← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း(21) မနာလိုမှု၊ ဝန်တိုမှုနှင့် အမုန်းတရားများ

သူက လက်ခုပ်ကို ဖြည်းဖြည်းချင်း တီးလိုက်၏။

ထို့နောက် ဗလကြီးမားသည့် လူနှစ်ယောက်က သူ့နောက်မှ ထွက်လာပြီး ယောင်ပင်းထံသို့ ပြေးဝင်သွားကြသည်။

ဘယ်နှင့် ညာ ညှပ်၍ တိုက်စစ်ဆင်ခြင်းပင်။

သူတို့၏ အရှိန်အဝါမှာလည်း ပြင်းထန်လွန်းပေသည်။

သို့သော် ရလဒ်မှာ ပြောင်ဇီနှင့် မကွာခြားခဲ့ပေ။

ယောင်ပင်းသည် သူတို့နှစ်ဦးလုံးကို တစ်ဖက်တစ်ချက်စီမှ ဖမ်းကိုင်ကာ အပြင်သို့ ပစ်ထုတ်လိုက်ပြန်သည်။

ဗလကြီးများနှင့် လူနှစ်ယောက်ပေါင်း၏ အလေးချိန်မှာ အနည်းဆုံး ပေါင် ၄၀၀ ကျော်ပေလိမ့်မည်။

သို့သော် ယောင်ပင်း၏ လက်ထဲတွင်တော့ သူတို့မှာ ကြက်လေး နှစ်ကောင်ကဲ့သို့ ဖြစ်နေပြီး မျက်တောင်တစ်ခတ်အတွင်း လွင့်ထွက်သွားကြရချေပြီ။

လူတိုင်းမှာ မှင်တက်သွားကြပြီး အလွန်အမင်း အံ့အားသင့်သွားကြတော့သည်။

အထူးသဖြင့် လုကျစ်အန်း..

သူ၏ ပါးစပ်မှာ အံ့သြလွန်းသဖြင့် အကြာကြီး မစေ့နိုင်ဘဲ ရှိနေပေသည်။

ယောင်ပင်း၏ အရှိန်မှာ အလွန်မြန်လှသဖြင့် သူ တုံ့ပြန်ရန်ပင် အချိန်မရခဲ့ပေ။

ဆင်းရဲပြီး ကြောက်တတ်သည်ဟု သူယူဆထားသော ယောင်ပင်းက ခိုင်ယဲ့၏ လက်ရဲဇက်ရဲ ရှိလှသော လူမိုက်သုံးယောက်ကို ခဏချင်းမှာပင် အနိုင်ယူလိုက်သည်ကို သူ ပို၍ နားမလည်နိုင်ခဲ့ပေ။

ဒီကောင်ရဲ့ ခွန်အားက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ။

“တော်သားပဲ ကောင်လေး... မင်းမှာ အရည်အချင်းရှိပုံရတယ်၊ ဒါပေမဲ့ ငါ့လူက အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ ရိုက်နှက်တာကို ခံလိုက်ရတယ်ဆိုတဲ့ သတင်းသာ ထွက်သွားရင် ကြည့်လို့မကောင်းဘူးမလား”

ခိုင်ယဲ့က လက်ထဲမှ စီးကရက်ကို ပစ်ချလိုက်ပြီးဖြစ်လေ၏။

သူ၏ မျက်နှာမှာ မုန်တိုင်းမလာခင် မြင်တွေ့ရသည့် ကောင်းကင်ကဲ့သို့ မှောင်မည်းနေတော့သည်။

သူက လက်ခုပ်ကို အကြိမ်အနည်းငယ် တီးလိုက်၏။

“မင်းတို့ ဘာရပ်ကြည့်နေကြတာလဲ။ သူ့ကို တိုက်ခိုက်ကြစမ်း”

သူ့ရဲ့လူကို သူ့ရှေ့မှာရိုက်ရဲတယ်ပေါ့လေ။

သူ့ရဲ့ ရှေ့တည့်တည့်မှာ ရိုက်ရဲတာလား။

ယောင်ပင်းကို ဒူးထောက်လျက်ဖြင့်သာ ဤနေရာမှ ထွက်သွားစေရမည်။

ခိုင်ယဲ့၏ အမိန့်ပေးသံနှင့်အတူ သူ၏နောက်မှ အနက်ရောင်ဝတ်စုံဖြင့် လူများက ရှေ့သို့ တိုးလာပြီး ယောင်ပင်း၏ ရှေ့တွင် ရပ်လိုက်ကြသည်။

စုစုပေါင်း ငါးယောက်။

ထိုဗလတောင့်တင်းသည့် လူငါးယောက်မှာ သံမဏိတာဝါတိုင်ကြီးများကဲ့သို့ ယောင်ပင်းအား တိုက်ရိုက် ရင်ဆိုင်နေကြပေသည်။

သီးသန့်ခန်းအတွင်းရှိ လေထုမှာ ရုတ်တရက် တင်းမာသွားတော့သည်။

တင်းမာနေသော လေထု ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် လူတိုင်းမှာ အလိုအလျောက် အသက်ပင် မရှူဝံ့ကြတော့ချေ။

