနှင့်အတူ အမြန်လိုက်ခဲ့ရန် အချက်ပြလိုက်လေသည်။
အခြားလူများမှာလည်း မနှောင့်နှေးရဲကြဘဲ မာစတာခိုင် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် တံခါးဝသို့ အပြေးအလွှား သွားကြတော့သည်။
သို့သော်လည်း လုကျစ်အန်း သီးသန့်ခန်းတံခါးကို ဖွင့်လိုက်သည့် အချိန်မှာပင် မာစတာခိုင်က လက်ထဲမှ စီးကရက်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး နင်းခြေဖျက်ဆီးလိုက်ကာ အေးစက်စွာ ပြောလိုက်၏။
“မင်းတို့ ဘယ်ကို သွားကြမလို့လဲ”
လူတိုင်း ကြောင်အသွားကြသည်။
ဟောင်ရှောက်မင်မှာ သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ယင်နေချေပြီ။
လုကျစ်အန်းက အားနာသည့်အရိပ်အယောင်များဖြင့်ပြုံးပြရင်း ပြောလိုက်သည်။
“မာစတာခိုင်... ခုနကပဲ ကျွန်တော့်အဖေရဲ့ မျက်နှာကိုထောက်ပြီး ကျွန်တော့်သူငယ်ချင်းကို ခွင့်လွှတ်ပေးမယ်လို့ပြောခဲ့တာ မဟုတ်ဘူးလား”
ထိုသို့ပြောလိုက်သော်လည်း လုကျစ်အန်းမှာ အဘယ်ကြောင့်မှန်းမသိပါဘဲ ယုံကြည်မှု ကင်းမဲ့နေပေသည်။
သူ စကားပြောပြီးသည်နှင့် ခိုင်အမျိုးသား၏ မျက်လုံးများက ပြူးကျယ်သွားတော့သည်။
“မင်းအဖေရဲ့ မျက်နှာကိုထောက်ရမယ် ဟုတ်လား၊ မင်းအဖေကို သွားမေးကြည့်လိုက်ဦး၊ ငါ့ဆီကနေ အဲဒီလို မျက်နှာသာပေးမှုကို သူ တောင်းရဲလားလို့
ဟေ့ကောင်တွေ... အဲဒီကလေးရဲ့ ခြေထောက်ကို ချိုးပစ်လိုက်ကြ၊ ပြီးရင် ဘော့စ်ဝမ်ကို ဒူးထောက်ပြီး တောင်းပန်ခိုင်းလိုက်...”
မာစတာခိုင် စကားမဆုံးသေးမီမှာပင် ဟောင်ရှောက်မင်က ဘော့စ်ဝမ်ထံသို့ ပြေးသွားပြီး ဘုန်းခနဲ ဒူးထောက်ကျလိုက်သည်။
“ဘော့စ်ဝမ်... ကျွန်တော့်မှာ မျက်စိမရှိလို့ ခင်ဗျားကို စော်ကားမိသွားတာပါ၊ ကျေးဇူးပြုပြီး သဘောထားကြီးပေးပြီး ကျွန်တော့်ကို အပြစ်မယူပါနဲ့...”
ကုမ္ပဏီအသေးစားလေးတစ်ခု၏ CEO ရှေ့တွင် ဒူးထောက်ရခြင်းမှာ ဟောင်ရှောက်မင်အတွက် အကြီးမားဆုံးသော အရှက်ရမှု ဖြစ်ပေသည်။
သို့သော် ခြေထောက်ချိုးခံရခြင်းနှင့် နှိုင်းယှဉ်ပါက ဤအရှက်ရမှုမှာ ပြသနာမဟုတ်တော့ချေ။
လုကျစ်အန်းက ပါးစပ်ဟလိုက်သော်လည်း စကားမပြောဝံ့တော့ပါချေ။
သူတို့က ပုံမှန်အားဖြင့် အလွန်ပင် မာနကြီးခဲ့ကြသော်လည်း ယခုတွင်တော့ ဓားသွားပေါ်တွင် အသက်ရှင်လာခဲ့ကြသော မာစတာခိုင်နှင့် သူ၏လူများရှေ့တွင်တော့ မာနများက ရေတစ်ပုံးနှင့် အငြိမ်းခံလိုက်ရသည့် မီးကဲ့သို့ ပျောက်ကွယ်သွားရချေပြီ။
အခြားလူများမှာလည်း ပို၍ပင် တုန်ယင်နေကြပြီး အသက်ပင် ပြင်းပြင်းမရှူရဲကြတော့ချေ။
“ကောင်စုတ်လေး... စောစောက မင်း အရမ်း မာနကြီးနေတာလေ၊ အခုကျတော့ ဘာလို့ မာနမကြီးတော့တာလဲ”
ဘော့စ်ဝမ်က ဟောင်ရှောက်မင်၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဟောင်ရှောက်မင်၏ ခေါင်းကို အကြိမ်အနည်းငယ် ရိုက်ကာ လှောင်ပြောင်လိုက်သည်။
“အခုမှ နောင်တရနေတာလား၊ ငါ့ကို လွှတ်ပေးစေချင်တာလား၊ ဒီလိုလုပ်ရအောင်... မင်းက ငါ့မိန်းမကို နှောင့်ယှက်ခဲ့တာဆိုတော့ မင်းနဲ့အတူပါလာတဲ့ ဒီမိန်းကလေးတွေကို ငါက ပြန်ကစားပေးမယ်၊ ပြီးရင် မင်းရဲ့ ခြေထောက်နှစ်ဖက်လုံးကို ငါ ချိုးပစ်မယ်၊ အဲဒါဆိုရင် အားလုံး ပြီးသွားပြီ!”
