အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း(23) မောင်လေး ဒီကိုလာခဲ့
ဟောင်ရှောက်မင်နှင့် လုကျစ်အန်းတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေတော့သည်။
လုကျစ်အန်း၏ မာနမှာ ထပ်မံ၍ မြင့်တက်လာပြန်ချေပြီ။
သူနှင့် မိုရှောက်ယောင်သာလျှင် ကမ္ဘာတစ်ခုတည်းက ဖြစ်ကြောင်း သူ သိလိုက်ရပြီ။
ယောင်ပင်းက လုံးဝ မထိုက်တန်ပေ။
မာစတာခိုင်၏ ယောင်ပင်းအပေါ် အကြည့်တို့ကသာ အဓိပ္ပာယ်များအပြည့်ရှိနေခဲ့သည်။
ယခင်က ယောင်ပင်းအား အဘိုးအိုက တန်ဖိုးထားသည်ကို သူ သံသယရှိခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် ယောင်ပင်းကအဘိုးအိုနှင့် တွေ့ဆုံပြီးကာစဖြစ်ပေသည်။ သူက အထင်လွဲခံရသော်လည်း ရှင်းပြရန် မကြိုးစားခဲ့ပေ။
သူ၏ တည်ငြိမ်သော စကားလုံးများကြောင့် မာစတာခိုင်က ယောင်ပင်းအပေါ် အနည်းငယ် သဘောကျသွားမိသည်။
ဤကောင်လေးက အဘိုးအို၏ တန်ဖိုးထားမှုကို ခံရရန် ထိုက်တန်ပေသည်။
“သခင်မလေးလည်း မရှိတော့မှတော့ ဒီမှာ ဆက်နေလည်း အပိုပဲ၊ သွားကြရအောင်”
“ဟုတ်တယ်... သွားကြမယ်...”
မိုရှောက်ယောင်နှင့် မိုမိသားစုဝင်များ မရှိတော့သဖြင့် ဤဆင်းရဲသား ယောင်ပင်းနှင့် အချိန်ဖြုန်းရန် သူတို့မှာ အချိန်မရှိပေ။
မည်သို့ပင်ဖြစ်စေ ယောင်ပင်းကို မိုမိသားစုက သဘောမကျတော့ကြောင်း သေချာနေပြီဖြစ်၍ သူ့ကို အဖက်လုပ်နေခြင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤသခင်လေးများနှင့် သခင်မလေးများမှာ အမှန်တကယ်ပင် အခြေအနေကြည့်တတ်သူများ ဖြစ်ကြသည်။
လူတိုင်း ထွက်ခွာရန် ပြင်လိုက်ချိန်မှာပင် အေးစက်သည့် အသံတစ်သံမှာ ရုတ်တရက် ထွက်ပေါ်လာ၏။
“မသွားနဲ့ဦး...”
ထိုအသံမှာ တိုးညင်းပြီး ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် လူတိုင်း၏ ကျောချမ်းသွားရတော့သည်။
စင်္ကြံလမ်းရှိ မီးများမှာလည်း ချက်ချင်းပင် တဖျပ်ဖျပ်နှင့် မှိန်သွားတော့၏။
ခဏမျှ ထိတ်လန့်သွားပြီးနောက် လူတိုင်းက အသံထွက်ပေါ်ရာဆီသို့ ကြည့်လိုက်ကြရာ ထိုကြောက်မက်ဖွယ်ကောင်းသော အသံမှာ ဘော့စ်ဝမ်၏ ဘေးတွင် ရပ်နေသော စွဲဆောင်မှုရှိသော အမျိုးသမီးထံမှ ဖြစ်ကြောင်း သိလိုက်ရသည်။
ဟောင်ရှောက်မင်မှာ ထိုအမျိုးသမီးကြောင့် သူ၏ ခြေထောက်နှစ်ဖက်လုံးကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသဖြင့် ဒေါသထွက်စွာနှင့် ပြန်ပြောလိုက်၏။
“ဘာလို့ ငါတို့ကို မသွားခိုင်းတာလဲ၊ မင်းက ငါတို့ကို မင်းနဲ့အတူနေပြီး ကစားစေချင်လို့လား”
သူသည်က ထိုအမျိုးသမီးနှင့် ဘော့စ်ဝမ်တို့အပေါ် လက်စားမချေရသေးပေ။
ဟီးဟီးဟီး..