လုကျစ်အန်းနှင့် သူ၏ အဖွဲ့မှာ ပို၍ စိတ်လှုပ်ရှားနေကြပြီး စိုးရိမ်စိတ်များ မြင့်တက်နေကြပေသည်။

ယောင်ပင်းက ယခုလေးတင် လူစွမ်းကောင်း လုပ်ပြသွားသဖြင့် လုကျစ်အန်းမှာ မနာလိုမှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေပြီး ခိုင်ယဲ့၏ လူများက ယောင်ပင်းအား ထိုးကြိတ်ကာ လောကကြီးမှ ပျောက်ကွယ်သွားအောင် လုပ်လိုက်စေရန် ဆုတောင်းနေမိသည်။

သို့သော် ယခုအချိန်တွင် သူတို့အတွက် ရှေ့သို့ထွက်ကာ ရင်ဆိုင်ပေးမည့်သူမှာ ယောင်ပင်းတစ်ယောက်သာ ရှိပေသည်။

အကယ်၍ ယောင်ပင်းသာ ရှုံးနိမ့်သွားပါက သူတို့လည်း ဒုက္ခရောက်ပေလိမ့်မည်။

ထိုအချိန်မှာပင် ဖုန်းတစ်လုံးမှာ ရုတ်တရက် မြည်လာတော့သည်။

ရုတ်တရက် မြည်လာသော ဖုန်းသံမှာ တင်းမာနေသော လေထုကို အပ်တစ်ချောင်းဖြင့် ထိုးဖောက်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။

လူတိုင်း၏ ရင်ခုန်သံတို့က မြန်ဆန်သွားကြ၏။ ထို့နောက် မျက်လုံးအားလုံးမှာ ထိုဖုန်းသံ ထွက်ပေါ်ရာဆီသို့ ရှာဖွေလိုက်ကြသည်။

ဤကဲ့သို့သော အရေးကြီးသည့်အချိန်တွင် မည်သူက ဖုန်းမြည်အောင် လုပ်ရဲရသနည်း။

နောက်ဆုံးတွင်တော့ အားလုံး၏ အကြည့်မှာ ယောင်ပင်းထံသို့ ရောက်ရှိသွားလေသည်။

ယောင်ပင်း၏ ဖုန်းမြည်သံ ဖြစ်နေသည်ပင်။

ခိုင်ယဲ့၏ အမူအရာမှာ ပို၍ မည်းမှောင် သွားရတော့၏။

ဤကောင်လေးက အလွန်ပင် မာနကြီးလွန်းသည်။

ယောင်ပင်းက အေးအေးဆေးဆေးပင် ဖုန်းကို ထုတ်ယူလိုက်ပြီး ခေါ်ဆိုမှုကို လက်ခံလိုက်လျှင် တစ်ဖက်မှ အေးစက်ပြီး လှပသော အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာသည်။

“ဖုန်းကို ကျောက်ခိုင်ဆီ ပေးလိုက်!”

ယောင်ပင်းက ဖုန်းကို ဖြေလိုက်သည့်အချိန်တွင် အလေ့အကျင့်အတိုင်း စပီကာ ဖွင့်လိုက်ပေသည်။

သူ၏ ဖုန်းမှ ထွက်ပေါ်လာသော အသံမှာ ရှင်းလင်းလှပေသည်။

သီးသန့်ခန်းအတွင်းရှိ လူများမှာလည်း အံ့အားသင့်သွားကြ၏။

ကျောက်ခိုင် ဆိုသည်မှာ မာစတာခိုင်၏ အမည်ပင် မဟုတ်ပါလား။

မာစတာခိုင်သည်က ပင်းဟိုင်၌ မီးနဂါးဂိုဏ်းကို တည်ထောင်ပြီးကတည်းက လူတိုင်းက သူ့ကို “မာစတာခိုင်” ဟုသာ ရိုရိုသေသေ ခေါ်ဆိုကြပြီး သူ၏ အမည်ရင်းကို ခေါ်ရဲသူမှာ အလွန်ပင် ရှားပါးလှပေသည်။

ယောင်ပင်း၏ ဖုန်းထဲမှ ထိုအမျိုးသမီးကတော့ မာစတာခိုင်ကို “ကျောက်ခိုင်” ဟု တိုက်ရိုက် ခေါ်နေခဲ့သည်။

ဒါက တကယ့်ကို အတင့်ရဲလွန်းတာပဲ။

သူတို့ကို ပို၍ ထိတ်လန့်သွားစေသည့် မြင်ကွင်းဖြစ်လာခဲ့လေ၏။

မတိုင်မီကမှ မျက်နှာမည်းမှောင်နေသော မာစတာခိုင်မှာ ဖုန်းထဲမှ အေးစက်ပြီး လှပသော အမျိုးသမီးအသံကို ကြားလိုက်ရသည်နှင့် သူ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့လေ၏။ ထို့နောက်တွင် သူက သတိလက်လွတ်ဖြင့် လွှတ်ခနဲ မေးလိုက်တော့သည်။

“လေးယောက်မြောက်သခင်မလေး က ဘာလို့ မင်းဆီကို ဖုန်းဆက်တာလဲ”