ဘော့စ်ဝမ် ထိုစကားကို ပြောလိုက်သည်နှင့် ဟောင်ရှောက်မင်၏ မျက်နှာမှာ လူသေတစ်ယောက်ကဲ့သို့ ဖြူဆွတ်သွားတော့သည်။
လုကျစ်အန်းမှာလည်း တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ့အတွက် အသနားခံရန် စကားတစ်လုံးမျှ မပြောနိုင်တော့ပါချေ။
မိန်းကလေးများက ကြောက်လန့်တကြားဖြင့် မျက်နှာများ ပြာနှမ်းနေကြပြီး လုကျစ်အန်းအား တုန်ယင်နေသော အသံဖြင့် အသနားခံကြတော့သည်။
“ကျစ်အန်း... ကျေးဇူးပြုပြီး မာစတာခိုင်ကို ငါတို့ကို လွှတ်ပေးဖို့ တောင်းပန်ပေးပါဦး...”
လုကျစ်အန်းက အချိန်အတော်ကြာအောင် တုန်ယင်နေပြီးနောက် ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်လေ၏။
သီးသန့်ခန်းအတွင်းရှိ မြင်ကွင်းကို ဆက်မကြည့်ရဲတော့ချေ။
သူသည်က ကိုယ်ကိုယ်တိုင် ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် မာစတာခိုင်အား အသနားခံရန် မဝံ့ရဲတော့ပေ။
တစ်ချိန်က ချမ်းသာကြွယ်ဝပြီး အာဏာရှိခဲ့ကြသော မိန်းကလေးများမှာ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျကုန်ကြပြီး မျှော်လင့်ချက်ကင်းမဲ့နေသော မျက်နှာများဖြင့် ရှိနေကြတော့သည်။
အကယ်၍ လုကျစ်အန်းက သူတို့ကို မကယ်တင်ပါက ဤသီးသန့်ခန်းအတွင်းရှိ မည်သူမျှ သူတို့ကို မကယ်တင်နိုင်တော့ပါချေ။
မာစတာခိုင်၏ နောက်မှ အနက်ရောင်ဝတ် လူအချို့က သူတို့ထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားပြီး သူတို့ကို ဖမ်းဆီးရန် လက်လှမ်းလိုက်ကြသည်။
မာစတာခိုင်ကတော့ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အေးစက်စွာသာ ကြည့်နေခဲ့သည်။
ဤအဆုံးအဖြတ်ပေးရမည့် အချိန်တွင် အခန်းထောင့်ရှိ အမျိုးသားတစ်ဦးက ထရပ်လိုက်ပြီး အနက်ရောင်ဝတ် လူများကို တားဆီးလိုက်သည်။
“သူတို့ကို မထိနဲ့”
ဤစကားလုံးများမှာ အခန်းထဲသို့ ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
မျက်လုံးအားလုံးက ထိုအမျိုးသားထံသို့ ရောက်ရှိသွားကြ၏။
မာစတာခိုင်၏ မျက်လုံးများမှာလည်း အနည်းငယ် ကျဉ်းသွားပြီး သူ၏ အကြည့်မှာ အန္တရာယ်များပြည့်နေခဲ့သည်။
ဤအရေးကြီးသော အချိန်တွင် မည်သူကများ အရှေ့သို့ ထွက်လာရဲသည်ကို သူ သိချင်နေပေသည်။
*
သီးသန့်ခန်းအတွင်းရှိ မျက်လုံးအားလုံးက ထောင့်စွန်းမှ ထရပ်လိုက်သော ထိုသူထံ၌သာ စုပြုံကျရောက်နေခဲ့သည်။
ဤသို့ မဆင်မခြင်လုပ်သည့် အမျိုးသားက မည်သူဖြစ်ကြောင်းကို လူတိုင်း သိချင်နေကြချေပြီ။
အခန်းထဲရှိ လူများမှာ ခိုင်ယဲ့၏ ရက်စက်မှုကို လက်တလောအချိန်တွင် မြင်တွေ့ခဲ့ရပြီး ဖြစ်လေသည်။