ဟောင်ရှောက်မင် စကားပြောပြီးသည်နှင့် ထိုအမျိုးသမီးက တဟီးဟီးနှင့် ရယ်မောလိုက်သည်။
သူမ၏ အသံမှာ စက်ဆုပ်ဖွယ် ကောင်းနေဆဲပင်။
ဟောင်ရှောက်မင်က ဆက်လက်၍ ဆဲဆိုရန် ပြင်လိုက်စဉ်မှာပင် ထိုအမျိုးသမီးက သူမ၏ အင်္ကျီရင်ဘတ်ကို ရုတ်တရက် ဆွဲဖြဲလိုက်သည့်အတွက် ဗြိခနဲ မြည်သံနှင့်အတူ ပြဲထွက်သွားတော့သည်။
မှိန်ဖျော့လှသော စင်္ကြံမီးရောင်အောက်တွင် ထိုအမျိုးသမီး၏ ပြည့်ဖြိုးပြီးစွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်မှာ ပေါ်ထွက်လာတော့သည်။
“အားယား.. ဘာတွေ ဖြစ်နေတာလဲ”
“မဖြစ်နိုင်တာ... စောစောက ယောင်ပင်းက အင်္ကျီချွတ်ခိုင်းတုန်းကကျတော့ မချွတ်ဘဲနဲ့ အခုကျမှ ဘာလို့ ကိုယ်တိုင် ချွတ်နေရတာလဲ”
“ငါ ပြောသားပဲ... ဒီမိန်းမက တကယ့် အရှက်မရှိတဲ့ မိန်းမပဲ၊ သူမက အပြစ်ကင်းစင်ဟန်ဆောင်ပြီး ဝမ်ဆိုတဲ့ ဒီလူကို ငါ့ဆီ လက်စားချေဖို့ ခေါ်လာတာ၊ ဘယ်လို အညစ်အကြေးမျိုးလဲ!”
ဟောင်ရှောက်မင်က အထင်သေးစွာဖြင့် ဆဲဆိုလိုက်လေသည်။
သူ ဆဲဆိုပြီးသည်နှင့် ထိုအမျိုးသမီးက သူ့ကို လက်ယပ်ခေါ်လိုက်ပြီး ညှို့ဓာတ်ပြင်းသော အသံဖြင့် ပြောလိုက်၏။
“မောင်လေး... ဒီကိုလာခဲ့”
ဟောင်ရှောက်မင် ထိုအမျိုးသမီးအား သံသယဖြင့် ကြည့်လိုက်ပြီး မလှုပ်မယှက် ရှိနေခဲ့သည်။
သူ မလှုပ်သည်ကို မြင်သောအခါ ထိုအမျိုးသမီးက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး သူ့ထံသို့ ယိမ်းနွဲ့ လျှောက်သွားလိုက်ကာ မြွေတစ်ကောင်ကဲ့သို့ သူ၏လည်ပင်းကို သိုင်းဖက်လိုက်သည်။
သူမ၏ မျက်လုံးများတွင်လည်း ညှို့ဓာတ်များ ပြည့်နှက်နေခဲ့သည်။
“မောင်လေး... နင် ငါ့ကို သဘောမကျဘူးလား”
လူတိုင်း မှင်သက်သွားကြတော့သည်။
ဒီအမျိုးသမီးက တကယ်ကြီး လူပုံအလယ်တွင် ဟောင်ရှောက်မင်ကို ဖြားယောင်းနေတာလား။
ထိုလှပသော အမျိုးသမီး၏ အပြုအမူများမှာ ရဲတင်းလွန်းပြီး ဆွဲဆောင်မှု အပြည့်ရှိနေပေသည်။
လူတိုင်းမှာ အံ့အားသင့်စွာဖြင့် ကြည့်နေကြရပြီး မျက်နှာများ နီမြန်းကာ ရင်ခုန်သံများ မြန်နေကြ၏။
တစ်ဖက်တွင်တော့ ဟောင်ရှောက်မင်မှာတော့ သေချင်စိတ်ပင် ပေါက်နေချေပြီ။ လူအများကြီးရှေ့တွင် ဤသို့ အကြည့်ခံနေရသဖြင့် သူသည်က အလွန်အမင်း ရှက်ရွံ့ကာ မျက်နှာတစ်ခုလုံး ရဲရဲနီနေတော့သည်။
သူ ထိုမိန်းမလှလေးအား ရိုင်းစိုင်းစွာပင် တွန်းထုတ်လိုက်ပြီးအော်ဟစ်လိုက်လေသည်။
“သွားစမ်း၊ မင်းရဲ့ရုပ်ကို မှန်ထဲပြန်ကြည့်ဦး မင်းက ဘယ်လိုလူမို့လို့လဲ၊ ငါက ဘာလို့ မင်းကို လိုချင်ရမှာလဲ”
ဘော့စ်ဝမ်၏ မျက်နှာမှာလည်း ချက်ချင်းပင် မည်းမှောင်ကျသွားတော့၏။ သူ၏မိန်းမက သူ့ရှေ့တွင် အခြားအမျိုးသားတစ်ဦးကို ဖြားယောင်းနေရုံတင်မကဘဲ အငြင်းခံလိုက်ရသေးသည်။
ဤသည်မှာ သူ့အတွက် အကြီးမားဆုံးသော အရှက်ရမှုပင် ဖြစ်ပေသည်။ သူ ဟောင်ရှောက်မင်ထံသို့ ပြေးသွားပြီး သူတို့နှစ်ဦးကို ခွဲထုတ်ရန် ကြိုးစားတော့သည်။
သို့သော် ထိုမိန်းမလှလေးမှာ ဟောင်ရှောက်မင်နှင့် ကပ်လျက်သား ဖြစ်နေပြီး ဘော့စ်ဝမ်ဘက်မှ ချွေးပြန်နေအောင် ကြိုးစားသော်လည်း ခွဲ၍မရနိုင်ပေ။
ဘော့စ်ဝမ်၏ မျက်နှာမှာ လုံးဝကို မည်းမှောင်သွားချေပြီ။
မာစတာခိုင်က သူ၏လူများကို အချက်ပြလိုက်သောကြောင့် အနက်ရောင်ဝတ်စုံနှင့် လူအချို့မှာ အရှေ့သို့ တိုးလာပြီး ဟောင်ရှောက်မင်နှင့် ထိုမိန်းမလှလေးကို ခွဲထုတ်ရန် ကြိုးစားကြပြန်သည်။
သို့သော် အံ့သြစရာကောင်းစွာဖြင့် ထူးမလာခဲ့ပေ။
ထိုနှစ်ယောက်မှာ တစ်သားတည်း ကပ်နေသကဲ့သို့ ခွဲထုတ်၍ မရနိုင်ဘဲ ရှိနေတော့သည်။
“တစ္ဆေ... တစ္ဆေပူးနေတာပဲ...”