ယောင်ပင်းက ပုခုံးတွန့်ပြလိုက်၏။

“ကျွန်တော်လည်း မသိဘူး”

သူမက သူ့ဆီကို ဖုန်းဆက်တာလေ။

သူ့ဘက်က ဆက်တာမှ မဟုတ်တာ။

ဒီတော့ သူက ဘယ်လိုလုပ် သိမှာလဲ။

ခိုင်ယဲ့က ပို၍ ဝေခွဲမရဖြစ်သွားသည်။

“မင်း လေးယောက်မြောက်သခင်မလေးကို မသိဘူးလား”

ယောင်ပင်းက ခေါင်းခါပြလိုက်၏။

“ဟင့်အင်း... ဖုန်းဖြေဦးမလား”

“လေးယောက်မြောက်သခင်မလေး ရဲ့ ဖုန်းကို ငါ မဖြေလို့ ဖြစ်ပါ့မလား”

ခိုင်က ပုခုံးတွန့်ပြလိုက်ပြီး ပခုံးပေါ်တွင် တင်ထားသော အင်္ကျီကို ခါချလိုက်ကာ ယောင်ပင်းထံသို့ အမြန်လျှောက်သွားခဲ့သည်။ ထို့နောက် ဖုန်းကို ဂရုတစိုက် ကိုင်လိုက်ကာ ရိုသေစွာ မေးလိုက်သည်။

“လေးယောက်မြောက်သခင်မလေး... ကျွန်တော့်ဆီကို ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲ၊ တစ်ခုခု လိုအပ်လို့လား”

လူအများမှာ အသက်ရှူပင် မှားသွားကြ၏။

သူတို့ မြင်တာ မှန်ရဲ့လား။

လေးယောက်မြောက်သခင်မလေး ဆိုသူမှာ လူကိုယ်တိုင်ပင် ပေါ်မလာသေးဘဲ ဖုန်းတစ်ချက် ဆက်လိုက်ရုံနှင့် ပုံမှန်ဆိုလျှင် ရက်စက်ပြီး ဗိုလ်ကျတတ်လှသော ခိုင်ယဲ့၏ မျက်နှာထားကို ချက်ချင်းပြောင်းလဲသွားစေသည်။

ဖုန်းထဲမှ အသံကို ကြည့်ရလျှင် ထိုသခင်မလေးမှာ အတော်လေး ငယ်ပုံရပေသည်။ ပင်းဟိုင်မြို့တွင် နာမည်ကြီးလှသော ခိုင်ယဲ့က ထိုကဲ့သို့ ငယ်ရွယ်သော အမျိုးသမီးတစ်ဦးကို အဘယ်ကြောင့် ဤမျှအထိ ယဉ်ကျေးစွာ ဆက်ဆံနေရသနည်း။

ထိုလေးယောက်မြောက်သခင်မလေး ဆိုသည်မှာ မည်သူဖြစ်နေသည်လဲ။

“ကျောက်ခိုင်... ရှင် ဒီရက်ပိုင်းမှာ တော်တော် သတ္တိကောင်းနေတာပဲ၊ သခင်မလေးရဲ့ ဧည့်သည်ကိုတောင် ထိရဲတယ်ပေါ့လေ”

လူတိုင်း သံသယများ ပြည့်နှက်နေချိန်မှာပင် ဖုန်းထဲမှ အေးစက်ပြီး လှပသော အမျိုးသမီးအသံက ထပ်မံ ထွက်ပေါ်လာပြီး ငေါက်ငမ်းလိုက်လေသည်။

“သခင်မလေးရဲ့ ဧည့်သည် ဟုတ်လား”

မာစတာခိုင် ကြောင်အသွားပြီး အလိုအလျောက်ပင် ဘေးနားကို ဝေ့ကြည့်လိုက်လေ၏။

သူ၏ အကြည့်မှာ သူ့ရှေ့မှယောင်ပင်းပေါ်သို့ ကျရောက်သွားသောအခါ ပါးစပ်ပင် အဟောင်းသား ဖြစ်သွားတော့သည်။

“လေးယောက်မြောက်သခင်မလေး... ဆိုလိုတာက ဒီကောင်လေးက သခင်မလေးရဲ့ ဧည့်သည်လား မဖြစ်နိုင်တာ... ဒီကလေးက ဘယ်လိုလုပ်ပြီး သခင်မလေးရဲ့ ဧည့်သည် ဖြစ်နိုင်မှာလဲ”

ဤမျှလောက် ပိန်လှီပြီး အဝတ်အစား သေးနုတ်စွာဝတ်ထားသော အထက်တန်းကျောင်းသားက သခင်မလေးရဲ့ ဧည့်သည်ဖြစ်နေသည်လား။

သူ နားကြားမှားတာ မဟုတ်ဘူးမလား။

မာစတာခိုင်၏ စကားမှာ ပါးစပ်မှ ထွက်ရုံရှိသေးသည်။

ဖုန်းထဲမှ အမျိုးသမီးအသံမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။

“ဘာလဲ... သခင်မလေးက ဧည့်သည် ဖိတ်တာကိုတောင် ရှင့်ဆီက ခွင့်ပြုချက် တောင်းရဦးမှာလား”

ဖုန်းထဲမှ အမျိုးသမီးအသံမှာ မကျယ်လှသော်လည်း မာစတာခိုင်ကို ထိတ်လန့်သွားစေကာ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားတော့သည်။

သူက ဖိအားပေး၍ ပြုံးလိုက်ပြီး ပြောလာသည်။

“မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်တော် ကျောက်ခိုင် ခဏနေရင် သခင်မလေးဆီကို လာတွေ့မယ့်အကြောင်း ကူညီပြောပေးပါဦး လေးယောက်မြောက်သခင်မလေး..