ခိုင်ယဲ့ကို ဆန့်ကျင်ရဲသူမှန်သမျှမှာ ကြောက်မက်ဖွယ်ကောင်းစွာ သေဆုံးရမည်ဖြစ်ကြောင်းကို ကြမ်းပြင်ပေါ်တွင် ပြန်မထနိုင်ဘဲ လဲလျောင်းနေသော ဝမ်ရှောင်မင်က သက်ရှိသက်သေအဖြစ် ရှိနေခဲ့သည်။
ထိုအချိန်မျိုးတွင် တစ်စုံတစ်ယောက်က ရှေ့သို့ထွက်ကာ ခိုင်ယဲ့ကို စိန်ခေါ်ရဲသေးသည်လား။
အဲဒီလူက မျက်လုံးမပါတာလား။
ခိုင်ယဲ့က မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်ပြီး ထရပ်လိုက်သော ထိုသူအား လက်ယပ်ခေါ်လိုက်၏။
ထိုသူမှာလည်း ကြောက်ရွံ့ခြင်းမရှိဘဲ ခိုင်ယဲ့ထံသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့လေသည်။
သီးသန့်ခန်းအတွင်းရှိ မီးရောင်မှာ မှိန်ဖျော့နေသော်လည်း ခိုင်ယဲ့ထံသို့ လျှောက်သွားသောသူမှာ အခြားသူမဟုတ်ဘဲ သူတို့ တစ်ဖက်သတ် အရှက်ခွဲရန် ခေါ်လာခဲ့သော ယောင်ပင်းဖြစ်ကြောင်းကို လုကျစ်အန်းနှင့် အခြားသူများ ရှင်းလင်းစွာ မြင်လိုက်ရပေသည်။
“ဒီဆင်းရဲသားကောင်က အရူးလား၊ မာစတာခိုင်ကိုတောင် တားရဲတယ်ဆိုတော့ သူ သေချင်လို့လား”
“ရှူး... တိုးတိုးနေ၊ ဒီအရူးက ငါတို့နဲ့ အတူပါလာတာဆိုတာ မာစတာခိုင် လုံးဝ သိလို့မဖြစ်ဘူး၊ မဟုတ်ရင် မာစတာခိုင်က ငါတို့ကိုပါ အပြစ်တင်လိမ့်မယ်...”
သခင်လေးများနှင့် သခင်မလေးများမှာ ရုတ်တရက် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး တိုးတိုးတိတ်တိတ် ဆွေးနွေးပြီးနောက်တွင် ဒုက္ခရောက်မည် စိုးသဖြင့် ပါးစပ်ကို အမြန် ပြန်ပိတ်လိုက်ကြတော့သည်။
တစ်ဖက်တွင်လည်း လုကျစ်အန်းနှင့် ဟောင်ရှောက်မင်တို့မှာ ကြောင်အမ်းနေကြချေပြီ။
သူတို့ရှေ့တွင် ငကြောက်တစ်ယောက်ဖြစ်ခဲ့သော ယောင်ပင်းက မာစတာခိုင်ကို ဆန့်ကျင်ရဲသည် လား။
ဒီကောင်က စိတ်များ ဖောက်ပြန်သွားတာလား။
အကယ်၍ ယောင်ပင်းကို သူတို့ ခေါ်လာခဲ့ခြင်းဖြစ်ကြောင်း မာစတာခိုင် သိသွားပါက သူတို့ကို တိုက်ရိုက် အပြစ်တင်လိမ့်မည်မဟုတ်ပါလား။
ယောင်ပင်း ရှေ့သို့ ထွက်လာသည်ကို မြင်လိုက်ရသည့် ခဏမှာပင် လုကျစ်အန်းနှင့် အခြားသူများ၏ စိတ်ထဲတွင် အစီအစဉ်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်။
သူတို့သည်က မည်သို့ ထွက်ပြေးရမည်ကိုပင် စဉ်းစားနေကြချေပြီ။
ခိုင်ယဲ့က ယောင်ပင်းကို မျက်မှောင်ကြုတ်၍ အကဲခတ်လိုက်သည်။
“ခုနက စကားကို မင်းပြောတာလား”
ယောင်ပင်းက ခေါင်းညိတ်ပြပြီး ခိုင်ယဲ့၏ အကြည့်ကို ပြန်လည်ရင်ဆိုင်လိုက်၏။
“ဟုတ်တယ်၊ ကျွန်တော် ပြောတာ”