တစ်စုံတစ်ယောက်က ထိုမိန်းမလှလေး၏ မျက်လုံးများကို ညွှန်ပြကာ ထစ်ထစ်အအ ပြောလိုက်၏။ အခြားလူများ ကြည့်လိုက်သောအခါ ထိုအမျိုးသမီး၏ မျက်လုံးများမှာ မျက်ဖြူပင် မမြင်ရတော့ဘဲ လုံးဝ အနက်ရောင်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ အလွန်ပင် မှောင်မည်းပြီး ကြောက်မက်ဖွယ်ကောင်းလွန်းပေသည်။
လူတိုင်း ထိတ်လန့်သွားကြပြီး ကြောက်လန့်တကြား နောက်ဆုတ်သွားကြတော့သည်။ လုကျစ်အန်းက ကြောက်စိတ်ကို ထိန်းကာ အေးစက်စွာ ပြောလိုက်၏။
“သူ့ကို တစ္ဆေပူးနေတာပဲ၊ ယောင်ပင်းက သူ့ကို အင်္ကျီချွတ်ခိုင်းလိုက်လို့ သူက စိတ်ဆွခံလိုက်ရသလိုဖြစ်သွားပြီး ဒီလိုဖြစ်သွားတာပဲ ဖြစ်ရမယ်”
“ဒီယောင်ပင်းက ဟောင်ရှောက်ကို လက်စားချေချင်လို့ တိတ်တဆိတ် တစ်ခုခုလုပ်လိုက်တာ သေချာတယ်၊ မမေ့နဲ့ဦး၊
ကောရွှေ ကျောင်းမှာ သူ့ကို အပြစ်လုပာမိတုန်းက ကောရွှေက သူ့ဦးလေးရဲ့ ဘောင်းဘီကို လူပုံအလယ်မှာ ချွတ်ချလိုက်လို့ တစ်ကျောင်းလုံး သိသွားခဲ့တာပဲမလား”
“ဟုတ်တယ်... ဟုတ်တယ်၊ မဟုတ်ရင် သူက ဘာလို့ သူ့ကို အင်္ကျီချွတ်ခိုင်းရမှာလဲ၊ ကြည့်ဦးလေ... သူ တကယ်ကြီး ချွတ်ပြနေပြီ...”
ထိုလူစုမှာ ယုတ္တိရှိပုံရသော အချက်အလက်များကို ပြောဆိုကာ အမျိုးသမီး၏ ပုံမှန်မဟုတ်သော အပြုအမူများအတွက် ယောင်ပင်းကိုသာ အပြစ်ပုံချနေကြတော့သည်။
သူတို့က တမင်တကာပင် အသံကျယ်ကျယ်ဖြင့် ပြောနေကြခြင်း ဖြစ်၏။
သူတို့၏ ရည်ရွယ်ချက်မှာ VIP အခန်းထဲရှိ မိုမိသားစုကို ကြားစေရန်၊ ပြဿနာကို ပိုကြီးအောင်လုပ်ရန်နှင့် အပြစ်အားလုံးကို ယောင်ပင်းအပေါ် ပုံချကာ သူ နောက်တစ်ခါ ပြန်မထနိုင်အောင် လုပ်ရန်ပင် ဖြစ်သည်။
လောင်ဝမ်က ယောင်ပင်း၏ ရှေ့တွင် ဘုန်းခနဲ ဒူးထောက်လိုက်ပြီးအသနားခံတော့သည်။
“လူငယ်လေး... ငါ မင်းကို မပြစ်မှားခဲ့ပါဘူး၊ ကျေးဇူးပြုပြီး သနားညှာတာသောအားဖြင့် လီလီကို လွှတ်ပေးပါဦး”
သူသည်လည်း ဤအရာအားလုံး၏ နောက်ကွယ်တွင် ယောင်ပင်း ရှိနေသည်ဟု ယုံကြည်နေပုံရသည်။
ယောင်ပင်းက ရှင်းပြရန် မကြိုးစားတော့ပေ။ လုကျစ်အန်းနှင့် သူ၏အဖွဲ့မှာ တမင်လုပ်နေခြင်းဖြစ်၍ သူ ဘယ်လောက်ပဲ ရှင်းပြနေပါစေ သူ၏နာမည်ကို သန့်ရှင်းအောင် လုပ်နိုင်မည်မဟုတ်ပေ။
“သူ အခုလိုဖြစ်နေတာက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး”
ယောင်ပင်းက တည်ငြိမ်စွာသာ ပြောလိုက်သည်။
“တကယ်လို့ သူ့ကို ကယ်ချင်တယ်ဆိုရင် မေးခွန်းတစ်ခုကို အမှန်အတိုင်း ဖြေရမယ်”
လောင်ဝမ်က အမြန်ခေါင်းငြိမ့်ပြသည်။
“ကောင်းပါပြီ... ကောင်းပါပြီ၊ ဘာမေးချင်လို့လဲ”
ယောင်ပင်းက ဟောင်ရှောက်မင်အား တင်းတင်းကျပ်ကျပ် ဖက်ထားဆဲဖြစ်သညာ့ ထိုအမျိုးသမီးကို တစ်ချက်ကြည့်ကာ မေးလိုက်၏။
“သေသေချာချာ ပြန်စဉ်းစားကြည့်ပါ၊ မကြာသေးခင်က သူ တစ်ခုခု ထူးထူးခြားခြား လုပ်ခဲ့တာမျိုး ရှိလား”
ထိုအမျိုးသမီးကို တစ္ဆေဘုရင် ပူးကပ်နေခြင်း ဖြစ်ပေ၏။ တစ္ဆေဘုရင်ကို နှိမ်နင်းရန်မှာ ခက်ခဲကြောင်း မျက်နှာပြင်တွင် သတိပေးချက် တက်ခဲ့ဖူးသည်။
ထို့အပြင် တစ္ဆေဘုရင်သည်က အမျိုးသမီး၏ ခန္ဓာကိုယ်ထဲတွင် ကပ်တွယ်နေသဖြင့် အထူးနည်းလမ်းများ မသုံးပါက လုံးဝ ထွက်လာမည် မဟုတ်ပေ။ ထို့ကြောင့် သူ့အနေဖြင့် ပြဿနာ၏ အရင်းအမြစ်ကို သိရန် လိုအပ်ပေသည်။
“ထူးခြားတဲ့အရာ ဟုတ်လား”
လောင်ဝမ်က ချွေးများ ပြန်နေပြီး အကြာကြီး စဉ်းစားပြီးနောက် မေးလိုက်သည်။
“လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က လီလီက ညီမလေးတစ်ယောက်ကို မွေးစားခဲ့တယ်၊ အဲဒါက ထူးခြားတဲ့အရာလို့ ပြောလို့ရမလား၊ ဒါနဲ့... အဲဒီညီမလေးက ဒီ KTV မှာ အလုပ်လုပ်တယ်လေ”
ဒီအမျိုးသမီးရဲ့ မွေးစားညီမက ဒီမှာ အလုပ်လုပ်နေတာလား။
ယောင်ပင်း၏ ရင်ခုန်သံက မြန်သွားပြီး လွှတ်ခနဲ မေးလိုက်၏။
“အဲဒီညီမလေးရဲ့ နာမည်က ဘယ်သူလဲ”
အခြေအနေမှာ အလွန်ပင် စိုးရိမ်ရနေချေပြီ။ လောင်ဝမ်မှာ ချွေးများ စိချွဲနေသော်လည်း ထိုညီမလေး၏ နာမည်ကို လုံးဝ မမှတ်မိတော့ပေ။
ထိုအချိန်တွင် ထိုအမျိုးသမီးမှာ ဟောင်ရှောက်မင်၏ အဝတ်အစားများကို စတင်ချွတ်နေပြီ ဖြစ်သည်။
သူမမှာ အလွန်ပင် ခွန်အားကြီးမားလှသည့်အတွက် ဟောင်ရှောက်မင်က အသေအလဲ ရုန်းကန်နေသော်လည်း သူမက သူ့ကို အတွင်းခံဘောင်းဘီတစ်ထည်သာ ကျန်တော့သည်အထိ ချွတ်ပစ်လိုက်နိုင်ခဲ့ချေပြီ။
ဟောင်ရှောက်မင်က စိတ်ပျက်လက်ပျက်ဖြင့် ဆဲဆိုလိုက်သည်။
“ယောင်ပင်း... မင်းက ဆင်းရဲသား အသုံးမကျတဲ့ကောင်ပဲ၊ ဒီအရူးမနဲ့ ငါ့ကို ပတ်သက်အောင်လုပ်တာ အားလုံး မင်းကြောင့်ပဲ!
ရပ်လိုက်စမ်း... မင်းက ငါ့ကို တမင် လက်စားချေနေတာ မဟုတ်လား၊ ငါ မင်းကို လုံးဝ ခွင့်မလွှတ်ဘူး!”
“မင်းက အရူးလား၊ သူ့ကို ဘာလို့ တောင်းပန်နေတာလဲ။ သူက ဒါကို တမင်လုပ်နေတာ သေချာတယ်... မင်းတို့အားလုံး ဝိုင်းကူကြဦး.. ငါတို့ဘာသာ ငါတို့ပဲ ဟောင်ရှောက်ကို ကယ်ရအောင်”
လုကျစ်အန်းသည်လည်း မီးလောင်ရာ လေပင့်ရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်တော့သည်။
အခြားလူငယ်များနှင့် မိန်းကလေးများကလည်း ယောင်ပင်းက ဟောင်ရှောက်မင်ကို လူပုံအလယ်တွင် အရှက်ခွဲရန် မရိုးသားသော နည်းလမ်းများကို သုံးနေသည်ဟု ပြောဆိုကာ ဝိုင်းအော်ကြတော့သည်။
မြင်ကွင်းမှာ လုံးဝကို ပရမ်းပတာ ဖြစ်နေချေပြီ။
*
အခန်း(24)အမျိုးသားတစ်ဦး၏ အကြီးမားဆုံးသော အရှက်ရမှု
ယောင်ပင်း ရွံရှာသော အကြည့်များဖြင့်အရိပ်အမြွက် ပြောလိုက်သည်။
“ဘော့စ်ဝမ်..အဲဒီ မွေးစားညီမဆိုတာ ကျန်းရှောင်ပေလား”
လောင်ဝမ်၏ မျက်လုံးများမှာ တောက်ပသွားပြီး သူ၏နဖူးကို ရိုက်ကာပြောလာသည်။
“ဟုတ်တယ်... ဟုတ်တယ်... အဲဒါ ကျန်းရှောင်ပေပဲ ..လူငယ်လေး... လီလီ အခုလို ဖြစ်နေတာက ကျန်းရှောင်ပေနဲ့ ပတ်သက်နေတယ်လို့ မင်း ထင်လို့လား”
ယောင်ပင်း၏ စိတ်မှာ ချက်ချင်းပင် လေးလံသွားတော့သည်။ ယခင်က ကျန်းရှောင်ပေအား ရန်ငြိုးကြီးသော တစ္ဆေပူးကပ်နေသဖြင့် သူ နှိမ်နင်းပေးခဲ့ဖူးပြီး သူမက ကျင်းကျူတွင် အလုပ်လုပ်ကြောင်း သိခဲ့ရသည်။
ယခု ထိုအမျိုးသမီးက သူမကို မွေးစားညီမအဖြစ် တော်စပ်ထားပြီး တစ္ဆေဘုရင် ပူးကပ်ခံနေရပြန်သည်။
သူတို့ကြားတွင် တစ်ခုခုတော့ ပတ်သက်နေသည်မှာ သေချာပေသည်။
ကျန်းရှောင်ပေတွင် လျှို့ဝှက်ချက် တစ်ခုခု ရှိနေရမည်။
မိန်းမလှလေးတစ်ဦးက လူပုံအလယ်တွင် အင်္ကျီချွတ်ပြပြီး ဟောင်ရှောက်မင်ကို ဖြားယောင်းခဲ့သည်ကို လူတိုင်း မြင်တွေ့ခဲ့ကြပြီး ဖြစ်ပေသည်။
အကယ်၍ သူတို့ကို နှုတ်ပိတ်ရန် သတ်ပစ်ခြင်းမပြုပါက သူတို့၏ပါးစပ်ကို ပိတ်ရန် လုံးဝ မဖြစ်နိုင်ပေ။
တခြား မည်သည့် ထိရောက်သော နည်းလမ်း ရှိနိုင်ပါဦးမည်နည်း။
လုကျစ်အန်းက နှာခေါင်းရှုံ့လိုက်၏။
ယောင်ပင်းက ဤအချက်ကို အသုံးချပြီး ဘော့စ်ဝမ်နှင့် မာစတာခိုင်ကို သိမ်းသွင်းချင်နေသည်လား။
သူ အခြားလူတွေကို တကယ်နှုတ်ပိတ်နိုင်မလားဆိုတာ စောင့်ကြည့်ရသေးတာပေါ့။
ဟောင်ရှောက်မင်က လှောင်ပြောင်လိုက်လေသည်။
“ယောင်ပင်း၊ မင်းက ငါတို့ကို ဘယ်လို နှုတ်ပိတ်မှာလဲ၊ မိုမိသားစုကို အသုံးချဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်၊ တကယ်လို့ မိုမိသားစုကသာ အမိန့်ပေးမယ်ဆိုရင် ငါတို့က သေချာပေါက်နာခံမှာပါ ဒါပေမဲ့...”
သူက စကားကို တမင် လေသံဆွဲ၍ပြောလိုက်၏။
“မိုမိသားစုက ဒီကိစ္စမှာ ပါဝင်လာအောင် လုပ်နိုင်တဲ့အထိ မင်းမှာ အာဏာရှိမရှိဆိုတာကို အရင်ဆုံး ထည့်တွက်ထားသင့်တယ်နော်”
“ဟုတ်တယ်... လျှို့ဝှက်ချက်တွေရှိသလို လုပ်မနေနဲ့တော့၊ မိုမိသားစုက ဝင်မပါသရွေ့ တခြားလူတွေကို နှုတ်ပိတ်ဖို့ဆိုတာ သတ်ပစ်တာ ဒါမှမဟုတ် လူတိုင်းရဲ့လျှာကို ဖြတ်ပစ်တာမျိုးပဲ ရှိတယ်၊ မဟုတ်ရင်တော့ ငါတို့ ကြိုက်သလို ပြောမှာပဲ”
“အမှန်ပဲ၊ ငါလည်း ဘယ်သူ့ကိုမှ ပြန်မပြောမိဘူးလို့ အာမမခံနိုင်ဘူး”
လုကျစ်အန်းက သူတို့၏ တုံ့ပြန်မှုများကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
သူတို့ကို နှုတ်ပိတ်ချင်တယ် ဟုတ်လား။
“ယောင်ပင်း အိပ်မက်ပဲ မက်နေလိုက်စမ်းပါ”
လုကျစ်အန်း စိတ်ကျေနပ်နေချိန်မှာပင် ခိုင်ယဲ့က သူ၏လူများကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
“ဒီညီလေး ပြောတာကို မင်းတို့ ကြားတယ်မလား၊ ဒီနေ့ ဖြစ်ခဲ့တာတွေကိုတစ်ခွန်းမှ အပြင်ဘက်ကိုမပေါက်ကြားစေနဲ့”
ခိုင်ယဲ့၏ လူများက တစ်ပြိုင်နက်တည်း ခေါင်းငြိမ့်ပြကြသည်။
“ကောင်းပါပြီ ဘော့စ်ခိုင်”
ထို့နောက် ဘော့စ်ခိုင်က မေးလိုက်၏။
“ကောင်လေး၊ ငါ တစ်ခုခု ကူညီဖို့ လိုသေးလား၊ ငါ့ညီအစ်ကိုတွေက လူတွေကို နှုတ်ပိတ်တဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်သူတွေပဲ”
လုကျစ်အန်းနှင့် သူ့လူများမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြတော့သည်။
လူတိုင်း၏ မျက်နှာများမှာ ခရမ်းပုပ်ရောင် သန်းသွားချေပြီ။
ဘော့စ်ခိုင်က ဤအရာကို တမင်လုပ်နေခြင်း ဖြစ်ပေသည်။
သူတို့က ယောင်ပင်းကို အရေးမပါသူဟု လှောင်ပြောင်ပြီး အထင်သေးခဲ့ကြသော်လည်း ဘော့စ်ခိုင်က သူ့အတွက် အာဏာကို ချက်ချင်း ပြသပေးလိုက်ခြင်းပင်။
ဘော့စ်ခိုင်က ယောင်ပင်းဘက်တွင် ရှိနေကြောင်း ထင်ရှားပေသည်။
“မာစတာခိုင်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ဘာသာကျွန်တော်ပဲ လုပ်ပါ့မယ်”
ယောင်ပင်းက အနည်းငယ် ပြုံးပြလိုက်ပြီး လုကျစ်အန်းနှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်၏။
“ဒါဆိုရင် မင်းတို့ကို ပြသပေးဖို့ပဲ ကျန်တော့တာပေါ့”
ဟောင်ရှောက်မင်င အလိုအလျောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး အံ့သြတကြီး မေးလိုက်သည်။
“မင်း ဘာလုပ်မလို့လဲ”
လုကျစ်အန်းက ကြောက်စိတ်ကို ထိန်းကာ အေးစက်စွာ ပြောလိုက်၏။
“မာစတာခိုင်နဲ့ မိုမိသားစုက ဒီမှာ ရှိနေသေးတယ်၊ ယောင်ပင်း မင်းကို မဆင်မခြင် မလုပ်ဖို့ ငါ အကြံပေးပါရစေ”
အခြား သခင်လေးများနှင့် သခင်မလေးများမှာလည်း ထိတ်လန့်သွားကြပြီး နောက်သို့ဆုတ်သွားကြတော့သည်။
ယောင်ပင်း လုပ်မည့်အရာကို မည်သူမျှ မသိကြချေ။
ယောင်ပင်းက နှာခေါင်းရှုံ့လိုက်၏။
ဤအခြေအနေသို့ ရောက်သည်အထိ ဤသခင်လေးများနှင့် သခင်မလေးများမှာ ပါးစပ်ကြမ်းနေကြဆဲပင်။
ဒါဆိုရင်တော့ သူ့ဘက်က ယဉ်ကျေးမနေတော့တာကိုလည်း အပြစ်မတင်နဲ့တော့။
သူက စိတ်ထဲရှိ မျက်နှာပြင်ကို ဖွင့်လိုက်ပြီး “တစ္ဆေဆင့်ခေါ်ဂါထာ” ဟု ရိုက်နှက်လိုက်သည်။
ထို့နောက် ဂါထာပေါ်တွင် “တစ္ဆေအင်္ကျီချွတ်ခြင်း” ဟု ရေးသားလိုက်လေသည်။
ထို့နောက် ထိုဂါထာများကို လုကျစ်အန်းနှင့် အခြားသူများအပေါ် ကပ်လိုက်တော့သည်။
ယောင်ပင်းက လက်ခုပ်ကို အသာအယာ တီးလိုက်၏။
“စတင်လိုက်စမ်း”
သူ ပြောပြီးသည်နှင့် လုကျစ်အန်းနှင့် အခြားသူများသည် ချက်ချင်းပင် လက်နှင့် ခြေများကို ခါယမ်းကာ အရူးများကဲ့သို့ ကခုန်ကြတော့သည်။
ထို့နောက် သူတို့က ခန္ဓာကိုယ်များကို ယိမ်းနွဲ့ရင်း အဝတ်အစားများကို တစ်ထည်ပြီးတစ်ထည် ချွတ်ပစ်ကြလေတော့သည်။
လူတိုင်း၏ လှုပ်ရှားမှုများမှာ အမျိုးသမီးတစ်မျိုးကဲ့သို့ပင် အလွန်အမင်း ဆွဲဆောင်မှု ရှိနေလေသည်။
ဆွဲဆောင်မှုအရှိဆုံးလူမှာ လုကျစ်အန်း ဖြစ်သည်။ သူသည် အဝတ်အစားများကို ချွတ်ရင်း ခန္ဓာကိုယ်ကို ယိမ်းနွဲ့နေပြီး ပတ်ဝန်းကျင်ရှိ လူများကိုလည်း တစ်ခါတစ်ရံ မျက်စိမှိတ်ပြနေသေး၏။
ဟောင်ရှောက်မင်မှာတော့ အတွင်းခံဘောင်းဘီတစ်ထည်သာ ကျန်တော့သော်လည်း ၎င်းကိုပါ ချွတ်ပစ်လိုက်ပြီး မာနတောင်လွှားစွာဖြင့် ယိမ်းနွဲ့နေတော့သည်။
“ကောင်းတယ်!”
“ဆက်လုပ်... ဆက်လုပ်!”
“အားပါးပါး... တကယ့်ကို လှလှပပ ယိမ်းနွဲ့နိုင်တာပဲ!”
သူတို့၏ လှုပ်ရှားမှုများမှာ အလွန်ပင် ဆွဲဆောင်မှု ရှိနေသောကြောင့် ပုံမှန်ဆိုလျှင် တည်ကြည်လေးနက်သော ခိုင်ယဲ့၏ လက်အောက်ငယ်သားများပင်လျှင် လက်ခုပ်တီးပြီး အားပေးမိကြတော့သည်။
မြင်ကွင်းမှာ ရူးသွပ်စွာ ကခုန်နေကြသော ပရမ်းပတာ မြင်ကွင်းတစ်ခု ဖြစ်နေချေပြီ။
ပုံမှန်ဆိုလျှင် အေးစက်နေတတ်သည့် ခိုင်ယဲ့ပင်လျှင် မျက်လုံးထဲတွင် ရယ်မောလိုရိပ်များ ရှိနေခဲ့သည်။
ယောင်ပင်း၏ လက်စားချေတတ်သော စိတ်ဓာတ်ကို သူ သဘောကျမိသည်။
ဘော့စ်ဝမ်သည်လည်း ပုံမှန်ဆိုလျှင် ယဉ်ကျေးသိမ်မွေ့ပုံရသော ဤလူငယ်လူရွယ်များမှာ ဤကဲ့သို့ ရုပ်ပျက်ဆင်းပျက် ပြုမူနေကြသည်ကို မြင်သောအခါ အစပိုင်းတွင် အံ့သြသွားသော်လည်း နောက်ပိုင်းတွင် ရုတ်တရက် နားလည်သွားတော့သည်။
“ဒါက မာစတာ ပြောခဲ့တဲ့ ပိုကောင်းတဲ့ နည်းလမ်းဆိုတာကိုး၊ ထူးချွန်လိုက်တာ၊ တကယ့်ကို ထူးချွန်တယ်!”
ထိုစွဲဆောင်မှုရှိသော အမျိုးသမီး၏ အပြုအမူက ရှက်စရာကောင်းသောကြောင့် သူတို့၏ပါးစပ်ကို မထိန်းနိုင်ဟု ပြောခဲ့ကြသည်မဟုတ်ပါလား။
ယခုတွင် သူတို့၏ အပြုအမူများမှာ ထိုအမျိုးသမီးထက် အဆပေါင်း ရာနှင့်ချီ၍ ပို၍ အရှက်ရစရာ ကောင်းနေချေပြီ။
သူတို့၏ပါးစပ်ကို ထိန်းနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ သူတို့အပေါ်တွင် မူတည်တော့မည် မဟုတ်ပေ။
ထိုလူစုက အဝတ်အစားများ လုံးဝမရှိသလောက်ဖြစ်သွားသည်ကို မြင်သောအခါ ယောင်ပင်းက “ပြန်လည်သိမ်းဆည်းဂါထာ” ကို အသုံးပြုလိုက်သည်။
လူငယ်လေးများက သူတို့၏ မူလနေရာများသို့ ပြန်ရောက်သွားကြ၏။
လုကျစ်အန်းနှင့် အခြားသူများမှာလည်း ချက်ချင်းပင် ယိမ်းနွဲ့နေခြင်းကို ရပ်တန့်လိုက်ကြသည်။
ထို့နောက် ဒေါသတကြီး အော်ဟစ်သံများနှင့် မေးခွန်းများ ထွက်ပေါ်လာတော့သည် ။
“ငါ့အဝတ်အစားတွေ ဘယ်မှာလဲ ဘယ်သူ ငါ့အဝတ်အစားတွေကို ချွတ်လိုက်တာလဲ”
“တောက်... ဘယ်သူကများ ငါ့ကို ဒီလိုလုပ်ရဲတာလဲ၊ ယောင်ပင်း... ဒါ နင်လုပ်တာ မဟုတ်လား”
အပြစ်အားလုံးမှာ ယောင်ပင်းထံသို့ ဦးတည်သွားတော့သည်။
ယောင်ပင်းက သူတို့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ဘော့စ်ဝမ်ထံသို့ လှည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။
“ဘော့စ်ဝမ်... ဒီသခင်လေးတွေနဲ့ သခင်မလေးတွေရဲ့ ထူးခြားလှတဲ့ စွမ်းဆောင်ရည်တွေကို ဗီဒီယို ရိုက်ထားခဲ့ရဲ့လား၊ မရိုက်ရသေးရင် နောက်ထပ် ရိုက်ခိုင်းလို့ ရပါသေးတယ်”
ဘော့စ်ဝမ်က စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်ကဲ့... ကျွန်တော် ရိုက်ထားပါတယ်၊ ပုံရိပ်တွေကလည်း တကယ့်ကို ကြည်လင်နေတာပဲ”
ယောင်ပင်းသည်က ထိုအမျိုးသမီးကို ကယ်တင်ရုံတင်မကဘဲ သူ၏ဂုဏ်သိက္ခာကိုပါ ထည့်တွက်ပေးခဲ့ပေသည်။ ဘော့စ်ဝမ်က ယခုအခါ ယောင်ပင်းအပေါ် ကျေးဇူးတင်စိတ်များသာ ပြည့်နှက်နေတော့သည်။
ထို့ထက် ပို၍အရေးကြီးသည်မှာ ပုံမှန်ဆိုလျှင် မာနကြီးလှသော ဤသခင်လေးများနှင့် သခင်မလေးများ အရှက်ကွဲနေသည်ကို မြင်ရခြင်းမှာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
ယောင်ပင်းက အနည်းငယ် ပြုံးလိုက်သည်။
“ဒါဆိုရင်တော့ ကောင်းပါပြီ၊ ဘော့စ်ဝမ် စိတ်အေးအေး ထားနိုင်ပါပြီ”
ဤသည်မှာ လုကျစ်အန်းနှင့် အခြားသူများကို သူကိုယ်တိုင် အရှက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ခြင်းသာဖြစ်ပေသည်။
ခဏအတွင်းမှာပင် သခင်လေးများနှင့် သခင်မလေးများမှာ ဒေါသပေါက်ကွဲကြတော့သည်။ သူတို့အားလုံးမှာ ချမ်းသာကြွယ်ဝပြီး မြင့်မြတ်သော မိသားစုများမှ ဖြစ်ကြပြီး အမြဲတမ်း မြင့်မြတ်စွာ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။
ဤကဲ့သို့ အရှက်ရစရာ ကိစ္စမျိုးကို သူတို့ မလုပ်ခဲ့ဖူးပါချေ။
ယောင်ပင်းက သူတို့ကို လူပုံအလယ်တွင် ဤကဲ့သို့ အရှက်ရစရာ ကိစ္စမျိုးကို လုပ်ခိုင်းခဲ့သည်။
ထိုအချိန်တွင် သူတို့သည် ယောင်ပင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ်သာ ရှိနေကြတော့သည်။
သို့သော် သူတို့ ယောင်ပင်းထံသို့ ပြေးဝင်လိုက်စဉ်မှာပင် သူတို့တွင် အဝတ်အစားများ မရှိတော့သည်ကို သတိပြုမိလိုက်ကြသည်။
အကယ်၍ သူတို့သာ ပြဿနာရှာမည်ဆိုပါက ပို၍သာ အရှက်ရပေလိမ့်မည်။
“ယောင်ပင်း... မင်း တကယ့်ကို ရက်စက်တာပဲ”
“စောင့်ကြည့်နေလိုက်ဦး!”
လုကျစ်အန်းနှင့် ဟောင်ရှောက်မင်တို့သည် ဤစကားနှစ်ခွန်းကို မကျေမနပ် ပြောဆိုလိုက်ကြပြီး ကြမ်းပြင်ပေါ်မှ သူတို့၏အဝတ်အစားများကို ကောက်ယူကာ KTV ထဲမှ အလုအယက် ပြေးထွက်သွားကြလေတော့သည်။
ဟားဟားဟားဟား...
အနက်ရောင်ဝတ်ထားသည့် ဗလတောင့်တင်းသည့် လူအချို့မှာ ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။
သူတို့ ထွက်သွားပြီးနောက် ဘော့စ်ဝမ်သည် ယောင်ပင်းအား အလွန်အမင်း ရိုသေစွာ ဦးညွှတ်လိုက်သည်။
“မာစတာ... ဒီတစ်ကြိမ် ကူညီပေးတဲ့အတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်၊ တကယ်လို့ တစ်ချိန်ချိန်မှာ ကျွန်တော့်ဆီက အကူအညီ လိုအပ်မယ်ဆိုရင် ကျွန်တော် အသက်နဲ့လဲပြီး ကူညီပေးပါ့မယ်”
ယောင်ပင်းက ဘော့စ်ဝမ်အား အပြည့်အဝ သိမ်းသွင်းနိုင်ခဲ့ချေပြီ။
မာစတာခိုင်ကလည်း ယောင်ပင်းအား လေးစားစွာ ပြောလိုက်၏။
“ညီလေး... တစ်ခုခု အကူအညီ လိုအပ်ရင်သာ ပြောလိုက်ပါ၊ ငါ ကျောက်ခိုင် အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်”
အထက်တန်းကျောင်းသားလေးမျှသာ ရှိသေးသော ယောင်ပင်းကို အဘိုးအိုက အဘယ်ကြောင့် ဤမျှအထိ တန်ဖိုးထားရသလဲဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ချေပြီ။
ယောင်ပင်းက အလွန် ထူးခြားသောလူ ဖြစ်နေခဲ့သည်ပင်။