ဧည့်သည်ကိုတော့ သခင်မလေးရဲ့ သီးသန့်ခန်းဆီကို ကျွန်တော်ကိုယ်တိုင် ပို့ပေးလိုက်ပါ့မယ်၊ စိတ်မပူပါနဲ့”

ထိုသို့ပြောပြီးနောက် မာစတာခိုင်က ယောင်ပင်းထံသို့ ဖုန်းကို ရိုရိုသေသေအမူအရာဖြင့် ပြန်ပေးလိုက်လေသည်။

မတိုင်မီက ရက်စက်ပြီး ဗိုလ်ကျတတ်သော အမူအရာနှင့် လုံးဝ ကွဲပြားသွားချေပြီ။

သီးသန့်ခန်းအတွင်းရှိ လူများမှာလည်း ကြောင်အသွားကြတော့သည်။

အံ့အားအသင့်ဆုံးသူမှာ လုကျစ်အန်းနှင့် ဟောင်ရှောက်မင်တို့ပင်ဖြစ်ကြလေ၏။

ထို လေးယောက်မြောက်သခင်မလေးက မည်သူဖြစ်ကြောင်းကို သူတို့ သေချာပေါက် သိရှိထားကြပေသည်။

လေးယောက်မြောက်သခင်မလေး သည် အကြီးအကဲမို၏ ယုံကြည်ရသော လူယုံတော်ဖြစ်သည်။

သူမ၏ စကားမှာ အကြီးအကဲမို၏ စကားနှင့် ထပ်တူပင်ဖြစ်ပြီး သူမ၏ အမိန့်မှာလည်း အကြီးအကဲမို၏ အမိန့်နှင့် တူညီပေသည်။

အကြီးအကဲမို၏ သားနှင့် သမီးများပင်လျှင် သူမကို ရိုသေကြရသည်။

ယခုအချိန်တွင် ထိုလေးယောက်မြောက်သခင်မလေးက ယောင်ပင်းအတွက် မာစတာခိုင်ထံသို့ ဖုန်းကိုယ်တိုင် ဆက်လိုက်ပြီး သူ့ကို လွှတ်ပေးရန် ပြောလိုက်သည်။

ဒါက ဘယ်လိုမျိုးတောင်မြင့်မားတဲ့ ဆက်ဆံမှုမျိုးလဲ။

သူတို့ကို ပို၍ မနာလိုဖြစ်စေသည်မှာ မိုရှောက်ယောင်က သီးသန့်ခန်းထဲမှာ ယောင်ပင်းကို အမှန်တကယ်ပင် စောင့်နေသည်ဟူသဆာအချက်ပင်။

အထက်တန်းလွှာ အသိုင်းအဝိုင်းမှ ဖြစ်ကြသော သူတို့ကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော ဆက်ဆံမှုကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။

ဒီဆင်းရဲသား ယောင်ပင်းက ဘယ်လိုမှော်ပညာတွေ သုံးထားလို့ မိုရှောက်ယောင်နဲ့ မိုမိသားစုက သူ့ကို ဒီလောက်အထိ တန်ဖိုးထားနေကြရတာလဲ။

မာစတာခိုင်က ဖုန်းကို ယောင်ပင်းထံ ပြန်ပေးပြီးနောက် ယဉ်ကျေးစွာဖြင့် ဖိတ်ခေါ်လိုက်သည်။

“ခုနက ကျွန်တော့်ရဲ့ ရိုင်းပျမှုအတွက် တောင်းပန်ပါတယ်၊ ဒီဘက်ကို ကြွပါ!”

“နေဦး”

ယောင်ပင်းက မလှုပ်မယှက် ရှိနေသေးသည်။

မာစတာခိုင်က ယောင်ပင်းကို ဝေခွဲမရသော အမူအရာဖြင့် ကြည့်လိုက်လေသည်။

ယောင်ပင်းသည် မတိုင်မီကဖြစ်ခဲ့သည့်အရာများအတွက် သူ့ကို အပြစ်တင်နေဆဲဟု သူ ထင်လိုက်မိသည်။

သူ တောင်းပန်ရန် ပြင်လိုက်ချိန်မှာပင် ယောင်ပင်းက ဘော့စ်ဝမ်၏ ဘေးတွင် ရပ်နေသော ဆွဲဆောင်မှုရှိသော အမျိုးသမီးထံသို့ ဖြည်းညင်းစွာ လျှောက်သွားသည်ကို မြင်လိုက်ရ၏။

ထို့နောက် ယောင်ပင်းက လူတိုင်းကို အံ့သြသွားစေမည့် စကားတစ်ခွန်းကို ပြောလိုက်လေသည်။

“မင်း... အင်္ကျီကို ချွတ်လိုက်စမ်း!”

*

အခန်း(22)

ထိုဆွဲဆောင်မှုရှိသော အမျိုးသမီးက အလွန်တိုသော ဘောင်းဘီနှင့် ရင်စေ့အင်္ကျီအကပ်လေးကိုသာ ဝတ်ဆင်ထားသဖြင့် အလွန်ပင် ဖော်ပြလွန်းသကဲ့သို့ဖြစ်နေချေသည်။

အကယ်၍ သူမသာ အပေါ်အင်္ကျီကို ချွတ်လိုက်ပါက လူအများရှေ့တွင် ဗလာကျင်းသွားခြင်းနှင့် တူညီပေလိမ့်မည်။

ယောင်ပင်း၏ တောင်းဆိုမှုမှာ လူအများ၏ရှေ့တွင် နှာဘူးကျရုံတင်မကဘဲ လူပုံအလယ်တွင် အရှက်ခွဲလိုက်ခြင်းပင် ဖြစ်ပေသည်။

အခြားသူများက ယောင်ပင်း မည်သည့်အရာကို လုပ်ချင်နေကြောင်း မသိသဖြင့် တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်လိုက်ကြသည်။

သူက ကာမဂုဏ်ကို မက်မောလှသည် ဆိုလျှင်ပင် အဘယ်ကြောင့် လူအများကြီးရှေ့တွင် ထိုအမျိုးသမီးကို အင်္ကျီချွတ်ခိုင်းရသနည်း။

ယောင်ပင်း စကားပြောလိုက်သည်နှင့် ထိုအမျိုးသမီး၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။

“နင် ဘာပြောလိုက်တာလဲ”

ဘော့စ်ဝမ်မှာလည်း ဒေါသထွက်သွားသော်လည်း မာစတာခိုင် ရှိနေသဖြင့် ဒေါသကို ထိန်းကာ အေးစက်စွာ ပြောလိုက်သည်။

“လူငယ်လေး... လူတွေ ဒီလောက်အများကြီးရှိတဲ့နေရာမှာ မင်းလုပ်တာက သိပ်ပြီးတော့ မသင့်တော်ဘူး ထင်တယ်နော်၊

မာစတာခိုင်... ဒီကောင်လေးက လွန်လွန်းနေပြီ...”

မာစတာခိုင်ကတော့ တိတ်ဆိတ်နေပေသည်။

သူသည်က အကြီးအကဲမို၏ ဘေးတွင် နှစ်ပေါင်းများစွာ နေခဲ့သူဖြစ်ရာ အဘိုးအို၏ စရိုက်ကို မည်သူထက်မဆို ပို၍ သိထားပေသည်။

ယောင်ပင်းသည်က ယခုလေးတင် သူ၏ အရည်အချင်းများကို ပြသခဲ့သောကြောင့် သူက အမှန်တကယ့်ကို ထူးချွန်ကြောင်းသိခဲ့သည်။

သူ၏ ထိပ်တန်း လက်ရုံးအချို့ပင် ယောင်ပင်း၏ လက်ထဲတွင် အရှုံးပေးခဲ့ရသည် မဟုတ်ပါလား။

သို့သော် အကယ်၍ သူက အရည်အချင်း တစ်ခုတည်းသာ ရှိပါက အဘိုးအို၏ တန်ဖိုးထားမှုကို သေချာပေါက် ရရှိမည် မဟုတ်ပေ။

ယောင်ပင်း ဤသို့လုပ်ရခြင်းမှာ အကြောင်းရင်း တစ်ခုခု ရှိရပေမည်။

“လူငယ်လေး... မင်းလုပ်တာက သိပ်တော့ မကောင်းဘူး...”

မာစတာခိုင်က နောက်ဆုံးတွင်တော့ တားဆီးရန် စကားပြောလိုက်တော့သည်။

လောင်ဝမ်မှာ သူ၏ ဧည့်သည်ဖြစ်၍ သူက မျက်နှာသာတော့ ပေးရပေမည်။

တစ်ချိန်တည်းမှာပင် သူက ယောင်ပင်း မည်သို့ တုံ့ပြန်မည်ကိုလည်း အကဲခတ်နေခြင်း ဖြစ်၏။

အဘိုးအို သဘောကျသောသူ ဖြစ်နေသဖြင့် သူက ပို၍ အနီးကပ် လေ့လာချင်မိပေသည်။

အစောပိုင်းတိင် လူတိုင်းက မာစတာခိုင်ကို ကြောက်နေကြသော်လည်း ယခု မာစတာခိုင်က စကားပြောလိုက်သောအခါ လူတိုင်းက ယောင်ပင်း အရှက်ရမည့် မြင်ကွင်းကို စောင့်ကြည့်နေကြတော့သည်။

“တကယ်တော့လည်း သိပ်တော့ မကောင်းပါဘူး”

ယောင်ပင်းက ခေါင်းငြိမ့်ပြလိုက်သည်။ မမျှော်လင့်ဘဲ သူက ဆက်လက် အတင်းမလုပ်ခိုင်းတော့ချေ။

“ဒါဆိုရင်လည်း ထားလိုက်ပါတော့၊ ခင်ဗျားရဲ့သခင်မလေးဆီကို အရင် သွားတွေ့လိုက်ရအောင်”

လူတိုင်း ကြောင်အသွားကြ၏။

ယောင်ပင်းက ဘာလုပ်နေတာလဲ။

ဘော့စ်ဝမ်မှာ သက်ပြင်းချလိုက်မိသည်။ မာစတာခိုင်က အစပိုင်းတွင် မာနကြီးနေသော်လည်း ယောင်ပင်းရှေ့တွင် အောက်ကျို့နေသည်ကို ကြည့်ရလျှင် သူသာ ယောင်ပင်းနှင့် တကယ် ထိပ်တိုက်တွေ့ပါက အသာစီးရလိမ့်မည် မဟုတ်ကြောင်း သိသာပေသည်။

မာစတာခိုင်၏ မျက်လုံးများတွင်သာ အနက်အဓိပ္ပာယ်များ ဖြတ်ခနဲ ပေါ်သွားခဲ့သည်။

ဤကောင်လေးမှာ သူ မျှော်လင့်ထားသည်ထက် ပို၍ နက်နဲပုံရသည်။

ယောင်ပင်းက သီးသန့်ခန်းထဲမှ အရင်ဆုံး ထွက်လာခဲ့သည်။ ဘော့စ်ဝမ်နှင့် ထိုအမျိုးသမီး၏ ဘေးမှ ဖြတ်သွားစဉ် ယောင်ပင်းက အေးအေးလူလူပင် ပြောလိုက်၏။

“မင်း သဘောမတူဘူးဆိုတော့လည်း ငါက မင်းတစ်ယောက်တည်း ရှိတဲ့အချိန်အထိ စောင့်ရတာပေါ့”

လူတိုင်း အံ့သြသွားကြတော့သည်။

ဘော့စ်ဝမ်မှာ ဒေါသကြောင့် စကားပင် မထွက်နိုင်တော့ချေ။

“မင်း...”

မာစတာခိုင် : “...”

ဟောင်ရှောက်မင်ကတော့ အထင်သေးစွာဖြင့် တီးတိုး ရေရွတ်လိုက်၏။

“အသုံးမကျတဲ့ကောင်ကတော့ အသုံးမကျတဲ့ကောင်ပဲ၊ မိုမိသားစုက သူ့ကို တန်ဖိုးထားရင်တောင် သူကတော့ ရွှံ့နွံထဲက ရွှံ့ပဲ”

လုကျစ်အန်းကလည်း အထင်သေးစွာ ပြုံးလိုက်သည်။

သူ ယောင်ပင်းကို အထင်ကြီးမိခဲ့ချေပြီ။

အကယ်၍ မိုရှောက်ယောင်နှင့် မိုမိသားစုသာ ယောင်ပင်းက မိန်းမတစ်ယောက်ကို လူပုံအလယ်မှာ အင်္ကျီချွတ်ခိုင်းခဲ့သည်ကို သိသွားပါက သူတို့ ဘယ်လို ထင်ကြမည်နည်း။

လုကျစ်အန်းနှင့် ဟောင်ရှောက်မင်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေတော့သည် ။

မတိုင်ခင်က မိုရှောက်ယောင်က ယောင်ပင်းကို တွေ့ချင်နေသဖြင့် သူတို့ မနာလိုဖြစ်ခဲ့ကြသော်လည်း ယခု သူမက သူ့ကို တွေ့မည့်အချိန်ကိုပင် မစောင့်နိုင်တော့ပေ။

လူတစ်စုမှာ မာစတာခိုင်နှင့် ယောင်ပင်း၏ နောက်မှ ကပ်လိုက်လာကြကာယောင်ပင်းက ကျင်းကျူ ရှိ အကြီးဆုံးနှင့် အခမ်းနားဆုံးသော သီးသန့်ခန်းထဲသို့ ဝင်သွားသည်ကို စောင့်ကြည့်နေကြသည်။

မည်သူမျှ ထွက်မသွားကြချေ။

ယောင်ပင်း အရှက်ကွဲမည့် မြင်ကွင်းကိုသာ စောင့်ကြည့်ရန် ပြင်နေကြတော့သည်။

ကျင်းကျူ၏ ခမ်းနားသော သီးသန့်ခန်းအတွင်း၌..

တရုတ်ဝတ်စုံ ဝတ်ဆင်ထားပြီး တောင်ဝှေးကို အားပြုထားသော အဘိုးအိုမိုက ဆိုဖာပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပေသည်။

သူသည် အသက်ခုနစ်ဆယ်နီးပါး ရှိနေပြီ ဖြစ်သော်လည်း ကျန်းမာသန်စွမ်းပြီး အရှိန်အဝါ ကြီးမားလွန်းသည်။

လေးယောက်မြောက်သခင်မလေး သည်လည်း သူ့နောက်တွင် ရပ်နေခဲ့သည်။ သူမက တရုတ်ရိုးရာအင်္ကျီကို ဝတ်ဆင်ထားကာ သူမ၏ ခန္ဓာကိုယ်မှာလည်း လှပလွန်းပေသည်။

သူမ၏ နီမြန်းသော နှုတ်ခမ်းများနှင့် အေးစက်တည်ငြိမ်ပြီး ရဲရင့်သော အမူအရာမှာ တစ်ခါမြင်ရုံနှင့် မေ့နိုင်စရာ မရှိပေ။

ယောင်ပင်းက သူတို့၏ မျက်နှာချင်းဆိုင်တွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

သူ ဤအခန်းထဲသို့ ဝင်လာသည့် အချိန်ကတည်းက ယနေ့ သူတွေ့ရမည့်သူမှာ မိုရှောက်ယောင် မဟုတ်ဘဲ အဘိုးအိုမိုဖြစ်ကြောင်း သိလိုက်ရချေပြီ။

လေးယောက်မြောက်သခင်မလေး ၏ ဖုန်းသံမှာ အချိန်ကိုက်မြည်လာခဲ့ခြင်းပင်။

ဆိုလိုသည်မှာ အဘိုးအိုမိုက သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။

ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ အဘိုးအိုမို၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့၏။

အကြီးအကဲမို လုပ်ချင်သည့်အရာကို သူ မသိရှိသဖြင့် စိတ်ရှည်စွာသာ စောင့်ဆိုင်းနေလိုက်သည်။

“ငါ မင်းကို ဘာလို့ ဒီကို ခေါ်ခဲ့တာလဲဆိုတာ ဘာလို့ မမေးတာလဲ”

ယောင်ပင်းကို အတန်ကြာအောင်အကဲခတ်ပြီးနောက် အကြီးအကဲမိုက နောက်ဆုံးတွင် မေးလိုက်လေသည်။

ဤလူငယ်မှာ သူ မျှော်လင့်ထားသည်ထက် ပို၍ တည်ငြိမ်နေခဲ့သည်။

ယောင်ပင်းအပေါ် အကြီးအကဲမို၏ အထင်ကြီးမှုမှာ ပို၍ပင် တိုးလာတော့သည်။

ယောင်ပင်းက အနည်းငယ် ပြုံးပြလိုက်၏။

“အကြီးအကဲမို ကျွန်တော့်ကို ရှာရတဲ့ အကြောင်းရင်း ရှိမှာပါ၊ ကျွန်တော် ထပ်ပြီး မေးနေစရာ မလိုတော့ဘူး ထင်ပါတယ်”

အကြီးအကဲမိုမှာ အနည်းငယ် အံ့အားသင့်သွားသည်။

ထို့နောက် သူက ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ဟုတ်တယ်... ဟုတ်တယ်. ငါ ဒီကလေးရဲ့ စရိုက်ကို သဘောကျတယ်”

အကြီးအကဲမို၏ ရွှင်လန်းသော အမူအရာကို မြင်သောအခါ လေးယောက်မြောက်သခင်မလေး၏ မျက်နှာမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။

ဤအထက်တန်းကျောင်းသားလေးမှာ သူမ မျှော်လင့်ထားသည်ထက် ပို၍ အရည်အချင်းရှိပြီး စိတ်ဝင်စားဖို့ကောင်းပုံရပေသည်။

အဘိုးအိုက သူ့ကို တွေ့ရန် တကူးတက လာခဲ့ခြင်းမှာ မထူးဆန်းတော့ပေ။

ရယ်မောပြီးနောက် အကြီးအကဲမိုက တည်ကြည်သွားပြီး ပြောလာသည်။

“မင်းက ရှောက်ယောင်ရဲ့ အသက်ကို ကယ်ခဲ့တယ်၊ အခုဆို ငါတို့က မိသားစုတွေ ဖြစ်နေပြီလို့ပြောနိုင်တယ်၊ နောက်ရက်နည်းနည်းလောက်ဆိုရင် ရှောက်ယောင်ရဲ့ မွေးနေ့ကို ရောက်တော့မယ်၊ မင်း လာနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ မင်း သဘောတူလား”

ယောင်ပင်း အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် သဘောတူလိုက်၏။

“အကြီးအကဲမို... ကျွန်တော် သေချာပေါက် လာခဲ့ပါ့မယ်”

မိုရှောက်ယောင်၏ မွေးနေ့ဖြစ်သဖြင့် သူ့ဘက်မှ တက်ရောက်သင့်ပေသည်။

အကြီးအကဲမိုက ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ၊ အဘိုးမှာတော့ တခြား ပြောစရာ မရှိတော့ပါဘူး.. မင်းတို့ လူငယ်တွေပဲ သွားပြီး ပျော်ကြတော့!”

ယောင်ပင်းက ရိုသေစွာဖြင့် ခေါင်းငြိမ့်ပြပြီးနောက် သီးသန့်ခန်းထဲမှ ထွက်လာခဲ့လေသည်။

လေးယောက်မြောက် မိန်းကလေး၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားတော့သည်။

ပင်းဟိုင်တွင်သာမက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထက်တန်းလွှာနှင့် ထိပ်တန်း အသိုင်းအဝိုင်းများမှာ မိုမိသားစုနှင့် ပတ်သက်မှုရရန် အလွန်အမင်း တောင့်တနေကြပြီး ဖားယားရန်နှင့် နေရာရရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြသည်ကို သိထားရန် လိုအပ်ပေသည်။

အကြီးအကဲမို၏ စကားတစ်ခွန်းမှာ အသိုင်းအဝိုင်းတစ်ခုလုံးကို ဟိုးဟိုးကျော်သွားစေနိုင်စွမ်း ရှိသည်။

ယခုအချိန်တွင် အကြီးအကဲမိုက ယောင်ပင်းအား သခင်မလေး၏ မွေးနေ့ပွဲသို့ လူကိုယ်တိုင် ဖိတ်ကြားလိုက်သည့်အပြင် ယောင်ပင်းကိုလည်း မိသားစုဝင်ဟုပင် ပြောလိုက်သည်လား။

အကယ်၍ အပြင်လောကကသာ သိသွားပါက နောက်ထပ် နာမည်ကြီးစရာကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။

“အကြီးအကဲမို... သူက အသက် ၁၇၊ ၁၈ ပဲ ရှိသေးတာ၊ သူက အဘိုးရဲ့ ဒီလောက်အထိ တန်ဖိုးထားမှုကို တကယ်ပဲ ထိုက်တန်လို့လား”

ယောင်ပင်း ထွက်သွားသည်ကို ကြည့်ပြီးနောက် လေးယောက်မြောက်သခင်မလေးက နောက်ဆုံးတွင် မေးလိုက်တော့သည်။

မိုချန်ကျုံး၏ အကြည့်မှာ သီးသန့်ခန်းအတွင်းရှိ လိမ္မော်ရောင် မီးရောင်များကို ဖြတ်ကျော်ကာ တံခါးဝဆီသို့ စိုက်ကြည့်နေပေသည်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက စကားရှစ်ခွန်းကိုသာ ရေရွတ်လိုက်၏။

“အချိန်တန်ရင် သူက အမြင့်ဆုံးသော အောင်မြင်မှုဆီကို ရောက်သွားလိမ့်မယ်”

လေးယောက်မြောက်သခင်မလေး ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

အကြီးအကဲမိုက ထိုကလေးအပေါ် ဤမျှအထိ မြင့်မားသော မျှော်လင့်ချက်များ ထားရှိသည်လား။

သူမ တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင်တော့ တိတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်လေသည်။

ခမ်းနားလွန်းသော သီးသန့်ခန်း၏ အပြင်ဘက်တွင်။

ယောင်ပင်း သီးသန့်ခန်းထဲမှ ထွက်လာသည်နှင့် လူတိုင်းက သူ့ထံသို့ အပြေးအလွှား လာကြပြီး မေးခွန်းများ ဆက်တိုက်မေးကြတော့သည် ။

“ဘာလို့ ဒီလောက်မြန်မြန် ပြန်ထွက်လာတာလဲ၊ သခင်မလေး ရှောက်ယောင်ရော ဘယ်မှာလဲ”

ယောင်ပင်း သီးသန့်ခန်းထဲသို့ ဝင်သွားချိန်နှင့် ပြန်ထွက်လာချိန်ကြားတွင် ငါးမိနစ်မျှသာ ကြာမြင့်ခဲ့ပေသည်။

ထိုအချိန်မှာ အလွန်တိုတောင်းလွန်းသည်။

အတွင်းတွင် ဖြစ်ခဲ့သည့်အရာများကို လူတိုင်း သိချင်နေကြချေပြီ။

ယောင်ပင်းက ရှင်းမပြချင်သဖြင့် ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။

“သခင်မလေးမှာ ကိစ္စရှိလို့ မလာနိုင်တော့ဘူးတဲ့၊ ငါ့ကိုပဲ ပြန်ခိုင်းလိုက်တယ်”

ဤလူများကို သူ နောက်ထပ် ပြောနေစရာ မလိုပေ။

ယောင်ပင်း စကားပြောလိုက်သည်နှင့် လူတိုင်းက အမျိုးမျိုး ခန့်မှန်းကြတော့သည်။

“သခင်မလေးက ဒီမှာ မရှိဘူးလား၊ သူ လိမ်နေတာ မဟုတ်ဘူးလား၊ သခင်မလေးက သူ့ကို လုံးဝ မတွေ့ချင်တာ ဖြစ်ရမယ်!”

“အမှန်ပဲ၊ သခင်မလေး က သူ့ကို တွေ့ဖို့ လုပ်ထားပေမဲ့ သူက လူပုံအလယ်မှာ မိန်းကလေးတွေကို အင်္ကျီချွတ်ခိုင်းရတာ ဝါသနာပါနေမှတော့ သခင်မလေးက သူ့ကို တွေ့မှာ မဟုတ်တော့ဘူး...”

နောက်ဆုံးတွင်တော့ သခင်လေးများနှင့် သခင်မလေးများက နိဂုံးချုပ်လိုက်ကြသည် :

မိုရှောက်ယောင်သည် မူလက ယောင်ပင်းကို တွေ့ရန် ဆန္ဒရှိခဲ့သော်လည်း ယောင်ပင်း၏ အပြုအမူမှာ ယုတ်ညံ့လွန်းသဖြင့် မိုရှောက်ယောင်က တိုက်ရိုက်ပင် ထွက်ခွာသွားခြင်း ဖြစ်ရမည်။

All Chapters