“ပြောင်ဇီ... လာခဲ့စမ်း.. ဒီသတ္တိကောင်းတဲ့ငနဲလေးကို သင်ခန်းစာကောင်းကောင်း ပေးလိုက်၊ ကွက်ကွက်ကွင်းကွင်း မြင်သာစေရမယ်ဆိုတာ မှတ်ထား၊ မဟုတ်ရင် သူ သင်ခန်းစာရမှာ မဟုတ်ဘူး”
ခိုင်ယဲ့က သူ့ကို စိန်ခေါ်ရဲသူများအပေါ် စကားအများကြီး ပြောလေ့မရှိပေ။ ခိုင်ယဲ့ စကားပြောပြီးသည်နှင့် သူ့နောက်မှ ဗလကောင်းကောင်းနှင့် လူတစ်ယောက် ထွက်လာသည်။
ထိုသူမှာ ပုခုံးကျယ်ပြီး ခါးတုတ်ကာ ယောင်ပင်း၏ ရှေ့တွင် တောင်ကြီးတစ်လုံးကဲ့သို့ ရပ်နေခဲ့သည်။
သူက စကားတစ်လုံးမျှ မပြောဘဲ ယောင်ပင်း၏ နှာခေါင်းကို လက်သီးဖြင့် ထိုးလိုက်လေ၏။
ထိုလက်သီးမှာ ပန်းကန်လုံးတစ်လုံးစာမျှ ကြီးမားလှပေသည်။
လျှပ်စီးလက်သကဲ့သို့လည်း မြန်ဆန်လေ၏။
“အား..”
မိန်းကလေးအချို့က ထိတ်လန့်စွာအော်ဟစ်လိုက်ကြပြီး မျက်လုံးကို အမြန် ပိတ်လိုက်ကြတော့သည်။
ထိုလက်သီးချက်မှာ ယောင်ပင်း၏ မျက်နှာပေါ်သို့ ကျရောက်သွားပါက မည်သို့ဖြစ်သွားမည်ကိုမသိနိုင်ပေ။
လုကျစ်အန်းက စိတ်ထဲမှ လှောင်ပြောင်လိုက်၏။
ဒီယောင်ပင်းက ရှောက်ယောင်နဲ့ တစ်ခါ ချိန်းတွေ့ရတာနဲ့ သူ့ကိုယ်သူ ကယ်တင်ရှင်ကြီးလို့ ထင်နေပြီး ခိုင်ယဲ့ကို ဆန့်ကျင်ရဲတယ်ပေါ့။
ယောင်ပင်း၏ မျက်နှာက ပြောင်ဇီ၏ သံလက်သီးချက်ကြောင့် အသားစိုင်လေးများ ဖြစ်သွားသည်ကို သူ မြင်ချင်နေပြီ။
ယောင်ပင်း အရှက်တကွဲဖြစ်ပြီး အသေသတ် ခံရသည်ကို မြင်ရရန်မှာ သူ အလိုချင်ဆုံးပင် ဖြစ်ပေသည်။
သို့သော် မကြာမီမှာပင် လူတိုင်း မှင်သက်သွားကြတော့သည်။
လုကျစ်အန်း အပါအဝင်ပင်။
ပြောင်ဇီ၏ ပန်းကန်လုံးကဲ့သို့ ကြီးမားသော လက်သီးက ယောင်ပင်း၏ နှာခေါင်းထံသို့ တိုးဝင်လာစဉ် ယောင်ပင်းက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ကျွမ်းကျင်စွာ ရှောင်လိုက်၏။
ထို့နောက် ပြောင်ဇီ၏ လက်သီးကို ဆွဲကိုင်ကာ အင်အားအနည်းငယ် သုံး၍ လျှပ်စီးကဲ့သို့မြန်ဆန်သော အရှိန်ဖြင့် ပြောင်ဇီကို အဝေးသို့ ပစ်ထုတ်လိုက်လေတော့သည်။
ပြောင်ဇီ၏ ထွားကျိုင်းသော ခန္ဓာကိုယ်မှာ ယောင်ပင်း၏ လက်ထဲတွင် ဖမ်းမိထားသော ကြက်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေပေသည်။
ထိုသို့ ပစ်ထုတ်ခံလိုက်ရပြီးနောက် သူ၏ခန္ဓာကိုယ်မှာ နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားပြီး စားပွဲပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားတော့သည်။
ဒုန်း!
ဖန်စားပွဲမှာ ပြောင်ဇီ၏ ခန္ဓာကိုယ်အောက်တွင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားချေပြီ။